အခန်း (၇၄၈-၇၅၀)
Vol. 50 Ch. 748-750
အခန်း(၇၄၈) ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေတာပဲ
လူတိုင်း၏ အကြည့်များသည် လေ့ကျင့်ရေးခန်းမ၏ အတွင်းပိုင်းသို့ရောက်သွားကြရာ လူတစ်ယောက်ဖြည်းညှင်းစွာထွက်လာသည်။ လူတိုင်းက မည်သူမည်ဝါဖြစ်ကြောင်း မြင်လိုက်ရသောအခါ အားလုံး အံ့သြသွားကြသည်။
ရှဖန်၏ အဖွဲ့ကဖြစ်စေ သင်တန်းဆရာများဖြစ်စေ အားလုံးက ဤသူမည်သူဖြစ်ကြောင်း သိကြသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က ဤလူသည် ပြည်ထောင်စုကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ ကျန်းမိသားစုကို သေခြင်း၏အစွန်းတစ်ဖက်သို့ရောက်စေရန် လက်တစ်ဖက်တည်းဖြင့် ဖိအားပေးခဲ့သည်။ ကျန်းမိသားစု၏ ကြီးမြတ်သော ဘိုးဘေးများက သူ့ကို ကိုင်တွယ်ရန် ထွက်လာခဲ့သည့်တိုင် အရာမထင်ခဲ့ပေ။
ထိုကိစ္စသည် ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ရာ အထူးသဖြင့် ပြည်ထောင်စုတက္ကသိုလ်သည် မိမိတို့၏ ကျောင်းသားနှစ်ယောက်ပါဝင်နေသောကြောင့် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။ ယင်းတို့အနက် တစ်ယောက်သည် ထိုစဥ်က ပြည်ထောင်စုတက္ကသိုလ်၏ နံပါတ်တစ် ကျွမ်းကျင်ပညာရှင် ကျန်းလင်းရှောင်ဖြစ်၍ နောက်တစ်ယောက်ကမူ ချူးယွင်ဖန်း ဖြစ်သည်။
ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ဘိုးဘွားအိမ်တွင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်အတွင်း မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့်ရှိ ကျန်းလင်းရှောင်ကို လူသိရှင်ကြားသတ်ပစ်ခဲ့သည်။
၎င်းသည် ပြည်ထောင်စုတက္ကသိုလ်တွင် အထွတ်အထိပ် ကျွမ်းကျင်ပညာရှင်နှစ်ဦး ဆုံးရှုံးခဲ့ရသောကြောင့် ထိုအဖြစ်အပျက်ပြီးနောက် ချူးယွင်ဖန်းလည်း ပျောက်ကွယ်သွားခဲ့သည်။ သူ သေဆုံးသွားပြီဟု လူအများက ထင်ခဲ့ကြသည်။
...
ချူးယွင်ဖန်းက မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို မသိကြသော်လည်း သူက သူ့အသက်ကို ခွန်အားနှင့် လဲလှယ်ခဲ့သည်မှာ သံသယဖြစ်ရန်ပင်မလိုအပ်ပေ။
ထိုအချိန်တွင်ရှိနေသူ အများအပြားက ၎င်းကို သက်သေပြနိုင်သည်။ ချူးယွင်ဖန်း သည် အမှန်ပင် သေခြင်းတရား၏ ရောင်ဝါအောက်တွင် ဖုံးလွှမ်းနေခဲ့ပြီဖြစ်ရာ ဤသို့သော အခြေအနေမျိုးတွင် သူအသက်ရှင်ရန် လုံးဝမဖြစ်နိုင်ပေ။
ထို့နောက် ချူးယွင်ဖန်း ပျောက်သွားသည်။ လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း သူ့ကို မည်သူမျှ ထပ်မတွေ့ခဲ့ကြဖူးပေ။ ထို့ကြောင့် ချူးယွင်ဖန်းက သူ့အသက်ကို ခွန်အားနှင့် လဲလှယ်ခဲ့ကြောင်း ကောလဟာလကို အတည်ပြုခဲ့သည်။
ချူးယွင်ဖန်း ကျဆုံးသွားပြီဖြစ်သည်။
ပြည်ထောင်စုတက္ကသိုလ်တွင်း၌လည်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။ ၎င်းတို့၏သမိုင်းတစ်လျှောက်တွင် ချူးယွင်ဖန်း လုပ်နိုင်သကဲ့သို့ မည်သူမျှ မလုပ်နိုင်ကြပေ။ ပြည်ထောင်စုတက္ကသိုလ်သမိုင်းတွင် ထူးချွန်သူများနှင့် ပြည့်နှက်နေသော်လည်း ၎င်းတို့၏ ဒုတိယနှစ်တွင် ကျန်းမိသားစုကဲ့သို့သော ကြီးမားသောပုဂ္ဂိုလ်များကို အနိုင်ယူနိုင်သည့် မည်သူမျှ မရှိခဲ့ပေ။ နောက်ဆုံးတွင် ကျန်းမိသားစု၏ ဘိုးဘေးက စတင်လှုပ်ရှားခဲ့သည်။
ထိုသို့သောလူကို မွန်းစတားအဖြစ် သတ်မှတ်ထားခြင်းသည် ပြဿနာမဟုတ်ပေ။
သို့သော် မွန်းစတားတစ်ကောင်က မည်မျှပင် ပြောင်မြောက်သည်ဖြစ်စေ အတိတ်သည် အတိတ်ဖြစ်၏၊ သေခြင်းသည် သေခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်း သည် ဒဏ္ဍာရီဖြစ်လာကာ လျင်မြန်စွာပင် မေ့ပျောက်ခြင်းခံခဲ့ရသည်။
ခါးသက်ဖွယ်ကောင်းသော်လည်း ဤသည်က အမှန်တရားသာဖြစ်သည်။
ချူးယွင်ဖန်း သေပြီဟု ၎င်းတို့ထင်သောအခါတွင် သူပြန်ပေါ်လာသည်။
လူတိုင်းက သရဲတစ်ကောင်ကို မြင်နေရပြီဟုထင်လိုက်ကြရသည်။ ရှဖန်နှင့် လွမ်ရင်းယွီတို့သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ချူးယွင်ဖန်းကို ကြည့်နေကြသည်။ ၎င်းတို့၏ ခေါင်းဆောင်သေဆုံးသွားပြီဟုထင်ခဲ့ကြ၍ ပြန်လည်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
