Chapter 117
Vol. 10 Ch. 117
ဒေါက်! ဒေါက်! ဒေါက်!
တံခါးခေါက်သံကြားပြီးနောက် ကလေးငယ်လေးနှစ်ယောက်ရဲ့ ခေါင်းလေးနှစ်လုံးပေါ်လာလေ၏။ ထိုသူတို့မှာ ရှမင်ရှီးနှင့် ချန်ကျင်းရိတို့ပင်။
တက်ကြွပြီး အာကျယ်တတ်တဲ့ မင်ရှီးလေးဟာ မကြာသေးခင်က သူ့အသံကို တိုးသွားခဲ့သည်။ သူက သူ့အသံဗြဲကြီးကြောင့် ပန်ဒိုရာသေတ္တာကို မတော်တဆဖွင့်မိသွားမှာကို စိုးရွံ့နေမိလျက်။ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ ငိုယိုသံဟာ ကမ္ဘာကြီးကွဲနိုင်လောက်တယ်လေ။
"ဒေါ်လေး!"
"ဒေါ်လေး"
ကောင်ငယ်လေးနှစ်ယောက်က သူတို့ဝမ်းကွဲညီလေးတွေကို တွေ့ဖို့ ရောက်လာကြသည်ပင်။
"အထဲဝင်လာလေ"
ကောင်လေးနှစ်ယောက် အခန်းထဲဝင်လာတဲ့အခါ လုယန်က ဘေဘီလေးနှစ်ယောက်စလုံးကို ရင်ခွင်ထဲချီထားတာကို မြင်လိုက်ရ၏။ ရှောင်ကျင်းရိနဲ့ ရှောင်မင်ရှီးတို့က ကလေးပိစိလေးတွေကို အံ့သြတကြီး ကြည့်ရှုနေမိလျက်။
"အာ အာ..."
လူတွေပိုများလာလေလေ အမြွှာလေးတွေက ပိုစိတ်လှုပ်ရှားလာပုံရသည်။ သူတို့က စူးစမ်းကြည့်ရှုရတာကို သဘောကျတာဖြစ်နိုင်သည်ပင်။ ဂနာမငြိမ်ဖြစ်နေတဲ့ ကင်းခြေများသေးသေးလေးကဲ့သို့ သူတို့ရဲ့ လက်မောင်းသေးသေးလေးနဲ့ ခြေသလုံးလေးတွေက လှုပ်ယမ်းနေလျက်။
ယောက္ခမဖြစ်သူ ကျန်းဖျင်က တံခါးပေါက်ဝမှာ ရပ်နေခဲ့သည်။ သူမက လုယန်နှင့် ကလေးတွေ စားဖို့အတွက် သင်္ဘောသီးစိတ် တစ်ပန်းကန် ယူလာပေးခဲ့သလို ချင်းရို့အတွက်လည်း ပူပူနွေးနွေးသင်္ဘောသီးယာဂု ယူလာခဲ့သည်ပင်။
ဒီလိုဖြစ်တဲ့အခါတိုင်း ဘေဘီလေးတွေက ထိန်းမနိုင်သိမ်းမရနဲ့ သူတို့အမေဆီက နို့တောင်းနေပါတော့သည်။
ကျန်းဖျင်က ကောင်ငယ်လေးနှစ်ယောက်ကို ဆော့ကစားရန် အပြင်ခေါ်သွားကာ ဇနီးမောင်နှံနှစ်ယောက်အတွက် ရေဒီယိုဖွင့်ပေးခဲ့ပြီး အသံလျော့ပေးထားခဲ့သည်။ ချင်းရို့က ဘေဘီလေးတွေကို နို့တိုက်နေကာ လုယန်ကတော့ ဘေးမှာထိုင်ပြီး သူမအား ယာဂုခွံ့ကျွေးနေလေ၏။
ကလေးတွေက စားသောက်ပြီးနောက် အိပ်ပျော်သွားလေပြီ။ ချင်းရို့က သူမယောကျ်ားနဲ့ စကားပြောရန် သူ့ပခုံးကို မှီလိုက်သည်။
