← Chapters

အခန်း (၁၄၇၄-၁၄၇၆)

Vol. 99 Ch. 1474-1476

အခန်း (၁၄၇၄-၁၄၇၆)

Vol. 99 Ch. 1474-1476

အခန်း(၁၄၇၄)

ကျန်းချန်၏ လက်ညှိုးမှဓားစွမ်းအင်က အချိန်နှင့်နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပိုင်ချိုးဟန်၏ ရှေ့ကို ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှာပင် ပိုင်ချိုးဟန်က သူ့လက်ထဲမှ ကျောက်စိမ်းစည်းတံဆိပ်ကို ရိုက်ချိုးလိုက်ရာ ခမ်းနားသော နေရာလွတ်စွမ်းအား တစ်ခုသည် သူ၏ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို ဝိုင်းရံသွားခဲ့ပြီး သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ ဖယ်ထုတ်ပစ်ရန် ကြိုးစားခဲ့သည်။

ပိုင်ချိုးဟန် ပျောက်ကွယ်သွားတော့မည့် ဆဲဆဲမှာပင် ကျန်းချန်၏ ဓားစွမ်းအင်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ထိုဓားစွမ်းအင်က ပိုင်ချိုးဟန်၏ လက်မောင်းတစ်ဖက်ကို ထိမှန်သွားခဲ့ပြီး ပိုင်ချိုးဟန်၏ လက်မောင်းသည် လေထုထဲကနေ ပြုတ်ကျလာခဲ့သည်။

ကျန်းချန်က လေထဲကနေ ပြုတ်ကျလာသော ပိုင်ချိုးဟန်၏ လက်ပြတ်မှ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲသို့ တစ်ခါတည်း ထည့်လိုက်သည်။

ပိုင်ချိုးဟန်သည် လုကွမ်ယွီထက် များစွာ အစွမ်းထက်သည်။

အစောပိုင်းက သူသည် ဥပဒေသ ခြောက်မျိုးကို အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက်ခဲ့သည့်တိုင် ပိုင်ချိုးဟန်သည် သူ့ထက်အနည်းငယ်မျှသာ အားနည်းခဲ့၏။

အကယ်၍ ပိုင်ချိုးဟန်သာ အသက်နှင့်ရင်း၍ သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုလျှင် ကျန်းချန်သည် ၎င်းကို သတ်ဖြတ်ရန်အတွက် တချို့သော အဖိုးအခများကို ပေးဆပ်ရလိမ့်မည်ဖြစ်၏။

ထို့ကြောင့် ပိုင်ချိုးဟန် ထွက်ပြေးမည်ကို ကျန်းချန်က မတားဆီးတော့ဘဲ သိုလှောင်လက်စွပ်ပါသည့် ပိုင်ချိုးဟန်၏ လက်တစ်ဖက်ကိုသာ တိုက်ရိုက်ပစ်မှတ်ထားခဲ့သည်။

ပိုင်ချိုးဟန်၏ သိုလှောင်လက်စွပ်ကျန်ခဲ့သရွေ့ သူ၏ ရည်ရွယ်ချက်သည် အောင်မြင်သွားပြီ မဟုတ်ပါလော။

ကျန်းချန်က ပိုင်ချိုးဟန်ကို အလွယ်တကူ အနိုင်ယူလိုက်ပြီး သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ အရှက်တကွဲ ထွက်ပြေးသွားစေသည်ကို မြင်လျှင် ရွှယ်ယွိဂိုဏ်းမှ ပါရမီရှင် သုံးယောက်သည် ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြသည်။

သူတို့က ချက်ချင်းပင် တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိသည့် ကျောက်စိမ်းတံဆိပ်ပြားများကို အလျင်အမြန် ရိုက်ချိုးလိုက်ကာ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

"မင်းဘာလို့ သူတို့အားလုံးကို မသတ်လိုက်ရတာလဲ"

ပိုင်ချိုးဟန်နှင့် ကျန်ရှိသည့် ရွှယ်ယွိဂိုဏ်းမှ တပည့်သုံးယောက် နတ်ဘုရားနယ်မြေသို့ ထွက်ပြေးသွားသည်ကို မြင်လျှင် လုကွမ်ယွီ၏ မျက်နှာသည် ရုတ်တရက် အကျည်းတန်သွားခဲ့သည်။

မူလက သူသည် ကျန်းချန်၏ လက်ကို အသုံးပြု၍ ပိုင်ချိုးဟန်နှင့် တခြားသူများကို ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် ဖယ်ရှားရန် ကြံစည်ခဲ့သည်။

၎င်းတို့ သေဆုံးသွားလျှင် ရွှယ်ယွိဂိုဏ်းကို သူပြန်သွားသည့်တိုင် ရွှယ်ယွိဂိုဏ်းသည် သူ့ကို သံသယဝင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းချန်က ပိုင်ချိုးဟန်ကို နတ်ဘုရားနယ်မြေသို့ ထွက်ပြေးခွင့် ပြုလိုက်ရာ ပိုင်ချိုးဟန်က ရွှယ်ယွိဂိုဏ်းကို အစီအရင်ခံလိုက်သည်နှင့် သူ့အနေဖြင့် မည်ကဲ့သို့ရွှယ်ယွိဂိုဏ်းကို ပြန်နိုင်တော့မည်နည်း။

ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"ငါက ဘာလို့ သူတို့အားလုံးကို သတ်ရမှာလဲ"

ကျန်းချန်၏ စွမ်းအားဖြင့် အစွမ်းကုန် အားထုတ်မည်ဆိုလျှင် ပိုင်ချိုးဟန်နှင့် တခြားသူများကို ကျောက်စိမ်းတံဆိပ်ပြားများအား ရိုက်ချိုးရန် အခွင့်အရေး မရအောင် လုပ်ဆောင်နိုင်သည်။

သို့သော်လည်း ကျန်းချန်သည် ယခုအခါ၌ နဂါးစွမ်းအင် (၂၂)ခုသာလျှင် လိုအပ်တော့သည်။

သူ၏ ရည်ရွယ်ချက်သည် အတုအယောင် ဧကရာဇ်စည်းတံဆိပ်၏ နဂါးပုံစံ ကောက်ကြောင်း (၉၉)ခုကို လင်းစေပြီး အစစ်အမှန် စည်းတံဆိပ်အဖြစ် ပြောင်းလဲကာ ရွှယ်လင်ကုန်းမြေတိုက်၏ ဧကရာဇ် အရိုက်အရာကို ဆက်ခံရန် ဖြစ်သည်။