အတူတူ အသက်စွန့်ခဲ့ကြသော နေ့ရက်များကို ပြန်တွေးကြည့်မိလျှင် ၎င်းတို့က သူ့ကို မည်သို့ မေ့နိုင်ကြလိမ့်မည်နည်း။ အထူးသဖြင့် လွမ်ရင်းယွီအတွက်ဖြစ်ရာ သူမကို နတ်ဆိုးများက တိုက်ခိုက်ခဲ့စဥ်က ချူးယွင်ဖန်းက ကယ်တင်ခဲ့သည်။ ၎င်းတို့ အလွန်စိတ်လှုပ်ရှားလွန်းကြသဖြင့် စကားမပြောနိုင်ကြတော့ပေ။ ၎င်းတို့နောက်မှ အငယ်တန်းများက ချူးယွင်ဖန်းကို တစ်ခါမျှ မတွေ့ကြဖူးသည့်တိုင် သူ့ပုံများကို မြင်ဖူးကြသည်။
ဤသည်မှာ ၎င်းတို့ဆရာ၏ အထူးချွန်ဆုံး တပည့်ဖြစ်သည်ကို သူတို့ မည်သို့မသိဘဲနေကြလိမ့်မည်နည်း။ ချူးယွင်ဖန်း သည် တစ်ချိန်က ကောင်းကင်ဘုံသို့ ထိုးဖောက်၍ ဒဏ္ဍာရီ ရေးထိုးခဲ့သူဖြစ်သည်။
၎င်းတို့ကလည်း ချူးယွင်ဖန်းကို လေးစားမှုအပြည့်ဖြင့်ကြည့်နေကြသည်။ တက္ကသိုလ်သို့ ဝင်ရောက်ခဲ့စဥ်မှစ၍ ချူးယွင်ဖန်း၏ ပုံပြင်များက မသေသေးပေ။ သူ့အကြောင်းကြားခဲ့ကြစဥ်က ၎င်းတို့၏ နားများကို မယုံမကြည်နိုင်ဖြစ်ခဲ့ကြရသည်။ သူသည် ဒဏ္ဍာရီထဲမှ ဒဏ္ဍာရီတစ်ခုဖြစ်သည်။
"မင်း... မင်း..." နည်းပြဆရာက ချူးယွင်ဖန်းကို လက်ညှိုးထိုးလျက် မယုံကြည်နိုင်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"မင်းအသက်ရှင်နေသေးတယ်" သင်တန်းဆရာ တစ်ယောက်က လန့်သွားသည်။
"ကျုပ် အသက်ရှင်နေသေးတာ ထူးဆန်းနေသလား" ချူးယွင်ဖန်းသည် လေ့ကျင့်ရေးခန်းမမှ ဖြည်းညှင်းစွာ ထွက်လာ၍ တည်ငြိမ်စွာပြောလိုက်သည်။
"ချူးယွင်ဖန်း တကယ်အသက်ရှင်နေသေးတယ်”
ကျန်းမိသားစုမှ ဟက်ကာများအားလုံး လုံးဝ အံသြသွားကြသည်။ ၎င်းတို့သည် ကျန်းမိသားစုအတွင်းမှ သာမန်လူများသာ ဖြစ်ကြကာ အထက်တန်းစားများဟု သတ်မှတ်ခြင်းမခံထားကြရသော်လည်း ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျန်းမိသားစုကို ထိခိုက်ပျက်စီးစေခဲ့သည်ကို အားလုံးကြားသိခဲ့ရသည်။
မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများစွာ သေဆုံးခဲ့၍ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ သေဆုံးကာ ဒဏ်ရာရခဲ့ကြသည်။ ချူးယွင်ဖန်းသည် အဆင့်မြင့် စက်ကိရိယာ ဒါဇင်ပေါင်းများစွာကိုလည်း ဖျက်ဆီးခဲ့၍ ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေခဲ့သည်။
၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုသည် ကျန်းမိသားစုဝင်များဆီသို့ မက်ဆေ့ချ်ပို့ရန် ကြိုးစားခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်း သေဆုံးပြီဟု ကျန်းမိသားစုဝင်များက အတည်ပြုခဲ့ပြီးနောက် ရှာဖွေမှုကို ရပ်တန့်ခဲ့ကြသည်။ သို့သော်
သူမသေကြောင်းကို မည်သူသိသနည်း။ သတင်းထွက်လာသည်နှင့် ကျန်းမိသားစုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
သို့သော် ၎င်းတို့ မလုပ်ဆောင်မီတွင် ပေတစ်ရာကျော် ရှည်လျားသော ဓားရှည်ကြီးတစ်စင်းကဲ့သို့ ထ္ပက်ပေါ်လာသော ဓားအလင်းကို တွေ့လိုက်ရသည်။ ကျန်းမိသားစုမှ လွှတ်လိုက်သော ဟက်ကာများအားလုံး ဝမ်းနည်းစွာ သေဆုံးသွားကြသည်။
"မင်းလူတွေကိုသတ်ရဲလား" နည်းပြဆရာက ချူးယွင်ဖန်းကို လက်ညှိုးထိုးပြကာ ဒေါသတကြီး ပြောလိုက်သည်။
"ဟက်ကာနည်းနည်းလောက် မပြောနဲ့ ကျန်းမိသားစုထဲက လူတော်တော်များများကို ငါသတ်ပစ်လိုက်ပြီ။ ငါ့ဆရာရဲ့ လေ့ကျင့်ရေးခန်းမကို ဆန့်ကျင်ဖို့ ကြံစည်ရဲတဲ့အတွက် သူတို့ သေဖို့အသင့်ပြင်ထားသင့်တယ်” ချူးယွင်ဖန်း က အေးစက်စွာပြောလိုက်သည်။
“ပြည်ထောင်စု၏ သီးသန့်နေထိုင်ရာကို ကျူးကျော်ဝင်ရောက်ရင် တစ်ခုတည်းသောအဆုံးသတ်က သေခြင်းတရားပဲကွ။ အခု မင်းတို့က ငါ့ကို လူသတ်ဖို့ ဖိအားပေးနေကြတာပဲ။ စစ်မြေပြင်ကို မင်းတို့ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”
ချူးယွင်ဖန်းသည် ဤသင်တန်းပို့ချသူများကို စိုက်ကြည့်၍ ရယ်မောလိုက်သည်။ ၎င်းတို့သည် ထူးချွန်သူများအဖြစ် သတ်မှတ်ခံထားရကာ အများစုမှာ မွေးဖွားခြင်းနယ်မြေအဆင်တွင် ရှိနေကြသော်လည်း စစ်မြေပြင်မှ အနားယူခဲ့သော ကျန်းယွမ်ပင်ကဲ့သို့သော လူများနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
“ခင်ဗျားတို့ လူတွေလည်း သေသင့်တယ်။ ဒါပေမယ့် ခင်ဗျားတို့က ပြည်ထောင်စုတက္ကသိုလ်ရဲ့ နည်းပြဆရာဆိုတော့ ကျုပ် ခင်ဗျားတို့ကိုမသတ်ဘူး။ ခင်ဗျားတို့မှာရှိတဲ့ လက်တစ်ဖက်တိုင်းကို ဖြတ်ပစ်ကြမယ်။ သေတာထက်စာရင် ဒါက သေးငယ်တဲ့ ပြစ်ဒဏ်ပဲ” ချူးယွင်ဖန်းက နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။
