← Chapters

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆-၇၀၈)

Vol. 48 Ch. 706-708

အခန်း (၇၀၆) သီးသန့်ကျင့်ကြံမှု၊ မုန်တိုင်းထန်လာခြင်း

နတ်နဂါးဗီလာ၏ အနောက်ဘက်ရှိ လျှို့ဝှက်အခန်းတစ်ခု၏ ဖျာပေါ်၌ ချူးယွင်ဖန်းက တင်ပျဉ်ခွေလျက် ထိုင်နေသည်။ နတ်နဂါးတောင်တန်း၏ သီးသန့် ကျင့်ကြံခန်းကို တောင်အတွင်း၌ တည်ဆောက်ထားခြင်းဖြစ်၍ ဒုံးကျည်များဖြင့် အကြဲခံရလျှင်ပင် ထိခိုက်ရန် အလွန်ခက်ခဲမည်ဖြစ်သောကြောင့် လုံးလုံးလျားလျား လုံခြုံသည့်နေရာဟု ဆိုရမည်ဖြစ်သည်။

ချူးယွင်ဖန်း၏အရှေ့တွင် နံ့သာဖြူ သေတ္တာတစ်ခုရှိနေ၍ ၎င်းအထဲ၌ အတွင်းအူရှိနေသည်။ ၎င်းကို ဤအထူးပြုလုပ်ထားသော သေတ္တာအတွင်း၌ ထားရှိခြင်းဖြင့် အတွင်းအူထဲရှိ ဝိညာဉ်စွမ်းအင်များအားလုံးကို ထိန်းသိမ်းထားနိုင်၍ အရောင်အဝါ တစ်စွန်းတစ်စကိုမျှ စိမ့်ထွက်မသွားအောင် ပြုလုပ်နိုင်သည်။ သေတ္တာ၏နံဘေးတွင် အပြာရောင်ဖျော့ဖျော့ စမ်းရေတစ်ပုလင်းရှိနေကာ ဤပုလင်း၏ပတ်လည်တွင် ပြင်းထန်သော စွမ်းအင်အတက်အကျများ ရှိနေသည်။

ဤသည်မှာ နတ်နဂါးဗီလာ၏ အခြေခံအုတ်မြစ်ဖြစ်သည့် နတ်နဂါးစမ်းရေဖြစ်သည်။ ချူးယွင်ဖန်း စွယ်စုံကျမ်းမှ ရရှိထားသော အချက်အလက်အရ ဤစမ်းရေသည် နတ်နဂါးတောင်ပေါ်ရှိ စမ်းချောင်းများမှ စီးထွက်လာသော စမ်းရေဖြစ်သည်။ နှစ်စဉ်စီးထွက်မှု ရေပမာဏက မများပြားလှသဖြင့် နတ်နဂါးဗီလာတစ်ခုလုံးကို ဖြန့်ဝေရန်ပင် မလုံလောက်ပေ။ ပြင်ပလူများသည် ဆယ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် နတ်နဂါးအကြီးအကဲ၏ မွေးနေ့ပွဲအတွင်း၌သာ ၎င်းကို ရရှိရန် အခွင့်အရေး ရှိပေလိမ့်မည်။

ပြင်ပလောကတွင် နတ်နဂါး စမ်းရေနှင့် ပတ်သက်၍ အမျိုးမျိုးသော ထင်မြင်ချက်များ၊ ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းက ၎င်းကိုကြည့်လိုက်သောအခါ နတ်နဂါး စမ်းရေဟုခေါ်သော အရာသည် ဝိညာဉ်စွမ်းအင်များ အရည်ပျော်နေခြင်းဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက်သွားသည်။

ဝိညာဉ်စွမ်းအင်သည် သဘာဝတရားတွင် တည်ရှိ၍ အများအားဖြင့် ဓာတ်ငွေ့သဏ္ဌာန်မျိုးဖြစ်ကြသည်။ အရည်အဖြစ် ဖွဲ့စည်းသွားပုံအရ ၎င်းဝိညာဉ်စွမ်းအင်သည် အတိုင်းအတာတစ်ခုအထိ စုစည်းသွားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ဤကဲ့သို့သော ဝိညာဉ်စွမ်းအင်မျိုးသည် ဖွဲ့စည်းရန် အလွန်ခက်ခဲလှသည်။ ၎င်းသည် အလွန် ထူးခြားသည့် အခြေအနေများအောက်တွင်သာ သတ္တုကြောများအဖြစ် ပေါ်ပေါက်လာနိုင်သည်။ ဆိုလိုသည်မှာ ဤဝိညာဉ်စွမ်းအင်မျိုးကို ဖန်ဆင်းနိုင်ရန်အတွက် နတ်နဂါးတောင်တွင် အနည်းဆုံးလျှင် ဝိညာဉ်ကျောက်တုံး သတ္တုကြောကြီးတစ်ခု ရှိရမည်ဖြစ်သည်။

ဤသည်မှာ ချူးယွင်ဖန်းဘက်မှ ဝိညာဉ်စွမ်းအင် အရည်နှင့် ထိတွေ့ခွင့်ရသည့် ဒုတိယအကြိမ် ဖြစ်သည်။ သူသည် ၎င်းကို ယခင်က တောင်မြစ်ပန်းချီကား၏ နေရာလွတ်ထဲတွင် ကြုံတွေ့ခဲ့ဖူးသည်။ သို့သော်လည်း ၎င်းတောင်မြစ်ပန်းချီကားကို နှစ်ပေါင်းများစွာကြာ တီထွင်ခဲ့ပြီးချိန်မှ ဝိညာဉ်စွမ်းအင် အရည်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

နတ်နဂါးဗီလာသည် နှစ်များစွာ တစ်လျှောက် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာ၍ တိုးချဲ့လာနိုင်ခြင်းသည် အံ့သြဖွယ်မဟုတ်လှပေ။ ဤဝိညာဉ်ကျောက်တုံး သတ္တုကြောကြောင့်သာ ဖြစ်ပုံပေါ်သည်။ ပြင်ပလောကတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကိုပင် ယွမ်တစ်သိန်းကျော်ဖြင့် ရောင်းချနိုင်သည်။ ဝိညာဉ်ကျောက်တုံး သတ္တုကြော၏စျေးနှုန်းသည် တိုင်းတာ၍ပင် ရနိုင်မည် မဟုတ်ပေ။

သို့သော် ဤအရာအားလုံးကို နတ်နဂါးတောင်တန်းတွင် ယခင်အချိန်က နေထိုင်ခဲ့သော ဂိုဏ်းတစ်ခုက ချန်ထားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤနတ်နဂါး စမ်းရေပုလင်းသည် တောင်မြစ်ပန်းချီကားရှိ ဝိညာဉ်စွမ်းအင် အရည်ထက်ပင် ပိုမို သိပ်သည်းလွန်းရာ၊ ၎င်းအတွင်း၌ ပို၍ များပြားသော စွမ်းအင်များပါရှိနေသည်။

