Chapter 108
Vol. 9 Ch. 108
ချင်းရို့ဗိုက်မှာ ပိုပိုကြီးလာခဲ့ပြီ။ ကိုယ်ဝန်အစောပိုင်းမှာ တုံ့ပြန်မှုပိုနည်းသော်လည်း ယခုကာလတွင် သူမရဲ့ ဗိုက်က ပူဖောင်းမှုတ်ထားသည့်နှယ် လျင်မြန်စွာ ကြီးထွားလာတဲ့အချိန်အပိုင်းအခြားကို ဝင်ရောက်လာပြီဖြစ်၍ ရုတ်တရက် ကြီးထွားလာတဲ့ ဝမ်းဗိုက်ကြောင့် ဘဝမှာ အဆင်မပြေမှုတွေ အများကြီးဖြစ်ခဲ့လေသည်။
သူမခြေထောက်တွေလည်း အနည်းငယ် ဖောရောင်နေသဖြင့် နေ့တိုင်း ရေနွေးစိမ်ရ၏။ ဆရာဝန်တစ်ဦးဖြစ်တဲ့ သူမရဲ့ ယောက္ခမကျန်းဖျင်ကလည်း သူမအား နှိပ်နယ်ပေးတတ်သလို လုယန် ပြန်လာတဲ့အခါ ထိုတာဝန်ကို သူလက်လွှဲယူခဲ့သည်။
သူက သူမအား ရေချိုးဖို့ အဖော်ပြုပေးသလို ရေချိုးပြီးနောက် လက်သည်းညှပ်ပေးပါသေးသည်။ လုယန် သူမဘေးနားမှာ ရှိနေသရွေ့ သူမဖိနပ်ကို ကိုယ်တိုင်စီးခွင့်မပေးခဲ့ဘဲ သူက ကူညီပြီး ဖိနပ်စီးပေးလေ့ရှိသည်။
အိပ်ရာမဝင်ခင်မှာ သူက သူမရဲ့ နောက်ကျောနှင့် ပုခုံးတွေကို ပွတ်ပေးသလို သူမရဲ့ခြေထောက်နှင့် ခြေဖဝါးတွေကိုလည်း နှိပ်နယ်ပေးရင်း ပုံစံအမျိုးမျိုးနှင့် အနမ်းပေးတတ်သည်။
အရင်တုန်းကတော့ မကြာခဏဆိုသလို နမ်းတာဟာ စေးကပ်လွန်းတယ်လို့ သူမ အမြဲခံစားရသော်လည်း သူမသဘောကျရတဲ့လူတစ်ယောက်ထံမှ အနမ်းခံရခြင်းဟာ ထိုလူက သူမအား တန်ဖိုးထားတယ်ဆိုတဲ့ ခံစားချက်ကို တိုးပွားလာစေသည်မှာ အမှန်ပင်။
အဲဒါက နှိပ်နယ်ပေးသလိုမျိုး အနည်းငယ်သက်သာရာရတယ်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာကျေနပ်မှုနှင့် ပျော်ရွှင်မှုတွေ ပိုများတယ်လေနော်။
ချင်းရို့ ကိုယ်ဝန်ရှိစအချိန်တုန်းက သူမ ရုပ်ဆိုးလာတော့မှာကို အလွန်ကြောက်ရွံ့ခဲ့၏။ သူမ အချိန်တော်တော်ကြာ မှန်မကြည့်ဝံ့သလို ဓာတ်ပုံမရိုက်ချင်ပေမယ့် လုယန်က သူမကို ဓာတ်ပုံရိုက်ခိုင်းခဲ့သည်။
ကောင်းပြီလေ၊ သူမလည်း တခြားလုပ်နိုင်တာမှမရှိတော့ပဲ။ ချင်းရို့ သူမရဲ့ အစစ်အမှန်ကိုယ်ကိုသာ ရင်ဆိုင်ရတော့မှာပေါ့။
သို့သော် မှန်ကြည့်ပြီးနောက် သူမ ရုပ်ဆိုးသွားခြင်းမရှိတာကို တွေ့လိုက်ရသည်။ ဆန့်ကျင်ဘက်အားဖြင့် သူမရဲ့မျက်နှာမှာ အနည်းငယ် တောက်ပနေလျက်၊ ဖြစ်နိုင်တာက သူမရဲ့ စိတ်အခြေအနေကောင်းနေတာကြောင့်များလားနော်။
အကြောင်းကား သူမဟာ ကောင်းကောင်းဂရုစိုက်ခံရတဲ့ ဝက်လေးတစ်ကောင်လိုဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်တာပဲပေါ့…