သူသည် ဤလူ့ဘီလူးများကို စော်ကားရန် မကြောက်သော်လည်း ပြည်ထောင်စုတက္ကသိုလ်၌ ရန်သူကို မချန်ခဲ့ချင်ပေ။ သူ့ကို ပြည်ထောင်စုတက္ကသိုလ်က ပျိုးထောင်ပေးခဲ့ခြင်းဖြစ်သဖြင့် ၎င်းတို့အပေါ် အနည်းငယ်သက်ညှာပေးလိုသည်။ တက္ကသိုလ်မရှိလျှင် ဤအဆင့်ထိ ကြီးပွားရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ဤလူများကို သတ်ခဲ့လျှင် တက္ကသိုလ်၌ရှိနေသော နည်းပြဆရာများအားလုံးက ၎င်းတို့ကို ဆန့်ကျင်ကြပေလိမ့်မည်။ လူများက ကိုယ့်အမျိုးအတွက်သာ ကိုယ်ရပ်တည်ကြသည်ဖြစ်၍ ချူးယွင်ဖန်းက ဤသဘောတရားကို ကောင်းစွာနားလည်ထားသည်။
"ဒါပေမယ့် ခင်ဗျားတော့ သေရမယ်" ချူးယွင်ဖန်းက အလယ်အလတ်ခန္ဓာကိုယ်ရှိသော နည်းပြကို ကြည့်၍ပြောသည်။
"ခင်ဗျားက ကျန်းမိသားစုက မဟုတ်လား။ ခင်ဗျားရဲ့ ဘိုးဘေးကြီးက ကျုပ်ဆရာကို ဝိုင်းဖို့ လူဆိုးတစ်စုနဲ့ပေါင်းလိုက်တာတောင် ကျုပ်ဆရာရဲ့ လေ့ကျင့်ရေးခန်းမကို သိမ်းပိုက်ဖို့ လူတွေကို ခေါ်လာရဲတယ်ပေါ့။ ဒီကိစ္စကို ကျုပ် မျက်နှာလွှဲပေးလိုက်မယ်လို့ တကယ်ထင်လား”
"ချူးယွင်ဖန်း ဒါ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလို့ မင်းထင်နေသလား။ မင်းရဲ့အကြီးဆုံး ကျောထောက်နောက်ခံဖြစ်တဲ့ ကျန်းယွမ်ပင်က သေသွားပြီကွ။ ဒီနေ့ပြီးရင် မင်းသေလိမ့်မယ်။ မင်း အခုထိ မာန်တက်နေသေးတယ်ပေါ့”
အလယ်အလတ် နည်းပြဆရာက ရှေ့သို့ တိုးလာသည်။
မှန်သည်။ သူသည် ကျန်းမိသားစုမှ နည်းပြဆရာဖြစ်သည်။ သူသည် ကျန်းမိသားစုမှ နည်းပြဆရာဖြစ်ရာ မဟုတ်ပါက ကျန်းမိသားစု၏ အကောင်းဆုံးဟက်ကာများကို ငှားနိုင်မည်မဟုတ်ပေ။ ထိုဟက်ကာများသည် ကျင့်စဥ်အဆင့် မမြင့်ကြသော်လည်း ကွန်ပျူတာစနစ်များ၌ ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။ အပြင်လောကက ဤသို့လုပ်ချင်လျှင်ပင် ငှားနိုင်ကြမည်မဟုတ်ပေ။
ချူးယွင်ဖန်းက ဤအကြောင်းကို ကြားဖူးသော်လည်း မကြောက်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်း မည်ကဲ့သို့ ရှင်သန်နိုင်သည်ကို သူမသိပေ။ ချူးယွင်ဖန်းသည် ကြီးမားသောတန်ကြေးကို ပေးဆောင်ရပေလိမ့်မည်ဖြစ်ကာ သူ့အသက်ကို ခွန်အားနှင့် ထပ်မံလဲလှယ်ရန် သတ္တိရှိမည်ဟု သူ မထင်ပေ။
"ဟမ်၊ ကံကောင်းလိုက်တာ။ မင်းအသက်ရှင်နေသေတာ သိရတာ ကံကောင်းတာပဲ။ မင်းကိုသတ်ပြီး ခေါင်းကို ဖြုတ်ပေးမယ်”
ချူးယွင်ဖန်း ကိုကြည့်၍ အလယ်အလတ်တန်းစား နည်းပြ၏ မျက်လုံးများ တောက်ပလာသည်။
“ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေတာပဲ”
အခန်း(၇၄၉) ဒဏ္ဍာရီလာ ချူးယွင်ဖန်း ၏ ခွန်အား
ချူးယွင်ဖန်း သည် အေးစက်စွာနှာခေါင်းရှုတ်၍ ကျန်းမိသားစုမှ ဆရာကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်လျက်ရှိသည်။ အခြားနည်းပြများက ကျန်းမိသားစု နည်းပြဆရာ၏နောက်တွင် ရပ်နေကြသည်။ ၎င်းတို့ ဤအတိုင်းအတာထိ လာခဲ့ကြပြီဖြစ်ကာ ချူးယွင်ဖန်း၏စကားကြောင့် ဤလေ့ကျင့်ရေးခန်းမကို မစွန့်လွှတ်နိုင်ကြပေ။ ဤလေ့ကျင့်ရေးခန်းမကို သိမ်းပိုက်ပိုင်ခွင့်မရှိဟု ၎င်းတို့ သိထားသော်လည်း ၎င်းကို ဖယ်ထုတ်လိုက်ခြင်းဖြင့် အကျိုးအမြတ်များစွာရရှိပေလိမ့်မည်ဖြစ်သည်။
နတ်အဆင့် ပညာရှင်တစ်ဦးသည် မည်မျှချမ်းသာသနည်း။ စိတ်ပင် စိတ်ကူးနိုင်လိမ့်မည်မဟုတ်ပေ။ စက်ပစ္စည်းအနည်းငယ်သာ ယူခဲ့သော်ငြားလည်း ၎င်းတို့အတွက် အကျုံးဝင်မည်ဖြစ်သည်။
ချူးယွင်ဖန်းက ၎င်းတို့၏ လက်တစ်ဖက်ကို ဖြတ်ပစ်ချင်နေကြခြင်းသည် အကြီးအကဲများကို စော်ကားခြင်းပင်ဖြစ်သည်။ ၎င်းတို့သည်လည်း သာမန်နည်းပြများမဟုတ်ကြပေ။ ချူးယွင်ဖန်း၏ ခွန်အားဖြင့် သာမန် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် နည်းပြဆရာက ဆန့်ကျင်နိုင်မည်မဟုတ်သော်လည်း ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ချူးယွင်ဖန်းက မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ သူသည် ၎င်းတို့နှင့် တန်းတူဖြစ်ရမည်။
နောက်ဆုံးတွင်မူ ချူးယွင်ဖန်းသည် ယခင်က သူ့ကိုယ်ပိုင်အစွမ်းထက် ဆေးကြောင့်သာ ကျန်းမိသားစုနယ်မြေတွင် ထိုသို့လုပ်နိုင်ခဲ့ခြင်းဖြစ်သ်ည။
...
