← Chapters

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အခန်း (၆၇၃-၆၇၅)

Vol. 45 Ch. 673-675

အခန်း (၆၇၃) မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလား၊ ဘယ်သူကရော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ မဟုတ်လို့လဲ

ချူးယွင်ဖန်းသည် တခဏလေးအတွင်း၌ပင် အကြီးအကဲထျယ်နှင့် အခြားလူများကို လိုက်မီနေပြီဖြစ်သည်။

"အခုမှပဲ လိုက်မီတော့တယ်"

ချူးယွင်ဖန်းသည် အသက်အနည်းငယ် ရှူရှိုက်ပြီးနောက် ကိုယ်ကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်၏ ပြန်လည်ကုသနိုင်စွမ်းကို ဤနေရာတွင် အပြည့်အဝ ပြသထားသည်။

"ဝမ်းကွဲ"

နဂိုက လုံးလုံးလျားလျား စိတ်ပျက်အားလျော့နေသော ချူးယွင်ဖေးသည် ချူးယွင်ဖန်းပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူ၏မျက်လုံးများတွင် ယုံကြည်မှုကင်းမဲ့သော အကြည့်များ ရှိနေသည်။ ချူးယွင်ဖေးသည် အလွန်အံ့အားသင့်စွာ ကြည့်နေမိသည်။

သူသည် ချူးယွင်ဖန်း ပေါ်ပေါက်လာလိမ့်မည်ဟု မည်သည့်အချိန်ကမှ မျှော်လင့်ထားပုံမပေါ်ပေ။ မူလက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည့် ချူးယွင်ဖေး၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တစ်ဖန်ပြန်လည် ပြည့်နှက်လာခဲ့သည်။

သူ၏ကံကြမ္မာကို လက်ခံပြီးသားဖြစ်သော ချူးယွင်ဖေးသည် လွတ်မြောက်နိုင်ခြေရှိမည် မဟုတ်ဟု ထင်ထားခဲ့သည်။ မိမိက ဤမျှ စိတ်ပျက်အားငယ်နေချိန်တွင် ချူးယွင်ဖန်းက ပေါ်ပေါက်လာမည်ဟု မမျှော်လင့်ထားပေ။

“အခုမှပဲ မင်းကို လိုက်မီတော့တယ်။ မဟုတ်ရင် တတိယအဒေါ်ကို ငါ ဘယ်လိုရှင်းပြရမလဲ" ချူးယွင်ဖန်းသည် ချူးယွင်ဖေးကို ကြည့်၍ ပြုံးလိုက်သည်။

ချူးယွင်ဖန်းနှင့် ချူးယွင်ဖေးတို့ကြားတွင် အလွန် ဖော်ရွေသည့် ဆက်ဆံရေးမျိုး မရှိခဲ့ပေ။ သို့သော် ချူးယွင်ဖန်းက မူလအသိုင်းဝိုင်းမှ ခုန်ထွက်လာခြင်းသည် ကြာမြင့်နေပြီဖြစ်သည်။ ပြန်တွေးကြည့်မည်ဆိုလျှင် ၎င်းတို့သည် ၎င်းတို့၏ ခံစားချက်များအတွက် တိုက်ခိုက်နေကြသည့် ကလေးငယ်တစ်စုသာ ဖြစ်သည်။

ချူးယွင်ရှန်၊ ချူးယွင်ဖန်းနှင့် ချူးယွင်ဖေးတို့ အားလုံးသည် တစ်နှစ်တည်းတွင် မွေးဖွားခဲ့သူများ ဖြစ်သည်။ ၎င်းတို့သည် အသက်အရွယ်အားဖြင့် အလွန် နီးစပ်သောကြောင့် အချင်းချင်း ပြိုင်ဆိုင်ကြခြင်းသည် မလွဲမသွေဖြစ်စဉ်သာ ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အံကြိတ်၍ မငိုခဲ့သော ချူးယွင်ဖေးက သူ၏မိခင် အကြောင်းကို ချူးယွင်ဖန်းထံမှ ကြားလိုက်သောအခါ မျက်လုံးများ နီရဲလာခဲ့သည်။ သို့သော် ချူးယွင်ဖေးက အမြန်ပြောလိုက်သည်။

“ယွင်ဖန်း၊ မင်း မြန်မြန် ထွက်သွားတော့။ ဒီအဘိုးကြီးက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ။ မင်း သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မြန်မြန်ထွက်သွားပြီး အနာဂတ်မှာ ငါ့အတွက် လက်စားချေပေး"

ချူးယွင်ဖေးသည် အကြီးအကဲထျယ်၏ စွမ်းအင်ကို ရှင်းလင်းစွာ သိထားသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဟူသော ဤစကားများသည် မည်သည့် ခုခံမှုအတွေးမျိုးကိုမဆို ကြေမွသွားစေနိုင်သည်။ ဤသည်မှာ သူ့ဘက်က မရင်ဆိုင်နိုင်သည့် ဖြစ်တည်ရှိမှုတစ်ခု ဖြစ်သည်။

"အခုမှ ထွက်သွားဖို့ဆိုရင် နည်းနည်းနောက်ကျသွားပြီ" အကြီးအကဲထျယ်က လှောင်ရယ်လိုက်သည်။

“ကောင်းကင်ကို သွားတဲ့လမ်းရှိပေမယ့် မင်းက လက်မခံခဲ့ဘဲ၊ ငရဲထဲကို ခုန်ဆင်းချင်နေတာကို” အကြီးအကဲထျယ်က ရက်စက်စွာပြုံး၍ ပြောလိုက်သည်။

ချူးယွင်ဖန်းသည် သူ၏ ခွန်အားနှင့် အရောင်အဝါကို ဖုံးကွယ်ထားသော်လည်း ချူးယွင်ဖေးထက် များစွာ သန်မာကြောင်းကို အကြီးအကဲထျယ်က မြင်နိုင်သည်။ ထိုကဲ့သို့သော လူမျိုးအတွက် အနာဂတ်တွင် မသေချာ မရေရာမှုများစွာ ရှိနေသည်။ ထိုအခြေအနေမျိုးတွင် ချူးယွင်ဖန်းကို တတ်နိုင်သမျှ အမြန်ဆုံးသတ်ဖြတ်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

ဝေးလံခေါင်သီသော ဤသဲကန္တာရတွင် ချူးယွင်ဖန်း သေဆုံးသွားခဲ့ပါက ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ကို ခြေရာခံနိုင်မည် မဟုတ်ပေ။

"မင်းက ဒီကိုရောက်နေပြီဆိုမှတော့ ထွက်မသွားနဲ့တော့ပေါ့" အကြီးအကဲထျယ်က အေးစက်စွာ အော်ဟစ်လိုက်သည်။ အကြီးအကဲထျယ်သည် သူ၏ခန္ဓာကိုယ်တွင်းရှိ အရောင်အဝါများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်တွင် ပိုင်ဆိုင်သည့် အရောင်အဝါများသည် ကောင်းကင်သို့ ချက်ချင်း လွှမ်းခြုံသွား၍ နေမင်းကိုပင် ဖုံးအုပ်သွားစေသည်။

