အခန်း ၁၇၂-၁၇၄
Vol. 12 Ch. 172-174
အခန်း (၁၇၂) : စိတ်ဝိညာဉ်တိုးတက်မှု
ကျိုးဟောင် ဗီလာသို့ပြန်ရောက်သောအခါ ည၁၀:၄၀ လောက်ဖြစ်နေလေသည်။
သူရေနွေးနွေးဖြင့်ရေချိုးလိုက်ပြီး အိပ်ယာပေါ်လှဲကာ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်အားဖွင့်လိုက်လေသည်။
ညာဘက်အောက်ထောင့်သို့ကြည့်လိုက်မိသည်။
ကံကြမ္မာအမှတ် : ၆၈၁၆၉၁၀၀ (ကံကောင်းခြင်းနတ်သမီး၏ကောင်းချီး)
တောင်ဘက်ခံတပ်စခန်းရှိ အင်းစက်သားရဲလှိုင်းကို ရှင်းလင်းခဲ့ခြင်းမှ ကံကြမ္မာအမှတ် သန်း၄၀လောက်သာစုဆောင်းနိုင်ခဲ့လေသည်။
အကြောင်းမှာ အဆင့်နိမ့်အင်းစက် စစ်သူကြီး၊ အဆင့်မြင့်အင်းစက်ဘုရင် နှင့် အင်းစက်အရှင်သခင်အနည်းငယ်သာပါ၀င်လေသည်။ ဒါ့အပြင် သူ အင်းစက် အရှင်ဘုရင်မကို သတ်လိုက်ပြီးသောအခါ အခြားအင်းစက်များက အလျင်အမြန်ပြန်ဆုတ်ခွာသွားကြလေသည်။
ကျိုးဟောင်မှာ အမြန်လိုက်သတ်ခဲ့သော်လည်း သူ့အတွက် အချိန်မမှီခဲ့ပေ။ဒါကြောင့် နောက်ဆုံးမှာ ကံကြမ္မာ အမှတ်သန်း ၄၀လောက်သာရရှိခဲ့လေသည်။
သို့သော်လည်း ထိုရှင်းလင်းမှုသာ နာရီ၀က်သာကြာပြီး ဒီလောက်ကံကြမ္မာအမှတ်များရရှိခဲ့သောကြောင့် သူကျေနပ်နေလေသည်။
သူ့အကြည့်များက စာ၀င်နေကြောင်း သတိပေးချက်ဆီသို့ရောက်သွားခဲ့ပြီး ကြည့်လိုက်သောအခါ နတ်မိမယ်ယွဲ့လင်ဆီမှ ဖြစ်နေလေသည်။
သူဖွင့်လိုက်သောအခါ သာယာပျော့ပျောင်းသော အသံလေးဖြင့်ကျေးဇူးတင်စကားပြောထားသည်ကိုကြားလိုက်ရလေသည်။
ယွဲ့လင်၏ အသံလေးမှာ နားထဲတွင် အလွန်သာယာပြီး ကျက်သရေရှိမှုနှင့် အေးစက်မှုကိုရောယှက်နေသည့်အပြင် သဘာ၀အတိုင်းသာယာမှုလည်းပါ၀င်လေသည်။
ဒါကြောင့် သူမ၏ အသံလွှင့်ချန်နယ်မှာ လူကြိုက်များရခြင်းဖြစ်လေမည်။
ဒီတခါတော့ ကျိုးဟောင်က နတ်မိမယ်ယွဲ့လင်၏ချန်နယ်သို့မသွားတော့ပဲ သူ့သိမ်းဆည်းရေးအိတ်ရှိရာသို့ သွားပြီး အရင်တခါက ရခဲ့သော စွမ်းအင်ဘား ၊ ကျင့်ကြံရေးသစ်သီး ၊ နားလည်နိုင်စွမ်းသစ်ရွက် နှင့် အယူဆဆေးလုံးတို့ကို သိမ်းယူလိုက်လေသည်။
မကြာမီပင် ကျိုးဟောင်၏စိတ်ထဲသို့ ထိုပစ္စည်းများနှင့်ပတ်သက်သည့် အချက်အလက်များစီး၀င်လာလေသည်။
စွမ်းအင်ဘား : ၎င်းသည် သက်ရှိများ၏ စွမ်းအင်ကိုတိုးမြှင့်ပေးနိုင်သည်။
ကျင့်ကြံရေးသစ်သီး : ၎င်းသည် ကျင့်ကြံရသည့် ကြာချိန်ကို လျော့ချပေးနိုင်သည်။
နားလည်နိုင်စွမ်းသစ်ရွက် : ၎င်းသည် သက်ရှိတို့၏ နားလည်နိုင်စွမ်းကိုတိုးမြှင့်ပေးသည်။
အယူအဆဆေးလုံး : ၎င်းသည်ကမ္ဘာပေါ်ရှိ အရာအားလုံးအပေါ် သဘောပေါက်သိရှိနိုင်စွမ်းတိုးမြှင့်ပေးနိုင်သည်။
ကျိုးဟောင်သည် ထို လက်ဆောင်များကို ဒီတခါတော့ ကိုယ့်ဟာကိုယ်သုံးရန်ဆုံးဖြတ်လိုက်သည်။စွမ်းအင်ဘားများသည် အဆာပြေမုန့်များနှင့်ဆင်တူပြီး သူထိုအရာကို ကိုက်စားလိုက်လေသည်။
