အခန်း ၁၇၈-၁၈၀
Vol. 12 Ch. 178-180
အခန်း (၁၇၈) : ရတနာတစ်ခုရရှိခြင်း
ကျိုးဟောင်မှာထိုစကားအားကြားသောအခါအူမြူးသွားသော်လည်း ချက်ချင်းပင် ဤအရာမှာထောင်ချောက်တစ်ခုဖြစ်ကြောင်းကိုခံစားလိုက်ရပေသည်။
အကယ်၍ဤကိစ္စကိုစအကြံပေးသည့်သူမှာ သူဖြစ်နေပါက သူရှုလင်အားအသားယူလို့ရကောင်းရနိုင်သော်လည်း ယခုမူရှုလင်မှအရင်စပြောလာပြီး တစ်ခုခုမှားယွင်းနေသလို ပြုံးတောင်နေပေသည်။
"ကောင်းပြီလေ သဘောတူတယ် ငါပထမနေရာယူဖို့ အရမ်းကိုယုံကြည်ချက်ရှိတယ်"
ကျိုးဟောင်မှာပြောရင်း အယူအဆစာလိပ်၏စာရွက်တစ်ရွက်အား ထုတ်လိုက်လေသည်။
"ဒါကဘာလဲ"
ရှေးဟောင်းအယူအဆစာလိပ်စာရွက်အား မြင်ပြီးနောက် ရှုလင်မှာဘာကြောင့်မှန်းမသိသိချင်လာလေသည်။
"ဒါကငါခံတပ်အခြေစိုက်စခန်းမှာရှိတဲ့ ဈေးဆိုင်အသေးလေးကနေဝယ်လာတဲ့ ရတနာ နင့်ရဲ့စိတ်စွမ်းအားနဲ့ အာရုံစူးစိုက်ပြီးဒါကိုသေချာအာရုံခံလိုက်ရင် သုံးလို့ရပြီ ဒါကနင့်ကိုကျင့်ကြံရေးသိုင်းတွေအပေါ်နားလည်နိုင်စွမ်းကို တိုးစေတယ် မဖြုန်းတီးပစ်နဲ့"
ကျိုးဟောင်မှာ ရှုလင်အားကြုံသလိုပင်ပြောပြလိုက်ပြီး ဤအယူအဆစာလိပ်မှာ မည်မျှထိ သေမျိုးအခြေအနေထက်သာလွန်ကြောင်းအားမပြောပြပေ။
"ကျိုးဟောင် နင်နည်းနည်းလောက်ဖြစ်ဖြစ်ဂရုစိုက်နေလို့မရဘူးလား နင်သေချာပေါက်လိမ်ခံလာရတာပဲနေမှာ မြန်မြန်ယူပြီးပြန်သွားပေးလိုက်"
ရှုလင်မှာစိတ်ထဲနွေးထွေးသလိုခံစားရသော်လည်း ကျိုးဟောင်အလိမ်ခံလိုက်ရခြင်းဖြစ်ကြောင်းကိုတော့ ပြောနေဆဲပင်။
ထိုကဲ့သို့သောရတနာမျိုးမှာ သေချာပေါက်တည်ရှိပေသည်။ သို့သော် ယခုလိုဆိုင်သေးသေးလေးတွင်တော့ပေါ်လာမည်မဟုတ်ပေ။
ထိုအချိန်တွင် ကျိုးဟောင်မှာမထူးဆန်းသလိုပင်ပခုံးတွန့်ပြလိုက်သည်။ ကျိုးဟောင်မှာ ထို့နောက် စကားတစ်ခွန်းအားပြောပြီးနောက်ကျင့်ကြံရန် သူ့ဗီလာဆီပြန်သွားလေတော့သည်။
"စမ်းကြည့် အသုံးဝင်နိုင်တယ်"
ကျိုးဟောင်ထွက်သွားသည်ကိုကြည့်ပြီး ရှုလင်မှာ အလွန်ကူကယ်ရာမဲ့သလိုခံစားလိုက်ရပေသည်။
ရှုလင်မှာကျိုးဟောင် သူမအတွက်စဉ်းစားပေးသည်ကိုပျော်သော်လည်း ကျိုးဟောင်ကိုတော့ လိမ်ညာမခံရစေလိုပေ။သို့သော် ယခုသူမတတ်နိုင်သည်မှာ ဤပစ္စည်းတကယ်အသုံးဝင်ပါစေဟု ဆုတောင်းရုံသာတတ်နိုင်သည်။
ကျိုးဟောင်ထွက်သွားပြီးနောက် ရှုလင်သည်လည်းကျိုးဟောင်ထားခဲ့သော ရှေးဟောင်းစာလိပ်အားယူကာ ကျိုးဟောင်ပြောပြခဲ့သည့်အတိုင်း စသုံးလေသည်။
သို့သော်ထိုကဲ့သို့သောအချိန်မျိုးတွင်ပင် သူမလက်ထဲရှ်ိရှေးဟောင်းစာလိပ်မှာအတုဖြစ်ပြီး သေချာပေါက်အသုံးမဝင်သည့်အရာဟုထင်နေဆဲပင်။
အကယ်၍ကျိုးဟောင်သာ နောက်တစ်ခေါက်ထပ်မံအလိမ်ခံရပါက သူမသေချာပေါက်သူ့အားကောင်းကောင်းရိုက်ပစ်မည်ဟုတွေးထားပေသည်။
ရှုလင်မှာသံသယဖြစ်နေရင်းနှင့်ပင် အယူအဆစာလိပ်ကိုစသုံးလေသည်။
အယူအဆစာလိပ်မှာသူမလက်ထဲတွင်ကိုင်ထားရင်းဘာမှမကျန်အောင်ပြောင်းလဲသွားသော်လည်း သူမခန္ဓာကိုယ်ထဲတွင်တော့ ထူးဆန်းသောအတက်အကျတစ်ခုသာခံစားလိုက်ရပြီး မည်သည့်အကျိုးသက်ရောက်မှုကိုမှ မခံစားရပေ။
ဤသည်မှာ သူမ၏ကျင့်ကြံရေးအဆင့်အလွန်နိမ့်ခြင်းကြောင့်ဖြစ်ကြောင်းကို ရှုလင်မသိပေ။ ဤသည်မှာ အယူအဆစာလိပ်မှာ ၎င်း၏အကျိုးသက်ရောက်မှုများကို ဖြည်းဖြည်းချင်းစီသာထုတ်ပေးနိုင်၍သာဖြစ်သည်။
မဟုတ်ပါက သူမ၏ခန္ဓာကိုယ်မှာရုတ်တရက်ပေါက်ကွဲထွက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
နောက်တစ်နေ့မနက်တွင်....
