အခန်း (၁၄၇၇-၁၄၇၉)
Vol. 99 Ch. 1477-1479
အခန်း(၁၄၇၇)
ကျန်းမျိုးနွယ်စု၏ အကြီးအကဲချုပ် ကျန်းရှင်းပိုင်သည် ဧကရာဇ်စစ်ဆေးပွဲ အကြောင်းကို ကောင်းစွာသိရှိထားခဲ့သည်။
ရွှယ်လင်ကုန်းမြေတိုက်ရှိ ယခင် ဧကရာဇ်စစ်ဆေးပွဲများသည် အများအားဖြင့် ရလဒ်ထွက်ရန် လဝက်နီးပါး ကြာမြင့်တတ်၏။
နောက်ဆုံး ဧကရာဇ်စစ်ဆေးပွဲဖြစ်သည့် ကျန်းဝူရ၏ ဆယ်ရက် ဟူသောစံချိန်သည် သမိုင်းထဲတွင် အမြန်ဆုံး ဖြစ်ခဲ့သည်။
ယခု ဧကရာဇ်စစ်ဆေးပွဲကို စတင်သည်မှာ ငါးရက်ပင် မရှိသေးသည်ဖြစ်ရာ မည်သူက နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းနိုင်ပါအံ့နည်း။
ထို့အပြင် ကိုယ်စားလှယ်လောင်း လေးဦးတွင် တစ်ယောက်ယောက်ကသာ နဂါးစွမ်းအင် (၉၉)ခုကို စုဆောင်းနိုင်ခဲ့မည်ဆိုလျှင် ကျန်ရှိသည့် ကိုယ်စားလှယ်လောင်းသုံးယောက် အပါအဝင် လူငယ်ကျင့်ကြံသူ အားလုံးသည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ တိုက်ရိုက် နှင်ထုတ်ခံရလိမ့်မည် ဖြစ်၏။
ယခု ကျန်းရီနှင့်ကျန်းယန်တို့သာ ပေါ်ထွက်လာခဲ့သည် ဖြစ်ရာ မည်သူကမှ ဧကရာဇ်စစ်ဆေးပွဲကို မကျော်ဖြတ်နိုင်သေးသည်မှာ ထင်ရှားနေ၏။
ကြည့်ရသည်မှာ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် ထိုနှစ်ယောက်ကို ထွက်ခွာရန်အတွက် အတင်းအကျပ် ဖိအားပေးခဲ့သည့် မမျှော်လင့်သော ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားခဲ့ပုံရသည်။
"အကြီးအကဲချုပ် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေရဲ့ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ နတ်ဘုရားနယ်မြေက ပါရမီရှင်တွေ ရောက်လာခဲ့တယ်"
ကျန်းရီက မချိပြုံး ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော်တို့က နတ်ဘုရားနယ်မြေက ပါရမီရှင်တွေနဲ့ ထိပ်တိုက်ဆုံခဲ့ရလို့ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်ခွာခဲ့ရတယ်"
"ဘာ နတ်ဘုရားနယ်မြေက ပါရမီရှင်တွေက သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲမှာ တကယ်ပဲ ပေါ်လာတာလား"
ကျန်းရီ၏ စကားကိုကြားပြီးနောက်တွင် ကျန်းရှင်းပိုင်နှင့် တခြားသူများ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေသည် အင်ပါယာမြို့တော်နှင့်အတူ ရွှယ်လင်ကုန်းမြေတိုက်တွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူတို့က ဤလျှို့ဝှက်နယ်မြေသည် နတ်ဘုရားနယ်မြေတွင် ရှိသည့် အင်အားစု တစ်စု၏ လျှို့ဝှက်နယ်မြေ ဖြစ်သည်ကို ကောင်းစွာ သိရှိထားခဲ့ကြသည်။
အကြောင်းအရင်းမှာ ဤလျှို့ဝှက်နယ်မြေနှင့် အင်ပါယာမြို့တော်သည် ရွှယ်လင်ကုန်းမြေတိုက် ပေါ်သို့ အတူတူဆင်းသက်လာခဲ့သောကြောင့်ပင်။
သို့သော်လည်း သူတို့ ရွှယ်လင်ကုန်းမြေတိုက်သည် လျှို့ဝှက်နယ်မြေကို နှစ်ထောင်ပေါင်းများစွာ ထိန်းချုပ်ခဲ့သော်လည်း မည်သည့် အပြောင်းအလဲမှ မရှိခဲ့ပေ။
ဤတစ်ကြိမ် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ ထွက်ပေါ်လာခြင်းသည် နတ်ဘုရား နယ်မြေမှာ ရှိသည့် အင်အားစုနှင့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေသို့ ပြန်လည် ဆက်သွယ်နိုင်ခဲ့သည့် အဓိပ္ပါယ်ပင် မဟုတ်ပါလော။
"အကြီးအကဲချုပ် ရှင်းပိုင်.. သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေရဲ့အခြေအနေက ပြောင်းလဲသွားတဲ့ အတွက် ဧကရာဇ်စစ်ဆေးပွဲကို ဒီမှာပဲ ရပ်တန့်လိုက်သင့်တယ်လို့ ငါထင်တယ်"
"အမှန်ပဲ ဧကရာဇ်စစ်ဆေးပွဲကို ဖျက်သိမ်းမှဖြစ်မယ်.. နောက်မှပဲ ရက်ကောင်းရက်မြတ် ရွေးပြီး ဧကရာဇ်စစ်ဆေးပွဲကို ထပ်မံ ကျင်းပသင့်တယ်လို့ ထင်တယ်"
"........."