ရုတ်တရက်ဆိုသလို သန့်စင်သော စွမ်းအင်လှိုင်းများ စီးဆင်းသွားပြီး သူ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို သန့်စင်လိုက်သလိုခံစားလိုက်ရလေသည်။
သာမန်လူတယောက် ထိုစွမ်းအင်ဘားများကို အချောင်း ၁၀၀ -၂၀၀လောက်စားလိုက်ပါက သိုင်းပညာရှင်အဆင့်သို့တန်းရောက်သွားမည်ဖြစ်လေသည်။
သို့သော်လည်း ကျိုးဟောင်အတွက်ကျ သူ၏ ကျင့်ကြံရေးအခြေခံအုတ်မြစ်မှာ ခိုင်မာပြီးသားဖြစ်သောကြောင့် အကျိုးသက်ရောက်မှုသိပ်မရှိပေ။
နောက်ထပ် ကျင့်ကြံရေးသစ်သီး၊ နားလည်နိုင်စွမ်းသစ်ရွက် နှင့် အယူအဆဆေးလုံးတို့ကိုထပ်သုံးကြည့်လိုက်သည်။
ရှေ့ကလက်ဆောင် ၂ခုကိုသုံးခဲ့သော်လည်း သူ့ခန္ဓာတွင်ကြီးကြီးမားမား ပြောင်းလဲမှု မရှိခဲ့ပေ။သို့သော်လည်း အယူအဆဆေးလုံး ၁၀လုံးသုံးစွဲပြီးချိန်မှာတော့ သူ၏စိတ်ဝိညာဉ်မှာ သိသိသာသာတိုးတက်လာလေသည်။
ဘုန်း...
သူ၏စိတ်ဝိညာဉ်တိုးတက်လာသည်နှင့်အမျှ ဘေးပတ်လည် အရာများမှာလည်း ရှင်းလင်းလာလေသည်။
ရုတ်တရက်ဆိုသလို ကျိုးဟောင်၏မျက်လုံးထဲတွင် လေများရွေ့လျားမှု နှင့် အနီးအနားရှိ ရှုလင် ၊ယွင်ယန်တို့၏ အသက်ရှူမှုများကိုပါ ရှင်းရှင်းလင်းလင်းမြင်လာလေသည်။
သူ့ခန္ဓာကိုယ်က "ပြောင်းလဲခြင်းကိုးသွယ်ကိုယ်ခန္ဓာ"ကို ကျင့်ကြံခြင်းအကြောင်းနှင့် ကမ္ဘာပေါ်အရှိ အရာများကို ပထမဆုံးအကြိမ်ထင်ရှားစွာမြင်နိုင်ခဲ့လေသည်။
ဒါ့အပြင် " ကောင်းကင်ခွဲ နတ်ဘုရားသိုင်း" နှင့် "ရွှေကျီးကဲ့သို့လွတ်မြောက်ခြင်းနည်းစနစ်" တို့နှင့်ပတ်သက်သည့် အချက်အလက်များမှာလည်းသူ့ ဦးနှောက်ထဲတွင် ရုပ်ရှင်ပြသကဲ့သို့တဖန်ပြန်လည်ပေါ်ပေါက်လာလေသည်။
သူလည်း ခုမှ ထိုရှေးဟောင်းနည်းစနစ်၂ခုတွင် အက်ကွဲကြောင်းနှင့်ပတ်သက်သည့် ရှုပ်ထွေးသည့်အရာများပါ၀င်ကြောင်းနားလည်လာလေသည်။
အရင်တုန်းက လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ရသော ထို နည်းစနစ်၂ခုကို သိပြီး အသုံးပြုနိုင်ခဲ့သော်လည်း နောက်ကွယ်က နိယာမ အစစ်အမှန်များကိုတော့ မသိရှိခဲ့ပေ။ ထို့အခြင်းအရာသည် နည်းဥပဒေများကို မသိဘဲ ကားမောင်းနေသကဲ့သို့ပင်ဖြစ်လေသည်။
ခယခုမူ အယူအဆဆေးလုံး အလုံးတစ်ရာကို စားသုံးပြီးနောက်၊ သူသည် ကမ္ဘာပေါ်ရှိ အရာများစွာ၏ အနှစ်သာရနှင့် တဖြည်းဖြည်း ထိတွေ့လာပြီး လျှို့ဝှက်နည်းစနစ်နှစ်ခု၏ စစ်မှန်သော နက်နဲမှုကိုလည်း နားလည်လာခဲ့သည်။ မဆိုင်းမတွဘဲ ကျိုးဟောင်သည် ကျန်ရှိသော ဆေးလုံးများကို အမြန်မျိုချလိုက်သည်။ သူ့စိတ်ဝိညာဉ်က ဆက်ပြီး တိုးတက်လာခဲ့လေသည်။
