အခန်း ၁၁၅-၁၁၇
Vol. 8 Ch. 115-117
အခန်း (၁၁၅): ဘယ်သူလဲ
"ဒင်... ရှားပါးကျင့်ကြံရေးသိုင်း" လွတ်မြောက်သောရွှေကျီးသိုင်း" ကို ရရှိသည့်အတွက် ဂုဏ်ပြုပါတယ်။ထို့ပစ္စည်းအား သင်၏လွယ်အိတ်ထဲတွင်ထည့်ပြီးပါပြီ။ မှတ်သားထားပေးပါ"
ထိုအချိန်မှာပဲ စနစ်က ကြော်ငြာချက်တစ်ခုကို ဖန်သားပြင်ပေါ်တွင်ထုတ်ပြန်လာလေသည်။ အသုံးပြုသူ "ငါကသာမာန်လူတစ်ယောက်ပါပဲ"အား ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ "လွတ်မြောက်သောရွှေကျီးသိုင်း" အား ရရှိသည့်အတွက်ဂုဏ်ပြုပါသည်" ဆိုသည့်စာသားဖြစ်လေသည်။
ရွှေရောင်သေတ္တာမှ ရရှိသည့် ပစ္စည်းများကို ကြော်ငြာသည့်စာတန်းအားမြင်နိုင်ရန် ရွှေရောင်အဆင့်အသုံးပြုသူဖြစ်ရန်လိုအပ်လေသည်။
ရွှေ၊ ပလက်တီနမ် နှင့် စိန်အသုံးပြုသူများသည် ရှားပါးပစ္စည်းရသည့်ကြော်ငြာချက်ကိုတွေ့သော်လည်း ငွေနှင့်သာမာန်အသုံးပြုသူများကဲ့သို့ ရုတ်ရုတ်သဲသဲမဖြစ်ကြပေ။
သူတို့မှာ မျက်မှောင်သာကြုတ်မိကြလေသည်။
" ဒီကောင် ရွှေရောင်သေတ္တာကနေ နောက်ထပ်ရှားပါးသိုင်းတခုရပြန်ပြီလား"
"ဟမ် တော်တော်ကံကောင်းတဲ့ကောင်ပဲ။ စိတ်မကောင်းစွာနဲ့ဘဲ ငါကအဆင့်သိပ်မမြင့်သေးတော့ သူ့အကြောင်းကိုသေချာမသိသေးဘူး"
" ကျွတ် ကျွတ်.... လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေက စနစ်ရဲ့ အဆင့်နိမ့်ပစ္စည်းလေးတွေပါ။ သူတိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကိုရောက်ရင်တော့ ငါသူနဲ့ပြိုင်မယ်"
ရွှေရောင်အဆင့်နှင့်အထက် အသုံးပြုသူများမှာ သူ့အားပစ်မှတ်ထားနေကြသည်ကို ကျိုးဟောင်မသိခဲ့ပေ။
ထိုအခိုက်အတန့်တွင် သူရရှိသော ဒုတိယအဆင့်သိုင်း " လွတ်မြောက်ခြင်းရွှေကျီးသိုင်း" အားကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
အဆင့်မြင့် "ချိုကိုးချောင်းမိုးကြိုးမြွေ၏လှုပ်ရှားမှု" သိုင်းကိုရရန်အတွက် ကံကြမ္မာအမှတ်များ ပိုလိုသည်မှာ အသေအချာပင်ဖြစ်သည်။
သူခေါင်းခါလိုက်ပြီး သူ၏ကိုယ်ရေးအချက်အလက်စာမျက်နှာသို့သွားပြီး " လွတ်မြောက်ခြင်းရွှေကျီးသိုင်း"ကို လက်ခံရယူလိုက်လေသည်။
"လွတ်မြောက်သောရွှေကျီးသိုင်း" : ဤသိုင်းမှာ ရှေးဟောင်း ကျီးမျိုးနွယ်စု၏လှုပ်ရှားမှုပညာတစ်ရပ်ဖြစ်ပြီး အမြင့်ဆုံးထိကျွမ်းကျင်တတ်မြောက်သွားပါက ကီလိုမီတာ ထောင်ချီခရီးကို မျက်စိတစ်မှိတ်အတွင်းသွားလာနိုင်မည်ဖြစ်သည်။
ထပ်ပေါင်းပေးသောနတ်ဘုရားအစွမ်း : ရွှေကျီးအဖြစ်သို့ ၃ ကြိမ်တိတိပြောင်းလဲနိုင်စွမ်းကို ပိုင်ဆိုင်နိုင်ခြင်း။
ထိုအချက်အလက်များ သူ့စိတ်ထဲသို့ ၀င်ရောက်သွားသောအခါ ကျိုးဟောင်၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့်ပြည့်နှက်သွားလေသည်။
