အခန်း (၁၄၈၀-၁၄၈၂)
Vol. 99 Ch. 1480-1482
အခန်း(၁၄၈၀)
"သွေးဝိညာဥ်မျိုးနွယ်စုက ဧကရာဇ် မရှိသေးတဲ့အချိန်မှာ လူသားမျိုးနွယ်စုကို တိုက်ခိုက်ချင်ပုံရတယ်"
ကျီဝူရွှမ်၏ လှပသော မျက်လုံးများက အရောင်လက်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်(၁၀၀၀၀)ကလည်း သွေးဝိညာဥ် မျိုးနွယ်စုက ဒီလို အခွင့်အရေးကိုယူပြီး လူသားမျိုးနွယ်စုကို ရုတ်တရက်တိုက်ခိုက်ခဲ့တယ်.. မင်းအဖေသာ အခြေအနေကို မထိန်းချုပ်နိုင်ခဲ့ရင် ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုက ပျောက်ကွယ်သွားလောက်ပြီ"
"ဒီတစ်ခါ သူတို့ စိတ်ပျက်သွားရလိမ့်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"အမှန်ပဲ မင်းအဖေရဲ့ ရာဇပလ္လင်ကို ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဆက်ခံနိုင်မယ်လို့ သွေးဝိညာဥ် မျိုးနွယ်စုက မျှော်လင့်ခဲ့ပုံမရဘူး"
ကျီဝူရွှမ်ကလည်း ပြုံးကာ ပြောလိုက်၏။
ကံကောင်းစွာဖြင့် ကျန်းချန်သည် ဧကရာဇ် စစ်ဆေးပွဲကို ငါးရက်အတွင်း အောင်မြင်ခဲ့သည်။
နောက်ဆုံးအကြိမ်က ကျင်းပခဲ့သော ဧကရာဇ် စစ်ဆေးပွဲတွင် လူသားဧကရာဇ် ကျန်းဝူရသည် ဆယ်ရက်ခန့် အချိန်ယူခဲ့ရသည်။
ထိုအချိန်က အတိုင်းဆိုလျှင် ဧကရာဇ် စစ်ဆေးပွဲသည် တစ်ဝက်မျှသာ ပြီးဆုံးဦးမည် ဖြစ်၏။
သွေးဝိညာဥ်မျိုးနွယ်စုသာ ဤအချိန်တွင် ရုတ်တရက် စစ်ခင်းလာမည် ဆိုလျှင် လူသားမျိုးနွယ်စုသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက အမှားများကို တစ်ဖန်ပြန်လုပ်မိမည်မှာ သေချာ၏။
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို လူသားမျိုးနွယ်စု၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများအား အစည်းအဝေးလုပ်ရန် အတွက် နန်းတော်သို့ ဖိတ်ကြားခဲ့သည်။
မကြာခင်မှာပင် လူသားမျိုးနွယ်စု၏ အင်ပါယာမြို့တော်တွင် ရှိသည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူအယောက် နှစ်ဆယ်နီးပါးသည် အဓိက ခန်းမဆောင်တွင် စုဝေးခဲ့ကြသည်။
"အရှင်မင်းကြီး.. ဘာအတွက်နဲ့ ကျွန်တော်တို့ကို ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်ရတာလဲ"
မဟာအင်ပါယာ တစ်ဦးက ခန်းမအလယ်ရှိ မြင့်မားသောထိုင်ခုံတွင် ထိုင်နေသည့် ကျန်းချန်နှင့် ကျီဝူရွှမ်တို့ကို ကြည့်ကာ တဲ့တိုးပင် မေးလိုက်သည်။
ကျန်းချန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
"နန်ဝူပြည်နယ်ကနေ အရေးပေါ်သတင်းတစ်ခု ရောက်လာတယ်.. သွေးဝိညာဥ်မျိုးနွယ်စုရဲ့ သွေးအင်ပါယာအသစ်က ရာဇပလ္လင်ကို ဆက်ခံနိုင်ခဲ့ပြီးတဲ့နောက်မှာ ငွေရောင်သွေးနယ်မြေကလည်း လှုပ်ရှားစ ပြုလာခဲ့ပြီ.. သူတို့မှာ လူသားမျိုးနွယ်စုကို တိုက်ခိုက်ဖို့ အရိပ်အယောင်တွေ ရှိနေပုံရတယ်"
ထိုစကားကိုကြားလျှင် ခန်းမတစ်ခုလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။
"သွေးဝိညာဥ်မျိုးနွယ်စုက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဧကရာဇ် မရှိတဲ့အချိန်မှာ ကျွန်တော်တို့ လူသားမျိုးနွယ်စုကို အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်ခဲ့တယ်.. အခုလည်း အဲဒီတုန်းကလို ထပ်လုပ်ချင်ပြန်ပြီ.. သူတို့ဘက်က စလာတော့လည်း တိုက်ခိုက်ကြတာပေါ့.. ကျွန်တော်တို့ လူသားမျိုးနွယ်စုမှာ သူတို့ သွေးဝိညာဥ်မျိုးနွယ်စုကို ကြောက်နေရမှာလား"
"အရှင်မင်းကြီး အမိန့်ချပေးပါ.. အရှင်မင်းကြီးရဲ့ အမိန့်ကို လိုက်နာပြီး သွေးဝိညာဥ်မျိုးနွယ်စုနဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်"
"..........."
