လမ်းပိတ်ဆို့ခြင်း
Vol. 2 Ch. 18
ရထားသည် ကျိအန်းမြို့ဘူတာမှ ထွက်ခွာပြီး မြို့ပြင်သို့ ရောက်ရှိသွားသည်။ တဖြည်းဖြည်း ပတ်ဝန်းကျင်သည် တိတ်ဆိတ်လာပြီး၊ ရထားလမ်းသံများ၏ တငြိမ့်ငြိမ့် လှုပ်ခတ်သံသာ ပဲ့တင်ထပ်နေသည်။
လင်းရှန်သည် ကျိအန်းမြို့အထက်တွင် ဖုံးလွှမ်းနေသော ကြီးမားသည့် တိမ်တိုက်ဖွဲ့စည်းမှုကို မော့ကြည့်လိုက်သည်။ ထိတ်လန့်ဖွယ်ရာ တိမ်အစုအဝေးသည် ကောင်းကင်တွင် မလှုပ်မယှက် တည်ရှိနေပြီး၊ အဝေးမှ မြင်တွေ့သည့်အခါတိုင်း နက်ရှိုင်းသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ လူများစွာက ၎င်းကို မြင်တွေ့ခဲ့ကြပြီး၊ အတွင်း၌ ဖုတ်ကောင်များ သို့မဟုတ် ထိတ်လန့်ဖွယ်သတ္တဝါများထက် များစွာ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်မျိုးမျိုး နေထိုင်နေကြောင်း သံသယရှိကြသည်။
၎င်းသည် မည်သည့်အရာဖြစ်သည်ကို မည်သူမျှ မသိကြချေ။ လူသားများအတွက်၊ ခံတပ်များအတွင်း ကျုံ့ဝင်နေရန် သို့မဟုတ် ထိတ်လန့်စွာဖြင့် ထွက်ပြေးရန်သာ ရွေးချယ်စရာ ရှိသည်။ ဤမျှ ကမ္ဘာပျက်ကပ်ကြီးကို ဖြစ်ပေါ်စေသော သတ္တဝါ၏ စစ်မှန်သောပုံစံကို စုံစမ်းရန် မည်သူရဲဝံ့ပါသနည်း။
မြို့ပြင်သို့ ရောက်ရှိလာသောအခါ၊ မြင်ကွင်းသည် တဖြည်းဖြည်း တောင်ကုန်းများနှင့် လယ်ယာမြေများအဖြစ် ပြောင်းလဲသွားသည်။ သွေးကွက်များ၊ ပြိုပျက်နေသော တိုက်တာအဆောက်အအုံများနှင့် မီးခိုးငွေ့များ ဖုံးလွှမ်းနေသော မြင်ကွင်းသည် တဖြည်းဖြည်း ကျဲပါးသွားပြီး၊ ကမ္ဘာပျက်ကပ်မှ လွတ်မြောက်လာသည်ဟူသော ထင်ယောင်ထင်မှားဖြစ်မှုကို ပေးစွမ်းသည်။
လင်းရှန်သည် မြို့ပြင်တွင် လူသိပ်မရှိနိုင်ဟု ယူဆထားခဲ့သည်။
မမျှော်လင့်ထားစွာဖြင့်၊ ရထားလမ်းနှင့် အပြိုင်ဖြတ်သန်းနေသော ဖုန်ထူသော လမ်းတစ်ခုတွင် ယာဉ်များ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ အများစုမှာ လမ်းကြမ်းမောင်း ဂျစ်ကားများဖြစ်သည်။ ရွှံ့ဗွက်များဖုံးလွှမ်းပြီး ရိက္ခာပစ္စည်းများ အပြည့် တင်ဆောင်ထားပြီး ယာဉ်မောင်းများက လီဗာတဗျင်းဗျင်းနင်းကာ လမ်းပေါ်တွင် အရှိန်ဖြင့်မောင်းနှင်နေကြသည်။