" ထပ်ပေါင်းပေးတဲ့နတ်ဘုရားအစွမ်းတွေပါလိမ့်မယ်လို့ငါမထင်ခဲ့မိဘူး။ ဒါကရွှေရောင်သေတ္တာနဲ့ အခြားသေတ္တာတွေရဲ့ခြားနားချက်ပဲဖြစ်မယ်"
ရှေးဟောင်းရွှေကျီးငှက်မှာ အလွန်စွမ်းအားကြီးမားလှသည်။ တိုက်ခိုက်လျှင်သော်လည်းကောင်း ဒါမှမဟုတ် ရှောင်ရှားလျှင်သော်လည်းကောင်း ၎င်းကို အနိုင်ယူရန်မလွယ်ကူပေ။
တစ်နည်းပြောရလျှင် လွတ်မြောက်ခြင်းရွှေကျီးသိုင်းက ကျိုးဟောင်အား အသက်အပိုထည့်ပေးလိုက်သကဲ့သို့ဖြစ်လေသည်။
"မဆိုးပါဘူး"
သူမျှော်လင့်ထားသော "ချိုကိုးချောင်းမိုးကြိုးမြွေ၏လှုပ်ရှားမှု"ကို မရခဲ့သော်လည်း "လွတ်မြောက်သောရွှေကျီးသိုင်း" မှာ သူထင်ထားတာထက်ပိုကောင်းနေခဲ့လေသည်။
ချက်ချင်းဆိုသလို သူသည် "လွတ်မြောက်သောရွှေကျီးသိုင်း" ကို အသုံးပြုလိုက်လေသည်။ သူ့ခန္ဓာကိုယ်မှာ အနီရောင်အလင်းတန်းကြီးအဖြစ်ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းပင် ဟွာရှန်းမြို့အပြင်ဘက်ရှိ ရေကန်အကျယ်ကြီး၏အလယ်သို့ရောက်ရှိသွားလေသည်။
ဂါးးးး
သူသည် လေထဲ၌ မျောပါနေချိန်တွင် အပြာရောင်စပါးအုံးမြွေတစ်ကောင်သည် ရေကန်မျက်နှာပြင်မှ ရုတ်တရက် ထွက်လာပြီးတိုက်ခိုက်လေသည်။
ဤစပါးအုံးမြွေ၏ခေါင်းပေါ်တွင် သမင်ချိုကဲ့သို့ချိုများပါရှိလေသည်။ ၎င်းသည် သွေးနီရောင်လွှမ်းနေသောပါးစပ်ကြီးကို ဖွင့်လိုက်ပြီး ဆယ်မီတာခန့်ရှည်သော ရေမြှားတစ်စင်းကို ကျိုးဟောင်ဆီသို့ လျှပ်စီးကဲ့သို့ပစ်လွှတ်လိုက် လေသည်။
"ဟာ.. ဒါက အရှင်သခင်အဆင့် နတ်ဆိုး၊ အပြာ ရောင်ရေနဂါးပဲ"
မှင်တက်နေသော ကျိုးဟောင်သည် ရေမြှားများ သူ့အားထိခါနီးမှ တုံ့ပြန်လိုက်သည်။
ဝှစ်...
သူသည် သူ့ဓားဖြင့်ချက်ချင်း ခုတ်ဖြတ်ပစ်လိုက်သည်။ ထက်မြက်လှသော ဓား၏အရှိန်အဝါမှာ လွင့်ပျံလာခဲ့ပြီး ရေမြှားများအား ပိုင်းဖြတ်ကာ အပြာရောင်ရေနဂါးကြီးဆီသို့ ဦးတည်သွားလေသည်။
အစကမာနထောင်လွှားနေသော နတ်ဆိုးအရှင်သခင်ကြီးမှာ ပြင်းထန်ထက်မြက်လှသော ဓား၏အရှိန်အဝါကိုတွေ့လိုက်သောအခါ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများပေါ်ပေါက်လာလေသည်။
ဘုန်း....
ဓား၏ချီစွမ်းအင်များ ပေါက်ကွဲလွှမ်းခြုံသွားပြီးနောက် အပြာရောင်ရေနဂါးကြီး၏ ခန္ဓာကိုယ်မှ အတွင်းမှ ပြတ်ထွက်သွားပြီး မျက်လုံးများအသက်မဲ့သွားကာ လဲကျသွားလေသည်။
ကျိုးဟောင်လည်း ရေနဂါးအလောင်းကြီးဘေးသို့ပျံသွားလိုက်ပြီး ထိုအလောင်းကြီးအား ရေကန်ထဲမှ ကန်ထုတ်လိုက်လေသည်။
ဝုန်း
မီတာထောင်ချီ နီးပါးရှည်သော အပြာရောင်ရေနဂါးကြီးမှာ ကမ်းစပ်သို့လွှင့်စင်သွားပြီး မြေပြင်ကိုပါတုန်ခါသွားစေလေသည်။
.....
