အခန်း (၇၂၄-၇၂၆)
Vol. 49 Ch. 724-726
အခန်း(၇၂၄) ချူးယွင်ဖန်းက တကယ်ရက်စက်ကြမ်းတမ်းတယ်
"ကျန်းလင်းရှောင်က အံ့သြစရာပဲ။ သတ်ဖြတ်ရောင်ဝါကို ပိုပြီးသိပ်သည်းလာအောင် ခြေခုနှစ်လှမ်းပဲလှမ်းခဲ့တယ်။ ဒါက ဘဝအဆုံးသတ်ရဲ့ အရမ်းမြင့်တဲ့အဆင့်မလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကို ကျင့်ကြံနိုင်တယ်ဆိုတော့ မျိုးဆက်သစ်လူငယ်တွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ”
“ဒါ မင်းရဲ့ကံကောင်းမှုပဲ။ မင်းရဲ့သမက်ဖြစ်လာတော့မှာလေ" ကျန်းရွှမ်လေ့၏ မျက်နှာထက်၌ ခပ်ပါးပါးအပြုံးတစ်ခုရှိနေသည်ကိုကြည့်လျှင် အောင်ပွဲက သူ့လက်ထဲ၌ ရှိနှင့်နေပြီးသကဲ့သို့ ထင်ရသည်။
ဤလှုပ်ရှားမှုကိုလုပ်ဆောင်ပြီးနောက် ချူးယွင်ဖန်းကို တစ်ချက်တည်းသတ်ဖြတ်လျှင်ပင် ကြွားဝါခြင်းမဟုတ်မည်မှာသေချာသည်။
တန်ထျန်လော်က ပြုံးရုံသာပြုံး၍ ပြန်မဖြေခဲ့ပေ။
သူ့အနားမှ တန်စီယုသည် စိတ်ပူသောအမူအရာဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ သူမ၏ လှပသော မျက်လုံးများသည် အလွန်အမင်းစိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေသည်။
သို့သော် ဤကိစ္စနှင့်ပတ်သက်၍ သူမလုပ်နိုင်သောအရာဟူ၍ ခပ်များများမရှိပေ။
တန်စီယုသည်လည်း ဘဝအဆုံးသတ်အကြောင်းကို ကြားဖဲ့ဖူးသည်။ ဤအရာသည် ဤသိုင်းပညာ၏ အဆုံးစွန်ဆုံးလှုပ်ရှားမှုဖြစ်ရာ ခြေလှမ်းတိုင်းတွင် သူ၏ ရောင်ဝါက ပိုမို သိပ်သည်းလာ၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
သို့သော် ဤနေရာ၌ သူမဘက်တွင် ရှိနေသောလူ တစ်ယောက်မျှ မရှိသောကြောင့် သူမ တိတ်တဆိတ်သာ စိတ်ပူနေနိုင်မည်ဖြစ်သည်။ ဤတိုက်ခိုက်မှုအောက်တွင် ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ထင်ရသည်။ ထိုအတောအတွင်း ကျန်းလင်းရှောင်သည် သူ၏ သည်းခံနိုင်စွမ်းများကုန်ဆုံးသွားပုံရသည်။ သူ ယင်းကို ဆက်လက်၍အချိန်မဆွဲထားလိုတော့ပေ။ ဤဓားချက်ဖြင့် ချူးယွင်ဖန်းကို သတ်ပစ်ရန်သာ လိုတော့သည်။
ဤတိုက်ခိုက်မှုသည် လူတိုင်း၏ အသက်ရှုရပ်သွားစေသည်။ လူတိုင်း၏ မျက်လုံးများသည် ဤဓားချက်ကို အာရုံစိုက်ထားကြသည်။
"ကျန်းလင်းရှောင်က ဘဝအဆုံးသတ်ကို အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်နေပြီပဲ" မွေးဖွားခြင်းနယ်မြေသတ္တမအဆင့် ကျွမ်းကျင်သူ၏မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားသည်။ ဤတိုက်ခိုက်မှုသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဟုပင် ခံစားရသည်။
ကျန်းလင်းရှောင်သည် အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသဖြင့် သူ၏ အနာဂတ်သည် အကန့်အသတ်ပင်မဲ့လိမ့်မည်ဖြစ်သည်။
"ကျန်းလင်းရှောင်မင်း ဒါမင်းလုပ်နိုင်တာအကုန်ပဲလား။ ငါပြောသားပဲ ဘဝအဆုံးသတ်က ဘာမှမဟုတ်ပါဘူး။ အခုလည်း ဒီအတိုင်းပဲ” ချူးယွင်ဖန်းက ပြောသည်။ သူ့ခန္ဓာကိုယ်ထဲမှ ရောင်ဝါများ ပေါက်ကွဲထွက်ပြီးနောက် ယခင်က ရောင်ဝါကို ကျော်ထွက်သွားသည်။
မွေးဖွားခြင်းနယ်မြေတတိယအဆင့်။
ချူးယွင်ဖန်း၏ရောင်ဝါသည် ဒုတိယအဆင့်၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ပြီးနောက် မွေးဖွားခြင်းနယ်မြေအဆင့် တတိယအဆင့်သို့ ရောက်ရှိလာသည်။
"မွေးဖွားခြင်းနယ်မြေအဆင့်တတိယအဆင့်။ ချူးယွင်ဖန်းက သူ့ခွန်အားကို တကယ် ဖုံးကွယ်ထားတာပဲ” "
လူတိုင်း တအံ့တသြဖြစ်နေကြသည်။ ကျန်းလင်းရှောင်သည် မွေးဖွားခြင်းနယ်မြေအဆင့်ဆဋ္ဌမအဆင့်သို့ တက်လှမ်းလာခဲ့ရာ ချူးယွင်ဖန်းသည် ရှုံးလျှင် ရှုံး၊ မရှုံးလျှင် သေရမည်မှာ သေချာသည်။
သို့သော် ဤအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဟု မည်သူထင်မည်နည်း။ သူထုတ်လွှတ်လိုက်သော ရောင်ဝါသည် ရုတ်တရက် ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။
