ငါ့လို အင်အားကြီးသူအတွက် ကမ္ဘာမှာ နေရာမရှိဘူး
Vol. 49 Ch. 727
ယခုအချိန်မှစ၍ ရဲ့လင်းချန်သည် သူ့စိတ်ထဲမှ သူလိုချင်သည့် ပုံပန်းသဏ္ဍာန်ကို တွေးမိရုံနှင့်တင် သူ့ကိုယ်သူ ပြောင်းလဲနိုင်ပြီ ဖြစ်သည်။ ယင်းက သူ့ကို အခြားသူများအပေါ် လှည့်စားရန် ပို၍ လွယ်ကူသွားစေသည်။
*မရှိတာထက်စာရင်တော့ ဒါက အများကြီးပိုကောင်းပါတယ်*
“ကံစမ်းမဲဆက်နှိုက်မယ်”
နောက်ဆုံးအကြိမ်တုန်းက သူ ကံစမ်းမဲနှိုက်တာကို တစ်ဝက်တစ်ပျက်နှင့် နှောင့်ယှက်ခံခဲ့ရသည်။ ယခုတခါတွင် ထိုသို့ အဖြစ်မခံနိုင်ပေ။ ရေပန်းစားမှုအမှတ် သန်း ၄၀ ကျော် ရှိနေသဖြင့် ကံစမ်းမဲကို သူ ဆက်လုပ်ရန် စိတ်ကူးထားသည်။
ကျင့်ကြံခြင်း (အခြေခံအဆင့်)၊ သန့်စင်ခြင်း ခုခံရေး (အခြေခံအဆင့်)၊ နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း စွမ်းရည် (အခြေခံအဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ နဂါးအမဲလိုက်ခြင်း (အခြေခံအဆင့်)၊ အဆိပ်ပြီးစွမ်းရည် (အခြေခံအဆင့်)၊ အင်းဆက်ပိုးကောင် ဘာသာစကား (အခြေခံအဆင့်)၊ မရဏ အထိအတွေ့ (အခြေခံအဆင့်)။
သူသည် ရွေးချယ်စရာ ဆယ့်နှစ်ခု ရှိသော အခြေခံအဆင့် စွမ်းရည်များကို ထပ်ရွေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ရေပန်းစားမှုအမှတ် တစ်သန်း အနုတ်ခံလိုက်ရသည်။ အလင်းတန်းက အသည်းအသန် ပြေးလွှားနေပြီး စွမ်းရည်တစ်ခုချင်းစီ၌ ခုန်ပျံနေလေသည်။
ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။ သူ စိတ်မလှုပ်ရှားဘူးဆိုလျှင် လိမ်ရာ ကျပေမည်။ ဆယ့်နှစ်ခုအတွင်း၌ ဘာသာစကား စွမ်းရည် နှစ်ခု ရှိနေသည်။ ကံစမ်းမဲနှိုက်ရာမှ ထိုနှစ်ခုကို ရရန် အခွင့်အရေး မများလောက်ပါ။
ရွှေရောင် အလင်းတန်း၏ လှုပ်ရှားမှုက ရဲ့လင်းချန်၏ မျက်လုံးများကို အာရုံစူးစိုက်မှု လျော့လာစေသည်။
အရှိန် နည်းလာသည်နှင့်အမျှ သူ၏ နှလုံးခုန်နှုန်းက မြန်မြန်လာသဖြင့် နောက်ဆုံးတွင် သူ အသက်အောင့် ထားလိုက်ရသည်။
“ဒင်”
အသံနှင့်အတူ အလင်းတန်းက ရပ်သွားလေသည်။
*နဂါးဖမ်းလက် (အခြေခံအဆင့်) ပါလား*
နောက်ထပ် သိုင်းပညာတစ်ခုပင်။
ရဲ့လင်းချန် သက်ပြင်းချလိုက်သည်။ ၎င်းက အတော်လေး ကောင်းမွန်သော ရလဒ်တစ်ခုပင်။ လက်သည်းသိုင်းပညာ တစ်ခုသည် တိုက်ပွဲ၌ အတော်လေး အသုံးဝင်သည်။ အရဟာ လက်သီး၏ မာကျောမှုနှင့် မတူဘဲ သူ၏ ပြိုင်ဘက်အား အလွန် အခက်တွေ့မည်မှာ အသေအချာပင်။
