← Chapters

အခန်း ၂၂၀-၂၂၂

Vol. 15 Ch. 220-222

အခန်း ၂၂၀-၂၂၂

Vol. 15 Ch. 220-222

အခန်း (၂၂၀) : အရမ်း မကောင်းဆိုးဝါးဆန်လွန်းတယ်

ဤသတ္တဝါမှာလည်း အထွတ်အထိပ်ဆရာသခင်အဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်သည်။

သို့သော်၎င်းမှာ သူ၏အငွေအသက်အားမည်ကဲ့သို့ဖုံးကွယ်ရမည်ဆိုသည်ကို သင်ယူထားပေရာ အစောပိုင်းကဤသားရဲ၏တည်ရှိမှုအား သူတို့လုံးဝမခံစားမိသည်မှာ မထူးဆန်းပေ။

စုမုန့်ယင်းသည်လည်း သူတို့နောက်မှလိုက်ပါလာလေသည်။

သူမသည်ကျိုးဟောင်၏တကယ့်အဆင့်အားစမ်းသပ်ရန် အနီးနားရှိမိစ္ဆာသားရဲပေါင်းများစွာအားဖမ်းခဲ့ပေသည်။

အစောပိုင်းက ကျိုးဟောင်သုံးခဲ့သောလျှို့ဝှက်ပုဆိန်သိုင်းမှာ သူမအားလုံးဝစိတ်မအေးနိုင်အောင် လုပ်နေပေသည်။

ဤကောင်လေးမှာ တကယ့်ကိုမကောင်းဆိုးဝါးဆန်လွန်းပေသည်။

လမ်းတွင် သူမသည်ကျိုးဟောင်၏ကိုယ်ရေးအချက်အလက်အား စစ်ဆေးခဲ့ပြီးပြီဖြစ်သည်။

ကျိုးဟောင်၏ကိုယ်ရေးအချက်အလက်အရ သူမသည်အလွန်တိကျသောကောက်ချက်တစ်ခု ထုတ်နိုင်ပေသည်။ ၎င်းမှာ ကျိုးဟောင်သည်သာမန်လူတစ်ယောက်သာဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။

စာရင်းသွင်းခြင်းမှ အခြေစိုက်စခန်း၏အဆင့်မြင့်လေ့ကျင့်ရေးစခန်းအား ဝင်ရောက်သည်အထိ အားလုံးသာမန်ပင်ဖြစ်သည်။

ပြီးခဲ့သည့်လပတ်ပြိုင်ပွဲအဆုံးမသတ်မီအထိ ကျိုးဟောင်မှာမည်သည့်ထူးချွန်မှုမျိုးကိုမှမပြခဲ့သည့်အပြင် သူ၏အဆင့်မှာအောက်ဆုံးတွင်ပင်ရှိနေပေသည်။

သို့သော် အစောကပိုင်းကကျိုးဟောင်၏လန့်လောက်စရာခွန်အားနှင့်ဆိုပါက ကျိုးဟောင်မှာခွန်အားအရာနှင့်ပတ်သက်လာလျှင် လုံးဝမတူညီသောအဆင့်တစ်ခုကိုရောက်နေသည့် တကယ့်မကောင်းဆိုးဝါးတစ်ကောင်ပင်ဖြစ်သည်။

တစ်ခုတည်းသောအကြောင်းပြချက်မှာ ကျိုးဟောင်မှာသူ၏ခွန်အားကို ဖုံးကွယ်ရာ၌တကယ်တော်၍ပင်ဖြစ်သည်။

အစပိုင်း၌ ကျိုးဟောင်သည်သာမန်ထက် အလွန်ထူးကဲသောပါရမီရှင်တစ်ယောက်ဖြစ်နိုင်ပေသည်။ သို့သော်သူသည် မပြည့်စုံသေးဘဲအချိန်မရွေးသေသွားနိုင်၍ အမြဲတမ်းသူ၏ထက်မြက်မှုကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ သူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိပြီဟုခံစားလာရသည့်အချိန်မှသာ သူ၏ပြိုင်ဘက်ကင်းပါရမီအားထုတ်ပြခြင်းဖြစ်နိုင်၏။

ထိုအကြောင်းပြချက်အားတွေးရင်း စုမုန့်ယင်းမှာ ကျိုးကြောင်းခိုင်လုံသလို ခေါင်းညိတ်လိုက်မိလေသည်။

အောက်ဘက်ရှိတောထဲတွင် ရှုလင်နှင့်ယွင်ယန်တို့မှာ ကျောက်နက်ဝက်ဝံဘုရင်ဖြင့်ကြီးမားသောတိုက်ပွဲတစ်ပွဲအား ဆင်နွှဲနေကြပြီဖြစ်သည်။

ကြီးမားသောတိုက်ပွဲဆိုသည်ထက် ရှုလင်နှင့်ယွင်ယန်မှာ အရိုက်ခံနေရသည်ဟုဆိုပါက ပို၍တိကျပေမည်။

သူတို့၏ခွန်အားမှာ အဆင့်ခြင်းမတူညီကြပေ။

သူမတို့ ၂ယောက်သည်အလွန်သွက်လက်ပေါ့ပါးပြီးအားမနည်း၍သာခံသာနေခြင်းဖြစ်သည်။ သူမတို့ ၂ယောက်ပူးပေါင်းသည်ကိုပင် ကျောက်မဲဝက်ဝံဘုရင်အား တိုက်ခိုက်နိုင်ရုံသာရှိပြီးအနိုင်မပိုင်းနိုင်ပေ။

၁၅မိနစ်ကြာပြီးနောက် သူမတို့၂ယောက်မှာ တဖြည်းဖြည်းနှင့်ထပ်မံတောင့်ခံမထားနိုင်တော့ဘဲ အန္တရာယ်ရှိလာလေသည်။

သို့သော် သူမတို့သည်ကျိုးဟောင်အား အကူအညီမတောင်းပေ။ သူမတို့သည် တိုက်ပွဲခွန်အား အား ဖြည်းဖြည်းချင်းစုဆောင်းရန်လိုအပ်ပေသည်။ သူမတို့ဇွဲပိုကောင်းလေ တိုးတက်မှုကလည်းပိုများလေဖြစ်သည်။

နောက်ဆုံး၌ ရှုလင်၏လက်ထဲမှဓားမှာ ကျောက်မဲဝက်ဝံဘုရင်၏ပုတ်ထုတ်ခြင်းကိုခံလိုက်ရပြီး ကြီးမားသောဝက်ဝံလက်သည်းကြီးမှာလည်း သူမခေါင်းဆီဦးတည်လာလေသည်။

ရွှစ်......