ပိုင်ချိုးဟန်၏ အစွမ်းအစဖြင့် ဆိုလျှင် သူ လိုက်လံရှာဖွေထားသည့် သားရဲဝိညာဥ် အမြုတေသည် လုကွမ်ယွီထက် ပို၍ များပြားမည်မှာ သေချာသလောက်ပင်။

ယင်းက သူလိုအပ်နေသည့် နဂါးစွမ်းအင်(၂၂)ခုကို ရရှိရန် လုံလောက်သည်ထက်ပင် ပိုနိုင်ဖွယ် ရှိသည်။

သို့ဖြစ်ရာ သူ့အနေဖြင့် ပိုင်ချိုးဟန်နှင့် တခြားသူများကို သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် ကျန်ရှိစေပြီး အသေအကြေ တိုက်ခိုက်ရန် လိုအပ်ပါမည်နည်း။

"လုကွမ်ယွီ ငါတို့ သဘောတူညီချက်အရ မင်းအခုထွက်သွားလို့ရပြီ"

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် လုကွမ်ယွီ၏ ဝိညာဥ်ကို ထိန်းချုပ်ထားသည့် အရာများအား ဖယ်ရှားပေးလိုက်သည်။

သို့သော် ကျန်းချန်က လုကွမ်ယွီ၏ တားမြစ်ချက်ကို ဖယ်ရှားပေးလိုက်သည့်တိုင် လုကွမ်ယွီသည် ထွက်သွားဖို့ ရည်ရွယ်ချက် မရှိခဲ့ပေ။

သူက ကျန်းချန်ကို မျက်နှာမသာမယာဖြင့် ကြည့်လိုက်ကာ မေးလိုက်သည်။

"ငါမင်းနောက်ကို လိုက်လာလို့ရမလား"

ပိုင်ချိုးဟန်နှင့် တခြားသူများက နတ်ဘုရားနယ်မြေကို ပြန်ပြေးသွားပြီ ဖြစ်သည့်အတွက် ရွှယ်ယွိဂိုဏ်းတွင် သူ့အတွက် နေရာမရှိတော့ပေ။

သူသာ ရွှယ်ယွိဂိုဏ်းကို ပြန်သွားမည်ဆိုလျှင် အလွန်ဆိုးရွားသော အခြေအနေဖြင့် အဆုံးသတ်သွားနိုင်ပေသည်။

ယခုအခါ သူသည် ကျန်းချန်၏ နောက်ကို လိုက်သွားပြီး ကျန်းချန်နှင့်အတူ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာပြီးမှသာ အစီအစဥ်များ ချမှတ်နိင်တော့မည် ဖြစ်၏။

"မင်းသဘောပဲ"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီးနောက်တွင် လုကွမ်ယွီကို လျစ်လျူရှုလိုက်ကာ ပိုင်ချိုးဟန်၏ သိုလှောင်လက်စွပ်ကို တိုက်ရိုက်ပင် စူးစမ်းလိုက်သည်။

ရွှယ်ယွိဂိုဏ်း၏ အထက်မြက်ဆုံး တပည့် ဖြစ်သည့် ပိုင်ချိုးဟန်သည် လုကွမ်ယွီထက်ပင် များစွာ ပို၍ အရင်းအမြစ် ပိုကြွယ်ဝသည်။

စိတ်ဝိညာဥ်ကျောက်တုံး အရေအတွက် တစ်ခုတည်းကပင် ၅၀၀၀ အထိ ရှိနေခဲ့၏။

ထို့အပြင် အင်ပါယာအဆင့် စိတ်ဝိညာဥ် အမြူတေ အရေအတွက်သည်လည်း ၂၀ အထိကို ရောက်ရှိနေခဲ့ပြီး ထိုအထဲတွင် ၅ ခုသည် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေခဲ့သည်။

ထို့ကြောင့် ပိုင်ချိုးဟန် ဆီမှ ရရှိသည့် သားရဲဝိညာဥ် အမြုတေ ၂၀ သည် ကျန်းချန်အတွက် နဂါးစွမ်းအင် ၃၀ ကို ရယူရန် လုံလောက်၏။

ယင်းမှာ ကျန်းချန်၏ လိုအပ်ချက် ဖြစ်သည့် နဂါးစွမ်းအင် ၂၂ ခု အရေအတွက်ကိုပင် လုံးဝ ကျော်လွန်နေခဲ့သည်။

"ဟားဟား ဧကရာဇ်စစ်ဆေးပွဲက ပြီးသွားခဲ့ပြီ"

ကျန်းချန်က ပိုင်ချိုးဟန်၏ သိုလှောင်လက်စွပ်ထဲမှ သားရဲဝိညာဥ် အမြုတေများကိုကြည့်ကာ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤတစ်ကြိမ် ဧကရာဇ်စစ်ဆေးပွဲတွင် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် သူ့ကို အမှန်တကယ်ပင် အဆင်ပြေသွားစေခဲ့သည်။

နတ်ဘုရားနယ်မြေမှ ပါရမီရှင်များကိုသာ မလုယက်ခဲ့လျှင် သူ့အနေဖြင့် နဂါးစွမ်းအင်(၉၉)ခုကို ဤမျှလောက် မြန်မြန်ဆန်ဆန် ရရှိဖို့ ဆိုသည်မှာ တကယ်ကို မလွယ်ကူသော အလုပ် ဖြစ်၏။

သူ၏စိတ်ထဲတွင် ထိုကဲ့သို့ အတွေးများ ပေါ်လာပြီးနောက်တွင် ကျန်းချန်သည် သားရဲဝိညာဥ် အမြုတေထံမှ နဂါးဝိညာဥ်များကို စုပ်ယူကာ အတုအယောင် ဧကရာဇ်စည်းတံဆိပ် ထဲရှိ နဂါးပုံစံကောက်ကြောင်း အားလုံးကို လင်းစေတော့မည့် အချိန်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က လေထုကို မော့ကြည့်လိုက်ရာ ပုံရိပ်ရှစ်ခု၊ ကိုးခုခန့်ကို မြင်လိုက်ရလျှင် သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွတ်သွားခဲ့သည်။

အဆုံးသတ်တွင် ကျန်းကျွင်းသည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

ကျန်းချန်၏ အကြည့်အောက်မှာပင် ကျန်းကျွင်းသည် သူ၏ လူ ရှစ်ယောက်နှင့်အတူ ကျန်းချန်နှင့် ပေထောင်ချီ အကွာရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။

"ကျန်းကျွင်း နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့"

