← Chapters

Chapter 116

Vol. 10 Ch. 116

Chapter 116

Vol. 10 Ch. 116

သူမက ဆိတ်နို့သောက်ခြင်းအပြင် အုန်းရေကိုလည်း မကြာမကြာ ပျော်ပျော်ကြီးသောက်လေ့ရှိသည်။ လုယန်ကိုယ်တိုင် အုန်းပင်ပေါ်တက်ကာ သူမအတွက် ခူးပေးခဲ့လေ၏။ ကံမကောင်းစွာဖြင့် ချင်းရို့က သူမရဲ့ခင်ပွန်း အုန်းပင်တက်တာကို မမြင်ခဲ့ရတာဟာ နှမြောစရာပါပဲ။

သူမအိမ်ရှေ့မှာ စိုက်ထားတဲ့ အုန်းပင်တွေဟာ သူတို့အပိုင်ဖြစ်လေ၏။ အရင်တုန်းကတော့ တစ်စုံတစ်ယောက်ကို ခူးခိုင်းခဲ့သည်ပင်။ အခုတော့ လုယန်က ဖခင်တစ်ယောက်အနေနဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် ကြိုးတစ်ချောင်းနဲ့ သူကိုယ်တိုင် အုန်းပင်တက်ခဲ့တာဖြစ်သည်။

ရုပ်ဆိုးဆိုးဘေဘီလေးနှစ်ယောက်ဟာ နေ့စဥ်နဲ့အမျှ ကြီးပြင်းလာကာ တစ်ပုံစံတည်းတူညီလုနီးပါးဖြစ်ပြီး သူတို့ရဲ့ မျက်လုံးလေးတွေ တဖြည်းဖြည်းပွင့်လာခဲ့ပြီ။

အရေပြားတွေ ရှုံ့တွပြီး နီတာရဲလေးဖြစ်နေဆဲဖြစ်သော်ငြား ဘေဘီလေးတွေဟာ ရုပ်ဆိုးဆိုးလေးတွေကနေ သိပ်ရုပ်မဆိုးတော့သလို ပြောင်းလဲလာခဲ့သည်။

ကလေးနှစ်ယောက်လုံးဟာ တစ်ပုံစံတည်းဆင်တူနေတာကြောင့် ပထမတစ်ချက်ကြည့်လိုက်တာနဲ့ သူတို့လေးတွေကို ခွဲခြားဖို့ ခက်ခဲလေ၏။ သို့သော် မိဘတွေ လူမမှားရအောင်လို့ တာ့ပေါင်း(အကြီးလေး)ရဲ့ လက်ကောက်ဝတ်တွင် ဖဲကြိုးအနီလေးချည်ပေးထားလိုက်၏။

သူတို့ မတော်တဆရောထွေးမိပါက အစ်ကိုကြီးနှင့် ညီငယ်လေးတို့ကြားက ခြားနားချက်ကို သူတို့ကိုယ်တိုင်လည်း ပြောပြနိုင်မည်မဟုတ်ပါချေ။

ချင်းရို့နှင့် လုယန်တို့က ကလေးတွေအတွက် နာမည်ရွေးပြီးသားပင်။ အကြီးလေးကို လုဝေ့ကျိုး၊ အိမ်နာမည်ကိုတော့ ကျိုးကျိုးလို့ မှည့်ထားကာ အငယ်လေးကို လုဝေ့ကျစ်၊ အိမ်နာမည်ကိုတော့ ကျောင်ကျစ်လို့ ခေါ်ပေသည်။

(ကျိုးကျိုး = လှေ၊ ကျောင်ကျစ် = ဖက်ထုပ်)

မူလက သူတို့က *ကျိုးကျိုးနှင့် ကျောင်ကျစ်လို့ အတွဲလိုက်ခေါ်ချင်ပေမယ့် ကျိုးကျိုးဆိုတဲ့စကားလုံးဟာ ရှုပ်ထွေးလွန်းသလို ကြမ်းတမ်းတယ်လို့ ခံစားရသောကြောင့် သူတို့က ကလေးကို ကျိုးကျိုးလို့သာ ခေါ်လိုက်တော့သည်။