ဤအချိန်တွင် လူသားမျိုးနွယ်စုမှ အကြီးအကဲများသည် သူတို့၏ အမြင်များကို ထုတ်ပြောလာခဲ့ကြသည်။
အထူးသဖြင့် ကျန်းရီနှင့် ကျန်းယန်တို့ကို ထောက်ခံသူများသည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ သူတို့၏ ကိုယ်စားလှယ်လောင်း ထွက်လာရသည်ကိုမြင်လျှင် ဧကရာဇ်စစ်ဆေးပွဲကို ဆက်လက် ကျင်းပဖြစ်ရန် မလိုချင်တော့ပေ။
အကြီးအကဲချုပ် ကျန်းရှင်းပိုင်က မျက်မှောင်ကြုတ်လိုက်ပြီး လေထုထဲတွင် ရှိနေသည့် ဧကရီ ကျီဝူရွှမ်ကို မော့ကြည့်လိုက်သည်။
"ဧကရီကျီ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေရဲ့ အပြောင်းအလဲက ဧကရာဇ်စစ်ဆေးပွဲရဲ့ အခြေအနေကို ထိခိုက်မှု ရှိနေခဲ့ပြီ.. ဧကရာဇ်စစ်ဆေးပွဲရဲ့အခြေအနေကို ရပ်ဆိုင်းလိုက်သင့်လား"
ကျီဝူရွှမ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ဧကရာဇ် စစ်ဆေးပွဲက သာမန်ကိစ္စမှ မဟုတ်တာ ရပ်တန့်ချင်တိုင်း ရပ်တန့်လိုက်လို့ မရဘူး"
"ဧကရီကျီ ကျွန်တော်တို့လည်း ဧကရာဇ်စစ်ဆေးပွဲကို ရပ်ဆိုင်းလိုက်ဖို့ အလိုမရှိပါဘူး.. ဒါပေမဲ့ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲမှာ နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေ ရောက်ရှိနေခဲ့ပြီ.. သူတို့ကြောင့် ဧကရာဇ်စစ်ဆေးပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်းတွေ အတွက် အသက်အန္တရာယ် ရှိနိုင်တယ်"
ကျန်းမျိုးနွယ်စုမှ အကြီးအကဲ တစ်ယောက်က ပြောလိုက်သည်။
"ဧကရာဇ်စစ်ဆေးပွဲရဲ့ ရည်ရွယ်ချက်က ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စု အတွက် ဧကရာဇ်အသစ် တစ်ပါးကို ရွေးချယ်ဖို့ပဲ လူသားဧကရာဇ် နေရာကို ဆက်ခံပြီး သွေးဝိညာဥ် မျိုးနွယ်စုကို တိုက်ခိုက်ဖို့အတွက် လူသားမျိုးနွယ်စုကို ဦးဆောင်ချင်ရင်တော့ ဘယ်လို စိန်ခေါ်မှုမျိုးကိုမှ ကြောက်ရွံ့နေလို့ မဖြစ်ဘူး.. မမျှော်လင့်တဲ့အခြေအနေတစ်ခု ဖြစ်ပေါ်နေတဲ့ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲမှာ နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းနိုင်မယ်ဆိုရင် ရာဇပလ္လင်ကို ဆက်ခံဖို့ ပိုပြီး အရည်အချင်း မပြည့်မီသွားဘူးလား"
ကျီဝူရွှမ်က နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။
"ဘယ်သူမှ ထပ်ပြောစရာမလိုတော့ဘူး.. ဧကရာဇ်စစ်ဆေးပွဲကို ပုံမှန်အတိုင်းပဲ ဆက်လက်ကျင်းပမယ်"
ကျီဝူရွှမ်၏ စကားကိုကြားလျှင် လူသားမျိုးနွယ်စုမှ အင်အားကောင်းသော ကျင့်ကြံသူများသည် ဘာမှထပ်ပြီး စောဒကမတတ်ဝံ့ကြတော့ပေ။
မည်သို့ပင်ဖြစ်စေ ကျီဝူရွှမ်၏ စကားများသည် အလွန်ပင် မှန်ကန်၏။
ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဤဖိအားကို အမှန်တကယ် ခံနိုင်ရည်ရှိပြီး ဧကရာဇ်စစ်ဆေးပွဲကို အနိုင်ရရှိခဲ့မည်ဆိုလျှင် ယခင် ဧကရာဇ်စစ်ဆေးပွဲတွင် အနိုင်ရရှိသူများထက် ပို၍ပင် ယုံကြည်နိုင်စရာ ပိုကောင်းလိမ့်မည် မဟုတ်ပါလော။
သို့သော်လည်း သူတို့သည် ကျန်းကျွင်းနှင့် ကျန်းချန်တို့ နှစ်ယောက်စလုံးက နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ ရောက်ရှိနေသည့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းကာ ဧကရာဇ်စစ်ဆေးပွဲတွင် အနိုင်ရရှိသူ ဖြစ်လာနိုင်မည် မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။
လူတိုင်း၏ ဆွေးနွေးမှု ပြီးဆုံးသွားသောအချိန်မှာပင် ရင်ပြင်အထက်ရှိ လေထုတွင် နေရာလွတ် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြန်သည်။
လူတိုင်းက အလျင်အမြန် မျှော်ကြည့်လိုက်ရာ နေရာလွတ်အက်ကြောင်းထဲကနေ လူဆယ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသည်။
"ဒါ ကျန်းကျွင်းပဲ.. သူလည်း သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာခဲ့ပြီလား"
ကျန်းကျွင်းပါ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာသည်ကိုမြင်လျှင် ရင်ပြင်ပေါ်ရှိ လူများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
ကျန်းကျွင်းတို့ လူစုသည်လည်း နတ်ဘုရားနယ်မြေမှ ပါရမီရှင်များနှင့် တွေ့ကြုံခဲ့ရပါသလော။
"မဟုတ်သေးဘူး.. ဒီတစ်ကြိမ် သားရဲဝိညာဥ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်သွားတဲ့ လူငယ်ပါရမီရှင်(၃၀)မှာ ကျန်းချန်ကလွဲလို့ ကျန်တဲ့ ၂၉ ယောက်လုံးက သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ ထွက်လာတာကို မင်းတို့တွေ သတိထားမိလား"
ထိုအချိန်မှာပင် မျက်စိလျင်သည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်က ရုတ်တရက် တီးတိုးရေရွတ်လိုက်သည်။
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ စကားကိုကြားလျှင် ဘေးပတ်ပတ်လည်မှ လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
