← Chapters

Chapter 102

Vol. 9 Ch. 102

Chapter 102

Vol. 9 Ch. 102

သူမသား လျိုယွဲ့က နှင်းတွေကြည့်ဖို့ စောင့်မျှော်နေပြီး နှင်းထဲတွင် ဆော့ကစားရန် သူ့အဖေနောက်လိုက်သွားခဲ့သည်။

လီချင့်ဟွားကတော့ ကျွန်းကိုပြန်သွားဖို့သာ မျှော်လင့်စောင့်စားနေပါတော့သည်။

"အေးလွန်းတယ်"

ယခု သူမ ကျွန်းကို ပြန်လာခဲ့တာတောင်မှ မသိစိတ်အရ အိတ်ကပ်ထဲမှာ သူမရဲ့လက်တွေကို ထည့်ထားတုန်းပဲ။

သူမသားရဲ့လက်တွေတောင်မှ အင်္ကျီလက်ထဲ ထိုးထည့်ထားလေသည်။

ချင်းရို့: "…"

ကြည့်ရတာတော့ အစ်မဟွားဟွားက အရမ်းအေးတဲ့နှစ်သစ်ကူးဆင်နွှဲခဲ့ရပုံပဲနော်။

"ငါ့ယောက္ခမဆို ငါ့မှာ ကိုယ်ဝန်ရှိနေပြီလို့ အထင်လွဲနေတာဟယ် ဟားဟား..."

"ရှောင်ချင်းရေ ငါ နင့်အတွက် တစ်ခုခုယူလာခဲ့တယ်၊ တန်ဖိုးတော့မရှိပါဘူး။ လာမြည်းကြည့်လိုက်၊ ငါတို့မွေးရပ်မြေကပဲ"

"ငါ ကိုယ်ဝန်ရှိတုန်းက ဒီဂေါ်ဖီချဥ်ကို အရမ်းကြိုက်ခဲ့တာလေ။ ဒီတော့ နင်လည်း မြည်းစမ်းကြည့်သင့်တယ်နော်"

လီချင့်ဟွား ပြန်လာတဲ့အခါ ဇာတိမြို့မှ ပစ္စည်းအများအပြားကို ယူလာခဲ့ပြီး ချင်းရို့ကို ပေးခဲ့လေသည်။ သူ့မွေးရပ်မြေမှ အထူးစပယ်ရှယ်ဂေါ်ဖီချဥ်အပါအဝင် ကြွက်နားရွက်မှိုနှင့် တောရိုင်းမှိုတွေလည်း ပါလာခဲ့၏။

ချင်းရို့လည်း အပြန်အလှန်အနေဖြင့် အေးခဲအသားလုံးအများအပြားကို ပေးခဲ့သလို သူမချက်ထားတဲ့ စွပ်ပြုတ်နှင့် ခြံထဲက ဟင်းသီးဟင်းရွက်များစွာကို ဆွတ်ကာ ပေးလိုက်သည်။ ဒါတွေက အစ်မဟွားဟွားအတွက် ဟော့ပေါ့လက်ဆောင်လို့ ပြောလို့ရတယ်။

"ကောင်းပြီ၊ ငါတို့ ဒီနေ့ ကန်တင်းမှာ မစားရတော့ဘူးပဲ။ အိမ်ပြန်ရောက်ရင် ကလေးအတွက် ချက်ပေးလိုက်မယ်"

လီချင့်ဟွား ပြန်သွားပြီးနောက် ချင်းရို့တစ်ယောက် အမှန်တကယ်ပင် ဂေါ်ဖီချဉ်အိုးဆီက ဆွဲဆောင်ခံလိုက်ရ၏။ သူမကိုယ်ဝန်ရှိကတည်းက အချဥ်တွေစားရတာကြိုက်နေခဲ့ပြီး ဂေါ်ဖီချဥ်နဲ့ ဝက်သားကိုပင် စားချင်နေခဲ့၏။

ဒါပေမယ့် အခုတော့ သူမဆီမှာ ဝက်သားစားဖို့ အခြေအနေမရှိသေးဘူးလေ။

ချင်းရို့ တံတွေးမျိုချလိုက်ပြီး ဂေါ်ဖီချဥ်နှင့် ပုစွန်လုံးခေါက်ဆွဲချက်ဖို့ ဆုံးဖြတ်လိုက်၏။ လတ်လတ်ဆတ်ဆတ်ပုစွန်တွေနှင့် အရသာကတော့... အချဥ်အနံ့ကတော့ အရမ်းပြင်းလွန်းနေတာပဲ!

