သေရမည့်တိုက်ပွဲ
Vol. 2 Ch. 20
လင်းရှန်၏ နှလုံးသည် ပြင်းထန်စွာ ခုန်လှုပ်နေပြီး၊ မြေပေါ်တွင် လဲကျနေသော လျူဝေ့ကို စိုက်ကြည့်နေသည်။
သွေးများ၊ နာကျင်မှုများ၊ ဤအရာအားလုံးသည် လင်းရှန်၏ အတွင်းစိတ်ထဲတွင် ရူးသွပ်မှုတစ်ခုကို မီးညှိပေးပုံရသည်။
''ငါမသေနိုင်ဘူး။ ငါသေချင်မသေဘူး''
ရှင်သန်လိုသည့် မူလဗီဇသည် သူ၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာ လွှမ်းမိုးနေသော နာကျင်မှုကို သက်သာစေ၏။ လျူဝေ့ လဲကျသွားသည့်အခါ၊ လင်းရှန်သည် တစ်စက္ကန့်ပင် မဖြုန်းတီဘဲ၊ လှည့်လိုက်ပြီး လက်ကို မြှောက်ကာ လျူဝေ့၏ မျက်နှာကို တိုက်ရိုက်ပစ်မှတ်ထားလျက် လေအမြောက်တစ်ခုကို ထပ်မံပစ်လွှတ်လိုက်သည်။
“ဖုန်…”
လျူဝေ့၏ မျက်နှာပေါ်တွင် သွေးများ ဖွာထွက်သွားပြန်သည်။
"အား"
လျူဝေ့သည် နာကျင်မှုဖြင့် အော်ဟစ်လိုက်ပြီး၊ သူ၏ လက်တံလေးခု လှုပ်ရှားလာသည်။ ၎င်းတို့သည် မြစ်ကမ်းဘေးမှ ချောမွတ်သော ကျောက်စရစ်ခဲများကို ဖမ်းယူကာ လင်းရှန်ဆီသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်ရာ ကျောက်ခဲများသည် လေထဲတွင် တဝှီးဝှီး အသံပြုနေသည်။
လင်းရှန်သည် ဤတိုက်ခိုက်မှုကို မပေါ့ဆရဲဘဲ၊ ချက်ချင်း ဘေးသို့ ရှောင်တိမ်းလိုက်သည်။
"ငါမင်းကို ဖျက်စီးပစ်မယ်"
စိတ်ပျက်အားငယ်မှုက သူ့ကို ရူးသွပ်စေပြီး အလွန်၌ လျူဝေ့သည် ဒေါသပေါက်ကွဲကာ လက်တံများဖြင့် ကျောက်ခဲများအား ပိုမိုဖမ်းယူလျှက် လင်းရှန်ဆီသို့ မရပ်မနားပစ်ပေါက်နေသည်။
ပရမ်းပတာဖြစ်သွားစဉ်အတွင်း လျူဝေ့သည် အခြေအနေကို ခွဲခြမ်းစိတ်ဖြာရန် စတင်လိုက်သည်။ သူ့ရှေ့ရှိ လူငယ်သည် သွက်လက်မှုကို အဓိကအားကိုးပုံရသည်။ ထို အဝေးပစ်တိုက်ကွက် သို့မဟုတ် ဖုံးကွယ်ထားသော လက်နက်တစ်ခုမှလွဲ၍၊ ထိုလူငယ်တွင် အခြားခြိမ်းခြောက်နိုင်သော စွမ်းရည်များ မရှိပုံပေါ်သည်။
လျူဝေ့ တွေးတောလိုက်သည်
အကယ်၍ သူသည် အမှန်တကယ် အစွမ်းထက်ခဲ့လျှင်..