"ချူးယွင်ဖန်း၊ မင်းရဲ့ခွန်အားကို မြင့်လာစေတဲ့ ဆေးဖော်မြူလာကို ငါတို့လက်ထဲအပ်လိုက်ရင် မင်းအသက်ကို ငါ သက်ညှာပေးလိုက်မယ်” ကျန်းမိသားစုနည်းပြဆရာက ကျယ်လောင်စွာပြောလိုက်သည်။
"မှန်တယ် ဖော်မြူလာကို လက်လွှဲပေးစမ်း”
အခြားသင်တန်းဆရာများကလည်း အော်ငေါက်ကြသည်။
ချူးယွင်ဖန်း၏အမူအရာသည် ပို၍အေးစက်လာကာ ၎င်းတို့ကို ကြည့်၍ ဘာသိဘာသာပြောလိုက်သည်။
"ကျုပ်စိတ်ပြောင်းသွားပြီ။ လက်တစ်ဖက်ကို ချိုးရုံနဲ့ မလုံလောက်ဘူး။ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ နည်းပြဆရာလို့ ခေါ်နေကြတာလား။ ခင်ဗျားတို့ရဲ့ ကျင့်ကြံစဥ်ကို ဖျက်ဆီးပစ်ပြီး ပြည်ထောင်စုတက္ကသိုလ်ကနေထွက်သွားအောင်လုပ်ပစ်မယ်။ မဟုတ်ရင် လူတွေကို လမ်းလွဲစေလိမ့်မယ်။”
"ခွေးသူတောင်းစား”
"ဒီလောက်တောင် စိတ်ကြီးဝင်နေတာ”
"မေ့လိုက်ပါ။ သူ့လျှို့ဝှက်ချက်တွေကို ထုတ်ပြောအောင်ပဲလုပ်လိုက်ကြရအောင်။ သူက တက္ကသိုလ်မှာ ခဏပဲနေခဲ့ပေမယ့် သူ့ကျင့်ကြံစဥ်က တုန်လှုပ်စရာပဲ။ လျှို့ဝှက်ချက်တွေရှိကိုရှိရမယ်”
၎င်းတို့က ဤအဆင့်ထိ ရဲတင်းနေကြပြီဖြစ်၍ ချူးယွင်ဖန်းကလည်းဆက်လက်၍ ထိန်းထားတော့မည်မဟုတ်ပေ။
နည်းပြဆရာများဆီမှ ပြင်းထန်သော ရောင်ဝါများချက်ချင်းထွက်လာသည်။ အမှန်ပင် ၎င်းတို့အားလုံးသည် သင်တန်းဆရာများကြားတွင် ထူးချွန်သူများဖြစ်သည်။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေတတိယအဆင့်သို့မဟုတ် စတုတ္ထအဆင့်တွင်ရှိကြသည်။ ၎င်းတို့ထဲမှ ကျန်းမိသားစုနည်းပြဆရာသည် ဆဌမအဆင့် အထွတ်အထိပ်သို့ရောက်နေပြီဖြစ်၍ သတ္တမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ ပညာရှင်ပေါင်းများစွာကြောင့် ကျော်ကြားသော ပြည်ထောင်စုတက္ကသိုလ်တွင်လျှင်ပင် နည်းပြအနည်းငယ်ကသာ ထိုအဆင့်သို့ရောက်နိုင်ခဲ့ကြသည်။ ကျန်းယွမ်ပင်၏လေ့ကျင့်ရေးခန်းမကို ပစ်မှတ်ထားဝံ့သည်မှာ အံ့သြနေဖွယ်မဟုတ်ပေ။
"ခင်းဗျားက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက်ဆက်သွယ်ရန်ပင်မလိုဘဲ ချူးယွင်ဖန်းကို ဝိုင်းထားလိုက်ကြသည်။
"ခင်ဗျားတို့ကြည့်ရတာ စွမ်းအားအကြောင်း ဘာမှသိပုံမရဘူး”
“အသူရာလက်သီး”
သူ့အသံမဆုံးခင်၌ပင် ချူးယွင်ဖန်းက ဆုပ်ထားလက်စလက်သီးကို ထိုးသွင်းလိုက်သည်။ ချူးယွင်ဖန်း၏နောက်ကွယ်တွင် အသူရာ၏ ပုံရိပ်တစ်ခုပေါ်လာကာ လက်သီးတစ်လုံးဝင်လာ၏။
ဘမ်း
လက်သီးက ပြင်းထန်လွန်းသောကြောင့် ကောင်းကင်ယံ၌ စွမ်းအင်လှိုင်းလုံးများဖြစ်ပေါ်လာသည်။ မွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာများ အနားမကပ်မီ ချူးယွင်ဖန်း၏ လက်သီးများက ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီဖြစ်သည်။
ဘမ်း
ဘမ်း
ဘမ်း
ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ချူးယွင်ဖန်း၏ လက်သီးများက ၎င်းတို့အားလုံးကို တစ်ပြိုင်နက် ထိမှန်သွားသည်။ ပြည်ထောင်စုတက္ကသိုလ်မှ အဆင့်မြင့်၍ ခွန်အားကြီးမားသော ဤမွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာများသည် ဝင်လာသောတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ကြပေ။ ၎င်းတို့က တောင်တစ်လုံးဖြင့် ထိမိသွားသည့်နှယ် ချက်ချင်းလွင့်ထွက်ကာ မြေပြင်ပေါ်ပြန်ကျလာသည်။
အဟွတ်
ဤ မွေးဖွားခြင်းနယ်မြေအဆင့် သင်တန်းဆရာများအားလုံးက သွေးချောင်းများအန်ထုတ်၍ ၎င်းတို့၏ ရင်ဘတ်များကို ဖိထားလိုက်ကြသည်။ ချူးယွင်ဖန်းက ချက်ချင်းဆိုသကဲ့သို့ပင် ၎င်းတို့ကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။
ဤသည်ကား လက်သီးချက်တစ်ချက်တည်းမျှသာဖြစ်သည်။
၎င်းတို့အားလုံး မယုံကြည်နိုင်ခဲ့ကြပေ. ပြည်ထောင်စုတက္ကသိုလ်၌ နည်းပြဆရာဖြစ်ခဲ့လာပြီးစဥ်မှစ၍ မွန်းစတားများ၊ ပါရမီရှင်များနှင့် ကြုံခဲ့ရသော်လည်း လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားကို မည်သူမျှ မကြားခဲ့ဖူးပေ။
ချူးယွင်ဖန်း သည် ကောလဟာလများထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသည်။ သူသည် ဆေး၏ အစွမ်းကို မှီခိုနေရကာ ကျင့်ကြံမှုအဆင့်က ဖော်ပြရန်ပင်မထိုက်တန်ကြောင်း အများက ပြောခဲ့ကြသော်လည်း ယခု ၎င်းတို့ တွေးကြည့်မိသောအခါ အမှန်ပင် ရယ်စဖွယ်ကောင်းလှသည်။
