အခန်း ၂၄၁-၂၄၃
Vol. 17 Ch. 241-243
အခန်း (၂၄၁) : ရုပ်တည်ဖြင့် အဓိပ္ပာယ်မရှိသောစကားပြောခြင်း
"စီနီယာ စီနီယာက ကျုပ်ဖန်တီးထားတဲ့ပုံဆောင်ခဲဝယ်ချင်လို့လား"
ကောင်းကင်ဘုံဘုရင်ကျူး၏အပြုံးသည် ဘာကြောင့်မှန်းမသိကျိုးဟောင်အား ဘာပြောရမှန်းမသိဖြစ်သွားစေသော်လည်း အခြားလူမှာ ပလက်တီနမ်အဆင့်စွမ်းအင်ဘားအား ဝယ်လိုခြင်းဖြစ်ကြောင်းကြားကြားလိုက်ရသည့်အခါ သူ့စိတ်ထဲရှိမသက်မသာဖြစ်မှုမှာ ချက်ချင်းဆိုသလိုပင်ပျောက်ကွယ်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ကျိုးဟောင်မှာဉာဏ်မရှိသူမဟုတ်ပေရာ စီးပွားရေးနှင့်ပတ်သက်သောအခွင့်အရေးရှိပါက ရိပ်စားမိပေသည်။
"ဟုတ်တယ် ကျုပ်ဒါကိုအရေအတွက်အများကြီးလိုချင်တယ် ခင်ဗျားမှာဘယ်လောက်ရှိရှိ ကျုပ်အကုန်လိုချင်တယ်"
"ကျုပ်ခင်ဗျားကိုတခြားကိစ္စတစ်ခုလည်း ပြောချင်သေးတယ် ဘယ်လိုဖြစ်ဖြစ် ခင်ဗျားကဟွာရှားသိုင်းပညာရှင်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ ဒီဖန်တီးထားတဲ့ပုံဆောင်ခဲကလည်း စစ်ဗျူဟာကျတဲ့အရင်းအမြစ်တစ်ခုပဲ"
"အစိမ်းရောင်တိမ်တိုက်ဌာနမှာ ခင်ဗျားကိုဒီနည်းပညာမျှဝေခိုင်းခွင့်မရှိပေမဲ့ခင်ဗျားလက်ထဲကဖန်တီးထားတဲ့ပုံဆောင်ခဲတွေကိုတော့ သေချာပေါက်ကျုပ်တို့အစိမ်းရောင်တိမ်တိုက်ဌာနအတွက် အရင်ဆုံးထောက်ပံ့ပေးရမယ်"
"ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှိလား"
ကောင်းကင်ဘုံဘုရင်ကျူးမှာ စကားဆုံးသွားသည်နှင့် အမူအရာမှာပြင်းထန်လာပြီး ကျိုးဟောင်အားလေးနက်စွာကြည့်လာလေသည်။
"ကောင်းပြီလေ"
ကျိုးဟောင်မှာ တွေးပင်မတွေးဘဲသဘောတူလိုက်လေသည်။ အစိမ်းရောင်တိမ်တိုက်ဌာနကဲ့သို့သော အကြီးစားဖောက်သည်သာရှိပါက ရောင်းချရေးနှင့်ပတ်သက်ပြီးစိတ်ပူနေစရာမလိုတော့ပေ။
သူ့အားတစ်ခုခုမှားယွင်းနေသလို ခံစားနေစေရသည့်တစ်ခုတည်းသောအချက်မှာ ကောင်းကင်ဘုံဘုရင်ကျူးသည်ကြီးမားသောအပေးအယူတစ်ခုရရှိသွားသကဲ့သို့ ဂုဏ်ယူစွာပြုံးနေခြင်းပင်ဖြစ်သည်။
ကျိုးဟောင်မှာ အချိန်ခဏမျှ မသေချာသလိုခံစားလိုက်ရသည်။
ထို့အပြင် အစိမ်းရောင်တိမ်တိုက်ဌာနမှာ ဖန်တီးထားသောပုံဆောင်ခဲအား သူတို့နည်းသူတို့ဟန်ဖြင့်ထုတ်လုပ်နေနိုင်ပါလျက်နှင့် ဘာကြောင့်သူ့ဆီကဝယ်ယူချင်နေရပါသနည်း။
နှစ်ဘက်ရှိသတင်းအချက်အလက်မှာ အကြီးအကျယ်ခြားနားပေရာ ကျိုးဟောင်မှာအတော်လေး သံသယဝင်လာလေသည်။
"ဟဟ ဒီဖန်တီးထားတဲ့ပုံဆောင်ခဲတွေကို အစိမ်းရောင်တိမ်တိုက်ဌာနကိုရောင်းတဲ့အတွက် ခင်ဗျားအတွက်လည်းအကျိုးရှိမှာပါ"
