အခန်း ၂၁၇-၂၁၉
Vol. 15 Ch. 217-219
အခန်း (၂၁၇) :လွယ်လင့်တကူ လက်ခံနိုင်ဖွယ်မရှိသော
"နင် ဆက်ပြီးကြွားနေလိုက်"
"ဒီနေရာကဘယ်လောက်အန္တရာယ်များတယ်ဆိုတာ ငါတို့မသိဘဲနေမလား"
ကျိုးဟောင်မှာ ယခင်ကသူ၏ခွန်အားအား တစ်ခါထုတ်ပြပြီးပြီဖြစ်သော်လည်း မည်သူမှသူ့အား သန်မာသည်ဟုမမြင်ကြပေ။
ယခုလိုအခြေအနေများတွင် လူအများစုမှာ ကျိုးဟောင်လှည့်ကွက်သုံးသည်ဟုပင်သံသယရှိကြလေသည်။
ယွင်ယန်မှာ ကျိုးဟောင်၌ သေချာပေါက်အင်အားရှိမှန်းယုံကြည်သော်လည်း ကျိုးဟောင်သည် ရှုလင်၊ ကျိယွီဖန်တို့နှင့် အဆင့်အတူလောက်ပဲရှိသည်ဟု သူမစိတ်ထဲခံစားရပေသည်။ ကျိုးဟောင်၏အဆင့်မှာ ရှုလင်နှင့် ကျိယွီဖန်တို့ထက်ပင် နိမ့်နိုင်ပေသေးသည်။
ဤလေ့ကျင့်ရေးကွင်းတွင် ကျိုးဟောင်မဆိုထားနှင့် ရှုလင်နှင့်ကျိယွီဖန်တို့ပင် ဒဏ်ရာမရဘဲလွတ်လွတ်လပ်လပ်မသွားလာနိုင်ပေ။
ကျိုးဟောင်မှာဘာမှမတတ်နိုင်သလိုပင် ခေါင်းယမ်းလိုက်ပြီး ယွင်ယန်နှင့်ထပ်မံငြင်းခုန်ခြင်းမပြုတော့ပေ။
ကျိုးဟောင်၏စိတ်ထဲ၌ အကယ်၍ယွင်ယန်သာ အထွတ်အထိပ်မူလအဆင့်မိစ္ဆာသားရဲတစ်ကောင်အား သူလက်သီးတစ်ချက်တည်းဖြင့်သာ သတ်လိုက်သည်ကိုမြင်ပါက မည်ကဲ့သို့တုံ့ပြန်မလဲဆိုသည်ကိုပင်တွေးတောနေလေသည်။
"ကောင်းပြီ ကောင်းပြီ လျှောက်နောက်မနေနဲ့တော့ ငါတို့ဆုံကြပြီဆိုမှတော့ ဆက်လေ့ကျင့်ကြတာပေါ့"
"ငါတို့ ၃ယောက်သာပူးပေါင်းရင် ငါတို့ရဲ့လုံခြုံမှုကလည်း အများကြီးတိုးလာမှာပဲ အခုဆို အရင်ကအရမ်းအန္တရာယ်များတယ်ဆိုတဲ့နေရာတွေကိုတောင် ငါတို့သွားကြည့်လို့ရပြီ"
ရှုလင်မှာပြောရင်း သူမတို့နှစ်ယောက်အတွက်အစားအစာနှင့်ရေအားထုတ်လိုက်လေသည်။
"အဲဒါကအရမ်းပေါ့လွန်းတယ် ငါတို့တခြားတစ်ခုခုစားကြစို့"
ကျိုးဟောင်မှာ ရှုလင်ကမ်းပေးလာသောရေသန့်နှင့်ဘီစကစ်တို့အားကြည့်ကာ သရော်သည့်ဟန်ဖြင့်ဆိုလိုက်လေသည်။
ထို့နောက် ရှုလင်နှင့်ယွင်ယန်၏မှင်တက်နေသောအကြည့်အောက်တွင်ပင် သူ့ပုံရိပ်မှာတန်း၍ပျောက်ကွယ်သွားပြီး ခွင့်ပြုချက်မရှိ အဖွဲ့ထဲမှထွက်ခွာသွားလေတော့သည်။
"ဟဲ့ နင်ဘယ်သွားတာလဲ...."
ရှုလင်မှာကျိုးဟောင်၏ပျောက်ကွယ်သွားသောပုံရိပ်အားကြည့်ကာ စိတ်ပူသွားသလို စိတ်လည်းဆိုးသွားပေသည်။
ဤနေရာမှာ အန္တရာယ်တို့ဖြင့်ပြည့်နေသောနေရာဟု လူသိများကြပေသည်။
ပုံမှန်အားဖြင့် ကျိုးဟောင်ဤမျှလောက်ရူးသွပ်သည်မှာ သာမန်ဖြစ်သော်လည်းယခုလိုအခြေအနေမျိုးမှာတောင် ဤကဲ့သို့လုပ်ခြင်းကိုတော့ သူမတကယ်ပင်သူ့ခေါင်းအား ကြေမွသွားအောင်ထုပစ်လိုက်ချင်ပေသည်။
ရှုလင်နှင့်ယွင်ယန်မသိခဲ့သည်မှာ ကျိုးဟောင်ယခုလိုပြန်သွားသည်မှာ သူဤနေရာသို့လာသည့်လမ်းတွင် တောဝက်တစ်ကောင်အားတွေ့ခဲ့ခြင်းကြောင့်ဖြစ်လေသည်။
တောဝက်မှာအကောင်ကြီးပြီး အသားမှာအရသာရှိပေသည်။
ကောင်းကင်နှင့်မြေကြီးမှာ သန္ဓေပြောင်းပြီးနောက်ပိုင်း တောဝက်များသည်လည်း သန္ဓေပြောင်းလာပေသည်။
သန္ဓေပြောင်းပြီးနောက် အခြားအပင်များနှင့်တိရစ္ဆာန်များမှာ ပိုမိုကြမ်းကြုတ်လာကြသော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဤတောဝက်များမှာတော့ သန္ဓေပြောင်းပြီးနောက်ပိုင်းတကယ့်ကို ပို၍ပင်အရသာရှိလာခြင်းဖြစ်သည်။
