Chapter 101
Vol. 9 Ch. 101
Ch-101
ဝမ်ယွမ်ကျန်းက လုယန်ကို အပေါ်အောက်စေ့စေ့ကြည့်လိုက်ရာ ဒီရဲဘော်က ခါတိုင်းလို သပ်သပ်ရပ်ရပ်စစ်ယူနီဖောင်း မဝတ်ဆင်ထားဘဲ ရိုးရိုးဘောင်းဘီရှည်နဲ့ ရှပ်အဖြူကို ဝတ်ထားသလို ရှပ်အင်္ကျီကိုလည်း ကြယ်သီးဖြုတ်ထားပြီး သူ့ရဲ့သန်မာတဲ့ ရင်ဘတ်ကြွက်သားတွေကို ပြသနေလေရဲ့။
ဒါဟာ အရမ်းကို ရိုးရှင်းပေါ့ပါးပြီးတော့ သက်တောင့်သက်သာရှိတဲ့ အိမ်နေဝတ်စုံပဲ…
သေချာတာကတော့ အိမ်ထောင်သက်အတော်ကြာပြီးတဲ့နောက် လူတွေလည်း ပြောင်းလဲသွားတတ်ကြတာပဲ။ ဒီတော့ သူလည်း လက်ထပ်ခါစတုန်းကလို တင်းမာနေတဲ့ပုံစံ မဟုတ်တော့ဘူးပေါ့လေ။
ဝမ်ယွမ်ကျန်း: "…"
သူကိုယ်၌က အခုထိ အိမ်ထောင်မပြုရသေးပေမယ့် ခေါင်းဆောင်လုကတော့ အိမ်ထောင်သက်ကြာသွားတဲ့ ခင်ပွန်းသည်ပုံစံဖြစ်သွားပြီပဲ။
ကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲကွာ?
မနှစ်က ဒီကောင် ဘလိုင်းဒိတ်တွေမသွားချင်ခဲ့ဘူးဆိုတာ ရှင်းရှင်းကြီးသိသာနေတာလေ။ လူတိုင်းဖျောင်းဖျနေခဲ့တုန်းကတော့ သူက ဒီလိုပြောခဲ့သေးတာလေ - "အိမ်ထောင်ပြုဖို့? ဘာကိစ္စကြောင့် အိမ်ထောင်ပြုရမှာလဲဗျာ?"
"ငါ အိမ်ထောင်မပြုဘူး"
"ဒီလိုအကြောင်းတွေကို နားထောင်ဖို့ ငါစိတ်မဝင်စားဘူး"
"မင်းမှာ ချိန်းတွေ့ဖို့ အချိန်ရှိတာလား?"
*
ဝမ်ယွမ်ကျန်း ထပ်ပြီးသက်ပြင်းချလိုက်ပြန်သည်။
"မရီး ဘယ်မှာလဲ?"
"အိမ်ထဲမှာ အနားယူနေတယ်"
ဝမ်ယွမ်ကျန်း အိမ်ထဲဝင်လာပြီးနောက် အိမ်သည်လည်း များစွာပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရ၏။
ဒါတွေက အိမ်ထောင်ပြုပြီးသွားရင် ဖြစ်လာတဲ့ အပြောင်းအလဲတွေလားဟ? သူ ပထမဆုံးအကြိမ် ဧည့်သည်အဖြစ် ရောက်လာခဲ့တုန်းက သူတို့လည်း ရောက်ခါစဖြစ်၍ အိမ်ကြီးကို ရိုးရိုးရှင်းရှင်းပုံစံသာ ပြင်ဆင်ထားပေမယ့် အခုတော့ နွေးထွေးမှုအပြည့်ရှိနေလျက်။
စားပွဲပေါ်မှာ စားပွဲခင်းခင်းထားကာ ဝါးဘူးထဲမှာလည်း လန်းဆန်းတဲ့ပန်းလေးတွေ အပြည့်ရှိနေပြီး ဗီရိုပေါ်မှာတောင်မှ အုန်းမှုတ်ခွက်နဲ့ ထွင်းထားတဲ့ ချစ်စဖွယ်အကောင်လေးများစွာ ရှိနေသလို နံရံမှာလည်း နှစ်ယောက်တွဲဓာတ်ပုံတွေအများကြီးရှိနေလေ၏။
ဝမ်ယွမ်ကျန်း: "…"
"မိန်းမရေ လောင်ဝမ်ရောက်လာပြီ!"
