အခန်း ၂၁၄-၂၁၆
Vol. 15 Ch. 214-216
အခန်း (၂၁၄) : သတိထား
ကျိုးဟောင်မှာ သုံးစွဲသူများမေးထားသည့်မေးခွန်းများကို ပြန်ဖြေချင်စိတ်မရှိသည့်အပြင် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း သွားမကြည့်ခဲ့ပေ။
ထိုအချိန်တွင် သူ၏ ကံကြမ္မာအမှတ်အားလုံးမှာလည်း သုံးစွဲလို့ကုန်သွားခဲ့လေသည်။ ဒါကြောင့် သူ့အနေဖြင့် ကံကြမ္မာ အမှတ်များ ပြန်ရရန် မျိုးနွယ်ခြားများအား ကြိုးစားပမ်းစားသတ်ဖြတ်ရဦးမည်ဖြစ်သည်။
တဖက်ကကြည့်ရင် သူ့အနေဖြင့် ဒဏ္ဍာရီအဆင့်ပစ္စည်းကို ပိုင်ဆိုင်နိုင်ခဲ့သော်လည်း တဖက်ကြည့်ပြန်ရင်လည်း သူအတော်ရင်းနှီးလိုက်ရလေသည်။
သူ့မှာ ဒဏ္ဍာရီအဆင့်ပစ္စည်းအား ရယူနိုင်ရန်ကံကြမ္မာအမှတ် အကုန်လုံးကုန်အောင်သုံးစွဲခဲ့ရသည်။ သူ့အတွက်တောင် ဒီလောက်ခက်ခဲနေပါက အခြားလူများအတွက်တေယ့ ထိုဒဏ္ဍာရီအဆင့်ပစ္စည်းရရန်မဖြစ်နိုင်ပေ။
ကျိုးဟောင်က ဆော့ဖ်ဝဲလ်ဖန်သားပြင်အား ပိတ်လိုက်ပြီးသူ၏စိတ်အာရုံလည်းလက်ရှိအပြင်လောကသို့ပြန်ရောက်လာခဲ့သည်။
သူကျင့်ကြံထားသော ကြီးကျယ်သောယန်မှတ်တမ်းမှာ အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းမှပေးသော သာမန်ကောင်းကင်ဘုံအဆင့်ကျင့်စဉ်၃ခုထက်သာလွန်နေခဲ့လေပြီ။
ဒါ့အပြင် ယခုကျိုးဟောင်မှာ သူ၏ ကြီးကျယ်သော ယန်မှတ်တမ်းကို ဒြပ်စင်ငါးသွယ်မဟာယန်မှတ်တမ်းအဖြစ်တိုးတက်လာခဲ့လေသည်။ကျိုးဟောင်မှာ ဆက်လက်ကျင့်ကြံဖို့ စိတ်အားထက်သန်နေလေသည်။
ကျိုးဟောင်သည် အချိန်တခုလောက်ကျင့်ကြံလိုက်ပြီးနောက် သူ၏ မျက်နှာတွင် ပီတိပြုံးများဖြာနေလေသည်။
ဒြပ်စင်ငါးသွယ်မဟာယန်မှတ်တမ်းမှာ ကျင့်ကြံဖို့အတွက် တကယ်အဖိုးထိုက်တန်သော ကျင့်စဉ်ဖြစ်ပြီး ပုံမှန် ကြီးကျယ်သောယန်မှတ်တမ်းထက် ၁၀ဆလောက် ပိုမိုကောင်းမွန်လေသည်။
စစ်နန်ရွှင်း ထားခဲ့သော မှတ်စုစာအုပ်၏ဖော်ပြချက်အရ ဒြပ်စင်ငါးသွယ်မဟာယန်မှတ်တမ်း၏ အဆင့်များမှာ အထင်ကြီးဖို့ကောင်းလေသည်။
"ဟမ်..."
