← Chapters

အခန်း (၁၄၈၃-၁၄၈၅)

Vol. 99 Ch. 1483-1485

အခန်း (၁၄၈၃-၁၄၈၅)

Vol. 99 Ch. 1483-1485

အခန်း(၁၄၈၃)

ဟွမ်ကျင့်လုံက သူ့လက်ထဲတွင် ကိုင်ထားသည့် တံဆိပ်ပြားထဲသို့ သွေးတစ်စက်ကို တိုက်ရိုက်ပင်ထည့်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ဆန်းကြယ်သောစွမ်းအင်လှိုင်းတစ်ခုသည် သွေးတံဆိပ်ပြားထံကနေ ပျံ့နှံ့လာခဲ့ပြီး သွေးကျတ်တီးနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ထို့နောက်တွင် ခပ်တိုးတိုးသက်ပြင်းချ၍ ရေရွတ်လိုက်သောအသံတစ်သံသည် သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော်အတွင်းပိုင်းကနေ ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။

"လူသားမျိုးနွယ်စုက ငါတို့သွေးကျတ်တီးနယ်မြေကို ကျူးကျော်လာမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး သွေးဝိညာဥ်မျိုးနွယ်စုက ဒီအခြေအနေထိတောင် နိမ့်ကျသွားခဲ့ပြီပဲ"

ထိုအသံက အဆုံးမဲ့ နှစ်ပေါင်းများစွာကို ဖြတ်သန်းလာရသကဲ့သို့ အလွန်ပင် ရှေးကျနေခဲ့သည်။

"ဘိုးဘေးထျန်းလင် ဒီနေ့ လူသားမျိုးနွယ်စုက ကျွန်‌တော်တို့ သွေးကျတ်တီးနယ်မြေကို ကျူးကျော်ခဲ့ပါတယ်.. ဘိုးဘေး ကျွန်တော်တို့ကို ကူညီပေးပါဦး"

ဟွမ်ကျင့်လုံက အင်ပါယာမြို့တော်၏ အတွင်းပိုင်းကနေ ရေရွတ်သံကို ကြားလျှင် တလေးတစားဖြင့် လျင်မြန်စွာ ပြောလိုက်သည်။

"ဝုန်း.."

ဟွမ်ကျင့်လုံ၏ စကားသံဆုံးသည်နှင့် ရုန့်ရင်းသော သွေးစွမ်းအင်တစ်ခုသည် အင်ပါယာမြို့တော် အတွင်းပိုင်းကနေ ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားသည် အင်ပါယာမြို့တော်၏ လေထုကို ပြည့်နှက်သွားခဲ့သည်။

ထိုသွေးစွမ်းအား၏ ဖိအားကြောင့် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများပင် ၎င်းတို့၏ နှလုံးသားများ တုန်ယင်လာသလို ခံစားလိုက်ရ၏။

လူတိုင်း၏ ထိတ်လန့်တကြား အကြည့်အောက်မှာပင် အင်ပါယာမြို့တော်၏ မြို့လယ်ရှိ ခန်းမဆောင် တစ်ခုတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းဥပဒေသများ ဝန်းရံနေသည်ကို မြင်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ခန်းမဆောင်၏ ပိတ်ထားသော ကြေးတံခါးက ရုတ်တရက် ပွင့်သွားခဲ့ပြီး အထဲကနေ သွေးရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ခန်းမထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုသွေးပုံရိပ် ထွက်ပေါ်လာသည်နှင့်အမျှ သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော် တစ်ခုလုံးသည် သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့သည်။

"ဒါက ရှေးခေတ်က မဟာအင်ပါယာအဆင့် ကျင့်ကြံသူလား"

ရုတ်တရက် ထွက်ပေါ်လာသည့် သွေးသံချပ် ဝတ်စုံဝတ် ကျင့်ကြံသူ၏ မျက်လုံးကိုကြည့်ရင်း ကျန်းချန်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

ဟွမ်ကျင့်လုံ ယဇ်ပူ‌ဇော်သည့် တံဆိပ်ပြားသည် သွေးမြစ်နယ်မြေကဲ့သို့ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ထားရစ်ခဲ့သည့် စိတ်ဝိညာဥ်ကိုယ်ပွားဟု ပထမတွင် သူထင်ခဲ့သည်။

သို့ရာတွင် ဟွမ်ကျင့်လုံသည် မဟာအင်ပါယာအဆင့် ရှေးခေတ် ကျင့်ကြံသူ တစ်ကောင်ကို ဆင့်ခေါ်ခဲ့မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

"ကောင်လေး မင်းက ငါ့ရဲ့ သွေးကျတ်တီးနယ်မြေကို ကျူးကျော်ခဲ့ပြီး ငါ့ကို အပြင်ထွက်လာအောင် အတင်းအကျပ်ဖိအားပေးခဲ့တယ်.. ဒါကြောင့် မင်းရဲ့အသက်ကို ငါဟွမ်ထျန်းလင်ထံမှာ ထားခဲ့ရလိမ့်မယ်"

စကားဆုံးသည်နှင့် သွေးသံချပ်ဝတ် ကျင့်ကြံသူသည် သွေးမျက်ဝန်း တစ်စုံဖြင့် ကျန်းချန်ကို ရုတ်တရက် ကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ မျက်ဝန်းမှ သွေးစွမ်းအင်နှစ်ခုလည် လေထုကို ထိုးဖောက်သွားခဲ့ပြီး အရာအားလုံးကို ဖိနှိပ်နိုင်သော အင်အားဖြင့် ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။

"ဒီ.. ဒီလူက ဟွမ်ထျန်းလင်လား.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သွေးသံချပ်ဝတ် ကျင့်ကြံသူ၏ ကြုံးဝါးသံကို ကြားလျှင် ယွင်ယွဲ့၏ မျက်နှာထက်တွင် အဆုံးသတ်၌ ထိတ်လန့်သော အရိပ်အယောင် တစ်ခု မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။

ယွင်ယွဲ့သည် ယွင်မျိုးနွယ်စုတွင် မွေးဖွားခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည် အားမနည်းပေ။

ထို့အပြင် လက်ရှိ ယွင်ကျိုးနယ်မြေ၏ စစ်ဦးစီးချုပ်လည်းဖြစ်သည်။

ထို့ကြောင့် သွေးဝိညာဥ်မျိုးနွယ်စု အပေါ် သူ၏ နားလည်မှုသည် သာမန်လူများထက် များစွာ သာလွန်၏။

ဟွမ်ထျန်းလင် ဟူသောအမည်သည် သွေးကျတ်တီးနယ်မြေ၏ လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀၀)ခန့်က သွေးဘုရင်၏ နာမည် ဖြစ်သည်။

ဆိုရလျှင် ဟွမ်ထျန်းလင်သည် လွန်ခဲ့သောနှစ်ပေါင်း(၃၀၀၀၀)ကျော်ကတည်းကပင် မဟာအင်ပါယာအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မဟာအင်ပါယာအဆင့် ကျင့်ကြံသူ၏ အသက်သည် ၃၀၀၀၀ ထက်မပိုပေ။