သို့သော်ရှုလင်၏ခေါင်းမှာမပေါက်ကွဲသွားဘဲ ကျိုးဟောင်၏ပုဆိန်မှာပျံထွက်လာသည်ကို သူမမြင်လိုက်ရလေသည်။

ယခုတစ်ကြိမ် ပိုမိုနီးကပ်သောအကွာအဝေး၌ ကျိုးဟောင်၏ခွန်အားကိုခံစားမိပြီးနောက် ရှုလင်မှာပို၍ပင်ထိတ်လန့်သွားလေသည်။

အကယ်၍သူမနှင့်ယွင်ယန် ပူးပေါင်းလျှင်ပင် ကျောက်မဲဝက်ဝံဘုရင်အားအနိုင်တိုက်ပြီး သူမတို့အသက်ရှင်ရန်ဆိုသည်မှာ အလွန်ခက်ခဲမည်ဖြစ်သည်။

သို့သော်ကျောက်မဲဝက်ဝံဘုရင်မှာ ကျိုးဟောင်၏တိုက်ခိုက်မှုကိုတော့ တစ်ချက်ပင်မခံနိုင်ပေ။

တောင်ပေါ်ရှိကျောက်တုံးပေါ်၌ရှိသော စုမုန့်ယင်းမှာ ကျိုးဟောင်မည်မျှစွမ်းအားကြီးမှန်းသိနေသည်မှာ ကြာလှပြီဖြစ်သော်လည်း ကျိုးဟောင်၏အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်အားမြင်လိုက်ရချိန်တွင် သူမ၏စိတ်ထဲ၌တုန်လှုပ်နေဆဲပင်ဖြစ်သည်။

ခံတပ် ၇ခု၏အဆင့်မြင့်လေ့ကျင့်ရေးစခန်းများတွင် ပါရမီရှင်များစွာရှိပေသည်။

သို့သော် ကျိုးဟောင်ကဲ့သို့အဆင့်မြင့်လေ့ကျင့်ရေးစခန်းရောက်သည်မှာ တစ်လမျှသာကြာသေးသော်လည်း ဤမျှလောက်မကောင်းဆိုးဝါးဆန်ဆန်တိုးတက်လာသူမျိုးမရှိပေ။

ထို့နောက် ကျိုးဟောင်မှာရှုလင်နှင့်ယွင်ယန်အားဦးဆောင်ပြီး လမ်းတွင်ကြုံသမျှမိစ္ဆာသားရဲတို့အားရှင်းလင်းပစ်လေသည်။ သူတို့ကြုံတွေ့ရသည်မှာ အင်းဆက်မျိုးနွယ်ဖြစ်စေ၊ မိစ္ဆာမျိုးနွယ်ဖြစ်စေ သို့မဟုတ် ရှားပါးမျိုးနွယ်ခြားသက်ရှိများဖြစ်စေ ကျိုးဟောင်မှာအားလုံးကိုရှင်းလင်းပစ်လေသည်။

သိပ်မကြာမီပင် သူမတို့၃ယောက်မှာယခင်က သူတို့သဘောတူသတ်မှတ်ထားခဲ့သောဆုံရပ်နေရာ၌ ပေါ်လာကြလေသည်။

စင်စစ်တွင် သူမတို့ဆုံရပ်ကိုရောက်ရောက် မရောက်ရောက် ကိစ္စမရှိပေ။

ကျိုးဟောင်မှာ သူ၏ခွန်အားကိုဖုံးကွယ်ရာ၌ အလွန်တော်ပေသည်။

သူမတို့အတွက် ဤလေ့ကျင့်ရေးမှာ အန္တရာယ်များသောသေရေးရှင်ရေး လေ့ကျင့်ရေးဖြစ်ပြီး ကျိုးဟောင်အတွက်မူ အများဆုံးမှသာမန်လေ့ကျင်ရေးအဆင့်လောက်သာရှိပေသည်။

သူမတို့နှစ်ယောက်မသိလိုက်သည်မှာ ကျိုးဟောင်မှာဤလေ့ကျင့်ရေးအား ပျော်ပွဲစားထွက်သကဲ့သို့ သဘောထား‌နေခြင်းကိုပင်ဖြစ်သည်။

ခပ်ဝေးဝေးမှလိုက်ပါလာသောစုမုန့်ယင်းနှင့် သူမတို့၂ယောက်ကြောင့်သာမဟုတ်ပါက ကျိုးဟောင်မှာတိုက်ပွဲများအားလုံးတွင် ဝင်ရောက်လှုပ်ရှားစရာပင်မလိုပေ။

အနှစ်သာရစွမ်းအားအား တန်းထုတ်လိုက်ရုံဖြင့် ဤမိစ္ဆာသားရဲများနှင့် အင်းဆက်သားရဲများအား သွေးမြူအဖြစ် လုံးဝပြောင်းလဲပစ်လိုက်နိုင်ပေသည်။

"မင်းတို့ ၃ယောက်အရမ်းနှေးတာပဲ"

ဆုံရပ်၏နေရာလွတ်တွင် ယွမ်ချန်းနှင့်ကျန်းယိတို့ အားမရှိစွာထိုင်နေသည်မှာ ကြာလှပြီဖြစ်သည်။

အခုမှရောက်လာသော ကျိုးဟောင်နှင့်အခြားနှစ်ယောက်ကိုကြည့်ရင်း သူတို့နှစ်ယောက်မှာ ဘာကြောင့်မှန်းမသိဘဝင်မြင့်သွားကြလေသည်။

"သေစမ်း မင်းတို့တွေလုံးဝဒဏ်ရာမရလာကြဘူးလား"

ယွမ်ချန်း၏မျက်နှာပေါ်ရှိ ဂုဏ်ယူနေသောအပြုံးမှာ အလျင်အမြန်ပင်ပျောက်ကွယ်သွားလေသည်။

သူနှင့်ကျန်းယိသည် အသက်အန္တရာယ်မျိုးစုံအားစွန့်စားပြီးမှ ဤနေရာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့သော်ယခုမူ ကျိုးဟောင်နှင့်အခြား၂ယောက်မှာ ခွန်အားအပြည့်ဖြစ်နေလေသည်။ ဒဏ်ရာရဖို့မဆိုထားနှင့် သူတို့ဝတ်ဆင်ထားသောအဝတ်အစားများပင် မညစ်ပတ်ပေ။

"မင်းတို့တိုက်ပွဲတစ်ခုမှမကြုံခဲ့ဘူးလို့တော့မပြောနဲ့....."