အော်တိုမက်တစ်ရိုင်ဖယ်ကဲ့သို့ မရပ်မနား တိုက်ခိုက်နေလိမ့်မည်။ လင်းရှန်သည် ထိုသို့မလုပ်သေးသည်မှာ သူ၏ စွမ်းရည်များသည် စွမ်းအင်များစွာ သုံးစွဲရပုံရသည်။
သူ၏ ကြမ်းတမ်းသော ပုံပန်းသဏ္ဌာန်နှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ လျူဝေ့သည် စိတ်ရှည်ပြီး စောင့်ကြည့်နိုင်စွမ်းရှိသူဖြစ်သည်။ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းငယ်တစ်ခုကို လည်ပတ်ခဲ့ခြင်းက သူ၏ စီမံဆုံးဖြတ်နိုင်စွမ်းကို ထက်မြက်စေခဲ့သည်။
"မင်းမှာ နည်းလမ်းတွေ ကုန်သွားပြီမဟုတ်လား" လျူဝေ့သည် လင်းရှန်ကို လှုံ့ဆော်ရန် ကြိုးစားလျက် ကဲ့ရဲ့လိုက်သည်။
လင်းရှန်သည် မျက်နှာအမူအရာ မပြောင်းလဲဘဲ၊ ဖတ်ရခက်သော အကြည့်ဖြင့် ရပ်တည်နေသည်။ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးဖြင့် လျူဝေ့၏ မျက်နှာကို တည့်တည့်ညွှန်ပြလိုက်သည်။
အလိုအလျောက်ပင် လျူဝေ့သည် သူ့လက်တံများကို မြှောက်ကာ ဦးခေါင်းကို ကာကွယ်သည်။ သို့သော် မျက်နှာကို ကာကွယ်ထားစဉ်၊ လင်းရှန်၏ နောက်ထပ်လှုပ်ရှားမှုကို မမြင်ရသဖြင့် စိတ်မသက်မသာဖြစ်လာသည်။
လျင်မြန်စွာ တွေးတောလျက်၊ လျူဝေ့သည် အာရုံကို ခွဲလိုက်သည်။ လက်တံနှစ်ခုသည် သူ့ဦးခေါင်းကို ကာကွယ်ထားချိန်တွင်၊ ကျန်နှစ်ခုသည် ကျောက်ခဲများကို ဖမ်းယူကာ လင်းရှန်ဆီသို့ ပစ်ပေါက်လိုက်သည်။
လျူဝေ့၏ အာရုံခွဲထားမှုကို မြင်သောအခါ၊ လင်းရှန် မျက်စိကိုရှင်ရှင်ထားလိုက်သည်။ ပျံသန်းလာသော ကျောက်ခဲတစ်လုံးကို ရှောင်ရန် ဦးခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး၊ ပစ်မှတ်ကို အောက်သို့ ညင်သာစွာ ပြောင်းလဲလိုက်သည်။ သူ့လက်ညှိုးသည် ယခု လျူဝေ့၏ ပေါင်ကြားကို ညွှန်ပြလိုက်သည်။
“ဖုန်း”
လေအမြောက်သည် ဟာကွက်သို့ တည့်မတ်စွာ ဖောက်ထွင်းဝင်ရောက်သွားသည်။
လျူဝေ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး၊ ပေါက်ကွဲထွက်မတတ် နာကျင်မှုလှိုင်းတစ်ခုက သူ့ကို လွှမ်းမိုးသွားသည်။ သူသည် အော်ဟစ်ရန် ပါးစပ်ကို ဟလိုက်ပြီး၊ မျက်နှာသည် ထိတ်လန့်မှုဖြင့် တွန့်လိမ်သွားသည်။
သူသည် တိုက်ပွဲတစ်လျှောက် ဦးခေါင်းကို တိုက်ခိုက်မှုမှ ကာကွယ်ရန်သာ အာရုံစိုက်ခဲ့သည်။ လင်းရှန်သည် သူ့"လျူဝေ့လေး"ကို ပစ်မှတ်ထားလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ခဲ့ပေ။
"အူး…"
လျူဝေ့ အော်ဟစ်နေစဉ်၊ သူ့အာရုံစူးစိုက်မှု ပြိုကွဲသွားသည်။ ထိုခဏတာ နာကျင်မှုအတွင်း၊ လင်းရှန်သည် သရဲတစ္ဆေတစ်ကောင်၏ အလျှင်ဖြင့် အနီးသို့ ပြေးဝင်လာသည်။ အန္တရာယ်ချဉ်းကပ်လာသည်ကို ခံစားမိသောအခါ၊ လျူဝေ့၏ ရှင်သန်လိုသည့် ဗီဇသည် ပြန်လည်နိုးထလာသည်။ သူ၏ လက်တံလေးခုသည် တစ်ပြိုင်နက် လှုပ်ရှားကာ လင်းရှန်ကို ဖျက်ဆီးရန် ရည်ရွယ်လိုက်သည်။