၎င်း၏အသားမှာအလွန်အရသာရှိကာနူးညံ့ပေသည်။ ကင်သည်ဖြစ်စေ မွှေကြော်ကြော်သည်ဖြစ်စေ သို့မဟုတ်ကြော်သည်ဖြစ်စေ အရသာမှာ ထိပ်တန်းပင်ဖြစ်သည်။
ထိုအသားမှာအရသာရှိရုံသာမက ကြွယ်ဝသောသွေးအနှစ်သာရဓာတ်များလည်းပါဝင်ပေရာ တောဝက်အားစားသုံးပါက စားသုံးသူ၏ကျင့်ကြံရေးအရှိန်နှုန်းကိုလည်း တိုးလာစေပေသည်။
အကယ်၍ဤနေရာတွင်အခြားတစ်ယောက်ယောက်ဆိုပါက ရှုလင်နှင့်ယွင်ယန်မှာဂရုစိုက်မည်မဟုတ်ပေ။
သို့သော်ယခုမူ ထိုသူမှာကျိုးဟောင်ဖြစ်နေ၍ သူမတို့ ၂ယောက်မှာအန္တရာယ်ကိုသတိမလျော့ဝံ့ဘဲ နောက်မှအလျင်အမြန်လိုက်သွားရုံသာတတ်နိုင်ပေသည်။
ထူးဆန်းသည်မှာ ကျိုးဟောင်မှာသူမတို့ထက်ခြေတစ်လှမ်းသာ သာနေရမည်ဖြစ်သော်လည်း သူမတို့၂ယောက် သူ့နောက်စလိုက်သည့်အချိန်တွင် ကျိုးဟောင်မှာပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။
သူမတို့ ၂ယောက်မသိလိုက်သည်မှာကျိုးဟောင်မှာ သူမတို့၏မြင်ကွင်းမှပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင်တခြားနေရာသို့တန်းရောက်သွားခြင်းကိုပင်ဖြစ်သည်။ တောဝက်အားဓားတစ်ချက်ဖြင့်သတ်ပြီးနောက် သူ၏ပုံရိပ်မှာဖျက်ခနဲပျောက်ကွယ်သွားပြီး လမ်းတစ်ဝက်တွင် ပြန်ပေါ်လာပြီးရှုလင်နှင့်ယွင်ယန် သူ့အားလာရှာမည်ကို စောင့်ဆိုင်းနေလေသည်။
နာရီဝက်ကြာပြီးနောက် ရှုလင်နှင့်ယွင်ယန်မှာ သတိကြီးစွာသွားရင်း ကျိုးဟောင်ရှိရာသို့ ရောက်ရှိလာကြပေသည်။
"ကျိုးဟောင် နင်အသက်ရှင်ရတာငြီးငွေ့နေပြီလား ဒီလိုအန္တရာယ်များတဲ့နေရာမှာတောင် နင်ဘာလို့ကိုယ့်ဘာသာလျှောက်လုပ်နေတာလဲ တကယ်လို့နင်ဒီလိုထပ်လုပ်ရင် ငါ...."
ရှုလင်မှာပြောရင်းပင် တိုက်ခိုက်တော့မလိုပြင်လိုက်လေသည်။
"ဟေ့ နေဦး နေဦး.....ငါနင့်ကိုအံ့အားသင့်စရာလက်ဆောင်တစ်ခုပေးမယ်"
သူ့အသက်အားကယ်တင်ရန် ကျိုးဟောင်မှာအလျင်အမြန်ပင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်လေသည်။
ကျိုးဟောင်နောက်ရှိတောဝက်အားမြင်။ပြီးနောက် ရှုလင်၏မျက်လုံးများမှာအရောင်တောက်လာပြီး မူလကထွက်နေသောဒေါသမှာလည်း ပျောက်ကွယ်သွားလေသည်။ အနည်းဆုံးတော့ သူမသည်ရှေ့ကိုအပြေးသွားပြီး ကျိုးဟောင်ခေါင်းအားထုချင်စိတ်ကို ချိုးနှိမ်ထားရပေသည်။
ဤလေ့ကျင့်ရေးကွင်း၌ သူတို့၏အသက်မှာ အလွန်အန္တရာယ်ရှိပေသည်။ ကျိုးဟောင်မှာ ယခုထက်ပိုလေးနက်၍မရပေသည်လား။
သို့သော် ယခုလိုတောဝက်တစ်ကောင်ဖြင့်သာဆိုပါက သူမတို့၏အစားအသောက်ပြဿနာမှာ နောက်ဆုံးတွင်ဖြေရှင်းနိုင်သွားပြီဖြစ်သည်။
တောဝက်၏အသားမှာအရသာရှိကြောင်းကို လူတိုင်းသိပေသည်။
တောဝက်များမွေးမြူရာ၌ နေရာအများအပြားကိုအထူးစီမံထားရပေသည်။ တောနက်ထဲတွင် တောဝက်များစွာရှိသော်လည်း မျိုးနွယ်ခြားပေါင်းစုံလည်းရှိပေရာ မည်မျှအစားကြူးသည့်သိုင်းပညာရှင်ပင်ဖြစ်လင့်ကစား မည်သူမှ လက်ဦးမှုယူကာတောနက်ထဲလာရန်ရွေးချယ်မည်မဟုတ်သလို အက်ကွဲကြောင်းအနီးတွင် တောဝက်များအားအမဲလိုက်ဝံ့မည်လည်းမဟုတ်ပေ။
"နင်တကယ်အသားကင်စားချင်တာလား"
စမ်းချောင်းတစ်ခုအနီးရောက်ရှိပြီးနောက် ရှုလင်၏လှပသောမျက်လုံးလေးများ၌ တွေဝေမှုနှင့်လွန်ဆွဲနေမှုတို့ပေါ်လာလေသည်။
ယခုလိုနေရာမျိုးတွင် အသားကင်စားသည်ဆိုသည်မှာ အနည်းငယ်မသင့်တော်သလို ဖြစ်မနေပေလော။
"ဒါကတကယ်ကို နည်းနည်းတော့မသင့်တော်ဘူး...."