“ကွက်တိပဲ၊ မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့်ကို ဖြတ်ကျော်ဖို့ ဒီနတ်နဂါးစမ်းရေပုလင်းကို သုံးရမယ်။ ဒီလိုဆိုရင် ပဉ္စမအဆင့် မွေးဖွားခြင်းနယ်မြေ ကျွမ်းကျင်သူတွေတောင် ငါနဲ့ ယှဉ်တိုက်နိုင်မှာ မဟုတ်ဘူး” ချူးယွင်ဖန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ကျန်းလင်းရှောင်နှင့် တိုက်ပွဲ နီးကပ်လာသည်နှင့်အမျှ ချူးယွင်ဖန်း၏ ယုံကြည်မှုသည်လည်း အားကောင်းသည်ထက် အားကောင်းလာသည်။ ဤတစ်နှစ်အတွင်းတွင် ချူးယွင်ဖန်း များစွာပြောင်းလဲလာခဲ့သည်။ ပြီးနောက် သူသူက သစ်သားသေတ္တာကို တစ်ချက် ကြည့်လိုက်ပြန်သည်။ သေတ္တာ၏ အတွင်းတွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် မွန်းစတား၏ အတွင်းအူရှိနေသည်။ ဤအတွင်းအူသည်လည်း အချိန်ကိုက် ရောက်ရှိလာခြင်းဖြစ်ရာ၊ ၎င်းအတွင်းအူဖြင့် ယခု သူ့တွင် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်း အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်း တင်ပျဉ်ခွေထိုင်၍ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်အားလုံးကို စုစည်းခြင်းဖြင့် ကြီးမြတ်သော နတ်ဘုရားကျင့်စဉ်ကို အသက်သွင်းခဲ့သည်။

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းများ ချက်ချင်း ဝိုင်းဖွဲ့လာ၍ ချူးယွင်ဖန်းကို ဝန်းရံလိုက်ကြရာ၊ ၎င်းကို အဝေးမှ ကြည့်လျှင် လေဆင်နှာမောင်းငယ်တစ်ခုနှင့်ပင် ဆင်တူနေသည်။ ဆိုင်ကလုန်းမုန်တိုင်း စက်ဝိုင်းတစ်ခုပြီး တစ်ခုတို့သည် မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့်၏ အတားအဆီးကို တိုက်ခိုက်နေကြသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် မကြာသေးမီကမှ ပထမအဆင့်ကို ဖြတ်ကျော်ခဲ့ခြင်းဖြစ်သောကြောင့် အတားအဆီးက အလွန်တည်ငြိမ်ဆဲဖြစ်သည်။

ချူးယွင်ဖန်းက စမ်းရေပုလင်းကို မော့ချလိုက်သည်နှင့် ဝိညာဉ်စွမ်းအင် အရည်သည် ချက်ချင်းပင် ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွား၍ သူ၏ခန္ဓာကိုယ်အတွင်းတွင် ထကြွသောင်းကျန်းနေတော့သည်။ နတ်နဂါးဗီလာ၏ တပည့်များသာ ဤဖြစ်ရပ်ကို မြင်သွားကြလျှင် ၎င်းတို့အားလုံး အလွန်အမင်း ထိတ်လန့်သွားကြမည်မှာ သေချာသည်။ ၎င်းတို့သည် ဤစမ်းရေတစ်ပုလင်းကို ရရှိသည်အထိ ကံကောင်းခဲ့သော်ငြား ၎င်းကို ချူးယွင်ဖန်း မျိုချခဲ့သည့်အတိုင်း မျိုချဝံ့မည် မဟုတ်ပေ။

ယင်းအစား၊ ၎င်းတို့က နည်းနည်းချင်းစီသာ အသုံးပြု၍ ချေဖျက်နိုင်စွမ်းရှိသလောက်သာ စားသုံးကြမည်ဖြစ်သည်။ သို့မဟုတ်ပါက၊ ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒျန်များက ဝိညာဉ်စွမ်းအင်၏ ကြီးမားသော ဖိအားအောက်တွင် ပေါက်ကွဲသွားမည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းအတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် မွေးဖွားခြင်းနယ်မြေ၏ ပထမအဆင့်သို့ မကြာသေးမီကမှ ဖြတ်ကျော်ခဲ့ကြောင့် ဒုတိယအဆင့်၏ အတားအဆီးသည် အလွန် ခိုင်မာနေသည်။ ထို့အတွက်ကြောင့် အတားအဆီးကို ဖြတ်ကျော်ရန်အတွက် ဤဝိညာဉ်စွမ်းအင် အရည်၏ ဝိညာဉ်စွမ်းအင်ကို ငှားယူခဲ့ရခြင်းဖြစ်သည်။ သူသည် ထို့ကြောင့်သာ ၎င်းကို အားလုံး စားသုံးရန် လိုအပ်နေခြင်းဖြစ်သည်။

များမကြာမီတွင် ဤကြီးမားသော စွမ်းအင်ပမာဏသည် သူ၏ခြေများ လက်များနှင့် အရိုးများဆီသို့ ပျံ့နှံ့သွားလေသည်။ ၎င်း၏တစ်စိတ်တစ်ပိုင်းကို သူ၏ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်က ခန္ဓာကိုယ်ကို အာဟာရပြုရန်အတွက် ဝါးမြိုခဲ့၍ ကျန်တစ်ပိုင်းသည် ဒုတိယအဆင့် အတားအဆီးကို တိုက်ခိုက်သည့် ကြောက်မက်ဖွယ်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

ရက်များစွာ ကုန်ဆုံးသွားခဲ့ရာ၊ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့်သို့ ဖြတ်ကျော်ရန်အတွက် အကောင်းဆုံးကြိုးစားနေသည်။ ပြင်ပကမ္ဘာတွင်မူ နတ်နဂါးအကြီးအကဲ၏ မွေးနေ့ပွဲနှင့်ပတ်သက်သည့် မုန်တိုင်းများက ယခုအချိန်မှသာ စတင်နေခြင်းဖြစ်သည်။

အကြီးအကဲထံ ချူးယွင်ဖန်း ပေးအပ်ခဲ့သော အသက်နှစ်ဆယ်အထိ သက်တမ်းတိုးပေးနိုင်သည့် အသက်ရှည်ဆေးသည် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းရရှိစေခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သိနိုင်စွမ်းရှိသော အထက်တန်းလွှာ အသိုင်းအဝိုင်းရှိ ပုဂ္ဂိုလ်များသည် ချက်ချင်းဆိုသလိုပင် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ လူတစ်ဦး၏အသက်ကို အနှစ်နှစ်ဆယ်အထိ သက်တမ်းတိုးနိုင်သည့် အသက်ရှည်ဆေးသည် ပြည်ထောင်စုအတွက် များစွာအသုံးမဝင်လှသော်လည်း ၎င်းသည် အချို့သောလူများအတွက် အသက်ကယ်ဆေးနှင့်ပင် ညီမျှနေသည်။