ကျန်းချန်က သူ့ရှေ့မှ ကျန်းကျွင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ကျန်းကျွင်းက ကျန်းချန်ကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက်တွင် အလေးအနက် ပြောလိုက်သည်။

"ကျန်းချန်. မင်းရဲ့စွမ်းရည်က နတ်ဘုရားနယ်မြေက ပါရမီရှင်တွေကိုတောင် အလွယ်တကူ အနိုင်ယူနိုင်လောက်တဲ့ အထိ အစွမ်းထက်မယ်လို့ မထင်ထားခဲ့ဘူး"

"အခု မင်းငါ့ရဲ့အစွမ်းကို မြင်ပြီးသွားပြီ ဆိုတော့ ရာဇပလ္လင်အတွက် လက်မလျှော့သေးဘူးလား.. ဘာလဲ မင်းက ငါနဲ့ရာဇပလ္လင်အတွက် ယှဥ်ပြိုင်ဖို့ အရည်အချင်းရှိတယ်လို့ မင်းကိုယ်မင်း ထင်နေတာလား"

ကျန်းချန်က ကျန်းကျွင်းကို ပေါ့ပါးစွာ ကြည့်၍ မေးလိုက်သည်။

"ကျန်းချန်.. မင်းရဲ့စွမ်းရည်က ထက်မြက်ပေမဲ့လည်း ဧကရာဇ်စစ်ဆေးပွဲမှာ အနိုင်ရတဲ့သူက မင်းဖြစ်ချင်မှ ဖြစ်လိမ့်မယ်.. ပုစဥ်းရင်ကွဲကို ချောင်းမြောင်းနေတဲ့ပိုးမွှားတွေက သူတို့ရဲ့နောက်မှာရှိတဲ့ ကမ္ဘာသစ်ငှက်ကို သတိမထားမိဘူး ဆိုတဲ့ဆိုရိုးစကားကို မင်းသိတယ် မဟုတ်လား"

ကျန်းကျွင်းက အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"မင်း ခုနက နတ်ဘုရားနယ်မြေက ပါရမီရှင်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မင်းရဲ့ခွန်အားက အများကြီး ကုန်ခန်းသွားခဲ့ပြီ.. ငါ့စိတ်ထင် မင်းမှာ တိုက်ခိုက်နိုင်စွမ်း သိပ်မရှိလောက်တော့ဘူး"

ကျန်းကျွင်းသည် အမှောင်ထဲတွင် ပုန်းနေရင်း ကျန်းချန်နှင့်နတ်ဘုရားနယ်မြေမှ ပါရမီရှင်၏ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသည်။

ထိုတိုက်ပွဲတွင် ကျန်းချန်က အနိုင်ရခဲ့သော်လည်း ခွန်အားများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

သို့သော်လည်း သူက ခွန်အားအပြည့်ဖြင့် ရှိနေခဲ့ပြီး လက်ထဲတွင်လည်း ဝှက်ဖဲတစ်ခု ရှိနေခဲ့ရာ ကျန်းချန်ကို လုံးဝ တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့သည်။

ယခုအခါတွင် ကျန်းရီနှင့် ကျန်းယန် နှစ်ယောက်စလုံးသည် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေကနေ ထွက်ခွာသွားပြီဖြစ်သည့်အတွက် ကျန်းချန်ကိုသာအနိုင်ယူနိုင်ခဲ့လျှင် ဤဧကရာဇ်စစ်ဆေးပွဲတွင် တစ်ဦးတည်းသော အနိုင်ရသူဖြစ်လာလိမ့်မည်မဟုတ်ပါလော။

"ငါ့ရဲ့ခွန်အားက ဘယ်လောက်ပဲ ကုန်ဆုံးနေပါစေ.. မင်းကို ကိုင်တွယ်ဖို့အတွက်ကတော့ လိုအပ်တာထက်တောင် ပိုနေပါသေးတယ်"

ကျန်းချန်က မထီတရီပြုံးကာ ပြောလိုက်သည်။

"မင်းက ပိုးမွှားကို ချောင်းမြောင်းနေတဲ့ ကမ္ဘာသစ်ငှက် ဟုတ်မဟုတ် ကြည့်ရသေးတာပေါ့"

ကျန်းချန်၏ စကားကိုကြားသည်နှင့် ကျန်းကျွင်း၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ မြင့်တက်လာခဲ့သည်။

"တိုက်"

သူက ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။

ကျန်းကျွင်း၏ အမိန့်ပေးသံကို ကြားသည်နှင့် လေးယောက်သည် နှစ်ယောက်တစ်ဖွဲ့ ဖွဲ့လိုက်ပြီး မုန့်ချင်းရွှယ်နှင့် လုကွမ်ယွီတို့ကို အသီးသီး ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ကျန်းကျွင်းကိုယ်တိုင်သည်လည်း တခြား လူငယ်လေးယောက်နှင့်အတူ ကျန်းချန်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

အခန်း(၁၄၇၄)ပြီး၏။

အခန်း(၁၄၇၅)

ကျန်းကျွင်းတို့ ငါးယောက်က မတူညီသည့် နေရာငါးခုတွင် နေရာယူလိုက်ကြပြီး ကျန်းချန်ကို အလယ်တွင် ထားကာ ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ငါးယောက်သည် လက်ဟန်တစ်ခုစီကို ထုတ်ဖော်ပြီး ကျန်းချန်၏ ခေါင်းအထက်ရှိ လေထုဆီသို့ ပို့လွှတ်လိုက်ကြသည်။

ရုတ်တရက် လေထုထဲတွင် အရောင်များ လင်းလက်နေသည့် ဒြပ်စင်ငါးပါး အစီအရင်တစ်ခုသည် လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့၏။

မကြာခင်မှာပင် ထိုစူးရှသော အလင်းသည် မြေပြင်ပေါ်သို့ နေရောင်ခြည် သဖွယ် ဖြာကျလာခဲ့ပြီး မီတာထောင်ချီပတ်ပတ်လည်ရှိသည့် နေရာလွတ် တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ်စိုးရိမ်သွားခဲ့၏။

"အစီအရင်ကို အသုံးပြုထားတဲ့ ပူးပေါင်းတိုက်ကွက်ပါလား"

"ဟားဟား ကျန်းချန်.. ငါ ဒီဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို ရဖို့ အများကြီး ကြိုးစားခဲ့ရတယ်.. ဒီဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်အောက်မှာ အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူက လွဲရင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေတောင် အလွယ်တကူ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး.. မင်းက ငါ့ရဲ့ ဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို ဘယ်လို ဖောက်ထွက်နိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းကျွင်း၏ လှောင်ပြောင်‌ရေရွတ်သံသည် ကျန်းချန်၏ နားထဲတွင် တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ဥပဒေသ ခြောက်မျိုး၏ စွမ်းအားများပါဝင်သော ခြောက်ရောင်ခြယ်ဓားအလင်းကို ထုတ်ဖော်ကာ ပတ်ပတ်လည်မှ အစီအရင်အတားအဆီးကို တိုက်ခိုက်လိုက်သည်။

"ဝုန်း.."