ကျိုးဟောင်မှာ အပျော်လွန်နေပြီးနောက် သက်ပြင်းတချက်ချကာ သူ၏ကြောက်မယ်ဖွယ် အရှိန်အဝါအား တွန်းလွှတ်လိုက်လေသည်။
သူ့ဆီသို့ပြေးလာနေသော ကျားသစ်နက်တကောင်မှာ သူ၏ အရှိန်အဝါနှင့်တိုက်ရိုက်ထိခတ်မိပြီးသေဆုံးသွားလေသည်။
ထိုကျားသစ်နက်မှာ တတိယအဆင့်မူလပညာရှင်တယောက်လောက်နီးပါး အစွမ်းရှိလေသည်။ ၎င်းမှာကျိုးဟောင်၏အရှိန်အဝါနှင့် ၃မီတာအကွာလောက်ကပင်ထိရိုက်မိပြီးသေဆုံးသွားခဲ့ရလေသည်။ ဒါကတော့ တကယ့်ကို ကြောက်မယ်ဖွယ်ကောင်းသည့်စွမ်းအားပင်။
ကျိုးဟောင်မှာ ကျားသစ်နက်အားသတ်ပြီးနောက် ၎င်းဆီမှ ရနိုင်သည့် အစိတ်အပိုင်းပစ္စည်းများအားယူလိုက်လေသည်။သူ့အတွက် သတ်ပြီးသည့် သားကောင်အား ရှင်းလင်းပြီးလိုအပ်သည်များ ထုတ်ယူတတ်ခြင်းမှာ အကျင့်တခုလိုဖြစ်နေလေသည်။
ကိစ္စအားလုံးရှင်းလင်းပြီးနောက် ကျိုးဟောင်သည် ရှုလင်နှင့်အခြားသူတို့လေ့ကျင့်နေသည့် အခြေအနေအား စပြီးစူးစမ်းကြည့်လေသည်။
သူ၏အာရုံခံနိုင်စွမ်းမှာ အရမ်းကောင်းလှပြီး သူ့လေ့ကျင့်ရသည့်ဧရိယာမှာ ကျယ်သော်လည်း အချိန်ခဏအတွင်း ရှုလင်တို့အား ရှာနိုင်ခဲ့လေသည်။
ထိုအချိန်တွင် ရှုလင် မှာ ယွင်ယန်နှင့် အောင်မြင်စွာဆုံတွေ့နေပြီဖြစ်လေသည်။ သူတို့နှစ်ယောက်မှာ စိတ်မကောင်းဖြစ်နေပုံပေါ်သော်လည်း နှစ်ယောက်လုံးထိခိုက်ဒဏ်ရာရထားခြင်းမရှိပေ။
ယွင်ယန်၏ ၀တ်ဆင်ထားပုံမှာ အမိုက်အစားဖြစ်နေခဲ့လေသည်။ ဒီလေ့ကျင့်ရေးအတွက် ၀တ်စားဆင်ယင်ပုံမှာ ကန့်သတ်ထားခြင်းမရှိပေ။
သူမ၏ အ၀တ်အစားတနေရာတွင် ပြဲနေသည့်အရာ တခုရှိနေပြီး ထိုနေရာမှာ သူမ၏ နှင်းကဲ့သို့ အသားအရည်ကို ရှင်းလင်းစွာမြင်နေရလေသည်။ ဒါက မျက်စိပဒေဿ အတော်ဖြစ်လှသည်။
"ရှုလင် ငါတို့ကို တခုခုက စိုက်ကြည့်နေသလို မခံစားရဘူးလား"
ရှုလင်၏ မျက်နှာလေးတွင် ထူးဆန်းသော အမူအရာများ ပေါ်လာလေသည်။သူမသည် အစထဲက တစုံတခုက သူတို့အား ကြည့်နေသလို ခံစားနေခဲ့ရလေသည်။
"ဟင်..."
ရှုလင်က ထူးဆန်းစွာ ဘေးပတ်၀န်းကျင်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။ နတ်ဆိုးများ ၊အင်းစက်များ ၊စက်ယန္တရားမျိုးနွယ်တို့ကိုအား လုံး၀မတွေ့ရပေ။
သူတို့အား ကြည့်နေသော အရာဘာတခုကိုမှ သူမ မတွေ့ပေ။
"ငါဘေးပတ်၀န်းကျင်မှာ ဘာတခုမှတော့ မတွေ့ရပေမဲ့ တစုံတခုက ငါတို့ကို စိုက်ကြည့်နေသလို ခံစားနေရတယ်"
ယွင်ယန်က နှုတ်ခမ်းလေးဆူပြီးပြောလာလေသည်။ သူမသည် ထိုခံစားချက်အား ရင်းနှီးနေသကဲ့သို့ဖြစ်နေလေသည်။
ထိုခံစားချက်သည် သူမနှင့် ရှုလင် ဈေး၀ယ်ထွက်တိုင်း လမ်းက လူများက သူတို့အား စိုက်ကြည့်နေသော ခံစားချက်နှင့်တူနေလေသည်။
ဒါသည် သူမစိတ်ထင်နေတာမဟုတ်သကဲ့သို့ သူမ၏ စိတ်စွမ်းအားကြောင့်လည်းမဟုတ်ပေ။ မိန်းမတယောက်၏ ဆဌမအာရုံဟုဆိုရင် ပိုမှန်ပေမည်။
"နင်ဘာလို့ အ၀တ်အစားမလဲသေးတာလဲ"
ရှုလင်က ခဏလောက်တုံ့ဆိုင်းနေပြီးမှပြောလိုက်သည်။ လက်ရှိယွင်ယန်၏ အနေအထားက မျက်စိ ပဒေဿဖြစ်နေလေသည်။