ချူးယွင်ဖန်းက ဤသို့သော ဆေးမျိုးကို မည်သို့ရရှိခဲ့ခြင်းဟူသော ဆွေးနွေးမှုများက ရပ်တန့်သွားခြင်း မရှိပေ။ ဤကိစ္စနှင့် ပတ်သက်၍ အာရုံစိုက်နေသူများက အလွန်များပြားလှသည်။ ချူးယွင်ဖန်း၏ အမျိုးမျိုးသော အတိတ်အတွေ့အကြုံများကို ဖော်ထုတ်နိုင်ခဲ့သော်လည်း သဲလွန်စတစ်စုံတရာမျှ မရရှိခဲ့ပေ။ အဆုံးတွင်၊ ၎င်းတို့အားလုံးက ချူးယွင်ဖန်း၏ဘဝနေ့ရက်တိုင်းကို အာရုံစိုက်ရန် မဖြစ်ကြနိုင်ပေ။

သို့သော် ချူးယွင်ဖန်းနှင့်ပတ်သက်သော အချက်အလက်မျိုးစုံကို တူးဖော်ပြီးနောက်၊ ချူးယွင်ဖန်း၏ ကျင့်ကြံမှုများက လွန်ခဲ့သော နှစ်နှစ်အတွင်း ခုန်ပျံကျော်လွှား၍ တိုးတက်လာခြင်းကို လူအများက တွေ့ရှိခဲ့ကြသည်။ သူသည် လူသူမသိသော သာမန်တစ်ဦးအဖြစ်မှ ပြည်ထောင်စုတက္ကသိုလ်တစ်ခွင် ထွန်းလင်းတောက်ပနေသည့် ထိပ်တန်း ပါရမီရှင်တစ်ဦးအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

ဤဖြစ်စဉ်သည် လူအများအပြား၏ နားလည်မှုကို လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားစေသည်။ ၎င်းတို့အားလုံး၏ အသိတွင် ချူးယွင်ဖန်းက ငယ်ရွယ်စဉ်ကတည်းက ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ထားသောကြောင့် သူ၏တိုးတက်မှုနှုန်းက သဘာဝဖြစ်စဉ်သာဖြစ်သည်။

ယခုကဲ့သို့ ၎င်းတို့၏မျက်စိရှေ့တွင် သတင်းအချက်အလက်ပေါင်းများစွာ ပေါ်ပေါက်လာမှသာ ယခင်က ၎င်းတို့တွေးထားသည်နှင့် လုံးလုံးလျားလျား မတူညီကြောင်း သိလိုက်ရသည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပေါ်ပေါက်လာ၍ သူ၏ မူလက အားနည်းသော အခြေခံအုတ်မြစ်ဖြင့် နှစ်နှစ်အတွင်း သူ၏ သက်တူရွယ်တူများအားလုံးကို ကျော်တက်သွားခဲ့သည်။ သူ့ထက် နှစ်အနည်းငယ်မျှ အသက်ကြီးသူများအနက်ပင် သူနှင့်ယှဉ်ပြိုင်နိုင်သူကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

လူတိုင်း၏စိတ်ထဲတွင် “ကံကြမ္မာကောင်းနဲ့ကြုံခဲ့တာ” ဟူသော စကားတစ်ခွန်းသာ ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်းသည် သာမန်အဆင့် ကျောင်းသားတစ်ဦးအဖြစ်မှ လူတိုင်း၏ အာရုံစိုက်မှုကိုခံရသော ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် ရုတ်တရက် ခုန်ပျံကျော်လွှားနိုင်ခြင်းသည် ကံကြမ္မာကောင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။

ချူးယွင်ဖန်းက မည်သို့သော ကံကြမ္မာမျိုးနှင့် ကြုံတွေ့ခဲ့ခြင်းကြောင့် ထိုကဲ့သို့ လျင်မြန်စွာ ပြောင်းလဲသွားရခြင်း ဖြစ်ကြောင်းကိုတော့ မည်သူမျှ မသိနိုင်ကြပေ။ ထိုကဲ့သို့သော အာရုံစူးစိုက်မှုများ ပြည့်နှက်နေခြင်းဖြင့် ကနဦးတွင် လူများစွာက မေ့လျော့သွားသော ကိစ္စတစ်ခုက လူတိုင်း၏အာရုံထဲသို့ တစ်ဖန် ဝင်ရောက်လာပြန်သည်။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့၏ မရဏတိုက်ပွဲသည် မကြာမီမှာ ဖြစ်ပွားတော့မည် ဖြစ်သည်။

အခန်း (၇၀၇) မွေးဖွာခြင်းနယ်မြေ ဒုတိယအဆင့် အထွတ်အထိပ်၊ ကြွယ်ဝသော ရိတ်သိမ်းမှု

၎င်းသည် ကနဦးတွင် ဂျူနီယာ နှစ်ဦးကြားက မရဏတိုက်ပွဲမျှသာ ဖြစ်သောကြောင့် ဤမျှအာရုံစိုက်မှုမျိုး ရရှိရန် မဖြစ်နိုင်သည့်အပြင် ၎င်းကိစ္စကို လူအများစုကပင် မကြားဖူးကြပေ။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့၏ အဆင့်အတန်း ကွာခြားချက်သည် အလွန်ကြီးမားလှသည်။ ချူးယွင်ဖန်းသည် ချူးမိသားစု၏ ဝမ်းကွဲမျိုးဆက်မျှသာဖြစ်၍ ကျန်းလင်းရှောင်က ကျန်းမိသားစုမှ နောင်လာမည့် မျိုးဆက်ခေါင်းဆောင်ဖြစ်သည်။

နှစ်ဦးနှစ်ဖက်အကြားက အင်အား ခြားနားချက် မဆိုနှင့် ၎င်းတို့နှစ်ဦးကြားက အဆင့်အတန်း ကွာခြားချက်က အလွန်ကြီးမားလှသည်။ ကျန်းလင်းရှောင်သည် ယမန်နှစ်တွင် ပြည်ထောင်စုတက္ကသိုလ်၏ နံပါတ်တစ်ကျောင်းသားဖြစ်လာချိန်တွင် ချူးယွင်ဖန်းကမူ ထိုအချိန်က ပြည်ထောင်စုတက္ကသိုလ်ရှိ မရေတွက်နိုင်သော ကျောင်းသားသစ်များထဲမှ တစ်ဦးဖြစ်သည်။

ထိုအချိန်က ပြည်ထောင်စုတက္ကသိုလ်ရှိ ကျောင်းသားအများစုက ဤစိန်ခေါ်မှုအကြောင်း သိလိုက်ရသောအခါ နောက်ပြောင်လိမ်ညာသော သတင်းတစ်ခုဟုသာ ယူဆခဲ့ကြသည်။ ချူးယွင်ဖန်းသည် ထိုသို့သော စိန်ခေါ်မှုကို သတ္တိရှိရှိ ပြုလုပ်ဝံ့လျှင်ပင် အဆုံးတွင် တစ်ကြိမ်တည်းဖြင့် အသတ်ခံရမည်မှာ သေချာသည်။ သို့သော် တစ်နှစ်အကြာတွင်၊ ချူးယွင်ဖန်း၏ ခွန်အားသည် ကမ္ဘာကြီး၏အမြင်ကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့သည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ နံပါတ်နှစ်ကျွမ်းကျင်သူ ချီရှောက်ဟွားကို ချက်ချင်းဖြစ်လုနီးပါး အနိုင်ယူခဲ့သည်။

