အခန်း ၂၃၈-၂၄၀
Vol. 16 Ch. 238-240
အခန်း (၂၃၈) : ဒီရတနာကဘာလဲ
မည်သို့ပင်ဖြစ်စေ အစိမ်းရောင်တိမ်တိုက်ဌာနသို့ဝင်ရောက်နိုင်သောသိုင်းပညာရှင်များမှာ ထိပ်တန်းများကြားမှ ထိပ်တန်းများဖြစ်သကဲ့သို့ ဝှက်ဖဲများကြားမှ ဝှက်ဖဲများလည်းဖြစ်ကြပေသည်။
သို့သော် သူတို့အားပို၍ထိတ်လန့်သွားစေသည်မှာ ပထမဦးဆုံးထွက်သွားသော ကျိုးဟောင်မှာ ယခုအချိန်အထိအပြင်ဘက်တွင်ဆက်လက်တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။
ထိုထက်ပို၍ကြောက်စရာကောင်းသည်မှာ ယခုအချိန်အထိကျိုးဟောင်၏မျက်နှာ၌ ပင်ပန်းနေသောပုံစံမျိုးပေါ်မလာခြင်းပင်ဖြစ်သည်။ ထိုအစား ကျိုးဟောင်မှာသတ်နေရင်း စိတ်လှုပ်ရှားနေသလိုပင်။ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေပုံအား ရေးရေးပင်မြင်နေရပေသည်။
ကောင်းကောင်းမသိသူများအဖို့ ကျိုးဟောင်မှာပိုက်ဆံရှာနေသည်ဟုသာထင်မြင်ကြမည်ဖြစ်သည်။
ထျယ်ရူယွင်နှင့်အခြားလူများမဆိုထားနှင့် အစိမ်းရောင်တိမ်တိုက်ဌာနမှလင်ရှုယင်နှင့်အခြားလူများပင် ကျိုးဟောင်အားကြည့်ပြီးမှင်တက်နေကြပေသည်။
ဤလူမှာတကယ့်ကို မပင်ပန်းတတ်သောတိုက်ခိုက်ရေးစက်ပေလော။
အချိန်အကြာကြီးတိုက်ခိုက်ပြီးသည်အထိ ကျိုးဟောင်မှာလုံးဝမရပ်တန့်ပေ။ လှုပ်ရှားမှုတိုင်းမှာ အလွန်စွမ်းအားကြီးပေသည်။
မည်မျှမခံချင်စရာကောင်းလိုက်ပေသနည်း။
ခံတပ်အကာအကွယ်အပြင်ဘက်ရှိ ကျိုးဟောင်မှာ သူသာမန်ဟုသာမှတ်ယူသောလုပ်ဆောင်ချက်များမှာ အခြားလူများအား မှင်တက်စေကြောင်းကို မသိရှိပေ။
ယခင်က သူမျိုးနွယ်ခြားစစ်တပ်၏အလယ်ဗဟိုသို့ဝင်သွားစဉ်က အလွန်အမင်းစွမ်းအားကြီးသော မျိုးနွယ်ခြားများကိုသာရှင်းလင်းခဲ့ရပေသည်။
ယခုအချိန်တွင် စွမ်းအားကြီးသောမျိုးနွယ်ခြားများမှာ မျိုးနွယ်ခြားအုပ်၏အနောက်တွင်သာရှိနေဆဲပင်ဖြစ်ပေရာ ယခုသူ့အားတိုက်ခိုက်နေသောမျိုးနွယ်ခြားများမှာ အလွန်အားနည်းလှပေသည်။ ထို့ကြောင့် စွမ်းအင်အများအပြားမသုံးပဲ ထိုသတ္တဝါများအား အလွယ်တကူရှင်းပစ်နိုင်ပေသည်။
ထျယ်ရူယွင်နှင့်အခြားလူများမှာ အနားယူရန်သွားလိုက်ပြန်လိုက် ၈ခေါက်လောက်လုပ်ပြီးသည့်အချိန်မှသာ ကျိုးဟောင်မှစိတ်မပါလက်မပါဖြင့် ခံတပ်အကာအကွယ်ဆီ ပြန်လာလေသည်။
ယခုအချိန်တွင်သိုင်းပညာရှင်များအားလုံးမှာ ကျိုးဟောင်အားလေးစားသည့်အကြည့်မျိုးဖြင့်မဟုတ်ဘဲ မကောင်းဆိုးဝါးတစ်ကောင်အားမြင်နေရသောအကြည့်မျိုးဖြင့် ကြည့်နေကြပေသည်။
လင်ရှုယင်နှင့်အခြားလူများမှာစွမ်းအားကြီးသော်လည်း သူမတို့သည်သာမန်မူလအဆင့်ပညာရှင်များထက် ၂ဆ ၃ဆမျှသာသန်မာကြပေသည်။
သို့သော်ကျိုးဟောင်မှာ သာမန်မူလအဆင့်ပညာရှင်များထက် ၈ဆခန့်သန်မာပေသည်။
မူလအဆင့်ကောင်စီမှ ဂုဏ်ထူးဆောင်ဥက္ကဌမှာ တကယ့်ကိုကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိပေသည်။
"ကျုပ်မှာအထူးပုံဆောင်ခဲရှိတယ် အဲဒါတွေယူပြီးစွမ်းအားပြန်ဖြည့်လိုက်ကြ"
