Chapter 103
Vol. 9 Ch. 103
ကျိုးမုန့်လန်လည်း လှည့်ကြည့်လိုက်တဲ့အခါ ချင်းရို့ကို တွေ့လိုက်ရ၏။ သူမ ချင်းရို့အား နောက်ထပ်အကြိမ်ရေနည်းနည်းထပ်မကြည့်လိုက်ဘဲ မနေနိုင်ပါချေ။
ပထမတော့ ဒီမိန်းမငယ်လေးဟာ အရမ်းလှတာပဲလို့ တွေးမိလျက်။ ဒုတိယအကြည့်မှာတော့ သူမဟာ သူနာပြုတစ်ယောက်အနေနဲ့ ချင်းရို့ဆီမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သဘာဝအလျောက်သိမြင်နိုင်ခဲ့သည်။ ထို့နောက်တွင်မူ ချင်းရို့ဘေးက ကောင်လေးနှစ်ယောက်ကို ငုံ့ကြည့်လိုက်လေ၏။
အစိမ်းရောင်ဦးထုပ်လေး၀တ်ထားတဲ့ ကောင်ငယ်လေးနှစ်ယောက်ဟာ ချစ်စဖွယ်ပင်။ တစ်ယောက်က ဝဝကစ်ကစ်လေးဖြစ်ကာ နောက်တစ်ယောက်က အနက်ရောင်မျက်လုံးကြီးကြီးတွေရှိပြီး နှစ်ယောက်စလုံးက ချောမောပြီး ချစ်စရာကောင်းလှသည်။
ကျိုးမုန့်လန်ရဲ့ အကြည့်တွေက ချင်းရို့ရဲ့ ဝမ်းဗိုက်ဆီမှာ ရပ်တန့်သွားပြီးနောက် သူမက ကလေးနှစ်ယောက်ကို ပြန်ကြည့်လိုက်ပြီး ရုတ်တရက် အံ့အားသင့်တဲ့အကြည့်တွေ ပေါ်လာပါတော့သည်။
ဒီအမျိုးသမီးကတော့ အမေးဇင်းပါပဲဟယ်။ သူမက အရမ်းလည်းလှသလို ကလေးသုံးယောက်တောင် ပျိုးထောင်နိုင်တယ်ဟ!
သူမ ရှက်ရွံ့စွာပြုံး၍ "ငါ့ကလေးက မူကြိုမသွားချင်လို့လေ"
ရှောင်ဖန့် : "မူကြိုမသွားချင်တဲ့သူရှိသေးတာလားဗျ?"
ချင်းရို့: "…"
"မင်း လင်းယုန်ငှက် ကြက်တွေကိုဖမ်းတဲ့ကစားနည်း ကစားဖူးလား?"
"အိုး အိုး ငါ လင်းယုန်တစ်ကောင်ဖြစ်ရတာ အကြိုက်ဆုံးပဲ"
"ကွားကွားလောင်ရှီး... သူမက..."
*
ရှောင်ဖန့်လေးရဲ့ စကားတွေဟာ လေဆာသေနတ်ကဲ့သို့ ဆက်တိုက်ထွက်လာတာကြောင့် အမေနဲ့သားနှစ်ယောက်မှာ ခဏတစ်ဖြုတ် မှင်တက်သွားခဲ့ရပြီး လင်းယောက်ရန်က တခြားတစ်ယောက်ရဲ့ ပေါင်ကို ပွေ့ဖက်ဖို့ပင် စိတ်မဝင်စားတော့ပေ။
သူ လွှတ်ပေးလိုက်လေပြီ။
နောက်ဆုံးတွင် နတ်ဆိုးလက်မှ လွတ်မြောက်သွားသော စစ်သားလေးကတော့ ပန်းပုရုပ်လိုမျိုး ဆက်မရပ်တော့ဘဲ အသစ်လေးနဲ့ ပျော်ပျော်ကြီး ဂျူတီပြောင်းလိုက်တော့သည်။
"ဂျူတီပြောင်းဖို့အချိန်ရောက်ပြီပဲ"
မိသားစုခြံဝင်းမှာ တာဝန်ကျတာ မကောင်းပါဘူး။ သူတို့ ထူးဆန်းတဲ့ကလေးတွေ အများကြီးနဲ့ တွေ့ရလိမ့်မယ်။
"မင်း မူကြိုသွားမလို့လား?"