ချူးယွင်ဖေးနှင့် သူ၏သူငယ်ချင်းများသည် ပြင်းထန်သော ထိုးနှက်မှုမျိုးဖြင့် ရိုက်ခတ်ခံခဲ့ရသကဲ့သို့ ခံစားလိုက်ရ၍ ကြောက်မက်ဖွယ် အရောင်အဝါ၏ ဖိနှိပ်မှုကိုလည်း ချက်ချင်း ခံစားလိုက်ရသည်။ ဆန့်ကျင်ခြင်း မရှိဘဲ နာခံစွာ လိုက်ပါလာခဲ့ရသည့် အကြောင်းရင်းသည် အစောပိုင်းတွင် ပြသခဲ့သည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ၏ အရောင်အဝါကြောင့် ဖြစ်သည်။

အကြီးအကဲထျယ်၏ အရောင်အဝါ တစ်ခုတည်းက မရီးဒျန်သန့်စင်ခြင်း အဆင့်သို့ မရောက်ရှိသေးသည့် ဤကျောင်းသားများကို ဖိနှိပ်ရန် လုံလောက်နေသည်။ သို့သော် ချူးယွင်ဖန်း၏ လုံးလုံးလျားလျား မတုန်လှုပ်သည့် အပြုအမူသည် အကြီးအကဲထျယ်ကို အံ့သြသွားစေသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ သဘာဝတရားရှိ စွမ်းအင်များကို ဆွဲယူရာမှ ဖြစ်ပေါ်လာသည့် မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါသည် ချူးယွင်ဖန်းအပေါ် လုံးလုံးလျားလျား သက်ရောက်မှု မရှိပေ။

“ဒီလောက် ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ မဆန်းတော့ပါဘူး။ လက်စသတ်တော့ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ ဖြစ်နေတာကို” ချူးယွင်ဖန်းသည် သူ၏အမူအရာကို ပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။

ချူးယွင်ဖေးက အဆုံးတွင် မိမိကို ထွက်ပြေးရန် တိုက်တွန်းပေးနိုင်ခြင်းနှင့် ပတ်သက်၍ ချူးယွင်ဖန်းက ကျေနပ်နှစ်သက်မိနေသေးသည်။ ချူးယွင်ဖန်းသည် အတိတ်က ရယ်ဖွယ်ရာကောင်းသည့် အာဃာတတချို့ကို စွန့်လွှတ်ခဲ့သော်လည်း မိမိသာ ဤကျေးဇူးကန်းသည့် ငမိုက်သားကို ကယ်တင်ရမည်ဆိုလျှင်၊ သူ၏စိတ်ထဲတွင် အလွန် စိတ်မသက်မသာ ဖြစ်မိမည်မှာ သေချာသည်။

"ဒါပေမယ့် ဘယ်သူကရော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ မဟုတ်လို့လဲ"

ချူးယွင်ဖန်း၏ စကားများ ကျရောက်သွားသည်နှင့် တပြိုင်နက် အလွန် ကြောက်မက်ဖွယ်ကောင်းသည့် မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါသည် ကောင်းကင်သို့ ပျံတက်သွား၍ အကြီးအကဲထျယ် ထုတ်လွှတ်ခဲ့သော မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါကို ချက်ချင်း ဖျက်ဆီးလိုက်လေသည်။

အကြီးအကဲထျယ်၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားလေသည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ ဖြစ်နေသည်။ ထို့အပြင်၊ သူ ထုတ်လွှတ်ခဲ့သော အရောင်အဝါကို ကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်း၏ ခွန်အားသည် မိမိကဲ့သို့သော မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့် ကျွမ်းကျင်သူထက် သာလွန်နေသည်ဟု ယူဆနိုင်သည်။

အကြီးအကဲထျယ်သည် အလွန် ယုံကြည်မှုကင်းမဲ့နေသည်။ ချူးယွင်ဖန်း၏ အသက်သည် မည်မျှ ဖြစ်သနည်း။ သူသည် အသက်နှစ်ဆယ်ပင် မပြည့်သေးပုံပေါ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ အကယ်၍ အကြီးအကဲထျယ်သည် နောင်လာမည့် အနာဂတ်တွင် ချူးယွင်ဖန်း ပြုလုပ်မည့် ခြိမ်းခြောက်မှုကိုသာ စိုးရိမ်နေပါက၊ ယခုမူ ထိုကြောက်ရွံ့မှုသည် ပစ္စုပ္ပန်သို့ ရောက်ရှိလာပြီဖြစ်သည်။

အကြီးအကဲထျယ်၏ မျက်လုံးများသည် ကြောက်မက်ဖွယ် သတ်ဖြတ်ချင်စိတ်များဖြင့် လင်းလက်လာသည်။ ဤသို့သော လူမျိုးကို မစော်ကားခြင်းက အကောင်းဆုံးဖြစ်သော်လည်း စော်ကားမှုမျိုး ပြုလုပ်လိုက်သည်နှင့် ပြဿနာ၏ အရင်းမြစ်ကို ရှင်းလင်းရပေလိမ့်မည်။

"ဒါ... ယွင်ဖေး၊ မင်းရဲ့ဝမ်းကွဲက တကယ်ကြီး မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလား" ဤရုတ်တရက် ပြောင်းလဲမှုသည် ထိုလူငယ်များကို မှင်သက်သွားသည်အထိ ကြောက်လန့်စေခဲ့သည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် ၎င်းတို့ကဲ့သို့သော သာမန်ပြည်သူများအတွက် ဒဏ္ဍာရီလာ ဖြစ်တည်မှုမျိုး ဖြစ်သည်။ အများအားဖြင့်၊ ၎င်းတို့သည် နှစ်အနည်းငယ်အတွင်း ၎င်းပုဂ္ဂိုလ်များကို တစ်ကြိမ်ပင် တွေ့ခွင့်ရှိမည် မဟုတ်ပေ။ ၎င်းတို့သည် virtual ကွန်ရက်မှလွဲလျှင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူနှင့် လက်တွေ့ဘဝတွင် တွေ့ဆုံရန် ခက်ခဲမည်ဖြစ်သည်။

ယခုမူကား ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦးသည် တစ်ချိန်တည်း ပေါ်ပေါက်လာသည်။ ချူးယွင်ဖေး၏ဝမ်းကွဲသည် ၎င်းတို့နှင့် သက်တူရွယ်တူဖြစ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေသည်။ ဤအချက်သည် ၎င်းတို့၏နားလည်မှုများကို လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားစေသည်။ ၎င်းတို့တက္ကသိုလ်ရှိ အဓိပတိလျှင်ပင် မွေးဖွားခြင်းနယ်မြေအဆင့် မဟုတ်ဘဲ မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသည်။ ချူးယွင်ဖေး၏ ဝမ်းကွဲဖြစ်သူသည် ၎င်းတို့တက္ကသိုလ်၏ အဓိပတိထက် ပို၍အင်အားကြီးမားနေသည်။ ၎င်းဖြစ်ရပ်သည် မည်သို့မျှ ဖြစ်နိုင်မည်နည်း။