ရှုလင်မှာခါတိုင်းလိုပင်စောစောထကာ ကျင့်ကြံလေသည်။
သူမ၏ကျင့်ကြံရေးသိုင်းအားလှည့်ပတ်လိုက်ပြီးနောက် သူမ၏လှပသောမျက်နှာလေးတွင် ချက်ချင်းပင်မယုံကြည်နိုင်သောအမူအရာတစ်ခုပေါ်လာလေသည်။
တစ်ညကုန်လွန်ပြီးနောက် သူမ၏ကျင့်ကြံရေးသိုင်းအားနားလည်နိုင်စွမ်းမှာ တကယ့်ကိုပင်ကြီးမားသောအဆင့်တစ်ခုအထိတိုးသွားလေသည်။
တစ်ညတည်းဖြင့်တကယ်ကြီး သူမ၏လက်ထဲတွင် တောက်ပနေသောရေခဲကြာပန်း ၅ပွင့်ပွင့်လာပြီဖြစ်သည်။
ကျိုးဟောင်ရခဲ့သော လျှို့ဝှက်ဆန်းကြယ်ရှေးဟောင်းစာလိပ်မှာ အလွန်အမင်းရှားပါးသောအဖိုးတန်ရတနာတစ်ခုဖြစ်ကြောင်းကို သူမချက်ချင်းပင်သဘောပေါက်သွားလေသည်။
ကျိုးဟောင်၏ကံမှာ ကောင်းသည်ဆိုတာထက်ပင်ပိုနေသည်ဟု သူမစိတ်ထဲခံစားလိုက်ရလေသည်။ ကျိုးဟောင်မှာတကယ်ကြီး အဖိုးတန်ရတနာတစ်ခုကိုတွေ့ခဲ့ပေသည်။
ကျိုးဟောင်မှာအိပ်ရာထဲတွင် ပျင်းရိစွာလှဲလျောင်းရင်း ဆက်အိပ်တော့မည့်အချိန်မှာပင် သူ့ဗီလာ၏ဝရံတာမှ တစ်စုံတစ်ယောက်၏ခပ်ပြင်းပြင်း ဆင်းသက်လာသံကိုကြားလိုက်ရသည်။
ထိုလူမှာ သေချာပေါက်ရှုလင်ပင်ဖြစ်သည်။
ကျိုးဟောင်၏ဗီလာကိုရောက်သွားသည့်အခါ ရှုလင်မှာစိတ်လှုပ်ရှားစွာဖြင့် ကျိုးဟောင်အားအော်ခေါ်လိုက်သည်။
"ကျိုးဟောင် နင်ဒီတစ်ခေါက်တကယ်ရတနာရှာတွေ့လာတာပဲ ကြည့်"
ရှုလင်သည်ပြောရင်း သူမ၏ကျင့်ကြံရေးသိုင်းကိုလှည့်ပတ်လိုက်ပြီး ကျိုးဟောင်အား ရေခဲကြာပန်းဓားသိုင်း၏ ပဉ္စမအဆင့်ကို တန်းပြလိုက်သည်။
သန့်ရှင်းစင်ကြယ်ပြီး အိပ်မက်ဆန်ကာ တလက်လက်တောက်ပနေသော ရေခဲကြာပန်း ၅ပွင့်မှာ ရှုလင်၏လက်သွယ်သွယ်လေးပေါ်တွင် ဖူးပွင့်နေပြီး ထိုကြာပွင့်လေးများမှာအလွန်လှပပြီး အိပ်မက်ပမာပေ။
ရေခဲကြာပွင့် ၅ပွင့်ပေါ်လာသောအဓိပ္ပာယ်မှာ ရှုလင်၏ရေခဲကြာပန်းဓားသိုင်းမှာ ပဉ္စမအဆင့်အားရောက်ရှိသွားပြီဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။
တစ်ညတည်းဖြင့် အကျိုးသက်ရောက်မှုမှာ အတော်လေးအထင်ကြီးစရာကောင်းပေသည်။ ဤရလဒ်မှာ အယူအဆစာလိပ်မှာမည်မျှလျှို့ဝှက်ဆန်းကြယ်ပြီးစွမ်းအားကြီးကြောင်း သိသာပေသည်။