ထိုအတိုင်းသာဆိုလျှင် ကျန်းချန်သည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းပြီး ဧကရာဇ်စစ်ဆေးပွဲ၏ တစ်ဦးတည်းသော အနိုင်ရသူ ဖြစ်လာခဲ့ပါသလော။
"ကျန်းကျွင်း မင်းလည်း ဒီလောက်ထိ မြန်မြန်ဆန်ဆန် ထွက်လာလိမ့်မယ်လို့ မထင်ထားမိဘူး.. မင်းလည်း ငါတို့လို နတ်ဘုရားနယ်မြေက ပါရမီရှင်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာလား"
သူ့ရှေ့တွင် ထွက်ပေါ်လာသည့် ကျန်းကျွင်းကို ကြည့်ကာ ကျန်းရီ၏ မျက်နှာထက်တွင် ဝမ်းသာသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းကျွင်းလိုလူပင် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များကြောင့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ ထွက်လာခဲ့ရသည် ဖြစ်ရာ ကျန်းချန်သည် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေတွင် အချိန်အကြာကြီး နေနိုင်မည် မဟုတ်လောက်ပေ။
ဤအတိုင်းသာဆိုလျှင် ဧကရာဇ် စစ်ဆေးပွဲတွင် သူတို့လေးယောက်စလုံးသည် ရှုံးနိမ့်မှုဖြင့်သာ အဆုံးသတ်ရတော့မည်ဖြစ်သည်။
"ဧကရီကျီ ကိုယ်စားလှယ်လောင်း သုံးယောက်ထဲမှာ ဘယ်သူကမှ ဧကရာဇ်စစ်ဆေးပွဲကို အနိုင်မရခဲ့ဘူး ဆိုတော့ ကျွန်တော်တို့ နောက်ထပ် ဧကရာဇ်စစ်ဆေးပွဲ ကျင်းပဖို့ ကံကြမ္မာပါနေပြီထင်တယ်"
ကျန်းကျွင်းတို့လူစု သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲကနေ ပြန်ရောက်လာသည်ကိုမြင်လျှင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲ တစ်ယောက်သည် ကျီဝူရွှမ်ကို ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲ မေ့သွားပြီလား.. ဒီတစ်ကြိမ် ကျင်းပတဲ့ ဧကရာဇ်စစ်ဆေးပွဲမှာ ငါတို့ ကျန်းမျိုးနွယ်စုရဲ့ ကိုယ်စားလှယ်လောင်းက လေးယောက်ရှိတယ် ဆိုတာ အကြီးအကဲ မေ့နေပြီလား"
ကျီဝူရွှမ်၏ စကားကိုကြားလျှင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲက ပြုံးကာ ပြောဆိုလိုက်သည်။
"ကျန်းချန်က စွမ်းရည် မဆိုးပေမဲ့လည်း အခုအချိန်မှာ သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေက နတ်ဘုရားနယ်မြေက ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတယ်.. ကျန်းချန်က နတ်ဘုရားနယ်မြေက ပါရမီရှင်တွေရဲ့ မျက်စိအောက်မှာ နဂါးစွမ်းအင်ကို စုဆောင်းနိုင်မယ်လို့ ဧကရီကျီ ထင်လား"
ထိုအကြီးအကဲ၏ စကားကိုကြားလျှင် ကျီဝူရွှမ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူမက စကားပြောတော့မည့် အချိန်မှာပင် လေထုထဲတွင် နောက်ထပ် နေရာလွတ် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် ရွှေရောင်အလင်းများ လွှမ်းခြုံနေသည့် ပုံရိပ်တစ်ခုသည် နေရာလွတ် အက်ကြောင်းထဲကနေ ဖြည်းဖြည်းချင်း ထွက်လာသည်ကို အားလုံးက မြင်လိုက်ရသည်။
"ကျန်းချန်လား"
လေထုထဲကနေ ထွက်ပေါ်လာသည့် ပုံရိပ်ကိုမြင်လျှင် ရင်ပြင်ပေါ်ရှိ လူသားမျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ချန်အာ.. မင်း.. မင်း နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းနိုင်ခဲ့တယ်လား"
ကျန်းချန်၏ အရှိန်အဝါကို ခံစားမိလျှင် ကျီဝူရွှမ်၏ လှပသောမျက်လုံးလေးတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူမက ကျန်းချန်ကို အမြဲတစေ ယုံကြည်မှု ရှိခဲ့သော်လည်း နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ ထွက်ပေါ်လာသည့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် ကျန်းချန်သည် နဂါးစွမ်းအင် (၉၉)ခုကို ဤမျှလောက်ထိ မြန်မြန်ဆန်ဆန် စုဆောင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျန်းချန်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။
"အမေ.. ကျွန်တော် အမေ့ကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား"
"သေချာတာပေါ့.. မင်းက ငါကျီဝူရွှမ်ရဲ့ သားဖြစ်ဖို့ တကယ်ပဲထိုက်တန်မှု ရှိတယ်"
ကျီဝူရွှမ်က အားပါးတရ ပြုံးကာ ပြောလိုက်သည်။
ရင်ပြင်ပေါ်ရှိ အင်အားကောင်းသော ကျင့်ကြံသူများသည် ကျန်းချန်၏ စကားကိုကြားလျှင် မှင်တက်သွားခဲ့ကြပြီး တစ်ခဏအတွင်း ပြန်လည် မသက်သာလာခဲ့ကြပေ။
ရင်ပြင်ပတ်ဝန်းကျင်သည် တစပြင်နှယ် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။
"ကျန်းချန် ဒီကောင်က ဧကရာဇ်စစ်ဆေးပွဲကို တကယ်ပဲအနိုင်ရခဲ့တယ်လား ဒါ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အခန်း(၁၄၇၇)ပြီး၏။
အခန်း(၁၄၇၈)
"ဒီကောင်က နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းနိုင်ခဲ့တယ်လား ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းရီနှင့်ကျန်းယန်တို့က လေထုထဲရှိ ရွှေရောင်အလင်းများဖြင့် ဝန်းရံနေသော ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့ကြသည်။
