အခန်း (၆၈၅-၆၈၇)
Vol. 46 Ch. 685-687
အခန်း (၆၈၅) လမ်းမှာပိတ်နေတဲ့ မွေးဖွားခြင်းနယ်မြေအဆင့်လား၊ တစ်ချက်တည်းဖြင့် အနိုင်ယူခြင်း
"ကောင်ကင်ကျက်သရေဆောင်ဖိတ်စာတဲ့လား၊ အဲဒါက ဘာလဲ"
ကောင်ကင်ကျက်သရေဆောင်ဖိတ်စာသည် အချို့သော လူမှုအသိုင်းအဝိုင်းများသို့သာ လက်ဆင့်ကမ်းသည့် အရာဖြစ်သောကြောင့် လူများစွာက ဤဖိတ်ကြားလွှာနှင့် ပတ်သက်၍ သိပ်မသိကြပေ။
“အဲဒါက လက်ရှိ မျိုးဆက်သစ် ပါရမီရှင်တွေအတွက် ဖိတ်ခေါ်စာတွေ၊ ဒါပေမယ့် ဘယ်သူ့အတွက်ဆိုပြီး အတိအကျ မသတ်မှတ်ချက်ထားတော့ ကတ်ရှိတဲ့သူတိုင်း ဝင်နိုင်မှာ"
"ဖိတ်စာကိုင်ထားတဲ့လူက ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ"
“ကိုယ့် ဖိတ်စာကိုမှ မထိန်းသိမ်းနိုင်ရင် ဒီထဲဝင်ဖို့ မထိုက်တန်လို့ပေါ့”
နတ်နဂါး အကြီးအကဲ၏ မွေးနေ့တွင် ဤရိုင်းပြသည့် နိုင်ငံခြားသား သိုင်ူပညာရှင်များက အဘယ်ကြောင့် ဤမျှ အရိုအသေမဲ့နေသည်ကို နောက်ဆုံးတွင် လူများစွာက နားလည်သွားကြသည်။ နတ်နဂါး ဗီလာသည် ထိုသို့သော ကိစ္စရပ်မျိုးကို တိတ်တဆိတ် ခွင့်ပြုထားသည်ဟု ၎င်းတို့ သိရှိရပေသည်။
ဤသည်မှာ ကောင်ကင်ကျက်သရေဆောင်ဖိတ်စာများ၏ တန်ဖိုးကို ဆက်လက် ထိန်းသိမ်းထားရန်အတွက်ဖြစ်သည်မှာ သိသာထင်ရှားသည်။ နတ်နဂါး ဗီလာသည် အချက်အလက်များစွာကို စုဆောင်းနိုင်သော်လည်း၊ တစ်စုံတစ်ရာက အမှားအယွင်း ဖြစ်သွားနိုင်ဆဲဖြစ်သည်။ ဤနည်းလမ်းဖြင့်သာဆိုလျှင် ရွေးချယ်ထားသူများ၏ တန်ဖိုးကို ထုံးစံအတိုင်း အာမခံနိုင်မည်ဖြစ်သည်။
“သူတို့တွေ ဒီလောက်ဖြစ်နေကြတာ မဆန်းပါဘူး။ ဒီဖိတ်စာကတ်ကို ရသရွေ့၊ နတ်နဂါး အကြီးအကဲဆီကနေ လမ်းညွှန်မှု ရနိုင်ကြမှာကို။ အကြီးအကဲက နတ်အဆင့် အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်တော့ သူ့ရဲ့ လမ်းညွှန်မှုကို ရတဲ့လူက အဆင့်တစ်ခုလောက်တော့ အနည်းဆုံး ဖြတ်ကျော်နိုင်မှာပဲလေ။ ဒီလိုဆိုရင် အချိန်တွေ အများကြီး စောင့်နေစရာ မလိုတော့ဘူးပေါ့"
ဖြတ်သွားဖြတ်လာ အများအပြားက အားကျနေကြသည်။ ၎င်းတို့သည် နတ်နဂါးဗီလာနှင့် အဆက်အသွယ်အချို့ ရှိထားသောကြောင့် မွေးနေ့ပွဲကို တက်ရောက်နိုင်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ဖြတ်သန်းသွားလာများသာ ဖြစ်ကြသောကြောင့်၊ အကြီးအကဲ၏လမ်းညွှန်မှုကို ခံယူရန်မဆိုနှင့် ၎င်းနှင့် တွေ့ဆုံရန်ပင် အမှန်တကယ် မဖြစ်နိုင်ပေ။ လူတိုင်းက ဤကိစ္စကို ဆွေးနွေးနေကြချိန်တွင် သူ၏နောက်ကျောတွင် ဓားရှည်ကြီးတစ်ချောင်းကို သယ်ဆောင်လာသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးက ထိုနေရာသို့ လျှောက်လှမ်းလာခဲ့သည်။
" အခုမှပဲ ရောက်တော့တယ်" အလွန် မြင့်မားသည်ဟု မဆိုနိုင်သော်လည်း အလွန် ကြီးကျယ်ခမ်းနားသည့် နတ်နဂါးတောင်တန်းကြီးကို ချူးယွင်ဖန်းက ငေးကြည့်နေသည်။
တောင်တန်းကြီးတစ်ခုလုံး၏ အတွင်းပိုင်းကို တူးဖော်ထားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်း၏အထဲတွင် ကြီးမားသော အခြေစိုက်စခန်းအဖြစ် ပြောင်းလဲထားသော နေရာကြီးတစ်ခုရှိနေသည်။ ဤသည်မှာ နတ်နဂါးဗီလာ၏ အချက်အချာကျနေရာ ဖြစ်သည်။
တောင်တန်းများကို ဖြတ်ကျော်၍ တည်ဆောက်ထားသော မြို့သည် အလွန် ကျယ်ပြောလှသည်။ ချူးယွင်ဖန်းသည် တောင်တန်းတစ်လျှောက်တွင် တည်ဆောက်ထားသည့် ဖွဲ့စည်းပုံ ခင်းကျင်းမှုပုံသဏ္ဌာန်ကို ခပ်ရေးရေးသာ မြင်တွေ့နိုင်သည်။
ဤဖွဲ့စည်းပုံသည် နတ်နဂါးတောင်တန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဤမျှ များပြားသည့် သုံးစွဲမှုမျိုးသည် အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှသည်။ ဤဖြစ်စဉ်သည် နတ်နဂါး ဗီလာ၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ ချူးယွင်ဖန်းကို အမှတ်တမဲ့ သတိရသွားစေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က နတ်နဂါးဗီလာသည် ယခု ထိပ်တန်း အဖွဲ့အစည်းများကဲ့သို့ပင် သာမန် အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ခဲ့သည်။ ၎င်းတို့သည် နောက်ပိုင်းတွင် နတ်နဂါးတောင်တန်းနှင့် မတော်တဆ ကြုံကြိုက်မိ၍ ရှေးဟောင်းဂိုဏ်းတစ်ခု၏ အမွေအနှစ်ကို ရရှိခဲ့ကြသည်။
ထိုအချိန်မှစ၍ နတ်နဂါး ဗီလာသည် အဆက်မပြတ် တိုးတက်လာကြသည်။ အဖွဲ့အစည်းကို ထူထောင်ရန်အတွက် အချိန် သိပ်မကြာမြင့်ခဲ့သော်လည်း နတ်နဂါး ဗီလာ၏ ခွန်အားသည် အလွန် တိုးမြင့်လာကြသည်။