ဖုန်းရှန်ယွမ်ဆိုလျှင် ပြည်ထောင်စုတက္ကသိုလ်ထံမှ တာအိုညီလာခံ ကျင်းပခွင့်ကို လုယူခဲ့သည့်အတွက်၊ ကျန်းလင်းရှောင်ထက်မနည်း အရည်အချင်းရှိသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံထားရသည်။ ယခုတွင်၊ သူသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ ဤသို့သော ဖြစ်စဉ်က ကမ္ဘာကြီးကို မည်သိုမျှ မတုန်လှုပ်စေမည်နည်း။

ဤတိုက်ပွဲသည် လူများစွာဘက်မှ ကနဦး မှန်းဆထားသည်ထက် ယခုအချိန် ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပြီဖြစ်သည်။ ဤသည်မှာ တစ်နှစ်တာ၏ အပြင်းထန်ဆုံးသော တိုက်ပွဲဖြစ်သည်။ မည်သူက အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ၎င်းတို့နှစ်ဦးသည် ယခုနှစ်များအတွင်း ပြည်ထောင်စု၏ ထိပ်တန်းအဆင့်များဖြစ်ကြသည်ကို ငြင်းဆန်နိုင်ကြမည် မဟုတ်ပေ။ ရှင်သန်ကျန်ရစ်သူသည် အနာဂတ်တွင် ပြည်ထောင်စု၏ အရေးပါသော ပုဂ္ဂိုလ်မျိုး ဖြစ်လာမည်မှာ သေချာသည်။

ကျန်းမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်သည် ကျန်းလင်းရှောင်က နတ်အဆင့်သို့ အဆင့်ဖြတ်ကျော်နိုင်သူဟုပင် အတည်ပြုခဲ့သည်။ ထိုအချိန်ရောက်လာလျှင် ကျန်းလင်းရှောင်သည် ပို၍ပင် လင်းလက်တောက်ပနေမည်ဖြစ်သည်။ ဤအရာအားလုံးသည် ဤတိုက်ပွဲအတွက် လူများစွာ၏ စူးစမ်းလိုစိတ်ကို တိုးမြင့်လာမည်မှာ သေချာသည်။

ထိုအခိုက်အတန့်တွင် ကျန်းမိသားစုမှ ဖိတ်စာတစ်ခုသည် တိတ်ဆိတ်မှုကို ဖြိုခွင်းသွားလေသည်။ ကျန်းမိသားစု၏ လူငယ်ခေါင်းဆောင် ကျန်းလင်းရှောင်သည် မြင့်မြတ်သော မိသားစုကြီးရှစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တန်မိသားစုရှိ မျိုးနွယ်စုခေါင်းဆောင်၏ သမီးဖြစ်သူ တန်စီယုနှင့် စေ့စပ်ကြောင်းလမ်းတော့မည်ဖြစ်သည်။

ဤသတင်းထွက်လာသည်နှင့် ပြည်ထောင်စုတစ်ခွင်က လူများအားလုံး အံ့သြသွားကြသည်။ ၎င်းသည် နတ်နဂါးအကြီးအကဲ၏ မွေးနေ့ပွဲ ဂုဏ်သတင်းကိုပင် ချက်ချင်း မှေးမှိန်သွားစေသည်။ အဆုံးတွင် မွေးနေ့ပွဲသည် မည်မျှပင် အံ့သြဖွယ်ကောင်းစေကာမူ နတ်နဂါးအကြီးအကဲ၏ ကံကြမ္မာကိုသာ ပြောင်းလဲစေခဲ့သည်။

ကျန်းမိသားစုနှင့် တန်မိသားစုတို့သည် လက်ထပ်ပွဲမှ တစ်ဆင့် မဟာမိတ်ဖွဲ့တော့မည်ဖြစ်သည်။ ထို့အပြင် နှစ်ဦးနှစ်ဖက်လုံးသည် အလွန်အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ တစ်ဦးက ကျန်းမိသားစု၏ လူငယ်ခေါင်းဆောင်ဖြစ်၍ ကျန်တစ်ဦးက တန်မိသားစုရှိ မိသားစုခေါင်းဆောင်၏ သမီးဖြစ်သည်။

၎င်းသည် ပုံမှန်မဟုတ်သည့် အိမ်ထောင်ရေး မဟာမိတ်မျိုးဖြစ်ကြောင်း သိသာထင်ရှားသောကြောင့် လူအများစူက ထူးဆန်းမှုကို ခံစားမိကြသည်။ လွန်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း၌ ကျန်းမိသားစုနှင့် တန်တို့က ပိုမို၍ ပူးပေါင်းဆောင်ရွက်လာခဲ့ကြသည်။ ယင်းဖြစ်စဉ်သည် လူများစွာကို သတိကြီးစွာ အာရုံစိုက်စေခဲ့သည်။ ကျန်းမိသားစုသော်လည်းကောင်း တန်မိသားစုသော်လည်းကောင်း၊ ၎င်းတို့နှစ်ဦးစလုံးသည် ပြည်ထောင်စုကို လှုပ်ခတ်သွားစေနိုင်သည့် အင်အားစုများဖြစ်သည်။

ယခု ဤမိသားစုနှစ်စုက အိမ်ထောင်ရေးမှတစ်ဆင့် မဟာမိတ်ဖွဲ့တော့မည်ဖြစ်သည်။ ဤသည်မှာ အခြားအုပ်စုကြီးများအတွက် သတင်းကောင်းမဟုတ်သည်မှာ သေချာသည်။ အမှန်တကယ်ပင်၊ ပြည်ထောင်စုအစိုးရလျှင်ပင် ၎င်းတို့ကို သတိကြီးစွာ စောင့်ကြည့်နေရသည်။

အကယ်၍ မိသားစုနှစ်စု ပေါင်းစည်းခဲ့ကြလျှင် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် စွမ်းအင်သည် ပြည်ထောင်စုကိုပင် ဦးညွှတ်ရစေမည့်အရာမျိုး ဖြစ်လာလိမ့်မည်။ ဤကဲ့သို့ ရုတ်တရက် မဟာမိတ်ဖွဲ့စည်းမှုသည် လူများစွာကို အငိုက်မိသွားစေသည်။ ဤသတင်းထွက်လာသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုအတွင်း၌ အကျော်ကြားဆုံးသော အကြောင်းအရာတစ်ခု ဖြစ်လာ၍ အခြားသတင်းအားလုံးကို ချက်ချင်း ဖုံးဖိသွားစေသည်။

အခြားအင်အားစုများစွာတို့သည် ဤအင်အားစုကြီး နှစ်ခုကြားက မဟာမိတ်ဖွဲ့စည်းမှုကို စိတ်မသက်မသာဖြစ်စွာဖြင့် ကြည့်နေကြသည်။ ပြည်ထောင်စုသည် အင်အားစုကြီးများ၏ မဟာမိတ်ခေတ်သို့ ဝင်ရောက်လုနီးပါး ဖြစ်လေခြင်းဖြစ်သလော။ သို့မဟုတ်လျှင် တသီးတခြား ရပ်တည်လာကြသော မျိုးဆက်ပေါင်း ဆယ်ဆက်သော အင်အားစုများက အပြောင်းအလဲဖြစ်ပွားခါနီးမျိုး ဖြစ်လေသလော။

