အခန်း (၇၅၇-၇၅၉)
Vol. 51 Ch. 757-759
အခန်း(၇၅၇) မွေးဖွားခြင်းနယ်မြေ ပဥ္စမအဆင့်
အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေကြားထဲတွင် အင်တာနက်တစ်ခွင်၌ သုံးရက်တာ ပွက်လောရိုက်သွားခဲ့သည်။ ကောင်းကင်က ရုတ်တရက် ဆင်းသက်လာသည့် ဤလူလေးယောက်အကြောင်း ၎င်းတို့အားလုံးက ဆွေးနွေးနေကြသည်။ ငြင်းခုံလေလေ ပူပန်လေလေဖြစ်လာကြ၏။ လူအားလုံးက ဤလူလေးယောက်အကြောင်း ပြောလျက်ရှိကြသည်။
ဤလူလေးယောက်၏ မူလဇစ်မြစ်ကို လူတချို့က ခန့်မှန်းကြသည်။ ဤလူလေးယောက်က ရှားရှားပါးပါးပေါ်လာခဲ့သော်လည်း ၎င်းတို့ တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားကြသည်။
သို့သော် ပြည်ထောင်စု၏ အင်အားက ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့၏ ဇစ်မြစ်ကို အချို့က ရှာတွေ့ခဲ့ကြသည်။ နတ်မြေမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။
“နတ်မြေ”ဟူသော စကားလုံးထွက်ပေါ်လာသည်နှင့်အမျှ လူအများ၏ အာရုံစိုက်မှုကို အမြန်ရခဲ့သည်။ သို့သော် အကြိမ်ရေ မည်မျှပင် ရှာဖွေသော်လည်း ဤနတ်မြေ၏ မူလဇစ်မြစ်ကို ရှာမတွေ့ခဲ့ကြပေ။ လူများစွာက ၎င်းသည် သိုင်းပညာသန့်ရှင်းသော နယ်မြေဖြစ်၍ သီးသန့်ဂိုဏ်းမှ လူများဖြစ်သည်ဟု ခန့်မှန်းကြသည်။ မဟုတ်လျှင် ၎င်းတို့အကြောင်း မကြားဖူးနိုင်မည့်အကြောင်းမရှိပေ။ ဤလူလေးယောက်၌ တစ်ယောက်သည် ထိုလောကရှိ ထူးကဲသော ပုဂ္ဂိုလ်ဖြစ်သည်။
ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများကြား၌ပင် ၎င်းတို့သည် နံပါတ်တစ်နေရာကို ရယူနိုင်မည့် အင်အားမျိုးရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ “နတ်မြေ” ဟူသောအသုံးအနှုန်းသည် အင်တာနက်ပေါ်တွင် ရေပန်းစားလာခဲ့သည်။ လူများစွာက ၎င်းသည် မည်သို့သော ဖြစ်တည်မှုမျိုးဖြစ်ကြောင်း နားလည်သဘောပေါက်လာသည်။ နာမည်ကြီးတက္ကသိုလ် ကိုးခုမှ ကျောင်းသားအများအြားသည် ဤနတ်မြေ ရှိသည့် နေရာကိုသိပါက ၎င်းတို့ တန်ရာတန်ကြေးပေးရမည်ဟု ကျိန်ဆိုထားကြသည်။ ၎င်းသည် စစ်မှန်စွာဖြင့်ပင် ပြည်ထောင်စုကို ဆန့်ကျင်၍ မာန်တက်နေခြင်းဖြစ်သည်။
ဤအရာက ပြည်ထောင်စုတက္ကသိုလ်သို့ လွှမ်းမိုးသွားသောအခါ အခြားတက္ကသိုလ်များမှ ကျောင်းသားများလည်း မည်မျှပင် မာန်တက်နေစေကာမူ ပြည်ထောင်စုတက္ကသိုလ်ရှေ့တွင် ဒူးထောက်သင့်သည်ဟု ထုတ်ပြောလာခဲ့ကြသည်။ ၎င်းတို့သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုစာရင်းတွင် အဆင့်သတ်မှတ်ခံရသော်လည်း ပြည်ထောင်စုတက္ကသိုလ်သည် အခြားတက္ကသိုလ်များနှင့် ကွဲပြားသောအဆင့်တွင်ရှိနေသည်မှာထင်ရှားသည်။ တက္ကသိုလ်ကျောင်းသားများသည် တက္ကသိုလ်ကို အမျိုးအစားနှစ်မျုးခွဲခြားထားသည်။ တစ်ခုမှာ ပြည်ထောင်စုတက္ကသိိုလ်ဖြစ်ကာ ကျန်တစ်ခုသည်မူ အခြားတက္ကသိုလ်များဖြစ်သည်။
ဤသည်က ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများ၏ ဂုဏ်ယူမှုကို ပြသရန် လုံလောက်သည်။
နောက်ဆုံးနေ့သို့ရောက်လာသည်။ စီတုကျီယင်း၊ လဲ့ယွီကျူနှင့် အခြားတက္ကသိုလ်များမှ ကျွမ်းကျင်သူအများအပြားက အပြေးအလွှားရောက်လာခဲ့ကြသည်။ ဤလူလေးယောက်၏ ခြေလှမ်းများက ပြည်ထောင်စုတက္ကသိုလ်တွင် ရပ်တန့်သွားမည်လော၊ ၎င်းတို့ မည်မျှ အတိုင်းအတာထိ သွားနိုင်မည်လောကို အားလုံးက စောင့်ကြည့်နေကြသည်။
ဤနေ့တွင်၊ ချူးယွင်ဖန်းသည် သီးသန့်လေ့ကျင့်မှုမှ ထွက်လာခဲ့သည်။ လျှို့ဝှက်လေ့ကျင့်ရေးခန်းထဲ၌ ချူးယွင်ဖန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် ခပ်ဖျော့ဖျော့ အလင်းရောင်များထွက်နေ၍ နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူသည်။
သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံးပွင့်လာကာ မရေမတွက်နိုင်အောင် များပြားသော ဝိဉာဥ်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည်။ ၎င်းတို့အားလုံး တောင်မြစ်ပန်းချီကားထဲမှ ထွက်ပေါ်လာပြီးသည့် နောက်ဆုံးတွင် သူ့ထဲသို့ စီးဝင်သွားကြသည်။ အချိန်အတန်ကြာပြီးနောက်ဆုံးတွင် ရပ်တန့်သွားသည်။