"သေလိုက်စမ်း ခွေးသား"
“၀ုန်း…”
လျူဝေ့ လက်တံများသည် အားအပြည့်ဖြင့် ရိုက်ချလိုက်သော်လည်း၊ ရုတ်တရက် ဖန်တီးလိုက်သော ရေခဲဒိုင်းနှင့် ထိမှန်သွားသည်။ ရိုက်ခတ်မှုကြောင့် ဒိုင်းကာလည်း ကွဲအက်သွားပြီး၊ ရေခဲအပိုင်းအစများ လေထဲသို့ လွင့်စဉ်သွားသည်။
လျူဝေ့ ဘာဖြစ်နေသည်ကို မစဉ်းစားနိုင်ခင် လင်းရှန်သည် ထိုကွာဟချက်အတွင်းမှ လျှောဝင်သွားပြီးဖြစ်သည်။ လျူဝေ့သည် အာရုံကို ရှေ့သို့ပြန်စုစည်းလိုက်သောအခါ၊ သူမြင်လိုက်ရသည်မှာ…
လက်ညှိုးတစ်ချောင်းသာဖြစ်သည်။
သူ့မျက်လုံးကို အနီးကပ်ညွှန်ပြထားသော လက်ညှိုးတစ်ချောင်း။
"နေပါဦး"
ထိုခဏအတွင်း၊ နောင်တတရားများ လျူဝေ့ စိတ်ထဲသို့ ရောက်ရှိလာသည်။
“ဖောင်း”
လေအမြောက်သည် သူ့ဘယ်ဘက်မျက်လုံးကို ဖောက်ထွင်းဝင်ရောက်သွားပြီး၊ သွေးတန်းတစ်ခုကို ချန်ထားခဲ့သည်။ လျူဝေ့ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး၊ နောက်သို့ လဲကျသွားသည်။ သူသည် လေးတောင်ပံဘုရင်အမည်ရှိ စွမ်းအားရှင်တစ်ဦးဖြစ်ခဲ့သော်လည်း၊ မထင်မရှားလူငယ်တစ်ဦးလက်ချက်ဖြင့် အဆုံးသတ်ခံရလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ခဲ့ပေ။ သူသည် ရက်ပိုင်းမျှသာ စစ်ဘုရင်တစ်ပါးအဖြစ် အုပ်ချုပ်ခဲ့ပြီး၊ ရုတ်တရက် အဓိပ္ပါယ်မရှိစွာ သေဆုံးသွားရသည်။
“အဟွတ်…အဟွတ်”
လျူဝေ့ လဲကျသွားသည်ကို မြင်သောအခါ၊ လင်းရှန်သည် ချောင်းဆိုးကာ သွေးခဲများကို ထွေးထုတ်လိုက်သည်။ သို့သော် သူသည် တစ်ခဏမျှ အနားယူခွင့်မပြုခဲ့ပေ။ မြေပြင်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး၊ လျူဝေ့ အလောင်းဆီသို့ လှမ်းလျက်၊ ကျောက်ခဲကို မြှောက်လိုက်သည်။
“ခွပ်…ခွပ်…ခွပ်”
ကျောက်ခဲတစ်ချက်စီ ကျရောက်လာတိုင်း၊ လျူဝေ့၏ လက်တံများသည် ထိန်းချုပ်မှုမရှိတော့သော ထိတ်လန့်ဖွယ် လှုပ်ရှားမှုများဖြင့် တွန့်လိမ်သွားသည်။
လင်းရှန်သည် လှုပ်ရှားမှုအားလုံး ရပ်တန့်သွားသည်အထိ မရပ်မနားလုပ်ဆောင်ခဲ့သည်။ ထိုအခါမှသာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး၊ ပြင်းထန်သောအသက်ရှူသံများဖြင့် ပင်ပန်းစွာ ရှူသွင်းနေသည်။
“ဟောဟဲ…ဟောဟဲ”
အက်ဒရီနယ်လင်း လျော့ပါးသွားသည်နှင့်အမျှ၊ ပြင်းထန်သော နာကျင်မှုလှိုင်းများသည် လင်းရှန်ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းလာသည်။ သူသည် အရိုးများ ကျိုးပဲ့ခြင်းမှ ကံကောင်းစွာ လွတ်မြောက်ခဲ့သော်လည်း၊ တိုက်ပွဲ၏ ပြင်းထန်မှုကြောင့်၊ အတွင်းပိုင်းဒဏ်ရာများနှင့် ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများစွာကို ခံစားရသည်။