“ချူးယွင်ဖန်းကလည်း ပါရမီရှင်တစ်ယောက်ပဲ။ သူအသက်ဘယ်လောက်ရှိပြီလဲ ဆယ့်ကိုးနှစ်လား ကျန်းလင်းရှောင် အဲ့အသက်လောက်တုန်းကဆို ချူးယွင်ဖန်းကို မယှဥ်နိုင်လောက်ဘူး” လူတစ်ယောက်က အော်ပြောလိုက်သည်။
အဝေးမှ ချူးဟောက်ယွဲ့သည် ဤမြင်ကွင်းကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုသည် အလွန် အမင်း အံ့အားသင့်ဖွယ်ကောင်းလှ၏။
ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ပင်မပြည့်သေးသော်လည်း မွေးဖွားခြင်းနယ်မြေတတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းအရွယ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သည်ကို ပြန်သတိရမိသည်။ သူသည် လက်ရှိ ချူးယွင်ဖန်းနှင့် အဆင့်နှစ်ဆင့် ကွာခြားနေသေးသော်လည်း လက်တွေ့တွင်မူ ခြားနားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်ဖြစ်သည်။
ထိုသို့သော ပါရမီရှင်မျိုးရှိနေသည့် ချူးမိသားစု၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများကို သဘာဝအတိုင်း ခန့်မှန်း၍ ရနိုင်မည်မဟုတ်ပေ။ ၎င်း၏ရာထူးကို ခြိမ်းခြောက်နိုင်သော်လည်း ချူးဟောက်ယွဲ့သည် ကမ္ဘာပေါ်တွင် ချူးမိသားစု၏ နေရာအတွက် ပိုစိုးရိမ်လျက်ရှိသည်။ ချူမိသားစု၏ အငယ်တန်းခေါင်းဆောင်အဖြစ် ကြီးပြင်းလာချိန်မှစ၍ သူ၏အမြင်သည် သာမန်လူများနှင့် နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ပေ။
“ဒီလောက်အရှက်မရှိကြွားနေတာ”
ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းက အဆင့်တက်လာသည်ကို မြင်လိုက်သော်လည်း သူစိတ်မရှုပ်ခဲ့ပေ။ သူ၏ ဓားရောင်ဝါများထွက်ပေါ်လာပြီဖြစ်၍ ချူးယွင်ဖန်း ရှုံးနိမ့်သွားမည်မှာ ကျိန်းသေသည်။
"ဒီလိုဆိုမှတော့ ငါ ဓားသခင်ရဲ့ စွမ်းအားကို ပြရသေးတာပေါ့” ချူးယွင်ဖန်းက ကြိမ်းဝါးလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များအားလုံး ပြင်းထန်စွာ ဆူပွက်လာသည်။
ကောင်းကင်နှင့်မြေကြီးအားလုံးသည် သူ၏တိုက်ခိုက်မှုကို တုံ့ပြန်ပုံရသည်။
ချူးယွင်ဖန်းက သူ့ဓားကို ခုတ်ပိုင်းလိုက်ရာ ထိုအချိန်တွင် သူသည် ကမ္ဘာအနှံ့သို့ ခရီးသွားနေသည့် ဓားတာအိုအရှင်တစ်ယောက်နှင့်တူသည်။ ဓားအလင်းသည် ဝင်လာသော သတ်ဖြတ်ရောင်ဝါနှင့် ထိပ်တိုက်တွေ့သွားရာအာကာသထဲတွင် ရှည်လျားသော နဂါးနှစ်ကောင် တိုက်မိသကဲ့သို့ လေထုအလယ်တွင် တိုက်မိကြသည်။
လူတိုင်း တုန်လှုပ်သွားကြသည်။ ဤတိုက်ခိုက်မှု၏ စွမ်းအားသည် ယခင်တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်ထက် ပိုထင်ရှားသည်။ သန်မာအားကောင်းသော မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည့်အလား ပတ်ဝန်းကျင်မှသဘာဝိဉာဥ်စွမ်းအင်အတက်အကျကိုဖြစ်ပေါ်စေကာ လူတိုင်း၏ အမြင်အာရုံကို ဖုံးအုပ်သွားသည်။
"ဘယ်သူအနိုင်ရလဲ"
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ အရေးကြီးဆုံး အပိုင်းကို လွတ်သွားမည်ကို ကြောက်ကြသည်။
ဤအခိုက်အတန့်တွင် ပြိုင်ဘက်ကင်းသော အရှိန်အဟုန်ဖြင့် ကျူးချွဲ့သည် သတ်ဖြတ်ရောင်ဝါကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။ အတိုင်းအတာတစ်ခုအထိ ပေါင်းစည်းနေသည့် ဓားရည်ရွယ်ချက်က ချက်ချင်းပျက်ဆီးသွားရာ ခြေရာတစ်ခုပင် မကျန်ခဲ့ပေ။
ထိပ်တိုက်တွေ့မှုသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည်။ အကာအကွယ်စည်းသည်ပင် တုန်ခါသွားကာ ကျိုးပျက်သွားတော့မည့်အလားထင်ရ၏။
“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းတဲ့ တိုက်ပွဲလဲ”
ကျူးချွဲ့က ကျန်းလင်းရှောင်၏ ဓားစွမ်းအင်များကို ဖျက်ဆီးပြီးနောက် ချူးယွင်ဖန်းသည် လျှပ်စီးတစ်စင်း၏ အရှိန်ဖြင့် ကျန်းလင်းရှောင်ဆီသို့ ပြေးသွားသည်။ ကျန်းလင်းရှောင်၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ကိန်းအောင်းနေသည်။ သူ၏ အစွမ်းအထက်ဆုံး လှုပ်ရှားမှုဖြစ်သော ဘဝအဆုံးသတ်သည် ချက်ချင်းပင် ပျက်သုဉ်းသွားခဲ့သည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဘမ်း
အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများပျောက်ကွယ်သွားသည့်အခိုက်တွင် ချူးယွင်ဖန်း၏ဓားသည် ကျန်းလင်းရှောင်၏ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီဖြစ်ရာ၊ ဤဓားချက်၏ လျှပ်စီးနှင့် မိုးကြိုးတမျှ ပြင်းထန်သော စွမ်းအားများက ကျန်းလင်းရှောင်ကို လွင့်ထွက်သွားစေသည်။
ကျန်းလင်းရှောင်သည် ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ နောက်သို့ လွင့်ပျံသွားရာ လေထဲ၌ အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ခြေထောက်ဖြင့် မတ်တပ်ပြန်ရပ်နိုင်ခဲ့သည်။ သို့သော် ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာ၏။ ဤအခိုက်အတန့်တွင် သူ၏ ကြီးကျယ်ခမ်းနားသော ဝတ်ရုံ၏ ရင်ဘတ်နေရာ၌ ဓားဖြင့် လှီးဖြတ်ခံလိုက်ရသဖြင့် ပေါ်လာသော အတွင်းသံချပ်ကာကို မြင်လိုက်ကြရသည်။
“အတွင်းသံချပ်ကာ… ကျန်းလင်းရှောင်မှာ အတွင်းသံချပ်ကာရှိတယ်။ အံ့သြစရာတော့မဟုတ်ဘူးပဲ။ ဒီအတွင်းသံချပ်ကာကြောင့်သာမဟုတ်ရင် ချူးယွင်ဖန်းရဲ့ဓားက သူ့ခန္ဓာကိုယ်ထဲဝင်သွားလောက်ပြီ”
အချို့လူများက ဖြစ်ပျက်နေသည်များကို ချက်ချင်းနားလည်လိုက်သည်။ ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို အဘယ်ကြောင့် ဓားဖြင့်မထိုးနိုင်ခဲ့သနည်း။ ချူးယွင်ဖန်းသည် ဤအသေအကြေတိုက်ပွဲ၌ သက်ညှာပေးလိမ့်မည်ဟု ၎င်းတို့မထင်ခဲ့ကြပေ။ ဤတိုက်ပွဲသည် သူသေလျှင်သေ မသေလျှင် ကိုယ်သေရမည့် တိုက်ပွဲမျိုးဖြစ်သည်။
တစ်ဖက်မှ ကျန်းရွှမ်လေ့က သက်ပြင်းတစ်ချက်ချလိုက်သည်။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းလှသဖြင့် ကျန်းလင်းရှောင်ပင် ခံနိုင်ရည်မရှိခဲ့ပေ။
ကျန်းရွှမ်လေ့ခုန်ဆင်းကာ ကူညီလုနီးပါးတွင် ကျန်းလင်းရှောင်အဆင်ပြေသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
"မင်းတကယ်အသက်ရှင်နေသေးတာလား"
ချူးယွင်ဖန်းသည် သူ့ဓားရောင်ဝါကိုရုတ်သိမ်း၍ အရေးမပါသောအရာတစ်ခုကို လုပ်လိုက်မိသကဲ့သို့ ကျူးချွဲ့ကို ကိုင်ကာ မတ်တပ်ရပ်နေသည်။ ယင်းကြောင့် များစွာသော မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ မွေးဖွားခြင်းနယ်မြေ တတိယအဆင့်တွင်ရှိနေသော ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ဆဋ္ဌမအဆင့်ရှိ ကျန်းလင်းရှောင်ကို အမှန်တကယ်ပင် အနိုင်ယူနိုင်ခဲ့သည်။ ဤသည်က မယုံကြည်နိုင်ဖွယ်ကောင်းလှ၏။
ဤအရာသည် အနည်းငယ် အလွန်ရက်စက်လွန်းလှသည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သေချာပြင်ဆင်၍ လာခဲ့ကြောင်းနှင့် သူ့အသက်ကို အလွယ်တကူရောက်လာခဲ့ခြင်းမဟုတ်ကြောင်း လူအများက ပထမဆုံးအကြိမ်သဘောပေါက်နားလည်လိုက်ကြသည်။
အခန်း (၇၂၅) ကျန်းလင်းရှောင်၏ ဝှက်ဖဲကို ဖယ်ထုတ်ခြင်း
"ကျန်းလင်းရှောင်၊ ဒါ သာမန်ပါပဲ" ချူးယွင်ဖန်းက သူ့ဓားကို ဓားအိမ်ထဲပြန်ထည့်၍ ဘာသိဘာသာပြောလိုက်သည်။
ချူးယွင်ဖန်း၏စကားကိုကြားသောအခါ ကျန်းမိသားစု၏ တပည့်များက ဒေါသတကြီးလှမ်းကြည့်လိုက်ကြသည်။ သူ၏ စကားများသည် ၎င်းတို့၏ မျက်နှာတည့်တည့်သို့ ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သော်လည်း ၎င်းတို့ လုပ်နိုင်သောအရာ မရှိပေ။ ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ခြင်းပင်ဖြစ်၏။ ငြင်းဆိုလိုလျှင်ပင် ငြင်းရန်နည်းလမ်းမရှိပေ။
အကယ်၍ ကျန်းလင်းရှောင်သာ အတွင်းချပ်ဝတ်ဖြင့် မကာကွယ်နိုင်ခဲ့ပါက ချူးယွင်ဖန်းသည် သူ့ကို တစ်ချက်တည်း ဓားဖြင့်ထိုးသတ်လိုက်ပေလိမ့်မည်ဖြစ်သည်။ ကျန်းမိသားစု တပည့်များစွာ၏ မျက်နှာထက်တွင် နားမလည်နိုင်သောအမူအရာများရှိနေသည်။ ယင်းမတိုင်မီက လူတိုင်းသည် ကျန်းလင်းရှောင်က အနိုင်ရလိမ့်မည်ဟု အခိုင်အမာယုံကြည်ထားကြကာ မည်သူမျှ သူ့ကိုအနိုင်ယူရန်မဖြစ်နိုင်ဟု လူတိုင်းကထင်ခဲ့ကြသည်။