မဟာအင်ပါယာအဆင့် ကျင့်ကြံသူများစွာသည် ဒေါသတကြီးပြောဆိုလိုက်ကြသည်။
ဤလူသားမျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများသည် အကျိုးအမြတ်နှင့် ပတ်သက်လျှင် အချင်းချင်း ငြင်းခုံကြသော်လည်း သွေးဝိညာဥ်မျိုးနွယ်စု အပေါ်ကို ထားသည့် သူတို့၏ သဘောထားကမူ အံ့သြစရာကောင်းလောက်အောင်ပင် သဘောထားတစ်ခုတည်း ရှိနေခဲ့ကြသည်။
"မင်းတို့တွေ သွေးဝိညာဥ်မျိုးနွယ်စုကို တိုက်ခိုက်ချင်တယ်ဆိုတာ ငါနားလည်ပါတယ်.. ဒါပေမဲ့ လက်ရှိအချိန်မှာ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အလုံးစုံခွန်အားက ငါတို့ လူသားမျိုးနွယ်စုထက် အနည်းငယ် ပိုအားကောင်းနေတယ်.. သူသေကိုယ်သေ နှစ်ဖက်စလုံး အပြင်းအထန်တိုက်ခိုက်ကြမယ်ဆိုရင် နောက်ဆုံးရလဒ်က နှစ်ဖက်စလုံးပဲ အကြီးအကျယ် ထိခိုက်ရလိမ့်မယ်"
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
"အခုအချိန်က သွေးဝိညာဥ် မျိုးနွယ်စုနဲ့ သူသေကိုယ်သေတိုက်ခိုက်ရမဲ့အချိန် မဟုတ်သေးဘူး"
ထိုစကားကိုကြားလျှင် မဟာအင်ပါယာများသည် တစ်ခဏမျှမှင်တက်သွားခဲ့ကြသည်။
မဟာအင်ပါယာ တစ်ယောက်က ချက်ချင်းပင် မေးခွန်းထုတ်လိုက်၏။
"ဒါဆိုရင် အရှင်မင်းကြီးရဲ့ အစီအစဥ်က ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော်မျိုးတို့ သိလို့ရမလား"
"ငါအင်ပါယာမြို့တော်ကို ပြန်မရောက်ခင်မှာ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေကိုးခုထဲက သွေးမြစ်နယ်မြေကို သိမ်းပိုက်ခဲ့တယ်...ဒီတစ်ကြိမ်တော့ ငါက အမေ့ကို ခေါင်းဆောင်စေပြီး နန်ဝူပြည်နယ်ကို သွားစေဖို့ ရည်ရွယ်ထားတယ်.. ဒါက သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အဓိကတပ်မကို အာရုံပြောင်းပြီး ထိန်းချုပ်ထားဖို့ပဲ.. ငါကတော့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့တခြားနယ်မြေတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ အလုံးစုံခွန်အားကို အားနည်းအောင် လုပ်မယ်"
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ သူ၏ အစီအစဥ်ကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။
"အရှင်မင်းကြီးက ကျွန်တော်တို့ လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်အသစ် ဖြစ်လာတာ ရက်ပိုင်းပဲ ရှိပါသေးတယ်.. ဘာလို့ ဒီလောက် အလွယ်တကူ အန္တရာယ်တောထဲ ဝင်ချင်ရတာလဲ.. အရှင်မင်းကြီးက သွေးမြစ်ဒေသကနေ သွေးဝိညာဥ် မျိုးနွယ်စုကို တိုက်ခိုက်ချင်တယ်ဆိုရင် မဟာအင်ပါယာ အနည်းငယ်ကို စေလွှတ်လိုက်ရုံနဲ့ ရပါပြီ.. အရှင်မင်းကြီး ကိုယ်တိုင် သွားဖို့မလိုအပ်ပါဘူး"
"..............."
မဟာအင်ပါယာများစွာသည် ကျန်းချန်၏ စကားကိုကြားလျှင် စိတ်မချမ်းမြေ့စွာဖြင့် တားမြစ်လိုက်ကြသည်။
လူသားမျိုးနွယ်စုသည် လူသားမျိုးနွယ်စု၏ စိတ်နှလုံးများကို စည်းလုံးစေရန် အတွက် အဓိကအချက် ဖြစ်သည်။
ယခုအခါတွင် သွေးဝိညာဥ်မျိုးနွယ်စုသည် လှုပ်ရှားရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ဤအချိန်တွင် လူသားဧကရာဇ်သာ တစ်ခုခုဖြစ်ခဲ့လျှင် လူသားမျိုးနွယ်စုသည် ရာဇပလ္လင် နေရာအတွက် ထပ်မံ ယှဥ်ပြိုင်ကာ နေရာလုကြဦးမည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူတို့ လူသားမျိုးနွယ်စုသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကလို ထပ်မံ ဒုက္ခရောက်နိုင်ဖွယ်ရှိ၏။
ထိုကဲ့သို့ အခြေအနေမျိုးကို မဟာအင်ပါယာအဆင့် ကျင့်ကြံသူများသည် မမြင်ချင်ကြပေ။
"ငါက မဟာအင်ပါယာကို စေလွှတ်ပြီး သွေးဝိညာဥ်မျိုးနွယ်စုကလည်း မဟာအင်ပါယာ တစ်ပါးကို စေလွှတ်လိုက်တယ်ဆိုရင် ဒီအစီအစဥ်က အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ဘူး.. အခုအချိန်မှာ သွေးဝိညာဥ်မျိုးနွယ်စုက ဒီဧကရာဇ်ရဲ့ ကိစ္စတွေကို ဘာမှမသိသေးဘူး.. သွေးမြစ်ဒေသကနေ ငါကိုယ်တိုင် လှုပ်ရှားမှပဲ မမျှော်လင့်တဲ့ ရလဒ်ကို ရရှိနိုင်လိမ့်မယ်"
ကျန်းချန်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါ့ရဲ့လက်ရှိ အစွမ်းအစနဲ့ဆိုရင် သွေးဝိညာဥ်မျိုးနွယ်စုက နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူကို မစေလွှတ်မချင်း ဘယ်သူမှ ငါ့ကို ဒုက္ခမပေးနိုင်ဘူး"
"ဧကရီကျီကရော ဒီကိစ္စကို ဘယ်လိုသဘောရလဲ"
လူတိုင်းသည် လူသားဧကရာဇ်က ကိုယ်တိုင်လှုပ်ရှားရန် ဆုံးဖြတ်ထားပုံရသည်ကို မြင်လျှင် နံဘေးရှိ ကျီဝူရွှမ်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။
"ချန်အာရဲ့ အစီအစဥ်အတိုင်းပဲ လုပ်ကြတာပေါ့"
ကျီဝူရွှမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"မင်းတို့ ဒီကပြန်ရင် ပြင်ဆင်ထားလိုက်.. မနက်ဖြန် ငါနဲ့အတူ သွေးဝိညာဥ်မျိုးနွယ်စုရဲ့တပ်မကို အာရုံလွှဲပြီး ထိန်းချုပ်ဖို့အတွက် နန်ဝူပြည်နယ်ကို သွားကြမယ်"
ဆွေးနွေးမှုများ ပြီးဆုံးသွားပြီးနောက်တွင် ကျန်းချန်နှင့် မုန့်ချင်းရွှယ်သည် ကျီဝူရွှမ်ကို နှုတ်ဆက်ကာ လူသားမျိုးနွယ်စု၏ အင်ပါယာမြို့တော်ကနေ သွေးမြစ်နယ်မြေ ဆီသို့ ခရီးထွက်ခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ကျန်းချန်သည် ယွင်ကျိုးသို့ရောက်ရှိလာခဲ့ပြီး ယွင်ကျိုး၏ စစ်ဦးစီးချုပ် ဖြစ်သည့် ယွင်ယွဲ့ကို တပ်တော်အား အဆင်သင့်ပြင်ထားရန် အမိန့်ပေးခဲ့သည်။