ကျန်းယိမှတွေဝေစွာမေးလိုက်သည်။ သူသည်ထိုမေးခွန်းအားမေးပြီးသည်နှင့် ၎င်းမှာဉာဏ်မရှိသောမေးခွန်းဟုပင် ခံစားမိလိုက်လေသည်။

ဤနေရာမှာမိစ္ဆာသားရဲများနှင့် မျိုးနွယ်ခြားပေါင်းစုံနှင့်ပြည့်နှက်နေပေရာ ကျိုးဟောင်နှင့်အခြား ၂ယောက်မှာလေယာဥ်ဖြင့်လာလျှင်တောင် စောင့်ကြည့်ပေးမည့်လူမရှိပါက တိုက်ပွဲတော့ဖြစ်ဦးမည်ဖြစ်သည်။

သို့သော် သူတို့၏ပုံပန်းသွင်ပြင်အရကြည့်ပါက မည်သည့်တိုက်ပွဲနှင့်မျှကြုံလာပုံမရပေ.....

ကျန်းယိ၏သံသယမှာ ချက်ချင်းပင်အဖြေ‌ပေါ်လာလေသည်။

"တွေ့တယ်လေ ဒါပေမဲ့အားလုံးကိုကျိုးဟောင်ရှင်းပစ်ခဲ့တာ"

ယွင်ယန်မှာ ဖြစ်ရပ်တို့အားအမှန်အတိုင်းပြောပြနေစဉ်တွင် ယွမ်ချန်းနှင့်ကျန်းယိတို့မှာ ကြက်သေသေနေလေသည်။

ကျိုးဟောင်မှာ ထိုမျှလောက်ပင် စွမ်းအားကြီးသည်လော။

မူလကရှုလင်တို့အဖွဲ့သာ ရေကန်ဘေးရှိနေရာလွတ်အား သူမတို့၏ဆုံရပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဧရိယာအတွင်းရှိမိစ္ဆာသားရဲအားလုံးနှင့် အခြားမျိုးနွယ်ခြားများမှာ ကျိုးဟောင်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်ပေရာ ၇ခုမြောက်အဆင့်မြင့်လေ့ကျင့်ရေးစခန်း၏ ကျောင်းသားများမှာ အနီးအနားရှိဧရိယာမှလွတ်မြောက်လာပြီးနောက် မသိစိတ်၏စေ့ဆော်မှုအရ ဤနေရာသို့ရောက်လာကြပေသည်။

မည်သို့ပင်ဖြစ်စေ ဤနေရာမှာအတော်လေးလုံခြုံပေသည်။

အားလုံးမှာ လေ့ကျင့်ရေးဧရိယာထဲ၌ရက်ပေါင်းများစွာကြောက်ရွံ့ထိတ်လန့်စွာနေခဲ့ကြရပေသည်။ ယခုတစ်ကြိမ်သိရှိလိုက်ရပြီးနောက် သူတို့သည်ချက်ချင်းပင်အခွင့်အရေးအား အမိအရယူကာဤနေရာတွင် စုဝေးလာကြပေသည်။

ကျောင်းသားများ ပိုမိုရောက်ရှိလာသည်နှင့်အမျှ သူတို့သည်ရှုလင်နှင့်အခြား ၂ယောက်အား အလွန်ထူးဆန်းသောအကြည့်တို့ဖြင့် ကြည့်လာလေသည်။

.................................................................................

အခန်း(၂၂၀) ပြီးပါပြီ။

အခန်း (၂၂၁) : ကျိုးဟောင်ကအံ့ဩစရာပဲ

သူတို့အားလုံး၏ဆံပင်များမှာရှုပ်ပွနေပြီး မျက်နှာများမှာညစ်ပေနေကာ အခြေအနေဟန်ပုံမပေါ်ပေ။ တစ်ချို့ဆိုလျှင် လမ်းတွင်သေလုနီးပါးပင်ဖြစ်ခဲ့ကြပေသည်။

ကျိုးဟောင်၊ ရှုလင်နှင့်ယွင်ယန်တို့မှာ အခြားလူများနှင့်လုံးဝမတူပေ။ အင်အားအပြည့်ဖြင့် မည်သည့်ဒဏ်ရာမျှမရှိရုံသာမက အဝတ်အစားများပင်လုံးဝပျက်စီးခြင်းမရှိပေ။

အခြားကျောင်းသားများအတွက်ထူးဆန်းသလိုခံစားရသော်လည်း လုကျန်းအတွက်တော့မထူးဆန်းပေ။

သူသည် ကျိုးဟောင်၏တိုက်ခိုက်ပုံအား သူ့မျက်လုံးဖြင့်ကိုယ်တိုင်မြင်တွေ့ခဲ့ပေရာ ကျိုးဟောင်မှာမည်မျှကြောက်မက်ဖွယ်ကောင်းပြီး သာမန်ထက်ထူးချွန်ကြောင်းကို ကောင်းစွာသိပေသည်။

ကျိယွီဖန် ဤနေရာသို့ရောက်ရှိနေသည်မှာကြာလှပြီဖြစ်သည်။ သို့သော် ယခင်ကရှိခဲ့သော သူ၏ယုံကြည်မှုနှင့်ဘဝင်မြင့်မှုတို့မှာတော့ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။ သူ၏အခြေအနေသည်ဆိုးဝါးနေပြီး အမူအရာမှာလည်း စိတ်ဖိစီးနေဟန်ပေါ်ပေသည်။

လက်တွေ့တွင် သူသည်သားရဲများစွာကိုသတ်ဖြတ်ခဲ့ပြီး ရရှိခဲ့သည်မှာလည်းမနည်းပေ။ သူ၏အင်အားမှာလည်းနောက်တစ်ဆင့်ထပ်မံတိုးတက်သွားပြီဖြစ်သည်။

သို့သော် သူကျိုးဟောင်အားမြင်လိုက်ရသည့်အချိန်တွင် သူ့အပြုံးမှာပျောက်ကွယ်သွားလေသည်။ သူ၏ ဂုဏ်သိက္ခာကြီးမားသောမိသားစုမှ ထိပ်တန်းပါရမီရှင်ဟူသောဂုဏ်ပုဒ်သည်လည်း ပျောက်ကွယ်သွားလေသည်။

ဤနေရာရှိအန္တရာယ်အား တခြားသူများထက် သူကောင်းကောင်းသိပေသည်။

လေ့ကျင့်ရေးဧရိယာသို့ဝင်လာပြီးနောက် သူအန္တရာယ်များတစ်ခုပြီးတစ်ခုကြုံခဲ့ရပေသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများဖြင့်ပြည့်နေပြီး အဝတ်အစားများမှာလည်း စုတ်ဖွာနေပေသည်။

