အခန်း ၁၉၃-၁၉၅
Vol. 13 Ch. 193-195
အခန်း (၁၉၃) : မယုံကြည်နိုင်စရာတစ်ခုခုဖြစ်ပြီ
ကျိုးဟောင်မှာဖြစ်သလိုပင်အိပ်ရာပေါ်လှဲရင်း စိတ်ထဲရှိသဲလွန်စများကိုဆက်စပ်တွေးနေလေသည်။
သူသာဤသဲလွန်စများကိုစုနိုင်ပါက ပိုမိုကျယ်ပြန့်သောလောကကြီးဖြစ်သည့် အထွဋ်အထိပ်မူလအဆင့်အထက်ရှိလောကကြီးအား အမြန်ဆုံးမြင်တွေ့နိုင်ပေမည်။
အချိန်ခဏမျှတွေးတောပြီးနောက် ကျိုးဟောင်မှာနားလည်သွားပုံပင်။
သူ၏မျက်လုံးများမှာအရောင်တောက်လာလေသည်။
လက်ရှိအချိန်တွင်သူမသိသေးသော ဤစွမ်းအားမှာ အထွဋ်အထိပ်မူလအဆင့်ပညာရှင်များနှင့် ထိုအဆင့်အထက်တွင်ရှိသောပညာရှင်များသာ ထိန်းချုပ်ပြီးအသုံးပြုနိုင်သောစွမ်းအားမျိုးဖြစ်နိုင်သည်။
သို့သော်အက်ကွဲကြောင်းအပြင်ဘက်တွင် ဤစွမ်းအားနဲ့ပတ်သက်သောမည်သည့်ကျင့်ကြံရေးနည်းလမ်းကိုမှ သူရှာမတွေ့ပေ။ ကျိုးဟောင်မှာ ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာသိုင်းအား ကန့်သတ်ချက်အထိ မြှင့်တင်ထားသော်လည်း ၎င်းမှာသိုင်းပညာရှင်တစ်ယောက်၏ သွေးအနှစ်သာရကိုကျင့်ကြံသောသိုင်းသာဖြစ်သည်။
ကျိုးဟောင်မှာ ပုံရိပ်ယောင်မျက်နှာပြင်ရှိအမှတ်များကိုထပ်မံကြည့်လိုက်သည်။ အကယ်၍သူသာကံကြမ္မာအမှတ်များအား သန်း ၁၀၀အထိစုနိုင်ပါက အထွတ်အထိပ်မူလအဆင့်အထက်ရှိသော ကျင့်ကြံရေးသိုင်းတစ်ခုခုရနိုင်မလားမသိပေ။
ယခင်အတွေ့အကြုံများအရဆိုပါက ထိုကဲ့သို့ဖြစ်နိုင်ခြေမှာ ပိုများကြောင်းခံစားမိလေသည်။
သူ၏ကံကြမ္မာအမှတ်များ နည်းနေသေးသည်ကိုကြည့်ပြီး ကျိုးဟောင်မှာရက်အနည်းငယ်အတွင်း နောက်ထပ်ခရီးတစ်ခုထွက်ရန်ဆုံးဖြတ်လိုက်လေသည်။
သို့သော် စိတ်လှည့်စားအသံအင်းဆက်များမှာအသတ်ခံရပြီး အက်ကွဲကြောင်းထဲသို့ပြန်ဝင်သွားပြီဖြစ်ရာ ကျိုးဟောင်မှာစွမ်းအားကြီးသည်ဆိုသော်လည်း အန္တရာယ်ကင်းရန် အက်ကွဲကြောင်းထဲအလောတကြီးမဝင်သည်မှာ အကောင်းဆုံးဖြစ်သည်။
အက်ကွဲကြောင်းပြင်ပတွင် သူ၏တိုက်ခိုက်ရေးစွမ်းအားအား အထွတ်အထိပ်မူလအဆင့်ထိ တိုးမြှင့်ထားနိုင်ပါက အကောင်းဆုံးပင်။
တစ်ချိန်တည်းမှာပင် ဟွာရှားမြို့တွင် စိတ်လှည့်စားအသံအင်းဆက်များပေါ်လာသည့်သတင်းမှာ လောကကြီးတစ်ခုလုံးကိုတုန်လှုပ်သွားစေလေသည်။
အားလုံးသိကြသည့်အတိုင်းပင် စိတ်လှည့်စားအသံအင်းဆက်များမှာ အက်ကွဲကြောင်းထဲတွင်နေထိုင်ကြပြီး ပုံမှန်အခြေအနေတွင် အက်ကွဲကြောင်းအပြင်ဘက်တွင် ပေါ်မလာတတ်ပေ။
ဟွာရှားမြို့တွင် စိတ်လှည့်စားအသံအင်းဆက်များပေါ်လာသည်ဆိုသောအဓိပ္ပာယ်မှာ ဆိုးဝါးသောကိစ္စတစ်ခုခုဖြစ်လာနိုင်သည်ဟူသောအဓိပ္ပာယ်ပင်ဖြစ်သည်။ ဖြစ်နိုင်သည်မှာအက်ကွဲကြောင်းထဲရှိ ပညာရှင်များထံတွင် ကိစ္စတစ်ခုခုဖြစ်နေတာမျိုးပင်ဖြစ်နိုင်သည်။