သူနှင့် သက်တူရွယ်တူများကြားတွင် သူသည် ပြိုင်ဘက်ကင်းနေသင့်သည်။ သို့သော် ၎င်းတို့ ယခုအချိန်တွင်မူ လောက၌ မိမိတို့ထက် ပိုတော် ပိုကောင်းသောသူတစ်ယောက်အမြဲရှိနေပြီဖြစ်ကြောင်း သိလိုက်ကြရပြီဖြစ်၏။
“ချူးမိသားစုက မွန်းစတားတစ်ကောင်ကို မွေးထုတ်ပေးခဲ့တာပဲ” ဧည့်သည်တစ်ဦးက အော်ပြောလိုက်သည်။ ကျန်းလင်းရှောင်သည် မည်မျှစွမ်းအားကြီးကြောင်း လူတိုင်းသိကြပြီးဖြစ်သော်လည်း ချူးယွင်ဖန်းသည်မူ ဤအကြိမ်သည် ၎င်းတို့ရှေ့တွင် ပထမဆုံးအကြိမ် ပေါ်လာခြင်း သို့မဟုတ် ၎င်းတို့ အမှန်တကယ်အသိအမှတ်ပြုလိုက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
"ဒီနှစ်အနည်းငယ်အတွင်းမှာ ငါတို့ ပြည်ထောင်စုထဲ ပါရမီရှင်တွေ ပိုများလာတာပဲ"
“ဒါက ပြဿနာပဲ။ ချူးယွင်ဖန်းရဲ့ ခွန်အားက အနှိုင်းမဲ့နေတာ ဘယ်လိုမျိုးအနိုင်ယူနည်းမျိုး လေ့ကျင့်ထားလဲမသိဘူး။ ဒါပေမယ့် ကျန်းလင်းရှောင်ရဲ့ ချပ်ဝတ်တန်ဆာကလည်း သာမန်ပစ္စည်းမဟုတ်တာ အမှန်ပဲ။ ချူးယွင်ဖန်းနိုင်ဖို့လိုနေဦးမှာစိုးတယ်”
ထိုအချိန်တွင် ကျန်းလင်းရှောင်သည် သွေးတစ်ပွက်အန်ထုတ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ "ချူးယွင်ဖန်း မင်း ငါ့ကို တကယ် စိတ်တိုအောင်လုပ်နိုင်တာပဲ။ မင်းလိုပုရွက်ဆိတ်တစ်ကောင်က ငါ့ကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ မင်းမမျှော်လင့်ထားဘူး”
"ပုရွက်ဆိတ်လား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ ကျန်းလင်းရှောင်အတွက် လွန်ခဲ့သည့်တစ်နှစ်ခန့်က ချူးယွင်ဖန်းသည် ပုရွက်ဆိတ်နှင့်တူသော တည်ရှိမှုမျိုး ဖြစ်နိုင်သည်။ သို့သော် ၎င်းသည် လွန်ခဲ့သော တစ်နှစ်ခန့်ကသာဖြစ်သည်။
"မင်းငါ့ထက် အသက်နည်းနည်းသာမကြီးနေရင် မင်းက ငါ့အတွက် ပုရွက်ဆိတ်သတ်သလိုလွယ်မှာပဲ" ချူးယွင်ဖန်းက လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်လျက် ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ သူ့ကို နောက်ထပ် နှစ်နှစ်သာ အချိန်ပေးပါက လက်ရှိကျန်းလင်းရှောင်ကို သတ်ရန် အလွန်လွယ်ကူပေလိမ့်မည်။
“လုံလောက်ပြီ၊ ငါမင်းကို သတ်ပစ်မယ်။ ကံမကောင်းပါဘူး။ မင်း ဒီကနေ ထွက်ဖို့ လမ်းမရှိဘူး” ကျန်းလင်းရှောင်က ရယ်မော၍ ပြောလိုက်သည်။
ကျန်းလင်းရှောင်က ဤစကားများပြောနေချိန်၌ သူ့ကိုယ်မှ ရောင်ဝါသည်လည်း အရောင်ပြောင်းလဲသွားသည်။ ၎င်းသည် ယခင်က ဘဝအဆုံးသတ်သိုင်းကို အသုံးပြုခဲ့သည့်အချိန်နှင့် လုံးလုံးလျားလျားကွဲပြားသည်။ ကျန်းလင်းရှောင်သည် သူ့အိတ်ကပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်၍ မျိုချလိုက်သည်။
ဘမ်း
ကျန်းလင်းရှောင်၏ ကိုယ်ရောင်ကိုယ်ဝါများ ချက်ချင်းပေါက်ကွဲထွက်လာကာ မကြာခင်က မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်သို့ တက်လှမ်းခဲ့ရာမှာ သူ့ခွန်အားသည် မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိ၍ ယခင်ကထက် ငါးဆယ်ရာခိုင်နှုန်းခန့် ပိုမို သန်မာလာခဲ့သည်။
ငါးဆယ်ရာခိုင်နှုန်းမျှသာဖြစ်သော်လည်း ၎င်းသည် ယခင်ကထက် ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
“နှမျောစရာပဲ။ သတ္တမအဆင့်ရောက်ခါနီးမှ ဒီဆေးကို သုံးဖို့ စီစဥ်ထားတာ၊ အခု မင်းလုပ်လို့ သုံးလိုက်ရပြီကွ။ ဒါပေမယ့် ငါမင်းကို သတ်နိုင်ရင် တန်ပါတယ်” ကျန်းလင်းရှောင်က ပြံးလိုက်ရာ သူ့အမူအရာက ပိုမို ကြောက်မက်ဖွယ်ကောင်းလာသည်။
ဤဆေးလုံးသည် သူ၏ခွန်အားကို ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ခေတ္တမြှင့်တင်ပေးခဲ့ရာ ယခု မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီဖြစ်၏။