တစ်ဖက်တွင် ကျိုးဟောင်၏အဝတ်အစားများမှာ အသစ်အတိုင်းရှိနေပြီး လူပုံစံမှာလည်းအေးဆေးပင်ဖြစ်နေလေရာ ကြည့်လိုက်ရုံဖြင့်မည်မျှစွမ်းအားကြီးကြောင်း သိသာလှပေသည်။

တစ်နည်းဆိုရသော် ယခုအချိန်တွင်သူသည်ကျိုးဟောင်နှင့် ခြေလှမ်းတစ်လှမ်းပိုမိုနီးကပ်လာပြီဖြစ်သော်လည်း သူတို့နှစ်ယောက်ကြားတွင် အတော်ကြီးမားသောကွာခြားချက်တစ်ခုရှိနေဆဲပင်ဖြစ်သည်။

သို့သော် ကျိယွီဖန်မှာအလျင်အမြန်ပင်နားလည်သွားသည်။

သိုင်းပညာလမ်းကြောင်းတွင် ကျင့်ကြံရေးမှာကျယ်ပြန့်ပြီး ရှည်လျားလှပေသည်။ အထူးခန္ဓာကိုယ်နှင့် စွမ်းအားကြီးသောမိသားစုနောက်ခံမရှိပါက လူတစ်ယောက်မှာ ခရီးအဝေးကြီးအထိမရောက်နိုင်ပေ။

ထိပ်တန်းအဆင့်ပညာရှင်အများစုမှာ ထိုကဲ့သို့သောအဖွဲ့များမှလာသူများ သို့မဟုတ်အခြားထိပ်တန်းပညာရှင်များ၏ ကူညီထောက်ပံ့မှုကိုရရှိထားကြသူများဖြစ်သည်။

အထူးခန္ဓာကိုယ်မရှိ၊ သာမန်ထက်ထူးချွန်သောပါရမီမရှိ၊ မိသားစုနောက်ခံမရှိသောလူတစ်ယောက်အနေနှင့် သိုင်းပညာရှင်လမ်းကြောင်းပေါ်တွင် ယခုထက်ပိုပြီးခရီးရောက်ရန်ပင် ကျိုးဟောင်အတွက်အတော်လေးခက်ခဲနေပြီဖြစ်လေရာ ထိပ်တန်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ဆိုပါက ပြောနေစရာပင်မလိုတော့ပေ။

ကျိုးဟောင်၏ကျော်ကြားမှုမှာ ယာယီသာဖြစ်သည်။

အချိန်တစ်ခုကြာပြီးနောက်တွင် သူ ကျိယွီဖန်မှ ကျိုးဟောင်အား တကယ့်ရက်စက်ကြမ်းကြုတ်မှုဆိုသည်မှာ ဘာလဲဆိုသည်ကိုသေချာပေါက် သိစေရပေမည်။

ကျိယွီဖန်၏အဓိပ္ပာယ်ပါသောအပြုံးကိုကြည့်ကာ ကျိုးဟောင်လည်းပြုံးလိုက်သည်။

ကျိယွီဖန်၏မိသားစုနောက်ခံမှာ သာမန်ထက်ထူးကဲပြီး သူ၏ပုံပန်းသွင်ပြင်မှာချောမောကာ ပါရမီမှာလည်းထူးချွန်လှပေသည်။ သူသည် အဘက်ဘက်မှပြည့်စုံနေသော်လည်း နှမြောစရာကောင်းသည်မှာ အရူးတစ်ယောက်ဖြစ်နေခြင်းပင်ဖြစ်သည်။

"ငါတို့တွေ ငါတို့လာခဲ့တဲ့လမ်းကိုပြန်သွားကြမယ်၊ ငါတို့လေ့ကျင့်ရေးစခန်းကိုပြန်ရောက်ရင် ဒီလေ့ကျင့်မှုလည်းပြီးသွားပြီ"

အားလုံးရောက်လာပြီးနောက် ရှူလင်မှပြောလိုက်သည်။

ယခုဤနေရာရှိ ကျောင်းသားအများအပြားမှာဒဏ်ရာရထားသော်လည်း ကံကောင်းသည်မှာသေဆုံးသူမရှိပေ။

"သေချာတာပေါ့"

ဘေးရှိကျောင်းသားများတွင် ရှုလင်၏အကြံပြုချက်အား ကန့်ကွက်သူမရှိကြပေ။

ဤနေရာတွင်ရှိသောလူများကြား‌၌ အသန်မာဆုံးလူများမှာ ရှုလင်၊ ကျိယွီဖန်၊ လုကျန်းနှင့် ကျိုးဟောင်တို့ဖြစ်ကြသည်။

ကျိယွီဖန်မှာဘဝင်မြင့်သူဖြစ်လေရာ အခြားလူများနှင့် အဆင်မပြေပေ။ ထို့ကြောင့် သူသည် လေ့ကျင့်ရေးဧရိယာမှထွက်သွားရန် အခြားသူများအား သေချာပေါက်ဦးဆောင်ခေါ်ထုတ်သွားမည်မဟုတ်ပေ။

ကျိုးဟောင်နှင့်ရှုလင်၏သဘောထားမှာအတူတူပင်ဖြစ်ကာ လုကျန်းသည်လည်း ရှုလင်၏အကြံပြုချက်အား လက်ခံပေသည်။

ယခုလိုအခြေအနေတွင် အားလုံးရှုလင်နောက်လိုက်ကြမည်မှာ ပုံမှန်ပင်ဖြစ်သည်။

ကျိယွီဖန်သည် ဤနေရာအားအနားယူဖို့သာလာရောက်ခြင်းမှာလည်း အံ့ဩစရာမရှိပေ။ အားလုံးနှင့်အတူတူပြန်ရန်မှာ သူ့အားအောက်ကျစေသလိုခံစားရ‌ပေသည်။

ကျောင်းသားများမှာမကျေနပ်ကြသော်လည်း သခင်လေးကျိအားမည်သူမျှဘာမှမပြောရဲကြပေ။

အရေအတွက်တိုးလာခြင်းသည် အားလုံးကိုသတ္တိပိုရှိလာစေသော်လည်း ပေါ်သွားနိုင်သည့်အန္တရာယ်မှာလည်း ပိုများပေသည်။

၎င်းမှာလမ်းမပေါ်တွင်လမ်းလျှောက်နေရသကဲ့သို့ပင်ဖြစ်သည်။ ပုရွတ်ဆိတ်တစ်ကောင်တည်းဆိုပါက သတိထားမိရန်ခက်သော်လည်း ပုရွတ်ဆိတ်အုပ်ကြီးဆိုပါက အလွန်သိသာလှပေသည်။