ယွင်ယန်၏ခန္ဓာကိုယ်အလှမှာ နဂိုကထဲက စွဲမက်ဖွယ်ကောင်းလှပေသည်။ ယခုမူ အပြဲရာများက သူမအား အရိုင်းဆန်ဆန်အလှကိုပိုပေါ်လွင်နေစေသည်။ ရှုလင်ကဲ့သို့ မိန်းကလေးတောင်မှ သူမကို ကြည့်ပြီး ပါးလေးတွေရဲလာလေသည်။
"အားး နင်ပြောတာဟုတ်သားပဲ"
ယွင်ယန်က ခေါင်းညိတ်လိုက်ပြီး အဝတ်အစားလဲရန်နေရာတခုအမြန်ရှာလေသည်။
သူတို့နဲ့အဝေးတနေရာတွင်ရှိသော ကျိုးဟောင်မှာတော့ ခပ်ထေ့ထ့ပြုံးနေလေသည်။
ကျိုးဟောင်မှာ အခါအခွင့်ကြုံရင် ယွင်ယန်အားသူမ၏ခန္ဓာကိုယ်ကို တည်ဆောက်ဖို့ သွေးအနှစ်သာရကိုများ သုံးထားသလားလို့ မေးချင်နေလေသည်။ သူမ၏ခန္ဓာကိုယ်အလှမှာ ပြီးပြည့်စုံလှပေသည်။
ရှုလင်က လရောင်အောက်ကကြာပန်းဖြူလေးဖြစ်ပါက ယွင်ယန်မှာ လေပြင်းကြားကနှင်းဆီတပွင့်ဖြစ်နေလေသည်။
"သတိထား"
ကျိုးဟောင်အတွေးလွန်နေတုန်းမှာပဲ အဝေးတနေရာဆီမှ အသံတခုထွက်ပေါ်လာလေသည်။
ထိုအသံမှာ လုကျန်း၏အသံဖြစ်ပြီး ပြီးခဲ့သော လပတ်အကဲဖြတ်ပြိုင်ပွဲတုန်းက ရလဒ်ကောင်းပြီးအနက်ရောင်မြင်းလို့ လူသိများထင်ပေါ်ခဲ့သူဖြစ်လေသည်။
လုကျန်းမှာ ကျိုးဟောင်ဘာတွေးနေသလဲမသိ သော်လည်း သူ၏ ရင်ထဲက ထိတ်လန့်တကြားအော်ဟစ်သတိပေးနေလေသည်။ အကြောင်းမှာ အစိမ်းရောင်မျက်လုံးဝံပုလွေနက် မှာ ကျိုးဟောင်အရှေ့သို့ရောက်နေပြီး ကျိုးဟောင်က ဘာမှ ပြန်မတုံ့ပြန်သောကြောင့်ဖြစ်လေသည်။
ကျိုးဟောင်မှာ အစထဲက ဒီအစိမ်းရောင်မျက်လုံးဝံပုလွေနက်အား သတိထားမိခဲ့လေသည်။ သို့သော် သူသည် ကြောက်မယ်ဖွယ်အရှိန်အဝါလွင့်ထုတ်နေသောသူ့အားဒီဝံပုလွေနက်မိုက်ရှုးရဲဆန်ဆန်တိုက်ခိုက်လာမည်လို့မထင်ထားခဲ့ပေ။
ဒီအစိမ်းရောင်မျက်လုံးဝံပုလွေနက်၏ တိုက်ခိုက်နှုန်းမှာ အလွန်လျင်မြန်ပြီး အထွတ်အထိပ်ဆရာသခင်အဆင့်ရှိလေသည်။
လုကျန်းမှာ အလွန်အမင်းစိုးရိမ်နေလေသည်။ အမှန်တကယ်ဆို ၇ခုမြောက်လေ့ကျင့်ရေးစခန်းရှိ ထူးချွန်ကျောင်းသား ၅ယောက်လောက်စုပေါင်းပြီးတိုက်မှထိုဝံပုလွေနက်အား နှိမ်နင်းနိုင်မည်ဖြစ်သည်။
သို့သော် ယခုမူ သူနှင့်ကျိုးဟောင်သာရှိနေပြီး သူတို့နှစ်ယောက်ထဲနဲ့ ဝံပုလွေနက်အား ရင်ဆိုင်ဖို့မဖြစ်နိုင်ပေ။
...................................................................................
အခန်း(၂၁၄)ပြီးပါပြီ။
အခန်း (၂၁၅) : မင်းအပြင်းအထန်ကြိုးစားနေသရွေ့ဘယ်အရာမှခက်ခဲနေမှာမဟုတ်ဘူး
ဘမ်း....
ကျိုးဟောင်မှာ စွမ်းအင်အနှစ်သာရကိုမသုံးဘဲ ဒီအတိုင်း အစိမ်းရောင်မျက်လုံးဝံပုလွေနက်အား သတ်လိုက်လေသည်။
အဲ့အစားသူသည် သူ၏ဆရာသခင်အဆင့်ခွန်အားကိုသာ အသုံးပြုလိုက်လေသည်။ ဂုဏ်ထူးဆောင်ဥက္ကဌကျိုး ရုပ်သွင်နှင့်ဆိုပါက သူစိတ်ကြိုက်တိုက်ခိုက်နိုင်သော်လည်း ကျောင်းသားကျိုးဟောင်အနေနဲ့ကတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရန်လိုအပ်လေသည်။
ဒီမျိုးနွယ်ခြားများက ဥက္ကဌကျိုး၏ ပုံစံအစစ်အမှန်ကို မသိကြသေးသရွေ့ သူ့အတွက် ဘေးကင်းနေမည်ဖြစ်သည်။ သူ့အနေနှင့် ဘာလုပ်လုပ် မျိုးနွယ်ခြားများ၏ပစ်မှတ်ထားခြင်းကိုမခံရပဲ လွတ်လွတ်လပ်လပ်နေလို့ရမည်ဖြစ်လေသည်။
ဘမ်း...
