← Chapters

အခန်း ၂၄၇-၂၄၉

Vol. 17 Ch. 247-249

အခန်း ၂၄၇-၂၄၉

Vol. 17 Ch. 247-249

အခန်း(၂၄၇) : လူပိန်းတွေက ပွဲကြည့်နေစဉ်မှာ ပညာရှင်တွေက ခွဲခြမ်းစိတ်ဖြာနေကြပြီ

"ဘာလို့မင်းအရမ်းအားနည်းသွားတာလဲ"

လူပုံစံစက်ရုပ်ကောင်များ၏ အန္တရာယ်ကိုဖြေရှင်းပြီးနောက် ကျိုးဟောင်က လင်ရှုယွင်အား ကာကွယ်ရေးခံတပ်ဆီသို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။

လင်ရှုယွင်၏ လက်ရှိ အခြေအနေမှာ ထိတ်လန့်ဖွယ်ကောင်းလှ‌သည်။ သူမ၏စိတ်ခွန်အား ၊ စွမ်းအင်အနှစ်သာရ နှင့် သွေးအနှစ်သာရ စွမ်းအင်တွေအားလုံး ကုန်ခမ်းပင်ပန်းနေလေသည်။

သူမ၏ကိုယ်တွင်းရှိ စွမ်းအင်စီးကြောင်းလေးများမှာလည်း သူမအသုံးပြုလိုက်သော လျှို့ဝှက်သိုင်းကြောင့် ခဲသွားလေသည်။

သူမအသုံးပြုလိုက်သော အန္တိမလျှို့၀ှက်သိုင်း၏ သက်ရောက်မှုက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။ ကောင်းကင်ဘုံအဆင့်အောက်တွင် မည်သည့်မျိုးနွယ်ခြားမှ ရှောင်ရှားခုခံနိုင်စွမ်းမရှိသော လျှို့ဝှက်သိုင်းတခုလည်းဖြစ်လေသည်။

သို့သော်လည်း နောက်ဆက်တွဲရလဒ်များကတော့ ပြင်းထန်လှလေသည်။ လင်ရှုယွင်၏အခြေအနေက နောက်ဆုံးအခြေအနေရောက်နေသော လူတယောက်ကဲ့သို့ခံစားမှုမျိုး ကျိုးဟောင်ခံစားနေရလေသည်။

"ဥက္ကကျိုး ......ကျွန်မ....."

လင်ရှုယွင်မှာ အရမ်းအားနည်းနေသော်လည်း တခုခုပြောဖို့ သူမကြိုးစားနေလေသည်။

"ဘာဖြစ်လို့လဲဟင်"

ကျိုးဟောင်က လင်ရှုယွင်ဘာပြောချင်နေလဲ မသိသောကြောင့် သူမအားဇဝေဇဝါကြည့်ပြီးမေးလိုက်သည်။

"ကျွန်မရှင့်ကို လည်ပင်းညှစ်ပြီးသာ သတ်လိုက်ချင်တယ်။ ဘာလို့ ဒီလို အားကောင်းလှတဲ့ တိုက်ခိုက်ရေးကိုစောစော မသုံးတာလဲ"

လင်ရှုယွင်က အားတင်းပြီး စကားဆုံးအောင်ပြောလိုက်လေသည်။

သူမသည် ကျိုးဟောင်အား ဒေါသထွက်လွန်းလို့ သတ်ချင်လောက်အောင်ဖြစ်နေလေသည်။ ကျိုးဟောင်သည် စက်ယန္တရားကောင်များ အမြှစ်ဖြုတ်ရန် နတ်ဘုရားသတ်ဓားသိုင်းအား‌ ထုတ်သုံးခဲ့သည့် အပေါ် သူမဒေါသထွက်နေခြင်းဖြစ်လေသည်။

ကျိုးဟောင်အနေဖြင့် ထိုဓားသိုင်းအား ဖုံးကွယ်ထားခဲ့သောကြောင့် သူမက ကျိုးဟောင်အနေဖြင့် စက်ယန္တရားမျိုးနွယ်များနှင့် ရင်‌ဆိုင်ရင်း အန္တရာယ်တွေ့နေပြီလို့ အထင်မှားခဲ့လေသည်။ ဒါကြောင့် သူမအနေဖြင့် မိသားစုလျှို့ဝှက်သိုင်းကိုတောင် ထုတ်သုံးပြီး ကူညီခဲ့လေသည်။

လင်ရှုယွင် အနေဖြင့် ကျိုးဟောင်၏ တိုက်ခိုက်ချက်ကို အနီးကပ်မြင်တွေ့ ခဲ့ရသောကြောင့် ဘယ်လောက်အန္တရာယ်များပြီး ကြောက်ဖို့ကောင်းမှန်း သူမသေချာသိလေသည်။

သူမမှာ စိတ်ထဲကနေတောင် တုန်လှုပ်သွားခဲ့ရ‌သည်။ ကျိုးဟောင်မှာ ကောင်းကင်ဘုံအဆင့်တ၀က်သာ ရောက်သေးသော်လည်း ယခုလို စွမ်းအားမျိုးအား ထုတ်သုံးနိုင်ခဲ့လေပြီ။

"ဟမ်...."