ချင်းရို့ကိုယ်ဝန်မှာ လေးလနီးပါးရှိနေပြီဖြစ်သလို အမြွှာကိုယ်ဝန်ဖြစ်တာကြောင့် ဗိုက်လေးထွက်နေခဲ့ပြီ။ သူမရဲ့ လက်တွေခြေတွေမှာ မဖောင်းသေးသော်ငြား သူမရဲ့ ဗိုက်ကတော့ သိသာနေချေပြီ။
ဟုတ်တာပေါ့၊ အပြင်လူတွေက သူမရဲ့ အဝတ်အစားပွပွတွေကြောင့် မမြင်နိုင်ပေမယ့်လည်း အခု သူမ လှေကားပေါ်က ဆင်းလာတာမို့ ခါတိုင်းထက် ပိုသတိထားနေပြီး ပိုနှေးကွေးနေခဲ့သည်။
လုယန် ချင်းရို့အား ကူတွဲပေးဖို့သွားလိုက်ရင်း "ငါ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ၊ အမြွှာလေးတွေလေ"
ဝမ်ယွမ်ကျန်း: "…"
မေးနေစရာတောင် မလိုဘူးဟေ့။ ရဲဘော်လုယန်က ပြီးခဲ့တဲ့လတွေထဲမှာ ဘယ်လိုမျိုး ပျော်ရွှင်စရာဘဝကို ဖြတ်သန်းခဲ့သလဲဆိုတာကို သူသိသွားပါပြီနော်။
သူ့ဇနီးလေးက အမြွှာကိုယ်ဝန်ရှိနေတာဆိုတော့ သူက ကလေးနှစ်ယောက်အဖေဖြစ်တော့မှာပေါ့!
နောက်လအနည်းငယ်ဆိုရင် သူက သူ့ကလေးလေးတွေကို ပွေ့ချီနိုင်ပြီပဲ။
ဝမ်ယွမ်ကျန်း မနာလိုအကြည့်တွေနဲ့ ပြောလိုက်သည်။
"မင်းမှာ ပင်းချန်ကို ပြန်သွားဖို့ မျက်နှာရှိသေးလားကွ?"
"မနှစ်က မင်းရဲ့သင်တန်းစတုန်းက မင်းပြောခဲ့တဲ့စကားတွေကို မှတ်မိသေးလား?"
ခေါင်းဆောင်လုက လွန်စွာတည်ငြိမ်အေးဆေးနေလျက်။
"ငါ့မှာ ဘာလို့ပြန်သွားစရာမျက်နှာမရှိရမှာလဲကွာ? ငါပြန်သွားပြီးတော့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ စကားတွေအများကြီးပြောချင်သေးတယ်"
ဝမ်ယွမ်ကျန်း: "…"
ဟုတ်သား၊ သူကသာ ပြန်သွားဖို့ အရည်အချင်းမရှိသူပဲ။
ဒီလူမှာက ဇနီးနဲ့ သားသမီးတွေရှိနေပြီဖြစ်တဲ့အပြင် ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံလှလှလေးလည်း ရှိနေပြီ။ သူ့ဇနီးလေးရဲ့ အချက်အပြုတ်ကလည်း ကောင်းသေး။
သူကသာ အခုထိ ငရုတ်ဆော့စ်တွေနဲ့ တွဲစားနေရတုန်းပဲ။
"ပြီးခဲ့တဲ့နှစ်က ငါနဲ့ ငါ့မိန်းမက မိသားစုခြံဝင်းထဲမှာ နေထိုင်ခဲ့တာလေ၊ ဒီနေရာက မဆိုးဘူး...."
