အခန်း ၁၄၂-၁၄၄
Vol. 10 Ch. 142-144
အခန်း (၁၄၂) : အရေးပေါ်အခြေအနေ
ကျိုးဟောင်မှာ ထိုအရာအားမြင်လိုက်သောအခါ တုန်ယင်သွားလေသည်။ သူသည် ထိုလူ၏ပစ်မှတ်မှာရှုလင်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားပြီး အော်ဟစ်သတိပေးလိုက်သည်။
"ရှုလင် ပြေး..."
အော်သံနှင့်အပြိုင် ကျိုးဟောင်မှာသူ့သရုပ်မှန်ပေါ်သွားမည်ကိုဂရုမစိုက်ဘဲ သူ၏မူလအဆင့်မြင့်ချပ်ဝတ်ကိုအသက်သွင်းကာ ရှုလင်ရှေ့သို့လျှပ်တစ်ပြက်အတွင်း ရောက်သွားလေတော့သည်။
ဘန်း!
သူနှင့်တစ်ဖက်လူ၏လက်သီးများမှာ ချက်ချင်းဆိုသလိုပင် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
သူတို့နှစ်ယောက်၏လက်သီးချင်း ထိမိသွားသည်နှင့် ညင်သာသောလှုပ်ရှားမှုမျိုးထွက်မလာပေ။
ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးသောအားနှစ်ခုမှာ အချင်းချင်းတိုက်မိကာ ကျယ်လောင်သောအသံနှင့်အတူပေါက်ကွဲသွားလေသည်။ ပေါက်ကွဲသံမှာ လေလှိုင်းများမှတစ်ဆင့်ဖြတ်သန်းကာ ထွက်ပေါ်လာသော မိုးခြိမ်းသံပမာကျယ်လောင်လှပေသည်။
ဘန်း! ဘန်း! ဘန်း!
ထိုပေါက်ကွဲမှုကြောင့် ပြင်းထန်သော လေလှိုင်းများဖြစ်ပေါ်လာကာ ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများပါ လွင့်ထွက်သွားလေတော့သည်။
အကယ်၍ ကျိုးဟောင်သာသူ့အရှိန်အဝါထဲမှ တစ်ချို့တစ်ဝက်ကိုသုံးပြီး သူတို့အားကာကွယ်မပေးထားပါက ယခုလိုပေါက်ကွဲရာမှ ဖြစ်ပေါ်လာသောလေလှိုင်းနဲ့တစ်ခုနှင့်ပင် သူတို့အားဒဏ်ရာအပြင်းအထန်ရစေနိုင်ပေသည်။
"ဒါ....ဒါကမဟာဆရာသခင်အဆင့်ပညာရှင်ပဲ"
"သူကသေချာပေါက် မဟာဆရာသခင်ပဲ"
"အမှောင်နတ်ဘုရားများအဖွဲ့ ဒီမဟာဆရာသခင်ရဲ့အရှိန်အဝါက အေးစက်ပြီးတော့မကောင်းတဲ့ခံစားချက်မျိုးရတယ် သူကအမှောင်နတ်ဘုရားများအဖွဲ့က မဟာဆရာသခင်ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်းသေချာတယ်"
"မြန်မြန် စစ်သေနာပတိချုပ်ကျောက်ကိုအကြောင်းကြား"
ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာ ထိတ်လန့်နေရာမှ သတိဝင်လာပြီဖြစ်သည်။ သူတို့အားလုံးအလူးအလဲထကာ အလျင်အမြန်ပင် နည်းပြရှန်းနှင့် မြို့၏ရာထူးကြီးပုဂ္ဂိုလ်များထံ ဆက်သွယ်လေတော့သည်။
"ရှုလင် နင်အဆင်ပြေရဲ့လား"
အကြောင်းကြားပြီးနောက် သူတို့အဖွဲ့သည်မြေပြင်ပေါ်တွင်လဲကျနေသော ရှုလင်ထံအမြန်ပြေးသွားကြလေသည်။
အမှောင်နတ်ဘုရားများအဖွဲ့အစည်းမှ မဟာဆရာသခင်၏ ပထမပစ်မှတ်မှာ ရှုလင်ဖြစ်သည်။ ကျိုးဟောင်မှာ အချိန်မီတုံ့ပြန်ပြီး ရှုလင်ရှေ့မှကာကွယ်ပေးလိုက်သော်လည်း ကြောက်မက်ဖွယ်ရာအရှိန်အဝါ၏သက်ရောက်မှုမှာ ရှုလင်၏ခန္ဓာကိုယ်အား တုန်ယင်စေဆဲပင်ဖြစ်သည်။
ဖွီး
ရှုလင်မှာသွေးတစ်ပွက်အန်ထုတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာလေသည်။
"ငါ ငါဘာမှမဖြစ်ဘူး ဒီတိုင်းနည်းနည်းလေးလန့်သွားရုံပါပဲ"
ယွင်ယန်မှာချက်ချင်းပင်ရှုလင်၏လက်ကောက်ဝတ်အားဆွဲကာ စမ်းသပ်ပြီးမှ သက်ပြင်းချနိုင်လေတော့သည်။
"သူအဆင်ပြေပါတယ် ဒီတိုင်းသူ့သွေးအနှစ်သာရက နည်းနည်းလှုပ်ရှားသွားလို့"
ထိုစကားအားကြားမှသာ ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာ စိတ်အေးနိုင်တော့သည်။
