← Chapters

အခန်း ၁၆၃-၁၆၅

Vol. 11 Ch. 163-165

အခန်း ၁၆၃-၁၆၅

Vol. 11 Ch. 163-165

အခန်း (၁၆၃): သွေးမျိုးရိုးအသွင်ပြောင်းကျားခြင်္သေ့နဂါးသားရဲပေါက်

ကျိုးဟောင်မှာ ခဏတာမှင်တက်နေပြီးမှ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကိုလျင်မြန်စွာ ဖွင့်လိုက်လေသည်။ ထို့နောက် ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာဟူသောနေရာအားနှိပ်ကာ သူ့သားရဲနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဖြည့်လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် သူ့အိမ်မွေးသတ္တဝါလေး၏ အမျိုးအစားမှာပြောင်းလဲသွားသည် : ကျားခြင်္သေ့နဂါးသားရဲပေါက် - ခေါင်း ၇လုံး ကျားခြင်္သေ့နဂါးသားရဲပေါက်

"ဒီ ၉ဆင့်သွေးမျိုး‌ရိုးဆေးလုံးက တကယ်အံ့ဩစရာကောင်းတာပဲ ဒါကကျားခြင်္သေ့နဂါးသားရဲပေါက်ရဲ့ သွေးမျိုးရိုးကို အဆင့် ၂ခုတောင်တန်းတိုးသွားစေတာ"

ကျိုးဟောင်မှာ စိတ်လှုပ်ရှားပြီးသက်ပြင်းချလိုက်မိလေသည်။ လူတစ်ယောက်၏သွေးမျိုးရိုးကို အဆင့်မြင့်ရခြင်းမှာ အလွန်ခက်ခဲပေသည် အထူးသဖြင့် မိစ္ဆာသားရဲများ၏သွေးမျိုးရိုးကို အဆင့်မြှင့်ရာတွင်ဖြစ်သည်။ မိစ္ဆာသားရဲတိုင်း၏ သွေးမျိုးရိုးအဆင့်တိုင်းမှာ ကြီးမားသောအတားအဆီးဖြစ်သည်။

သို့သော် ၉ဆင့်သွေးမျိုးရိုးဆေးလုံးမှာ သူကံကြမ္မာအမှတ် သန်း၅၀သုံးပြီးဖွင့်ထားသောအရာဖြစ်ပေရာ ယခုလိုအကျိုးသက်ရောက်မှုမျိုးရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ထိုကြောင့် သူသိပ်ပြီးမအံ့ဩပေ။

"ငါဒီကောင်လေးကို မနက်ဖြန်သွေးမျိုးရိုးဆေးလုံးဆက်ကျွေးပြီး ထပ်ပြီးအသွင်ပြောင်းနိုင်မလားကြည့်ရမယ်"

ကျိုးဟောင်မှာ တီးတိုးရေရွတ်ရင်း ကျားခြင်္သေ့နဂါးသားရဲပေါက်လေးအားပွတ်သပ်ပေးနေလေသည်။ တစ်ချိန်တည်းမှာပင် သွေးမျိုးရိုးဆေးလုံးမှာ သက်ရှိသတ္တဝါများ၏ သွေးမျိုးရိုးကိုမြှင့်တင်ပေးနိုင်သည်ဆိုကတည်းက သူသေချာပေါက် အိမ်မွေးတိရစ္ဆာန်များပိုရှာလို့ရကြောင်းကိုလည်း ခံစားမိလိုက်လေသည်။

"အခွင့်အရေးရှိရင် ငါသားပေါက်လေးတွေရှာပြီး ရှုလင်၊ကျန်းယိနဲ့ တခြားလူတွေကိုပေးရမယ်"

ဂါး! ဂါး!

ကျားခြင်္သေ့နဂါးသားရဲပေါက်လေးမှာ ချစ်စဖွယ်ကောင်းအောင် သူ့ခေါင်းလေးအား ကျိုးဟောင်လက်ဖဝါးထဲသို့တိုးဝှေ့ကာပွတ်သပ်နေလေသည်။ ၎င်း၏သွေးမျိုးရိုးမှာ တော်ဝင်နဂါးသွေးအဖြစ်အသွင်ပြောင်းသွားပြီးနောက် ထိုသတ္တဝါလေးမှာ ပိုမိုဉာဏ်ရည်မြင့်မားလာပြီး ၎င်း၏အသွင်ပြောင်းမှုမှာ ဤလူသား၏ကျေးဇူးကြောင့်ဖြစ်ကြောင်းကိုလည်း သိလေသည်။

"ကောင်လေး မင်းစွမ်းအားကိုသွားစမ်းသပ်ကြည့်"

ကျိုးဟောင်မှာ အော်ပြောလိုက်လေသည်။

ဝှစ်

ကျားခြင်္သေ့နဂါးသားရဲပေါက်လေးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

အချိန်ခဏအတွင်းမှာပင် သူ့ပါးစပ်ထဲတွင် ကြီးမားသောအရှင်သခင်အဆင့်မိစ္ဆာသားရဲတစ်ကောင်ကိုကိုက်ချီကာပြန်လာလေသည်။

ဘန်း

မီတာထောင်ချီရှည်လျားသော အရှင်သခင်အဆင့်မိစ္ဆာသားရဲကြီးမှာ ကျိုးဟောင်၏ရှေ့တွင် ပြုတ်ကျလာလေရာ လန့်သွား၍ထပင်ခုန်မိလေသည်။ ကျိုးဟောင်မှာ လက်ယမ်းလိုက်ပြီး သားရဲ၏အလောင်းအား သိမ်းလိုက်လေသည်။