ယခုအချိန်တွင် သူတို့အဖွဲ့မှာ မျိုးနွယ်ခြားတို့အား ပိုမိုဆွဲဆောင်မိနေပေသည်။

သူတို့အဖွဲ့မှာ ရှေ့သို့ခရီးအကွာအဝေးတစ်ခုရောက်တိုင်း တိုက်ပွဲတစ်ခုဖြစ်ပွားနေပေသည်။

ကျိုးဟောင်မှာ လူအုပ်ကြားထဲတွင်ရှိနေပြီး ကိုယ်ရည်သွေးပြရန်အခွင့်အရေးမရပေ။

အားလုံးအတူတူတိုက်ခိုက်ပြီးနောက် လျှို့ဝှက်သိုင်းများမှာ မိုးနှင့်မြေအနှံ့ဖုံးလွှမ်းနေပြီး သာမန်မျိုးနွယ်ခြားများအား ဝါးမျိုသွားလေသည်။

ယခုအချိန်တွင် တကယ်ကျော်ကြားနေ‌သောလူမှာ ရှေ့တွင်တိုက်ခိုက်နေသောလုကျန်းပင်ဖြစ်သည်။

စင်စစ် လုကျန်း၏မူလရည်ရွယ်ချက်မှာ ရသမျှအခွင့်အရေးအားလုံးကိုအမိအရဖမ်းဆုပ်ကာ မိမိကိုယ်ကိုလေ့ကျင့်ရန်သာဖြစ်သည်။

ကျိုးဟောင်မည်မျှစွမ်းအားကြီးကြောင်း သူကောင်းကောင်းသိပေရာ သူနှင့်ကျိုးဟောင်ကြားမှအကွာအဝေးအား အမြန်လျှော့ချလိုပါက သူအလွန်အမင်းကြိုးစားမှသာရမည်ဖြစ်သည်။

ဘန်း!

ကြီးမားသောတောင်ပံနက်ဖွတ်ကြီးတစ်ကောင်ပေါ်လာသည့်အချိန်၌ ဦးဆောင်တိုက်ခိုက်နေသောလုကျန်းမှာ တန်းကာလွှင့်ထွက်သွားပြီး သွေးတစ်ပွက်အန်ထုတ်လိုက်ရလေသည်။

"အထွတ်အထိပ်ဆရာသခင်အဆင့် မိစ္ဆာသားရဲပဲ မဟာဆရာသခင်အဆင့်ကိုခြေလှမ်းတစ်ဝက်ရောက်နေတဲ့ မိစ္ဆာသားရဲလို့တောင်ပြောလို့ရတယ်"

ကျောင်းသားများ၏မျက်နှာများမှာ ချက်ချင်းပင်ဖြူဖျော့သွားပြီး ပြင်းထန်သောအားကိုးရာမဲ့သည့်ခံစားချက်သည်လည်း သူတို့၏စိတ်ထဲသို့တစ်လုံးတစ်ရင်းဝင်ရောက်လာပေသည်။

ဤအဆင့်ရှိသော မိစ္ဆာသားရဲတစ်ကောင် ဤနေရာတွင်ပေါ်လာခြင်းသည် တကယ်သင့်တော်ပါရဲ့လား။

သူတို့ ၇ခုမြောက်အဆင့်မြင်လ့ကျင့်ရေးစခန်းအားရောက်သည်မှာ အချိန်ဘယ်လောက်မှမကြာသေးသော်လည်း ယခုလိုမိစ္ဆာသားရဲများနှင့်ပင်ရင်ဆိုင်နေရပြီဖြစ်လေရာ ဤအချက်မှာ သူတို့အတွက်အလွန်ဂုဏ်ယူဖွယ်ရာကောင်းလှပေသည်။

"အတူတူစုပြီး ဖြည်းဖြည်းချင်းပြန်ဆုတ်ကြမယ် တစ်ယောက်တည်းထိုးဖောက်လို့မရဘူး မဟုတ်ရင်ငါတို့တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရလိမ့်မယ်"

"ဟုတ်တယ် ဘယ်သူမှတစ်ယောက်တည်းထွက်ပြေးခွင့်မရှိဘူး မဟုတ်လို့ကတော့ သစ္စာဖောက်လို့သတ်မှတ်ခံရမယ်"

"မကြောက်နဲ့ ငါတို့လူအရေအတွက်ကအများကြီးပဲ ငါတို့အတူပူးပေါင်းရင်ဒီသတ္တဝါကိုသတ်နိုင်တယ်"

ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက်ပြောဆိုလာကြလေသည်။

သူတို့၏နှုတ်မှ မယိမ်းယိုင်ဘူးဟုဆိုနေသော်လည်း လက်တွေ့တွင်သူတို့၌ယုံကြည်ချက်လုံးဝမရှိပေ။ အားလုံးအသက်သေရမည်ကို ကြောက်ရွံ့ကြပေသည်။

အစ်.....

ကြီးမားသောတောင်ပံနက်ဖွတ်ကြီးမှာ တဖြည်းဖြည်းချင်း ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလာပြီးနောက် ကျောင်းသားတစ်ယောက်မှာ အကြောက်လွန်ကာခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့လဲကျသွားလေရာ လမ်းလျှောက်ရန်ပင် ဘေးမှလူတစ်ယောက်မှ ကူညီတွဲပေးနေရလေသည်။

သို့သော်မည်သူမျှပျက်ရယ်မပြုကြပေ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်၌အားလုံးမှာ ကြောက်ရွံ့နေကြပေသည်။

ရှုလင်နှင့်ယွင်ယန်ပင် အကောင်းဘက်မှမတွေးနိုင်တော့ပေ။ ကျိုးဟောင်မှာစွမ်းအားကြီးသည်ဆိုသော်လည်း ပြိုင်ဘက်ကင်းတော့မဟုတ်ပေ။

ယခုလိုအခြေအနေတွင် ကျိုးဟောင်ပင်စွမ်းအားမပြနိုင်ပေ။

"အဲဒါကြီး ရောက်လာပြီ"

"သတိထား"

"ကယ်ကြပါဦး"

"မြန်မြန် နည်းပြကိုအကူညီတောင်းကြ"

ကြီးမားသောတောင်ပံနက်ဖွတ်ကြီးမှာ ရုတ်တရက်အရှိန်မြင့်လိုက်ပေရာ ကျောင်းသားများမှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ တစ်ယောက်တစ်ပေါက်ပြောလာကြလေသည်။

ချောက်ကမ်းပါးပေါ်ရှိ စုမုန့်ယင်းသည်လည်း ကူညီရန်ပြင်ဆင်နေလေသည်။

ကြီးမားသောတောင်ပံနက်ဖွတ်ကြီးအား ဤနေရာတွင်ပေါ်လာစေခဲ့သူမှာ သူမ မဟုတ်ပေ။ ကျောင်းသားများ ဤဖွတ်ကြီးနှင့်တိုက်ခိုက်ရန်ကိစ္စမှာ အတော်လေးယုတ္တိမရှိပေ။

သို့သော် ရှေ့တန်းခံတပ်မှာအလွန်ကြီးမားပေရာ လွတ်မြောက်လာသောသတ္တဝါအချို့ရှိမည်မှာလည်း မြေကြီးလက်ခတ်မလွဲပေ။

ဝှစ်!