မည်သို့ဆိုစေကာမူ ဤစေ့စပ်ကြောင်းလမ်းမှုသည် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်စေခဲ့သည်။ ကျန်းမိသားစုနှင့် တန်မိသားစုများသည် အချိန်အတိုင်းအတာတစ်ခုအထိ မုန်တိုင်းဗဟိုချက်သို့ တွန်းပို့ခံခဲ့ရကာ လူအများ ဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ၎င်းမုန်တိုင်းများကြားတွင် အချိန်များက တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားလေသည်။

တစ်လကျော် ကြာမြင့်ပြီးနောက်၊ ချူးယွင်ဖန်းက အဆုံးတွင် သူ၏သီးသန့်ကျင့်ကြံမှုကို အဆုံးသတ်ခဲ့သည်။ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ချိန်တွင် သူ၏ပတ်ဝန်းကျင်ရှိ လေထု စီးကြောင်းများ ပျောက်ကွယ်သွား၍ ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ချူးယွင်ဖန်း၏ ချီစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် နောက်ထပ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

ဤတစ်လတွင် ချူးယွင်ဖန်းက မြောက်များစွာသော အကျိုးအမြတ်များကို ရရှိခဲ့သည်။ သူ၏ ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေ ပထမအဆင့်မှ ဒုတိယအဆင့်သို့ တိုးတက်လာသည့်အပြင် သူ၏ကျင့်ကြံမှုကို ဒုတိယအဆင့်၏ အထွတ်အထိပ်သို့လည်း အောင်မြင်စွာ တွန်းပို့နိုင်ခဲ့သည်။

'ငါ့မှာ အချိန် သိပ်မလုံလောက်တော့တာက နှမြောစရာပဲ။ မဟုတ်ရင် ငါ တတိယအဆင့်ကိုတောင် ရောက်နိုင်လောက်တယ်' ချူးယွင်ဖန်းက ခေါင်းခါလျက် တွေးလိုက်သည်။

ချူးယွင်ဖန်းတွင် အချိန်အလုံအလောက်မရှိခြင်းက နှမြောစရာကောင်းလှသည်။ ထိုဝိညာဉ်စွမ်းအင် အရည်သည် နတ်နဂါးဗီလာ၏ လျှို့ဝှက်ရတနာအဖြစ် ခေါ်ထိုက်သောအရာ ဖြစ်သည်။ ၎င်း၏အကျိုးသက်ရောက်မှုများသည် ထူးခြားပြောင်မြောက်လွန်းလှသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့် အထွတ်အထိပ်သို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့သည်။ သို့သော်၊ လုံးလုံးလျားလျား မစုပ်ယူရသေးသည့် ဝိညာဉ်စွမ်းအင် အရည်၏ သုံးပုံတစ်ပုံခန့်က သူ၏ခြေလက်များနှင့် အရိုးများတွင် ရှိနေသေးသည်။

သို့သော်ငြားလည်း ချူးယွင်ဖန်းသည် သူ၏ ခွန်အားများ ယခင်ကထက်များစွာ သန်မာလာကြောင်း ခံစားရနိုင်သည်။ ယခုအချိန် ချူးယွင်ဖန်းက ဖုန်းရှန်ယွမ်နှင့်တွေ့လျှင် ၎င်း၏ အတွင်းချပ်ဝတ်တန်ဆာကို လက်သီးချက် အနည်းငယ်ဖြင့်ပင် ထိုးဖောက်နိုင်မည်ဖြစ်သည်။

ဤအချိန်ကာလအတွင်း ချူးယွင်ဖန်း၏ ကျင့်ကြံမှုများက ခုန်ပျံကျော်လွှား၍ တိုးတက်လာရုံသာမက ဤရှားပါးသော အချိန်အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အခြားသော အကြွင်းမဲ့ သိုင်းပညာကိုလည်း ကျွမ်းကျင်တတ်မြောက်ခဲ့သည်။

၎င်းသည် နတ်ဘုရားကျင့်စဉ် တိုက်ပွဲစာအုပ်တွင် ပါဝင်သည့် အလွန်အင်အားကြီးသည့် လက်သီးသိုင်းပညာတစ်ခု ဖြစ်သည်။ ၎င်းသည် အံ့ဖွယ်လက်သီးရှစ်ချက်ဟုခေါ်၍ ၎င်းအင်အားကြီး သိုင်းပညာသည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်နှင့် ပေါင်းစပ်လိုက်သောအခါ အမှန်တကယ် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

သို့သော် ဤသိုင်းပညာ၏ လိုအပ်ချက်များသည် ချူးယွင်ဖန်းအတွက် မြင့်မားလွန်းလှသည်။ သူသည် ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို အသားအဆင့်သို့သာ ကျင့်ကြံထားသောကြောင့် ဤလက်သီး သိုင်းပညာကို ပေါ့ပေါ့ဆဆ မသုံးဝံ့ပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက အံ့ဖွယ်လက်သီးရှစ်ချက်ထဲမှ တစ်ခုဖြစ်သော အသူရကာယ်အပိုင်းကို ကျင့်ကြံနိုင်ခဲ့သည်။ ဤသို့ဆိုလျှင်ပင် ၎င်းက ရှားရှားပါးပါး တွေ့ရခဲသည့် အံ့ဩဖွယ် သိုင်းပညာမျိုးဖြစ်သည်။

ချူးယွင်ဖန်းသည် ဤသိုင်းပညာကို အသုံးမပြုသေးသော်လည်း၊ ဆေးဧကရာဇ်၏မှတ်ဉာဏ်များတွင် ဤအံ့ဖွယ်လက်သီးရှစ်ချက်ကို အသုံးပြုခဲ့သည့် ယခင်က ကျွမ်းကျင်ပညာရှင်များကို မြင်တွေ့ခဲ့ရသည်။ ၎င်းသည် ကြယ်များကိုပင် ချိုးဖျက်နိုင်သော သိုင်းပညာတစ်ခုဖြစ်ရာ၊ ၎င်း၏ စွမ်းအင်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလှသည်။

ချူးယွင်ဖန်းသည် ဤသိုင်းပညာ၏ အခြေခံဖြင့် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့် ကျွမ်းကျင်သူလျှင် မိမိနှင့် လုံးလုံးလျားလျား ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်းကို ယုံကြည်မှု အပြည့်အဝ ရှိနေသည်။ ချူးယွင်ဖန်းသည် အံ့ဖွယ်လက်သီးရှစ်ချက်ကို ကျင့်ကြံခြင်းအပြင် ဤတစ်လအတွင်း အတွင်းအူကို အသုံးပြုခြင်းဖြင့် Celestial Demonic Disintegration Pill ဟုခေါ်သော ဆေးလုံးကိုလည်း ပြုလုပ်ခဲ့သည်။