"ဒီကောင်လေးရဲ့အငွေ့အသက်က ဘုရင်အဆင့်ပဲရှိသေးတာ အသိသာကြီးကို အရှင်သခင်အဆင့်မိစ္ဆာသားရဲကို အလွယ်တကူသတ်နိုင်တယ် တကယ်အထင်ကြီးစရာပဲ"

ကျိုးဟောင်၏ မျက်နှာတွင်ကျေနပ်နေသောအမူအရာပေါ်နေလေသည်။ ယခုအချိန်တွင် အရှင်သခင်အဆင့်မိစ္ဆာသားရဲများမှာ သူ့အတွက် ပုရွတ်ဆိတ်သာသာဆိုသော်လည်း သူ့အိမ်မွေးတိရစ္ဆာန်လေးတွင် ယခုလိုခွန်အားမျိုးရှိသည်မှာ ပျော်စရာကိစ္စပင်ဖြစ်သည်။

ကျိုးဟောင်မှာပြုံးလိုက်ပြီး သားရဲပေါက်လေးထံသွေးမျိုးရိုးဆေးတစ်လုံးပစ်ပေးလိုက်လေသည်။

ကျားခြင်္သေ့နဂါးသားရဲပေါက်လေးမှာ တစ်ခါတည်းမျိုချလိုက်လေသည်။

တောနက်ထဲတွင် ကျားခြင်္သေ့နဂါးသားရဲပေါက်လေးနှင့် အချိန်ခဏလောက်ကစားပြီးနောက် ကျိုးဟောင်မှာ ထိုသတ္တဝါလေးအား မဟူရာလိပ်နတ်ဘုရားချပ်ဝတ်ထဲပြန်ထည့်လိုက်ပြီး ဗီလာသို့ပြန်လာလိုက်သည်။

ကံကြမ္မာအမှတ်များ၌ဖြစ်စေ၊ ခွန်အား၌ဖြစ်စေ သို့မဟုတ်သူ့အိမ်မွေးတိရစ္ဆာန်လေး၏သွေးမျိုးရိုး၌ဖြစ်စေ ကျိုးဟောင်မှာ ယနေ့အကျိုးအများကြီးရခဲ့ပေသည်။

ကျိုးဟောင်သည်လည်း ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်၏ လျှို့ဝှက်ဆန်းကြယ်ပုံကို သဘောပေါက်ပေသည်။

နောက်ရက်အနည်းငယ်အတွင်း ချိုင့်ဝှမ်းအက်ကွဲကြောင်းတွင် အဆင့်မြင့်အရှင်သခင်အဆင့်မိစ္ဆာသားရဲများ ပေါ်လာတော့မည်မဟုတ်ပေ။ နေ့စဉ် အလွန်ဆုံးမှ အလယ်အလတ်အရှင်သခင်အဆင့်မိစ္ဆာသားရဲများသာ အုပ်စုဖွဲ့တိုက်ခိုက်နိုင်တော့မည်ဖြစ်သည်။

မူလအဆင့်ကောင်စီမှာ ယခုလိုအဆင့်ရှိသောသားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုကို ကြုံရသည်မှာမရေတွက်နိုင်တော့ပေရာ လိန်ဟူနှင့်အခြားလူများမှာ ဂုဏ်ထူးဆောင်ကျိုးဟောင်အားမနှောင့်ယှက်ကြပေ။

စင်စစ် ကျိုးဟောင်မှာလိန်ဟူနှင့် အခြားလူများကို သူ့အားလာရောက်နှောင့်ယှက်စေချင်ပေသည်။ မည်သို့ပင်ဖြစ်စေ ထိုအရှင်သခင်အဆင့်မိစ္ဆာသားရဲများမှာ သူ့အားကံကြမ္မာအမှတ်များပေးလေသည်။

သို့သော် လိန်ဟူနှင့်အခြားလူများမှာာ သူ့အားအကူအညီမတောင်းပါက သူကိုယ်တိုင်သံမဏိခံတပ်သို့သွားပြီး အခြားမူလအဆင့်ပညာရှင်များနှင့် အရှင်သခင်အဆင့်မိစ္ဆာသားရဲများကို သွားရောက်တိုက်ခိုက်ခြင်းက မသင့်တော်ပေ။

ထို့ကြောင့် လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူလေ့ကျင့်ရေးစခန်းထဲတွင်သာနေနေခြင်းဖြစ်သည်။

၇ခုမြောက်လေ့ကျင့်ရေးစခန်း၏ တရားဝင်ကျောင်းဖွင့်ရက်နီးကပ်လာသည်နှင့် မူလကဘာမှမရှိသောလေ့ကျင့်ရေးစခန်းမှာ တဖြည်းဖြည်းချင်းလူများလာလေသည်။

သို့သော် ကျန်းယိ၊ ယွမ်ချန်းနှင့် အခြားလူများမုန်းသော ကျိယွီဖန်သည်လည်း ရောက်လာလေသည်။

အရည်အချင်းစစ်ဆေးသည့်ပြိုင်ပွဲတွင် ကျိယွီဖန်မှာ နောက်ဆုံးအဆင့်ကိုမအောင်မြင်ခဲ့သော်လည်း သူမသေခင် မိစ္ဆာစစ်သူကြီးအမြောက်အများသတ်ခဲ့လေရာ ရှေ့၂ဆင့်ကသူရ‌ရှိခဲ့သောအမှတ်များနှင့်ပေါင်းပြီး ထိပ်ဆုံးအယောက် ၆၀ထဲဝင်ခဲ့လေသည်။

"ကျိုးဟောင် ဘဝင်မြင့်‌မနေနဲ့ ရှုလင်ကအနှေးနဲ့အမြန် ငါ့အပိုင်ဖြစ်လာမှာ"

ကျိယွီဖန် လေ့ကျင့်ရေးစခန်းထဲဝင်လာလာချင်း ဗီလာရှေ့ကိုတန်းသွားပြီး အော်ပြောလိုက်လေသည်။