ယေဘုယျအားဖြင့် ဟွမ်ထျန်းလင်သည် နတ်တစ်ပိုင်းအဆင့်ကို မထိုးဖောက်နိုင်သ၍ ဤကမ္ဘာတွင် ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ချေ။

သို့သော်လည်း နတ်တစ်ပိုင်းအဆင့်ကို မထိုးဖောက် နိုင်သေးသည့် မဟာအင်ပါယာအဆင့် ဖြစ်သည့် ဟွမ်ထျန်းလင်သည် သူ၏ ရှေ့တွင် အသက်ရှင်လျက် ရပ်နေခဲ့သည်။

ဤသည်က အလွန်ပင် မယုံကြည်နိုင်စရာကောင်းလွန်းနေသည် မဟုတ်ပါလော။

ယွင်ယွဲ့က သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ပြောလိုက်သည်။

"အရှင်မင်းကြီး သတိထားပါ.. သူက လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀)ကျော်က သွေးကျတ်တီး နယ်မြေကို အုပ်ချုပ်တဲ့သွေးဘုရင်ပဲ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်ရာ ထက်မြက်သော ဓားစွမ်းအင်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး သူ့ကို ဖိနှိပ်ရန်ရောက်ရှိလာသည့် သွေးစွမ်းအားနှစ်ခုကို ဘာမှမကျန်ရှိတော့သည် အထိ ဖျက်ဆီးပစ်လိုက်သည်။

"မမျှော်လင့်ဘဲ မင်းလို မွန်းစတားတစ်ကောင်က သွေးကျတ်တီးနယ်မြေမှာ အသက်ရှင်လျက်ရှိနေသေးတာကိုး.. မဟာအင်ပါယာတစ်ပါးရဲ့ သက်တမ်းက (၃၀၀၀၀)ပဲ ရှိပေမဲ့ မင်းကတော့ အခုအချိန်ထိ အသက်ရှင်နိုင်ခဲ့တယ်.. ဒါကြောင့် မင်းအနေနဲ့ အဖိုးအခတွေ အများကြီး ပေးဆပ်ခဲ့ရမှာ သေချာသလောက်ပဲ"

ကျန်းချန်က လက်ပိုက်ကာ ဟွမ်ထျန်းလင်ကို မထီမဲ့မြင် ကြည့်၍ ပြောလိုက်သည်။

"ငါ့ဘက်က ဘယ်လောက်ပဲ ပေးဆပ်ရပေးဆပ်ရ ဘာဖြစ်လဲ.. ငါနတ်တစ်ပိုင်းအဆင့်ကို ကျော်ဖြတ်နိုင်သရွေ့ ကြိုးစားအားထုတ်မှု အားလုံးက တန်ဖိုးရှိလာမှာပဲ"

ဟွမ်ထျန်းလင်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းပင် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

"တစ်ယောက်ယောက်က မင်းကို အရှင်မင်းကြီးလို့ ခေါ်လိုက်ပုံပဲ.. ကြည့်ရတာ မင်းက လူသားမျိုးနွယ်စုရဲ့ လူသားဧကရာဇ်ဖြစ်ပုံရတယ်"

"သိပ်ဟုတ်တာပေါ့.. ငါက လူသားမျိုးနွယ်စုရဲ့(၁၁)ပါးမြောက် လူသားဧကရာဇ်ပဲ"

ကျန်းချန်က ခေါင်းကိုညင်သာစွာ ညိတ်၍ ပြောလိုက်သည်။

"ကျွတ်ကျွတ်.. အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ကောင်လေး တစ်ယောက်ကတောင် လူသားဧကရာဇ် ဖြစ်လာနိုင်တယ်ပေါ့လေ.. မင်းတို့လူသားမျိုးနွယ်စုရဲ့ အခြေအနေက ဒီလောက်ထိတောင် ကျဆင်းနေပြီလား.. မင်း ငါတို့ သွေးကျတ်တီးနယ်မြေကို ကျူးကျော်ဝံ့တဲ့အတွက် ဒီနေ့ လူသားမျိုးနွယ်စုရဲ့ဧကရာဇ်ဖြစ်တဲ့မင်းကို ငါကျိန်းသေပေါက် သတ်ပစ်မယ်"

ဟွမ်ထျန်းလင်က ရက်စက်လိုသောအပြုံးဖြင့် ပြုံးလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ပျံ့နှံ့လာခဲ့၏။

"ဟွမ်ထျန်းလင် မင်းနေထိုင်တဲ့ခန်းမကို အချိန်ဥပဒေသနဲ့အသက်ဥပဒေသတို့ရဲ့ စွမ်းအားသက်ရောက်မှု ရှိစေဖို့အတွက် အထူးပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ မဟုတ်လား.. ငါခန့်မှန်းတာမမှားဘူးဆိုရင် မင်းက အဲဒီခန်းမရဲ့ အကူအညီနဲ့ ဒီနေ့ဒီအချိန်အထိ အသက်ရှင်နိုင်ခဲ့တာပဲ.. မင်းရဲ့လက်ရှိအခြေအနေနဲ့ အဲဒီခန်းမထဲကနေ အပြင်ကို အကြာကြီး ထွက်လာနိုင်မှာမဟုတ်ဘူး.. ဒါ့အပြင် မင်းအနေနဲ့ ခွန်အားအများကြီးလည်း ထုတ်သုံးနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က ဟွမ်ထျန်းလင်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀)က မင်းရဲ့ အထွတ်အထိပ်ကာလ အခြေအနေနဲ့ ဆိုရင်တော့ ဒီဧကရာဇ်က မင်းကို အနည်းငယ်ရင်ဆိုင်ရ ခက်လိမ့်မယ်.. ဒါပေမဲ့ လက်ရှိ မင်းရဲ့အခြေအနေနဲ့ဆိုရင်တော့ ငါ့ကို သတ်ပစ်ဖို့က အများကြီးလိုပါသေးတယ်"

"ဟမ့်.. ငါဟွမ်ထျန်းလင်က အထွတ်အထိပ် အခြေအနေမှာ ရှိမနေရင်တောင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်က ကောင်လေးတစ်ယောက်ကို သတ်ဖြတ်ဖို့က လုံလောက်တာထက်တောင် ပိုပါသေးတယ်"

စကားဆုံးသည်နှင့် ဟွမ်ထျန်းလင်၏ လက်ထဲတွင် သွေးရောင်မိုးကြိုးများ တောက်ပနေသော ဓားရှည်တစ်လက်သည် လေထဲကနေ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူ၏ လက်ထဲမှ ဓားရှည်ဖြင့် ကျန်းချန်ကို တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်၏။

ထိုဓားချက်က မည်သည့်စွမ်းအားမှ မပါရှိဘဲ သာမန်ဓားချက်ကဲ့သို့ပင်။

သို့သော်လည်း ဟွမ်ထျန်းလင်၏ အရှေ့တွင် ရှိသည့် လေထုသည် ဆန်းကြယ်သော စွမ်းအားဖြင့် နှစ်ခြမ်းကွဲသွားခဲ့သည်။