ဒီတကြိမ်တွင် ဘေးပတ်၀န်းကျင် အပြောင်းအလဲများကို အာရုံမစိုက်တော့ဘဲ"ကောင်းကင်ခွဲနတ်ဘုရားသိုင်း" နှင့် " ရွှေကျီးကဲ့သို့လွတ်မြောက်ခြင်းနည်းစနစ်" တို့အပေါ်တွင်သာ နားလည်နိုင်ရန်အာရုံစိုက်နေခဲ့လေသည်။
သို့သော်လည်း ထိုနည်းစနစ်၂ခုမှာ အရမ်း အဆင့်မြင့်လွန်းပြီး အယူအဆဆေးလုံး ၅၀၀ဖြင့်မြှင့်တင်ထားတာတောင်မှ အလုံးစုံနားလည်ရန်မဖြစ်နိုင်ခဲ့ပေ။ သူ၏အယူအဆဆေးလုံးအာနိသင်မှာလည်းတဖြေးဖြေးပြန်လည်ယုတ်လျော့လာခဲ့လေပြီ။
"ဝါး....အယူအဆဆေးလုံးတွေက အံ့မခန်းပဲ။ ငါက ဆန်းကြယ်တဲ့ နည်းစနစ်၂ခုကိုအသုံးပြုနိုင်သော်လည်း သူတို့ရဲ့ စစ်မှန်တဲ့ အနှစ်သာရ နဲ့ နက်နဲမှုတွေကို နားမလည်ခဲ့ဘူးပဲ။ တကယ်လို့ ရှေ့လျှောက် ဒီလိုနားမလည်ပဲဖြစ်နေရင် တကယ့်ကျွမ်းကျင်တဲ့သူနဲ့ရင်ဆိုင်ရတဲ့အခါ ရှုံးနိမ့်သွားနိုင်တယ်"
ကျိုးဟောင်က မျက်လုံးလေးမှိတ်ပြီးရေရွတ်လိုက်သည်။
..................................................................................
အခန်း(၁၇၂)ပြီးပါပြီ။
အခန်း (၁၇၃): ရှုလင်အားကျွေးခြင်း။
အခုတော့ ကျိုးဟောင်သည် လျှို့ဝှက်ဆန်းကြယ်သေတ္တာမှရသော ကျင့်ကြံရေးနည်းစနစ်များ၏ အားသာချက်၊ အားနည်းချက်များကို သဘောပေါက်လာခဲ့သည်။ကံကောင်းစွာဖြင့် သူသည် အယူအဆဆေးလုံးအစွမ်း ကြောင့်ထိုပြဿနာများကို ဖြေရှင်းနိုင်ခဲ့လေသည်။
ထိုအားနည်းချက်များကို မသိရှိခဲ့ပါကအနာဂတ်တွင် မမြင်နိုင်သောအန္တရာယ်များက သူ့အသက်အား ချိန်းခြောက်လာနိုင်လေသည်။
"အယူအဆဆေးလုံးကတောင် ဒီလို အံဖွယ်အစွမ်းရှိရင် သူ့ကို အဆင့်မြှင့်ထားတဲ့ အယူအဆစာလိပ်က ဘယ်လောက်စွမ်းလိမ့်မလဲ"
ကျိုးဟောင်လည်း စဉ်းစားလိုက်မိပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ၀င်လိုက်လေသည်။
"ငါတဆင့်ပြီးတဆင့်ဖြေးဖြေးချင်းသွားရမယ်။ အရမ်းအလျင်လိုလို့မဖြစ်ဘူး"
ထို့နောက်သူစိတ်ပြန်ငြိမ်အောင်ကြိုးစားလိုက်ပြီး ဆော့ဖ်ဝဲလ်အား ပိတ်ခါနီးတွင် နတ်မိမယ် ယွဲ့လင်ဆီမှ စာ၀င်လာခဲ့လေသည်။
"ဘစ်ရှော့ ရှင်တကယ်လို့ ချန်နယ်ထဲလာမယ်ဆိုရင်ကျွန်မကိုအသိအရင်ပေးပါ။ ကျွန်မရုပ်သံထုတ်လွှင့်မှု အဖြစ်ပြောင်းလဲထုတ်လွှင့်ပေးပါ့မယ်"
သူမကထိုအတိုင်းပို့လာခဲ့လေသည်။
"သေချာတာပေါ့"
ကျိုးဟောင်က ချက်ချင်းပြန်ပို့လိုက်သည်။အယူအဆဆေးလုံး၏ အာနိသင်ကိုသိရှိပြီးနောက် သူတိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ၀င်ရန်အမှန်တကယ်လိုအပ်နေလေသည်။
နောက်တနေ့ လေ့ကျင့်ရေးစခန်း၏ လေ့ကျင့်ရေးကွင်းတွင်
အနားယူချိန်၌ ကျိုးဟောင် ၊ရှုလင် ၊ ယွင်ယန်နှင့် အခြားသူများ အားလုံးစုရုံးပြီးထိုင်နေကြလေသည်။ အခြားကျောင်းသားများကလည်း အဖွဲ့လိုက်ဝိုင်းထိုင်နေကြလေသည်။
ကျိယီဖန်တယောက်ထဲကသာ ကွဲထွက်နေပြီးသူ့ကိုလိုက်ကပ်ဖားနေသော ကျောင်းသားများကို အေးစက်စက်ကြည့်နေလေသည်။