ကျိုးဟောင်က လက်သီးတချက်ထိုးလွှတ်လိုက်ပြီး လေထုထဲတွင် ပေါက်ကွဲအားများဖြစ်ပေါ်စေလေသည်။
ဖုံးကွယ်ထားတာတောင်မှ ကျိုးဟောင်၏ လက်သီးချက်မှာ ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းလှသည်။ ကျိုးဟောင်တယောက်ထဲနှင့် အစိမ်းရောင်မျက်လုံး ဝံပုလွေနက်အား ရင်ဆိုင်ရန်လုံလောက်လေသည်။
"ဘယ်လိုတောင်စွမ်းအားကြီးတာလဲ"
လုကျန်းလည်း အမြန်ပြေးလာနေသောခြေလှမ်းများ ရပ်တန်သွားခဲ့သည်။
ဒီ၇ခုမြောက်လေ့ကျင့်ရေးစခန်းကိုရောက်ပြီးထဲက သူသည်နေ့ရော ညပါ အပြင်းအထန်လေ့ကျင့်နေခဲ့ပြီး အတော်တိုးတက်လာခဲ့သည်။
သို့သော်လည်း ကျိုးဟောင်က အစိမ်းရောင်မျက်လုံးဝံပုလွေနက်အားထိုးလိုက်သော လက်သီးကိုမြင်လိုက်သောအခါ ကျိုးဟောင်၏အင်အားမှာ သူထင်ထားသည်ထက် အဆမတန်ပိုမိုပြင်းထန်ကြောင်းသဘောပေါက်သွားခဲ့သည်။
ဘမ်း...ဘမ်း...ဘမ်း....
ကျိုးဟောင်က ဝံပုလွေနက်အား လက်သီးများတချက်ပြီးတချက်ဆက်တိုက်ထိုးလိုက်လေသည်။
လက်သီးချက်များမှာ သံမဏိကဲ့သို့မာကြောလှပြီး မုန်တိုင်းကဲ့သို့ပြင်းထန်လှလေသည်။ကြောက်စရာအစိမ်းရောင်မျက်လုံး ဝံပုလွေနက်ကြီးမှာ နောက်သို့ထပ်တလဲလဲ လွင့်စင်သွားခဲ့လေသည်။
အစတုန်းကတော့ လုကျန်းမှာ ကျိုးဟောင်၏ အင်အားကြောင့်အံ့အားသင့်သွားသော်လည်း အခုတော့ ထိုအံအားသင့်မှုက ထိတ်လန့်မှုအဖြစ်သို့ပြောင်းလဲသွားလေသည်။
အစတုန်းက အခြားကျောင်းသားများမှာ ပထမအဆင့်ဖြစ်ပြီး ယွမ်ချန်း ၊ယွင်ယန်နှင့် အခြားထူးချွန်ကျောင်းသားများမှာဒုတိယအဆင့် နှင့် ကျိုးဟောင် ၊ ကျိယွီဖန် နှင့် ရှုလင်တို့ကတော့ တတိယအဆင့်ဖြစ်ကြလေသည်။
ကျိုးဟောင်နှင့်သူတို့ကြားတွင် ကွာခြားချက်မှာ အဆင့်တခုလောက်သာရှိပြီး သူတို့သေချာကြိုးစားပါက ထိုကွာခြားချက်မှာ ကျဉ်းမြောင်းလာပြီး ကျိုးဟောင်အား အမှီလိုက်နိုင်လိမ့်မည်လို့ လုကျန်းကတွေးထားခဲ့လေသည်။
သို့သော်ယခုမူ သူ့အတွေးမှာ အတော် မှားယွင်းကြောင်း လုကျန်းသဘောပေါက်သွားလေသည်။
ကျိုးဟောင်မှာတကယ့်ကို နောက်တဆင့်ကို ရောက်နေသည့်လူဖြစ်နေခဲ့ပြီး သူနဲ့ယှဉ်ပါက ကျိယွီဖန် ၊ ရှုလင်နှင့် အခြားသူတို့မှာ နောက်တွင် နှစ်ဆင့်လောက်ပြတ်ကျန်နေခဲ့ပြီဖြစ်သည်။
ဒီ၇ခုမြောက်လက်ရွေးစင်လေ့ကျင့်ရေးစခန်းတွင် ကျိုးဟောင်သည်သာ ပထမနေရာနှင့်အထိုက်တန်ဆုံးဖြစ်လေသည်။
"အား.."