ရုတ်တရက်၊ ကောင်းကင်တစ်လျှောက် ထူးဆန်းသော အလင်းတစ်ခုသည် လက်ခနဲ ဖြတ်ပြေးသွားပြီး၊ သူ့အကြည့်ကို ဖမ်းစားလိုက်သည်။ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
"ဟင်"
---
ထိုအချိန်တွင်၊ ရထားဆီသို့ ပြန်လှည့်ကြည့်လျှင်…
ချန်ဆီရွှမ်သည် ရထားအတွင်း ချောင်တစ်ခုတွင် ကွေးကွေးလေးဖြစ်နေပြီး သူမအာရုံများလည်း တင်းကြပ်နေသည်။ ထပ်ခါတလဲလဲ ထုရိုက်ခံနေရသော ရထားခန်းတံခါးကို ငေးကြောင်ကာ စိုက်ကြည့်နေသည်။
"တံခါးဖွင့်စမ်း အခုဖွင့်လိုက်"
“ဒုန်းဒုန်းဒုန်း”
ဆံပင်ဝါသော လူမိုက်တစ်ဦးသည် ရထားမှန်ပြတင်းပေါ်သို့ တက်လာပြီး၊ သေနတ်ဒင်ကို မှန်ပေါ်သို့ အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။ သို့သော် လျူဝေ့ကြောင့် ထိပ်ပိုင်းတွင် အက်ရာ အနည်းငယ်ဖြစ်ပေါ်ခဲ့သော်လည်း၊ မှန်ပြတင်းသည် ဘေးကင်းစွာ ရှိနေဆဲဖြစ်သည်။
"ဘေးဖယ်စမ်း"
အခြားလူတစ်ဦး တက်လာပြီး၊ ဆံပင်ဝါလူမိုက်ကို ကန်ထုတ်လိုက်သည်။ စီးကရက်တစ်လိပ်ကို ပါးစပ်တွင်ကိုက်ထားရင်း၊ သူသည် ချေမှုန်းရေးရေးရိုင်ဖယ်ကို မှန်ပြတင်းသို့ ချိန်ကာ ကျည်ဆံများကို တရစပ်ပစ်လွှတ်လိုက်သည်။
“ဒက်ဒက်ဒက်ဒက်”
မီးပွားများ လွင့်ထွက်သွားပြီး၊ ကျည်ဆံများသည် မှန်ပေါ်မှ ပြန်လွင့်ထွက်သွားသည်။
"ကောင်းလိုက်တဲ့မှန်ကွာ၊ ဒါ ကျည်ကာမှန်လား"
"သတိထားဦး တာ့ယုံ၊ ကျည်ဆံတွေက မျက်လုံးမရှိဘူး"
"တံခါးလည်း မလှုပ်ဘူး၊ ဖြတ်စက်မရှိရင် မဖွင့်နိုင်ဘူး"
"ဖြတ်စက်လား၊ အခုဘယ်ကသွားရှာရမှာလဲ"
"ထားလိုက်ပါ၊ အခုအရင်ပြန်ကြမယ်။ ညရောက်တော့မယ်"
ညရောက်တော့မည်ဟူသော စကားကြောင့်၊ လူမိုက်အုပ်စုသည် ခဏတာ ရပ်တန့်သွားသည်။
"ဟိုကောင်က အစ်ကိုလျူဝေ့ရိုက်လိုက်လို့ သေလောက်ပြီ။ မိန်းကလေးက သေချာပေါက် အိုးထဲကအသားလိုပဲ၊ မနက်ဖြန်ပိုကောင်းတဲ့ စက်ကိရိယာတွေနဲ့ ပြန်လာမယ်"
"ဟဲဟဲ စိတ်မပူနဲ့၊ ငါ ရထားလမ်းပေါ်မှာ ကျောက်ခဲတွေ ပုံထားထားတယ်။ ဒီရထားဘယ်မှမသွားနိုင်ဘူး"
"တာ့ယုံ၊ ရထားလမ်းပိတ်ဖို့သုံးခဲ့တဲ့ ဇောင်မိသားစုရဲ့ကားကို ဘယ်လိုလုပ်မလဲ။ ကားမရှိတော့ သူတို့အတွက် ကားတန်းထဲမှာ နေရာမရှိတော့ဘူး။ ဒီည တစ်စီးစီးမှာ ထိုးသိပ်ထည့်လိုက်ရမလား"
"ထားလိုက်ပါ၊ သူတို့ကို ထွက်သွားခိုင်းလိုက်။ ဘာမှပါတာလဲမဟုတ်ဘူး၊ မိသားစုတစ်ခုလုံး တရွတ်ဆွဲလာကြတာ"
"ကောင်းပြီ၊ ဒါဆိုသူတို့ကို ထားခဲ့မယ်…"
ဆဲဆိုရင်း ညည်းညူရင်း၊ ထိုအုပ်စုသည် နောက်ဆုံးတွင် ထွက်ခွာသွားသည်။
