← Chapters

အခန်း ၁၁၂-၁၁၄

Vol. 8 Ch. 112-114

အခန်း ၁၁၂-၁၁၄

Vol. 8 Ch. 112-114

အခန်း (၁၁၂) : သာမန်လူတစ်ဦီးသာဖြစ်တယ်

ဝှစ် ဝှစ်

ကျောင်းသားအများအပြားအသံလာရာသို့ကြည့်လိုက်ကြသည်။

"ဘာသတင်းကြီး သတင်းထူးလဲ"

"မြန်မြန်ပြောပြစမ်းပါ ငါတို့စောင့်ရတာမကြိုက်ဘူး"

ကျောင်းသားများမှာ အလောတကြီးပြောလိုက်ကြသည်။ယွမ်ချန်း ယွင်ယန် နှင့် အခြား ယန်ကျင်းကျောင်းသားများမှာလည်း လှည့်ကြည့်လာကြလေသည်။

" ငါကျောင်းအုပ်ကြီး ရုံးခန်းနားကဖြတ်သွားတုန်း ကျောင်းအုပ်ကျန်းနဲ့ နည်းပြရှန်းပြောနေကြတာကြားခဲ့တယ်"

ထိုကျောင်းသားက အထူးအဆန်းဖွယ်ပြောပြနေသည်။

"သူတို့ဘာတွေပြောနေကြတာလဲ"

ကျောင်းသားအားလုံးလည်း အာရုံစိုက်နားစွင့်နေကြလေသည်။

"သူတို့ပြောစကားအရ ရှုလင်က ရေခဲအပ်မှိုရဲ့၀ိညာဥ်အငွေ့အသက်ကို စားသုံးပြီး သွေးအနှစ်သာရ တတိယအဆင့်ကိုကျော်လွန်ပြီး ဆရာသခင်အ‌ဆင့်ရောက်သွားတာတဲ့"

သူ့စကားကိုကြားသောအခါ လေ့ကျင့်ရေးအတန်းရဲ့ကျောင်းသားများက ခေါင်းခါမိလိုက်ကြသည်။

"ဒါအကုန်ပဲလား"

" ဒါကသတင်းကြီးမှ မဟုတ်တာ။ ငါတို့အားလုံးသိထားပြီးသားပဲလေ"

" ဟုတ်တယ်။ ရေခဲအပ်မှိုက အပင်တွေထဲမှာ ဝိညာဉ်စွမ်းအားရှိတဲ့အပင်တခုပဲ။ သူ့ရဲ့ဆေးဖက်၀င်အာနိသင်က အံ့မခန်းဆန်းကြယ်တယ်။ ငါထင်တယ် ရှုလင်က အဆင့်မြင့် ဆရာသခင်အဆင့်တောင်ရောက်သွားလောက်ပြီ"

"အဆင့်မြင်ဆရာသခင်အဆင့်ရောက်ဖို့ အဲ့လောက်မလွယ်ဘူး။ ငါခန့်မှန်းမိသလောကို ရှုလင်ရဲ့ ခန္ဓာကိုယ်က ရေခဲအပ်မှိုရဲ့ အာနိသင်ကို အပြည့်အ၀မစုပ်ယူနိုင်သေးဘူး။ သူ့အစာအိမ်ကလုံး၀အစာခြေပြီး စုပ်ယူပြီးတဲ့အချိန်မှသာ သူ အဆင့်မြင့်ဆရာသခင်အဆင့်ကိုရောက်နိုင်မှာ"

"ဟူး.. မနာလိုဖြစ်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ ဒီလိုကံကောင်းမှုမျိုးက လွယ်လွယ်မရနိုင်ဘူး"

ယွမ်ချန်း ယွင်ယန် နှင့် အခြား ယန်ကျင်းကျောင်းသားများလည်း သက်ပြင်းချနေရုံသာတတ်နိုင်တော့သည်။ ရှုလင်က ရေခဲအပ်မှိုပင်ကို ထုတ်ပြလာကတည်းက ဤလေ့ကျင့်ရေးအတန်းတွင် ဆရာသခင်အဆင့်တစ်ယောက်ပေါ်လာတော့မည်ဆိုတာကို သူတို့ခန့်မှန်းမိခဲ့ကြပြီးဖြစ်သည်။

ကျောင်းသားများက သာမန်သာ တုံပြန်ကြသောအခါ သတင်းယူလာသောကျောင်းသားကအော်ပြောလိုက်သည်။

"ဘာတွေလောနေကြတာလဲ။ ငါပြောလို့တောင်မပြီးသေးဘူး။ ရှုလင်ကဒီတစ်ကြိမ် ဆရာသခင်အဆင့်ကိုတက်လှမ်းသွားနိုင်ရုံတင်မဟုတ်ဘူး ရေခဲကြွက်သားခန္ဓာကိုပါ ပိုင်ဆိုင်သွားတာ"

၀မ်မင်၊ လီကျိ နှင့် အခြားထူးချွန်ကျောင်းသားများလည်း မှင်တက်သွားခဲ့သည်။ အခြားကျောင်းသားများမှာလည်း နားမလည်နိုင်ဖြစ်သွားကြသည်။

"ရေခဲကြွက်သားခန္ဓာဆိုတာဘာကြီးလဲ"

ကျောင်းသားတစ်ယောက်က နားမလည်သောကြောင့်မေးလိုက်လေသည်။

" မင်းဖွံ့ဖြိုးရေးအတန်းမှာသေချာမလေ့လာခဲ့ဘူးဆိုတာ ငါပြောရဲတယ်။ ရေခဲကြွက်သားခန္ဓာသိုင်းက ရေခဲမီးငှက်ခန္ဓာသိုင်းရဲ့အခွဲတစ်ခုဖြစ်ပြီးတော့ မူလထိပ်တန်းကိုယ်ခန္ဓာသိုင်း၁၀ ခုထဲကတစ်ခုပဲ"