ထိုအချိန်တွင် အဆင့်မြင့်ချပ်ဝတ်ဝတ်ဆင်ထားသော ကျိုးဟောင်မှာ ဘားအပြင်ပြေးထွက်သွားသော အမှောင်နတ်ဘုရားများအဖွဲ့မှ လုပ်ကြံသူနောက်လိုက်ကာ ကောင်းကင်ပေါ်တွင်တိုက်ခိုက်နေပြီဖြစ်သည်။
သူတို့နှစ်ယောက်၏တိုက်ပွဲနောက်ဆက်တွဲရလဒ်အနေနှင့် အဆောက်အဦးများမှာ ပျက်စီးကုန်လေသည်။
ကျိုးဟောင်မှာ စီနီယာကျိုးဟူသော သရုပ်ကိုသုံးကာ လုပ်ကြံသူအားသတ်တော့မည့်အချိန်မှာပင် စစ်သေနာပတိချုပ်ကျောက်၊ ဟယ့်ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ တိုက်ပွဲစွမ်းအားကိုအာရုံခံမိပြီး အပြေးအလွှားရောက်လာသည်ကို မြင်လိုက်ရလေသည်။
"မကောင်းတော့ဘူး ဒါအမှောင်နတ်ဘုရားများအဖွဲ့က အဆင့်မြင့်မဟာဆရာသခင်ပဲ"
"မြန်မြန် စီနီယာကျိုးကိုအကြောင်းကြား"
"ဒါချူမြို့အထက်တန်းကျောင်းက ပုန်းကွယ်နေတဲ့ပါရမီရှင်ပဲ သူ့စွမ်းအားကဒီအဆင့်ထိရောက်နေမယ်လို့ မထင်ထားမိဘူး"
စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာ ထိုမဟာဆရာသခင်အားတွေ့သည်နှင့် ချက်ချင်းဆိုသလိုပင်စီနီယာကျိုးထံ စာပို့လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ကျိုးဟောင်နှင့် အမှောင်နတ်ဘုရားများအဖွဲ့မှအဆင့်မြင့်မဟာဆရာသခင်ကြားမှတိုက်ပွဲအား မမှိတ်မသုန်စိုက်ကြည့်နေလေသည်။
အချက်ပြစာအားရလိုက်သော ကျိုးဟောင်မှာ ခါးသီးစွာပြုံးမိလိုက်လေသည်။ ယခုအချိန်တွင် စီနီယာကျိုးရောက်လာသလိုပုံမျိုး သူဘယ်လိုဟန်ဆောင်ရမည်နည်း။
"ကြည့်ရတာ ငါတခြားလူအနေနဲ့ဝင်ပါရမဲ့ပုံပဲ"
ထိုသို့တွေးရင်း ကျိုးဟောင်မှာ စွမ်းအားကြီးလျှို့ဝှက်သိုင်းဖြစ်သော "အရိပ်ခုနစ်သွယ်ဓားသိုင်း" အားသုံးလိုက်လေသည်။
ရွှစ်..
သူ၏ခန္ဓာကိုယ်မှာလျင်မြန်စွာပျောက်ကွယ်သွားပြီးနှင့် မျက်စိကျိန်းလောက်သောဓားအလင်းရောင်တစ်ခုလည်း ပေါ်လာလေသည်။
အမှောင်နတ်ဘုရားများအဖွဲ့မှ အဆင့်မြင့်မဟာဆရာသခင်မှာ ချက်ချင်းပင်ထိတ်လန့်သွားလေသည်။ ယခုလိုတုန်လှုပ်စရာဓားသိုင်းနှင့် ရင်ဆိုင်ရသည့်အခါ သူလုံးဝမတုံ့ပြန်နိုင်တော့ပေ။ သိပ်မကြာမီမှာပင် သူ့နဖူးပေါ်တွင် သွေးစွန်းနေသောအရာတစ်ခု ပေါ်လာလေသည်။
"မင်း မင်းကတကယ်အဲဒီ....အဲဒီ...."
သူ့စကားမဆုံးခင်မှာပင် သူ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့အရှိန်ပြင်းစွာပြုတ်ကျသွားပြီး အရှိန်အဝါမှာလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ဘားတစ်ခုလုံးလည်း တိတ်ဆိတ်သွားလေသည်။
ယွမ်ချန်းနှင့်ယွင်ယန်တို့သာမက အခြားမဟာဆရာသခင်များ၏ မျက်လုံးများတွင်လည်း မယုံကြည်နိုင်မှုများဖြင့်ပြည့်နေလေသည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့ရှေ့ရှိဤအမှောင်နတ်ဘုရားများအဖွဲ့မှ လုပ်ကြံသူမှာ တကယ့်ကိုအဆင့်မြင့် မဟာဆရာသခင်အဆင့်ပညာရှင်ဖြစ်သည်။ အမှောင်နတ်ဘုရားများအဖွဲ့မှမဟာဆရာသခင်များ၏စွမ်းအားမှာ ယေဘုယျအားဖြင့် အားနည်းသော်လည်း မည်မျှပင်အားနည်းနေပါစေ သူတို့သည်အဆင့်မြင့်မဟာဆရာသခင်များဖြစ်ကြလေသည်။
စီနီယာကျိုးကဲ့သို့သော မူလအဆင့်ပညာရှင်က ထိုလုပ်ကြံသူအားသတ်လိုက်သည်ဆိုပါက သူတို့လုံးဝအံ့ဩမည်မဟုတ်ပေ။ သို့သော်လုပ်ကြံသူအားသတ်လိုက်သည့်သူမှာ....