ချူးယွင်ဖန်း ယခု ဖြတ်ကျော်ခဲ့သော ကျင့်ကြံရေးအဆင့်သည် လုံးလုံးလျားလျား ခိုင်မာခဲ့ပြီဖြစ်သည်။
“နောက်ဆုံးတော့ ငါ မွေးဖွားခြင်းနယ်မြေ ပဥ္စမအဆင့်ကို ရောက်သွားပြီ” ချူးယွင်ဖန်းက သက်ပြင်းရှည်တစ်ခုချလိုက်သည်။
သူ့ခန္ဓာကိုယ်ထဲက ပေါက်ကွဲထွက်နိုင်သော စွမ်းအားကို သူခံစားနိုင်သည်။ ၎င်းက ပဥ္စမအဆင့်တွင်သာရှိနေသော်လည်း အဠမအဆင့်နှင့်အောက်ရှိ ကျွမ်းကျင်သူများအားလုံးကို အလွယ်တကူ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏ အင်အားသန်မာလာသည်ကို ခံစားနိုင်သည်။ ဧကရာဇ်ကိုယ်ရေးစနစ်၏ ခွန်အားဖြင့် သူနှင့်တူညီသော အဆင့်၌ရှိနေသောသူများကို တွန်းလှန်ကာ ပို၍ မြင့်မားသောအဆင့်ရှိ ပြိုင်ဘက်များကိုပင် တိုက်ခိုက်နိုင်သည်။
"သီးသန့်လေ့ကျင့်မှုကနေ ထွက်ဖို့ အချိန်ရောက်ပြီ”
ချူးယွင်ဖန်းက သူ၏ စနစ်ကို ပထမဦးစွာစစ်ကြည့်လိုက်ပြီးနောက် အပြင်၌ ဖြစ်ပျက်နေသည်များကို သူ ပိုနားလည်လာသည်။
“နတ်မြေက နောက်ထပ် လူလေးယောက်လား” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
“ဒီနတ်မြေဆိုတာ ဘာလဲ သိချင်သေးတယ်”
ဤသန့်ရှင်းသောပြည်၌ ကျွမ်းကျင်ပညာရှင်များစွာရှိသော်လည်း ၎င်းတို့သည် မည်မျှပင် စွမ်းအားကြီးသည်ဖြစ်စေ သူက ၎င်းတို့ကို ဂရုမစိုက်ပေ။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်ကျွမ်းကျင်သူမဟုတ်သရွေ့ သူ အနည်းငယ်မျှ စိုးရိမ်ပူပန်နေလိမ့်မည်မဟုတ်ပေ။
အသက်နှစ်ဆယ့်နှစ်နှစ်မတိုင်ခင် မွေးဖွားခြင်းနယ်မြေနဝမအဆင့်သို့ ရောက်နိုင်ရန်ဟူသည် မဖြစ်နိုင်လောက်သောအရာဖြစ်သည်။ အနည်းဆုံးအနေဖြင့် ထိုသူများက ဤသို့အဆင့်တက်နိုင်ရန် မဖြစ်နိုင်ပေ။ ကုချန်၊ ချန်လေ့နှင့် အခြားသူများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သော်လည်း ထိုသူများသည် မကြာသေးမီကမှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ခဲ့ကြခြင်းဖြစ်သည်။
ထိုတက္ကသိုလ်မှ ကျွမ်းကျင်သူအများစုသည် မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့်၌သာရှိကြ၍ ၎င်းကပင် အလွန်အထင်ကြီးဖွယ် ကောင်းနေပြီဖြစ်သည်။
၎င်းတို့ကို ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခြင်းသည် ကြီးမားသော ကိစ္စမျိုးမဟုတ်ပေ။
"အပြင်ထွက်ပြီး ငါပြန်လာပြီဆိုတာ သူတို့ကို အသိပေးဖို့ အချိန်ရောက်ပြီ" ချူးယွင်ဖန်းက ပြောသည်။
သူ့ကိုယ်သူ ထုတ်ဖော်ပြချင်ခြင်းမဟုတ်သ်ောလည်း ကျန်းမိသားစုက လွန်ခဲ့သော တစ်လခန့်တည်းက သူအသက်ရှင်နေသေးသည်ကို သိသွားနိုင်သည်။ ကျန်းမိသားစုက မည်သို့လုပ်မည်ကို သူမသိသော်လည်း ဆက်လက်၍ ပုန်းရှောင်နေရန် အကြောင်းမရှိတော့ပေ။
“သူတို့က ငါ့ကို ထိပ်တိုက်ရရင်ဆိုင်ဖို့ ကြိုးစားရင်တောင် အဆင်ပြေမှာပါ။ ကျန်းမိသားစုရဲ့ ဘိုးဘေးတွေ ကိုယ်တိုင်ကိုယ်ကျ ထွက်မလာရင် သူတို့ ဘာလုပ်နိုင်မှာလဲ” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
ကျန်းမိသားစု၏ ဘိုးဘေးသည် လက်ရှိ နိုင်ငံရပ်ခြားတွင်ရပ်တည်နေကာ ရှေးဟောင်းပစ္စည်းတစ်ခုကို ရှာဖွေနေကြောင်း သူသိသည်။ မှန်သည်။ ဤသည်က ချူးယွင်ဖန်း၏ ထောက်လှမ်းရေးကွန်ရက်က အလွန်ကျယ်ပြန့်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ပင်လယ်၏ အခြားတစ်ဖက်၌ အင်မော်တယ်တောင်တစ်လုံးပေါ်လာသည်ဟု သတင်းထွက်နေခဲ့ရာ အင်မော်တယ်တောင်ပေါ်တွင် ရှေးဟောင်းလူသားကာလ အမွေအနှစ်များစွာရှိ၍ နတ်စွမ်းအင်အဆင့် ကျွမ်းကျင်သူအများအပြား ထိုနေရာသို့ သွားခဲ့ကြသည်။ ဤသည်က ပြည်ထောင်စုတစ်ခုလုံးကို ထိတ်လန့်စေခဲ့သည်။
သာယာဝပြောသောနေရာဖြစ်ခဲ့သည့် ပြည်ထောင်စုတက္ကသိုလ်ကျောင်းတွင်းသည် ယနေ့တွင် ဂုဏ်ပြုဧည့်သည်များကို ကြိုဆိုခဲ့သည်။ ဤလူအများစုသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများမဟုတ်ဘဲ အခြားတက္ကသိုလ်များမှ ကျောင်းသားများဖြစ်သည်။