ကျိုးဟောင်သည်လည်း လက်ရှိပြဿနာအားနားလည်ပေသည်။
ထျယ်ရူယွင်နှင့်အခြားလူများ၏ တိုက်ခိုက်ရေးအင်အားမှာ အလွန်စွမ်းအားကြီးသော်လည်း သူတို့သည်သူတို့၏သွေးအနှစ်သာရစွမ်းအားအားပြန်လည်ဖြည့်တင်းရန် ဆေးလုံးများနှင့် အခြားအရင်းအမြစ်များကိုသာအသုံးပြုကြပေသည်။ အချို့လူများမှာ အရောင်ရှိစွမ်းအားပုံဆောင်ခဲများကိုသုံးကြပြီး အချို့မှာမူကျင့်ကြံရေးအရင်းအမြစ်များအားမသုံးဘဲ စွမ်းအားပြန်လည်ဖြည့်တင်းရန် ကျင့်ကြံရေးသိုင်းများကိုသာသုံးကြပေသည်။
ယခုလိုအခြေအနေတွင် သူတို့၏စွမ်းအင်ပြန်လည်ဖြည့်တင်းသောအရှိန်မှာ အလွန်နှေးကွေးလှပေသည်။
"ဥက္ကဌကျိုး ဒါကဘာလဲ"
ကျိုးဟောင်အားလုံးထံသို့ခွဲဝေပေးလိုက်သော သာမန်အဆင့်စွမ်းအင်ဘားများအားလက်ခံပြီးနောက် သိုင်းပညာရှင်များမှာ သူ့အားသံသယရှိသည့်ပုံဖြင့်ကြည့်နေကြပေသည်။
ဤကဲ့သို့သောပစ္စည်းမျိုးအား ယခင်ကသူတို့ တစ်ခါမှမမြင်ဖူးခဲ့ပေ။
"ဒါကအထူးနည်းလမ်းနဲ့ဖန်တီးထားတဲ့ စွမ်းအားပုံဆောင်ခဲပဲ ဒါကလူတစ်ယောက်ရဲ့စွမ်းအင်ကုန်ဆုံးမှုကို ပြန်ဖြည့်တဲ့နေရာမှာ အရမ်းထိရောက်မှုရှိတယ်"
ကျိုးဟောင်စကားဆုံးသည်နှင့် သိုင်းပညာရှင်များမှာ သိလိုစိတ်ပြင်းပြစွာဖြင့်စတင်စမ်းသပ်ကြည့်ကြလေတော့သည်။
ထျယ်ရူယွင်မှာ မယုံကြည်ပေ။ မည်သို့ပင်ဖြစ်စေ အကယ်၍ဤဖန်တီးထားသောစွမ်းအားပုံဆောင်ခဲများမှာ တကယ်ထိုမျှလောက်ကောင်းပြီး ဆေးလုံးများနှင့် အရောင်ရှိစွမ်းအားပုံဆောင်ခဲများနေရာတွင်အစားထိုးနိုင်ပါက ယခုလိုကျင့်ကြံရေးအရင်းအမြစ်ရှားပါးမှုမျိုး ထပ်မံရှိလာတော့မည်မဟုတ်ပေ။
သို့သော် သိုင်းပညာရှင်အများစု၏ တွေဝေခြင်းမရှိသုံးနေသည်ကိုမြင်လိုက်ရသောအခါ သူသည်လည်းစမ်းသပ်ကြည့်ရန်ရည်ရွယ်ချက်ဖြင့် စတင်အသုံးပြုလိုက်လေသည်။
"ဒါ"
ထျယ်ရူယွင်မှာ စွမ်းအင်ဘားရှိစွမ်းအားအားစတင်စုပ်ယူလိုက်သည်နှင့် အလွန်အံ့ဩထိတ်လန့်သွားပြီး ရုတ်တရက်မတ်တတ်ပင်ထရပ်လိုက်မိလေသည်။
ထိုကဲ့သို့ဖြစ်သည်မှာ ထျယ်ရူယွင်တစ်ယောက်တည်းမဟုတ်ပေ။ အခြားသိုင်းပညာရှင်များမှာလည်း ကျိုးဟောင်အားမယုံကြည်နိုင်သလိုကြည့်နေကြပေသည်။
"သေစမ်း ဒါကဘာလဲ သူ့မှာပါတဲ့စွမ်းအားရဲ့သန့်စင်မှုနဲ့ခွန်အားက တကယ့်ကိုအရောင်ရှိစွမ်းအားပုံဆောင်ခဲနဲ့ ဆေးလုံးအများစုထက်ပိုကောင်းတယ်"
"ဥက္ကဌကျိုး ဒါဘယ်လိုရတနာမျိုးလဲ"
"ဥက္ကဌကျိုး ဒါကိုဘယ်ကရလာတာလဲ ကျွန်တော့်ကိုနည်းနည်းလောက်ပြန်ရောင်းပါ"
"ကျွန်တော့်ကိုရောပဲ ဈေးနှုန်းကညှိနှိုင်းလို့ရပါတယ် ဟဟ"
"ဥက္ကဌကျိုး အားလုံးကိုမြန်မြန်ပြောပြလိုက်ပါ"
ချက်ချင်းဆိုသလိုပင် ကျိုးဟောင်မှာလူအုပ်ကြီး၏ဝန်းရံမှုအားခံလိုက်ရပေသည်။
အဝေးရှိ အချို့မဟာဆရာသခင်များနှင့်ဆရာသခင်များမှာလည်း ဤမူလအဆင့်ပညာရှင်များ၏လက်ထဲရှိ စွမ်းအင်ဘားအကြောင်းကို အလွန်အမင်းသိချင်လာကြပေသည်။
အကယ်၍ဤစွမ်းအင်ဘားတွင် သာမန်ထက်ထူးခြားသောအကျိုးသက်ရောက်မှုမျိုးရှိ၍မဟုတ်ပါက ဤမူလအဆင့်ပညာရှင်များမှာ ယခုလောက်အံ့ဩနေကြမည်မဟုတ်ပေ။