စကားမဆုံးခင်မှာပဲ မသိလို့မေးလိုက်သောကျောင်းသားမှာ အံ့ဩတုန်လှုပ်သွားလေသည်။

"လခွမ်း.... အဲ့တာတကယ်လား"

အခြားကျောင်းသားများ မှာလည်း မျက်လုံးပြူးသွားကြလေသည်။

"ရေခဲကြွက်သားခန္ဓာကိုယ်က ရေခဲမီးငှက်ခန္ဓာသိုင်းရဲ့ အခွဲဆိုပေမဲ့ အဆင့်မြင့်သိုင်းတခုပဲ။ တကယ်လို့သူသာ မသေမချင်း ဆက်လေ့ကျင့်နေမယ်ဆိုရင် မူလအဆင့်ကိုတောင်ရောက်သွားနိုင်တယ်"

"ချီးပဲ ..... ရှုလင်ကဒီလိုကံကောင်းမှုမျိုးတွေဘယ်ကရလာတာလဲ"

" ငါတကယ်မနာလိုဖြစ်မိတယ်။ ရေခဲအပ်မှိုကအရမ်းအစွမ်းထက်တာမှန်ပေမဲ့ အဲဒီအပင်တစ်ခုထဲကိုအားကိုးပြီး ဒီလိုအဆင့်မြင့်ကိုယ်ခန္ဓာသိုင်းကို ပိုင်ဆိုင်တာမျိူးကကျ ဆရာပြောသလိုပဲ ၁သန်းမှာ ၁ယောက်သာဖြစ်နိုင်တဲ့ကံကောင်းမှုမျိုးပဲ"

ရေခဲအပ်မှိုအကြောင်းမှာ တစ်တန်းလုံးအနှံ့ပျံ့နှံ့နေပြီး ကျောင်းသားအတော်များများမှာ မနာလိုဖြစ်နေကြလေသည်။ ယွမ်ချန်း ၊ ယွင်ယန် နှင့်အခြားယန်ကျင်းကျောင်းသားများတောင်မှ မှင်တက်နေခဲ့ကြသည်။

သူတို့အားလုံးသည် ရေခဲကြွက်သားခန္ဓာသိုင်းက မူလမဟာဆရာသခင်တစ်ယောက်ဖြစ်လာနိုင်မည့်လမ်းတွင်ရှိသော အခက်အခဲ၊အတားအဆီးများကိုဖြေရှင်းပေးနိုင်စွမ်းရှိမှန်း သိလေသည်။ အဖွဲ့အစည်းကြီးများက ထိုအကြောင်းကိုသိပါက ရှုလင်အား အသည်းအသန်လာရောက်စည်းရုံးကြမည်ဖြစ်လေသည်။

မူလမဟာဆရာသခင်အသစ်တယောက်မွေးဖွားလာခြင်းက ကြီးမားသောအပြောင်းအလဲများကိုဆောင်ယူလာနိုင်လေသည်။

"ဖန်းယွီ မင်းအမှားကို ၀န်ခံတောင်းပန်လိုက်တာ ဘုရားမတာပဲ မဟုတ်ရင်...."

လိန်ကျင်းဖုန်းက ကြောက်ကြောက်ရွံရွံနှင့်ပြောလိုက်သည်။

ဖန်းယွီကခေါင်းတဆတ်ဆတ်ညိတ်နေခဲ့သည်။ သူမသည် မသေချာသော်လည်း တကယ်လို့ ရှုလင်သာ ရေခဲကြွက်သားခန္ဓာသိုင်းကို ရရှိသွားပါက သူမသည် ရှုလင်နှင့် ယှဉ်ပြိုင်ရဲတော့မည်မဟုတ်ချေ။

ထိုအခိုက်အတန့်တွင်ကျိုးဟောင်က အခန်းအပေါက်၀သို့ရောက်လာခဲ့သည်။

၀မ်မင် လီကျိ နှင့် အခြားကျောင်းသားများသာမက ယန်ကျင်းကျောင်းသားများကပါ ကျိုးဟောင်အား သနားသလိုမျက်လုံးများဖြင့်၀ိုင်းကြည့်နေခဲ့ကြသည်။

ရှုလင် နှင့် ကျိုး‌ဟောင်တို့မှာ အလွန်ရင်းနှီးကြသည်ကို တစ်တန်းလုံးသိကြသည်။ သူတို့နှစ်ယောက်ဟာ စုံတွဲတစ်တွဲဖြစ်ကြောင်း လူသိရှင်ကြားမကြော်ငြာထားသော်လည်း အားလုံး၏မျက်လုံးထဲမှာတော့ သူတို့နှစ်ဦးအားစုံတွဲများအဖြစ်သတ်မှတ်ထားကြလေသည်။

ယခု ရှုလင်သည် သူမ၏ ရေခဲကြွက်သား ခန္ဓာသိုင်းကို အသက်သွင်းလိုက်နိုင်သောကြောင့် သူမသည် ကောင်းကင်သို့ ပျံသန်းနိုင်ပြီဖြစ်သည်။ ယခုလို မူလအဆင့်ကျွမ်းကျင်သူဖြစ်လာရန် ရည်မှန်းထားသောပညာရှင်သည် ကျိုးဟောင် ကဲ့သို့သော သာမန်ကျောင်းသားတစ်ဦးနှင့် ဆက်လက်တွဲနေရန် မဖြစ်နိုင်ပေ။

ကျန်းယိ သည် ကျိုးဟောင် အနောက်မှကပ်လိုက်လာခဲ့သည်။ အတန်းထဲရှိ ကျောင်းသားများက ကျိုးဟောင် ကို ထူးထူးခြားခြား ကြည့်နေသည်ကို သူမြင်လိုက်သောကြောင့်လဲဆိုတာကို ထမေးလိုက်လေသည်။