ထိုအက်ကွဲကြောင်းသည် ဟွမ်ထျန်းလင် ထံကနေ ကျန်းချန်ဆီသို့ပင် ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။

ယင်းအက်ကွဲကြောင်းက ပါးစပ်ကို ကျယ်လောင်စွာ ဟထားသည် ရှေးဟောင်းမွန်းစတားနတ်ဆိုးတစ်ကောင်ကဲ့သို့ ကျန်းချန်ကို ဝါးမျိုရန် အသင့်ဖြစ်နေခဲ့သည်။

"ဒီစွမ်းအားလောက်နဲ့တော့ မင်းင့ါကို ဘယ်လိုမှမသတ်နိုင်ဘူး"

ကျန်းချန်က ညင်သာစွာပြုံးလိုက်ပြီး လက်ညှိုးမှ ဓားစွမ်းအင်ဖြင့် အက်ကြောင်းကိုဖြိုခွင်းလိုက်ရာ သူ၏ ခေါင်းအထက်မှ သွေးရောင်အက်ကြောင်းသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

"ဒုတိယအဆင့်ကို ရောက်နေတဲ့ ဓားဥပဒေသပါလား"

ဟွမ်ထျန်းလင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

"မင်းက ဒီလောက် အသက်အရွယ်လေးနဲ့ ဓားဥပဒေသရဲ့ဒုတိယအဆင့်ကိုတောင် နားလည်နေပါလား.. မင်းက လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်ဖြစ်လာတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ"

"ငါနားလည်ထားတာက ဓားဥပဒေသ တစ်မျိုးတည်း မဟုတ်ဘူး မင်းရဲ့အလှည့်ပြီးသွားပြီ ဆိုတော့ ဒီတစ်ကြိမ် ငါ့ရဲ့အလှည့်ပဲ"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ကို လေထုထဲသို့ ဆန့်ထုတ်လိုက်သည်။

ထို့နောက်တွင် ဓားဥပဒေသ၏ ဓားစွမ်းအားသည် သူ၏ ဦးခေါင်းအထက်တွင် ဓားရှည်တစ်လက် အဖြစ်သို့ ချက်ချင်းပင် စုဖွဲ့သွားခဲ့သည်။

ထို့အပြင် မိုးကြိုးစွမ်းအား၊ လေစွမ်းအား၊ မီးလျှံစွမ်းအား၊အချိန်စွမ်းအား၊ နေရာလွတ်စွမ်းအား စသည့် ဥပဒေသများကို ဓားရှည်ထဲတွင် ဆက်တိုက်ဆိုသလို ပေါင်းစည်းလိုက်၏။

ကျန်းချန်သည် ဟွမ်ထျန်းလင်ကို သက်ညှာရန် စိတ်ကူး လုံးဝမရှိခဲ့ပေ။

ထို့ကြောင့် ဓားဥပဒေသ၏ ဒုတိယအဆင့်စွမ်းအားကို တိုက်ရိုက် အသုံးပြုကာ ဥပဒေသငါးခုကို ထပ်မံ ပေါင်းစည်း၍ အစွမ်းထက် ဓားတစ်လက်ကို ဖန်တီးခဲ့ပြီး ဟွမ်ထျန်းလင်ကို တိုက်ခိုက်လိုက်သည်။

အခန်း(၁၄၈၃)ပြီး၏။

အခန်း(၁၄၈၄)

ကျန်းချန် ပေါင်းစည်းထားသည့် အင်အားကြီးမားသော ဓားကိုကြည့်ရင်း ဟွမ်ထျန်းလင်၏ စိတ်နှလုံးသည် ရုတ်တရက် ကျိုးပျက်သွားသကဲ့သို မျက်နှာထက်တွင်လည်း ထိတ်လန့်သောအမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

"ဒီကောင်လေးက တကယ်ကို မွန်းစတားပဲ"

ဟွမ်ထျန်းလင်သည် သူ၏ရှေ့မှ လူသားဧကရာဇ် အသစ်က ဤမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ၏ရှေ့မှ ကောင်လေးသည် ဓားဥပဒေသ၏ ဒုတိယအဆင့်ကို နားလည်ရုံသာမက မတူကွဲပြားသည့် ဥပဒေသ ငါးခုကိုပါ နားလည်ထားခဲ့သည်။

ထိုဥပဒေသခြောက်မျိုး၏ စွမ်းအား ပေါင်းစည်းလိုက်သောအခါတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် မရပေ။

သူ၏ လက်ရှိစွမ်းအင်သည် အထွတ်အထိပ်ကာလတွင် မရှိသည့်တိုင် အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့်ထက် ပို၍ အစွမ်းထက်သောခွန်အားကို အသုံးပြုနိုင်သည်။

သို့သော် သူ၏ အထွတ်အထိပ်ကာလ စွမ်းရည်ဖြင့်ပင် ကျန်းချန် ယခုထုတ်ဖော်လိုက်သော ဓားကိုရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်လောက်ချေ။

ဟွမ်ထျန်းလင်က လုံးဝ တုံ့ဆိုင်းမနေဘဲ သွေးရောင်တောက်ပနေသော လျှပ်စီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး မြို့လယ်၏ ခန်းမဆောင်ဆီသို့ ထိတ်လန့်တကြားဖြင့် ထွက်ပြေးခဲ့သည်။

သူနေထိုင်သော ခန်းမဆောင်သည် အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အပြင် အလွန်အားကောင်းသော ကာကွယ်ရေးစွမ်းအင်လည်း ရှိသည်။

အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည့် မဟာအင်ပါယာပင် ထိုခန်းမဆောင်ထဲကို အလွယ်တကူချိုးဖြတ်၍ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ယခု သူ့အနေဖြင့် ခန်းမထဲကို ထွက်ပြေးမှသာလျှင် လွတ်မြောက်ရန်အခွင့်အရေး ရနိုင်လိမ့်မည် ဖြစ်သည်။

"ထွက်ပြေးလို့ရမယ်ထင်နေတာလား"

ဟွမ်ထျန်းလင်၏ အခြေအနေကို မြင်လျှင် ကျန်းချန်သည် လှောင်ပြောင်လိုက်သည်။

သူ၏ဓားဥပဒေသသည် ဒုတိယအဆင့်ကို ရောက်ရှိနေ၍ ဆယ်မိုင်ပတ်လည်ရှိ ပတ်ဝန်းကျင်ကို ကောင်းစွာ ထိန်းချုပ်နိုင်၏။

သူ၏ ဓားဥပဒေသဖြင့် ပိတ်မိနေသည့် ဟွမ်ထျန်းလင်သည် ဤဆယ်မိုင် ပတ်ဝန်းကျင်တွင် မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ပုန်းအောင်းရန် မဖြစ်နိုင်ပေ။

ဟွမ်ထျန်းလင်က သူနေထိုင်သည့် ခန်းမဆောင်ထဲသို့ ဝင်ရောက်တော့မည့် အချိန်မှာပင် ဓားအလင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့သည်။