၎င်းသည် Grand Celestial Demonic Disintegration Art ဟုခေါ်သော ဒဏ္ဍာရီလာ နတ်ဆိုးသိုင်းပညာကို အတုယူခြင်းဖြင့် ဖန်တီးထားသည့် ဆေးလုံးဖြစ်သည်။ ကျင့်ကြံမှုအခြေခံသည် ၎င်းကိုစားသုံးပြီးပါက သုံးရက်အတွင်း အလွန် တိုးတက်လာမည်ဖြစ်သော်လည်း သုံးရက်ကြာမြင့်ပြီးသည်နှင့် သောက်သုံးသူက သေဆုံးရမည်မှာ သေချာသည်။

ဆေးအာနိသင်သည် ဆေးဧကရာဇ်၏ အကြိမ်ပေါင်းများစွာ ပြုပြင်မှုကြောင့် ကနဦးကဲ့သို့ ပြင်းထန်မှုမရှိတော့သော်လည်း သောက်သုံးပြီးသည်နှင့် သေဆုံးနိုင်ခြေက အလွန်မြင့်မားဆဲဖြစ်သည်။ ဤသည်မှာ ချူးယွင်ဖန်းအတွက် ဝှက်ဖဲတစ်ခုဖြစ်သည်။ ၎င်းကို အသုံးပြုရန် မလိုအပ်လျှင် အကောင်းဆုံးဖြစ်သော်လည်း အသုံးပြုမိသည်နှင့် သူသည် ခက်ထန်သော အကျပ်အတည်းတစ်ခုထဲသို့ ကျိန်းသေပေါက် ကျရောက်သွားမည် ဖြစ်သည်။

"ကျန်းလင်းရှောင်နဲ့ သွားတွေ့ဖို့ အချိန်တန်ပြီ"

အခန်း (၇၀၈) အန္တရာယ် ဘာသာပြန်သူ၏ ရုတ်တရက် အသွင်အပြင်

သီးသန့်ကျင့်ကြံအခန်းမှ ထွက်သွားပြီးနောက် ချူးယွင်ဖန်းသည် ထိုနေရာတွင် စောင့်ကြပ်နေသော နတ်နဂါးဗီလာ၏ တပည့်များကို ရှာဖွေခဲ့သည်။ တစ်ချို့တစ်လေ မေးမြန်းပြီးနောက်၊ မိမိကလွဲလျှင် ဖုန်းရှန်ယွမ်နှင့် ကျန်းပိုင်ရွှမ်တို့သည် ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းတို့သည် ဤနေရာတွင် လေ့ကျင့်ရန်အတွက် မတည်းခိုခဲ့ဘဲ သီးသန်ကျင့်ကြံရန်အတွက် ၎င်းတို့၏နေအိမ်များသို့ ပြန်သွားရန်သာ ရွေးချယ်ခဲ့ကြသည်။ ချူးယွင်ဖန်းတစ်ဦးတည်းသာ ဤနေရာတွင် တည်းခိုခဲ့ခြင်း ဖြစ်သည်။

တပည့်များသည် ချူးယွင်ဖန်းကို စူးစမ်းလိုစိတ်များ သဘောကျမှုများ ပြည့်နှက်စွာဖြင့် ကြည့်ကြသည်။ ၎င်းတို့အားလုံးသည် နတ်နဂါးတောင်တန်းမှ မထွက်ခွာဖူးသော်လည်း ပြည်ထောင်စုတက္ကသိုလ်က မည်သို့သောနေရာမျိုးဖြစ်သည်ကို ၎င်းတို့သိထားကြသည်။

ပြည်ထောင်စုတက္ကသိုလ်ရှိ သာမန်အဖြစ်ဆုံး ကျောင်းသားများလျှင်ပင် နတ်နဂါးဗီလာအတွင်း၌ အထူးချွန်ဆုံးတပည့်များ ဖြစ်ပေလိမ့်မည်။ မှန်ကန်စွာပြောရမည်ဆိုချှင် နတ်နဂါးဗီလာရှိ ထူးခြားသောတပည့်များစွာသည် တစ်ချိန်က ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများဖြစ်ကြသည်။

ပြည်ထောင်စုတက္ကသိုလ်သည် သင်ကြားရေးတွင် ခွဲခြားဆက်ဆံခြင်း မပြုခဲ့ရာ၊ ကြားနေအင်အားစုဖြစ်သည့် နတ်နဂါးဗီလာ၏ ကျောင်းသားများကို လက်ခံရန် ဆန္ဒရှိခဲ့သည်။ အဆုံးတွင် တက္ကသိုလ်တစ်ခုသည် ဂိုဏ်းတစ်ခုနှင့် မတူညီဘဲ တစ်သက်တာနည်းစနစ်မျိုး မရှိခဲ့ပေ။ ကျောင်းသားများသည် လေးနှစ်တာ သင်ကြားမှုပြီးဆုံးသွားသည်နှင့် ထွက်သွားနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်၊ ချူးယွင်ဖန်းသည် လက်ရှိ ပြည်ထောင်စုတက္ကသိုလ်တွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အပြင် သူသည် အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်သည် အနာဂတ်တွင် ပြည်ထောင်စု၏ အကောင်းဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။ သူသည် အနာဂတ်တွင် ၎င်းတို့၏ခေါင်းဆောင်ကဲ့သို့ အလွန့်အလွန် အင်အားကြီးမားသူ ပုဂ္ဂိုလ်တသ်ဦးပင် ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ထိုကဲ့သို့သော လူမျိုးအပေါ် အလွန်လေးစားမှု ရှိနေကြသည်။

ချူးယွင်ဖန်းသည် လင်းရှောင်ယွီထံသို့ သူ ထွက်သွားတော့မည်ဖြစ်ကြောင်း စာတို ပေးပို့ပြီးသည်နှင့် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။ ကျန်းလင်းရှောင်နှင့် တန်စီယုတို့၏ စေ့စပ်ပွဲသည် အလွန်နီးကပ်နေပြီဖြစ်သောကြောင့် သူ့တွင် အချိန်သိပ်မကျန်တော့ပေ။ သို့သော် နတ်နဂါးဗီလာမှ ထွက်လာသည့်အချိန်မှစ၍ တစ်စုံတစ်ယောက်က မိမိကို ပစ်မှတ်ထားနေကြောင်းကို ချူးယွင်ဖန်းက မသိခဲ့ပေ။

"ဟုတ်တယ် သူပဲ" ဂြိုလ်တုမှ ထုတ်လွှင့်လာသော ပုံရိပ်ကို သန်မာ ထွားကျိုင်းသော အဘိုးအိုတစ်ဦးက စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းသည် ပုံထဲတွင် နတ်နဂါးဗီလာမှ ထွက်ခွာခါစဖြစ်သည်။