ရေကန်နှင့်မဝေးသောတောနက်တနေရာ၌ လူတစ်ချို့မှာ အနားယူနေကြလေသည်။ရေကန်ဘက်မှ ရုတ်ရုတ်သဲသဲအသံများကြားသောအခါ သူတို့မတ်တတ်ထရပ်လိုက်ကြသည်။
"ဒါအပြာရောင်ရေနဂါးရဲ့ ဟိန်းသံပဲ"
"ချီးပဲ ဘယ်သူလဲ။ ဘယ်သူက အပြာရောင်ရေနဂါးကိုရန်သွားစတာလဲ"
ထိုသားရဲကြီးမှာ အဆင့်နိမ့်အရှင်သခင်အဆင့် မိစ္ဆာဖြစ်သော်လည်း သူနေထိုင်ရာပတ်၀န်းကျင်၏ အားသာချက်အခြေအနေကြောင့် အလယ်အလတ်အရှင်သခင်အဆင့်လောက်ထိ တိုက်ခိုက်ရေးစွမ်းအားရှိလေသည်။
"လာ.. သွားကြည့်ကြမယ်။ အဲ့ဒါတခြား မူလအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်မယ်"
သူတို့ ၃ယောက်မှာ အလွန်လျင်မြန်ပြီး ဆယ်စက္ကန့်အတွင်းပင် ရေကန်အနီးရှိ တောင်ကုန်းပေါ်သို့ရောက်သွားကြလေသည်။
ကျိုးဟောင်က အပြာရောင်ရေနဂါးအလောင်းကြီးအားကန်ထုတ်လိုက်သည်ကို သူတို့မြင်လိုက်သောအခါ မှင်တက်သွားကြလေသည်။
ကျိုးဟောင်ကအပြာရောင်ရေနဂါးကြီး၏ အလောင်းအား သူ၏ မဟူရာလိပ်နတ်ဘုရား ချပ်၀တ်တွင်ပါသော အိတ်ထဲသို့ထည့်နေစဉ်တွင် အားကောင်းသောအရှိန်အဝါသုံးခုအား အာရုံခံမိလေသည်။
" ဘယ်သူလဲ"
နှိုင်းယှဥ်၍မရသော ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါသည် သူ့ကိုယ်တွင်းမှထွက်ပေါ်လာလေသည်။
ဝှစ် ဝှစ် ဝှစ်
ထိုပုံရိပ်သုံးခုလည်း သတိပြန်ကပ်ပြီးနောက်ကျိုးဟောင်ဘေးသို့ အလျင်အမြန်ရောက်လာကြလေသည်။
"ဆရာ... ဆရာရဲ့တိုက်ပွဲကို လျှို့ဝှက်ထောက်လှမ်းနေတာမဟုတ်ပါဘူး။ ရေကန်ဘက်ကဆူညံသံတွေကြားလို့လာကြည့်တာပါ"
အနက်ရောင်ချပ်၀တ်ကို၀တ်ဆင်ထားသော သက်လတ်ပိုင်းယောက်ျားကဦးဆောင်ပြီးပြောလိုက်လေသည်။သူ့နားတွင် ပါလာသော မိန်းမတစ်ယောက်နှင့်ယောကျာ်းတစ်ယောက်မှာလည်းအပြာရောင်ရေနဂါးအလောင်းအားကြည့်ပြီး အံ့ဩနေခဲ့ကြလေသည်။
သူတို့သည် အပြာရောင်ရေနဂါးကြီး၏ဟိန်းသံကြားလိုက်ထဲက အမြန်လာခဲ့ကြပြီး ရောက်ရန်ကြာချိန် ဆယ်စက္ကန့်သာ အချိန်ယူခဲ့ရလေသည်။
ဆယ်စက္ကန့်အတွင်းတွင် အရှင်သခင်အဆင့်အပြာရောင်ရေနဂါးကြီးမှာ သုတ်သင်ခံလိုက်ရလေသလား။
" ရပါတယ်"
ကျိုးဟောင်လည်း သဘောပေါက်သွားကာပြုံးပြီးပြန်ပြောလိုက်ကာ သူထုတ်လွှင့်နေသော ဖိအားများကို ပြန်ရုပ်သိမ်းလိုက်တော့မှ ထိုသုံးယောက်လည်း အသက်ရှူချောင်သွားတော့သည်။
"မင်းတို့အားလုံးက မူလအဆင့် ကျွမ်းကျင်သူတွေလား"
သူတို့၏ အရှိန်အဝါများမှာ စစ်သေနာပတိချုပ်ကျောက် ထက်ပိုအားကောင်းပြီး ဟန်ဖူထက်တော့ အနည်းငယ်အားပျော့လေသည်။ သူတို့သည် ကျိန်းသေပေါက် တတိယမြောက်မူလကျွမ်းကျင်သူအဆင့်အောက်ရှိနိုင်လေသည်။
"ဟုတ်ပါတယ် ဆရာ ကျွန်တော်တို့ ၃ယောက်က အခုမှ မူလကျွမ်းကျင်သူအဆင့်ကို ထိုးဖောက်နိုင်ခဲ့တာပါ။ ဒီရေကန်ဧရိယာတစ်ဝိုက်ကိုလာခဲ့တာက ကျွန်တော်တို့အင်အားတွေတိုးတက်လာချင်လို့ပါ"
သက်လတ်ပိုင်းလူက ခပ်မြန်မြန်ပင်ပြန်ဖြေလေသည်။
"ကဲထားပါတော့ အခု ဒါကဘယ်နေရာလဲ"
ကျိူးဟောင်က ပြန်မေးလိုက်သည်။
အသက်လတ်ပိုင်းလူလည်း ကြောင်သွားပြီး ကျိုးဟောင်ဆိုလိုသည်ကို သဘောမပေါက်ဘဲဖြစ်နေလေသည်။
သူ့ဘယ်ဘက်တွင်ရှိသော နှစ်လိုဖွယ်အသွင်အပြင်နှင့်အမျိုးသမီးက သဘောပေါက်သွားပြီး ချက်ချင်းပြန်ဖြေလိုက်သည်။
" ဒါက ဟွာနန်းမြို့ရဲ့ တောင်ဘက်အပိုင်းပါ ဆရာ"
"ဘာ ဟွာနန်းမြို့ဟုတ်လား"
ကျိုးဟောင်မှာ မျက်လုံးပြူးသွားလေသည်။
....................................................................................