ဂျစ်ကားတစ်စီးက ရထားဖြတ်သန်းသွားသည်ကို သတိပြုမိသောအခါ၊ သူတို့၏ ပြတင်းပေါက်ကို အောက်ချလိုက်သည်။ သက်လတ်ပိုင်း လူတစ်ယောက် ခေါင်းထိုးထွက်လာပြီး အော်ဟစ်လိုက်သည်။ ''ဟာ…လခွမ်း…ရထားကြီးပါလား''
''မိုက်တယ်ဟေ့''
ယာဉ်များပေါ်တွင် လက်ဖြင့်ရေးဆွဲထားသော ပန်းချီဒီဇိုင်းများဖြင့် ဖုံးအုပ်ထားသည့် နောက်ထပ်ဂျစ်ကားတစ်စီးက ၎င်းတို့၏အမိုးပေါက်ကို ဖွင့်လိုက်သည်။ ဆံပင်တိုတိုညှပ်ထားသော လူငယ်တစ်ဦးသည် AK ရိုင်ဖယ်တစ်လက်ကို ကိုင်ဆောင်လျက် ပေါ်ထွက်လာပြီး၊ လေထဲသို့ သေနတ်သံများ ဆူညံစွာ ပစ်ဖောက်လိုက်သည်။
''ဟေ့'' ''ရထားကလူတွေ၊ အစားအသောက်ဒါမှမဟုတ် ရေရှိလား၊ ငါတို့ အိုအေစစ်ယာဉ်တန်းနဲ့ ပူးပေါင်းချင်လား'' ထိုလူငယ်က ရထားဆီသို့ အော်ဟစ်လိုက်သည်။
သို့သော် ရထားခန်းထဲတွင်၊ လင်းရှန်သည် ၎င်းကို လုံးဝလျစ်လျူရှုကာ ရထားမောင်းနှင်မှုအပေါ် အာရုံစိုက်ထားသည်။
''-ီးပဲကွာ'' ဆံပင်တိုလူငယ်သည် တုံ့ပြန်မှုမရရှိသည့်အခါ အော်ဟစ်ဆဲရေးကာ သူ၏ထိုင်ခုံသို့ ပြန်လည်ထိုင်ချလိုက်သည်။
''အစ်ကိုယုံ၊ ရှေ့က အစ်ကိုလျူဝေ့ကို အသိပေးရမလား'' ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ဆံပင်ဝါရောင်လူငယ်က ခွင့်ပြုချက်တောင်းခံသော အသံဖြင့် ပြောကြားသည်။
ထျန်းတာ့ယုံက လက်ယမ်းပြလျက် ပေါ့ပေါ့ပါးပါး ဖြေကြားသည်။ ''ဘာလို့လဲ၊ အားလုံးရထားပေါ်တက်ပြီး စီးကြမလို့လား''
ဆံပင်ဝါရောင်လူငယ်က မျက်မှောင်ကြုတ်ပြီး ထူးဆန်းသော မျက်နှာအမူအရာဖြင့် တုံ့ပြန်သည်။
“အစ်ကိုယုံ လောင်စာဆီကိစ္စလေ''
ထိုအခါမှ ထျန်းတာ့ယုံ ရုတ်တရက် သဘောပေါက်လိုက်သည်။ သူ၏ပေါင်ကို ရိုက်လိုက်ပြီး
''ဟုတ်သားပဲ''
လည်ပတ်နေသော ရထားတစ်စီးသည် လောင်စာဆီ လီတာထောင်ပေါင်းများစွာ သိုလှောင်နိုင်သည်။ ထိုမျှ အများအပြားမရှိလျှင်ပင်၊ အနည်းဆုံး လီတာရာပေါင်းများစွာ ၎င်းတို့၏ ယာဉ်တန်းကို ရက်အတော်ကြာထောက်ပံ့ရန် လုံလောက်သည်။
သူသည် ချက်ချင်း လက်ကိုင်စကားပြောစက်ကို ကောက်ကိုင်လိုက်သည်။
''အစ်ကိုဝေ့၊ အစ်ကိုဝေ့ ကျိအန်းလမ်းကြောင်းတစ်လျှောက် ငါးကြီးတစ်ကောင် လာနေတယ်၊ ရထားတစ်စီးပါ။ လောင်စာဆီအများကြီး သယ်ဆောင်လာမယ်ထင်တယ်''