ခြောက်ရောင်ခြယ်ဓားအလင်းက အစီအရင် အတားအဆီးပေါ် ကျရောက်လာသည်နှင့် ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အစီအရင်က အနည်းငယ် တုန်ခါသွားခဲ့သော်လည်း သိပ်မကြာခင်မှာပင် ပြန်လည် ငြိမ်သက်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် တင်းကျပ်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။

ဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်သည် ကျန်းကျွင်းတို့ အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူငါးယောက်၏ ထုတ်ဖော်မှုအောက်တွင် တကယ်ကို ကြောက်မက်ဖွယ်ရာ အားကောင်းနေခဲ့သည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းဖြင့်ပင် ဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ထဲကနေ အတင်းအကျပ် ဖောက်ထွက်ရန် မလွယ်ကူပေ။

သူ့တွင် အဆ ၁၀၀ စနစ်ရှိသောကြောင့် ဤဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို နားလည်နိုင်ပြီး အစီအရင်၏ အားနည်းချက်ကို ရှာဖွေကာ အစီအရင်ကို ထိုးဖောက်ရန်မှာ မခက်ခဲပေ။

သို့သော်လည်း ထိုသို့ နားလည်ရန်အတွက် အချိန်အနည်းငယ် ယူရမည် ဖြစ်သည်။

သို့ရာတွင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်၏ ဝန်းရံ တိုက်ခိုက်မှုအောက်တွင် မုန့်ချင်းရွှယ်သည် အချိန်အတော်ကြာ တောင့်မခံနိုင်မည်ကို ကျန်းချန် အနည်းငယ် စိတ်ပူနေခဲ့သည်။

"ကျန်းချန် မင်းရဲ့ခွန်အားကို အလဟဿ မဖြုန်းတီးနဲ့တော့.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အမှန်တကယ်အားကောင်းတယ်ဆိုပေမဲ့ ဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ကနေ ဖောက်ထွက်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကျန်းကျွင်းက ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည်။

ကျန်းချန်က တည်ငြိမ်စွာပင် တုံ့ပြန် ပြောဆိုလိုက်၏။

"မင်းရဲ့အစီအရင်က ငါ့ကို ထောင်ချောက်ဆင်နိုင်ပေမဲ့ ငါ့ကိုသတ်ဖြတ်နိုင်မှာတော့ မဟုတ်ဘူး.. မင်းငါ့ကို ဒီမှာ ထောင်ချောက်ဆင်ထားမယ် ဆိုရင် မင်းလည်း အဖိုးအခ ကြီးကြီး ပေးဆပ်ရမှာပဲ.. မင်းအနေနဲ့ သားရဲဝိညာဥ်တွေကို လိုက်ရှာပြီး နဂါးစွမ်းအင်တွေကို ရရှိဖို့ အချိန်လုံလောက်တော့မှာမဟုတ်ဘူး"

"ဟားဟား ငါက မင်းကို မသတ်ဖြတ်နိုင်ဘူး ဆိုပေမဲ့ ငါ့ရဲ့လူတွေကတော့ မုန့်ချင်းရွှယ်လို့ ခေါ်တဲ့ ဒီမိန်းမကို သတ်ဖြတ်နိုင်တယ်.. ကျန်းချန် မင်းသူ့ကို အသက်ရှင်စေချင်တယ်ဆိုရင် ရာဇပလ္လင်အတွက် တိုက်ခိုက်တာကို လက်လျှော့လိုက်ပါ. အခုအချိန် လက်လျှော့လိုက်ရင် နောက်မကျသေးဘူး"

ကျန်းကျွင်းက မထီတရီ ပြုံး၍ ဖျောင်းဖျလိုက်သည်။

လူသားဧကရာဇ်၏ သားတော်တစ်ပါး အနေဖြင့် ကျန်းချန်သည် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်သည့် ဧကရီကျီဝူရွှမ်၏ ထောက်ခံမှုကို ရရှိထားသည်။

သူ့အနေဖြင့် ကျန်းချန်ကို သတ်ဖြတ်ဖို့ အစွမ်းရှိခဲ့လျှင်ပင် အလွယ်တကူ မသတ်ဖြတ်ရဲပေ။

ဧကရီကျီ သိသွားသည်နှင့် သူ၏ ကံကြမ္မာသည် အလွန်တရာ ဆိုးရွားသွားလိမ့်မည် မဟုတ်ပါလား။

ထို့ကြောင့် အစကတည်းကပင် သူ၏ အစီအစဥ်သည် ဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို အသုံးပြုပြီး ကျန်းချန်ကို ထောင်ချောက်ဆင်ကာ မုန့်ချင်းရွှယ်ဖြင့် အကျပ်ကိုင်၍ ကျန်းချန်ကို အရှုံးပေးစေရန် ဖျောင်းဖျဖို့ဖြစ်သည်။

ကျန်းချန်သည် မုန့်ချင်းရွှယ်နှင့် ပတ်သက်၍ ယဲ့မျိုးနွယ်စုမှ ယဲ့ဝူကျီနှင့်ပင် တိုက်ပွဲဝင်ခဲ့သည်။

ဤသည်ကပင် ကျန်းချန်သည် မုန့်ချင်းရွှယ်၏ စိတ်နှလုံးတွင် မည်မျှ နေရာယူထားသည်ကို ဖော်ပြနေခဲ့၏။

ကျန်းချန်က မုန့်ချင်းရွှယ် သေဆုံးမည်ကို ဂရုမစိုက်ဘဲ နေမည်မဟုတ်ဟု ကျန်းကျွင်း ယူဆခဲ့သည်။

ကျန်းကျွင်း၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာသည် ရုတ်တရက် အကျည်းတန်သွားခဲ့၏။