အလွန်အမင်း ဖောင်းပွလာပြီးနောက် တိုက်ခိုက်သူလေးယောက်သည် ပြည်ထောင်စုတက္ကသိုလ်ကိုစိန်ခေါ်တော့မည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့် ဤသည်မှာ ထူးဆန်းသည့် မြင်ကွင်းမဟုတ်ပေ။
လူတိုင်း ဤမကြုံစဖူးတိုက်ပွဲကို ကြည့်ရှုရန် ဤနေရာသို့ ရောက်လာခဲ့ကြသည်။ ပြည်ထောင်စုတက္ကသိုလ်အားကစားကွင်းတွင် လူများစည်ကားလျက် မရေမတွက်နိုင်အောင် များပြားလှသော လူများ စုဝေးနေကြကာ လမ်းများပင်လျှင် လူများနှင့် ပြည့်နေသည်။
အားကစားကွင်း၏ အလယ်ဗဟိုရှိ ကွင်းအတွင်းတွင် လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သည့် လူနှစ်ယောက် မတ်တပ်ရပ်နေကြသည်။ ဤလူနှစ်ယောက်သည် တောင့်ဖြောင့်စွာမတ်တပ်ရပ်၍ ကမ္ဘာကြီးကို ငုံ့ကြည့်နေသည့်အလားထင်ရကာ အလွန်တောက်ပသော ရောင်ဝါများ ဖြာထွက်နေသည်။
၎င်းတို့နှစ်ဦးသည် ပြည်ထောင်စုတက္ကသိုလ်၏ လက်ရွေးစင်နှစ်ဦးဖြစ်သော မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့မှလွဲ၍ အခြားမဟုတ်ပေ။
"ဒီတိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုဖြစ်မလဲလို့ တွေးနေတာ"
“ပြောစရာတောင် မလိုပါဘူး၊ ငါတို့ တက္ကသိုလ်က မေ့ဟိုက်ယွင်နဲ့သုန်ဖန်ဟောက်က ပိုသန်မာတယ်”
“ပြောရခက်တယ်။ အဲ့လေးယောက်ရဲ့ စွမ်းအားကလည်း အံ့သြစရာပဲ။ သူတို့က စီတုကျီယင်းနဲ့ လဲ့ယွီကျူတို့ကိုတောင် အနိုင်ယူနိုင်ခဲ့တာလေ”
ဤကျောင်းသားများက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော်လည်း ၎င်းတို့နှင့် မလှမ်းမကမ်းတွင် သဘာဝမကျသော အမူအရာဖြင့် လူနှစ်ယောက် ရှိနေသည်ကို သတိထားမိလိုက်ကြသည်။ ၎င်းတို့နှစ်ဦးသည် ချင်းဟွာတက္ကသိုလ်မှ နံပါတ်တစ်ကျွမ်းကျင်သူ စီတုကျီယင်းနှင့် မြောက်ပိုင်းတက္ကသိုလ်မှ နံပါတ်တစ်ကျွမ်းကျင်သူ လဲ့ယွီကျူတို့ဖြစ်သည်။
သူတို့ ပေါက်ကွဲချင်သော်လည်း အလွယ်တကူရှုံးနိမ့်ခဲ့ကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။
“ဒီလူလေးယောက်ကို ဘယ်လိုလေ့ကျင့်ထားလဲတော့ မသိဘူး။ သူတို့က အသက်နှစ်ဆယ်လောက်ပဲရှိသေးပေမယ့် တော်တော် ကြောက်ဖို့ကောင်းနေပြီ”
“ဟုတ်တယ် သူတို့က အသက်ကို လိမ်မထားဘူး။ မဟုတ်ရင် အခြားနာမည်ကြီးတက္ကသိုလ် ကိုးခုက သူတို့ကို ဘယ်လို ခံနိုင်ရည်ရှိမလဲ။ သတ်လိုက်တာကြာလောက်ပြီပေါ့။ သူတို့က တမင်တကာ အားနည်းတဲ့လူတွေကို အနိုင်ကျင့်ပြီးရက်စက်နေတာ”
"ကြည့်စမ်း၊ သူတို့ ရောက်လာကြပြီ"
၎င်းတို့အားလုံးက ဆွေးနွေးနေကြစဥ် နောက်ဆုံး၌ အားကစားကွင်းအဝတွင် လူလေးယောက်ပေါ်လာသည်။
အခန်း (၇၅၈) အရှုံး
အားလုံး၏ အကြည့်များက ကွင်းဝင်ပေါက်ဆီသို့ ချက်ချင်ရောက်သွားသည်။ ထိုနေရာ၌ လူလေးယောက်ရှိနေ၏။ ယခင်က ဤလေးယောက်က အခြားနာမည်ကြီးတက္ကသိုလ်ကိုးခုကို စိန်ခေါ်ခဲ့ကြစဥ် တစ်ယောက်ချင်း သွားခဲ့ကြသော်လည်း ယခုတွင်မူ ပြည်ထောင်စုတက္ကသိုလ်နှင့်ရင်ဆိုင်ရပြီဖြစ်၍ ၎င်းတို့ လေးဦးလုံးပေါ်လာသည်။ ဤလူလေးဦးကို တွေ့သောအခါ မေ့ဟိုက်ယွင် သို့မဟုတ် သုန်ဖန်ဟောက်တို့ နှစ်ဦးလုံး၏ အမူအရာများ ပြောင်းလဲသွားသည်။ ဤလေးယောက်က မည်မျှထို စွမ်းအားကြီးသည်ကို ခံစား၍ ရ၏။
ဤလူလေးယောက်သည် အခြားသူများနှင့်မတူပေ။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်တဆိတ်နားလည်လိုက်ကြသည်။ ဤလူလေးယောက်သည် အမှန်တကယ်ပင် စွမ်းအားကြီးသော ရန်သူများဖြစ်ကြသည်။ ၎င်းတို့လေးယောက်သည် ထိပ်တန်းနာမည်ကြီး တက္ကသိုလ်ဆယ်ခုကိုသာမက ပြည်ထောင်စုတက္ကသိုလ်အထိ စိန်ခေါ်နို်ငခဲ့ကြရာ ၎င်းတို့တွင် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော အရည်အချင်းများရှိကြသည်။
အားလုံး၏ အကြည့်များက လေးယောက်ဆီသို့ ရောက်သွားကြသည်။ သို့သော်လည်း သူတို့လေးယောက် အဆင်မပြေမှု အနည်းငယ်မျှပင် မပြသခဲ့ပေ။
...