"တကယ်လို့ ဖန်တီးထားတဲ့ပုံဆောင်ခဲက ပြဿနာတစ်ခုခုဖြစ်ရင် အစိမ်းရောင်တိမ်တိုက်ဌာနကခင်ဗျားကိုကူညီနိုင်တာပေါ့"
ကောင်းကင်ဘုံဘုရင်ကျူးမှာ အတွေ့အကြုံများစွာရှိပေရာ စီးပွားရေးမည်ကဲ့သို့လုပ်ရမည်ကိုလည်း ကောင်းကောင်းသိပေသည်။ ဤဆွေးနွေးမှု ချောချောမွေ့မွေ့ဖြင့်အဆင်ပြေရန် အကျိုးအမြတ်၏အစွန်းထွက်အား သေချာပေါက်ကျိုးဟောင်ကိုပေးရမည်ဖြစ်ကြောင်း သိပေသည်။
"အဲဒါတင်မကသေးဘူး ကြည့် တကယ်လို့ကျုပ်တို့သာတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးသွားရင် ကျုပ်ခင်ဗျားကို အသုံးဝင်တာတွေအများကြီးထောက်ပံ့ပေးမယ် စည်းမျဉ်းတွေနဲ့မဆန့်ကျင်သရွေ့ပေါ့"
ကောင်းကင်ဘုံဘုရင်ကျူးမှာ စကားဆုံးသောအခါ ညီနောင်ကောင်းများပမာ ကျိုးဟောင်၏ပခုံးအားပုတ်လိုက်လေသည်။
သူ၏ပုံစံကိုကြည့်ပြီး ကျိုးဟောင်၏ပထမဆုံးအတွေးမှာ ဤပုဂ္ဂိုလ်မှာ နှလုံးသားမရှိသောစီးပွားရေးသမားတစ်ယောက်လိုပုံမျိုးဖြင့် ဘယ်လိုများကောင်းကင်ဘုံအဆင့်ပညာရှင်ဖြစ်လာသလဲဟူသော အတွေးပင်ဖြစ်သည်။
"စီနီယာကျူး ဖန်တီးထားတဲ့ပုံဆောင်ခဲရဲ့ရောင်းဈေးကို ခင်ဗျားဘယ်လောက်နဲ့ကမ်းလှမ်းမလဲ"
ကျိုးဟောင်မှာတည့်တိုးပင်ပြောလိုက်သည်။
ပလက်တီနမ်အဆင့်စွမ်းအင်ဘား၏ကုန်ကျစရိတ်မှာ တစ်ခုလျှင် ကောင်းကင်ဘုံဒင်္ဂါး ၁သောင်းဖြစ်ပြီး ထိုပမာဏမှာယွမ်တစ်သန်းဖြင့်ညီမျှလေသည်။
သို့သော်သူ၏ကံကြမ္မာအမှတ်အားသုံးပါက ကျိုးဟောင်မှာမူလပမာဏ၏ ၁၀ ဆ၊ အဆ ၂၀ သို့မဟုတ် အဆ ၃၀ ရနိုင်ပေသည်။
ပျှမ်းမျှဆိုရသော် စွမ်းအင်ဘားတစ်ခု၏ဈေးနှုန်းမှာ ယွမ်၅သိန်းပင်မပြည့်ပေ။
တစ်နည်းဆိုရသော် သူထိုပစ္စည်းများအား ယွမ် ၅သိန်းအားဖြင့်ရောင်းလျှင်တောင် အမြတ်ရပေသည်။
အစိမ်းရောင်တိမ်တိုက်ဌာနမှာ ယခုတစ်ကြိမ်၌ အလွန်ရက်ရောနေပေသည်။ သူ့အားနည်းပညာမတောင်းဆိုရုံသာမက သူ့ထံမှပစ္စည်းအား အားလုံးဝယ်ဖို့ကိုပင်သဘောတူလိုက်သေးပေရာ ဈေးနှုန်းအားလျှော့ပေးရန်မှာ သူ့အတွက်ကိစ္စမရှိပေ။
သူအမြတ်ရနေသရွေ့ ထိုကိစ္စမှာပြဿနာမရှိပေ။
"ဒီလောက်ဆိုရင်ရောဘယ်လိုလဲ"
ကောင်းကင်ဘုံဘုရင်ကျူးမှာစကားမပြောဘဲ လက်နှစ်ချောင်းထောင်ပြပြီးနောက် ဖြည်းညှင်းစွာပြောလာလေသည်။
"တစ်ခုကိုယွမ် ၂သန်းဆိုရင်ရော"
ကောင်းကင်ဘုံဘုရင်ကျူး၏စကားကိူနားထောင်ရင်း ကျိုးဟောင်မှာ ဤပုဂ္ဂိုလ်သည်အလွန်ရိုက်စားလုပ်တတ်သူဟုခံစားနေရလေသည်။