စင်စစ်တွင်ဤအရာအားလုံးမှာ ကျိုးဟောင်မျှော်လင့်ထားသလိုပင်ဖြစ်သော်လည်း ကျိုးဟောင်၏မျက်နှာတွင် ကျေနပ်အံ့ဩနေသော အမူအရာမျိုး ပေါ်လာသေးပေသည်။
"တွေ့လား ငါကဘယ်တုန်းကများမကောင်းတာကို မျက်စိကျဖူးလို့လဲ"
"ဟုတ်ပါပြီ နင်ဘယ်ကရလာလဲငါ့ကိုပြောပြ နင်ဒီတစ်ခါတော့တကယ်ရတနာတစ်ခုရလာတာပဲ"
ရှုလင်မှာ ကျိုးဟောင်အားမျှော်လင့်တကြီးကြည့်နေလေသည်။ ဤပစ္စည်းသာရှိပါက သူမတို့၏ကျင့်ကြံရေးနှုန်းမှာ အမည်မဖော်နိုင်သောပမာဏအထိတိုးလာမည်ဖြစ်ပြီး လာမည့်အကဲဖြတ်မှုတွင် သူမတို့၏အောင်မြင်ဖို့သည်လည်း သေချာသလောက်နီးပါး ဖြစ်သွားမည်ဖြစ်သည်။
"အာ...ငါကဒီတိုင်းဖြတ်သွားရင်းကြုံလို့ဝယ်လာတာ ခံတပ်အခြေစိုက်စခန်းမှာ ဆိုင်တွေအများကြီးရှိတာဆိုတော့ ငါအဲဒီဆိုင်သေးသေးလေးကို ထပ်ရှာနိုင်တော့မယ်မထင်ဘူး"
ကျိုးဟောင်မှာခေါင်းကုတ်ရင်း ဖြူစင်သည့်ဟန်ဖြင့်ပြောလိုက်လေသည်။
"ဟမ် မဖြစ်နိုင်တာ ဒီလောက်အရေးကြီးတာကို နင်ဘာလို့မမှတ်မိတာလဲ"
ရှုလင်မှာလက်ရှိတွင် ပြောစရာစကားပင်မရှိတော့ပေ။ သူမသည်ကျိုးဟောင်အားစိတ်ကုန်သလိုသာကြည့်ပြီး ကျိုးဟောင်၏အိပ်ရာပေါ်သို့ အားလျော့စွာလှဲချလိုက်လေသည်။
ထိုအခိုက် ဘေးမှကျိုးဟောင်မှာသူမ၏အလှကိုကြည့်ရင်း သူမအားအနမ်းပေးချင်လာသည်။
"နင်ဘာလှည့်ကွက်တွေမှသုံးဖို့မကြိုးစားနဲ့ မဟုတ်ရင်နင့်ကိုတစ်ချက်တည်းနဲ့သတ်ပစ်မယ်"
ကျိုးဟောင်၏ စိတ်အားထက်သန်နေသောပုံကိုကြည့်ပြီး ရှုလင်မှာချက်ချင်းပင် သူမ၏လှပသောသွားစွယ်လေးနှစ်ဖက်ကိုထုတ်ပြရင်းရက်စက်စွာပြောလာလေသည်။
"ဟမ်..."
ကျိုးဟောင်မှာ ရှုလင်စကားအားကြားသောအခါ ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။ သူသည်စိတ်ကူးယဉ်ရုံသာဖြစ်ပြီး ဘာမှမလုပ်ရသေးပေ။ သို့သော် ဘာကြောင့်ရှုလင်ကသူ့အားစွပ်စွဲနေရပါသနည်း.....
..................................................................................