ကျိုးဟောင်မှာအားလုံး၏တုံ့ပြန်မှုအား မအံ့ဩပေ။ ပလက်တီနမ်အဆင့်စွမ်းအင်ဘားတစ်ခု၏ အကျိုးသက်ရောက်မှုမှာ တကယ်ပင်သိုင်းပညာရှင်အများစုအတွက် အလွန်ကောင်းမွန်လှပေသည်။
အရေးအကြီးဆုံးမှာ ယခုအချိန်တွင်ဤပစ္စည်းများအားသူမလိုအပ်ပေရာ အခြားသူများထံရောင်းလိုက်လို့ရပေသည်။
သို့သော်ယခုအချိန်သည် မျိုးနွယ်ခြားများနှင့်ရင်ဆိုင်နေရသော အရေးကြီးသည့်အချိန်ဖြစ်သည်။ ဈေးနှုန်းအား နောက်မှ ညှိနှိုင်းလို့ရပေသည်။
"ဒီလျှို့ဝှက်နည်းလမ်းသုံးပြီး ဖန်တီးထားတဲ့ပုံဆောင်ခဲက အများကြီးထုတ်လုပ်လို့မရဘူး တခြားကိစ္စတွေကတော့ လက်ရှိပြဿနာကိုအရင်ဖြေရှင်းပြီးမှပဲ ပြောကြတာပေါ့"
ကျိုးဟောင်မှာဤပစ္စည်းအားမလိုသော်လည်း အလကားပေးပစ်လိုက်ရန်တော့အစီအစဉ်မရှိပေ။
....................................................................................
အခန်း(၂၃၈) ပြီးပါပြီ။
အခန်း (၂၃၉) : ပလက်တီနမ်အဆင့်စွမ်းအင်ဘား၏ကြီးမားသောတန်ဖိုး
"ဥက္ကဌကျိုး ဒီလိုပုံဆောင်ခဲမျိုးဘယ်လိုလုပ်လဲ အကျိုးသက်ရောက်မှုကမယုံနိုင်လောက်အောင်ကိုကောင်းတယ်"
မူလအဆင့်ပညာရှင်အချို့မှာ ပလက်တီနမ်အဆင့်စွမ်းအင်ဘားအားအသုံးပြုပြီးနောက် သူတို့၏မျက်နှာပေါ်တွင် ဝမ်းသာနေသောအရိပ်အယောင်များပေါ်လာလေသည်။
"အဲဒါတော့မပြောနိုင်ဘူး ထပ်ပြောပြရရင်တော့ ကျုပ်ပဲဒီလိုပုံဆောင်ခဲမျိုးထုတ်နိုင်တာ"
ကျိုးဟောင်၏စကားအားကြားပြီးနောက် အခြားသိုင်းပညာရှင်များမှာ ဘာမှထပ်မစဉ်းစားကြတော့ပေ။
မည်သို့ပင်ဖြစ်စေ ယခုလိုကောင်းမွန်သောအကျိုးသက်ရောက်မှုရှိပါက သိုင်းပညာရှင်များနှင့်သင်တန်းကျောင်းများမှာ အလွန်တိုတောင်းသောအချိန်ကာလအတွင်း ဤပုံဆောင်ခဲထုတ်လုပ်နည်းအား ရှာဖွေဖော်ထုတ်ကြမည်သာဖြစ်သည်။
အားလုံး၏အတွေးအား ကျိုးဟောင်နားမလည်ပဲရှိမည်လော။
အစောပိုင်းကပြောခဲ့သည့်အတိုင်းပင် သိုင်းပညာရှင်အများစုမှာ အနည်းဆုံး ပလက်တီနမ်အဆင့်စွမ်းအင်ဘားတစ်ခုစီ ကြိုတင်မှာထားပြီးပြီဖြစ်သည်။ ၎င်းမှာ သူတို့သည်ပစ္စည်းအားသုတေသနအဖွဲ့အစည်းများထံယူဆောင်သွားပြီး ဤစွမ်းအားပုံဆောင်ခဲအားသုတေသနလုပ်ကာ ထုတ်လုပ်ရန်ပြင်ဆင်လိုခြင်းဖြစ်သည်မှာ သိသာပေသည်။
သို့သော် သူဂရုမစိုက်ပေ။
မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာသူ့အပေါ်သက်ရောက်မှုများများစားစားမရှိပေ။
ဤပလက်တီနမ်အဆင့်စွမ်းအင်ဘားများမှာ အခြားလူများအတွက်ရတနာဖြစ်သော်လည်း သူ့အတွက်မူတန်ဖိုးသိပ်မရှိပေ။
စွန့်ပစ်လိုက်ပါက အလကားဖြစ်သွားမည်ဖြစ်သည်။
ထျယ်ရူယွင်မှာ လက်ထဲတွင်ပလက်တီနမ်အဆင့်စွမ်းအင်ဘားအားကိုင်ထားကာ စိုက်ကြည့်နေလေသည်။ ၎င်းမှာလေးထောင့်ပုံပုံဆောင်ခဲဖြစ်ပြီး လက်မသာသာအရွယ်အစားရှိပေသည်။
သူ့အားပဟေဠိဖြစ်စေသည့်အရာမှာ ဤပစ္စည်းမှာ ဖန်တီးထားသည့်ပုံမပေါ်ခြင်းပင်ဖြစ်သည်။