ကျိုးဟောင်အနေဖြင့် ဘယ်လို ရှင်းပြရမှန်းမသိဖြစ်သွားရသည်။ သူ့အနေဖြင့် ထိုသိုင်းအား ထုတ်မသုံးချင်ခဲ့တာမျိုးမဟုတ်ပေ။ လင်ရှုယွင်၏ အကူအညီကြောင့် သာ သူ့အနေဖြင့် တချက်တည်းဖြင့် အားလုံးကိုသတ်နိုင်ခဲ့ခြင်းဖြစ်လေသည်။

လင်ရှုယွင်၏လက်ရှိ အခြေအနေအရ သူမအနေဖြင့် ကြီးကြီးမားမားပေးဆပ်ခဲ့ရလေသည်။

"တကယ်လို့ ကျွန်မတို့သာ အက်ကွဲကြောင်း နံပါတ်တစ်ကို ဆုံးရှုံးခဲ့ရရင် အဲ့တာ‌ရှင့်အပြစ်ဘဲ"

လင်ရှုယွင် မှာ ကျိုးဟောင်သူမလက်ထဲ ထည့်ပေးခဲ့သော ဘာမှန်းမသိသည့်အရာမှ စွမ်းအားများကို စုပ်ယူရင်း ရန်တွေ့နေလေသည်။

"ငါအကောင်းဆုံးကြိုးစားပါ့မယ်"

ကျိုးဟောင်မှာ မဲ့တဲ့တဲ့ဖြစ်သွားရသည်။ ဒီအတိုင်းသာ သူဆက်တိုက်နေပါက သူ၏ ရှားပါးစွမ်းအင်ဘားများမှာ ကုန်ခမ်းသွားမည်ဖြစ်လေသည်။

သူ၏ရှားပါးစွမ်းအင်ဘားများမှာ အကန့်အသတ်ရှိသော်လည်း မျိုးနွယ်ခြားများကတော့ အတောမသတ်နိုင်အောင်များပြားလှသည်။

လူပုံစံစက်ယန္တရားများ၏ အန္တရာယ်ကိုဖြေရှင်းနိုင်ခဲ့သောကြောင့် ကျန်တဲ့လူများမှာလည်း စိတ်အေးသွားကြရသည်။ သူတို့မှာ တဖက်တွင် တီးတိုးရန်တွေ့နေကြသော ကျိုးဟောင်တို့ နှစ်ယောက်ကို ကြည့်ရင်းသက်ပြင်းချမိလေသည်။

"ဥက္ကကျိုး နဲ့ စီနီယာလင်ရှုယွင်တို့ အတော် အချိတ် အဆက်မိတာပဲ။ သူတို့နှစ်ယောက်က အတော်လည်း လိုက်ဖက်တယ်"

"ဟုတ်တယ် ဥက္ကကျိုးအနေနဲ့ အစက စက်ယန္တရားကောင်တွေကို ဖြေရှင်းဖို့ အခက်တွေ့နေခဲ့တာ။ စီနီယာလင်ရှုယွင် ၀င်ကူမှပဲ တချက်ထဲ အပြတ်ရှင်းနိုင်ခဲ့တာ"

"ဟုတ်တယ် စီနီယာကျိုးရဲ့ နောက်ဆုံးတိုက်ချက်က ကြောက်ခမန်းလိလိပဲ။ ဟိုစက်ယန္တရားကောင်တွေရဲ့ ပင်မစွမ်းအင်အူတိုင်တွေအကုန်ပျက်စီးသွားခဲ့ရတယ်။ မဟုတ်ရင် ကျုပ်တို့အနေနဲ့ အဲ့တာတွေကိုလေ့လာပြီး ချပ်၀တ်တွေကို အဆင့်မြှင့်လို့ရတယ်"

သာမန်သိုင်းပညာရှင်များက အားပြန်ပြည့်အောင် ကုသရင်း အတင်းတုတ်နေကြလေသည်။

အခြား မူလအဆင့်ပညာရှင်များကတော့ ကျိုးဟောင်၏ နောက်ဆုံးတိုက်ချက်ကိုဆွေးနွေးနေကြလေသည်။

လူပိန်းတွေက ပွဲကြည့်နေစဉ်မှာ ပညာရှင်တွေက ခွဲခြမ်းစိတ်ဖြာနေကြသည့်သဘောပင်ဖြစ်လေသည်။

သာမန်သိုင်းပညာရှင်များမှာ ဒီလို အဆင့်မြင့် သိုင်းပညာအပေါ် နားလည်နိုင်စွမ်း မရှိသော်လည်း မူလအဆင့်ပညာရှင်များကတော့ သဘောပေါက်နားလည်နိုင်စွမ်းရှိကြပေသည်။