"နေဦး"
အဆင့်မြင့်ချပ်ဝတ်နှင့်အမျိုးသား ထွက်သွားတော့မည်ကိုတွေ့သောအခါ စစ်သေနာပတိချုပ်ကျောက်မှာ အလျင်အမြန်ပင်အော်လိုက်လေသည်။
ကျိုးဟောင်မှာနောက်လှည့်ကာ တမင်တကာအသံအက်အက်ဖြင့်မေးလိုက်လေသည်။
"ဘာကိစ္စရှိလို့လဲ"
စစ်သေနာပတိချုပ်ကျောက်မှာ အသက်ပြင်းပြင်းရှူပြီးမေးလိုက်လေသည်။
"မင်းက ချူမြို့အထက်တန်းကျောင်းကကျောင်းသားလား"
"ဟုတ်တယ်"
ကျိုးဟောင်မှ ဖြည်းညှင်းစွာပြောလိုက်သည်။
ထိုအတည်ပြုချက်အားကြားသောအခါ စစ်သေနာပတိချုပ်ကျောက်၊ ဟယ့်ပျောင်းနှင့် အခြားမဟာဆရာသခင်များမှာ စိတ်လှုပ်ရှားလာလေသည်။
စင်စစ် သူ့ရှေ့ရှိဤလူမှာ တကယ့်ကိုချူမြို့အထက်တန်းကျောင်း၏ ပုန်းကွယ်နေသောပါရမီရှင်ဖြစ်ပေသည်။
ထို့အပြင်သူ့စွမ်းအားမှာလည်း တကယ့်ကိုအဆင့်မြင့်မဟာဆရာသခင်တစ်ယောက်ကို သတ်နိုင်သောအဆင့်အထိ ရောက်နေပြီဖြစ်သည်။
ယခုလိုတိုးတက်နှုန်းမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းပေသည်။
နှိုင်းယှဥ်ပြောရလျှင် ရှုလင်ကဲ့သို့အထူးခန္ဓာကိုယ်ရှိသော ပါရမီရှင်ပင် ဤမျှလောက်အထင်ကြီးစရာမကောင်းပေ။ သူမ၏တိုးတက်န်ိုင်သော အလားအလာကအလွန်မြင့်မားသော်လည်း ဤပါရမီရှင်နှင့်တော့မယှဉ်နိုင်သေးပေ။
'ကျောင်းသား... ချိုင့်ဝှမ်းဒေသကရှေ့တန်းခံတပ်က ခုလက်ရှိမှာအဆင့်မြင့်လေ့ကျင့်ရေးစခန်းတစ်ခုတည်ထောင်နေတယ် တကယ်လို့မင်းသာဆန္ဒရှိရင် မင်းကျင့်ကြံလို့ရအောင် မင်းအတွက်နေရာတစ်ခုရအောင်အာမခံပေးလို့ရတယ်"
စစ်သေနာပတိချုပ်ကျောက်မှာ အလျင်အမြန်ပင်ပြောလိုက်လေသည်။
ကျိုးဟောင်မှာ အသံအက်အက်ဖြင့်တုံ့ပြန်လာလေသည်။
"စိတ်မကောင်းပါဘူး ကျွန်တော်ကတစ်ယောက်တည်းနေရတာပဲကြိုက်တယ်"
ကျိုးဟောင်မှာ ထိုစကားပြောပြီးသည်နှင့် လှည့်ထွက်သွားလေရာ သူ့ပုံရိပ်မှာလည်း လျင်မြန်စွာပျောက်ကွယ်သွားလေသည်။
...................................................................................