ချူးယွင်ဖန်းသာ ဤနေရာတွင် ရှိနေခဲ့လျှင် ဤသန်မာ ထွားကျိုင်းသော အဘိုးအိုသည် ကျန်းပိုင်ရွှမ်၏ လက်ပါးစေသူမှလွဲ၍ အခြားလူ မဟုတ်ကြောင်းကို သူ သတိပြုမိသွားပေလိမ့်မည်။ ထိုလူ၏ နောက်ကွယ်တွင် ဒါဇင်ဝက်ခန့်သော ကျွမ်းကျင်သူများက အလားတူ ပြင်းထန်သောအရောင်အဝါများဖြင့် ရှိနေသည်။ ထိုပညာရှင်များအနက် မည်သူ တစ်ဦးတစ်ယောက်မျှ ရိုးရှင်းသူများ မဟုတ်ကြပေ။ ၎င်းတို့အားလုံးသည် ရက်စက်ကြမ်းကြုတ်သော သားရဲများကဲ့သို့ပင် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ပြင်းထန်သည့် ခွန်အားများ ရှိနေသည်။

“လှုပ်ရှားဖို့ အချိန်တန်ပြီ။ ထင်ထားတဲ့အတိုင်း ဒင်းက ကျန်းမိသားစုရဲ့ ပိုင်နက်ဆီကို ဦးတည်နေတယ်။ ဒင်းက ဂျူနီယာခေါင်းဆောင်ရဲ့ စေ့စပ်ပွဲ အခမ်းအနားကို နှောက်ယှက်တော့မယ်။ အဲ့ဒီ့နေ့က ကျုပ်တို့မိသားစုအတွက် အထွတ်အထိပ်ကို တက်လှမ်းတဲ့နေ့တစ်နေ့ပဲ အသေးအမွှား အနှောက်အယှက်မျိုးဆိုရင်တောင်မှ သူ့ကို လွှတ်ပေးထားလိုက်ရင် မိသားစုတစ်ခုလုံး အရှက်ကွဲရလိမ့်မယ်” ထွားကျိုင်းသော အဘိုးအိုက ပေါ့လျော့စွာ ပြောလိုက်သော်လည်း သူ၏စကားများတွင် သတ်ပစ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"နှမြောစရာပဲ။ သူကလည်း ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ပဲလေ။ ငါတို့တွေ သူ့ကို ကိုယ်တိုင်တစ်ယောက်တည်း တိုက်ခိုက်ပြီး ခေါင်းမဖြတ်နိုင်တာက နှမြောစရာပဲ” ကျန်းမိသားစု၏ ကျွမ်းကျင်သူတစ်ဦးက သက်ပြင်းချပြီးနောက် ထွားကျိုင်းသော အဘိုးအို၏ အနောက်မှ ပြောလာသည်။

"သူ့ခေါင်းကို ဖြတ်ပစ်မယ်တဲ့လား။ မင်းတို့က သူ့ကို လျှော့တွက်နေကြတာပဲ။ အရင်က သူ့ကို ချောင်ခိုတိုက်ခိုက်ဖို့အတွက်ဆိုပြီး မိသားစုက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေ မလွှတ်ဖူးတာ မဟုတ်ဘူး။ အဆင့်မြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတောင် သူ့လက်ချက်နဲ့ သေသွားရတာ။ ဒီလူငယ်က သန်မာတဲ့လူမို့လို့ သူ့ကိုသတ်ဖို့က မလွယ်ကူဘူး။ ဒါအပြင်၊ သူ့မှာ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားလည်း ရှိနေတယ်။ ဒီလူငယ် အဲ့ဒီ့ပန်းချီကားနဲ့ ကျွမ်းကျင်သူအများကြီးကို သတ်ဖြတ်ခဲ့တာ။ ဘာမှမတွေးတောဘဲ သွားတိုက်ခိုက်မယ်ဆိုရင် ဆုံးရှုံးမှုကြီးနဲ့ ကြုံရလိမ့်မယ်” ထွားကျိုင်းသော အဘိုးအိုက လှောင်ရယ်လိုက်သည်။

ကျန်းမိသားစုဝင်များသည် ချူးယွင်ဖန်းနှင့် ပတ်သက်၍ လျှော့မတွက်ရဲတော့ပေ။ ချူးယွင်ဖန်း၏လက်ချက်ဖြင့် ဆုံးရှုံးသွားသော ကျန်းမိသားစု၏ ကျွမ်းကျင်သူအရေအတွက်သည် ၎င်းတို့၏နှလုံးသားကို နာကျင်စေသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျန်းမိသားစုသည် ချမ်းသာကြွယ်ဝ၍ စွမ်းအားကြီးမားကြကာ ၎င်းတို့၏ ခွန်အားသည်လည်း နက်နဲလှသည်။ သို့သော်လည်း မိမိတို့၏ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ တစ်ဦးပြီး တစ်ဦးသေဆုံးခြင်းနှင့် ပတ်သက်၍ ၎င်းတို့သည်းမခံနိုင်ကြပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးကို ပြုစုပျိုးထောင်ခြင်းသည် လွယ်ကူသော လုပ်ငန်းတာဝန်မျိုး မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ရန် လိုအပ်သော အရင်းအမြစ်ပမာဏသည် စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားလှသည်။

"ဒါပေမယ့် သူဘယ်လောက်ပဲ သန်မာပါစေ ဒီနေ့တော့ သူ သေရလိမ့်မယ်" အဘိုးအိုက ခပ်ပါးပါး ပြုံးလိုက်သည်။

ပေ ၃၀ မြင့်သော စက်လက်နက်တစ်ခုသည် လေထဲတွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။ ၎င်းသည် အဆောက်အဦငယ် တစ်ခုနှင့်ပင် ဆင်တူသည်။ ဤစက်လက်နက်၏ ကိုယ်ထည်သည် ပြေပြစ်နေခဲ့ရာ၊ အလွန်အေးစက်သော ခံစားချက်ကို ပေးစွမ်းနိုင်သည့် အလွန် ထူးခြားသော အလင်းရောင်များဖြင့် လင်းလက်နေသည်။

ဤအချိန်တွင် စစ်မက်ရေးရာနှင့် ပတ်သက်၍ ဝါသနာပါသူသာရှိနေလျှင် အံ့သြတကြီး အော်ဟစ်ကြပေလိမ့်မယ်။ ၎င်းသည် ပြည်ထောင်စု၏ အကောင်းဆုံး စစ်မဟာဗျူဟာ စက်လက်နက်ဖြစ်သည့် တိုင်းပြည်ဖျက်စီးသူ စက်လက်နက်ဖြစ်သည်။ ၎င်းသည် နာမည် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ဤကဲ့သို့သော စက်လက်နက် အမျိုးအစားများကို ပရိယာယ်ဆင်သော မစ်ရှင်များတွင် ဆောင်ရွက်ရန်အတွက် အသုံးမပြုကြပေ။

၎င်းကို စစ်မဟာဗျူဟာအဆင့်ရှိ မစ်ရှင်မျိုးတွင်သာ ပုံမှန်အားဖြင့် လက်တွေ့အသုံးချလေ့ရှိသည်။ တိုင်းပြည် ဖျက်ဆီးသူ ကုဒ်အမည်နှင့် ဤစက်လက်နက်သည် မည်မျှထိတ်လန့်စရာကောင်းသည်ကို မည်သူမဆို တွေးကြည့်နိုင်သည်။