လင်းယောက်ရန် မယုံနိုင်စွာ မေးလိုက်၏။ မူကြိုမှာ လူတွေကိုစားတဲ့ စုန်းမအိုကြီးတွေရှိတယ်လို့ သူ့အဖွားပြောခဲ့ဖူးတယ်လေ။ အဲဒီစုန်းမအိုကြီးက နေ့တိုင်း ကလေးတွေကို ဘယ်လိုစားရမလဲဆိုတဲ့အကြောင်းပဲ တွေးနေတာတဲ့။ ပြီးတော့ ကျောင်းထဲမှာ မြွေတွေကိုလည်း မွေးထားသေးတယ်ပြောတယ်...
(T/N: အိုးးးး အဲဒါကြောင့် ကလေးက မူကြိုတက်ရမှာ အသေကြောက်နေတာကိုး)
"ငါ ကွားကွားလောင်ရှီးကို သွားတွေ့မလို့"
ရှောင်ဖန့်လေးဟာ အလွန်လေးနက်စွာဖြင့် "ငါ မူကြိုကို အကြိုက်ဆုံးပဲ!"
ရှောင်ဖန့်လေးက တက်ကြွတဲ့နေရာတွေကို သဘောကျတယ်လေ။ မူကြိုမှာဆို လူတွေအများကြီးရှိတာကြောင့်ပေါ့။ သူက သက်တူရွယ်တူလေးတွေနဲ့ သူငယ်ချင်းဖွဲ့ရတာ ကြိုက်သူမို့ နေရာတိုင်းမှာ သူငယ်ချင်းကောင်းများစွာရှိလေရဲ့။
"ငါ့ကိုပြဖို့ ဟွေးဟွေးယူလာခဲ့မယ်လို့ ဟုန်ဟုန်ပြောလိုက်တယ်"
လင်းယောက်ရန် သိချင်စွာဖြင့် မေးလာလေသည်။
"ဟွေးဟွေးက ဘယ်သူလဲ?"
ရှောင်ဖန့်လေးက စကားပြောတော့မည်ဖြစ်သော်လည်း သူ့ဘေးနားရှိ ချန်ကျင်းရိက စူပူတ်ပုတ်မျက်နှာဘေးဖြင့် ဝတုတ်လေးကို ဆွဲလိုက်ရင်း သူ့ရဲ့ချစ်စဖွယ်အသံသေးသေးလေးဖြင့် ပြောလာ၏။
"သွားရအောင်!"
"မူကြိုသွားမယ်"
"သွားကြစို့!!"
ချန်ကျင်းရိဟာ မကြာသေးမီက ရှီးရှီးနှင့် ပြန်တွေ့ခဲ့ရတာကို အလွန်ပျော်ရွှင်နေခဲ့သည်။ သူတို့နှစ်ယောက် ပထမဆုံးစတွေ့ကြတုန်းက ရှီးရှီးက သူ့ကို စကားတွေအများကြီးပြောနေတတ်သည်။ တဖြည်းဖြည်းနဲ့ သူလည်း လေပေါလွန်းတဲ့ ဝတုတ်လေးကို အသားကျလာကာ သူ့ကိုလည်း စကားတွေပြန်ပြောလာခဲ့ပြီ။
သို့သော် သူက တခြားကလေးတွေနဲ့တော့ စကားသိပ်မပြောခဲ့။
ရှီးရှီးပြန်လာတဲ့အခါ ချန်ကျင်းရိလေးဟာ မူကြိုတက်ရတာ သိပ်မကြိုက်တော့ပေ။ သူတို့ မူကြိုရောက်သွားတာနဲ့ ရှီးရှီးက ကလေးတိုင်းကို စကားပြောနေလိမ့်မှာဖြစ်သော်လည်း သူနဲ့ စကားပြောရတာကိုတော့ အကြိုက်ဆုံးပါပဲ။
ကျောင်းမှာရော လမ်းပေါ်မှာပါ ရှီးရှီးက တခြားကလေးတွေနဲ့ လေပေါနေတတ်သည်မှာ တကယ်စိတ်တိုစရာကောင်းလှ၏။
အကယ်၍ ဒီကလေးအသစ်လေးက မူကြိုမတက်ချင်ရင် မသွားနဲ့ပေါ့။
ချန်ကျင်းရိဟာ ရှီးရှီးကို လင်းယောက်ရန်နဲ့ စကားမပြောစေချင်လို့ သူ့ကို အရှေ့သို့ဆွဲလိုက်၏။
ချန်ကျင်းရိက ရှောင်ဖန့်ထက် များစွာပိန်ပါးသလို ခြေလက်သေးသေးလေးတွေဟာ အနှီဝတုတ်ကလေးကို မဆွဲနိုင်ခဲ့တာကြောင့် လက်ကိုသာဆွဲပြီး ပြောလိုက်တော့သည်။
"သွားကြမယ်၊ သွားမယ်လို့!!"
