Chapter 115
Vol. 10 Ch. 115
အရာရှိလုက မိန်းမောမှင်တက်နေရင်း စားပွဲကို အေးအေးဆေးဆေး ပုတ်နေခဲ့သည်။ သူ့ဇနီးလေးကို အိမ်မှာ အဖော်ပြုပေးဖို့အတွက် သူ လဝက်ကြာ ခွင့်ယူလိုက်တော့သည်။
"သွား သွားတော့၊ မင်း ဘာလုပ်နိုင်လဲ ကြည့်ကြတာပေါ့"
ခွင့်ရပြီးနောက် လုယန်က လူတွေနဲ့ စကားများများစားစားမပြောချင်တော့ပေ။ အမြွှာလေးရဖို့ လျှို့ဝှက်ချက်ပြောပြဖို့ဆိုတာ ဝေးလာဝေးပေါ့။ သူက သူ့ဇနီးလေးကို အဖော်ပြုပေးဖို့ အိမ်အမြန်ပြန်သွားခဲ့သည်။
*
"မင်းက အရမ်းအံ့သြဖို့ကောင်းတာပဲကွာ!!"
ဘေးအိမ်က လောင်ကျန်းနှင့် သူ့မိန်းမတို့က ချင်းရို့ သားယောကျ်ားလေးနှစ်ယောက်မွေးတယ်ဆိုတာ သိလိုက်ရတော့ ဝမ်းသာအားရဖြစ်သွားလျက်။ သူတို့မျှော်လင့်ထားသလို အတိအကျပဲ။
သို့ပေမယ့် ဝမ်းသာမိတဲ့အပြင် မနာလိုအားကျမိလေသည်။ အမြွှာတွေက ရှားပါးသလို ဆင်တူတဲ့အမြွှာတွေက ပိုတောင် ရှားပါးသေးတယ်လေ။ ဥပမာဆိုရသော် သူတို့ရဲ့ မိသားစုခြံဝင်း၌ လုမိသားစုမှလွဲ၍ ဝမ်ကျွင်းရိတို့မိသားစုမှာပဲ ရုပ်တူတဲ့အမြွှာညီအစ်မတစ်စုံရှိပေသည်။
ကျန်းချန်ပေ့က သူ့လက်တွေကို မပွတ်သပ်ပဲ မနေနိုင်တော့ပေ။ သူ့ရည်မှန်းချက်တွေလည်း အဆက်မပြတ်ချဲ့ကားနေလေပြီ။ သူ့ဇနီးလေးက သူ့ကို အမြွှာသမီးလေးတစ်စုံပေးလာရင် အရမ်းကောင်းမှာပဲကွာ။
"သူတို့ တကယ်ကြီး သားယောကျ်ားလေးနှစ်ယောက်မွေးခဲ့တာပဲ"
ဟွမ်ရှင်းရင် အလွန်အမင်းပျော်ရွှင်နေလျက်။ ဘေးအိမ်က ရှောင်ချာကျင်းက ကလေးတွေကို ပြုစုပျိုးထောင်ဖို့ စတင်ရတော့မှာပဲဟေ့။
မိခင်ဖြစ်ဖူးသူများသာ သိနိုင်တဲ့အရာတွေရှိတယ်လေ။ လက်မထပ်ရသေးတဲ့ မိန်းကလေးများစွာဟာ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းကို အမြဲကြောက်ရွံ့တတ်ကြသည်။ အမှန်တကယ်တော့ အပင်ပန်းဆုံးနှင့် အခက်ခဲဆုံးအလုပ်မှာ နောက်ဆက်တွဲ မိခင်နို့တိုက်ကျွေးခြင်းပါပဲ။
ကလေးမွေးတာက အစပဲရှိပါသေးတယ်။
နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်အရွယ် ယောက်ျားလေးတွေဟာ ထိန်းချုပ်လို့တောင်မရနိုင်ပေ။
ကျန်းမိသားစုဟာ ပျော်မြူးနေတာကြောင့် ညစာအတွက် စားပွဲကြီးချက်ပြုတ်ဖို့ ဆုံးဖြတ်လိုက်လေ၏။
"ကောင်းကောင်းလေးစားကြတာပေါ့၊ ဒီည ဝက်သားစားကြမယ်"
ကျန်းချန်ပေ့က သူ့မိန်းမရဲ့ တံတောင်ကို တွန်းလိုက်ပြီး "နတ်ဘုရားမလေးရေ ကိုယ်တို့ရော သမီးလေးတစ်ယောက်ရမရ အာရုံခံကြည့်ချင်လား?"
