← Chapters

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အခန်း (၆၇၉-၆၈၁)

Vol. 46 Ch. 679-681

အခန်း (၆၇၉) လူသားတစ်ဦးကို ပိုင်းဖြတ်ခြင်း၊ ထျန်လော့ဂိုဏ်း၏ သခင်လေး သေဆုံးသွားပြီ

စကားသံ ပြီးဆုံးသွားသည်နှင့် အကာအကွယ်အတွင်း၌ မှုန်ပျပျ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

“ရှေးဟောင်း ဝိညာဉ်တစ်ခုလား”

ချူးယွင်ဖန်းက ချက်ချင်းပင် သတိထားမိလိုက်သည်။ ဤသည်မှာ နတ်အဆင့်သို့ တက်လှမ်းပြီးမှ ဖြစ်ပေါ်လာနိုင်သည့် ရှေးဟောင်းဝိညာဉ်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။

နတ်ဘုရားများသည် အခြားဖြစ်တည်မှုများနှင့် အမှန်တကယ် ကွဲပြားခြားနားသည်။ ၎င်းတို့သည် ရှေးဟောင်းတရုတ် ဒဏ္ဍာရီများထဲတွင် ဒဏ္ဍာရီလာ နတ်ဘုရားများဖြစ်သည်။ လူတစ်ဦးတစ်ယောက်က ထိုအဆင့်သို့ ရောက်သည်နှင့် ၎င်းတို့၏ ရုပ်ခန္ဓာ ပျက်စီးသွားလျှင်ပင်၊ ၎င်းတို့၏ ဝိညာဉ်သည် ဆက်လက်တည်ရှိနေမည်ဖြစ်၍ ပြန်ဝင်စားခြင်းကို ပြုလုပ်နိုင်ကြသည်။

သို့သော်လည်း ချူးယွင်ဖန်း ရရှိခဲ့သည့် အချက်အလက်များအရ၊ ထျန်လော့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် အဆင့်တွင်ရှိနေသည့် ဝါရင့်ပုဂ္ဂိုလ်ဖြစ်သော်လည်း နတ်အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။ နတ်အဆင့်သည် တက်လှမ်းရန် လွယ်ကူသောအဆင့် မဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူပေါင်း ရာချီရှိလျှင်ပင်၊ ၎င်းတို့အနက်မှ တစ်ဦးက နတ်အဆင့်သို့ ရောက်ရှိနိုင်မည်ဟူ၍ အာမခံချက်မျိုး မရှိပေ။

"ဒါဆို ဟိုကျောက်စိမ်းဆွဲပြားက လုပ်နေတာများလား" သခင်လေး ဝတ်ဆင်ထားသော ကျောက်စိမ်းဆွဲပြားသည် မှော်ရတနာများမှ ထွက်လာသည့် တောက်ပမှုမျိုး ထုတ်လွှတ်နေခြင်းကို ချူးယွင်ဖန်းက မြင်တွေ့လိုက်ရသည်။ အတားအဆီးသည် ဤကျောက်စိမ်းဆွဲပြားမှ ပြုလုပ်နေခြင်းဖြစ်သည်။

၎င်းက မှော်ရတနာတစ်ခုဖြစ်ကြောင်းကို ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ ချူးယွင်ဖန်းက ချက်ချင်း နားလည်သွားသော်လည်း ဤအရာသည် ကွဲပြားနေသည်။ ဤမှော်ရတနာသည် တစ်ခါသုံး မှော်ရတနာပစ္စည်း ဖြစ်သည်။ ၎င်းသည် ရှေးဟောင်းဝိညာဉ် ကြိုးမျှင်တစ်ခုကို အသုံးပြု၍ နတ်စွမ်းအင် သို့မဟုတ် အတားအဆီးတစ်ခုကို ၎င်း၏အတွင်း၌ ချိတ်ပိတ်ထားနိုင်သည်။

ဤရှေးဟောင်းဝိညာဉ်သည် သာမာန်အားဖြင့် ၎င်းကိုယ်၎င်း ကိုယ်ထင်ပြလေ့ မရှိသော်လည်း စိုးရိမ်ရသည့် အခြေအနေမျိုး ဖြစ်ပေါ်လာလျှင် အလိုလို ပေါ်ပေါက်လာမည်ဖြစ်သည်။ ဤတစ်ခါသုံး မှော်ရတနာသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကဲ့သို့ တန်ဖိုးမကြီးသော်လည်း ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်နေသေးသည်။ နတ်အဆင့်၏ ထိပ်တန်းတွင်ရှိနေသည့် ကျွမ်းကျင်သူတစ်ဦးသာ ထိုသို့သော မှော်ရတနာမျိုးကို ဖန်တီးနိုင်မည်ဖြစ်သည်။

ထျန်လော့ဂိုဏ်း၏ ခေါင်းဆောင်သည် သူ၏သားဖြစ်သူကို မည်မျှ ချစ်နှစ်သက်ခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ သားဖြစ်သူ၏ ပင်ကိုယ်စရိုက်ကို သူ သိထားသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ၏သားသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပျားအုံကို ကန်ထုတ်မိသကဲ့သို့ သန်မာသည့် ပုဂ္ဂိုလ်မျိုးကို ရန်စမိသွားမည်ဖြစ်သောကြောင့် ဂိုဏ်းခေါင်းဆောင်က ဤအရန်အစီအစဉ်ကို ပြင်ဆင်ထားခြင်းဖြစ်သည်။

ထိုအချိန်တွင် သခင်လေးသည် အသိစိတ် ပြန်ကပ်သွားလေသည်။ ယခင် သူ၏ဖခင်က ဤကျောက်စိမ်းဆွဲပြားကို ပေးအပ်ချိန်တွင် ရေချိုးသည့် အချိန်တွင်ပင် မချွတ်ပစ်ရန် ပြောခဲ့ဖူးသည်။ ၎င်းသည် သူ၏အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်။

ကနဦးတွင် သခင်လေးက ဤအတွေးများကို ဘေးချိတ်ထားခဲ့သည်။ ထို့အပြင် ချူးယွင်ဖန်းသည် လက်ဦးတွင် သူ့ကို အသိစိတ်ကင်းမဲ့သည်အထိ ကြောက်လန့်စေခဲ့သောကြောင့် ကျောက်စိမ်းဆွဲပြားကို မစဉ်းစားမိခဲ့ပေ။

“မင်းတော့ သွားပြီပဲ။ ဒီအတားအဆီး အသက်သွင်းပြီးတာနဲ့ မင်း ဘာလုပ်ခဲ့လဲဆိုတာကို ငါ့အဖေ သိသွားလိမ့်မယ်။ မင်းက သေလူပဲ" သခင်လေးက ရက်စက်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

သခင်လေးသည် သေလုနီးနီး အတွေ့အကြုံကို မည်သည့်အချိန်မှ မေ့နိုင်မည် မဟုတ်သည့်အပြင် ဤအရာများကို သူ့အရှေ့ရှိ လူနှစ်ဦးက ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သခင်လေးက ကလဲ့စားချေလိုသည်။