၎င်းတို့၏အဖွဲ့အစည်းသည် ဤလုပ်ငန်းစဉ်အတွင်းမှာပင် ပျက်စီးလုနီးပါး အခြေအနေများစွာဖြင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်၊ နောက်ပိုင်းတွင် နတ်နဂါးဗီလာ တည်ဆောက်ထားသည့် ဖွဲ့စည်းပုံ ခင်းကျင်းမှုဖြင့် ယင်းတိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်ခဲ့သည်။ ဤသည်မှာ နတ်နဂါးဗီလာနှင့် နတ်နဂါး အကြီးအကဲ၏ အဖိုးတန်အချိန်များစွာကို ပေးဆောင်ခဲ့ရသည့် ဖွဲ့စည်းပုံဖြစ်သည်။
ဤဖွဲ့စည်းပုံ ခင်းကျင်းမှုနှင့်ပတ်သက်၍ ခန့်မှန်းချက်များစွာနှင့် ကောလဟာလ ဗားရှင်းများစွာလည်းရှိခဲ့သည်။ သို့သော် ဤဖွဲ့စည်းပုံသည် နတ်နဂါးတောင်တန်းမှ ဆင်းသက်လာခြင်းဖြစ်ကြောင်းကို ပြည်ထောင်စုတက္ကသိုလ်၏ စွယ်စုံကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ၎င်းသည် ရှေးဟောင်း လူသားများကာလက တောင်ပေါ်တွင် တစ်ချိန်က နေထိုင်ခဲ့သော ပုဂ္ဂိုလ်များက ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်ပင်၊ ဤအတွင်းရေး အချက်အလက်အဆင့်သည် သာမန်ကျောင်းသားများက အခမဲ့ ကြည့်ရှုနိုင်သည့်အရာ မဟုတ်ပေ။ ၎င်းတို့သည် ဤအချက်အလက်များအတွက် ပြည်ထောင်စုတက္ကသိုလ်၏ အမှတ်များဖြင့် လဲလှယ်ရပေလိမ့်မည်။
ချူးယွင်ဖန်းက နတ်နဂါး ဗီလာနှင့် ပတ်သက်၍ စုံစမ်းနေစဉ်တွင် ဤအရာအားလုံးကို သိရှိခဲ့ရသည်။ ဤသည်မှာ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး၏ ကျောထောက်နောက်ခံပြုမှုကို မိမိက ရရှိထားရခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။
အကယ်၍ ချူးယွင်ဖန်းတွင်သာ အဆက်အသွယ်မရှိလျှင် နတ်နဂါးဗီလာ၏ ဇစ်မြစ်ကို သိရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းက တောင်ပေါ်သို့ မတက်မီတွင် အရပ်ရှည်သည့် သိုင်းပညာရှင်အုပ်စုတစ်စုက သူ့ကို တားဆီးလိုက်သည်။
"မင်းက ချူးယွင်ဖန်းလား" ထိပ်ဆုံးရှိ သိုင်းပညာရှင်သည် ချူးယွင်ဖန်းကို စိုက်ကြည့်၍ မေးလိုက်သည်။
ဤလူက မှတ်သားထိုက်သူတစ်ဦး ဖြစ်ကြောင်းကို ချူးယွင်ဖန်း သိနေသည်။ သူသည် နတ်နဂါး ဗီလာ၏ တိုက်ခိုက်မှုကို မကြောက်ရွံ့ဘဲ နတ်နဂါး ဗီလာ၏ တောင်ခြေရင်းသို့ လာရောက်၍ ရိုင်းပျစွာ ပြုမူဝံ့သော ဖြစ်နိုင်ချေသည် တစ်ခုတည်းသာ ရှိသည်။ သူသည် ကောင်ကင်ကျက်သရေဆောင်ဖိတ်စာကို လိုချင်နေခြင်း ဖြစ်ပေလိမ့်မည်။
ဤလူများသည် အကောက်ကြံ ထုတ်ရာတွင် အလွန် ပါးနပ်လှသည်။ ချူးယွင်ဖန်းက မည်သည့်နေရာတွင် ပုန်းအောင်းနေပါစေ၊ ဧည့်ခံပွဲသို့ ရောက်လာမည်ကို ၎င်းတို့ သိထားသည်။ ၎င်းတို့သည် နောက်ဆုံးအခိုက်အတန့်တွင် ချူးယွင်ဖန်းကို ကြားဖြတ် တိုက်ခိုက်နိုင်သရွေ့ ဖိတ်စာကို ၎င်းတို့အားလုံးက အတူတကွ ရရှိနိုင်မည်ဖြစ်သည်။
"ကျုပ်ပဲ" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ပြီးတော့ ခင်ဗျားက ဘယ်က လာတာလဲ။ ခင်ဗျားတို့ နာမည်တွေ ပြောပါဦး"
“မင်းက ငါတို့နာမည်တွေ သိနေစရာ မလိုပါဘူး။ ဟား၊ မင်းရဲ့ အဲ့ဒီကောင်ကင်ကျက်သရေဆောင်ဖိတ်စာအတွက် မှောင်ခိုဈေးကွက်မှာ တစ်စုံတစ်ယောက်က စျေးနှုန်း ကောင်းကောင်းနဲ့ ကမ်းလှမ်းထားတယ်။ ကောင်းကောင်း လွှဲပေးမယ်ဆိုရင် ငါတို့လည်း မင်းကို ခက်ခဲအောင် လုပ်မှာမဟုတ်ဘူး။ မဟုတ်ရင်တော့ မင်း ဒီနေ့ ဒီနေရာကနဲ့ ထိခိုက်ဒဏ်ရာ မရှိဘဲ ထွက်သွားနိုင်မှာ မဟုတ်ဘူး။"
ခေါင်းဆောင်က ခက်ထန်စွာ ပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့် အရောင်အဝါများကို ထုတ်လွှတ်လိုက်ခြင်းအရ ဖြေရှင်းရ မလွယ်ကူမည့် လူဖြစ်ကြောင်း ပေါ်လွင်နေသည်။ သူသည် လက်တွင် သွေးများဖြင့် ကြိမ်ဖန်များစွာ စွန်းထင်းထားသည့် သတ်ဖြတ်သူဖြစ်ကြောင်း သိသာထင်ရှားသည်။
"ကြည့်ရတာ ဒီဖိတ်စာက တကယ် အဖိုးတန်ပုံပဲ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ “ခေါင်းကို ကွယ်ပြီး အမြီးပဲ ဖော်ရဲတဲ့ လူတွေ။ ဒင်းတို့က ကျုပ်ကို မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ သတ္တိတောင် မရှိကြဘူးလား”
"ချူးယွင်ဖန်း၊ မင်း ပါးစပ်ပိတ်ထား။ ဖိတ်စာကို မြန်မြန် လွှဲပေးလိုက်။ မဟုတ်ရင် ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်လာမတင်နဲ့။ လက်တွေ၊ ခြေတွေ ဆုံးရှုံးသွားမှ မင်းကို ငါ သတိမပေးထားဘူးလို့ လာမပြောနဲ့" ခေါင်းဆောင်က ကြိမ်းဝါးလိုက်သည်။