ထိုအချိန်၌ ကျိုးဟောင်မှာအခြားသူများနှင့် ဆန့်ကျင်ဘက်ဦးတည်ရာသို့ သွားမည်ဟု မည်သူထင်ထားမည်နည်း။

အခြားသူများ ရူးသွပ်စွာပြန်လည်ဆုတ်ခွာနေသည့်အချိန်တွင် သူသည်ကြီးမားသောတောင်ပံနက်ဖွတ်ကြီးထံသို့ ပြေးဝင်သွားလေသည်။

ကျောင်းသားအများစုမှာ ကြောက်လွန်း၍ခြေမခိုင်သလိုပင် ခံစားနေကြရပေသည်။ ကျိုးဟောင်မှာရုတ်တရက်လေထဲသို့ ခုန်တက်လိုက်ပြီး ထိုသတ္တဝါကြီးအား သူ့လက်ထဲရှိပုဆိန်ဖြင့် ခုတ်ပိုင်းချလိုက်လေသည်။

ပုဆိန်၏လွှဲချက်နှင့်အတူ တိတ်ဆိတ်မှုကကြီးစိုးလာလေသည်။

ထိုပုဆိန်၏လွှဲချက်အတိုင်း လေထဲတွင်ကြီးမားငွေရောင်အလင်းတန်းတစ်ခုဖြစ်ပေါ်လာပေသည်။ ကျိုးဟောင်၏ပုဆိန်ချက်အောက်တွင် တောင်ပံနက်ဖွတ်ကြီး၏ နဖူးပေါ်ရှိ ကြီးမားသောဦးချိုကြီးမှာ ချက်ချင်းပင်ဖြတ်တောက်ခံလိုက်ရလေသည်။

တောင်ပံနက်ဖွတ်ကြီးမှာ ချက်ချင်းဆိုသလိုပင် အလွန်အမင်းထိတ်လန့်သွားပြီး ဆက်လက်မနေဝံ့တော့ဘဲကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားလေတော့သည်။

"သေစမ်း"

"ကျိုးဟောင်ကအံသြစရာပဲ မိုက်လိုက်တာ"

"ဒါ ဒါ ဒါ...."

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

"စွမ်းအားကြီးလိုက်တာ"

"မိုက်လိုက်တာ"

ကျောင်းသားများမှာ မှင်တက်နေကြပြီး ပါးစပ်ပင်မစေ့နိုင်ပေ။ သူတို့အားလုံး ကျိုးဟောင်အား တစ္ဆေတစ်ကောင်တွေ့လိုက်ရသကဲ့သို့ မယုံကြည်နိုင်စွာကြည့်နေကြပေသည်။

....................................................................................

အခန်း(၂၂၁) ပြီးပါပြီ။

အခန်း (၂၂၂) : နေ့ဝက်လောက် အားလုံးအားဦးဆောင်ခြင်း

ဖင်မီးလောင်နေသကဲ့သို့ ရူးသွပ်စွာထွက်ပြေးသွားသော တောင်ပံနက်ဖွတ်ကြီးအားကြည့်ကာ ၇ခုမြောက် အဆင့်မြင့်လေ့ကျင့်ရေးစခန်းမှကျောင်းသားများ၏မျက်လုံးများမှာ ပြူးကျယ်နေကြလေသည်။

ဤသည်မှာ တကယ်ကိုသူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။

တောင်ပံနက်ဖွတ်မှာ အမွှေးရှည်ဆင်ထက် ၃ဆမျှကြီးမားသည်။ ဘေးနှစ်ဖက်တွင် တောင်ပံလေးခုပါရှိပြီး ၎င်း၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်စွမ်းအားကြီးလှပေသည်။

၎င်းမှာ ကနဦးအဆင့်တွင် နဖူး၌ဦးချိုမရှိပေ။ တဖြည်းဖြည်းချင်းအရွယ်ရောက်လာပြီးနောက်ပိုင်းမှသာ နဖူးတွင် ရှည်လျားသောဦးချိုထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုဦးချိုသည်လည်း ၎င်း၏စွမ်းအားမှာ အထွတ်အထိပ်ရောက်ရှိနေပြီဖြစ်ကြောင်း ပြသသောပြယုဂ်တစ်ခုပင်ဖြစ်သည်။

အထွတ်အထိပ်ဆရာသခင်အဆင့် မိစ္ဆာသားရဲများစွာကြားတွင် ဤအကြီးစားတောင်ပံနက်ဖွတ်သည်လည်း ထိပ်တန်းစာရင်းဝင်ပေသည်။

အစောပိုင်းက လုကျန်းသည်ထိုသတ္တဝါ၏တိုက်ခိုက်မှုကိုတစ်ချက်သာခံလိုက်ရသော်လည်း သူ၏အရိုးပေါင်းများစွာမှာကျိုးသွားပြီဖြစ်သည်။ အကယ်၍ ချပ်ဝတ်၏ကာကွယ်ပေးမှုကြောင့်သာမဟုတ်ပါက လုကျန်းမှာယခုအချိန်၌ အလောင်းကောင်ဖြစ်နေလောက်ပြီဖြစ်သည်။

သို့သော်ယခုတွင်မူ ကျိုးဟောင်မှာပုဆိန်တစ်ချက်တည်းဖြင့် တောင်ပံနက်ဖွတ်၏နဖူးပေါ်ရှိဦးချိုအား ဖြတ်ပစ်ခဲ့ပေသည်။

ကျောင်းသားများ၏စိတ်ထဲသို့ အံ့သြထိတ်လန့်နေမှုတို့မှာ အလုံးလိုက်အရင်းလိုက်ဝင်ရောက်လာပေသည်။ သူတို့သည် ကျိုးဟောင်အားကြည့်နေရင်း မတည်ငြိမ်နိုင်တော့ပေ။

ပြီးခဲ့သည့်လပတ်ပြိုင်ပွဲပြီးဆုံးသည်အထိ ကျိုးဟောင်၏အဆင့်မှာ အောက်ဆုံးတွင်ရှိနေဆဲဖြစ်သည်။