"အဲ့ ကျိယွီဖန်က အရမ်း ဘ၀င်မြင့်တာပဲ"
လိန်ကျင်းဖုန်ကသူ့နှုတ်ခမ်းကိုကိုက်ပြီးပြောလိုက်သည်။
"သူ့မှာ ဘ၀င်မြင့်နိုင်လောက်တဲ့ အင်အားတွေရှိတယ်လေ။ ငါကြားတာကတော့ မနေ့ညက ကျိမိသားစုက အဆက်အသွယ်တချို့ကို သုံးပြီး လျှို့ဝှက်နည်းစနစ်တခုကို၀ယ်ပေးခဲ့တယ်တဲ့။ အဲ့တာက ငါတို့ရထားတဲ့ဟာနဲ့တန်ဖိုးအတူတူလောက်ရှိတယ်။ ပြီးတော့ သူတညထဲနဲ့ အဲ့ လျှို့ဝှက်နည်းစနစ်ကို ဒုတိယအဆင့်ထိရောက်အောင်ကျင့်ကြံပြီးသွားပြီတဲ့"
ဖန်းယွီကပြောလိုက်သည်။
"ဘာ ဒုတိယအဆင့်ဟုတ်လား"
ယွမ်ချန်းနှင့် ၀မ်ရှုတို့၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့်မေးလိုက်လေသည်။ရှုလင်လည်း မျက်မှောင်ကြုတ်လိုက်သည်။
ထိပ်ဆုံး ၁၀ယောက်ထဲပါခဲ့ခြင်းကြောင့် သူတို့အားလုံး ယွမ် ၁၀၀ဘီလီယံ တန်ကြေးရှိသော လျှို့ဝှက်နည်းစနစ်များကို လက်ခံရရှိခဲ့ကြသည်။သူတို့အတွက် ထိုနည်းစနစ်မှာ ကျင့်ကြံရအလွန်ခက်ခဲပြီး ဒုတိယအဆင့်ထိရောက်အောင် တယောက်ထဲကျင့်ကြံရန်မဖြစ်နိုင်ချေ။
"အဲ့နည်းစနစ်တွေက ကျင့်ကြံရတာ အဲ့လောက်ခက်ခဲလို့လား"
ကျိုးဟောင်ကမနေနိုင်ဘဲ၀င်မေးလိုက်သည်။
"ပေါက်ကရတွေ မပြောစမ်းနဲ့။ တကယ်ခက်လို့ပြောနေတာပေါ့ဟ။ ယွမ်ချန်း၊ ယွင်ယန် နဲ့ အခြားလူတွေဆို အခြေခံအဆင့်တောင် မပြီးသေးဘူး။ ငါလည်း မပြီးမြောက်သေးဘူး။ ရှုလင်တယောက်ထဲသာ အခြေခံအဆင့်ကိုပြီးမြောက်နိုင်သေးတာ။ နင်ကရောဘယ်အဆင့်ရောက်ပြီလဲ"
ဖန်းယွီက ကျိုးဟောင်အား ဘုကြည့်ကြည့်ပြီးမေးလိုက်သည်။
"ငါလား ခုထိစတောင် မစကြည့်ရသေးဘူး"
ကျိုးဟောင်က အေးဆေးလေးပြန်ပြောလေသည်။
ဖန်းယွီ ၊ယွမ်ချန်း နှင့်အခြားသူများ ပြောစရာစကားတောင်မရှိတော့ပေ။ သူတို့မှာ ထိုအဖိုးတန်လျှို့ဝှက်နည်းစနစ်များကို တနေ့ကို အခါတရာလောက်ကျင့်ကြံနိုင်ရန်အထိ ဆန္ဒပြင်းပြနေကြသော်လည်း ကျိုးဟောင်ကတော့ ဖတ်တောင် မဖတ်ကြည့်ရသေးပေ။
"နင်အရမ်းပျင်းတာပဲ"
ရှုလင်က ကျိုးဟောင်အား မျက်စောင်းထိုးပြီးပြောလိုက်သည်။
"ကဲဘာပဲဖြစ်ဖြစ်အကောင်းဆုံးကြိုးစားကြမယ်။ အဲ့ ဘ၀င်လေဟပ်နေတဲ့ ကျိယွီဖန်ကိုတော့ ပထမနေရာမပေးနိုင်ဘူး"
ဖန်းယွီက လက်ခုပ်တီးပြီးပြောလိုက်လေသည်။
ထိုအချိန်မှာပဲ နည်းပြယန်ဟွေ့က ဝီစီမှုတ်လိုက်သောကြောင့် ကျောင်းသားအားလုံးလည်း အနားယူနေရာမှ ပြန်ထလာပြီးလေ့ကျင့်ကြလေသည်။
ညနေပိုင်း၌ ကျိုးဟောင်သည် မုန့်များ၀ယ်လာပြီး ရှုလင်၏ဗီလာဆီသို့သွားလေသည်။ရှုလင်မှာ ရေချိုးပြီးခါစဖြစ်ပြီး သူမ၏ အ၀တ်များမှာ ဆိုဖာပေါ်တွင်တင်ထားလေသည်။
သူမသည် ကျိုးဟောင်ကို မြင်လိုက်သောအခါ ရှက်သွားပြီး သူ၏ အောက်ခံအ၀တ်အစားများကို အမြန်ဖုံးလိုက်လေသည်။