ကျိုးဟောင်ဆီမှာ အော်သံထွက်လာခဲ့ပြီး သူ၏ခြေထောက်မှာလည်း အမြှီးနဲ့အရိုက်ခံလိုက်သောကြောင့် နောက်ဆုတ်သွားလေသည်။
လုကျန်းမှာ ဘာဖြစ်သွားမှန်းမသိခင်မှာပဲ ပုံရိပ်တခုက လျင်မြန်စွာပေါ်လာခဲ့လေသည်။ ထိုပုံရိပ်မှာအလွန်လျင်မြန်လှပေသည်။
တကယ်တော့ ထိုပုံရိပ်မှာ အမြှီးအနီစပါးအုံးမြွေဖြစ်ပြီး ၎င်း၏တိုက်ခိုက်အားမှာ အစိမ်းရောင်မျက်လုံးဝံပုလွေနက်လောက် မပြင်းထန်သော်လည်း ၎င်းက အဆိပ်ကိုအသုံးပြုသော သားရဲဖြစ်သောကြောင့် သူ၏အန္တရာယ်ပေးနိုင်စွမ်းက ဝံပုလွေနက်ထက်ပိုမြင့်လေသည်။
"ငါမင်းကိုကူညီပေးမယ်"
လုကျန်းကလှမ်းပြောလိုက်သော်လည်း စကားမဆုံးခင်မှာပင် သူ့စကားက အဓိပ္ပာယ်မရှိကြောင်းခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်က နှစ်ယောက် တယောက် အနေအထားမှာတောင် အသာရနေသေးပြီး သူက အစိမ်းရောင်မျက်လုံးဝံပုလွေနက် နှင့် အမြှီးအနီစပါးအုံးမြွေတို့အား ဖိအားပေးဖိနှိပ်ထားနိုင်လေသည်။
လုကျန်းလည်း ထပ်ပြီးအံ့ဩထိတ်လန့်သွားလေသည်။
လုကျန်းမှာ သူ့မျက်စိရှေ့က မြင်ကွင်းအား ကြည့်ရင်း မယုံကြည်နိုင်ဖြစ်နေလေသည်။ သူလုံး၀ကို တုန်လှုပ်သွားပြီး မလှုပ်ရှားနိုင်တောင်ဖြစ်နေလေသည်။
သူသည် ကျိုးဟောင်၏အင်အား အမှတ်မှားပြီး သူတို့အထက် ၂ဆင့်လောက်သာပြီး ပဉ္ဇမအဆင့်ထိရောက်နေပြီထင်မိလေသည်။အခုသူကျိုးဟောင်အပေါ် တွေးထားသမျှမှားသွားကြောင်း သိလိုက်ရသည်။
တကယ်တမ်းဆို အစိမ်းရောင်မျက်လုံးဝံပုလွေနက်နှင့် အမြှီးနီစပါးအုံးမြွေတို့မှာ ကျိုးဟောင်အားအလွယ်တကူသတ်နိုင်စွမ်းရှိလေသည်။
ယခုမူ အခြေအနေကပြောင်းပြန်ဖြစ်နေပြီး ကျိုးဟောင်က သူတို့နှစ်ကောင်လုံးအား အသာစီးရယူထားနိုင်လေသည်။ ဒါကိုကြည့်ခြင်းဖြင့် ကျိုးဟောင်ဘယ်လောက်သန်မာကြောင်း သိနိုင်လေသည်။
ငွေရောင်ပုဆိန်မှာ ၀င်းခနဲဖြတ်သန်းသွားပြီး ကျိုးဟောင်က အမြှီးနီစပါးအုံးမြွေအား နှစ်ပိုင်းပိုင်းချလိုက်လေသည်။
ထို့နောက် သူ့ပုဆိန်ဖြင့် အမြှီးနီစပါးအုံးမြွေ၏ခေါင်းအား အစိတ်အစိတ်အမွှာမွှာဖြစ်သွားအောင်ထုချလိုက်လေသည်။
ထိုပုဆိန်မှာ လျှို့ဝှက်ဆန်းကြယ်သေတ္တာမှရသော အလယ်အလတ်အဆင့်ပစ္စည်းတခုဖြစ်ပြီး အထင်ကြီးလောက်စရာမရှိပေ။ သို့သော် ဒီသားရဲနှစ်ကောင်အား ရင်ဆိုင်ဖို့အတွက်တော့ လုံလောက်လေသည်။
၎င်း၏ပြုလုပ်ထားသော သံထည်နှင့်မာကြောမှုက တချို့ မဟာဆရာသခင်အဆင့်ပစ္စည်များထက်တော့ သာလွန်လေသည်။
လုကျန်း၏မျက်စိထဲတွင်တော့ ထိုပုဆိန်က နတ်ဘုရားလက်နက်ကဲ့သို့ဖြစ်နေလေသည်။
အမြှီးအနီစပါးအုံး၏ ကိုယ်ထည်မှာ အလွန်မာကြောလှပေသည်။ ပုဆိန် က ၎င်း၏အဓိကအစိတ်အပိုင်းနေရာအား ပြင်းထန်သောအားဖြင့် မထိမှန်ခဲ့ပါက ဒီလို နှစ်ပိုင်းပိုင်းနိုင်မည်မဟုတ်ပေ။
သို့သော်ကျိုးဟောင်က အလွယ်တကူပင် လုပ်နိုင်ခဲ့လေသည်။
ဤအခိုက်အတန့်တွင် လုကျန်း၏နှလုံးသားထဲ၌ ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဓာတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျိုးဟောင် သည် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်နှင့် ဦးတည်ချက် ဖြစ်လာခဲ့လေသည်။
သူဒီထက်ပိုပြီးကြိုးစားကျင့်ကြံပါက ကျိုးဟောင်အားအမှီလိုက်နိုင်မည်လို့တွေးမိသည်။ ကျိုးဟောင်မှာ အလွန်အစွမ်းထက်သော်လည်း လုကျန်းက သူ့ကိုယ်သူယုံကြည်မှုရှိနေလေသည်။
အပြင်းအထန်ကြိုးစားနေသရွေ့ဘယ်အရာမှခက်ခဲနေမှာမဟုတ်ပေ။
ကျိုးဟောင်မှာ လုကျန်း ဘာတွေးနေသလဲမသိသော်လည်း ထူးဆန်းသောစိတ်ခံစားချက်ကိုတော့ ခံစားမိလေသည်။
ရည်မှန်းချက်ပန်းတိုင်ရှိခြင်းက ကောင်းပေသည်။သို့သော် ပန်းတိုင်က ယုတ္တိရှိဖို့ လိုအပ်ပြီး မျက်ကန်းစုံမှိတ်ကြိုးစားနေတိုင်းလည်း မဖြစ်နိုင်ပေ။
ကျိုးဟောင်က သားရဲနှစ်ကောင်အား တိုက်ခိုက်နေစဉ်မှာပဲ ဟန်ဟွေ့နှင့်အခြားအသွင်အပြင် ၄ခုက တောင်စွန်းပေါ်သို့ရောက်ရှိလာခဲ့လေသည်။
....................................................................................