မဟုတ်ပါက ပုံမှန်အခြေအနေတွင် ခံတပ်ကိုထိန်းချုပ်ထားသောဤပညာရှင်များရှိပါ ယခုလိုအလွန်အမင်းစွမ်းအားကြီးသောအထူးမျိုးနွယ်ခြားများမှာ ရှေ့သို့ခြေတစ်လှမ်းပင်လုံးဝတိုးလာလို့ရမည်မဟုတ်ပေ။
နောက်တစ်နေ့မနက်တွင် ဗီလာ၏ဝရံတာမှလေးလံသောအရာတစ်ခုဆင်းသက်လာသံထွက်ပေါ်လာသည်။
ရှုလင်မှာ မူလကကျိုးဟောင်အားအားပေးရန်လာခြင်းဖြစ်သော်လည်း ယနေ့တွင်မယုံကြည်နိုင်စရာတစ်ခုခုဖြစ်နေကြောင်းကို မြင်လိုက်ရလေသည်။
ပုံမှန်ဆိုအိပ်နေတတ်သောကျိုးဟောင်မှာ ယနေ့တွင်မူအိပ်ရာပေါ်တွင်တကယ်ကြီးတင်ပလ္လင်ခွေထိုင်ကာတရားမှတ်နေလေသည်။
"တိုးတက်လာပြီ"
ကျိုးဟောင်ကြိုးစားနေသည်ကိုကြည့်ပြီး ရှုလင်မှာအလွန်ကျေနပ်နေလေသည်။
လက်ရှိတွင် ကျိုးဟောင်၏စွမ်းအားမှာ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းတွင် အကောင်းဆုံးဖြစ်သော်လည်း ကျိုးဟောင်ထံတွင်ကျိယွီဖန်နှင့်သူမလိုမျိုး အထူးခန္ဓာကိုယ်မရှိပေ။
ကျင့်ကြံရေးလမ်းကြောင်းမှာ မီတာ၁၀၀တာတိုပြေးပွဲမဟုတ်ပေ ၎င်းမှာအလွန်ရှည်လျားသောအပြေးပြိုင်ပွဲဖြစ်ပြီး မီတာ ၁သောင်းမှ မီတာ ၁သိန်း သို့မဟုတ် မီတာ၁သန်း သို့မဟုတ် မီတာ ၁၀သန်းအထိဖြစ်နိုင်ပေသည်။
ယာယီဦးဆောင်နိုင်ခြင်းမှာ ဘာမျှမဟုတ်ပေ။ အကယ်၍ဂရုမစိုက်ပါက မျိုးဆက်တူသိုင်းပညာရှင်များ၏ကျော်တက်သွားမှုကိုအလွယ်တကူခံရနိုင်ပေသည်။
"သေချာတာပေါ့"
ကျိုးဟောင်မှာမျက်လုံးဖွင့်လိုက်လေရာ မျက်စိကျိန်းသွားသလိုပင်ခံစားလိုက်ရလေသည်။
ယနေ့တွင် ရှုလင်မှာအဖြူရောင်ကိုယ်ကျပ်အားကစားအင်္ကျီလေးကိုဝတ်ဆင်ထားပြီး သူမ၏အဆုံးမရှိပျိုမျစ်သောတက်ကြွမှုဟန်ပန်မှာ ပေါ်လွင်နေပေသည်။ သူမသည်သန့်စင်ပြီး အပြစ်ကင်းကာ နှစ်လိုဖွယ်ကောင်းပေသည်။
"ငါ့ကိုကြည့်မနေနဲ့တော့ မြန်မြန်လေ့ကျင့်ရေးကွင်းမှာလူစုပြီး ဆက်လေ့ကျင့်တော့"
ရှူလင်မှာ ကျိုးဟောင်သူမအားခပ်ပြုံးပြုံးဖြင့်ငေးနေသည်ကိုသတိထားမိပြီး စိတ်ဆိုးစွာပြောလိုက်လေသည်။
"နင်ငါ့ကိုတခြားလူတွေကိုကြည့်ခွင့်မပေးရင် အနည်းဆုံးနင့်ကိုတော့ကြည့်ခွင့်ပေးသင့်တယ်လေ"
ကျိုးဟောင်မှာမကျေမနပ်ဖြင့်ပြောလာလေသည်။
ထို့အပြင် ယခင်ကသူ၏စွမ်းအားကိုထိန်းချုပ်ထားခြင်းမှာ အန္တရာယ်ကင်းအောင်သာဖြစ်သည်။ထိုစဉ်ကသူပြိုင်ဘက်ကင်းလာမှသာ စွမ်းအားအမှန်အားထုတ်ပြရန်ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ဗျူဟာပြောင်းကာ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်း၌ ပြိုင်ဘက်မရှိသောသူ့စွမ်းအားကိုထုတ်ပြခဲ့သော်လည်း သူ၏ချစ်သူလေးထံတွင် သူ့အတွက်ယခုလိုတင်းကြပ်သောလိုအပ်ချက်များရှိနေဆဲပင်။
ကျိုးဟောင်မှာ ဘယ်တော့များမှသက်သာရာရမလဲတွေးနေမိပေသည်။
"နောက်မနေနဲ့တော့ မြန်မြန် ငါအပြင်မှာစောင့်နေမယ်"