ရှူလင်ဘာတွေးနေသည်ကိုသိသည့်အလား ထိုအချိန်မှာပင် ကျိုးဟောင်မှာလည်းစကားပြောလာလေသည်။
ရှုလင်နှင့်ယွင်ယန်မှာလည်း ကျိုးဟောင်ဘက်ကိုကြည့်ကာ သူ၏ဆုံးဖြတ်ချက်အားသိချင်နေကြပေသည်။
"ဒါကတစ်ခုခုလိုနေသေးတယ် တကယ်လို့ဒါကိုဒီတိုင်းကင်လိုက်ရင် အရသာမကောင်းလောက်ဘူး"
ရှုလင်နှင့်ယွင်ယန်မှာ ကျိုးဟောင်အရေးကြီးကိစ္စတစ်ခုခုပြောမည်ဟုထင်လိုက်သည့်အချိန်၌ ယခုလိုအရာမျိုးပြောလာမည်ဟု မထင်ထားခဲ့ပေ။
ကျိုးဟောင်ပြောချင်သောအဓိပ္ပာယ်မှာရှင်းပေသည်။ သူတို့အကင်စားရန် ဆော့စ်နှင့် အသီးအရွက်အချဥ်စိမ်လိုအပ်နေသေးပေသည်။
ကျိုးဟောင်မှာ အလွန်အေးဆေးလှပေသည်။ ယခုနေရာသည်လေ့ကျင့်ရေးကွင်းဖြစ်သော်လည်း သူမတို့လိုကျောင်းသားများအတွက်တော့ ဧကန်မုချ စစ်မြေပြင်ပင်ဖြစ်သည်။
ယခုလိုစစ်မြေပြင်၌ လူတစ်ယောက်မှာ ဆော့စ်နှင့်ပတ်သက်၍ စိုးရိမ်နေသင့်သည်လော။
၎င်းမှာ လွယ်လင့်တကူလက်ခံနိုင်ဖွယ်မရှိပေ။
"ငါဆားကြမ်းကနေ ဆားရအောင် ဆားရေကန်ကိုသွားလိုက်မယ် နင်တို့နှစ်ယောက်က တောငရုတ်သီးနည်းနည်းသွားခူးကြ"
ကျိုးဟောင်မှာရှုလင်နှင့်ယွင်ယန်အတွက် တာဝန်များပင်စီစဉ်ပေးနေပြီး တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်သည်လည်း ဆားကြမ်းရှာရန်ထွက်သွားပြီဖြစ်သည်။
ရှုလင်နှင့်ယွင်ယန်မှာကြက်သေသေနေကြလေသည်။ ဒီကောင်မှာ တကယ့်ကိုတရားလွန်သထက်လွန်လာပြီဖြစ်သည်။
....................................................................................
အခန်း(၂၁၇) ပြီးပါပြီ။
အခန်း (၂၁၈) ဒီကောင်ကအရမ်း စောင်းကြွတာပဲ
ကျိုးဟောင်မပေါ်လာမီက ရှုလင်နှင့်ယွင်ယန်မှာလေ့ကျင့်ရေးကွင်းတွင် အလွန်ကောင်းမွန်စွာစားရရန် စိတ်ပင်မကူးဝံ့ခဲ့ကြပေ။
ရှုလင်မှာ ကျိုးဟောင်အားစိတ်ပျက်နေသောအမူအရာဖြင့် ကြည့်နေလေသည်။
"နင်နည်းနည်းလေးလောက် ပိုပြီးသတိဝီရိယနဲ့နေလို့မရဘူးလား ဘယ်လိုဖြစ်ဖြစ် ဒါကအရမ်းအန္တရာယ်များတဲ့လေ့ကျင့်ရေးနေရာနော်"
ရှုလင်မှာ မြိန်ရေရှက်ရေစားနေသောကျိုးဟောင်အားကြည့်ကာ စိတ်ဆိုးစွာပြောလိုက်သည်။
လေ့ကျင့်ရေးဧရိယာထဲသို့ သူမတို့စတင်ဝင်ရောက်လာကတည်းက ကျောင်းသားအားလုံးမှာ ဂရုမစိုက်မိပါက သူတို့၏အသက်အားဆုံးရှုံးရမည်ကို ကြောက်ရွံ့ကာ စိတ်ဖိစီးနေကြပေသည်။အချို့လူများဆိုလျှင် အကြောက်လွန်နေ၍ မစရသေးမီမှာပင် ခြေထောက်များမှာ အားမရှိသကဲ့သို့ ပျော့ခွေနေကြပေသည်။
ဤကဲ့သို့သောအခြေအနေတွင်တောင် ဒီကောင်မှာ စိုးရိမ်စရာဟူသည်မှာ ဘာမှန်းမသိသေးပေ။
ကျိုးဟောင်၏သာယာနေသောပုံအားမြင်ပါက မသိသူများမှာအပျော်ခရီးထွက်ရန် ဤနေရာသို့ရောက်လာသည်ဟုပင်ထင်နိုင်ပေသည်။
ကျိုးဟောင်မှာ ဂရုမစိုက်တတ်ပေခြင်းလား သို့မဟုတ် သူ၏တွေးခေါ်ပုံမှာပုံမှန်မဟုတ်ခြင်းလားဆိုသည်ကို သူမတို့တကယ်ကိုမသိတော့ပေ။
"ငါကအမြဲတမ်း အရမ်းသတိရှိတဲ့လူပါနော်"
ကျိုးဟောင်မှာ အစားမပြတ်ဘဲအေးဆေးပင်ပြန်ပြောလိုက်လေသည်။
ထိုစကားအားကြားသောအခါ ရှုလင်နှင့်ယွင်ယန်တို့မှာဘာပြန်ပြောရမလဲပင် မသိကြတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ကျိုးဟောင်မှာ လုံးဝကိုစိတ်အေးလက်အေးရှိနေ၍ပင်ဖြစ်သည်။
ကျိုးဟောင်မှာ သူမတို့ ၂ယောက် ထိုနေရာတွင်မလှုပ်မယှက်ရပ်နေသေးသည်ကိုကြည့်ပြီး အလျင်အမြန်ပင်ခေါ်လိုက်လေသည်။
"နင်တို့နှစ်ယောက်လည်းလာစားကြ ဒါအရမ်းအရသာရှိတယ်"
ကျိုးဟောင်မှာစကားဆုံးသည်နှင့် အသားနှစ်ပိုင်းပိုင်းကာ သူမတို့ ၂ယောက်အားကမ်းပေးလိုက်လေသည်။