အခန်း(၂၁၅)ပြီးပါပြီ။
အခန်း (၂၁၆) : ငါကအဲဒီလိုလူမျိုးလား
လူအနည်းစုမှာ အောက်ဘက်ရှိကျိုးဟောင်၏တိုက်ပွဲအားကြည့်ကာ ပြောမပြတတ်အောင်စိတ်လှုပ်ရှားနေကြလေသည်။
"ကျိုးဟောင်ရဲ့ တိုက်ပွဲအတွေ့အကြုံမပြောနဲ့ဦး သွေးအနှစ်သာသုံးပုံနဲ့ လှုပ်ရှားရေးသိုင်းတွေတောင် အားလုံးကထူးခြားပြီး ပြည့်စုံလုနီးပါးပဲ"
ပုံမှန်အားဖြင့် ဇီဇာကြောင်သောယန်ဟွေ့ပင် ယခုတစ်ခေါက်တွင်အလွန်ကောင်းမွန်သော သုံးသပ်ချက်အားပေးနေပေသည်။
"ပါရမီရှင်ပဲ တကယ်ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပဲ"
ယန်ဟွေ့ဘေးရှိ မုတ်ဆိတ်ဖြူဖြင့်အကြီးအကဲတစ်ယောက်မှ အခိုင်အမာဆိုလာလေသည်။
သူသည် အချိန်ကြာမြင့်စွာဖြတ်သန်းလာခဲ့သောဘဝသက်တမ်းတစ်လျှောက် ပါရမီရှင်သိုင်းပညာရှင်အမြောက်အမြားအား တွေ့ခဲ့ဖူးသော်လည်း ယခုလိုအဘက်ဘက်မှကျွမ်းကျင်ကာ ပြည့်စုံသောပါရမီရှင်အားတွေ့ရခြင်းမှာ သူ့ဘဝ၌ ပထမဆုံးအကြိမ်ဖြစ်ပေသည်။
ကျိုးဟောင်မှာ အချိန်ခဏသာကျင့်ကြံခဲ့ပြီး သူ၏စွမ်းအားမှာအလွန်မမြင့်သည်ကလွဲ သူသည်ပြည့်စုံသောသိုင်းပညာရှင်ဟူသော ဂုဏ်ပုဒ်၏သက်ရှိဥပမာပင်ဖြစ်သည်။
"ကြည့်ရတာ ကျုပ်တို့ရဲ့ ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းကထပ်ပြီး ဦးမော့လာဦးမဲ့ပုံပဲ"
"တခမ်းတနားအဝတ်အစားတို့အားဝတ်ဆင်ထားသော အမျိုးသမီးသိုင်းပညာရှင်တစ်ယောက်မှာ သူမ၏အနီရောင်နှုတ်ခမ်းအားကိုက်ကာ ကျိုးဟောင်အားတောက်ပသောမျက်လုံးများဖြင့်ကြည့်နေလေသည်။
"အဲ့ဒါကပြောမရသေးဘူး တခြားအဆင့်မြင့်လေ့ကျင့်ရေးစခန်း ၆ခုမှာလည်း ပါရမီရှင်တွေအများကြီးရှိတယ် ပြီးတော့သူတို့လေ့ကျင့်တဲ့အချိန်ကပိုတောင်များသေးတယ်"
"အနည်းဆုံး ကျိုးဟောင်ကကျင့်ကြံတဲ့အချိန်အတိုင်းအတာချင်းယှဉ်လိုက်ရင် နည်းသေးတာပဲ ပြီးတော့ပါရမီရှင်တွေကြားမှာ အချိန်တိုတိုနဲ့ အောင်မြင်ဖို့ဆိုတာ အရမ်းခက်တယ်"
အခြားနည်းပြတစ်ယောက်မှာမူ ယန်ဟွေ့နှင့်အခြားသူများကဲ့သို့အကောင်းမမြင်ပေ။
ဤနည်းပြ၏စကားမှာအားလုံးအားစိတ်ပျက်စေသော်လည်း ထိုသူကတော့ဆက်ပြောနေဆဲပင်။
"လေ့ကျင့်ရေးစခန်းတိုင်းမှာ သက်ဆိုင်ရာအထူးအားသားချက်တွေရှိတယ် ပါရမီရှင်တွေကိုပျိုးထောင်တဲ့နေရာမှာဆိုရင် ကျုပ်တို့ရဲ့ ၇ခုမြောက်အဆင့်မြင့်လေကျင့်ရေးစခန်းမှာလည်း ကိုယ့်အားသာချက်နဲ့ကိုယ်ရှိတယ်"
"တခြားအဆင့်မြင့်လေ့ကျင့်ရေးစခန်းတွေနဲ့ယှဉ်လိုက်ရင် ကျုပ်တို့မှာအားသာချက်အကြီးကြီးရှိတယ် အဲဒါကကျုပ်တို့စခန်းက ၇ခုမြောက်အက်ကွဲကြောင်းနဲ့နီးတာပဲ"