“ငါ… ငါလည်း မသိဘူး” ချူးယွင်ဖေးက ခါးသီးစွာ ပြုံးလိုက်သည်။ သူ၏မျက်လုံးများတွင် တုနှိုင်းမဲ့သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ အခြားလူများသည် အခြေအနေကို မသိသောကြောင့် ချူးယွင်ဖန်း၏ အင်အားနှင့်ပတ်သက်၍ တုန်လှုပ်သွားကြသည်။ ချူးယွင်ဖေးကမူ ချူးယွင်ဖန်း၏ ကြီးထွားမှု အရှိန်အဟုန်ကြောင့် ပို၍ပင် ထိတ်လန့်နေခဲ့သည်။

ချူးယွင်ဖန်းသည် လွန်ခဲ့သည့်နှစ်နှစ်တွင် သိုင်းပညာအတန်းသို့ တက်ရောက်နိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ သောကရောက်နေခဲ့သည်။ ပြီးနောက် သူသည် ဒုံးပျံ စီးနင်းနေသကဲ့သို့သော အရှိန်အဟုန်မျိုးဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ချူးယွင်ဖန်းသည် သိုင်းပညာအတန်းသို့ တက်ရောက်နိုင်ရုံသာမက ဗဟိုအတန်းသို့ပင် ဝင်ရောက်ခဲ့သည်။

ပြီးနောက် ချူးယွင်ဖန်း၏ ခွန်အားသည် ပို၍ပင် ထိန်းမနိုင်သိမ်းမရ ကြီးထွားလာ၍ ပြည်ထောင်စု တက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့သည်။ သူနှင့် ချူးယွင်ဖေးတို့နှစ်ဦး မဆုံဖြစ်ကြသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုခဏလေးအတွင်း၌ပင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်လာခဲ့သည်။ ၎င်းက အံ့ဩဖွယ်ရာ ဖြစ်ရပ်တစ်ခုသည်မှာ သေချာသည်။

ထိုကဲ့သို့ အင်အား ကြီးမားလာသည့်နောက်တွင် ချူးယွင်ဖန်းက ဉာဏ် အလင်းရရှိသွားခြင်းဖြစ်မည်ဟု သူ၏မိသားစုက သုံးသပ်ကြခြင်းကို ချူးယွင်ဖေးက သတိရမိသွားသည်။ ဤသို့ဆိုလျှင်ပင် လူတစ်ဦးတစ်ယောက်က ကောင်းကင်ဘုံကို အံတုသည်အထိ အင်အားကြီးမားလာခြင်းကို ချူးယွင်ဖေးက တစ်ခါမှ မကြားခဲ့ဖူးပေ။

နှစ်နှစ်အတွင်း ကိုယ်ခန္ဓာအဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိခဲ့လေသည်။ ချူးယွင်ဖန်းသည် ထိုအချိန်က ကိုယ်ခန္ဓာအဆင့်တွင်သာ ရှိနေသည်ဟု လုံးလုံးလျားလျား မသေချာခဲ့ပါက၊ ချူးယွင်ဖေးက ယုံကြည်လိမ့်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ၏ခွန်အားကို ယခင်က ဖုံးကွယ်ထားခြင်းဖြစ်မည်ဟု ချူးယွင်ဖေးက ခံစားနေမိသည်။

"မင်းရဲ့ဝမ်းကွဲက မသိရင် ငါတို့နဲ့ သက်တူရွယ်တူလိုပဲ နော်။ ဒါမှမဟုတ် သူက အသက်သုံးဆယ် လေးဆယ်လောက်ရှိပေမယ့် နုနေလို့များလား" ချူးယွင်ဖေး၏ သူငယ်ချင်း တစ်ဦးက သူ့ကို ကြည့်၍ ပြောလိုက်သည်။ ထိုဖြစ်စဉ်ကသာ ၎င်တို့ဘက်မှ လက်ခံနိုင်သည့် အရာမျိုးဖြစ်ပေလိမ့်မည်။

မထင်မှတ်ထားသည်မှာ ချူးယွင်ဖေးက ခေါင်းခါ၍ ပြောလိုက်သည်။ "သူက ငါတို့နဲ့ အသက်တူတူပဲ"

အားလုံးက ချူးယွင်ဖန်းကို ပြန်လှည့်ကြည့်လိုက်ချိန်တွင် ၎င်းတို့၏အကြည့်များ လုံးလုံးလျားလျား ပြောင်းသွားလေ၏။

'ဘယ်လို မွန်းစတာမျိုးလဲ ဟ'

အခန်း (၆၇၄) မွေးဖွားခြင်းနယ်မြေအဆင့်၏ ချက်ချင်း ရှုံးနိမ့်မှု

ချူးယွင်ဖန်းသည် ၎င်းတို့နှင့် သက်တူရွယ်တူဖြစ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကမ္ဘာကြီး အပေါ်ထားရှိသည့် အမြင်များကို ပြောင်းပြန်လှန်ပစ်ခဲ့သော ဒဏ္ဍာရီတစ်ခုဖြစ်သည်။

၎င်းတို့၏ တက္ကသိုလ်တွင် နှစ်ပေါင်းများစွာကြာသည့်တိုင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သူ အများအပြား မရှိခဲ့ပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သော ကျောင်းသားများသည် ယခုအခါ ၎င်းတို့တက္ကသိုလ်ရှိ အံ့သြဖွယ် ကျောင်းသားဟောင်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များသည် ၎င်းတို့၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ နာမည်ကြီးသည့် တည်ရှိမှုများ ဖြစ်ကြသည်။

၎င်းတို့၏ သက်တူရွယ်တူများက မွေးဖွားခြင်းနယ်မြေအဆင့်သို့ လှမ်းနိုင်ခဲ့ခြင်းအတွက်မူ ၎င်းတို့၏ နားထဲမှာ မိုးခြိမ်းသံကဲ့သို့ ဖြစ်တည်မှုမျိုး မရှိတော့ပေ။ ၎င်းသည် ဒဏ္ဍာရီလာ ဖြစ်တည်မှုမျိုးဖြစ်သည့်အပြင် နားလည်ရန် မဖြစ်နိုင်သည့် ဒဏ္ဍာရီတစ်ခုလည်း ဖြစ်သည်။

သို့သော် ဤဒဏ္ဍာရီသည် ယခုအခါ ၎င်းတို့၏မျက်စိရှေ့တွင် ပေါ်ထွန်းလာခဲ့သည်။ ၎င်းတို့အဆင့်နှင့်ဆိုလျှင် ထိုဖြစ်စဉ်ကို နားလည်ရန် ခက်ခဲနေသည်။ ပြည်ထောင်စု တက္ကသိုလ်တွင်ပင် ချူးယွင်ဖန်းကဲ့သို့ ကြောက်မက်ဖွယ်ဖြစ်တည်မှုမျိုး သိပ်မရှိလှပေ။ သို့သော် ချူးယွင်ဖေး၏ဝမ်းကွဲက အလွန် အံ့ဩဖွယ်ဖြစ်နေကြောင်းကို ၎င်းတို့ သိနေသည်။