ထိုအခိုက်တွင် ဓားရှည်ကိုင်ထားသောသူက စတင်ပြောလိုက်၏။
“ဒါက ပြည်ထောင်စုတက္ကသိုလ်လား။ ငါနည်းနည်းစိတ်ပျက်မိတယ်။ ဒီနေရာကို ပြည်ထောင်စုရဲ့ အကြီးဆုံးတက္ကသိုလ်လို့ လူသိများပေမယ့် နောက်ဆုံးတော့လည်း ဒီလောက်ပါပဲ”
သူ့စကားက ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားများကြားရှိ ဒေါသကို ချက်ချင်း နှိုးဆွလိုက်သည်။ ဤကျောင်းသားများကို ပြည်ထောင်စုတစ်ဝှမ်းလုံးက သေသေချာချာ ရွေးချယ်ထားခြင်းဖြစ်ရာ ၎င်းတို့သည် အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြသည်။ သို့ထိတိုင် ထိုဓားသမားက ၎င်းတို့ကို အထင်သေးနေ၏။
“သူတို့ကို သေအောင်ရိုက်”
"သုန်ဖန်ဟောက် မေ့ဟိုက်ယွင် နင်တို့ လုပ်နိုင်တယ်”
"သူတို့ကို ဒီလောက်မောက်မာနေခွင့်မပြုနိုင်ဘူး”
ချက်ချင်းဆိုသကဲ့သို့ပင် ကွင်းတစ်ခုလုံး၏ အမိုးများလန်သွားလောက်နိုင်သော အသံများဆူညံစွာထွက်ပေါ်လာသည်။
ကျောင်းသားများ၏ ဒေါသနှင့်ရင်ဆိုင်ရသော်လည်း အပြာရောင်ဝတ်ထားသော ဓားသမားက လှောင်ပြောင်၍သာ ရယ်မောနေသည်။
"မင်းတို့က မေ့ဟိုက်ယွင်နဲ့ သုန်ဖန်ဟောက်လား။ မင်းတို့နှစ်ယောက်က ပြည်ထောင်စုတက္ကသိုလ်မှာ အသန်မာဆုံးလို့ ကြားထားတယ်။ မင်းတို့ ငါတို့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်”
အပြာရောင်ဝတ်ဓားသမားက စကားလွန်၏ မလွန်၏ကို ဂရုစိုက်ခြင်းမရှိဘဲ ပြောလိုက်သည်။ ထို့နောက် သူက ၎င်းတို့နှစ်ယောက်ကို ဓားအလင်းကဲ့သို့ အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့သည် မြေပြင်တွင် မတ်တပ်ရပ်နေကြသည်။ နှစ်ဖက်လုံး၏ ရောင်ဝါးများ စတင်၍ ထိပ်တိုက်တွေ့ကြပြီဖြစ်သည်။
"ဘယ်သူတက်မှာလဲ" အနီရောင်ဝတ်အမျိုးသမီးက မေးသည်။
“ငါအရင်သွားရမလား”
"မသွားနဲ့ ငါအရင်သွားလိုက်မယ်" အပြာရောင် ဝတ်ထားသော ဓားသမားက မခံချိမခံသာပြောသည်။
၎င်းတို့ လေးဦးကြားမှ ဆက်ဆံရေးသည် မကောင်းလှသည်ကို လူတိုင်းမြင်နိုင်သည်။ အချင်းချင်းပြိုင်ဆိုင်မှုရှိသော ဆက်ဆံရေးမျိုးဖြစ်နိုင်ခြေရှိ၏။
ကျန်သုံးယောက်က လှောင်ရယ်လိုက်သော်လည်း အပြာရောင်ဝတ်ဓားသမားကို ငြင်းဆိုခြင်းမရှိပေ။
သုန်ဖန်ဟောက်နှင့် မေ့ဟိုက်ယွင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သုန်ဖန်ဟောက်က အရင်တက်သွား၏။
"ဒါဆို ငါအရင်သွားမယ်။ မင်းတို့တိုက်ခိုက်ရင် ပြိုင်ဘက်က သေရင်သေ မသေရင် ဒဏ်ရာရသွားနိုင်တယ်။ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေက ရက်စက်လွန်းတယ်”
အပြာရောင်ဝတ်ထားသော ဓားသမားကပြန်ပြော၏။
“မင်းရဲ့ အရည်အချင်းက တခြားသူတွေထက် နိမ့်နေတာဆိုတော့ မင်းသေရင်တောင် အခြားလူတွေကို အပြစ်မတင်သင့်ဘူး။ တခြားဘာလုပ်လို့ရသေးလို့လဲ”
ဤစကားကို ကြားသောအခါ အားကစားကွင်းအတွင်းရှိ အခြားနာမည်ကြီးတက္ကသိုလ်ကိုးခုမှ ကျောင်းသားများအားလုံး ဒေါသအလွန်ထွက်၍ ၎င်းတို့၏ အဆုတ်များပေါက်ကွဲထွက်လုနီးပါးဖြစ်နေကြသည်။ လူအုပ်ထဲတွင် ပုန်းနေသော စီတုကျီယင်းနှင့် လဲ့ယွီကျူတို့သည်လည်း ဒေါသထွက်ကြသည့်တိုင် ရှုံးနိမ့်ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤလူများက အလွန်လွန်လွန်းသည်။
"ဒါဆိုရင် မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့" သုန်ဖန်ဟောက်က အေးစက်စွာပြောသည်။
"ဘယ်သူက မင်းကို ယဉ်ကျေးအောင်လုပ်ခိုင်းလို့လဲ။ ငါလည်း မင်းကို ယဉ်ကျေးမှာ မဟုတ်ဘူး” အပြာရောင်ဝတ်ဓားသမားက ပြန်ပြော၏။
သုန်ဖန်ဟောက်သည် သူ၏ ရောင်ဝါအားလုံးကို ချက်ချင်းထုတ်လွှတ်လိုက်၍ အားကစားကွင်းတစ်ခုလုံးကို ချက်ချင်း တုန်လှုပ်သွားစေခဲ့သည်။မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိသော သူ၏ရောင်ဝါသည် များသောအားဖြင့် မွေးဖွားခြင်းနယ်မြေ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင်သာ ရှိကြသည့် အခြားတက္ကသိုလ်များ၏ ကျွမ်းကျင်သူများနှင့် မတူပေ။
နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော သုန်ဖန်ဟောက်သည် မွေးဖွားခြင်းနယ်မြေအဆင့်၏ ပဉ္စမအဆင့်သို့တက်လှမ်းခဲ့ပြီဖြစ်ရာ ကျန်းလင်းရှောင်နှင့်မယှဥ်နိုင်သော်လည်း မဝေးကွာလှပေ။
လူအုပ်ထဲတွင် စီတုကျီယင်းနှင့် လဲ့ယွီကျူက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများသည် ဖော်မပြနိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့၏သက်ဆိုင်ရာတက္ကသိုလ်များတွင် ပထမအဆင့်ရှိသော်လည်း မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့သည်။ အခြားထိပ်တန်းတက္ကသိုလ်ဆယ်ခု၏ ထိပ်တန်းကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ပိုမိုသန်မာသည်။ သို့သော် သုန်ဖန်ဟောက်သည်မူ ၎င်းတို့ကို များစွာကျော်တက်သွားပြီဖြစ်ကြောင်း သိသာလှ၏။
"ဒါက သုန်ဖန်ဟောက်ရဲ့ စစ်မှန်တဲ့ စွမ်းအားပဲလား။ မေ့ဟိုက်ယွင်သာမဟုတ်ရင် သုန်ဖန်ဟောက် ပထမရဖို့ သေချာပေါက် အရည်အချင်းရှိမှာပါ”
"တကယ်ပါပဲ။ တကယ်လို့ အတိတ်မှာသာဆိုရင် သုန်ဖန်ဟောက်က မျိုးဆက်တစ်ခုလုံးကို လက်တစ်ချက်တည်းနဲ့ နှိမ်နင်းနိုင်လိမ့်မယ်ကွ။ ဒီနေ့ခေတ်မှာ ပါရမီရှင်တွေ ပိုများလာတာ နှမျောစရာပဲ။ သူ အမြဲ မပေါ် လွင်နေနိုင်တော့ဘူး။ အားနည်းလွန်းလို့မဟုတ်ပေမယ့် သူ့ပြိုင်ဘက်တွေက အားကောင်းလွန်းတယ်”
“စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းက တခြားအမှိုက်တွေထက် အများကြီး ပိုသန်မာတယ် ဒါပေမယ့် နောက်ဆုံးရလဒ်က အတူတူပါပဲ” အပြာရောင်ဓားသမားက ပြတ်ပြတ်သားသားပြောသည်။
သုန်ဖန်ဟောက်က အေးစက်စွာအော်၍ ရှေ့သို့ တိုးလာခဲ့ကာ သူ့လက်ထဲက ဓားဖြင့် ချက်ချင်းပင် ခုတ်ပိုင်းချလိုက်သည်။
“တောင်တန်းဖြိုဖျက်သူ”
ဤဓားချက်သည် ကမ္ဘာတစ်ခုလုံးကို ထက်ဝက် ပိုင်းလိုက်သည့်ပုံပေါ်သည်။ အကယ်၍ သူ့ရှေ့တွင် နတ်တောင်တစ်ခုရှိနေပါက သုန်ဖန်ဟောက်သည် ၎င်းကိုနှစ်ပိုင်းပိုင်းပစ်လိုက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းဖြစ်၍ တုနှိုင်းမရနိုင်လောက်အောင် စွမ်းအားကြီးလှသည်။
သုန်ဖန်ဟောက်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်များနှင့်ရင်ဆိုင်ရသောအခါ အပြာရောင်ဝတ်ဓားသမားသည် အနည်းငယ်မျှ မကြောက်ခဲ့ပေ။ သူက သူ့လက်ထဲမှ ဓားဖြင့် ရိုးရှင်းစွာပင် ပြန်ထိုးလိုက်ရာ ဓားချက်က သုန်ဖန်ဟောက်၏ ဓားအလင်းထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားသည်။
၎င်းကြောင့် သုန်ဖန်ဟောက်သည် ဤအပြာရောင်ဝတ်ဓားသမားက သူ့ထက် အဆပေါင်းများစွာ ပိုသန်မာကြောင်း သိလိုက်ရသည်။ ၎င်းသည် မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ အပြာရောင်ဝတ်ဓားသမားက ကုချန်နှင့် ချန်လေ့တို့ကို အလွယ်တကူ အနိုင်ယူခဲ့ခြင်းကို သူ အခုအချိန်မှသာ နားလည်သွားသည်။
သုန်ဖန်ဟောက်သည် ချက်ချင်းပင် အရေးနိမ့်သွားရာ နှစ်ဖက်အကြား အင်အားကွာခြားမှုကို ဤအချက်မှ တွေ့မြင်နိုင်သည်။
ဘမ်း
ဘမ်း
ဘမ်း
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများသည် သုန်ဖန်ဟောက်အား ဆိုးရွားသောအခြေအနေအထိ ဆက်လက်ဖိနှိပ်ခဲ့သည်။
အားကစားကွင်းအတွင်းရှိ ကျောင်းသားများအားလုံး အံသြသွားကြသည်။ သုန်ဖန်ဟောက်က မသန်မာခြင်းမဟုတ်သော်လည်း အခြားတစ်ဖက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းနေခြင်းဖြစ်သည်။ သုန်ဖန်ဟောက်သည် ကုချန်နှင့် ချန်လဲ့တို့တမျှ အလွယ်တကူ မရှုံးနိမ့်ခဲ့သော်လည်း ရှုံးနိမ့်ရန် အချိန်တစ်ခုသာ လိုတော့သည်။
မူလက ဆူညံနေသော အားကစားကွင်းသည် ရုတ်တရက် အေးခဲသွားသည်။
"နောက်နေတာ ရပ်လိုက်တော့" အနက်ရောင်ဝတ် ဓားသမားက ပြောသည်။
ဘမ်း
