အခန်း (၇၃၆-၇၃၈)
Vol. 50 Ch. 736-738
အခန်း (၇၃၆) ကျုပ်က နတ်အဆင့်ကျွမ်းကျင်သူတွေကို အရင်က သတ်ခဲ့ဖူးတယ်
မဟာဘိုးဘေးသည် ကျန်းယွမ်ပင်ကို ချက်ချင်းပင် သတိပြုမိသွားသည်။ ကျန်းယွမ်ပင်သည် သူ့ဆီ တစ်ခေါက်လာလည်ဖူးသော်လည်း ဤသည်မှာ အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် နတ်အဆင့်ကျွမ်းကျင်သူဖြစ်နေပြီဖြစ်၍ ကျန်းယွမ်ပင်က သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးသာဖြစ်ရာ၊ ထိုအချိန်က မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ပင် မရောက်ရှိသေးပေ။
သာမန်လူများအတွက် ထိုအချိန်က ကျန်းယွမ်ပင်သည် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပြီဖြစ်သည်။ သို့ရာတွင် သူသည် မဟာဘိုးဘေးအတွက်မူ သာမန်လူတစ်ဦးမျှသာဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူ အများအပြားရှိခဲ့ရာ၊ အထွတ်အထိပ် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်တစ်ရာရှိလျှင်ပင်၊ ၎င်းတို့အနက် တစ်ဦးမျှပင် နတ်အဆင့်သို့ မရောက်ရှိနိုင်ပေ။ အကြောင်းရင်းတစ်ခုသည် အရှေ့သို့ သွားရာလမ်းသည် ပျက်စီးနေပြီဖြစ်၍ ကျင့်ကြံနည်းလမ်းသည်လည်း မပြီးမြောက်သေးပေ။ ဤလူများ အားလုံးသည် အရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းနေခဲ့ကြရာ၊ ၎င်းတို့၏ ခြေလှမ်းတိုင်းသည် လူသားမျိုးနွယ်အတွက် ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်။
နောက်တစ်ချက်သည် ၎င်းတို့တွင် လုံလောက်သော အရင်းအမြစ်များ မရှိခြင်းကြောင့်ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်မှ နတ်အဆင့်သို့ လျှောက်လှမ်းရသည့် ခက်ခဲမှုအခြေအနေသည် သာမန်လူတစ်ဦးက စိတ်ကူးယဉ်နိုင်သည့် အရာမျိုးမဟုတ်ပေ။ ထို့ကြောင့် မဟာဘိုးဘေးသည် ကျန်းယွမ်ပင်ကို သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း ကျန်းယွမ်ပင်က တစ်နေ့တွင် ဤအဆင့်သို့ ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အတိတ်တွင် မည့်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ပါစေ၊ နတ်အဆင့်သို့ တက်လှမ်းပြီးနောက် နှစ်ဦးနှစ်ဖက်စလုံးသည် တန်းတူညီတူဖြစ်သွားသောကြောင့် ကျန်းယွမ်ပင်က သူ၏နာမည်ကို ကျန်းယွမ်လော်ဟုပင် ခေါ်နိုင်နေပြီဖြစ်သည်။
သူ၏အမည်ရင်းကို လူအနည်းငယ်မျှသာ သိထားကြ၍ လူများစွာက သူ့ကို ကျန်းမိသားစု ဘိုးဘေးဟု ခေါ်လေ့ရှိကြတယ်။ သူ၏နာမည်အရင်းကို သိထားကြသော်လည်း လူနည်းစုကသာ သူ၏နာမည်ကို အသုံးပြု၍ ခေါ်ဝံ့ကြသည်။ ထိုသို့ပြုမူရဲသူ အလွန်နည်းပါးခဲ့၍ ယခုအခါ နောက်ထပ်တစ်ယောက် ရှိလာပြီဖြစ်သည်။
"ဟုတ်တယ်။ ကျုပ်ပဲ။ ခင်ဗျား မမျှော်လင့်ထားဘူး မဟုတ်လား" ကျန်းယွမ်ပင်က အနည်းငယ် ပြုံး၍ ပြောလိုက်သည်။
"သူက မင်းရဲ့တပည့်လား" မဟာဘိုးဘေးသည် ချူးယွင်ဖန်းကို ညွှန်ပြ၍ မေးလိုက်သည်။ ကျန်းယွမ်ပင်သည် အမှန်တကယ် အစွမ်းထက်လွန်း၍ မိမိနှင့် ယဉ်ဘောင်တန်းနိုင်သည့် ဖြစ်တည်မှုမျိုးဖြစ်သောကြောင့် မဟာဘိုးဘေးက ယခင်ကဲ့သို့ စိတ်အေးလက်အေး မရှိတော့ပေ။
"ဟုတ်တယ်။ သူက ကျုပ်တပည့်ပဲ။ ခင်ဗျားက သူ့ကိုသတ်ချင်နေလို့လား။ ကျုပ် ဒီကိစ္စကို ခွင့်ပြုမှာ မဟုတ်ဘူး” ကျန်းယွမ်ပင်က ဘာသိဘာသာ ပြောလိုက်သည်။
“သူက ကျုပ်တို့မိသားစုရဲ့ အထွတ်အထိပ် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစွာနဲ့ အခြား မရေတွက်နိုင်တဲ့ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေကို သတ်ပစ်ခဲ့တယ်။ကျန်းမိသားစု၏ အကြီးမားဆုံးသော မျှော်လင့်ချက်ဖြစ်သည့် ကျန်းလင်းရှောင်ကိုတောင် သတ်ပစ်ခဲ့တယ်။ ဒီလောက် နက်နဲတဲ့ အငြိုးအတေးတွေနဲ့ ကျုပ် သူ့ကို လွှတ်မပေးနိုင်ဘူး။ သူက မင်းရဲ့တပည့်တွေထဲက တစ်ယောက်ပါ၊ မင်းသူ့ကို လက်လျော့ပေးမယ်ဆိုရင် ကျုပ်တို့ ကျန်းမိသားစုက မင်းကို လုံလောက်တဲ့ လျော်ကြေးပမာဏမျိုးပေးမှာပါ"
မဟာဘိုးဘေးသည် ကျန်းယွမ်ပင်ကို အဆင့်တူ ကျွမ်းကျင်သူအဖြစ် ဆက်ဆံနေခြင်းဖြစ်သည်။ အကယ်၍ ယခင်က ကျန်းယွမ်ပင်သာဆိုလျှင် မဟာဘိုးဘေးက သူ့ကို ဦးစွာ ရိုက်သတ်ပြီးနေပြီဖြစ်သည်။
“စိတ်တောင်မကူးနဲ့။ ကျုပ်က စစ်တပ်မှာမွေးလာတာ ကျုပ် ယုံကြည်ချက်က မသေမချင်း အရှုံးမပေးဘူးဆိုတာပဲ” ကျန်းယွမ်ပင်က မဟာဘိုးဘေး၏ကမ်းလှမ်းမှုကို ခေါင်းယမ်း၍ ငြင်းပယ်လိုက်သည်။ ကျန်းယွမ်ပင်သည် ယခုအခါ နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ မဟာဘိုးဘေး၏ ချော့မြှူမှုကြောင့် ချူးယွင်ဖန်းကို စွန့်လွှတ်ခဲ့လျှင် အနာဂတ်တွင် သူ မည်သို့မျှ ဆက်လက်ခေါင်းမော့၍ နေထိုင်နိုင်မည်နည်း။