" အဲ့တိုက်ခိုက်ချက်က အရမ်းအားပြင်းတာပဲ"

"သူက ကောင်းကင်ဘုံအဆင့်ကိုတောင်ရောက်ပြီးနေပြီထင်တယ်"

တချို့ မူလအဆင့် ပညာရှင်ပေါက်စလေးများမှာ အထွတ်အထိပ် ပညာရှင်အဆင့်၏အထက်တွင် ဘာရှိမှန်း သဘောမပေါက်ကြပေ။ သို့သော်ကျိုးဟောင်တို့နဲ့ အတူတူလောက်ရှိသော ပညာရှင်များကတော့ နားလည်လေသည်။

အထွတ်အထိပ်မူလပညာရှင်အဆင့်အထက်တွင် ကောင်းကင်ဘုံအဆင့်ရှိပြီး ထိုအဆင့်ပုဂ္ဂိုလ်များကိုတော့ ကောင်းကင်ဘုရင်များဟုခေါ်ဝေါ်ကြသည်။ဒါ့အပြင် ကောင်းကင်ဘုံအဆင့်ပညာရှင်များလို့လည်း ခေါ်ဆိုကြသေးသည်။

အားလုံးဆွေးနွေးနေကြစဉ်မှာပဲ ကျိုးဟောင်မှာ တိုက်ပွဲထဲသို့ နောက်တဖန်ပြန်ရောက်သွားလေပြီ။

ဒီတခေါက်တိုက်ပွဲတွင် သူ့အနေဖြင့် မရေနိုင်လောက်အောင်များပြားသော ကံကြမ္မာအမှတ် သန်း ၆၀ကျော်အထိစုဆောင်းနိုင်ခဲ့သည်။

သို့သော်သူ့တွင် ရှားပါးစွမ်းအင်ဘား အချောင်း၄၀သာ ကျန်တော့လေသည်။ ဒါကိုကြည့်ခြင်းဖြင့် သူစွမ်းအင်ဘားများအတော်သုံးခဲ့ရကြောင်းပေါ်လွင်လေသည်။

.................................................................................

အခန်း(၂၄၇)ပြီးပါပြီ။

အခန်း (၂၄၈) : အောင်မြင်စွာ ကာကွယ်နိုင်ခြင်း

ကျိုးဟောင်မှာ တိုက်ပွဲထဲသို့ တဖန်ပြန်လည် ၀င်ရောက်တိုက်ခိုက်ချိန်တွင် မျိုးနွယ်ခြားများကလည်း ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်လာကြပြန်လေသည်။

သူတို့အနေဖြင့် ကျိုးဟောင်အား ပိတ်ဆို့တားဆီးရေးစက်များအနားသို့ ရောက်ခွင့်မပေးကြပေ။

အရင်ကစေလွှတ်ခဲ့သော ပိတ်ဆို့တားဆီးရေးစက်များမှာလည်းဖျက်စီးခံလိုက်ရပြီဖြစ်လေသည်။

ထိုအချိန်မှာပဲ စစ်သေနာပတိ ထျယ် နဲ့ အခြားလူများကလည်း ပိတ်ဆို့တားဆီးရေးစက် နှစ်လုံးထဲမှ တလုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်သည်။

သို့သော်လည်း ကျန်နေသည့် စက်တလုံးက ရှေ့တန်းစစ်ပြင်အား ဖောက်ထွင်းတားဆီးနေသေးလေသည်။

ဘုန်း...

အလွန်အားပြင်းပြီးဖျက်ဆီးအားပြင်းထန်သောစက်ယန္တရားမျိုးနွယ်၏ အမြှောက်ကြီးဆီမှအပြာရောင်မီးလုံးကြီးတ‌လုံးပေါ်ပေါက်လာခဲ့ပြီး ကာကွယ်ရေးခံတပ်၏ စွမ်းအင်အကာအကွယ်အား စတင်ပစ်ခတ်လေသည်။

စွမ်းအင်အကာအကွယ်၌မရေမတွက်နိုင်သော အက်ကွဲကြောင်းများဖြစ်ပေါ်သွားစေခဲ့သည်။

ရှေ့တန်းတိုက်ခိုက်ရေး မျှော်စင်တွေရှိသော လူအားလုံး ပိတ်ဆို့တားဆီးရေးစက်ကြီး၏ ဖျက်အားပြင်း အမြှောက်ကြီးကြောင့် ထိတ်လန့်သွားကြလေသည်။

ဘုန်း....