ပြောပြီးသည်နှင့် ရှုလင်မှာအရင်ထွက်သွားလေသည်။
သိပ်မကြာမီ ကျိုးဟောင်သည်လည်းဗီလာအပြင်ဘက်တွင်ပေါ်လာပြီး ရှုလင်နှင့်အတူလေ့ကျင့်ရေးကွင်းဆီသွားလေသည်။
ကျိုးဟောင်နှင့်ရှုလင် အတူတူရောက်လာသည်ကိုမြင်သောအခါ ခံတပ်ရှိအခြားကျောင်းသားများမှာ အလွန်စိတ်ဖိစီးသွားကြလေသည်။
တစ်လျှောက်လုံး ကျိုးဟောင်မှာ ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏ အောက်ဆုံးအဆင့်တွင်ရှိနေခဲ့ပြီး အဆုံး၌ ကျိုးဟောင်၏အဆင့်များမှာ တစ်ရှိန်ထိုးတက်လာပြီး စွမ်းဆောင်ချက်တစ်ခုတည်းဖြင့် လူတိုင်းအားထိတ်လန့်စေခဲ့ပေသည်။ အားလုံးမှာ ဤကိစ္စအားလက်မခံနိုင်ကြပေ။
ကျောင်းသားအများစုမှာ မနာလိုပင်ဖြစ်နေကြလေရာ အလွန်စက်ဆုပ်စရာပင်။
"မင်းတို့တွေတအားနှေးလွန်းတယ် ဘာတွေလုပ်နေကြတာလဲ"
"တစ်လကုန်သွားပြီ ဒါပေမဲ့မင်းတို့တွေငါမျှော်မှန်းထားသလောက် မတိုးတက်လာကြဘူး"
"လူသားမျိုးနွယ်ရဲ့အခြေအနေကိုနားမလည်ကြဘူးလား ဘာတဲ့ထူးချွန်သူတွေတဲ့လား"
ကျောင်းသားအားလုံး ပျင်းရိနေသည့်ပုံကိုတွေ့လိုက်ရသောအခါ ယန်ဟွေ့၏ အေးစက်မာကျောနေသောအသံမှာ ကျောင်းသားအားလုံး၏နားထဲတွင် ပဲ့တင်ထပ်လာလေသည်။
ယန်ဟွေ့၏စကားသံအား ကြားလိုက်ရသောအခါ အားလုံး၏အမူအရာမှာချက်ချင်းဆိုသလိုပင်လေးနက်သည့်ပုံပြောင်းသွားကာ အားလုံးမှာချက်ချင်းပင်တန်းစီလိုက်ကြလေသည်။
၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းအားဝင်ရောက်ရာတွင် ကိစ္စကောင်းကြီးပဲရှိသည်မဟုတ်ပေ။ အကယ်၍တစ်ယောက်ယောက်မှာ သေချာမကြိုးစားပါက ထိုလူမှာအလွယ်တကူ ထုတ်ပယ်ခံရနိုင်ပေသည်။
အခြားလေ့ကျင့်ရေးစခန်းများလိုပင် ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏ ထူးချွန်သူများသာ ဤနေရာတွင်နေနိုင်ပေသည်။
"လေ့ကျင့်ရေးတစ်လပြီးလို့ လပတ်အကဲဖြတ်မှုလည်းပြီးသွားတာမကြာသေးဘူး မင်းတို့မှာအခြေခံတွေအားလုံးရှိနေပြီ"
"ဒီတစ်ခေါက် ငါမင်းတို့ကိုလေ့ကျင့်ပေးဖို့သိပ်မဝေးတဲ့ကာကွယ်ရေးခံတပ်ကိုခေါ်သွားချင်တယ်"
"ကာကွယ်ရေးခံတပ်က အက်ကွဲကြောင်းရဲ့ဘေးမှာပဲ ဒီတစ်ခေါက်မင်းတို့ခံတပ်ရဲ့အပြင်ဘက်ဆုံးဧရိယာကိုသွားရမယ်"
"မင်းတို့ရဲ့အင်အားနဲ့ဆို ကိုယ့်ဘာသာဂရုစိုက်မယ်ဆိုအသက်ရှင်လျက်ပြန်လာနိုင်တယ်"
ယန်ဟွေ့စကားဆုံးသည်နှင့် ကျောင်းသားများ၏မျက်နှာများမှာ သိသိသာသာပြောင်းလဲသွားလေသည်။
ဘာတွေဖြစ်ပျက်နေသည်လဲ ဤစကားမှာ မည်သည့်အဓိပ္ပာယ်ကိုဆောင်သလဲ။
ဤစကား၏အဓိပ္ပာယ်မှာ သူတို့သည်ခံတပ်၏အပြင်ဘက်ဆုံးနေရာတွင်သေသွားနိုင်သည်ဟု ဆိုလိုချင်ခြင်းပေလား။
....................................................................................