နောက်တစ်ချက်ကတော့ သဘာဝအစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တယ်လေ။ ဒီခေတ်အခါမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ မရှိသေးဘူး။ ဘာပဲဖြစ်ဖြစ် ကြက်ကြော်နဲ့ ကိုလာလို အသင့်စားအစားအစာတွေ မရှိသေးတာ အသေအချာပဲ။
နောက်ပြီးတော့ ပရိုတင်းဓာတ်ပြည့်ဝဖို့အတွက် ပင်လယ်ထဲက လတ်လတ်ဆတ်ဆတ်ပင်လယ်စာမျိုးစုံကို စားလို့ရတယ်လေ။ အထူးသဖြင့် ပုစွန်နှင့် ငါးတို့ကိုလည်း ပြုတ်မယ်၊ ပေါင်းမယ်ပေါ့။
လုယန်နှင့် ယောက္ခမကျန်းဖျင်တို့က သူမအား မီးဖိုချောင်မဝင်ဖို့ တားမြစ်ခဲ့သည်။ ဘန်းမုန့်ပေါင်းတစ်မျိုးကိုသာ ကျွမ်းကျင်သူဖြစ်သော လုယန်က သူမအတွက် မြေအိုးထမင်းချက်ပေးဖို့ ကြိုးစားပေးခဲ့သည်။ ကျရှုံးမှုနှုန်းမြင့်မားသော်ငြား သူက သူမအား စားလို့ကောင်းတဲ့အပိုင်းကို ကျွေးခဲ့ပြီး အရသာမကောင်းခဲ့ပါက သူ့ဘာသာသူ စားပစ်ခဲ့သည်။
မနက်ခင်းတွင် သူမလည်း ကလေးတွေနှင့်အတူတူ နို့သောက်ရသဖြင့် သူမတစ်ကိုယ်လုံး နို့အနံ့ထွက်နေတတ်၏။ သူမရဲ့ယောက္ခမက အလုပ်ကနေ သွားလိုက်ပြန်လိုက် သူမဆီ အဖော်လာလုပ်ပေးတတ်သည်။ ချင်းရို့ကို ကြေညာသူအဖြစ် အလုပ်ဆက်မလုပ်ခိုင်းတော့ဘဲ ပို၍ပေါ့ပေါ့ပါးပါးအလုပ်ရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးစီမံဌာနဆီသို့ တာဝန်ပြောင်းပေးထားခဲ့သည်။
သူမ အများကြီးလုပ်စရာမလိုသောကြောင့် ပင်ပန်းနွမ်းနယ်ခြင်းမရှိပါချေ။ သူမ ခြံကိုလည်း ဂရုမစိုက်နိုင်တော့သဖြင့် ခြံကို လွတ်လွတ်လပ်လပ်သာ ကြီးထွားခွင့်ပေးထားရသည်။
လုယန်နှင့် သူမရဲ့ ယောက္ခမတွေက တခါတရံ ရှင်းလင်းပေးခဲ့ပေမယ့် အရင်ကလို သူမလောက် စေ့စေ့စပ်စပ် ဂရုမစိုက်နိုင်ကြဘူးလေ။ သည့်အပြင် ကလေးလေးနှစ်ယောက်ရဲ့ "အချစ်တွေနဲ့ဂရုစိုက်မှုတွေ"ကြောင့် ခြံဝင်းမှာ ပိုလို့တောင် ရှုပ်ပွလာပါတော့သည်။
ချင်းရို့လည်း ဤအရာများအတွက် အစွမ်းအစမရှိသော်ငြား ဝါရံတာ၌ စိုက်ပျိုးထားသော ဆလတ်၊ ပဲသီး၊ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးသေးသေးလေးတွေကိုတော့ ရိုးရိုးလေး ထိန်းသိမ်းထားနိုင်ရုံသာ... အပြင်ဘက်ခြံဝင်းကတော့... သူမလက်ထဲမှာမှမဟုတ်ပဲကိုး။
ဆန့်ကျင်ဘက်အနေနဲ့ ဘေးအိမ်ကခြံဟာ ပိုပိုပြီးလှလာလေပြီ။