ထို့နောက် သူနှင့်မုန့်ချင်းရွှယ်သည် သွေးမြစ်နယ်မြေသို့ ပြန်လာခဲ့၏။
သွေးမြစ်နယ်မြေကို ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် စန်းယွမ်လုံ၏ ဦးဆောင်မှုအောက်၌ လူသားဧကရာဇ်နန်းတော်က များစွာ တိုးတက်လာသည်ကို တွေ့ရှိခဲ့သည်။
သွေးစွန့်ပစ်နယ်မြေကနေ သွေးမြစ်နယ်မြေကို ခေါ်လာသည့် လူသား ကျင့်ကြံသူများထဲတွင် ထူးချွန်သော အရည်အချင်းရှိသည့် ကျင့်ကြံသူ အများအပြား ပါဝင်နေခဲ့သည်။
၎င်းတို့သည် အရင်းအမြစ် ကန့်သတ်ချက်ကြောင့်သာ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်တွင် ပိတ်မိနေပြီး မကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။
သွေးမြစ်ဒေသကို သိမ်းပိုက်ပြီးနောက်တွင် ကျန်းချန်သည် ကျင့်ကြံခြင်း အရင်းအမြစ်များစွာကို ရရှိခဲ့၍ လူသားဧကရာဇ်နန်းတော်မှ အဖွဲ့ဝင်များကို ဝေမျှခဲ့သည်။
ထို့ကြောင့် လူသားဧကရာဇ်နန်းတော်မှ နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ လေး၊ငါးယောက်သည် အင်ပါယာတစ်ပိုင်း အဆင့်သို့ပင် ထိုးဖောက်နိုင်ခဲ့၏။
စန်းယွမ်လုံသည်လည်း အင်ပါယာတစ်ပိုင်း အဆင့်ကနေ အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ အဖြစ် တိုးတက်လာခဲ့သည်။
စန်းယွမ်လုံအပြင် ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ကူဖုန်းအာသည်လည်း အင်ပါယာနယ်ပယ် အဆင့်ကို ရောက်ရှိလာခဲ့၏။
တစ်လမပြည့်ခင်မှာပင် အင်ပါယာတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်သာ ရှိသည့် အခြေအနေကနေ လူသားဧကရာဇ်နန်းတော်သည် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူများစွာနှင့် အင်ပါယာနှစ်ပါးကို မွေးဖွားခဲ့သည်။
ယနေ့အချိန်တွင် လူသားဧကရာဇ်နန်းတော်၏ အင်အားသည် ယွင်ကျိုးထက် သိပ်မနိမ့်ကျတော့ပေ။
"အကြီးအကဲစန်း.. အခု လူသားမျိုးနွယ်စုနဲ့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ကြားက မဟာစစ်ပွဲက နီးကပ်လာခဲ့ပြီ.. ကျွန်တော်က သွေးမြစ်နယ်မြေကနေ သွေးကျတ်တီး နယ်မြေကို တိုက်ခိုက်ဖို့ စီစဥ်ထားတယ်.. သွေးမြစ်နယ်မြေကို ထိန်းချုပ်ထားတဲ့ အချိန်အတွင်းမှာ သွေးကျတ်တီးနယ်မြေ အကြောင်း ဘယ်လောက်ထိ သိထားပြီးပြီလဲ"
ကျန်းချန်က သွေးမြစ်ဒေသ၏ အင်ပါယာမြို့တော်သို့ ပြန်ရောက်လာသည်နှင့် အချိန်မဖြုန်းဘဲ စန်းယွမ်လုံကို တိုက်ရိုက်ပင် ဆင့်ခေါ်လိုက်ကာ သွေးကျတ်တီး နယ်မြေကို တိုက်ခိုက်ရန်အတွက် စတင် ဆွေးနွေးခဲ့သည်။
"အရှင်မင်းကြီး လွန်ခဲ့တဲ့ နှစ်(၁၀၀၀၀)က အပြောင်းအလဲကြောင့် သွေးမြစ်နယ်မြေရဲ့အစွမ်းအစက အထွတ်အထိပ်ကာလကထက် ၁၀ပုံ၁ပုံလောက် လျော့နည်းနေပါပြီ.. သွေးကျတ်တီးနယ်မြေရဲ့ အစွမ်းအစကတော့ သွေးမြစ်နယ်မြေထက် ပိုပြီး အားကောင်းမှာ သေချာပါတယ်"
စန်းယွမ်လုံက တလေးတစား ပြောလိုက်သည်။
သူက လူသားဧကရာဇ်မြို့တော်၏ အင်ပါယာမြို့တော်ကို သွားရောက်ခဲ့သည့် ကျန်းချန်သည် ရွှယ်လင်ကုန်းမြေတိုက်၏ (၁၁)ပါးမြောက် လူသားဧကရာဇ် ဖြစ်လာပြီ ဆိုသည်ကို သိရှိခဲ့သည်။
ထိုအချိန်က သွေးစွန့်ပစ်နယ်မြေကို ရုတ်တရက် ရောက်ရှိလာသူသည် လူသားဧကရာဇ်ကျန်းဝူရ၏ သားတော် ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယခုအချိန်တွင် အသေအချာ ပြန်စဥ်းစားကြည့်လိုက်လျှင် စန်းယွမ်လုံသည် ကျန်းချန်ကို သစ္စာခံခဲ့သည့် အတွက် သူမည်မျှ ကံကောင်းခဲ့သလဲ ဆိုသည်ကို အဆုံးသတ်တွင် သိခဲ့ရသည်။
လူသားဧကရာဇ်နန်းတော်သည် ကျန်းချန် တည်ထောင်ခဲ့သည့် အင်အားစုတစ်စု ဖြစ်သည်။
ယခု သူက ကျန်းချန်အတွက် လူသားဧကရာဇ် နန်းတော်ကို တာဝန်ယူနေခဲ့သူ ဖြစ်ရာ အလိုအလျောက်ပင် လူသားမျိုးနွယ်စု၏ ဧကရာဇ်နှင့် ရင်းနှီးသူတစ်ဦး ဖြစ်လာခဲ့သည်။
လအနည်းငယ် အတွင်းမှာပင် သူသည် သွေးစွန့်ပစ်နယ်မြေမှ မျိုးနွယ်စု ခေါင်းဆောင်ငယ်လေး အဆင့်ကနေ လူသားမျိုးနွယ်စု၏ ဧကရာဇ်နှင့် ရင်းနှီးသောသူတစ်ဦး ဖြစ်လာခဲ့၏။
ဤအချိန်တွင် စန်းယွမ်လုံသည် အိပ်မက်မက်နေသလိုမျိုးပင် ခံစားခဲ့ရသည်။
အခန်း(၁၄၈၀)ပြီး၏။
အခန်း(၁၄၈၁)
သွေးကျတ်တီးနယ်မြေ၏ ခွန်အားသည် ကျန်းချန်မျှော်လင့်ထားသည့် အတိုင်းပင် သွေးမြစ်နယ်မြေထက် များစွာပို၍ အားကောင်းသည်။
လွန်ခဲ့သည့် နှစ်(၁၀၀၀၀)က သွေးမြစ်နယ်မြေမှ သွေးဝိညာဥ်ဘုရင် ကျိုးယိုသည် သွေးမြစ်နယ်မြေမှ အစွမ်းထက် ကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းကျော်ကို ခေါ်သွားပြီး ရှန်းဝူကုန်းမြေတိုက်ကို ကျူးကျော် တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် အင်အားနည်းပါးသွားသော သွေးမြစ်နယ်မြေကို ကျန်းချန်သည် အလွယ်တကူပင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော် လေ့လာထားတဲ့ အချက်အလက်တွေအရ ဆိုရင် သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေကိုးခုထဲမှာ သွေးကျတ်တီးနယ်မြေရဲ့ ခွန်အားက အားမနည်းဘူး.. သွေးကျတ်တီး နယ်မြေမှာ အင်ပါယာအဆင့် ကျင့်ကြံသူဆယ်ယောက်ထက် မနည်းရှိတယ်.. ဒါ့အပြင် သွေးကျတ်တီးနယ်မြေကို အုပ်ချုပ်တဲ့ သွေးဘုရင်က အင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ မဟာအင်ပါယာ တစ်ပါးပဲ"