ကျိုးဟောင်မှာမည်မျှသာမန်ထက်ထူးကဲသည်ဖြစ်စေ သူ့အတွက်ယခုလိုပုံဆောင်ခဲအားသန့်စင်ရန်မှာ အနည်းငယ်တော့ခက်ခဲဦးမည်သာဖြစ်သည်။
သို့သော် ဤကောင်လေး၏ဆောင်းဦးနွေသစ်စိမ်းသိုင်းနှင့် လိုက်ဖက်ညီမှုမှာ အလွန်အမင်းရှားပါးသောအမှတ်ဖြစ်သည့် ၇၅ မှတ်အထိရောက်ရှိနေကြောင်းကို ကြားသိထားပေရာ ထိုသို့ဆိုပါက ဈေးနှုန်းကိုလည်း တကယ်ပင်ညှိလို့ရပေလိမ့်မည်။
ကျိုးဟောင်မှာ ကြက်သေသေသွားလေသည်။ ပုံဆောင်ခဲ၏ရောင်းဈေးမှာ ယွမ် ၅သိန်းအထက်ရှိနေသရွေ့ သူ့အတွက်ကိစ္စမရှိပေ။
ယခုမူ ကောင်းကင်ဘုံဘုရင်ကျူးက သူ့အားယွမ် ၂သန်း တန်းပေးနေလေသည်။ အစိမ်းရောင်တိမ်တိုက်ဌာနမှာ တကယ်ပင်ထိုမျှလောက်ချမ်းသာသည်လော။
ကျိုးဟောင်မှာထိတ်လန့်သွားသော်လည်း မျက်နှာပေါ်တွင်မည်သည့်အရိပ်အယောင်မျှမပြဘဲ စဉ်းစားနေသယောင်ဟန်ဆောင်နေလိုက်ပေသည်။
ကျိုးဟောင်အသံတိတ်နေသည်ကိုမြင်ပြီး ကောင်းကင်ဘုံဘုရင်ကျူးမှာ ယခုပေးသောဈေးနှုန်းအား သဘောမတွေ့ဘူးဟုထင်လိုက်လေသည်။
သို့သော် သူလုံးဝမအံ့ဩသွားခဲ့ပေ။ ဤကောင်စုတ်လေးမှာညှိနှိုင်းရမလွယ်မှန်း သူသိထားသည်မှာကြာလှပြီဖြစ်သည်။
ထို့နောက် ကောင်းကင်ဘုံဘုရင်ကျူးသည် ချက်ချင်းပင်ရယ်မောကာပြောလိုက်လေသည်။
"ဟဟ ညီနောင်ကျိုး ခုနက ၂သန်းဆိုတာ ဒီတိုင်းနောက်လိုက်တာပါ"
ကောင်းကင်ဘုံဘုရင်ကျူး၏ ထိုစကားအားကြားမှ ကျိုးဟောင်မှာသက်ပြင်းချလိုက်လေသည်။ အစိမ်းရောင်တိမ်တိုက်ဌာန၏ရန်ပုံငွေမှာ အလွန်ရှာရလွယ်သည်ဟုပင် သူပြောခဲ့သေးသည်။
"ကျုပ်ကမ်းလှမ်းချင်တဲ့ဈေးက ၂ သန်းမဟုတ်ဘဲနဲ့ ၃သန်းပါ"
ကောင်းကင်ဘုံဘုရင်ကျူးမှ ထပ်မံကာပြောလိုက်လေသည်။
"ဈေးနှုန်းက ခင်ဗျားမှန်းထားသလောက်တော့ မရောက်လောက်ဘူး"
"ဒါပေမဲ့ပုံမှန်ယူဆချက်အရဆိုရင် ခင်ဗျားကဟွာရှားမှာရှိတဲ့သိုင်းပညာရှင်တွေကို အများကြီးကူညီပေးခဲ့တယ် ကျုပ်တို့ကခင်ဗျားကို တခြားနည်းလမ်းနဲ့ထောက်ပံ့ပေးလို့ရပါတယ်"
"အစိမ်းရောင်တိမ်တိုက်ဌာနက ဟွာရှားကသိုင်းပညာရှင်တွေအားလုံးအတွက် တာဝန်ယူထားတာ ကျုပ်တို့မှာပိုက်ဆံလည်းအများကြီးမရှိဘူး ဒီဈေးနှုန်းကို ခင်ဗျားနားလည်ပေးမှရမယ်"
ကောင်းကင်ဘုံဘုရင်ကျူးမှာ ရုပ်တည်ဖြင့် အဓိပ္ပာယ်မရှိသောစကားများပြောနေခြင်းဖြစ်သည်။ မူလက ဝန်ကြီးကျန်းကျိုးဟောင်အားပေးရန်သတ်မှတ်ထားသည့်ဈေးနှုန်းမှာ ယွမ်၅သန်းဖြစ်သော်လည်း အဆုံးတွင်သူသည်ဈေးနှုန်းအား ယွမ် ၃သန်းဖြင့်သာ ဈေးဖြတ်လိုက်လေသည်။
....................................................................................