အနံ့က အရမ်းပြင်းတာကြောင့် အိမ်ထဲမှာ ပျံ့မသွားရအောင်လို့ ချင်းရို့လည်း အပြင်မှာပဲ ထိုင်စားလိုက်ရာ ချဥ်ချဥ်အနံ့လေးဟာ နေရာအနှံ့ ပျံ့သွားပါတော့တယ်။

ကလေးတွေပြန်လာတဲ့အခါ အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရ၏။ စားတဲ့သူက အနံ့မွှေးတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် အပြင်လူအနေနဲ့ဆိုရင်တော့ အနံ့ကပြင်းထန်နေမှာပင်။

ချင်းရို့က ကလေးတွေအတွက် ဂေါ်ဖီချဥ်နှင့် ပုစွန်လုံးခေါက်ဆွဲနှစ်ပန်းကန် လုပ်ပေးလိုက်သည်။

ဟွမ်ရှင်းရင် ဘေးအိမ်မှထွက်လာတဲ့ ဂေါ်ဖီချဥ်ခေါက်ဆွဲအနံ့လေးကို ရလိုက်သဖြင့် လှေကားထစ်ပေါ်တွင်ရပ်ကာ လျှောက်ကြည့်နေရင်း ဒီရှောင်ချာကျင်းက ကိုယ်ဝန်ရှိပြီးနောက်ပိုင်း လက်ဖက်ရည်သောက်တာကို ရပ်ပစ်လိုက်ပြီး ထူးဆန်းတဲ့အစားအစာတွေ စားသောက်လာတာပဲလို့ တွေးတောနေမိလျက်။

ဒါပေမယ့် အနံ့ကအရမ်းမွှေးနေရာ သူမလည်း မြည်းစမ်းကြည့်ချင်လာခဲ့ပြီ။

ထို့ကြောင့် သူမက နည်းနည်းတောင်းဖို့ ဘေးအိမ်ကို သွားလိုက်ကာ ချင်းရို့ကလည်း သူမကို ရက်ရောစွာ ဝေမျှခဲ့ပေသည်။

ဟွမ်ရှင်းရင်သည် ညဘက်မှာ ဒီခေါက်ဆွဲကို ချက်ဖို့ ဆုံးဖြတ်လိုက်၏။ သူမ အဲဒီဂေါ်ဖီချဥ်ခေါက်ဆွဲကို အရမ်းကြိုက်တာပဲ။

ကျန်းချန်ပေ့ အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သူ ချက်ချင်း ထွက်ပြေးသွားလေသည်။

"ငါ အိမ်ပြန်မလာနိုင်တော့ဘူး"

"မိန်းမရေ အနံ့နံ့တဲ့ ခရုဟင်းတစ်အိုးတည်ထားတာလား?"

"အင်း ကျွန်မအတွက် လွှင့်ပစ်ပေးပါဦး"

"ကျွန်မ ဖုံးထားချင်ပေမယ့် အနံ့က ဖုံးလို့မရလို့"

ကျန်းချန်ပေ့: "... " အခု သူ့ဇနီးလေးက နည်းနည်းပျင်းရိနေပုံရတယ်။ ဒါ တကယ်ကြီး ကြောက်စရာကောင်းလိုက်တာကွာ။

ခေါင်းဆောင်ကျန်းက နောက်တံခါးဆီသို့ ပြေးသွားခဲ့ရာ ဘေးအိမ်ကလည်း ဒီလိုအနံ့တွေထွက်နေတာကို တွေ့ရှိသွားခဲ့သည်။ သူ့ခေါင်းကို လှည့်လိုက်သည်နှင့် အိမ်ပြန်လာတဲ့ လုယန်ကို တွေ့လိုက်ရကာ ခေါင်းဆောင်လုအား စိတ်ရင်းဖြင့် သူပြောလိုက်လေ၏။

"ရှောင်လုရေ အိမ်ထောင်ကျတာအချိန်တစ်ခုကြာလာတော့ အမျိုးသမီးတွေလည်း ပျင်းရိလာကြတာပဲကွာ။ ဒီနေ့ ငါအိမ်ပြန်ရောက်တော့ အနံ့နံ့နေတဲ့ခရုတစ်အိုးကိုတွေ့လိုက်ရတယ်၊ မင်းလည်းအတူတူပဲကွာ"

လုယန် : "ငါ ခရုစားရတာ မကြိုက်ဘူး..."