ရှုလင်မှာ ဗီလာနံပါတ်၉၏ ဝရံတာတွင်မတ်တတ်ရပ်ပြီးအေးစက်စွာပြောလိုက်သည်။

"ကျိယွီဖန် နောက်ကိုအားလုံးအတန်းဖော်ဖြစ်လာမဲ့အချက်ကိုထောက်ပြီး ငါနင့်ကိုဘာမှမပြောတော့ဘူး ဒါပေမဲ့နောက်ကို နင်ဒီလိုစကားတွေမပြောဖို့မျှော်လင့်တယ် မဟုတ်ရင် ငါဒုတာဝန်ခံနဲ့တိုင်မှာ"

မူလအဆင့်ပညာရှင်မိသားစု၏ မျိုးဆက်တစ်ယောက်‌အနေဖြင့် ကျိယွီဖန်၏မိသားစုနောက်ခံမှာ အလွန်တောင့်တင်းသော်လည်း ဒုတာဝန်ခံရှစ်ကိုတော့ကြောက်ရပေသည်။

ထို့ကြောင့် ထိုစကားအားကြားသောအခါ ခေါင်းငုံ့သွားပြီးအားတင်းကာပြောလိုက်သည်။

"ကျိုးဟောင် သူရဲဘောကြောင်တဲ့ကောင် မိန်းမတစ်ယောက်နောက်မှာပုန်းနေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ"

ကျိုးဟောင်သည်လည်း ဒုတိယထပ်ရှိဝရံတာဆီလျှောက်လာပြီး လမ်းပေါ်တွင်ရပ်နေသောကျိယွီဖန်အား ငုံ့ကြည့်လိုက်ပြီး ပျင်းရိစွာပြောလိုက်သည်။

"ကျိ မင်းကတကယ်ရယ်ရတာပဲ ပြီးတော့အဓိပ္ပာယ်မရှိတာတွေပဲ ပြောမနေနဲ့ မင်းဒီဗီလာကိုငါ့ဆီကနေလုပြီးမှ ဒီလိုစကားမျိုးတွေလာပြော မဟုတ်ရင် ထပ်ပြီးမင်းမိသားစုကိုအရှက်ခွဲမိရုံပဲရှိမယ်"

"ဟဟ ဟုတ်တယ်"

"ငါဒီကျိယွီဖန်ကိုကြည့်မရတာကြာပြီ သူ့မှာအထူးခန္ဓာကိုယ်ရှိရုံပဲမဟုတ်ဘူးလား ဘာတွေဘဝင်မြင့်စရာရှိလို့လဲ"

"သူကမူလအဆင့်ပညာရှင်မိသားစုကဖြစ်နေလို့သာ ကံကောင်းတာ"

သီးသန့်ဗီလာ၏မျက်နှာချင်းဆိုင်ရှိ ကျောင်းသားများနေထိုင်ရာ အဆောင်ဧရိယာမှ ကျောင်းသားအများအပြားမှာထွက်လာပြီးရယ်မောနေကြလေသည်။

ကျိယွီဖန်မှာအလွန်မာနထောင်လွှားလေရာ ကျောင်းသားအများစုမှာ မကျေနပ်ကြပေ။

"ဟမ့် စောင့်သာကြည့်နေလိုက်စမ်းပါ ပထမနှစ်ဝက်ရဲ့လကုန်အကဲဖြတ်ပွဲမှာ ငါမင်းကို မူလအဆင့်နဲ့သာမန်လူကြားက ကွာခြားချက်အကြီးကြီးကိုပြပေးမယ်"

ကျိယွီဖန်ဟမျက်နှာမှာ နီရဲနေကာပြင်းထန်သောစကားလုံးများပြောပြီး အဆောင်အဆောက်အဦးဆီသို့ ပြန်လျှောက်သွားလေသည်။

....................................................................................

အခန်း (၁၆၃) ပြီးပါပြီ။

အခန်း (၁၆၄) : လေ့ကျင့်ရေးစခန်း၏ စည်းမျဉ်းများ

ကျိယွီဖန်ထွက်သွားပြီးနောက် ရှုလင်မှာမျက်မှောင်ကြုတ်ပြီးခပ်တိုးတိုးပြောလိုက်သည်။

"ကျိုးဟောင် နင်သူ့ကိုအထင်မသေးနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျိယွီဖန်မှာ မီးဒြပ်စင်ခန္ဓာကိုယ်ရှိတယ် ငါတို့ပြီးခဲ့တဲ့အရည်အချင်းစစ်ပြိုင်ပွဲမှာ သူ့ကိုလှည့်စားခဲ့တာကို သူသေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး နင်သေချာကြိုးစားမှရမယ်"

ကျိုးဟောင်မှာ ရှုလင်ဆီအခွံခွာထားသောပန်းသီးတစ်လုံးကိုပစ်ပေးလိုက်ပြီး မထူးဆန်းသလိုပင်ပြောလိုက်သည်.