အခန်း(၁၇၈) ပြီးပါပြီ။
အခန်း (၁၇၉) : ဒီတိုင်းတစ်ချက်လေးကြည့်ရုံပါ
ရက်ပေါင်းများစွာကြာပြီးနောက် အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏ ပထမတစ်လသည်လည်း ကုန်ဆုံးသွားလေသည်။
အရင်းအမြစ်များအားပိုင်ဆိုင်ခွင့်နှင့် ဗီလာအသုံးပြုခွင့်အတွက်တိုက်ခိုက်ရမည့်နေ့မှာလည်း နောက်ဆုံးတွင်တော့ ရောက်ရှိလာပေပြီ။
ထိုအချိန်တွင် ကျိုးဟောင်နှင့်နတ်ဘုရားမရှုလင်တို့အတူရောက်လာသည်ကိုတွေ့သောအခါ ကျောင်းသားအများစုမှာ မနာလိုဖြစ်နေကြပေသည်။
"ငါတကယ်မနာလိုဘူး ကျူးဟောင်ကသူ့ကိုယ်သူဘာကောင်ထင်နေတာလဲ ချီးပဲ"
၇ခုမြောက်အခြေစိုက်စခန်းတွင် ရှုလင်၏ဂုဏ်သိက္ခာမှာလည်းတစ်နေ့တစ်ခြားတိုးလာပြီး သူမ၏ပြိုင်ဘက်ကင်းပါရမီမှာလည်း တောက်ပနေပေရာ သူမသည်နံပါတ်တစ် နတ်ဘုရားမနှင့်နံပါတ်တစ်ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ဖြင့် အပြည့်အဝထိုက်တန်ပေသည်။
ထိုကဲ့သို့သောအနေအထားမျိုးနှင့်ပင် သူမသည် အောက်ဆုံးအဆင့်တွင်ရှိနေသောကျိုးဟောင်နှင့်တွဲသွားတွဲလာလုပ်နေဆဲပင်။ ဤကိစ္စမှာအလွန်မတရားဘူးဟု သူတို့အားလုံးခံစားမိပေသည်။
သူ့ဘေးရှိကျောင်းသားအများစုမှာ သူ့အားမနာလိုဖြစ်ပြီး ဒေါသထွက်နေသည်ကိုမြင်သောအခါ ကျိုးဟောင်မှာချက်ချင်းဆိုသလိုပင် သူနှင့်ရှုလင်ကြားရှိအကွာအဝေးကို ပိုနီးကပ်ပစ်လိုက်သည်။ မဟုတ်ပါက အခြားလူများမှာ အလကားနေရင်း မနာလိုဖြစ်နေရသလိုဖြစ်သွားပေလိမ့်မည်။
သူ၏သရုပ်ဆောင်ချက်မှာ ဒေါသဖြစ်နေသောအသံများအားထွက်ပေါ်လာစေပေသည်။
"ဟမ့် ဘဝင်မြင့်မနေနဲ့ လပတ်အကဲဖြတ်မှုစတော့မှာ"
"နတ်ဘုရားမရှုလင်က ပထမရပြီးတော့ကျိယွီဖန်က ဒုတိယနေရာရမှာအသေအချာပဲ ကျိုးဟောင်ကတော့ အောက်ဆုံးရောက်မှာမလွဲဘူး"
ထိုအချိန်တွင် ကျောင်းသားအများစုမှာ ကျိုးဟောင်အားဒေါသဖြစ်ကာ ရက်ရက်စက်စက်ကို ပြစ်တင်ဆဲရေးနေလေသည်။
ကျိုးဟောင်မှာ သူတို့၏မနာလိုမှုက သူတို့အတွက် ကောင်းသည်ဟုပင်ခံစားရသည်။ မည်သို့ပင်ဖြစ်စေ ဤကျောင်းသားအုပ်စုသူ့အား မနာလိုလေ သူတို့အတွက်ကျင့်ကြံရန် ပိုပြီးတွန်းအားရလေပင်ဖြစ်သည်။
ဤရှုထောင့်ကကြည့်ပါက ထိုလူများမှာသူ့အား ကျေးဇူးသေချာတင်ရမည့်အစား ယခုမူအားလုံးမှု ကျားများ၊ဝံပုလွေများသဖွယ်ပြုမူပြီး သူ့အားအစိမ်းလိုက်မျိုချချင်နေကြပေသည်။
ကျိယွီဖန်မှာ လူအုပ်ကြားထဲတွင် ဂုဏ်ယူစွာမတ်တတ်ရပ်နေပြီး ရှုလင်အားရှူပ်ထွေးသော အမူအရာမျိုးဖြင့်ကြည့်နေလေသည်။
သူ့နှလုံးသားထဲတွင် သူသည်ရှုလင်အားလက်လွှတ်ရန် ဝန်လေးနေပြီးသူမအားပိုင်ဆိုင်လိုဆဲပင်။ အထူးသဖြင့် ရှုလင်မှာပိုပြီးတောက်ပလာလေ သူပိုပိုပြီးပိုင်ဆိုင်ချင်လေဖြစ်သည်။
သို့သော် သူဘာပဲလုပ်သည်ဖြစ်စေ သူ၏ဆင်ခြင်တုံတရားက သူရှုလင်အားမရနိုင်ကြောင်းပြောနေပေသည်။
သူမရနိုင်သည်မှာ သေချာသည်ဆိုကတည်းက သူသည်ရှုလင်ထက်ပိုမိုထူးချွန်လာပြီး သူမအားနင်းချေရန်သာရှိသည်။ ဤကဲ့သို့သောအတွေးဖြစ်ပေါ်လာရခြင်းမှာ သူ့စိတ်ထဲကအတောမသတ်နိုင်သောမာနကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျိယွီဖန်၏အကြည့်က ရှုလင်နှင့်တွဲကာလမ်းလျှောက်လာသော ကျိုးဟောင်ထံရောက်သွားလေသည်။