အပြာရောင်ဝတ်ဓားသမားသည် သုန်ဖန်ဟောက်နှင့် သိုင်းကွက်သုံးဆယ်ခန့် လဲလှယ်ပြီးနောက် ရုတ်တရက် ပေါက်ကွဲသွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။ သုန်ဖန်ဟောက်ဆီသို့ စူးစူးစိုက်စိုက် ထိုးဆင်းလာသော သူ၏ဓားအရှိန်သည် ခမ်းနားလှသည်။ တိုက်ခိုက်မှုကြောင့် သုန်ဖန်ဟောက် ချက်ချင်း လွင့်ထွက်သွားခဲ့သည်။ သုန်ဖန်ဟောက်သည် ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်သော်လည်း အပြာရောင်ဓားသမားက သူ့ကို အလွှတ်ပေးရန် ဆန္ဒမရှိဘဲ သတ်ပစ်ချင်နေသည်။
အနား၌ရှိနေသော မေ့ဟိုက်ယွင်သည်လည်း နောက်ဆုံးတွင် စတင်လှုပ်ရှားလိုက်သည်။ သူနှင့် သုန်ဖန်ဟောက်တို့သည် ပြိုင်ဖက်များဖြစ်သော်ငြားလည်း ယခုအချိန်တွင် တစ်ဖက်တည်းဖြစ်ကြသည်။ သုန်ဖန်ဟောက်သေရမည်ကို သူမကြည့်ရက်ပေ။
"ဒြပ်စင်ငါးသွယ်၊ ရွှေဓား"
ဓားအလင်းသည် လယ်ကွင်းပြင်ကို ဖြတ်၍ အပြာရောင်ဝတ်ဓားသမားဆီသို့ ဦးတည်သွားသည်။
“အဲ့မှာရပ်စမ်း”
အနီရောင်ဝတ်အမျိုးသမီးက မေ့ဟိုက်ယွင်ရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ သူမ၏ ရှည်လျားသော ကြာပွတ်သည် ရှည်လျားသော နဂါးကြီးကဲ့သို့ ရွှေဓားကို တားဆီးလိုက်သည်။
အခန်း (၇၅၉) ပြည်ထောင်စုတက္ကသိုလ်က အမှိုက်ပဲ
အနီရောင်ဝတ် အမျိုးသမီးက ပြုံးလိုက်သည်။
“ငါက မင်းရဲ့ပြိုင်ဘက်ပဲ ဝင်မရှုပ်နဲ့”
“ဘေးကို ဖယ်စမ်းပါ” မေ့ဟိုက်ယွင်က အော်လိုက်သည်။
“နင်က ငါ့ကို ဘေးဖယ်စေချင်နေတာလား။ အဲ့လို လုပ်နိုင်စွမ်းရှိလား”
ထိုစကားကိုပြောပြီးနောက် သူမ၏လက်ထဲမှ ရှည်လျားသောကြာပွတ်သည် ကြောက်မက်ဖွယ်လျှပ်တစ်ပြက်ကဲ့သို့ မေ့ဟိုက်ယွင်ဆီသို့ လွင့်ပျံသွားသည်။ မေ့ဟိုက်ယွင်က အနည်းငယ်ထိတ်လန့်သွား၏။ ဤဝတ်စုံနီ အမျိုးသမီး၏ ခွန်အားသည် သူ့ထက် အနည်းငယ်မျှသာ အဆင့်နိမ့်သည်။
တစ်ဖက်တွင် သုန်ဖန်ဟောက်သည် သူ့ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်သည်။ မေ့ဟိုက်ယွင်က ပိုစိုးရိမ်လေလေ သူ့ခွန်အားများအားလုံးကို ထုတ်သုံးလေလေဖြစ်၏။
ဘမ်း
…
ခွန်အားအပြည့်ဖြင့် မေ့ဟိုက်ယွင်က သုန်ဖန်ဟောက်ထက် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ မေ့ဟိုက်ယွင်သည် မွေးဖွားခြင်းနယ်မြေ ဆဌမအဆင့် အစောပိုင်းသို့ ဝင်ရောက်နေပြီဖြစ်သည်။
ဤစွမ်းအားကိုပြသသောအခါ အထူးသဖြင့် သုန်ဖန်ဟောက်သည် မွေးဖွားခြင်းနယ်မြေ ပဉ္စမအဆင့်၏အထွတ်အထိပ်တွင်သာရှိသောကြောင့် လူအစုအဝေးတစ်ခုလုံးကို ထိတ်လန့်စေခဲ့သည်။ မေ့ဟိုက်ယွင်သည် သုန်ဖန်ဟောက်ကိုကျော်၍ ဆဌမအဆင့်သို့ တက်လှမ်းခဲ့ကာ ထိုစဥ်က ကျန်းလင်းရှောင်ထက် အနည်းငယ်သာ အဆင့် နိမ့်သည်။
မေ့ဟိုက်ယွင်သည် ထိုစဥ်က သူနှင့် အသက်တူသော ကျန်းလင်းရှောင်နှင့်တန်းတူဖြစ်သည်ဟု သူအများက မှတ်မိကြသည်။ ချူးယွင်ဖန်းက သူ၏ နေရာကို လုယူသွားခြင်းကြောင့်မဟုတ်ပါက သူသည် ကျန်းလင်းရှောင်ထက် မည်သည့်အခါကမျှ အဆင့်နိမ့်ခဲ့မည်မဟုတ်ပေ။ ထို့အပြင် ဤဖြစ်ရပ်များက ၎င်းသည် အမှန်တရားပင်ဖြစ်ခဲ့ကြောင်း သက်သေပြနေ၏။ ချူးယွင်ဖန်းကွယ်န်ပြီးနောက် နှစ်နှစ်အကြာတွင် မေ့ဟိုက်ယွင်သည် ပြည်ထောင်စုတက္ကသိုလ်၌ ထိပ်တန်းကျွမ်းကျင်သူဖြစ်လာခဲ့သည်။ မည်သူမျှ သူ့ကို မကိုင်တွယ်နိုင်ကြပေ။
မေ့ဟိုက်ယွင်၏ ခွန်အားကို မြင်လိုက်သောအခါတွင် အနက်ရောင်ဝတ်ထားသော ယောက်ျားနှစ်ယောက်၏ မျက်လုံးများ တောက်ပလာသည်။
"ပြည်ထောင်စုထဲမှာ ဒီလိုလူမျိုး တည်ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
“နတ်မြေမှာတောင် ကြီးမြတ်တဲ့ဖြစ်တည်မှုအဖြစ် တည်ရှိနိုင်လိမ့်မယ်”
အနက်ရောင်ဝတ် ဓားသမားနှင့် အနက်ရောင်ဝတ် လူငယ်က တစ်ယောက်ကိုတစ်ယောက် ကြောက်လန့်တကြားကြည့်လိုက်ကြသည်။ ယခုအချိန်တွင် ၎င်းတို့က ပြည်ထောင်စု၏ ကျောင်းသားများကို အနိုင်ကျင့်နေကြခြင်းဖြစ်ကာ တကယ်တမ်းတွင် ၎င်းတို့၏ ပါရမီရှင်အများစုသည်လည်း ထိုသူများ၏ ပါရမီရှင်များထက် နိမ့်ကျခြင်းမရှိပေ။ သို့သော်လည်း ပြည်ထောင်စု၏ အမွေများက အလွန်အဆင့်နိမ့်သည်။ ၎င်းတို့၌ ရှေးဟောင်းလူသားကာလအမွေများရှိခဲ့သော်လည်း ပြည်ထောင်စုကမူ လက်တွေ့ကျကျ ယခုအချိန်မှ စတင်ကြခြင်းဖြစ်သည်။ နှစ်ရာဂဏန်းအချို့ဟူသည် အလွန် တိုတောင်းသော ကာလဖြစ်သည်။