"စိတ်ချပါ ငါတို့သူ့ကိုတစ်ခါနိုင်ပြီးပြီပဲကို နောက်တစ်ခါလည်းထပ်နိုင်မှာပဲ"

ရှုလင်မှာခေါင်းညိတ်ပြလိုက်သော်လည်း သူမအတွေးထဲတွင် သေချာကျင့်ကြံပြီး မဟာဆရာသခင်အဆင့်သို့ရောက်အောင် ဦးစားပေးလုပ်ဆောင်ရမည်ဟု တွေးနေလေသည်။

ထိုအချိန်ရောက်လျှင် ကျိယွီဖန်ကျိုးဟောင်ကို အနိုင်ကျင့်ဝံ့တော့မည်မဟုတ်ပေ။

တွေးရင်း ပန်းသီးကိုကိုက်ချလိုက်တော့သည်။

"ထွီ....ကျိုးဟောင်နင်ဒီပန်းသီးဘယ်ကဝယ်လာတာလဲ အရသာဆိုးလိုက်တာ"

ကျိုးဟောင်မှာအလျင်အမြန်ပင်ပြောလိုက်သည်။

"ရှုလင် ဒီပန်းသီးတွေကအရမ်းဈေးကြီးတယ် ငါ့အမေယူလာခိုင်းတာ"

ပန်းသီးများ၏အရသာဆိုးဝါးနေခြင်းမှာ ကျိုးဟောင်မှာ ရုပ်ပိုင်းဆိုင်ရာခွက်ထဲမှအရည်များကို ပန်းသီးထဲထည့်ထား၍ဖြစ်သည်။

ရှုလင်မှာ ထိုပန်းသီးမှာကျိုးဟောင်အမေဆီမှဟုကြားလိုက်ရသောအခါ အားတင်းကာစားနေလေသည်။

"ငါ့မှာအများကြီးရှိသေးတယ် နောက်ကိုနေ့တိုင်း နင့်အတွက်တစ်လုံးအခွံခွာပေးမယ်"

ကျိုးဟောင်မှာ ပြုံးရင်းပြောလိုက်သည်။

"ဟမ် ငါဒါကိုနေ့တိုင်းစားရမှာလား"

ရှုလင်၏အေးစက်ပြီးလှပသော မျက်နှာလေးမှာ ချက်ချင်းပင်ရှုံ့မဲ့သွားလေသည်။

ကျိုးဟောင်မှာ ချက်ချင်းပင်ပြောလိုက်သည်။

"အန်တီရဲ့လက်ဆောင်လို့ သဘောထားလိုက်"

ကျိုးဟောင်၏ပြောစကားမှာအောင်မြင်ပြီး ရှုလင်အားပန်းသီးစားအောင်လုပ်နိုင်ခဲ့လေသည်။

ရှုလင်မှာစိတ်မပါလက်မပါဖြင့်ပြန်ပြောလာလေသည်။

"ကောင်းပြီလေ ငါစားပါ့မယ်"

ကျောင်းတရားဝင်မစတင်ခင်ည၌ ကျောင်းသားအယောက် ၆၀မှာ လေ့ကျင့်ရေးကွင်းတွင်စုဝေးနေကြလေသည်။

ဒုတာဝန်ခံရှစ်၊ ဟန်ဖူနှင့် အခြားမူလအဆင့်ပညာရှင်များမှာ ရှေ့သို့လျှောက်လာကြလေသည်။

"အရင်ဆုံး ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းရဲ့ကျောင်းသားတွေ ဖြစ်လာတဲ့အတွက်ဂုဏ်ယူပါတယ် နောက်သုံးနှစ်နေရင် ငါတို့အတူတူ..."

ဒုတာဝန်ခံရှစ်မှာ အာလာပသလ္လာပစကားများပြောပြီး လျင်မြန်စွာပင်ထွက်သွားလေသည်။

လေ့ကျင့်ရေးကွင်းတစ်ခုလုံးတွင် မူလအဆင့်ပညာရှင်တစ်ယောက်သာ ကျန်ခဲ့လေသည်။

"ငါ့နာမည်က ယန်ဟွေ့ နောက်ကိုမင်းတို့ကိုလေ့ကျင့်ပေးဖို့ တာဝန်ယူထားတဲ့လူပဲ ငါကအတိအကျပြောရရင် စည်းကမ်းကြီးတဲ့သူတစ်ယောက်ပဲ တကယ်လို့မင်းတို့သည်းမခံနိုင်ရင် ငါ့ကိုလာပြောလို့ရတယ် ငါလူစီစဉ်ပြီးပြန်လိုက်ပို့ခိုင်းလိုက်မယ်"

"ဒါပေမဲ့....မင်းတို့သာငါစီစဥ်သမျှလက်ခံနိုင်တယ်ဆိုရင် ငါပြောတဲ့အတိုင်းလုပ်ရမယ် နားလည်ကြလား"

ယန်ဟွေ့မှ အေးစက်စွာပြောလိုက်သည်။

"နားလည်ပါတယ်"

ကျိုးဟောင်အပါအဝင် ကျောင်းသားအယောက် ၆၀ မှာသံပြိုင်အော်လိုက်ကြသည်။

ယန်ဟွေ့မှာခေါင်းညိတ်လိုက်သည်။

"သိပ်ကောင်းတယ် အခုလက်ရှိလူသားမျိုးနွယ်ရဲ့အခြေအနေကမကောင်းဘူးဆိုတာ မင်းတို့အနည်းနဲ့အများတော့သိထားမှာပဲ ဒါကြောင့်မင်းတို့ကြိုးစားလေ့ကျင့်ပြီး အခြေစိုက်စခန်းကိုကူညီပေးနိုင်အောင် စောစောဘွဲ့ရအောင်ကြိုးစားရမယ်"

"လေ့ကျင့်ရေးစခန်းက အမှိုက်တွေကိုမပျိုးထောင်ဘူး လစဉ်အကဲဖြတ်မှုမှာနောက်ဆုံးရရင် ကိုယ့်အသိစိတ်နဲ့ကိုယ်ထွက်သွားပေးကြပါ ငါကိုယ်တိုင်နှင်မထုတ်ရစေနဲ့"

ထိုစကားဆုံးသွားသည်နှင့် ကျောင်းသားများမှာရုတ်ရုတ်သဲသဲဖြစ်လာလေသည်။

ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာလည်း မျက်မှောင်ကြုတ်သွားကြသည်။ လေ့ကျင့်ရေးစခန်းသို့ဝင်လာပြီးနောက် မည်သူမှအရည်အချင်းမပြည့်သောသူမဖြစ်ချင်ပေ။ စည်းမျဉ်းများမှာ အခြေခံအားဖြင့် ဗဟိုလေ့ကျင့်ရေးအတန်းစည်းမျဉ်းများဖြင့် တူညီပေသည်။