“အဲ့လိုဆိုမှတော့ နတ်နဂါးအကြီးအကဲအတွက် ပိုးမွှားတစ်ချို့ကို ကူညီပြီး ဖြေရှင်းပေးရတာပေါ့။ ခင်ဗျားတို့လို မှောင်ခိုဈေးကွက်က ပိုးမွှားတွေက မှောင်ရိပ်မှာပဲ ကပ်နေသင့်တယ်။ ခင်ဗျားတို့က နေ့ခင်းကြောင်တောင်မှာ ပေါ်လာရဲဖို့ သတ္တိရှိတယ်ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
မှောင်ခိုဈေးကွက်တွင် မြင့်မားသော ဆုလာဘ်များရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည့် ကျွမ်းကျင်သူများစွာ ရှိနေသည်။ သို့သော် ဤဥပဒေမဲ့များသည် ပြည်ထောင်စုက အလိုရှိနေသူများ ဖြစ်ကြသည်၊ ထို့ကြောင့်သာ ၎င်းတို့က နတ်နဂါးဗီလာကဲ့သို့ ကြားနေဒေသတစ်ခုတွင် စွန့်စားရဲကြခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သာ ပြည်ထောင်စုမြို့တစ်ခု၌ ဤသို့ရဲဝံ့စွာ ပေါ်ထွက်လာခဲ့ပါက၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်နေခြင်းသာဖြစ်၍ မကြာမီ အချိန်အတွင်းမှာပင် ဒေသခံအဖွဲ့အစည်းများက ၎င်းတို့ကို ဝန်းရံ၍ နှိမ်နှင်းလာမည်မှာ သေချာသည်။
မှောင်ခိုဈေးကွက်မှ ကျွမ်းကျင်သူများက ယင်းစကားကို ကြားသောအခါ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ ၎င်းတို့အပေါ် မထီမဲ့မြင်ပြုသော အပြုအမူကို မြင်တွေ့နိုင်ကြသည်။
"သူ့ကို ဖမ်းစမ်း" ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဟုန်များကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ မရေတွက်နိုင်သော လူများကို သတ်ဖြတ်ခြင်းမှ ရရှိလာသော သွေးရောင် အရောင်အဝါများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လူတစ်ချို့ပင် သွေးညှိနံ့ ခပ်ဖျော့ဖျော့ကို ရရှိနိုင်သည်။ သို့သော်လည်း ခေါင်းဆောင်၏ စကားမပြီးဆုံးခင်မှာပင် ဓားအလင်းရောင်တစ်ခုက သူ၏လည်ချောင်းထဲသို့ ဖြတ်ဝင်သွားလေသည်။ သွေးရောင် ပန်းတစ်ပွင့် ပွင့်လန်းသွားခဲ့သည်။
ခေါင်းဆောင်၏ မျက်လုံးများက ပြူးကျယ်ဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် သဘောထားကွဲလွဲမှုတစ်ခုကြောင့် တိုက်ခိုက်မှု ပြုလုပ်မည်ဟု မည်သည့်အချိန်ကမှ သူ မတွေးခဲ့ဖူးပေ။ ထို့အပြင် သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်၍ သူ၏ ခွန်အားသည် ပြည်ထောင်စုတွင် အင်အားကြီးမားသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သည်။ သို့သော်လည်း ခေါင်းဆောင်သည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
'ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ'
၎င်းတို့၏ ခေါင်းဆောင် သေဆုံးမှုသည် မှောင်ခိုဈေးကွက်မှ အခြားသော ကျွမ်းကျင်သူများကို မခြောက်လှန့်စေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ယင်းဖြစ်စဉ်သည် ၎င်းတို့၏ဒေါသကို နှိုးဆွစေသောကြောင့် ၎င်းတို့အားလုံးက ချူးယွင်ဖန်းကို ခုန်အုပ်လိုက်ကြသည်။
သို့သော် ဤမရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများက ချူးယွင်ဖန်းကို မည်သို့မျှ အနိုင်ယူနိုင်မည်နည်း။ ဖြတ်သန်းသွားလာသူများက မတုံ့ပြန်နိုင်ခင်ပင် စူးရှသည့် ဓားအလင်းရောင်လှိုင်းများ လှုပ်ခတ်သွားပြီးနောက် မှောင်ခိုဈေးကွက်မှ ကျွမ်းကျင်သူများအားလုံး ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားခြင်းကို မြင်တွေ့လိုက်ရသည်။
အခန်း (၆၈၆) မင်းကို တစ်ကြိမ်တည်းနဲ့ ဒူးထောက်အောင် မလုပ်နိုင်ရင် ငါ အရှုံးပေးလိုက်မယ်
တခဏလေးအတွင်းမှာပင် နေရာအနှံ့အပြားတွင် အလောင်းများ လဲလျောင်းနေပြီဖြစ်သည်။ ဖြတ်သန်း သွားလာသူများက လုံးလုံးလျားလျား အံ့ဩသွားကြသည်။ ချူးယွင်ဖန်းသည် လူအများကို အမှန်တကယ် သတ်ဖြတ်ဝံ့မည်ဟု ၎င်းတို့က မယုံနိုင်ဖြစ်နေကြသည်။ ထို့အပြင် သူသည် လူများစွာကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ချူးယွင်ဖန်းသည် နတ်နဂါးဗီလာ၏ အမျက်ဒေါသကို အမှန်တကယ် မကြောက်ရွံ့ခြင်းဖြစ်လေသလော။ မှောင်ခိုဈေးကွက်မှ ဤဥပဒေမဲ့ ကျွမ်းကျင်သူများပင် ဤနေရာတွင် လူ မသတ်ဝံ့ကြပေ။
ဤသည်မှာ ချူးယွင်ဖန်းအတွက် ကြီးလေးသည့် ကိစ္စမျိုး မဟုတ်ပေ။ မိမိက လူတစ်ဦးတစ်ယောက်ကို သတ်ဖြတ်လျှင်ပင် အခြေအနေပေါ် မူတည်နေသည်။ ချူးယွင်ဖန်းသည် ချူးမိသားစုနှင့် ပြည်ထောင်စုတက္ကသိုလ်၏ ပံ့ပိုးမှုကို ရရှိထားသူဖြစ်သည့်အပြင် တက္ကသိုလ်တွင် နာမည်ကျော်ကြားသူလည်း ဖြစ်သည်။ သူသည် တက္ကသိုလ်တွင် ထောင်ပေါင်းများစွာသော ကျောင်းသားများရှိသည့်အနက်၊ အလွန်မြင့်မားစွာ အာရုံစိုက်ခံထားရသည့် ကျောင်းသား အနည်းအကျဉ်းထဲမှ တစ်ဦး ဖြစ်သည်။