ဟွမ်ထျန်းလင်က ခေါင်းငုံ့၍ ကြည့်လိုက်ရာ သူ၏ ရင်ဘတ်တွင် သွေးများ ပေပွနေသည့် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုသွေးပေါက်ကြီး၏ ပတ်ပတ်လည်တွင် ခြောက်ရောင်ခြယ်ဓားအလင်းက ရှိနေခဲ့သည်။

ဟွမ်ထျန်းလင်၏ ခန္ဓာကိုယ်သည် ခြောက်ရောင်ခြယ်ဓားအလင်းကြောင့် တဖြည်းဖြည်း ကွဲအက်လာခဲ့ပြီး အဆုံးသတ်တွင် "ဝုန်း"ဟူသောအသံနှင့် အတူ ပေါက်ကွဲထွက်သွားခဲ့သည်။

ဤသို့ဖြင့် လွန်ခဲ့သည့် နှစ်(၃၀၀၀၀)ကျော်က သွေးကျတ်တီးနယ်မြေကို အုပ်ချုပ်သော သွေးဘုရင်ဖြစ်သည့် ဟွမ်ထျန်းလင်ကို အဆုံးသတ်တွင် ကျန်းချန်သည် အပြီးသတ်ရှင်းလင်းနိုင်ခဲ့၏။

"မမျှော်လင့်ဘဲ အရှင်မင်းကြီးရဲ့ စွမ်းရည်က ဒီလောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်အထိကို ရောက်နေခဲ့ပြီ"

ထိုမြင်ကွင်းကိုကြည့်ကာ ယွင်ယွဲ့နှင့် တခြားသူများသည် မှင်တက်နေခဲ့ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ရှိနေခဲ့ကြသည်။

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် သွေးကျတ်တီးနယ်မြေကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။

ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိသည့် မဟာအင်ပါယာတစ်ပါးကိုပင် ကောင်းစွာရင်ဆိုင်နိုင်နေပြီ မဟုတ်ပါလား။

"ဘိုးဘေးထျန်းလင်က ရှုံးနိမ့်သွားခဲ့ပြီလား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဟွမ်ကျင့်လုံက သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဘိုးဘေးထျန်းလင်သည် သူတို့ သွေးကျတ်တီးနယ်မြေ၏ လွန်ခဲ့သည့် နှစ်ပေါင်း(၃၀၀၀၀)ကျော်က သွေးဘုရင် ဖြစ်သည်။

ခန္ဓာကိုယ်ဆိုင်ရာ ကိစ္စတချို့ကြောင့် ဘိုးဘေးထျန်းလင်သည် မဟာအင်ပါယာ၏ စွမ်းအားကို မထုတ်နိုင်သော်လည်း မဟာအင်ပါယာ အဆင့်အောက်တွင် ပြိုင်ဘက်ကင်းသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သို့သော်လည်း သူ၏ရှေ့မှ လူသားဧကရာဇ် အသစ်သည် ဘိုးဘေးထျန်းလင်ကို ဓားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်၏။

ဤအချိန်တွင် ဟွမ်ကျင့်လုံ၏ မျက်နှာသည် သုန်မှုန်နေခဲ့သည်။

ဤအတိုင်းသာဆိုလျှင် ယနေ့တွင် သူတို့သည် သွေးမြစ်နယ်မြေ၏ အဖြစ်ဆိုးနောက်သို့ အမှန်တကယ် လိုက်ရတော့မည်ဖြစ်၏။

"လူသားဧကရာဇ် ဒီနေ့တိုက်ပွဲမှာ ငါတို့ သွေးကျတ်တီးနယ်မြေက ရှုံးနိမ်သွားတယ်.. ဒါပေမဲ့ မင်းင့ါကို စောင့်နေပါ သိပ်မကြာခင်မှာ ငါတို့ သွေးကျတ်တီးနယ်မြေက မင်းတို့ လူသားမျိုးနွယ်စုကို ၁၀ဆ ပြန်လည်ပေးဆပ်စေမယ်"

ဟွမ်ကျင့်လုံက သူ၏ စိတ်နှလုံးထဲတွင် ရှိသည့် ဒေါသကို ထိန်းချုပ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အားလုံး အသေခံတိုက်ကြ"

သူရှေ့မှ လူသားဧကရာဇ်အသစ်သည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူထက်ပင် မနိမ့်ကျပေ။

ယခုအခါတွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူဖြစ်သည့် သူ၏အဖေသည် သွေးကျတ်တီးနယ်မြေတွင် ရှိမနေပေ။

ထို့ကြောင့် သွေးကျတ်တီး နယ်မြေသည် ကျရှုံးရန်မှာ သေချာသလောက်ပင်ဖြစ်၏။

ယခု သူက အသက်ရှင်ရန် ကြိုးစားပြီး သူ၏အဖေကို ထိုကိစ္စအား သတင်းပို့ရမည်ဖြစ်သည်။

အချိန်ကျလာလျှင် သူက သေချာပေါက် ပြန်ရောက်လာပြီး ကျန်းချန် ဆီကနေ ယနေ့ဆုံးရှုံးမှုကို ၁၀ဆ ပြန်လည်ရယူမည်ဖြစ်၏။

"စိတ်မပူပါနဲ့.. ငါ့ကို ပေးဆပ်စေဖို့ အခွင့်အရေး မင်းဘယ်တော့မှ ရမှာမဟုတ်ဘူး"

ကျန်းချန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဆယ်မိုင်ပတ်လည်ရှိ လေထုထဲမှ ဓားစွမ်းအင်သည် ပို၍ပင် အားကောင်းလာခဲ့သည်။

ထိုဓားစွမ်းအင်က လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ဟွမ်ကျင့်လုံနှင့် တခြားအင်ပါယာအဆင့် ကျင့်ကြံသူများ၏ ရှေ့တွင် ဓားကွန်ရက် တစ်ခုအဖြစ်သို့ ဖွဲ့စည်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟွမ်ကျင့်လုံနှင့် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများသည် ထိုဓားကွန်ရက်၏ အောက်တွင် ဘာမှမကျန်ရှိတော့သည်အထိ ဖျက်ဆီးခံခဲ့ရသည်။

"ယွင်ယွဲ့၊ စန်းယွမ်လုံ မင်းတို့နှစ်ယောက်က သွေးကျတ်တီးနယ်မြေကို အမြန်ဆုံး ထိန်းချုပ်လိုက်.. ကလန်ကဆန်လုပ်တဲ့သူရှိရင် မညှာတာဘဲ အကုန်သတ်ပစ်"

ဟွမ်ကျင့်လုံနှင့် တခြားအင်ပါယာအဆင့် ကျင့်ကြံသူများကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်း၏ မောက်မာသောအသံသည် လေထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

"အရှင်မင်းကြီးရဲ့အမိန့်ကို လိုက်နာပါ့မယ်"