"ငါအကုန်လုံးမြင်လိုက်ပါတယ်ဟ။ ရှုလင်က နင်က အဖြူနဲ့အနက်လေး၀တ်ထားတာပဲ"
ကျိုးဟောင်ကရီမောပြီး ဆိုဖာပေါ်တွင် ထိုင်ကာ စားစရာများကို စားပွဲပေါ်တွင် နေရာချနေလေသည်။
ရှုလင်၏နားလေးနှစ်ဖက်မှာ ရှက်သွားသောကြောင့်ရဲနေပြီး လှမ်းကျိန်ဆဲလိုက်လေသည်။
"ကျိုးဟောင် နင် အယုတ်တမာလေး"
သူမက ခေါင်းအုံးလေးကို ယူပြီး လှမ်းပစ်ပေါက်လိုက်လေသည်။
"ငါကစတာပါဟာ။ လာ ဒီမှာ နင့်အတွက် ညစာ၀ယ်လာတယ် ပူတုန်းလေးစားလိုက်"
ကျိုးဟောင်ကပြောလိုက်သည်။
"အနည်းဆုံးတော့ နင်က သိတတ်သားပဲ။ နောက်တခါလာရင် တံခါးအရင်ခေါက်စမ်းကြားလား"
ရှုလင်က စားစရာလေးများကိုကြည့်ပြီး နှုတ်ခမ်းလေးဆူကာပြောလိုက်သည်။
သူမကပြောပြီးသည်နှင့် စားစရာလေးများကို ကောက်ယူပြီးစားလိုက်လေသည်။
"အယ် စားစရာထဲက ဒီအသီးလေးတွေက ဘာလေးတွေလဲ။ ဒါမျိုးငါအရင်ကမမြင်ဖူးဘူး"
သူမကစားစရာများထဲတွင်ပါသော ချယ်ရီသီးပုံစံအသီးလေးများကို ကိုင်ကြည့်ရင်းပြောလေသည်။
"အဲ့အသီးတွေက ကန်တင်းကထည့်ပေးလိုက်တဲ့ လတ်ဆတ်တဲ့အသီးတွေပါဟ"
ကျိုးဟောင်က မထူးဆန်းသလိုပြောလိုက်လေသည်။ ထိုအသီးများမှာ ကျင့်ကြံရေးသစ်သီးများဖြစ်လေသည်။
ရှုလင်ကအသီးအနည်းငယ်လောက်ယူစားလိုက်ပြီး မျက်မှောင်ကြုတ်နေလေသည်။
"ဒီအသီးတွေရဲ့ အရသာလည်း မခံစားမိဘူး ဒါပေမဲ့ ပါးစပ်ထဲရောက်ရင် သူ့အလိုလိုပျော်၀င်သွားတယ်"
ကျိုးဟောင်ကရယ်ပြီးပြောလိုက်သည်။
"ဟားဟား အဲ့တာဆို များများစား နင့်ခန္ဓာကိုယ်အတွက်ကောင်းတယ်"
စားသောက်ပြီးသောအခါ သူနောက်ထပ် ကျင့်ကြံရေးအသီး၁၀၀လောက်ထားခဲ့သေးလေသည်။ နောက်နေ့များတွင်လည်း ရှုလင်နှင့် အတူစားတိုင်း ကျင့်ကြီးရေးအသီးများသာမက နားလည်နိုင်စွမ်းသစ်ရွက်များကိုပါ ရောပြီးကျွေးနေလေသည်။
စွမ်းအင်ဘား နှင့် အယူအဆဆေးလုံးတို့၏ အာနိသင်များက အရမ်း သိသာလွန်းသောကြောင့် သူရောမကျွေးခဲ့ပေ။
ခြောက်ရက်မြောက် လေ့ကျင့်ရေးအတန်း၌ လေ့ကျင့်ရေးပြီးလို့ ခဏနားကြချိန်တွင် ဖန်ယွီနှင့် အခြားလူများက ကျင့်ကြံရေးအကြောင်းနှင့် လျှို့ဝှက်နည်းစနစ်များကိုဆွေးနွေးနေကြလေသည်။
"ကျိယွီဖန်က တတိယအဆင့်ထိရောက်သွားပြီတဲ့"
ဘယ်သူမှမမေးသော်လည်း ဖန်းယွီကထပြောနေလေသည်။
"လျှို့ဝှက်နည်းစနစ်ကအဆင့်မြင့်လေလေ ကျင့်ကြံရတာပိုပြီးခက်ခဲလေလေပဲ။ ဒီ ကျိယွီဖန် ရဲ့နားလည်နိုင်စွမ်းက အရမ်းမြင့်တာပဲ။ ရက်နည်းနည်းပဲရှိသေးတာကိုတောင်"
လိန်ကျင်းဖုန်က အံကြိတ်ပြီးပြောလိုက်သည်။
"ဒီအတိုင်းသာ ဆက်သွားနေရင် ဒီကျိယွီဖန်ကတော့ လကုန်ရင်သေချာပေါက်ပထမနေရာကို ယူသွားနိုင်တော့မှာပဲ"
ယွမ်ချန်း နှင့် ယွင်ယန်လည်း သက်ပြင်းချလိုက်ကြသည်။
..............................................................................