အခန်း (၁၁၅) ပြီးပါပြီ။
အခန်း (၁၁၆) : နောက်ကျနေပြီ ငါပြန်မှဖြစ်မယ်
"ဟုတ်ပါတယ်"
ထိုအမျိုးသမီးက နှစ်လိုဖွယ်အပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။ သက်လတ်လူကြီးနှင့် အခြားယောကျာ်းတို့မှာလည်း အသီးသီး ခေါင်းညိတ်ပြကြလေသည်။
ကျိုးဟောင်လည်း ပြုံးနေလိုက်သည်။ သူသည် " လွတ်မြောက်ခြင်းရွှေကျီးသိုင်း" အား စမ်းသပ်ကြည့်ရင်း မျက်စိတစ်မှိတ်အတွင်း ဟွာတုန်းမြို့ကနေ ဟွာနန်းမြို့သို့ရောက်လာလိမ့်မည်မထင်ခဲ့ပေ။
ထိုမြို့ ၂ ခုမှာ ကီလိုမီတာ ထောင်နှင့်ချီဝေးလေသည်။
"ဆရာ ဘယ်ကနေလာသလဲ သိခွင့်ရှိမလား"
ထိုအမျိုးသမီးလေးက ကျိုးဟောင်၏လေသံကြောင့် စူးစမ်းလိုစိတ်ဖြစ်သွားပြီးမေးမိလိုက်သည်။
" ဟွာတုန်းမြို့ကနေ လာခဲ့တာပါ ။ ကဲကဲ အချိန်မနည်းတော့ဘူး ငါပြန်မှ ဖြစ်မယ်"
ကျိူးဟောင်က လက်ကာပြပြီးပြန်ပြောသည်။
ထိုသို့ပြောပြီးသည်နှင့် ကျိုးဟောင်ရော အပြာရောင်ရေနဂါးကြီး၏ အလောင်းပါ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
" မင်းတို့နဲ့ ထပ်ဆုံချင်ပါတယ်"
ဝှစ်
ကျိုးဟောင်၏အသွင်အပြင်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။
မူလအဆင့်ကျွမ်းကျင်သူ၃ယောက်မှာလည်း မှင်တက်နေခဲ့ပြီး သူပျောက်သွားပြီး ခဏအကြာမှ သတိပြန်ကပ်ကြလေသည်။
"အဲဒီစီနီယာ သူက ဟွာတုန်းမြို့ကလို့ပြောသွားတာလား"
"ဟွာတုန်းမြို့က ဒီကနေဆို ကီလိုမီတာ ၅ထောင်၆ထောင်လောက်ဝေးတာလေ။ ဒါ ..ဒါက.."
သက်လတ်ပိုင်းအရွယ်လူကတော့ တည်ငြိမ်သောအနေအထားရှိနေခဲ့ပြီး ပြန်ပြောလိုက်သည်။
" ဒီပုဂ္ဂိုလ်က လူသိရှင်ကြားမနေတဲ့သူပဲဖြစ်ရမယ်။ သူက အပြာရောင်ရေနဂါးအရှင်သခင်ကိုတောင် တသ်ချက်ထဲသတ်ခဲ့တာ။ ပြီးတော့ သူကအခုရုတ်တရက်ပျောက်သွားတာ ငါတို့မှာ သူ့အရိပ်ကိုတောင် မမြင်လိုက်ရဘူး။ သူ့အစွမ်းက အတော်လန့်စရာပဲ"
ထို့နောက်သူလည်း စိတ်လျှော့ကာ အသက်ပြင်းပြင်းရှုပြီးနောက်ပြောလိုက်သည်။
" ငါတို့က အထွတ်အထိပ် န၀မမြောက်မူလအဆင့်ကျွမ်းကျင်သူနဲ့ဆုံတွေ့ခဲ့တာပဲ"
ယန်ဥယျာဉ်အိမ်ယာ၌
ကျိူးဟောင်တစ်ယောက် ဆိုဖာပေါ်တွင်ထိုင်ရင်း အအေးသောက်နေခဲ့သည်။ သူ့မျက်နှာတွင်တော့ အံ့ဩပီတိဖြစ်နေမှုများ ကျန်နေသေးလေသည်။
"လွတ်မြောက်ခြင်းရွှေကျီးသိုင်း" ၏ အကျိုးသက်ရောက်မှုမှာ အံ့ဖွယ်ဖြစ်လေသည်။ ဟွာတုန်းမြို့နှင့် ဟွာနန်းမြို့၏အကွာအဝေးမှာ ကီလိုမီတာထောင်ချီဝေးပြီး ကပ်ဘေးကြီး မတိုင်မှီကပင် လေယာဉ်ဖြင့်သွားရင်တောင် အချိန် သုံးလေး နာရီလောက်ကြာမြင့်လေသည်။
ကပ်ဘေးကြီးပြီးနောက် ကမ္ဘာပေါ်ရှိ နည်းပညာများ အလွန်တိုးတက်လာပြီး လေယာဉ်အသစ်ကြီးများဖြင့် သွားလာရင်တောင် နာရီ၀က်လောက်တော့ကြာနေသေးသည်။
သူ့အတွက်တော့ အချိန် ၃မိနစ်လောက်သာ ကြာမြင့်ပြီး ထိုအချိန်အတွင်းမှာပင် အပြာရောင်ရေနဂါးကြီးအား ရှင်းလင်းလိုက်သေးလေသည်။ စင်စစ်မူ သူ့အတွက် သွားလာချိန်က ဆယ်စက္ကန့်လောက်သာကြာလေသည်။