“မဆိုးပါဘူး။ မင်းအမွေရခဲ့တာလား" ချူးယွင်ဖန်းက မေးသည်။
ကျန်းမိသားစုကဲ့သို့သော မျိုးနွယ်စုကြီးများအတွက်ပင် စွမ်းအားကို မြှင့်တင်ပေး၍ အဆင့်ဖြတ်ကျော်ရာတွင်ကူညီပေးနိုင်သော ဆေးလုံးများသည် သာမန်မဟုတ် အလွန်ရှားပါးသည်ဟုဆိုနိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ဆေးဖက်ဝင်ဆေးများဖြင့် ပျိုးထောင်၍ မဖြစ်နိုင်ပေ။ ဆေးပညာဖွံ့ဖြိုးတိုးတက်မှု၏ လက်ရှိလမ်းကြောင်းနှင့်ပင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ပုံသွင်း၍ မရနိုင်ပေ။
ကျန်းမိသားစုတို့သည် ကျန်းလင်းရှောင်အား လက်ဆင့်ကမ်းရန် တတ်နိုင်သမျှ ပေးကမ်းကြပေလိမ့်မည်။ ဤဆေးမျိုးသည် ပုံမှန်အသုံးပြု၍ တဖြည်းဖြည်းခြင်း စွမ်းအားတိုးလာတတ်သော ဆေးမျိုးမဟုတ်ပေ။ ၎င်းသည် တခဏချင်းတွင် လူတစ်ဦး၏ ခွန်အားကို တိုးမြင့်လာစေနိုင်သည်။ ကျင့်ကြံရေးအဆင့်များအကြား အဆင့် ကျော်ဖြတ်ရန်ပင် အသုံးပြုနိုင်သည့် အဖိုးတန်ပစ္စည်းမျိုးဖြစ်သည်။
မှန်သည်။ ချူးယွင်ဖန်းသည်လည်း ဤဆေးမျိုးများကို ယခင်က စဥ်းစားခဲ့ဖူးသည်။ သို့သော် ၎င်းတို့သည် ရှာချင်ရုံဖြင့် ရှာ၍ အလွယ်တကူရနိုင်သောအရာမဟုတ်ပေ။
"မှန်တယ်" ကျန်းလင်းရှောင်ခေါင်းညိတ်လိုက်သည်။
"ကျန်းမိသားစုရဲ့ ဘဝအဆုံးသတ်ကို မင်းဂရုမစိုက်တဲ့အတွက် ရှေးဟောင်းလူသားခေတ်က ငါရခဲ့တာတွေကို မင်းကို ငါတွေ့ခွင့်ပေးမယ်”
"လျှပ်စီးခြေလှမ်းဆယ်လှမ်း "
ကျန်းလင်းရှောင် ဤသို့အော်ပြီးနောက် သူရပ်နေသော နေရာမှ ချက်ချင်းပျောက်သွားသည်။ လျှပ်စီးကြောင်းကဲ့သို့ စစ်မြေပြင်ကိုဖြတ်၍ ချူးယွင်ဖန်းရှေ့သို့ရောက်လာသည်။ လှံရှည်တစ်ချောင်းသည် မည်သူမှ သတိမထားမိလိုက်ခင်၌ သူ့လက်ထဲတွင် ပေါ်လာသည်။ ထို့နောက် လှံအလင်းတန်းက ကောင်းကင်သို့ ပျံ့လွင့်လာကာ နဂါးဟိန်းသံနှင့်အတူ လှံက ချူးယွင်ဖန်းဆီဦးတည်လာသည်။
ဘမ်း
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုသည် လျင်မြန်စွာထွက်ပေါ်လာသည်။
၎င်းသည် ချူးယွင်ဖန်း၏ ဆံပင်များနှင့်ဝတ်ရုံများကို လေထဲ၌ လွင့်နေစေကာ ပြင်းထန်သော မုန်တိုင်းအလယ်တွင်ရပ်နေသကဲ့သို့ထင်ရသည်။ ဘဝအဆုံးသတ်နှင့် နှိုင်းယှဉ်ပါက ကျန်းလင်းရှောင်၏ လက်ရှိတိုက်ခိုက်မှုသည် အနည်းဆုံး အဆင့်တစ်ခုစာပိုမိုသာလွန်ကာ စွမ်းအားချင်းနှိုင်းယှဥ်၍ မရပေ။
"ဒါက ဘာလှံလဲ။ ကြောက်စရာကောင်းလိုက်တာ"
လူအုပ်သည် ၎င်းတို့၏ အဆုတ်ထဲ၌ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ အကာအကွယ်စည်းကြောင့် တိုက်ပွဲနှင့် ကင်းကွာသွားသော်လည်း ဤတိုက်ခိုက်မှုကြောင့်ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိနိုင်ကြသေး၏။
“ကောင်းကင်နဂါးလှံ”
လှံသည် နဂါးတစ်ကောင်ကဲ့သို့ တက်လျက် ကမ္ဘာပေါ်ရှိအရာအားလုံးကို လွှမ်းခြုံသွားသည်။ သို့သော် ချူးယွင်ဖန်းသည်မူ ၎င်းကို သတိမထားမိသကဲ့သို့ ရပ်မြဲတိုင်းရပ်နေသည်။ တစ်ခဏချင်း၌ပင် လှံက ချူးယွင်ဖန်းရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
၎င်းက သူ့ခန္ဓာကိုယ်ကို နှစ်ခြမ်းပိုင်းပစ်တော့မည့်အခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ကျူးချွဲ့ဖြင့် သူ့ရင်ဘတ်ရှေ့သို့ ကာလိုက်သည်။
ဘမ်း
ဤလှံသည် ဒုံးကျည်တစ်စင်းကဲ့သို့ တိုးဝင်လာပြီးနောက် ချူးယွင်ဖန်း၏ဓားဖြင့် ထိပ်တိုက်တွေ့သွားရာ ရှေ့သို့ မဆက်နိုင်တော့ပေ။ ချူးယွင်ဖန်းသည် ဓားကို လက်တစ်ဖက်တည်းဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၍ ကောင်းကင်၌ပင် အပေါက်ဖောက်နိုင်ပုံရသည့် ဤလှံကို တားဆီးနိုင်ခဲ့သည်။
"မဖြစ်နိုင်ဘူး"
ချူးယွင်ဖန်းက သူ၏ထမင်းစားနဂါးလှံကို အလွယ်တကူ ခံနိုင်ရည်ရှိနေသည်ကိုတွေ့လိုက်ရသဖြင့် ကျန်းလင်းရှောင်သည် မဖြစ်နိုင်ဟု ခံစားလိုက်မိသော်လည်း မရပ်တန့်သွားခဲ့ဘဲ ထပ်မံ၍ လှံဖြင့် တိုက်ခိုက်ပြန်သည်။