ခြံထဲမှာ အစိမ်းရောင်ပျိုးပင်လေးတွေ ပေါ်လာချိန်တွင် ကျန်းချန်ပေ့က ဒီကံဆိုးတဲ့အရာတွေကို ဘယ်တော့မှ ထပ်ပြီးဂရုမစိုက်တော့ဘူးလို့ တွေးကာ ၄င်းတို့ကို လစ်လျူရှုထားခဲ့သည်။
"အပင်တွေကို ဂရုစိုက်ချင်တဲ့သူ ဘယ်သူမဆို လုပ်နိုင်တယ်ကွာ။ ဘာပဲဖြစ်ဖြစ် အဲဒါတွေက သေသွားမှာပဲ၊ ဘယ်တော့မှ အပွင့်ပွင့်လာဖို့မရှိဘူးဆိုတာ သေချာတယ်။ သရဲတွေကပဲ မင်းတို့ကောင်တွေကို စောင့်ရှောက်နိုင်လိမ့်မှာ။ ဟမ့် မမြင်ရလေ ကောင်းလေပဲကွာ"
ကျန်းချန်ပေ့ ဒီကံမကောင်းတဲ့အရာတွေကို လျစ်လျူရှုထားခဲ့သည်။ ဟွမ်ရှင်းရင်က ဒီပျိုးပင်ပေါက်လေးတွေကို မြင်တဲ့အခါ ၄င်းတို့ကို ပေါင်းပင် သို့မဟုတ် အခြားတစ်ခုခုလို့ တွေးလိုက်၏။ မစ္စတာကျန်းက မျိုးစေ့တွေအများကြီး ပစ်ထုတ်ထားတာဆိုတော့ အဲဒါတွေကို ဘယ်ပျိုးပင်မှန်း သူမ မခွဲခြားနိုင်ခဲ့ပေ။
ဟွမ်ရှင်းရင်က တစ်ခါတစ်ရံ ပျိုးပင်ပေါက်တွေကို ရေလောင်းပေးတတ်ပေမယ့် သူတို့စုံတွဲကတော့ ၎င်းတို့အား တမင်သက်သက်ကြီး အချိန်ပေးဂရုစိုက်ခြင်းမရှိပါချေ။
ဒီပျိုးပင်ပေါက်လေးတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုကြီးထွားလာမယ်လို့ ဘယ်သူသိမှာလဲနော်။ မေလရောက်တဲ့အခါ မရေမတွက်နိုင်တဲ့ပန်းတွေ ပွင့်လန်းလာခဲ့လေပြီ။
မစ္စတာကျန်းက မျိုးစေ့မျိုးစုံကို ကျပန်းကြဲထားခဲ့တာမို့ ပန်းတွေပွင့်လန်းလာတဲ့အခါ အရောင်အသွေးစုံလင်နေပြီး အဝေးကကြည့်လိုက်ပါက အလွန်လှပနေပေသည်။
မိသားစုခြံဝင်းထဲက လူတော်တော်များများက သူတို့ခြံနားက ဖြတ်သွားတဲ့အခါ ရပ်ကြည့်ရင်း ချီးကျူးကြလေ၏။
"မင်းစိုက်ထားတဲ့ပန်းတွေက အရမ်းလှတာပဲ"
ဟွမ်ရှင်းရင် အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်၏။ "ကျွန်မစိုက်ထားတာတွေလေ"
ဟုတ်တယ်လေ၊ သူမပဲ ရေလောင်းပေးထားတာ။
အပြင်လူတွေက ဒါကိုကြားတဲ့အခါ အားပါးတရ ချီးကျူးကြပါတော့သည်။
"လောင်ကျန်းက အရမ်းကံကောင်းတာပဲ! မင်းမိန်းမ ပျိုးထားတဲ့ခြံက လှတယ်ကွာ!!"
ထိုအချိန်တွင် ကျန်းချန်ပေ့ရဲ့ အမူအရာ သိပ်မကောင်းတော့ဘဲ
"နားထောင်ကြ ငါ့မိန်းမက မဟုတ်တာတွေပြောနေတာ.. အဲဒီပန်းတွေကို ငါစိုက်ထားခဲ့တာပဲကွ!!"
"ငါ စိုက်ပျိုးဖို့ အရမ်းကြိုးစားခဲ့ရတာ၊ အဲဒီပေါက်ပြားကိုကြည့်၊ ငါကိုယ်တိုင် မြေကြီးတူးပြီးတော့ ငါကိုယ်တိုင် မြေသြဇာလုပ်ခဲ့တာ..."