နှစ်ယောက်သားက တလေးတစား ပြန်ဖြေလိုက်ပြီး ကိုယ်စီအဖွဲ့များကို ဦးဆောင်ကာ သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော်ကို လျင်မြန်စွာပင် ထိန်းချုပ်လိုက်သည်။

တစ်နာရီခန့်အကြာတွင် ယွင်ယွဲ့နှင့် စန်းယွမ်လုံတို့သည် သွေးကျတ်တီးနယ်မြေကို လူသားမျိုးနွယ်စု၏ ခြေရင်း၌ လက်နက်ချ အညံ့ခံစေခဲ့၏။

ယွင်ယွဲ့နှင့် စန်းယွမ်လုံတို့က သွေးကျတ်တီးနယ်မြေကို ထိန်းချုပ်ပြီးနောက်တွင် ခန်းမတစ်ခုထဲတွင် ရှိနေသည့် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

"အရှင်မင်းကြီး သွေးကျတ်တီးနယ်မြေရဲ့ အင်ပါယာမြို့တော်က ကျွန်တော်တို့ လူသားမျိုးနွယ်စုရဲ့ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိနေပါပြီ.. အရှင်မင်းကြီး နောက်ထပ်မိန့်ကြားစရာများ ရှိသေးလား"

ယွင်ယွဲ့က တလေးတစားပင် မေးလိုက်သည်။

သူက စကားပြောနေစဥ်တွင် အလွန်အမင်း စိတ်ခံစားမှုတစ်ခု ရှိခဲ့သည်။

ကျန်းချန် ထွက်ပေါ်လာမှုသည် သူတို့ လူသားမျိုးနွယ်စု၏ ကောင်းချီးတစ်ခု ဖြစ်၏။

လူသားဧကရာဇ် မဖြစ်ခင်ကပင် ကျန်းချန်သည် သွေးစွန့်ပစ်နယ်မြေမှ လူသားအင်အားစုများကို စုစည်း၍ သွေးမြစ်နယ်မြေကို ဝင်ရောက်ကာ တစ်ချက်တည်းဖြင့် သိမ်းပိုက်လိုက်သည်။

ယခု လူသားဧကရာဇ် ဖြစ်လာပြီးနောက်တွင်လည်း ကျန်းချန်သည် သူတို့ကို ဦးဆောင်၍ သွေးကျတ်တီးနယ်မြေကို တစ်ဖန် သိမ်းပိုက်လိုက်ပြန်၏။

ဤသို့ဖြင့် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေကိုးခုတွင် ကျန်းချန်သည် နယ်မြေနှစ်ခုကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။

ယွင်ယွဲ့ သိထားသလောက်ဆိုလျှင် လူသားမျိုးနွယ်စု၏ အထွတ်အထိပ် ကာလအချိန်မှာပင် သွေးဝိညာဥ်မျိုးနွယ်စု၏ တိုက်ပွဲ၌ ဤမျှ အံ့သြစရာကောင်းသည့် မှတ်တမ်းမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။

ဤတစ်ကြိမ်တွင် လူသားဧကရာဇ်အသစ် ဖြစ်သည့် ကျန်းချန်သည် သူတို့ လူသားမျိုးနွယ်စုကို အမှန်တကယ် ဦးဆောင်ကာ သွေးဝိညာဥ် မျိုးနွယ်စုကို လုံးဝ နှိမ်နင်းနိုင်လိမ့်မည်မှာ ဖြစ်နိုင်လောက်၏။

"အရှင်မင်းကြီး အခုအချိန်မှာ သွေးဝိညာဥ် မျိုးနွယ်စုရဲ့ နယ်မြေကိုးခုရဲ့ကျင့်ကြံသူတွေက ရှေ့တန်းစစ်မြေပြင်ကိုထွက်သွားကြတဲ့အတွက် နယ်မြေကိုးခုမှာ အစောင့်တွေက ပေါ့လျော့နေတယ်.. ဒီအခွင့်အရေးကို အရယူပြီး ဘာကြောင့်နောက်ထပ်နယ်မြေတွေကို ဆက်လက် မတိုက်ခိုက်ရတာလဲ"

စန်းယွမ်လုံက သူ၏ကိုယ်ပိုင် ထင်မြင်ချက်ကို အလျင်အမြန်ပင် လျှောက်တင်လိုက်သည်။

"ဟွမ်ကျင့်လုံကို ငါသတ်ဖြတ်လိုက်တဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်ကနေ မဟာအင်ပါယာရဲ့ စိတ်ဝိညာဥ်အရှိန်အဝါကို အနည်းငယ်ခံစားလိုက်ရတယ်.. ဒါက သူ့ရဲ့အဖေ ဟွမ်ဝူကျီ ထားခဲ့တာဖြစ်နိုင်တယ်.. အခုအချိန်မှာ ဟွမ်ဝူကျီက သွေးကျတ်တီးနယ်မြေမှာ တစ်စုံတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ သိနေလောက်ပြီ.. ဒါကြောင့် သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နောက်ထပ်နယ်မြေကို တိုက်ခိုက်ဖို့အတွက် လောလောဆယ် မစဥ်းစားနဲ့ဦး"

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူက အခုချက်ချင်း ထိုးစစ်ဆင်လျှင်ပင် သွေးဝိညာဥ်မျိုးနွယ်စု၏ ‌နောက်ထပ် နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်လိမ့်မည်ဖြစ်သည်။

သို့သော် သူတို့၏ ခွန်အားက အကန့်အသတ်ရှိ၍ နယ်မြေနှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် မလွယ်ကူပေ။

ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေသည့် သွေးဘုရင်များ ပြန်လည် ရောက်ရှိလာသည်နှင့် နယ်မြေနှစ်ခုကို ထိန်းချုပ်ထားသည့် သူတို့၏ အခြေအနေသည် အလွန်တရာပင် အန္တရာယ်များသွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က နောက်ထပ် နယ်မြေတစ်ခုကို သိမ်းပိုက်ရန် အတွက် စိတ်မလောဖို့ ဆုံးဖြတ်လိုက်သည်။

သူက သွေးကျတ်တီးနယ်မြေ၏ သွေးဘုရင် ဟွမ်ဝူကျီကို ဤသွေးကျတ်တီးနယ်မြေတွင် တိုက်ခိုက်ရန် စောင့်ဆိုင်းပြီး ဟွမ်ဝူကျီနှင့် တခြားသူများကို ရှင်းလင်းပြီးမှသာလျှင် နောက်ထပ်ခြေလှမ်းကိုလှမ်းရန် စဥ်းစားလိုက်သည်။

ယွင်ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အရှင်မင်းကြီး ဆုံးဖြတ်တာ မှန်ပါတယ်.. ကျွန်တော်တို့ရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင် တစ်ကြိမ်တည်းမှာ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေနှစ်ခုကို ထိန်းချုပ်နိုင်ဦးမှာ မဟုတ်ဘူး"

"သွေးကျတ်တီးနယ်မြေကို မင်းတို့‌တွေ သေချာထိန်းချုပ်ပြီး ကျန်တဲ့ နယ်မြေ(၇)ခုအကြောင်းကို စုံစမ်းထားပါ"

ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။

ထို့နောက် သူ၏ ဝင့်ကြွားသော လေသံသည် ခန်းမဆောင်ထဲတွင် တိုက်ရိုက်ပဲ့တင်ထပ်လာခဲ့၏။

"နောက်ထပ်ခြေလှမ်းအနေနဲ့ ငါတို့ သွေးကျတ်တီးနယ်မြေမှာ အထိုင်ချပြီး ဟွမ်ဝူကျီ ရောက်လာတဲ့အထိ စောင့်ဆိုင်းမယ်"

အခန်း(၁၄၈၄)ပြီး၏။

အခန်း(၁၄၈၅)

ငွေရောင်သွေးနယ်မြေသည် ရွှယ်လင်ကုန်းမြေတိုက်၏ ဗဟိုချက်တွင် တည်ရှိပြီး လူသားမျိုးနွယ်စု၏ နန်ဝူနယ်မြေနှင့် မြစ်တစ်စင်းစာ ခြားနားသောနယ်မြေ ဖြစ်ကာ မျိုးနွယ်စုနှစ်ခု၏ တိုက်ပွဲဗဟိုချက်လည်း ဖြစ်သည်။

သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးအင်ပါယာအသစ်သည် ရာဇပလ္လင်ကို ဆက်ခံပြီးနောက်တွင် လူသားမျိုးနွယ်စုကို တိုက်ခိုက်ရန် အသင့် ဖြစ်နေခဲ့၏။

သို့သော် ဤတစ်ကြိမ်တွင် ရုတ်တရက် အပြောင်းအလဲဖြစ်သွားခဲ့ပြီး လူသားမျိုးနွယ်စု အင်အားကြီးမားသော ကျင့်ကြံသူများသည် နန်ဝူပြည်နယ်စုတွင် စုဝေးခဲ့ကြသည်။

လူသားမျိုးနွယ်စုတွင်လည်း သူတို့ သွေးဝိညာဥ်မျိုးနွယ်စုနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိနေလိမ့်မည်ဟု သွေးဝိညာဥ်မျိုးနွယ်စုက မထင်ထားခဲ့ပေ။

ထို့ကြောင့် သွေးအင်ပါယာသည် နယ်မြေအသီးသီးမှ အစွမ်းထက် ကျင့်ကြံသူများကို ငွေရောင်သွေးနယ်မြေသို့ လာရန် ချက်ချင်းပင် ဆင့်ခေါ်လိုက်ရသည်။

သို့သော်လည်း လူသားမျိုးနွယ်စုသည်‌ သွေးဝိညာဥ် မျိုးနွယ်စုကို တိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသကဲ့သို့ မြစ်တစ်ဖက်ကမ်းတွင်သာ ဆက်လက်ရှိနေဆဲပင်။

"အားလုံးပဲ.. လူသားမျိုးနွယ်စုက ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုမျိုးကို ရင်ဆိုင်ဖို့ အစွမ်းထက် ကျင့်ကြံသူတွေကို နန်ဝူပြည်နယ်မှာ စုစည်းခဲ့တယ်.. ဒါပေမဲ့ အခု သူတို့က တိုက်ပွဲကိုရှောင်နေတယ် ဒီကိစ္စကို မင်းတို့ဘယ်လိုမြင်လဲ"

ငွေရောင်သွေးနယ်မြေ၏ အင်ပါယာမြို့တော် ဗဟိုခန်းမဆောင်ရှိ နဂါးရုပ်ကို‌ ရေးထိုးထားသော သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ယောက်၏ အသံသည် ခန်းမဆောင်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်နေခဲ့သည်။

ထိုသွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်သည် တခြားသူ မဟုတ်ပေ။

သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးအင်ပါယာအသစ်ပင် ဖြစ်၏။

"အရှင်မင်းကြီး.. လူသားမျိုးနွယ်စုရဲ့ အစွမ်းထက်ကျင့်ကြံသူတွေက နန်ဝူနယ်မြေမှာ စုစည်းခဲ့ကြတယ်.. ဒါပေမဲ့ ကျွန်တော်မျိုးတို့ သွေးဝိညာဥ်မျိုးနွယ်စုကို တစ်ခါမှ ရင်မဆိုင်ခဲ့ဘူး.. ဒီထဲမှာ လှည့်ကွက်တွေရှိမယ် ထင်တယ်"

သွေးဝိညာဥ်မျိုးနွယ်စုမှ အကြီးအကဲ တစ်ယောက်က အလေးအနက် ပြောလိုက်သည်။

"ဟမ့်.. သူတို့ရဲ့လှည့်ကွက်က ဘယ်လိုလှည့်ကွက်ပဲဖြစ်ဖြစ် တစ်ခါတည်း အမြစ်ဖြုတ်ပစ်လိုက်မယ်.. ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုက လူသားမျိုးနွယ်စုကို ကြောက်နေရမှာလား"

သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာတစ်ပါးက အေးစက်စက်ရေရွတ်လိုက်သည်။

သူ၏စကားက လူသားမျိုးနွယ်စုကို မျက်လုံးထဲ လုံးဝ မထည့်သကဲ့သို့ပင်။

"အခုချက်ချင်း စစ်ချီလို့တော့မဖြစ်ဘူး"

အစောပိုင်းက စကားပြောခဲ့သည့်အကြီးအကဲက အလျင်အမြန်ပင် ပြောလိုက်သည်။

"အခုအချိန်မှာ ငါတို့သွေးဝိညာဥ်မျိုးနွယ်စုက လူသားမျိုးနွယ်စုကို ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းအစ မရှိသေးဘူး.. လူသားမျိုးနွယ်စုရဲ့ ဒီလှုပ်ရှားမှုက ပုံမှန်မဟုတ်ဘူးလို့ ငါထင်တယ်.. သူတို့ရဲ့ရည်ရွယ်ချက်ကို မသိသေးခင် အလောတကြီး မလုပ်တာကောင်းမယ်"

"အရှင်မင်းကြီး.. ကျွန်တော်မျိုးတို့လည်း လူသားမျိုးနွယ်စုရဲ့ ဒီလှုပ်ရှားမှုမှာ အကြံအစည်တစ်ခုခု ရှိမယ်လို့ ထင်ပါတယ်"

"........."