ချူးယွင်ဖေးသည် သူ့အပေါ်ကျရောက်လာသော သူငယ်ချင်းများ၏ အကြည့်များကို ခံစားလိုက်ရသည်။ အလွန် တုန်လှုပ်နေသော ချူးယွင်ဖေးသည် သူ၏ မျက်လုံးများနှင့် မမြင်ခဲ့လျှင် ၎င်းကို ယုံကြည်ဝံ့မည် မဟုတ်ပေ။ ချူးယွင်ဖေး သိထားရသလောက်ဆိုလျှင် သူ၏ အကြီးဆုံးဝမ်းကွဲ ချူးယွင်ရှန်သည် လက်ရှိ ချူးယွင်ဖန်းအောက် အားနည်းနေသည်။

ချူးယွင်ရှန်သည် အလွန် သန်မာ၍ မရီးဒျန်သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်းကို ချူးယွင်ဖေးက ကောင်းစွာ သိထားသည်။ သို့သော် ချူးယွင်ဖန်း၏ လက်ရှိ အင်အားသည် ချူးယွင်ဖေး၏ ကမ္ဘာကြီးအပေါ် ထားရှိသော အမြင်များကို လုံးလုံးလျားလျား နင်းချေသွားခဲ့သည်။

၎င်းတို့သည် ကနဦး ထိတ်လန့်မှုအပြီးတွင် တုနှိုင်းမဲ့စွာ စိတ်လှုပ်ရှားသွားကြသည်။ နောက်ဆုံးတွင် ကယ်တင်ရှင်တစ်ဦး ပေါ်ပေါက်လာပြီဖြစ်သည်။ ၎င်းတို့အားလုံးက စိတ်ပျက်အားငယ်နေချိန်တွင် ချူးယွင်ဖန်းသည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကဲ့သို့ ပေါ်လာခဲ့သည်။ ၎င်းတို့သည် သေရေး ရှင်ရေးနှင့် ပတ်သက်၍ တွေ့ကြုံပြီးနောက်၊ အဆုံးတွင် သေရေး ရှင်ရေး၏ အခြေအနေများက မည်သည်ကို ဆိုလိုခြင်းဖြစ်သည်ကို နားလည်လာကြသည်။

"တော်သေးတာပေါ့၊ ငါတို့တွေ အသက်ရှင်ပြီ"

"ငါတို့တွေ မသေတော့ဘူး"

ဤအခိုက်အတန့်တွင်၊ အကြီးအကဲထျယ်၏အမူအရာသည် အလွန် ဆိုးရွားနေသည်။ ချူးယွင်ဖန်းသည် သူ၏အရှိန်အဝါဖြင့်ပင် မိမိကို ဖိနှိပ်ရန် လုံလောက်နေသည်။ ချူးယွင်ဖန်းကို အနိုင်ယူခြင်းသည် မိမိအတွက် ဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးနေသည်။

ဤသည်မှာ အကြီးအကဲထျယ်၏ ပင်ကိုယ် အသိစိတ်ဖြစ်သော်လည်း သူသည် ၎င်းကို ယုံကြည်နေသည်။ အကြီးအကဲထျယ်၏ ပင်ကိုယ်အသိစိတ်သည် သူ့ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကယ်တင်ခဲ့သည်။ ယခု သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာသည် သခင်လေးနှင့် အခြားလူများ ရောက်ရှိလာသည်အထိ အချိန်ဆွဲရန်သာ ဖြစ်သည်။

ဤသို့တွေးလိုက်သော အကြီးအကဲထျယ်က ကိုယ်ကိုယ်ကို မြဲမြံအောင် သတိကပ်ထားလိုက်သည်။ အကြီးအကဲထျယ်သည် ချူးယွင်ဖေး၏ စကားကို ကြားလိုက်ရသည်။ ချူးယွင်ဖန်းသည် အသက်နှစ်ဆယ် ဝန်းကျင်သာရှိသေးသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုသို့သော လူသည် ရင့်ကျက်လာသည်နှင့်အမျှ၊ ထျန်လော့ဂိုဏ်း၏အခြေခံအုတ်မြစ်ကိုပင် ဖျက်ဆီးပစ်နိုင်သည်။

၎င်းတို့သည် ချူးယွင်ဖန်းကို ချုပ်နှောင်ထားရပေလိမ့်မည်။ ချူးယွင်ဖန်းသည် ပါရမီရှင်တစ်ဦး မက၍ မွန်းစတားတစ်ကောင်ဖြစ်နေလျှင်ပင် ဦးစွာပထမ ကြီးပြင်းလာရမည်ဖြစ်သည်။ သူသည် ယခုအချိန် သေဆုံးသွားလျှင် သာမန်အလောင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။

ဘုံး

ဤအချက်ကို တွေးမိသော အကြီးအကဲထျယ်သည် ချက်ချင်းပင် သူ၏ အရောင်အဝါများကို ထုတ်လွှတ်လိုက်ရာ ၎င်းသည် ချူးယွင်ဖန်း၏ အရောင်အဝါများနှင့် တိုက်မိသွားလေသည်။ ဤအခိုက်အတန့်တွင်၊ အကြီးအကဲထျယ်က သူ၏လှုပ်ရှားမှုကို စတင် ပြုလုပ်လိုက်သည်။ အကြီးအကဲထျယ်သည် သူ၏ခါးမှ ရှည်လျားသော ကြာပွတ်ကို ဆွဲထုတ်ပြီးနောက် လွှင့်ပစ်လိုက်သည်။ ၎င်းသည် ချီစွမ်းအင်များ ပါဝင်နေသည့် ရှည်လျားသော နဂါးတစ်ကောင်နှင့်ပင် ဆင်တူသည်။ ပြီးနောက် တောက်လောင်နေသည့် မီးတောက်ကဲ့သို့ ချူးယွင်ဖန်း၏ မျက်နှာဆီသို့ ပျံ့လွင့်သွားလေသည်။

၎င်းသည် ပထမအကြိမ်က တိုက်ခိုက်မှုထက် သာလွန်နေသည်။ ချူးယွင်ဖန်း၏ခွန်အားသည် ၎င်းထက် သာလွန်နေကြောင်း သဘောပေါက်သွားသော အကြီးအကဲထျယ်သည် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်မည် မဟုတ်ပေ။

"သတိထား" ချူးယွင်ဖေးသည် ကြာပွတ်ကို သတိထားမိလိုက်သည်။ ၎င်းကြာပွတ်သည် လေထုကို ကွဲကြေစေပြီးနောက် အရပ်ရပ်သို့ ပျံ့နှံ့သွားသည့် လေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး တိုက်ခိုက်ချိန်တွင် ၎င်းတို့၏ လှုပ်ရှားမှုများသည် သဘာဝအတိုင်း တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။ ချူးယွင်ဖေးသည် အကြီးအကဲထျယ် ပြုလုပ်လိုက်သော တိုက်ခိုက်မှုကို မြင်တွေ့ချိန်သာ ရလိုက်ပြီးနောက် ပျံ့နှံ့လာသော လေပြင်းများကြောင့် သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။