အခန်း(၂၄၁) ပြီးပါပြီ။
အခန်း (၂၄၂) : ရှေ့တန်းစစ်မြေပြင်က လေ့ကျင့်ရေးကွင်းတစ်ခုသာသာပဲ
တစ်ဖက်တွင် ကျိုးဟောင်မှာ အတော်လေးအံ့ဩနေလေသည်။
ပလက်တီနမ်အဆင့်စွမ်းအင်ဘားအား တစ်ခုလျှင် ယွမ် ၃သန်းဖြင့် ရောင်းချနိုင်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ကျိုးဟောင်မှာသူ့ထံရောက်ရှိလာမည့် ပိုက်ဆံပမာဏအများအပြားကိုမြင်ယောင်ရင်း ခေတ္တမျှမူးဝေသွားသလိုပင်ခံစားလိုက်ရလေသည်။ ကောင်းကင်ဘုံဘုရင်ကျူးမှာ ဈေးနှုန်းအားဤမျှလျင်မြန်စွာတိုးပေးပြီးနောက် သံသယဖြစ်ဖွယ်အခြေအနေအား သုံးသပ်ရန်ကိစ္စကို သူဂရုမစိုက်နိုင်တော့ပေ။
သို့သော် သူယခုကျင့်ကြံနေသည်မှာ သွေးအနှစ်သာရကျင့်ကြံရေးသိုင်းမဟုတ်ဘဲ ကောင်းကင်ဘုံအဆင့်သိုင်းဖြစ်သည်ကို အလျင်အမြန်ပင်သတိရသွားလေသည်။
အကယ်၍ကျိုးဟောင်မှာ သွေးအနှစ်သာရသိုင်းအား ကျင့်ကြံနေခြင်းဖြစ်ပါက ဤပလက်တီနမ်အဆင့်စွမ်းအင်ဘားမှာ သူ့အတွက်သေချာပေါက်သာမန်ထက်ထူးကဲမည်ဖြစ်သည်။
ခေတ္တမျှကြာပြီးနောက် ကျိုးဟောင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးမှာ သဘောတူညီချက်စာချုပ်တွင် လက်မှတ်ထိုးလိုက်ကြလေသည်။
သူတို့လက်ထဲရှိ သဘောတူညီချက်စာချုပ်ကိုကြည့်ရင်း နှစ်ယောက်လုံးမှာကျေနပ်နေကြလေသည်။
ကောင်းကင်ဘုံဘုရင်ကျူးမှာ ကျိုးဟောင်အားသူ၏သွေးသောက်ညီနောင်လုပ်ရန်ပင် ပြောဆိုနေလေသည်။ ကျိုးဟောင်မှာ ကောင်းကင်ဘုံဘုရင်ကျူး၏စိတ်အားထက်သန်မှုကြောင့် ထိတ်လန့်သွားခဲ့ပြီး သူ့စိတ်မှာလည်းသူ့ထံရောက်လာမည့်ပိုက်ဆံများကြောင့် စတင်ကာစိတ်လှုပ်ရှားလာလေသည်။
ကောင်းကင်ဘုံဘုရင်ကျူးအားကြည့်ကာ ကျိုးဟောင်မှာ သူ၏ပလက်တီနမ်အဆင့်စွမ်းအင်ဘားများအား ယခုဈေးနှုန်းထက်အများကြီးတင်ရောင်းနိုင်မည်ကိုတွေးမိပြီး စတင်စိုးထိတ်လာလေသည်။
ကျိုးဟောင်မှာ နှလုံးသားမှသွေးစိမ်းရှင်ရှင်ထွက်သကဲ့သို့ပင်ခံစားနေရလေသည်။
သို့သော် သူအလျင်အမြန်ပင် မိမိကိုယ်ကိုနှစ်သိမ့်လိုက်သည်။ သူပိုက်ဆံလျှော့ပေးလိုက်ရလျှင်လည်း ကိစ္စမရှိပေ။ ယခုလိုလျှော့ပေးလိုက်သည်ကို ဟွာရှားမြို့အတွက်ကူညီသည်ဟု သဘောထားလိုက်လို့ရပေသည်။
ကောင်းကင်ဘုံဘုရင်ကျူးမှာလည်း ပျော်ရွှင်နေပေရာ ကောင်းကင်ဘုံအဆင့်ပညာရှင်များသာသိသောအကြောင်းအရာအား ကျိုးဟောင်အားကြိုတင်ပြောပြရန်ဆုံးဖြတ်လိုက်လေသည်။
ထို့ကြောင့်သူသည် အကြောင်းအရာဟောင်းအား ပြန်လည်အစဖော်လိုက်လေသည်။
"ခင်ဗျားခုနက ကျုပ်ကိုမေးခွန်းတစ်ခုမေးတယ်မလား နံပါတ် ၁ အက်ကွဲကြောင်းက အရှုပ်အထွေးတွေကိုဖြေရှင်းပေးဖို့ ကျုပ်ဘာလို့မလှုပ်ရှားတာလဲလို့"
"ပြောပြလို့ရမယ်ဆိုရင် ကျွန်တော့်ကိုပြောပြပေးပါ ကောင်းကင်ဘုံဘုရင်ကျူး"
ကျိုးဟောင်မှာယဉ်ကျေးစွာပင်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤပုဂ္ဂိုလ်မှာ သူ၏အကြီးစားဖောက်သည်ဖြစ်ပေရာ စိတ်ဆိုးအောင်လုပ်လို့မရပေ။
အနာဂတ်တွင် ကောင်းကင်ဘုံဘုရင်ကျူးမှာ ပလက်တီနမ် အဆင့်စွမ်းအင်ဘားအား ဝယ်ယူမည့်လူဖြစ်သည်။