စန်းယွမ်လုံက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီးအနေနဲ့ သွေးကျတ်တီး နယ်မြေကို တိုက်ခိုက်ချင်တယ် ဆိုရင် အချိန်ယူပြီး စီစဥ်ရလိမ့်မယ် ထင်တယ်"
အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့် အင်ပါယာ နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေသည့် မဟာအင်ပါယာ တစ်ပါး အပြင် ဝှက်ဖဲများလည်း ရှိနေသောကြောင့် သွေးကျတ်တီး နယ်မြေ၏ အစွမ်းအစသည် သွေးမြစ်နယ်မြေထက် အဆပေါင်းများစွာ ပို၍ အားကောင်းနေ၏။
စန်းယွမ်လုံ၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် မျက်မှောင်ကြုတ်လိုက်သည်။
လူသားဧကရာဇ် နန်းတော်တွင် လက်ရှိအချိန်၌ အင်ပါယာအဆင့် ကျင့်ကြံသူနှစ်ဦးသာ ရှိပြီး ယွင်ယဲ့၏ လက်အောက်တွင် အင်ပါယာအဆင့် ကျင့်ကြံသူ သုံးဦးရှိသည်။
သူနှင့် မုန့်ချင်းရွှယ်ကိုပါ ထည့်တွက်လိုက်လျှင် အင်ပါယာအဆင့် ကျင့်ကြံသူ စုစုပေါင်း(၇)ဦးသာ ရှိ၏။
ဤသည်က သွေးကျတ်တီးနယ်မြေတွင် ရှိသည့် အင်ပါယာအဆင့် ကျင့်ကြံသူများထက် ထက်ဝက်နီးပါး လျော့နည်းနေခဲ့သည်။
သူက အလောတကြီးဖြင့် တိုက်ခိုက်လိုက်မည်ဆိုလျှင် သွေးကျတ်တီး နယ်မြေကို သိမ်းပိုက်နိုင်ခဲ့သည့်တိုင် သူတို့ဘက်တွင်လည်း အဖိုးအခ ကြီးကြီးမားမား ပေးဆပ်ရနိုင်၏။
"မင်းလူလွှတ်ပြီး သွေးကျတ်တီး နယ်မြေရဲ့ အခြေအနေကို စောင့်ကြည့်ခိုင်းထားလိုက်.. အပြောင်းအလဲ တစ်ခုခုရှိတာနဲ့ ငါ့ဆီ ချက်ချင်းသတင်းပို့"
ကျန်းချန်၏ မျက်လုံးက အနည်းငယ် တောက်ပသွားခဲ့ပြီး စန်းယွမ်လုံကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သွေးကျတ်တီး နယ်မြေကို အုပ်ချုပ်နေသော သွေးဘုရင်သည် အင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေသည့် မဟာအင်ပါယာတစ်ပါး ဖြစ်သည်။
ကျန်းချန်က မဟာအင်ပါယာကို တိုက်ခိုက်ရန် ယုံကြည်မှုရှိသော်လည်း အချိန်တိုအတွင်း အနိုင်ယူနိုင်လိမ့်မည်ဟုတော့ အာမ မခံနိုင်ပေ။
ထို့ကြောင့် ကျန်းချန်က စိတ်မလောဘဲ အခွင့်အရေးကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
သူ၏အမေက လူသားမျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများကို နန်ဝူနယ်မြေသို့ ခေါ်ဆောင်လာနိုင်သရွေ့ သွေးဝိညာဥ်မျိုးနွယ်စုသည် သူ့အမေနှင့် ရင်ဆိုင်ရန်အတွက် နယ်မြေအားလုံးမှ အစွမ်းထက် ကျင့်ကြံသူများကို ဆင့်ခေါ်လိမ့်မည်မှာ သေချာသည်။
ထိုအချိန်သို့ရောက်လျှင် သွေးကျတ်တီး နယ်မြေသည်လည်း အစွမ်းထက် ကျင့်ကြံသူ တချို့ကို ငွေရောင်သွေး နယ်မြေသို့ သေချာပေါက်စစ်ကူပို့ရပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူက အခွင့်ကောင်းယူကာ ထိုးစစ်ဆင်ပြီး သွေးကျတ်တီးနယ်မြေကို တစ်ချက်တည်းဖြင့် သိမ်းပိုက်နိုင်မည် မဟုတ်ပါလား။
"အမိန့်အတိုင်းပါ"
စန်းယွမ်လုံက ပြန်ဖြေလိုက်ပြီး ညွှန်ကြားချက်အတိုင်းပင် အလျင်အမြန် လိုက်နာဆောင်ရွက်ခဲ့သည်။
နောက်ထပ် ရက်အနည်းငယ်တွင် ကျန်းချန်သည် သွေးကျတ်တီးနယ်မြေ၏ လှုပ်ရှားမှုကို စောင့်ဆိုင်းရင်း သွေးမြစ်နယ်မြေ၏ အင်ပါယာမြို့တော်တွင် အေးအေးဆေးဆေးနေနိုင်ခဲ့သည်။
သုံးရက်အကြာတွင် ယွင်ယွဲ့သည် လူထောင်ပေါင်း များစွာကို ခေါ်ဆောင်လာခဲ့ပြီး သွေးမြစ်နယ်မြေ၏ အင်ပါယာမြို့တော်တွင် ကျန်းချန်နှင့် ပူးပေါင်းခဲ့သည်။
ထိုအချိန်တွင် စန်းယွမ်လုံသည်လည်း သတင်းတစ်ခုကို ရရှိခဲ့သည်။
ယင်းမှာ သွေးကျတ်တီးနယ်မြေကို အုပ်ချုပ်နေသည့် သွေးဘုရင် ဟွမ်ဝူကျီသည် အင်ပါယာအဆင့် ကျင့်ကြံသူအချို့ကို ဦးဆောင်ကာ ငွေရောင် သွေးနယ်မြေသို့ စစ်ကူအဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်က ထိုသတင်းကို ရရှိပြီးနောက်တွင် ချက်ချင်းဆိုသလို စစ်သည် ထောင်ပေါင်းများစွာကို အလျင်အမြန် စုဝေးကာ သွေးကျတ်တီး နယ်မြေဆီသို့ ချီတက်ခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်၊ ယွင်ယွဲ့နှင့် တခြားသူများသည် စစ်သည်ပေါင်း များစွာကိုဦးဆောင်ကာ သွေးကျတ်တီးနယ်မြေ၏ နယ်စပ်မှမြို့တော်များကို တောက်လျှောက်သိမ်းပိုက်လာခဲ့ပြီး သွေးကျတ်တီး နယ်မြေ၏ တော်ဝင်မြို့တော်ဆီသို့ ချီတက်လာခဲ့ကြသည်။
သူတို့က လမ်းတစ်လျှောက်တွင် တွေ့ဆုံခဲ့သည့် သွေးဝိညာဥ်မျိုးနွယ်စုမှ စစ်သည်အားလုံးကို လျင်မြန်စွာပင် သတ်ဖြတ်ပစ်လိုက်ပြီး သတင်းပျံ့နှံ့ရန် မည်သည့် အခွင့်အရေးကိုမှ မပေးခဲ့ပေ။
ရက်အနည်းငယ်အကြာတွင် ကျန်းချန်တို့ လူစုသည် အဆုံးသတ်တွင် သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော် ဆီသို့ ရောက်ရှိလာခဲ့သည်။
"ရန်သူ.. ရန်သူ"
လူသားစစ်သည်တော် ထောင်ပေါင်းများစွာက ရုတ်တရက်ကြီး သွေးကျတ်တီး နယ်မြေ၏ တော်ဝင်မြို့တော်ဆီသို့ ရောက်ရှိလာခဲ့သောကြောင့် သွေးဝိညာဥ်မျိုးနွယ်စုမှ အစောင့်တပ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
သူတို့က ချက်ချင်းဆိုသလို တော်ဝင်မြို့တော်၏ အချက်ပေးခေါင်းလောင်းကို တီးလိုက်၏။