(*ကျိုးကျိုး =ယာဂု၊ အသံထွက်တူပေမယ့် စာလုံးပေါင်းမတူတာပါ။)

ကျိုး(Zhou)ဆိုတာက ကုန်းမြေနှင့် ရေတွေ ဝန်းရံနေတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပြီး ကျစ်(Ze)ကတော့ ကျယ်ပြောတဲ့သမုဒ္ဒရာကြီးဖြစ်လေ၏။

ကျိုးကျိုးက သူ့ညီလေးကျစ်ကျစ်ကိုရှာဖို့ လှေတစ်စီးနဲ့ ပင်လယ်ကြီးထဲကို သွားနိုင်သလို ကျစ်ကျစ်ကလည်း ကျိုးကျိုးကိုရှာဖို့ ဖက်ထုပ်နဲ့တူတဲ့လှေပေါ်က ဆင်းနိုင်လေ၏။

"အဲဒါက လျှာခလုတ်တိုက်မယ်နဲ့တူတယ်"

ဒါဟာ ကြေညာသူတစ်ဦးရဲ့ လုပ်ငန်းခွင်ရောဂါ ဖြစ်နိုင်ပါတယ်လေ….

"ကျိုးကျိုး နှင့် ကျောင်ကျစ်!"

ချင်းရို့က သူမသားတွေရဲ့ မျက်နှာဖောင်းဖောင်းသေးသေးလေးတွေကို မနေနိုင်ဘဲ ဆွဲနေမိသည်။ ဘယ်ညစ်လိုက် ညာညစ်လိုက်လုပ်နေပြီး တစ်ယောက်မှကို မျက်နှာသာမပေးခဲ့ပေ။

ဆွဲညစ်နေပြီးတဲ့နောက် အတွေ့အကြုံရှိ မိခင်တစ်ယောက်အနေနဲ့ သူမကလေးလေးတွေရဲ့ မျက်နှာလေးတွေဟာ ရှုံ့တွနေတာမို့ သူမက အခုဆွဲညစ်နေတော့ ကလေးတွေရဲ့ အသွင်အပြင် ပျက်စီးသွားနိုင်တယ်လို့ တွေးမိကာ သူမကိုယ်သူမ ထပ်မံအပြစ်တင်နေမိလျက်။

ကလေးလေးတွေရဲ့ မျက်နှာဟာ တကယ့်ကို နူးညံ့နေလိုက်တာနော်။

ဒီညီအကိုနှစ်ယောက်က ဝက်ကလေးတွေလိုမျိုး နေ့ရောညပါ စားလိုက် အိပ်လိုက်၊ အိပ်လိုက် စားလိုက်လုပ်နေခဲ့သည်။

နေ့တိုင်း ဝက်ကလေးတွေကို မွေးမြူမယ်။

"မေမေရဲ့သားလေးတွေက အရမ်းချစ်စရာကောင်းတာပဲကွယ်"

မီးတွင်းကာလအတွင်း တကယ့်ကို ငြီးငွေ့စရာကောင်းလှ၏။ သူမရဲ့ ရုပ်ဆိုးဆိုးဘေဘီလေးတွေကို ကြည့်နေရုံကလွဲလို့ ဘာမှမလုပ်နိုင်ပေ။

ရုပ်ဆိုးဆိုးဘေဘီလေးတွေဟာ သိပ်ရုပ်မဆိုးကြတော့ပေ။ သူတို့လေးတွေ အိပ်နေတဲ့အချိန်ဆို အရမ်းလိမ္မာရေးခြားရှိနေပုံရသည်။

သူတို့လေးတွေမှာ လက်သေးသေးလေတွေ၊ ခြေချောင်းသေးသေးလေးတွေရှိပြီး လက်ချောင်းတစ်ချောင်းစီတိုင်းဟာ ပိစိလေးတွေပင်။ ဘေဘီလေးတွေကို ကြည့်ရုံနဲ့တင် လူတွေရဲ့ နှလုံးသားလေးမှာ အရည်ပျော်သွားတော့မလို ဖြစ်သွားရလျက်။