“အခု ဒီရတနာရဲ့ အကာအကွယ်ပေးမှုကို ငါ ရထားပြီ။ မင်း ငါ့ကို သတ်လို့မရဘူး။ အခု ဒူးထောက် ဦးညွှတ်ပြီး ငါ့ရဲ့အစေခံဖြစ်လာမယ်ဆိုရင် မင်းကို ငါ လွှတ်ပေးမယ်" သခင်လေးက ဂုဏ်ယူစွာ ပြောလိုက်သည်။ သူသည် သေခါနီး အခြေအနေမှ ကယ်တင်ခံရခြင်းကြောင့် စိတ်သက်သာရာရနေသည်။ ၎င်းသည် ငရဲပြည်မှ ကောင်းကင်ဘုံသို့ ရိုလာကိုစတာ စီးရသကဲ့သို့ ဖြစ်နေသည်။ သခင်လေး၏ မောက်မာသည့် ပင်ကိုစရိုက်က ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်း ဘာပြောလိုက်တယ်" ချူးယွင်ဖေးက ဟိန်းဟောက်လိုက်သည်။ သူသည် ဒဏ်ရာရနေသည့် သားရဲတစ်ကောင်နှင့်ပင် ဆင်တူသည်။ ထျန်လော့ဂိုဏ်း၏ သခင်လေးကို လက်စားချေရန် မျှော်လင့်ချက်ရှိနေကြောင်း တွေ့လိုက်ရသော်လည်း ၎င်းအခြေအနေသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

"ဟားဟားဟား၊ မင်းလို့ နိမ့်ကျတဲ့ အရှုံးသမားမျိုးက ငါ့ကိုသတ်ချင်သေးတယ်လား" သခင်လေးက မောက်မာစွာ ပြောလိုက်သည်။ “ငါ့အဖေ ဒီကို မကြာခင် ရောက်လာတော့မှာ။ မင်းတို့အားလုံးက သေလူပဲ။ မင်းတို့တွေ တစ်ယောက်မှ လွတ်မယ် မထင်နဲ့”

"အရူး"

ချူးယွင်ဖန်းသည် သခင်လေး၏ ဘဝင်ခိုက်နေသော အပြုအမူကို မစောင့်ဆိုင်းခဲ့ပေ။ သူသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ရှေးဟောင်းဝိညာဉ် ကြိုးမျှင်သည် ဓားအလင်းရောင်ဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခြင်းကို ခံလိုက်ရလေသည်။ ပြီးနောက် ကောင်းကင်မှ ဓားအလင်းရောင် ဆင်းသက်လာ၍ အတားအဆီးကို ခုတ်ထစ်လိုက်လေ၏။

ဘုံး

ကျယ်လောင်သည့် အသံနှင့်အတူ၊ ခိုင်ခံ့သော အတားအဆီးပေါ်တွင် အက်ကွဲကြောင်းများပေါ်ပေါက်လာသည်။ ဤဓားချက်သည် သခင်လေးကို လုံးလုံးလျားလျား အံ့အားသင့်သွားစေသည်။ ချူးယွင်ဖန်းက ယခုအချိန်၌ပင် လှုပ်ရှားဝံ့နေလိမ့်မည်ဟု သူ မည်သည့်အချိန်ကမှ မထင်ခဲ့ပေ။ ထို့အပြင် ချူးယွင်ဖန်းသည် အနည်းငယ်မျှ မတွန့်ဆုတ်ခဲ့ပေ။ သခင်လေးကို ပို၍ ထိတ်လန့်စေသော အရာသည် အလွန် ခိုင်ခံ့သည်ဟု ထင်ထားသော အတားအဆီးသည် အမှန်တကယ် အသုံးမကျသည့်အပြင် အလွယ်တကူ ဖြတ်တောက်ခံခဲ့ရသည်။

“မှော်ရတနာက ကောင်းပါတယ်၊ ဒါပေမယ့် အဲဒါကို အသုံးပြုတဲ့ လူအပေါ်လည်း မူတည်သေးတယ်။ မင်းအဖေရဲ့ ရှေးဟောင်းစိတ်ဝိညာဉ် တစ်စွန်းတစ်စလောက်နဲ့ ငါ့ကို ခြောက်လှန့်ဖို့ လုပ်နေတာလား။ မင်းက နုံအလွန်းတယ်" ချူးယွင်ဖန်းက စက်ဆုပ်စွာဖြင့် လှောင်ရယ်လိုက်သည်။

ထျန်လော့ဂိုဏ်း၏ သခင်လေးကဲ့သို့သော လူများသည် အခြားလူများ၏ ခွန်အားကို အားကိုး၍ အာဏာကို အမြဲတစေ ချေးငှား အသုံးပြုလေ့ရှိသည်။ ကိုယ်ပိုင် အစွမ်းအစသည်သာ အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို ၎င်းတို့က မည်သို့မျှ နားလည်ကြမည် မဟုတ်ပေ။

ထျန်လော့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သာ ဤနေရာတွင်ရှိနေလျှင် ချူးယွင်ဖန်းက ချက်ချင်း ထွက်ပြေးသွားမည်ဖြစ်သည်။ သို့သော် ရှေးဟောင်းဝိညာဉ် တစ်စွန်းတစ်စမျှဖြင့် ချူးယွင်ဖန်းကို ခြောက်လန့်ချင်နေခြင်း ဖြစ်လေသလော။

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

သခင်လေးသည် ထိုအချိန်မှသာ သူ၏အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို သိလိုက်ရသည်။ သူသည် ယာဉ်ပျံ တည်ရှိရာသို့ အလျင်အမြန် ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် ချူးယွင်ဖန်းက သခင်လေးကို မည်သို့မျှ လွတ်မြောက်ခွင့်ပြုမည်နည်း။ ချူးယွင်ဖန်းသည် သခင်လေး၏ အနောက်တွင် ရှိနေသည်။ ပြီးနောက် မြောက်မြားစွာသော ဓားအလင်းရောင်များ ဆက်တိုက် ပြုတ်ကျလာခဲ့သည်။

ဘန်း

ဘန်း

ဘန်း

ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်၊ အဆုံးတွင် သခင်လေးကို ဝန်းရံထားသည့် အတားအဆီးကို ချူးယွင်ဖန်းက ဖျက်ဆီးပစ်လိုက်သည်။ အတားအဆီး ကွဲအက်သွားသည့် အခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ဓားသည် အနောက်မှ ထပ်ချက်မကွာ လိုက်ပါလာ၍ သခင်လေးကို ခုတ်ထစ်လိုက်သည်။

သခင်လေး၏ ခြေထောက်တစ်ဖက် ဖြတ်ထွက်သွားပြီးနောက် သူသည် ယိမ်းယိုင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏လက်ထဲရှိ ဓားသည် ၎င်း၏စွမ်းအင်ကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။ ဓားအလင်းရောင်တစ်ခု လွင့်ထွက်သွားပြီးနောက် သခင်ငယ်၏ ကျန်ရှိနေသော ခြေထောက်တစ်ချောင်းနှင့် လက်နှစ်ချောင်းကို ဖြတ်တောက်ပစ်လိုက်သည်။ ချူးယွင်ဖန်းသည် ယခင်က အလွန်မောက်မာခဲ့သော သခင်လေးကို လူသားတိုင်လုံးတစ်ခုအဖြစ်သို့ ချက်ချင်း ခုတ်ထစ်လိုက်သည်။