ကျန်းကျွင်းက ဧကရာဇ် အရိုက်အရာကို ရရှိရန်အတွက် ဤမျှလောက် ယုတ်မာသော အလုပ်ကို လုပ်ဆောင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုအခါ မုန့်ချင်းရွှယ်သည် လူငယ်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အသက်အန္တရာယ် ရှိနေပြီး ကျောက်စိမ်းတံဆိပ်ပြားကို ရိုက်ချိုးကာ ထွက်သွားဖို့ပင် အခွင့်အရေး မရှိတော့ပေ။

တစ်ဖက်တွင်လည်း လုကွမ်ယွီသည် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် စွမ်းရည်ရှိခဲ့လျှင်ပင် ဝိညာဥ်အခြေအနေဖြင့်သာ ရှိနေသည့် အတွက် သူ၏ အစွမ်းအစသည် များစွာ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

လုကွမ်ယွီ၏ လက်ရှိ အစွမ်းအစဖြင့် ဆိုလျှင် လူငယ်နှစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် သူ့ကိုယ်သူပင် ခက်ခဲစွာ ကာကွယ်နိုင်ရုံသာ ရှိ၍ မုန့်ချင်းရွှယ်ကို ကူညီနိုင်မည် မဟုတ်ပေ။

ယခုအခါတွင် သူသည် တတ်နိုင်သမျှ အချိန်ဆွဲကာ ယဲ့ဝူကျီ ရောက်ရှိလာမှုကို စောင့်ရုံသာ တတ်နိုင်တော့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး စကားပြောတော့မည့် အချိန်မှာပင် သူ၏ကိုယ်ပေါ်မှ အတုအယောင်ဧကရာဇ် စည်းတံဆိပ်သည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် သူတို့ရှိရာသို့ အလျင်အမြန် ချဥ်းကပ်လာသည့် ကျောက်စိမ်းတံဆိပ်ပြားမှ အရှိန်အဝါကို ခံစားမိခဲ့၏။

ယခု ဤသားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသည့် ရွှယ်လင်ကုန်းမြေတိုက်မှ လူငယ်များထဲတွင် ယဲ့ဝူကျီ တစ်ယောက်သာ ကျန်ရှိတော့သည်။

သို့ဖြစ်ရာ မိုင်ထောင်ချီ အကွာအဝေးမှ ကျောက်စိမ်းတံဆိပ်ပြား၏ ပိုင်ရှင်သည် ယဲ့ဝူကျီကလွဲ၍ တခြားသူ မဖြစ်နိုင်ပေ။

ကျန်းချန်က ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။

"ဟားဟား ကျန်းကျွင်း.. မင်းရဲ့အစီအရင်က မအောင်မြင်တော့ဘူး ထင်တယ်"

ဤအချိန်တွင် ကျန်းကျွင်းသည်လည်း နဂါးစွမ်းအင် ပါရှိသည့် ကျောက်စိမ်းတံဆိပ်ပြား၏ ချဥ်းကပ်လာမှုကို ခံစားမိလိုက်သည်။

ထိုအခါ သူ၏မျက်နှာသည် ချက်ချင်းပင် ခက်ထန်သွားခဲ့သည်။

"လခွမ်း.. ယဲ့ဝူကျီဆိုတဲ့ကောင်က ဒီလောက်ထိ မြန်မြန်ရောက်လာတယ်လား"

သူက မုန့်ချင်းရွှယ်ကို တိုက်ခိုက်နေသည့် လူငယ်နှစ်ယောက်ကို အလျင်အမြန်ပင် အော်ဟစ်ကာ ပြောလိုက်သည်။

"ဘယ်လောက်ပဲ ပေးဆပ်ရပါစေ အစွမ်းကုန် တိုက်ခိုက်ပြီး အဲဒီမိန်းမကို ဖမ်းလိုက်"

ကျန်းကျွင်းက လူငယ်နှစ်ဦးကို မည်သို့ပင် အမိန့်ပေးသည် ဖြစ်စေ မုန့်ချင်းရွှယ်သည် လနတ်ကြမ္မာခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ပြီး အင်ပါယာ အမွေအနှစ်ကို ရရှိထားသူ ဖြစ်သည်။

ထို့ကြောင့် လူငယ်နှစ်ယောက်က မုန့်ချင်းရွှယ်ကို အစွမ်းကုန်တိုက်ခိုက်ခဲ့လျှင်ပင် အချိန်တိုအတွင်း သူမကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

မိုင်ထောင်ချီအကွာအဝေးသည် အင်ပါယာနယ်ပယ်အဆင့်ကျင့်ကြံသူအတွက် အသက်ရှူချိန် အနည်းငယ်မျှသာ ကြာမြင့်၏။

ထို့ကြောင့်ပင် အလင်းစီးကြောင်း အဖြစ် အဝေးကနေ ရောက်ရှိလာသော ယဲ့ဝူကျီ၏ ပုံရိပ်သည် တစ်ခဏအတွင်းမှာပင် ရောက်ရှိလာခဲ့သည်။

အချိန်မီ ရောက်ရှိလာသည့် ယဲ့ဝူကျီကို ကြည့်ကာ ကျန်းကျွင်း၏ မျက်နှာအမူအရာသည် တစ်ခဏ အတွင်းမှာပင် အလွန်တရာ အကျည်းတန်သွားခဲ့၏။

ကျန်းကျွင်းသည် ယဲ့မျိုးနွယ်စု၏ နံပါတ်(၁) ပါရမီရှင်အစွမ်းအစကို ကောင်းစွာ သိရှိထားခဲ့သည်။

လက်ရှိ သူတို့လူစုထဲတွင် သူတစ်ယောက်သာလျှင် ယဲ့ဝူကျီကို တားဆီးနိုင်၏။

သို့သော်လည်း ယခုအခါတွင် သူက ဒြပ်စင်ငါးပါးနဂါးထောင်ချောက် အစီအရင်ကို ဖော်ထုတ်နေသည် ဖြစ်ရာ မည်သည့် လှုပ်ရှားမှုကိုမှ ပြုလုပ်၍မရပေ။

ယဲ့ဝူကျီ၏ အကူအညီဖြင့် ဆိုလျှင် မုန့်ချင်းရွှယ်သည် သူစေလွှတ်ထားသည့် လူငယ်နှစ်ယောက်ကို မကြာခင်အချိန်အတွင်း အနိုင်ယူသွားလိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် သူ၏ အခြေအနေသည် အလွန်တရာ အားနည်းသွားလိမ့်မည် မဟုတ်ပါလား။