သို့သော် နောက်ကျသွားပြီဖြစ်၏။ ချူးယွင်ဖန်းက စတင်လှုပ်ရှားခဲ့ကာ ၎င်းတို့အားလုံးကို အလွယ်တကူ အနိုင်ယူခဲ့သည်။ ၎င်းတို့၏ ခွန်အားသည် သူ့အောက်တွင်ရှိနေ၏။ ထို့နောက်တွင် ချူးယွင်ဖန်း၏လက်တစ်ဖက်စီသည် ဓားရှည်များကဲ့သို့ ဤမွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာများ၏ ဒျန်ထျန်များထဲသို့ ဝင်ရောက်ကာ ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
“အားးးး ငါ့ ဒျန်ထျန်”
"မင်း ငါ့ရဲ့သိုင်းပညာကို ဖျက်ဆီးပစ်လိုက်တယ်…”
နည်းပြဆရာများသည် ၎င်းတို့၏ ဒျန်ထျန်များဖျက်ဆီးခံလိုက်ကြရသဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေကြသည်။ ၎င်းတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုများရှိသေးသော်လည်း ဆက်လက်၍ လေ့ကျင့်နိုင်ကြတော့မည်မဟုတ်ပေ။
ထို့အပြင် ၎င်းတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုကလည်း အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာမည်ဖြစ်သည်။ ၎င်းတို့သည် သာမန်လူများနှင့် လုံးဝ ကွာခြားပေလိမ့်မည်မဟုတ်ပေ။
ဆေးဘက်ဆိုင်ရာ နည်းပညာက အလွန်အမင်း တိုးတက်လာသော်လည်း ဤကိစ္စသည် ဒျန်ထျန်နှင့် သက်ဆိုင်နေသည်ဖြစ်ရာ ဒျန်ထျန်ထိခိုက်မှုများသည် မရီးဒျန်များကို အလွန်အမင်းပြဿနာဖြစ်စေသည်။ ထို့အပြင် ၎င်းတို့၏ ဒျန်ထျန်ပျက်ဆီးသွားသဖြင့် ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်တော့ပေ။ လူအနည်းစုကသာ ဤသည်ကို ပြန်လည်ကောင်းမွန်စေရန် လုပ်နိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့သော ဖြစ်နိုင်ခြေသည် အလွန်နည်းပါး၏။
၎င်းတို့၏ မျက်နှာများသည် မုန်းတီးမှုနှင့် ကြောက်ရွံ့မှုများဖြင့် တဖျပ်ဖျပ်ဖျပ်လတ်နေသည်။ ယခုအချိန်တွင် ကြောက်မက်ဖွယ်အကောင်းဆုံးသောနတ်ဆိုးဖြင့် ရင်ဆိုင်နေရပြီဟုတွေးမိနေကြသည်။
သို့သော်လည်း ၎င်းတို့က လက်တုံ့ပြန်ရန် မလုပ်ခဲ့ကြပေ။ အကယ်၍ ၎င်းတို့ကသာ ချူးယွင်ဖန်း၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် အတင်းအကြပ်ဖိအားမပေးလျှင် ဤကဲ့သို့ စိတ်ဆိုး၍ စိတ်ပြောင်းသွားမည်မဟုတ်ပေ။
တကယ်တမ်းတွင် ၎င်းတို့က ကိုယ့်သေတွင်းကိုယ် တူးလိုက်ကြခြင်းသာဖြစ်သည်။ ၎င်းတို့၏ ဒျန်ထျန်များ ပျက်ဆီးသွားပြီးနောက် သာမန်လူများဖြစ်လာခဲ့ကြသည်။ မဟုတ်၊ ၎င်းတို့သည် သာမန်လူများဖြင့်ပင် ယှဥ်နိုင်ကြမည်မဟုတ်ပေ။
နည်းပြဆရာများအတွက် ချူးယွင်ဖန်းသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ သို့သော် ရှဖန်နှင့်အခြားသူများအတွက်မူ သူသည် နတ်ဘုရားတစ်ပါးအလားပင်ဖြစ်၏။
ရှဖန်နှင့် ကျန်သူများအတွက မွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာသည် ၎င်းတို့ အိပ်မက်မက်နိုင်သောအရာဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ယောက်တည်းကပင် မိမိတို့ကို သတ်ပစ်ရန် ခွန်အားရှိသည်။
သို့သော် ချူးယွင်ဖန်းအတွက်မူ ဤနည်းပြဆရာသည် မည်သည့်အဆင့်မျှမရှိပေ။ လက်သီးတစ်ချက်တည်းဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို လွင့်ထွက်သွားစေခဲ့သည်။
“ဘာစွမ်းအားလဲ။ ဒါ စီနီယာချူးလား”
"သူက ဒဏ္ဍာရီထဲကလိုပဲ တကယ် စွမ်းအားကြီးတာပဲ”
"နောက်ဆုံးတော့ ငါတို့မှာ ထောက်တိုင်တစ်ခုရှိလာပြီ"
ရှဖန်၏ နောက်မှ ကျောင်းသားများက စိတ်လှုပ်ရှားစွာပြောလိုက်ကြသည်။ ကျန်းယွမ်ပင်သေဆုံးနိုင်သည်ကို သိရှိပြီးနောက် ၎င်းတို့ ပြိုလဲသွားခဲ့ကြသည်။ သို့သော် ယခု နောက်ဆုံးတွင် မျှော်လင့်ချက်များထပ်ရှိလာပြန်သည်။
ရှဖန်နှင့် လွမ်ရင်းယွီတို့သည်မူ စိတ်လှုပ်ရှားနေကြသော်လည်း မအော်မိကြပေ။ ထိုအချိန်တွင် ကျန်းမိသားစုမှ နည်းပြဆရာတစ်ဦးတည်းသာ ကွင်းပြင်ပေါ်တွင် ရပ်နေခဲ့သည်။ သူသည် ဤလူများကြားတွင် အမြင့်ဆုံးကျင့်ကြံစဥ်ရှိ၍ သူ၏အမူအရာကလည်း အလွန်လေးနက်လျက်ရှိသည်။
"ချူးယွင်ဖန်း အမှားမလုပ်နဲ့" ကျန်းမိသားစုနည်းပြဆရာက ချူးယွင်ဖန်းကို အယုံသွင်းရန် ကြိုးစားခဲ့သည်။
"အမှားလုပ်မိလို့လား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