သခင်လေးသည် ယာဉ်ပျံနှင့် ခြေတစ်လှမ်းအကွာတွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ချူးယွင်ဖန်းက သူ၏အတားအဆီးကို ခုတ်ဖြတ်နိုင်လိမ့်မည်ဟု သခင်လေးက မထင်ထားခဲ့ပေ။ ဤသည်မှာ လုံးလုံးလျားလျား မယုံနိုင်ဖွယ် ဖြစ်ရပ်သာဖြစ်သည်။ သခင်လေးအောက် ငယ်ရွယ်သော ချူးယွင်ဖန်းသည် မည်သို့ကြောင့် ဤမျှ သန်မာနေခြင်းဖြစ်သနည်း။ ဤကဲ့သို့သော မွန်းစတားမျိုးသည် ဤကမ္ဘာတွင် မည်သို့မျှ ရှိနေရသနည်း။

"ငါ အခု သူ့ခြေတွေ လက်တွေကို ဖြတ်လိုက်ပြီ ကျန်တာ မင်း လုပ်ချင်တာ လုပ်လို့ရတယ်" ချူးယွင်ဖန်းသည် သူ၏ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။ လင်းလက်သည့် လက်စည်းတံဆိပ် အနည်းငယ် ပြုလုပ်ပြီးနောက် သူ၏ချီစွမ်းအင်များ သခင်လေး၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၍ ၎င်းကို လှုပ်ရှားနိုင်စွမ်း ကင်းမဲ့အောင် ပြုလုပ်ခဲ့သည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ၎င်းတို့၏ ခြေလက်များအားလုံး ဆုံးရှုံးသွားလျှင်ပင် အခွင့်အရေးတစ်ခုကို ရှာတွေ့သည်နှင့် အလွန်အန္တရာယ်များသည့် အခြေအနေမျိုးကို ပြုလုပ်နိုင်ပေလိမ့်မည်။ မည်သို့ဆိုသော် ၎င်းတို့၏ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် အလွန်မြင့်မားသည့် အဆင့်သို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။

ချူးယွင်ဖန်းသာဆိုလျှင် ထိုသခင်လေးကို ကြောက်ရွံ့နေမည် မဟုတ်သော်လည်း ချူးယွင်ဖေးသည် အလွန် အားနည်းလွန်းနေသည်။ ချူးယွင်ဖေးသည် ချူးယွင်ဖန်း၏ စကားပြီးဆုံးသည်နှင့် အနားသို့ ပြေးလာ၍ သူ၏အဝတ်အစားအောက်မှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ကာ သခင်လေးကို တတ်ခွစီးလိုက်သည်။

"သေစမ်း၊ သေစမ်း။ သေလိုက်"

ထိုသခင်လေးကို ဓားမြှောင်ဖြင့် တစ်ချက်ပြီး တစ်ချက် အပြင်းအထန် ထိုးနှက်လိုက်လေသည်။ ချူးယွင်ဖေးသည် သခင်လေး၏ ကိုယ်လက်အင်္ဂါများ ဆိုးဆိုးရွားရွား ပြတ်ထွက်သွားသည်အထိ အရူးတစ်ယောက်ကဲ့သို့ ဓားဖြင့် ကြိမ်ဖန်များစွာ ထိုးစိုက်နေသည်။ မွေးဖွာခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ရှင်သန်မှုက ဇွဲနပဲကြီးလျှင်ပင် ထိုသခင်လေးသည် အဆုံးတွင် သေဆုံးရဆဲဖြစ်သည်။

အခန်း (၆၈၀) မျိုးနွယ်စုတစ်ခုလုံးကို သုတ်သင်ပစ်မှ ကျုပ်ရဲ့ အမုန်းတရားတွေကို ဖြေဖျောက်နိုင်မယ်

ချူးယွင်ဖေးသည် ထျန်လော့ဂိုဏ်း၏ သခင်လေးကို တစ်ချက်ပြီး တစ်ချက် ဓားဖြင့် ထိုးစိုက်၍ သတ်ဖြတ်လိုက်သည်။ သူသည် သခင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး ဆိုးရွားစွာ ပျက်စီးသွားသည့်အချိန်မှ ရပ်တန့်သွားလေသည်။ အဆုံးတွင် သူ၏ကြမ်းကြုတ်သော အမူအရာကို ဖြေလျှော့လိုက်သော ချူးယွင်ဖေးသည် သူ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

"နောက်ဆုံးတော့ ကိုယ် မင်းအတွက် လက်စားချေလိုက်နိုင်ပြီ စီစီ။ မင်း မြင်ရဲ့လား။ နောက်ဆုံးတော့ ကိုယ် လက်စားချေလိုက်နိုင်ပြီ” ချူးယွင်ဖေးက တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ ချူးယွင်ဖေးက မြေပြင်မှထလာ၍ ချူးယွင်ဖန်းကို စိတ်ရင်းမှန်ဖြင့် ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဝမ်းခွဲ အစ်ကို"

ချူးယွင်ဖေးသည် ချူးယွင်ဖန်းအပေါ် ယခုကဲ့သို့ ကျေးဇူးမတင်ခဲ့ဖူးပေ။ သူသည် ဤကိစ္စများ ဖြစ်ပျက်သွားပြီးနောက်တွင်၊ ဆင့်ကဲပြောင်းလဲမှုကြီးကို ကြုံတွေ့ခဲ့ပုံရသည်။ သူသည် လူငယ်တစ်ဦး အဖြစ်မှ ပို၍ ရင့်ကျက်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

ထိုအချိန်တွင်၊ ချူးယွင်ဖေး၏ စိတ်အခြေအနေသည် ချူးယွင်ဖန်းနှင့် ပို၍ပင် နီးကပ်နေပြီဖြစ်သည်။ ဤအတွေ့အကြုံများကို ဖြတ်သန်းပြီးသောအခါ သူ၏အတိတ်သည် ဟာသတစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် ကလေးများအချင်းချင်း စကားများ ရန်ဖြစ်ခြင်းသာဖြစ်သည်ကို သူ နားလည်သွားသည်။

"ဘာလို့ အဲ့လို စကားတွေပြောနေတာလဲ။ ငါတို့က မိသားစုတွေလေ။ မင်း မတရားခံနေရတာကို ငါက ဘယ်လိုလုပ် မတ်တပ်ရပ်ပြီး ကြည့်နေနိုင်မှာလဲ" ချူးယွင်ဖန်းက ပြောသည်။

ဤကိစ္စသည် ချူးယွင်ဖေးအတွက် နှလုံးသားကို နာကျင်စေသော အဖြစ်အပျက်မျိုးဖြစ်သော်လည်း ဤအဖြစ်အပျက်များ အပြီးတွင် သူသည် ယခင်ကထက် ပို၍ ရင့်ကျက်လာမည်ဟု ချူးယွင်ဖန်းက ယုံကြည်နေသည်။