သူတို့က သူတို့၏မျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေခဲ့၏။
သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေထဲတွင် အင်ပါယာအဆင့်သားရဲဝိညာဥ်များကို လိုက်လံရှာဖွေရန်မှာ မလွယ်ကူပေ။
ဤငါးရက်အတွင်း သူတို့သည် နဂါးစွမ်းအင်များကို သိပ်မရခဲ့ပေ။
ကျန်းချန်က သူတို့အဖွဲ့ကို ဓားပြတိုက်ကာ နဂါးစွမ်းအင်များကို လုယက်ခဲ့လျှင်ပင် နဂါးစွမ်းအင် (၉၉)ခုကို ဤမျှအထိ မြန်မြန်ဆန်ဆန် စုဆောင်းရန် မည်သို့မှ မဖြစ်နိုင်ပေ။
ကောင်းကင်ယံတွင် ရှိနေသော ကျန်းမျိုးနွယ်စုမှ အကြီးအကဲများသည် ကျန်းချန်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
သိထားရမည့်အချက်မှာ ကျန်းချန်သည် လွန်ခဲ့သော လဝက်က အလွန် အစွမ်းထက်သည့် အစွမ်းအစကို ပြသခဲ့ပြီး ဧကရာဇ် စစ်ဆေးပွဲတွင် ပါဝင်မည့် စတုတ္ထမြောက် ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့၏။
သို့သော်လည်း သူပြန်ရောက်လာသည့် အချိန်သည် တိုတောင်းလွန်းသည့် အတွက် အဆက်အသွယ်နှင့် သြဇာလွှမ်းမိုးမှုတွင် တခြားသော ကိုယ်စားလှယ်လောင်းများထက် နိမ့်ကျနေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ဧကရာဇ်စစ်ဆေးပွဲကို ဝင်ရောက် ယှဥ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း လေးဦးထဲတွင် အားအနည်းဆုံး ဖြစ်၏။
သို့ရာတွင် အားအနည်းဆုံး ကိုယ်စားလှယ်လောင်းသည် ဤမျှ တိုတောင်းသော အချိန်အတွင်း နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းကာ အနိုင်ရသူ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မတွေးမိခဲ့ပေ။
နှစ်သန်းပေါင်းများစွာ အကြာတွင် ရွှယ်လင်ကုန်းမြေတိုက်မှ လူသား မျိုးနွယ်စုသည် လူသားဧကရာဇ် စုစုပေါင်း ဆယ်ယောက်ကို မွေးဖွားခဲ့ပြီးပြီ ဖြစ်သည်။
ပထမဆုံး လူသားဧကရာဇ်မှလွဲ၍ ကျန်လူသားဧကရာဇ် ကိုးယောက်သည် ဧကရာဇ်စစ်ဆေးပွဲမှ တစ်ဆင့် ရွေးချယ်ခဲ့ကြခြင်းဖြစ်၏။
ယခင် ဧကရာဇ်စစ်ဆေးပွဲများတွင် ကျန်းချန်ကဲ့သို့ ငါးရက်ပင် မပြည့်သေးသော အချိန်မှာပင် မည်သူကမှ ဧကရာဇ်စစ်ဆေးပွဲကို အနိုင်ရရှိခဲ့ခြင်းမျိုး မရှိခဲ့ပေ။
ထို့အပြင် ဤတစ်ခေါက်တွင် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေ၏ အခြေအနေက ပြောင်းလဲသွားခဲ့ပြီး နတ်ဘုရားနယ်မြေမှ ပါရမီရှင်များပင် ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။
"ဟားဟား အရှင်မင်းသား ကျန်းချန်က တကယ်ကို ထူးခြားတဲ့ပါရမီရှင်ပဲ.. ဒီလိုခက်ခဲတဲ့ အခြေအနေမှာတောင် ဧကရာဇ်စစ်ဆေးပွဲကို အနိုင်ရအောင် လုပ်ဆောင်နိုင်ခဲ့တယ်"
"အမှန်ပဲ လူသားမျိုးနွယ်စုရဲ့ (၁၁)ယောက်မြောက် လူသားဧကရာဇ်နေရာက အရှင်မင်းသား ကျန်းချန်နဲ့ပဲ ထိုက်တန်မှုရှိတယ်"
".........."
ကျန်းချန်ကို ထောက်ခံသော လူသားမျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူများသည် ရယ်မောကာ ရေရွတ်လိုက်ကြသည်။
သူတို့က ကျန်းဝူရ၏ လူယုံများဖြစ်၍ ရာဇပလ္လင်ကို ကျန်းချန်ဆက်ခံရန် မျှော်လင့်ခဲ့ကြသူများ ဖြစ်သည်။
သို့သော်လည်း ကျန်းမျိုးနွယ်စုသို့ ကျန်းချန် ပြန်ရောက်လာသောအချိန်သည် တိုတောင်း၍ ဧကရာဇ်စစ်ဆေးပွဲတွင် အနိုင်ရရှိရန် မလွယ်ကူမှန်း သူတို့ သိထားခဲ့သည်။
သို့ရာတွင် ကျန်းချန်သည် အလွန်တရာခက်ခဲသော အခြေအနေထဲမှာပင် ဧကရာဇ်စစ်ဆေးပွဲ၏ အနိုင်ရသူဖြစ်လာခဲ့၏။
ဤကဲ့သို့သောသူက လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ် မဖြစ်လာနိုင်လျှင် အခြား မည်သူက ဖြစ်နိုင်ပါမည်နည်း။
"ငါးရက်အတွင်းမှာ ဘယ်လိုလုပ်ပြီး နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းနိုင်မှာလဲ"
ကျန်းမျိုးနွယ်စုမှ အကြီးအကဲ တစ်ယောက်က အချိန်အတော်ကြာမှ ပြန်လည် သတိပြန်ဝင်လာပြီးနောက်တွင် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သူက ကျန်းချန်ကို သံသယ မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ဒါက အရမ်းရိုးရှင်းပါတယ်.. ကျွန်တော်က နတ်ဘုရားနယ်မြေက ပါရမီရှင်တွေ ရှာဖွေထားတဲ့ အင်ပါယာအဆင့် ဝိညာဥ်အမြုတေတွေကို လုယက်ပြီး နဂါးစွမ်းအင် (၉၉)ခုကို စုဆောင်းနိုင်ခဲ့တာပါ"
"နတ်ဘုရားနယ်မြေက ပါရမီရှင်တွေဆီကနေ လုယက်ခဲ့တယ်လား"
လူတိုင်းက ကျန်းချန်၏ စကားကိုကြားလျှင် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြသည်။
ကိုယ်စားလှယ်လောင်းနှစ်ဦး ဖြစ်သည့် ကျန်းရီနှင့် ကျန်းယန်တို့သည် နတ်ဘုရားနယ်မြေမှ ပါရမီရှင်နှင့် ကြုံတွေ့ရပြီးနောက်တွင် အရှက်တကွဲဖြင့် သားရဲဝိညာဥ် လျှို့ဝှက်နယ်မြေကနေ ထွက်ခွာရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။
သို့သော်လည်း သူတို့ရှေ့မှ ကျန်းချန်ကမူ နတ်ဘုရားနယ်မြေမှ ပါရမီရှင်များကိုပင် လုယက်လိုက်သေး၏။