ရှုလင်နှင့်ယွင်ယန်တို့မှာ သူမတို့လက်ထဲရှိ အဆီတဝင်းဝင်းနှင့် မွှေးပျံ့နေသောအသားအား ကြည့်နေကြလေသည်။သူမတို့နှစ်ယောက်သည် အချင်းချင်း ထုတ်မပြောသော်လည်း နားလည်ဟန်မျိုးဖြင့်ကြည့်ကာ မနေနိုင်ဘဲတံတွေးမျိုချလိုက်မိလေသည်။
ကျိုးဟောင်၏စိတ်အေးလက်အေးဖြစ်သောစိတ်မှာကူးစက်တတ်ပုံပင် ကျိုးဟောင်၏ကျေနပ်နေသောအမူအရာကိုကြည့်ပြီး ရှုလင်နှင့်ယွင်ယန်တို့မှာလည်း စိတ်အေးလက်အေးဖြင့်စတင်စားသောက်ကြလေတော့သည်။
အသားကင်၏အနံ့မှာ အလွန်ပင်မွှေးပျံ့ပေသည်။
ချောက်ကမ်းပါးတစ်ခုပေါ်ရှိ အဖြူရောင်သုတေသနဝတ်စုံဖြင့်လှပသောပုံရိပ်တစ်ခုမှာ မျက်လုံးများအားမှေးစင်းရင်း အောက်သို့ကြည့်နေပေသည်။
နိုးနိုးကြားကြားမရှိဘဲ အစားကိုသာအာရုံစိုက်နေသော အောက်ဘက်ရှိကျောင်းသား ၃ယောက်အားကြည့်ရင်း သူမ၏အမူအရာမှာမဲမှောင်သွားလေသည်။
ထိုအမျိုးသမီး၏နာမည်မှာ စုမုန့်ယင်းဖြစ်ပြီး သူမသည် ၇ခုမြောက်ရှေ့တန်းအခြေစိုက်စခန်းမှဖြစ်သည်။ သူမသည် ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးကျောင်း၏ လက်ထောက်တာဝန်ခံလည်းဖြစ်သည်။
ဒီတစ်လျှောက်လုံး သူမသည်သိုင်းပညာရှင်လက်နက်များအား သုတေသနလုပ်နေခြင်းဖြစ်သည်။
ယခုတစ်ကြိမ် ကျောင်းတွင်သာမန်ထက်အလွန်အမင်းထူးချွန်သောကျောင်းသားတစ်ယောက် ပေါ်လာသည်ဟူသောသတင်းအားကြားပြီးနောက် သူမ၏သိလိုစိတ်အားထိန်းမရဘဲ လူကိုယ်တိုင်လာရောက်စစ်ဆေးခြင်းဖြစ်သည်။ အဆုံး၌ သူမကြားခဲ့ရသောစကားများအား သံသယဝင်စေသောမြင်ကွင်းအားမြင်တွေ့လိုက်ရလေသည်။
ဤလေ့ကျင့်ရေး၏ခက်ခဲမှုမှာ အလွန်နိမ့်ကျနေ၍ ထိုကျောင်းသားအဖွဲ့မှာ အလွန်စိတ်ဝင်စားမှုမရှိခြင်းလား ဟုပင်သူမသံသယဝင်လာမိလေသည်။
သို့သော် သူမသည်ချက်ချင်းဆိုသလိုပင် ထိုအတွေးအားငြင်းပယ်လိုက်သည်။
ယခင်ကဤအရာကိုကြုံတွေ့ဖူးသောလူတစ်ယောက်အနေနှင့် သူမလည်းအရင်ကယခုကဲ့သို့သောလေ့ကျင့်ရေးတွင်ပါဝင်ခဲ့ဖူးပြီး ၎င်းမှာမည်မျှအန္တရာယ်များကြောင်း ကောင်းကောင်းသိပေသည်။ ယခုသူမစဉ်းစားကြည့်လိုက်ချိန်တွင် သူမတုန်းကလည်းအချိန်ကြာမြင့်စွာကြောက်ရွံ့နေမှုမျိုးမရှိခဲ့သည်ကို သူမရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။
ထို့အပြင် ယခုအချိန်တွင် တစ်ကမ္ဘာလုံး၏အခြေအနေမှာ ပိုမိုပြင်းထန်လာပြီး အက်ကွဲကြောင်းများမှာလည်း ပိုပိုအန္တရာယ်များလာပြီဖြစ်သည်။
ကျိုးဟောင်နှင့်ပတ်သက်ပြီး ယန်ဟွေ့နှင့်အခြားလူများ၏ ဖော်ပြချက်ကိုတော့ သူမလုံးဝမယုံကြည်ပေ။
အဆင့်မြင့်လေ့ကျင့်ရေးစခန်းမှ ဂျူနီယာတစ်ယောက်မှာ မည်မျှပင်စွမ်းအားကြီးသည်ဖြစ်စေ သူတို့၏ခွန်အားမှာ အကန့်အသတ်ရှိဆဲပင်။ မရေမတွက်နိုင်သော သေရေရှင်ရေးအခြေအနေများကိုကြုံတွေ့ခဲ့ရသော လူဟောင်းများထက် ဂျူနီယာတစ်ယောက်ကပိုမိုသန်မာရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
ကျိုးဟောင်မှာ အဆင့်တူမိစ္ဆာသားရဲ ၃ကောင်၏ဝန်းရံခြင်းကိုခံရသည့်အချိန်မှာတောင်တည်ငြိမ်နေဆဲဟူသောစကားအားကြားလိုက်ရသည့်အချိန်တွင် သူမသည်အကျယ်ကြီးအော်ရယ်မိမလိုပင်ဖြစ်သွားပေသည်။
ယခု သူမမြင်ရသည့်မြင်ကွင်းအရ ကျိုးဟောင်မှာအလွန်အဆင်အခြင်မဲ့သလိုခံစားရပေသည်။
သူမသည်ကျိုးဟောင်အတွက် လက်ဆောင်အများကြီးပြင်ဆင်ထားပြီးပြီဖြစ်ပြီး နောက်ဆက်တွဲမှာတော့ကျိုးဟောင်၏လုပ်ဆောင်ချက်ပေါ်တွင်သာ မူတည်ပေတော့သည်။
သူတို့အသက်ရှင်မရှင်ဆိုသည်မှာ သူတို့၏တိုက်ပွဲအပေါ်တွင်သာ မူတည်ပေတော့သည်။
စမ်းချောင်းဘေး၌ ကျိုးဟောင်မှာစားသောက်ပြီးနောက် သူ၏မျက်နှာထက်အဓိပ္ပာယ်ပါသောအပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။