"မပြောပါနဲ့တော့၊ ငါမင်းရဲ့ ယောက်ဖဖြစ်ချင်နေပြီကွ"
ဝမ်ယွမ်ကျန်းက လုယန်ရဲ့ ယောက်ဖဖြစ်ရတာဟာ အတော်လေးအဆင်ပြေတယ်လို့ တွေးနေမိလျက်။
မဟုတ်ရင် သူ့နှလုံးသားလေး ပြောင်းလဲသွား...
လုယန်: "မင်း အလေးအနက်နဲ့ တစ်ယောက်ယောက်ကို မြန်မြန်ရှာတော့လေ"
ဒီလက်တွေ့မကျတဲ့ ရည်မှန်းချက်ကို စွန့်လွှတ်လိုက်တာဟာ သူ့အတွက် အကောင်းဆုံးပါပဲ။
ဒီကောင်က တကယ်ကြီး သူ့ရဲ့ယောက်ဖဖြစ်ချင်နေတာလားဟေ?
"မင်းက ဒီလိုအလေးအနက်မရှိတဲ့ပုံစံနဲ့ အိမ်ထောင်ဖက်ရှာနေလို့ အိမ်ထောင်မပြုနိုင်သေးတာပေါ့"
ဝမ်ယွမ်ကျန်း ပြန်ခံပက်လိုက်၏။
"ငါ အိမ်ထောင်ဖက်ရှာတာက မင်းထက်တော့ ပိုလေးနက်တယ်ကွ"
အမှန်ပင် ဝမ်ယွမ်ကျန်းဟာ ရဲဘော်လုယန်ထက် ပိုပြီးလေးနက်မှုရှိသလို အချိန်တိုင်း လွန်စွာဂရုတစိုက်စဥ်းစားတတ်၏။ သို့သော် အချိန်တိုင်းမှာ ညှိယူလို့မရတဲ့ သဘောထားကွဲလွဲမှုတွေ အမြဲတမ်းရှိနေခဲ့သည်ပင်။
တကယ့်ကို ထူးဆန်းလှပေသည်။
"မင်းနဲ့ သင့်တော်တဲ့မိန်းကလေးတစ်ယောက်ကို တွေ့တာနဲ့ လက်ထပ်လိုက်တော့"
"ငါဆို ငါ့မိန်းမရဲ့ အရာအားလုံးကို သဘောကျတယ်"
ဝမ်ယွမ်ကျန်း: "မင်းက အချစ်ကြောင့် မျက်စိကန်းနေတာပဲ"
"မင်း မကြိုက်တဲ့လူတစ်ယောက်နဲ့ လက်ထပ်ဖို့ဖြစ်နိုင်ပါ့မလား"
ဝမ်ယွမ်ကျန်း: "…" ပြောစရာစကားတောင် မရှိတော့ပါဘူးကွာ။
ဝမ်ယွမ်ကျန်း လုအိမ်မှ ထွက်လာပြီးနောက် အနာဂတ်တွင် သူ အဆင်ပြေတဲ့သူရှာတွေ့နိုင်ပါဦးမလားလို့ တွေးနေခဲ့မိ၏။
ဝမ်ယွမ်ကျန်းက လုမိသားစုခြံကို ပြန်ကြည့်ကာ သူမနာလိုမဖြစ်ဘူးလို့ မပြောနိုင်ပါချေ။ သူလည်း ဒီလိုလှပတဲ့ခြံလေးလိုချင်တယ်၊ ခြံထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်လေးတွေ စိုက်ချင်တယ်လေ။ ပြီးတော့ သူ သဘောကျရတဲ့ ဇနီးတစ်ယောက်ရှိရင်တော့ အကောင်းဆုံးပဲပေါ့။