" လွတ်မြောက်ခြင်းရွှေကျီးရဲ့ ရွေလျားနှုန်းက အံ့မခမ်းပဲ။ အဆင့်မြင့် " ချိုကိုးချောင်းမိုးကြိုးမြွေ၏လှုပ်ရှားမှု" ဆိုရင်တော့ လုံး၀ဆန်းကြယ်မှာသေချာတယ်"
သူခပ်တိုးတိုးညည်းတွားလိုက်ပြီး ရှေ့ရေးကိုကြိုတွေးနေခဲ့သည်။ ယခု သူ့မှာကျန်နေသေးသောကံကြမ္မာအမှတ် သန်း ၃၀လောက် ဖြင့် ထို အဆင့်မြင့်သိုင်းအား ရရန် မဖြစ်နိုင်သေးပေ။ ထို "ချိုကိုးချောင်းမိုးကြိုးမြွေ၏လှုပ်ရှားမှု" သိုင်းကိုရရန် ကံကြမ္မာအမှတ်များကိုထပ်မံစုဆောင်းရန်လိုအပ်လေသည်။
ယခုအချိန်တွင် သူ၏ သွားလာလှုပ်ရှားမှုအတွက်တော့ " လွတ်မြောက်ခြင်းရွှေကျီးသိုင်း" က စိတ်ကျေနပ်မှုပေးနိုင်ပေသည်။
"ရွှေရောင်သေတ္တာက ကောင်းကင်းဘုံဒင်္ဂါး ၁သန်းကျသင့်သလောက် တကယ်လည်း အံသြစရာပဲ ၎င်းက ကျင့်ကြံရေးသိုင်းတွေကိုတိုးမြှင့်ပေးရုံတင်မကဘူး ပါ၀င်တဲ့ လျှို့ဝှက်ကျင့်စဉ်တွေကလည်း ကြောက်စရာ အစွမ်းတွေရှိတာပဲ"
သူ့အတွက်စိတ်ကျေနပ်စေခဲ့ပေသည်။ သူထိုရွှေရောင်သေတ္တာများကို မဖွင့်ခင် စိတ်ပူနေခဲ့ရသော်လည်း ဖွင့်ပြီးနောက်ပိုင်း တန်သည်ဆိုသည့်အတွေးရခဲ့လေသည်။
ဒေါက်..ဒေါက်
ကျိုးဟောင်မှာ အိမ်တံခါးခေါက်သံကြားသောကြောင့် ထပြီး တံခါးဖွင့်ကြည့်လိုက်သောအခါ သူ့မိဘများဖြစ်နေခဲ့ပြီး ၀မ်ရှုယွင်က ဖိနပ်လဲပြီးနောက် ပြုံးပြီးပြောလေသည်။
" ရှောင်ဟောင် မင်းပေးတဲ့ ကျောက်တုံးက ဆေးအာနိကတကယ်အစွမ်းထက်တာပဲ။ မင်းအဖေရဲ့ ခါးနာတာလည်း သက်သာသွားပြီးတော့ ငါ့ကိုလည်း အလုပ်ကလူတွေက ဆယ်နှစ်လောက်ပိုငယ်သွားတယ်ပြောကြတယ်"
ကျိုးဟောင်မှာ သူ့အမေသည် အသက်စွမ်းအင်ကျောက်တုံးအကြောင်းပြောနေမှန်းသိလိုက်သည်။
ထိုအရာသည် မဟာဆရာသခင်အဆင့်ကိုတောင်သိမ်မွေ့စွာတက်လှမ်းနိုင်သည့် သဘာဝရတနာတစ်ခုဖြစ်ပြီး ၎င်း၏အကျိုးသက်ရောက်မှုများမှာ သဘာဝအတိုင်း ကောင်းမွန်လှသည်။
“အမေ၊ အဲဒါက ကောင်းတယ်လေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က အိမ်မှာ ဆေးဖက်ဝင်အပင်အချို့ကိုလည်း ကျွန်တော်ထားခဲ့သေးတယ်။ အမေ့မှာ ဘာမှလုပ်စရာမရှိရင် အမေ့ခန္ဓာကိုယ်ကို အာဟာရဖြစ်စေဖို့ အဲဒါတွေကိုသုံးနော် "
ကျိုးဟောင် က ပြုံးပြီးပြောလေသည်။
"ကောင်းပါပြီ သားပြောသလိုလုပ်တာပေါ့"
၀မ်ရှုယွင် နှင့်ကျိုးရွှယ်ကောတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ပြုံးကာ ပြန်ပြောလိုက်ကြလေသည်။
ထမင်းစားပြီးနောက် ကျိုးဟောင်မှာအခန်းထဲတွင်လှဲရင်းဖုန်းသုံးနေခိုက် သူ့အဖေ၏စကားပြောသံအားကြားလိုက်ရလေသည်။
"မိန်းမရေ သားလေးယူလာတဲ့ အပင်တွေက ကြက်သွေးရောင်သွေးနွယ်ပင်နဲ့ ကြံ့ချိုလိုပဲ တန်ဖိုးကြီးတယ်နော်။ ကုမ္ပဏီကလူတွေ ရှုပ်ရှုပ်ယှက်ယှက်မလုပ်စေနဲ့"
" သိပါတယ်တော် ကျွန်မဒီကုမ္ပဏီမှာလုပ်လာတာ နှစ်ချို့နေပြီ လွယ်လွယ်တော့ အလိမ်မခံရပါဘူး။ခေါင်းဆောင်ကပြောတယ် သားလေးယူလာတဲ့အပင်တွေကို အဆင့်မြင့်ဆေးဝါးပြုလုပ်ဖို့သုံးလို့ရပြီးတော့ သားကိုအဲ့တာတွေတိုက်လိုက်ရင် သိုင်းပညာရှင်အဆင့်ကိုတောင်ဖြတ်ကျော်နိုင်တယ်တဲ့"