ဤနေရာနှင့် သိပ်မဝေးသောအကွာအဝေး၌ အထွတ်အထိပ်ဆရာသခင်အဆင့်ရှိသော ပေတစ်ရာတီကောင်မှာ သူတို့၏အနံ့နောက် လိုက်နေမှန်းကို သူသေချာပေါက်သိပေသည်။
"နင်ဘာရယ်နေတာလဲ"
ရှုလင်မှာကျိုးဟောင်၏အပြုံးကြောင့်ကြက်သေသေသွားပြီး သူ့အားထပ်ပြီး နားမလည်ပေးနိုင်တော့သလိုပင် ခံစားလိုက်ရလေသည်။
ကျိုးဟောင် လေ့ကျင့်ရေးဧရိယာတွင်ပျင်းရိနေသည်မှာ ပုံမှန်ဖြစ်သော်လည်း ယခုတွင် သူသည်အကြောင်းပြချက်မရှိရယ်ပင်ရယ်နေပေသည်။
"သူသေချာပေါက် မကောင်းတာတစ်ခုခုစီစဉ်နေတာနေမှာ"
ယွင်ယန်မှာ ကျိုးဟောင်အားကြည့်ကာ အလေးအနက်ပင်ပြောလိုက်သည်။
"ဖွီ နင်ကငါ့ကိုအဲဒီလိုထင်တာလား"
ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။ ယွင်ယန်မှာယခုလိုပုံစံဖြစ်မှန်း သူယခင်ကမသိခဲ့ပေ။
ယွင်ယန်တစ်ယောက် တောဝက်သားအစားများသွားပြီး တုံးအသွားခြင်းပေလားဆိုသည်ကို သူမဝေခွဲတတ်တော့ပေ။
"သတိထား အန္တရာယ်ရှိတဲ့အငွေ့အသက်တစ်ခုချဉ်းကပ်လာနေတာကို ငါခံစားမိတယ်"
ရှုလင်မှာသူမလက်ထဲရှိ စားကောင်းသောက်ဖွယ်ကိုချပြီးလက်နက်ကိုထုတ်ကာ ပတ်ဝန်းကျင်အားသတိရှိရှိစူးစမ်းနေသည်။
ပုံမှန်အားဖြင့် သူမ၏အာရုံခံမှုမှာအလွန်တိကျပေသည်။ ယခင်က သူမနှင့်ယွင်ယန်၂ယောက်အတူလှုပ်ရှားစဉ်က သူမသည်အန္တရာယ်ကိုအကြိမ်ပေါင်းများစွာအာရုံခံမိခဲ့ပြီး ကြိုတင်ရှောင်ရှားနိုင်ခဲ့ပေသည်။
"တစ်ခုခုတော့မှားနေပြီ"
ယွင်ယန်မှာလည်းလေးနက်လာပြီး သူမတို့ ၂ယောက်လုံး၏တုံ့ပြန်မှုမှာ မနှေးပေ။
ကျိုးဟောင်မှာမူ သူမတို့၂ယောက်၏ တုံ့ပြန်မှုအားလုံးဝမအံ့ဩပေ။ အကယ်၍ သူမတို့သာအထွတ်အထိပ်ဆရာသခင်အဆင့် ပေတစ်ရာတီကောင်ချဉ်းကပ်လာသည်ကို သတိမရှိပါက သူတို့လေ့ကျင့်လာခဲ့သမျှမှာ အချည်းနှီးပင်။
"အဲဒါ....ဘာကြီးလဲ"
သိပ်မဝေးသောအကွာအဝေးတွင်ရှိသော ကြီးမားသောအင်းဆက်မျိုးနွယ်မှ သတ္တဝါအားကြည့်ကာ ယွင်ယန်မှာကြက်သေသေနေလေသည်။
"ပြေး ဒါကအထွတ်အထိပ်ဆရာသခင်အဆင့် ပေတစ်ရာတီကောင်ပဲ"
ယွင်ယန်နှင့်ယှဉ်ပါက ရှုလင်မှာအလွန်လျင်မြန်စွာတုံ့ပြန်ပြီး ချက်ချင်းဆိုသလိုပင်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေသည်။
"ပြေးလို့မရဘူး သူကငါတို့ထက်မြန်တယ်"
ကျိုးဟောင်မှာ ဂရုမစိုက်သလိုပုံနှင့် ဖြည်းညှင်းစွာပြောလိုက်သည်။
ပေတစ်ရာတီကောင်မှာ သေချာပေါက်ယွင်ယန်နှင့်ရှုလင်တို့ထက်ပိုမြန်သော်လည်း သူ့ထက်တော့မမြန်နိုင်ပေ။ သို့သော်ထိုအကြောင်းအား ကျိုးဟောင်မှာထုတ်မပြောပေ။
"တိုက်ပွဲအတွက် ပြင်ဆင်ကြစို့"
ရှုလင်မှာအားကြီးသောရန်သူနှင့်ရင်ဆိုင်နေရသည့်အလား ခါးသီးသောအမူအရာတစ်ခုပေါ်လာလေသည်။ ဤပေတစ်ရာတီကောင်သည် ဘာကြောင့်ဤနေရာတွင်ပေါ်လာမှန်းသူမ မသိသော်လည်း ထိုသတ္တဝါအား အားကုန်သုံးတိုက်ရမည်ဆိုတာကိုတော့ သူမသိပေသည်။
ယွင်ယန်မှာတွေဝေမနေဘဲ ချက်ချင်းပင်တိုက်ခိုက်ရန်ပြင်လိုက်လေသည်။
ချောက်ကမ်းပါးပေါ်ရှိ စုမုန့်ယင်းမှာထိုမြင်ကွင်းအားကြည့်ကာ ခေါင်းညိတ်လိုက်မိသည်။
ကျိုးဟောင်နှင့်အခြား ၂ယောက်၏လုပ်ဆောင်ချက်မှာ သာမန်သာရှိသည်ဟုမှတ်ယူနိုင်ပေသည်။
သို့သော် သူတို့၏ခွန်အားဖြင့် အထွတ်အထိပ်ဆရာသခင်အဆင့် ပေတစ်ရာတီကောင်အားထိပ်တိုက်ရင်ဆိုင်ရန်မှာလုံးဝမဖြစ်နိုင်ပေ။
အကယ်၍အထူးနည်းလမ်းများမရှိပါက သူတို့၃ယောက်၏ လေ့ကျင့်ရေးမှာဤနေရာတွင် အဆုံးသတ်သွားပေလိမ့်မည်။
သူမသည် သူတို့ ၃ယောက်အားအန္တရာယ်တောထဲကျရောက်ခွင့်မပြုနိုင်သော်လည်း အကယ်၍သူမသာကြားဝင်နှောင့်ယှက်လိုက်ပါက သူတို့ ၃ယောက်သည်လည်း ထုတ်ပယ်ခံရပေလိမ့်မည်။
....................................................................................