"မင်းတို့ ဘာဖြစ်နေကြတာလဲ"

"ကျန်းယိ မင်း ရှုလင်အကြောင်း သိပြီးပြီလား"

ကျောင်းသားများက တစ်ပြိုင်ထဲထမေးလိုက်ကြသည်။

"ရှုလင်က ဘာဖြစ်လို့လဲ"

ကျန်းယိလည်း ခဏလောက် ကြောင်သွားပြီးနောက် ပြန်မေးလေသည်။

"ရှုလင် ဆရာသခင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ"

"ဘာ ဆရာသခင်အဆင့်လား။ အဲဒါကောင်းတဲ့အရာပဲလေ"

ကျန်းယိကစိတ်လှုပ်ရှားစွာဖြင့်ပြန်ပြောလိုက်သည်။

ကျိုးဟောင်အား မနှစ်မြို့သောကျောင်းသားကပြန်ပြောလေသည်။

"ရှုလင်က ဆရာသခင်အဆင့်ရောက်ရုံတင်မဟုတ်ဘူး ရေခဲကြွက်သား ခန္ဓာကိုယ်ပါပိုင်ဆိုင်သွားပြီ။ ရေခဲကြွက်သားခန္ဓာကိုယ်ကဘာလဲမင်းသိလား။ အဲဒါက အဆင့်မြင့်သိုင်းပညာတစ်ခုပဲ။ အနာဂတ်မှာ သူက မူလအဆင့်ကျွမ်းကျင်သူတောင်ဖြစ်လာနိုင်တယ်"

"ဟဲဟဲ အတိတ်မှာတုန်းကတော့ ရှုလင်က အံ့ဩလောက်စရာခွန်အား နဲ့ မိသားစုနောက်ခံပဲရှိခဲ့တာ။ အဲဒီအချိန်တုန်းက မင်းအရမ်းကြိုးစားရင် အမှီလိုက်လို့ရနိုင်သေးတယ်။ ဒါပေမဲ့အခုချိန်မှာတော့ မိုးနဲ့မြေလိုကွာခြားသွားပြီ"

"ဟုတ်တယ် ဖားက ငန်းသားစားချင်နေတဲ့အိပ်မက်ကိုရပ်လိုက်သင့်ပြီ"

"သာမန်လူအတိုင်းပဲနေစမ်းပါကွာ"

ကျိုးဟောင်နဲ့ရှုလင်တို့၏ဆက်ဆံ‌ရေးအား မနာလိုဖြစ်နေကြသော ကျောင်းသားများကပြောဆိုနေခဲ့ကြသည်။ သို့သော် ၀မ်မင် နှင့် လီကျိ တို့လိုကျောင်းသားများကတော့ ကျိုးဟောင်အား စာနာစိတ်ဖြင့်ကြည့်နေခဲ့လေသည်။

..............................................................................

အခန်း (၁၁၂) ပြီးပါပြီ။

အခန်း (၁၁၃) : ရေခဲကြွက်သားခန္ဓာနှင့်ရှုလင်

အမှောင်နတ်ဘုရားများအဖွဲ့ကို ကျိုးဟောင်ကပထမဆုံးရှာဖွေတွေ့ရှိခဲ့စဉ် သူတို့သည်ကျိုးဟောင်အပေါ်အထင်ကြီးခဲ့ကြဖူးသည်။

"ဘာဖြစ်လဲ? အဲဒီမှိုကို ကျိုးဟောင်က....."

ကျန်းယိကဒေါသတကြီးပြောဖို့ကြိုးစားစဉ်မှာပဲ ကျိုးဟောင်က၀င်တားပြီးပြောလိုက်သည်။

" ကျန်းယိဘာမှ ဆက်မပြောနေနဲ့တော့ အတန်းစတော့မယ် မင်းနေရာကိုသာပြန်သွားတော့"

"ရှုလင်ရောက်လာပြီဟေ့"

တစ်ယောက်ယောက်ကထအော်လိုက်သောကြောင့် အားလုံးက စာသင်ခန်းအ၀သို့လှမ်းကြည့်လိုက်ကြသည်။

မကြာမီ အေးစက်စက်သွေးအနှစ်သာရအရှိန်အဝါနှင့်အတူ လှပသောအသွင်အပြင်တခုပေါ်လာခဲ့သည်။

ရှုလင်က ရှပ်အင်္ကျီအဖြူဗြောင်လေးကို၀တ်ထားပြီးစာသင်ခန်းထဲသို့ ၀င်လာခဲ့လေသည်။ သူမ၏ကျောက်စိမ်းကဲ့သို့ ၀င်းမွတ်နေသောမျက်နှာလေးဆီမှ ရေခဲဘုရင်မကဲ့သို့သော အရှိန်အဝါများ ထွက်နေခဲ့လေသည်။

တစ်ချိန်တုန်းက ရှုလင်၏လှပမှုကြောင့် လူတိုင်းကိုသူ့ကို သဘောကျကြသည်။ယခုမူ သူမ၏ ရေခဲကြွက်သားခန္ဓာကို အသက်သွင်းပြီးနောက် ရှုလင် ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီမှ ထူးခြားသောဆွဲဆောင်မှုတစ်ခု ထွက်ပေါ်လာသည်။ ဤဆွဲဆောင်မှုမှာ ရေခဲကြာပန်းကဲ့သို့ဖြစ်ပြီး လူအများက သူမဆီမှ အကြည့်မလွှဲနိုင်ကြပေ။

ကျောင်းသားအများအပြားမှာ အံ့အားသင့်သွားကြသည်။ ယွင်ယန် နှင့် ဖန်းယွီ တို့မှာလည်း သူမတို့၏ ညံ့ဖျင်းမှုကို ရှက်ရွံ့နေခဲ့ကြသည်။