"အတူတူပဲ"

*

နှစ်သစ်ကူးပြီးနောက် ဆွေမျိုးများထံ အလည်အပတ်သွားခဲ့ကြပြီး လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြလေသည်။ ထူးဆန်းတဲ့အလှည့်အပြောင်းများစွာလည်းရှိခဲ့၏။ အရာရှိကြီးလင်းရဲ့ ဇနီး ကျိုးမုန့်လန်အပါအဝင် မိသားစုဝင်အသစ်များ ပြောင်းရွှေ့လာခဲ့ကြသည်။

ကျိုးမုန့်လန်က သူနာပြုဆရာမတစ်ဦးဖြစ်သည်။ ယခုနှစ်တွင် သူမက ကျွန်းသို့လိုက်လာရန် သဘောတူခဲ့၏။ သူမ ကျွန်းပေါ်ရောက်သည်နှင့် စိတ်မသက်မသာခံစားမိခဲ့သည်။ မူလက သူမရဲ့ ယောက္ခမကပါ သူမနဲ့ အတူတူလိုက်ဖို့ စီစဥ်ထားသော်ငြား သူမတို့ထွက်မလာခင်မှာ ယောက္ခမဖြစ်သူက သူမအား ဒုတိယကလေးယူဖို့ အတင်းအကြပ်လုပ်ခိုင်းမယ်လို့ ဘယ်သူသိမှာတုန်း။ သူမသာ ကလေးမမွေးပေးဘူးဆိုရင် ကလေးလာထိန်းပေးဖို့ ဆန္ဒမရှိဘူးတဲ့။

ကျိုးမုန့်လန်က ဟိုးအစကတည်းက ကလေးကို ပြုစုပျိုးထောင်ခဲ့သူမဟုတ်ပေ။ သူမရဲ့ ယောက္ခမကပဲ ကလေးကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းပင်။

တကယ်တော့ သူမရဲ့ယောက္ခမဟာ ပေါ့ပေါ့တန်တန်နေတတ်သူမို့ သူမ သည်းမခံနိုင်သော်လည်း အိမ်မှာ ရန်မဖြစ်ချင်တာကြောင့် ငြင်းခုံခြင်းမပြုခဲ့ပေ။

သူမယောက္ခမရဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းဟာ သူမလို သူနာပြုတစ်ဦးအတွက်တော့ သည်းမခံနိုင်စရာဖြစ်နေသော်ငြား သူမမှာလည်း ရွေးချယ်စရာမရှိခဲ့ပါချေ။ သူမက အလုပ်သွားရမှာဆိုတော့ ကလေးကို သူမယောက္ခမကပဲ ကြည့်ပေးနိုင်မှာလေ။

ယခုတော့ ကျိုးမုန့်လန် ကျွန်းပေါ်ရောက်တဲ့အခါ သူမယောက္ခမ မလာတော့ကြောင်း ကြားလိုက်ရသဖြင့် အပျော်လွန်သွားရ၏။ သူမအတွက်တော့ ဒုတိယကလေးမွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ မွေးပြီးတော့ ကလေးလေးကို သူမယောက္ခမဆီမှာ ပြုစုပျိုးထောင်ခွင့်ပေးရမယ်ပေါ့? မဖြစ်နိုင်လိုက်တာ!

သို့ရာတွင် လေးနှစ်သားအရွယ် ကလေးကို ပြုစုစောင့်ရှောက်ပေးမယ့်သူ ဘယ်သူမှမရှိတာက တကယ့်ပြဿနာပင်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာ၌ မူကြိုကျောင်းရှိနေပြီး ထိုမူကြိုက ကောင်းတယ်လို့ သူမကြားထားသဖြင့် ကျိုးမုန့်လန်လည်း ကလေးကို မူကြိုပို့ဖို့ စီစဉ်ပါတော့သည်။

သူမရဲ့ ကလေးကို မူကြိုပို့ချင်နေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ယောက္ခမက သဘောမတူခဲ့ဘူးလေ။ အခုတော့ သူမယောက္ခမလည်းမရှိဘူးဆိုတော့ နောက်ဆုံးမှာ သူမသားကို မူကြိုပို့နိုင်ပြီပဲ။