အခန်း(၁၉၃) ပြီးပါပြီ။
အခန်း (၁၉၄) : အန္တရာယ်များသောလေ့ကျင့်ရေး
"သတိထားကြ ငါတို့လူစုခွဲပြီးနောက်ပိုင်း မင်းတို့ခံတပ်မှာ အခြေခံပြင်ဆင်ချက်တွေလုပ်ဖို့ နာရီဝက်အချိန်ရမယ်"
"ရှေ့တန်းခံတပ်လိုင်းရဲ့အပြင်ဘက်ဆုံးအစွန်အဖျားကိုဝင်သွားပြီးရင် မင်းတို့အားလုံး ဒီနယ်မြေအကျယ်ကြီးမှာ တစ်ယောက်တည်းသွားရမယ်"
"၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းမှာ အထူးချွန်ဆုံးကျောင်းသားအနည်းစုပဲ ကျန်နေခဲ့ပြီးရပ်တည်နိုင်မှာ"
"ပြဿနာရဲ့လေးနက်မှုကို သဘောမပေါက်တဲ့လူတွေကတော့ဒီနေရာကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားရမှာပဲ ဒါမှမဟုတ် လေ့ကျင့်နေရင်းသေသွားတာမျိုး ဒဏ်ရာကြောင့်ထွက်သွားရတာမျိုးတွေလည်းဖြစ်နိုင်တယ်"
ယန်ဟွေ့မှာထိုစကားများအားပြောနေသည့်အချိန်တွင် သူ့အသံမှာအလွန်လေးနက်နေပေသည်။
အကယ်၍လေ့ကျင့်ရေးအတွင်းချွေးမထွက်ပါက စစ်မြေပြင်တွင်သွေးထွက်လျှင်ထွက် သို့မဟုတ် သေသည်အထိဖြစ်နိုင်ပေသည်။
ယန်ဟွေ့၏စကားများအားကြားသောအခါ အားလုံးမှာထူးချွန်ကျောင်းသားများဖြစ်ကြသော်လည်း အချိန်ခဏလောက်တော့စိတ်လွတ်သွားကြလေသည်။
နည်းပြယန်ဟွေ့၏ပြောစကားအရ သူတို့ယခုတစ်ကြိမ်တွင် ရှေ့တန်းခံတပ်၏အဝေးဆုံးနေရာကို တန်းသွားရမည်ဖြစ်သည်။
အားလုံး၏လက်ရှိအစွမ်းနှင့်ဆိုလျှင်တောင် ထိုနေရာမှာအတော်လေးအန္တရာယ်များသေးပေသည်။
ထို့အပြင်ယခုတစ်ကြိမ်တွင် အဖွဲ့ဖွဲ့၍မရပေရာ အခက်အခဲအားလုံးကိုတစ်ယောက်တည်းရင်ဆိုင်ရမည်ဖြစ်သည်။
"နည်းပြယန်ဟွေ့ တကယ်လို့အန္တရာယ်ကြုံရင်ရော အကူအညီတောင်းလို့ရလား"
ဤစကားမှာအနည်းငယ်ရှက်စရာကောင်းသော်လည်း ထူးချွန်ကျောင်းသားတစ်ယောက်မှာ မနေနိုင်ဘဲမေးလိုက်လေသည်။
ကျောင်းသားများ၏အမြင်တွင် သူတို့လိုထူးချွန်ကျောင်းသားများက အရွယ်ရောက်ပြီးမှစစ်မြေပြင်တွင်သေဆုံးရတာမျိုးသာဖြစ်သင့်ပြီး လေ့ကျင့်နေစဉ်သေဆုံးတာမျိုးတော့မဖြစ်သင့်ဟု တွေးကြပေသည်။
"မင်းတို့လေ့ကျင့်ရင် ငါလည်းတိုက်ခိုက်ဖို့ ငါ့ခွန်အားနဲ့သင့်တော်တဲ့နယ်မြေကိုဝင်မှာ"
"တကယ်လို့ငါအန္တရာယ်ကြုံရင် အကူအညီတောင်းလို့ရမယ်ထင်လား"
ယန်ဟွေ့မှာကျောင်းသား၏မေးခွန်းအားဖြေရမည့်အစား မေးခွန်းတစ်ခုသာပြန်မေးလိုက်လေသည်။
"ဒါ...."