သူ့စကားဆုံးသည်နှင့် ကျန်းမိသားစု၏ နည်းပြရှေ့တွင် ပေါ်လာ၍ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။
ဘမ်း
ကျန်းမိသားစုနည်းပြသည် လွင့်ထွက်၍ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာသည်။
"ခင်ဗျားလိုလူက ကျုပ်ဆရာရဲ့ လေ့ကျင့်ရေးခန်းမကို ထိလိုက်တာ ဘယ်လောက်တောင် သတ္တိရှိနေတာလဲ"
ချူးယွင်ဖန်းက သူ့လက်တစ်ဖက်ကို ဓားကဲ့သို့ အသုံးပြုလိုက်ရာ ကျန်းမိသားစုနည်းပြဆရာသည် ဓားအလင်းဖြင့် ထိုးဖောက်ခံရ၍ ချက်ချင်းသေဆုံးသွားခဲ့သည်။
အခန်း (၇၅၀) ထောင့်တိုင်းတွင် အန္တရာယ်များ ခိုအောင်းနေ၍ မိမိခွန်အားကို တိုးမြှင့်ခြင်း
ယခုအချိန်မှသာ ချူးယွင်ဖန်းကို ငိုယို၍ ကျိန်ဆဲနေသော နည်ပြဆရာများအားလုံး ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို သတ်ဖြတ်ရန် သတ္တိရှိသူဖြစ်ကြောင်း အဆုံးတွင် သဘောပေါက်သွားသောကြောင့် ၎င်းတို့၏ သိုင်းပညာများကို ဖျက်ဆီးခြင်းက သူ့အတွက် အသေးအဖွဲ့ကိစ္စတစ်ခုသာဖြစ်သည်။ ချူးယွင်ဖန်းသည် ဆေးဖက်ဝင်ဆေးများနှင့် သူ၏ နတ်အဆင့် နည်းပြဆရာ ကျန်းယွမ်ပင်ကို အားကိုးနေခြင်းဟုသာ ယခင်က ၎င်းတို့အားလုံး ထင်မှတ်ခဲ့ကြသည်။ ယခုအချိန်မှသာ ချူးယွင်ဖန်းက သန်မာသူဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။
"ကျုပ် စိတ်မပြောင်းခင် မြန်မြန် ထွက်သွားတော့" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
၎င်းနည်းပြဆရာများ ထိုနေရာတွင် ဆက်မနေရဲတော့ဘဲ ထွက်ပြေးရန်အတွက် အလျင်အမြန် ရုန်းကန်နေကြသည်။ ခဏအကြာတွင် ၎င်းတို့အားလုံး ပျောက်ကွယ်သွားကြသည်။
"ရှင် မသေသွားလို့ တော်သေးတာပေါ့ ခေါင်းဆောင်ချူး" လွမ်ရင်းယွီသည် မျက်ရည်များဝဲကာ ပြောလိုက်သည်။
ရှဖန်က စကားမပြောသော်လည်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။ လူတိုင်းသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ချူးယွင်ဖန်း ကွယ်လွန်သွားပြီဟု ထင်မှတ်ထားကြသောကြောင့် သူ အမှန်တကယ် အသက်ရှင်နေမည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ ချူးယွင်ဖန်းသည် လွန်ခဲ့သော နှစ်နှစ်တွင် ရှဖန်နှင့် အခြားသူများကို မဆက်သွယ်ခဲ့ပေ။ လူအရေအတွက်များလွန်းလျှင် ကျွေးမွေးရန် ပါးစပ်များလည်း များလွန်းနေမည်ဖြစ်သည်။ အချို့သောအရာများသည် လူအများ သိရှိပြီးသည်နှင့် ပျံ့နှံ့သွားမည်မှာ သေချာသည်။ ချူးယွင်ဖန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"အခု ဆရာကျန်း မရှိတော့ဘူးဆိုတော့ ငါတို့ ဘာလုပ်ရမယ်မှန်း မသိတော့ဘူး" လွမ်ရင်းယွီက ငိုရှိုက်လျက် ပြောလာသည်။
ပြည်ထောင်စုတက္ကသိုလ်ရှိ လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်နည်းပြဆရာများ ရှိကြသည်။ ၎င်းတို့သည် နည်းပြဆရာမရှိလျှင် မိဘမဲ့များနှင့် ဆင်တူနေသည်။ ၎င်းတို့၏ အကျိုးခံစားခွင့်နှင့် ရပိုင်ခွင့်များကို ရယူပေးရန်အတွက် နည်းပြတစ်ဦး လိုအပ်နေသည်။ ယခုကဲ့သို့ ချူးယွင်ဖန်း ပေါ်ပေါက်လာသောအခါ မီးပြတိုက်တစ်ခု ရုတ်တရက် လင်းလက်သွားသကဲ့သို့ ၎င်းတို့ ခံစားလိုက်ရသည်။
“ဆရာကျန်း အဆင်ပြေနေမယ်လို့ ငါ ယုံကြည်တယ်။ ပြီးတော့ စွယ်စုံကျမ်းက သူဘယ်မှာ ရှိနေတယ်ဆိုတာကို မသိဘူးလို့ပဲ ပြောထားတာလေ။ သူ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးနေမယ်လို့ ငါ ယုံကြည်တယ်” ချူးယွင်ဖန်းက နှစ်သိမ့်လိုက်သည်။
“ကျန်းယွမ်လော်နဲ့ စာရင်းရှင်းဖို့က သိပ်မလိုတော့ဘူး။ အခုက အတိုး စုဆောင်းတာလောက်ပဲ ရှိသေးတာပါ"
ရှဖန်နှင့် လွမ်ရင်းယွီတို့က အဆင်ပြေသော်လည်း ၎င်းတို့အနောက်ရှိ ကျောင်းသားများက ချူးယွင်ဖန်း၏ ပြင်းထန်သော အပြုအမူနှင့်ပတ်သက်၍ နေသားမကျသေးပေ။ အဆုံးတွင် ၎င်းတို့သည် ကျန်းမိသားစု ဘိုးဘေးနှင့်ပတ်သက်၍ ပြောနေကြခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် သဘာဝလွန်စွမ်းအင်များ ပိုင်ဆိုင်ထားသည့် ကျွမ်းကျင်သူတစ်ဦးကို စိန်ခေါ်ရန် သတ္တိရှိခြင်းဖြစ်လေသလော။
“အင်းပါ" လွမ်ရင်းယွီက ခေါင်းညိတ်လိုက်သည်။