ချူးယွင်ဖေးကို စိတ်ကစားနေခြင်းဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင် ထိုသို့ မဟုတ်ကြောင်း ချူးယွင်ဖန်းက သဘောပေါက်သွားသည်။ ကျန်းစီစီသည် နာခံမည့်အစား သေခြင်းကို ရွေးချယ်ခဲ့၍ ချူးယွင်ဖေးသည်လည်း သေရမည်ဆိုလျှင်ပင် တရားမျှတမှုကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

၎င်းတို့နှစ်ဦးကြားက ဆက်ဆံရေးသည် ချူးယွင်ဖေး ထင်ထားသည်ထက် ပို၍ နက်ရှိုင်းနေသည်။ သို့သော်လည်း ဆေးဧကရာဇ်၏ အသက်ရှင်နေဆဲကာလတွင်ပင် သေရေးနှင့် ရှင်ရေးသည် အလွန် ကြောက်မက်ဖွယ် ကိစ္စမျိုးဖြစ်ခဲ့ရာ၊ ဆေးဧကရာဇ် ကိုယ်တိုင်ပင် သေခြင်းတရားကို မရှောင်လွှဲနိုင်ခဲ့ပေ။ ဤဝေဒနာများကို အချိန်နှင့်အမျှသာ တဖြည်းဖြည်းချင်း ကုသသွားရမည်ဖြစ်သည်။

“ငါက အရင်တုန်းက နုံအလွန်းခဲ့တာ။ ကမ္ဘာကြီးက ငါ တွေးထားတာနဲ့ တစ်ထပ်တည်းကျမယ်လို့ ထင်ခဲ့တာ။ မင်းနဲ့ ယွင်ရှန်ကို သာမန်ထက် နည်းနည်းလေးပဲ ပိုတော်တဲ့ လူတွေလို့ပဲ ကလေးဆန်ဆန် တွေးခဲ့မိတယ်" ချူးယွင်ဖေးက ကိုယ့်ကိုယ်ကို ရှုတ်ချစွာ ပြုံး၍ ပြောလိုက်သည်။

ချူးမိသားစု၏ ဝမ်းကွဲနှစ်ဦးဖြစ်သည့် ချူးယွင်ဖန်းနှင့် ချူးယွင်ရှန်တို့သည် ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခဲ့ကြသည်။ ချူးယွင်ရှန်၏ စွမ်းဆောင်မှုသည် ချူးယွင်ဖန်းကဲ့သို့ ရင်သပ်ရှုမောဖွယ် မဖြစ်ခဲ့သော်လည်း ကျင်းဟိုင်မြို့၌ အံ့မခန်း စွမ်းဆောင်မှုမျိုး ဖြစ်ခဲ့သည်။

အခြားတစ်ဖက်တွင် ချူးယွင်ဖေးသည် သာမန် တက္ကသိုလ်တစ်ခုသို့သာ တက်ရောက်ခဲ့သည်။ ချူးယွင်ရှန်က အမြဲတစေ အလွန် သန်မာခဲ့သူဖြစ်သောကြောင့် သူ၏စွမ်းဆောင်မှုက မထူးဆန်းခဲ့သော်လည်း ချူးယွင်ဖန်းသည် ယခင်က မိမိနှင့် ဆင်တူသည့် အခြေအနေမျိုးတွင် ရှိနေသူ ဖြစ်သည်။ သူသည် ဤတစ်လျှောက်လုံး၊ ချူးယွင်ဖန်း၏ ခွန်အားနှင့်ပတ်သက်၍ မယုံကြည်ခဲ့ပေ။

ချူးယွင်ဖေးသည် ချူးယွင်ဖန်းက ယခု မည်မျှ သန်မာသည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားခြင်း မရှိဘဲ သူနှင့် ယှဉ်ပြိုင်လိုစိတ် ရှိခဲ့သေးသည်။ သို့သော် ယခုမူ မိမိက မည်မျှ မိုက်မဲကြောင်းကို ချူးယွင်ဖေးက နားလည်လာခဲ့သည်။

"မင်းက အစပဲ ရှိသေးတာ၊ အခြေခံလည်း တော်တော်လေး ကောင်းတယ်။ မင်းလည်း အနာဂတ်မှာ မွေးဖွားခြင်းနယ်မြေအဆင့်ကို ဝင်ဖို့ အလားအလာတွေ အများကြီး ရှိတာကြောင့် ဘာမှ စိတ်ပူမနေနဲ့" ချူးယွင်ဖန်းကပြောလိုက်သည်။

ချူးယွင်ဖေးက ခါးသီးစွာ ပြုံးလိုက်သည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိရန် အလွန် လွယ်ကူခဲ့သော်လည်း ၎င်းဖြစ်စဉ်က မည်မျှခက်ခဲသည်ကို ချူးယွင်ဖေးက ကောင်းကောင်းသိသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ၀င်ရောက်ရန် မစဉ်းစားခဲ့ဖူးပေ။ သာမန်လူများထဲမှ တစ်ဦးသာဖြစ်သော ချူးယွင်ဖေးသည် ဤဘ၀တွင် မရီးဒျန်သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်နိုင်လျှင်ပင် လုံလောက်နေပြီဟု သတ်မှတ်ထားသည်။ လူအများကြားတွင် ကွဲပြား ခြားနားချက်တစ်ခု ရှိနေသည်။

“ကောင်းပြီ၊ ငါတို့တွေ လက်စားချေပြီးပြီဆိုတော့၊ ဒီကနေ မြန်မြန်သွားရအောင်။ ထျန်လော့ဂိုဏ်းက စစ်ကူတွေ ရောက်လာရင် ငါတို့ ဒုက္ခများသွားလိမ့်မယ်” ချူးယွင်ဖန်းက ပြောလိုက်သည်။

ထျန်လော့ဂိုဏ်းသည် ယခုအချိန်တွင် ချူးယွင်ဖန်းအတွက် အလွန် အင်အားကြီးသည့် အင်အားစုတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့် အကြီးအကဲကို ကြက်ဖမ်းသကဲ့သို့ ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သော်လည်း သူသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃,၀၀၀ ကို အသုံးပြုခဲ့ရသည်။

ထိုကျောက်တုံးများသည် သန်းရာနှင့်ချီ၍ တန်ဖိုးရှိနေသည်။ ထိုသုံးဖြုန်းမှုသည် ကြီးမားသည့် စည်းစိမ်ဥစ္စာများရှိနေလျှင်ပင် ချူးယွင်ဖန်း၏နှလုံးသားကို နာကျင်စေခဲ့သည်။ တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် သူသည် ဒေဝါလီခံသွားရနိုင်သည်။ ချူးယွင်ဖန်းသည် ထျန်လော့ဂိုဏ်းကို မကြောက်သော်လည်း ၎င်းသည် ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်လာနိုင်မည်ကို သူ ဝန်ခံခဲ့ရပေလိမ့်မည်။