“ဒီလိုဆိုမှတော့ ဆွေးနွေးဖို့ မရှိတော့ဘူးပေါ့” မစာဘိုးဘေးက ကျန်းယွမ်ပင်ကို စိုက်ကြည့်လျက် အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်တယ်။ လုံးဝ မဖြစ်နိုင်ဘူး” ကျန်းယွမ်ပင်က ပြောသည်။
နတ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကြားက စကားစမြည်ပြောခြင်းကို လူတိုင်း ငြိမ်သက်သွာ နားထောင်နေကြသည်။ မဟာဘိုးဘေးသည် အလွန်အစွမ်းထက်သည့်အပြင် ချူးယွင်ဖန်းကို သတ်ဖြတ်ချင်နေသည်မှာ သေချာသည်။ သို့သော် ကျန်းယွမ်ပင်သည်လည်း စိတ်ပိုင်းဖြတ်ထား၍ သူ၏စိတ်ထားကို ပြောင်းလဲရန် ငြင်းဆန်ခဲ့သည်။
ပဋိပက္ခအသစ်တစ်ခု ပေါ်ပေါက်တော့မည်ဖြစ်၍ နတ်အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ ခွန်အားအပြည့် အသုံးပြုခြင်း၏ အကျိုးဆက်ကို လူတိုင်း သိထားကြသည်။ ယခုအချိန်တွင် စေ့စပ်ပွဲသို့ လာရောက်ခဲ့ခြင်းကို လူများစွာက နောင်တရနေကြသည်။ ၎င်းတို့တွင် စားသောက်၍ ပျော်ရွှင်ရန်ပင် အခွင့်အရေး မရှိခဲ့ကြသည့်အပြင် ၎င်းတို့၏ အသက်ကိုပင် စွန့်လွှတ်ရပေလိမ့်မည်။
“ဒီလိုဆိုမှတော့ မင်းလည်း မင်းတပည့်နဲ့အတူ သေရလိမ့်မယ်။ မင်းက ဒီကျင့်ကြံခြင်းအဆင့်ကို အခုမှ ဝင်ရောက်ထားတော့ မင်းရဲ့ စွမ်းရည်တွေကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးပါဘူး။ နတ်အဆင့်ကို တက်လှမ်းလာသူတွေထဲမှာတောင် အားနည်းသူနဲ့ သန်မာသူဆိုပြီးရှိတယ်။ အရင်က မင်းလိုလူမျိုးတွေကို ကျုပ် သတ်ခဲ့ဖူးတယ်"
မဟာဘိုးဘေး၏ ရိုင်းပျသော စကားလုံးများသည် လူအုပ်အတွင်း ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သည်။ မဟာဘိုးဘေးသည် ဤအဆင့်ရှိ ဖြစ်တည်မှုကို တစ်ချိန်က သတ်ဖြတ်ခဲ့ဖူးခြင်း ဖြစ်လေသလော။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်က မဟာဘိုးဘွားက ယခုအခါ ကျန်းယွမ်ပင်ကိုသတ်ချင်နေသည်ဟုပင် အမှန်တကယ် ပြောခဲ့ခြင်းဖြစ်လေသလော။
လူအများအပြားက ကျန်းယွမ်ပင်ကို မသေချာမရေရာသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အဆုံးတွင် မဟာဘိုးဘေးသည် ဤအဆင့်သို့ နှစ်ပေါင်းတစ်ရာကျော်မျှ တက်လှမ်းလာခဲ့သည့် ဝါရင့်ပညာရှင်တစ်ဦးဖြစ်၍ ကျန်းယွမ်ပင်က ဤနေရာကို ဝင်ရောက်ခါစသာ ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးကို မည်သို့မျှ နှိုင်းယှဉ်နိုင်မည်နည်း။ မည်သို့ပင်ကြည့်ပါစေ ကျန်းယွမ်ပင်တွင် အနိုင်ရမည့် အခွင့်အလမ်းမျိုး မရှိပေ။
"ခင်ဗျားက ကျုပ်ကို သတ်ချင်နေတာလား။ ဒါဆို လာစမ်းကြည့်ပေါ့။ ခင်ဗျားရဲ့စကားတွေကိုအခြေခံရုံနဲ့ ခင်ဗျားကို ဒီနေ့အချိန်ကောင်းရအောင် ခွင့်ပြုမယ်မထင်နဲ့" ကျန်းယွမ်ပင်က မဟာဘိုးဘေးကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။ သူသည် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် သူသည်လည်း သိက္ခာရှိသူဖြစ်သည်။
"ဒီနေ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲမျိုး ရစေရမယ်" ကျန်းယွမ်ပင်သည် ထိုစကားများ ပြောပြီးနောက် ဝေဟင်ပေါ်သို့ ပျံတက်သွား၍ မဟာဘိုးဘေးကို ငုံ့ကြည့်လိုက်သည်။
"သွားကြမယ်။ ခင်ဗျား ဒီနေရာမှာ တိုက်ခိုက်ချင်တယ်လို့ ကျုပ်ကို ပြောမှာတော့ မဟုတ်ပါဘူးနော်"
မဟာဘိုးဘေးက ခေါင်းညိတ်ပြ၍ ဝေဟင်ပေါ်သို့ ပျံတက်သွားသည်။ ၎င်းတို့နှစ်ဦးသည် ကြယ်ရောင်များ စုံလင်နေသည့် ကောင်းကင်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ လူပေါင်းများစွာက သက်ပြင်းတစ်ချက်ချလိုက်သည်။ ၎င်းတို့နှစ်ဦးသည် အဆုံးတွင် ဆင်ခြင်တုံတရား ရှိနေဆဲဖြစ်သည်။ ကျန်းမိသားစု၏ဘိုးဘွားအိမ်တော်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမျိုးကို မဟာဘိုးဘေး စတင်ရန် မဖြစ်နိုင်ပေ။ မဟုတ်ပါက ကျန်းမိသားစုတွင် မရေတွက်နိုင်သော အသေအပျောက်များစွာ ကြုံတွေ့ရပေလိမ့်မည်။ ပြီးနောက် ဤသည်မှာ ကျန်းမြို့တော်၏ တည်ရှိရာနေရာဖြစ်သောကြောင့် ကျန်းယွမ်ပင်သည်လည်း စိုးရိမ်နေမိသည်။ ပြည်ထောင်စုသည် ၎င်းတို့ကဲ့သို့သော ဖြစ်တည်မှုများအပေါ် ချည်နှောင်မှု အင်အားများ ရှိနေဆဲဖြစ်သည်။
ဘုံး