ထိုအချိန်မှာ နောက်ထပ် အမြှောက်ပစ်ချက်တခုလာရောက်ထိမှန်လေသည်။ ဒီတကြိမ်မှာတော့ စွမ်းအင်အကာအကွယ်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားလေသည်။

ထိုစက်ယန္တရားကြီးဆီမှ တတိယပစ်ချက်ထွက်လာခါနီးမှာပဲ လက်ဝါးသဏ္ဌာန်တခု ထွက်ပေါ်လာခဲ့လေသည်။

ကျိုးဟောင်မှာ အတားအဆီးအား ထွင်းဖောက်ပြီး ထိူစက်ယန္တရားကြီးဆီသို့ချီတက်သွားလေသည်။ နတ်ဆိုးသစ်လက်ဝါးသိုင်း‌မှ လက်ဝါးကြီးမှာ မြေပြင်ပေါ်သို့ ကျလာပြီး ထိုပိတ်ဆို့ဖျက်ဆီးရေးစက်ကြီးအား တစစီဖြစ်‌အောင် ရိုက်ချလိုက်လေသည်။ မြေပြင်တဝှမ်းမှာလည်း လက်ဝါးအရှိန်ကြောင့် တုန်ခါသွားရလေသည်။

သို့သော် ပိတ်ဆို့ဖျက်ဆီးရေးစက်ယန္တရားများမှာ လျော့တွက်လို့တော့မရပေ။ ကျိုးဟောင်၏ လက်ဝါးရိုက်ချက်အား ခံခဲ့ရသော်လည်း လုံး၀ပျက်ဆီးသွားခြင်း မရှိသေးပေ။

ထိုဖျက်ဆီးရေးစက်များမှာ စက်ယန္တရားမျိုးနွယ်၏ ကြောက်မက်ဖွယ်ကောင်းသော ပစ္စည်းများထဲမှ တခုအပါအ၀င်ဖြစ်ပြီး တော်ရုံ သိုင်းပညာရှင်များမှာ ထိုစက်များ နှင့် ရင်ဆိုင်တွေ့ပါက လက်လျော့သွားကြရလေသည်။

၎င်းတို့၏ အဖျက်စွမ်းအားမှာ ကြီးမားလှပြီး အကာအကွယ်ကလည်း အလွန်မာကျောလှပေသည်။

သို့သော်လည်း ကျိုးဟောင်မှာ တုံ့ဆိုင်းမနေတော့ပေ။ သူ၏စွမ်းအားကို ၉၀%အထိအသုံးပြုကာ သူ၏လက်ချောင်းများဖြင့် ကြီးမားသောအစိမ်းရောင်ဓားကြီးအား ဖန်တီးလိုက်လေသည်။

ထိုကြီးမား‌သောအစိမ်းရောင်ဓားကြီးမှာ သူ့လက်ထဲတွင် အရောင်များ တဖိန်ဖိန်တောက်နေလေသည်။

ဒီတခါ တိုက်ခိုက်မည့် ကျိုးဟောင်၏ တိုက်ခိုက်ချက်မှာ ‌အစောပိုင်း လူပုံစံစက်ယန္တရားကောင်များအား တိုက်ခိုက်ခဲ့သည်ထက် အဆများစွာ ပိုပြင်းထန်လေသည်။

ထိုအခိုက်အတန့်မှာပဲ အလွန်ထက်လှသော အစိမ်းရောင် ဖြတ်ပိုင်းချက်ကြီးတခု မြေပြင်ပေါ်သို့ ကျရောက်လာလေသည်။

ထိုဖြတ်ပိုင်းချက်ကြီးကျရောက်လာသောအခါ မာကျောလှပါသည်ဆိုသော ဖျက်ဆီးရေး စက်ယန္တရားကြီးမှာ စက္ကူပါးပါးလေးအား ဖြတ်လိုက်ရသကဲ့သို့ အလွယ်တကူ ဖြတ်ပိုင်းခြင်းခံလိုက်ရလေသည်။

ကျိုးဟောင်မှာ သူ့ဓားကြီးဖြင့် ဆက်တိုက်ဖြတ်ပိုင်းနေခဲ့လေသည်။ ထိုအချိန်မှာပဲ ကျိုးဟောင်ကိုယ်ထဲရှိ စွမ်းအင်စီးကြောင်းများမှာလည်း အလွန်ကြီးမားသော အပူလှိုင်းများကို ထုတ်လွှတ်နေလေသည်။

ဒီတခေါက် တိုက်ပွဲက ထင်ထားသည်ထက်ပို၍ကြာမြင့်နေလေသည်။ ကျိုးဟောင်၏ စွမ်းအင် အနှစ်သာရမှာ အကြိမ်ကြိမ် ကုန်ခမ်းသွားခဲ့ရပြီး ရှားပါးစွမ်းအင်ဘားကို မကြာခဏ အသုံးပြုနေခဲ့ရလေသည်။

ကျိုးဟောင်မှာ အရင်းအမြစ်များ လုံလောက်အောင်ကြိုတင်ပြင်ဆင်ခဲ့သော်လည်း သူ့ကိုယ်တွင်းရှိ စွမ်းအင်လမ်းကြောင်းလေးများကတော့ အကန့်အသတ် ရှိလေသည်။

ကျိုးဟောင်အချိန်ခဏလောက်တော့ ဒီလောက်ပေါက်ကွဲအား ပြင်းထန်သောသိုင်းမျိုး ထပ်သုံး၍မရတော့ပေ။ မဟုတ်ပါက သူ့စွမ်းအင်လမ်းကြောင်းများမှာ ပြန်လည်အားပြည့်လာဖို့ အချိန်အတော်အကြာကြီးယူရတော့မည်ဖြစ်လေသည်။