ဟွမ်ရှင်းရင် အမူအရာမဲ့နေလျက်။
"လုပ်ကြမယ်၊ လုပ်ကြမယ်! ကျွန်မတို့စားပြီးတာနဲ့ အတူတူအာရုံခံကြည့်ကြတာပေါ့"
*
"လောင်ဝမ်ရေ ငါ့မှာ သတင်းကောင်းရှိတယ်ကွာ"
အဘိုးဖြစ်လာတဲ့ ရဲဘော်လုကျုံးရီဟာ စိတ်လှုပ်ရှားနေတာကို သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ချေ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်မျိုး ကြုံလာတဲ့အခါ သူက သူ့ရဲ့ ညီအစ်ကိုကောင်းတွေနှင့် ရဲဘော်တွေကို အရင်ဆုံးပြောပြရမှာပေါ့။
သူတို့အားလုံးက အိမ်နီးချင်းကောင်းတွေ၊ ပြိုင်ဘက်ကောင်းတွေ ဖြစ်နေခဲ့ကြသည်ပင်။
"ဟားဟား၊ မင်း ငါ့ကိုပြောစရာမလိုပါဘူး လောင်လုရာ၊ ငါ ခန့်မှန်းပြီးသားပဲ"
လောင်ဝမ်က လောင်လုရဲ့ဖုန်းကို လုံးဝမဖြေချင်သော်လည်း ဒီလူက အဖိုးဖြစ်လာသောကြောင့် သူ ဂုဏ်ပြုပေးရမှာပေါ့လေ။
သူလည်း အရင်က မကြွားဝါဖူးတာမှမဟုတ်ဘဲ။
"မင်း ရိပ်မိသွားပြီလား? ဒါဆို မင်းက အရမ်း ဉာဏ်ကောင်းတာပဲကွာ!! ငါ့ချွေးမအငယ်ဆုံးလေးက မြေးလေးနှစ်ယောက်မွေးတယ်"
"မြေးနှစ်ယောက်လား? ကောင်လေးချည်းပဲလား?"
"ဟုတ်တယ် မင်း မသိသေးဘူးမလား၊ ဒီကောင်လေးနှစ်ယောက်က တစ်ပုံစံတည်းပဲကွ၊ အိုး မင်း သူတို့လေးတွေကို မမြင်ဖူးသေးဘူးပဲ။ အနာဂတ်မှာ ငါ မွေးရပ်မြေကို ပြန်လာနဲ့အခါ ငါ့မြေးနှစ်ယောက်ကို မင်းကိုပြပေးမယ်၊ နှစ်ယောက်လုံးက ငါ့သားနဲ့ တော်တော်လေးတူတယ်ကွ၊ ကြီးလာရင် ချောမောခန့်ညားတဲ့ ကောင်လေးတွေ ဖြစ်လာမှာပဲ"
"…"
"တကယ်လား? ဂုဏ်ပြုပါတယ်ကွာ၊ ဟေး ငါ့မြေးမလေး ရောက်လာတာပဲ၊ ငါ့ရဲ့အချစ်လေးကျောင်းကျောင်းရေ မင်းရဲ့ဖိုးဖိုးလုနဲ့ စကားပြောချင်လား?"
"ငါ့ရဲ့ ကျောင်းကျောင်းလေးက သီချင်းဆိုတတ်တယ်ကွ"
"လာ၊ ဖိုးဖိုးလုလို့ခေါ်လိုက်"
ဖုန်းထဲမှ နူးညံ့ချိုသာတဲ့ ကလေးအသံလေး ထွက်ပေါ်လာကာ "ဖိုးဖိုးလု..."