အပြင်လူများ: "…"
လောင်ကျန်းတို့ဇနီးမောင်နှံနှစ်ဦးဟာ "ခြံကို တကယ် ဘယ်သူပျိုးထားသလဲ" ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားခဲ့ကြလေ၏။ နောက်ဆုံးမှာတော့ ဗိုလ်ကျခြယ်လှယ်တတ်တဲ့လောင်ကျန်းက လူတွေကို ကြေငြာလိုက်လေပြီ။ -
- ဒါတွေက ငါကြဲထားတဲ့မျိုးစေ့တွေကွ!!
"သူစိုက်ထားတာပဲ!!"
ဟွမ်ရှင်းရင်က သူနဲ့ရန်ဖြစ်ဖို့ရာ ပျင်းရိလွန်းနေခဲ့ပြီ။ ဒီခြံကို ဘယ်သူက စီစဉ်ပေးထားတာလဲနော်။ ဘာပဲဖြစ်ဖြစ်ပါလေ သာယာလှပတဲ့ ခြံဝင်းလေးက အရမ်းကို မျက်စိပဒေသာရှိတာပါပဲ။ အခုဆို သူတို့ခြံက အရင်ကထက် အများကြီးပိုလှလာပြီလေ။
ကျန်းချန်ပေ့က သူ့လက်တွေကို ပွတ်သပ်ပြီး ဘေးခြံအတိုင်းလုပ်ဖို့ စိတ်အားထက်သန်နေလျက်။
"ဘေးအိမ်က သက်ကယ်တဲလိုမျိုးတစ်ခုလောက်လုပ်ကြမယ်၊ ခြံထဲမှာထိုင်ပြီးတော့ ပန်းတွေကို ရှုစားကြမယ်လေ"
ဟွမ်ရှင်းရင်: "ရှင်ပဲပြောတော့ ခေတ်ဟောင်းစတိုင်ကြီးကို မကြိုက်ဘူးဆို?"
"မင်းက တက်ကြွမှုမရှိဘူးပဲကွာ။ ငါတို့က ငါတို့အခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့် သက်ကယ်အိမ်ကောင်းတစ်လုံး ဆောက်မှာပေါ့ကွာ"
"ဟားဟား အင်းပါ ရှင် ဖြေးဖြေးလုပ်နိုင်တယ်"
ကျန်းချန်ပေ့က သူ့အိမ်ခြံဝင်းထဲတွင် သက်ကယ်ထီးတစ်ခုဆောက်ရန်အတွက် ဒေသခံလူနည်းနည်းကို ပြတ်ပြတ်သားသားရှာဖွေခဲ့ပြီး စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းရှည်တွေကို ထားရှိခဲ့ကာ သူ့ဇနီးလေး လက်ဖက်ရည်သောက်ဖို့ လုပ်ပေးခဲ့သည်။ ထို့နောက် သူက ပန်းနှစ်ပွင့်ခူးကာ သစ်သားပြွန်လေးထဲ ထည့်ထားလိုက်ပြီး မသေမျိုးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေတော့သည်။
ပင်လယ်လေကို ရှုရှိုက်ရင်း လက်ဖက်ရည်ပူပူလေးသောက်ကာ ကျန်းချန်ပေ့တစ်ယောက် သူ့အပိုင်မြေကို စစ်ဆေးကြည့်ရှုနေလျက်။
ဒါက ဘဝပဲ၊ နေလို့ထိုင်လို့ကောင်းလိုက်တာကွာ!
သူက သူ့သားကျန်းရိချောင်ကို သတိပေးထားခဲ့သည်။
"ငါ့ပန်းတွေကို မခူးရဘူး"
"ငါ့ပန်းတွေခူးဖို့ ဘယ်သူ့ကိုမှခေါ်မလာနဲ့!"
"မင်း ငါ့ပန်းတစ်ပွင့်ကို ခူးလိုက်ရင် ခက်ခဲတဲ့စာလုံးတွေကို တစ်မျက်နှာကူးရေးဖို့ အပြစ်ပေးခံရမယ်!"
'ဒီကောင်စုတ်လေးကို သူ့ခြံကို မလာစေရဘူးကွ'
အခု ဒီခြံဟာ သူ့နှလုံးသားလေး၊ ရတနာလေးပဲ။
ကျန်းရိချောင်: "…"
……