ဤအခိုက်အတန့်၌ ကျန်းမိသားစု၏ အင်အားကြီး ကျွမ်းကျင်သူ အနည်းငယ်သည် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များ အဆုံးတွင် ထောင်မတ်သွားခြင်းကို ခံစားလိုက်ရသည်။ ၎င်းတို့အားလုံးသည် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသောကြောင့် ၎င်းတို့၏အန္တရာယ်အပေါ် သိမြင်နားလည်နိုင်စွမ်းသည် သာမန်လူများ၏ စိတ်ကူးစိတ်သန်းထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။

သူတို့သည် တိုင်းပြည်ဖျက်ဆီးသူ စက်လက်နက်အတွင်းရှိ စွမ်းအင်ကို ခံစားနိုင်ကြသည်။ ဤစက်လက်နက်သည် ၎င်းတို့ကို ဒဏ်ရာရအောင် ပြုလုပ်ခြင်း သို့မဟုတ်လျှင် သတ်ဖြတ်ခြင်းကိုပင် အလွယ်တကူ ပြုလုပ်နိုင်သည်။ ၎င်းတို့သည် ကြောက်မက်ဖွယ် မွန်းစတားတစ်ကောင်နှင့် ရင်ဆိုင်နေကြရသကဲ့သို့ ဖြစ်နေသည်။ ဤခံစားချက်သည် ၎င်းတိုကို ချက်ချင်းပင် ထွက်ပြေးသင့်သည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းစေသည်။ သို့သော်လည်း တိုင်းပြည် ဖျက်ဆီးသူ စက်လက်နက်သည် ၎င်းတို့မိသားစု၏ အင်အားကြီး ဝှက်ဖဲတစ်ခုဖြစ်ကြောင်းကို ၎င်းတို့ သိထားကြသည်။

ပြည်ထောင်စုသည် မည်သို့ကြောင့် ဤကဲ့သို့သော စစ်မဟာဗျူဟာအဆင့် လက်နက်ကို တင်းတင်းကျပ်ကျပ် မထိန်းချုပ်ထားခြင်း ဖြစ်သနည်း။ မှန်သည်၊ အစိုးရ၏ ထိန်းချုပ်မှု မည်မျှတင်းကျပ်နေပါစေ အကျိုးအမြတ်အတွက် သစ္စာဖောက်မည့်လူများက အမြဲတစေရှိနေဆဲဖြစ်သည်။ ဤသို့ဆိုလျှင်ပင် ကျန်းမိသားစုက ဤတိုင်းပြည်ဖျက်ဆီးသူ စက်လက်နက်ကို ရရှိရန်အတွက် မရေတွက်နိုင်သော စွမ်းအင်နှင့် အချိန်များကို အသုံးပြုခဲ့ရသည်။

“တိုင်းပြည် ဖျက်ဆီးသူက နတ်အဆင့် ကျွမ်းကျင်သူတွေကိုတောင် ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့ လက်နက်မျိုး။ နှမြောစရာကောင်းတာက ဒီလက်နက်က စစ်မြေပြင်ကနေ အနားယူထားတဲ့ ချွတ်ယွင်းချက်ရှိတဲ့ လက်နက်တစ်ခုဖြစ်နေတာပဲ။ ဒါပေမယ့်လည်း ဒီချွတ်ယွင်းချက်ကြောင့်သာမဟုတ်ရင် မိသားစုက ဒီလက်နက်ကို ရနိုင်မှာ မဟုတ်ဘူး” ထွားကျိုင်းသော အဘိုးအိုက ပြောလိုက်သည်။

“တစ်ချက်၊ တစ်ချက်ပဲ ပစ်မှာ။ မိသားစုက ဒီဝှက်ဖဲကို သိမ်းဆည်းထားပြီး မဖြစ်မနေ အခြေအနေမျိုးမှာသာ အသုံးပြုဖို့ လုပ်ထားကြတာ။ ဒါပေမယ့် အခုပုံစံအရဆိုရင် သူတို့တွေ အဲဒီအချိန်အထိ မစောင့်နိုင်ကြတော့ဘူး ထင်တယ်။ ဒီလက်နက်နဲ့ ဒီကောင်လေးကို ဖြေရှင်းဖို့ သုံးတာက ဂုဏ်ယူစရာလို့ ယူဆလို့ရတယ်"

"ပစ်"

တိုင်းပြည် ဖျက်ဆီးသူ စစ်လက်နက်သည် ထွားကျိုင်းသော အဘိုးအို၏ အမိန့်ကို လိုက်၍ အင်အားကြီး စွမ်းအင်အတက်အကျများကို ထုတ်လွှတ်သည်။ ထိုအချိန်တွင် ကျန်းမိသားစု၏ ကျွမ်းကျင်သူများသည် နေရာအရပ်ရပ်သို့ အပြေးနှင်နေကြရာ၊ ၎င်းတို့သည် ပေ ၃၀၀ ကျော်အကွာအဝေးသို့ ရောက်မှသာ ရပ်တန့်လိုက်ကြသည်။ ပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စက်လက်နက်၏ ပေါက်ကွဲသံကို ကြားလိုက်ရသည်။

တစ်ချိန်တည်း၌ပင်၊ စက်လက်နက်အမြောက်၏ လက်နက်ပြောင်းမှ လက်သီးအရွယ်အစားခန့် ဒုံးကျည်တစ်စင်း ထွက်ပေါ်လာသည်။ ၎င်းသည် နတ်နဂါးဗီလာမှ ခြောက်ပေအကွာအဝေးခန့်သာ ထွက်ခွာလာခဲ့သော ချူးယွင်ဖန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားဆလသည်။

နတ်နဂါးဗီလာနှင့် သိပ်မဝေးလှသော နေရာတွင်ရှိနေသော ချူးယွင်ဖန်းသည် နတ်နဂါးဗီလာနှင့် ချိတ်ဆက်ထားသော အနီးနားမြို့သို့ လွန်းပျံယာဉ်ဖြင့် သွားရန်ပြင်ဆင်နေချိန်တွင် ကြောက်မက်ဖွယ် အန္တရာယ်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်းဖြစ်စဉ်သည် ချူးယွင်ဖန်း ချက်ချင်းပင် သတိအနေအထားသို့ ရောက်ရှိသွားစေသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ သိမြင်နားလည်နိုင်စွမ်းသည် အထူးတလည် ထက်မြက်ခြင်းမရှိသော်လည်း မမြင်နိုင်သော စွမ်းအင်အချို့၏ တည်ရှိမှု ဖျတ်လတ်စွာ သိရှိနိုင်သည်။

ချူးယွင်ဖန်းသည် အန္တရာယ်များကို ကြိုတင်သိရှိနိုင်၍ ၎င်းတို့ကို အချိန်မီ ရှောင်ရှားနိုင်သည်။ သို့သော်၊ မွေးဖွားခြင်းနာ်မြင်အဆင့်ကို ရောက်လာသည့်အချိန်မှစ၍ သူသည် ဤမျှပြင်းထန်သော အန္တရာယ်မျိုးကို မခံစားခဲ့ဖူးပေ။ ထိုအချိန်တွင် ဒုံးကျည်သည် သူ့အပေါ်သို့ ကျရောက်လုနီးနေပြီ ဖြစ်သည်။

All Chapters