''ရထားတစ်စီးလား'' လက်ကိုင်စကားပြောစက်မှ အက်ကွဲနေသော အသံတစ်ခုက စိတ်ဝင်တစားဖြင့် တုံ့ပြန်သည်။
''ဟုတ်တယ်၊ ဆယ်မိနစ်လောက်ဆို ယူရှန်ဘူတာကို ရောက်မယ်ထင်တယ်။ ဘယ်လိုလုပ်မလဲ''
''ငါ ပိတ်ဆို့မယ်။ ဒုတိယအဖွဲ့၊ နောက်ကနေ ဝိုင်းပါ''
''နားလည်ပြီ''
ယာဉ်တန်းရှေ့ ၁၀ ကီလိုမီတာခန့် အကွာတွင်၊ ယာဉ်အုပ်စုငယ်တစ်ခု အရှိန်ပြင်းစွာ မောင်းနှင်နေသည်။ အုပ်စုကို ဦးဆောင်နေသည်မှာ ပြုပြင်ထားသော ထရပ်ကားတစ်စီးဖြစ်သည်။ နောက်ထိုင်ခုံတွင် လျူဝေ့ထိုင်နေပြီး၊ ၎င်း၏ လေးထောင့်ဆန်ဆန် တင်းမာသော မျက်နှာကြောင့် ကြောက်မက်ဖွယ်ပုံပေါက်နေသည်။ မိတ်ကပ်ထူထူလိမ်းထားသော မိန်းကလေးငယ်တစ်ဦးက သူ့အနားတွင် ကပ်လျက်ရှိနေပြီး၊ ရှေ့မှလမ်းကို စူးစမ်းကြည့်ရှုနေသည်။
''တတိယအစ်ကို၊ ရှေ့ကလမ်းဆုံမှာ ကွေ့လိုက်။ အဲဒီငါးကြီးက ယူရှန်ဘူတာကို ဦးတည်နေတယ်''
''ရတယ်၊ သူကြီး''
ဤယာဉ်တန်းတွင်၊ လျူဝေ့၏ စကားသည် ဥပဒေဖြစ်သည်။
ကမ္ဘာပျက်ကပ်မဖြစ်မီက လျူဝေ့သည် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့ပေ။ သူသည် ကုန်စျေးတန်းတစ်ခုမှ သာမန်ဈေးသည်တစ်ဦးသာ ဖြစ်ခဲ့သည်။ သို့သော် ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်၊ သူသည် မမျှော်လင့်ပဲ စွမ်းအားတစ်ခု နိုးကြားလာခဲ့သည်။ ထိုအချင်းအရာက သူ့ကို အာဏာရှိသူတစ်ဦးအဖြစ် ချက်ခြင်းမြှင့်တင်ပေးခဲ့သည်။
ယခင်က သူ့ကို လျစ်လျူရှုခဲ့သော မိတ်ဆွေများနှင့် ဆွေမျိုးများသည် ယခု သူ၏အကာအကွယ်အတွက် တောင်းပန်ကြသည်။ လျူဝေ့သည် လိမ္မာပါးနပ်သူတစ်ဦးဖြစ်ပြီး၊ သူ၏ အသစ်ရရှိထားသော စွမ်းအားများကို အသုံးပြုကာ လက်နက်ကိုင် ရှင်သန်သူအုပ်စုတစ်ခုကို စုဆောင်းခဲ့သည်။ မကြာမီတွင်၊ အခြားသူများက မိမိတို့လုံခြုံရေးအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် တန်ဖိုးရှိသောပစ္စည်းများကို ပေးအပ်လာကြသည်။
ရက်အနည်းငယ်အတွင်းမှာပင်၊ လျူဝေ့သည် သစ္စာရှိလက်နက်ကိုင် ၂၀ ကျော်ကို စုစည်းနိုင်ခဲ့ပြီး၊ သူ့ကိုယ်သူ ဘုရင်တစ်ပါးအဖြစ် နေထိုင်ခဲ့သည်။ ယခင်က သူ့ကို အထင်သေးခဲ့သော အဆင့်မြင့်အမျိုးသမီးများပင် ယခု သူ့ထံ မိမိခန္ဓာကိုယ်အား ဆက်သလာကြသည်။ လျူဝေ့၏ ညအချိန်များသည် ပါတီပွဲများနှင့် ကာမဂုဏ်အာရုံများဖြင့် ပြည့်နှက်လာပြီး၊ ၎င်း၏ ယုံကြည်မှုသည်လည်း ထိုးတက်လာသည်။