"တိတ်ကြစမ်း"

ယန်ဟွေ့မှအော်လိုက်ပြီး မူလအဆင့်ပညာရှင်တစ်ယောက်၏အရှိနိအဝါအား ထုတ်လိုက်လေသည်။ အားကောင်းသောဖိအားက ကျောင်းသားတိုင်း၏မျက်နှာကို ဖြူဖျော့သွားစေလေသည်။

"နောက်ထပ်က ငါကျောင်းသားကတ်တွေဝေမယ် ဒါကိုမင်းတို့အသက်လိုတန်ဖိုးထားပြီးသေချာထိန်းသိမ်းရမယ် မပျောက်စေနဲ့ ပျောက်သွားတာနဲ့ မင်းတို့ရဲ့ပညာရေးမှာဖြစ်ဖြစ် ဘဝမှာဖြစ်ဖြစ် ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး"

ယန်ဟွေ့မှာပြောနေရင်း ကျောင်းသားတိုင်း၏နာမည်ကို ခေါ်လေသည်။

ကျိုးဟောင်နှင့်အခြားလူများမှာ ရှေ့ထွက်ပြီးကျောင်းသားကတ်များကို လက်ခံယူကြလေသည်။

ကတ်မှာခရစ်စတယ်ကတ်နှင့်ဆင်သော်လည်း ကတ်ပေါ်တွင် ၇ခုမြောက်လေ့ကျင့်ရေးစခန်း၏အမှတ်အသားဖြစ်သော ဓားပုံသဏ္ဍာန်လေးပါပေသည်။

ကတ်များကိုလက်ခံပြီးနောက်ယန်ဟွေ့မှ ထပ်ပြောလာလေသည်။

"အရည်အချင်းစစ်ပြိုင်ပွဲရဲ့ ထိပ်ဆုံး ၁၀ယောက်အတွက်ကိုတော့ မင်းတို့ကတ်ထဲမှာ အမှတ်၁ထောင်ပိုထည့်ပေးထားတယ် ၁၁ကနေ ၃၀အထိလူတွေက တစ်ယောက်ကို ၅၀၀စီရမယ် ကျန်တဲ့လူတွေကတော့ တစ်ယောက် ၁၀၀စီရမယ်"

"မင်းတို့ကိုတစ်ခုတော့သတိပေးလိုက်မယ် ခံတပ်အခြေစိုက်စခန်းမှာ အမှတ်‌တွေဟာအရမ်းအရေးကြီးတယ် လတိုင်း မင်းတို့မရှိမဖြစ်လိုအပ်ချက်တွေအတွက် အမှတ်၁၀၀သုံးရမှာ"

"အဲဒါကြောင့် အမှတ်တွေကိုကြုံသလိုမဖြုန်းပစ်နဲ့ နောက်ကိုမင်းတို့ရဲ့လစဉ်အဆင့်ပေါ်မူတည်ပြီး အလကားရမဲ့အမှတ်တွေလည်းရှိတယ် အဲဒါကြောင့် မင်းတို့အမှတ်များများရချင်ရင် ကြိုးစားပြီးယှဉ်ပြိုင်ကြ"

ကျိယွီဖန်အပါအဝင် အဆင့် ၃၀အောက်ကျောင်းသားများမှာ ထိုစကားအားကြားသောအခါ မျက်နှာပျက်နေကြလေသည်။ သူ့ထံတွင်ရှိနေသောကျောင်းသားကတ်မှာ တစ်လအသုံးစရိတ်စာသာရှိပေရာ အမြဲအလိုလိုက်ခံလာရသော သူ့အဖို့အဆင်မပြေပေ။

"လူစုခွဲတော့ အဆင့်၃၀အတွင်းက ကျောင်းသားတွေနေခဲ့ကြ မင်းတို့ရခဲ့တဲ့အမှတ်အဆင့်အတွက် ထပ်ရမဲ့ဆုတွေရှိသေးတယ်"

ယန်ဟွေ့မှပြောလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကျိယွီဖန်နှင့်အခြားကျောင်းသားအယောက် ၃၀မှာ လေ့ကျင့်ရေးကွင်းမှထွက်သွားကြလေသည်။

ကျိုးဟောင်နှင့်အခြားထိပ်ဆုံးအဆင့် ၃၀အတွင်းဝင်သောကျောင်းသားများမှာမူ အနောက်မှာကျန်ခဲ့လေသည်။

မကြာမီပင် ကျောင်းမှထောက်ပံ့ရေးအဖွဲ့မှဝန်ထမ်း ၁၀ယောက်ကျော်မှာသူတို့ထံလျှောက်လာလေသည်။သူတို့အားလုံးသည် အထူးပြုလုပ်ထားသောအမဲရောင်သေတ္တာ ၁၀လုံးအားယူလာကြလေသည်။

ထိပ်ဆုံးအဆင့်ကျောင်းသား အယောက် ၃၀မှာ ထိုသေတ္တာများအားစိတ်ဝင်တစားကြည့်နေကြလေသည်။

.................................................................................