အခန်း(၁၄၂) ပြီးပါပြီ။
အခန်း (၁၄၃) : သွေးအဆိပ်ကင်းခြေများ
ကျိုးဟောင်၏နောက်ကျောကိုကြည့်ကာ စစ်သေနာပတိချုပ်ကျောက်မှာ သက်ပြင်းချလိုက်မိလေသည်။
"ငါတို့ဒီပြိုင်ဘက်ကင်းပါရမီရှင်ကို ကျေးဇူးကြွေးအတော်တင်နေပြီ။ စိတ်မကောင်းစရာကငါတို့သူ့ကိုလုံးဝမကူညီနိုင်ဘူး။ ပြီးတော့ဒီလိုပါရမီရှင်မျိုးကိုသာ ပျိုးထောင်ပေးလိုက်ရင် တိုးတက်မှုကပိုတောင်မြန်ဦးမယ်"
ဟယ့်ပျောင်းမှာခေါင်းယမ်းရင်းပြောလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက် ဒီလိုပါရမီရှင်မျိုးကို လေ့ကျင့်ရေးစခန်းမှာ သင်ပေးလို့မရဘူး ပြီးတော့သူ့မှာပိုကောင်းတဲ့ဆရာတစ်ယောက် ရှိပြီးလောက်ပြီ"
"ဟုတ်တယ် ဒီလိုကြက်သီးထလောက်စရာဓားသိုင်းမျိုးကို စီနီယာကျိုးပဲသင်ပေးနိုင်တာ"
ကျန်းဟုန်မှာ သက်ပြင်းချရင်းပြောလိုက်လေသည်။
စစ်သေနာပတိချုပ်ကျောက်မှာလည်း ခေတ္တလောက်မှင်တက်နေပြီးမှ သဘောပေါက်သွားလေတော့သည်။
"ကြည့်ရတာ စီနီယာကျိုးကဒီပါရမီရှင်နဲ့သူ့ကြားကဆက်ဆံရေးကို ငါတို့ကိုမသိစေချင်ဘူးထင်တယ်"
ပျက်စီးနေသောဘားအတွင်းတွင် ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားကျောင်းသားများမှာထွက်ခွာသွားသောပါရမီရှင်အား ရှုပ်ထွေးနေသောခံစားချက်များဖြင့် ကြည့်နေကြလေသည်။
ဤပုဂ္ဂိုလ်မှာ သူ၏ပြိုင်ဘက်ကင်းမှုကို ဖိနှိပ်ထားနိုင်သော စစ်မှန်သောပြိုင်ဘင်ကင်းပါရမီရှင်ပေ။
မူလကတော့ သူတို့အဆင့်မြင့်လေ့ကျင့်ရေးစခန်းထဲ ဝင်ခွင့်ရပြီး ထိပ်ဆုံး၁၀ယောက်ထဲဝင်နိုင်သည်ကို အနည်းငယ်ဂုဏ်ယူမိသော်လည်း ယခုမူ ထိုဂုဏ်ယူမှုများမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ထိုအချိန်တွင် စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များမှာ တစ်ယောက်ပြီးတစ်ယောက် ဘားထဲသို့လမ်းလျှောက်ဝင်လာကြလေသည်။ သူတို့သည်ယွမ်ချန်းနှင့်အခြားကျောင်းသားများကိုကြည့်ပြီး ရှေ့တိုးကာစိုးရိမ်တကြီးမေးလိုက်လေသည်။
"မင်းတို့ဘယ်လိုနေလဲ ဒဏ်ရာရသွားကြသေးလား"
"စစ်သေနာပတိချုပ် ကျွန်တော်တို့အားလုံးအဆင်ပြေပါတယ် ဒါပေမဲ့ကျောင်းသားအများစုကတော့ လန့်ပြီးမေ့လဲသွားကြတယ် ဒဏ်ရာအသေးစားရသွားတဲ့လူတွေလည်းရှိပေမဲ့ လောလောဆယ်တော့အားလုံးအဆင်ပြေပါတယ်"
ယွမ်ချန်းမှာ အလျင်အမြန်ပင်ပြန်ဖြေလိုက်လေသည်။
စစ်သေနာပတိချုပ်ကျောက်မှာခေါင်းညိတ်လိုက်လေသည်။
"ဒါဆိုကောင်းတယ်"
သူ့စကားမဆုံးခင်မှာပင် ယွမ်ချန်းနှင့်ယွင်ယန်ဘေးနားတွင်ရပ်နေသော ရှုလင်မှာသွေးတစ်ပွက်အန်ထွက်လာလေသည်။
"ရှုလင် ဘာဖြစ်တာလဲ"
ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားကျောင်းသားများမှာထိတ်လန့်သွားပြီး အလျင်အမြန်ပင်ရှုလင်အား ထိန်းထားကြလေသည်။
ယခုမှပြန်ရောက်လာသောကျိုးဟောင်မှာ ထိုအသံအားကြားပြီးပြေးလာလေရာ ချက်ချင်းပင် ရှုလင်ရှေ့ရောက်လာကာ စိတ်ပူစွာမေးလိုက်လေသည်။
"ရှုလင် ငါ့ကိုမခြောက်နဲ့ ဘာဖြစ်တာလဲ"