"ဘာလို့လဲဆို ကျုပ်တို့မှာမျိုးနွယ်ခြားပညာရှင်တွေနဲ့ သဘောတူထားတဲ့ သဘောတူညီချက်တစ်ခုရှိလို့ပဲ အဲဒါက ကောင်းကင်ဘုံအဆင့်ပညာရှင်တွေဟာ လေ့ကျင့်ရေးဧရိယာထဲမှာ ဝင်ရောင်တိုက်ခိုက်ခွင့်မရှိဘူးဆိုတဲ့ အချက်ပဲ"
"ကျုပ်တို့ကောင်းကင်ဘုံအဆင့်ပညာရှင်တွေက အားနည်းတဲ့မျိုးနွယ်ခြားတွေကို သတ်လို့မရသလို သူတို့ရဲ့ကောင်းကင်ဘုံအဆင့်ပညာရှင်တွေကလည်း ကျုပ်တို့သိုင်းပညာရှင်တွေကိုတိုက်ဖို့လေ့ကျင့်ရေးဧရိယာထဲမှာ ပေါ်လာလို့မရဘူး"
"ရှေ့တန်းခံတပ်စစ်မြေပြင်က တကယ်တော့လေ့ကျင့်ရေးကွင်းတစ်ခုပဲ ဒါကနှစ်ဖက်စလုံးအတွက်ပညာရှင်တွေကို လေ့ကျင့်ပြီးပြုစုပျိုးထောင်ပေးတဲ့နေရာပဲ"
"တကယ်တော့ ခင်ဗျားမသိတာက ဒီနေရာကတကယ့်စစ်မြေပြင်မဟုတ်ဘူးဆိုတာပဲသေရေးရှင်ရေးကိုဆုံးဖြတ်ပေးတဲ့ တကယ့်တိုက်ပွဲကအက်ကွဲကြောင်းထဲမှာပဲ"
ကောင်းကင်ဘုံဘုရင်ကျူးထံမှထိုစကားအားကြားလိုက်ပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်သဘောပေါက်သွားပြီး ထိတ်လန့်သွားလေသည်။
အက်ကွဲကြောင်းထဲရှိအခြေအနေမှာသူမျှော်မှန်းထားသည်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းမည့် အခြေအနေတွင်ရှိလောက်ပေသည်။
မလိုလားအပ်သောသံယဝင်ဖွယ်ရာများအားရှောင်ရန် ကောင်းကင်ဘုရင်ကျူးမှာ အချိန်ကြာကြာမနေပေ။
ကျိုးဟောင်အားစပေါ်အနေဖြင့် အရောင်စုံစွမ်းအားကျောက်တုံး ၁ထောင်ပေးပြီးနောက် အစိမ်းရောင်တိမ်တိုက်ဌာနသို့ပြန်သွားလေသည်။
ကောင်းကင်ဘုံဘုရင်ကျူးထွက်သွားပြီးနောက်ကျိုးဟောင်သည်လည်း မြို့မျှော်စင်သို့ပြန်လာလေသည်။
လင်ရှုယင်မှာ ကျိုးဟောင်ပေါ်လာသည်ကိုမြင်သောအခါ ချက်ချင်းပင်သက်ပြင်းချလိုက်လေသည်။
ပလက်တီနမ်အဆင့်စွမ်းအင်ဘားအကြောင်းအစီရင်ခံရန်မှာ သူမတာဝန်ဖြစ်ပြီး ၎င်းမှာတရားဝင်ကိစ္စဖြစ်သော်လည်းသူမစိတ်ထဲမလွယ်ကူသလိုခံစားရပေသည်။ သူမသည် ဤကဲ့သို့လုပ်ရသည့်အကြောင်းပြချက်မှာ သုတေသနလုပ်ရန်မှန်း ကျိုးဟောင်သိသွားမည်ကို စိုးရိမ်ပေသည်။
မြို့ဝင်ပေါက်မျှော်စင်ရှိ သိုင်းပညာရှင်များ၏အမူအရာမှာ အလွန်ဆိုးရွားနေပေသည်။
ပထမတစ်ချက်မှာခုခံရေးအကာအကွယ်ပြင်ပသို့ မျိုးနွယ်ခြားမြောက်မြားစွာရောက်ရှိလာခြင်းကြောင့်ဖြစ်ပြီး သူတို့အားခေါင်းကိုက်စေသည့်နောက်တစ်ချက်မှာစစ်ဆေးချက်ရလဒ်ထွက်လာသည့်ကိစ္စပင်ဖြစ်သည်။
ဤဖန်တီးထားသောပုံဆောင်ခဲအား တကယ်ကိုပင်ပြုလုပ်နိုင်ပေသည်။ သို့သော်ပုံဆောင်ခဲပြုလုပ်သည့်ကုန်ကျစရိတ်မှာအလွန်မြင့်ပြီး တစ်ခုလျှင်ယွမ် ၁၀သန်းအထိကုန်ကျပေသည်။
ဤသတင်းမှာ သူတို့အတွက်ကြီးမားသောထိုးနှက်မှုဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ အားလုံးမှာ အတွေးလွန်နေကြပြီး အာရုံမစိုက်နိုင်ပေ။
ကျိုးဟောင်မှာ အစောပိုင်းကသူတို့အား တစ်ယောက်လျှင် ပုံဆောင်ခဲ ၃ခုဆီပေးခဲ့ပေသည်။ ထိုအရာမှာ ကျိုးဟောင်၏ချမ်းသာကြွယ်ဝမှု၏ ပြယုဂ်ဖြစ်သည်။
အကယ်၍ သူတို့မှာသာ ဘဏ္ဍာရေးအရင်းအမြစ်ရှိပါက.....