ချူးယွင်ဖန်းသည် ဂုဏ်သိက္ခာရှိသော မိသားစုမှ ဆင်းသက်လာသူဖြစ်၍ ထိုလူရမ်းကားများက ပိုးကောင်များသာဖြစ်သည်။ နတ်နဂါးဗီလာသည် မှောင်ခိုဈေးကွက်မှ လူအချို့အတွက် ပြည်ထောင်စုတက္ကသိုလ်နှင့် ဆက်ဆံရေး ပျက်စီးစေမည့် အပြုအမူမျိုးကို မည်သို့မျှ ပြုလုပ်ကြမည်နည်း။
ဤသို့ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း သိသာထင်ရှားသည်။ ပြည်ထောင်စုအတွင်း အင်အားများစွာရှိသည့်အနက် နတ်နဂါးဗီလာသည် အမြဲတစေ ကြားနေသူများ ဖြစ်ခဲ့သည်။ ၎င်းတို့သည် ဤအရှုပ်အထွေးများအနက် မပါဝင်ချင်ကြမည် မဟုတ်ပေ။
နတ်နဂါး အကြီးအကဲသည် ဆယ်နှစ်တစ်ကြိမ် သူ၏မွေးနေ့ကို အသုံးပြုခြင်းဖြင့် ဤကောင်ကင်ကျက်သရေဆောင်ဖိတ်စာကို သတ်မှတ်ရသည့် အကြောင်းရင်းသည် မျိုးဆက်သစ်လူငယ်များကို နတ်အဆင့်သို့ ကျင့်ကြံနိုင်သည့် ထိပ်တန်းကျွမ်းကျင်သူများအဖြစ် ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်လိုသောကြောင့် ဖြစ်သည်။
မွေးနေ့ပွဲ အခမ်းအနား ကျင်းပရန်အတွက်သာ မဟုတ်ကြောင်း ယူဆနိုင်သည်။ သူ၏ ဖိတ်ကြားချက်များကို ရယူနိုင်သူများသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အထူးချွန်ဆုံး ပုဂ္ဂိုလ်များဖြစ်၍ ၎င်းတို့၏အနာဂတ် အလားအလာသည်လည်း အကန့်အသတ်မဲ့ကြသည်။
နတ်နဂါး အကြီးအကဲက ဤပုဂ္ဂိုလ်များကို ယခုအချိန် မိတ်ဖွဲ့မည်ဆိုလျှင် ၎င်းတို့သည်လည်း အနာဂတ်တွင် နတ်နဂါး ဗီလာကို ပြဿနာဖြစ်စေမည့် အပြုအမူမျိုးကို ပြုလုပ်ကြမည် မဟုတ်ပေ။ ဤသည်မှာ နတ်နဂါး ဗီလာ၏ အခြေခံအုတ်မြစ်က တစ်နှစ်နှင့် တစ်နှစ် ပိုပို တည်မြဲလာ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် မိတ်ဆွေများစွာ ဖွဲ့နိုင်ရခြင်း၏ အကြောင်းအရင်း ဖြစ်သည်။
ထို့ကြောင့် ချူးယွင်ဖန်းက စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူသည် ပြည်ထောင်စု၏ မြို့တစ်မြို့တွင် ရှိနေခြင်းဖြစ်ပါက တုံ့ဆိုင်းနေမည်ဖြစ်သော်လည်း နတ်နဂါး ဗီလာကဲ့သို့ ကြားနေဒေသမျိုးတွင် ဂရုစိုက်နေမည် မဟုတ်ပေ။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် ချူးယွင်ဖန်းက ပတ်ဝန်းကျင်ကို ဖြတ်သန်းကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ကျုပ်ရဲ့ ဒီဖိတ်စာကို လိုချင်တဲ့လူ ဘယ်သူမဆို လာယူဖို့ ဖိတ်ခေါ်တယ်။ ခေါင်းကို ဖုံးကွယ်ပြီး အမြီးကိုပဲ ဖော်ပြနေစရာ မလိုဘူး"
ချူးယွင်ဖန်းသည် ထိုသို့ပြောပြီးနောက် နတ်နဂါးတောင်တန်းသို့ လျှောက်သွားလေသည်။ ဤအခိုက်အတန့်တွင် အဝေးတွင်ရှိနေသော နတ်နဂါးဗီလာ၏ တပည့်များသည် တစ်ဦးကို တစ်ဦး လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများတွင် ယုံကြည်မှုကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။
"သူက တော်တော် ရက်စက်တာပဲ" နတ်နဂါးဗီလာ၏ တပည့်တစ်ဦးက ချူးယွင်ဖန်း၏ နောက်ကျောကို ကြည့်၍ ပြောလိုက်သည်။
မှောင်ခိုဈေးကွက်မှ ကျွမ်းကျင်သူများကို မဆင်မခြင် ပြုမူခြင်းမှ ကာကွယ်ရန်အတွက် ၎င်းတို့ကို ဤနေရာတွင် စောင့်ကြပ်ရန် ချမှတ်ထားခဲ့သည်။ နတ်နဂါး ဗီလာသည် ဤကျွမ်းကျင်သူများမှ ကောင်ကင်ကျက်သရေဆောင်ဖိတ်စာများ ဆုပ်ကိုင်ထားသူများကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ တိတ်တဆိတ် ခွင့်ပြုထားသည်။ သို့သော် ဤလူများက ရိုင်းစိုင်း၍ ရက်စက်ကြသောကြောင့် ကိစ္စတစ်စုံတစ်ရာ အမှန်တကယ်ဖြစ်ပွားခဲ့လျှင် ၎င်းတို့နတ်နဂါး ဗီလာက အရှက်တကွဲ အကျိုးနည်း ဖြစ်ရပေလိမ့်မည်။
သို့သော် ထိုတပည့်များက ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရမည်ဟု မမျှော်လင့်ခဲ့ပေ။ ယခင်က ဤမှောင်ခိုဈေးကွက်မှ ကျွမ်းကျင်သူများသည် အခြားလူများကို ကြားဖြတ်ဟန့်တားခဲ့ဖူးသော်လည်း လူအများစုကို သတိမေ့မြောသည်အထိ ပြုလုပ်ရုံသာဖြစ်သည်။ ချူးယွင်ဖန်းကဲ့သို့ လူအများအပြားကို အလွယ်တကူ သတ်ဖြတ်ခဲ့သူ မရှိပေ။
"ငါတို့ ဘာလုပ်သင့်လဲ။ ဒါကို သတင်းပို့ရမှာလား"
“အဲ့ဒီ့လို ကြီးတဲ့ကိစ္စမျိုးက သတင်းပို့ရမှာပေါ့။ ပထမဆုံး ဒီအလောင်းတွေကို စွန့်ပစ်ဖို့ စက်ရုပ် ရှာထား။ ဝေးဝေး ပစ်ပြီး မွန်းစတားတွေကို အစာကျွေးလိုက်” တပည့်ခေါင်းဆောင်က ပြောသည်။
သူသည် ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ထိတ်လန့်သွားသော်လည်း မှောင်ခိုဈေးကွက်မှ ထိုလူများနှင့်ပတ်သက်၍ ကောင်းမွန်သည့် အမြင်မျိုး မရှိခဲ့ပေ။ အမှန်တကယ်ပင်၊ မရေတွက်နိုင်သည့် အပြစ်မဲ့သတ္တဝါများကို သတ်ဖြတ်ခဲ့သော ဤမှောင်ခိုဈေးကွက်မှ လူရမ်းကားများအပေါ် လူအများစုက အကောင်းမြင်ခြင်း မရှိကြပေ။