သူစကားပြောရင်း သူ့သွေးအနှစ်သာရအား ခွဲကာ ရှုလင်၏ကိုယ်တွင်းသို့ လျင်မြန်စွာပို့လိုက်ပြီး သွေးကြောတစ်လျှောက်ရှာလိုက်လေရာ ကင်းခြေများနှင့်တူသော ပိုးမွှားအသေးစားတစ်ကောင်အားတွေ့လိုက်ရလေသည်။
ကျိုးဟောင်၏အမူအရာမှာပြောင်းလဲသွားပြီး သူ၏လှည့်ပတ်နေသောသွေးအနှစ်သာရဖြင့် ကင်းခြေများကိုဝန်းရံလိုက်ပြီး ရှုလင်၏ခန္ဓာကိုယ်မှ ဖိအားပေးခွဲထုတ်လိုက်လေသည်။
ထိုကင်းခြေများအားတွေ့သောအခါ စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များ၏အမူအရာမှာလည်း သိသိသာသာကိုပြောင်းလဲသွားလေသည်။
"ဒါကသွေးအဆိပ်ကင်းခြေများပဲ သူတို့ကလူ့သွေးကြောထဲတိတ်တဆိတ်ဝင်ရောက်ပြီးအဆိပ်ထုတ်လွှတ်နိုင်တယ် ဒီကောင်တွေက သိုင်းပညာရှင်တွေအတွက် အရမ်းအန္တရာယ်များတယ်"
"ချီးပဲ အမှောင်နတ်ဘုရားများအဖွဲ့ သူတို့ကရှုလင်ကိုဖျက်ဆီးဖို့ကြိုးစားနေတာပဲ"
မဟာဆရာသခင်များမှာ တစ်ယောက်ပြီးတစ်ယောက် ဒေါသဖြစ်လာကြလေသည်။
ကျိုးဟောင်မှာ အလျင်အမြန်ပင်မေးလိုက်သည်။
"စစ်သေနာပတိချုပ်ကျောက် သွေးအဆိပ်ကင်းမြီးကောက်အတွက် ဖြေဆေးရှိလား"
စစ်သေနာပတိချုပ်ကျောက်မှာသက်ပြင်းချကာပြန်ပြောလာလေသည်။
"သွေးအဆိပ်ကင်းမြီးကောက်က မိစ္ဆာမျိုးနွယ်ရဲ့ အဆိပ်အပြင်းဆုံး အဆိပ်ရှိပိုးမွှားတွေထဲကတစ်မျိုးပဲ အဆိပ်အတွက်ဖြေဆေးရှိတယ်ဆိုပေမဲ့ ရှာဖို့အရမ်းခက်တယ် ဘာလို့လဲဆိုတော့ ချိုင့်ဝှမ်းဒေသမှာရှိတဲ့ဖြေဆေးက အရမ်းရှာဖို့ခက်လို့ပဲ"
"အရင်တုန်းကခြုံခိုပြီး အဆိပ်သွေးကင်းခြေများနဲ့အဆိပ်ခတ်ခံခဲ့ရတဲ့ မူလအဆင့်ပညာရှင်တစ်ယောက်ရှိတယ် သူချိုင့်ဝှမ်းဒေသကိုသွားပြီး ဖြေဆေးရှာခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူ ပြီးတော့သူမသေခင်မှာ ငါတို့ကိုချိုင့်ဝှမ်းဒေသကိုမသွားဖို့ပြောသွားတယ်"
"အဲဒါကြောင့်ရှာဖို့ခက်တယ်လို့ပြောတာ"
ထိုစကားအားကြားသောအခါ ကျိုးဟောင်မှာလေးလေးနက်နက်မေးလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက် ဖြေဆေးကဘာလဲဆိုတာပြောပြပါ ဘယ်လောက်ပဲခက်ခဲနေပါစေ ကျွန်တော်ရှာချင်တယ်"
စစ်သေနာပတိချုပ်ကျောက်မှာ ကျိုးဟောင်၏စိတ်အားနားလည်ပေသည်။ ဖြေဆေးကိုရှာရန်မှာမဖြစ်နိုင်မှန်းသူသိသော်လည်း ပြောတော့ပြလိုသေးသည်။
"အတိအကျအသေးစိတ်ကိုတော့ ငါလည်းမသိဘူး စွမ်းအားကြီးတဲ့မူလအဆင့်ပညာရှင်တစ်ယောက်ပဲ ဖြေဆေးရဲ့နာမည်နဲ့နေရာအတိအကျကိုသိတာ မင်းချိုင့်ဝှမ်းဒေသရဲ့ ရှေ့တန်းခံတပ်အခြေစိုက်စခန်းကိုသွားတဲ့အခါ လေ့ကျင့်ရေစခန်းရဲ့ ဒုတာဝန်ခံကိုမေးလို့ရတယ်"
"စစ်သေနာပတိချုပ်ကျောက် တကယ်လို့ကျွန်တော်တို့ဖြေဆေးရှာမတွေ့ရင် ရှုလင်ဘယ်လောက်လောက်ခံဦးမလဲ"
ကျိုးဟောင်မှမေးလိုက်လေသည်။
"အများဆုံးမှ လဝက်ပဲ"
စစ်သေနာပတိချုပ်ကျောက်မှာ ခေါင်းယမ်းရင်းပြောလိုက်သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့ ရှုလင်ကအထူခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့လူ ငါမူလအဆင့်ပညာရှင်တွေဆီသတင်းပို့ထားတယ် သူတို့်မှာတော့ရှုလင်ရဲ့အသက်ကိုဆွဲဆန့်နိုင်မဲ့အစွမ်းရှိတယ်လို့ယုံတယ်"