သူကျိုးဟောင်အားမြင်လိုက်သည့်အချိန်တွင် ကျိယွီဖန်မှာချက်ချင်းပင် မုန်းတီးစွာဖြင့်အံကြိတ်လိုက်သည်။ အကယ်၍ သူကျိုးဟောင်နှင့်ပြိုင်ပွဲတွင်တွေ့ခဲ့ပါက သူပြစ်ဒဏ်ပေးခံရမည်ဆိုလျှင်တောင် ကျိုးဟောင်အား ဒုက္ခိတဖြစ်အောင်လုပ်မည်ဟု ဆုံးဖြတ်ထားပေသည်။
ကျိုးဟောင်မှာသူ့မျက်နှာနား ဖြတ်ပြီးတိုက်ခတ်သွားသော လေပြေကိုသာခံစားနေပြီး ကျိယွီဖန်၏ပြင်းထန်သော ရန်လိုစိတ်အားလုံးဝလျစ်လျူရှုထားလေသည်။
သူထပ်မံပြီးလျစ်လျူရှုခံရသည်ကိုခံစားလိုက်ရသောအခါ ကျိယွီဖန်မှာပိုပြီးဒေါသဖြစ်လာလေသည်။
သူ့ပါရမီ၊ မိသားစုနောက်ခံနှင့် နောက်ဆုံးအဆင့်တွင်ရှိနေသော ကျိုးဟောင်လိုလူမျိုးက သူ့ပြိုင်ဘက်မဖြစ်သင့်ပေ။ သို့သော် မတတ်နိုင်ပေ။ သူ့မျက်လုံးထဲတွင် ကျိုးဟောင်မှုအလွန်စိတ်တိုစရာကောင်းပေသည်။
"ဟေ့ နင်တို့နှစ်ယောက်ကလူမြင်ကွင်းမှာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားတော့မလို့လား"
ဆွဲဆောင်မှုရှိသောပုံသဏ္ဍာန်ရှိပြီး အဖြူရောင်ကိုယ်ကျပ်အင်္ကျီလေးကိုဝတ်ဆင်ထားသောယွင်ယန်မှာ ထိုအချိန်တွင်ပျင်းရိစွာဖြင့်အကြောဆန့်လိုက်လေသည်။ သူမကိုယ်ပေါ်ရှိကောက်ကြောင်းများမှာ နှစ်လိုဖွယ်ကောင်းပြီး အလွန်ကျက်သရေရှိလှပေရာ ပုရိသများမှာ သူတို့၏မျက်လုံးများကို လုံးဝမခွာနိုင်ဖြစ်နေကြလေသည်။
ကျောင်းသားအများစုမှာ သူမရှိရာကိုသာကြည့်နေကြလေသည်။ အကယ်၍သူတို့စိတ်ထဲတွင် ရှုလင်ကနတ်ဘုရားမဆိုပါက ယွင်ယန်မှာနတ်မိမယ်တစ်ပါးပင်ဖြစ်သည်။
"အဟမ်း အဟမ်း.....နင်လည်းသတိထားသင့်တယ်"
ထိုအချိန်တွင်ယွမ်ချန်းမှာ ချောင်းဖွဖွဆိုးကာပြောလာလေသည်။ သူလည်းယခုလက်ရှိမြင်ကွင်းကိုသဘောကျသော်ငြား ကျောင်းသားအများစုသူတို့အားကြည့်နေသည်မှာ ဘာကြောင့်မှန်းမသိ သူတို့အတွက်သက်သောင့်သက်သာမဖြစ်သလို ခံစားရပေသည်။
ယွင်ယန်မှာ မတတ်နိုင်သည့်ပုံဖြင့်ပခုံးတွန့်ပြလိုက်သည်။ သူမကိုစိုက်ကြည့်ရန် ထိုလူများအားသူမတောင်းဆိုထားခြင်းမဟုတ်ပေ။ သူတို့စိုက်ကြည့်နေသည်မှာ သူမနှင့်ဘာပတ်သက်မှုများရှိနိုင်မည်နည်း။
တစ်ဖက်တွင် ရှုလင်မှာကျိုးဟောင်၏ခါးအား ဆွဲဆိတ်လိုက်သည်။
ဤယောက်ျားမှာအတော်လေးအတင့်ရဲသည်။ အခြားယောက်ျားများ ယွင်ယန်အားငေးကြည့်လို့ရသော်လည်း ကျိုးဟောင်တော့မရပေ။
ထို့အပြင် ရှုလင်၏ပုံစံမှာ အဘယ်မှာယွင်ယန်ထက် နိမ့်ကျမည်နည်း။
"လျှောက်မကြည့်နဲ့"
"ငါမကြည့်ပါဘူး ဒီတိုင်းတစ်ချက်လေးပဲကြည့်တာ"
ကျိုးဟောင်မှာ သူ၏အပြစ်ကင်းမှုအား ဖော်ပြနေလေသည်။
"ဘယ်လိုဖြစ်ပြီး တစ်ချက်ပဲကြည့်တယ်ပြောလို့ရမှာလဲ"
ရှုလင်မှာပြောစရာစကားပင်မရှိတော့ပေ။ ကျိုးဟောင် ယွင်ယန်အားကြည့်နေခဲ့သည်မှာ အချိန်အကြာကြီးပင်။
"သေချာတာပေါ့ ငါတစ်ချိန်လုံးမျက်တောင်တောင်မခတ်တာ ဒီတော့ဒါကိုတစ်ချက်ပဲကြည့်တယ်လို့ပြောလို့ရတာပဲ"
ဝှစ်!