တော်ဝင်မြို့တော်၏ အချက်ပေးခေါင်းလောင်း မြည်ဟည်းလာသည်နှင့် အမျှ အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပုံရိပ်များသည် သွေးကျတ်တီး နယ်မြေ၏ တော်ဝင်မြို့တော်ကနေ ချက်ချင်းဆိုသလို ထွက်လာခဲ့ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးဝိညာဥ်မျိုးနွယ်စု၏ စစ်သည် ထောင်ပေါင်းများစွာသည် ကျန်းချန်နှင့် တခြားသူများ၏ ရှေ့တွင် ပေါ်လာခဲ့သည်။
အရှေ့ဆုံးမှလူသည် သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် အေးစက်စက် လူငယ်တစ်ယောက် ဖြစ်၏။
ထိုလူငယ်၏ နံဘေးမှ သွေးရောင်ပုံရိပ် ဆယ်ခုကျော်သည် ကျန်းချန်တို့ လူစုကို သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
ဤလူဆယ်ယောက်သည် အင်ပါယာနယ်ပယ် အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှား၏။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ စိတ်နှလုံးသည် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
သွေးကျတ်တီးနယ်မြေ၏ ခွန်အားသည် သွေးမြစ်နယ်မြေထက်ပင် အဆများစွာပို၍ အားကောင်းနေခဲ့သည်။
သွေးဘုရင် ဟွမ်ဝူကျီက အစွမ်းထက် ကျင့်ကြံသူအချို့ကို ခေါ်သွားခဲ့သည့်တိုင် သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော်တွင် အင်ပါယာနယ်ပယ်အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူ(၁၁)ယောက် ရှိနေသေးသည် မဟုတ်ပါလော။
"မင်းက သွေးမြစ်နယ်မြေကို သိမ်းပိုက်ခဲ့တဲ့ လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင်လား.. ငါတို့ သွေးကျတ်တီးနယ်မြေက မင်းကို မနှောင့်ယှက်သေးပေမဲ့ မင်းကိုယ်တိုင် ငါတို့ တံခါးဝအထိ ရောက်လာလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး"
သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်သည် ကျန်းချန်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လူသတ်ငွေ့များဖြင့် ပြည့်နှက်နေခဲ့၏။
သွေးကျတ်တီးနယ်မြေသည် လူသားမျိုးနွယ်စု အုပ်ချုပ်သော မည်သည့် အင်အားစု နယ်မြေနှင့်မှ မနီးစပ်ပေ။
သူတို့နှင့် အနီးစပ်ဆုံးနယ်မြေမှာ သွေးမြစ်နယ်မြေ ဖြစ်၍ သူတို့ကို တိုက်ရိုက် တိုက်ခိုက်လာနိုင်သူသည် သွေးမြစ်နယ်မြေကို သိမ်းပိုက်ထားသည့် လူသားဧကရာဇ် နန်းတော်သာလျှင် ရှိ၏။
သို့သော်လည်း လူသားဧကရာဇ် နန်းတော်သည် သွေးမြစ်နယ်မြေကို သိမ်းပိုက်ပြီးနောက်တွင် သူတို့ သွေးကျတ်တီးနယ်မြေကိုပါ သိမ်းပိုက်ရန်ဆန္ဒ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဟုတ်တယ် ငါက လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင်ပဲ"
ကျန်းချန်က သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
"အပိုစကားတွေ ပြောမနေနဲ့တော့.. ဒီနေ့ပြီးတာနဲ့ ရွှယ်လင်ကုန်းမြေတိုက်မှာ သွေးကျတ်တီးနယ်မြေ ဆိုတာ ရှိတော့မှာမဟုတ်ဘူး.. လက်နက်ချမလား ဒါမှမဟုတ် အညံ့ခံမလား.. နှစ်ခုထဲက တစ်ခုကို ရွေးချယ်နိုင်တယ်"
"ဟားဟား မင်းက လေလုံးထွားလှချည်လား.. ကောင်လေး.. ငါတို့ သွေးကျတ်တီးနယ်မြေက သွေးမြစ်နယ်မြစ်လို မင်းစိတ်ရှိတိုင်း သိမ်းပိုက်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား.. မင်း ငါတို့ သွေးကျတ်တီးနယ်မြေကို ဘယ်လို သိမ်းပိုက်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်က လှောင်ပြောင်ကာ ရယ်မောလိုက်သည်။
ကျန်းချန် ဦးဆောင်လာသော လူများထဲတွင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ(၇)ယောက်သာ ရှိ၏။
သူတို့ သွေးကျတ်တီးနယ်မြေတွင်မူ သူ့အဖေသည် အစွမ်းထက် ကျင့်ကြံသူတချို့ကို ရှေ့တန်း စစ်မြေပြင်အား ထောက်ပံ့ရန် ခေါ်သွားသည့်တိုင် အင်ပါယာနယ်ပယ်အဆင့်ကျင့်ကြံသူ တစ်ဆယ့်တစ်ယောက် ကျန်ရှိနေသေး၏။
ထိုအထဲတွင် တစ်ယောက်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ရှိပြီး သုံးယောက်သည် အင်ပါယာနယ်ပယ် အလယ်အလတ် အဆင့်တွင် ရှိကာ ခုနစ်ယောက်သည် အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိသည်။
ထို့အပြင် သူ့အဖေ ပေးအပ်ခဲ့သည့် ဝှက်ဖဲများသည်လည်း သူ့တွင် ရှိနေသေးသည်။
အင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေသည့် မဟာအင်ပါယာ တစ်ပါးကိုယ်တိုင် လာမတိုက်မခြင်း သူတို့သွေးကျတ်တီး နယ်မြေကို မည်သူမှ သိမ်းပိုက်နိုင်မည် မဟုတ်ဟုပင် ဆို၍ရသည်။
"ကောင်းပြီလေ အညံ့မခံချင်မှတော့ သွားသေလိုက်တော့"
ကျန်းချန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
သူက သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်နှင့် အဓိပ္ပါယ်မရှိသော စကားများကို ဆက်လက်ပြောဆိုရန် စိတ်မပါတော့ပေ။
ချက်ချင်းဆိုသလိုပင် သူ့ထံကနေ ဆယ်မိုင်ပတ်လည်ရှိ လေထုကိုပင် လွှမ်းခြုံထားနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တစ်ခုသည် ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်ထံကနေ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားကို ခံစားမိလျှင် သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"သူ့ကိုသတ်လိုက်"
သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်၏ အမိန့်ကိုရသည်နှင့် သူ့နံဘေးတွင်ရှိသည့် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် ပြေးထွက်လာခဲ့ကြသည်။
"ဝုန်း.."