ယခုအခါ၊ သူ၏နယ်မြေအတွင်း “ဆက်ကြေးပေးခြင်း” မရှိဘဲ ကြီးမားသော ရထားတစ်စီး လည်ပတ်နေသည်ဟု သတင်းပို့လာသည့်အခါ…
ထို့ပြင် သူ၏ စောင့်ကြည့်မှုအောက်တွင် ကျိအန်းမြို့မှ ထွက်ခွာရန် ကြိုးစားနေသည်ကို ကြားရသောအခါ၊ သူ့ မာနသည် ထိခိုက်ခံရသည်။ သူသည် ချက်ချင်း လမ်းပိတ်ဆို့သူအဖြစ် ဆောင်ရွက်ရန် ပြင်ဆင်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ကျိအန်းမြို့မှ ထွက်ခွာရာတွင် တိုက်ခိုက်လုယက်ခြင်းသည် ၎င်း၏ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်နှင့်ပြီးသား ဖြစ်သည်။
ရထားပေါ်တွင်…
လင်းရှန်သည် စောစောက သေနတ်သံများကို ကြားလိုက်ရသည့်အတွက် မျက်မှောင်ကြုတ်ထားသည်။ သတိထားသည့်အနေဖြင့်၊ သူသည် ရထား၏ အမြန်နှုန်းကို အနည်းငယ် တိုးမြှင့်လိုက်သည်။ ဖုန်ထူသော လမ်းများပေါ်တွင် သွားလာနေသော ယာဉ်များနှင့် နှိုင်းယှဉ်ပါက၊ ရထားသည် ၎င်း၏ ချောမွေ့သော ရထားလမ်းများပေါ်တွင် အမြန်နှုန်းအားဖြင့် သိသိသာသာ အားသာချက်ရှိသည်။
''အဲဒီ အိုအေစစ်ယာဉ်တန်း… ခုနက ရေဒီယိုမှာ သူတို့အကြောင်း ကြားလိုက်ရတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကလည်း စွမ်းအားရှင်တစ်ယောက်လို့ ပြောကြတယ်'' ချန်ဆီရွှမ်က သေနတ်သံများကို ကြားပြီးနောက် စိုးရိမ်မှုတစ်ခုနှင့်အတူ ပြောကြားသည်။
''ငါလည်း ကြားတယ်'' လင်းရှန်က ပြန်ဖြေသည်။ ''ဒါပေမယ့် သူတို့က ကားလမ်းပေါ်မှာ သွားနေတာ၊ ငါတို့က ရထားလမ်းမှာ။ တစ်ယောက်နဲ့တစ်ယောက် လမ်းမတူတာကြောင့် ပဋိပက္ခဖြစ်မှာကို ရှောင်ရမယ်''
သူ၏ တည်ငြိမ်သော စကားများရှိသော်လည်း၊ နောက်ထပ် စွမ်းအားရှင်တစ်ဦးအကြောင်း ဖော်ပြခြင်းသည် လင်းရှန်ကို စိတ်မသက်မသာ ဖြစ်စေသည်။
အနန္တရထားစီမံကိန်းသည် အားသာချက်များစွာ ရှိသော်လည်း၊ သိသာထင်ရှားသော အားနည်းချက်တစ်ခုလည်း ရှိသည်။
ထင်သာမြင်သာရှိလွန်းခြင်း…
ရထားလမ်းများပေါ်တွင် ဂျုံးဂျုံးဂျက်ဂျက် ဖြတ်သန်းနေသော ကြီးမားသော ရထားတစ်စီးသည် လျစ်လျူရှုရန် မဖြစ်နိုင်ဘဲ၊ ရှင်သန်သူများ၏ အာရုံကို ဆွဲဆောင်မိမှာ သေချာသည်။