ချူးယွင်ဖေးသည် ချူးယွင်ဖန်းကို သတိပေးချင်သော်လည်း အချိန်နှောင်းနေပြီဖြစ်သည်။ ချူးယွင်ဖေးက လွန်စွာ စိုးရိမ်နေချိန်တွင် ချူးယွင်ဖန်းသည် ဖရိုဖရဲ မုန်တိုင်းအတွင်းမှ ထွက်လားခဲ့ရာ သူ၏လက်သည်လည်း ကြာပွတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"ခင်ဗျား လုပ်နိုင်တာ ဒါအကုန်ပဲလား" ချူးယွင်ဖန်းသည် အကြီးအကဲထျယ်ဆီသို့ တစ်လှမ်းချင်း လျှောက်လာလိုက်သည်။ “ဒါက အကုန်ပဲဆိုရင်၊ ဒီလောက်နဲ့ ကျုပ်ကို သတ်ဖို့ မလုံလောက်ဘူး”

ချူးယွင်ဖေးသည် အကြီးအကဲထျယ်၏ မျက်လုံးများရှိ သတ်ဖြတ်ချင်စိတ်များကို မြင်တွေ့လိုက်ရသည်။ ဤလူသည် မိမိကို အပိုင်းပိုင်း ပိုင်းဖြတ်ချင်နေပုံပေါ်သည်။ ထိုအခိုက်အတန့်တွင် အကြီးအကဲထျယ်သည် သူ၏နဖူးမှ ချွေးစေးများကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ခွန်အားသည် အံ့ဩဖွယ်ကောင်းလှသည်၊ မိမိဘက်မှ မည်မျှ ခက်ခက်ခဲခဲ ဆွဲထုတ်ပါစေ ချူးယွင်ဖန်း ဆုပ်ကိုင်ထားသော ကြာပွတ်ကို ပြန်ဆွဲထုတ်နိုင်ခြင်း မရှိပေ။

သူ၏ ကြာပွတ်အစွမ်းကို ကောင်းကောင်း သိထားသော အကြီးအကဲထျယ်သည် တုန်လှုပ်ခြောက်ခြားသွားသည်။ ချီစွမ်းအင်ဖြင့် လွှမ်းခြုံထားသော သူ၏ကြာပွတ်ဖြင့် ရိုက်နှက်ခံရလျှင် ရွှေနှင့် သံသတ္တုလျှင်ပင် အပိုင်းပိုင်းကွဲထွက် သွားနိုင်သည။ သို့သော် ချူးယွင်ဖန်းက မရှောင်တိမ်းခဲ့သည့်အပြင် ကြာပွတ်ကိုပင် ဆုတ်ကိုင်လိုက်သည်။ ပြီးနောက် ချူးယွင်ဖန်း၏လက်သည် မကျိုးကြေသွားခြင်းသည် ပြဿနာ၏ သက်သေဖြစ်သည်။ ချူးယွင်ဖန်းသည် အကြီးအကဲထျယ် မျှော်မှန်းထားသည်ထက် ပိုမိုအင်အားကြီးမား၍ ကိုင်တွယ်ရ ခက်ခဲနေသည်။

အကြီးအကဲထျယ်သည် ချူးယွင်ဖန်းက သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခြင်းကို မြင်လိုက်ရချိန်တွင် သူ၏အစီအစဉ်များ အောင်မြင်သွားသည့် အမူအရာမျိုးကို ထုတ်ဖော်ပြသလိုက်သည်။ ရုတ်တရက်ဆိုသကဲ့သို့ပင် ချွန်ထက်သော ဓားသွားနှင့် ဆင်တူသည့် သူ၏ခြေထောက်ကို ချူးယွင်ဖန်း၏ဦးခေါင်းဆီသို့ ဦးတည်လိုက်လေသည်။

ယခင်က ကြာပွတ်သည် သူ၏လှုပ်ရှားမှုကို ဖုံးကွယ်ရန်အတွက် ပရိယာယ်တစ်ခုသာ ဖြစ်သည်။ ဤကန်ချက်သည် အကြီးအကဲထျယ်၏ အဓိကလှုပ်ရှားမှု အစစ်အမှန်ဖြစ်သည်။ ဤကန်ချက် သိုင်းပညာသည် သူ၏ ကြာပွတ်သိုင်းပညာထက် ပို၍ အံ့အားသင့်ဖွယ် ကောင်းနေသည်။

ဤသည်မှာ အကြီးအကဲထျယ်၏ ဝှက်ဖဲဖြစ်သည်။ ဤလျှို့ဝှက် ဝှက်ဖဲကို အသုံးပြုခြင်းဖြင့် လူအရေအတွက်ပေါင်း မည်မျှကို အနိုင်ယူခဲ့သည်ကို သူကိုယ်တိုင်ပင် မသိပေ။ အကြီးအကဲထျယ်သည် ကနဦးတွင် သူ့ထက်သာလွန်သည့် အင်အားကြီး ရန်သူများစွာကို ဤသို့အကောက်ကြံစည်၍ နှိမ်နင်းခဲ့သည်။

ဤကန်ချက်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ စွမ်းအင်ကို သယ်ဆောင်လာ၍ ကြီးမြတ်သော တွန်းအားတစ်ခုကို ဖြစ်ပေါ်စေသည်။ ကောင်းကင်နှင့်မြေကြီးရှိ စွမ်းအင်သည် ဤတိုက်ခိုက်မှုအတွင်း စုစည်းသွားပြီးနောက် ချူးယွင်ဖန်းဆီသို့ တိုးဝင်လာသည်။

ဘန်း

ဤတိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို မည်သည့် အတားအဆီးမှ မရှိဘဲ ထိမှန်ခဲ့သည်။ သို့သော် အကြီးအကဲထျယ်၏ မျက်နှာပေါ်တွင် စုစည်းနေသော အပြုံးသည် ရုတ်တရက် အေးခဲတောင့်တင်းသွားလေသည်။ ချူးယွင်ဖန်းက သူ၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ကြောင်း သူ နားလည်သွားသည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသနည်း။ အကြီးအကဲထျယ်သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြားတွင် အင်အားအကြီးဆုံး မဟုတ်သော်လည်း၊ သူ၏စွမ်းအင်သည် သာမာန်ခေတ်ရှိ အမြောက်ကျည်များ၏ စွမ်းအင်နှင့် နှိုင်းယှဉ်နိုင်သည်။

ဤသည်မှာ လူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် အံ့ဖွယ်စွမ်းအင်ဖြစ်သည်။ ပြင်ဆင်ထားခြင်း မရှိလျှင် အလယ်အလတ် စက်လက်နက် တစ်ခုလျှင်ပင် ကန်ချက်တစ်ချက်ဖြင့် ပျက်စီးသွားမည်ဖြစ်သည်။ သို့သော်လည်း ဤတိုက်ခိုက်မှုသည် ချူးယွင်ဖန်းထံ ရောက်ရှိသွားသောအခါ သူ့ကို အနည်းငယ်မျှပင် ယိမ်းယိုင်စေခြင်း မရှိခဲ့ပေ။ ၎င်းတိုက်ခိုက်မှုသည် သူ၏မျက်နှာကို တိုက်ခတ်လာသည့် လေပြည်လေညင်းကဲ့သို့ ဖြစ်နေသည်။ ဤအချက်သည် ကြောက်မက်ဖွယ် အကောင်းဆုံး အပိုင်းဖြစ်သည်။