နတ်အဆင့် ကျွမ်းကျင်နှစ်ဦးတို့ ကြယ်ရောင်စုံသော ကောင်းကင်သို့ ဝင်ရောက်သွားပြီးနောက် မကြာမီတွင် ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် အလွန် ဝေးကွာနေသော်လည်း တိုက်ပွဲ၏ နောက်ဆက်တွဲရလဒ်ဖြင့် ဖြစ်ပေါ်လာသည့် ထိတ်လန့်မှုများကို ခံစားနေရဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ကောင်းကင်၌ တိုက်မိသော အလင်းတန်း နှစ်စင်းနှင့်ပင် ဆင်တူ၏။ ၎င်းတို့ ပြန့်ကျဲသွားသည်နှင့်အမျှ အဆုံးမဲ့သော ချီစွမ်းအင်များဖြင့် ကသောင်းကနင်းဖြစ်သွားလေသည်။
လူတိုင်းက ကောင်းကင်ကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေကြသော်လည်ူ အလွန် ဝေးလံလွန်းလှသည်။ ၎င်းတို့၏ မျက်လုံးထဲသို့ ချီစွမ်းအင်များဖြင့် အားရိုက်၍ အသုံးပြုနေကြသော်လည်း ၎င်းတို့ မြင်တွေ့နိုင်သည့် အရာများက အကန့်အသတ်ရှိနေဆဲဖြစ်တယ်။ ၎င်းတို့သည် မှုန်ဝါးသော ပုံရိပ်နှစ်ခုကိုသာ မြင်တွေ့နိုင်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးကြား တိုက်ပွဲရလဒ်သည် နောက်ဆုံးရလဒ်ကို အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း လူတိုင်းက သိထားကြသည်။
အားလုံးက နတ်ဘုရားတစ်ပါးကဲ့သို့ နောက်ကျောတွင် လက်နှစ်ဖက်ပစ်၍ ရပ်နေသော ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကြသည်။ ချူးယွင်ဖန်းကို မည်သူတစ်ဦးတစ်ယောက်ကမှ အထင်အမြင်သေးဝံ့ခြင်း မရှိကြပေ။ သူသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသော ဂျူနီယာတစ်ဦးမျှသာဖြစ်သော်လည်း မြင့်မြတ်သော မိသားစုကြီးရှစ်ခုထဲမှ မိသားစုတစ်ခုဖြစ်သည့် ကျန်းမိသားစုကို ဤအတိုင်းအတာအထိ ရောက်ရှိအောင် တွန်းအားပေးနိုင်ခဲ့သည်။
ဤအပြုအမူသည် လူတိုင်း၏ မျှော်လင့်ချက်နှင့် လုံးလုံးလျားလျား ခြားနားနေသည်။ ချူးယွင်ဖန်းက သေကြောင်းကြံစည်နေသည်ဟု လူတိုင်းက ထင်မိကြချိန်တွင် သူသည် လူတိုင်း၏ လောကအပေါ်ထားရှိသော အမြင်များကို မှောက်သွန်ပစ်ကာ မထင်မှတ်ထားသောအရာများကို ပြုလုပ်ခဲ့သည်။
“မင်းရဲ့ မဟာဘိုးဘေးက မင်းကို မကူညီနိုင်တော့ဘူး ထင်တယ်။ ကျန်းရွှမ်လေ့ မင်း သေဖို့ အဆင်သင့်ဖြစ်ပြီလား" ချူးယွင်ဖန်းက ကျန်းရွှမ်လေ့ကို စိုက်ကြည့်၍ ပြောလိုက်သည်။ ကျန်းမိသားစု၏ လက်ထဲမှာ သူ၏မိဘတွေ သေလုနီးပါးဖြစ်ခဲ့ရသည့်အကြောင်းကို သူ တွေးမိသွားလေသည်။ သူသာ အနည်းငယ်မျှ နောက်ကျ၍ ရောက်လာခဲ့လျှင် အရာအားလုံး အလွန် နောက်ကျသွားပေလိမ့်မည်။ ကျန်းပေရွှမ်နှင့် အခြားလူများကို သူ သတ်နိုင်ခဲ့လျှင်ပင် အရာအားလုံးက အကျုံးဝင်တော့မည် မဟုတ်ပေ။ ဤသို့ တွေးမိသောအခါ ချူးယွင်ဖန်း၏နှလုံးသားထဲတွင် ဒေါသများ ပို၍ တိုးမြင့်လာသည်။
"ချူးယွင်ဖန်း၊ မင်းငါ့ကို အံ့အားသင့်အောင် လုပ်နိုင်တယ်ဆိုတဲ့အကြောင်းကိုတော့ ငါ ဝန်ခံရလိမ့်မယ်။ ဒါပေမယ့် ကျန်းမိသားစုရဲ့ ပိုင်ရှင်အနေနဲ့ ငါ့မှာ ဝှက်ဖဲမရှိဘူးလို့ မင်း ထင်နေတာလား" ကျန်းရွှမ်လေ့က လှောင်ရယ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်လေသည်။
ချီစွမ်းအင်များသည် ပြင်းထန်သည့် လျှပ်စီးစွမ်းအင်များကို ဖြစ်ပေါ်စေခဲ့သည်။ ကျန်းမိသားစု ဘိုးဘွားအိမ်တော်၏ နက်ရှိုင်းရာ အရပ်ဆီမှ လျှပ်စီးကဲ့သို့သော လှံတစ်စင်း ထွက်လာ၍ ကျန်းရွှမ်လေ့က ၎င်းကို ဆုပ်ကိုင်လိုက်လေသည်။ သူသည် တခဏချင်းမှာပင် လျှပ်စီးနတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူသွားလေ၏။
အခန်း (၇၃၇) မင်းရဲ့မာနကို ဖျက်ဆီးပစ်မယ်
ကျန်းရွှမ်လေ့၏ လက်ထဲရှိလှံရှည်သည် လျှပ်စီးကဲ့သို့သောစွမ်းအင်များဖြင့် ဆူပွက်လာလေသည်။ သူ၏ခန္ဓာကိုယ်နှင့် ဆယ်ပေအကွာ ပတ်ဝန်းကျင်သည်လည်း လျှပ်စီးပင်လယ်ကြီးကဲ့သို့ ပြောင်းလဲသွားလေ၏။ အကွာအဝေးသည် အထူးတလည် မကြီးမားလှသော်လည်း၊ ဤအရာသည် မှော်လက်နက်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။ ၎င်းသည် လက်ရှိလူ့အဖွဲ့အစည်းအတွက် မှော်လက်နက်များသည် အလွန်ရှားပါးသော ပစ္စည်းတစ်ခုဖြစ်သည်။
ချူးယွင်ဖန်း၏ လက်ထဲရှိ ကျူချွဲ့သည် လူသားစက်မှုလုပ်ငန်းများမှ ဖန်တီးထားသော ထိပ်တန်းလက်နက်တစ်ခုဖြစ်သော်လည်း ၎င်းကို နတ်လက်နက်ဟုပင် ခေါ်နိုင်သည်။ ၎င်းသည် သံတုံးကို ရွှံ့ကဲ့သို့ ဖြတ်ပိုင်းနိုင်သည်ဟူသော အဆိုများပ ချဲ့ကားခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်သာဖြစ်သည်။ သို့သော် ၎င်းကို နတ်လက်နက်ဟု ခေါ်လျှင်ပင်၊ ၎င်းသည် သာမန်သေမျိုး လက်နက်တစ်ခုသာဖြစ်သည်။