သို့သော် အကယ်၍ဤပစ္စည်းမှာသဘာဝအတိုင်းဖြစ်ပေါ်လာသောပစ္စည်းဖြစ်ပါက ကမ္ဘာဂြိုဟ်ပေါ်ရှိအခြားသိုင်းပညာရှင်များမှာ အစောကတည်းကရှာတွေ့ပြီးလောက်ပြီဖြစ်သည်။
ထျယ်ရူယွင်မှာ အတွေးထဲတွင်နစ်မျောနေပေသည်။
ကျိုးဟောင်မှာသူ၏အနှစ်သာရစွမ်းအားအများစုအား ပြန်လည်ဖြည့်တင်းပြီးနောက် နောက်တစ်ကြိမ်ထပ်မံပြီးအကာအကွယ်ပြင်ပသို့အလောတကြီးထွက်ကာ အကာအကွယ်အားတောက်လျှောက်တိုက်ခိုက်နေသောမျိုးနွယ်ခြားများအား စတင်သတ်ဖြတ်လေတော့သည်။
ခံတပ်ရှိအကာအကွယ်၏ခုခံမှုမှာ အကန့်အသတ်ရှိပေရာ မျိုးနွယ်ခြားများ၏အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် အကာအကွယ်တစ်ခုလုံးပေါ်ရှိဖိအားမှာ သိသိသာသာတိုးလာပေသည်။
ကံကောင်းသည်မှာ ကျိုးဟောင်နှင့်အခြားမူလပညာရှင်များမှာ မျိုးနွယ်ခြားများအားဆက်လက်တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။ မဟုတ်ပါက သူတို့ဤမျှအချိန်အထိအကြာကြီးတောင့်ခံနိုင်ရန်အတွက် အကာအကွယ်ကိုသာ လုံးဝမှီခိုနေရန်မှာမဖြစ်နိုင်ပေ။
ကျိုးဟောင်အကာအကွယ်ပြင်ပသို့အလောတကြီးထွက်ကာ မျိုးနွယ်ခြားများအားတိုက်ခိုက်သည်နှင့် သိုင်းပညာရှင်အများစုမှာ သူတို့အစောပိုင်းကရထားသောပုံဆောင်ခဲများအား ခွဲခြမ်းစိတ်ဖြာပြီးလေ့လာရန် ချန်နယ်များမှတစ်ဆင့် သတင်းပို့လိုက်ကြပြီဖြစ်သည်။
ကျိုးဟောင်မှာနည်းပညာအားမဝေမျှလိုခြင်းသည် သူ၏ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်သည်။
သို့သော် အကယ်၍သူတို့သာဤနည်းပညာကိုဖော်ထုတ်နိုင်ပါက ကျိုးဟောင်၏သဘောထားမှာ အရေးမကြီးတော့ပေ။
ပလက်တီနမ်အဆင့်စွမ်းအင်ဘားအားပထမဆုံးလက်ခံရရှိသူမှာ အစိမ်းရောင်တိမ်တိုက်သုတေသနသင်တန်းကျောင်းဖြစ်သည်။
အစိမ်းရောင်တိမ်တိုက်သုတေသနသင်တန်းကျောင်းမှာ အစိမ်းရောင်တိမ်တိုက်ဌာနလက်အောက်ရှိအဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သည်။ ယခု အချိန်တွင် အစိမ်းရောင်တိမ်တိုက်ဌာနမှအထက်လူကြီးများမှာ လင်ရှုယင်နှင့်အခြားလူများပို့လိုက်သောသတင်းအား ရရှိပြီးပြီဖြစ်သည်။
"ဖန်တီးထားသောပုံဆောင်ခဲ" သို့မဟုတ် ပလက်တီနမ်အဆင့်စွမ်းအင်ဘား ၏အကျိုးသက်ရောက်မှုအားကြားပြီးနောက် အစိမ်းရောင်တိမ်တိုက်ဌာနမှအထက်လူကြီးများ၏ရင်ထဲတွင် မျှော်လင့်ချက်တစ်စပေါ်ထွန်းလာခဲ့ပေသည်။
အကယ်၍သူတို့သာယခုလို "ဖန်တီးထားသောပုံဆောင်ခဲ" အားထုတ်လုပ်နိုင်ပါက သိုင်းပညာရှင်များ၏ စွမ်းအားပြန်လည်ပြည့်ဝနှုန်းမှာ များစွာတိုးလာမည်ဖြစ်သည်။ ဤသည်မှာ သိုင်းပညာရှင်များ၏တိုက်ခိုက်ရေးစွမ်းအားမှာလည်းအကြီးအကျယ်တိုးလာမည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
ကျိုးဟောင်သူ၏နည်းပညာအားမမျှဝေခြင်းမှာ သူသည်အလွန်ငယ်ရွယ်ပြီးတုံးအ၍သာဖြစ်သည်ဟု မြေခွေးအိုကြီးများကထင်မြင်ကြပေသည်။
အကယ်၍ကျိုးဟောင်သာ ဤပုံဆောင်ခဲအားထုတ်မပေးပါက သူတို့လည်းဘာမှတတ်နိုင်မည်မဟုတ်ပေ။