ဝမ်ယွမ်ကျန်း သက်ပြင်းချပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရာ ကြိုးစားရုန်းကန်နေရဆဲဖြစ်သော ဘေးခြံက မစ္စတာကျန်းကို သတိထားမိသွားခဲ့သည်။
သူ့ရဲ့ ကြိုးစားအားထုတ်မှုဟာ အသီးအပွင့်ဖြစ်တည်လာကာ အနည်းဆုံး ပန်းနှစ်ပွင့်၊ သုံးပွင့် တကယ်ပဲ ပွင့်လာခဲ့လေပြီ။ ဒါပေမယ့် အရှေ့မှာ ပန်းတစ်ပွင့်နဲ့ အနောက်မှာ ပန်းတစ်ပွင့်ဖြစ်နေတာက နည်းနည်းတော့... ထူးဆန်းနေပုံရတယ်နော်။
ဝမ်ယွမ်ကျန်းလည်း သူနှင့် စကားမပြောဘဲ မနေနိုင်ဖြစ်လာရာ အရင်တုန်းက သူတို့ ဘယ်လိုများလက်ထပ်ခဲ့ကြသလဲလို့ မေးလိုက်မိသည်။
ယုတ္တိကျကျဆိုရသော် မနှစ်က ကျန်းချန်ပေ့ဟာဆိုရင်ဖြင့် သူ့မိန်းမအကြောင်း ကြွားဝါလိုတဲ့ ဆန္ဒရှိသော်ငြား ယခုကျန်းချန်ပေ့ကတော့ သူစိုက်ပျိုးထားတဲ့ ပန်းပင်တွေအကြောင်းကသာ ပြောဖို့ ပိုပြီးထိုက်တန်တယ်လို့ ခံစားခဲ့ရသည်။
ကျန်းချန်ပေ့ ကြွားဝါလိုက်၏။
"ငါ ဒီပန်းကို ခူးပြီးတော့ ငါ့မိန်းမကို ပေးလိုက်မယ်"
ဝမ်ယွမ်ကျန်းရှေ့မှာ တကယ်ကြီး သူလာကြွားနေတာပဲ။
"မင်းတို့လက်မထပ်ခင်တုန်းက မင်းက မင်းရဲ့မိန်းမကို အရမ်းချစ်တာပဲဖြစ်ရမယ်"
"အဲဒါက-"
"ဒီခြံကို မင်းကိုယ်တိုင် ပြုစုစောင့်ရှောက်ထားတာလား?"
ဝမ်ယွမ်ကျန်း ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလာလေ၏။
"မင်းမိန်းမကတော့ မင်းကို မချစ်ဘဲ လက်ထပ်ခဲ့တာပဲ ဖြစ်ရမယ်"
ကျန်းချန်ပေ့: "??!!!" မင်းဘာဖြစ်နေတာလဲကွ?