ကာကွယ်ရေးခံတပ်ပေါ်ရှိ လင်ရှုယွင်မှာလည်း ကျိုးဟောင်ပေးထားသော ရှားပါးစွမ်းအင်ဘားလေးကို ဆုပ်ကိုင်ထားရင်း အချိန်အတိုင်းအတာတခုအထိ ရီဝေဝေဖြစ်နေသေးလေသည်။

သူမ၏ ဆုံးရှုံးသွားသော စွမ်းအင်မှာ အလျင်အမြန် ပြန်လည်ပြည့်၀လာသောကြောင့် ဘယ်လိုစွမ်းအင်ရတနာမျိုးလဲလို့ တွေးတောနေလေသည်။

"ဟူး တိုက်ပွဲကဘယ်လောက်တောင်ကြာမြင့်ဦးမှာလဲ"

ခံတပ်မျှော်စင်က သိုင်းပညာရှင်တယောက်က စိတ်အားငယ်စွာဖြင့် သက်ပြင်းချလိုက်လေသည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲများမှာ ဟွာရှားမြို့၏ အက်ကွဲကြောင်း ငါးခုလုံးတွင်ဖြစ်ပွားနေပြီး အက်ကွဲကြောင်း နံပါတ်၁ကတော့ အန္တရာယ်အများဆုံးတိုက်ပွဲဖြစ်နေလေသည်။

မူလအဆင့်ကောင်စီ၏ ဥက္ကဌကျိုးဟောင်သာ မရှိနေပါက အက်ကွဲကြောင်းနံပါတ်၁အား ဆုံးရှုံးသွားရမည်ဖြစ်လေသည်။

လူပုံစံစွမ်းအားမြင့် စက်ယန္တရားများသာမက ပိတ်ဆို့ဖျက်ဆီးရေးစက်ယန္တရားများကိုပါ ဥက္ကဌကျိုးတယောက်ထဲ ရင်ဆိုင်ဖြေရှင်းခဲ့လေသည်။

လက်ရှိ အက်ကွဲကြောင်းနံပါတ်၁တွင် ဥက္ကကျိုး၏ ဂုဏ်သတင်းက ကျော်ကြားနေခဲ့လေသည်။

သိုင်းပညာရှင်အများအပြား နှင့်စစ်သားများကပါ ဂုဏ်ယူ၀င့်ကြွားစွာပြောဆိုနေကြလေသည်။

"ဥက္ကကျိုး က စစ်သည်တသိန်းနှင့် ညီမျှတယ်"

တိုက်ပွဲမြေပြင်ရှိ ကျိုးဟောင်မှာလည်း ခုမှ အကြီးအကျယ် စိတ်သက်သာရာရသွားခဲ့သည်။

တခြားမျိုးနွယ်ခြားများ ကျန်သေးသော်လည်း ၎င်းတို့မှာ ထက်မြက်မှု မရှိပေ။ ၎င်းတို့အား ညွှန်ကြားပေးမည့် အဆင့်မြင့် မျိုးနွယ်ခြားများ မရှိပါက အလိုလို ပြိုကွဲသွားမည်ဖြစ်လေသည်။

ပိတ်ဆို့ဖျက်ဆီးရေးစက်ကြီး ၅ခုလုံး ပျက်စီးသွားပြီးနောက် တပ်ကူအဖွဲ့များ၏ တဖွဲ့ပြီး တဖွဲ့ ၀င်ရောက်လာကြလေသည်။ ထိုအခြေအနေကိုမြင်သောအခါ အခြားမျိုးနွယ်ခြားမှာလည်း ထိုနေရာမှ ယာယီဆုတ်ခွာရန် ပြင်ဆင်ကြလေသည်။

"မျိုးနွယ်ခြားကောင်တွေပြန်ဆုတ်သွားကြပြီကွ"

"ဒါအကောင်းဆုံး"

"နောက်ဆုံးတော့ အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီကွ"

"ငါတို့လုပ်နိုင်ခဲ့ပြီကွ"

"ဟွာရှားမြို့က သိုင်းပညာရှင်ကအထင်ကြီးစရာပဲဟေ့"

"ဥက္ကကျိုးက တကယ့်အံ့ဖွယ်ပဲ"

မျိးနွယ်ခြားများ လှိုင်းလုံးတဖွယ် တရိပ်ရိပ်ပြန်ဆုတ်သွားသည်ကို မြင်ရသောကြောင့် ကာကွယ်ရေးခံတပ်ရှိ သိုင်းပညာရှင်များ နှင့် စစ်သားများမှာ ၀မ်းသာအားရ ဟစ်ကြွေးနေကြလေသည်။