''ငါတို့လည်း အဖွဲ့သားတွေ ထပ်စုဆောင်းဖို့ လိုတယ်။ အားလုံးက ငါတို့ကို ပစ်မှတ်ထားလာရင် ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်''
ချန်ဆီရွှမ်က လင်းရှန်ကို အံ့သြသော အကြည့်ဖြင့် ကြည့်ပြီးနောက် သူမ၏အကြည့်ကို ချက်ချင်း အောက်ချလိုက်သည်။
''ရှင်ထားတဲ့ ပို့စ်တွေကို ကျွန်မမြင်ခဲ့တယ်။ လူတွေက ရှင့်ရဲ့စွမ်းအားကို မသိရင်၊ ရှင့်ရဲ့အစီအစဉ်ကို အလွယ်တကူ ယုံကြည်မှာ မဟုတ်ဘူး''
''ငါသိတယ်'' လင်းရှန်က ရဲဝံ့စွာ ပြောကြားသည်။ ''အဖွဲ့သားတွေက အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးတယ်။ ငါ့ရဲ့စွမ်းအားက လူတိုင်းရဲ့ ယာဉ်မောင်းဖြစ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး။ ဒီရထားပေါ်မှာ လူတကာ တက်ခွင့်မပြုဘူး။ တန်ဖိုးမရှိတဲ့လူအတွက် ဒုက္ခအပိုမရှာနိုင်ဘူး” သူသည် ချန်ဆီရွှမ်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ ''ပြီးတော့၊ သူတို့က ငါလက်ခံတဲ့သူတွေ ဖြစ်ရမယ်ပေါ့''
ချန်ဆီရွှမ်၏ မျက်နှာသည် အကြောင်းမရှိဘဲ ရဲတက်လာသည်။ လင်းရှန်သည် သူမအား ပရောပရီလုပ်နေသည်ဟု ထင်မြင်ပြီး အနည်းငယ် ရှက်ရွံ့သွားသည်။
''အဲဒီလို မဆိုလိုပါဘူး'' လင်းရှန်က ချောင်းဆိုးလိုက်သည်။ ''ရုပ်ချောတာကို ပြောတာ မဟုတ်ဘူး၊ အစွမ်းအစနဲ့ ပင်ကိုယ်စရိုက်လိုမျိုးတွေကို ပြောတာ…''
သူ၏ ရှင်းပြချက်သည် ချန်ဆီရွှမ်၏ မျက်နှာကို ပိုမိုရဲတက်စေခဲ့သည်။ သူမသည် လင်းရှန်၏ အကြည့်ကို လုံးဝရှောင်ရှားကာ၊ ခေါင်းကို ငုံ့ထားပြီး မှတ်တမ်းစာအုပ်တွင် တစ်ခုခုကို မှတ်တမ်းတင်နေသယောင် ဟန်ဆောင်လိုက်သည်။
“ဂျုံးဂျုံး…ဂျက်ဂျက်”
ရထားသည် ပြန့်ပြူးသော လွင်ပြင်များပေါ်တွင် အရှိန်ဖြင့် ဖြတ်သန်းသွားသည်။
ထိုအချိန်တွင်၊ လင်းရှန်သည် မိမိ၏ ပိုမိုကောင်းမွန်သော အမြင်အာရုံဖြင့်၊ ယူရှန်ဘူတာ မရောက်ခင် ဟိုးအဝေးရှိ ရထားလမ်းပေါ်တွင် တစ်စုံတစ်ခုကို တွေ့မြင်လိုက်သည်။ ရထားလမ်းပေါ်တွင် ကန့်လန့်ဖြတ် တင်ထားသော ကားပျက်တစ်စီးဖြစ်သည်။ ၎င်း၏ တည်နေရာသည် သိပ်ကို တိကျလွန်းသဖြင့် ရထားကို ပိတ်ဆို့ရန် တမင်တကာ ထားရှိထားသည်မှာ သိသာထင်ရှားသည်။