ထိုအချိန်တွင် နည်းပြယန်ဟွေ့မှာ အချိန်အများစုတွင်ဘာကြောင့်ခံတပ်တွင်မရှိလဲဟူသောအကြောင်းပြချက်အား ကျောင်းသားအများစုမှာနားလည်သွားကြပြီဖြစ်သည်။
စင်စစ် ယန်ဟွေ့မှာစစ်မြေပြင်အားသွားနေခြင်းပင်။
"နားလည်ပါပြီ"
ကျောင်းသားအများစုမှာ ချက်ချင်းပင်စိတ်ပူစွာခေါင်းညိတ်ပြလိုက်သည်။ လေ့ကျင့်ရေးအစီအစဉ်မှာ အားလုံးအတွက် အလွန်ရုတ်တရက်ဆန်လွန်းပေသည်။
ဤလေ့ကျင့်ရေးအစီအစဉ်မှာ လေ့ကျင့်ရသည်မှာတစ်လသာရှိသေးသော ဤကျောင်းသားများအတွက်အလွန်ရက်စက်ရာကျမှန်း ယန်ဟွေ့လည်းသိပေသည်။
သို့သော် အက်ကွဲကြောင်းထဲတွင်ပြောင်းလဲမှုတစ်ချို့ဖြစ်သွားပေရာ အားလုံးအတွက်အချိန်သိပ်မကျန်တော့ပေ။
ကပ်ဆိုးကြီးအပြတ်အသတ်ကျရောက်မလာခင် သိုင်းပညာရှင်အားလုံး အရွယ်ရောက်ရန်လိုပေသည်။ မဟုတ်ပါက ကပ်ဆိုးကြီးရောက်လာသည်နှင့် သေဖို့ထိုင်စောင့်နေရုံသာ တတ်နိုင်ပေလိမ့်မည်။
လူစုခွဲပြီးနောက် ကျိယွီဖန်အပါအဝင် အားလုံး၏အမူအရာမှာ စိတ်ဖိစီးနေကြပုံပေါ်ပေသည်။
ရှေ့တန်းခံတပ်၏အဝေးဆုံးဧရိယာမှာ ပုံရိပ်ယောင်အခန်းငယ်များနှင့် လုံးဝမတူပေ။ ပုံရိပ်ယောင်အခန်းငယ်များထဲတွင်ကြုံရသောအရာမှာ မည်သည့်ဟာမျှအစစ်အမှန်မဟုတ်ပေ။ သူတို့သေခြင်းတရားနှင့် ထိပ်တိုက်ရင်ဆိုင်စရာမလိုသည့်အပြင် ဘေးကင်းပေသည်။
ရှေ့တန်းခံတပ်၏အပြင်ဘက်ဆုံးဧရိယာမှာတော့ မတူပေ။ အကယ်၍သူတို့သာ စွမ်းအားကြီးသောမျိုးနွယ်ခြားများသားရဲတစ်ကောင်နှင့်တွေ့ခြင်း သို့မဟုတ်ပေးထားသောလမ်းကြောင်းမှသွေဖည်ပြီး အန္တရာယ်ရှိသောဧရိယာထဲဝင်မိသွားပါက သူတို့အတွက်အသက်အန္တရာယ်ရှိပြီး အသက်ရှင်လျက်ပြန်လာရန်မှာ မဖြစ်နိုင်သလောက်ပေ။
ထိုမျှသာမက ထိုနေရာတွင်ရှိသောမျိုးနွယ်ခြားများမှာ အတော်လေးစွမ်းအားကြီးကြပေသည်။ မဟုတ်ပါနည်းပြယန်ဟွေ့၏အမူအရာမှာ ဤမျှလောက်လေးနက်နေမည်မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် ထူးချွန်ကျောင်းသားများမှာ ဖိစီးပြီးလေးလံနေသောစိတ်တို့ဖြင့် လုံလောက်သောကြိုတင်ပြင်ဆင်မှုများလုပ်ရန် အချိန်နာရီဝက်အားအမိအရအသုံးချနေကြပေသည်။
ကျိုးဟောင်မှာမူ အခြားကျောင်းသားများကဲ့သို့ စိတ်ပူနေခြင်းမျိုးလုံးဝမရှိပေ။
ရှေ့တန်းခံတပ်မှာ သူ့အတွက်လုံးဝအန္တရာယ်မရှိပေ။ အက်ကွဲကြောင်း၏ဝင်ပေါက်မှစ၍ ဗဟိုဧရိယာ အတွင်းဧရိယာ၊ အပြင်ဧရိယာနှင့် အပြင်ဘက်ဆုံးဧရိယာဟူပြီး ရှိပေသည်။
မူလအဆင့်ပညာရှင်နှင့် အစောင့်များမှာ အပြင်ဘက်ဆုံးဧရိယာတွင်စခန်းချပြီး တင်းကြပ်စွာစောင့်ကြပ်နေကြပေသည်။