ကျိုးဟောင်မှာထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။ အချိန်လဝက်ဆိုသည်မှာ သူ့အတွက်တိုတောင်းသော အချိန်ကာလမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ "ရွှေကျီးလွတ်မြောက်ရေးသိုင်း" ရှိပါက အချိန်ခဏတာအတွင်း ကီလိုမီတာထောင်ချီရွေ့လျားနိုင်ပေသည်။ ထို့အပြင် သူ့ခွန်အားနှင့်ဆို အကယ်၍ သူချိုင့်ဝှမ်းအက်ကွဲကြောင်းထဲဝင်သွားလျှင်တောင် အသက်ရှင်နိုင်ပေသည်။
သို့သော် ဖြေဆေးနှင့်တည်နေရာကိုမဖော်ထုတ်နိုင်ခင် သူချိုင့်ဝှမ်းအက်ကွဲကြောင်းထဲ အလျင်စလိုဝင်မည်မဟုတ်ပေ။
သိပ်မကြာမီ သတိမေ့သွားသောကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက်သတိရလာလေသည်။ သူတို့သည်လည်း ရှုလင်မှာအမှောင်နတ်ဘုရားများအဖွဲ့မှ အဆင့်မြင့်မဟာဆရာသခင်အဆင့်တစ်ယောက်၏ လုပ်ကြံသတ်ဖြတ်မှုကိုခံရလုနီးပါးဖြစ်သွားသည်ကို သိသွားကြလေသည်။
ကံကောင်းစွာဖြင့် ချူမြို့အထက်တန်းကျောင်း၏ ပြိုင်ဘက်ကင်းပါရမီရှင်ရှိနေပြီး သူတို့အသက်အားကာကွယ်ပေးခဲ့လို့သာတော်တော့သည်။
သို့သော် ရှုလင်မှာသွေးအဆိပ်ကင်းခြေများအဆိပ်မိကာ လဝက်ပဲအသက်ရှင်နိုင်တော့မည်ဖြစ်သည်။
"ကျိုးဟောင် စိတ်ချပါ မူလအဆင့်ပညာရှင်ဆီကအကူအညီတောင်းပေးမယ်လို့ စစ်သေနာပတိချုပ်ကျောက်ကပြောထားဝာာပဲ"
"ဟုတ်တယ် မူလအဆင့်ပညာရှင်မှာတော့ သေချာပေါက်နည်းလမ်းရှိမှာပဲ အခုလန့်နေလို့လည်း အဓိပ္ပာယ်မရှိဘူး"
"စိတ်ချပါ ရှုလင်သေချာပေါက်အဆင်ပြေမှာပါ"
လေ့ကျင့်ရေးအတန်းမှကျောင်းသားများမှာ ဝိုင်းဝန်းနှစ်သိမ့်နေကြလေသည်။
မကြာမီ နည်းပြရှန်းနှင့်ရှုကျန်းကော်တို့ ဘားသို့ရောက်လာလေသည်။
"သမီးလေး"
ရှုလင်၏အသက်မပါသောအမူအရာကိုကြည့်ပြီး ရှုကျန်းကော်၏မျက်လုံးများမှာနီရဲလာလေသည်။
နည်းပြရှန်း၏မျက်နှာမှာမဲမှောင်နေကာ မျက်လုံးများတွင်ဒေါသခိုးဝေနေလေသည်။
ထိုအချိန်တွင် ကျိုးဟောင်မှာခိုင်မာစွာပြောလိုက်သည်။
"ဦးလေးရှု ကျွန်တော်ဖြေဆေးရှာမှာပါ ချိုင့်ဝှမ်းအက်ကွဲကြောင်းက ပြောမပြနိုင်လောက်အောင် အန္တရာယ်များရင်တောင် ကျွန်တော်ဖြေဆေးရှာပြီး ရှုလင်ကိုကယ်ဖို့ယူလာခဲ့ပါ့မယ်"
ကျန်းယိမှာလည်း ကျိုးဟောင်၏ ပခုံးအားပုတ်ကာပြောလိုက်လေသည်။
"ငါမင်းနဲ့လိုက်ခဲ့မယ်"
....................................................................................
အခန်း (၁၄၃) ပြီးပါပြီ။
အခန်း (၁၄၄) ချိုင့်ဝှမ်းအက်ကွဲကြောင်းရှေ့တန်းသို့
ရှုကျန်းကော်မှာ သွေးအဆိပ်ကင်းခြေများ၏ကြောက်စရာကောင်းပုံကိုသိပြီး ဖြေဆေးရှာရန်မည်မျှခက်ခဲကြောင်း နားလည်ထားလေရာ ကျိုးဟောင်ယခုလိုကတိမျိုးပေးသည်မှာ အလွန်သတ္တိကောင်း၍သာဖြစ်ကြောင်းကို သိပေသည်။
"လိမ္မာတဲ့ကလေး လင်အာမင်းကိုရွေးချယ်ခဲ့တာမှန်တာပဲ"
နောက်တစ်နေ့မနက်ရောက်သောအခါ
ဟွာတုန်းမြို့အရှေ့ပိုင်စခန်း အပြင်ဘက်၌..