ခြုံခိုတိုက်ခိုက်မှု…
လင်းရှန်၏ မျက်နှာအမူအရာက တင်းမာလာသည်။ သူ ချန်ဆီရွှမ်ကို အော်ဟစ်လိုက်သည်။ ''နောက်ကို မြန်မြန်သွား၊ သေချာကိုင်ထား''
လာမည့် အန္တရာယ်ကို သဘောပေါက်လိုက်သောအခါ၊ ချန်ဆီရွှမ်၏ မျက်နှာအရောင်ပြောင်းသွားသည်။ သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်နာကာ ရထားခန်းအမှတ် ၁ သို့ အပြေးသွားသည်။ ထိုနေရာ၌၊ အိပ်ပျော်နေဆဲဖြစ်သော ကောင်မလေးကို တွေ့မြင်ပြီး၊ တွေးတောခြင်းမရှိဘဲ သူမကို အကာအကွယ်ပေးရန် ပြေးဝင်ကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။
တစ်ဖက်တွင်၊ ယူရှန်ဘူတာ၏ ပလက်ဖောင်းပေါ်ရှိ တိုင်တစ်ခုနောက်တွင်၊ လျူဝေ့နှင့် သူ့လူများသည် လက်နက်အပြည့်အစုံဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ချီတက်လာသော ရထား၏ စက်သံကို ကြားလိုက်ရသောအခါ၊ လျူဝေ့သည် အခြေအနေကို အကဲဖြတ်ရန် လှမ်းကြည့်လိုက်သည်။ သို့သော် ရထားသည် နှေးကွေးသွားသည့် လက္ခဏာမပြသည်ကို မြင်လိုက်ရသောအခါ၊ ၎င်း၏ မျက်နှာသည် ဒေါသဖြင့် တင်းမာသွားသည်။ သူ အော်ဟစ်လိုက်သည်။ ''ပစ်ကြ၊ အဲဒီမအေပေးကို ရပ်ခိုင်းကြ''
အမိန့်ရသည်နှင့် သူ့လူများက တိုင်များနောက်မှ ထွက်လာကာ၊ ရိုင်ဖယ်များနှင့် သေနတ်မျိုးစုံကို ချိန်ရွယ်လိုက်ကြသည်။ ဘယ်သူမှ စကားတစ်ခွန်းမှ မပြောပဲ အရှိန်ဖြင့် ချီတက်လာသော ရထားခန်းဆီသို့ ကျည်ဆန်မိုး ရွာသွန်းလိုက်ကြတော့သည်။
“ဒက်ဒက်ဒက်…”
“ဒိုင်းဒိုင်းဒိုင်းဒိုင်း”
သေနတ်သံများ ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။
ရထားခန်းထဲတွင်၊ လင်းရှန်သည် အံတင်းတင်းကြိတ်ကာ ထိန်းချုပ်ခုံနောက်တွင် ကွယ်ထားပြီး၊ လက်ကိုင်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ နှေးကွေးသွားမည့်အစား၊ သူသည် ရထားကို ပိုမိုအရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။
''မင်းတို့အားလုံးကို -ီးပဲ'' လင်းရှန်သည် စိတ်ထဲတွင် ဆဲဆိုလိုက်သည်။ ''ငါ ရထားမောင်းဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းအမှန်က မင်းတို့လို လူယုတ်မာတွေကို ဖုန်မှုန့်အဖြစ် ဖျက်ဆီးပစ်ဖို့ပဲ''