"မဖြစ်နိုင်ဘူး.. နတ်ဘုရားနယ်မြေရဲ့ ပါရမီရှင်တွေက အစွမ်းထက်တယ်.. အားအနည်းဆုံးသူတောင် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် အထွတ်အထိပ်မှာရှိပြီး အဲဒီထဲမှာ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတွေတောင် ပါဝင်နေတယ်.. ဒါ့အပြင် သူတို့တွေက အဆင့်ကျော်ပြီးလည်း တိုက်ခိုက်နိုင်စွမ်း ရှိကြတယ်.. မင်းက နတ်ဘုရားနယ်မြေက ပါရမီရှင်တွေကို လုယက်ခဲ့တယ်လို့ပြောခဲ့တယ်.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းရီက မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
သူက နတ်ဘုရားနယ်မြေမှ ပါရမီရှင်များ၏ အစွမ်းအစကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။
ကျန်းချန်၏ တိုက်ခိုက်နိုင်စွမ်းက သူတို့ထက် ပိုမိုအားကောင်းလျှင်ပင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များကို အနိုင်ယူပြီး ၎င်းတို့၏ စိတ်ဝိညာဥ် အမြုတေများကို လုယက်နိုင်လောက်မည် မဟုတ်ပေ။
"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"
ကျန်းချန်က ရင်ပြင်ပေါ်မှ လူများကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
"ငါက နဂါးစွမ်းအင်(၉၉)ခုကို ဘယ်လိုပဲ စုဆောင်းစုဆောင်း အခုအချိန်မှာ ဧကရာဇ်စစ်ဆေးပွဲရဲ့ အနိုင်ရသူပဲ.. ငါက လူသားမျိုးနွယ်စုရဲ့(၁၁)ပါးမြောက် လူသားဧကရာဇ် ဖြစ်လာမှာကို ကန့်ကွက်ချင်တဲ့သူ ဘယ်သူရှိလဲ"
"မင်းက နယ်ဘုရားနယ်မြေရဲ့ ပါရမီရှင်ကို အနိုင်ယူပြီး သူတို့ဆီက ဝိညာဥ်အမြုတေကို လုယက်နိုင်တယ်လို့ ပြောခဲ့တဲ့အတွက် မင်းမှာ နတ်ဘုရားနယ်မြေက ပါရမီရှင်တွေကို အနိုင်ယူနိုင်တဲ့ စွမ်းရည်ရှိတယ် ဆိုတာကို လူတိုင်း မြင်သာအောင် ပြသင့်တယ် မထင်ဘူးလား.. မဟုတ်ရင် မင်းရဲ့စကားလေးနဲ့ ဒီမှာရှိတဲ့ လူတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်စေနိုင်မှာလဲ"
ထိုအချိန်တွင် ကျန်းမျိုးနွယ်စုမှ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် အကြီးအကဲတစ်ယောက်သည် ရှေ့သို့ ထွက်လာခဲ့ပြီး ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ ခင်ဗျားက ကျုပ်ကို စမ်းသပ်ချင်တယ်ဆိုမှတော့ ကျွန်တော်က သက်သေပြရတော့မှာပေါ့"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏လက်ကို အသာအယာဆန့်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် တစ်ခုသည် ကျန်းမျိုးနွယ်စု အကြီးအကဲဆီသို့ သက်ရောက်လာခဲ့သည်။
ကျန်းမျိုးနွယ်စု အကြီးအကဲ၏ မျက်နှာအမူအရာက အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့ပြီး အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့် စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်ကာ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အတားအဆီး တစ်ခုကို ဖန်တီးလိုက်၏။
သို့သော်လည်း ကျန်းချန်၏ ဓားစွမ်းအင်အောက်တွင် သူ၏ အကာအကွယ် အတားအဆီးသည်စက္ကူစုတ် တစ်ရွက်ကဲ့သို့ ထိတွေ့လိုက်သည်နှင့်ပင် ပြိုလဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားစွမ်းအင်သည် ကျန်းမျိုးနွယ်စုအကြီးအကဲ၏ အကာအကွယ် အတားအဆီး အားလုံးကို ရိုက်ချိုးပစ်လိုက်ပြီး အကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။
"ဖူး"
ကျန်းမျိုးနွယ်စု အကြီးအကဲက ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ လေထုထဲတွင် ပေရာချီ လွင့်စင်သွားခဲ့သည်။
သူက ခေါင်းကိုပင့်၍ တစ်ဖက်တွင် ရှိသည့် ကျန်းချန်ကို ကြည့်လိုက်ရာ အဆုံးသတ်တွင် သူ၏ အိုမင်းသော မျက်ဝန်းထဲ၌ ထိတ်လန့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများသည်လည်း အလားတူပင် ထိတ်လန့်သွားခဲ့ကြသည်။
ကျန်းမျိုးနွယ်စု၏ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်အကြီးအကဲပင် ကျန်းချန်၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။
အရှင်မင်းသား ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
ရင်ပြင်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်က ကျန်းမျိုးနွယ်စုမှ အကြီးအကဲကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်သည်။
"ဒီက အကြီးအကဲ.. ကျွန်တော့်ရဲ့ အစွမ်းအစက နတ်ဘုရားနယ်မြေက ပါရမီရှင်တွေကို လုယက်ဖို့ လုံလောက်ရဲ့လား"
ကျန်းချန်၏ စကားကို ကြားလျှင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲသည် ရှက်ရွံ့သွားခဲ့ပြီး ချက်ချင်းပင် ဆင်ခြေပေးလိုက်သည်။
"မင်းက ဧကရာဇ် စစ်ဆေးပွဲမှာ နဂါးစွမ်းအင်(၉၉)ခုကို စုဆောင်းနိုင်ခဲ့ပြီး ဧကရာဇ်စည်းတံဆိပ်ရဲ့ ကောင်းချီးပေးခြင်းကို ခံခဲ့ရတယ်.. အဲဒါကြောင့် မင်းရဲ့အစွမ်းအစက တိုးတက်လာခဲ့ပြီး အခုအချိန်မှာ ငါ့ကို ယှဥ်နိုင်နေတာပဲ.. ဒါကိုကြည့်ခြင်းအားဖြင့် မင်းလှည့်စားနေတယ်ဆိုတာ သေချာတယ်"