ဒီတခေါက် အက်ကွဲကြောင်း နံပါတ်၁အား ကာကွယ်သည့် တိုက်ပွဲမှာ မထင်မှတ်ထားသော အလှည့်အပြောင်းများစွာ ရှိခဲ့ပြီး တကယ့်ကို ခက်ခဲကြမ်းတမ်းခဲ့ပေသည်။

"ကျွန်မတို့အောင်မြင်ခဲ့ပြီ"

ခံတပ်မျှော်စင်ပေါ်ရှိ လင်ရှုယွင်မှာလည်း ရှားပါးစွမ်းအင်ဘား အကူအညီကြောင့် ပြန်လည် နလန်ထူလာခဲ့လေသည်။ သူမမှာ အားနည်းနေသေးသော်လည်း အောင်နိုင်ခဲ့သောကြောင့် ပျော်ရွှင်မြူးတူးနေလေသည်။

အက်ကွဲကြောင်းနံပါတ်၁ကိုသာ ဆုံးရှုံးလိုက်ရပါက အကျိုးဆက်က တွေးထားလို့မရအောင်ဆိုးရွားသွားနိုင်ပေသည်။

မျိုးနွယ်ခြားများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ ကျိုးဟောင်အနေဖြင့် လိုက်လံမရှင်းလင်းတော့ပဲ လွှတ်ပေးလိုက်လေသည်။

သူ့အနေဖြင့် ကံကြမ္မာအမှတ် သန်း ၈၀ ကျော် စုဆောင်းနိုင်ခဲ့‌ပြီး သူ့မှာရှိသော ရှားပါးစွမ်းအင်ဘားများမှာလည်း ကုန်သလောက်ဖြစ်သွားလေသည်။

စွမ်းအင်ဘားများ ကုန်ဆုံးသွားရုံသာမက သူ၏စွမ်းအင်လမ်းကြောင်းများမှာလည်း ပူပြီး အလွန်နာကျင်နေလေသည်။

လက်ရှိသူ့အခြေအနေမှာ ရှိသမျှအား အကုန်သုံးလိုက်သကဲ့သို့ဖြစ်နေလေသည်။

...................................................................................

အခန်း(၂၄၈)ပြီးပါပြီ။

အခန်း (၂၄၉): ပူးတွဲဖိတ်ကြားချက်

ကျိုးဟောင်၏စွမ်းအင်စီးကြောင်းလေးများမှာ သန်မာလာခဲ့သော်လည်း ထိခိုက်မှု နှင့် ပြန်လည် အားဖြည့်မှုလိုအပ်သေးလေသည်။

ဒါ့အပြင် သူ့စွမ်းအင်လမ်းကြောင်းလေးများ အနေဖြင့် ခံနိုင်သည့် အကန့်အသတ်လည်းရှိနေသေးပေသည်။

ဥပမာ ကျိုးဟောင်အနေဖြင့် အားပြင်းသော တိုက်ခိုက်ရေးနည်းလမ်းများကို ပြန်လည် အနားမယူဘဲ ဆက်တိုက်အသုံးပြုနေကြပါက သူ၏ စွမ်းအင်လမ်းကြောင်းများ ‌ပျက်စီးသွားနိုင်ချေရှိလေသည်။

သူ၏စွမ်းအင်လမ်းကြောင်းလေးများ အနေဖြင့် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါက သူ၏ ကျင့်ကြံရေးလမ်းစဉ်များ ရပ်တန့်သွား ယုံသာမက မသန်မစွမ်းလည်းဖြစ်သွားနိုင်လေသည်။

ခံတပ်မြို့ရိုး နှင့်မျှော်စင်ပေါ်ရှိ လူများအားလုံးသည် ‌ကျိုးဟောင်ပြန်လာနေသည်ကို တွေ့လိုက်သောအခါ သောင်းသောင်းဖျဖျ ကြိုဆိုကြလေသည်။

" ဥက္ကဌကျိုး က အထင်ကြီးစရာပဲ"

"တကယ်အံ့ဖွယ်ပဲ ဥက္ကကျိုး"

"ဥက္ကကျိုးက ပြိုင်ဘက်ကင်းပဲဗျာ"

သိုင်းပညာရှင်တယောက်ပြီး တယောက်ကျိုးဟောင်အား စိတ်လှုပ်တရှား နှုတ်ဆက်ဂုဏ်ပြုနေကြလေသည်။

သူတို့၏အကြည့်များတွင်လည်း ကျိုးဟောင်အား လေးစားကြည်ညိုမှုအပြည့်ဖြင့် ဖြစ်နေလေသည်။

ကျိုးဟောင်ရောက်ရှိလာခြင်းကြောင့် အက်ကွဲကြောင်းနံပါတ်၁၏ ရှေ့တန်းကာကွယ်ရေးခံတပ်မှာ မျှော်လင့်ချက်များ ပြန်ရှင်သန်လာခဲ့ရလေသည်။ ဒါ့အပြင် ကျိုးဟောင်ကြောင့်လည်း အက်ကွဲကြောင်းနံပါတ်၁အား အောင်အောင်မြင်မြင်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်လေသည်။