မှော်လက်နက်များက ၎င်းနှင့်ခြားနားလှသည်။ တစ်နည်းအားဖြင့် သာမန်မှော်လက်နက်များသည် သဘာဝလွန် စွမ်းအားရှိသော ကျွမ်းကျင်သူများ၏ လက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအဆင့်ရှိ ကျွမ်းကျင်သူမှသာလျှင် ဤမှော်လက်နက်များကို အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်၍ ၎င်းသည် ချူးယွင်ဖန်း၏ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကဲ့သို့ပင်ဖြစ်သည်။ ၎င်းကို ချူးယွင်ဖန်း အသုံးပြုသည့်အခါတိုင်း သူသည် များပြားလှသော ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးရုံသာမကဘဲ သူ၏ခန္ဓာကိုယ်သည်လည်း ကြီးမားသော ထိခိုက်မှုများဖြစ်စေခဲ့သည်။ အကယ်၍ သူသာ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို မကျင့်ကြံခဲ့ပါက သူသည် ၎င်းပန်းချီကားကို အသုံးပြုပြီး မကြာမီ၌ စစ်မြေပြင်တွင် သေဆုံးသွားမည်ဖြစ်သည်။
အကယ်၍ လူတစ်ဦးသည် လုံလောက်စွာ မသန်စွမ်းဘဲ ဤမှော်လက်နက်ကို အသုံးပြုမည်ဆိုလျှင် သေဆုံးသွားမည်ဟု ဆိုလိုသည်။ ကျန်းရွှမ်လေ့၏လက်ရှိလှံရှည်သည် နတ်ဆိုးဆင်းသက်ခြင်းပန်ချီကားထက် အနည်းငယ် နိမ့်ကျသော်လည်း ချူးယွင်ဖန်းသည် သူရရှိထားသော ပန်းချီကားကို အပြည့်အဝအသုံးပြုနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် ၎င်းလက်နက်များကြားတွင် ကွာခြားမှုများစွာမရှိပေ။
“ဒီနေ့ မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။ မင်း သေရလိမ့်မယ်”
ကျန်းရွှမ်လေ့သည် အဆုံးမဲ့သော သတ်ဖြတ်ချင်စိတ်များသည် ပြည့်နှက်နေသော မျက်လုံးများဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် ယနေ့ခေတ်တွင် အပြောင်းအလဲများစွာကို ယူဆောင်လာခဲ့ရာ ကျန်းမိသားစု၏ ဦး ဆောင်သူဖြစ်သည့် မိမိလျှင်ပင် အသက်မရှူနိုင်အောင် ဖြစ်ခဲ့ရသည်။ ချူးယွင်ဖန်းကို သတ်ခြင်းဖြင့်သာ ဤအရာအားလုံးကို ပြောင်းလဲနိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည်လည်း လေးနက်လာ၍ ကျန်းရွှမ်လေ့ကို ကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့ ကျုပ် ဒီကိုလာခဲ့မှတော့ ခင်ဗျားကို နေကောင်းကောင်း ရှင်သန်ခိုင်းဖို့ ဘယ်ရည်ရွယ်ပါ့မလဲ။ ခင်ဗျားက လူတိုင်း၏ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီး အရမ်း မြင့်မြတ်လွန်းလှတယ်လို့ မထင်လိုက်နဲ့။ ကျုပ်က သိမ်နုတ်ပြီး နိမ့်ကျပေမဲ့ ကျုပ်ရဲ့ ဒေါသကို ခင်ဗျား သိစေရမယ်"
ကျန်းမိသားစု၏ တပည့်များသည် ချူးယွင်ဖန်း၏စကားကို ကြားသောအခါတွင် သူ့အပေါ် ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။
'ဘာကို သိမ်နုတ်ပြီး နိမ့်ကျတာလဲ"
ဤအခိုက်အတန့်တွင်၊ ဤလောကရှိ နတ်ဘုရားများကဲ့သို့သော နတ်အဆင့်ပုဂ္ဂိုလ်များမှလွဲ၍ အခြားလူများကို ချူးယွင်ဖန်းက လူတိုင်းကို အနိုင်ယူနိုင်ပေလိမ့်ည်။ သို့သော် ဤအမျိုးသားက သိမ်နုတ်၍ နှိမ့်ကျသည်ဟု ပြောနေခြင်းဖြစ်လေသလော။ ဤအချက်သည် သူ့ကို လူတိုင်းက ရိုက်နှက်ချင်စိတ်များ ဖြစ်ပေါ်လာစေသည်။ သို့သော်လည်း ချူးယွင်ဖန်း၏ ဆိုလိုရင်းကို ဧည့်သည်တော် အများစုက နားလည်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ခွန်အားအရ ကောင်းကင်ဘုံနတ်ဆိုးပြိုကွဲခြင်းဆေးကိုအသုံးပြု၍ မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်အဆင့် သို့ရောက်ရှိခဲ့သော်လည်း ကျန်းမိသားစုကဲ့သို့သော ဧရာမအင်အားစုတစ်ခုကို ရင်ဆိုင်ရန် မလုံလောက်သေးပေ။
ဤသည်မှာ ကျန်းမိသားစုပိုင်ဆိုင်ထားသည့် ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်သည်။ ချူးယွင်ဖန်းသည် တစ်နေ့တွင် နတ်အဆင့်သို့တက်နိုင်မှသာလျှင် ကျန်းမိသားစုနှင့် တူညီအဆင့်တွင် ထိုင်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။ သို့သော် ကျန်းမိသားစုက ချူးယွင်ဖန်း၏မိသားစုဝင်များကို သုတ်သင်ရန်အတွက် လူများစေလွှတ်ခဲ့သည့်ကိစ္စကို သတိရသည့်အချိန်တွင် ရုတ်တရက်ဆိုသလိုပင် လူအများက အနည်းငယ် ကြောက်ရွံ့သွားကြသည်။ ဤကဲ့သို့သော အရူးများသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ အမြဲတစေ ဂုဏ်အရှိန်အဝါကြီးမြတ်သော ဤအရေးကြီးပုဂ္ဂိုလ်များသည် ဧကရာဇ်မင်းကို နှိမ်နင်းရန်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးရဲသည့် လူများကို အကြောက်ရွံ့ဆုံးဖြစ်သည်။ ထိုသို့သော အတွေးအမြင်ရှိသူ အများအပြားရှိသော်လည်း စွမ်းရည်ရှိသူများသည် ဖီးနစ်အမွှေးနှင့် ချီးလင်၏ ဦးချိုများကဲ့သို့ ရှားပါးနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ထဲက တစ်ဦးဖြစ်သည်။