ခန်းမဆောင်ထဲရှိ သွေးဝိညာဥ် မျိုးနွယ်စုမှ မဟာအင်ပါယာများက သူတို့၏ ထင်မြင်ချက်များကို ထုတ်ဖော်ခဲ့ကြသည်။

"မင်းတို့ပြောတာမမှားဘူး.. လူသားမျိုးနွယ်စုက ငါတို့နဲ့ပြတ်ပြတ်သားသား တိုက်ခိုက်ဖို့ရည်ရွယ်ချက် မရှိတဲ့အတွက် ငါတို့အနေနဲ့ လူသားမျိုးနွယ်စုရဲ့ လှုပ်ရှားမှုတွေကို အသေအချာ အာရုံစိုက်ထားရမယ်"

ရွှယ်ဟောင်ကန်း၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားခဲ့သည်။

ယခုအခါတွင် သူတို့ သွေးဝိညာဥ်မျိုးနွယ်စုသည် မဟာအင်ပါယာတည်ဆောက်သည့် လုပ်ငန်းစဥ်ကို ပြုလုပ်နေခဲ့သည်။

ထိုအစီအစဥ် အောင်မြင်သည်နှင့် သွေးဝိညာဥ် မျိုးနွယ်စုသည် အနည်းဆုံး မဟာအင်ပါယာ ဆယ်ပါးကို ဖန်တီးနိုင်လိမ့်မည် ဖြစ်၏။

ရွှယ်ဟောင်ကန်းသည် မဟာအင်ပါယာ တည်ဆောက်မှု အောင်မြင်ပြီးလျှင် လူသားမျိုးနွယ်စုကို ထိုးစစ်ဆင်ရန် ကြံရွယ်ထားခဲ့သည်။

ယခုသွေးဝိညာဥ်မျိုးနွယ်စု အတွက် လိုအပ်သည်မှာ အချိန်သာဖြစ်၏။

ရွှယ်ဟောင်ကန်းက ထိုစကားကို ပြောပြီးနောက်တွင် သူ၏ လက်များကို ခန်းမထဲကနေ ထွက်သွားခိုင်းတော့မည့် အချိန်မှာပင် နံဘေးတွင် ထိုင်နေသည့် သွေးဝိညာဥ်ဘုရင် တစ်ပါး၏ အမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပြီး ထိုင်ခုံကနေ ရုတ်တရက် ထရပ်လိုက်သည်။

ထိုသွေးဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့၏။

ရုတ်တရက် အပြောင်းအလဲကြောင့် ခန်းမဆောင်ထဲရှိ မဟာအင်ပါယာများ၏ အကြည့်သည် သူ၏အပေါ်တွင် ကျရောက်သွားခဲ့ကြသည်။

ရွှယ်ဟောင်ကန်းက ရုတ်တရက် ဟွမ်ဝူကျီကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဟွမ်ဝူကျီ ဘာအကြောင်းကိစ္စထူးလို့လဲ"

"အရှင်မင်းကြီး.. ကျွန်တော်မျိုး ထွက်မလာခင်က ကျွန်တော်မျိုးရဲ့သား ကိုယ်ပေါ်မှာ စိတ်ဝိညာဥ် အမှတ်အသားတစ်ခုထားခဲ့တယ်.. ဒါပေမဲ့ အခု ဒီစိတ်ဝိညာဥ် အမှတ်အသားက ရုတ်တရက် ဖျက်ဆီးခံလိုက်ရပြီ"

ဟွမ်ဝူကျီက သူ၏ စိတ်နှလုံးထဲမှ ဒေါသကို ဖိနှိပ်ရင်း ပြောလိုက်သည်။

သူ၏မျက်နှာက ဒေါသများဖြင့် ခက်ထန်နေခဲ့သည်။

"ကျွန်တော်မျိုးရဲ့ သွေးကျတ်တီးနယ်မြေမှာ တစ်စုံတစ်ရာ ဖြစ်ပျက်နေပြီ ထင်တယ်"

ဟွမ်ဝူကျီက ထိုစကားကို ပြောလိုက်သည်နှင့် ခန်းမ‌ဆောင်ထဲတွင် ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

"ဟွမ်ဝူကျီ မဖြစ်နိုင်ဘူး.. မင်းရဲ့သွေးကျတ်တီးနယ်မြေက လူသားမျိုးနွယ်စုနဲ့ ဘယ်နေရာမှာမှ နယ်နိမိတ်ချင်း မထိစပ်တာ.. ဘယ်လိုလုပ်ပြီး ရုတ်တရက် တစ်စုံတစ်ခု ဖြစ်နိုင်မှာလဲ"

အေးစက်သောသွေးနယ်မြေမှ သွေးဘုရင် ဟန်ကျင့်ရွှယ်က မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

သူတို့ အေးစက်သောသွေးနယ်မြေသည် သွေးကျတ်တီးနယ်မြေနှင့် ကပ်လျက် တည်ရှိသည်။

သွေးကျတ်တီးနယ်မြေတွင်သာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် အေးစက်သော သွေးနယ်မြေသည်လည်း အန္တရာယ်ရှိနေသည်ဟု ဆိုလိုရာရောက်နေသည် မဟုတ်ပါလော။

ထိုအချိန်တွင် ဟွမ်ဝူကျီသည် အသက်ကို ခပ်ပြင်းပြင်းရှူကာ တုံ့ပြန်ပြောဆိုလိုက်သည်။

"ဟန်ကျင့်ရွှယ် မင်းမေ့နေပြီလား.. လက်ရှိ သွေးမြစ်နယ်မြေကို လူသားဧကရာဇ်နန်းတော်လို့ ခေါ်တဲ့ လူသားအင်အားစုတစ်စုက ထိန်းချုပ်ထားတယ်လေ"

"လူသားဧကရာဇ်နန်းတော်လား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းတို့ သွေးကျတ်တီးနယ်မြေရဲ့ စွမ်းရည်နဲ့ဆိုရင် မင်းအနေနဲ့အင်ပါယာတချို့ကို ဒီခေါ်လာခဲ့ရင်တောင် သွေးကျတ်တီးနယ်မြေက အင်အားကြီးမားနေဆဲပဲ.. မဟာအင်ပါယာအဆင့် ကျင့်ကြံသူက လွဲလို့ မင်းရဲ့ သွေးကျတ်တီးနယ်မြေကို ဘယ်သူမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး"

ဟန်ကျင့်ရွှယ်၏ အမူအရာသည် ဤအချိန်တွင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

"လူသားဧကရာဇ်နန်းတော်မှာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတာများလား"

အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူသည် ရွှယ်လင်ကုန်းမြေတိုက်တွင် အထွတ်အထိပ်၌ ရပ်တည်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။

လူသားမျိုးနွယ်စုတွင်ဖြစ်စေ၊ သွေးဝိညာဥ်မျိုးနွယ်စုတွင် ဖြစ်စေ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများသည် အရေအတွက် သိပ်မရှိပေ။

လူသားဧကရာဇ်နန်းတော်က လျှို့ဝှက် ဆန်းကြယ်သော်လည်း မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

"လူသားဧကရာဇ်နန်းတော်ကို လူသားမျိုးနွယ်စုက တည်ထောင်ထားတာ ဖြစ်နိုင်လား.. လူသားမျိုးနွယ်စုက ပထမဦးဆုံး လူသားဧကရာဇ်နန်းတော်ကို တည်ထောင်ပြီး သွေးမြစ်နယ်မြေကို ဖျက်ဆီးခဲ့တယ်.. နောက်ပြီးတော့ လူသားမျိုးနွယ်စုရဲ့အစွမ်းထက် ကျင့်ကြံသူတွေကို နန်ဝူပြည်နယ်မှာ စုဝေးစေပြီး ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုနဲ့ တိုက်ပွဲဆင်နွှဲမဲ့အရိပ်အယောင်ကို ပြသခဲ့တယ်.. ဒါတွေက ငါတို့ကို လှည့်စားဖို့များ ဖြစ်နေမလား"