ရှုလင် သည် အခြားကျောင်းသားများ၏ အကြည့်များကို လျစ်လျူရှုပြီး ကျိုးဟောင် ၏ ပုံရိပ်ယောင်အခန်းငယ် ဆီသို့ တည့်တည့် လျှောက်သွားပြီး ဘူးတစ်ခုကို ပေးလိုက်လေသည်။

"ဘာလဲ"

ကျိုးဟောင်ကကြည့်တောင်မကြည့်ဘဲ ပြန်မေးလိုက်သည်။

"မနက်ပိုင်းနင်ဘာမှစားမလာတတ်တာငါသိတယ်။ အဲဒါငါလုပ်ထားတဲ့ကိတ်မုန့်ပဲ။ လေ့ကျင့်ရေးတွေလုပ်ရမှာမို့ နင့်ဗိုက်ထဲကို အစာထည့်ထားသင့်တယ်"

ရှုလင်ကထိုသို့ပြောပြီး သူမ၏အခန်းငယ်ထဲသို့ အလျင်အမြန်၀င်သွားလေသည်။ထိုအရာကိုမြင်လိုက်သောအခါ ကျန်းယိမှာ ပြုံးမိသွားသည်။

ကျောင်းသားအားလုံးမှာလည်းထိုအခြင်းအရာကြောင့် ကြေကွဲသွားကြသည်။ သူတို့အားလုံးအကြည့်တွင် လေဆာများသာ ပါပါက ကျိုးဟောင်မှာ ကြိမ်းသေပေါက်ပေါက်ကွဲသွားလောက်ပေပြီ။

အချိန်ခဏကြာပြီးနောက် နည်းပြရှန်းမှာ အမြန်လမ်းလျှောက်၀င်လာလေသည်။ သူ့ပုံစံမှာ တည်ငြိမ်နေသလိုရှိသော်လည်း အမှန်တကယ်တော့ သူအရမ်းစိတ်လှုပ်ရှားနေလေသည်။

"ရှုလင်"

"ဟုတ်ကဲ့ပါ နည်းပြ"

ရှုလင်သည် သူမ၏ပုံရိပ်ရောင်အခန်းငယ်ထဲမှ အလျင်အမြန်ထွက်ပြီး မတ်တတ်ရပ်လိုက်လေသည်။

နည်းပြရှန်းက နူးညံ့သိမ်မွေ့သောလေသံဖြင့်ပြောလိုက်သည်။

"မင်း ဆရာသခင်အဆင့်ကို ရုတ်တရက်တက်သွားတာကြောင့် မင်းရဲ့အခြေခံအုတ်မြစ်ဟာ မတည်မငြိမ်ဖြစ်နေတာ သဘာဝကျပါတယ်။ ခဏနေစမဲ့ ပုံရိပ်ယောင် တိုက်ခိုက်ရေးလေ့ကျင့်မှုမှာ မင်းအတွက် လေ့ကျင့်မှုအဆင့်ကို တိုးမြှင့်ပေးမယ်။ ဒါ့အပြင်ပုံရိပ်ယောင် တိုက်ခိုက်ရေးလေ့ကျင့်မှုအပြီးမှာ အထူးလေ့ကျင့်မှုပြုလုပ်ဖို့ ငါနဲ့အတူ စစ်ဘက်ဆိုင်ရာနယ်မြေသို့ သွားပြီး မင်းရဲ့ခွန်အားကို အချိန်တိုအတွင်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရမယ်။”

"ဟုတ်ကဲ့ပါ နည်းပြ"

ရှုလင်က ခေါင်းညိတ်လိုက်သည်။

နည်းပြ ရှန်းက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး အခြားကျောင်းသားများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်သူ့အသံမှာချက်ချင်းပင် လေးနက်လာခဲ့သည်။

“တောနက်ဧရိယာထဲက ဒီစုပေါင်းရှင်းလင်းရေး ဆောင်ရွက်မှုအတွင်းမှာ လူတိုင်းရဲ့ အင်အားဟာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ မာနကြီးပြီး ကိုယ့်ကိုယ်ကိုကျေနပ်မနေကြနဲ့ဦး။ မင်းတို့ထက် သန်မာတဲ့သူက အမြဲရှိတယ်ဆိုတာ မင်းတို့သိထားရမယ်။ ငါမင်းတို့အားလုံးအတွက် လေ့ကျင့်မှုတွေ တိုးမြှင့်ပေးပြီး မင်းတို့ရဲ့ခွန်အားကို တတ်နိုင်သမျှ လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးမယ်။"

"ဟုတ်ကဲ့ပါ နည်းပြ...."

......

ညနေဘက်တွင် ယန်ဥယျာဉ်အိမ်ရာ၌...

ကျိုးဟောင်တစ်ယောက်တောနက်ဧရိယာအားရှင်းလင်းနိုင်ခဲ့သောကြောင့် ရှားရှားပါးပါး အားလပ်ရက်ရခဲ့လေသည်။ ထို့ကြောင့် အတန်းပြီးတာနှင့် အိမ်သို့ တန်းပြန်လာခဲ့သည်။

ရေချိုးပြီးနောက် သူသည်ဆိုဖာပေါ်တွင် ထိုင်ရင်း ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်အားဖွင့်ကြည့်နေခဲ့သည်။

သူသည် ပေါင်းစပ်ဖွဲ့စည်းခြင်းရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာအား သေချာကြည့်နေလေသည်။ထိုအထဲတွင် ယခင်က သူပေါင်းစပ်ခဲ့သော ပစ္စည်းများပါ၀င်လေသည်။