ရက်စက်သောဘုရင်အဆင့်မိစ္ဆာသားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် မတ်တတ်ရပ်နေကြလေသည်။
သူတို့၏ကျောပေါ်တွင် ချိုင့်ဝှမ်းအက်ကွဲကြောင်းရှေ့တန်းအခြေစိုက်စခန်းကိုသွားမည့် ကျိုးဟောင်၊ အခြားကျောင်းသား ၈ယောက် ဟန်ဖူနှင့် ခံတပ်အခြေစိုက်စခန်းမှ မဟာဆရာသခင်အဆင့်ပညာရှင်အချို့ရှိနေလေသည်။
လေ့ကျင့်ရေးအတန်းမှ ကျောင်းသားများ၊ ကျောင်းခေါင်းဆောင်များနှင့် နည်းပြရှန်းတို့မှာ ဝန်လေးနေသည့်ပုံဖြင့်ကြည့်နေလေသည်။ ကျိုးဟောင်၏မိဘများမှာလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရန်သတိပေးနေလေသည်။
"အမေ အဖေ စိတ်မပူပါနဲ့ မူလအဆင့်ပညာရှင်နဲ့ မဟာဆရာသခင်အဆင့်ပညာရှင်က ကျွန်တော်တို့ကိုကာကွယ်ပေးနေတာပဲ လမ်းမှာဘာမှမဖြစ်လောက်ဘူး ပြီးတော့ကျွန်တော်တို့မှာ ဒီဘုရင်အဆင့်မိစ္ဆာသားရဲတွေရှိနေတာပဲ"
ကျိုးဟောင်မှာနှစ်သိမ့်လိုက်လေသည်။
ဝမ်ရှုယွင်မှာ မျက်နှာလေးဖြူလျော်နေသောရှုလင်ကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်လေသည်။
"သား ရှုလင်ကမိန်းမကောင်းလေးပါ သူမ အဆိပ်မိနေတယ်ဆိုတာနဲ့ပဲ သားသူ့ကိုစွန့်ပစ်လို့မရဘူးနော်"
ကျိုးဟောင်မှာပြောစရာစကားမရှိတော့ပေ။
"သိပါပြီ"
တစ်ဖက်တွင် ရှုကျန်းကော်၏မျက်လုံးများမှာ မျက်ရည်များဖြင့်ဝေ့သီနေလေသည်။
မနေ့ညက သူလုံးဝအိပ်မရခဲ့ပေ။ အကယ်၍ ရှေ့တန်းခံတပ်အခြေစိုက်စခန်းသို့ ဝင်ရောက်ခွင့်အားသာမန်ကာလျှံကာတားမြစ်ထားခြင်းဖြစ်ပါက သူသေချာပေါက်အားလုံးကိုပစ်ထားခဲ့ပြီး သူ့သမီးအားအဖော်လိုက်လုပ်ပေးမည်ဖြစ်သည်။
"လင်အာ စိတ်မပူနဲ့ တကယ်လို့အဖေဒေဝါလီခံရမယ်ဆိုရင်တောင် သမီးအတွက်ဖြေဆေးရှာပေးမယ်"
ရှုလင်၏မျက်နှာလေးမှာ ဖြူလျော်နေသော်လည်း မနေ့ညကထက်စာလျှင်အများကြီးသက်သာလာပြီဖြစ်သည်။
"အဖေ သမီးဘာမှမဖြစ်ပါဘူး ပြီးတော့သမီးတို့အဆင့်မြင့်လေ့ကျင့်ရေးစခန်းကိုရောက်ရင် သမီးကိုဒုတာဝန်ခံကိုကိုယ်တိုင်စစ်ဆေးပေးမယ်လို့ စီနီယာဟန်မနေ့ညကပြောတယ်မလား သေချာပေါက်နည်းလမ်းရှိမယ်လို့ သမီးယုံတယ်"
ရှုကျန်းကော်မှာ ခေါင်းညိတ်ပြလိုက်သည်။ အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏ ဒုတာဝန်ခံမှာ တကယ့်ကိုကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လေရာ ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးထံတွင် သေချာပေါက် သူ့သမီးအားကယ်တင်နိုင်မည့်နည်းလမ်းရှိလောက်ပေသည်။
"လင်အာ လမ်းမှာကိုယ့်ကိုယ်ကိုယ်ဂရုစိုက် အဲဒီကောင်စုတ်လေးကျိုးဟောင်က အဆင်ပြေပါတယ် ဒါပေမဲ့ သူတကယ် ချိုင့်ဝှမ်းအက်ကွဲကြောင်းထဲဝင်ရဲပြီးသမီးအတွက်ဖြေဆေးရှာလာနိုင်မှ အဖေလုံးဝစိတ်ချလက်ချနဲ့သမီးကို သူ့လက်ထဲထည့်နိုင်မှာ"
ရှုလင်မှာထိုစကားအားကြားသောအခါ သူမ၏ဖြူဖက်ဖြူလျော်မျက်နှာလေးမှာ နီရဲသွားလေသည်။
"အဖေ ဘာမဟုတ်တာတွေလျှောက်ပြောနေတာလဲ"
ရှုကျန်းကော်မှာအားတင်းကာပြုံးလိုက်လေသည်။ ရှေ့တန်းခံတပ်ကိုအခြေစိုက်စခန်းအားသွားရသည့်ကိစ္စမှာ ဂုဏ်ယူစရာကိစ္စဖြစ်ပေရာ သမီးဖြစ်သူ၏အပျော်အားသူမဖျက်ဆီးလိုပေ။
"ငါ့သမီးလေးက အရွယ်ရောက်လာပြီ လွှတ်ပေးရမဲ့အချိန်ရောက်ပြီ သမီးခံတပ်ကိုရောက်ရင် သမီးအဆင်ပြေကြောင်းအဖေ့ကိုအကြောင်းကြားဖို့ မမေ့နဲ့"
"သမီးဆက်သွယ်မှာပါ"
ထိုအချိန်တွင် ဘုရင်အဆင့်မိစ္ဆာသားရဲ၏ကျောပေါ်ရှိဟန်ဖူမှာ ဖြည်းညှင်းစွာပြောလိုက်လေသည်။
"သွားကြစို့"
ဝေါင်း!