“ဒီနေရာကို နည်းနည်းလောက် ရှင်းလိုက်ဦး။ တစ်ယောက်ယောက် ဝင်ဖို့ကြိုးစားရင် ငါ့ကို စာပို့လိုက်။ တက္ကသိုလ်က လာမေးရင် မင်းတို့ကို ပြဿနာမရှာရအောင် အကုန်လုံးက ငါလုပ်တာလို့ ပြောလိုက်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ရှဖန်နှင့် အခြားလူများက တွန့်ဆုတ်နေခြင်း မရှိကြပေ။ ၎င်းတို့သည် အရာရာကို တာဝန်ယူတတ်သည့် ချူးယွင်ဖန်း၏ အလေ့အထနှင့်ပတ်သက်၍ ကျင့်သားရနေပြီးသားဖြစ်သည်။ ထို့အပြင် ၎င်းတို့က ခံနိုင်ရည်မရှိသော်လည်း ချူးယွင်ဖန်းက ထိုသို့သော ထိပ်တိုက်ရင်ဆိုင်မှုအဆင့်မျိုးကို ခံနိုင်ရည်ရှိသူဖြစ်ကြောင်း ၎င်းတို့သိထားသည်။ မည်သည့် မွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာမျိုးဖြစ်ပါစေ ၎င်းတို့အပေါ် ဘေးအန္တရာယ်များဖြစ်ပွားစေရန် လုံလောက်နေပေလိမ့်မည်။
"ငါ့မှာ လုပ်စရာတွေရှိသေးလို့ ငါ အရင်သွားနှင့်မယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်းသည် ဤနေရာမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သူ အသက်ရှင်နေသေးသည်ဟူသော သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်သောကြောင့် မကြာမီတွင် လေ့ကျင့်ရေးခန်းမ၌ ပြဿနာများ ကျရောက်လာပေလိမ့်မည်။ သူသည် ပြဿနာဖြစ်ပွားမည်ကို မကြောက်ရွံ့သော်လည်း ယခုကဲ့သို့ အဆင့်ဖြတ်ကျော်ခါနီးတွင် ဆိတ်ငြိမ်သော နေရာတစ်ခု လိုအပ်နေသည်။ ထို့အပြင် သူသည် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်သို့ ဖြတ်ကျော်လိုပါက များစွာသော စွမ်းအင်အရင်းအမြစ်နှင့် ဝိညာဉ်ကျောက်တုံးများ လိုအပ်မည်ဖြစ်သည်။ လုချင်းရွှမ်ကို ရှာဖွေခြင်းဖြင့်သာ ဤပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
ရှန်ဟဲဆေးပညာကုမ္ပဏီသည် နှစ်နှစ်အကြာတွင် လုံလောက်သောအဆင့်အထိ တိုးတက်လာခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ကျင့်ကြံမှု အရင်းအမြစ်များ ပံ့ပိုးပေးရန်အတွက် ခက်ခဲမည်မဟုတ်ပေ။ ဤသည်မှာ ကုမ္ပဏီကို တည်ထောင်ရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။ မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်သည် သူနှင့် လက်တစ်ကမ်း အကွာတွင် ရှိနေသောကြောင့် ဆဋ္ဌမအဆင့်သည်လည်း သူနှင့် ဝေးကွာမည် မဟုတ်ပေ။
ရှင်ပြန်ထမြောက်ခြင်းမှ အကြီးမားဆုံး အကျိုးအမြတ်သည် သူ၏အခြေခံအုတ်မြစ်ကို တောင့်တင်းခိုင်မာစေခြင်းသာဖြစ်သည်။ သူသည် အခြားတစ်ဖက်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒျန်များကို ချဲ့ထွင်ခဲ့၍ သူ၏ ကျင့်ကြံမှုစွမ်းရည်ကို မြှင့်တင်နိုင်ခဲ့သည်။ ၎င်းသည် အလွန် ထူးခြားသော ခန္ဓာဖွဲ့စည်းပုံတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ သူ၏ ကျင့်ကြံမှုသည် တိုတောင်းသော ကာလအတွင်း ထပ်မံ မြင့်တတ်နိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်သွားသည်နှင့် ကျန်းယွမ်လော်ကိုယ်တိုင် ရောက်လာခြင်းမဟုတ်ပါက ရောက်လာသူတိုင်းကို အလွယ်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။
"ဖရိုဖရဲဖြစ်နေတဲ့ ဒီလောကကြီးမှာ အာဏာကို ဆုပ်ကိုင်ထားမှ တကယ်ကို သန်မာတဲ့လူဖြစ်မှာ။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကိုပဲ အမြဲတမ်း အားကိုးနေလို့ မရဘူး"
ထိုအခိုက်အတန့်တွင် တုန်ဟွာမြို့ရှိ ရှန်ဟဲဆေးပညာကုမ္ပဏီ၏ဌာနချုပ်တွင်။
နှစ်နှစ်အကြာတွင် ရှန်ဟဲဆေးပညာကုမ္ပဏီ၏ လုပ်ငန်းနယ်ပယ်သည် ပြည်ထောင်စုအတွင်းရှိ ဂြိုလ်တုမြို့များဆီသို့ စတင်ကျယ်ပြန့်လာခဲ့သည်။ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ မူလရုံးချုပ်သည် သင့်လျော်မှု မရှိတော့ပေ။ ထို့ကြောင့် လွန်ခဲ့သော တစ်နှစ်ခွဲခန့်တွင် ဌာနချုပ်ကို တုန်ဟွာမြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းမြို့ကြီးဆယ်မြို့ထဲမှ တစ်ခုဖြစ်သည်။ သို့မှသာ ကုမ္ပဏီ၏ လက်ရှိ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။