“ဒါပေမယ့် နှမျောစရာပဲ။ ဒီနေရာကို ငါတို့ ရပ်ပစ်ဖို့လိုနေပြီလေ”
အနက်ရောင်ဝတ်ရုံဝတ်ထားသော ဓားသမား၏ မျက်လုံးများတွင် ယုံကြည်မှုများ ပြန်လည်ထွက်ပေါ်လာသည်။
“နတ်မြေက ပြည်ထောင်စုကို သိမ်းပိုက်ချင်တာဆိုတော့ ငါတို့ သူတို့အကုန်လုံးကို မျိုးဖြုတ်ပစ်ပြီး ဒီ လူငယ်မျိုးဆက်ကို ဖျက်ဆီးပစ်ရမယ်။ ဒါက အစပဲရှိသေးတယ်။ ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းတယ်။ သာမန်လူတွေက တကယ်ကိုပဲ ကျင့်ကြံသူတွေနဲ့ အဆင့်တူနေတယ်။ ဒါက အဆင့်အတန်းကို ဆန့်ကျင်နေတာပဲ” အနက်ရောင်ဝတ်လူငယ်က မကျေမနပ်ဖြင့် ပြောသည်။
“ဒါက ပုံမှန်တော့ မဟုတ်ဘူး။ ဒါပေမယ့် အနာဂတ်မှာ နတ်မြေက ပြည်ထောင်စုကို အုပ်စိုးမှာဖြစ်လို့ စစ်မှန်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ဥပဒေတွေက ပြန်ပြီး အုပ်စိုးလာမှာပါ” ဝတ်ရုံနက် ဓားသမားက ပြောသည်။
တစ်ဖက်တွင် မေ့ဟိုက်ယွင်နှင့် ဝတ်ရုံနီ အမျိုးသမီးတို့သည် ပြင်းထန်သော တိုက်ပွဲတွင် ပါဝင်နေကြသည်။ အခြားတစ်ဖက်တွင် သုန်ဖန်ဟောက်သည် ကွင်းပြင်သို့ လွင့်ထွက်သွားပြြီဖစ်၏။ အပြာရောင်ဝတ်ဓားသမားက သူ့ကို သတ်ပစ်ချင်သော်လည်း နောက်ဆုံးတွင်မူ မဖြစ်နိုင်လိုက်ေပ။ ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားတစ်စုသည် အခြေအနေမကောင်းကြောင်း သိမြင်ကာ သုန်ဖန်ဟောက်ကို ကာကွယ်ရန် အလျင်အမြန် ပြေးထွက်လာခဲ့ကြသည်။ ဤလူများက ညှာတာလိမ့်မည်မဟုတ်သည်ကို သိကြသဖြင့် ဤသို့ ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။
သို့ထိတိုင် သေခြင်းတရားမှ လွတ်မြောက်လာသော သုန်ဖန်ဟောက်က သူ့ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး ကြိုးကြေသွားသကဲ့သို ခံစားလိုက်ရသည်။ သူ့မျက်လုံးများတွင် ထိတ်လန့်မှုအပြည့်ဖြင့် ရှိနေ၏။ အပြာရောင်ဝတ် ဓားသမားက အလွန် ကြောက်မက်ဖွယ်ကောင်းသည်။
လေ့ကျင့်မှုစွမ်းရည်အရ ဝတ်ရုံနက် ဓားသမားက သူ့ထက် များစွာမသန်မာသည့်တိုင် လေ့ကျင့်ရေးနည်းစနစ်သည်မူ သူ့ထက် ပိုမို သန်မာသောကြောင့် အလွယ်တကူအနိုင်ယူနိုင်ခဲ့သည်။ သုန်ဖန်ဟောက်၏ ပါးစပ်မှ သွေးများအန်ထွက်လာသည်။
“မင်း နာမည်ပြော၊ ငါနောက်တစ်ခါကျ သေချာပေါက်အနိုင်ယူပြမယ်”
သူ စိတ်ပျက် အားငယ်နေခြင်းမရှိပေ။ သူ၏ ကျင့်ကြံရေးစနစ်သာ ပိုကောင်းပါက ဆိုးဆိုးရွားရွား ရှုံးနိမ့်ရမည်မဟုတ်ပေ။
“မင်း မသေတာ ကံကောင်းတယ်။ အရှုံးသမားက ငါ့နာမည်ကို သိပိုင်ခွင့်မရှိဘူး။ နောက်ပြီး မင်း ကျင့်ထားတဲ့ အစုတ်အပျက် ကျင့်ကြံရေးစနစ်ကို သုံးပြီး လက်စားချေချင်နေတာလား။ နောက်နှစ်တစ်ရာကြာ ဆက်ပြီး လေ့ကျင့်ရင်တောင် အသုံးမဝင်ဘူး” အပြာရောင်ဝတ် ဓားသမားက ပြတ်ပြတ်သားသားပြောသည်။
“မင်း…”
တစ်ဖက်တွင်မူ မေ့ဟိုက်ယွင် နှင့် အနီရောင်ဝတ် မျိုးသမီးတို့ကြား တိုက်ပွဲသည် အလွန် အလွန်ပြင်းထန်သောအဆင့်သို့ရောက်ရှိသွားပြီဖြစ်သ်ည။ ဝတ်ရုံနီဝတ်အမျိုးသမီး၏ လက်ချက်သည် ဒီရေနှင့်တူ၏။ သူမ လျပ်တပြက် ဝှေ့ယမ်းလိုက်သော ကြာပွတ်ရှည်သည် လှံရှည်နှင့်တူကာ လမ်းကြောင်းရှိ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။ ရက်စက်ကြမ်းကြုတ်မှုအရ သူမသည် မေ့ဟိုက်ယွင်ထက် အနည်းငယ်မျှ အဆင့်နိမ့်ခြင်းမရှိပေ။
သူမ၏ ခွန်အားသည် အပြာရောင်ဝတ်ဓားသမားထက် မနိမ့်ကျပေ။ သို့သော် ကံမကောင်းစွာဖြင့် မေ့ဟိုက်ယွင်နှင့် တွေ့ခဲ့ရသည်။ မေ့ဟိုက်ယွင်သည် မွေးဖွားခြင်းနယ်မြေဆဌမအဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်ကာ ထိုအချိန်က ကျန်းလင်းရှောင်ထက် အဆင့်မနိမ့်ပေ။ ဒြပ်စင်ငါးသွယ်ဓားသိုင်းသည်လည်း ထိုးစစ်နှင့် ခံစစ်နှစ်ဖက်စလုံးတွင် ပြီးပြည့်စုံကာ ဓားငါးမျိုးကို တစ်မျိုးတည်းဖြင့်တိုက်ခိုက်နိုင်သည်အထိ လေ့ကျင့်နိုင်ခဲ့ပြီးဖြစ်သည်။