အလွန် ကြောက်မက်ဖွယ်ရာကောင်းသော သွေးလမ်းစဥ်ဥပဒေသနှစ်ခု၏ စွမ်းအားသည် လေထုထဲတွင် ချက်ချင်းပင် ပြည့်နှက်သွားခဲ့သည်။
ဆိုးယုတ်သော သွေးစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုအားနှင့်အတူ အရာအားလုံးကို မျိုချရန် အသင့်ဖြစ်နေခဲ့၏။
ကျန်းချန်က ဥက္ကာခဲဓားကို ထုတ်ယူလိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့်ပင် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သူ၏ဓားချက်သည် အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး သွေးဝိညာဥ် မျိုးနွယ်စု၏ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ဦးရှေ့တွင် ရုတ်ခြည်းဆိုသလို ပေါ်လာခဲ့၏။
ဓားချက်က အလွန်တရာပင် မြန်ဆန်လွန်းသောကြောင့် သွေးဝိညာဥ်မျိုးနွယ်စု၏ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်သည် လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။
သူတို့၏ မျက်ခုံးမွေးနှစ်ခုကြားရှိ နဖူး အလည်တည့်တည့်ကို ဓားစွမ်းအင်က ထိုးဖောက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် တစ်ခုလုံးသည် လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
ဓားကွက်တစ်ကွက်ထဲက အင်ပါယာနှစ်ပါးကို သတ်ဖြတ်လိုက်၏။
ဤသို့ဖြင့် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူနှစ်ယောက်သည် ကျန်းချန်၏ ဓားချက်အောက်တွင် မျက်စိတစ်မှိတ်အတွင်း လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
အခန်း(၁၄၈၁)ပြီး၏။
အခန်း(၁၄၈၂)
"ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထိုမြင်ကွင်းကိုမြင်လျှင် ခေါင်းဆောင်ဖြစ်သည့် သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်သည် ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင်မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
လူသားဧကရာဇ် နန်းတော်သည် သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့ပြီး အလွန်တရာ အားကောင်းသည့် အစွမ်းအစကို ပြသခဲ့၏။
သို့သော်လည်း သွေးနဂါးဝတ်ရုံဝတ်လူငယ်နှင့် အခြားသူများသည် သူတို့ရှေ့မှ လူသားဧကရာဇ်နန်းတော်၏ အရှင်သခင်က ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဤသည်က အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက် ဖြစ်သော်လည်း ဓားချက်တစ်ချက်တည်းဖြင့်ပင် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။
"သခင်လေး ဒီကောင်လေးက အရမ်းသန်မာတယ်.. သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက ကျွန်တော်မျိုးရဲ့အောက်မှာမရှိဘူး ကျွန်တော်မျိုး သူ့ကို ထိန်းချုပ်ထားလိုက်မယ်. သခင်လေးက ဒီကျူးကျော်လာတဲ့ရန်သူတွေကို မြန်မြန်ဆန်ဆန် ရှင်းပစ်လိုက်ပါ"
ထိုအချိန်မှာပင် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူသည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သွေးနဂါး ဝတ်ရုံဝတ် လူငယ်ကို အလေးအနက်ပြောလိုက်သည်။
"ကောင်းပြီ"
သွေးနဂါးဝတ်ရုံဝတ်လူငယ်၏ မျက်လုံးများက တလက်လက် တောက်ပသွားခဲ့သည်။
သူက လက်ထဲမှဓားဖြင့် ယွင်ယွဲ့တို့ကို ညွှန်ပြလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သတ်"
စကားဆုံးသည်နှင့် သွေးနဂါးဝတ်ရုံဝတ် လူငယ်သည် သူကိုယ်တိုင်ပင် ဦးဆောင်ကာ သွေးဝိညာဥ် မျိုးနွယ်စုများနှင့်အတူ ပြေးဝင်လာခဲ့သည်။
"သတ်ကြ"
စန်းယွမ်လုံက သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် အော်ဟစ်လိုက်ပြီး လူသားဧကရာဇ် နန်းတော်မှ စစ်သည်များကို လှုံ့ဆော်လိုက်သည်။
"ဟားဟား.. ယွင်ကျိုးက စစ်သည်တော်တို့ ဒီစစ်ဦးချုပ်ရဲ့နောက်ကိုလိုက်ပြီး သွေးကျတ်တီး နယ်မြေကို ဖျက်ဆီးပစ်ကြမယ်"
ယွင်ယွဲ့က သူ၏ စစ်သည်များကို အမိန့်ပေးလိုက်ပြီး စန်းယွမ်လုံနှင့် အတူ သွေးဝိညာဥ်မျိုးနွယ်စု ဆီသို့ ချီတက်သွားခဲ့သည်။
"ယွင်ကျိုး"
ထိုအချိန်မှာပင် သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်သည် ပြေးဝင်လာသည့် ယွင်ယွဲ့ကို ကြည့်ရင်း မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"မင်းက လူသားမျိုးနွယ်စုပိုင် ယွင်ကျိုးနယ်မြေရဲ့ စစ်ဦးစီးချုပ် ယွင်ယွဲ့လား"
သွေးကျတ်တီးနယ်မြေ၏ သခင်လေးအနေဖြင့် ဟွမ်ကျင့်လုံသည် သွေးမြစ်ဒေသနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ယွင်ကျိုးမှ စစ်ဦးစီးချုပ်၏ အမည်ကို ကောင်းစွာ ကြားဖူးခဲ့သည်။