ခံတပ်အခြေစိုက်စခန်းတွင် ကျောင်းသားအများအပြားမှာ တစ်ယောက်ပြီးတစ်ယောက်စုဝေးလာပြီးနောက် အနက်ရောင်ပုံရိပ်တစ်ခုမှာ ဖျက်ခနဲပေါ်လာလေသည်။ ချက်ချင်းဆိုသလိုပင် မူလအဆင့်ပညာရှင်ယန်ဟွေ့သည်လည်း အားလုံးရှေ့တွင်ပေါ်လာလေသည်။
"သိပ်ကောင်းတယ် တစ်ယောက်မှနောက်မကျဘူး"
"ဒီလအတွက် အဆင့်တိုက်ပွဲကစတော့မယ် အဆင့်တိုက်ပွဲအတွက်စည်းမျဉ်းတွေကအရမ်းရိုးရှင်းတယ်"
"မင်းတို့အားလုံး ပုံရိပ်ယောင်အခန်းထဲဝင်ရမယ် ပုံရိပ်ယောင်အခန်းက ချိုင့်ဝှမ်းအက်ကွဲကြောင်းတစ်ဝိုက်က ပတ်ဝန်းကျင်ကိုဖန်တီးပေးလိမ့်မယ် ချိုင့်ဝှမ်းအက်ကွဲကြောင်းနားမှာ မင်းတို့အားလုံးမိစ္ဆာသားရဲတွေနဲ့တိုက်ခိုက်ရမယ်"
"သတ်တဲ့မိစ္ဆာသားရဲတွေမတူရင် ရမဲ့အမှတ်လည်းမတူဘူး သားရဲကပိုသန်မာလေ မင်းတို့ရမဲ့အမှတ်ကလည်းများလေပဲ"
"သတိထားကြ မင်းတို့မိစ္ဆာသားရဲတွေဆီကအသတ်ခံရတာနဲ့ နောက်တစ်ကြိမ်ပုံရိပ်ယောင်နယ်မြေထဲပြန်ဝင်နိုင်မှာမဟုတ်ဘူး"
ထိုစကားအားကြားသောအခါ ကျောင်းသားအများစု၏အမူအရာမှာ တည်ငြိမ်သွားလေသည်။
ဤအဆင့်တိုက်ပွဲစမ်းသပ်မှုမှာ သူတို့၏ပြီးခဲ့သည့်လကရလဒ်ကိုစစ်ဆေးရုံသာမက နောက်လအတွက်ကျင့်ကြံရေးအရင်းအမြစ်များကိုလည်း ဆုံးဖြတ်ပေးမည်ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်၏လုပ်ဆောင်ချက်က အလွန်ဆိုးရွားကာ နောက်ဆုံး၃ယောက်နေရာကိုသာဝင်ပါက ထိုသူများမှာ ခံတပ်အခြေစိုက်စခန်းမှကန်ထုတ်ခံရနိုင်ခြေပင်ရှိပေသည်။
"ဒါပေမဲ့သေချာတာပေါ့ မင်းတို့အတွက်သတင်းကောင်းလည်းရှိတယ် စွမ်းအားကြီးမိစ္ဆာသားရဲတွေကိုသတ်ရင် မင်းတို့အထူးဆုရမယ်"
"အဆင်သင့်ပြင်ပြီး ပုံရိပ်ယောင်အခန်းထဲဝင်ကြတော့"
ယန်ဟွေ့မှာသူတို့ မည်ကဲ့သို့သောအထူးလက်ဆောင်ရမည်ကိုမပြောသွားသော်လည်း အားလုံးမှာထိုဆုအားမျှော်လင့်နေကြဆဲပင်ဖြစ်သည်။
...................................................................................
အခန်း(၁၇၉) ပြီးပါပြီ။
အခန်း (၁၈၀) : အထူးဆုလား
ခံတပ်အခြေစိုက်စခန်း၏ ပုံရိပ်ယောင်အခန်းငယ်များ၏ပုံစံမှာ နည်းပညာပိုင်းဆိုင်ရာငွေရောင်ဆေးတောင့်သဏ္ဍာန်အခန်းငယ်များဖြစ်သည်။ ထိုအရာများမှာ အခြားနေရာများမှ ပုံရိပ်ယောင်အခန်းများနှင့်မတူသည့်ပုံပေါ်သည်။
ဤသည်မှာလည်းပုံမှန်ပင်ဖြစ်သည်။နောက်ဆုံးပေါ်နည်းပညာအားလုံးမှာ ခံတပ်အခြေစိုက်စခန်းတွင်စုဝေးနေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာရှိပစ္စည်းများအားလုံးမှာ အကောင်းဆုံးဟူသောအရာများပင်ဖြစ်သည်။
ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ပုံရိပ်ယောင်အခန်းငယ်များထဲဝင်ပြီး အလိုအလျောက်ပုံရိပ်ယောင်ပတ်ဝန်းကျင်ဆီစတင်ဝင်ရောက်သွားကြသည်။ မကြာမီ အားလုံးမှာအဆုံးမရှိသောတောနက်ဧရိယာထဲတွင်ပေါ်လာကြလေသည်။
သို့သော်ပေါ်လာသောအရာများမှာတော့ စင်စစ်သူတို့၏အသိဉာဏ်များဖြစ်ကြသည်။ သူတို့၏တကယ့်ခန္ဓာကိုယ်များမှာတော့ ပုံရိပ်ယောင်အခန်းငယ်များထဲမှာပဲရှိနေပေသေးသည်။