"ယဲ့ဝူကျီ မင်းက ကျန်းချန်အတွက် အသက်ကိုတောင် ရင်းနိုင်တယ်ဆိုတော့ ကျန်းချန်က မင်းကို ဘယ်လို အကျိုးခံစားခွင့်တွေ ပေးထားလို့လဲ.. မင်း မုန့်ချင်းရွှယ်ကို ကြိုက်နေတယ်မဟုတ်လား.. မင်းသာ ငါ့ကိုကူညီပေးမယ်ဆိုရင် မုန့်ချင်းရွှယ်ကို အနာဂတ်မှာ မင်းပိုင်ဆိုင်စေရမယ်.. ဒါ့အပြင် မင်းတောင်းဆိုတဲ့ ဘယ်လို အ‌ခြေအနေမျိုးမဆို ငါသဘောတူပေးမယ်"

ကျန်းကျွင်း၏ မျက်လုံးက အနည်းငယ် လင်းလက်သွားခဲ့သည်။

ယခုအခါတွင် သူ့အတွက် အကောင်းဆုံး နည်းလမ်းမှာ ယဲ့ဝူကျီကို သူတို့ ဘက်သို့ ပါလာရန် ဆွဲဆောင်ဖို့သာ ဖြစ်သည်။

"ကျန်းကျွင်း မင်းလို အရှက်မရှိတဲ့ လူယုတ်မာနဲ့ ငါယဲ့ဝူကျီက တစ်ဖက်တည်း အတူတူနေစရာအကြောင်း ဘာမှမရှိဘူး.. မင်းကို ငါက အကူအညီပေးရအောင် မင်းက ထိုက်တန်မှု ရှိလို့လား"

ယဲ့ဝူကျီက မဲ့ပြုံးပြုံးလိုက်ပြီး ချက်ချင်းပင် တိုက်ပွဲအတွင်းကို ဝင်ရောက်ကာ မုန့်ချင်းရွှယ်ကို တိုက်ခိုက်နေသည့် လူငယ်နှစ်ယောက်ကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

ဤမြင်ကွင်းကို မြင်လျှင် ကျန်းကျွင်း၏ မျက်နှာသည် ရုတ်တရက် အလွန်တရာ ခက်ထန်သွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏အကြည့်သည် ကျန်းချန်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

"ကျန်းချန်. မင်းနဲ့ ငါနဲ့ ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင် နှစ်ဖက်စလုံး ထိခိုက်နိုင်တယ်.. မင်း ယဲ့ဝူကျီကို ရပ်ခိုင်းလိုက်ပါ.. ဒါဆိုရင် ငါဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ကို ဖယ်ရှားပေးမယ်.. ပြီးရင် ငါတို့တွေ သားရဲဝိညာဥ်တွေကို လိုက်ရှာပြီး နဂါးစွမ်းအင်ကို ရယူဖို့အတွက် တရားမျှမျှတတယှဥ်ပြိုင်ကြမယ်.. မင်းဘယ်လိုသဘောရလဲ"

ထိုစကားကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်း‌ထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ လှောင်ပြောင်သောအသံသည် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။

"မင်းက တရားမျှတစွာ ယှဥ်ပြိုင်ချင်တယ်လား.. စိတ်မကောင်းပါဘူး.. မင်းမှာ ဒီအခွင့်အရေး မရှိတော့ဘူး"

အခန်း(၁၄၇၅)ပြီး၏။

အခန်း(၁၄၇၆)

စကားဆုံးသည်နှင့် ကျန်းချန်က ကျန်းကျွင်းကို လျစ်လျူရှုလိုက်ပြီး ပိုင်ချိုးဟန်၏ သိုလှောင်လက်စွပ်ထဲမှ သားရဲဝိညာဥ်အမြုတေကို တိုက်ရိုက်ပင် ထုတ်ယူလိုက်ကာ နဂါးစွမ်းအင်များကို အတုအယောင်ဧကရာဇ်စည်းတံဆိပ်ထဲသို့ ထည့်သွင်းလိုက်သည်။

ယခုအခါတွင် ယဲ့ဝူကျီ ရောက်ရှိလာသည့် အတွက် ကျန်းချန်သည် မုန့်ချင်းရွှယ်၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုအပ်တော့ပေ။

ကျန်းကျွင်းက သူ့ကို ဒြပ်စင်ငါးပါး နဂါးထောင်ချောက် အစီအရင်ဖြင့် ထောင်ချောက်ဆင်ထားလျှင်ပင် သူက စိတ်ချလက်ချဖြင့် နဂါးစွမ်းအင်များကို စုပ်ယူကာ အတုအယောင်ဧကရာဇ် စည်းတံဆိပ်ထဲမှ နဂါးပုံစံ ကောက်ကြောင်းများကို လင်းစေနိုင်မည် ဖြစ်သည်။

အတုအယောင် ဧကရာဇ်စည်းတံဆိပ်မှ နဂါးပုံစံကောက်ကြောင်း (၉၉)ခုစလုံး လင်းသွားသရွေ့ သူက ဧကရာဇ် စစ်ဆေးပွဲတွင် အနိုင်ရရှိသွားပြီ ဖြစ်ရာ ကျန်းကျွင်းနှင့် အဘယ်ကြောင့် တရားမျှတစွာ ယှဥ်ပြိုင်နေရဦးမည်နည်း။

ကျန်းချန်၏ လုပ်ရပ်သည် ကျန်းကျွင်းကို ရုတ်တရက် မျက်မှောင်ကြုတ်သွားစေခဲ့သည်။

သူ၏ စိတ်နှလုံးထဲတွင် မကောင်းသောခံစားချက်တစ်ခုကို ရရှိနေခဲ့၏။

"ဒီကောင်က နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းပြီးသွားပြီလား"

ကျန်းကျွင်းနှင့် တခြားသူများ၏ အကြည့်အောက်မှာပင် ကျန်းချန်သည် လုပ်ရိုးလုပ်စဥ် အတိုင်းပင် သားရဲဝိညာဥ်အမြုတေထဲမှ နဂါးစွမ်းအင်များကို စုပ်ယူကာ အတုအယောင် ဧကရာဇ် စည်းတံဆိပ်ထဲကို ထည့်သွင်းလိုက်သည်။

မကြာခင်မှာပင် အတုအယောင် ဧကရာဇ်စည်းတံဆိပ်ထဲမှ ကျန်ရှိနေသည့် နဂါးပုံစံ ကောက်ကြောင်း (၂၂)ခုသည် ကျန်းချန်ကြောင့် လင်းလက်လာခဲ့၏။

နဂါးပုံစံ ကောက်ကြောင်း (၉၉)ခုလုံး လင်းသွားသည်နှင့်တစ်ပြိုင်နက် အတုအယောင် ဧကရာဇ်စည်းတံဆိပ်ထဲကနေ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်တောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