သို့သော်လည်း ယွင်ယွဲ့က ယွင်ကျိုးမှ လူသားစစ်သည်တော်များကို ဦးဆောင်ကာ သွေးကျတ်တီးနယ်မြေကို တိုက်ခိုက်ရန်အတွက် လူသားဧကရာဇ် နန်းတော်နှင့် ပူးပေါင်းလိုက်မည်ဟု သူတစ်ခါမှ မတွေးထားခဲ့ပေ။
"ဟုတ်တယ် ငါက ယွင်ကျိုးပြည်နယ်ရဲ့ စစ်ဦးစီးချုပ် ယွင်ယွဲ့ပဲ.. အရှင်မင်းကြီးရဲ့အမိန့်အရ မင်းတို့ သွေးကျတ်တီးနယ်မြေကို ဒီနေ့အပြီးသတ် ဖျက်ဆီးပစ်မယ်"
ယွင်ယွဲ့က ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏ ထက်မြက်သောဓားချက်သည် လေထုကို ဖြတ်ကျော်သွားခဲ့ပြီး သွေးနဂါးဝတ်ရုံဝတ် လူငယ်နှင့် အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူဆီသို့ ရောက်ရှိသွားခဲ့၏။
ထို့အပြင် စန်းယွမ်လုံ၊ မုန့်ချင်းရွှယ်နှင့် တခြားသူများသည်လည်း သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာအဆင့် ကျင့်ကြံသူများကို တစ်ယောက်ချင်းစီ ရင်ဆိုင်လိုက်ကြသည်။
အင်ပါယာအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲသည် စတင်ခဲ့ပြီဖြစ်သည်။
ကျန်းချန်က စစ်မြေပြင်ကို အနည်းငယ် အကဲခတ်ကြည့်လိုက်ရာ သူ၏အကြည့်သည် သွေးဝိညာဥ် မျိုးနွယ်စု၏ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
"မင်းငါ့ကို စမတိုက်ဘူးလား.. မဟုတ်ဘူးဆိုရင် မင်းအတွက် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး"
"ကောင်လေး မင်းသိပ်ပြီး မာန်တက်မနေနဲ့"
သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
"မင်းက အရမ်းသန်မာတဲ့အတွက် ငါဟွမ်ယိုက မင်းကို အနိုင်ယူနိုင်မှာမဟုတ်ဘူး.. ဒါပေမဲ့ မင်းကို ခဏလောက် ထိန်းချုပ်ထားပြီး ငါတို့ သခင်လေးက မင်းရဲ့ လက်အောက်ခံတွေကို ရှင်းပစ်ပြီးရင်တော့ မင်းကို ရင်ဆိုင်ဖို့က လုံလောက်တာထက်တောင် ပိုသွားပြီ"
ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့် သွေးကျတ်တီးနယ်မြေမှ အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့သော်လည်း သူတို့တွင် ရန်သူထက် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူနှစ်ယောက် ပိုနေသေးသည်။
ထို့အပြင် သခင်လေး ဟွမ်ကျင့်လုံထံတွင် အစွမ်းထက်ဝှက်ဖဲ တစ်ခုလည်း ရှိနေသေး၏။
သူက သူ့ရှေ့မှ ကောင်လေးကို ခဏမျှ ထိန်းထားပြီး သူ၏ သခင်လေးက ရန်သူများအား ရှင်းလင်းပစ်သည့် အချိန်ကို စောင့်နိုင်ခဲ့လျှင် ထိုကောင်လေးက သန်မာသည့်တိုင် သူတို့ကို ရင်ဆိုင်ရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
"မင်းက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းနေပြီ.. မင်းတို့ရဲ့ သွေးဘုရင်ဆိုရင်တော့ ဒီစကားပြောဖို့ အရည်အချင်းပြည့်မီနိုင်တယ်.. မင်းလို အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူက ငါ့ရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်ထက် ဘာမှမပိုဘူး"
ကျန်းချန်က ဟွမ်ယိုကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
သူ၏စကားသံ အဆုံးသတ်သည်နှင့် ကျန်းချန်သည် သူ၏ လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ဟွမ်ယို၏ ပတ်ပတ်လည်နေရာသည် အကျဥ်းခန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အချိန်ကထာဝရ ငြိမ်သက်ခြင်းထဲကို ကျရောက်သွားသလို ခံစားလိုက်ရသည်။
"ဒါက အချိန်ဥပဒေသနဲ့ နေရာလွတ် ဥပဒေသလား"
ဟွမ်ယိုက ထိတ်လန့်သွားခဲ့ပြီး သူ၏ သွေးဥပဒေသများကို ချက်ချင်းပင် အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန် ထိန်းချုပ်ထားသည့် နေရာလွတ်ကနေ ရုန်းကန်လိုက်သည်။
သို့သော်လည်း ကျန်းချန်သည် ဧကရာဇ်စည်းတံဆိပ်၏ ကောင်းချီးကို ခံယူပြီးနောက်တွင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် အချိန်ဥပဒေသ နှင့်နေရာလွတ် ဥပဒေသသည် ဒုတိယအဆင့်သို့ မရောက်သေးသည့်တိုင် အလွန်ပင်အဆင့်မြင့်နေခဲ့ချေပြီ။
ဟွမ်ယိုကဲ့သို့ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်သည် မည်ကဲ့သို့ ရုန်းထွက်နိုင်ပါမည်နည်း။
ဟွမ်ယိုက ရုန်းကန်နေရသော အချိန်မှာပင် ကျန်းချန်ထံမှ ဓားစွမ်းအင်လှိုင်း တစ်ခုသည် လေထုကို ထိုးဖောက်၍ ဖြတ်ကျော်လာခဲ့ပြီး မြားပေါင်းတစ်သောင်း အဖြစ်သို့ ပြောင်းလဲကာ ဟွမ်ယို၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဟွမ်ယို၏ ခန္ဓာကိုယ်တွင် အပေါက်ပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပေါ်လာခဲ့၏။
"မင်း.. မင်း"
ဟွမ်ယိုက ကျန်းချန်ကို အထိတ်တလန့် ကြည့်လိုက်သော်လည်း သူ၏စကားကို ဆုံးအောင် မပြောနိုင်ခင်မှာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် "ဝုန်း"ဟူသော အသံနှင့်အတူ လေထုထဲတွင် ပေါက်ကွဲသွားခဲ့သည်။