"ဒါဆိုရင် ဒါက ခင်ဗျားရဲ့ ဝှက်ဖဲပေါ့လေ။ နှမြောစရာပဲ။ ကျုပ်က မွေးဖွားခြင်းနယ်မြေ အဆင့် မဟုတ်ရင်တောင် ခင်ဗျားရဲ့ ဒီတိုက်ခိုက်မှုက ကျုပ်ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒါအပြင်၊ ကျုပ်က အခု မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေတော့ ပိုလို့တောင် ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းက စတင် တိုက်ခိုက်လိုက်သည်။ လေထုထဲသို့ အဖြူရောင် လက်ဖဝါးတစ်ခု ထိုးဖောက်ဝင်ရောက်ပြီးနောက် အကြီးအကဲထျယ်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

အကြီးအကဲထျယ်သည် ၎င်းကို တားဆီးရန် ကြိုးစားခဲ့သော်လည်း လုံးလုံးလျားလျား မတားနိုင်ခဲ့ပေ။ ဤအနီးကပ် အကွာအဝေးသည် အကြီးအကဲထျယ် ကန်ထုတ်နိုင်သည့် အကွာအဝေးအတွင်းတွင် ရှိနေသော်လည်း၊ ၎င်းသည် ချူးယွင်ဖန်း၏တိုက်ခိုက်မှု အကွာအဝေးလည်းဖြစ်နေသည်။

ချူးယွင်ဖန်းသည် တစ်ချက်တိုက်ခိုက်ရုံဖြင့် အကြီးအကဲထျယ်၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။ ၎င်းဆုပ်ကိုင်က ပိုမို တင်းကျပ်လာသည်နှင့်အမျှ အကြီးအကဲထျယ်၏ တိုက်ခိုက်နိုင်စွမ်းသည်လည်း ပို၍ဆုံးရှုံးလေဖြစ်သည်။

အကြီးအကဲထျယ်သည် ချက်ချင်း ရှုံးနိမ့်သွားခဲ့သည်။ ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်း၌ပင် အခြားသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို အနိုင်ယူခဲ့သည်။ ချူးယွင်ဖေးနှင့် သူ၏သူငယ်ချင်းများသည် ၎င်းတို့အရှေ့ရှိ မြင်ကွင်းကို ကြည့်၍ အံ့အားသင့်နေကြသည်။

အခန်း (၆၇၅) လူအများ ကြည်ညိုလေးစားမှု

၎င်းသည် အပြတ်အသတ် ရှုံးနိမ့်မှုတစ်ခုသာ ဖြစ်သည်။ အကြီးအကဲထျယ်သည် နှစ်ကြိမ်ဆက်တိုက် လှုပ်ရှားမှု ပြုလုပ်ခဲ့သော်လည်း ချူးယွင်ဖန်းကို အနည်းငယ်မျှ မထိခိုက်နိုင်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်း၏ ပေါ့လျော့သော လှုပ်ရှားသည် အကြီးအကဲထျယ်ကို ချက်ချင်း ရုံးမထွက်နိုင်အောင် ပြုလုပ်လိုက်သည်။

၎င်းတို့ နှစ်ဖက်ကြားက ခြားနားချက်ကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းစွာ သိနိုင်သည်။ ချူးယွင်ဖန်း၏ ခွန်အားနှင့် ပတ်သက်၍ ယုံမှားသံသယဖြစ်ရန် မလိုဘဲ၊ တခဏချင်း အလွယ်တကူ ဆုံးရှုံးခဲ့သည့် အကြီးအကဲထျယ်ကို ကြည့်ရုံဖြင့် သိနိုင်သည်။

ချူးယွင်ဖန်းသည် အကြီးအကဲထျယ်၏ ခန္ဓာကိုယ်ကို နေရာတွင် ဆုပ်ကိုင်ပြီးနောက် ကြက်တစ်ကောင်ကို မြှောက်နေသကဲ့သို့ မြှောက်တင်လိုက်သည်။ ဤအပြုအမူသည် အကြီးအကဲထျယ်ကို အလွန် အရှက်ရသွားစေသည်။ သို့သော် သူသည် လုံးလုံးလျားလျား သတိလက်လွတ် ဖြစ်သွားခဲ့သည်။ အကြီးအကဲထျယ်သည် သံကွင်းတစ်ခုကဲ့သို့ဖြစ်နေသော ချူးယွင်ဖန်း၏ ဆုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

"အား"

အကြီးအကဲထျယ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ချူးယွင်ဖန်းကို အဝေးသို့ ဝှေ့ယမ်းချင်သည့်ဟန်ဖြင့် သူ့ဆီသို့ ပျံ့လွင့်လာလေသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် ခန္ဓာကိုယ်၏ လက်ရှိ ခွန်အားများဖြင့် သူ၏ခြေထောက်များကို ထိုက်တောင်ကဲ့သို့ တည်မြဲစေခဲ့၍ မြေပြင်ပေါ်တွင် ခိုင်မြဲစွာ ရပ်တည်နေလေသည်။

ပြီးနောက် ချူးယွင်ဖန်းသည် သူ၏ လက်ချောင်းများကို အကြီးအကဲထျယ်၏ ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာ တင်လိုက်ရာ အကြီးအကဲထျယ်သည် ချက်ချင်းပင် ရပ်တန့်သွားသည်။ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်သည် လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံခဲ့ရသည့်နှယ် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်အားလုံးကို ထုတ်ယူလိုက်လေသည်။

"အကြောပိတ်လိုက်တာလား" ဤမြင်ကွင်းကို မြင်လိုက်ရသော ချူးယွင်ဖေးနှင့် သူ၏သူငယ်ချင်း၏ မျက်လုံးများ လင်းလက်သွားလေသည်။ ဤဖြစ်စဉ်သည် ဝတ္ထုများထဲက အကြောပိတ်ခြင်းနှင့် ဆင်တူသည်။ ခေတ်သစ် လူ့အဖွဲ့အစည်း၏ ကြီးမားသည့် သိုင်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အကြောပိတ်ခြင်းနည်းပညာကို စူးစမ်းလေ့လာသူများစွာ ရှိနေသည်။ သို့သော် အဆုံးတွင် အရာအားလုံးက အဓိပ္ပါယ်မဲ့နေကြောင်းကို သက်သေပြခဲ့သည်။

ခေတ်သစ် သိုင်းပညာသည် ဝတ္ထုများထဲရှိ တန်ခိုးကြီး ပုဂ္ဂိုလ်များနှင့် ကွဲပြားခြားနားသည်။ ဝတ္ထုထဲရှိ ပညာရှင်အားလုံးသည် ၎င်းတို့၏ကျင့်ကြံမှု ခရီးစဉ် စတင်ချိန်ကတည်းက အတွင်းစွမ်းအင်ကို လေ့ကျင့်ကြ၍ ၎င်းတို့အနက် လူနည်းစုသည် ပြင်ပစွမ်းအင်ကို လေ့ကျင့်ခဲ့ကြသည်။ ၎င်းတို့က လေ့ကျင့်ကြလျှင်ပင် ၎င်းတို့၏ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းဖြစ်သည့် လက်ဖဝါးနှင့် ခြေထောက်စသည်တို့ကိုသာ လေ့ကျင့်လေ့ရှိကြသည်။ ၎င်းတို့၏ အခြားသော အစိတ်အပိုင်းများသည် သာမန်လူများနှင့် သိပ်မခြားနားလှပေ။ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် ဓားတစ်ချောင်းတည်းဖြင့် ထိုးဖောက်နိုင်သည်။