လှေကားထစ်သို့ လှမ်းတက်နေသော ချူးယွင်ဖန်းသည် လမ်းတစ်ဝက်သို့ ရောက်သောအခါ မှောင်ရိပ်ခိုနေသည့် ပြဿနာဖန်တီးသူ အစစ်အမှန်နှင့် တွေ့ဆုံလိုက်ရသည်။ မှောင်ခိုဈေးကွက်မှ လူများသည် အသုံးချခံများသာဖြစ်၍ ချူးယွင်ဖန်း၏ ဖိတ်စာကို အမှန်တကယ် စိတ်ဝင်စားသူသည် အခြားလူတစ်ဦးဖြစ်သည်။
"ဂျူနီယာ ချူး၊ မင်း ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ။ ဘာလုပ်ဖို့ စီစဉ်နေလို့လဲ" အနည်းငယ် ပေါ့ပြက်ပြက်ဆန်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ တန်ဆာဆင်ထားသော ၀တ်စုံနှင့် လူငယ်တစ်ဦးက တောင်တက်လမ်းပေါ်မှ ဆင်းလာ၍ ချူးယွင်ဖန်း၏လမ်းကို ပိတ်ဆို့လိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ" ချူးယွင်ဖန်းက လူငယ်ကို ကြည့်၍ မေးလိုက်သည်။
"ငါ့နာမည်က ယောင်ရွှယ်ချန်းပါ" တန်ဖိုး အဝတ်အစားများကို ၀တ်ဆင်ထားသည့် လူငယ်က ဖြေလိုက်သည်။
"ခင်ဗျားအကြောင်း တစ်ခါမှ မကြားဖူးဘူး" ချူးယွင်ဖန်းက မျက်စောင်းထိုး၍ ပြောလိုက်သည်။ ချူးယွင်ဖန်းသည် ဤလူနှင့်ပတ်သက်၍ တစ်ခါမှ မကြားဖူးသော်လည်း ၎င်းက မိမိကို ဂျူနီယာဟု ခေါ်ခဲ့သည်။ ဂျူနီယာနှင့် စီနီယာများကြားတွင် ထိုသို့သော မျက်ကန်း ဆက်ဆံရေးမျိုး မည်သို့မျှ ရှိနေခြင်းဖြစ်သလော။
ချူးယွင်ဖန်းထံ ရှုံးနိမ့်ခဲ့သော ချီရှောင်ဟွားလျှင်ပင် မိမိနှင့်ပတ်သက်၍ ပြဿနာရှာရဲလောက်သည်အထိ မျက်စိကန်းနေမည် မဟုတ်ကြောင်းကို သိထားရပေလိမ့်မည်။ လူငယ်၏ မျက်နှာအမူအရာ တင်းမာသွားလေသည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ လက်ရှိ ကျောင်းသားတစ်ဦး မဟုတ်ပေ။ လူငယ်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဘွဲ့ရခဲ့ဖြစ်သော်လည်း တက္ကသိုလ် တက်နေချိန်အတွင်း အတော်အတန် ကျော်ကြားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် နှစ်အနည်းငယ်မျှ ကြာမြင့်ပြီးနောက် အခြားလူများက မိမိကို မည်သို့မျှ လုံးလုံးလျားလျား မေ့ပျောက်သွားခြင်း ဖြစ်သနည်း။ ဤသည်မှာ နှိမ့်ချသည့် အပြုအမူမျိုးသာ ဖြစ်သည်။
“ငါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ပြည်ထောင်စုတက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်ပဲ။ အဲ့လိုဆိုတော့ ငါက မင်းရဲ့ စီနီယာပေါ့” ယောင်ရွှယ်ချန်းက ပြောလိုက်သည်။
"ကျုပ်နဲ့ အဲ့လောက်ထိ ရည်ရည်မွန်မွန် ပြောနေစရာ မလိုပါဘူး။ ခင်ဗျား ကျုပ်ရဲ့ ဖိတ်စာကို လိုချင်ရင် လိုချင်တယ် ပြောလိုက်” ချူးယွင်ဖန်းက သူ၏နှုတ်ခမ်းများကို အပေါ်သို့ ပင့်တင်၍ ပြောလိုက်သည်။
“ကောင်းပြီ။ မင်းက တော်တော်လေး ရိုးစင်းသားပဲ။ ငါ့ကို ဖိတ်စာလွှဲပေးမယ်ဆိုရင် မင်းရဲ့ကျေးဇူးကို ငါ သေချာမှတ်ထားမှာပါ" ယောင်ရွှယ်ချန်းက ပြောလိုက်သည်။
"ကျေးဇူးလား၊ ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ။ ခင်ဗျားရဲ့ကျေးဇူးက ဒီလောက်တန်ဖိုးရှိလို့လား။ ဟိုလူတွေကို မှောင်ခိုဈေးကွက်ကနေ ငှားထားတာ ခင်ဗျား မဟုတ်လား" ချူးယွင်ဖန်းက ရိုင်းစိုင်းစွာ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ဤလူများနှင့် ပတ်သက်၍ အကောင်းမြင်စိတ် မရှိပေ။ ဤဖိတ်စာက မည်မျှ အရေးကြီးသည်ကို လူတိုင်းက သိထားသည်။ ထို့အတွက်ကြောင့် ချူးယွင်ဖန်းက အလွန် ထူးဆန်းသည်ဟု ခံစားနေမိသည်။ ယောင်ရွှယ်ချန်းက ကိုယ့်ကိုယ်ကို မည်သို့သောလူဟု ထင်မှတ်နေခြင်းဖြစ်သနည်း။ သူ၏ကျေးဇူးကြွေးက ဤကောင်ကင်ကျက်သရေဆောင်ဖိတ်စာနှင့် လဲလှယ်နိုင်မည်ဟု မည်သို့ကြောင့် ထင်နေရခြင်း ဖြစ်သနည်း။
ချူးယွင်ဖန်း၏စကားကြောင့် ဆွံ့အသွားသော ယောင်ရွှယ်ချန်း၏အမူအရာသည် အလွန် အကျည်းတန်သွားခဲ့သည်။ ချူးယွင်ဖန်းက မိမိကို ဤမျှ အလေးမထားဘဲ ပြုမူမည်ဟု မမျှော်လင့်ထားပေ။ ချူးယွင်ဖန်း၏ အပြုအမူသည် သူ့ကို ကော်လာမှ ဆုပ်ကိုင်၍ မျက်နှာကို ရက်စက်စွာ ရိုက်နှက်လိုက်ခြင်းနှင့် ဆင်တူသည်။
'ဘာလို့လဲ'
ယောင်ရွှယ်ချန်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ ဘွဲ့ရခဲ့သူဖြစ်သော်လည်း သူ၏ ဂျူနီယာက ဤအတိုင်းအတာအထိ မလေးမစား ပြုမူခြင်းကို ခံလိုက်ရသည်။ ဤသည်မှာ အလွန် လက်မခံနိုင်ဖွယ် အပြုအမူမျိုးဖြစ်သည်။