တကယ်တမ်းတွင်လည်း ၎င်းသည် အခြေခံအဆင့်၌ ရှိသေးသော်လည်း ရဲ့လင်းချန်သည် နဂါးဖမ်းလက်ကို အသုံးပြု၍ ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါတစ်ကောင်၏ လက်နက်ကို လုယူနိုင်ခဲ့သည်။
*နဂါးဖမ်းလက် (အလယ်အလတ်အဆင့်) : မီတာတစ်ရာအတွင်း လက်သည်းတစ်ချက်က အရာအားလုံးကို ဖြစ်စေနိုင်တယ်*
စွမ်းရည် အနှစ်ချုပ် ဖော်ပြချက်ကြောင့် ရဲ့လင်းချန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
*ဒါ လေထဲကနေ တစ်ခုခုကို လှမ်းယူလိုက်တာနဲ့ အတူတူပဲ၊ ဒါက ဝူရှ ပရိသတ်တွေရဲ့ အိပ်မက်ထဲက ထိပ်တန်း သိုင်းပညာပဲ၊ ငါ လုပ်စရာဆိုလို့ နေရာမှာ အေးအေးဆေးဆေး ရပ်ပြီး လက်တစ်ချက် ဝှေ့လိုက်တာနဲ့ သူတို့ အင်္ကျီတွေကို ဆွဲချွတ် … အဟွတ် … အဟွတ် …*
*စိတ်ကို ငြိမ်ငြိမ်ထားစမ်း၊ ငါ ဒါကို ကောင်းကောင်း အသုံးပြုဖို့ လိုတယ်*
ရဲ့လင်းချန် သူ့ကိုယ်သူ သတိပေးလိုက်သည်။
*အဝေးတစ်နေရာကနေ ငါ ဒီသိုင်းကို သုံးပြီး ခိုးလို့ ရနိုင်မလား၊ အဟမ်း … အဟမ်း …*
*ဒီသိုင်းက သူ့ဘာသာသူကို ကြောက်ဖို့ကောင်းနေတာ၊ ငါ့အပြစ်လို့လဲ ပြောမရပါဘူး*
သူ့အတွေးများကို ဆင်ခြင်ပြီးနောက် ခန္ဓာကိုယ်ကို မတ်မတ် ပြန်နေလိုက်သည်။
သူသည် တတိယအကြိမ်မြောက် ကံစမ်းမဲနှိုက်ခြင်းအတွက် ရေပန်းစားမှု အမှတ် တစ်သန်းကို ထပ်သုံးလိုက်သည်။
အလင်းတန်းက ထပ်မံ ပေါ်ထွက်လာပြီး ကျန်ရှိနေသော စွမ်းရည် တစ်ဆယ့်တစ်ခုပေါ်၌ ဖြတ်ပြေးနေသည်။
*ငါ့ကို စိတ်ပျက်ရအောင် မလုပ်လိုက်ပါနဲ့*
ရဲ့လင်းချန် စိတ်ထဲမှ ပြောနေမိသည်။
“ဒင်”
ခပ်ကျယ်ကျယ် အသံနှင့်အတူ အလင်းတန်းက ရပ်သွားလေသည်။
*စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်) တဲ့လား၊ သေလိုက်ပါတော့လားကွာ*
ရဲ့လင်းချန် ဆွံ့အသွားလေသည်။ ထိုစွမ်းရည်သည် လူနေမှုဘဝအတွက် အပြည့်အဝရည်ရွယ်ပြီး အချိန်ဖြုန်းရန် အတွက်သာ သင့်တော်သည်။ သို့သော် ၎င်းသည် ကြွားဝါလွန်းသော စွမ်းရည်တစ်ခုပင်။
*ထားလိုက်ပါတော့၊ ဒါက ငါ့ရဲ့စားချင်စိတ်ကို ပြေပျောက်အောင် ကူညီနိုင်တယ်။ အရသာရှိတဲ့ အစားအစာကောင်းတွေကို ခံစားတာဟာ အပန်းဖြေနည်းတစ်မျိုးပဲ*
ရဲ့လင်းချန်က သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ထို့နောက် အလင်းတန်းတောက်ပသွားပြီး စွမ်းရည် အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားသည်။