ဤတိုက်ခိုက်မှုက ယခင်အကြိမ်များထက်ပင် စွမ်းအားပြင်း၏။
လှံချက်တစ်ချက်စီတိုင်းက ပို၍ပို၍အားကောင်းလာသည်။ ဤသည်မှာ ကောင်းကင်နဂါးလှံ၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။ ၎င်းသည် ပြိုင်ဘက်ကို ဖြိုချနိုင်သည့် အရှိန်အဟုန်ဖြင့်ချီတက်လာသည်။
ဘမ်း
ဘမ်း
ဘမ်း
တိုက်ခိုက်မှုတစ်ခုစီသည် ယခင်တစ်ကြိမ်ထက် ပိုမိုစွမ်းအားကြီးလာသည်။ တစ်ချိန်တည်း၌ပင် တစ်ချက်စီတိုင်းသည် ရှေ့တိုက်ခိုက်မှုထက် ပိုမို လျင်မြန်လာ၏။ တိုက်ခိုက်မှုတိုင်းဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်မုန်တိုင်းကို လူတိုင်းမြင်နိုင်၏။
ထိုပြင်းထန်သော လှံတိုက်ခိုက်မှုများကြားတွင် ချူးယွင်ဖန်းသည် မုန်တိုင်းအလယ်မှ အချိန်မရွေးပျက်စီးသွားနိုင်သော လှေငယ်တစ်စင်းနှင့်ဆင်တူသည်။
"ငရဲကိုသွား" ကျန်းလင်းရှောင်၏ ကျယ်လောင်သော ကြုံးဝါးသံထွက်ပေါ်လာသည်။
သူ၏လှံသည် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမျိုနေသော နဂါးကြီးတစ်ကောင်နှင့်တူသည်။
“မင်းငါ့ကို သတ်နိုင်တဲ့ အရည်အချင်း မရှိသေးဘူး။ လတ်တလော လေ့လာထားတဲ့ သိုင်းတစ်ခု ငါမင်းကို ပြပါရစေ”
“အံ့ဖွယ်လက်သီးဆယ်ချက်”
အခန်း (၇၂၆) ကျန်းလင်းရှောင်ကို အပြင်းအထန်ရိုက်နှက်ခြင်း
အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသော တုန်လှုပ်ချောက်ချားဖွယ် လက်သီးချက်သည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားသည်။ ကြီးမားသော စွမ်းအားတစ်ခုက အရာအားလုံးကို ဖြိုခွဲလိုက်သကဲ့သို့ပင် ကျန်းလင်းရှောင်၏ ပတ်ဝန်းကျင်တစ်ဝိုက်သို့ လွှမ်းခြုံနေသော လှံအလင်းထက်ဝက်ခန့်ကို ဖြိုခွင်းပစ်လိုက်သည်။
ပတ်ဝန်းကျင်လေထုက ခေတ္တမျှ ငြိမ်သက်သွားသည်။
ထို့နောက်တွင် ချူးယွင်ဖန်းက မုန်တိုင်းဗဟိုချက်၌ ပေါ်လာသည်ကို လူတိုင်းတွေ့လိုက်ကြရသော်လည်း ၎င်းတို့မျှော်လင့်ထားသလောက် ချူးယွင်ဖန်းက ဆိုးရွားသောအခြေအနေတွင်ရှိမနေခဲ့ပေ။ သူသည် ထိုက်တောင်ကဲ့သို့ တည်ငြိမ်သည်ဟုပင်ဆို၍ရနိုင်သည်ဖြစ်ရာ အဝတ်အစားများပင် အနည်းငယ်မျှ ရှုပ်ပွသွားခြင်းမရှိပေ။ ဧည့်သည် ၉၉ ရာခိုင်နှုန်းခန့်ကို ထိတ်လန့်အံ့သြသွားစေသော ကျန်းလင်းရှောင်၏ စွမ်းအားသည် ချူးယွင်ဖန်းအပေါ်သို့ လုံးလုံးလျားလျားမသက်ရောက်ခဲ့ပေ။
ထိုအချိန်တွင် ချူးယွင်ဖန်းက ဒုတိယအကြိမ်ပင်တွေးခြင်းမရှိဘဲ၊ စွမ်းအားပြင်းလှသော လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ ဤသည်က အသေအချာပင် အဆင့်မြင့် လက်သီးသိုင်းပညာတစ်မျိုးဖြစ်သည်။ အဆင့်နိမ့်နည်းပညာတစ်ခုဖြစ်ခဲ့လျှင် ထိုကဲ့သို့ စွမ်းအင်သိပ်သည်းသည့် ထိုးချက်ရောင်ဝါမျိုး ရှိမည်မဟုတ်ပေ။
သိုင်းကျွမ်းကျင်မှုအဆင့်နိမ့်လေ မူလပုံစံကို ပြန်လည်ထိန်းသိမ်းရန်နှင့် လက်သီးရည်ရွယ်ချက်ကို ထိန်းချုပ်နိုင်လေဖြစ်သည်။
"သတိထားကြည့်" ချူးယွင်ဖန်းက ကြုံးဝါးလိုက်သည်။
သူ့လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီးနောက် စွမ်းအင်များအားလုံး လက်သီးထဲသို့ စီးဝင်လာသည်။
‘အံ့ဖွယ်လက်သီးရှစ်ချက်ရဲ့ အသူရာ လက်သီး”
ချူးယွင်ဖန်းက လက်သီးထိုးလိုက်သောအခါ ကွင်းပြင်တစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များအားလုံး သူ့ထိန်းချုပ်မှုအောက်ရောက်သွားသည့်အလားထင်ရသည်။ လက်သီးချက်၏ စွမ်းအားသည် အလွန်မယုံကြည်နိုင်ဖွယ်ကောင်းလှသောကြောင့် တက်ရောက်လာသော ဧည့်သည်များအားလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။
"ဒါက ဘယ်လိုသိုင်းမျိုးလဲ”
“ချူးယွင်ဖန်းမှာ နောက်ထပ် ဝှက်ဖဲတစ်ခု ရှိသေးတယ်။ အံ့သြစရာပပဲ”
"ကျန်းလင်းရှောင်ဒုက္ခရောက်ပြီ"