“အင်းပါ၊ သွားကြတာပေါ့" ချူးယွင်ဖေးက ခေါင်းညိတ်လိုက်သည်။

ချူးယွင်ဖေးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြားက ကြောက်မက်ဖွယ် တိုက်ပွဲကို မကြာသေးမီက တွေ့မြင်ခဲ့ရသည်။ ထိုသို့သော တိုက်ပွဲမျိုးသည် မိမိက အမှန်တကယ် ပါဝင်နိုင်သည့် အရာမျိုး မဟုတ်ပေ။ ၎င်းတို့ဝမ်းကွဲနှစ်ဦးသည် ရှီဟွာမြို့သို့ အလျင်အမြန် ခရီးနှင်လေသည်။ ကံကောင်းထောက်မစွာဖြင့်၊ ဤနေရာသည် မြို့၏နယ်နိမိတ်နှင့် သိပ်မဝေးလှသောကြောင့် ချူးယွင်ဖန်း၏ ဦးဆောင်မှုအောက်တွင် ရှီဟွာမြို့သို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။

၎င်းတို့ ထွက်ခွာအပြီး သိပ်မကြာခင်မီတွင် တိုက်လေယာဉ်တစ်စင်း ပျံသန်းလာ၍ တိုက်ပွဲဖြစ်ပွားရာ နေရာတွင် ရပ်တန့်သွားခဲ့သည်။ အရပ်ရှည်ရှည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တောင်တစ်လုံးကို ဖြိုခွင်းနိုင်သည်အထိ အရောင်အဝါများ ပြင်းထန်သည့် ကျွမ်းကျင်သူများနှင့်အတူ တိုက်လေယာဉ်ပေါ်မှ ဆင်းသက်လာကြသည်။

မမှတ်မိနိုင်သည်အထိ ဓားဖြင့် အထိုးခံထားရသော သားဖြစ်သူနှင့် မြေပြင်ပေါ်တွင် လဲကျနေသော မွေးဖွားခြင်းနယ်မြေအဆင့် အကြီးအကဲ သုံးဦးကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ ချက်ချင်းပင် နီရဲလာခဲ့သည်။ သားဖြစ်သူ၏ သေဆုံးမှုသည် သူ့အတွက် အလွန်ကြီးမားသည့် ထိုးနှက်မှုမျိုးသာ ဖြစ်သည်။

ထိုအမျိုးသား၏ ဇနီးသည် ကလေးမီးဖွားနေစဉ် သေဆုံးသွားသူ ဖြစ်သည်။ ပြီးနောက် ဇနီးဖြစ်သူအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာအားလုံးကို သူ၏သားဖြစ်သူထံသို့ သွန်းလောင်းခဲ့လေသည်။ သားဖြစ်သူ၏ အရည်အချင်းသည် မမြင့်မားသော်လည်း သူ၏သားကို အလွန် ချစ်နှစ်သက်ခဲ့သည်။ သူသည် သားဖြစ်သူ၏ ရန်နှင့်တု မရီးဒျန်ကို တွန်းအားပေး ဖွင့်လှစ်ရန်အတွက် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ အရင်းအမြစ်များထက် အဆပေါင်းများစွာ သုံးစွဲခဲ့ရသည်။

သူသည် သားဖြစ်သူ၏ မောက်မာ၍ မတရားအုပ်စိုးသော စရိုက်လက္ခဏာသည် အင်အားကြီးသည့် ရန်သူများကို စော်ကားမိသွားနိုင်ကြောင်း သိထားသော်လည်း သားဖြစ်သူကို ဆူပူဆုံးမရန်ပင် မလိုလားခဲ့ပေ။ သားဖြစ်သူ၏ အသက်ကို ကယ်တင်နိုင်မည့် မှော်ရတနာတစ်ခုကို ရှာဖွေရန်အတွက် ငွေပမာဏများစွာကို သုံးစွဲခဲ့သည်။ ဂိုဏ်းခေါင်းဆောင်သည် သူ တတ်နိုင်သမျှ ပြုလုပ်ခဲ့သည်။

ကျွမ်းကျင်သူက မည်သို့သော ဂိုဏ်းကဖြစ်ပါစေ၊ သူ၏သားက ထျန်လော့ဂိုဏ်းက လူမှန်းသိသွားလျှင် သူ့ကို ထောက်ထားခြင်းအားဖြင့် သားဖြစ်သူ၏ အသက်ကို ချမ်းသာပေးမည်ဟု ယုံကြည်ခဲ့သည်။ သို့သော် တစ်ဖက်လူသည် သူ၏သားကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်အပြင် အသားတုံးများဖြစ်သည်အထိ ဓားဖြင့် ထိုးစိုက်ခဲ့မည်ဟု မည်သူက ကြိုသိထားမည်နည်း။ ယခုမူ ခေတ်မီ ဆေးဘက်ဆိုင်ရာ နည်းပညာဖြင့်ပင် သားဖြစ်သူကို ကယ်တင်ရန် မဖြစ်နိုင်ပေ။

"ဘယ်သူလဲ။ ဒါကို ဘယ်သူလုပ်တာလဲ။ ဒင်းကို သတ်ပြီးတာနဲ့ ဒင်းရဲ့ အလောင်းကို တောထဲချပစ်မယ်” ဂိုဏ်းခေါင်းဆောင်၏ ဟိန်းဟောက်သံသည် ဧရိယာတစ်ခုလုံးကို တုန်လှုပ်စေသည်။ ယင်းသည် သွေးညှိနံ့ကို ရှူရှိုက်မိ၍ ပြေးလာကြသော မွန်းစတားများကို ကြောက်လန့်သွားစေသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဖိအားသည် ၎င်းတို့ ရင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။

“စုံစမ်းကြ။ ဒီကိစ္စကို စုံစမ်းကြ။ ငါ့သားက ဘယ်သူ့ကို စော်ကားခဲ့လို့လဲ။ အဲ့ဒီ့အကောင် သေချာပေါက် သေစေရမယ်။ ငါ့ အမုန်းတရားတွေကို ဖြေဖျောက်ဖို့ သူ့မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်မယ်” ထျန်လော့ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏သွားများကို ဖိကြိတ်နေသည်။ သူ၏ အနောက်ရှိ ကျွမ်းကျင်သူများက သဘောတူညီသံပြု၍ ဤကိစ္စကို စတင် စုံစမ်းကြလေသည်။

တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းက ရှီဟွာမြို့သို့ ဝင်ရောက်နေပြီဖြစ်သည်။ သူသည် ထိုမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့သည်။ ယခုအချိန်မှသာ လုံခြုံသွားသည်ဟု ယူဆနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းက လှည့်ကြည့်၍ ချူးယွင်ဖေးကို ပြောလိုက်သည်။ "မင်း အခုတလော ဇာတ်မြုပ်ပြီးနေ။ တက္ကသိုလ်ကနေ အပြင်ထွက်ဖို့ မလုပ်နဲ့။ ဒီကိစ္စက နည်းနည်း ကြီးသွားတော့ ထျန်လော့ဂိုဏ်းက မင်းအကြောင်းကို သေချာပေါက် သိသွားမှာပဲ။ ပြည်ထောင်စုရဲ့ ဥပဒေတွေက သာမန် ပြည်သူတွေကို အကာအကွယ်ပေးတဲ့ နေရာမှာ တင်းကျပ်တယ်ဆိုပေမယ့် ထျန်လောဂိုဏ်းက ဘာပဲဖြစ်ဖြစ် စတေးဖို့ ဆန္ဒရှိလောက်တယ်။ တစ်ခုခုသာ မှားယွင်းသွားရင် ငါ မင်းကို ကယ်တင်ချင်ရင်တောင် အရမ်း နောက်ကျသွားနိုင်တယ်"