တစ်ခဏကြာသော် အချက်အလက်များစွာက ရဲ့လင်းချန်၏ စိတ်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။ ၎င်းတို့ အားလုံးသည် အစားအသောက်နှင့် ပတ်သက်သော အချက်အလက်များ ဖြစ်သည်။ ရေကြီးလာသကဲ့သို့ အစားအသောက်နှင့် ပတ်သက်သော အချက်အလက်များက အရှိန်နှင့် ဝင်ရောက်လာခြင်းက ရဲ့လင်းချန် ထင်ထားသည်ထက် ပိုနေခဲ့သည်။
ဆယ်မိနစ်တိတိ ကြာပြီးနောက် ရဲ့လင်းချန်သည် ၎င်းတို့ကို စနစ်တကျ စီစဉ်နိုင်ခဲ့သည်။
သူ့မျက်လုံးတွင်း၌ အံ့အားသင့်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သာမန် ချက်ပြုတ်ခြင်းတွင် ထိုမျှ ကြီးမားသော အသေးစိတ် အချက်အလက်များ ပါဝင်နေလိမ့်မည်ဟု သူ ထင်မထားမိပေ။ အသားကို ကိုင်တွယ် ပြင်ဆင်ခြင်းအတွက် အကောင်းဆုံး နည်းလမ်းများ အပြင် ဆော့စ်မျိုးစုံအတွက် ချက်နည်းများစွာက သူ့စိတ်ထဲ၌ ပြည့်နေခဲ့သည်။
ထိုဆော့စ်များနှင့် အသား ဖြတ်တောက်ခြင်းများအတွက် ပါဝင်ပစ္စည်း အများစုကို သူ မကြားဖူးပါ။ သို့သော် ထိုပါဝင်ပစ္စည်းများကို ဟင်းလင်းပြင်နယ်မြေ၌ ရှာတွေ့နိုင်လိမ့်မည်ဟု သူ အပြည့်အဝ ယုံကြည်နေမိသည်။ ထို့အပြင် ဒါ့အပြင် ထိုအသားများသည် ဟင်းလင်းပြင်နယ်မြေမှ မှော်သားရဲများ၏ အသားများ ဖြစ်ကြောင်း သိသာပေသည်။
ထို့ကြောင့် ဟင်းလင်းပြင်နယ်မြေ၌ သူသည် လုပ်စရာတစ်ခု ထပ်ရှိနေပုံ ရသည်။ ယင်းမှာ မှော်သားရဲများ၏ အသားကို မြည်းစမ်းကြည့်ရန်ပင်။
ထို့အပြင် ရဲ့လင်းချန်အတွက် အချို့သော အံ့ဩစရာများလည်း ရှိနေသေးသည်။ ယင်းက ဟင်းလျာ ချက်ပြုတ်ခြင်း ဖြစ်သဖြင့် သူသည် ချက်ပြုတ်ရန် လိုအပ်ပေသည်။ ထို့အတွက် ဓားပညာရပ်တစ်ခု ပါဝင်နေသည်။ ၎င်းက ချက်ပြုတ်ခြင်းအတွက် ရည်ရွယ်သော်လည်း သူ့အား ဓားကို ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် ကူညီပေးနိုင်ခဲ့သည်။ အံ့ဩစရာ အကောင်းဆုံးအပိုင်းမျာ ယင်းက သူ့အား မီးကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုသည်ကို နားလည်သွားအောင် လုပ်ပေးနိုင်ခြင်း ဖြစ်သည်။
ချက်ပြုတ်သည့်အခါတွင် အပူချိန်ကို ထိန်းချုပ်ရန် လိုအပ်ပါသည်။ ရဲ့လင်းချန် ပထမဆုံး သန့်စင်ခြင်းကို လုပ်ဆောင်ချိန်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို မီးလျှံထဲ ထည့်သွင်းခဲ့ရသည်။ မီးကို ဘယ်လို ထိန်းချုပ်ရမလဲ မသိသဖြင့် မီးလျှံကို ထိန်းချုပ်ရန် အချိန်နှင့် အားထုတ်မှုများစွာ လိုအပ်ခဲ့သည်။ ယခုအခါတွင် သူသည် စားကောင်းသောက်ဖွယ် ချက်ပြုတ်ခြင်း စွမ်းရည်မှနေ၍ မမျှော်လင့်ဘဲ နည်းလမ်းကို ရရှိခဲ့သည်။