ထိုပြိုင်ပွဲပြီးသည်မှာ အချိန်ခဏသာရှိသေးသော်လည်း ယခုတွင်မူကျိုးဟောင်မှာသူတို့ကြားထဲတွင် အသန်မာဆုံးဖြစ်လာရုံသာမက ခွန်အားမှာလည်းကြောက်မက်ဖွယ်ရာအဆင့်ထိရောက်နေပြီဖြစ်သည်။

ယောက်ျားလေးအများစုမှာ ကျိုးဟောင်အားရှုပ်ထွေးနေသောအကြည့်များဖြင့် ကြည့်နေကြပေသည်။

ကျန်းယိ၊ ယွမ်ချန်းနှင့် အခြားလူများမှာအလွန်ပျော်ရွှင်နေကြပေသည်။ ကျိုးဟောင်မှာသူတို့သူငယ်ချင်းဖြစ်ပေရာ ကျိုးဟောင်ပိုမိုသန်မာလာသည်ကို သူတို့ဝမ်းသာသည်မှာ ပုံမှန်ပင်ဖြစ်သည်။

တစ်ဖက်တွင်လည်း အခြားယောက်ျားလေးများမှာ အလွန်အားကျနေကြပေသည်။

ဘာကြောင့်များလဲ ဘာကြောင့်ကျိုးဟောင်ဤမျှလောက်အထိစွမ်းအားကြီးလာသလဲ။

ယောက်ျားလေးများအားလုံးမှာ ဘာကြောင့်ဤမျှ အားကျဖွယ်ကောင်းသည့်လူမှာ သူတို့မဖြစ်ရသလဲဟုတွေးနေကြပေသည်။

သူတို့သည် ဤကိစ္စအားမည်မျှကြိုးစားပြီးအဖြေရှာသည်ဖြစ်စေ အဖြေမရပေ။

အချို့ယောက်ျားလေးများမှာ ကျိုးဟောင်အားလေးစားသလိုကြည့်နေကြပြီး အလွန်အမင်းစိတ်လှုပ်ရှားနေကြလေသည်။

သူတို့သည် ကျိယွီဖန်နှင့်ရှုလင်၏ခွန်အားအားပုံတူမကူးနိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့၂ယောက်လုံးမှာ အထူးခန္ဓာကိုယ်ရှိကြသူများဖြစ်သည်။

တစ်ဖက်တွင် ကျိုးဟောင်မှာမတူညီပေ။သူသည်သာမန်လူတစ်ယောက်သာဖြစ်သည်။

ကျိုးဟောင်ပင်ဤအဆင့်ထိရောက်နိုင်ပါက သူတို့လည်းကြိုးစားပါကထိုကဲ့သို့သောအဆင့်မျိုးကိုရောက်နိုင်ပေသည်။

သို့သော် ဤကျောင်းသားများမသိသည်မှာ သူတို့နှင့်ကျိုးဟောင်၏လောကမှာလုံးဝမတူညီသည်ဖြစ်ရာ သူတို့ကြိုးစားခြင်းဖြင့်ရလာသောရလဒ်သည်လည်း ကွဲပြားမည်မှာပုံမှန်ပင်ဖြစ်သည်။

မိန်းကလေးအများစုမှာ ကျိုးဟောင်အားတောက်ပသောမျက်လုံးများဖြင့်ကြည့်နေကြပေသည်။

ဖန်းယွီနှင့် ယခင်ကသူ့ကိုယ်သူအထင်ကြီးကာ ကျိုးဟောင်တို့အဖွဲ့အားအထင်သေးခဲ့သော ယန်ကျင်းမှပါရမီရှင်ပင် ယခုအချိန်တွင် ကျိုးဟောင်အားကြည့်သည့်အကြည့်မှာ မတူညီတော့ပေ။

ကျိုးဟောင်၏လက်ရှိစွမ်းအားမှာ သူတို့စွမ်းအားဖြင့်မယှဉ်နိုင်ပေ။

ရှုလင်မှာ မိန်းကလေးများစွာ၏ပူလောင်ပြင်းပြနေသောအကြည့်တို့အားကြည့်ကာ အလွန်စိတ်ရှုပ်လာလေသည်။

ယခုအချိန်တွင် ဂုဏ်အယူဆုံးလူမှာ သေချာပေါက်သူမပင်ဖြစ်သည်။

ယခင်က ကျိုးဟောင်မှာအဖွဲ့ထဲတွင်မတိုက်ခိုက်ခဲ့ပေရာ ကျောင်းသားအများစုမှာကျိုးဟောင်အားတိုက်ခိုက်ရမည်ကိုကြောက်ရွံ့သူဟုပင် ထင်မြင်ကြပေသည်။

သို့သော် လက်တွေ့အမှန်တရားကသူတို့၏မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ ကျိုးဟောင်မတိုက်ခိုက်ခဲ့သည့်အကြောင်းအရင်းမှာ သူသည်မိစ္ဆာသားရဲများအား မတိုက်ခိုက်ရဲ၍မဟုတ်ဘဲ တိုက်ခိုက်ရန်မလိုအပ်ဘူးဟုသတ်မှတ်ခဲ့၍သာ မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရှေ့ဆက်လမ်းခရီးတွင် ကျောင်းသားအများစုမှာ စိတ်အေးလက်အေးရှိနေကြပေသည်။ အကြောင်းမှာ ကျိုးဟောင်သာရှိနေပါက သူတို့ဤလေ့ကျင့်ရေးဧရိယာထဲတွင် လွတ်လွတ်လပ်လပ်သွားလာနိုင်၍ဖြစ်သည်။

အချို့ကျောင်းသားများမှာ နောက်သို့ပြန်သွားပြီး မိစ္ဆာသားရဲများအားပိုမိုသတ်ဖြတ်ကာ အမှတ်ယူရန်ပင်တွေးနေကြလေသည်။

စင်စစ်တွင် သူတို့သည်ယခုလိုလုပ်ရန်စိတ်ထဲ၌သာတွေးခြင်းဖြစ်ပေသည်။ ဤကဲ့သို့တွေးသည်မှာလည်း လေ့ကျင့်ရေးကာလမှာ အဆုံးသတ်ခါနီးအချိန်အားရောက်ခါနီးပြီဖြစ်၍သာဖြစ်သည်။ယခုအချိန်တွင် သူတို့သည်လေ့ကျင့်ရေးအားအဆုံးသတ်ရန် စစ်မြေပြင်၏အစွန်အဖျားကို ပြန်သွားရမည်ဖြစ်သည်။