သို့သော်ယခုတွင် သူတို့ထံ၌အစိမ်းရောင်တိမ်တိုက်သုတေသနသင်တန်းကျောင်း၏နည်းပညာဖြင့် အသေးစိတ်အချက်အလက်များရှိနေပြီဖြစ်ရာ ဤပစ္စည်းအားပြန်လည်ဖန်တီးနိုင်မည်ဟု ယုံကြည်ပေသည်။
အစိမ်းရောင်တိမ်တိုက်သုတေသနသင်တန်းကျောင်းမှထုတ်လုပ်သော ပုံဆောင်ခဲအားမြင်ရရန် အချိန်မည်မျှမှမလိုအပ်ဘူးဟု သူတို့ယုံကြည်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ခေတ္တမျှကြာပြီးနောက် အစည်းအဝေးခန်းထဲတွင် အစီရင်ခံစာတစ်ခုပေါ်လာလေသည်။
အစီရင်ခံစာပေါ်လာပြီးသိပ်မကြာမီမှာပင် မြေခွေးအိုကြီးများမှာပြုံးလိုက်ကြလေသည်။
မတတ်နိုင်ပေ။ သူတို့သည်ကျိုးဟောင်အားအနိုင်ကျင့်ခြင်းမဟုတ်ပေ။ ယခုအချိန်တွင် ဟွာရှားနှင့် ကမ္ဘာဂြိုဟ်ပေါ်ရှိအခြေအနေမှာ အလွန်ပြင်းထန်နေပေသည်။ ကျိုးဟောင်မှာကူညီလိုသောဆန္ဒမရှိသည့်အတွက် သူတို့၏ကိုယ်ပိုင်နည်းလမ်းအား သုံးရုံသာရှိပေသည်။
သို့သော် သူတို့ကြာကြာအောင်ပွဲမခံရသေးခင်မှာပင် လေးထောင့်ပုံမျက်နှာရှိသောသက်လတ်ပိုင်းယောက်ျားတစ်ယောက်မှာ အစီရင်ခံစာအားကြည့်ပြီး မျက်နှာမှာချက်ချင်းပင်အကျည်းတန်သွားလေသည်။
"ဘာဖြစ်လို့လဲ လောင်ကျန်း"
သူ၏မျက်နှာအမူအရာကိုကြည့်ပြီး အခြားလူများမှာရင်တုန်လာပြီး မနေနိုင်တော့ဘဲမေးလိုက်လေသည်။
"ပြန်ပို့လိုက်တဲ့ နမူနာ၆ခုလုံးရဲ့အချက်အလက်တွေက အကုန်လုံးအတူတူပဲ ဒါပေမဲ့ဒီလိုပုံဆောင်ခဲတစ်တုံးထုတ်လုပ်ဖို့ကုန်ကျစရိတ်ကအတော်လေးမြင့်တယ်"
"ဒီလိုအနှစ်သာရစွမ်းအားအများကြီးကို အခုလိုစွမ်းအားပုံဆောင်ခဲအနေနဲ့ခဲလိုက်ဖို့ဆိုတာ အရမ်းဈေးကြီးတယ် တကယ်တော့သူ့ကုန်ကျစရိတ်က သွေးအနှစ်သာရစွမ်းအားပမာဏတူညီတဲ့အရင်းအမြစ်အခု ၁၀၀ ထုတ်လုပ်တဲ့ကုန်ကျစရိတ်နဲ့အတူတူပဲ"
"တစ်နည်းပြောရရင် ငါတို့ဒီလိုပုံဆောင်ခဲတစ်ခုထုတ်ဖို့ ၁၀သန်းကုန်မယ် ဒါပေမဲ့ အဲဒီ ၁၀သန်းနဲ့ဆို သူနဲ့အကျိုးရလဒ်ချင်းတူတဲ့ ဆေးလုံးအလုံး ၁၀၀ ထုတ်လို့ရတယ်"
"သေချာပေါက် ဒီဟာကဆေးလုံးတွေထက် စွမ်းအားပြည့်နှုန်းပိုကောင်းတာပေါ့ သူ့ရဲ့စုပ်ယူနိုင်စွမ်းကလည်း ၉၉.၉ ရာခိုင်နှုန်းရှိတယ် တကယ်လို့ပမာဏအများအပြားထုတ်လုပ်ဖို့ ကုန်ကျစရိတ်ကိုသာလျှော့ချနိုင်ရင် ဒီဟာကတကယ့်ကိုအရမ်းအသုံးဝင်တဲ့လျှို့ဝှက်လက်နက်တစ်ခုဖြစ်လာမှာပဲ"
ဝန်ကြီးကျန်းမှာသက်ပြင်းတစ်ချက်ချကာပြောလိုက်ပြီးနောက် ကျိုးဟောင်အတွက် ကူကယ်ရာမဲ့သလိုခံစားလိုက်ရပေသည်။
အထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်မှာ တကယ်ပင်ထိုကဲ့သို့သောအရာအားဖန်တီးနိုင်သော်လည်း ၎င်းအားထုတ်လုပ်ရန်ကုန်ကျစရိတ်မှာ စက်ကိရိယာနည်းပညာအားအသုံးပြုသောကုန်ကျစရိတ်နှင့် အတူတူပင်ဖြစ်သည်။
ယခုလိုပုံမှန်မဟုတ်သော ဆေးလုံးဖော်စပ်သည့်နည်းလမ်းအားတွေးခဲ့ရသည့် ကျိုးဟောင်မှာမည်မျှသနားစဖွယ်ကောင်းလိုက်သနည်း။
....................................................................................