အခန်း(၂၁၈) ပြီးပါပြီ။
အခန်း (၂၁၉) : တချက်တည်းဖြင့်သတ်ဖြတ်ခြင်း
"ကျိုးဟောင် နင်ဘာလုပ်နေတာလဲ မြန်မြန်ပြန်လာခဲ့"
ကျိုးဟောင်မှာပုဆိန်အားထုတ်ပြီး တကယ်ကြီး ပေတစ်ရာတီကောင်အားသတ်ရန် ဦးဆောင်ဝင်သွားသည်ကိုမြင်လိုက်ရသောအခါ ရှုလင်မှာစိုးရိမ်တကြီးအော်လိုက်လေသည်။
ယွင်ယန်မှာလည်း ထိတ်လန့်သွားလေသည်။
ရွှီ!
"ဘာရယ်"
သို့သော်ရှုလင်နှင့်ယွင်ယန်တို့၏စိတ်ပူမှုတို့မှာ ခဏအတွင်းပင်ပျောက်ကွယ်သွားလေသည်။ချက်ချင်းဆိုသလိုပင် သူမတို့နှစ်ယောက်သည်သူမတို့သွားရာလမ်းမှာပင်ရပ်တန့်သွားပြီး ထိတ်လန့်သွားကြလေသည်။
ကျိုးဟောင်၏ပုံရိပ်မှာ အလင်းတစ္ဆေတစ်ကောင်ပမာ ပေတစ်ရာတီကောင်၏အနားတွင် ၃ကြိမ်တိုင်ဖျက်ခနဲပေါ်လာပြီး လခြမ်းသဏ္ဍာန်ပုဆိန်အလင်း ၃ခုအားဖန်တီးလိုက်ပေသည်။
ထို့နောက်ကြီးမားသောပေတစ်ရာတီကောင်ကြီးမှာ ကျိုးဟောင်လက်ချက်ဖြင့် အပိုင်းပိုင်းဖြတ်ခံရပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။
ရှုလင်နှင့်ယွင်ယန်မှာ ထိုမြင်ကွင်းအားကြည့်ကာ တံတွေးပင်မျိုချလိုက်မိလေသည်။ သူမတို့ ၂ယောက်လုံးမှာထိတ်လန့်လွန်း၍ တုတ်တုတ်မျှပင်မလှုပ်နိုင်တော့ပေ။ သူမတို့၏နှုတ်ခမ်းများမှာလည်း အာစေးမိထားသကဲ့သို့ မည်သည့်စကားတစ်ခွန်းမှထွက်မလာနိုင်ပေ။
အထွတ်အထိပ်ဆရာသခင်အဆင့်ရှိသော ပေတစ်ရာတီကောင်မှာ တကယ်ကြီး ကျိုးဟောင်၏လှုပ်ရှားမှုတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရပေသည်။
နောက်ဆုံးတစ်ခေါက်စမ်းသပ်မှုတွင် ကျိုးဟောင်မှာ သူ၏ခွန်အားအားထုတ်မပြခဲ့သော်လည်း ကျိုးဟောင်မှာသေချာပေါက်အားမနည်းမှန်းတော့ သူတို့သိပေသည်။ မဟုတ်ပါက လပတ်ပြိုင်ပွဲတွင် ကျိုးဟောင်မှာပထမနေရာအား အရယူနိုင်မည်မဟုတ်ပေ။
သို့သော် အစောပိုင်းကကျိုးဟောင်ထုတ်ပြခဲ့သော တိုက်ပွဲစွမ်းအားမှာ သူမတို့မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်နေပေသည်။
မည်သို့ပင်ဖြစ်စေ သူသည်အထွတ်အထိပ်ဆရာသခင်အဆင့်ပေတစ်ရာတီကောင်အား ချက်ချင်းသတ်ပစ်ခဲ့ပေသည်။
ချောက်ကမ်းပါးပေါ်ရှိ စုမုန့်ယင်း၏ခန္ဓာကိုယ်မှာ ထိတ်လန့်မှုကြောင့် တုန်ယင်နေပေသည်။
မူလကသူမသည် ထိုအဖွဲ့အားမကယ်တင်မီ ကျိုးဟောင်နှင့်အခြား ၂ယောက် ပေတစ်ရာတီကောင်၏တိုက်ခိုက်မှုအား ခံနေရသည်ကိုစောင့်ကြည့်လိုခြင်းဖြစ်သည်။ ကျိုးဟောင်မှာ ပေတစ်ရာတီကောင်အား ချက်ချင်းသတ်ပစ်လိုက်မည်ဟု သူမလည်းမမျှော်လင့်ထားခဲ့ပေ။
ယွင်ယန်နှင့်ရှုလင်မှာသတိမထားမိသော်လည်း သူမကတော့သတိထားမိခဲ့ပေသည်။
အစောပိုင်းကတိုက်ခိုက်မှုတွင် ကျိုးဟောင်သည်ပုဆိန်အား ၃ကြိမ်သာလွှဲခဲ့ခြင်းမဟုတ်ဘဲ အချိန်တိုအတွင်း ၇ကြိမ်တိတိလွှဲကာ ပေတစ်ရာတီကောင်အား နေရာ၌ပင် အပိုင်းပိုင်းပြတ်တောက်သွားစေခဲ့ခြင်းဖြစ်သည်။
သို့သော် ရှုလင်နှင့်ယွင်ယန်အမြင်မှားသကဲ့သို့ လှပသောဒုတာဝန်ခံ၏အမြင်မှာလည်းမှားပေသည်။