၎င်းက ချက်ပြုတ်ခြင်း ဖြစ်သော်လည်း အဘယ်ကြောင့် မီးကို ထိန်းချုပ်နည်းက အလယ်အလတ်အဆင့်သို့ ရောက်ပါမှ ပေါ်လာရသနည်း။
သာမန် ပါဝင်ပစ္စည်းများအတါက် သာမန်မီးတောက်များကို အသုံးပြုခြင်းက လုံလောက်၍ ဖြစ်နိုင်သည်ဟု ရဲ့လင်းချန် ယူဆမိသည်။ သို့သော် အလယ်အလတ်အဆင့်သို့ ရောက်သည့်အခါတွင် သူသည် မှော်သားရဲများထံမှ အသားများ ရရှိနိုင်သည်။ ထို့ကြောင့် သူ အသုံးပြုရန် လိုအပ်သည့် မီးလျှံက သာမန်မီးလျှံ မဟုတ်တော့သဖြင့် ၎င်းကို ထိန်းချုပ်ရန် အထူးနည်းလမ်းများ လိုအပ်ပေလိမ့်မည်။
*စားကောင်းသောက်ဖွယ် ချက်ပြုတ်ခြင်း (အလယ်အလတ်အဆင့်): သင့်အစားအသောက်က စွဲမက်ဖွယ် ကောင်းလှသည်။ သင်သည် အစားအသောက်မှတဆင့် အခြားသူများ၏ နှလုံးသားကို လွှမ်းမိုးနိုင်ပြီ ဖြစ်သည်။*
ယင်းက အံ့ဩစရာကောင်းသော အကျိုးကျေးဇူးတစ်ခုပင်။
နောက်ထပ် ရေပန်းစားမှုအမှတ် တစ်သန်းကို သုံးပြီး ကဲစမ်းမဲနှိုက်ခြင်းကို ဆက်လုပ်နေလိုက်သည်။
အလင်းတန်းသည် ကျန်ရှိသော စွမ်းရည် ဆယ်ခုပေါ်၌ လေးကြိမ်မြောက် ဖြတ်ပြေးနေသည်။ လက်ရှိအချိန်၌ ရဲ့လင်းချန် ငေးငိုင်နေလေသည်။
“ဒင်”
အလင်းတန်း ရပ်သွားလေသည်။
ကျင့်ကြံခြင်း (အခြေခံအဆင့်)။
၎င်းကို မြင်သော် ရဲ့လင်းချန် တစ်စက္ကန့်မျှ ငိုင်တွေနေပြီးမှ စိတ်လှုပ်ရှားလာသည်။
သူသည် ကျင့်ကြံခြင်းအဆင့်ကို ပိုမြင့်သောအဆင့်သို့ မြှင့်နိုင်ရန် သူ၏ အခြေခံအဆင့် စွမ်းရည်အားလုံးကို အဆင့်မြှင့်မည်ဟု အစက တွေးထားခဲ့သော်လည်း ယခုအခါ၌ ကံက ကောင်းလွန်းသွားသည်။
၎င်းသည် လက်ရှိ၌ မသိသာသော်လည်း ရဲ့လင်းချန်သည် ၎င်း၏ အလားအလာကို နားလည်ထားသည်။ ၎င်း၏ နာမည်အတိုင်းပင် ၎င်းက သူ့အား ကျင့်ကြံမှုကို ပိုမြင့်သောအဆင့်သို့ ရောက်နိုင်အောင် ကူညီပေးနိုင်သည်။
ထို့အပြင် ကျင့်ကြံခြင်းနှင့် သိုင်းပညာသည် စိတ်ဝိညာဉ်စွမ်းအင်ကို သုံးရသော်လည်း လုံးလုံးလျားလျား ခြားနားပေသည်။ သိုင်းပညာသည် စိတ်ဝိညာဉ်အား တိုက်ပွဲ၊ ဖျက်ဆီးခြင်း၊ အရှိန်နှင့် ရုပ်ခန္ဓာ ခွန်အားတို့တွင် အသုံးပြုခြင်း၌ ဦးစားပေးသည်။ ကျင့်ကြံခြင်းမှာမှု စိတ်ဝိညာဉ်စွမ်းအင်အား နည်းလမ်းများစွာဖြင့် အသုံးပြုနိုင်စေသည်။ ယင်းက ရေ၊မီးနှင့် အပင်များကိုပင် ထိန်းချုပ်စေနိုင်သည်။ ၎င်းတို့ကို ယှဉ်ကြည့်ပါက ကျင့်ကြံခြင်းက ပို၍ အစွမ်းထက်ပေသည်။