"ဥက္ကဌကျိုးကို ၀န်ကြီးကျန်းက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်"

စစ်သူကြီးထျယ်က ပျော်ရွှင်စွာပြောလိုက်လေသည်။

သာမန်အချိန်များတွင် အစိမ်းရောင်တိမ်တိုက်အဖွဲ့၏အဓိက အဖွဲ့၀င်များတောင်မှ အဆင့်မြင့်အရာရှိကြီးများဆီမှ တိုက်ရိုက်ဖိတ်ကြားမှုမျိုး မရကြဖူးပေ။

ဒီတကြိမ်တော့ ကျိုးဟောင်က သူ၏တန်ဖိုးကို ပြသနိုင်ခဲ့လေပြီ။ သူ့အနေဖြင့် အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ အဆင့်မြင့် အရာရှိ ၁၂ယောက်ဆီမှ တိုက်ရိုက်ဖိတ်ကြားမှုကို ရခဲ့လေသည်။

ဟွာရှားမြို့၏ သိုင်းပညာရှင်များအကြားတွင် ကျိုးဟောင်က ပထမဆုံး ဖိတ်ကြားခံရဖူးခြင်းဖြစ်လေသည်။

စစ်သူကြီးထျယ် ထက်စာရင် ကျိုးဟောင်က ပိုပြီးစိတ်လှုပ်ရှားနေလေသည်။

ကျိုးဟောင်အနေဖြင့် တိုက်ပွဲထဲတွင် ကိုယ့်ကိုယ်ကိုချုပ်တည်းထားခဲ့ပြီး အချို့ ကျင့်စဉ်များနှင့် ခွန်အားများကို ဖုံးကွယ်ထားခဲ့သော်လည်း အခြား လူများထက် ပို၍တောက်ပနေခဲ့သေးသည်။

ဒီအချိန်တွင် သူ့လို စွမ်းရည်ရှိသော လူအား ခေါ်ပြီး သုတေသနလုပ်ချင်ကြမည်မှာ အသေအချာပင်ဖြစ်သည်။

သူ့ဆီကနေ ရမည့် အကျိုးအမြတ်တခုခုကို ရှာဖွေနေကြောင်းသိသာလေသည်။

သို့သော် ကောင်းကင်ကပေးအပ်ထားသော ကံကြမ္မာအမှတ်များ နှင့် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ရှိသူကို ပုံတူပြုလုပ်ဖို့ကမဖြစ်နိုင်ပေ။

အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းက သူ့အား ဖမ်းပြီး ခွဲစိတ်ဖြတ်တောက်စမ်းသပ်ရင်တောင်မှ ဘာမှ ရှာတွေ့မည်မဟုတ်ပေ။

"ထားလိုက်ပါတော့ ခရီးထွက်ကြည့်လိုက်တာပေါ့"

ခဏလောက်စဉ်းစားပြီးနောက် ကျိုးဟောင်က ပူးပေါင်းဖို့ သဘောတူလိုက်လေသည်။

သူ့အနေဖြင့် ဟွာရှားမြို့အား အများကြီးကူညီခဲ့ပြီးဖြစ်လေသည်။

ဒါ့အပြင် ကောင်းကင်ဘုရင်ဇူး ကြောင့် သူ့ရဲ့ ပလက်တီနမ်စွမ်းအင်ဘားများမှာလည်း ဟွာရှားမြို့ရှိ သိုင်းပညာရှင်များဆီသို့ ဖြန့်ဝေပေးနိုင်ခဲ့လေသည်။

ဒီလိုဆက်ဆံရေးရှိထားသောသူ့အား ၀န်ကြီးကျန်း နှင့် အခြားလူများက ခက်ခဲအောင်တော့ လုပ်မည်မဟုတ်ပေ။

ဒါ့အပြင် သူ့အနေဖြင့် ဖိတ်ကြားမှုကို လက်ခံလိုက်ပြီး ဒီလို အဆင့်မြင့်အရာရှိများ နှင့် ဆက်ဆံရေးကောင်းတခု တည်ဆောက်နိုင်ပါက အနာဂတ်တွင် တခုခုဖြစ်လာပါက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းအား အားကိုးလို့ရနိုင်လေသည်။

ကျိုးဟောင် အကောင်းအဆိုးကို ချင့်ချိန်နေစဉ်မှာပဲ အလွန်တုန်လှုပ်ဖွယ်ကောင်းသော သတင်းနှစ်ခုက ဟာရီကိန်းမုန်တိုင်းပမာ ဟွာရှားမြို့တခုလုံးသာမက ကမ္ဘာ့တိုက်ကြီး၅တိုက်လုံးကိုပါ လျင်မြန်စွာပျံ့နှံ့သွားလေသည်။

ပထမသတင်းတခုက ဓာတ်ပုံများ ဗီဒီယိုများ နှင့် သတင်းအချက်အလက်များပါ၀င်လေသည်။

ထိုသတင်းက ဟွာရှားမြို့၏ အက်ကွဲကြောင်းအခြေအနေနှင့် တိုက်ပွဲအကြောင်း ဖြစ်နေသည်။ တချို့သောအရာများမှာ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်လေသည်။