သူတို့စိတ်ထဲတွင် အလွန်ဝမ်းနည်းနေမိလေသည်။
"မကောင်းတော့ဘူး စက်ရုပ်မျိုးနွယ်ရဲ့ပိတ်ဆို့ရေးစက်တွေ ထပ်ပေါ်လာပြန်ပြီ"
ယခုအချိန်တွင် ထျယ်ရူယွင်၏အမူအရာမှာ ရုတ်တရတ်ဆိုသလိုပင် သိသိသာသာပြောင်းလဲသွားလေသည်။
နံပါတ် ၁ အက်ကွဲကြောင်းရှုံးနိမ့်ရသည့်အချက်မှာ မျိုးနွယ်ခြားများ၏ ပိတ်ဆို့ရေးစက်များအလွန်စွမ်းအားကြီး၍ဖြစ်သည်။ အချက်ရေအနည်းငယ်မျှပစ်ရုံဖြင့် မြို့မျှော်စင်၏ခုခံရေးအကာအကွယ်မှာ အစိတ်စိတ်အမြွှာမြွှာပျက်စီးသွားပေသည်။
"အပြင်ထွက်ပြီး အဲဒီစက်တွေကိုဖျက်ဆီးကြရအောင်"
"သွားကြမယ်"
"မြန်မြန်"
ထျယ်ရူယွင်နှင့် အခြားလူများမှာ ခဏတာမျှအလွန်စိုးရိမ်သွားကြလေသည်။
ခုခံရေးအကာအကွယ်ထပ်မံဖျက်ဆီးခံရသည်နှင့် သူတို့အားစောင့်ကြိုနေမည့်အရာမှာ သွေးချောင်းစီးမည့်တိုက်ပွဲတစ်ခုပင်ဖြစ်သည်။
"မကောင်းတော့ဘူး ပိတ်ဆို့ရေးစက်တွေ အဲဒီနှစ်ဘက်မှာလည်းပေါ်လာပြီ"
ယခုတစ်ကြိမ်အားလုံးအား မျှော်လင့်ချက်မရှိသလိုခံစားရစေသည့်အရာမှာ ပိတ်ဆို့ရေးစက် တစ်လုံးတည်းမဟုတ်ဘဲ သုံးလုံးအထိပေါ်လာခြင်းပင်ဖြစ်သည်။
ယခုလိုအခြေအနေမျိုးတွင် နံပါတ်၁အက်ကွဲကြောင်းအပေါ်ရှိနေသော ဖိအားမှာစကားဖြင့်ဖော်ပြ၍တောင်မရတော့ပေ။
"ကျွန်မအစိမ်းရောင်တိမ်တိုက်ဌာနကအဖွဲ့ကိုဦးဆောင်သွားလိုက်မယ် ၃ခုထဲက၁ခုကိုတော့ ဖျက်ဆီးပစ်လို့ရတယ်"
လင်ရှုယင်မှာ လေးနက်သောအမူအရာဖြင့်ပြောလာလေသည်။
အစိမ်းရောင်တိမ်တိုက်ဌာနမှလူမှာ ကျိုးဟောင်အပါအဝင် ၅ယောက်သာရှိပေသည်။
....................................................................................
အခန်း(၂၄၂) ပြီးပါပြီ။
အခန်း (၂၄၃) : သေရေးရှင်ရေးအခိုက်အတန့်
"ကျုပ်တို့လည်း တစ်ခုလောက်တော့ဖျက်ဆီးနိုင်တယ် ဒါပေမဲ့ကျုပ်တို့အင်အားနဲ့ဆို အတူပူးပေါင်းလုပ်ဖ်ို့ အနည်းဆုံးတော့ မူလအဆင့်ပညာရှင်အယောက် ၂၀ လောက်စီစဉ်ရလိမ့်မယ် မဟုတ်ရင် အဲဒီစက်တွေနားမကပ်နိုင်ခင် အသတ်ခံရနိုင်တယ်"
ထျယ်ရူယွင်မှာ ဤကိစ္စသည်သေရေးရှင်ရေးကိစ္စဖြစ်မှန်းသိပေသည်။
ဤနေရာတွင် ယခုအချိန်ထိတိုက်ခိုက်နိုင်သေးသောမူလအဆင့်ပညာရှင် ၃၅ယောက်သာရှိသည်။
ဤ ၃၅ယောက်ကြားတွင် အများစုမှာအဆင့်နိမ့်မူလအဆင့်ပညာရှင်များဖြစ်ပြီး ရန်သူ့အနောက်ပိုင်းအထိထိုးဖောက်နိုင်သူမှာ အများဆုံးမှ ၁၅ယောက်သာရှိသည်။ ဤအရေအတွက်မှာ သေချာပေါက်မလုံလောက်ပေ။
"လင်ရှုယင်က အစိမ်းရောင်တိမ်တိုက်ဌာနကတခြား မူလအဆင့်ပညာရှင် ၃ယောက်နဲ့ နံပါတ် ၁အက်ကွဲကြောင်းက မူလအဆင့်ပညာရှင် ၆ယောက်ကိုခေါ်ပြီး ပထမပိတ်ဆို့ရေးစက်ကို သွားဖျက်ဆီး"
"စစ်သေနာပတိချုပ်ထျယ်နဲ့ ကျန်တဲ့မူလအဆင့်ပညာရှင် ၂၃ယောက်က ဒုတိယမြောက်ပိတ်ဆို့ရေးစက်ကိုသွားဖျက်ဆီး"
"နောက်ဆုံးတစ်ခုကိုတော့ ကျုပ်တာဝန်ထားလိုက်"