သို့သော် ခေတ်သစ် သိုင်းပညာသည် ၎င်းတို့နှင့် ကွဲပြားခြားသည်။ သိုင်းပညာ လေ့ကျင့်မှု၏ လမ်းကြောင်းသည် ရုပ်ခန္ဓာ ခိုင်မြဲမှုဖြင့် စတင်သည်။ ကျွမ်းကျင်သူတစ်ဦးသည် ပို၍ အင်အားကြီးလေလေ၊ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ပို၍ ထိန်းချုပ်နိုင်လေဖြစ်သည်။ မွေးဖွားခြင်းနယ်မြေ အဆင့်တွင်ရှိနေသည့် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးအတွက် ၎င်းတို့၏ ရုပ်ခန္ဓာအပေါ် ထိန်းချုပ်မှုသည် ပြီးပြည့်စုံမှု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

တစ်စုံတစ်ဦးကို နှိမ်နင်းရန်အတွက် အကြောပိတ်ခြင်း နည်းပညာများကို အသုံးပြုခြင်းက ဖြစ်နိုင်ခြေ မရှိပေ။ ၎င်းတို့သည် အမြောက်ကျည်ကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်သူများဖြစ်ရာ ၎င်းတို့ကို အကြောပိတ်ခြင်း နည်းပညာဖြင့် မည်သို့မျှ ဖိနှိပ်နိုင်မည်နည်း။ ထို့ကြောင့် ချူးယွင်ဖန်း၏ လှုပ်ရှားမှုသည် ၎င်းတို့ကို အလွန် ထိတ်လန့်သွားစေခြင်း ဖြစ်သည်။

၎င်းတို့ မသိခဲ့သည်မှာ ချူးယွင်ဖန်း၏နည်းပညာသည် ဝတ္ထုများထဲမှ အကြောပိတ်ခြင်း နည်းပညာ မဟုတ်ဘဲ ချိတ်ပိတ်ခြင်း နည်းပညာဖြစ်သည်။ ၎င်းသည် အလွန် အခြေခံကျသည့် နည်းပညာတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုသည် ပထမတန်းအဆင့်တွင် ရှိနေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အကြီးအကဲထျယ်သည် သူ၏ ချီစွမ်းအင်နှင့် သွေးများအားလုံးကို တွန်းအားတစ်ခုက ပိတ်လှောင်ထားသကဲ့သို့ ခံစားလိုက်သည်။ အကြီးအကဲထျယ်သည် ထိုအချိန်မှသာ ပြဿနာ၏ လေးနက်မှုကို နားလည်လာခဲ့သည်။

"ဒီလုပ်ရပ်အတွက် ထျန်လော့ဂိုဏ်းက မင်းရဲ့ ဦးခေါင်းကို ယူလိမ့်မယ်" အကြီးအကဲထျယ်သည် အားကုန် ထုတ်သုံး၍ အော်ဟစ်လိုက်သည်။

"အဲ့ဒီ့တော့ ထျန်လော့ဂိုဏ်းက ကိုယ့်ကိုယ်ကို ဘာထင်လို့လဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

သာမာန်လူများ၏အမြင်တွင်၊ ထျန်လော့ဂိုဏ်းသည် ကြောက်မက်ဖွယ်ကောင်းအောင် အင်အားကြီးလှသည်။ သို့သော် ထျန်လော့ဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်တစ်ခုမဆိုနှင့် ချူးယွင်ဖန်းသည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့ကိုပင် မတုံ့ဆိုင်းဘဲ စော်ကားခဲ့သူ ဖြစ်သည်။

ချူးယွင်ဖန်းသည် အားလျော့၍ ချိနဲ့နေသော အကြီးအကဲထျယ်ကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် ချူးယွင်ဖေးနှင့် သူ၏သူငယ်ချင်းများဆီသို့ လျှောက်သွားလေသည်။ ချူးယွင်ဖေး၏ သူငယ်ချင်းများက ချူးယွင်ဖန်းကို ကြည့်လိုက်သောအခါ၊ ၎င်းတို့၏မျက်လုံးများတွင် တုနှိုင်းမဲ့သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

'ကြီးစိုးလိုက်တာ။ လုံးဝ ကြီးစိုးချက်ပဲ' ချူးယွင်ဖန်း၏မျက်လုံးများထဲတွင် ကြီးမားသော ထျန်လော့ဂိုဏ်းသည် အလွန် သိမ်နုတ်နေပုံပေါ်သည်။

ချူးယွင်ဖန်းက သာမာန် လူတစ်ဦးဖြစ်လျှင် သူသည် ကြွားလုံးထုတ်နေသည်ဟု ထင်မှတ်ရပေလိမ့်မည်။ သို့သော်လည်း ချူးယွင်ဖန်း၏ ကနဦး လှုပ်ရှားမှုသည် ၎င်းတို့ကို အမှန်တကယ် နှိမ်နင်းနိုင်ခဲ့သည်။

"ယွင်ဖန်း၊ ထျန်လော့ဂိုဏ်းရဲ့ သခင်လေးက ဒီကို မကြာခင် ရောက်လာတော့မယ်လို့ အဲဒီအဖိုးကြီးက အခုပဲ ပြောခဲ့တာ။ ငါတို့ မြန်မြန်ထွက်သွားတာ ပိုကောင်းမယ်” ချူယွင်ဖေးသည် ခေတ္တရပ်တန့်ပြီးနောက် ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။

ချူးယွင်ဖန်းသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေတ္တ စဉ်းစား၍ ပြောလိုက်သည်။ “ယာဉ်ပျံ စီးပြီး ရှီဟွာမြို့ကို ပြန်သွားလိုက်။ မင်း မြို့ထဲရောက်သွားတာနဲ့ ထျန်လော့ဂိုဏ်းတောင်မှ လှုပ်ရှားရဲမှာ မဟုတ်ဘူး"

"မင်းကရော" ချူးယွင်ဖေးက မေးလိုက်သည်။

“ငါ ဒီမှာကျန်ခဲ့ပြီး လက်စသတ်စရာရှိတာ လက်စသတ်လိုက်မယ်။ မင်းတို့တွေ အနာဂတ်မှာ ပြဿနာမတတ်အောင် ငါ ဒီကကိစ္စတွေကို ကူညီဖြေရှင်းပေးမယ်" ချူးယွင်ဖန်းကပြောလိုက်သည်။

ထိုမှသာ ချူးယွင်ဖန်းက နောက်တန်းကို ကာကွယ်ရန်အတွက် ဤနေရာတွင် နေကျန်ခဲ့ရန် ရည်ရွယ်ထားမှန်း လူတိုင်းက နားလည်သွားကြသည်။ ချူးယွင်ဖေးသည် အလွန် စိတ်လှုပ်ရှားသွားသည်။ သွေးသည် ရေထက် ပို၍ ပြစ်သည်ဟူသော စကား၏အဓိပ္ပာယ်ကို ယခုအချိန်မှ သူ အမှန်တကယ် ခံစားမိလိုက်သည်။