သို့သော် ဤကလေးငယ်ဟာ သူမရဲ့ ယောက္ခမဖြစ်သူက ပြုစုပျိုးထောင်ပေးခဲ့တာကြောင့် သူသည်လည်း မူကြိုမသွားချင်ခဲ့ပေ။ သူမက သူမူကြိုတက်ရတော့မယ်လို့ ပြောလိုက်သည်နှင့် အသတ်ခံရတော့မယ့် ဝက်တစ်ကောင်လိုမျိုး မိသားစုခြံဝင်းအပေါက်ဝမှာ ငိုယိုနေပါတော့သည်။

လေးနှစ်သားကောင်စုတ်လေး လင်းယောက်ရန်ဟာ အမှန်ပင် အသံကျယ်လေ၏။ ငိုတာက အဆင်ပြေပေမယ့် သူက ဂိတ်စောင့်ရဲ့ ပေါင်ကို ပွေ့ဖက်ရင်း ငိုယိုနေတာလေ။ စစ်သားလူငယ်လေးက မတ်တပ်ရပ်နေတုန်း ကလေးငယ်က သူ့ပေါင်ကို မလွှတ်တမ်း ပွေ့ဖက်ထားခဲ့သည်။

ကောင်ငယ်လေးဟာ အရမ်းထက်မြက်သူပင်။ သူ့အမေကို ပွေ့ဖက်ရမယ့်အစား တခြားတစ်ယောက်ရဲ့ ပေါင်ကို ပွေ့ဖက်ရမယ်ဆိုတာ သူ သိနေလေရဲ့။

"ဝူး... သားမသွားဘူး မသွားချင်ဘူး..."

"ဦးလေး! ကူညီပါ!!! သူတို့ သားကို သွားရောင်းတော့မှာ..."

"ဝူး ဝူး... ဝါး ဝါး..."

လင်းယောက်ရန်ရဲ့ မျက်နှာမှာ မျက်ရည်တွေနဲ့ နှပ်ချေးတွေနဲ့ ပြည့်နေပြီး တခြားသူရဲ့ စစ်ဘောင်းဘီပေါ်မှာ အကွက်တွေ ထင်ကုန်ပါတော့သည်။

အစ်ကိုပင်း: "…"

ကျိုးမုန့်လန်: "…"

"မငိုနဲ့တော့"

ကျိုးမုန့်လန်ရဲ့ ဦးရေပြားမှာ ထုံကျင်နေပြီး သူမ အမှန်တကယ်ပင် ရှက်ရွံ့နေသော်လည်း သူမသားကို ယခင်က မပျိုးထောင်ခဲ့ရသူမို့ သူ့ကို ဘယ်လိုချော့ရမှန်းမသိပေ။ ယခုတော့ သူမလည်း အကိုပင်းကိုသာ မျှော်လင့်တကြီးနဲ့ ကြည့်ရုံသာတတ်နိုင်တော့သည်။

အစ်ကိုပင်း: "…"

"လွှတ်လိုက်၊ လွှတ်လိုက်ပါ။ ငါ့ခြေထောက်ကို မကိုင်ထားနဲ့"

"ဝူး ဝူး ဝူး!!!"

"ဦးလေး ကူညီပါ!!!!!!"

ထိုအခိုက်တွင် ချင်းရို့သည်လည်း ကလေးလေးနှစ်ယောက်ကို မူကြိုပို့ပေးဖို့ ရောက်လာခဲ့သည်။ ချန်ကျင်းရိက ထိုမူကြိုမှာ တက်နေတာဖြစ်သလို ရှမင်ရှီးကိုလည်း မကြာသေးမီက မူကြိုပို့ခဲ့သည်ပင်။

- သူက ကွားကွားလောင်ရှီး၊ ရှောင်ဟုန်ဟုန်၊ လင်းလင်း၊ ကျိုးကျိုးနှင့် တန့်တန့်တို့ကို လွမ်းတယ်လို့ ပြောနေပါသေးသည်….

ချင်းရို့က အကိုပင်းရဲ့ ပေါင်ကို ပွေ့ဖက်ရင်း ငိုနေတဲ့ကလေးကို သတိထားမိပြီး ကလေးက မူကြိုမတက်ချင်ဘူးဆိုတာကို သိလိုက်ရသည်။

…..

All Chapters