*
လီချင့်ဟွားနှင့် နိုင်ငံရေးအရာရှိလျိုတို့ဟာ ကလေးနှင့်အတူ သူတို့ရဲ့ မွေးရပ်မြေမှ ပြန်လာခဲ့ကြပြီ။
ချင်းရို့ မူလက "ချမ်းချမ်းသာသာနဲ့ အထက်တန်းဆန်ဆန် မွေးရပ်မြေသို့ ပြန်သွားကာ မိသားစုဝင်တွေ အထင်ကြီးအောင်လို့ ညဘက်မှာ ဘရိုကိတ်အင်္ကျီဝတ်ပြီး လမ်းလျှောက်နေခဲ့တယ်ဆိုတဲ့" ဇာတ်လမ်းတစ်ပုဒ်ကို ကြားချင်ခဲ့သော်လည်း လီချင့်ဟွား ပြန်လာပြီးနောက်မှာတော့ သူမရဲ့ နှင်းကိုက်နာအပြည့်ရှိနေတဲ့လက်ကို ခါယမ်း၍ နောက်နောင် ဆောင်းတွင်းဆို လုံးဝပြန်မသွားတော့ကြောင်း ပြောဆိုနေပါတော့သည်။
"ဒီနှစ်ေတာ့ ငါ အေးခဲပြီး သေတော့မလို့ဟာ"
သူမ ချုံကျိုးကျွန်းမှာ နေလာတာ နှစ်အနည်းငယ်ကြာသွားပြီမို့ ဤနေရာရှိ ရာသီဥတုကို ကျင့်သားရသွားတာလားတော့ သူမလည်းမသိပါချေ။ ရလဒ်အနေနဲ့ ဒီနှစ် သူမ မွေးရပ်မြေသို့ ရုတ်တရက် ပြန်သွားတဲ့အခါ အအေးဒဏ်နဲ့ နှင်းမုန်တိုင်းတွေကြောင့် လီချင့်ဟွားတစ်ယောက် လမ်းမှာတင် ခွေးအတစ်ကောင်လို အေးခဲသွားခဲ့ရသည်။
အပြန်လမ်းမှာလည်း သူမရော သူမသားပါ အအေးမိသွားခဲ့ပါသေးသည်။
လီချင့်ဟွားက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဟောင်းနွမ်းနေတဲ့ ချည်သားပိတ်အင်္ကျီကို ၀တ်ဆင်ထားပြီး နိုင်ငံရေးအရာရှိလျိုရဲ့ စစ်ကုတ်အင်္ကျီနဲ့ ပတ်ထားလျက် အအေးဒဏ်ကြောင့် ကျုံ့ဝင်သွားရကာ လမ်းတစ်လျှောက် မရေမတွက်နိုင်တဲ့ အတွေးများစွာ တွေးနေမိခဲ့၏။
-- ဆောင်းတွင်းကြီးကို မွေးရပ်မြေပြန်ဖို့ ရွေးချယ်မိတာ ငါရူးသွားတာများလားဟဲ့။
နောက်ဆုံးတွင်မူ သူမရဲ့မွေးရပ်မြေကို ရောက်သွားတဲ့အခါ လီချင့်ဟွားက ခန်ကုတင်မှာ မလှုပ်မယှက်သာ နေလိုခဲ့သည်။ သူမရဲ့ ယောက္ခမက သူမအား ဘယ်လိုပဲခိုင်းနေပါစေ သူမ မလှုပ်ရှားခဲ့ပေ။ သူမတော့ အေးလွန်းလို့ သေတော့မှာပဲနော်။
လီချင့်ဟွား တစ်နေကုန် အိမ်ထဲမှာနေပြီး အပြင်မထွက်ချင်ပေ။ လူတွေနှင့် အတင်းတုပ်ဖို့ ဘယ်သူက အပြင်ထွက်မှာလဲနော်?
သို့ရာတွင် ရွာက ညီအစ်မတစ်သိုက်က သူမပြန်လာတာကို ကြားလိုက်သည်နှင့် သူမကို တွေ့ဖို့ အိမ်ဆီ အပြေးရောက်လာကြလေသည်။
လီချင့်ဟွားက နှာတရှုံရှုံနှင့် သူတို့နဲ့ စကားစမြည်ပြောနေခဲ့၏။ သူမ ချုံကျိုးကျွန်းမှာရှိနေတဲ့အကြောင်း၊ ဒါရိုက်ဘာတစ်ယောက်ဖြစ်လာတဲ့အကြောင်း ပြောပြလိုက်သည်။
စကားပြောနေရင်း ချောင်းဆိုးကာ နှာရည်ယိုနေပါသေးတယ်။ မနာလိုအားကျတဲ့မျက်လုံးတွေ အများကြီးရခဲ့ပေမယ့် လုံးဝမပျော်ပါဘူးနော်။
- အရမ်းအေးတာပဲဟာ။
……