"ခင်ဗျား ဒီလိုပြောလိုက်မယ်ဆိုတာ ကျွန်တော်သိပြီးသားပဲ.. ဒါကြောင့် အစောပိုင်းက တိုက်ခိုက်မှုမှာ ကျွန်တော်ရဲ့အစွမ်းအစကို ၇၀ ရာခိုင်နှုန်းပဲ အသုံးပြုထားခဲ့တယ်.. မဟုတ်ရင် ခင်ဗျားအနေနဲ့ အခုလိုရပ်ပြီး စကားပြောဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး"
ကျန်းချန်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။
"အရှင်မင်းသား ကျန်းချန်က တကယ်ပဲ သူ့ရဲ့ ခွန်အားကို ၇၀ရာခိုင်နှုန်းပဲ အသုံးပြုထားခဲ့တယ်.. ကျန်းဝေ မင်းဆက်ပြီး အရှက်မရချင်ရင် ငါ့ဆီ ပြန်လာခဲ့စမ်း"
ရှင်းပိုင်က ကျန်းမျိုးနွယ်စုမှ အကြီးအကဲကို ကြည့်ကာ ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
အင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေသည့် မဟာအင်ပါယာတစ်ပါး အနေဖြင့် ကျန်းရှင်းပိုင်သည် ကျန်းချန်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်သော်လည်း အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် အစွမ်းကိုသာ အသုံးပြုခဲ့သည်ဆိုသည်ကို မြင်နိုင်ရန် မခက်ခဲပေ။
ကျန်းချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် အဆင့်တူဖြစ်သည့် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင် တစ်ချက်တည်းဖြင့် သေဆုံးသွားလိမ့်မည်ဖြစ်သည်။
ကျန်းဝေဟု အမည်ရသည့် ကျန်းမျိုးနွယ်စုမှ အကြီးအကဲသည် ကျန်းရှင်းပိုင်၏ ဆူပူကြိမ်းမောင်းသံကို ကြားလျှင် နောက်မဆုတ်ချင် ဆုတ်ချင်ဖြင့် နောက်ဆုတ်သွားခဲ့သည်။
ကျန်းချန်က ကျန်းဝေကို လျစ်လျူရှုလိုက်ပြီး ရင်ပြင်ကို ဝေ့ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသော လေသံသည် ပတ်ဝန်းကျင်တွင် ဖြည်းဖြည်းချင်းပဲ့တင်ထပ်သွားခဲ့၏။
"ဒီနေ့ကစပြီး ငါက ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်ပဲ.. ထပ်ပြီး ကန့်ကွက်မဲ့သူ ရှိသေးလား"
အခန်း(၁၄၇၈)ပြီး၏။
အခန်း(၁၄၇၉)
ကျန်းချန်၏ မောက်မာသောလေသံသည် ရင်ပြင်တစ်ခုလုံးကို တစပြင်နှယ် တိတ်ဆိတ်သွားစေခဲ့သည်။
ခဏအကြာတွင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲ ကျန်းရှင်းပိုင်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ စတင် ထောက်ခံလိုက်သည်။
"အရှင်မင်းသား ကျန်းချန်က ဧကရာဇ်စစ်ဆေးပွဲကို အောင်မြင်ခဲ့တဲ့အတွက် ကျွန်တော်မျိုးတို့ ရွှယ်လင်ကုန်းမြေတိုက်ရဲ့ လူသားဧကရာဇ် ဖြစ်သင့်ပါတယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းရှင်းပိုင်သည် ကျန်းချန်ကို တိုက်ရိုက်ပင် ဦးညွှတ်လိုက်သည်။
"ကျန်းမျိုးနွယ်စုရဲ့ အကြီးအကဲချုပ် ဖြစ်တဲ့ ကျန်းရှင်းပိုင်က လူသားဧကရာဇ်ကို ထောက်ခံပါတယ်"
သူက ကျန်းကျွင်းနှင့်ရင်းနှီး၍ ကျန်းကျွင်းကို လူသားမျိုးနွယ်စု၏ လူသားဧကရာဇ်အသစ် ဖြစ်လာရန် အမြဲတစေ ထောက်ခံခဲ့သည်။
သို့သော်လည်း ဧကရာဇ်စစ်ဆေးပွဲက ပြီးဆုံးသွားပြီ ဖြစ်ရာ ကျန်းရှင်းပိုင်သည် လူသားဧကရာဇ် အသစ် တင်မြှောက်ရမည့်ကိစ္စကို ရှောင်လွှဲလို့မရမှန်း သိခဲ့သည်။
သူတို့အနေဖြင့် ဆက်လက် ဆန့်ကျင်နေလျှင်ပင် အဓိပ္ပါယ်မရှိတော့ပေ။
ကျန်းချန်က သူတို့ သတ်မှတ်ထားသည့် ဧကရာဇ်စစ်ဆေးပွဲ မတိုင်မီ အကဲဖြတ်မှုကိုလည်း အောင်မြင်ခဲ့ပြီး ယခုအခါတွင်လည်း ဧကရာဇ်စစ်ဆေးပွဲကိုပါ အနိုင်ရရှိခဲ့သည်။
ထို့အပြင် ဧကရာဇ်စစ်ဆေးပွဲတွင် အပြောင်းအလဲတချို့ ရှိခဲ့သည့်တိုင် ထိုအပြောင်းအလဲသည် ဧကရာဇ် စစ်ဆေးပွဲတွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အားလုံးအပေါ်တွင် သက်ရောက်မှု ရှိခဲ့သည်။
ကျန်းချန်က အခက်အခဲ ဖိအားကို ခံနိုင်ရည်ရှိပြီး ဧကရာဇ်စစ်ဆေးပွဲတွင် အနိုင်ရနိုင်ခဲ့ခြင်းသည်ပင် ကျန်းချန်၏ စွမ်းရည်ကို ပိုပြီး ပေါ်လွင်စေခဲ့၏။
ထို့အပြင် ကျန်းချန်၏ နောက်တွင် ကျီဝူရွှမ်နှင့် ၎င်းကို ထောက်ခံနေသည့် ကျန်းဝူရ၏ လူများစွာ ရှိနေခဲ့သည်။
သို့ဖြစ်ရာ သူတို့သည် ကျန်းချန်ကို အရိုက်အရာ မဆက်ခံနိုင်အောင် တားဆီးနိုင်တော့မည် မဟုတ်ပေ။
ထို့အပြင် ဤတစ်ကြိမ် ကျန်းချန်ကို ရပ်တန့်ဖို့ ကြိုးစားခဲ့လျှင်ပင် ဘာမှထူးလာတော့မည် မဟုတ်တော့ချေ။
လက်ရှိအချိန်တွင် ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာအဆင့်ကိုပင် ယှဥ်နိုင်နေပြီ ဖြစ်ပြီး တခြားသောကိုယ်စားလှယ်လောင်း သုံးဦးသည် ကျန်းချန်ထက် များစွာ နောက်ကျ ကျန်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်စစ်ဆေးပွဲကို ထပ်မံ ပြုလုပ်ခဲ့လျှင်ပင် ရာဇပလ္လင်သည် ကျန်းချန်နှင့်သာ သက်ဆိုင်နေဦးမည်မှာ မလွဲဧကန်ပင် မဟုတ်ပါလော။
"ကျွန်တော်မျိုးတို့လည်း ဧကရာဇ်ကို ထောက်ခံပါတယ်"