ခွန်အားနှင့် ပတ်သက်လျှင် သူသည် ဤအနီရောင်ဝတ် အမျိုးသမီးထက် မနိမ့်ကျပေ။ သူသည် ပြင်းပြင်းထန်ထန် အားကြိုးမာန်တက် တိုက်ပွဲဝင်ခဲ့သည်။ ဤမြင်ကွင်းကို မြင်သောအခါ တက္ကသိုလ်ကျောင်းသားများ အားလုံး ရင်ခုန်နေကြသည်။ နောက်တစ်ခုမှာ ပြည်ထောင်စုကျောင်းသားများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ပြည်ထောင်စုတက္ကသိုလ်ကို အားကိုးရမည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဤလူလေးယောက်ကို သင်ခန်းစာတစ်ခု အပြင်းအထန် သင်ကြားရန် စိတ်ကူးမရှိကြတော့ပေ။ ဤလေးယောက်၏ အစွမ်းသတ္တိကို သူတို့အားလုံး မျက်မြင်တွေ့ခဲ့ကြရသည်။ ၎င်းတို့သည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ စီတုကျီယင်းနှင့် အခြားသူများအားလုံး ရှုံးနိမ့်ခဲ့သည်မှာ အံ့သြနေရန်မရှိပေ။ သုန်ဖန်ဟောက်ပင်လျှင် ၎င်းတို့နှင့် မယှဥ်နိုင်ပေ။ မေ့ဟိုက်ယွင်ကမူ မရှုံးနိမ့်စေရန် ထိန်းထားနိုင်ရုံသာဖြစ်သည်။
“ငါ့သည်းခံနိုင်စွမ်း ကုန်နေပြီ”
မေ့ဟိုက်ယွင်နှင့် အနီရောင်ဝတ် အမျိုးသမီးတို့သည် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် ဝတ်ရုံနက် ယောကျ်ားက ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
တောင်ပေါ်မှ ဆင်းလာသော ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ကဲ့သို့ ကွင်းထဲသို့ တန်းတန်းမတ်မတ် ခုန်ဆင်းလာသည်။ သူသည် ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ နှင်းကဲ့သို့ဖြူသောဓားက မေ့ဟိုက်ယွင်ဆီသို့ ပျံသန်းသွားပြီးနောက် ပေပေါင်းများစွာရှည်လျားသော ဓားအလင်းထွက်ပေါ်လာသည်။
မေ့ဟိုက်ယွင်သည် အနက်ရောင်ဝတ်ဓားသမားက ဤမျှမရိုးမသားဖြင့် ချီတက်လာလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။ သူက သူ့ကိုယ်သူကာကွယ်ရန် ဒြပ်စင်ငါးသွယ်မှ ကမ္ဘာမြေဓားကို အလျင်အမြန်အသုံးပြုလိုက်သည်။
ဘမ်း
၎င်းဓားအလင်းသည် မေ့ဟိုက်ယွင်၏ ဓားအလင်းနှင့် ထိပ်တိုက်တွေ့သွားရာ ကြီးမားသော ပေါက်ကွဲသံကြောင့် မေ့ဟိုက်ယွင် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ရသည်။
ဘမ်း
ဘမ်း
ဘမ်း
ဓားချက်တစ်ချက်စီတိုင်းက ရှေ့ဓားချက်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ နောက်ဆုံးတွင် မေ့ဟိုက်ယွင်က သည်းမခံနိုင်တော့ဘဲ လွင့်ထွက်သွား၏။ သူ့ ပါးစပ်မှ သွေးများ ထွက်လာသည်။ ရိုးရှင်းစွာပြောရလျှင် သူရှုံးနိမ့်သွားပြီဖြစ်သည်။
အားကစားကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ယခင်က မေ့ဟိုက်ယွင်က အနီရောင်ဝတ် အမျိုးသမီးနှင့် လက်ရည်တူစွာ တိုက်ပွဲဝင်နိုင်ရန် လူတိုင်း မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း အနက်ရောင်ဝတ်ဓားသမားက ဝင်ရောက်တိုက်ခိုက်၍ ဓားချက်အနည်းငယ်အောက်တွင်ပင် ရှုံးနိမ့်သွားခဲ့သည်။
အထူးသဖြင့် စီတုကျီယင်းနှင့် လဲ့ယွီကျူအတွက် ဤအရာသည် အလွန်ထူးခြားသည်။ နှစ်ယောက်စလုံး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကြ၏။ ၎င်းတို့နှစ်ယောက်လုံးကို ဤလူက အနိုင်ယူခဲ့ခြင်းဖြစ်သည်။ စီတုကျီယင်းက ဓားချက်ကြောင့် သေလုမျောပါးဖြစ်ခဲ့ရသည်။ ၎င်းတို့ကြားထဲ၌ နက်ရှိုင်းသော အမုန်းတရားများရှိကြသည်။
“နင်ဘာလုပ်တာလဲ” အနီရောင်ဝတ် အမျိုးသမီးက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ မရွှင်မပျဖြင့် ပြောလိုက်သည်။
"ငါတို့ လာရတဲ့ ရည်ရွယ်ချက်ကို မင်း မေ့နေပြီလား။ သူ့ခွန်အားက မင်းထက်မနိမ့်ဘူး။ မင်းသူ့ကိုအနိုင်မယူနိုင်ဘဲ ဘာလို့အချိန်ဖြုန်းနေတာလဲ" အနက်ရောင်ဝတ်ဓားသမားက ပြတ်ပြတ်သားသားပြောသည်။
ထို့နောက် ကွင်းတစ်ခုလုံးကို ငေးကြည့်ကာလူအားလုံး ဒေါသပေါက်ကွဲစေသည့် စကားများကို ပြောလိုက်သည်။
“ပြည်ထောင်စုတက္ကသိုလ်က အမှိုက်ပါပဲ။ ငါအရမ်းစိတ်ပျက်တယ်”