လုကျုံးရီ: "..." နှလုံးသားလေး နာကျင်သွားရပြီ။
သူလည်း ဒီလိုချိုမြိန်၊ ချစ်စရာကောင်းပြီး ဥာဏ်ထက်တဲ့ ချစ်စဖွယ်မြေးမလေး လိုချင်နေခဲ့တာ အတော်ကြာပြီလေ။
သူ့မှာ မြေးယောကျ်ားလေးတွေရှိပေမယ့် ချစ်စရာမြေးမလေးတစ်ယောက်မှမရှိဘူး။ အဘိုးအဘွားတွေရဲ့ အနွေးဂျက်ကတ်လေးဆို ပြောစရာတောင်မလိုတော့ဘူး။
"ဖိုးဖိုးလုနဲ့ ဖွားဖွားကျန်းတို့ ဘယ်တော့ပြန်လာမှာလဲဟင်?"
"…"
"အချစ်လေး၊ ဖိုးဖိုးရဲ့ မြေးလေးရေ ဖိုးဖိုးက မြေးလေးကို ပွေ့ဖက်ပေးမယ်နော်၊ မနက်ဖြန်ကျ မြေးလေးအတွက် ပန်းပွင့်ဂါဝန်လှလှလေးတစ်ထည်လုပ်ပေးဖို့ ဖွားဖွားကို ပြောလိုက်နော်"
"ဟုတ်ပြီ၊ မင်းရဲ့ဖိုးဖိုးလုကို နှုတ်ဆက်လိုက်ပါဦး"
-- ဒီအဘိုးကြီးကတော့ မိုးကြိုးပစ်ခံရလိမ့်မယ်!
လုကျုံးရီ ဂရုမစိုက်စွာပင် ဖုန်းချလိုက်၏။
လောင်လုက သူ့နှလုံးသားထဲမှာ ချိုချိုချဉ်ချဥ်ခံစားချက်တချို့ ရောပြွန်းနေလျက် တစ်နေရာတည်းမှာပဲ အကြိမ်ပေါင်းများစွာ လျှောက်နေခဲ့သည်။ သူ့ရဲ့ ချစ်စရာကောင်းတဲ့ မြေးလေးနှစ်ယောက်ကို တွေးမိသွားတော့ သူအလွန်ပျော်ရွှင်သွားရပေမယ့် ချစ်စဖွယ်မြေးမလေးအကြောင်း အတွေးရောက်သွားတဲ့အခါ မနာလိုဖြစ်မိတာကို တားဆီးမရနိုင်ခဲ့။
သူလည်းပဲ မြေးမလေးတစ်ယောက်လိုချင်တယ်လေ။
သူ့ဆီမှာလည်း ဖိုးဖိုးဖွားဖွားတွေကို ကပ်ချွဲနေမယ့် မြေးမလေးလိုချင်တာပေါ့။
လူသားတွေရဲ့ဆန္ဒဟာ မဆုံးနိုင်တဲ့တွင်းကြီးတစ်တွင်း ဖြစ်နိုင်လေရဲ့။
ဘယ်လိုပဲဖြစ်ဖြစ် မိသားစုထဲမှာ ဒီသိုးတစ်ကောင်ပဲရှိတာမှမဟုတ်ဘဲ၊ သူ့မှာလည်း တခြားတစ်ယောက်ရှိပါသေးတယ်။ နောက်ပြီးတော့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ မြည်းတွေတောင် အနားယူသင့်တယ်လေ။
သူ ဗျူဟာပြောင်းဖို့လိုနေပြီ။ ဒီတော့ သူ့ရဲ့မြေးမလေးရဖို့အတွက် နောက်ကလေးတစ်ယောက်ဆီ တာဝန်ကျရောက်တော့မှာပေါ့။
လုကျုံးရီက မိသားစုထဲတွင် အိမ်ထောင်မပြုရသေးတဲ့ စတုတ္ထသား လုရှောင်းထံ အေးအေးဆေးဆေး ဖုန်းခေါ်လိုက်ကာ ဦးလေးတစ်ယောက်ဖြစ်လာပြီဆိုတဲ့အကြောင်း ပြောပြလိုက်၏။
"တကယ်လား? ကောင်လေးနှစ်ယောက်လား၊ သူတို့က တစ်ပုံစံတည်းတူတာလား? အရမ်းထူးဆန်းတာပဲ!!"
ဖုန်းရဲ့ အခြားတစ်ဖက်ရှိ လုရှောင်းဟာ အကျပ်အတည်းကို သတိမပြုမိသေးပေ။
"ထူးဆန်းတာတော့ ထူးဆန်းတာပေါ့၊ ဒါနဲ့ စတုတ္ထသားရေ မင်းရော ဘယ်တော့အိမ်ထောင်ပြုမှာလဲ? တစ်ယောက်ယောက်တွေ့နေပြီလား? ဘယ်လိုလူမျိုးလဲ?"