သူယခင်က ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်အားသတ်စဉ်က ဗဟိုဧရိယာထဲတန်းဝင်သွားခဲ့ခြင်းဖြစ်သည်။ ယခု အပြင်ဘက်ဆုံးဧရိယာဆီသွားရန်မှာ သူ့အတွက်ဘာဖိအားမှမရှိပေ။
သို့သော်အခြားပါရမီရှင်များမှာမတူပေ။ ယခုအချိန်တွင် သူတို့အားလုံးခါးသီးသလိုအမူအရာမျိုး ဖြစ်နေကြပေသည်။
သူတို့အားလုံး ဤအတွေ့အကြုံအတွက်ဒုက္ခခံရမည်ဖြစ်သည်။
"ငါတို့စုရပ်စီစဉ်ထားကြမလား"
ရှုလင်မှာ ကျိုးဟောင်၊ ယွင်ယန် နှင့်အခြားသူများအားခေါ်လိုက်သည်။
အားလုံးမှာအစပိုင်းတွင် ဧရိယာအမျိုးမျိုးတွင်လူစုကွဲနေမည်ဖြစ်သော်လည်း ရှေ့ဆက်သွားရမည့်ဆုံရပ်ကိုတော့ ဆုံးဖြတ်နိုင်သေးပေသည်။
အဖွဲ့လိုက်ဖြစ်သွားပါက သူတို့၏လုံခြုံရေးမှာ သိသိသာသာတိုးတက်လာမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အရေအတွက်များပါကစွမ်းအားလည်းတိုးလာမည်ဖြစ်သည်။
"ကောင်းပြီလေ ငါတို့ဒီမှာဆုံကြရင်ရော"
ကျန်းယိမှာခေါင်းညိတ်ပြလိုက်သည်။ ဤနေရာမှာအလွန်ရွေးချယ်လို့ကောင်းပေသည်။
ဤရေကန်မှာရှေ့တန်းခံတပ်၏အပြင်ဘက်ဆုံးအစွန်အဖျားဧရိယာတွင် တည်ရှိပြီးအလုံခြုံဆုံးဧရိယာထဲမှတစ်ခုဟုပြောလို့ရပေသည်။ ထိုနေရာတွင် အကယ်၍သူတို့အန္တရာယ်တစ်ခုခုနှင့်ကြုံလျှင်တောင် လွတ်လမ်းရှိပြီး အစောင့်များနှင့်ပညာရှင်များထံရောက်အောင်သွားနိုင်ပေသည်။
ဤပညာရှင်များမှာသူတို့အားလက်ဦးမှုယူပြီးကယ်တင်မည်မဟုတ်ပေ။ သို့သော်အသက်ရှင်နိုင်သည့်အခွင့်အရေးတော့ တိုးလာနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ လေ့ကျင့်ရေး၏ရည်ရွယ်ချက်မှာ အသက်ရှင်လျက်ကျန်ပြီးပိုမိုသန်မာလာရန်ဖြစ်သည်။ ဤလေ့ကျင့်မှုမှာ သူတို့အားသေလမ်းသို့တွန်းပို့ခြင်းမဟုတ်ပေ။
မကြာမီ ကျိုးဟောင်နှင့်အခြားလူများမှာ အစီအစဉ်အားသဘောတူလိုက်ကြလေသည်။
လုံလောက်သောခွန်အားမရှိပါက ဉာဏ်ပညာသည်အရေးကြီးဆုံးအရာပင်ဖြစ်သည်။
...................................................................................
အခန်း(၁၉၄) ပြီးပါပြီ။
အခန်း (၁၉၅) : အခွင့်အရေးကိုဖြုန်းတီးမပစ်နိုင်ဘူး
"ကျိုးဟောင် နင်ထပ်အကြံပေးချင်တာရှိသေးလား"
ကျိုးဟောင်မှာစွမ်းအားကြီးသောသွေးမျိုးရိုး သို့မဟုတ် အထူးခန္ဓာကိုယ်မရှိသော်လည်း မည်သို့ပင်ဖြစ်စေ သူသည်၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏ထိပ်တန်းကျောင်းသားဖြစ်နေဆဲပင်ဖြစ်ရာ သူ၏အမြင်မှာလည်းအလွန်အရေးကြီးပေသည်။