ပြောပြီးသည်နှင့် ကျိုးဟောင်မှာသူတို့ဘာမျှမတုံ့ပြန်နိုင်သေးခင်မှာပင် ဦးဆောင်ပြီး မျိုးနွယ်ခြားများကိုလမ်းကြောင်းရှင်းသတ်ဖြတ်ကာ မျိုးနွယ်ခြားအုပ်ထဲ တိုးဝင်သွားလေသည်။
"သွားကြမယ်"
လင်ရှုယင်မှာ ကျိုးဟောင်၏စီစဉ်မှုအား သံသယရှိသော်လည်း ကျိုးဟောင်ထွက်သွားပြီးနောက် လျင်မြန်စွာပင် နောက်မှလိုက်ပါသွားလေသည်။
အကယ်၍သူတို့ယခုအချိန်တွင် မတိုက်ခိုက်ပါက ကျိုးဟောင်မှာဖိအားအားလုံးကိုရင်ဆိုင်ရပြီး သေပေလိမ့်မည်။
"ငါတို့လည်းသွားကြစို့"
စစ်သူကြီးထျယ်မှာ ကျိုးဟောင်အားလေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ကျိုးဟောင်ယခုလိုငယ်ငယ်ရွယ်ရွယ်ဖြင့် ဤအဆင့်အထိကျင့်ကြံနိုင်သည်မှာမဆန်းတော့ပေ။ သူသည် တကယ့်ကိုယောက်ျားပီသပေသည်။
ထိုအချိန်တွင်ကျိုးဟောင်မှာ တတိယမြောက်ပိတ်ဆို့ရေးစက်ရှိရာဆီတိုးသွားရင်း အလွန်စိတ်ပူနေလေသည်။
ဤနေရာတွင်စွမ်းအားကြီးသော မျိုးနွယ်ခြားများစွာရှိပေသည်။ ၎င်းမှာခက်ခဲမည့်စစ်ပွဲဖြစ်မည်ဆိုသော်လည်း သူ့အတွက်ကံကြမ္မာအမှတ်အမြောက်အမြားရမှာတော့ အသေအချာပင်ဖြစ်သည်။
လက်ရှိအချိန်တွင် ကောင်းကင်ဘုရင်ကျူးကဲ့သို့သောဖောက်သည်အကြီးစားရှိပေရာ ကောင်းကင်ဘုံဒင်္ဂါးမရှိမည်ကိုလည်း လုံးဝပူစရာမလိုတော့ပေ။ ယခုလိုအပ်နေသည့်အရာမှာ ကံကြမ္မာအမှတ်သာဖြစ်သည်။
ကျိုးဟောင်မှာ လက်တစ်ဖက်တည်းဖြင့် တတိယမြောက်ပိတ်ဆို့ရေးစက်အား တိုက်ခိုက်နေသည်ကိုကြည့်ပြီး မြို့ဝင်ပေါက်မျှော်စင်ရှိသိုင်းပညာရှင်များ၏စိတ်ထဲတွင် လေးစားအားကျနေကြပေသည်။
ဤပုဂ္ဂိုလ်မှာ မူလကောင်စီ၏ဥက္ကဌကျိုးပင်ဖြစ်သည်။
အဆုံးမသတ်နိုင်သောမျိုးနွယ်ခြားများအားရင်ဆိုင်ရာ၌ လက်ရှိအချိန်တွင် ဥက္ကဌကျိုးတစ်ယောက်သာ အမိန့်ကိုလက်ခံရဲပြီး တာဝန်ကိုထမ်းဆောင်နိုင်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျိုးဟောင်သည်အဝေးရှိပိတ်ဆို့ရေးစက်များဆီ အလောတကြီးပြေးဝင်သွားလိုက်သည်။
ကျိုးဟောင်၏ပုံရိပ်မှာ များပြားလှစွာသောမျိုးနွယ်ခြားများကြားတွင် လျင်မြန်စွာပျောက်ကွယ်သွားလေသည်။
အားလုံးမှာ ကျိုးဟောင်၏ပုံရိပ်အားမမြင်ရသော်လည်း ဥက္ကဌကျိုးတိုက်ခိုက်ခံနေရကြောင်းကို သိုင်းပညာရှင်အားလုံးသိပေသည်။
ထိုအချိန်၌ လင်ရှုယင်နှင့် စစ်သေနာပတိချုပ်ထျယ်တို့သည်လည်း မျိုးနွယ်ခြားများနှင့်တိုက်ခိုက်နေပြီဖြစ်သည်။
အကယ်၍မျိုးနွယ်ခြားများ၏ပိတ်ဆို့ရေးစက်များသာ ပိုမိုနီးကပ်လာပါက ခုခံရေးအကာအကွယ်အတွက် အန္တရာယ်ရှိလာမည်ဖြစ်သည်။
"တို့တွေလည်းသွားကြစို့ ရန်သူတွေကိုထိုးဖောက်နေတဲ့ပညာရှင်တွေရင်ဆိုင်နေရတဲ့ဖိအားကိုလျှော့ပေးရမယ်"
ဒဏ်ရာရနေသောမူလအဆင့်ပညာရှင်တစ်ယောက်မှ အခြားဒဏ်ရာရနေသောသိုင်းပညာရှင်များနှင့် စစ်သားများအားဦးဆောင်ကာ အနီးရှိမျိုးနွယ်ခြားများအားစတင်တိုက်ခိုက်လေသည်။