အခန်း(၁၆၄) ပြီးပါပြီ။

အခန်း (၁၆၅) : ခရမ်းရောင်ခြင်ဆီအရည်

ထိပ်ဆုံးအဆင့် ၁၀ယောက်လုံး ဝိဉာဉ်စွမ်းအားရှိသောအပင်အားရမည့်အကြောင်းကို သူတို့မမေ့ကြပေ။

ယန်ဟွေ့မှာ ကျန်ခဲ့သောကျောင်းသားအယောက် ၃၀ကိုကြည့်ပြီး အေးဆေးသောအမူအရာဖြင့်ပြောလိုက်လေသည်။

"ဒီတစ်ခေါက် ဒုတာဝန်ခံကမင်းတို့ကိုပျိုးထောင်ဖို့အများကြီးအားစိုက်ထုတ်ထားတာ မင်းတို့သူ့ကိုစိတ်ပျက်အောင်မလုပ်ဖို့မျှော်လင့်တယ်"

"အဆင့်၁ကနေ ၁၀အတွင်းဝင်တဲ့လူတွေ ရှေ့ထွက်လာခဲ့ကြ"

ကျိုးဟောင်၊ ရှုလင်၊ ယွမ်ချန်းနှင့် အခြားကျောင်းသား၁၀ယောက်မှာ ချက်ချင်းပင်ရှေ့ထွက်လာကြလေသည်။

"မင်းတို့အတွက်ဆုက ဝိဉာဉ်စွမ်းအားရှိတဲ့အပင်၊ ယွမ် ၁၀၀ဘီလီယံတန်တဲ့လျှို့ဝှက်သိုင်းနဲ့ ယွမ်၁၀ဘီလီယံတန်တဲ့ လက်နက်နဲ့ချပ်ဝတ်ပဲ"

ယန်ဟွေ့မှာပြောနေရင်း ထောက်ပံ့ရေးအဖွဲ့မှလူများကို အမဲရောင်သတ္တုသေတ္တာများအား ဖွင့်ရန်အချက်ပြလိုက်လေသည်။

ဝှစ်

ထိုအခါ လတ်ဆတ်သောရနံ့တစ်ခုထွက်ပေါ်လာလေသည်။

ကျိုးဟောင်နှင့်အခြားလူများမှာ ထိုရနံ့အားရှူရှိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင်လန်းဆန်းသွားသလိုခံစားလိုက်ရလေသည်။

"ဝိဉာဉ်စွမ်းအားရှိတဲ့အပင်"

ယွမ်ချန်း၊ ယွင်ယန်နှင့်အခြားလူများမှာ သတ္တုသေတ္တာထဲတွင်ထည့်ထားသော အပင်အား လိုချင်ရမ္မက်တောက်လောင်နေသောမျက်လုံးများဖြင့်ကြည့်နေကြလေသည်။

ဝိဉာဉ်စွမ်းအားရှိသောအပင်များမှာ အလွန်အမင်းအဖိုးတန်ပေသည်။ ဥပမာပြောရလျှင် ရှုလင်မှာ ရေခဲအပ်မှိုပင်အားစားပြီးနောက် သူမ၏ရေခဲကြွက်သားခန္ဓာကိုယ်အားအသက်သွင်းနိုင်ခဲ့ပြီး စွမ်းအားမှာလည်း ဆရာသခင်အဆင့်ထိတောင် တိုးသွားလေသည်။

ယန်ဟွေ့မှာမထူးဆန်းသလိုပင်ပြောလိုက်လေသည်။

"ကျိုးဟောင် မင်းကပထမရတဲ့လူဆိုတော့ မင်းအရင်ရွေးခွင့်ရှိတယ် ဒါပေမဲ့ငါသတိပေးချင်တာက ဒီဝိဉာဉ်စွမ်းအားရှိတဲ့အပင်တွေက အားလုံး ခရမ်းရောင်ခြင်ဆီအရည်တွေကြီးပဲ ပြီးတော့အကျိုးသက်ရောက်မှုကလည်း အတူတူပဲ မတူတာကလျှို့ဝှက်သိုင်းတွေပဲ"

ကျိုးဟောင်မှာ ကြုံသလိုပင်သေတ္တာ ၃လုံးအားရွေးလိုက်လေသည်။ ထို့နောက် ရှုလင်၊ ယွမ်ချန်း၊ ယွင်ယန်နှင့်အခြားလူများရွေးရန်အလှည့်ကျလာလေသည်။

ရွေးပြီးနောက် ယန်ဟွေ့၏အသံမှာထပ်မံထွက်ပေါ်လာလေသည်။

"ခရမ်းရောင်ခြင်ဆီအရည်ကိုသောက်နည်း လမ်းညွှန်ချက်က သေတ္တာထဲမှာပါတယ် လမ်းညွှန်ချက်ထဲကအတိုင်းသောက်ဖို့မမေ့နဲ့ မဟုတ်ရင်မင်းတို့အတွက်အသက်အန္တရာယ်ရှိတယ် ပြီးတော့ ညဘက်သောက်တာအကောင်းဆုံးပဲ ဒီလိုဆိုမင်းတို့နောက်ရက်ကျဒီဟာရဲ့ဆေးဖက်ဝင်အကျိုးသက်ရောက်မှုကို ၆၀ရာခိုင်နှုန်းအထိ စုပ်ယူနိုင်လိမ့်မယ်"

နောက်ထပ်အလှည့်ကျသူများမှာ အဆင့် ၁၁ မှ ၃၀အတွင်းဝင်သောကျောင်းသားများဖြစ်သည်။ သူတို့ထပ်မံရရှိသောဆုများမှာ ကျိုးဟောင်တို့ထက်တန်ဖိုးနည်းလေရာ ယွမ် ၁ဘီလီယံတန် လျှို့ဝှက်သိုင်းနှင့် ယွမ်သန်း ၁၀၀တန် လက်နက်နှင့် ချပ်ဝတ်များကိုသာရကြလေသည်။

ညဘက်ရောက်သောအခါ ရှုလင်၏ဗီလာ၌ ကျိုးဟောင်၊ ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာစုဝေးနေကြလေသည်။

"ငါကတော့ အရမ်းမိုက်တဲ့ဝိဉာဉ်စွမ်းအားရှိတဲ့အပင်လို့ထင်ထားတာ လတ်စသတ်တော့ခရမ်းရောင်ခြင်ဆီအရည်ဖြစ်နေတယ် ဒီဝိဉာဉ်စွမ်းအားရှိတဲ့အပင်က ရေခဲအပ်မှိုပင်ထက် နည်းနည်းလေးပဲသာတာ"

ဖန်းယွီမှာ နှုတ်ခမ်းမဲ့ရင်းပြောလိုက်လေသည်။

ယွင်ယန်မှာပြုံးလိုက်သည်။

"ကျေနပ်လိုက်စမ်းပါ ကျန်တဲ့လူတွေသာဆို ဝိဉာဉ်စွမ်းအားရှိတဲ့အပင်စားရရုံနဲ့တင်ပျော်နေလောက်ပြီ ဒီခရမ်းရောင်ခြင်ဆီအရည်က အနည်းဆုံးတော့ငါတို့ကို အဆင့်မြင့်သိုင်းပညာရှင်အဆင့်ကနေ အလယ်အလတ်ဆရာသခင်အဆင့်တိုးသွားအောင် ကူညီပေးနိုင်တာပဲ တကယ်လို့ငါတို့အပြည့်အဝစုပ်ယူနိုင်ရင် မဟာဆရာသခင်အဆင့်ရောက်ဖို့ တစ်လှမ်းပဲလိုတဲ့ အဆင့်မြင့်ဆရာသခင်အဆင့်ကိုတောင် ရောက်နိုင်တယ်"

ယွမ်ချန်းမှာ ထောက်ခံသည့်သဘောနှင့် ခေါင်းညိတ်ပြလာသည်။

"ဟုတ်တယ် တခြားကျောင်းသားတွေနဲ့ယှဉ်ရင် ငါတို့ကပိုပြီးအကျိုးကျေးဇူးရတာ ပြီးတော့ ငါတို့မှာ ယွမ်၁၀၀ ဘီလီယံတန် လျှို့ဝှက်သိုင်းလည်းရှိတယ် အဲဒါကပိုတောင်အဖိုးတန်သေးတယ်"

"လျှို့ဝှက်သိုင်းအကြောင်းပြောမှ ငါတို့ခုနကရွေးလာတဲ့ဟာတွေက ငါတို့နဲ့မသင့်တော်တာမျိုးဖြစ်နိုင်တယ် ဒီလိုလုပ်ကြရင်ရော ငါတို့ရထားတဲ့လျှို့ဝှက်သိုင်းတွေအားလုံးကိုထုတ်ပြီး ဘယ်တစ်ခုကငါတို့နဲ့ပိုသင့်တော်မလဲကြည့်ကြရအောင်လေ ဘာပဲဖြစ်ဖြစ်အားလုံးကတန်ဖိုးအတူတူပဲကို"

ရှုလင်မှ အကြံပေးလိုက်သည်။

"ငါသဘောတူတယ်"

ယွင်ယန်မှာ ချက်ချင်းပင်ပြောလာလေသည်။

ယွမ်ချန်း၊ ဖန်းယွီနှင့် အခြားသူများမှာလည်း မငြင်းဆိုကြပေ။

ချက်ချင်းပင် ကျိုးဟောင်နှင့်အခြားလူများမှာ လျှို့ဝှက်သိုင်းများအား ထုတ်လိုက်လေသည်။

ဤလျှို့ဝှက်သိုင်းများမှာ ဓားသိုင်း၊ လှံသိုင်း၊ လှုပ်ရှားမှုသိုင်း တောင်ဝှေးသိုင်းများနှင့် ပုဆိန်သိုင်းများဖြစ်ကြသည်။

အားလုံးမှာ မြို့တိုင်းရှိမဟာဆရာသခင်အဆင့်များပင် တိုက်ခိုက်ပြီးအချင်းချင်းလုယူနိုင်လောက်သော မူလအဆင့်လျှို့ဝှက်သိုင်းများဖြစ်ကြသည်။

"ကျိုးဟောင် နင့်အမှတ်အဆင့်ကအမြင့်ဆုံးပဲ နင်အရင်ရွေး"

ရှုလင်မှာ ကျိုးဟောင်ကိုကြည့်ကာပြောလိုက်သည်။

ကျိုးဟောင်မှာ ခေါင်းခါပြလိုက်သည်။

"ငါကဘယ်လိုဖြစ်ဖြစ်အဆင်ပြေတယ် မင်းတို့အရင်ရွေး"

ရှုလင်မှကျိုးဟောင်အားစိုက်ကြည့်နေသော်လည်း ဘာမှမပြောပေ။ ထိုအစား သူမသည်ယွမ်ချန်းအား ကြည့်လိုက်လေသည်။

ယွမ်ချန်းမှာ မူမနေတော့ပေ။

"ငါကလှံသုံးတဲ့နေရာမှာကျွမ်းတယ်ဆိုတော့ လှံသိုင်းရွေးလိုက်မယ်"

နောက်တစ်ယောက်မှာ ယွင်ယန်ဖြစ်ပြီး သူမသည်လှုပ်ရှားရေးသိုင်းအား ရွေးလေသည်။

အားလုံးရွေးပြီးနောက် ကျန်သောအရာမှာ ပုဆိန်သိုင်းဖြစ်သည်။

"ဒါဆို ငါပုဆိန်သိုင်းယူလိုက်မယ်"

ကျိုးဟောင်မှာ အပြုံးနှင့်ပြောလိုက်သည်။ သူ့လက်ရှိအစွမ်းနှင့် ဘယ်သိုင်းကိုရွေးရွေး ကိစ္စမရှိပေ။