အခန်း(၁၇၃)ပြီးပါပြီ။
အခန်း (၁၇၄) : ထင်ထားသည်ထက်ပိုကောင်းခြင်း
ဖန်းယွီသည် မာနကြီးသော ဖြစ်သောကြောင့် သူ့ထက်ပို ဘ၀င်ခိုက်နေသော ကျိယွီဖန်ကိုကြည့်မရပေ။
"ရှုလင် နင်ပိုကြိုးစားရမယ်နော်။ အဲ့ ကျိယွီဖန်ကျော်တက်တာကို မခံရစေနဲ့"
သူမကရှုလင်အား အားပေးနေလေသည်။
ရှုလင်က အားလုံးကို တချက်ကြည့်လိုက်ပြီး ခဏလောက်တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်။
" ဟမ် ငါကလေ ငါ့ရဲ့လျှို့ဝှက်နည်းစနစ်ကို စတုတ္ထအဆင့်ထိရောက်နေပြီ"
"စတုတ္ထအဆင့်လား မဆိုးပါဘူး။ဟမ်... နေစမ်းပါဦး ရှုလင် နင် အခုပြောလိုက်တာ နင့်ရဲ့ မူလအဆင့်လျှို့ဝှက်ကျင့်စဉ်ကို စတုတ္ထအဆင့်ရောက်နေပြီလို့ဆိုလိုတာလား"
ဖန်းယွီမှာ မျက်လုံးပြူးသွားလေသည်။ယွမ်ချန်း ၊ ယွင်ယန်နှင့် အခြားသူများကလည်း ရှုလင်အားစိုက်ကြည့်နေလေသည်။
"တကယ်လား။ စတုတ္ထအဆင့်ကို တကယ်ရောက်သွားတာလား"
သူတို့အားလုံး မယုံကြည်နိုင်ဖြစ်နေကြလေသည်။ရှုလင်မှာ မူလအဆင့် လျှို့ဝှက်နည်းစနစ်ကိုကျင့်ကြံနေရခြင်းဖြစ်သည်။
လွန်ခဲ့သော ရက်တွေက သူတို့မှာ အခြေခံအဆင့်ကိုသာကျင့်ကြံနိုင်ကြပြီး ပထမအဆင့်ရောက်ရန်တောင် ဘယ်လောက်အချိန်ယူရမလဲ မတွေးနိုင်ဖြစ်နေကြလေသည်။
ရှုလင်တော့ စတုတ္ထအဆင့်ထိရောက်အောင်ကျင့်ကြံနိုင်ယုံသာမက ကျိယွီဖန်ထက်ပင် တဆင့်ပိုမြင့်အောင်ကျင့်ကြံနိုင်ခဲ့နေလေပြီ။
ရှုလင်ကဘာမှပြန်မပြောဘဲ ရေခဲကြာပွင့်လေး လေးပွင့်ကို သူ့လက်ဖဝါးနှစ်ဘက်တွင် ဖန်တီးလိုက်လေသည်။ထိုရေခဲကြာပွင့်လေးများ ပေါက်ကွဲသွားသောအခါ ပတ်၀န်းကျင်ရှိလေထုမှာအေးခဲသွားလေသည်။
"ဒါကရေခဲကြာပန်းဓားသိုင်းရဲ့ စတုတ္ထအဆင့်လား"
ယွမ်ချန်း ၊ ယွင်ယန် နှင့်အခြားသူများမှာ မှင်တက်နေကြလေသည်။
ရှုလင်သည်သူမ၏ ခန္ဓာကိုယ်နှင့်ကိုက်ညီသော "ရေခဲကြာပန်းဓားသိုင်း"အား ကျင့်ကြံနေကြောင်းသူတို့အားလုံးသိပြီးသားဖြစ်လေသည်။ ထိုဓားသိုင်း၏ထူးခြားချက်မှာ အဆင့်တခုတက်တိုင်း ရေခဲကြာပွင့်အရေအတွက်များ ပိုမိုတိုး၍ဖန်တီးနိုင်စွမ်းရှိလေသည်။
ဝှစ်
ထိုအချိန်မှာပဲ ပုံရိပ်တခုအနားသို့ရောက်လာလေသည်။ ထိုသူမှာ နည်းပြယန်ဟွေ့ဖြစ်လေသည်။
ပုံမှန်ဆိုအမြဲခက်ထန်နေသော သူ၏မျက်နှာမှာ ရှုလင်၏လက်ဖဝါးပေါ်မှ ရေခဲကြာပွင့်များကို ကြည့်ပြီး ပြုံးကာပြောလာလေသည်။
"အရမ်းတော်တယ်ရှုလင်။ ရက်အနည်းငယ်နဲ့ မင်းက မူလအဆင့်လျှို့ဝှက်နည်းစနစ်ကို စတုတ္ထအဆင့်ထိရောက်အောင်ကျင့်ကြံနိုင်ခဲ့တာပဲ။ မင်းရဲ့ နားလည်နိုင်စွမ်းကညပထမဆုံး လေ့ကျင့်ရေးစခန်းက ထူးချွန်သူတွေနဲ့တန်းတူပဲ"
"ဆက်ကြိုးစားပါ။ဒီအတိုင်းဆို အနာဂတ်မှာ မင်းရဲ့ အောင်မြင်မှုက ငါ့ထက်နိမ့်ကျမှာမဟုတ်ဘူး"
ရှုလင်လည်း အမြန်ထရပ်ပြီးပြောလိုက်သည်။
"ဟုတ်ကဲ့ပါ နည်းပြ"
အခြားကျောင်းသားများမှာလည်း ရှုလင်က မူလအဆင့်လျှို့ဝှက်နည်းစနစ်ကို စတုတ္ထအဆင့်ထိရောက်ရှိသွားကြောင်းသိသွားကြပြီး ရှုလင်အား အထူးအဆန်းကြည့်နေကြလေသည်။
ကျိယွီဖန်လည်း မျက်လုံးပြူးသွားလေသည်။ သူ၏နားလည်နိုင်စွမ်းက အရမ်းမြင့်မား သော်လည်း ရှုလင်က သူ့ထက် ပိုမိုသန်မာနေလိမ့်မည်လို့ မထင်ထားခဲ့ပေ။
"ချီးပဲ။ ရှုလင်ကို အနိုင်ယူနိုင်ဖို့က ပိုပိုပြီးခက်ခဲလာပြီပဲ"
သူအံကြိတ်ပြီးပြောလိုက်သည်။
...