"ရေခဲအပ်မှို - အနီရောင်သွေးသစ်သီး - ကြောင်မျက်လုံးနှလုံးသားကျောက်တုံး- အပြာရောင်နဂါး နှင့်ပေါင်းစပ်ထားသောနှစ်တစ်ထောင် ရေခဲခြင်ဆီမှို"

"နှစ်တစ်ထောင်ရေခဲခြင်ဆီမှို၏ အကျိုးသက်ရောက်မှု - အားကောင်းသောကိုယ်ခန္ဓာရရှိနိုင်သည့်အခွင့်အရေးမြင့်မားခြင်း"

ထိုအခြင်းအရာကိုမြင်သောအခါ သူညဉ်းတွားလိုက်မိသည်။

" ပစ္စည်းတွေ များများပေါင်းစပ်လေ နှင်းဆီပန်းတွေတော်တော်ကုန်လေပဲ။ ဒါပေမဲ့လည်း ပေါင်းစပ်ထားတဲ့ပစ္စည်းတွေရဲ့အစွမ်းတွေကလည်းတိုးတော့တိုးလာသားပဲ"

ရှုလင် ရေခဲကြွက်သားခန္ဓာကို အသက်သွင်းနိုင်ခဲ့ခြင်းမှာ သဘာ၀အတိုင်းမဟုတ်ဘဲ ကျိုးဟောင်မှ ရေခဲအပ်မှိုနှင့် နှစ်တစ်ထောင်ရေခဲခြင်ဆီမှိုတို့အားပေါင်းစပ်ပေးခဲ့ခြင်းကြောင့်သာဖြစ်လေသည်။

ရှုလင်သည် အခြားအကူအညီအထောက်အပံ့များမပါဘဲ မူလအဆင့်သို့ တက်လှမ်းနိုင်သည့်အရည်အချင်းရှိသူဖြစ်သော်လည်း သူမအတွက်အချိန်အတော်ယူရမည်ဖြစ်သည်။

"ကျင့်ကြံရေးသိုင်းတွေ၊ တိုက်ခိုက်ရေးသိုင်းတွေနှဲ့ ပေါင်းစပ်ဖို့ လျှို့ဝှက်နည်းလမ်းတစ်ချို့ကို ရှာဖွေရတော့မှာပဲ။”

ထိုသို့တွေးပြီးနောက် ကျိုးဟောင်၏ကိုယ်ပေါ်တွင် အနီရောင်ချပ်၀တ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့လေသည်။ ထို့နောက် ဝရံတာဆီသို့ လျှောက်သွားကာ ကောင်းကင်သို့ ပျံတက်သွားလေသည်။

ကျိုးဟောင် သည် ယခုအချိန်တွင် ဆရာသခင်နယ်ပယ်အဆင့်တွင်သာရှိသော်လည်း "နဂါးနှင့်ဆင်တို့၏ ဉာဏ်ပညာသိုင်း" ၊ " ပြောင်းလဲမှုကိုးသွယ်ရွှေခန္ဓာသိုင်း" တို့အပြင် "နတ်ဘုရားသတ်ဓား" မှ ပံ့ပိုးပေးသော ပြီးပြည့်စုံသည့် အ‌ခြေခံကျင့်ကြံရေးနည်းစနစ်များကြောင့်သာ ကျိုးဟောင် ၏ တိုက်ခိုက်ရေး ခွန်အားမှာ နဝမမြောက်အဆင့် မူလကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဝိဉာဉ်စွမအားရှိသော အပင်ကဲ့သို့သော သဘာဝရတနာအချို့ဖြင့် သူ၏ခွန်အားကိုထင်သလောက် မမြှင့်တင်နိုင်တော့ပေ။

သူကျင့်ကြံနိုင်ရန် လျှို့ဝှက်ကျင့်စဉ်များကိုပေါင်းစပ်ရန်လိုအပ်လာခဲ့ပြီဖြစ်လေသည်။

သိုင်းပညာရှင်များအစည်းအရုံး ၏အဆောက်အဦး အ၀င်ပေါက်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် အသွင်အပြင်တစ်ခုမှာ သူ့ရှေ့သို့ရောက်လာခဲ့လေသည်။

ထိုသူမှာ အခြားမဟုတ်ဘဲ ပါမောက္ခချုပ် ဟဲ့ပျောင်းဖြစ်လေသည်။

" စီနီယာကျိုး သိုင်းပညာရှင်များအစည်းအရုံးကို လာတာ ဘာကိစ္စများရှိလို့ပါလဲ"

ဟဲ့ပျောင်း၏ အမူအရာမှာ လေးစားမှုအပြည့်ဖြင့်ဖြစ်လေသည်။ ထိုကဲ့သို့လေးစားဖွယ်အမူအရာမှာဖြစ်သင့်ပေသည်။ အကြောင်းမှာ သူ့ရှေ့တွင်ရှိသော လူက အရှင်သခင်အဆင့် တိမ်လွှာမြွေပါဘုရင်ကြီးအား အလွယ်တကူသတ်နိုင်ခဲ့သော မူလအဆင့်ကျွမ်းကျင်သူဖြစ်လေသည်။

"ကျုပ်လာတာကတော့ လျှို့ဝှက်ကျင့်စဉ်တစ်ချို့၀ယ်ပြီးလေ့လာချင်လို့ပဲ"

ကျိုးဟောင်ကပြုံးပြီးပြန်ပြောလိုက်သည်။

ဟဲ့ပျောင်းသည်ထိုစကားကိုကြားသောအခါ စိတ်ထဲအလွန်လေးစားသွားပြီးပြန်ပြောလိုက်သည်။

"စီနီယာကျိုး ကဒီလောက်စွမ်းအားကြီးတာတောင်မှ လေ့လာသင်ယူဖို့အတွက် ကြိုးစားချင်စိတ်ရှိသေးမယ်လို့ ကျုပ်မထင်ခဲ့မိဘူး။ ကိုယ့်ကိုယ်ကိုရှက်ရွံမိပါတယ်"

"ရှေးလူကြီးတွေပြောသလိုပဲပေါ့ လေ့လာသင်ယူစရာတွေကအမြဲရှိတယ်လေ။ ကျုပ်တို့အတွက် သိုင်းပညာတွေက နက်နဲပြီးကျယ်ပြန့်လှတယ်။ တိုးတက်ချင်ရင်တော့ လေ့လာဆည်းပူးနေရမှာပေါ့"

ကျိုးဟောင်လည်း ခေတ္တ‌ဆွံအသွားခဲ့ပြီးနောက် ပြန်ပြောလိုက်သည်။

.............................................................................