သိပ်မကြာမီ ပိုမို၍ဆိုးဝါးသောတိုက်ပွဲတစ်ခုထပ်မံဖြစ်ပေါ်လာလေသည်။
အားရဖွယ်ကောင်းသည့်တစ်ခုတည်းသောကိစ္စမှာ ကျန်ရှိနေသောအက်ကွဲကြောင်းများသည် အဆက်မပြတ်တိုက်ခိုက်မှုများရှိနေသော်ငြား ထိန်းချုပ်နိုင်သောအခြေအနေတွင်ရှိနေဆဲပင်။
အဝေးရှိကျိုးဟောင်မှာတော့ ဤပိတ်ဆို့ရေးစက်များမှာ ထိုမျှလောက်သာမန်ထက်ထူးကဲသည်ဟုမထင်ပေ။
အနီးသို့ချဉ်းကပ်လာပြီးနောက် ဤအရာမှာကြီးမားသောမိစ္ဆာကြီးတစ်ကောင်သာဖြစ်ကြောင်း သိလိုက်ရပေသည်။ ၎င်း၏ပုံစံမှာပြောမပြနိုင်အောင်ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားလှပေသည်။
"မိစ္ဆာသစ်ပင်ပင်လယ်"
ပိတ်ဆို့ရေးစက်ဘေးရောက်ရှိပြီးနောက် ကျိုးဟောင်မှာတွေဝေမနေဘဲ မိစ္ဆာသစ်ပင်ပင်လယ်သိုင်းအား တန်းသုံးလိုက်လေသည်။
မိစ္ဆာသစ်ပင်ပင်လယ်၏လွှမ်းခြုံမှုအောက်တွင် မြောက်မြားစွာသောအပင်များနှင့်နွယ်များမှာရူးသွပ်စွာ ကြီးထွားလာကြသည်။ မကြာမီ ဤကြီးမားသောမိစ္ဆာကြီးမှာ မြောက်မြားစွာသောအပင်များဖြင့် ဖုံးအုပ်ခံလိုက်ရလေသည်။
ကျိုးဟောင်မှာ သူ့အားတားရန်လာသည့်မျိုးနွယ်ခြားများအားသတ်ဖြတ်နေရင်း စွမ်းအားပြန်လည်ပြည့်ဝလာရန် ရှားပါးအဆင့်စွမ်းအင်ဘားများမှအနှစ်သာရစွမ်းအားကိုလည်း ပြင်းထန်စွာစုပ်ယူနေလေသည်။
နောက်ထပ်ရှားပါးအဆင့်စွမ်းအင်ဘားအတောင့် ၄၀စုပ်ယူပြီးနောက် အလွန်ကြောက်မက်ဖွယ်ကောင်းသောသစ်ပင်ပင်လယ်ကြီးမှာ ပိတ်ဆို့ရေးစက်အားဝန်းရံကာ အရပ်မျက်နှာအဘက်ဘက်မှဖျက်ဆီးနေပြီဖြစ်သည်။
သို့သော် ဤကြီးမားသောမိစ္ဆာကြီး၏ချပ်ဝတ်မှာအလွန်ထူထပ်ပေရာ ကျိုးဟောင်ပင်အချိန်တိုအတွင်းမရှင်းပစ်နိုင်ပေ။
သို့သော် ဤပိတ်ဆို့ရေးစက်မှာရှေ့ဆက်တိုးနိုင်တော့ပေရာ အလိုအလျောက်ပင်အသုံးမဝင်တော့သည့်အရာဖြစ်သွားလေသည်။
ယခုအချိန်တွင် ဤဆောင်းဦးနွေသစ်စိမ်းသိုင်းမှာလည်း ကြီးမားသောအလားအလာရှိကြောင်း ကျိုးဟောင်သဘောပေါက်လိုက်ပြီဖြစ်သည်။
ဥပမာဆိုရသော် ယခုအချိန်တွင် သူသစ်ပင်နှင့်နွယ်ပင် ပင်လယ်အားထိန်းချုပ်ပြီး ဘေးရှိမျိုးနွယ်ခြားများအားတိုက်ခိုက်နိုင်ပေသည်။
ဤသစ်ပင်ပင်လယ်အားအသုံးပြုခြင်းသည် သေချာပေါက်စွမ်းအင်လည်းအများအပြားကုန်ပေသည်။ သူ့ထံတွင် ရှားပါးအဆင့်စွမ်းအင်ဘားအတောင့် ၅၀သာကျန်တော့ပေရာ ထပ်မံပြီးမမျှော်လင့်ထားသောဖြစ်ရပ်များ ဖြစ်မလာရန်သာဆုတောင်းနိုင်တော့သည်။
သို့သော် ကျိုးဟောင်စိုးရိမ်နေသည့်အရာမှာ ဖြစ်လာပေသည်။
ကျိုးဟောင်တို့အဖွဲ့မှာ ဤပိတ်ဆို့ရေးစက် ၃ခုအားတားဆီးရန် အကောင်းဆုံးကြိုးစားနေသည့်အချိန်မှာပင် နောက်ထပ်စက် ၂ ခုထပ်ပေါ်လာလေသည်။
ထို့အပြင် စစ်သူကြီးထျယ်တို့ဘက်ရှိအခြေအနေမှာလည်း အလွန်ဆိုးဝါးနေလေသည်။
...................................................................................
အခန်း(၂၄၃) ပြီးပါပြီ။