"မင်းအဖေအတွက် မြေးမလေးတစ်ယောက် မြန်မြန်မွေးပေးစမ်းပါကွာ"
လုရှောင်း: "... အဖေ ညီလေးရဲ့ နေရာကို ရောက်နေတာ မဟုတ်ဘူးလား? ဘေးအိမ်က ဦးလေးဝမ်က အဖေ့ကို ထပ်ပြီးလှောင်ပြောင်လိုက်ပြန်ပြီလား? ရဲဘော်လောင်လုရေ ကျွန်တော့်အမေချက်ကျွေးတဲ့ အစားအစာတွေစားပြီးတော့ စိတ်အေးအောင် မြန်မြန်လုပ်လိုက်ဗျာ"
"စိတ်အေးတာဘာလဲဆိုတာ ငါမင်းကို ပြောပြမယ်ကွ"
*
ချင်းရို့ မီးတွင်းကာလ၌ ဖြစ်နေဆဲ။
သူမစားဖို့အတွက် ငါး၊ ပုစွန်နဲ့ ဝက်သားရှိပြီး မိသားစုက ကြက်တစ်ကောင်ကိုတောင် သတ်ကာ သူမအတွက် ကြက်စွပ်ပြုတ်လုပ်ပေးခဲ့၏။ သူမရဲ့ယောက္ခမကလည်း သူမအတွက် ဝက်လက်စွပ်ပြုတ်လုပ်ပေးချင်ခဲ့သော်လည်း ချင်းရို့က မစားချင်ဘူးလို့ ငြင်းဆန်ထား၍သာ။
သူမက ပေါ့ပေါ့ပါးပါးစားစရာတွေကိုပဲ စားချင်နေခဲ့သည်ပင်။
ရာသီဥတုက ပူပြင်းလာပြီဖြစ်သလို မီးတွင်းကာလသည်လည်း တော်တော်လေးနာကျင်ရ၏။ ချင်းရို့ အစာစားချင်စိတ် သိပ်မရှိသောကြောင့် လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့တစ်ခုခုကို စားချင်နေခဲ့၏။ သူမစားချင်တဲ့အသားကတော့ ပုစွန်ပြုတ် ဒါမှမဟုတ် ဂုံးကောင်ခြောက်တွေကိုပါပဲ။
အသားနှင့် ယှဥ်ပါက အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကိုသာ သူမ စားချင်ပေသည်။ စားချင့်စဖွယ်ကောင်းတဲ့ သူမကိုယ်တိုင်စိုက်ပျိုးထားတဲ့ ခရမ်းချဥ်သီးသေးသေးလေးတွေကိုရောပေါ့။
သူမရဲ့ ယောက္ခမနှင့် လုယန်တို့က သူမအား အတင်းအကြပ်မစားခိုင်းကြဘဲ သူမစားချင်တာမှန်သမျှ စားခွင့်ပြုခဲ့ကြသည်။ သူမ နေ့တိုင်း ဆိတ်နို့နှင့် ကြက်ဥတွေကို အမြဲစားရသလို ကောင်းတဲ့အရာမှန်သမျှအားလုံး သူမအတွက်ချည်းပင်။
ဤကျွန်း၌ နွေရာသီတွင် မီးတွင်းကာလအတွက် တစ်ခုတည်းသောအားသာချက်မှာ အသီးအနှံများပေါများခြင်းသာ။ အထူးသဖြင့် ချုံကျိုးကျွန်းမှ ငှက်ပျောသီးတွေဟာ သူမအနှစ်သက်ဆုံးဖြစ်၏။ ငှက်ပျောသီးတွေက အရမ်းချိုပေသည်။
ငှက်ပျောသီးတွေအပြင် လိုင်ချီးသီးနဲ့ သင်္ဘောသီးတွေလည်း အများအပြားထွက်ရှိရာ လယ်သမားတွေက ပေါများလွန်းနေသဖြင့် ၄င်းတို့အား ဝက်တွေကိုတောင် အစာကျွေးပါသေးသည်။
ချင်းရို့ကတော့ အမျှင်ဓါတ်အာဟာရဖြည့်နေခဲ့ရသည်။
……