"တိုက်ပွဲမှာ ခွန်အားကအမြန်ဆုံးတိုးတက်လာတယ် ကျုပ်တို့နောက်ကိုလည်း ဒီကောင်လေးကို ဆက်ပြီးလေ့ကျင့်ချင်စိတ်ရှိအောင် လုပ်ပေးရမယ်"
အနက်ရောင်လေ့ကျင့်ရေးဝတ်စုံဖြင့် သက်လတ်ပိုင်းယောက်ျား၏စကားဆုံးသည်နှင့် ပင့်သက်ရှိုက်သံတစ်ခုထွက်ပေါ်လာလေသည်။
ယန်ဟွေ့နှင့်အခြားလူများအားလုံးမှာလည်း အောက်ဘက်သို့ထိတ်လန့်တကြားဖြင့်ငုံ့ကြည့်လိုက်ကြသည်။
၁၀မိနစ်မပြည့်ခင်မှာပင် ဆရာသခင်အဆင့်မိစ္ဆာသားရဲနှစ်ကောင်မှာ ကျိုးဟောင်၏ပုဆိန်အောက်တွင် ဇီဝိန်ချုပ်သွားပြီဖြစ်သည်။
"အထင်ကြီးစရာပဲ သက်တူရွယ်တူကျောင်းသားတွေကြားထဲမှာ ဒီလိုလုပ်နိုင်တဲ့လူ အယောက်၂၀မကျော်ဘူး"
ယန်ဟွေ့မှာထိန်းချုပ်မထားဘဲချီးကျူးလိုက်လေသည်။ တစ်ချိန်တည်းမှာပင် အမဲရောင်ဝတ်စုံနှင့်နည်းပြကိုကြည့်ရင်း စိတ်လှုပ်ရှားလာလေသည်။
"သံမဏိခြင်္သေ့ ဒါမှမဟုတ်ကျိုးဟောင်လေ့ကျင့်လို့ရအောင် ခင်ဗျားပဲဆရာသခင်အဆင့်မိစ္ဆာသားရဲတွေ သွားဖမ်းပေးလိုက်ပါလား"
သံမဏိခြင်္သေ့ဆိုသည်မှာ ထိုနည်းပြ၏နာမည်ပြောင်ဖြစ်ပြီး ဤနာမည်ပြောင်အားခေါ်ဆိုခြင်းကိုလည်း သူ့စိတ်ထဲမထားပေ။
"ခင်ဗျားက ဘေးကလူတွေကိုဘယ်လိုအမိန့်ပေးရမလဲဆိုတာတော့ကောင်းကောင်းသိတာပဲ လုပ်ချင်ရင်ကိုယ့်ဘာသာသွားလုပ်လေ"
ယန်ဟွေ့၏တောင်းဆိုချက်မှာ ချက်ချင်းဆ်ိုသလိုပင် ထျယ်လျိုယွင်ထံမှ အညှာအတာကင်းမဲ့စွာငြင်းပယ်ခံလိုက်ရလေသည်။
တောနက်ထဲတွင်မူ အရာအားလုံးမှာပြန်လည်ငြိမ်သက်သွားပြီဖြစ်သည်။
ကျိုးဟောင်မှာ မိစ္ဆာသားရဲနှစ်ကောင်၏အလောင်းအားစီမံပြီးသည်အထိ လုကျန်းမှာထိတ်လန့်နေဆဲပင်။
သူသည်ကျိုးဟောင်ထက်သာစေရမည်ဟု သစ္စာဆိုခဲ့သော်လည်း ဤကံဆိုးကောင်မှာ အတော်လေးထိတ်လန့်စရာကောင်းပေသည်။
"မင်းကအရမ်းသန်မာတယ်"
"ဒါပေမဲ့ ငါသေချာပေါက်မင်းကိုကျော်စေရမယ်"
ထိုစကားအားပြောပြီးနောက် လုကျန်းမှာဆက်လက်လေ့ကျင့်ရန်အတွက် ဤနေရာမှထွက်သွားဖို့ဆုံးဖြတ်လိုက်လေသည်။
မတတ်နိုင်ပေ သူ့ဘေးတွင်ကျိုးဟောင်ရှိနေပါက သူ့ထံ၌တိုက်ခိုက်လို့ရမည့်အခွင့်အရေးလုံးဝမရှိပေ။ ထို့ကြောင့် သူ့အရည်အချင်းသည်လည်း တိုးတက်လာနိုင်မည်မဟုတ်ပေ။
ကျိုးဟောင်မှာပြုံးလိုက်လေသည်။ ဤလူမှာအတော်လေးစိတ်ဝင်စားစရာကောင်းပေသည်။
ထို့အပြင်လုကျန်း၏ထွက်သွားရန်ရွေးချယ်သည့် ဆုံးဖြတ်ချက်ကိုလည်း သူအပြည့်အဝလေးစားပေသည်။
မည်သို့ပင်ဖြစ်စေ ပုံမှန်လူတစ်ယောက်မှာပါရမီရှင်တစ်ယောက်နောက် လိုက်ကပ်မနေသင့်ပေ။