"ကောင်းပြီ။ ချူးယွင်ဖန်း၊ မင်းက အရမ်း မောက်မာတယ်လို့ ကြားဖူးပေမယ့် ဒီလောက် မောက်မာမယ်လို့ ငါ မထင်ခဲ့ဘူး။ ဒီလိုဆိုမှတော့ ငါ့ အစွမ်းအစကို ပြရသေးတာပေါ့၊ စီနီယာတွေကို လေးစားတာက ဘာကိုဆိုလိုလဲဆိုတာ မင်း သိစေရမယ်"
ယောင်ရွှယ်ချန်းသည် ချူးယွင်ဖန်း၏ စကားကြောင့် လုံးလုံးလျားလျား ဒေါသထွက်သွားသည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်အရောင်အဝါများကို ထုတ်လွှတ်နေသည်။ ယောင်ရွှယ်ချန်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏တက္ကသိုလ် စတုတ္ထနှစ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ ယခုကဲ့သို့ နှစ်အနည်းငယ် ကြာလာသောအခါ သူ၏ကျင့်ကြံမှုသည် ပိုမို တိုးတက်လာခဲ့သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင် အားနည်းသူမျိုး မဟုတ်တော့ပေ။
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော ယောင်ရွှယ်ချန်းက ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ သူသည် ချူးယွင်ဖန်းထက် အနည်းဆုံးလျှင့် ငါးနှစ် ခြောက်နှစ်ခန့် အသက်ကြီးသူ ဖြစ်သည်။ ၎င်းသည် ဤခေတ်၏ သိုင်းပညာရှင်များအတွက် ဖြေရှင်း၍ မရနိုင်သော အချက်ဖြစ်သည်။ ချူးယွင်ဖန်းက မည်သို့သော ပါရမီရှင်မျိုးဖြစ်ပါစေ၊ ဤမျှ ကြီးမားသော ကွာဟချက်မျိုးကို ကျော်လွှားရန် မဖြစ်နိုင်ပေ။
သို့သော်၊ ယောင်ရွှယ်ချန်းသည် ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံခြင်း မဟုတ်ဘဲ ပုံမှန် မဟုတ်သည့် မွန်းစတားတစ်ကောင်နှင့် တွေ့ဆုံခြင်း ဖြစ်နေမည်ဟု တစ်ခါမျှ မထင်မှတ်ခဲ့ပေ။
“လေရှည် မနေပါနဲ့။ ခင်ဗျားလို အမှိုက်သရိုက်မျိုးများက ကျုပ်ရှေ့ကို ရောက်လာရဲရတယ်လို့။ ခင်ဗျားလို လူမျိုးကို တစ်ချက်တည်းနဲ့ ဒူးထောက်အောင် မလုပ်နိုင်ရင် ကျုပ် ဒီဖိတ်စာကို လက်လျော့လိုက်မယ်"
အခန်း (၆၈၇) ဂုဏ်သတင်းနဲ့ ထိုက်တန်တဲ့ ချူးယွင်ဖန်း
ချူးယွင်ဖန်း ပိုင်ဆိုင်ထားသော ဖိတ်စာကို မက်မောသူ အများအပြားရှိကြရာ၊ ယောင်ရွှယ်ချန်းသည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းသည် ဤလူများနှင့်ပတ်သက်၍ စကားပြောဆိုရန်ပင် ပျင်းရိလွန်းလှသည်။
"ငါ့ကို တစ်ချက်တည်း ဒူးထောက်အောင် လုပ်မယ်တဲ့လား"
ဤသည်မှာ လုံးလုံးလျားလျား အဓိပ္ပာယ်မဲ့သော အရာဖြစ်သည်။ ယောင်ရွှယ်ချန်း၏ မျက်နှာအမူအရာ ပြာနှမ်းသွားလေသည်။ သူသည် ထိုအချိန်က ကျန်းလင်းရှောင်နှင့် မနှိုင်းယှဥ်နိုင်သော်လည်း၊ ထိုအချိန်တွင် တက္ကသိုလ်၏ ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ ဘွဲ့ရပြီးနောက် သူ၏ခရီးလမ်းစဉ်ကို အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်းခဲ့သည်။ သူ၏နောက်ခံအသိုင်းအဝိုင်းနှင့် အရည်အချင်းအရဆိုလျှင် ဤကဲ့သို့ မထီမဲ့မြင် ရှုံ့ချခြင်းမဆိုနှင့် မည်သူ တစ်ဦးတစ်ယောက်ကမှ မျက်နှာသာမပေးဘဲ မနေရဲကြပေ။
"မင်းက ကိုယ့်အဆင့်အတန်း ကိုယ် မသိတာဘဲ" ယောင်ရွှယ်ချန်းက အေးစက်စွာ ဟစ်အော်လိုက်၍ သူ၏မျက်လုံးများတွင် ခက်ထန်သော အလင်းရောင်များ လင်းလက်လာသည်။
"အခြေအနေနဲ့ အချိန်အခါကိုသိရင် ငါက မင်းကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ လုပ်ထားတာ၊ အခုတော့ မလိုတော့ဘူး ထင်တယ်”
"ဟားဟား ကျုပ်က အဆင့်အတန်း မသိဘူးတဲ့လား။ ကျုပ်ကတော့ ကိုယ့်အဆင့်အတန်း ကိုယ် မသိတဲ့လူက ခင်ဗျားလို့ပဲ ထင်တယ်” ချူးယွင်ဖန်းက ပြန်ပြောလိုက်သည်။ ချူးယွင်ဖန်း၏ စကားပြီးဆုံးသွားသည်နှင့် ယောင်ရွှယ်ချန်းက စတင် လှုပ်ရှားလိုက်သည်။
"အာကာသ ဖြိုခွဲသူ” ယောင်ရွှယ်ချန်း က အော်ဟစ်လိုက်သည်။
ကျယ်လောင်သော အသံနှင့်အတူ သူ၏ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသည့် မွေးဖွားခြင်းနယ်မြေအဆင့် အရောင်အဝါများ ပျံ့လွင့်လာသည်။ တောင်ကြီးတစ်ခုလုံးရှိ လေထုသည် ချက်ချင်းပင် အေးခဲသွားပုံရသည်။
ယောင်ရွှယ်ချန်းသည် ချူးယွင်ဖန်း၏ ကောင်ကင်ကျက်သရေဆောင်ဖိတ်စာကို လုယူချင်သည်။ သူ၏ အသက်အရွယ်သည် လိုင်းတစ်ခုကို ကျော်လုနီးပါးဖြစ်နေသည်။ သူသာ ဤအခွင့်အရေးကို လွဲချော်သွားမည်ဆိုလျှင် အနာဂတ်တွင် မည်သည်မှ ကျန်ရစ်တော့မည် မဟုတ်ပေ။
ယောင်ရွှယ်ချန်း၏ လက်သီးချက်သည် လေထုကို ပြင်းထန်စွာ လှုပ်ခတ်သွားစေသည်။ လေထုသည် သာမန် မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရှိန်အဟုန်ဖြင့် ပျံ့လွင့်သွားလေသည်။ ဤသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအများစုက အောင်မြင်နိုင်သည့် အဆင့်မျိုးဖြစ်သော်လည်း သူ၏လက်ဝယ်တွင် စိတ်ကူးမယဉ်နိုင်သည့် အံ့ဩဖွယ်ရာ စွမ်းအင်မျိုးကို ထုတ်လွှတ်နေသည်။