ဝမ်ရှုယွင်က ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
"အဲဒါကောင်းတယ်။ ဒါနဲ့ မင်းတို့ခေါင်းဆောင်က ဆေးလုံးတွေ ဘယ်ချိန်ရမလဲဆိုတာရောပြောလား"
ကျိုးရွှယ်ကောကထပ်မေးလိုက်သည်။
"မနက်ဖြန်မှပဲမေးကြည့်ရမှာ။ ဆေးလုံးဖော်တဲ့ လုပ်ငန်းစဉ်ကရှုပ်ထွေးတာမလို့ တစ်ပတ်လောက်တော့ကြာနိုင်တယ်"
၀မ်ရှုယွင်က ခေါင်းခါပြီးပြန်ပြောလိုက်သည်။
ထိုစကားများကိုကြားသောအခါ ကျိုးဟောင်တစ်ယောက် ခေါင်းခါရုံသာတတ်နိုင်တော့သည်။သူသည်လက်ရှိတွင် ဆရာသခင်အဆင့်ရှိပြီး သူ့တိုက်ခိုက်ရေးစွမ်းရည်မှာ အထွဋ်အထိပ်န၀မမြောက်မူလအဆင့်ကျွမ်းကျင်သူလောက်ဖြစ်နေပြီဖြစ်သည်။
သူတောနက်ဧရိယာထဲမှ ရှာလာသောထိုဆေးပင်များမှာ သူ့အတွက် အသုံးမ၀င်ပေ။ သူ့မိဘများ၏ကိုယ်ခန္ဓာကျန်းမာဖို့အတွက် အသုံးပြုစေလိုခြင်းဖြစ်သော်လည်း သူ့မိဘများက သူ့အတွက် ပြန်တွေးပေးနေကြလေသည်။
"ကြည့်ရတာ ငါရဲ့စွမ်းအားအစစ်အမှန်ကို အဖေနဲ့ အမေ စိတ်အေးသွားအောင်ထုတ်ပြဖို့လိုပြီထင်တယ်"
သူတစ်ယောက်ထဲတွေးနေလိုက်သည်။ ထိုနောက်ပတ်၀န်းကျင်က အသံများပျောက်ကွယ်သွားအောင် အာရုံစိုက်နေခဲ့လေသည်။
.............................................................................
အခန်း (၁၁၆) ပြီးပါပြီ။
အခန်း (၁၁၇) : အောက်ဆုံးအဆင့်
သူ့ဖုန်းကိုချလိုက်ပြီး လှဲအိပ်ရန်ကြိုးစားလိုက်သည်။ သူ့လက်ရှိအင်အား နှင့်ဆို နှစ်၀က်လောက် မအိပ်ဘဲနေရင်တောင် အဆင်ပြေသော်လည်း သာမာန်လူကဲ့သို့ အမူအကျင့်များကို ဆက်လက်ထိန်းထားလေသည်။
နောက်တစ်နေ့ ....
ကျိုးဟောင်သည် ပုံရိပ်ယောင်ခန်းမသို့ရောက်ချိန် တွင် ရှုလင်မှာ ပုံရိပ်ယောင်အခန်းငယ်ထဲတွင် လှဲနေသည်ကိုတွေ့လိုက်သည်။ ထို့နောက်သူသည် ရှုလင်ဆီသို့ကပ်သွားပြီး လက်ကမ်းပေးလိုက်သည်။
"ဘာလဲ"
ရှုလင်က ကြည့်ပြီးပြန်မေးလိုက်သည်။
" မနေ့ကနင်ပေးတဲ့ကိတ်မုန့်ကတကယ်စားကောင်းတာပဲ။ ဒီနေ့အတွက်ရော.."
ကျိုးဟောင်က ပြုံးပြီးမေးလိုက်သည်။
"ငါနင့်ရဲ့ အထိန်းတော်မဟုတ်ဘူး။ စားချင်ရင် ကိုယ့်ဟာကိုယ်လုပ်စား"
ရှုလင်၏မျက်နှာလေးမှာ နီရဲသွားပြီး ကျိုးဟောင်ကိုစိုက်ကြည့်ကာပြန်ပြောလေသည်။
"မနေ့က ငါလုပ်ပေးတယ်ဆိုတာကလည်း နင့်ကိုဆုချတဲ့သဘောပဲ"
ရှုလင်ကထပ်ပြောလိုက်လေသည်။
"ဘာအတွက်ဆုချတာလဲ"
ကျိူးဟောင်မှာ ရှုလင်၏ နှုတ်ကြမ်းလေးအား ကျင့်သားရနေပြီး ပြုံးကာထပ်မေးလိုက်သည်။
"နင်လျှောက်မေးနေမယ်ဆိုရင်တော့ ငါနင့်ကို ဂရုမစိုက်ဘဲပစ်ထားမှာနော်"
ရှုလင်က ဆူပုပ်ပြီး ဟိုဘက်လှည့်သွားလေသည်။ကျိုးဟောင်က ပိုတိုးကပ်လိုက်သောကြောင့် ရှုလင်၏သင်းပျံ့သော ရနံ့လေးမှာ နှာခေါင်းထဲသို့၀င်လာခဲ့လေသည်။ ထိုရနံ့သည် ရှုလင်ကိုယ်မှ သဘာ၀အတိုင်းထွက်ပေါ်နေခြင်းဖြစ်ပြီး ရှူမိသူအား လန်းဆန်းစေလေသည်။