"အခုစီစဉ်ထားတဲ့အတိုင်းလုပ်ကြတာပေါ့ တကယ်လို့လေ့ကျင့်ရေးဧရိယာထဲငါတို့ကိုယ်တိုင်မဝင်ရင် ဘာဖြစ်လာမလဲသိမှာမဟုတ်ဘူး"
ကျိုးဟောင်စကားဆုံးသည်နှင့် အခြားလူများမှာခေါင်းညိတ်ပြလိုက်လေသည်။
ယခုအချိန်တွင် ကျိုးဟောင်မှာတည်ငြိမ်ပြီးအေးဆေးဖြစ်နေပေသည်။ သူသည်ယခုတစ်ကြိမ်လေ့ကျင့်ရေးမှာ သာမန်လေ့ကျင့်ရေးများနှင့်မကွာခြားသည့်အတိုင်း သေခြင်းတရားနှင့်ရင်ဆိုင်ရမည့်အကြောက်တရားမရှိပေ။
ဘာကြောင့်မှန်းမသိ ယခုအချိန်တွင် ရှုလင်၏မူလကစိတ်လှုပ်ရှားနေခဲ့သောနှလုံးသားမှာလည်း အတော်လေးတည်ငြိမ်သွားပြီဖြစ်သည်။
ဘာကြောင့်မှန်းမသိ လက်ရှိအချိန်ကကျိုးဟောင်မှာ သူမအားစကားဖြင့်ဖော်ပြ၍မရသော လုံခြုံမှုအားပေးစွမ်းနိုင်ပေသည်။
ရှုလင်၏ ပြင်းရှသောအကြည့်အောက်တွင် အရည်ထူသောကျိုးဟောင်ပင် အနည်းငယ်ပူလောင်လာသလိုခံစားလာရလေသည်။
အကယ်၍ ဤနေရာတွင်အားလုံးရှိနေကြပြီး စိတ်အခြေအနေမကောင်းဖြစ်နေကြ၍သာမဟုတ်ပါက သူအများရှေ့တွင် ကလူကျီစယ်ရမည်ကို စိတ်ထဲထားမည်မဟုတ်ပေ။
နာရီဝက်ကြာပြီးနောက် အားလုံးမှာလေ့ကျင့်ရေးကွင်းဆီပြန်လာကြလေသည်။
"အားလုံး လေထီးတွေယူပြီး လေယာဥ်တွေပေါ်တက်ကြ"
"လေယာဉ်တွေကမင်းတို့ကိုလေ့ကျင့်ရေးဧရိယာဆီပို့ပေးလိမ့်မယ် ဟိုရောက်ရင်မင်းတို့ရဲ့နံပါတ်တွေအလိုက် လေ့ကျင့်ရေးဧရိယာထဲလေထီးနဲ့ခုန်ဆင်းရမယ်"
"၇ရက်ပြည့်ရင် လေ့ကျင့်ရေးအဆုံးသတ်မယ် ဝင်ပေါက်မှာလူစုကြ ဝင်ပေါက်ကိုမလာနိုင်တဲ့လူတွေက အချက်ပြဆစ်ဂနယ်ပို့လိုက်"
"တကယ်လို့အချက်ပြဆစ်ဂနယ်မပို့နိုင်ရင် ငါတည်နေရာပြကိရိယာသုံးပြီး မင်းတို့ကိုပြန်ခေါ်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားပေးမယ်"
ယန်ဟွေ့၏စကားများမှာအလွန်ရက်စက်လှသည်မှာ သံသယဝင်စရာပင်မလိုပေ။ ဤလေ့ကျင့်ရေးတွင်ဂရုမစိုက်ပါက အသက်ရှင်လျက်ပြန်လာနိုင်မည်မဟုတ်ကြောင်းကို သူသေချာရှင်းလင်းအောင်ပြောခဲ့ပြီးပြီဖြစ်သည်။
ကြီးမားသောလေယာဉ်ကြီးမှာ လေ့ကျင့်ရေးကွင်းအဝေးရှိ ကြီးမားပြီးကျယ်ဝန်းသောရုံကြီးအတွင်း ရပ်ထားသည်မှာကြာလှပြီဖြစ်သည်။
နည်းပြယန်ဟွေ့စကားပြောပြီးနောက် လေယာဥ်ပေါ်မတက်မီ မိမိတို့၏လေထီးများအားယူရန် ကျိုးဟောင်နှင့်အခြားလူများမှာ တန်းစီလိုက်ကြလေသည်။
ယခုလိုတိုက်ပွဲသုံးအမျိုးအစားလေထီးမှာ သုံးရလွယ်ပြီးတစ်ချက်နှိပ်ရုံဖြင့် ဖွင့်လို့ရပေသည်။ အချိန်ကိုက်ကိုစောင့်ကာဖွင့်လိုက်သည်နှင့် မည်သည့်စိုးရိမ်စရာမှမရှိပေ။
နံပါတ်ပြားအားလက်ခံပြီးနောက် ယွမ်ချန်း၏အမူအရာမှာ ချက်ချင်းပင်ခါးသီးသောပုံစံပြောင်းသွားလေသည်။
"ငါကနံပါတ် ၁....."