ချူးယွင်ဖန်းက ဆိုးရွားသော အခြေအနေထိ ရိုက်နှက်ခံရခြင်းကို ယောင်ရွှယ်ချန်းက မြင်ယောင်နေမိသည်။ အဆုံးတွင် ဂျူနီယာတစ်ဦးသည် ဂျူနီယာတစ်ဦးသာ ဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းသည် အေးစက်စွာ လှောင်ရယ်လိုက်သည်။ ပြီးနောက် သူ၏လက်တစ်ဖက်ကို လင်းယုန်၏ လက်သည်းများကဲ့သို့ ဆန့်ထုတ်၍ ယောင်ရွှယ်ချန်းကို အကြင်နာမဲ့စွာ ကုပ်ဆွဲလိုက်သည်။
ဘုံး
ချူးယွင်ဖန်းသည် သူ့အပေါ် လွှမ်းခြုံရန် ခြိမ်းခြောက်နေသည့် လေထုလှိုင်းကို ချက်ချင်းပင် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲလိုက်လေသည်။ ကြောက်မက်ဖွယ် လေထုလှိုင်းသည် သဲလွန်စပင်မရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ဘာလဲ ဟ"
ယောင်ရွှယ်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ပြီးနောက် သူ၏လက်သီးချက်သည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုနှင့် ထိပ်တိုက် ရင်ဆိုင်သွားလေသည်။
ဘန်း
ကျယ်လောင်သော တိုက်မိသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ယောင်ရွှယ်ချန်းက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်တစ်ခုလုံးသည် သွေးများ စိုရွှဲသွားလေသည်။၎င်းတို့ တိုက်ခတ်မိသွားသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် ကြီးမားသည့် တွန်းအားတစ်ခုက သူ၏လက်မောင်းကို တွန်းကန်သွားလေသည်။ သူ၏လက်မောင်းရှိ ကြွက်သားများ ပွင့်ထွက်သွား၍ သွေးများ လွင့်စဉ်ထွက်လာသည်။
"မဖြစ်နိုင်ဘူး"
ယောင်ရွှယ်ချန်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်ခွာပြီးသည့်နောက်မှ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် သူ၏မျက်လုံးများက ယုံကြည်မှုကင်းမဲ့စွာ ပြူးကျယ်သွားသည်။
ကနဦး ၎င်းလက်သီးချက်သည် တောင်တန်းကြီးတစ်ခုကိုပင် ဖြိုခွဲနိုင်သည့် ခွန်အားမျိုးရှိနေသည်။ ၎င်းသည် သူ၏လက်တစ်ခုလုံးကို ကျိုးကျေလုနီးပါး ဖြစ်သွားစေသည်။ ယောင်ရွှယ်ချန်းသည် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို သူ၏လက်သီးဖြင့် ထိုးကြိတ်မိသွားသကဲ့သို့ပင် ထင်မှတ်သွားလေသည်။
သို့သော် သူ၏အရှေ့တွင် ရပ်နေသော ချူးယွင်ဖန်းက လုံးလုံးလျားလျား လှုပ်ရှားခဲ့ခြင်း မရှိပေ။ ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ အကယ်၍ သူသည် ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို ဒုတိယအဆင့်ဖြစ်သည့် အသားအဆင့်သို့ မရောက်ရှိသေးသည့်အပြင် ယောင်ရွှယ်ချန်းသည်လည်း မွေးဖွားခြင်းနယ်မြေ တတိယအဆင့်သို့ တက်လှမ်းနေခဲ့လျှင်၊ ၎င်းက ချူးယွင်ဖန်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေနိုင်သည်။
ယခုမူ ချူးယွင်ဖန်း၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် ခွန်အားအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ လူသား သိုင်းပညာရှင်များ မဆိုနှင့် တူညီသော အဆင့်တွင်ရှိနေသည့် ထိပ်တန်း မွန်းစတားများလျှင်ပင် သူ့ကို ထိခိုက်အောင် မပြုလုပ်နိုင်ပေ။
ယောင်ရွှယ်ချန်းက ယုံကြည်မှုကင်းမဲ့သော အာရုံ၌ နစ်မွန်းနေစဉ်တွင် ချူးယွင်ဖန်းသည် အရှေ့သို့ ခြေတစ်လှမ်း တိုး၍ မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ခိုက်မှုကို ပြုလုပ်လိုက်သည်။ ချူးယွင်ဖန်းသည် သူ၏ခြေထောက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
"နတ်နှံကောင် ကန်ချက်"
ချူးယွင်ဖန်းသည် ဤကန်ချက်ဖြင့် အနှိုင်းမဲ့သည့် အင်အားကြီး နှံကောင်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၍ ကမ္ဘာကြီးကို ထက်ခြမ်း ပိုင်းဖြတ်လိုက်သည့်နှယ် ဖြစ်နေသည်။ ယောင်ရွှယ်ချန်းသည် တစ်ချက်တည်း ကန်ထုတ်လိုက်ရုံဖြင့် အနောက်သို့ ချက်ချင်း လွင့်ပျံသွားလေသည်။
ယောင်ရွှယ်ချန်းသည် ပါးစပ်မှ သွေးများ အန်ထုတ်၍ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ ပျံသန်းသွားခဲ့သည်။ သူ၏ရင်ဘတ်ရှိ မရေတွက်နိုင်သော နံရိုးများ ကျိုးကြေသွား၍ အဆက်မပြတ် အော်ဟစ်နေလေ၏။ ဤသည်မှာ တစ်ခုတည်းသော လှုပ်ရှားမှုဖြစ်သည့်အပြင် ရိုးရှင်းသော လှုပ်ရှားမှုဖြစ်သော်လည်း ယောင်ရွှယ်ချန်းက ရှုံးနိမ့်သွားခဲ့သည်။