ညရောက်သောအခါ ဗီလာ၌....
ကျိုးဟောင်က အိပ်ယာပေါ်တွင် လှဲလှောင်းနေခဲ့လေသည်။ ကျင့်ကြံရေးသစ်သီးများ၏ အာနိသင်က အလွန်အစွမ်းထက်လှသည်။ ထို့ကြောင့် သူသည် ကျန်းယိအားပေးရန်လည်း စဉ်းစားနေခဲ့လေသည်။
ကျန်းယိမှာ သူ့ညီမလေးအား အမှောင်နတ်ဘုရားများအဖွဲ့က ဖမ်းခေါ်သွားသောကြောင့် အပြင်းအထန်လေ့ကျင့်နေလေသည်။
နဂါးခြင်္သေ့ကျားသားရဲလေးကို မဟူရာလိပ်နတ်ဘုရားချပ်၀တ်၏သိမ်းဆည်းရေးအိတ်ထဲမှလွှတ် ပေးလိုက် သောအခါ ထိုအကောင်လေးက သူ့ရင်ဘတ်ပေါ်ကို ခုန်တက်ပြီး ကျိုးဟောင်အား စိတ်အားထက်သန်စွာ ကြည့် နေလေသည်။
"ငါ့မှာ သွေးမျိုးရိုး ဆေးလုံးတွေ မရှိတော့ဘူးဟ"
ကျိုးဟောင်က သူ့လက်များကို ဖြန့်ပြလိုက်သည်။
နဂါးခြင်္သေ့ကျားသားရဲလေးကလည်း သူ့အားခေါင်းဖြင့်တိုးဝှေ့နေလေသည်။
"ကောင်းပြီး ကောင်းပြီ ခဏနေရင် ငါမင်းအတွက် ယူပေးမယ်"
ထိုအခါမှပဲ ထိုသားရဲလေးက ကျိုးဟောင်အား လျှာဖြင့်လျက်ပြီး ချွဲနေလေသည်။ကျိုးဟောင်က သားရဲလေး၏ခေါင်းကို ပွတ်ပေးရင်း ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်လေသည်။
ထိုအချိန်တွင် ၀ရံတာဘက်ဆီမှ အသံတခုကြားသောကြောင့် သားရဲလေးက ခေါင်းထောင်ကြည့်နေလေသည်။
"ကျိုးဟောင် အားလုံးက အပြင်းအထန်ကြိုးစားနေချိန်မှာ နင်က ညဘက်မှာ ဇိမ်ယူနေတာလား"
ကျိုးဟောင်ကရှုလင်မှန်း သိလိုက်ပြီး သားရဲလေးခေါင်းကို ပွတ်သပ်ပြီးမှာကြားလိုက်လေသည်။
" ရှေ့လျှောက် အဲ့အမျိုးသမီးလေးကို မင်းခု ငါ့ကိုဆက်ဆံသလိုပဲ ဆက်ဆံရမယ်နော်"
နဂါးခြင်္သေ့ကျားသားရဲလေးကလည်း ခေါင်းညိတ်ပြလေသည်။
မကြာမီပင် ရှုလင်က အခန်းထဲ၀င်လာခဲ့ပြီး ကြမ်းပြင်ပေါ်တွင် လဲလှောင်းနေသောကျိုးဟောင်ကို မြင်သောအခါ စိတ်တိုသွားသော်လည်း နဂါးခြင်္သေ့ကျားသားရဲလေးကို သတိထားမိသွားလေသည်။
" ဝါး ချစ်စရာ ကြောင်လေးပါလား "
သူမက ပြေးလာပြီးနဂါးခြင်္သေ့ကျားသားရဲလေး ကို ပွေ့ချီလိုက်ပြီးမေးလေသည်။
"ကျိုးဟောင်နင်ဒါဘယ်ကရလာတာလဲ"
"ငါဒီနားက ဈေးတခုကနေဝယ်လာတာ"
ကျိုးဟောင်က အနည်းငယ်စဉ်းစားပြီးနောက်ပြောလိုက်သည်။
"ငါ့အတွက် ကျ ဘာလို့မ၀ယ်လာတာလဲ"
သူမက နှုတ်ခမ်းလေးဆူပြီးပြောလာလေသည်။
"တကောင်ပဲကျန်တော့တာ။ ပြီးတော့ အဲ့တာက ကြောင်မဟုတ်ဘူး ခြင်္သေ့ကျားသားရဲလေးပဲ"
ကျိုးဟောင်ကပြောပြလိုက်သည်။
"ခြင်္သေ့ကျားသားရဲလေးဟုတ်လား။ သူ့မှာ အတောင်လည်းမပါဘူး။ နင့်ဟာကဟုတ်ရောဟုတ်လို့လား"