မိစ္ဆာသားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်ကာလှုပ်ရှားလာကြလေသည်။
"အိမ်ပြန်ကြတော့"
ကျိုးဟောင်နှင့် အခြားကျောင်းသား ၈ယောက်မှာ လက်ပြနှုတ်ဆက်ရင်း ပြောလိုက်လေသည်။
နည်းပြရှန်းနှင့်လေ့ကျင့်ရေးအတန်းမှကျောင်းသားများမှာ ဘုရင်အဆင့်မိစ္ဆာသားရဲများထွက်သွားသည်ကိုကြည့်နေကြလေသည်။ ကံကောင်းစွာဖြင့် ဘုရင်အဆင့်မိစ္ဆာသားရဲများမှာ အရှိန်မနှေးလေရာ သူတို့၏ဦးတည်ရာသို့ရောက်ရန် အချိန်၃ရက်သာကြာလေသည်။
သို့သော် လမ်းတစ်လျှောက်တောနက်ဧရိယာအများအပြားနှင့် မိစ္ဆာသားရဲများနှင့်အင်းဆက်သားရဲများကဲ့သို့သော မျိုးနွယ်ခြားအများအပြားမှာ နေရာတိုင်းတွင်ရှိလေရာ တိုက်ခိုက်မှုတစ်ခုဖြစ်သည်နှင့် ခရီးကြာချိန်မှာတိုးသွားမည်ဖြစ်သည်။
ဟန်ဖူမှာအရက်တစ်ခွက်သောက်ကာ မိစ္တာသားရဲ၏အမွှေးပေါ်တွင် သက်သောင့်သက်သာလှဲနေလေသည်။
"ကလေးမရှုလင် စိတ်မပူနဲ့ သွေးအဆိပ်ကင်းခြေများရဲ့အဆိပ်ကပြင်းပြီး ဖြေဆေးရှာဖို့ခက်ပေမဲ့ မင်းအဆင်ပြေမှာပါ ဘာပဲဖြစ်ဖြစ် မင်းကတခြားလူနဲ့မှမတူတာ"
"အထူးခန္ဓာကိုယ်က အဆိပ်နဲ့ပတ်သက်ရင် အတော်လေးအကျိုးသက်ရောက်မှုထူးတယ်။မင်းသာမဟာဆရာသခင်အဆင့်ကိုရောက်ရင် မင်းခန္ဓာကိုယ်ထဲကသွေးကိုသုံးပြီး အဆိပ်ပျံ့နှုန်းကို ဖိနှိပ်ထားလို့ရတယ်။ ဒါဆိုမင်းအတွက်အသက်ရှင်ဖို့က ပြဿနာမဟုတ်တော့ဘူး"
ရှုလင်မှာသူမနှုတ်ခမ်းလေးအားကိုက်ကာ မေးလိုက်လေသည်။
"စီနီယာဟန် ဒါပေမဲ့....ဒါပေမဲ့ကျွန်မမှာလဝက်ပဲအချိန်ကျန်တော့တာလေ"
ဟန်ဖူမှာနှုတ်ခမ်းသပ်ကာပြန်ပြောလိုက်လေသည်။
"အဲဒါက မင်းဘေးမှာကူညီမဲ့လူတစ်ယောက်မှမရှိတဲ့အခြေအနေမျိုးမှလေ။ ဒါပေမဲ့ အခုမင်းကလေ့ကျင့်ရေးစခန်းရဲ့ကျောင်းသူဆိုတာမမေ့နဲ့ ဒုတာဝန်ခံကမင်းကိုလက်လျှော့မှာမဟုတ်ဘူး"
ယွမ်ချန်းမှာမနေနိုင်ဘဲမေးလိုက်လေသည်။
"စီနီယာဟန် ဒုတာဝန်ခံကအဲဒီလောက်တောင် စွမ်းအားကြီးတာလား"
"အဓိပ္ပာယ်မရှိတာတွေ"
ဟန်ဖူမှစိတ်ဆိုးစွာပြောလိုက်လေသည်။
"ငါတို့အခုစီးလာတဲ့ ဘုရင်အဆင့်မိစ္ဆာသားရဲတွေကိုပဲ ဥပမာထားလိုက်ဦး ဒုတာဝန်ခံက ဒီသတ္တဝါတွေကို အသက်တစ်ချက်ရှူရုံနဲ့ ဖျက်ဆီးပစ်နိုင်တယ်"
ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားကျောင်းသားများ၏မျက်လုံးများမှာ အရောင်တောက်သွားလေသည်။
ရှုလင်၏မျက်လုံးများမှာလည်း မျှော်လင့်ချက်ရောင်ခြည်သန်းလာလေသည်။ ယခုလိုပညာရှင်တစ်ယောက်မှာ သူမကိုယ်ထဲရှိအဆိပ်အား သေချာပေါက်ဖိနှိပ်နိုင်လောက်ပေသည်။
.................................................................................
အခန်း(၁၄၄) ပြီးပါပြီ။