သို့သော် အားလုံးမှာသေခြင်းအပါအဝင် တောနက်ဧရိယာထဲတွင်ဖြစ်ပျက်သမျှအရာအားလုံးကို ရှင်းရှင်းလင်းလင်းခံစားလို့ရပေသည်။
ပုံရိပ်ယောင်အခန်းငယ်ထဲမဝင်မီ ကျောင်းသားအများစုမှာ ကျိုးဟောင်အားအဓိပ္ပာယ်ပါသောအကြည့်များဖြင့် ကြည့်သွားကြလေသည်။
ရှုလင်မှာထိုလူများအား စူးစိုက်ကြည့်နေလေသည်။ ထိုကျောင်းသားများဘာတွေးနေကြလဲဆိုသည်ကို သူမသိပေသည်။
"သတိထား အနည်းဆုံးတော့ နင် အဆင့်တိုက်ပွဲနောက်ဆုံးအချိန်ထိတောင့်ခံထားမှရမယ် အစောကြီးဖယ်ရှားမခံရစေနဲ့"
ရှုလင်မှာကျိုးဟောင်အားကြည့်ပြီး လေးနက်စွာပြောလိုက်သည်။
ယခုအချိန်တွင်ကျိုးဟောင် မည်မျှသန်မာနေပြီမှန်းသူမမသိပေ။ သို့သော်အခြားကျောင်းသားများနှင့်ယှဉ်ပါက ကျိုးဟောင်မှာ ပိုမိုရုန်းကန်ရလောက်သည်။
"သေချာတာပေါ့"
ကျိုးဟောင်မှာ ဘာဖိအားမှမရှိဘဲစိတ်အေးလက်အေးပင်ပြောလိုက်သည်။
ဤအဆင့်တိုက်ပွဲမှာ အခြားကျောင်းသားများအတွက်ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်ရသလိုဖြစ်သော်လည်း တကယ်တမ်းသူ့အတွက်မူဘာမျှမဟုတ်ပေ။
ကျိုးဟောင်အရေးမစိုက်သည်ကိုကြည့်ပြီး ရှုလင်မှာချက်ချင်းပင်သူ့ခါးအားဆွဲဆိတ်လိုက်သည်။
"တကယ်လို့ဒီတစ်ခေါက် အရည်အချင်းမပြည့်ရင် ငါနင့်ကိုသင်ခန်းစာပေးပစ်မယ်"
ကျိုးဟောင်အား မတတ်နိုင်သလိုစိုက်ကြည့်ပြီး ရှုလင်မှာပုံရိပ်ယောင်အခန်းငယ်ထဲ ဝင်သွားရုံသာတတ်နိုင်သည်။
ယခုလိုပြင်းထန်သောအခြေအနေမှာတောင် ကျိုးဟောင်ဘာကြောင့်လုံးဝစိတ်မပူသလဲဆိုတာအား သူမတကယ်နားမလည်ပေ။
အားလုံးတစ်ယောက်ပြီးတစ်ယောက် ပုံရိပ်ယောင်အခန်းငယ်ထဲဝင်ပြီးနောက် ကျိုးဟောင်လည်းဝင်သွားလိုက်သည်။
သူဝင်သွားပြီးနောက် ပုံရိပ်ယောင်အခန်းငယ်မှာ အလိုအလျောက်စစ်ဆေးပြီး ချိတ်ဆက်ကာဝင်ရောက်သွားသည်။
မကြာမီ သူ၏အမြင်အာရုံမှာရှင်းလင်းသွားပြီး အဆုံးမရှိသောတောနက်ဧရိယာထဲတွင်ပေါ်လာလေသည်။
ပတ်ဝန်းကျင်တစ်ခွင်တွင် နေရာတိုင်း၌အန္တရာယ်ရှိနေသကဲ့သို့ သတ်ဖြတ်လိုသောအရှိန်အဝါများဖြင့်ပြည့်နှက်နေပေသည်။
သို့သော်ကျိုးဟောင်မှာ ဘောင်းဘီအိတ်ထဲလက်ထည့်ရင်း တောနက်ဧရိယာထဲတွင် အေးဆေးပတ်သွားနေလေသည်။
ဤနေရာတွင် ချိုင့်ဝှမ်းအက်ကွဲကြောင်း၏စွမ်းအင်အတက်အကျကို ဝေဝေဝါးဝါးခံစားလို့ရနေပေရာ ပုံရိပ်ယောင်အခန်းငယ်မှဖန်တီးထားသော ချိုင့်ဝှမ်းအက်ကွဲကြောင်းပတ်ဝန်းကျင်မှာ မည်မျှအစစ်အမှန်နှင့်တူကြောင်းကို ပြသနေပေသည်။
"ပျင်းစရာကောင်းလိုက်တာ အခုရှုလင်ရောဘယ်ရောက်နေပြီလဲမသိဘူး"
ကျိုးဟောင်မှာရင်း တစိမ့်စိမ့်တွေးရင်း ခြေဦးတည့်ရာလျှောက်သွားနေလေသည်။
ယခုအချိန်တွင် သူတကယ်ကိုရှုလင်၏တည်နေရာကိုရှာပြီး သူမဘယ်လောက်အထိအထင်ကြီးစရာကောင်းမှန်းကို တိတ်တိတ်လေးကြည့်ချင်ပေသည်။
သို့သော် ဤပုံရိပ်ယောင်ပတ်ဝန်းကျင်မှာ အတော်လေးကျယ်ပြန့်ပေရာ သူတောင်ရှုလင်ကိုအချိန်တိုအတွင်းရှာဖို့အလွန်ခက်ပေသည်။
ထို့အပြင် သူ၏တကယ့်ခွန်အားအားဤနေရာတွင်ထုတ်ပြလို့မဖြစ်ပေ။ မဟုတ်ပါက နောက်ဆုံးပေါ်နည်းပညာနှင့်ပြုလုပ်ထားသော ငွေပုံရိပ်ယောင်အခန်းပင် ချက်ချင်းအပိုင်းပိုင်းအစစပေါက်ကွဲသွားမည်ဖြစ်သည်။
ဂါး!