ထိုစကားအားကြားလိုက်ရသောအခါ ယွင်ယန်နှင့်အခြားသူများပင် သနားသွားကြလေသည်။
ဤအဓိပ္ပာယ်မှာ ယွမ်ချန်းမှာ လေ့ကျင့်ရေးဧရိယာသို့ပထမဆုံးဝင်ရောက်ရမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
"ငါက ၁၇ ဘေးချင်းကပ်နံပါတ်ကျတဲ့လူမရှိဘူးလား"
ရှုလင်မှာလည်း သူမရလာသောနံပါတ်ပြားအားထုတ်လိုက်လေသည်။
အကယ်၍နံပါတ်များနီးပါက သွားရမည့်ဧရိယာများသည်လည်းနီးသည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
ထို့အပြင် နံပါတ်ကပ်လျက်ကျသောလူများမှာလည်း ရေကန်သို့သွားရာလမ်းတွင် အချင်းချင်းကြုံနိုင်ပေသည်။
"တိုက်ဆိုင်လိုက်တာ ငါက၁၆"
ယွင်ယန်မှာပျော်သွားလေသည်။
ဤအဓိပ္ပာယ်မှာသူမနှင့် ရှူလင်သာလမ်းအများကြီးမလွဲပါက သူတို့နှစ်ယောက်မှာအမြန်ဆုံးတွေ့နိုင်ပေသည်။
သို့သော်လူနည်းစုကြားတွင် ရှုလင်နှင့်ယွင်ယန်သာကံကောင်းပေသည်။ အခြားကျောင်းသားအားလုံးမှာ သူတို့မရင်းနှီးသောကျောင်းသားများဖြင့်သာ နံပါတ်ကပ်ရပ်ကျကြပေသည်။
ယခုလိုအခြေအနေမျိုးတွင် နှစ်ဖက်စလုံးမှာ အလုပ်အတူမလုပ်နိုင်ပေ။
ကျိုးဟောင်၏နံပါတ်မှာ ၉ဖြစ်ပြီး နံပါတ် ၁၀နှင့် ၁၁ကျသောကျောင်းသား ၂ယောက်မှာ သူနှင့်မရင်းနှီးပေ။
ကျိုးဟောင်၏လက်ရှိစွမ်းအားမှာ ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းတွင်အကောင်းဆုံးဖြစ်သော်လည်း ထိုကျောင်းသား ၂ယောက်မှာ ကျိုးဟောင်ဖြင့်အဖွဲ့ဖွဲ့ရန်အရှက်မရှိမတောင်းဆိုကြပေ။ မည်သို့ပင်ဖြစ်စေ ယခင်ကတည်းကသူတို့ချင်းအဆက်အဆံမရှိပေ။
လေ့ကျင့်ရေးဧရိယာသို့ခုန်ချပြီးနောက်ပိုင်းတွင်တော့ သူတို့ဘက်မှလက်ဦးမှုယူကာ ကျိုးဟောင်ရှိသောဧရိယာဆီချဉ်းကပ်ကြမည်မှာတော့ သေချာပေါက်ပင်ဖြစ်သည်။
ကျိုးဟောင်၏စွမ်းအားမှာ အားလုံးနှင့်ယှဉ်ပါကသိသာပေသည်။ ယခုလိုအချိန်မျိုးတွင် အရှက်မရှိတာကမှပိုကောင်းပေဦးမည်။
လေယာဉ်မှာ လေ့ကျင့်ရေးဧရိယာသို့ဝင်လာပြီးနောက် နံပါတ်တစ်ဖြစ်သောယွမ်ချန်းမှာအားလုံးကိုလက်ပြပြီး လေယာဉ်ပေါ်မှခုန်ဆင်းသားလေသည်။
တဖြည်းဖြည်းချင်း ကျောင်းသားအားလုံးမှာ သတ်မှတ်ပေးထားသည့်နံပါတ်အတိုင်း လေထီးများဖြင့်ခုန်ချသွားကြပေသည်။
လေယာဉ်မှာအလွန်လျင်မြန်စွာပျံနေပြီး သိပ်မကြာမီကျိုးဟောင်သည်လည်း သက်သောင့်သက်သာ ခုန်ဆင်းသွားလေသည်။
သို့သော် သူဤဧရိယာထဲတွင်အချိန်ဖြုန်းရန်အစီအစဉ်မရှိပေ။
ယခုသူ့ထံတွင် ကံကြမ္မာအမှတ် ၁၀သန်းကျော်လိုနေပေရာ သူဤအခွင့်အရေးအားအပြည့်အဝအသုံးချပြီး ဗဟိုဧရိယာဆီဝင်ကာ လိုအပ်နေသောကံကြမ္မာအမှတ် ၁၀သန်းအား ဤဗဟိုဧရိယာတွင်ရနိုင်မလားကြည့်ချင်ပေသည်။
ကံကြမ္မာအမှတ်သန်း ၁၀၀စုပြီးပါက လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်ရန် ပိုမိုမြင့်မားသောကံကြမ္မာအဆင့်အားအသုံးပြုနိုင်ပေသည်။
မြေပြင်ပေါ်သို့ရောက်ပြီးနောက် သူ့ပုံရိပ်မှာလှုပ်ရှားသွားပြီး ဧရိယာအမြောက်အများကိုဖြတ်ကျော်သွားကာ အက်ကွဲကြောင်းအပြင်ဘက်ရှိ ဗဟိုဧရိယာတွင်ပေါ်လာလေသည်။
ဤနေရာရှိမျိုးနွယ်ခြားများမှာအလွန်စွမ်းအားကြီးကြပေသည်။ တစ်ခါတစ်ရံ ခရမ်းရောင်ကောင်းကင်သလင်းကျောက်ကင်းမြီးကောက်ဘုရင်ကဲ့သို့ အဆင့်ရှ်ိသောမျိုးနွယ်ခြားများမှာ အက်ကွဲကြောင်းနားတွင် တဝဲလည်လည်ဖြင့်အပြင်ဘက်ကိုကြည့်နေတတ်ပေသည်။
ဤနေရာကိုရောက်လာပြီဖြစ်၍ ကျိုးဟောင်မှာအလောတကြီးမလုပ်ဘဲ ဂရုစိုက်ရတော့မည်ဖြစ်သည်။
...................................................................................
အခန်း(၁၉၅) ပြီးပါပြီ။