လေပေါတတ်တဲ့ရှီးရှီးနဲ့ မတူစွာပင် ချန်ကျင်းရိဟာ စကားပြောခဲလှသည်။ သူစကားပြောလာတဲ့အခါ အသံလေးက ကာတွန်းထဲက ချစ်စဖွယ်ဇာတ်ကောင်လေးတွေရဲ့ အသံတွေလိုမျိုး နူးညံ့ပြီး ချစ်စရာကောင်းနေလေ၏။
ချင်းရို့: "!!!" ဝေါင်း! !
ချင်းရို့လည်း သူမရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားရကာ သူမရဲ့တူလေး ချန်ကျင်းရိဟာ ဒီလောက်တက်ကြွနေမယ်လို့ သူမ မျှော်လင့်ထားမိခဲ့ပေ။
အရင်တုန်းကတော့ ရှမင်ရှီးရဲ့အချစ်တွေကို သူ အမြဲတမ်းလျစ်လျူရှုနေခဲ့ပြီး ရှမင်ရှီးက သူ့ကို စကားတွေအများကြီးပြောရင်တောင်မှ ကျင်းရိက စိတ်မဝင်စားတဲ့လေသံနဲ့သာ ပြန်ဖြေခဲ့တာလေ။ ဒါပေမယ့် အခုတော့ ရှောင်ကျင်းရိက ရှီးရှီးကို ဆွဲခေါ်ဖို့ အစပြုပြီးတော့ တခြားကလေးနဲ့ ဆက်သွယ်ခွင့်မပြုဘူးပဲ။
သူ မနာလိုဖြစ်နေတာလား? ဘာလို့များ ပရမ်းပတာတိုက်ပွဲကြီးပုံစံမျိုးနဲ့ တူနေရတာလဲနော်?
"ကျင်းရိ!!!!"
ဆွဲခေါ်ခံလိုက်ရတဲ့ ဝတုတ်ကလေးဟာ ဝမ်းသာအားရဖြစ်သွားကာ စိတ်လှုပ်ရှားသွားရ၏။ သူတို့ပြန်ဆုံကြကတည်းက ချန်ကျင်းရိဟာ သူ့အပေါ် ပိုပြီးစိတ်အားထက်သန်လာတာကို သူတွေ့ရှိခဲ့ရပေသည်။
အရင်တုန်းကဆို ချန်ကျင်းရိက စကားတစ်ခွန်းမှ မပြောဘဲ အခုမှ စကားနည်းနည်းပြောနိုင်လာချေပြီ။ သူက သူ့ကို "ရှီးရှီး"လို့ ဝမ်းသာအားရနဲ့ ခေါ်မယ်။ သူတို့စားသောက်ကြတဲ့အခါမှာလည်း "ရှီးရှီး စားပါ"လို့ အော်လိမ့်မယ်။
ရှောင်ဖန့်လေးဟာ ချန်ကျင်းရိကို လက်နောက်ပြန်ပွေ့ဖက်လိုက်ပြီး လမ်းဘေးက တောရိုင်းပန်း(လင်းယောက်ရန်)ကို ဂရုမစိုက်ချင်တော့ပေ။ တောရိုင်းပန်းတွေက အိမ်ကပန်းလောက် မမွှေးဘူးလေနော်။ ဝတုတ်ကလေးဟာ ကျင်းရိလေးကို ပျော်ပျော်ကြီး ပွေ့ဖက်ကာ ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။
"မူကြိုသွားကြစို့"
"သွားကြမယ်!"