“မင်းက ပုရွက်ဆိတ်တစ်ကောင်လောက်ပဲရှိတာ၊ ဒါနဲ့များ ငါတို့မိသားစုကို ရန်စရဲရတယ်လို့" ကျန်းရွှမ်လေ့၏ မျက်နှာအမူအရာသည် ရေခဲကဲ့သို့ အေးစက်နေသည်။ ချူးယွင်ဖန်းသည် ယခုအချိန်တွင် အလွန်သန်မာနေသော်လည်း သူ၏မျက်လုံးထဲတွင် ၎င်းကို အရေးတယူပြုခြင်း မရှိသေးပေ။ သူ၏အမြင်အရ ချူးယွင်ဖန်းသည် ကံကောင်းသူတစ်ဦးသာဖြစ်သည်။
"ပုရွက်ဆိတ်တဲ့လား။ ဒါဆို ဒီမှာ ပုရွက်ဆိတ်အစစ်က ဘယ်သူလဲဆိုတာ ကြည့်ရတာပေါ့” ချူးယွင်ဖန်းသည် ကျန်းရွှမ်လေ့ကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
“မောက်မာချက်ကတော့။ ဒီနေ့ မင်းကို သတ်ပစ်မယ်" ကျန်းရွှမ်လေ့က ရုတ်တရက် ပေါက်ကွဲထွက်သွားရာ သူ၏လက်ထဲရှိ လျှပ်စီးလှံရှည်နှင့်အတူ ချီတက်လိုက်လေသည်။
ဘုံး
ကျယ်လောင်သောအသံနှင့်အတူ ရပ်နေသောနေရာမှ ကျန်းရွှမ်လေ့၏ခန္ဓာကိုယ် ပျောက်ကွယ်သွားလေသည်။
"မြန်လိုက်တာ"
ချူးဟောက်ယွဲ့၏ တာအိုကာကွယ်သူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူသည် ကျန်းရွှမ်လေ့၏ လှုပ်ရှားမှုများကို ကနဦးတွင် အမှီလိုက်နိုင်ခဲ့သော်လည်း ယခုအခါ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ ကျန်းရွှမ်လေ့က မည်သို့ကြောင့် ဤမျှ မြန်ဆန်နေရခြင်းဖြစ်သနည်း။
“လျှပ်စီးကြောင်းရဲ့ စွမ်းအင်တွေက သူ့ကြွက်သားတွေကို လှုံ့ဆော်လိုက်လို့ သူ့ကို ပိုပြီးမြန်ဆန်သွားစေတာ။ ထိုလှံက ထိုးစစ်ဆင်တဲ့ မှော်လက်နက်တစ်မျိုးလို့ ထင်ရပေမယ့် တစ်ချိန်တည်းမှာ အခြားအသုံးဝင်မှုတွေလည်း ရှိနေတယ်။ ဒါက တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ” ကျန်းရွှမ်လေ့၏အခြေအနေကို ဆုံးဖြတ်နိုင်သော ကျွမ်းကျင်သူများရှိနေသည်။
"ချူးယွင်ဖန်း ဒုက္ခရောက်တော့မှာကို မြင်ယောင်မိတယ်။ အခုအချိန်အထိ ဆေးဝါးရဲ့ တုန့်ပြန်မှုဒဏ် မခံအောင် သူ ဘယ်လို ထိန်းချုပ်ထားလဲဆိုတာ ကျုပ် မသိပေမယ့် သူ ကျန်းရွှမ်လေ့နဲ့ မယှဉ်နိုင်လောက်ဘူး"
"ကျန်းရွှမ်လေ့က သန်မာတယ်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေထဲမှာတောင် သူ့ကို ကျွမ်းကျင်သူတစ်ဦးဘို့ သတ်မှတ်လို့ရတယ်။ ပြီးတော့ သူက မှော်လက်နက်ရဲ့ သက်ရောက်မှုနဲ့ဆိုတော့ ပိုလို့တောင် ပြိုင်ဘက်ကင်းသွားပြီ” ကျန်းရွှမ်လေ့၏ လှုပ်ရှားမှုများကို အမှီလိုက်ရန်အတွက် ကျွမ်းကျင်သူတစ်ဦးက သူ၏မျက်လုံးများကို အာရုံစိုက်၍ ကြည့်နေလိုက်သည်။
ထိုအချိန်တွင် ကျန်းရွှမ်လေ့က ချူးယွင်ဖန်း၏အနောက်တွင် ရုတ်တရက် ပေါ်ပေါက်လာသည်။ လျှပ်စီးကြောင်းတစ်ခု ချက်ချင်းပေါ်လာ၍ ချူးယွင်ဖန်း၏ ဦးခေါင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။ မသိလျှင် ချူးယွင်ဖန်း၏ဦးခေါင်းသည် ထိုနေရာတွင်ပင် ပေါက်ကွဲသွားတော့မည့်သကဲ့သို့ ဖြစ်နေသောကြောင့် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဘယ်လိုအမြန်နှုန်းလဲ။ သွားပြီ"
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းက မတုံ့ပြန်နိုင်မီတွင် လှံရှည်က သူ၏၏ဦးခေါင်းကို ထိုးစိုက်လိုက်ခြင်းကို လူအများ မြင်တွေ့လိုက်ရသည်။ ထို့အပြင် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင် အရိုးစုကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေသည်။
"သေလိုက်” ကျန်းရွှမ်လေ့သည် သူ၏မျက်လုံးများမှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်လာ၍ ဟိန်းဟောက်လိုက်သည်။ ဤအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်းက ရုတ်တရက်လှည့်ကြည့်ပြီးနောက် သူ၏ လက်သီးကိုဝှေ့ယမ်းလိုက်သည်။
ဘန်း
လက်သီးနှင့် လျှပ်စီးလှံရှည်တို့ အချင်းချင်း တိုက်မိသွား၍ ကျယ်လောင်သော ပေါက်ကွဲသံများ ကြားလိုက်ရလေသည်။ ၎င်းသည် ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသကဲ့သို့ပင် ဖြစ်နေသည်။ သာမန် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသည့် မွေးဖွားခြင်းနာ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သော ကျွမ်းကျင်သူ နှစ်ဦးတို့သည် ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခတ်သွားစေခဲ့သည်။ ထိုအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်း တုံ့ပြန်လာခဲ့သည်။