ထို့ကြောင့် ကျိုးဟောင်မှာပြန်သွားရန်သဘောတူခဲ့လျှင်တောင် အချည်းနှီးသာဖြစ်သည်။

ထိုအကြောင်းအားတွေးမိသောအခါ ကျောင်းသားအများစုမှာ အမှတ်ရမည့်အခွင့်အရေးအား လွဲချော်သွားခဲ့သည်ကိုတွေးရင်း စိတ်ပျက်သွားကြလေသည်။

ကျန်ရှိနေသောခရီးစဉ်မှာ သူတို့မျှော်လင့်ထားသည့်အတိုင်း အဆင်ပြေချောမွေ့လှပေသည်။

ကျိုးဟောင်မှာ ဖြတ်သန်းသွားလာခွင့်ကတ်တစ်ခုပင်ဖြစ်သည်။

အားလုံးဆုံမှတ်နေရာသို့ပြန်လည်ရောက်ရှိလာပြီးနောက် လူအများစု၏မျက်နှာများတွင် ပဟေဠိဖြစ်နေပုံပေါ်လာပေသည်။

နည်းပြယန်ဟွေ့အပြင် ဘာကြောင့်နောက်ထပ်မိန်းမငယ်လေးတစ်ယောက်ရှိနေရပါသနည်း။

ကျောင်းသားများစွာကြားတွင် အချို့ကျောင်းသားများမှာသာမန်ထက်ထူးခြားသောမိသားစုများမှ လာကြသူများဖြစ်ပေရာ လက်ထောက်တာဝန်ခံစုမုန့်ယင်းအားသိကြပေသည်။

ရိုးရိုးရှင်းရှင်းအပြန်အလှန်စကားပြောပြီးနောက် လှပသောမိန်းမငယ်လေးမှာ တကယ်ပင် နာမည်ကျော်ကြားသောလက်ထောက်တာဝန်ခံစုမုန့်ယင်းဖြစ်ကြောင်း အားလုံးသိလိုက်ရပေသည်။

သူတို့အသုံးပြုနေသော ကျင့်ကြံရေး‌ဆေးဝါးများ၊ ကုသရေးဆေးဝါးများအပါအဝင် လက်နက်များနှင့် ကိရိယာအများစုအား လက်ထောက်တာဝန်ခံစုမုန့်ယင်းမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဖွဲ့အားတစ်ချက်ကြည့်ပြီးနောက် နည်းပြယန်ဟွေ့၏မျက်နှာ၌ ချက်ချင်းပင်ပဟေဠိဖြစ်နေသောအမူအရာတစ်ခုပေါ်လာလေသည်။

ယန်ဟွေ့မှာလူတစ်ယောက်ပျောက်နေသေးသည်ကိုမြင်လိုက်ရသောအခါ ရှုပ်‌ထွေးသွားလေသည်။

ကျိယွီဖန်တစ်ယောက် ဘယ်ရောက်နေပါသလဲ

ဤကိစ္စမှာသေချာပေါက် ကိစ္စကြီးမဟုတ်ပေ။ လေ့ကျင့်ရေးတွင် အားလုံးအတူတူလှုပ်ရှားရမည်ဟု ဖော်ပြထားသောစည်းမျဉ်းမျိုးမရှိပေ။

သို့သော် ပြန်မရောက်လာသေးသောသူမှာ ကျိယွီဖန်တစ်ယောက်သာဖြစ်သည်။ သူတစ်ယောက်တည်းလေ့ကျင့်ရေးဧရိယာတွင်ကျန်နေခဲ့ပြီး အကူအညီလည်းမရှိပေရာ အတော်လေးအန္တရာယ်များလှပေသေးသည်။

တစ်ဖက်တွင် ကျိယွီဖန်မှာအလွန်ဂုဏ်ယူနေပေသည်။

သူအားလုံးနှင့်မသွားရသည့်အကြောင်းအရင်းမှာ ဤအချိန်ကာလအတောအတွင်းလေ့ကျင့်ရေးဧရိယာ၏မြေပုံအား စူးစမ်းနေခဲ့၍သာဖြစ်သည်။

ကျိုးဟောင်နှင့်အခြားလူများမှာ အားမနည်းသော်လည်း ဝန်ထုပ်ဝန်ပိုးအများအပြားနှင့်ဆိုပါက ဆုံမှတ်နေရာသို့ပြန်လာနိုင်မလားဆိုတာ မသေချာပေ။

သူကတော့မတူပေ။ ရက်ပိုင်းအကြာစူးစမ်းပြီးနောက် သူဖြတ်လမ်းတစ်ခုအားတွေ့ခဲ့ပေသည်။

သူ၏ခန့်မှန်းချက်အရ ကျိုးဟောင်နှင့်အခြားလူများမှာသူ့ထက်တစ်ရက်လောက်နောက်ကျပြီးမှ ဆုံမှတ်အားရောက်လာနိုင်ပေသည်။

ကျိယွီဖန်မှာသူ့ကိုယ်သူထိန်းချုပ်ထားရန်အကောင်းဆုံးကြိုးစားသော်လည်း မျက်နှာပေါ်ရှိဂုဏ်ယူပြုံးကိုတော့ မဖုံးကွယ်နိုင်ပေ။

ကျိယွီဖန်သည် လမ်းတစ်လျှောက်တွင်မည်သည့်မျိုးနွယ်ခြားနှင့်မျှ ထပ်မံမတွေ့ဆုံပေရာ ခရီးစဉ်တစ်ခုလုံးမှာအလွန်ပင်ချောမွေ့နေလေသည်။ ဤသည်မှာ ကျိယွီဖန်အားပို၍ပင်ကျေနပ်စေပြီး သူရွေးချယ်ခဲ့သောလမ်းကြောင်းမှာ အလွန်ကောင်းမွန်သကဲ့သို့ပင် ခံစားမိလေသည်။

စင်စစ်တွင် သူဦးနှောက်ခြောက်အောင်စဉ်းစားလျှင်ပင် မျိုးနွယ်ခြားအားလုံးမှာ ကျိုးဟောင်ခြောက်လှန့်လိုက်၍ ရူးသွပ်စွာထွက်ပြေးသွားကြခြင်းဖြစ်ကြောင်းကို မျှော်လင့်ထားမည်မဟုတ်ပေ။

သို့သော် သူဆုံမှတ်နေရာသို့ရောက်ရှိသွားသောအချိန်၌ ကျိယွီဖန်၏မျက်နှာပေါ်ရှိအပြုံးမှာပျောက်ကွယ်သွားပြီး သူ၏မျက်နှာမှာမဲမှောင်သွားကာ တဖြေးဖြေးအနီရောင်သို့ပြောင်းလဲလာလေသည်။

...................................................................................

အခန်း(၂၂၂) ပြီးပါပြီ။

All Chapters