ချင်းရို့ နှစ်လကြာ အနားယူခဲ့ရသည်။ ကလေးတွေ ၁လပြည့်တဲ့အခါ တစ်လပြည့်အခမ်းအနားကို ရိုးရိုးရှင်းရှင်း မိသားစုဝင်တွေနဲ့ပဲ ကျင်းပခဲ့သည်။ မိသားစုခြံဝင်းထဲ၌ လူများစွာရှိသလို လုယန်မှာလည်း လုပ်ဖော်ကိုင်ဖက်ရဲဘော်များစွာရှိရာ သူတို့အားလုံးကို စုစည်းရန် ခက်ခဲသည်ကြောင့် ရိုးရိုးရှင်းရှင်းသာ ကျင်းပခဲ့ခြင်းပင်။
စက်တင်ဘာလအစတွင် ချင်းရို့က မီးတွင်းကာလမှာဖြစ်နေဆဲမို့ အိမ်မှာပဲ ရှိနေခဲ့သည်။ လွန်ခဲ့တဲ့နှစ်ရက်က တိုင်ဖွန်းမုန်တိုင်းကြီးတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ကျောင်းလည်း စောစောပိတ်ထားခဲ့၏။ အိမ်ထောင်စုတိုင်းမှာလည်း ရေနဲ့ အစားအစာတွေကို စုဆောင်းထားခဲ့ကြသည်။
သူမရဲ့ယောက္ခမတွေ၊ အစ်မဖြစ်သူနှင့် ခဲအိုတို့မိသားစုက တိုင်ဖွန်းမုန်တိုင်းပြီးသွားသည်အထိ ချင်းရို့အိမ်မှာ အတူတူလာနေခဲ့ကြ၏။ တိုင်ဖွန်းဖြတ်သွားတဲ့အချိန်တိုင်း လျှပ်စစ်မီးပြတ်တောက်သွားတတ်ရာ ညဘက်၌ အမှောင်တိဖြစ်နေ၍ အခန်းတွေထဲမှာ အုန်းဆီမီးအိမ်တွေကို ထွန်းညှိထားရသည်။
တိုင်ဖွန်းနေ့ရက်များဟာ အလွန်အန္တရာယ်များလှသဖြင့် လူတိုင်း အိမ်မှာပဲ ပုန်းအောင်းနေတတ်ကြသည်။ အပြင်မှာ လေပြင်းတွေ တိုက်ခတ်နေပြီး ပစ္စည်းတွေတော်တော်များများ ကောင်းကင်သို့ လွင့်ထွက်သွားကာ တိုက်မိသွားတဲ့ ထူးထူးခြားခြားအသံတွေကို ရံဖန်ရံခါ ကြားနေရလျက်။
ချင်းရို့က ချင်းမျန့်နဲ့ သူမရဲ့ယောက္ခမတွေကို ဒုတိယထပ်က လှေကားထစ်ကို ပိတ်ထားခိုင်းလိုက်၏။ ဒုတိယထပ်ရှိ အပင်များကိုလည်း အခန်းထဲသို့ ရွှေ့ပြောင်းထားကာ တံခါးနှင့် ပြတင်းပေါက်တွေကို ပိတ်ထားသော်လည်း မိုးရေတွေအများကြီး စိမ့်ဝင်နေပါသေးသည်။
အဆက်မပြတ် မိုးရွာသွန်းနေခဲ့လေသည်။ တိုင်ဖွန်းမုန်တိုင်းကို ရှောင်ဖို့ လူတိုင်း စုဝေးနေကြပေမယ့် ကြောက်ရွံ့သလို မခံစားရပါချေ။ အပြင်မှာ လေတွေမိုးတွေ တိုက်ခတ်နေသော်လည်း အိမ်ထဲရှိ လူတိုင်းဟာ မီးရောင်အောက်မှာ ဘန်းမုန့်ပေါင်းတွေ စားနေခဲ့ကြသည်။
သူမရဲ့ ယောက္ခမက မုန့်တွေကြိုလုပ်ထားခဲ့သလို ယောက္ခထီးကလည်း နှမ်းထောင်းတွေ လုပ်ပေးထားခဲ့ပြီး ချိုချိုချဥ်ချဥ်သခွားသီးချောင်း ဘူးနှစ်ဘူးလည်းရှိနေလေ၏။
လုယန်တစ်ယောက်သာ အိမ်မှာရှိမနေခဲ့တာ။
ချင်းရို့က ကလေးတွေကို နို့တိုက်ပြီးသွားလေပြီ။ သူတို့ရဲ့ အသားအရေလေးတွေဟာ ဖြူဖွေးနူးညံ့လာကာ နို့အနံ့လေးမှာလည်း အရမ်းစွဲမက်ဖွယ်ကောင်းနေသည်။