"ဘာ" ကျန်းရွှမ်လေ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ချူးယွင်ဖန်းကို ဤတိုက်ခိုက်မှုဖြင့် မချေမှုန်းနိုင်ခဲ့ပေ။
"ကျန်းရွှမ်လေ့၊ ဒါနဲ့ တကယ် အလုပ်ဖြစ်မယ်လို့ မင်း ထင်လား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"ဒီနေ့ မင်း ပေးဆပ်စေရမယ်။ ဒီနေ့ မင်းရဲ့မာနတွေကို ငါ ဖျက်ဆီးပစ်မယ်" ချူးယွင်ဖန်းက အော်ဟစ်ပြီးနောက် ကျန်းရွှမ်လေ့ဆီသို့ ခုန်အုပ်လိုက်သည်။ ကျန်းရွှမ်လေ့သည် အလွန် လျင်မြန်သော်လည်း ချူးယွင်ဖန်းသည်လည်း မနှေးကွေးလှပေ။
ဤအခိုက်အတန့်တွင် ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသည့် ပို၍ကြောက်မက်ဖွယ် တိုက်ပွဲကြီးတစ်ခုကြောင့် နောက်ထပ်လူပေါင်းများစွာ မှင်သက်သွားကြသည်။ ၎င်းသည် ပြည်ထောင်စု၏ အထက်တန်းလွှာ အသိုင်းအဝိုင်းကိုပင် လျင်မြန်စွာ တုန်လှုပ်စေခဲ့သည်။ ပြည်ထောင်စုတွင် နတ်အဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည့် မရေတွက်နိုင်သော ကျွမ်းကျင်သူများစွာရှိခဲ့သည်။ ယခုအခါ ၎င်းတို့နှစ်ဦးသည် ဤကဲ့သို့ ခါးသီးသော တိုက်ပွဲတစ်ခုတွင် ပေါ်ပေါက်လာခဲ့သောကြောင့် ပြည်ထောင်စု၏ အထက်တန်းလွှာ အသိုင်းအဝိုင်းကို ရုတ်ခြည်း တုန်လှုပ်သွားလေတော့သည်။
အခန်း(၇၃၈) ကျန်းရွှမ်လေ့ကို ဒူးထောက်အောင်ပြုလုပ်ခြင်း
"ဘာတွေဖြစ်နေတာလဲ။ ကျန်းမိသားစုရဲ့ဘိုးဘေးက ဘာလို့ ရုတ်တရက် လှုပ်ရှားလာရတာလဲ"
"မဟာဘိုးဘေးကို တိုက်ခိုက်တဲ့လူက ဘယ်သူလဲ"
"သူတို့ ဘာတွေလုပ်နေကြတာလဲ" စစ်တပ်ရှိ အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးက စားပွဲကို ရိုက်ပုတ်လိုက်သည်။
“ပြည်ထောင်စုက ပြည်သူတွေကို ထိတ်လန့်အောင် လုပ်နေကြတာလား"
ယခုအချိန်တွင် ဘက်ပေါင်းစုံရှိ အင်အားကြီးပုဂ္ဂိုလ်များက ၎င်းတို့၏ ဂြိုလ်တုများမှတစ်ဆင့် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ ဤအဆင့်ရှိသော တိုက်ပွဲမျိုးကို ဖုံးကွယ်ထားရန် ဖြစ်နိုင်မည်မဟုတ်ပေ။ လူများစွာက အလွန် တုန်လှုပ်သွားကြသည်။ ဤလူများသည် သာမာန်ခေတ်၏ နျူကလီးယားလက်နက်များနှင့် ဆင်တူကြသူများဖြစ်ကြသည်။ သာမာန်ခေတ်ရှိ အဓိကနိုင်ငံကြီးတစ်ခုသည် နျူကလီးယားလက်နက်ကို ရုတ်တရက် ပစ်လွှတ်လိုက်ကာ အခြားသော အဓိကနိုင်ငံတစ်ခုနှင့် နျူကလီးယားစစ်ပွဲမျိုး ဆင်နွှဲခြင်းကို စိတ်ကူးကြည့်လျှင် ဤဖြစ်စဉ်ကို လူတိုင်းကို မည်သို့မျှ မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။
၎င်းတို့သည် အခြေအနေ၏ အသေးစိတ်အချက် အလက်များကို လျင်မြန်စွာ လက်ခံရရှိခဲ့ကြသည်။ ဤကိစ္စက ချူးယွင်ဖန်းနှင့် ပတ်သက်နေလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ပေ။ ချူးယွင်ဖန်းသည် အချို့သော အသိုင်းအဝန်းအတွင်းတွင် ကာလရှည်ကြာ နာမည်ရခဲ့သော်လည်း ၎င်းတို့ကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်များအတွက် သူသည် မပြောပါ့လောက်သူသာ ဖြစ်သည်။ သူသည် ဂျူနီယာတစ်ဦးသာဖြစ်၍ အထူးသဖြင့် ပြည်ထောင်စုအစိုးရရှိ အင်အားကြီး ပုဂ္ဂိုလ်များအတွက် ဤမျှသာဖြစ်သည်။ သဘာဝလွန်စွမ်းအင်များကို ကျင့်ကြံထားသူများသာ ၎င်းတို့ကို ခြိမ်းခြောက်မှုများ ဖြစ်စေနိုင်ပေလိမ့်မည်။
သာမန် ဉာဏ်ကြီးရှင်များသည် ပျမ်းမျှအားဖြင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့သာ ရောက်ရှိနိုင်ကြသည်။ ထိုအဆင့်ရောက်ရှိရန် နှစ်ပေါင်း မည်မျှ ကြာမြင့်မည်ကို ဘယ်သူသိမည်နည်း။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်မှ ထိပ်တန်း ကျွမ်းကျင်သူများလျှင်ပင် ပြည်ထောင်စုအစိုးရ၏ အမိန့်ကို နာခံမှုရှိစွာ နားထောင်ရမည်ဖြစ်သည်။ ၎င်းတို့အတွက် အစိုးရ၏ အမိန့်အာဏာကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။
ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်မှသာ ၎င်းတို့၏ အမြင်အာရုံအောက်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ထိုမတိုင်မီတွင် ဤအစိုးရ၏ အင်အားကြီး ပုဂ္ဂိုလ်များ အရှေ့တွင် ချူးယွင်ဖန်းက ကျော်ကြားမှု အနည်းငယ်ရှိသူတစ်ဦးဟုသာ သတ်မှတ်ခံရနိုင်ပေလိမ့်မည်။