"ငါ နားလည်ပါတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သူသည် တုံးအသူ မဟုတ်သောကြောင့် ၎င်းကိစ္စကို ထုံးစံအတိုင်း နားလည်နိုင်သည်။

ညွှန်ကြားချက်ပေးပြီးနောက် ချူးယွင်ဖန်းသည် ချူးယွင်ဖေးကို သူ၏သူငယ်ချင်းများနှင့် တွေ့ဆုံစေခဲ့သည်။ ချူးယွင်ဖန်းတွင်လည်း ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသည်။

နတ်နဂါး စံအိမ်၌ နတ်နဂါး အကြီးအကဲ၏ မွေးနေ့ပွဲ အခမ်းအနား စတင် ကျင်းပတော့မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ကိုယ်ကိုယ်ကို မြှင့်တင်ရန်အတွက် အချိန်စက္ကန့်တိုင်းကို ဆုပ်ကိုင်ထားရသည်၊ မည်သို့ဆိုသော် ၎င်းကိစ္စအပြီးတွင် သူနှင့် ကျန်းလင်းရှောင်တို့ကြားက မရဏတိုက်ပွဲ စတင်မည်ဖြစ်သည်။

ထိုကိစ္စတွင် ထွက်လမ်းဟူ၍ ရှိမည်မဟုတ်ပေ။ ကျန်းလင်းရှောင် သေဆုံးခြင်း မဟုတ်လျှင် ချူးယွင်ဖန်းက သေဆုံးရပေလိမ့်မည်။ ထိုအချိန်သို့ ရောက်ရှိတော့မည် ဖြစ်သည်။

အခန်း (၆၈၁) ဂုဏ်ဆောင်ပုဂ္ဂိုလ်၊ ပြည်ထောင်စုတက္ကသိုလ်၏ ပြန်လည် နေရာချထားမှု

အချိန်သည် ချူးယွင်ဖန်းအတွက် အလွန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ၊ တိုက်ပွဲ စတင်မည့် နေ့ရက်သည်လည်း နီးကပ်လာပြီဖြစ်သည်။ သို့သော် အောင်နိုင်သူသည် မိမိသာ ဖြစ်ရပေလိမ့်မည်။ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို မသတ်နိုင်ခဲ့လျှင် ဤတိုက်ပွဲက အဓိပ္ပါယ်မဲ့သွားမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ ပြန်ရောက်သည်နှင့် သူ ပထမဆုံး ပြုလုပ်သည့်အရာသည် Metropolis မြို့ပြင်ရှိ ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းမသို့ အလျင်အမြန် သွားရောက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင်၊ ကျန်းယွမ်ပင်သည် သီးသန့်ကျင့်ကြံမှုအတွင်း ရှိနေဆဲဖြစ်သောကြောင့် လေ့ကျင့်ရေးခန်းမတွင် အာဏာအမြင့်ဆုံးလူသည် ချူးယွင်ဖန်းဖြစ်သည်။

အမှန်တကယ်ပင်၊ ရှဖန် အပါအဝင် ကျန်းယွမ်ပင်၏ တပည့်အားလုံးက လေ့ကျင့်ရေးခန်းမကို အသုံးပြုရန် အခွင့်အာဏာရှိသော်လည်း ၎င်းတို့သည် ချူးယွင်ဖန်း၏ အာဏထက် မမြင့်မားကြပေ။ လေ့ကျင့်ရေးခန်းမသို့ ချူးယွင်ဖန်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသောအခါ၊ ၎င်းတို့က အနည်းငယ် အံ့ဩသွားကြရာ၊ အထူးသဖြင့် ရှဖန်က အအံ့သြဆုံးဖြစ်သည်။ ချူးယွင်ဖန်းသည် များသောအားဖြင့် ဤနေရာတွင် လေ့ကျင့်ချိန် သိပ်မရှိပေ။

တင်းယင်နှင့် အခြားလူများသည် ချူးယွင်ဖန်းကို စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲအတွင်း သူ၏စွမ်းအင်ကို အပြည့်အ၀ပြသ၍ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ လေးဦးဖြစ်သည့် ဝမ်ချီ၊ ကျားဟန်ဟိုင်၊ ဟန်ကျန်ကျွင်းနှင့် ချီရှောင်ဟွားတို့ကို ဆက်တိုက် အနိုင်ယူခဲ့သည်။

ချီရှောင်ဟွားသည် ကျန်းလင်းရှောင်ပြီးလျှင် ပြည်ထောင်စုတက္ကသိုလ်၏ ဒုတိယမြောက် အင်အားအကြီးဆုံး ကျွမ်းကျင်သူအဖြစ် ယခင်က လူသိရှင်ကြား အသိအမှတ်ပြုခံခဲ့ရသောကြောင့် ၎င်း၏ရှုံးနိမ့်မှု သတင်းသည် ချက်ချင်းဆိုသကဲ့သို့ပင် ပြည်ထောင်စု တက္ကသိုလ်၏ ကျောင်းသားများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များသည် ပြည်ထောင်စုတက္ကသိုလ်၏ ကာလကြာရှည် တည်မြဲနေသည့် ဖွဲ့စည်းပုံကို ချိုးဖျက်ခဲ့ခြင်းသည်။ ချူးယွင်ဖန်းသည် ယခင်က ဝမ်ချီကို အနိုင်ယူခဲ့ဖူးသော်လည်း ၎င်းသည် ပြည်ထောင်စုတက္ကသိုလ်ရှိ ကျောင်းသားကောင်စီ၏ ဒုတိယဥက္ကဋ္ဌသာ ဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအချိန်က ကျောင်း၏ဖွဲ့စည်းပုံကို သိပ်မတုန်လှုပ်စေခဲ့ပေ။

ယခုမူ ချူးယွင်ဖန်းသည် ချီရှောင်ဟွားကို အနိုင်ယူခဲ့သောကြောင့် အရာအားလုံးက လုံးလုံးလျားလျား ကွဲပြားသွားလေသည်။ မူလက ချီရှောင်ဟွားနှင့် ကျန်းလင်းရှောင်သည် တန်းတူယှဉ်၍ ရပ်တည်နေကြသည်။ ထို့အပြင်၊ အင်အားကြီး ပုဂ္ဂိုလ်များ အဖွဲ့အစည်းကို တည်ထောင်ထားသည့် မွေးဖွားခြင်းနယ်မြေအဆင့် စူပါ ပါရမီရှင် ကျောင်းသားအုပ်စုလည်း ရှိနေသည်။ ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်၏ အထက်တန်းလွှာ ပုဂ္ဂိုလ်များ၏ အခြေအနေဖြစ်သည်။