ထိုအချိန်တွင် သွေးဝိညာဥ်မျိုးနွယ်စုမှ အင်ပါယာတစ်ပါးက ရုတ်တရက် ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးအထင် လူသားဧကရာဇ်နန်းတော်ကို လူသားမျိုးနွယ်စုကပဲ တည်ထောင်ထားတာဖြစ်နိုင်တယ်.. လူသားမျိုးနွယ်စုရဲ့ နန်ဝူပြည်နယ်မှာ စုဝေးနေတဲ့ ထိုးစစ်က ဟန်ပြ ဖြစ်လောက်တယ်.. နောက်ကွယ်မှာတော့ လူသားဧကရာဇ်နန်းတော်ကို အသုံးပြုပြီး ကျွန်တော်မျိုးတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေတွေကို ဝင်ရောက်တိုက်ခိုက်ဖို့ ဖြစ်နိုင်တယ်.. အရှင်မင်းကြီး ကျွန်တော်မျိုးကို သွေးကျတ်တီးနယ်မြေကို ပြန်ခွင့်ပေးပြီး လူသားဧကရာဇ် နန်းတော်ကို အမြစ်ပြတ်သုတ်သင်ခွင့်ပေးပါ"

ဟွမ်ဝူကျီက ရွှယ်ဟောင်ကန်းကို ဦးညွှတ်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်စက်အလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မည်သူပင်ဖြစ်စေ သူ၏ သွေးကျတ်တီးနယ်မြေကို ကျူးကျော်ပြီး သူ၏သားကို သတ်ဖြတ်ရဲသည်ဆိုလျှင် ၁၀ဆ သို့မဟုတ် အဆ၁၀၀ အထိ ကြီးလေးသည့် အဖိုးအခကို သေချာပေါက်ပေးဆပ်စေမည် ဖြစ်သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုး ဟွမ်ဝူကျီရဲ့ မှန်းဆချက်ကို သဘောတူတယ် ကျွန်တော်မျိုးတို့ ဒီကိစ္စကို ကာကွယ်ရမယ်"

ဟန်ကျင့်ရွှယ်ကလည်း အလျင်အမြန်ပင် သဘောတူလိုက်သည်။

"ဒီနေရာမှာ အခု စစ်ပွဲမရှိသေးဘူး.. ကျွန်တော်မျိုးအနေနဲ့ ဟွမ်ဝူကျီနဲ့အတူ သွေးကျတ်တီးနယ်မြေကို လိုက်သွားပြီး လူသားဧကရာဇ်နန်းတော်ဖျက်ဆီးရာမှာ ကူညီပေးဖို့ ဆန္ဒရှိပါတယ်"

"ဒီကိစ္စက ဟွမ်ဝူကျီပြောသလို ဖြစ်နိုင်ပေမဲ့လည်း လူသားမျိုးနွယ်စုရဲ့ ကျားကို တောင်ပေါ်ကနေ မျှားခေါ်တဲ့ဗျူဟာဖြစ်နိုင်ခြေလည်း အများကြီးရှိတယ် ဟွမ်ဝူကျီနဲ့ ဟန်ကျင့်ရွှယ်တို့ထွက်ခွာသွားတဲ့အချိန်မှာ လူသားမျိုးနွယ်စုက ရုတ်တရက် ထိုးစစ်ဆင်လာရင် ကျွန်တော်တို့ သွေးဝိညာဥ်မျိုးနွယ်စု အနေနဲ့ အခက်တွေ့ရလိမ့်မယ်"

ထိုအချိန်တွင် အကြီးအကဲတစ်ယောက်က သူ၏အမြင်ကို ထုတ်ပြောလိုက်သည်။

"ဒါဆို ငါတို့က လူသားဧကရာဇ်နန်းတော်ကို လျစ်လျူရှုထားပြီး ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေကို စိတ်ကြိုက်ဖျက်ဆီးခွင့်ပြုထားရမှာလား"

ဟွမ်ဝူကျီက နှာခေါင်းရှုံ့၍ အေးစက်စက်‌ ရေရွတ်လိုက်သည်။

သွေးအင်ပါယာရွှယ်ဟောင်ကန်းက အပြန်အလှန် အငြင်းပွားနေသည်ကို နား‌ထောင်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

သွေးဝိညာဥ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်သော အရေအတွက်သည် သိပ်မကွာပေ။

ထို့ကြောင့် သွေးဝိညာဥ်ဘုရင်နှစ်ပါး ဖြစ်သည့် ဟွမ်ဝူကျီနှင့်ဟန်ကျင့်ရွှယ် တို့သာ ထွက်ခွာသွားခဲ့လျှင် လူသားမျိုးနွယ်စုက ရုတ်တရက် ထိုးစစ်ဆင်လာသည်နှင့် သူတို့၏ အခြေအနေသည် အလွန်တရာ ဆိုးရွားသွားနိုင်ပေသည်။

သို့သော်လည်း သွေးကျတ်တီးနယ်မြေ၏ လက်ရှိအခြေအနေကို သွေးဝိညာဥ်မျိုးနွယ်စုသည် လျစ်လျူရှု၍လည်း မဖြစ်ပေ။

"ကောင်းပြီ မငြင်းခုံကြနဲ့တော့"

ရွှယ်ဟောင်ကန်းက သူ၏လက်ကို ဝှေ့ယမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟွမ်ဝူကျီက သွေးကျတ်တီး နယ်မြေကို အမြန်ပြန်ပြီး စုံစမ်းပါ.. တခြားလူတွေကတော့ လောလောဆယ်မှာ အလျင်စလို မလုပ်ဆောင်သင့်သေးဘူး"

"ဒီငယ်သားက အရှင်မင်းကြီးရဲ့အမိန့်ကို နာခံပါတယ်"

ဟွမ်ဝူကျီက အလျင်အမြန်ပင် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

"ဟွမ်ဝူကျီ.. မင်းဒီခရီးစဥ်မှာ လူသားဧကရာဇ် နန်းတော်ကို ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ.. အကယ်၍ လူသားနန်းတော်က အရမ်းကို အားကောင်းနေတယ်ဆိုရင်တော့ တစ်လလောက် အချိန်ဆွဲထားလိုက်"

ရွှယ်ဟောင်ကန်း၏ မျက်ဝန်းထဲတွင် အေးစက်စက်အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။

"တစ်လအကြာမှာ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ မဟာအင်ပါယာဖန်တီးမှု အစီအစဥ် ပြီးဆုံးသွားတဲ့အခါ ငါကိုယ်တိုင် လူသားမျိုးနွယ်စုနဲ့ အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲမယ်"

အခန်း(၁၄၈၅)ပြီး၏။

All Chapters