အဆုံးတွင် ချူးယွင်ဖန်းသည် သူ ဖြေရှင်းနိုင်သောလူ မဟုတ်ကြောင်းကို ယောင်ရွှယ်ချန်းက သိလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ ယောင်ရွှယ်ချန်းကို ကန်ထုတ်ပြီးသော ချူးယွင်ဖန်းသည် တောင်ပေါ်သို့ ခရီးဆက်ခဲ့သည်။ ထိုမှသာလျှင် ချူးယွင်ဖန်း၏ အနောက်တွင် လိုက်ပါလာသော နတ်နဂါး ဗီလာ၏တပည့်များက အရှေ့တိုး၍ ယောင်ရွှယ်ချန်းကို ဆေးကုသရန် ခေါ်ဆောင်ဝံ့ကြသည်။
တစ်ချိန်တည်းမှာပင် ဘေးတွင် ရပ်နေသူများက အချင်းချင်း တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။ အရာအားလုံးသည် အလွန် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ၎င်းတို့က မျက်တောင် ခတ်ရုံမျှသာ ပြုလုပ်ခဲ့သော်လည်း ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ယောင်ရွှယ်ချန်းကို အလွန် လျင်မြန်စွာ အနိုင်ယူခဲ့သည်ဟု လူအများက ခံစားနေမိသည်။
"သူက ဘယ်သူလဲ၊ ဘယ်လုပ်ပြီး ဒီလောက် ကြောက်စရာကောင်းနေရတာလဲ"
"ချူးယွင်ဖန်းလား၊ သူက နတ်နဂါး အကြီးအကဲရဲ့ ဖိတ်စာကို လက်ခံရရှိခဲ့တဲ့ အသက်အငယ်ဆုံး တစ်ယောက် မဟုတ်လား"
“ဟုတ်တယ်၊ ဒါက သူပဲ။ သူ့အကြောင်းကို ကြားရတာထက် သူနဲ့တွေ့တာက ပိုတောင်ကောင်းနေသေးတယ်။ သူက ဒီလောက် အသက်ငယ်တာကို၊ မွေးဖွားခြင်းနယ်မြေအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာလား"
ဤလူများသည် ချူးယွင်ဖန်းအကြောင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်းဖြစ်သည်။ အဆုံးတွင် ပြည်ထောင်စုသည် အလွန်ကြီးမားသည့် နေရာတစ်ခုဖြစ်သည်။ သန်းပေါင်း မည်မျှသော လူများစွာက ရှိနေသည်ကို မည်သူက သိနိုင်မည်နည်း။ ပြည်ထောင်စု ဥက္ကဋ္ဌကဲ့သို့သော လူနည်းစုသာလျှင် ပြည်ထောင်စုတစ်ခုလုံးတွင် ကျော်ကြားနိုင်သူ ဖြစ်သည်။
အများစုသည် ပြည်ထောင်စုရှိ ဒုတိယဥက္ကဋ္ဌ၏ အမည်ကိုပင် မဖော်နိုင်ကြရာ ချူးယွင်ဖန်းကဲ့သို့ ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားတစ်ဦးဆိုလျှင် ပို၍ လူသိနည်းပေလိမ့်မည်။ ချူးယွင်ဖန်း၏ အကြောင်းနှင့်ပတ်သက်၍ လူများစုက ကြားဖူးထားသော်လည်း၊ သူ၏ တိုက်ခိုက်မှုကို မြင်ရရန်မဆိုနှင့် လူကိုယ်တိုင်ပင် တစ်ခါမှ မမြင်ဖူးကြပေ။
ဤအခိုက်အတန့်တွင်၊ နတ်နဂါး ဗီလာ၏ VIP အခန်းတွင် အသက်နှစ်ဆယ်ကျော်ခန့် အမျိုးသားတစ်ဦးက အရိုးဖြင့် ပြုလုပ်ထားသော တရုတ်ရိုးရာ လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"အမှိုက်သရိုက်" ထိုအမျိုးသားက မရပ်မနား ကျိန်ဆဲလိုက်သည်။
“ဒီလိုအသေးအမွှား ကိစ္စလေးကိုတောင် မကိုင်တွယ်နိုင်ဘူး။ ချူးယွင်ဖန်းကိုတောင် မတားနိုင်ဘူးလား"
ထိုလူငယ်၏ နံဘေးမှ သန်မာထွားကျိုင်းသောအဘိုးအိုတစ်ဦးက အရှေ့သို့ တိုးလာ၍ မေးလိုက်သည်။
“ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ၊ သခင်လေး"
“လူများများ ထပ်လွှတ်လိုက်။ ငါ အဲ့ဒီ့ဖိတ်စာကို လိုချင်တယ်” ထိုလူငယ်သည် အိတ်ကပ်ထဲမှ ဖိတ်စာငါးစောင်ကို ထုတ်ယူလိုက်ရာ၊ ၎င်းတို့သည် ကောင်ကင်ကျက်သရေဆောင်ဖိတ်စာများ ဖြစ်သည်။ ပြီးနောက် ထိုဖိတ်စာများကို မြေပြင်ပေါ်သို့ ချက်ချင်းပင် ပစ်ချလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါ ချူးယွင်ဖန်းဆီက ဖိတ်စာကတ်ကို ရမှဖြစ်မယ်။ မျိုးနွယ်စုထဲက အဖိုးကြီးတွေက သူ့ကို စိုးရိမ်နေကြတယ် မဟုတ်ဘူးလား။ ငါ ကျန်းပိုင်ရွှမ်က ကျန်းမိသားစုမှာ အထူးချွန်ဆုံးဖြစ်ပြီး မိသားစု ခေါင်းဆောင်ရာထူးအတွက် အရည်အချင်း အရှိဆုံးလူဆိုတာကို သူတို့ မြင်စေရမယ်။ ကျန်းလင်းရှောင်က သူ့ကိုယ်သူ ဘာထင်နေတာလဲ"
"အားလုံးအဆင်သင့်ဖြစ်ပြီလား၊ သူ ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားစေနဲ့" ကျန်းပိုင်ရွှမ်က လှောင်ရယ်၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ သခင်လေး။ ချူးယွင်ဖန်းမှာ အတောင်ပံတွေ ရှိနေရင်တောင်မှ ဒီနေရာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး” အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ။ ဟမ်၊ ငါ့ကို အပြစ်မတင်နဲ့၊ ချူးယွင်ဖန်း။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ကျန်းမိသားစုကို စော်ကားခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်။ အထူးချွန်ဆုံး ဆက်ခံသူက ငါဆိုတဲ့ ကျန်းပိုင်ရွှမ်ဆိုတာကို ဟိုအဖိုးကြီးတွေကို သက်သေပြနိုင်ဖို့အတွက် ငါ မင်းကို သင်ခန်းစာ ပေးရမယ်"