တစ်ဖက်တွင် ကျန်းရွှမ်လေ့၏ အမူအရာက လေးနက်လာသည်။ ချူးယွင်ဖန်း၌ လျှို့ဝှက်ခွန်အားများရှိနေသေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကောင်းကင်နဂါးလှံက ကျန်းလင်းရှောင်၏ခွန်အားကို တိုးမြင့်စေသကဲ့သို့ပင်၊ အံ့ဖွယ်လက်သီးရှစ်ချက်ကို အသုံးပြုပြီးသည့်နောက် ချူးယွင်ဖန်း၏ခွန်အားသည် နောက်တစ်ဆင့်သို့သိသိသာသာတိုးလာသည်။
ကျန်းလင်းရှောင်က ချူးယွင်ဖန်းကို ကိုင်တွယ်ရန် ခက်ခဲသွားခဲ့ရသော်လည်းယခုအခါ ပြဿနာက ပိုကြီးမားလာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤလက်သီးချက်ကြောင့် ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားသည်။
"ချူးယွင်ဖန်း" ကျန်းလင်းရှောင်က ကျယ်လောင်စွာအော်လိုက်ပြီးနောက် လှံကို ပစ်လွှတ်လိုက်ရာ ကောင်းကင်ံနဂါးလှံသည် ရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။ လူတိုင်းသည် ချီစွမ်းအင်ဖြင့်ဖြစ်ပေါ်နေသော နဂါးရှည်ကြီးက ချူးယွင်ဖန်းကို မျိုချလိုက်သည်ကို မြင်လိုက်ရသည်။
ချူးယွင်ဖန်း၏ လက်သီးချက်သည် ကြီးမားသောအသူရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ အံ့ဖွယ်လက်သီးရှစ်ချက်၏ အခွဲဖြစ်သော အသူရာ လက်သီးဖြစ်သည်။ ချူးယွင်ဖန်း၏ အနှစ်သာရကို အမှန်တကယ် လှစ်ဟပ်ပြသနေသည့် ပြိုင်ဘက်ကင်းလက်သီးသိုင်းပင်ဖြစ်သည်။
ထို သွေးသံတရဲရဲ ပါးစပ်ကြီးကို ဟနေသည့် နဂါးကြီးထဲသို့ အသူရာလက်သီးဝင်သွားသည်ကို လူတိုင်းမြင်လိုက်ကြရသည်။
ဘမ်း
ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော နဂါးသည် လေထုအလယ်၌ပင် ပေါက်ကွဲသွားသည်။
ဤသည်မှာ အလွန်ပြီးပြည့်စုံသော အဆင့်တစ်ခုရောက်နေပြီဖြစ်သော သိုင်းပညာဖြစ်သည်။ သို့သော်လည်း ကျန်းလင်းရှောင်၏ နဂါးလှံသည် ချူးယွင်ဖန်း၏ အံ့ဖွယ်လက်သီးရှစ်ချက်နှင့် ရင်ဆိုင်ရသောအခါတွင် တစ်ချက်မျှပင် ခံနိုင်ရည်မရှိနိုင်သည်အထိ အင်အားနည်းသွားသည်။ ကောင်းကင်နဂါးလှံကို အလွန်ကောင်းမွန်သော သိုင်းပညာတစ်မျိုးဟု ယူဆထားကြသော်လည်း ၎င်းနှင့် ချူးယွင်ဖန်းလေ့ကျင့်ထားသော အံ့ဖွယ်လက်သီးရှစ်ချက်ကြားတွင် ကွာဟချက်များစွာရှိသေးသည်။ ၎င်းသည် စွမ်းအားကြီးဧကရာဇ်တိုက်ပွဲစာအုပ်၌ မှတ်တမ်းတင်ထားသည့် သိုင်းပညာတစ်မျိုးဖြစ်၏။
ချူးယွင်ဖန်းသည် ဤသိုင်းပညာကို အသူရာအဆင့်အထိသာ လေ့ကျင့်ခဲ့သော်လည်း စွမ်းအားသည် သာမန်လူများ စိတ်ကူးနိုင်သည်ထက် များစွာ ကျော်လွန်နေ၏။
ဘမ်း
လက်သီးချက်၏ ရောင်ဝါသည် ကောင်းကင်ယံထက်သို့ ဖြာထွက်သွားပြီးနောက် ကျန်းလင်းရှောင်ကို ထိသွားသည်။ လက်သီးမှ အင်အားအများစုကို သူ့ခန္ဓာကိုယ်အတွင်းပိုင်း ချပ်ဝတ်တန်ဆာက ကာဆီးပေးလိုက်သော်လည်း ကျန်ရှိသော အင်အားအနည်းငယ်က ကျန်းလင်းရှောင်ဆီသို့ တိုးဝင်သွားနိုင်သေး၏။
"ချူးယွင်ဖန်း.. မင်း ငါ့ကို ဘယ်တော့မှ သတ်မှာ မဟုတ်ဘူး" ကျန်းလင်းရှောင်က အလိုမကျစွာ ကြုံးဝါးလိုက်သည်။
"လိပ်ခွံထဲမှာ ပုန်းနေတာ အကျိုးရှိမယ်ထင်လား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
မည်သူမျှ သတိမထားလိုက်ခင် တခဏချင်း၌ပင် ချူးယွင်ဖန်းသည် ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်းနည်းစနစ်ကို အသုံးပြုင ကျန်းလင်းရှောင်ဆီသို့ ပြေးလာသည်။
"အသူရာ လက်သီးခွဲ”
ချူးယွင်ဖန်းကလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ စွမ်းအားသည် ကောင်းကင်သို့တက်သွားကာ ဧရာမအသူရာအဖြစ် တစ်ဖန်ပြောင်းလဲသွားသည်။ ထို့နောက် သူက ကျန်းလင်းရှောင်ကို မြေကြီးပေါ်သို့ ထိုးချလိုက်သည်။
ဘမ်း
မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ သာမန်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိနိုင်သည့် မြေပြင်သည် ထိုလက်သီးချက်ကြောင့် ချိုင့်ဝင်သွားသည်ကို လူတိုင်းမြင်လိုက်ကြရသည်။ ချူးယွင်ဖန်း၏ လက်သီးတွင် ကိန်းအောင်းနေသော စွမ်းအင်ကို ဤအချက်ကိုကြည့်လျှင် မြင်နိုင်သည်။
“ဘာလဲဟ”