"ငါ့ကိုအသေးစိတ်ပြောပြစမ်းပါ ဒါမှ နင့်ဆီကနောက်ထပ်ဆုချခံရအောင်လို့ ကြိုးစားလို့ရမှာ"
ကျိုးဟောင် ၏ခန္ဓာတစ်၀က်မှာ ရှုလင်၏ ပုံရိပ်ယောင်အခန်းငယ်ထဲသို့ပင်ရောက်နေခဲ့လေသည်။အနားမှာရှိနေသော ကျောင်းသားများမှာလည်း ထိုမြင်ကွင်းကြောင့်သေမတတ် မနာလိုဖြစ်နေကြလေသည်။
"သွား သွား... မြန်မြန်သွားစမ်းဟာ။ မကြာခင် နည်းပြရှန်းရောက်လာတော့မှာ"
ရှုလင်မှာ ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့်တွန်းထုတ်နေလေသည်။
သူမစကားဆုံးသည်နှင့် ကျိုးဟောင်သည် နည်းပြရှန်းခြေသံကိုကြားမိလိုက်သောကြောင့် ချက်ချင်း သူ့ပုံရိပ်ယောင်အခန်းသို့ပြန်သွားလိုက်လေသည်။
ထိုအခိုက်အတန့်တွင် နည်းပြရှန်းအခန်း၀သို့ရောက်လာခဲ့ပြီး ကျန်ကျောင်းသားများလည်းအသီးသီး ပုံရိပ်ယောက်အခန်းငယ်များထဲသို့၀င်လိုက်ကြလေသည်။
လူစာရင်းစစ်ပြီးနောက် နည်းပြရှန်းကပြောလိုက်သည်။
" ဒီနေ့လည်း လေ့ကျင့်ရေးရဲ့ အဆင့်တိုးမြှင့်တာကိုဆက်လက်လုပ်ဆောင်သွားမယ်။ ပြောရရင် လေ့ကျင့်ရေးအတန်းစတာလည်း တစ်လရှိပြီမလို့ သန်ဘက်ခါကျရင် တကယ့်တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်မှုပြိုင်ပွဲကျင်းပမယ်။ အဲ့ကရတဲ့အမှတ်တွေကို မင်းတို့လက်ရှိရထားတဲ့အမှတ်တွေနဲ့ပေါင်းမယ်။ တကယ့်တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်မှုကတော့ အမှတ်များများရမှာပဲ"
ထို့နောက်ခဏလောက်ရပ်ပြီးလေးနက်သောအသံဖြင့်ဆက်ပြောသည်။
"တိုက်ခိုက်ရေးအကဲဖြတ်မှုမှာ သတ်မှတ်ချက်တွေ မပြည့်မှီဘဲ အောက်ဆုံးအဆင့်ဖြစ်နေတဲ့လူကတော့ သူရထားတဲ့အမှတ်တွေကို ထည့်မတွက်ဘဲ ထုတ်ပယ်ခံရမှာပဲ"
သူ့စကားဆုံးသည်နှင့် လေ့ကျင့်ရေး အတန်းထဲရှိကျောင်းသားများ အားလုံး၏အမူအရာများ ပြောင်းလဲသွားလေသည်။
ကျင့်ကြံရေးအတွက် အထောက်အကူပြုသောဆေးလုံးများကိုရယူပြီးနောက် ထိုဆေးများ၏အာနိသင်ကိုသိရှိသွားကြပြီး မည်သူမှ လေ့ကျင့်ရေးအတန်းမှ အထုတ်ပယ်မခံလိုကြပေ။
"နည်းပြရှန်း တစ်ခုလောက်မေးချင်လို့ပါ ဒီ တိုက်ခိုက်ရေးစာမေးပွဲက တစ်ယောက်ချင်းစီ တိုက်ရမှာလား အဖွဲ့လိုက်တိုက်ရမှာလား"
ကျောင်းသားတစ်ယောက်မှာ သိလိုသောကြောင့် ထမေးလေသည်။
"အင်း တစ်ယောက်ချင်းပြိုင်ရမှာ "
နည်းပြရှန်းက ချက်ချင်းတုံ့ပြန်လိုက်သည်။
ထိုစကားကိုကြားသောအခါ ကျောင်းသားအများစုမှာ စိတ်သက်သာရာရသွားပြီး သူတို့မျက်လုံးများက ထောင့်တွင်ရှိနေသော ကျိုးဟောင်ဆီသို့ရောက်သွားခဲ့သည်။
ကျိုးဟောင်မှာ အောက်ဆုံးအဆင့်တွင်သာ ရှိနေသင့်သော်လည်း သူသည် ရှုလင်နဲ့ ကျန်းယိတို့၏အကူအညီဖြင့် အမှတ်များ ရရှိခဲ့ပြီး ထိပ်ကိုတောင်တက်လာခဲ့လေသည်။
သို့သော်လည်း ဒီတစ်ခါ တိုက်ခိုက်ရေးစွမ်းရည်စစ် စာမေးပွဲတွင် တစ်ယောက်ချင်းပြိုင်ရမည်ဖြစ်သောကြောင့် ရှုလင်၏အကာအကွယ်ကို မရနိုင်တော့ဘဲ ကျိုးဟောင်တစ်ယောက် ကိုယ့်အားကိုယ်သာ အားကိုးရမည်ဖြစ်သည်။