သူမက သားရဲလေးကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီးပြောလိုက်လေသည်။
ကျိုးဟောင်က မသိချင်ယောင်ဆောင်ပြီး စိတ်ထဲကတွေးနေလိုက်သည်။ မျိုးရိုးမြင့်ရှေးဟောင်းသားရဲဖြစ်သွားတာကြောင့် အတောင်မရှိဘဲ ပျံသန်းနိုင်လေသည်။
"ငါ့ကို ရက်အနည်းငယ်လောက်ပေးလိုက်ပါလား"
ရှုလင်ကနဂါးခြင်္သေ့ကျားသားရဲလေး အပေါ် အာရုံရောက်နေပြီး ကျိုးဟောင်အား လျှို့ဝှက်နည်းစနစ်များ ကူကျင့်ပေးရန်လာခဲ့သည်ကိုပင်မေ့သွားလေသည်။
ထိုသားရဲလေးက မလိုက်ချင်သောကြောင့် အော်ဟစ်နေလေသည်။
"ဒါ မင်းသခင်ရဲ့ဇနီးပဲ လိုက်သွားလိုက်ပါ"
ကျိုးဟောင်က ရှုလင်အား တချက်ကြည့်ပြီးပြောလိုက်သည်။
ရှုလင်က ကျိုးဟောင်အား စိတ်ဆိုးမာန်ဆိုးဖြင့်ကြည့်လိုက်ပြီးပြောလေသည်။
"နင် ပိုပိုပြီး ပေါက်ကရတွေ ပြောတတ်လာတာပဲ။ ငါနင့်ကိုဂရုမစိုက်တော့ဘူး။ ငါဒီကောင်လေးကို ယူသွားပြီး ယွင်ယန် နဲ့ ဖန်းယွီကိုသွားပြဦးမယ်။ သူတို့လည်း သဘောကျလောက်မယ်ထင်တယ်"
ရှုလင်က ပြောပြီး သားရဲလေးကို ချီပြီး ပျော်ရွှင်စွာထွက်သွားလေသည်။
ရှုလင်ထွက်သွားပြီးနောက် ကျိုးဟောင်ကဆော့ဖ်ဝဲလ်ကိုဖွင့်ကြည်နေလေသည်။ သူ့တွင် သွေးမျိုးရိုးဆေးလုံးနှင့် အယူအဆဆေးလုံးများ အားလုံးကုန်နေပြီဖြစ်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်ရေးခွက်မှာလည်း သိပ်မကျန်တော့ပေ။ သူထိုပစ္စည်းများရယူရန်ပြန်လုပ်ရမည့်အချိန်ကျလာလေပြီ။
သူဆော့်ဖ်လဲထဲ မီးစိမ်းနေသည် နှင့် တပြိုင်နက် နတ်မိမယ် ယွဲ့လင်က စာပို့လာလေသည်။
"မင်္ဂလာညနေခင်းပါ ဘစ်ရှော့"
ကျိုးဟောင်က တချက်ပြုံးလိုက်သည်။ သူ့ဆီတွင် ညရောက်နေပြီဖြစ်ကြောင်းကိုတော့ပြန်မပြောလိုက်ပေ။
" မင်းတိုက်ရိုက်ထုတ်လွှင့်နေလား"
သူကပြန်မေးလိုက်သည်။
"ကျွန်မ အသံသက်သက်ထုတ်လွှင့်မှုလုပ်နေပါတယ်။ ခဏလောက်စောင့်ပေးပါ ။ကျွန်မရုပ်သံထုတ်လွှင့်မှုအဖြစ်ပြောင်းလိုက်ပါ့မယ်"
"ကောင်းပြီ"
သဘာ၀ရှုခင်းများဖြင့် ရောင်ဝါများပြည့်နှက်နေသောတောင်တန်းများပေါ်တွင်..
နတ်မိမယ်ယွဲ့လင်မှာ ဖန်သားပြင်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေလေသည်။ သူမသည် တခါမှ ရုပ်သံထုတ်လွှင့်မှုကို မပြုလုပ်ခဲ့ဖူးပေ။ သို့သော်လည်း ဘစ်ရှော့အား စိတ်ကျေနပ်စေရန် ထုတ်လွှင့်ဖို့ဆုံးဖြတ်လိုက်လေသည်။
...................................................................................
အခန်း(၁၇၄)ပြီးပါပြီ။