ရထားအတွင်း၊ ချန်ဆီရွှမ်သည် ရထားခန်းထဲရှိ နာရီကို ကြည့်နေပြီး၊ စက္ကန့်တိုင်း တထိတ်ထိတ် ဖြတ်သန်းနေသည်။ သူမနှလုံးသည် လည်ချောင်းထဲတွင် ပိတ်ဆို့နေသလို ခံစားရသည်။
''သူသေသွားပြီလား''
''ညရောက်လာပြီ။ ငါဘာလုပ်ရမလဲ…''
သူမ၏မျက်နှာသည် တင်းမာနေပြီး၊ ခန္ဓာကိုယ်သည် တံခါးဘေးရှိ လီဗာတံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း၊ သူမစိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။
ဆယ်မိနစ်အကြာ၊ ရုတ်တရက် အပြင်မှ စိတ်လှုပ်ရှားစွာ ခေါက်သံများကို ကြားလိုက်ရသည်။ ထိတ်လန့်သွားသော ချန်ဆီရွှမ်သည် လင်းရှန်ဖြစ်နိုင်သည်ဟု ထင်မိပြီး တုံ့ပြန်ရန်ပြင်လိုက်သောအခါ၊ အမျိုးသမီးတစ်ဦး၏ အလျင်စလို အော်ဟစ်သံကို ကြားလိုက်ရသည်။
"တစ်ယောက်ယောက်ရှိလား၊ ကျေးဇူးပြုပြီး၊ အထဲမှာ တစ်ယောက်ယောက်ရှိလား၊ ကျွန်မတို့မိသားစုကို ဝင်ခွင့်ပေးပါ"
"အမရေ…"
မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးသည် ရထားခန်းပြတင်းအနီးသို့ တက်လာသည်။ ချန်ဆီရွှမ်ကို မြင်သောအခါ၊ သူသည် ချက်ချင်း တောင်းပန်လိုက်သည်။ "ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ၊ ကျွန်တော်တို့ကို ခိုလှုံခွင့်ပြုပါ။ ညရောက်တော့မယ်"
"ကျွန်မတောင်းပန်ပါတယ်" အပြင်မှ အမျိုးသမီးကလည်း စိတ်ပျက်အားငယ်စွာ အော်ဟစ်နေသည်။ သူမအော်သံများကြားတွင်၊ ကလေးငယ်၏ "ဝါး ဝါး" ဟူသော ငိုသံများသည် စိတ်ထဲထိ ထိုးဖောက်ဝင်ရောက်လာသည်။
"အမရေ၊ ကျွန်မတို့ ဘာမှမစားဘူး၊ ဘာမှမယူဘူး။ ပုန်းအောင်းဖို့ နေရာတစ်ခုပဲ လိုတယ်"
"ကျွန်မတို့ကားက ပျက်စီးသွားပြီ။ ဘယ်မှသွားစရာ မရှိတော့ဘူး"
"ဟင့်အင်း…"
"ကျေးဇူးပြုပြီး၊ သနားပါ"
"ဒီမှာ၊ ဒီမှာ" အမျိုးသမီး အသံသည် ရူးသွပ်လာသည်။ "အကယ်၍ ကျွန်မတို့ကို မယုံဘူးဆိုရင်၊ ကလေးလေးကိုတော့ ကယ်ပေးလို့ရမလား၊ သူက သေးသေးလေးပဲ၊ သိပ်မစားဘူး၊ ကျေးဇူးပြုပြီး"
"ကျွန်တော်တောင်းပန်ပါတယ်"
အမျိုးသမီး အော်သံများ၊ အမျိုးသား တောင်းပန်သံများ၊ ကလေးငိုသံများ၊ ဤအသံများအားလုံးသည် ချန်ဆီရွှမ်ကို ဝိုင်းဝန်းတိုက်ခိုက်လာသည်။
ထောင့်တစ်နေရာ၌ ကွေးကွေးလေး ထိုင်နေရင်း၊ သူမသည် နားကို လက်များဖြင့် ပိတ်ဆို့ထားပြီး၊ မျက်ရည်များ တိတ်တဆိတ် စီးကျနေသည်။ စိတ်ထဲတွင် သူမသည် အော်ဟစ်နေသည်။ ''ရပ်လိုက်ပါ၊ ကျေးဇူးပြုပြီး အော်တာရပ်လိုက်ပါ…''
ရထားခန်းထဲရှိ နာရီသည် တချက်ချက် ဆက်လက်လည်ပတ်နေသည်။
တဖြည်းဖြည်း၊ အော်သံများ မှိန်ဖျော့သွားသည်။ စိတ်ပျက်အားငယ်စွာ တောက်ခေါက်သံများလည်း ရပ်တန့်သွားသည်။
ညသည် သက်ဆင်းလာခဲ့လေပြီ။