ဘေဘီလေးတွေ မျက်လုံးပိတ်ထားတဲ့အခါ သူတို့ရဲ့ မျက်ခွံလေးတွေက အရမ်းပါးကာ မျက်တောင်လေးတွေက အရမ်းရှည်ပြီး အလွန်လှပသလို သူတို့နှာခေါင်းသေးသေးလေးတွေကလည်း ရှည်ရှည်လေးနဲ့ ဖြောင့်စင်းနေတာကို ချင်းရို့ တွေ့ရှိလိုက်ရတော့ အလွန်အံ့အားသင့်မိသွားရ၏။

ချင်းရို့ ကလေးတွေရဲ့ နှာတံကို မတို့ထိဖို့အတွက် သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေသည်။

- သူတို့မှာ ADHDရှိတဲ့ မိခင်တစ်ယောက်ရှိပုံရတယ်နော်။

ချင်းရို့ ဘေဘီလေးတွေကို နူးညံ့စွာ စိုက်ကြည့်နေလျက်။ ဒီဘေဘီလေးနှစ်ယောက်ဟာ copy pasteလုပ်ထားတဲ့အတိုင်း အလွန်ဆင်တူနေကြသည်။

သူတို့အိပ်ပျော်သွားတဲ့အခါ ပါးစပ်လေးတွေက စုချွန်လာကာ အသက်ရှုလိုက်တိုင်း နို့နံ့သင်းသင်းလေးရနိုင်လေသည်။

ချင်းရို့ ခေါင်းငုံ့ကာ ကလေးလေးတွေရဲ့ ပါးပြင်လေးကို နမ်းလိုက်၏။

ဘေဘီလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲကွယ်။

"မင်း သူတို့ကို ထပ်ပြီး စနောက်နေပြန်ပြီ"

လုယန် အခန်းထဲကို ဝင်လာခဲ့သည်။ သူ အခုလေးတင် ကလေးတွေအတွက် အနှီးတွေကို လျှော်ဖွပ်ပြီးသွား၍ အခန်းထဲပြန်ဝင်လာသည်နှင့် သူ့ဇနီးလေးက ကလေးလေးတွေကို ကလိနေပြန်တာကို တွေ့လိုက်ရ၏။

"သတိထားဦး၊ သူတို့လေးတွေ မင်းကြောင့် နိုးသွားလိမ့်မယ်နော်"

"ဖက်ထုပ်လေး ငိုနေလိမ့်မယ်"

ကလေးလေးတွေ တိတ်တိတ်လေးအိပ်ပျော်နေတဲ့အချိန်ဟာ အလွန်ချစ်ဖို့ကောင်းနေပေမယ့် သူတို့လေးတွေ ငိုယိုနေတဲ့အခါ အတွဲလိုက်ငိုတတ်ကြသည်။ တစ်ယောက်ငိုရင် နောက်တစ်ယောက်ကလည်း ဘယ်တော့မှ နောက်ကျကျန်မနေခဲ့ဘူးလေ။ နောက်တစ်ယောက်က ခပ်မြန်မြန်လိုက်ငိုရောပဲ။

အထူးသဖြင့် အငယ်လေး ဖက်ထုပ်လေးဟာ အရမ်းငိုတတ်လေသည်။

ချင်းရို့ ရိုးရိုးသားသားလေး ရပ်တန့်လိုက်တော့သည်။

လုယန် နူးညံ့စွာပြုံးလျက် လမ်းလျှောက်လာရင်း သူ့ဇနီးလေးနဲ့ သားလေးတွေဘေးမှာ ဝင်ထိုင်လိုက်ပြီး သူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာကို ညွှန်ပြလိုက်၏။ ချင်းရို့လည်း သူ့အနား မှီလိုက်ကာ သဘောပေါက်စွာဖြင့် သူ့ရဲ့မျက်နှာချောချောလေးကို အနမ်းပေးလိုက်လေသည်။