သို့သော်လည်း အက်ကွဲကြောင်းနံပါတ်၁၏ အခြေအနေမှာ ရုတ်တရက် ပြင်းထန်ဆိုးရွားခဲ့သောကြောင့် ဟွာရှားမြို့၏ စစ်တပ်အကြီးအကဲများက တကမ္ဘာလုံးရှိ သိုင်းပညာရှင်များ နမူနာယူလို့ရစေရန် ကြေငြာခဲ့လေသည်။

အခြားခံတပ် များ နှင့် အခြားနိုင်ငံရှိ သိုင်းပညာရှင်များ အနေဖြင့် ယခုလို သတင်းအချက်အလက်ရှိနေပါက သူတို့အနေဖြင့် ထိုကဲ့သို့အခြေအနေဖြင့်ကြုံခဲ့ပါက ကူကယ်ရာမဲ့ ဖြစ်နေတော့မည်မဟုတ်ချေ။

ထိုသတင်းအချက်အလက်အားကြေငြာလိုက်သည် နှင့် မူလအဆင့်ကောင်စီ၏ ဥက္ကဌကျိုးဆိုသော နာမည်မှာ တိုက်ကြီး၅တိုက်လုံး ပျံ့နှံ့သွားလေသည်။

တိုက်ပွဲအချက်အလက်များကြောင့် အဖွဲ့အစည်းအတော်များများ က ဥက္ကဌကျိုး၏ စွမ်းအားမှာ ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်း အနည်းနှင့်အများသဘောပေါက်သွားကြလေသည်။

တချို့သောနိုင်ငံများ က ဟွာရှားမြို့တွင် ကမ္ဘာ့အစွမ်းထက်ဆုံးဆိုသည့်သိုင်းပညာရှင်အားပိုင်ဆိုင်ထားသည့်အပေါ် မနာလိုဖြစ်နေကြလေသည်။

ဒုတိယသတင်းတခုကတော့ ဟွာရှားမြို့ရှိ သိုင်းလောကအား ဆူညံသွားစေခဲ့လေသည်။ ထိုသတင်းမှာ ဥက္ကဌကျိုးက အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိကြီးများဆီမှ ပူးတွဲဖိတ်ကြားချက်ရသည့်အကြောင်းဖြစ်လေသည်။

ထိုဂုဏ်ပုဒ်မှာ ဟွာရှားမြို့သမိုင်းမှာ ဘယ်သူမှ မရဖူးသလို အနာဂတ်တွင်လည်းရ ရန်မဖြစ်နိုင်ပေ။

အခြားသူများက ကျိုးဟောင်အကြောင်း စိတ်အားထက်သန်စွာဆွေးနွေးနေစဉ်မှာပဲ ကျိုးဟောင်က အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်းထံ ထွက်ခွာသွားလေပြီ။

အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ ဌာနချုပ်မှာ အလွန်လျှို့ဝှက်သောနေရာတွင် ရှိပြီး မြေပုံပေါ်တွင် ဘာတည်နေရာအမှတ်အသားမှ ဖော်ပြထားခြင်းမရှိပေ။

ကျိုးဟောင်က အစိမ်းရောင်တိမ်တိုက်အဖွဲ့အစည်း၏ ဌာနချုပ်ကို ရောက်သည်နှင့် ရင်းနှီးသော မျက်နှာများကိုတွေ့လိုက်ရလေသည်။

"ဟားဟား ညီနောင်ကျိုး ကျုပ်မင်းကို ရှေ့တန်းခံတပ်ထိတခါလာတွေ့ဖူးတယ်လေ။ မင်းဒီလောက်မြန်မြန်ရောက်လာမယ်မထင်မိဘူး"

ကျူးဇောင်က ကောင်းကင်ဘုံအဆင့်ပညာရှင်ဆိုတဲ့ မာန်မာနမျိုးမရှိဘဲ ပျော်ရွှင်စွာ‌ကြိုဆိုနေလေသည်။ သူ့အနေဖြင့် ကျိုးဟောင်ဆီမှ အကျိုးအမြတ်ကောင်းများလည်း ရခဲ့ဖူးလေသည်။

သူသည်ကျိုးဟောင်အား အဖိုးတန်ရတနာတွင်းကဲ့သို့ကြည့်နေလေသည်။ တကယ်လည်း ဒီ‌တခေါက်ကျိုးဟောင်၏စွမ်းဆောင်ချက်များက လေ့လာစရာ ရွှေတွင်းကြီးကဲ့သို့ဖြစ်နေလေသည်။

ဒါကြောင့် သူတို့ကျိုးဟောင်အား ဖိတ်ကြားခဲ့ခြင်းဖြစ်လေသည်။

...................................................................................

အခန်း(၂၄၉)ပြီးပါပြီ။

All Chapters