အခန်း (၁၁၃) ပြီးပါပြီ။

အခန်း (၁၁၄) : ရှားပါးပစ္စည်းများ ပေါင်းစပ်ခြင်း

" ဟုတ်ပါတယ် မှန်တာပေါ့"

ဟဲ့ပျောင်းလည်းနွေးထွေးစွာကြိုဆိုပြီးနောက် ကျိုးဟောင်နှင့်အတူ မြေအောက်ထပ် သို့ဆင်းသွားလေသည်။

ကျိုးဟောင်လည်း ရိုးရိုးရှင်းရှင်းပင် လှုပ်ရှားမှုလျှို့ဝှက်သိုင်းကို ရွေးချယ်လိုက်လေသည်။

သူ့တွင်တိုက်ခိုက်ရန်အတွက် "ကောင်းကင်ခွဲနတ်ဘုရားသိုင်း" ရှိပြီး ကာကွယ်ရေးအတွက် "မဟူရာလိပ်နတ်ဘုရားချပ်၀တ်" ရှိလေသည်။ ဒါ့အပြင် "ပြောင်းလဲမှုကိုးသွယ်ရွှေခန္ဓာသိုင်း" ဖြင့်လည်း သူ့ခန္ဓာကိုယ်၏ကြံ့ခိုင်မှုကိုတိုးမြှင့်နိုင်သေးသည်။ယခုသူ့အတွက်လိုအပ်နေသေးသည်မှု ရွေ့လျားလှုပ်ရှားမှုစွမ်းရည်ပင်ဖြစ်လေသည်။

ရွေးချယ်ပြီးနောက် ကျိုးဟောင်သည် ဟဲ့ပျောင်းဘာမှ မပြောနိုင်ခင်မှာပဲ ကောင်းကင်ထက်သို့ပျံတက်သွားပြီး တောနက်ဧရိယာထဲသို့ထွက်သွားလေသည်။ထို့နောက် သူသည်ကောင်းကင်ဘုံ‌လမ်းကြောင်း ဆော့ဖ်ဝဲလ်အားဖွင့်ကြည့်နေခဲ့လေသည်။

ထိုထဲတွင် လှုပ်ရှားမှုနည်းစနစ် စုစုပေါင်း ၅ခုရှိလေသည်။ " ပျောက်ကွယ်ခြင်းအဆင့် " ၊ " ကိုယ်ပွားတစ်ထောင်" ၊ "ပုံရိပ်ယောင်ခြေလှမ်း" ၊ " သွေးမြူခိုး" ၊ "နန်းတော်ကိုးဆောင်သိုင်း" စသည်တို့ဖြစ်သည်။

ကျိုးဟောင်လည်း ပေါင်းစပ်ခြင်းစာမျက်နှာအားကြည့်ပြီးတွေဝေနေခဲ့လေသည်။ထိုသိုင်း ၅ခုမှာ အဆင့်နိမ့်သိုင်းများသာဖြစ်လေသည်။

သူတို့အားပေါင်းစပ်ဖွဲ့စည်းလိုက်ရင်တောင်မှ အဆင့်သိပ်မမြင့်သော သိုင်းတစ်ခုကိုသာရရှိနိုင်ပေသည်။

ထိုသိုင်း ၅ခုကို မပေါင်းစပ်မှီ ထိုသိုင်းများကိုလျှို့၀ှက်ဆန်းကြယ်‌သေတ္တာကိုသုံးပြီး တတိယအဆင့်သို့ရောက်အောင်အဆင့်မြှင့်တင်ထားနိုင်ပါက သူ့အတွက် ပိုမိုကောင်းမွန်သော လှုပ်ရှားမှု သိုင်းတစ်ခုကိုရရှိနိုင်မည်ဖြစ်သည်။

သို့သော်လည်း ကျိုးဟောင်သည် အချိန်ခဏလောက် သေချာစဉ်းစားပြီးနောက် ထိုအတွေးကိုဖျောက်ပစ်လိုက်သည်။

သူ့ထံတွင် ကံကြမ္မာအမှတ်ပေါင်း သန်း၄၀ကျော် ကျန်နေသေးသည်။ သူ၏ လှုပ်ရှားမှုသိုင်း ငါးခုလုံးကို တတိယအဆင့်သို့ တိုးမြှင့်ရန်အတွက် အလားအလာ အလွန်ကောင်းသော်လည်း နောက်ပိုင်းတွင် ထိပ်တန်းအဆင့် လှုပ်ရှားမှုသိုင်းငါးခုကို ပေါင်းစပ်ရန်အတွက်တော့ သူ့တွင် ကံကြမ္မာအမှတ်များ ကျန်ရှိတော့မည်မဟုတ်ပေ။

ပစ္စည်း၏အဆင့်အတန်းပိုမြင့်လေ ပေါင်းစပ်ရာတွင် အောင်မြင်သောပေါင်းစပ်မှုရနိုင်ချေ နည်းလေဖြစ်ကြောင်းကို သတိထားရန်လိုလေသည်။