တစ်နည်းဆိုလျှင် ကျိုးဟောင်တစ်ယောက် အောက်ဆုံးအဆင့်သို့ပြန်ရောက်သွားနိုင်လေသည်။ထို့ကြောင်ပင် ကျောင်းသားအများစုမှာ သိပ်မစိုးရိမ်သလိုဖြစ်နေကြလေသည်။
နည်းပြရှန်းလည်း ကျိုးဟောင်ဘက်သို့ ကြည့်နေခဲ့ပြီး စိတ်ထဲမှ သက်ပြင်းချမိသည်။ သူ့အတွေးထဲတွင်တော့ ကျိုးဟောင်တော့ ယခုတစ်ကြိမ်တွင် အဆင့်မမှီဘဲ ဖြုတ်ချခံရမည်လို့တွေးနေမိလေသည်။
ထုတ်ပယ်သည့်စာထွက်လာသည်နှင့် ရှုလင်နှင့်သူမှာ အနာဂတ်တွင် စုံတွဲများ ဆက်မဖြစ်နိုင်လောက်တော့ဘူးလို့ သူတွေးမိခဲ့သည်။
" ဒါကြီးကသူ့အတွက် ထိုးနှက်ချက်ကြီးမဖြစ်ပါစေနဲ့လို့မျှော်လင့်မိတယ်"
နည်းပြရှန်း ကသူ့အကြည့်ကို ပြန်လွှဲလိုက်ပြီး တစ်ယောက်ထဲရေရွတ်မိလေသည်။ ဟိုးယခင်ကတည်းက ချမ်းသာသောကောင်မလေးနဲ့ ဆင်းရဲသားကောင်လေးတို့၏အချစ်ဇာတ်လမ်းမှာ အမြဲခက်ခဲခဲ့လေသည်။ ယခုကပ်ဘေးကြီးပြီးနောက် ခွန်အားသည်သာ လူတိုင်းအတွက် တန်ဖိုးကြီးလာခဲ့လေသည်။
ရှုဆေးဝါးကုမ္ပဏီ၏ ထိပ်ဆုံးအလွှာတွင်
" သူဌေးမင်း မမလေးလာပါတယ်ရှင့် "
ယူနီဖောင်းနှင့် စာရေးမလေးက ချိုသာစွာပြောလေသည်။
ရှုကျန့်ကော် က စာရင်းလုပ်နေရာမှ အမြန်ထလာပြီးအပြုံးဖြင့်ဆီးကြိုလေသည်။
" သမီးလေး ကျောင်းသွားရမယ့်ရက်ကြီးမှာဘာလို့ ကုမ္ပဏီကိုလာတာတုန်း။နည်းပြရှန်းလက်အောက်က အထူးလေ့ကျင့်ရေးအတန်းတက်ရဦးမယ်မှတ်လား"
ရှုကျန့်ကော်က ရှုလင်အား ချိုသာသောအသံဖြင့်မေးလိုက်လေသည်။
ရှုလင်လည်း ဥက္ကဌ ရုံးခန်းထဲသို စိုးရိမ်နေသောအမူအရာဖြင့်၀င်လာခဲ့လေသည်။ ရှုကျန့်ကော်သည် သူ့သမီး၏ စိတ်အခြေအနေကို သိသွားကာ ၀န်ထမ်းမလေးအား လက်ခါပြလိုက်ပြီး အခန်းထဲမှ ထွက်သွားစေလိုက်လေသည်။ သူ့သမီး စိတ်အနှောင့်အယှက်ဖြစ်မှာစိုးသောကြောင့်ဖြစ်လေသည်။
"သမီးလေး ဘာဖြစ်လို့လဲ ဘယ်သူသမီးကို အနိုင်ကျင့်လို့လဲ အဖေ့ကိုပြော။ အဖေသူ့ဆီသွားပြီး သမီးဒေါသပြေတဲ့ထိ ဆုံးမပေးမယ်"
ရှုကျန့်ကော်က ရှုလင်အားမေးလိုက်လေသည်။
"အဖေ မနက်ဖြန်ကျရင် သမီးတို့ အတန်းမှာ တိုက်ခိုက်ရေးစွမ်းရည် စာမေးပွဲဖြေရတော့မယ်"
ရှုလင်ဆိုဖာပေါ်မှာထိုင်နေရင်း သူ့အဖေကို လှမ်းပြောလိုက်သည်။
"ဒါကောင်းတဲ့အရာပဲလေ။ သမီးရဲ့ လက်ရှိအစွမ်းနဲ့ဆို ယန်ကျင်းကျောင်းက ဟာတွေကို အနိုင်ယူနိုင်ပြီး အတန်းရဲ့ ပထမနေရာရယူနိုင်လိမ့်မယ်။ အဲ့အချိန်ကျ အဖေကိုယ်တိုင်လာဂုဏ်ပြုပေးမယ်"
ရှုကျန့်ကော်မှာ ခဏလောက်ကြောင်သွားသော်လည်း ပြုံးပြီးပြန်ပြောလေသည်။
" အဖေ..."
ရှုလင်က သူမနှုတ်ခမ်းလေးကိုကိုက်ပြီး တုံ့ဆိုင်းနေခဲ့သည်။
"ဒါ.. ဒါပေမဲ့ သမီးတို့အဖွဲ့က ကျိုးဟောင်က အရမ်းအားနည်းတယ်။ သူဒီတစ်ခါသတ်မှတ်ချက်တွေ မပြည့်မှီမှာကို သမီးစိုးရိမ်မိတယ်။ အဲဒါကြောင့် အကူအညီတောင်းဖို့လာခဲ့တာပါ"
................................................................................
အခန်း (၁၁၇) ပြီးပါပြီ။