ရှုလင်မှာမနေနိုင်ဘဲထမေးလိုက်လေသည်။

"ကျိုးဟောင် နင်ဓားမသုံးဘူးလား"

ကျိုးဟောင်မှာ ခပ်ပေါ့ပေါ့ပင်ဖြေလိုက်လေသည်။

"ပုဆိန်ဆိုတာလည်း ဓားလိုပဲလေ ဘယ်လိုဖြစ်ဖြစ် နှစ်ခုလုံးကအသွားပါတာပဲကို"

ယွမ်ချန်း၊ ယွင်ယန်နှင့်အခြားသူများမှာ ပြောစရာစကားပင်မရှိတော့ပေ။

"ကောင်းပြီ အားလုံးပြန်ကြတော့ စွမ်းအားတိုးအောင် မြန်မြန် ခရမ်းရောင်ခြင်ဆီအရည်သောက်ကြ ငါတို့ရင်ဆိုင်ရမဲ့ဖိအားကမသေးဘူး အခြားကျောင်းသားတွေက ငါတို့ဗီလာတွေကို လုဖို့ကြိုးစားနေကြတာ"

ကျိုးဟောင်မှာ အလျင်အမြန်ပင်စကားလမ်းကြောင်းလွှဲလိုက်လေသည်။

ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာ ခေါင်းညိတ်ပြပြီး တစ်ယောက်ပြီးတစ်ယောက်ဗီလာထဲမှထွက်သွားကြလေသည်။

သိပ်မကြာမီမှာပင် ကျိုးဟောင်နှင့်ရှုလင်သာကျန်ခဲ့လေတော့သည်။

"ကျိုးဟောင် နင်ဓားသိုင်းနဲ့လဲလို့ရမလားလို့ ငါဒုတာဝန်ခံကိုအကူအညီတောင်းပေးကြည့်ရမလား"

ရှုလင်မှ ညင်သာစွာပြောလာလေသည်။ သူမပြီးခဲ့သည့်ရက်ပိုင်းတွင် ညဘက်အချိန် ရေခဲခြင်ဆီကုတင်တွင်သွားသွားလှဲရာမှ ဒုတာဝန်ခံနှင့် ရင်းနှီးနေပြီဖြစ်သည်။

"ကိစ္စမရှိပါဘူး ငါအရင်ပြန်တော့မယ်"

ကျိုးဟောင်မှာပြောပြီး လှည့်ထွက်သွားလေသည်။

ရှုလင်မှာဒေါသတကြီးဖြင့် ခြေဆောင့်ကျန်ခဲ့လေသည်။

"ဒီကောင်စုတ်ကတော့ ငါကသူ့ကိုစိတ်ပူလို့ဆိုတာတောင် သူမသိဘူးလား"

ကျိုးဟောင်မှာ သူ့ဗီလာကိုပြန်သွားပြီးနောက် ခရမ်းရောင်ခြင်ဆီအရည်နှင့်လျှို့ဝှက်သိုင်းတို့အား သိုလှောင်ရေးအိတ်ထဲတန်းထည့်လိုက်လေသည်။ ဤအရာများမှာ သူ့အတွက်အသုံးမဝင်ပေ။

အိပ်ရာထဲတွင်လှဲရင်း သူကျားခြင်္သေ့နဂါးသားရဲပေါက်စလေးအားထုတ်လိုက်လေသည်။ ဤသတ္တဝါလေး၏ခန္ဓာကိုယ်မှာ ပြီးခဲ့သည့်အကြိမ်ကတည်းက ပြောင်းလဲမလာတော့ပေ။

ဂါး! ဂါး!

ကျိုးဟောင်ကိုမြင်သည်နှင့် ကျားခြင်္သေ့နဂါးသားရဲပေါက်စလေးမှာ ကျိုးဟောင်၏ရင်ဘတ်ပေါ်ခုန်တက်လာလေသည်။

"အစားကြီးလိုက်တဲ့ကောင်လေး ရော့ဒါကနောက်ဆုံးကျန်တဲ့ သွေးမျိုးရိုးဆေးလုံးပဲ"

ကျိုးဟောင်မှာ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကျားခြင်္သေ့နဂါးသားရဲပေါက်စလေးအား ဆေးလုံးကျွေးနေသော်လည်း ထိုသတ္တဝါလေးမှာ အဆင့်၉သွေးမျိုးရိုးဆေးလုံးအားစားလိုက်၍ ၎င်း၏သွေးမျိုးရိုးမှာအဆင့်မြင့်ရန် ပိုမိုခက်ခဲလာခြင်းဖြစ်နိုင်ပေသည်။ သွေးမျိုးရိုးဆေးလုံး ထောင်ကျော်စားပြီးနောက် ၎င်း၏အငွေ့အသက်မှာ အများကြီးပြောင်းလဲမသွားပေ။

နောက်ဆုံးကျန်သော သွေးမျိုးရိုးဆေးလုံးအားပစ်ပေးပြီးနောက် ကျိုးဟောင်မှာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဝဲလ်အားဖွင့်လိုက်လေသည်။ ဆော့ဝဲလ်ထဲရှိ ကောင်းကင်ဘုံဒင်္ဂါးပြား သောင်းကျော်ကိုကြည့်ပြီးနောက် ယွမ်သန်း ၂၀၀တန် နှစ်ရောင်ခြယ်စွမ်းအင်ကျောက် ၂တုံးကိုထပ်မံဝယ်ယူလိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုသွားပြီး တခြားလက်ဆောင်တွေရဲ့အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်ရမဲ့အချိန်ရောက်ပြီ"

ကျိုးဟောင်မှာ တီးတိုးရေရွတ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာသို့ ဝင်ရောက်လိုက်လေသည်။

.................................................................................

အခန်း(၁၆၅) ပြီးပါပြီ ။

All Chapters