ယခုမူ ချူးယွင်ဖန်းက ချီရှောင်ဟွားကို အနိုင်ယူခဲ့သည့်အပြင် ၎င်းကို အခက်အခဲများစွာ မရှိဘဲ ပြုလုပ်ခဲ့သည်။ သူက ချီရှောင်ဟွားကို အလွယ်တကူ အနိုင်ယူခဲ့သည်။ အခြေအနေသည် ယခုအချိန်တွင် လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်သည်။ အခြေအနေတစ်ခုလုံးသည် ကျန်းလင်းရှောင်နှင့် ချီရှောင်ဟွားတို့နှစ်ဦးက ဘေးချင်းယှဉ် ရပ်တည်နေရာမှ ကျန်းလင်းရှောင်နှင့် ချူးယွင်ဖန်းတို့က ဘေးချင်းယှဉ်၍ ရပ်တည်သည့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

သို့သော် ဤအချက်ကို လူတိုင်းက လက်မခံကြပေ။ ဆယ်နှစ်တွင် တစ်ကြိမ်သာ ပေါ်ပေါက်လာသည်ဆိုသော ပြိုင်ဘက်ကင်း ပါရမီရှင် ကျန်းလင်းရှောင်လျှင်ပင် ဤအဆင့်သို့ ရောက်ရှိ၍ လူအများက အသိအမှတ်ပြုခံရချိန်တွင် တက္ကသိုလ် တတိယနှစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ စတုတ္ထနှစ်သို့ ဝင်ရောက်သောအခါ သူသည် တက္ကသိုလ်တွင် အမြဲတစေ ရှိမနေခဲ့ပေ။ ထိုမှသာ လူတိုင်း၏ နှလုံးသားတွင် ကျန်းလင်းရှောင်က အသန်မာဆုံးလူ ဖြစ်လာခဲ့သည်။

ချူးယွင်ဖန်းသည် ဤစံချိန်ကို ထပ်မံ ချိုးဖျက်ခဲ့သည်။ သူသည် ဒုတိယနှစ်တွင် စတုတ္ထနှစ်ရှိ ကျန်းလင်းရှောက်နှင့် ဘေးချင်းယှဉ်၍ ရပ်တည်နိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် မည်မျှ ထိတ်လန့်တုန်လှုပ်ဖွယ် ကိစ္စမျိုးဖြစ်သနည်း။ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်နှင့် တိုက်ခိုက်ခြင်း မရှိသေးသော်လည်းကျန်းလင်းရှောင်၏ အမာခံပရိသတ်များလျှင်ပင် ချူးယွင်ဖန်းသည် အသက်အရွယ် ကွာခြားချက်မှလွဲ၍ ၎င်းနှင့် တူညီသော အဆင့်တွင်ရှိနေကြောင်းကို ဝန်ခံရမည်ဖြစ်သည်။ လက်ရှိ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ထက် ပို၍ အံ့ဩဖွယ်ကောင်းနေသည်။

ဤအခိုက်အတန့်တွင်၊ တိုတောင်းသော တစ်နှစ်တာအတွင်း ချူးယွင်ဖန်းက ကြီးကျယ်ခမ်းနားသော စွမ်းဆောင်ချက်များစွာကို ပြုလုပ်ခဲ့ကြောင်း လူတိုင်းက ရုတ်တရက် သိလိုက်ရသည်။ သူသည် နည်းပြပြိုင်ပွဲ၊ တာအိုညီလာခံနှင့် နှစ်ကုန်အကဲဖြတ်ပွဲများတွင် ချန်ပီယံ ဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းသည် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံး ရရှိခြင်းမှလွဲလျှင် ဤအသက်အရွယ်တွင် ရရှိနိုင်သော ဂုဏ်ထူးအားလုံးကို ရရှိခဲ့သည်။

ချူးယွင်ဖန်းသည် သူနှင့် သက်တူရွယ်တူများကို အနောက်တွင် ထားခဲ့ပြီဖြစ်သည်။ သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့်သာဆိုလျှင် ပြည်ထောင်စုတစ်ခုလုံးတွင် အင်အားကြီး ထိပ်တန်း တိုက်ခိုက်ရေး အင်အားစုများထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။

သို့မှသာ လူတိုင်းသည် ဤရုတ်တရက် ပြောင်းလဲမှုကို တုံ့ဆိုင်းစွာ လက်ခံလိုက်ကြသည်။ မည်သို့ဆိုသော် ဤလုပ်ငန်းစဉ်သည် တိုတောင်းလွန်းသောကြောင့် ဖြစ်သည်။ ချူးယွင်ဖန်းသည် လက်တွေ့တွင် လိုအပ်သော လုပ်ဆောင်ချက်များကို ဖြတ်ကျော်ခဲ့ပြီဖြစ်သောကြောင့် ထိပ်တန်းနေရာသို့ တက်လှမ်းသွားခြင်းသည် သဘာဝကျသော ဖြစ်စဉ်သာဖြစ်သည်။ လူတိုင်းသည် ထိုမှသာ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကြားက နီးကပ်လာသည့် တိုက်ပွဲကို အမှန်တကယ် အာရုံစိုက်လာကြသည်။

ယခင်အချိန်က လူတိုင်းသည် ချူးယွင်ဖန်းကို ရူးနှမ်းသွားသူဟု ထင်ခဲ့ကြသည်။ ချူးယွင်ဖန်းသည် ထိုအချိန်တွင် နည်းပြပြိုင်ပွဲ၏ ချန်ပီယံဆုကို ဗိုလ်ဆွဲခဲ့သောကြောင့် ပြည်ထောင်စုတက္ကသိုလ်အတွင်း အာရုံစိုက်ခံရသည့် မျိုးဆက်သစ် လူငယ်များထဲမှ ထူးချွန် ကျောင်းသားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း သူနှင့် ကျန်းလင်းရှောင်တို့အကြားက ကွာဟချက်သည် အလုံးစုံ ကြီးမားနေသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ ကွာဟချက်ကဲ့သို့ ကြီးမားလွန်းသည်။

ထိုအချိန်တွင် လူတိုင်းက ချူးယွင်ဖန်းကို လူထူးဆန်း တစ်ဦးဖြစ်သည့်အပြင် ရူးသွပ်သွားပြီဟု ထင်ခဲ့ကြသည်။ မဟုတ်လျှင် ကျန်းလင်းရှောင်ကို ချူးယွင်ဖန်းက မည်သို့ကြောင့် စိန်ခေါ်ရခြင်း ဖြစ်သနည်း။ ထို့အပြင်၊ ၎င်းသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းမျိုးဖြစ်သည့် မရဏတိုက်ပွဲဖြစ်သည်။

သို့သော် ယခု အခြေအနေများအရ ချူးယွင်ဖန်းက ဝါကြွားခဲ့ခြင်း မဟုတ်သကဲ့သို့ ရူးသွပ်နေခြင်းလည်း မဟုတ်ပေ။ ယင်းအစား သူသည် အမှန်တကယ် အရည်အချင်းရှိသူ ဖြစ်သည်။ ချူးယွင်ဖန်းသည် တစ်နှစ်မပြည့်ခင်မှာပင် ကျန်းလင်းရှောင်နှင့် တူညီသောအဆင့်အထိ ကြီးထွားလာခဲ့သည်။