ထို့ကြောင့်သူ့အနေဖြင့် အဆင့်နိမ့်လှုပ်ရှားမှုသိုင်းများကို ကောင်းမွန်စွာပေါင်းစပ်ထားရန်လိုအပ်လေသည်။ ထိုနည်းလမ်းကသာ အတန်ဆုံးနည်းလမ်းတစ်ခုဖြစ်လေသည်။

ထိုသို့‌စဉ်းစားပြီးနောက် ကျိုးဟောင်မှာချက်ချင်းပဲ လှုပ်ရှားခြင်းသိုင်းငါးခုလုံးကို ပေါင်းစပ်ဖွဲ့စည်းခြင်းစာမျက်နှာပေါ်သို့တင်လိုက်လေသည်။

"ဒင်.... ပစ္စည်းငါးခုအား ပေါင်းစပ်ရန်အတွက် နှင်းဆီပွင့် ၅ထောင်ကျသင့်မည်ဖြစ်သည်။ သင်ပေါင်းစပ်လိုပါသလား"

စနစ်မှ စာဖြင့်ဖော်ပြလာခဲ့သည်။

"လုပ်မယ်"

ကျိုးဟောင်ကတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင်နှိပ်လိုက်လေသည်။တစ်ချိန်တည်းမှာပင် သူ၏ ကံကြမ္မာအမှတ်တစ်သန်းမှာအလျင်အမြန် ကုန်ဆုံးသွားလေသည်။

နှင်းဆီပန်း သုံးစွဲမှုသည် ပစ္စည်းများ၏ အဆင့်အပေါ်မူတည်သည်။ ပစ္စည်းနှစ်ခု၊ သုံးခု၊ လေးခုနှင့် ငါးခုတန်ဖိုးမှာ နှင်းဆီပန်း ၁၀၀၊ ၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ အသီးသီးဖြစ်လေသည်။ ကျိုးဟောင် သည် အနှစ်တစ်ထောင်ရေခဲခြင်ဆီ မှိုကို‌ ပေါင်းစပ်ပြီးကတည်းက ဒါကို နားလည်ခဲ့လေသည်။

ဒါကြောင့် သူသည်သိုင်းငါးခုကိုသာရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ပစ္စည်းခြောက်ခုပေါင်းစပ်ပါက နှင်းဆီပွင့် ၁၀၀၀၀ ကုန်ကျမည်ဖြစ်ပြီး ပေါင်းစပ်ခြင်းမအောင်မြင်ပါက ထိုကုန်သွားသော နှင်းဆီပွင့်များမှာ အချည်းအနှီးဖြစ်သွားမည်ဖြစ်လေသည်။

ဘုန်း.....

သူ၏ကံကြမ္မာ အမှတ်များ ကုန်ဆုံးသွားပြီးနောက် လှုပ်ရှားမှုသိုင်းပါသည့်သေတ္တာငါးခုလည်း ဖန်သားပြင်ပေါ်မှပျောက်ကွယ်သွားခဲ့ပြီး အချိန်ခဏအကြာတွင် သေတ္တာတစ်လုံးပေါ်လာခဲ့လေသည်။

"ဒင်... ပေါင်းစပ်ခြင်းပြီးဆုံးသွားသည့်အတွက်ဂုဏ်ယူပါတယ်။ ရှားပါး ကျင့်ကြံရေးသိုင်းဖြစ်သည့် " အလင်းကဲ့သို့စီးမျောခြင်း" အားရရှိပါသည်။ ထိုပစ္စည်းအား သင့်ပစ္စည်းအိတ်တွင်ထည့်ပြီးပါပြီ။ ကျေးဇူးပြု၍မှတ်သားထားပါ"

ပေါင်းစပ်ပြီးရရှိလာသော ရှားပါးသိုင်းများအား လျှို့ဝှက်ပေးထားပြီး စနစ်မှ ဖန်သားပြင်ပေါ်တွင် ကြောညာချက်မထုတ်ပြန်ပေ။

ကျိုးဟောင်က စနစ်၏ကြော်ငြာချက်ကိုမတွေ့ရသော်လည်း သိပ်မထူးဆန်းသလိုပင်နေနေခဲ့သည်။

သူသည် သူ့ကိုယ်ပိုင်စာမျက်နှာအားသွားပြီး အလင်းကဲ့သို့စီးမျောခြင်းသိုင်းကိုလက်ခံရယူလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် ထိုသိုင်းနှင့်ပက်သတ်သည့်အချက်အလက်များမှာ သူ၏စိတ်ထဲသို့တိုး၀င်ရောက်ရှိသွားလေသည်။

အလင်းကဲ့သို့စီးမျောခြင်း : ဤသိုင်းသည် ခန္ဓာကိုယ်အား အလင်းတန်းကဲ့သို့ပြောင်းလဲပေးနိုင်ပြီး မိုင်ထောင်ချီသောခရီးအား တစ်ခဏအတွင်းသွားနိုင်သည်။

အချိန်သိပ်မကြာခင်မှာပဲ သူသည် ဤလှုပ်ရှားမှုသိုင်းကို အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်ပြီးသည်နှင့် ကီလိုမီတာ ရာ၊‌ထောင်ချီခရီးအား ချက်ချင်းသွားလာနိုင်မည် ဆိုတာကို နားလည်သွားခဲ့လေသည်။

သို့သော် ဤသိုင်းကို ၎င်း၏ အထွတ်အထိပ်အဆင့်အထိ အမှန်တကယ် လေ့ကျင့်နိုင်သူ အလွန်နည်းပါးလှသည်။ အများစုမှာ အဆင့်အနည်းငယ်သာ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ကြပြီး ကီလိုမီတာ ဆယ်ဂဏန်းကိုသာ တစ်ခဏချင်း ခရီးနှင်နိုင်ကြသည်။