ရှန်ဟဲဆေးပညာကုမ္ပဏီကို တည်ထောင်ခဲ့သည်မှာ သုံးနှစ်သာ ရှိသေးသည်။ ကုမ္မဏီသည် ၎င်း၏ ချီဖြည့်တင်းခြင်းဆေးကို အားကိုး၍ ကမ္ဘာပေါ်ရှိ ထိပ်တန်း ဆေးကုမ္မဏီများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ ဤတိုးတက်မှုနှုန်းသည် အံ့အားသင့်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အင်အားကြီးမားသော နတ်အဆင့် ကျွမ်းကျင်သူ ကျန်းယွမ်ပင်၏ အကာအကွယ်ကို ရရှိခဲ့သည်။ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဤအားကောင်းသော ကျောထောက်နောက်ခံမျိုးဖြင့် အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။
ထို့အပြင် ချီဖြည့်တင်းဆေးများက အလွန် စျေးမကြီးသော်လည်း စူးစမ်းရှာဖွေသူများနှင့် ကြေးစားစစ်သည်များစွာအတွက် တောတွင်းသွားလာချိန်တွင် လိုအပ်သော ဆေးမျိုးဖြစ်ကြရာ၊ ၎င်း၏ အရောင်းပမာဏသည် အလွန် မြင့်မားလှသည်။ လူအများ၏အမြင်တွင် ဤကုမ္ပဏီ၏အနာဂတ်သည် အကန့်အသတ်မဲ့လှသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်တွင် ကျန်းယွမ်ပင် ပျောက်ဆုံးသွားသည်ဟူသော သတင်းသည် ရှန်ဟဲဆေးပညာကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အမှောင်အရိပ်အမြွက်များ ဖုံးလွှမ်းသွားစေသည်။
ကုမ္ပဏီ၏အပြင်ဘက်တွင် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦးက သက်လတ်ပိုင်း အမျိုးသားနှင့် လူငယ်အမျိုးသား တစ်ဦးတို့၏ ဦးဆောင်မှုအောက်တွင် လျင်မြန်စွာ ချဉ်းကပ်လာသည်။ အကယ်၍ ချူးယွင်ဖန်းသာ ဤနေရာတွင်ရှိနေလျှင် လမ်းပြနေသော လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် လူငယ်အမျိုးသားသည် ချူးဟုန်ယဲ့နှင့် သူ၏သားဖြစ်သူ ချူးကျိကော်မှလွဲ၍ အခြားသူမဟုတ်ကြောင်း သူ သတိထားမိသွားနိုင်သည်။
လွန်ခဲ့သည့်သုံးနှစ်နှင့် နှိုင်းယှဉ်ပါက ချူးမိသားစုမှ နှင်ထုတ်ခံရပြီးနောက် ၎င်းတို့တွင် စိတ်ဓာတ်ပြင်းထန်မှုမျိုး မရှိတော့ပေ။ ၎င်းတို့သည် အသက်အရွယ်အရ ပို၍အိုမင်းသွားကြကြောင်း သိသာထင်ရှားသည်။ ၎င်းတို့အတွက် ဤဖြစ်စဉ်သည် တိမ်တိုက်ပေါ်မှ ပြုတ်ကျခြင်းနှင့် မကွာခြားလှပေ။ ၎င်းတို့အနောက်ရှိ အသက်နှစ်ဆယ် ဝန်းကျင်အရွယ် လူငယ်သည် ဓားရှည်တစ်လက်ကို သူ၏နောက်ကျောတွင် သယ်ဆောင်ထားသည်။ သူသည် ရှေးကျသော ၀တ်ရုံရှည်ကို ၀တ်ဆင်ထား၍ သူ၏အနက်ရောင်ဆံပင်များက ပုခုံးထက်တွင် လွှမ်းခြုံထားကာ ခေါင်းမာသော အရိပ်အမြွက်များ ထုတ်လွှတ်နေသည်။
"သခင်လေးလင်း၊ အရှေ့က ရှန်ဟဲဆေးပညာကုမ္ပဏီပါ" ချူးကျိကော်က မျက်နှာချိုသွေးသော အမူအရာဖြင့် ပြောလိုက်သည်။
“နောက်ဆုံးတော့ ဒီကိုရောက်လာပြီ။ ခင်ဗျားတို့ရဲ့ သိုင်းပညာက ပျမ်းမျှလောက်ပဲဆိုပေမယ့် ဒီနည်းပညာလို့ခေါ်တဲ့ အရာက ဘယ်ဆိုးလို့လဲ"
သခင်လေးလင်းက ခေါင်းညိတ်ပြ၍ ပတ်ဝန်းကျင်ရှိ စည်ကားသော မြင်ကွင်းကို ကြည့်လိုက်သည်။ ပြည်သူများ၏ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုတွင် ထူးခြားသော အနေအထားမျိုးရှိနေကြောင်းကို သူကဲ့သို့သော ဂုဏ်မောက်သူတစ်ဦးပင် ဝန်ခံရပေလိမ့်မည်။
“အချိန်ကျရင် အဲဒီအမျိုးသမီးက ဆေးဖော်မြူလာကို လွှဲပေးလိမ့်မယ်။ ကျုပ်က ကုမ္ပဏီတစ်ခု တည်ထောင်ပြီးတာနဲ့ ခင်ဗျားတို့က ကူညီပြီး စီမံပေးရမယ်။ ကျုပ်က ကျုပ်ရဲ့ အချိန်တွေကို ကျင့်ကြံမှုမှာ သုံးဖို့ လိုအပ်တယ်" သခင်လေးလင်းက ဘာသိဘာသာ အမူအရာဖြင့် ပြောလိုက်သည်။
ချူးဟုန်ယဲ့နှင့် ချူးကျိကော်တို့သည် စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့သည် အချိန်အတော်ကြာ ကြိုးစားလုပ်ဆောင်ပြီးနောက် အဆုံးတွင် ဤအဆက်အသွယ်ကို ထူထောင်နိုင်ခဲ့သည်။ ထိုကြိုးစားမှုများက ဤအခိုက်အတန့်အတွက်သာ မဟုတ်လေသလော။
"ဒါပေမယ့် ရှန်ဟဲဆေးပညာကုမ္ပဏီရဲ့ ချီဖြည့်တင်းဆေး ဖော်မြူလာကို မျက်စိကျနေသူတွေက အများကြီးပဲ။ ကျွန်တော်တို့ကို လူတွေ လာနှောင့်ယှက်ကြမှာကို စိုးရိမ်မိတယ်” ချူးကျိကော်က သခင်လေးလင်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
"ဘာတွေကြောက်နေတာလဲ။ ကျုပ်က တစ်ယောက်တည်းလို့ ထင်နေတာလား။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းကလာတဲ့ ကျုပ်တို့ကို သမ္မတကတောင် လေးစားရတာ။ ကျုပ်တို့ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းနဲ့ ဘယ်သူမှ ပြိုင်ဆိုင်ရဲမှာ မဟုတ်ဘူး”
"အထဲကို ဝင်ရအောင်" သခင်လေးလင်းသည် ချူးကျိကော်ကို လှည့်ကြည့်ပြီးနောက် ပြောလိုက်သည်။