အခန်း(၂၃၉)ပြီးပါပြီ။
အခန်း (၂၄၀) : ဈေးကြီးပေးပြီးစွမ်းအင်ဘားများအားဝယ်ယူခြင်း
ဝန်ကြီးကျန်းမှာ အားလုံးအား ခွဲခြမ်းစိတ်ဖြာထားသည့်အစီရင်ခံစာပြပြီးနောက် အစိမ်းရောင်တိမ်တိုက်ဌာနရှိအထက်လူကြီးများမှာ ကျိုးဟောင်အတွက်ငိုရမလား ရယ်ရမလားပင်မသိတော့ပေ။
ကျိုးဟောင်မှာသူ၏သွေးအနှစ်သာရစွမ်းအားအားသန့်စင်ရန် ငွေပမာဏအမြောက်အမြားသုံးခဲ့ပြီးမှ ၎င်းအားပုံဆောင်ခဲထဲသို့ ဖြည်းဖြည်းချင်းထည့်သွင်းခဲ့မှန်း သိသာပေသည်။
အထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်မှာ တကယ်ကြီးယခုလိုကိစ္စမျိုးလုပ်သည့်အပေါ်၌ သူတို့ထံတွင်လည်းပြောစရာစကားမရှိပေ။
"လောင်ကျန်း ဒီကောင်စုတ်လေးက ခုတစ်ခေါက်ဒီပုံဆောင်ခဲရောင်းဖို့ ခုလိုကိစ္စတွေအားလုံးကိုလုပ်ခဲ့တာအသိသာကြီးပဲ"
"ခွဲခြမ်းစိတ်ဖြာစမ်းသပ်ပြီးတော့ ရလာတဲ့ရလဒ်တွေကအတူတူနီးပါးပဲ အဲဒီလိုသာဆို ငါတို့ဒီကလေးဆီကပဲ တစ်ခါတည်းဝယ်လိုက်ရင်ရော"
ဖြူဖက်ဖြူရော်အသားအရည်ဖြင့် နှုတ်ခမ်းမွေးမရှိသည့် ခပ်ဝဝကောင်းကင်ဘုံအဆင့်သိုင်းပညာရှင်တစ်ယောက်မှ အပြုံးဖြင့်ပြောလိုက်လေသည်။
ကောင်းကင်ဘုံအဆင့်ပညာရှင်အား ကောင်းကင်ဘုံဘုရင်ဟုလည်းခေါ်ဆိုကြပေရာ ယခုစကားပြောလိုက်သောပုဂ္ဂိုလ်အား ကောင်းကင်ဘုံဘုရင်ကျူးဟု လူသိများပေသည်။
"ကောင်းကင်ဘုံဘုရင်ကျူးက ဘာပြောချင်တာလဲ"
ဝန်ကြီးကျန်းမှာ မျက်လုံးအားမှေးစဉ်းကာတွေးတောရင်းမေးလိုက်လေသည်။
ကျိုးဟောင်၏ ပုံဆောင်ခဲထုတ်ယူသည့်ဤနည်းလမ်းမှာ လုံးဝမသင့်လျော်ပေ။
ကျိုးဟောင်ယခုလိုနည်းလမ်းအား စဉ်းစားဝံ့သည်မှာအလွန်သတ္တိကောင်းသည်ဟုအားလုံးထင်သော်လည်း ယခုလိုနည်းလမ်းဖြင့်ပိုက်ဆံရှာဖို့ဆိုသည်မှာ မဖြစ်နိုင်တာတော့မဟုတ်ပေ။
အစိမ်းရောင်တိမ်တိုက်သင်တန်းကျောင်းမှ ယခုလိုဖန်တီးထားသောပုံဆောင်ခဲအားထုတ်လုပ်ရန် သူတို့၏ကိုယ်ပိုင်နည်းပညာအားအသုံးပြုပါက ကုန်ကျစရိတ်မှာ တစ်ခဲလျှင် ယွမ်၁၀သန်း ကျသင့်ပေမည်။
သို့သော်ကစျေးနှုန်းအလွန်မြင့်မားနေပါက မတန်ပေ။
"ကျုပ်ပြောချင်တာက ဒီဖန်တီးထားတဲ့ပုံဆောင်ခဲကို တစ်ခဲကို ၃သန်း ဒါမှမဟုတ် ၅သန်းလောက်နဲ့ ဥက္ကဌကျိုးဆီကတန်းဝယ်လိုက်ဖို့ပြောတာ"
"သူ့မှာဘယ်လောက်ရှိရှိကိစ္စမရှိဘူး ကျုပ်တို့အစိမ်းရောင်တိမ်တိုက်ဌာနက အကုန်ဝယ်နိုင်တယ်"
"အဲဒါတင်မကသေးဘူး တကယ်လို့သူ့မှာအများကြီးရှိတယ်ဆိုရင် ကျုပ်တို့သူ့ဆီက အစုလိုက်အပုံလိုက်ကို ယွမ် ၃သန်းနဲ့ဝယ်ပြီး တခြားသိုင်းပညာရှင်တွေကို ယွမ် ၆သန်းကနေ ၈သန်းအထိတင်ရောင်းလို့ရတယ်"
"ဒီလိုဆို ဘာကုန်ကျစရိတ်မှမရှိဘဲနဲ့ ကျုပ်တို့ဒီပုံဆောင်ခဲကိုလည်း ထိန်းချုပ်နိုင်မယ်"