ထို့အပြင် သူ၏ ကျင့်ကြံခြင်းမှ စိတ်ဝိညာဉ်စွမ်းအင်သည် သူ၏ ကိုယ်တွင်းအင်္ဂါများကိုလည်း အားဖြည့်ပေးပြီး ဒဏ်ရာရပြီးနောက် သူ့အား ပြန်လည်ကုသရာ၌ အထောက်အပံ့ ဖြစ်စေသည်။ ၎င်းသည် စိတ်ဝိညာဉ်စွမ်းအင်ကို သိုင်းပညာ၌ ရိုးရိုးရှင်းရှင်း အသုံးပြုခြင်းထက် ပို၍ သာလွန်ပေသည်။
တောက်ပသော အလင်းတန်းနှင့်အတူ …
*ကျင့်ကြံခြင်း (အလယ်အလတ်အဆင့်): အသက်ရှူခြင်း နည်းပညာ အလယ်အလတ်အဆင့်*
၎င်းသည် အလွန် ရိုးရှင်းသော ရှင်းပြချက် တစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျင့်ကြံနည်းတစ်မျိုးက ရဲ့လင်းချန်၏ အတွေးထဲ ပေါ်လာသည်။
၎င်းသည် လူသားခန္ဓာကိုယ်ပုံတစ်ခုနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီးနောက် လှည့်ပတ် ပို့ဆောင်ရန်အတွက် နည်းလမ်းအချို့သာ ဖြစ်သည်။ ၎င်းသည် စားကောင်းသောက်ဖွယ် ချက်ပြုတ်ခြင်းကို အဆင့်မြှင့်သကဲ့သို့ မရှုပ်ထွေးဘဲ လုပ်ငနး်စဉ်က ခဏလေးအတွင်း ပြီးသွားလေသည်။
ရဲ့လင်းချန်သည် ကျင့်ကြံခြင်းနည်းလမ်းအတိုင်း တစ်ကြိမ် လှည့်ပတ်ကြည့်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ပိုပေါ့ပါးလာသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် သူ၏ အသက်ရှူပုံ၌ သိသာလှသည်။ အသက် တစ်ကြိမ် ရှူလိုက်တိုင်း သူသည် အေးမြလတ်ဆတ်သော လေကို ခပ်ပြင်းပြင်း ရှူရှိုက်မိပြီး သူ၏ ဦးနှောက်ကို အားဖြည့်ပေးလေသည်။ ထိုခံစားချက်က အလွန် ပျော်ရွှင်စရာ ကောင်းလှသည်။
တစ်ခဏမျှ ကြာပြီးနောက် ရဲ့လင်းချန်သည် မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ ခံစားရသော ပျော်ရွှင်မှုကို ချုပ်ထိန်းမရ ဖြစ်နေသည်။
ခုနစ်ဆ။
သူ၏ ကျင့်ကြံခြင်းအရှိန်သည် ခုနစ်ဆ တက်သွားခဲ့သည်။
*ယင်းက ဘယ်လောက် ကြောက်စရာကောင်းလိုက်လေသလဲ*
သူ၏ ယခင်အရှိန်အရဆိုလျင် သူသည် တစ်သက်တာ ကျင့်ကြံလျှင်တောင်မှ လူသစ်သာ ဖြစ်နေပေလောက်သည်။ သို့သော် ယင်းက လုံးဝ ပြောင်းလဲသွားလေပြီ။
သူ၏ တစ်ကြိမ် ကျင့်ကြံခြင်းက ယခင်အဆင့်နှင့်ဆိုလျှင် ခုနစ်ကြိမ် ပိုသာလေသည်။
သူ့သက်တမ်းတစ်လျှောက်လုံး သူ၏ ခန္ဓာကိုယ်တွင်း၌ စုစည်းထားလာမည့် စိတ်ဝိညာဉ်စွမ်းအင်သည် ကြောက်မက်ဖွယ် ကောင်းလောက်သည်။ ထိုအချိန်ရောက်လျှင် သူသည် လက်တစ်ချက် ဝှေ့လိုက်ရုံနှင့် မုန်တိုင်းထန်စေလောက်သည်။
*အဲ့ဒီလို မြင်ကွင်းက ဘယ်လောက်တောင် ခမ်းနားလိုက်လေမလဲ*
သူ တွေးတောင်မတွေးဝံ့ပင်။
*ဒီကမ္ဘာမှာ ငါ့လို အင်အားကြီးတဲ့သူအတွက် နေရာမရှိဘူးပဲ*
…