ကျိုးဟောင်မှာအစောပိုင်းက သူ၏ပုဆိန်အား ၇ကြိမ်လွှဲခဲ့ခြင်းမဟုတ်ဘဲ တစ်ခဏအတွင်း ၄၄ကြိမ်လွှဲကာ ပေတစ်ရာတီကောင်အား အပိုင်းပိုင်းခုတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ပေတစ်ရာတီကောင်အားသတ်ပြီးနောက် ကျိုးဟောင်မှာမထူးဆန်းသလိုပင် လက်ယမ်းပြလိုက်သည်။
"နင်တို့တွေဒီလောက်အံ့သြနေစရာလိုလို့လား ငါသာမန်ထက်ထူးခြားတာတစ်ခုခုလုပ်မိလိုက်တာလည်းမဟုတ်ပါဘူး"
ယွင်ယန်နှင့်ရှုလင်၏ ထိတ်လန့်နေသောပုံစံကိုကြည့်ကာကျိုးဟောင်မှာမထူးဆန်းသလိုပင်ပြောလိုက်သည်။
"ငါပြောမယ် နင်အရမ်းစောင်းကြွလွန်းနေတာမဟုတ်ဘူးလား"
ကျိုးဟောင်ထံမှစကားသံအားကြားပြီး ချက်ချင်းဆိုသလိုပင်ရှုလင်မှ စိတ်ဆိုးစွာပြန်ပြောလိုက်လေသည်။
သူမတို့ရှေ့ရှိမြင်ကွင်းမှာထိတ်လန့်စရာကောင်းလွန်းပြီး စကားဖြင့်ဖော်ပြ၍တောင်မရပေ။
ပုံမှန်အခြေအနေတွင် သူတို့၃ယောက်မှာ ပေတစ်ရာတီကောင်၏လက်မှမလွတ်မြောက်နိုင်ပေ။
သို့သော်ယခုတွင်မူကျိုးဟောင်မှာတကယ်ကြီး တစ်ချက်တည်းဖြင့် ဤပေတစ်ရာတီကောင်အားသတ်ခဲ့ပေသည်။
ရှုလင်နှင့်ယွင်ယန်မှာယခင်က ကျိုးဟောင်အား ပုံမှန်ထက်ပိုအထင်ကြီးမိသည်ဟုတွေးခဲ့ခြင်းဖြစ်သော်လည်း ယခုမူသူမတို့သည် ကျိုးဟောင်အား လျှော့တွက်မိခဲ့ခြင်းသာဖြစ်ကြောင်းကို သဘောပေါက်သွားပြီဖြစ်သည်။
ယွင်ယန်လိုမဟုတ်ဘဲ ရှုလင်မှာထိတ်လန့်ကာပျော်လည်းပျော်သလို သူမစိတ်ထဲတွင် အမည်ဖော်မရသောခံစားချက်တစ်ခုကိုလည်းခံစားနေရပေသည်။
ကျိုးဟောင် ထိုကောင်စုတ်လေးမှာ တကယ်ပင်သူမအားထပ်မံလှည့်စားပြန်ပြီဖြစ်သည်။
"ကျိုးဟောင် နင်ဘယ်တုန်းကဒီလောက်ထိစွမ်းအားကြီးလာမှန်း ငါဘာလို့မသိရတာလဲ ဟမ်"
ရှုလင်မှာရှေ့တိုးကာ ကျိုးဟောင်၏နားရွက်အားဆွဲပြီးထူးဆန်းသောလေသံဖြင့်မေးလိုက်သည်။
ကျိုးဟောင်မှာ ရှုလင်အား
"နင်မှတစ်ခါမှမမေးတာ"
ဟုခွန်းတုံ့ပြန်ချင်သော်လည်း ဘာမှပြန်မပြောရန်သာဆုံးဖြတ်လိုက်ပေသည်။
ယခုအချိန်တွင် တောင်းပန်လိုက်သည်ကပို၍သင့်တော်ပေသည်။
"ဟီးဟီး ငါကဒီတိုင်းနင့်ကိုအံ့ဩစေချင်လို့ပါ"
ကျိုးဟောင်မှာယခင်ကလောက် တက်တက်ကြွကြွမရှိဘဲ ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူရဲကောင်းတစ်ယောက်ပင် မိန်းမလှလေးအားမလွန်ဆန်နိုင်ပေ။
"အံ့ဩစေချင်လို့ဟုတ်လား.. ငါကတော့လန့်သေစေချင်တယ်ထင်တာပဲ"
ကျိုးဟောင်၏စကားမှာ ရှုလင်အားအောင်မြင်စွာချွေးသိပ်လိုက်နိုင်ပေသည်။ သူမ၏အသံအနေအထားမှာပျော့ပျောင်းသွားပြီး သူ့အားဆက်ပြီးနားမပူတော့ပေ။
ပေတစ်ရာတီကောင်၏ကိုယ်ပေါ်ရှိပစ္စည်းများအား ကိုင်တွယ်ပြီးသည်အထိ ရှုလင်နှင့်ယွင်ယန်၏မှာထိတ်လန့်မှုမှာမပြေသေးပေ။
"ကျိုးဟောင် နင်ဒီလောက်စွမ်းအားကြီးလာအောင် ဘယ်လိုလေ့ကျင့်ခဲ့တာလဲ"
ယွင်ယန်မှာ အလွန်အံ့သြထိတ်လန့်နေပြီး အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်နိုင်သေးပေ။
သူမတို့ ၃ယောက်လမ်းလျှောက်လာသည်မှာ အတော်ဝေးဝေးကိုရောက်နေပြီဖြစ်သော်လည်း သူမကတော့သိလိုစိတ်ပြင်းပြစွာဖြင့် မေးနေဆဲပင်။