ချစ်စဖွယ်အစိမ်းရောင်ဦးထုပ်လေးတွေဆောင်းထားတဲ့ ကလေးနှစ်ယောက်ဟာ ညီအစ်ကိုတွေအလား အတူတူဖက်တွယ်ထားကြသည်။ ချင်းရို့က သူတို့ကို အဝတ်အစားဆင်တူ၊ ကျောပိုးအိတ်ဆင်တူ ဆင်ယင်ပေးထားခဲ့သည်ပင်။
လမ်းဘေးရှိ တောရိုင်းပန်းတွေဟာလည်း သူတို့လေးတွေရဲ့ ခံစားချက်ကို မြှင့်တင်ပေးနိုင်တာပဲနော်။
လင်းယောက်ရန်: "???!"
ကျိုးမုန့်လန်: "???!!!"
သားအမိနှစ်ယောက်သား နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားရလေပြီ။
လင်းယောက်ရန်က သူ့အမေရဲ့ ဘောင်းဘီကို ဆွဲကာ ပြောလိုက်သည်။
"မေမေ သားလည်း မူကြိုသွားတော့မယ်!"
လေထုဟာ ကူးစက်တတ်သည်ပင်။ သူနဲ့ သက်တူရွယ်တူ သူငယ်ချင်းလေးနှစ်ယောက်က မူကြိုသွားဖို့ တက်ကြွနေတာမို့ သူလည်း သွားကိုသွားကြည့်ရမှာပေါ့။
ကျိုးမုန့်လန်: "…"
"ကဲ သွားတော့လေ"
ကျိုးမုန့်လန် သက်ပြင်းတစ်ချက်ချလိုက်လေ၏။ မည်သို့ပင်ဖြစ်စေကာမူ အနည်းဆုံးတော့ သူမရဲ့သားက မူကြိုသွားဖို့ သဘောတူလိုက်ပြီဖြစ်တဲ့အတွက် အစကောင်းသွားပြီပဲပေါ့။
ကျိုးမုန့်လန်က ချင်းရို့အား အလွန်ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်ေတာ့သည်။
သူမသာ ဒီစွမ်းအားကြီးတဲ့ မိသားစုဝင်လေးနှင့် မဆုံခဲ့ဘူးဆိုရင် သူမရဲ့ ဒီပြဿနာကောင်လေးကို ကိုင်တွယ်နိုင်မှာမဟုတ်ပေဘူး။
ချင်းရို့: "…"
ချင်းရို့ သူမရဲ့ ဗိုက်ပူပူလေးကို မနေနိုင်ဘဲ ထိလိုက်မိသည်။
မူလက လူနှစ်ယောက်သာဖြစ်ခဲ့ပေမယ့် ယခုတော့ တစ်ယောက်ထပ်တိုးလာခဲ့ပြီ။ ကလေးသုံးယောက်က မူကြိုကို အတူတူသွားခဲ့ကြသည်။
လင်းယောက်ရန်က ရှောင်ဖန့်လေးနဲ့ စကားပြောချင်နေတုန်းဆိုပေမယ့် ချန်ကျင်းရိက သူ့ကို ဆွဲခေါ်သွားကာ ပန်းချီအကြောင်း ရှီးရှီးနဲ့ ပြောချင်တယ်လို့ ပြောလိုက်လေ၏။ ရှောင်ဖန့်လေး စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း ဝမ်းသာအားရဖြစ်သွားခဲ့သည်။
ချင်းရို့: "…"
ဒီမြင်ကွင်းကို မြင်တဲ့အခါ ချင်းရို့က သူမ မူကြိုဆရာမ မလုပ်ခဲ့မိတာကို ရုတ်တရက်ကြီး နောင်တရသွားပါတော့သည်။ မဟုတ်ရင် သူမ ဒီကလေးတွေရဲ့ တိုက်ပွဲကြီးကို မြင်ရတော့မှာဟာ။
ကျစ် ကျစ်...
……