ကျိုးဟောင် ကတော့ စိတ်ပျက်မသွားခဲ့ပေ။ သူသည် ရွှေရောင်လျှို့၀ှက်ဆန်းကြယ်သေတ္တာစာမျက်နှာသို့ ချက်ချင်းပင် သွားပြီးနောက် ကျိုးဟောင်က ယွမ် သန်း ၁၀၀အား ဖြည့်သွင်းလိုက်လေသည်။

ရွှေရောင်သေတ္တာတစ်လုံးဖွင့်ရန် ယွမ်၁သန်းအထိ ပေးချေရလေသည်။ ကံကောင်းစွာဖြင့် ပြီးခဲ့သော သားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုမှရရှိခဲ့သော သားရဲဆေးဖက်၀င်ပစ္စည်းများကို စစ်တပ်မှ လူ့စွမ်းအားအရင်းအမြစ်ဌာနရှိ မဟာဆရာသခင် ကျန်းဟုန်ဆီသို့ရောင်းချပြီး ယွမ် သန်း ၂၀၀ အထိရရှိခဲ့လေသည်။

သို့သော်လည်း သူသည် တိမ်လွှာမြွေပါဘုရင် ၏ ရုပ်အလောင်းအတွက် ပစ္စည်းများ ရောင်းချရန်တော့ အစီအစဉ်မရှိသေးပေ။ ချက်ချင်းဆိုသလိုပင် သူ့အကောင့်လက်ကျန်‌ငွေက ၁,၀၅၃,၁၀၀ ဖြစ်သွားလေသည်။

" ကဲ ရွှေရောင်သေတ္တာ နဲ့ငွေရောင်သေတ္တာ ဘာတွေကွာခြားသွားမလဲ ငါအရမ်းသိချင်နေပြီ "

သူကြိမ်းဝါးလိုက်သည်။ ငွေရောင်သေတ္တာ နှင့် ရွှေရောင်သေတ္တာ၏ စည်းမျဉ်းများမှာ အတူတူ နီးပါးဖြစ်သော်လည်း ကုန်ကျစရိတ်မှာတော့ အဆ၁၀၀ နီးပါးကွားခြားလေသည်။ ‌ထို့ကြောင့် ရွှေရောင်သေတ္တာမှာပို၍ထူးခြားမည်ဖြစ်လေသည်။

သူသေချာကြည့်လိုက်သည်။

"ဒင်...ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာအားဖွင့်လိုပါသလား"

"ဖွင့်မည်"

မကြာမီ စနစ်က စာတစ်စောင်၀င်လာခဲ့သည်။

"ဒင် ... ကျေးဇူးပြု၍သင်၏ လက်ရှိ ကျင့်ကြံရေးသိုင်း၊လက်နက် နှင့်ဆေးလုံးများကိုဖြည့်စွက်ပါ"

ကျိုးဟောင်မှာ အလျင်အမြန်ပင် ဖြည့်စွက်လိုက်သည်။ " အလင်းကဲ့သိုစီးမျောခြင်း" ၊ "ပြောင်းလဲမှုကိုးသွယ် ရွှေခန္ဓာသိုင်း" နှင့် " နတ်ဘုရားသတ်ဓား"

အခြား ပစ္စည်းများနှင့် သိုင်းများမှာ အထွဋ်အထိပ်အဆင့်ရောက်နေပြီဖြစ်သောကြောင့်ထည့်သွင်းမနေတော့ပေ။

စာရင်းဖြည့်သွင်းပြီးနောက် စနစ်မှ အချက်အလက်များဖော်ပြလာလေသည်။

ကျင့်ကြံခြင်းသိုင်း : "ပြောင်းလဲမှုသုံးသွယ် ရွှေခန္ဓာ " ၊ "ပြောင်းလဲမှုခြောက်သွယ်ရွှေခန္ဓာ"

"အလင်းကဲ့သို့ စီးမျောခြင်း" - " အလင်းအလျင်ဖြင့်ရှောင်တိမ်းခြင်း" ၊ "‌လွတ်မြောက်ခြင်းရွှေကျီးသိုင်း" ၊ "‌ချိုကိုးချောင်းမိုးကြိုးမြွေ၏လှုပ်ရှားမှု"

လက်နက်: "နတ်ဘုရားသတ်ဓား" - "ကောင်းကင်ဘုံမှနတ်ဓား"

ဆေးလုံးများ : မရှိ

ကျိုးဟောင်မှာ ချက်ချင်းပင် ကံကြမ္မာအမှတ် ၁၀သန်းအား သုံးစွဲလိုက်လေသည်။

ကံကြမ္မာအမှတ် ၁၀သန်းနှင့် အတူ ကျိုးဟောင်၏လက်ရှိ "ပြီးမြောက်နိုင်သောကံကြမ္မာ"ဆိုသည့်အဆင့်သတ်မှတ်ချက်အတိုင်း " ချိုကိုးချောင်း‌မိုးကြိုးမြွေ၏လှုပ်ရှားမှု" ကိုရနိုင်လိမ့်မည်လို့ သူတွေးထားလိုက်သည်။

ဘုန်း....

ရွှေရောင်‌လျှို့ဝှက်ဆန်းကြယ်သေတ္တာ ပွင့်လာသည်နှင့် တစ်ပြိုင်နက် ဖန်သားပြင်မှာ တုန်ခါလာခဲ့သည်။

ရွှေလက်သည်းငါးခုပါသော ရွှေ‌ရောင်နဂါးကြီးမှာလည်း သေတ္တာအား လှည့်ပတ်နေခဲ့လေသည်။ထိုအချိန်မှာပင် ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှာ ဝုန်းခနဲပွင့်လာခဲ့လေသည်။

.............................................................................

အခန်း (၁၁၄) ပြီးပါပြီ။

All Chapters