သို့သော်လည်း ယနေ့၏ တုန်လှုပ်ခြောက်ခြားဖွယ် ပြဿနာမျိုးကို လှုံ့ဆော်ပေးခဲ့သူသည် ၎င်းတို့၏မျက်လုံးထဲရှိ ငါးပေါက်တစ်ကောင်ကဲ့သို့သော ဖြစ်တည်မှုသာဖြစ်သည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစု၏တံခါးဝသို့ ရောက်လာပြီးနောက် ကျန်းမိသားစုတို့၏ မျက်နှာကိုရိုက်နှက်ရန် သတ္တိရှိခဲ့သည်။ အရေးအကြီးဆုံးအချက်သည် ချူးယွင်ဖန်းက အမှန်တကယ် အောင်မြင်ခဲ့သည်။
၎င်းတို့ရရှိခဲ့သော အချက်အလက်များအရ ချူးယွင်ဖန်းသည် ကျန်းမိသားစုကို ကြီးစွာသော ဆုံးရှုံးမှုများဖြင့် ကြုံတွေ့ရသည်အထိ ထိုးနှက်ခဲ့၍ ဤစစ်ဆင်ရေးတွင် ကျန်မိသားစုဘက်က အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ လူအများ၏အမြင်တွင် ချူးယွင်ဖန်း သေဆုံးသွားလျှင်ပင် သူ ပြုလုပ်ခဲ့သော ဆုံးရှုံးနစ်နာမှုများကို အစားထိုးနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် မည်မျှသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သည်ကို မည်သူသိမည်နည်း။ ကျန်းမိသားစုများအတွင်း အရည်အချင်းအရှိဆုံးပုဂ္ဂိုလ်အဖြစ် လူသိများသည့် ကျန်းလင်းရှောင်သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။
ယင်းနောက် ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ ပထမအကြီးအကဲကို ဒုက္ခိတဖြစ်သည်အထိ ပြုလုပ်၍ ထိပ်တန်း မွေးဖွားခြင်းနယ်မြေအဆင့်ရှိ အကြီးအကဲအချို့ကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည်။ ဤသတင်းကိုတွေ့လိုက်ချိန်တွင် လူတိုင်းက အနည်းငယ် အံ့သြသွားကြသည်။ ကျန်းမိသားစုများသည် မည်သို့သော ကြီးမားသည့် အင်အားစုမျိုးဖြသည်ကို ပြည်ထောင်စုက သိထားကြသည်။ ပြည်ထောင်စုအတွင်းမှာပင် ၎င်းတို့နှင့် ရင်ဘောင်တန်း၍ ရပ်တည်နိုင်သူ အများအပြား မရှိလှပေ။
သို့သော် ထိုကဲ့သို့ ကြီးမားသော အင်အားစုသည် လူတစ်ဦးတည်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ချူးယွင်ဖန်းသည် လှည့်ကွက်အချို့ကို ပြုလုပ်ခဲ့ကာ ကျန်းမိသားစုတို့သည်လည်း ကျန်းမြို့တော်ရှိ ၎င်းတို့၏ဘိုးဘွားအိမ်တော်တွင် အစုလိုက်အပြုံလိုက် ပျက်စီးစေသည့် လက်နက်များ အသုံးပြုရန် ကြောက်ရွံ့ခဲ့ကြခြင်းဖြစ်လျှင်ပင် သူ၏ စွမ်းဆောင်ရည်သည် အံ့မခန်းဖြစ်ခဲ့သည်။ ဤမျှသာဆိုလျှင် ကောင်းမွန်ပေလိမ့်မည်ဖြစ်သော်လည်း သူသည် အဆုံးတွင် ကျန်းမိသားစု၏ မဟာဘိုးဘေးကို တိုက်ခိုက်ရန်အတွက် သူ၏နတ်အဆင့်ရှိ နည်းပြဆရာကိုပင် ဆွဲထုတ်နိုင်ခဲ့သည်။
ကျန်းယွမ်ပင်သည် နတ်အဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင့် တွေ့ရှိလိုက်ရသောအခါ လူအများက ပို၍ပင် တုန်လှုပ်သွားကြသည်။ ကျန်းယွမ်ပင်သည် မူလက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးသာဖြစ်ကြောင်း သိထားရမည်ဖြစ်၍ သူသည် ခန့်မှန်းချက်များအရ၊ နတ်အဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်ပေ။ ကျန်းယွမ်ပင်သည် ထိုအချက်ကို သိခဲ့သောကြောင့် စစ်မြေပြင်မှ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် စစ်မြေပြင်တွင် အဆင့်ဖြတ်ကျော်မှု တစ်စုံတစ်ရာမျှ မရှိခဲ့ဘဲ ပြန်ရောက်လာပြီး နှစ်နှစ်မပြည့်မီတွင် ဤကဲ့သို့ အကျိုးအမြတ်မျိုး ဆွတ်ခူးနိုင်ခဲ့မည်ဟု မည်သူသိမည်နည်း။ လူအများက သူ၏အဆင့်ဖြတ်ကျော်မှုကို ချူးယွင်ဖန်း၏ မွန်းစတား အတွင်းအူတိုင်နှင့် ချက်ချင်းပင် ချိတ်ဆက်မိသွားကြသည်။ သို့သော်လည်း ၎င်းတို့အားလုံးက နားမလည်နိုင်ကြပေ၊ ၎င်းတို့ သိထားရသလောက် ဆေးပညာရှင် တစ်ဦးကမျှ ဤအလုပ်ကို လက်ခံခဲ့ကြပုံ မပေါ်ပေ။ ဆေးဘုရင်ကို ငှားရမ်းခဲ့ခြင်းနှင့်ပတ်သက်၍လည်း သတင်းများမရရှိခဲ့ပေ။
ယေဘူယျအားဖြင့်ပြောရလျှင်၊ ဤအဆင့်ရှိ ဆေးဖက်ဝင် ဆေးအများစုကို ပိုမိုမြင့်မားသည့် စျေးနှုန်းပေးဆောင်ရမည်ဆိုလျှင်ပင် ၎င်းတို့က ဆေးဘုရင်ကို ထုတ်လုပ်ခိုင်းလေ့ရှိကြသည်။ မည်သို့ဆိုသော် ဆေးဘုရင်၏ အောင်မြင်မှုနှုန်းသည် အခြားလူများထက် များစွာမြင့်မားသောကြောင့် ဖြစ်သည်။ သို့သော်လည်း အတွင်းအူတိုင်ကို ဆေးဖက်ဝင်ဆေးအဖြစ် ပြုလုပ်ထားကြောင်း ညွှန်ပြသည့် သတင်းတစ်ခုမျှ မရှိခဲ့ပေ။ ကျန်းယွမ်ပင်သည် ရုတ်တရက်ဆိုသလိုပင် သတိပေးခြင်းမရှိဘဲ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်လာခဲ့သည်။
သို့သော် ယနေ့ ချူးယွင်ဖန်း၏ ရလဒ်များက မည်သို့ပင်ဖြစ်ပါစေ ပြည်ထောင်စု၏ အခြေအနေသည် ယခုအချိန်မှစ၍ များစွာပြောင်းလဲသွားနိုင်ကြောင်း လူတိုင်း သိထားကြသည်။နတ်အဆင့် ကျွမ်းကျင်သူ ဖွားမြင်လာခြင်းသည် အင်အားကြီးပုဂ္ဂိုလ်တစ်ဦး မွေးဖွားလာနိုင်သည်ဟု အဓိပ္ပါယ်ရသည်။