“မင်းတို့ အရင်ပြန်နှင့်ကြ။ ငါ ဒီမှာနေခဲ့မယ်" ချူယွင်ဖေးက ခေတ္တရပ်ဆိုင်းပြီးနောက် အံကြိတ်၍ ပြောလိုက်သည်။

"ကောင်းပြီလေ။ မင်း နေခဲ့" ချူးယွင်ဖန်းသည် အနည်းငယ် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

ထိုအချိန်တွင်၊ ချူးယွင်ဖေး၏ သူငယ်ချင်းများသည် တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် တုံ့ဆိုင်းစွာ ရပ်မနေကြတော့ပေ။ ဤအဖြစ်အပျက်များ အပြီးတွင် ၎င်းတို့က မည်မျှ ကလေးဆန်ခဲ့သည်ကို အဆုံးတွင် သိရှိသွားကြသည်။ ဤကမ္ဘာကြီးသည် ၎င်းတို့ ထင်ထားသည်ထက် ပို၍ ရက်စက်လွန်းလှသည်။ ၎င်းတို့ ထွက်ခွာပြီးနောက်တွင်၊ ချူယွင်ဖန်း၊ ချူယွင်ဖေးနှင့် မြေပြင်ပေါ်သို့ လဲကျနေသော အကြီးအကဲထျယ်တို့သာ ထိုဟင်းလင်းပြင်တွင် ကျန်ရစ်ခဲ့လေသည်။

“မင်းက သေလူပဲ။ မင်း ထျန်လော့ဂိုဏ်းကို စော်ကားပြီးရင် ဘယ်နေရာမှာ ပုန်းနေပါစေ၊ အသုံးမဝင်ဘူး” အကြီးအကဲထျယ်က ခေါင်းမာမာဖြင့် ပြောသည်။ “အခု၊ ငါ့ကို လွှတ်ပေး။ ငါ့ကို လွှတ်ပေးရင် မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်"

"အရူး"

ချူးယွင်ဖန်းက အကြီးအကဲထျယ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ သူသည် သူ၏ချီစွမ်းအင်များကို လက်ဖဝါးတွင် စုစည်း၍ အကြီးအကဲထျယ်၏မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဤရိုက်ချက်သည် အကြီးအကဲထျယ်၏ မျက်နှာတစ်ဝက်ခန့်ကို ရောင်ရမ်းလာစေသည်။ ၎င်းသည် အစိမ်းရောင်နှင့် ခရမ်းရောင် အကွက်များဖြစ်နေသောကြောင့် အကြီးအကဲထျယ်ကို အလွန် ဆိုးရွားဖွယ်ရာ အခြေအနေမျိုးတွင် ရှိနေသည့်ပုံပေါက်စေသည်။

ထိုအချိန်တွင် ချူးယွင်ဖေးသည် ချူးယွင်ဖန်းကို အနည်းငယ် အားကျစွာဖြင့် ကြည့်နေသည်။ သူသည် ဤသို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။ ချူးယွင်ဖေးက ချူးယွင်ဖန်းကို ကြည့်လိုက်သောအခါ အခြားလူများက လက်လှမ်းမမီနိုင်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် နတ်ဘုရားတစ်ပါးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် တစ်စုံတစ်ဦးကို သင်ခန်းစာပေးမည်ဟု ပြောသောအခါ လုံးလုံးလျားလျား တုံ့ဆိုင်းနေသူ မဟုတ်ပေ။

"ငါ သူကို ဘာလို့ မသတ်ခဲ့တာလဲ သိလား" ချူးယွင်ဖန်းက ချူးယွင်ဖေးကို ကြည့်၍ မေးလိုက်သည်။

“မသိဘူး” ချူးယွင်ဖေးက ခေါင်းယမ်းလိုက်သည်။

"မင်းရဲ့ ကောင်မလေးကို ထျန်လော့ဂိုဏ်းက လူတွေက ခေါ်သွားတယ်။ သူ့လို မွေးဖွားခြင်းနယ်မြေအဆင့် အကြီးအကဲတစ်ယောက်က မင်းကောင်မလေးနဲ့ လဲလှယ်ဖို့ လုံလောက်မယ်လို့ ငါ ထင်တယ်” ချူးယွင်ဖန်းက ပြောလိုက်သည်။

ချူးယွင်ဖေးသည် ချူးယွင်ဖန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ သူသည် ထျန်လော့ဂိုဏ်းက မည်ကဲ့သို့သော တည်ရှိမှုမျိုးဖြစ်သည်ကို သိထားသောကြောင့် ထိုသို့သော တောင်းဆိုမှုကို မပြုလုပ်ခဲ့ပေ။ ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့ ကြီးမားသည့် အင်အားစုတစ်ခုအတွက် သိပ်မပြောပါ့လောက်သည့် ကိစ္စဖြစ်သော်လည်း သာမန် လူတစ်ဦးအတွက် မျှော်လင့်ချက် ပျက်သုဉ်းခြင်းမျိုးသာ ဖြစ်သည်။

ချူးယွင်ဖန်းသည် ချူးယွင်ဖေးကို ကယ်တင်ရန် ဤနေရာသို့ ရောက်လာခဲ့သည်။ ၎င်းအပြုအမူသည် လုံလောက်သည်ဟု ထင်မိသောကြောင့် ချူးယွင်ဖန်းကို မိမိအတွက်ကြောင့် နောက်ထပ် စွန့်စားမှုမျိုး မပြုလုပ်စေချင်ပေ။ သို့သော် ချူးယွင်ဖန်းက သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော် ပြောလိုက်သောအခါ ချူးယွင်ဖေး၏ မျက်လုံးထဲတွင် မျက်ရည်များ စို့လာခဲ့သည်။

တစ်ဖက်တွင်၊ အကြီးအကဲထျယ်က ချူးယွင်ဖန်းကို ယုံကြည်မှုကင်းမဲ့စွာ ကြည့်နေခဲ့သည်။ ချူးယွင်ဖန်းသည် မည်သို့သော အရာမျိုးကို အခြေခံ၍ ထျန်လော့ဂိုဏ်းကို စိန်ခေါ်ရဲခြင်းဖြစ်သနည်း။ ချူးယွင်ဖန်းသည် သေခြင်းတရားကို မကြောက်ရွံ့ခြင်းဖြစ်သလော။

၎င်းတို့နှစ်ဦးက စကားစမြည် ပြောနေကြစဉ်တွင် ယဉ်ပျံတစ်စင်းက ၎င်းတို့အရှေ့သို့ ရောက်လာသည်။ ပြီးနောက် ယာဉ်ပျံပေါ်မှ လူတစ်ချို့ ဆင်းသက်လာကြရာ ခေါင်းဆောင်သည် အသက်နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်ခန့် အရွယ်ရှိ လူငယ်တစ်ဦးဖြစ်သည်။ သူ၏အနောက်တွင် သင့်တင့်သည့် ခန္ဓာကိုယ်အရွယ်အစားရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပိန်ပါးသော အဘိုးအိုတစ်ဦး လိုက်ပါလာသည်။

၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်ဖွယ် ဖိအားများကို သယ်ဆောင်လာကြသည့် မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူ သုံးဦးဖြစ်သည်။

All Chapters