အဝေးကနေ ကြည့်လျှင် နဂါးစွမ်းအင်များဖြင့် ဝန်းရံနေသော ကျန်းချန်၏ ပုံစံသည် နတ်ဘုရားကဲ့သို့ပင် ထင်ရ၏။

ဤအချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သူက တကယ်ပဲ နဂါးစွမ်းအင်(၉၉)ခုလုံးကို စုဆောင်းနိုင်ခဲ့တယ်လား.. ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းကျွင်း၏ မျက်လုံးက ပြူးကျယ်သွားခဲ့ပြီး သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

ဧကရာဇ်စစ်ဆေးပွဲ အတွက် ကျန်းကျွင်းသည် အချိန်များစွာယူကာ အပြည့်အဝ ပြင်ဆင်ထားခဲ့သည်။

သို့တိုင် သူယခု ပိုင်ဆိုင်ထားသည့် နဂါးစွမ်းအင်သည် (၄၀)သာရှိပြီး အတုအယောင် ဧကရာဇ် စည်းတံဆိပ်ထဲမှ နဂါးပုံစံ ကောက်ကြောင်း၏ တစ်ဝက်ကိုပင် လင်းအောင် မလုပ်နိုင်သေးပေ။

သို့သော်လည်း သူ၏ရှေ့မှ ကျန်းချန်ကမူ ယဲ့ဝူကျီနှင့်မုန့်ချင်းရွှယ်တို့နှင့်အတူ ဤမျှတိုတောင်းသည့်အချိန်အတွင်းမှာပင် နဂါးစွမ်းအင်(၉၉)ခုလုံးကို စုဆောင်းနိုင်ခဲ့သည်။

"ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျန်းကျွင်း မသိလိုက်သည်မှာ ကျန်းချန်သည် ကျန်းရီနှင့်ကျန်းယန်တို့ အဖွဲ့ကို လုယက်ခဲ့သည့် အပြင် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များကိုပါ လုယက်ခဲ့ခြင်း ဖြစ်သည်။

ယခုလေးတင် ရရှိခဲ့သည့် ပိုင်ချိုးဟန်၏ သိုလှောင်လက်စွပ်ထဲမှ သားရဲဝိညာဥ် အမြုတေများကိုပါ ထည့်တွက်ခဲ့လျှင် ကျန်းချန် လုယူခဲ့သည့် နဂါးစွမ်းအင် အရေအတွက်သည် အနည်းဆုံး ၈၀ သို့မဟုတ် ၉၀ ဖြစ်သည်။

သို့ဖြစ်ရာ သူရရှိထားသည့် နဂါးစွမ်းအင်နှင့် ပေါင်းလိုက်လျှင် နဂါးစွမ်းအင် (၉၉)ခုကို စုဆောင်းရန်မှာ အလွယ်လေးပင် ဖြစ်သည် မဟုတ်ပါလော။

"ဒီကောင်က မမျှော်လင့်ဘဲ နဂါးစွမ်းအင် (၉၉)ခုကို စုဆောင်းနိုင်ခဲ့တယ်လား"

ရွှေရောင်အလင်းများဖြင့် တောက်ပနေသော ကျန်းချန်ကိုကြည့်ကာ ယဲ့ဝူကျီသည်လည်း ကျန်းကျွင်း ကဲ့သို့ပင် အံ့အားသင့် မှင်တက်နေခဲ့သည်။

မူလက ယဲ့ဝူကျီသည် ကျန်းချန်က သူ၏ အကူအညီကို ရရှိလျှင်ပင် ဧကရာဇ်စစ်ဆေးပွဲတွင် အနိုင်ရရှိရန် အလွန်ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့ရာတွင် ကျန်းချန်က သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် နဂါးစွမ်းအင်(၉၉)ခုကို ဤမျှအထိ မြန်မြန်ဆန်ဆန် စုဆောင်းနိုင်မည်ဟု မည်သူက ကြိုတင်သိနိုင်ပါအံ့နည်း။

ဤတစ်ကြိမ် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေတွင် ကျန်းချန်ကို အများဆုံးအကူအညီပေးခဲ့သူမှာ နတ်ဘုရားနယ်မြေမှ ရောက်ရှိလာသော ကျင့်ကြံသူများ ဖြစ်သွားခဲ့သည်။

ယဲ့ဝူကျီသည် အမြဲတစေ လွတ်လွတ်လပ်လပ် နေထိုင်တတ်ပြီး မည်သူ့ကိုမှ လေးစားဖူးခြင်း မရှိသလောက်ပင်။

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် ကျန်းချန်ကို လုံးဝလေးစားသွားခဲ့သည်။

ဤကောင်သည် တကယ်ပင် သာမန် မွန်းစတားတစ်ကောင် မဟုတ်ပေ။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ကျန်းချန်၏ လက်ထဲမှ အတုအယောင် ဧကရာဇ်စည်းတံဆိပ်သည် တစ်ခဏအတွင်းမှာပင် ပြောင်းလဲသွားပြီး အစစ်အမှန်ဧကရာဇ်စည်းတံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းကျွင်း၏ လက်ထဲမှ အတုအယောင်ဧကရာဇ်စည်းတံဆိပ်ဖြစ်စေ၊ တခြားလူများ၏ လက်ထဲမှ ကျောက်စိမ်းတံဆိပ်ပြား ဖြစ်စေ အားလုံးသည် ကြေမွသွားခဲ့သည်။

လူတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခု၏ သက်ရောက်မှုကို ချက်ချင်းဆိုသလို ခံလိုက်ရပြီး သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ အတင်းအကျပ် နှင်ထုတ်ခံခဲ့ရ၏။

တစ်ချိန်တည်းမှာပင် နှစ်သက်ဖွယ်ကောင်းသော စနစ်၏ သတိပေးချက်များသည် ကျန်းချန်၏ နားထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင်က နတ်အဆင့်ရတနာ ဖြစ်တဲ့ ဧကရာဇ်စည်းတံဆိပ်ရဲ့ ကောင်းချီးကို ရရှိပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် သန်းငါးရာကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီ"

"ဒင်.. သင်က နတ်အဆင့်ရတနာဖြစ်တဲ့ ဧကရာဇ်စည်းတံဆိပ်ရဲ့ ကောင်းချီးကို ရရှိပြီး ဓားဥပဒေသ အတွေ့အကြုံရမှတ် သန်းငါးရာကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ ဓားဥပဒေသက ဒုတိယအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"

"............"