ရုပ်ဆိုးဆိုးဘဲကလေးကနေ ငန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုမျိုးပါပဲ။
ဘေဘီလေးတွေက ဗိုက်ပြည့်သွားတာနဲ့ အိပ်ပျော်သွားတတ်ကြသည်။ ချင်းရို့လည်း ကလေးတွေကို သူမဘေးမှာ သိပ်လိုက်ပြီးနောက် သူမကတော့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ကောက်ကိုင်လိုက်၏။
ဓာတ်ပုံအများစုမှာ ဘေဘီလေးတွေနဲ့ သူတို့လေးတွေရဲ့မိဘပုံတွေပါပဲ။ မိသားစုအယ်လ်ဘမ်ထဲတွင် မိသားစုလိုက်ပုံတွေများစွာရှိသလို သူမနဲ့ ဘေဘီလေးတွေပုံလည်း အများကြီးရှိနေပြီး သူမရဲ့ ယောက္ခမတွေ၊ အစ်မနဲ့ ခဲအိုတို့မိသားစုလည်း ရှိနေပါသည်။
ကလေးလေးတွေ နိုးလာပြီး မျက်လုံးလေးတွေ ပြန်ပွင့်လာကာ ကမ္ဘာကြီးကို စူးစမ်းစွာ ကြည့်ရှုနေကြလျက်။ ချင်းရို့က သူတို့လေးတွေကို ပြဖို့အတွက် လုယန်ဓာတ်ပုံကို ယူလိုက်ကာ ပုံထဲကလူကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေ၏။
"ဒါက သားတို့ရဲ့ ပါးပါးလေ"
"ဒါကတော့ မားမား"
ကလေးလေးတွေက မျက်စိမှုန်နေသေးကာ ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးမှန်း သူမ သိသော်လည်း သူတို့လေးတွေနဲ့ ဆော့ကစားနေခဲ့ရုံလေးပါပဲ။
ကလေးလေးတွေက ပါးပါး မားမား ဆိုတဲ့အသံကို ကြားတာနဲ့ လှုပ်လှုပ်ရွရွဖြစ်လာကာ အလွန်ပျော်ရွှင်နေပုံရနေလေသည်။
တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် ချင်းရို့ ဖိနပ်ကို စီးကာ ခြံထဲသို့ကြည့်ရန် ဒုတိယထပ်လှေကားထစ်တွင် ရပ်လိုက်၏။
ခြံဝင်းတစ်ခုလုံး ပျက်စီးသွားရပြီပဲ။
သူမရဲ့ လှလှပပခြံဝင်းလေးဟာ....
ချင်းရို့ သည်းမခံနိုင်ဖြစ်သွားရလျက်။ သူမရဲ့ ကြက်ခြံစည်းရိုးက လဲပြိုသွားကာ ကြက်လှောင်အိမ်တစ်ဝက်လည်း ပြိုကျနေခဲ့သလို သက်ကယ်ထီးကြီးကလည်း ပြုတ်ကျသွားခဲ့ပြီ။ ပန်းပင်တွေနှင့် အပင်တွေကတော့... ငရုတ်သီးအဝါနှင့် အစိမ်းရောင်kumquatပင်မှာ လဲပြိုသွားခဲ့ရပြီ။
ချင်းရို့: "…" ငါ့ရဲ့ခြံဝင်းလေး ပျက်စီးသွားပြီ။
ထုတ်ဖော်ပြောမပြနိုင်လောက်အောင် ကြေကွဲဝမ်းနည်းခဲ့ရသည်။ မနှစ်တုန်းက အရမ်းလှပတဲ့ ခြံလေးတစ်ခြံ ဖြစ်ခဲ့ပြီး နေရာအနှံ့ ပန်းတွေ ဖူးပွင့်ဝေဆာနေခဲ့တယ်ဆိုတာ သိသာပေမယ့် အခုတော့ တစ်ခဏအတွင်းမှာ အားလုံး ပျက်စီးသွားသလိုပါပဲ...