နောက်ဆက်တွဲ မုန်တိုင်းသည် အစပျိုးရုံသာရှိသေးသည်။ ဧကရာဇ်နန်းတော်သည် ကျောင်းသားသစ်များစွာအတွက် ပထမဆုံး ရွေးချယ်မှုဖြစ်လာသည်။ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ထက် အနည်းငယ် အားနည်းနေသေးသော်လည်း ကျန်းလင်းရှောင်သည် စတုတ္ထနှစ်ကျောင်းသားဖြစ်၍ ချူးယွင်ဖန်းသည် ဒုတိယနှစ်တွင်သာ ရှိသေးသည်။

တစ်နည်းဆိုရလျှင် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်ကို အနည်းဆုံးလျှင် နောက်ထပ်နှစ်နှစ်ခန့် အုပ်ချုပ်နိုင်မည်ဖြစ်သည်။ 'ဟုတ်တယ်၊ အုပ်ချုပ်တာ' ဤအသုံးအနှုန်းကို ယခုအချိန် အသုံးပြုရာတွင် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု မည်သူမှ ခံစားရမည် မဟုတ်ပေ။

ထိုအချိန်ကာလတွင် ဧကရာဇ်နန်းတော်သည် အတောက်ပဆုံးသော အဖွဲ့အစည်းဖြစ်လာမည်မှာ သေချာသည်။ ချူးယွင်ဖန်းသည် သူ့ကို နှိမ်နှင်းမည့် ကျန်းလင်းရှောင် မရှိလျှင် မထင်မှတ်ထားသည့် အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ မူလက အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည့် ကျောင်းသားကောင်စီသည် နောက်ထပ် နှစ်နှစ်မျှ အမြီးကုပ်၍ နေထိုင်ရပေလိမ့်မည်။

ကျောင်းသားကောင်စီသည် လတ်တလောတွင် လူသစ်များ စုဆောင်းနေသော်လည်း ၎င်းတို့၏ လူအရေအတွက်သည် ချူးယွင်ဖန်း၏ ဧကရာဇ်နန်းတော်နှင့် နှိုင်းယှဉ်ရန် အလှမ်းဝေးနေသေးသည်။ ခွဲခြမ်းစိတ်ဖြာမှုများနှင့် ဆွေးနွေးမှု အမျိုးမျိုးသည် ပြည်ထောင်စုတက္ကသိုလ်၏ ဖိုရမ်တွင် အဆက်မပြတ် ပေါ်ပေါက်နေသည်။ အဆုံးမရှိသော ၎င်းဆွေးနွေးမှုများသည်၊ အခြားတက္ကသိုလ်များသို့ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ချူးယွင်ဖန်း၏ ဂုဏ်သတင်းသည် ကျောင်းသားသစ်များတွင်မက ကျောင်းသားအားလုံးအပေါ်တွင်ပင် ကြီးမားသော သက်ရောက်မှုမျိုး စတင် ဖြစ်ပေါ်လာစေသည်။ ထို့ကြောင့် ယခုအချိန်တွင် ချူးယွင်ဖန်း၏ တပည့်ဖော်များဖြစ်သည့် ကျန်းယွမ်ပင်၏ တပည့်အသစ်များသည် ဂုဏ်ယူဖွယ်ကောင်းသည်ဟု ခံစားလာရသည်။ ချူးယွင်ဖန်းသည် အလျင်အမြန် ပြန်ရောက်လာ၍ စကားတစ်ခွန်းပြောရန်ပင် အချိန်မရခဲ့ဘဲ သီးသန့်ကျင့်ကြံခြင်းသို့ ကမန်းကတန်း ပြန်ဝင်သွားခဲ့သည်။ ချူးယွင်ဖန်းကို အစပိုင်းတွင် မယုံကြည်ခဲ့သော တင်းယင်လျှင်ပင် ယခုအခါ အလွန်လေးစားမှုအပြည့်ရှိနေသည်။

“စီနီယာ ချူးက ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင် ခဏလေးတောင် အနားမယူဘူးနော်။ သူက ငါတို့ မျိုးဆက်အတွက် တကယ့် စံနမူနာပြုသူပဲ။ ငါတို့တွေ သူ့ဆီကနေ သင်ယူရမယ်။ ဒါမှ အနာဂတ်မှာ အကြီးတန်းတွေရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေမှာ” တင်းယင်က ပြောလိုက်သည်။

ဤအခိုက်တွင်၊ ရှဖန်သည် သူ၏ စာပို့ပုံးတွင် အကြောင်းကြားချက်တစ်ခုကို တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် လေ့ကျင့်ရေးခန်းထဲသို့ ဝင်ပြီးနောက် သီးသန့်ကျင့်ကြံမှု စတင်ခဲ့သည်ကို ရှဖန်က မြင်တွေ့လိုက်ရသည်။ သို့သော် ချူးယွင်ဖန်း ဝင်သွားသည့်နေရာသည် သာမန် လေ့ကျင့်ရေးခန်း မဟုတ်ပေ။

ချူးယွင်ဖန်းသည် လေ့ကျင့်ရေးခန်းအတွင်းရှိအထူး လေ့ကျင့်ရေးခန်းသို့ ဝင်ရောက်သွားခဲ့သည်။ ၎င်းအခန်းသည် နေအိမ်မှ ထွက်ခွာရန် မလိုအပ်ဘဲ အလွန်ကြမ်းတမ်းသည့် သဘာဝ ပတ်ဝန်းကျင် အမျိုးမျိုးကို တုပနိုင်သည်။ ၎င်းသည် အန္တရာယ်ရှိသည့် နေရာများကို ဖြတ်လျှောက်သွားခြင်းနှင့် ညီမျှသည်။

ဤပြင်းထန်သည့် လေ့ကျင့်ရေးခန်းသည် ကျန်းယွမ်ပင်၏ လေ့ကျင့်ရေးခန်းများတွင် စျေးအကြီးဆုံး နေရာများထဲမှ တစ်ခုဖြစ်သည်။ ကျန်းယွမ်ပင်က ရှဖန်ကို လိုက်လံ ပြသချိန်က ဤပြင်းထန်သည့် လေ့ကျင့်ရေးခန်းသည် မပြီးဆုံးမီ စုစုပေါင်း ယွမ် ဘီလီယံ ၃၀ ကျော် ကုန်ကျခဲ့သည်ဟု ပြောခဲ့ဖူးသည်။ ၎င်းသည် ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံးရှိ ထိပ်တန်း လေ့ကျင့်ရေးခန်းများထဲမှ တစ်ခုဖြစ်သည်။

ပြီးနောက် ထိုနေရာသို့ ၎င်းတို့ကို ဝင်ခွင့်မပေးခဲ့ပေ။ ကျန်းယွမ်ပင်၏ အဆိုအရ အကယ်၍ ၎င်းတို့ ဝင်ရောက်သွားပါက သေခြင်းဖြင့်သာ ကြုံရမည်ဖြစ်၍ ၎င်းတို့တွင် ထိုသို့ လုပ်ဆောင်ရန် အခွင့်အာဏာ မရှိပေ။ ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံရန်အတွက် ဤနေရာသို့ ဝင်သွားလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။

All Chapters