ကျိုးဟောင်မှာ ရှုလင်နှင့်ကျိယွီဖန်ကဲ့သို့အထူးခန္ဓာကိုယ်မရှိသကဲ့သို့ ထူးခြားသောသွေးမျိုးရိုးလည်းမရှိပေ။ သူ့လိုလူမျိုးအတွက် ယခုလိုအဆင့်ရောက်ဖို့ဆိုသည်မှာ မလွယ်ကူပေ။
"ဟုတ်တယ် ငါသိသလောက်နင်ကြိုးကြိုးစားစားကျင့်ကြံနေတာမျိုးမြင်ရခဲတယ်"
ရှုလင်မှာလည်း အလွန်ပင်ပဟေဠိဖြစ်နေလေသည်။ မည်သို့ပင်ဖြစ်စေ သူမကျိုးဟောင်ကိုသွားရှာချိန်တိုင်း သူသည်အမြဲတမ်း ပျင်းရိပျင်းတွဲနေနေတာဖြစ်သည်။
"ငါတကယ် မကျင့်ကြံခဲ့ပါဘူး...."
ကျိုးဟောင်မှာ အမှန်အတိုင်းပြောခြင်းဖြစ်သည်။ သူ၏ခွန်အားမှာ အလွန်နက်ရှိုင်းပြီးသိပ်သည်းသောအုတ်မြစ်နှင့် သူ၏လက်ရှိကောင်းကင်ဘုံအဆင့်ကျင့်ကြံရေးသိုင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကျိုးဟောင်မှာ တကယ်ကိုပင် အပြင်းအထန်ကျင့်ကြံခဲ့ခြင်းမျိုးမရှိပေ။
သူဤမျှလောက်အထိစွမ်းအားကြီးနေရသောအကြောင်းအရင်းမှာ ရိုးရှင်းပေသည်။အခြေခံအားဖြင့် သူသည်အခြားကျင့်ကြံသူများနှင့်ယှဉ်ပါက မတူညီသောဘုံအဆင့်တစ်ခုကိုရောက်နေ၍ဖြစ်သည်။
"အမယ်လေး သူထပ်ပြီးမာန်တက်လာပြန်ပြီ"
ယွင်ယန်မှာ ခေါင်းကိုက်လာသလိုပင်ခံစားလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူမတို့၂ယောက်သည် ကျိုးဟောင်အားမေးခွန်းပေါင်းများစွာမေးခဲ့ပြီး ကျိုးဟောင်မှာ မေးခွန်းတိုင်းအားမာန်တက်နေသောပုံစံဖြင့်သာ ဖြေနေလေသည်။
ကျိုးဟောင်မှာလွဲချော်နေသလိုခံစားနေရပေသည်။ သူသည်သေချာပေါက်အမှန်တိုင်းပြောနေခြင်းဖြစ်သော်လည်း ကိစ္စအများစုမှာအလွန်မယုံကြည်နိုင်ဖွယ်ရာဖြစ်နေ၍ ရှုလင်နှင့်ယွင်ယန်မှာ သူ့အားလုံးဝမယုံကြည်ကြပေ။
ယခုခေတ်အချိန်အခါတွင် မည်သူမျှအမှန်တရားကိုမယုံကြည်ကြပေ။
"ငါတို့တော့ထပ်ပြီး ဒုက္ခရောက်ပြီ"
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကျိုးဟောင်မှာရုတ်တရက် ရပ်တန့်သွားလေသည်။
စင်စစ်တွင် အဝေးရှိကျောက်နက်ဝက်ဝံဘုရင်အား သူခံစားမိသည်မှာကြာလှပြီဖြစ်သည်။
"ဒီတစ်ခေါက်အကောင်ကိုတော့ နင်တို့ယူသင့်တယ်"
အစောပိုင်းကပေတစ်ရာတီကောင်မှာ အဆိပ်ရှိပြီးအလွန်အန္တရာယ်များ၍သာ သူချက်ချင်းသတ်ပစ်ခဲ့ခြင်းဖြစ်သည်။
ယခုဤကျောက်နက်ဝက်ဝံဘုရင်မှာ အန္တရာယ်များသော်လည်း အဆိပ်မရှိပေရာ ၎င်းမှာယွင်ယန်နှင့်ရှုလင် လေ့ကျင့်ဖို့ရာအလွန်သင့်တော်ပေသည်။
"ဘာကိုယူရမှာ"
ရှုလင်၏လှပသောမျက်နှာလေးတွင် ရှုပ်ထွေးသွားသောအမူအရာပေါ်လာလေသည်။
သူမ၏ပတ်ဝန်းကျင်တွင် ဘာကိုမှမခံစားမိပေ။
တစ်ဖက်တွင်ယွင်ယန်မှာ ကျိုးဟောင်အားမေးတော့မည့်ဆဲဆဲမှာပင် သူမသည်ချက်ချင်းဆိုသလိုပင်သတိဝင်လာလေသည်။
မဝေးသောအကွာအဝေးတွင် စည်ပိုင်းအရွယ်အစားရှိသောကျောက်နက်ဝက်ဝံတစ်ကောင်မှာ သိပ်သည်းသောအငွေ့အသက်ဖြင့် သူမတို့ရှိရာဆီ တစ်လှမ်းခြင်းလှမ်းလာနေပေသည်။
....................................................................................
အခန်း(၂၁၉) ပြီးပါပြီ။