လူအများ ပင့်သက်ရှိုက်လိုက်မိကြသည်။ ၎င်းတို့သည် ယခင်က ပြင်းထန်သော တိုက်ခိုက်ရေးနည်းလမ်းများကို မြင်ခဲ့ဖူးကြသော်လည်း ချူးယွင်ဖန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သူမျိုးကို တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
‘ဘယ်လိုသိုင်းမျိုးလဲ’
‘ဘယ်လောက်တောင်မြန်တာလဲ’
‘ဘယ်လိုတောင် ခွန်အားကြီးနေတာလဲ’
တစ်ချက်တစ်ချက်ထိုးရုံဖြင့် ချူးယွင်ဖန်းသည် ပြင်းထန်သောရန်သူကို ဖျက်ဆီးသုတ်သင်ပစ်နိုင်၏။
"မသေသေးဘူးလား" ချူးယွင်ဖန်းက ကြုံးဝါးပြီးနောက် အသူရာလက်သီးနောက်တစ်ချက်ကို ထိုးသွင်းပစ်လိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
ဘမ်း
ဘမ်း
ဘမ်း
ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်း၌ပင် ချူးယွင်ဖန်းသည် အနည်းဆုံး လက်သီးအချက်တစ်ရာခန့် ထိုးချလိုက်ရာ ကွင်းအလယ်၌ လဲကျနေသော ကျန်းလင်းရှောင်သည် လုံးလုံးလျားလျား မခုခံနိုင်တော့ပေ။ သူ ပြန်ထရန် ကြိုးစားလိုက်သည့်အချိန်တိုင်း နောက်ထပ် အထိုးခံရမည်ဖြစ်ရာ အတွင်းချပ်ဝတ်တန်ဆာ၏ အကာအကွယ်ကြောင့်သာမဟုတ်လျှင် သူ သေဆုံးပြီးသည်မှာ ကြာပေလိမ့်မည်ဖြစ်သည်။
ကျန်းလင်းရှောင်ပေါ်ရှိ အတွင်းချပ်ဝတ်တန်ဆာသည် ဖုန်းရှန်ယွမ်၏အကာအကွယ်ထက် များစွာပိုအစွမ်းထက်သည့်အပြင် အဆင့်သည်လည်း ပိုမိုမြင့်မားသည်။ ဖုန်းရှန်ယွမ်သည် ချူးယွင်ဖန်း၏ လက်သီးများကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။ အဝေးက ကျန်းမိသားစုခေါင်းဆောင် ကျန်းရွှမ်လေ့သည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ကျန်းလင်းရှောင်၏ အတွင်းချပ်ဝတ်တန်ဆာသည် အက်ကြောင်းများဖြင့်ပြည့်နေပြီဖြစ်ကြောင်းသိသောကြောင့် မည်သည့်အချိန်တွင်မဆို ထွက်လာ၍ တိုက်ခိုက်ရန်အသင့်ပြင်ထားသည်။
ဤသို့သာ ဆက်သွားပါက မကြာမီတွင် ချူးယွင်ဖန်းက ယင်းကို ဖျက်ဆီးလိုက်ပေလိမ့်မည်ဖြစ်သည်။
တစ်ဖက်တွင်မူ ချူးယွင်ဖန်း၏ခန္ဓာကိုယ်ရှိ စစ်မှန်သောစွမ်းအင်သည် အဆုံးမဲ့နေသည့်အလား အံ့ဖွယ်ကောင်းလှသည်။ သာမန်လူတစ်ဦးအတွက်သာဆိုလျှင် အံ့ဖွယ်လက်သီးရှစ်ချက်အနက် တစ်ချက်ကိုထုတ်သုံးနိုင်လျှင်ပင် အလွန် လုံလောက်နေလိမ့်မည်ဖြစ်သည်။ သိုင်းစွမ်းရည်ပိုမိုအားကောင်းလေလေ ချီစွမ်းအင်ကုန်ဆုံးမှုက များလေလေပင်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းက မွန်းစတားတစ်ကောင်နှင့်တူသည်။ သူက လက်သီးများစွာထိုးပစ်ခဲ့သော်လည်း သူ၏ ချီစွမ်းအင်သည်မူ ကုန်ဆုံးရမည့်ပမာဏသို့ပင် မနီးစပ်သေးပုံရသည်။
မရဏတိုက်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ကျန်းရွှမ်လေ့က ဂရုမစိုက်ပေ။ ထိုစည်းကမ်းများသည် အားနည်းသူများအတွက်သာဖြစ်ရာ သန်မာသူများကို မထိန်းထားနိုင်ပေ။ ကျန်းမိသားစုတပည့်များနှင့် ကျွမ်းကျင်သူများ အပါအဝင် အခြားသော ဧည့်သည်များ အားလုံး အံသြသွားကြသည်။
‘ငါတို့ ဘာတွေမြင်နေရတာလဲ’
၎င်းတို့၏ အမြင်တွင် ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်ထားသော ကျန်းလင်းရှောင်သည် ယခုအချိန်တွင် မြေပြင်ပေါ်၌ ဖိနှိပ်ခံထားရလျက် ခွေးတစ်ကောင်ကဲ့သို့ ရိုက်နှက်ခံနေရပြီဖြစ်ကာ ပြန်တိုက်ရန် အင်အားပင်မရှိတော့ပေ။
“ဒါ… ဒါက အရမ်းကြောက်ဖို့ကောင်းတယ်’
‘ချူးယွင်ဖန်းက တကယ်ပဲ မွန်းစတားလား’
“ဒီနေ့ခေတ် လူဆိုးတွေက အဲ့လောက်ကြောက်ဖို့ကောင်းလဲ။ အရင်ခေတ်က လူဆိုးတွေဆို ချူးယွင်ဖန်းထက် အဆပေါင်းများစွာ နိမ့်ကျတယ်”
"ချူးယွင်ဖန်းသာ အဆင့်မြင့်ချင်ရင် ဘယ်သူမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူး"
လူအားလုံးက အံ့သြတကြီးဆွေးနွေးနေကြချိန်တွင် ကျန်းလင်းရှောင်၏ ခန္ဓာကိုယ်ပေါ်မှ အတွင်းချပ်ဝတ်တန်ဆာသည် ပြင်းထန်သော ထိုးနှက်ချက်ကို မခံနိုင်တော့သဖြင့် အပိုင်းပိုင်းကွဲကြေသွားသည်။
“ရပ်စမ်း”