ရင်ပြင်သို့ ရောက်ရှိနေကြသည့် ကျန်းဝူရ၏ လူများသည် ကျန်းချန်ကို ဦးညွှတ်ကာ ထောက်ခံလိုက်ကြသည်။
ကျန်ရှိနေသည့် လူများသည်လည်း ကျန်းချန်က ဧကရာဇ်ဖြစ်လာရန် ရှောင်လွှဲလို့ မရမှန်း သိနေခဲ့ကြပြီ ဖြစ်ရာ ကျန်းချန်ကို ဦးညွှတ်ရုံသာ တတ်နိုင်ခဲ့တော့သည်။
ကျန်းချန်က ကိုယ်ပိုင်စွမ်းရည်ဖြင့် အင်အားကြီးမားသော ကျင့်ကြံသူများစွာအား အညံ့ခံစေခဲ့သည်ကို မြင်လျှင် ကျီဝူရွှမ်သည် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဤကလေးသည် ဖခင်ဖြစ်သည့် ကျန်းဝူရထက် မည်သည့်နေရာမှာမှ လုံးဝ မနိမ့်ကျပေ။
ကျန်းချန်၏ စွမ်းရည်ဖြင့်သာ ဆိုလျှင် ရွှယ်လင်ကုန်းမြေတိုက်၏ လူသားမျိုးနွယ်စုကို ကာကွယ်ရန်ဖြစ်သည့် လေးလံသည့် တာဝန်ကို အချိန်အကြာကြီး ဆက်လက်ယူရန် မလိုအပ်လောက်တော့ပေ။
ထိုအချိန်သို့ ရောက်လျှင် သူမသည် နတ်ဘုရားနယ်မြေကို စိုးရိမ်စရာမရှိဘဲ သွားနိုင်ပြီ ဖြစ်၏။
"ကန့်ကွက်လိုတဲ့သူ မရှိတော့ဘူးဆိုရင် ကျန်းချန်က ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ (၁၁)ပါးမြောက် လူသားဧကရာဇ် ဖြစ်လာပြီလို့ ငါကြေညာလိုက်တယ်.. လူသားဧကရာဇ်ရဲ့ နန်းတက်ပွဲကို နောက်သုံးရက် အကြာမှာ ကျင်းပမယ်"
ကျီဝူရွှမ်က ရင်ပြင်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများကို အေးစက်စက် ကြည့်လိုက်သည်။
သူမ၏ လွှမ်းမိုးနိုင်သောအသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
ထို့နောက်တွင် ကျန်းမျိုးနွယ်စုမှ အကြီးအကဲများစွာသည် ကျန်းရှင်းပိုင်၏ ဦးဆောင်မှုအောက်တွင် နန်းတက်ပွဲနှင့်ပတ်သက်၍ ပြင်ဆင်မှုများကို စတင်ခဲ့ကြသည်။
ဤသို့ဖြင့် သုံးရက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့ပြီး ရွှယ်လင်ကုန်းမြေတိုက်မှ လူသားဧကရာဇ်၏ နန်းတက်ပွဲနေ့သည် အဆုံးသတ်တွင် ရောက်ရှိလာခဲ့သည်။
ဤနေ့တွင် အင်ပါယာမြို့တော် တစ်ခုလုံးသည် စည်ကားသိုက်မြိုက်နေခဲ့၏။
ရွှယ်လင်ကုန်းမြေတိုက် တစ်ခုလုံးရှိ ယဲ့မျိုးနွယ်စုနှင့် ကျီမျိုးနွယ်စုတို့ ဦးဆောင်သော အင်အားစု များစွာအပြင် လူသားမျိုးနွယ်စု၏ စစ်ဦးစီးချုပ် ရှစ်ပါးတို့သည်လည်း ကျန်းမျိုးနွယ်စု၏ ကောင်းကင်ဘုံ နန်းတော်ကို အလေးအနက်ပင် လာရောက်ခဲ့ကြပြီး လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ် မွေးဖွားခြင်းကို မျက်မြင် ကြည့်ရှုခဲ့ကြသည်။
ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျန်းချန်သည် နန်းတက်ပွဲအပြီးတွင် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ လူသားဧကရာဇ် ဖြစ်လာခဲ့၏။
နန်းတက်ပွဲ ပြီးနောက်တွင် ကျန်းချန်သည် မအားလပ်တော့ပေ။
သူက ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ် မျိုးနွယ်စုတို့၏ အခြေအနေများကို အပြည့်အဝ နားလည်ရန်အတွက် အချိန်အနည်းငယ် ယူခဲ့ရသည်။
ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စု တို့သည် နှစ်သိန်းပေါင်းများစွာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးနောက်တွင် လက်ရှိအချိန်၌ ၎င်းတို့ အစွမ်းအစသည် ၎င်းတို့ အထွတ်အထိပ်ရောက်သော အချိန်ကာလ၏ ၁၀ပုံ ၁ပုံခန့်သာ ကျန်ရှိတော့သည်။
ယနေ့ခေတ်တွင် လူသားမျိုးနွယ်စုဘက်၌ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ ဟူ၍ ကျီဝူရွှမ် တစ်ယောက်သာ ရှိသည်။
အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူကမူ ၃၀ ကျော်သာ ရှိ၏။
သွေးဝိညာဥ်မျိုးနွယ်စုကမူ အထူးခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိကြပြီး သွေးလမ်းစဥ် ကျင့်ကြံမှုတွင် ထူးချွန်ကြသောကြောင့် အင်ပါယာနယ်ပယ်အဆင့်ကို ရောက်ရှိသည့် အမြန်နှုန်းသည် လူသား မျိုးနွယ်စုထက်ပင် များစွာပို၍ မြန်ဆန်၏။
ထို့ကြောင့် သွေးဝိညာဥ် မျိုးနွယ်စု၏ အလုံးစုံ ခွန်အားသည် လူသားမျိုးနွယ်စုထက် အမြဲတစေ အနည်းငယ် ပို၍ အားကောင်းနေခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်(၁၀၀၀၀)တွင် လူသားမျိုးနွယ်စုသည် ကျန်းဝူရကဲ့သို့ ပါရမီရှင် လူသားဧကရာဇ် တစ်ယောက်ကို မွေးဖွားခဲ့ပြီးနောက်တွင် လူသားမျိုးနွယ်စုသည် တစ်ရှိန်ထိုး အားကောင်းလာခဲ့၏။
အထူးသဖြင့် လွန်ခဲ့သော နှစ်အနည်းက လူသားဧကရာဇ် ကျန်းဝူရ ပြန်လည် ရောက်ရှိလာပြီးနောက်တွင် သွေးဝိညာဥ်မျိုးနွယ်စုမှ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် မဟာအင်ပါယာ အများအပြားကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ခဲ့သည်။
ကျန်းဝူရ၏ လုပ်ရပ်ကြောင့်ပင် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးအင်ပါယာသည် ဒေါသထွက်ခဲ့ပြီး လူသားမျိုးနွယ်စုကို တိုက်ရိုက်ပင် စစ်ချီခဲ့သည်။