ကောင်းကင်ဘုံဘုရင်ကျူးမှာ အားလုံးတွက်ချက်ပြီးပေပြီ။ သူ၏စကားများအားကြားသောအခါ အစည်းအဝေးခန်းထဲရှိ အခြားကောင်းကင်ဘုံအဆင့်ပညာရှင်များမှာ ဤကောင်းကင်ဘုံအဆင့်ပညာရှင်မှာ စီးပွားရေးသမားတစ်ယောက်ဖြစ်လာနိုင်သောအလားအလာရှိသလိုပင် ခံစားလိုက်ရလေသည်။
"ကောင်းပြီလေ အဲဒီလိုပဲလုပ်ကြတာပေါ့"
ပုံဆောင်ခဲတစ်ခုလျှင်ယွမ် ၃သန်းဟူသောဈေးနှုန်းက အနည်းငယ်မြင့်သော်လည်း အစိမ်းရောင်တိမ်တိုက်ဌာနကတော့တတ်နိုင်ပါသေးသည်။
ထို့အပြင် ဤပစ္စည်းမှာယခုလိုကောင်းမွန်သောရလဒ် ဖြစ်ထွန်းပေရာ ဟွာရှားရှိသိုင်းပညာရှင်များသာအသုံးပြုနိုင်သည်မဟုတ်ဘဲ ကမ္ဘာကြီးရှိသိုင်းပညာရှင်များအားလုံးထံလည်း တစ်ခုလျှင်ယွမ် ၈သန်းဖြင့်မျှဝေနိုင်ပေသည်။
ဝန်ကြီးကျန်းစိတ်ဆုံးဖြတ်ပြီးနောက် ဤကိစ္စအားဆုံးဖြတ်ချက်ချ လိုက်လေသည်။
အစိမ်းရောင်တိမ်တိုက်ဌာနမှ ကိုယ်စားပြုအနေနှင့် ကောင်းကင်ဘုံဘုရင်ကျူးမှာ ကျိုးဟောင်ဖြင့်ဤကိစ္စအားဆွေးနွေးရန် ပထမဆုံးအကြိမ်အစိမ်းရောင်တိမ်တိုက်ဌာနချုပ်မှထွက်ခွာပြီး နံပါတ်၁အက်ကွဲကြောင်းသို့သွားလေတော့သည်။
ယခုအက်ကွဲကြောင်းများမှအခြေအနေများမှာတိုးတက်လာပြီဖြစ်လေရာ နောက်ဆုံးတွင်သူလည်းထွက်လာနိုင်ပေပြီ။
ထို့အပြင် ဤကိစ္စမှာကမ္ဘာကြီးရှိသိုင်းပညာရှင်အားလုံးအတွက် အကျိုးရှိပေရာ ဤအရောင်းအဝယ်အား သူ့ထံမှတစ်ဆင့် မည်သူ့ကိုမှခိုးယူသွားခွင့်မပြုနိုင်ပေ။
နံပါတ်၁အက်ကွဲကြောင်း၏အစည်းအဝေးခန်းထဲ၌ ကျိုးဟောင်မှာပြုံးနေသော ဝဝတုတ်တုတ်လူကိုကြည့်ကာ ပြောစရာစကားမရှိဖြစ်နေလေသည်။
ထိုဝတုတ်မှာသူ့အား ရတနာတစ်ခုရှာတွေ့သကဲ့သို့ကြည့်နေပေသည်။
သူတို့နှစ်ယောက်သည် အချိန်တစ်ခုအထိအချင်းချင်း ကြည့်နေကြပေရာ အခန်းတွင်းရှိလေထုမှာလည်း အနည်းငယ်ထူးဆန်းလာလေသည်။
"စီနီယာက ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကို ဘာလို့နံပါတ်၁အက်ကွဲကြောင်းကို အန္တရာယ်တွေကနေခုခံဖို့ မကူညီပေးခဲ့တာလဲ"
တိတ်ဆိတ်မှုအား ဦးစွာဖြိုခွင်းလိုက်သူမှာကျိုးဟောင်ဖြစ်ပြီး သူမေးချင်သည့်မေးခွန်းအားတန်းမေးလိုက်လေသည်။
မှန်ပေသည်။သူ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသောဝတုတ်မှာ ကျိုးဟောင်နှင့်ကြီးမားသောစီးပွားရေးအရောင်းအဝယ်ကိစ္စအားဆွေးနွေးရန် အစိမ်းရောင်တိမ်တိုက်ဌာနမှ အလောတကြီးထွက်လာသောကောင်းကင်ဘုံဘုရင်ကျူးပင်ဖြစ်သည်။
"ဟဟ ကျုပ်ကိုစီနီယာလို့မခေါ်ပါနဲ့ ကောင်းကင်ဘုံအဆင့်ဟုတ်ဟုတ်မဟုတ်ဟုတ် ကျုပ်တို့ကနေရာအနှံ့ညီနောင်တွေပဲကို ကမ္ဘာကြီးကသိုင်းပညာရှင်အားလုံးက တစ်မိသားစုတည်းပဲ ကျုပ်ရဲ့မျိုးရိုးနာမည်ကကျူး ပြီးတော့နာမည်အပြည့်အစုံက ကျူးဇောင် ခင်ဗျားကျုပ်ကိုအစ်ကိုကျူး ဒါမှမဟုတ် ကောင်းကင်ဘုံဘုရင်ကျူးလို့ခေါ်လို့ရတယ်"