စနစ်၏ သတိပေးချက်များနှင့် အတူ ကျန်းချန်၏ အစွမ်းအစသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

ဤတစ်ကြိမ် ဧကရာဇ်စစ်ဆေးပွဲသည် သူ့ကို ဤမျှအထိ ကြီးမားသော အကျိုးကျေးဇူးများအား ပေးနိုင်လိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကနေ နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားသည် သာမက ကိုယ်ခံပညာဥပဒေသများတွင်လည်း များစွာတိုးတက်လာခဲ့သည်။

သူ၏ အစွမ်းအထက်ဆုံးဥပဒေသ ဖြစ်သည့် ဓားဥပဒေသပင် ဒုတိယအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့၏။

တခြား ဥပဒေသများကမူ အဆင့်မတတ်သေးသော်လည်း ယခင်ထက် ပို၍ များစွာ အားကောင်းလာခဲ့သည်။

ထို့အပြင် ကျန်းချန်သည် သတ္တမမြောက် ဥပဒေသ ဖြစ်သည့် အသက် ဥပဒေသကိုလည်း အောင်မြင်စွာ နားလည်ခဲ့သည်။

အသက် ဥပဒေသကို နားလည်ပြီးနောက်တွင် ကျန်းချန်၏ ဒဏ်ရာများကို ပြန်လည် ကုစားနိုင်မှုသည် ၁၀ဆကျော်ခန့် တိုးတက်လာခဲ့သည်။

သူရွှယ်လင်ကုန်းမြေတိုက်ကို လာစဥ်ကသာ အသက်ဥပဒေသကို နားလည်နိုင်ခဲ့မည် ဆိုလျှင် သူ၏ ဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် လုပ်ရန် အတွက် အချိန်များစွာ ယူရမည်မဟုတ်ပေ။

အလွန်ဆုံး သုံးရက်အတွင်း သူက အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်မည် ဖြစ်၏။

"ဧကရာဇ် စစ်ဆေးပွဲက ငါ့ကို ဒီအဆင့်ထိ တိုးတက်အောင် လုပ်ဆောင်နိုင်စေမယ်လို့ မထင်ထားခဲ့ဘူး.. ရွှယ်လင်ကုန်းမြေတိုက်ရဲ့ ကိစ္စတွေကို စောစောစီးစီး အဆုံးသတ်နိုင်တော့မယ် ထင်တယ်"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားရုံသာမက ကိုယ်ခံပညာဥပဒေသ၏ စွမ်းအားသည်လည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သူ၏ လက်ရှိ အစွမ်းအစဖြင့် ဆိုလျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် သူလုံးဝ မကြောက်ရွံ့တော့ပေ။

အလွန်တရာ သန်မာသည့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူကလွဲလျှင် ရွှယ်လင်ကုန်းမြေတိုက်ရှိ မည်သူမဆို သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် သူ၏လက်ထဲမှ ရွှေရောင်စည်းတံဆိပ်ကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်သည် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲကနေ လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။

------------------

ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ အင်ပါယာမြို့လည်ရှိ ကြီးမားသော ရင်ပြင်တွင် လူအများအပြားသည် စုဝေးကာ ရှိနေခဲ့ကြသည်။

ကျန်းချန်နှင့်တခြားသူများ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကို ဝင်ရောက်စဥ်ကတည်းကပင် စွမ်းအားကြီးမားသော ကျင့်ကြံသူများသည် ရင်ပြင်ပတ်ပတ်လည်တွင် တိတ်တဆိတ် ရပ်နေခဲ့ကြပြီး ဧကရာဇ်စစ်ဆေးပွဲ ရလဒ်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ထိုသို့ စောင့်ဆိုင်းနေရင်း ရက်အနည်းငယ် ကြာမြင့်သွားခဲ့၏။

ယနေ့တွင်မူ တည်ငြိမ်စွာ ရှိနေသော ရင်ပြင်အထက်ရှိ လေထုသည် အဆုံးသတ်တွင် ပြင်းထန်သော လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။

"ဟိုမှာကြည့်စမ်း လေထု ဖြစ်ပေါ်လာခဲ့ပြီ"

လူတိုင်း၏အကြည့်သည် ရင်ပြင်အလယ်ရှိ လေထုအထက်ကို ရောက်ရှိသွားခဲ့သည်။

တဖြည်းဖြည်းနှင့် ရင်ပြင်အထက်ရှိ လေထုထဲတွင် နေရာလွတ် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ပုံရိပ်တချို့သည် နေရာလွတ် အက်ကြောင်းထဲကနေ ထွက်ပေါ်လာခဲ့ကြသည်။

ကျန်းရီနှင့် ကျန်းယန် အပါအဝင် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားသော ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

"ကျန်းရီနဲ့ ကျန်းယန်တို့က ဘာလို့ ထွက်လာရတာလဲ.. တစ်ယောက်ယောက်က သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲမှာ နဂါးစွမ်းအင် (၉၉)ခုကို စုဆောင်းနိုင်ခဲ့တာများလား"

"ဒါတော့ မဖြစ်နိုင်ဘူး.. နောက်ဆုံး ဧကရာဇ်စစ်ဆေးပွဲမှာ ပါဝင်ခဲ့တဲ့ လူသားဧကရာဇ် ကျန်းဝူရတောင် အချိန်ဆယ်ရက်ယူခဲ့ရတယ်လို့ ပြောကြတယ်"

"............"

ဤမြင်ကွင်းကို မြင်လျှင် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သွားခဲ့ကြသည်။

သူတို့က ဤတစ်ကြိမ်နေရာလွတ် အက်ကြောင်း ဖြစ်ပေါ်လာမှုသည် လူငယ်တစ်ယောက်က အန္တရာယ်ကြောင့် ကျောက်စိမ်းတံဆိပ်ပြားကို ချိုးဖျက်ကာ ထွက်လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်မည်ဟု မူလက ထင်ထားခဲ့ကြသည်။

သို့ရာတွင် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ကျန်းရီနှင့် ကျန်းယန်တို့အပြင် တခြားသူများသည်လည်း သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ ထွက်လာလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

သူ၏ရှေ့မှ အခြေအနေကို ကြည့်ကာ ကျန်းမျိုးနွယ်စုမှ အကြီးအကဲသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကျန်းရီနဲ့ ကျန်းယန် မင်းတို့ ဘာတွေဖြစ်ခဲ့တာလဲ"

အခန်း(၁၄၇၆)ပြီး၏။

All Chapters