မီးတောက်ကဲ့သို့သော အမွေးများဖြင့်မိစ္ဆာသားရဲတစ်ကောင်မှာ ကျိုးဟောင်ရှေ့တွင်ပေါ်လာလေသည်။ ၎င်းမှာရုတ်တရက်ခုန်အုပ်လိုက်လေရာ အနီရောင်အရိပ်အဖြစ်ပြောင်းပြီး ကျိုးဟောင်၏လည်ပင်းရှိရာသို့ တိုးဝင်လာလေသည်။
ဤသတ္တဝါမှာ သန္ဓေပြောင်းမီးတောက်နီခွေးဖြစ်ပြီး အလွန်သာမန်ဆန်သောမိစ္ဆာသားရဲဖြစ်သည်။
သန္ဓေပြောင်းခြင်းဆိုသည်မှာလည်း အထူးစွမ်းအင်ကြောင့်ဖြစ်ပေါ်လာသောဒုတိယသန္ဓေပြောင်းခြင်းဖြစ်သည်။
မိစ္ဆာသားရဲများစွာကြားတွင် ဤမီးတောက်နီခွေးမှာလည်း ဒုတိယသန္ဓေပြောင်းမှုအများဆုံးဖြစ်ပွားနိုင်သော မိစ္ဆာသားရဲတစ်မျိုးဖြစ်သည်။
ဘန်း!
မီးတောက်နီခွေးတိုက်ခိုက်လိုက်သည်နှင့် ကျိုးဟောင်မှာရုတ်တရက် လက်သီးဖြင့်ထိုးချလိုက်သည်။
ဤလက်သီးမှာအလွန်အားပြင်းပြီး စွမ်းအားကြီးပေရာ လက်သီးတစ်ချက်ဖြင့် မီးတောက်နီခွေး၏ခေါင်းမှာ ဖျက်ဆီးခံလိုက်ရသည်။
ကျိုးဟောင်မှာ အဆင့်များအားကြည့်ပြီးနောက် ဤမီးတောက်နီခွေးအားသတ်ခြင်းဖြင့် သူ့အမှတ်မှာ၁၀မှတ်သာတိုးသွားကြောင်းကို သဘောပေါက်လိုက်လေသည်။
၎င်းမှာ ၁၀မှတ်သာရသည်ဆိုသော်လည်း သူ၏အဆင့်မှာလည်း ၂၂နေရာမြောက်သို့ တိုးသွားပြီဖြစ်သည်။
ကြည့်ရသည်မှာ ကျောင်းသားအများစုမှာပတ်ဝန်းကျင်ဖြင့်အသားကျအောင်လုပ်နေဆဲဖြစ်ပြီး မိစ္ဆာသားရဲများအား အမဲမလိုက်သေးသည့်ပုံပင်။
"အာ ဒါက"
မူလကကျိုးဟောင်မှာ မီးတောက်နီခွေးအား လက်သီးတစ်ချက်ဖြင့်ဖျက်ဆီးပြီး ထွက်သွားရန်ပြင်ထားခြင်းဖြစ်သည်။ သို့သော် မီးတောက်နီခွေးသေသွားသည့်နေရာတွင် မီးခိုးရောင်ကတ်တစ်ခုပေါ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေယ
"ဒါကနည်းပြယန်ဟွေ့ပြောတဲ့ အထူးဆုလား"
ကျိုးဟောင်မှာ မေးစေ့အကားပွတ်ကာစဉ်းစားနေလေသည်။ ဤမီးခိုးရောင်ကတ်မှာ လျှို့ဝှက်သိုင်းကျမ်းအပိုင်းအစတစ်ခုဖြစ်သည်။
....
လျှို့ဝှက်သိုင်းကျမ်း အနန္တထိုးဖောက်လက်ချောင်းသိုင်း ၁/၅၀
လျှို့ဝှက်လက်ချောင်းသိုင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးရှိစွမ်းအားကို လက်ချောင်း ၂ချောင်းတွင်သာစုစည်းနိုင်သည်။ ၎င်းမှာ သာမန်ထက်ပိုသော သိပ်သည်းသောစွမ်းအားဖြင့် လူတစ်ယောက်အား ရွှေကိုဖျက်ဆီးစေနိုင်ပြီး ကျောက်စိမ်းကိုခွဲနိုင်သော စွမ်းရည်မျိုးပေးသည်။ အသုံးပြုသူ၏ရုပ်ပိုင်းဆိုင်ရာပိုမိုသန်မာလေ အနန္တထိုးဖောက်လက်ချောင်းသိုင်းမှာ ပိုသန်မာလေဖြစ်သည်။
လျှို့ဝှက်သိုင်းပေါင်းစပ်သူတစ်ယောက်ဆိုပါက ဤသိုင်းအားသုံးပြီးဓားသိုင်းတစ်ခုပင်တီထွင်နိုင်သည်။
.....
ကတ်ပေါ်ရှိရိုးရှင်းသောအချက်အလက်များကိုကြည့်ပြီးနောက် ကျိုးဟောင်၏စိတ်ဝင်စားမှုမှာ ပိုမိုမြင့်တက်သွားလေသည်။
....................................................................................
အခန်း(၁၈၀) ပြီးပါပြီ။