ကျူးဇောင်မှာအလွန်သာမန်ဆန်သော်လည်း ကျိုးဟောင်၏မေးခွန်းအားမဖြေပေ။
"ကောင်းကင်ဘုံဘုရင်ကျူး ဘာကိစ္စရှိလို့ပါလဲ"
ကျိုးဟောင်သည် ဤကောင်းကင်ဘုံဘုရင်ကျူးမှာသူ့မေးခွန်းအားမဖြေချင်မှန်းသိပေရာ ထိုပုဂ္ဂိုလ်အားထပ်မံပြီးမနှောင့်ယှက်တော့ပေ။ အကြောင်းပြချက်ကိုလည်း သူဒုက္ခခံပြီးတွေးမနေပေ။
သို့သော် ဤကောင်းကင်ဘုံဘုရင်ကျူးသည် အလွန်ဖော်ရွေပုံရသည်။ သူ့ထံတွင်ကောင်းကင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဟူသော စိတ်ကြီးဝင်မှုမျိုးစိုးစဉ်းမျှမရှိပေ။
"သေချာပေါက်ရှိတာပေါ့ ဒီပစ္စည်းကိုသိလား"
ကောင်းကင်ဘုံဘုရင်ကျူးမှာလိုရင်းကိုတန်းမေးကာ စွမ်းအားပုံဆောင်ခဲတစ်ခုထုတ်လိုက်လေသည်။ ၎င်းမှာကျိုးဟောင်၏ ပလက်တီနမ်အဆင့်စွမ်းအင်ဘားမဟုတ်ဘဲ အစိမ်းရောင်တိမ်တိုက်သင်တန်းကျောင်းမှ အချိန်ပိုဆင်းကာထုတ်လုပ်ထားသော နမူနာပုံဆောင်ခဲပင်ဖြစ်သည်။
ထိုအရာအားမြင်လိုက်ရသောအခါ ကျိုးဟောင်မှာသွေးအန်တော့မလိုပင်ဖြစ်သွားလေသည်။
ကောင်းလိုက်လေခြင်း သူပလက်တီနမ်အဆင့်စွမ်းအင်ဘားအားထုတ်ပေးလိုက်သည်မှာမကြာသေးသော်လည်း ၎င်းအားစတင်ရောင်းချကြပေတော့မည်။ အဆုံး၌ အခြားလူများထိုပစ္စည်းအားအတုလုပ်ရန်မှာ အချိန်ခဏသာကြာလိုက်ပေသည်။
ရယ်ဖွယ်ရာကောင်းလှပေသည်။
ယခုအချိန်တွင်သူလည်းအထွတ်အထိပ်မူလအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပေရာ သတင်းအများကြီးစုံစမ်းလို့ရပေသည်။ ထို့ကြောင့် ယခုကာလမတိုင်ခင်က ကမ္ဘာဂြိုဟ်တွင်ဤကဲ့သို့သောစွမ်းအားပုံဆောင်ခဲမျိုးမရှိခဲ့သည်မှာ သေချာကြောင်း သူသိပေသည်။
ဤပစ္စည်းမှာ သူထုတ်ပေးလိုက်သောပလက်တီနမ်အဆင့်စွမ်းအင်ဘား၏ အဆင့်မြင့်ပုံတူပင်ဖြစ်သည်။
"ဟဟ မအံ့ဩသွားပါနဲ့ ကျုပ်ဒီတစ်ခေါက်ခင်ဗျားကိုလာရှာတာက ခင်ဗျားနဲ့အကြီးစားစီးပွားရေးကိစ္စလေးဆွေးနွေးချင်လို့ပါ"
ကောင်းကင်ဘုံဘုရင်ကျူးမှာ ကျိုးဟောင်၏ဝမ်းချုပ်နေသလို အမူအရာအားမြင်ပေသည်။ သို့သော်ဂရုမစိုက်ဘဲပြုံးကာပြောလိုက်သည်။
ကောင်းကင်ဘုံဘုရင်ကျူးမှာ သူ၏စိတ်ရင်းအလုံးစုံကိုထုတ်ဖော်ပြသပြီး သူအဖော်ရွေဆုံးဟုထင်သော အပြုံးတစ်ခုအား ဖြစ်ညှစ်ထုတ်ကာပြုံးပြလိုက်သည်။
သူမသိလိုက်သည်မှာ သူနှစ်လိုဖွယ်ကောင်းစွာပြုံးပြလိုက်သော ခပ်အအပုံစံအပြုံးမှာ ကျိုးဟောင်၏စိတ်ထဲ၌တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရခြင်းကိုပင်ဖြစ်သည်။
....................................................................................
အခန်း(၂၄၀) ပြီးပါပြီ။