သူမ ပြန်ဆုတ်ခါနီးတွင် လုယန်က သူမရဲ့ပုခုံးကို ကိုင်ကာ သူမအား နမ်းလိုက်သည်။

သူတို့နှစ်ယောက် ခွာလိုက်တဲ့အခါ ချင်းရို့ကသူမကိုယ်သူမပဲ အထင်အမြင်သေးမိသည်လား သူ့ကိုပဲလား မသိတော့ပေ။

"ကျွန်မကို ဒီလိုနမ်းတာ ရှင့်အတွက် အရှုံးပဲနော်"

ချင်းရို့ မှန်မကြည့်တော့တာ တော်တော်ကြာသွားခဲ့လေပြီ။ သူမရဲ့ ခေါင်းပေါ်မှာ ခေါင်းစည်းပုဝါတထည်ကို ပတ်ထားကာ ဆံပင်တွေအကုန်လုံးကို စုချည်ပြီး သိမ်းထားရသည်။ သူမက ရွာသူမလေးတစ်ဦးကဲ့သို့ဖြစ်နေကာ ဘယ်လိုအနံ့ရနေမလဲ သူမကိုယ်တိုင်တောင်မသိတော့။ သူမကတော့ ကျင့်သားရနေပြီဖြစ်တာကြောင့် အနံ့မရပေမယ့် တခြားလူတွေက အနံ့မရဘူးလို့ မဆိုလိုဘူးလေနော်။

ဒါကိုမြင်တော့ လုယန် ဘဝင်မကျစွာဖြင့် "ကိုယ့်မိန်းမကိုယ်နမ်းတာပဲ ဘာဖြစ်မှာမို့လဲကွာ?"

လုယန်က သူမကို နောက်ထပ်နမ်းရှိုက်လာတဲ့အခါ ချင်းရို့ ပြုံး၍ သူ့ကို အဝေးတွန်းလိုက်ပြီး ပြောလိုက်၏။

"ရှင်လည်း နို့အနံ့ရနေပြီနော် ရှောင်လုရေ"

"ဒါတွေအားလုံးက မင်းနဲ့ မင်းရဲ့သားတွေကြောင့်ပဲလေ"

"သေစမ်း ကလေးတွေနိုးလာပြီ"

ဘေဘီလေးနှစ်ယောက်က မျက်လုံးလေးတွေဖွင့်ကာ သူတို့ရဲ့မိဘတွေကို စူးစမ်းစွာ ကြည့်နေတာကို ဇနီးမောင်နှံက တွေ့လိုက်ရသည်။ မိခင်ဝမ်းထဲမှာ သူတို့မိဘတွေရဲ့ အသံတွေကို အများကြီးကြားခဲ့ရလို့ ဖြစ်နိုင်သည်ပင်။ ဘေဘီလေးတွေက ချင်းရို့နှင့် လုယန်တို့ကို ကောင်းစွာသိနေကြ၏။

အနက်ရောင်စပျစ်သီးကြီးလို မျက်လုံးကြီးကြီးနှစ်စုံက လူတွေကို အံ့အားတကြီး စိုက်ကြည့်နေလျက်။

ဘေဘီလေးနှစ်ယောက်ကို တူညီတဲ့ချန်နယ်မှာ တပ်ဆင်ထားပုံရပြီး အကြီးလေးက ပေါတောတောလေးပြုံးလာရင် အငယ်လေးကလည်း ပေါတောတောပြုံးပြလာရောပဲ။

"လုယန် သူတို့လေးတွေ ရယ်နေတာကို ကြည့်ပါဦး"

"ပြိုင်ပွဲဝင်ဖက်ထုပ်လေးက ပိုပြီးချိုမြိန်အောင် ပြုံးတတ်တယ်တော်"

"ပြီးသွားပြီ၊ ကြည့်ပါဦး။ သူတို့လေးတွေ ကျွန်မပြောတာကို နားလည်နိုင်ကြတာလား? ပြိုင်ပွဲဝင်ကျိုးကျိုးကလည်း ပိုရယ်လာပြီနော်။ သူလေးက တောက်တောက်ပပကြီးကို ပြုံးနေရောပဲ"

……

All Chapters