သို့သော်လည်း နှစ်ယောက်စလုံးသည် အဆုံးသတ်တွင် ပကတိနတ်ဘုရားများ ဖြစ်လာခဲ့ကြပြီး နတ်ဘုရားနယ်မြေကို အတူတူပင် တက်လှမ်းသွားခဲ့ကြသည်။
ဤသို့ဖြင့် လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုမှ တိုက်ပွဲသည် ခေါင်းဆောင်နှစ်ဦး နတ်ဘုရားနယ်မြေသို့ တက်လှမ်းသွားခဲ့မှုကြောင့် အဆုံးသတ်သွားခဲ့ရသည်။
ယခုအခါတွင် သွေးဝိညာဥ် မျိုးနွယ်စုဘက်၌ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေခဲ့ပြီး အင်ပါယာနယ်ပယ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ အရေအတွက်ကမူ လူသားမျိုးနွယ်စုနှင့်အတူတူပင် ရှိနေခဲ့သည်။
သာမန် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ အရေအတွက်တွင်မူ သွေးဝိညာဥ် မျိုးနွယ်စုသည် လူသားမျိုးနွယ်စုထက် ပို၍ များပြားနေခဲ့၏။
သို့သော်လည်း သာမန် အင်ပါယာနယ်ပယ် အဆင့်လောက်ကို ကျန်းချန်၏ လက်ရှိ အစွမ်းအစဖြင့်ဆိုလျှင် ဂရုစိုက်နေစရာ မလိုအပ်တော့ပေ။
ခြုံပြောရလျှင် လက်ရှိ လူသားမျိုးနွယ်စု၏ ခွန်အားသည် သွေးဝိညာဥ်မျိုးနွယ်စုနှင့် လုံးဝ တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။
လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စု၏ အခြေအနေကို သုံးသပ်ပြီးနောက်တွင် ကျန်းချန်သည် သူ၏အမေ ကျီဝူရွှမ်ဆီသို့ သွားရောက်ခဲ့ပြီး သွေးဝိညာဥ်မျိုးနွယ်စုနှင့် တိုက်ခိုက်ရန် အဆိုပြုခဲ့သည်။
"ချန်အာ.. မင်းက သွေးဝိညာဥ်မျိုးနွယ်စုနဲ့ အခုချက်ချင်းတိုက်ခိုက်တော့မလို့လား"
ကျီဝူရွှမ်က ကျန်းချန်၏ စကားကိုကြားလျှင် အံ့သြထိတ်လန့်သွားခဲ့သည်။
အရိုက်အရာကို ဆက်ခံပြီးသည်နှင့် ကျန်းချန်က သွေးဝိညာဥ်မျိုးနွယ်စုနှင့် တိုက်ရိုက် စစ်ခင်းလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
"ဟုတ်တယ်အမေ.. သွေးဝိညာဥ်မျိုးနွယ်စုတွေက ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိကြတယ်.. သူတို့ရဲ့ ကျင့်ကြံခြင်းက လူသားမျိုးနွယ်စုထက် ပိုမို မြန်ဆန်တဲ့အတွက် အချိန်ကြာလာလေလေ မျိုးနွယ်စု နှစ်ခုကြားက ကွာဟချက်က ပိုပြီးကြီးမားလေလေ ဖြစ်လာလိမ့်မယ်.. ဒီလို ဖြစ်လာမဲ့အစား အခုကတည်းက စစ်ပွဲကို စတင်လိုက်တာ ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် ရှိနေသည့်အရာများကို ကျီဝူရွှမ်အား ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျီဝူရွှမ်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်၏။
"သားရဲ့စကားက အဓိပ္ပါယ်မရှိတာတော့ မဟုတ်ဘူး.. ဒါပေမဲ့ ဒီကိစ္စက အရမ်းအရေးကြီးတယ်.. မနက်ဖြန်ကျရင် လူသားမျိုးနွယ်စုရဲ့ အကြီးအကဲတွေကို အစည်းအဝေးလုပ်ဖို့ အမေ ဆင့်ခေါ်လိုက်မယ်"
"ဧကရာဇ် နန်ဝူနယ်မြေရဲ့ စစ်ဦးစီးချုပ် နန်းကုန်းလင် ဆီကနေ အရေးပေါ် အစီအရင်ခံစာ ရောက်လာပါတယ်"
ထိုအချိန်မှာပင် အစောင့်တစ်ယောက်က လာရောက် အစီအရင်ခံခဲ့သည်။
"နန်ဝူနယ်မြေက စစ်ဦးစီးချုပ် နန်းကုန်းလင်ရဲ့အရေးပေါ် အစီအရင်ခံစာလား"
ထိုအချိန်တွင် ကျန်းချန်နှင့် ကျီဝူရွှမ်တို့၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
နန်ဝူနယ်မြေသည် လူသားမျိုးနွယ်စု၏ နယ်မြေရှစ်ခုထဲတွင် တောင်ဘက် အစွန်ဆုံးနယ်မြေ ဖြစ်ပြီး သွေးဝိညာဥ်မျိုးနွယ်စု၏ ငွေရောင်သွေး နယ်မြေ နှင့် နယ်နမိတ်ချင်းထိစပ်နေကာ ရွှယ်လင်ကုန်းမြေ တိုက်တစ်ခုလုံး၏ ဗဟိုချက်နေရာလည်းဖြစ်သည်။
နှစ်ပေါင်းများစွာ လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ် မျိုးနွယ်စုတို့ တိုက်ခိုက်ခဲ့ကြသည့် စစ်မြေပြင်သည် နန်ဝူပြည်နယ်နှင့် ငွေရောင်သွေး နယ်မြေတို့၏ ကြားရှိ မြစ်နားမှ လွင်ပြင်တွင်သာ အမြဲတစေ ဖြစ်ပွားခဲ့သည်။
ယခုအခါတွင် နန်ဝူပြည်နယ်ကနေ အရေးပေါ် အစီအရင်ခံစာ တစ်စောင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကြည့်ရသည်မှာ သွေးဝိညာဥ် မျိုးနွယ်စုတွင် အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ခဲ့ပုံရ၏။
ကျန်းချန်က ငွေရောင်သံချပ်ဝတ် အစောင့်၏ လက်ထဲကနေ ကျောက်စိမ်းတံဆိပ်ပြားကို ယူလိုက်ရာ ချက်ချင်းဆိုသလိုပင် သတင်းတစ်ခုသည် သူ၏ စိတ်ထဲကို ဝင်ရောက်လာခဲ့သည်။
"ချန်အာ နန်ဝူနယ်မြေကနေ ဘယ်လိုသတင်းမျိုး ရလာတာလဲ"
ကျီဝူရွှမ်၏ လှပသော မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ရှိနေခဲ့သည်။
"သွေးဝိညာဥ်မျိုးနွယ်စုမှာ သွေးအင်ပါယာအသစ် နန်းတက်ခဲ့ပြီ.. ဒါ့အပြင် ငွေရောင်သွေး နယ်မြေက နန်ဝူပြည်နယ်ကို စစ်ချီဖို့ လှုပ်ရှားနေတယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်က တည်ငြိမ်စွာပြုံး၍ ကျီဝူရွှမ်ကို ပြောလိုက်သည်။
"အမေ ကျွန်တော်တို့ ဒီတစ်ကြိမ် စစ်မတိုက်ဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်"
အခန်း(၁၄၇၉)ပြီး၏။