ဟွမ်ယိုကို ကျန်းချန်က လျှပ်တစ်ပြက် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ယွင်ယွဲ့နှင့် တိုက်ခိုက်နေသည့် ဟွမ်ကျင့်လုံ၏ မျက်နှာအမူအရာသည် အဆုံးသတ်တွင် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခဲ့သည်။
ဟွမ်ယို ဆိုသည်မှာ သူတို့ သွေးကျတ်တီးနယ်မြေ၏ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။
ဟွမ်ယိုလို လူမျိုးကိုပင် သူ၏ ရန်သူက အလွယ်တကူသတ်ဖြတ်နိုင်လိမ့်မည်ဟု ဟွမ်ကျင့်လုံ လုံးဝ မထင်ထားခဲ့ပေ။
"မင်း.. မင်းဘယ်သူလဲ"
ဟွမ်ကျင့်လုံက ကျန်းချန်ကို ထိတ်လန့်စွာကြည့်၍ မေးခွန်းထုတ်လိုက်သည်။
လူသားဧကရာဇ် နန်းတော်သခင်သည် အလွန်ပင် ငယ်ရွယ်ပုံရသော်လည်း အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော စွမ်းရည်ရှိနေခဲ့သည်။
ဤကဲ့သို့သော စွမ်းရည်သည် ရွှယ်လင်ကုန်းမြေတိုက် တစ်ခုလုံးကို ကြည့်လျှင်ပင် အသန်မာဆုံးထဲမှ တစ်ယောက်ဟု ဆို၍ ရ၏။
ရွှယ်လင်ကုန်းမြေတိုက်တွင် ဤကဲ့သို့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် မည်ကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာသည်ကို ဟွမ်ကျင့်လုံ အမှန်တကယ် နားမလည်နိုင်တော့ပေ။
ကျန်းချန်က ဟွမ်ကျင့်လုံကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
"ငါက လူသားဧကရာဇ်နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်တဲ့အပြင် ရွှယ်လင်ကုန်းမြေတိုက်က လူသားမျိုးနွယ်စုရဲ့ (၁၁)ပါးမြောက် လူသားဧကရာဇ် ကျန်းချန်ပဲ"
"ဘာ.. မင်းက လူသားဧကရာဇ်အသစ်လား"
ထိုအချိန်တွင် ဟွမ်ကျင့်လုံ၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
အဆုံးသတ်တွင် သူ၏မျက်လုံးထဲ၌ မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ယွင်ယွဲ့က လူသားဧကရာဇ်နန်းတော်နှင့် ပူးပေါင်းကာ သွေးကျတ်တီး နယ်မြေအား တိုက်ခိုက်လာသည်ကို ယခုမှသာ သူနားလည်သွားခဲ့သည်။
အကြောင်းအရင်းမှာ သူ့ရှေ့မှ လူသားဧကရာဇ် နန်းတော်၏ အရှင်သခင်သည် လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ် ဖြစ်နေသောကြောင့်ပင်။
သို့သော် လူသားဧကရာဇ် အသစ်သည် သူတို့၏ သွေးကျတ်တီးနယ်မြေတွင် အဘယ်ကြောင့် ပေါ်လာရပါသနည်း။
ယခုအခါတွင် လူသားမျိုးနွယ်စုသည် သူတို့၏ အင်အားစုများကို နန်ဝူပြည်နယ်တွင် စုစည်းခဲ့ပြီး သွေးဝိညာဥ် မျိုးနွယ်စုနှင့် တိုက်ပွဲကြီးဆင်နွှဲရန် ရည်ရွယ်ထားခဲ့သည်။
ထို့ကြောင့်လည်း သူ၏အဖေ ဟွမ်ဝူကျီသည် သွေးကျတ်တီးနယ်မြေမှ အစွမ်းထက် ကျင့်ကြံသူများကို ခေါ်ဆောင်ကာ ရှေ့တန်းစစ်မြေပြင်ကို ထောက်ပံ့ရန်အတွက် သွားရောက်ခဲ့၏။
ဤကဲ့သို့သော အချိန်တွင် လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ်သည် နန်ဝူပြည်နယ်တွင်သာ ရှိနေသင့်သည်။
အဘယ်ကြောင့် ရုတ်တရက်ကြီး စစ်သည်များကိုဦးဆောင်ကာ သွေးကျတ်တီးနယ်မြေကို တိုက်ခိုက်လာရပါသနည်း။
ထို့အပြင် လူသားဧကရာဇ် လာရောက် တိုက်ခိုက်သည့်အချိန်သည် တိုက်ဆိုင်မှု သိပ်များနေခဲ့သည်။
သူ၏အဖေက သွေးကျတ်တီးနယ်မြေမှ ကျင့်ကြံသူတချို့ကို ဦးဆောင်ကာ ထွက်သွားပြီး မကြာမီမှာပင် လူသားဧကရာဇ်က သူတို့ သွေးကျတ်တီးနယ်မြေကို လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လူသားမျိုးနွယ်စုက သွေးဝိညာဥ်မျိုးနွယ်စုနှင့် တိုက်ပွဲကြီးဆင်နွှဲရန် ပြင်ဆင်ထားခဲ့သည်မှာ အပေါ်ယံသာ ဖြစ်ပြီး သွေးဝိညာဥ်မျိုးနွယ်စုကို အာရုံလွှဲရန် ဖြစ်နိုင်ပါသလော။
လူသားမျိုးနွယ်စု၏ တကယ့် ရည်ရွယ်ချက်သည် သွေးကျတ်တီးနယ်မြေကို အားနည်းစေရန် ဖြစ်နိုင်လောက်၏။
သို့မှသာ လူသားဧကရာဇ် အသစ်သည် သွေးကျတ်တီးနယ်မြေကို အလွယ်တကူ သိမ်းပိုက်နိုင်မည်မဟုတ်ပါလော။
"မင်းတို့ လူသားမျိုးနွယ်စုက ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုနဲ့ အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲတော့မဲ့ အရိပ်အယောင်မျိုးကို ထုတ်ဖော်ပြသခဲ့တယ်.. ဒါပေမဲ့ လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်အသစ်ဖြစ်တဲ့ မင်းကိုတော့ ငါတို့ သွေးကျတ်တီးနယ်မြေဆီ လာရောက် တိုက်ခိုက်စေခဲ့တယ်.. ဘာပဲဖြစ်ဖြစ် ငါဟွမ်ကျင့်လုံ ဒီနေရာမှာ ရှိနေသရွေ့ မင်းရဲ့ အကြံအစည်တွေ မအောင်မြင်စေရဘူး"
စကားဆုံးသည်နှင့် ဟွမ်ကျင့်လုံ၏ လက်ဖဝါးထဲတွင် ဆန်းကြယ်သော သွေးစွမ်းအင်များ ထုတ်လွှတ်နေသည့် တံဆိပ်ပြားတစ်ခုသည် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
အခန်း(၁၄၈၂)ပြီး၏။