ဘေးအိမ်မှ လောင်ကျန်းသည်လည်း ခြံထဲမှာ ကြေကွဲနေလျက်။
ပျော်ရွှင်မှုဆိုတာ အမြဲတမ်း ခဏတာပါပဲလား။
အချိန်တစ်ခုလောက် ကြိုးစားအားထုတ်ခဲ့ပေမယ့် ဆုလဒ်ကိုတောင် မရိတ်သိမ်းရသေးတဲ့ နိုင်ငံရေးအရာရှိလျိုကတော့ ကံကောင်းထောက်မစွာနဲ့ အိမ်ပြန်မရောက်သေးဘူးလေ။
*
ချင်းရို့ ကလေးမွေးပြီးသွားပြီဖြစ်ရာ သူမရဲ့ ခန္ဓာကိုယ်လည်း ပြန်လည်ကောင်းမွန်လာသလို ကိုယ်အလေးချိန်လည်း အများကြီးမတက်လာခဲ့ပေ။ မီးတွင်းကာလပြီးနောက် ချင်းရို့ရဲ့ ပုံစံမှာ အရင်အတိုင်းနီးပါး ပြန်ဖြစ်လာခဲ့ပြီး သူမရဲ့ ရင်သားတွေကသာ နည်းနည်းပိုကြီးလာခဲ့သည်။
ကလေးနှစ်ယောက်ဟာ ဖြူဖွေးနူးညံ့ကာ ချစ်ဖို့ကောင်းကြပေမယ့် သူတို့လေးတွေက အမေဖြစ်သူကို အမြဲလိုလို တွယ်ကပ်နေတတ်ကြ၏။ သူတို့အဖေပြန်လာရင်တော့ သူတို့အဖေဆီမှာ ကပ်နေပေလိမ့်မည်။ နှစ်ယောက်စလုံးက ငိုတာတွေ၊ ဒုက္ခပေးတာတွေ မလုပ်ကြပေ။
ချင်းရို့က သူတို့လေးတွေအတွက် နို့တိုက်ကျွေးတဲ့အချိန်ကို သေချာစီစဥ်ထားရာ ဘေဘီလေးနှစ်ယောက်ဟာလည်း အတော်လေးပူးပေါင်းဆောင်ရွက်တတ်ကြလေ၏။
ဖြစ်နိုင်တာကတော့ သူတို့လေးတွေဟာ လုမိသားစုဝင်ကလေးတွေဖြစ်ကြတာမို့အကျင့်စာရိတ္တကောင်းပြီး ဆိတ်ဆိတ်နေတတ်ကြတာပဲဖြစ်မယ်။
ညီအကိုနှစ်ယောက်က အတူတူပွေ့ဖက်တိုးဝှေ့နေကြရင်း ဗလုံးဗထွေးတွေ ပြောနေတတ်ပြီး တွန်းထိုးနေကြရာ အလွန်ချစ်စဖွယ်ကောင်းနေလျက်။ အမြွှာလေးတွေက အတော်လေးရုပ်ဆင်ကြသည်ပင်။
ချင်းရို့အတွက်မူ အမြွှာရှိတာက တော်တော်ကောင်းတယ်လို့ ထင်မြင်မိကာ ညီအကိုတွေ အတူတူဆော့ကစားနိုင်တယ်လို့ ခံစားရသည်။
ကလေးပိစိလေးတွေဟာ သူတို့ဘာသာ မလှည့်တတ်မပြုတတ်သေးတာကြောင့် ငါးဆားနယ်သေးသေးလေးတွေလိုမျိုး နေရာမှာပဲ လဲလျောင်းနေနိုင်ပြီး အများဆုံးကမှ ခုံးကြွနိုင်ကြလေသည်။
အတိတ်တုန်းက ချင်းရို့ ပန်ဒါပေါက်လေးတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တဲ့အခါ မွေးမြူရေးသမားက ပန်ဒါပေါက်လေးတွေကို စားပွဲပေါ်မှာ ပြားပြားလေးတင်ထားတတ်တာကို တွေ့ခဲ့ဖူးပေသည်။
အခုလောလောဆယ်မှာ အမြွှာလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ်သေးသေးလေးကို ထောက်ပံ့နိုင်ဖို့ရာ ခြေလက်သေးသေးလေးတွေက အားနည်းနေပါသေးသည်။ သူတို့ပိုကြီးလာရင် အဆင်ပြေသွားမှာပဲလေ ဟုတ်တယ်မဟုတ်လား...
…