“ဒီနေ့စပြီး ပြည်ထောင်စုမှာ အပြောင်းအလဲတွေ ဖြစ်သွားတော့မယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုနဲ့ ကျုပ်တို့ လူသားတွေ နောက်ထပ် နတ်အဆင့်ကျွမ်းကျင်သူကို ရရှိတော့မယ်ဆိုတော့ ဒါက သေချာပေါက် ကောင်းတဲ့အချက်ပဲ"
ဤအခိုက်အတန့်တွင်၊ ကျန်းမိသားစုတွင်ရှိနေသော လူတိုင်းသည် ချူးယွင်ဖန်းက ကျန်းရွှမ်လေ့၏တိုက်ခိုက်မှုများကို အလွယ်တကူတားဆီးနိုင်ကြောင်း တွေ့လိုက်ရသည်။
"ကျန်းရွှမ်လေ့၊ ဒါက မင်းရဲ့ဝှက်ဖဲလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
"မင်း ဘယ်လောက်ပဲ ရုန်းကန်နေပါစေ အကြွင်းမဲ့ ခွန်အားနဲ့ ရင်ဆိုင်ချိန်မှာ အသုံးမဝင်ဘူး ကွ"
“မောက်မာချက်ကတော့" ကျန်းရွှမ်လေ့က အော်ဟစ်လိုက်သည်။ သူ၏လက်ထဲရှိ လှံရှည်သည် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီးနောက် အမြောက်ကျည်ကဲ့သို့ လွင့်ပျံသွားသည်။
ဤတိုက်ခိုက်မှုသည် ယခင်အကြိမ်များထက် ပိုမို ပြင်းထန်လွန်းရာ၊ ၎င်းသည် စွမ်းအင်များကို သိုလှောင်ထားသကဲ့သို့ ပိုမို အင်အားကောင်းလာကာ လှံရှည်ထဲရှိ စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ ချူးယွင်ဖန်းသည် အော်ဟစ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်လိုက်လေသည်။ ၎င်းချီစွမ်းအင်များ ပေါက်ကွဲသွား၍ တောရိုင်းဒီရေအဖြစ်သို့ ပြောင်းလဲသွားသည်။
"အသူရကာယ်အပိုင်း"
ချူးယွင်ဖန်းသည် သူ၏လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးကို စုဆောင်းလိုက်သည်။ ပြီးနောက် လက်သီးတစ်ချက်ကို ချက်ချင်းပင် ပစ်လွှတ်လိုက်သည်။ သူ၏အနောက်တွင် ကြီးမားသော အသူရကာယ်တစ်ပါး ပေါ်ပေါက်လာပြီးနောက် အသူရကာယ်၏ လက်သီးချက်ကို ဝှေ့ယမ်းလိုက်၍ ကျန်းရွှမ်လေ့ ပစ်လွှတ်လိုက်သော လှံရှည်ကို ချိန်ရွယ်လိုက်သည်။
ဘုံး
၎င်းတို့အချင်းချင်း ထပ်မံ တိုက်မိသွားပြန်သည်။ တိုက်ခိုက်မှု အရှိန်သည် ယခင်က တိုက်ခိုက်မှုအရှိန်ထက် ပို၍ ကျော်လွန်သွားကာ ကြောက်မက်ဖွယ် ဒီရေသည်လှိုင်းများ လွင့်ပျံလာလေသည်။ ကျန်းရွှမ်လေ့က ၎င်းကို ချက်ချင်းပင် ခံစားမိလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု တောက်လောင်နေခဲ့ရာ၊ ၎င်းသည် ယခင်ကနှင့် မတူညီပေ။ ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းက သူ၏ ခွန်အားကို ထိမ်ချန်ထားခြင်း မရှိခဲ့သောကြောင့် ကျန်းရွှမ်လေ့သည် ဤစွမ်းအင်၏ဆူပွက်မှုကို ချက်ချင်း ခံစားလိုက်ရသည်။
ကောင်းကင်ဘုံနတ်ဆိုးပြိုကွဲခြင်းဆေးသည် ချူးယွင်ဖန်း၏ အလားအလာနှင့် ခွန်အားများကို အမြင့်ဆုံးအထိ တွန်းပို့ပေးခဲ့သည်။ သူသည် ဤသုံးရက်အတွင်း သူ၏အနာဂတ်ဂုဏ်သတင်းကို အပြည့်အဝ ဖွင့်ပြချင်ခဲ့သည်။
'ဘယ်လို စွမ်းအင်မျိုးလဲ' ကျန်းရွှမ်လေ့က တွေးလိုက်မိသည်။ သို့သော် သူ ထပ်မံမတွေးမိခင်မှာပင် ချူးယွင်ဖန်းက သူ့ထံ နောက်တစ်ဖန် ချီတက်လိုက်သည်။
"အသူရကာယ်အပိုင်း"
"အသူရကာယ်အပိုင်း"
"အသူရကာယ်အပိုင်း"
ချူးယွင်ဖန်း၏ လက်သီးချက်တိုင်းသည် အသံအတားအဆီးကို ကျော်ဖြတ်နေသောကြောင့် အလွန် ကြောက်မက်ဖွယ်ကောင်းနေသည်။ အစောပိုင်းက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို လူတိုင်းက တွေးမိသွားကြသည်။
အသူရကာယ်အပိုင်းသည် ကြီးမားသော စွမ်းအင်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်၍ အင်အားကြီး ရန်သူများကို သတ်ဖြတ်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ကျန်းရွှမ်လေ့သည် မရေတွက်နိုင်သော ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ရင်ဆိုင်ခဲ့ရပုံရ၍ ၎င်းတို့အားလုံးသည် သူ၏ခန္ဓာကိုယ်ဆီသို့ ဦးတည်နေကြသည်။ ကျန်းရွှမ်လေ့၏လက်ထဲရှိ မိုးကြိုးလှံရှည် လွင့်ပျံသွားသည်နှင့် ချူးယွင်ဖန်းက ၎င်းကို လက်ဖြင့် ဖမ်းယူလိုက်သည်။ ပြီးနောက် ကျန်းရွှမ်လေ့ကို လက်သီးဖြင့် လွင့်ပျံသွားသည်အထိ ထိုးနှက်လိုက်သည်။
ဘုံး
ကျန်းရွှမ်လေ့သည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေ၍ သေဆုံးလုနီးပါးဖြစ်နေကြောင်းကို လူတိုင်းက သတိထားမိသွားသည်။ သူ၏ခန္ဓာကိုယ်ရှိ မရေတွက်နိုင်သော အရိုးများ ကျိုးပဲ့သွားကာ သူ၏ မိုးကြိုးလှံရှည်သည် ယခုအခါ ချူးယွင်ဖန်း၏လက်ထဲတွင် ရောက်ရှိနေလေသည်။