၁၀မိနစ်မပြည့်ခင်မှာပင် ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်းမှ ကျိုးဟောင်ဟုခေါ်ဆိုသောကျောင်းသားတစ်ယောက်မှ ဆရာသခင်အဆင့်မိစ္ဆာသားရဲ ၂ကောင်အားသတ်လိုက်သည်ဟူသောသတင်းမှာ ရှေ့တန်းခံတပ်တစ်ခုလုံးတွင်ပျံ့နှံ့သွားလေတော့သည်။
ထိုသတင်းအားကြားလိုက်ရသောအခါ သိုင်းပညာရှင်အားလုံးမှာ မယုံကြည်နိုင်သလို ခံစားလိုက်ကြရလေသည်။
သိုင်းပညာရှင်အများစု၏ မျက်လုံးထဲတွင် အဆင့်မြင့်လေ့ကျင့်ရေးစခန်းမှကျောင်းသား အားလုံးမှာအခက်အခဲဟူသောအရာအား မကြုံဖူးသည့် နုနယ်သောကလေးများဖြစ်ပေရာ ကျောင်းသားတစ်ယောက်မှ ဤကဲ့သို့လုပ်နိုင်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသော ယန်ဟွေ့နှင့်အခြားလူများမှာ ထိုကိစ္စအားယုံကြည်ရုံမှလွဲ အခြားရွေးချယ်စရာမရှိပေ။
ခံတပ်တစ်ခုလုံး ကျိုးဟောင်အကြောင်းပြောကာ ချီးကျူးနေကြသည့်အချိန်တွင် ကျိုးဟောင်မှာ ရှုလင်နှင့်ယွင်ယန်တို့ဖြင့် တွေ့နေပြီဖြစ်သည်။
ရက်ပေါင်းများစွာလေ့ကျင့်ပြီးနောက် ရှုလင်နှင့်ယွင်ယန်တို့၏ လှပသောမျက်နှာလေးများမှာလည်း ပင်ပန်းနွမ်းနယ်သည့်ပုံပေါ်နေပြီဖြစ်သည်။
ကျိုးဟောင်၏အားအင်အပြည့်နှင့်တောက်ပနေသည့်မျက်နှာကိုမြင်ရသည်မှာ သူမတို့နှစ်ယောက်အတွက်ထူးဆန်းနေပေသည်။
"နင်ဘယ်နားသွားပုန်းနေတာလဲ"
ယွင်ယန်မှာမရေရာသလိုမေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမတို့နှစ်ယောက်လုံးမှာ အားနည်းနေသည့်အခြေအနေကိုရောက်နေသော်လည်း ကျိုးဟောင်မှာတော့ အားအပြည့်နှင့်တက်ကြွနေလေသည်။
ကြည့်ရသည်မှာ သူသည်ဘာအန္တရာယ်ဘာတိုက်ပွဲနှင့်မှ မကြုံခဲ့သည့်ပုံပင်။
"ငါကအဲဒီလိုလူမျိုးလို့ နင်ထင်တာလား"
ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။ ဤယွင်ယန်သည် သူ့အပေါ်၌အနည်းငယ်လောက်ပင် ပို၍အကောင်းမမြင်နိုင်သည်လော။
မမျှော်လင့်ထားစွာပင် ထိုအချိန်၌ရှုလင်မှာလည်း အလေးအနက်ခေါင်းညိတ်ကာပြောလာလေသည်။
"ကျိုးဟောင် နင်တစ်နေရာရာသွားပုန်းလာတာလား"
ဖွီး
ရှုလင်ထံမှထိုစကားအားကြားလိုက်ရသောအခါ ကျိုးဟောင်မှာသွေးအန်တော့မလိုပင်ဖြစ်သွားလေသည်။
"နင်တို့နှစ်ယောက် ငါလုံးဝဒဏ်ရာမရဘဲလျှောက်သွားနေတယ်ဆိုတဲ့အချက်ကို ဒီတိုင်းလေးလက်ခံလိုက်လို့မရဘူးလား"
ကျိုးဟောင်မှာ သူမတို့နှစ်ယောက်ကိုကြည့်ရင်းဘာပြောရမလဲပင်မသိတော့ပေ။ ဤမိန်းကလေး ၂ယောက်မှာ သူ၏ခွန်အား အားလုံးလုံးမယုံကြည်ကြပေ။
...................................................................................
အခန်း(၂၁၆) ပြီးပါပြီ။