အခန်း (၇၇၅-၇၇၇)
Vol. 52 Ch. 775-777
အခန်း (၇၇၅) လက်သီး တစ်ချက်တည်းဖြင့် လူသုံးဦးကို သတ်ဖြတ်ခြင်း၊ ခြုံခိုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း
"မဖြစ်နိုင်ဘူး"
အားလုံးက ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ ၎င်းတို့သည် မယုံကြည်နိုင်ဖွယ် အကောင်းဆုံးအရာကို မြင်လိုက်ရသည့်နှယ် ဖြစ်နေကြသည်။ အရာအားလုံး သိထားသော နတ်ကုန်းမြေ၏ တပည့်များသော်လည်းကောင်း ကနဦးတွင် အကြပ်အတည်းဖြင့် ကြုံတွေ့ခဲ့ရသော ပြည်ထောင်စု၏ လက်ရွေးစင်များသော်လည်းကောင်း ထွားကျိုင်းသော အမျိုးသား၏ ခွန်အားကို ၎င်းတို့ သိထားကြသည်။
သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်လက်နက်တစ်ခုဖြစ်သည်။ သူ၏လက်သီးများသည် လေးလံသော ဧရာမ တူကြီးများကဲ့သို့ဖြစ်နေ၍ ၎င်းနှင့် ရိုက်နှက်မိပါက လူအများကို မသေဆုံးစေလျှင် ဒဏ်ရာ အပြင်းအထန် ရရှိသည်အထိ ဖြစ်သွားသည်။ သာမာန်လူများက သူ့ကို ထိခိုက်အောင် ပြုလုပ်ရန် ခက်ခဲလှသည်။ သူ့ထက် နိမ့်ကျသော ကျင့်ကြံမှုအဆင့်ရှိသူများက သူ့ကို ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခြေ အလွန်နည်းပါးလှသည်။
ကျင့်ကြံသူ အများအပြားကြားအနက် ကိုယ်ခန္ဓာ ကျင့်ကြံခြင်းသည် ကျွမ်းကျင်တတ်မြောက်ရန် အခက်ခဲဆုံးဖြစ်သည်။ ၎င်းကို ကျင့်ကြံသူသည် အရည်အချင်းရှိရန် လိုအပ်ရုံသာမကဘဲ အရင်းအမြစ်များစွာလည်း လိုအပ်နေသည်။ ပြီးနောက် ၎င်းကိုကျင့်ကြံသော ဖြစ်စဉ်တစ်ခုလုံးက အနှိုင်းမဲ့ နာကျင်လွန်းလှသည်။ ထိုဖြစ်စဉ်မျိုးကို ခံနိုင်ရည်ရှိသူများက သာမန်လူများ မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်ကို ကျင့်ကြံခဲ့သော်လည်း အရေးအကြီးဆုံးအချိန်များတွင် ပေါ်ပေါက်လာသော နတ်ဘုရားဝိညာဉ်၏ အကူအညီကြောင့်သာမဟုတ်လျှင် ချူးယွင်ဖန်းသည်လည်း ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
...
ထွားကျိုင်းသော အမျိုးသား၏ ရှုံးနိမ့်မှုကို ၎င်းတို့ လက်မခံနိုင်ကြပေ။ ထိုအမျိုးသားသည် ကျင့်ကြံမှုပိုင်းတွင် ပြိုင်ဘက်ကင်းသူ မဟုတ်သော်လည်း ချူးယွင်ဖန်းသည် ဤအမျိုးသား၏ အကျွမ်းကျင်ဆုံး နယ်ပယ်ဖြင့် သေသည်အထိ ရိုက်နှက်ခဲ့သောကြောင့် ၎င်းတို့ဘက်မှ လက်မခံနိုင် ဖြစ်နေကြသည်။
ချူးယွင်ဖန်း၏ လက်ရှိလက်သီးချက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ထွားကျိုင်းသော အမျိုးသားသည် အဆင့်မြင့် စက်လက်နက်တစ်ခုထဲတွင် ပုန်းနေလျှင်ပင် ချူးယွင်ဖန်း၏လက်သီးများက သူ့ကို ထိုးဖောက်ဝင်ရောက်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ ကြက်ကန်းဆန်အိုးတိုးခြင်းမျိုး မဟုတ်ခဲ့ပေ။
"ဒီလူရဲ့ ကိုယ်ခန္ဓာကျင့်ကြံမှုက တော်တော် ထူးဆန်းလွန်းနေပြီလို့ ထင်နေခဲ့တာ။ အခု ချူးယွင်ဖန်းက ပိုပြီး ထူးဆန်းနေပါလား"
"ချူးယွင်ဖန်းမှာ ဘယ်လို နောက်ခံမျိုးတွေရှိနေတာလဲ၊ သူ့ရဲ့ ကျင့်ကြံမှုက ချူးမိသားစုရဲ့ သိုင်းပညာ မဟုတ်ဘူးဆိုတာ အသိသာကြီးပဲ။ ကျုပ်သိထားတဲ့ တခြား မိသားစုကြီးတွေက သိုင်းပညာတွေနဲ့လည်း မတူဘူး။ ဘာလို့ ဒီလောက်ထိ ကြောက်စရာကောင်းနေရတာလဲ"
"ဟားဟား၊ ကောင်းလိုက်တာ။ အဲဒီလူက သူ့ကိုယ်ခန္ဓာ ကျင့်ကြံမှုကို အားကိုးပြီး ကျုပ်ကို အနိုင်ယူခဲ့တာ။ အခုတော့ လက်စားချေနိုင်ပေါ့"
ပြည်ထောင်စုရှိ ကျွမ်းကျင်သူများက တက်ကြွစွာ ဆွေးနွေးကြ၍ အများစုက အားပေးစကားများ ပြောနေကြသည်။ သို့သော်လည်း ဝေ့ကျီရှုန်း၏အမူအရာသည် ပို၍ အကျဉ်းတန်သွားသည်။ ပေါင်းစည်းထားသော ဤလူများသည် ဂိုဏ်းတစ်ခုတည်းမှ မဟုတ်ကြသော်လည်း သူ့အကြံအစည်ကြောင့် ဤနေရာတွင် အသတ်ခံရလျှင် သူ့ဘက်မှ အဖိုးအခများ ပေးဆပ်ရပေလိမ့်မည်။
"ခင်ဗျားကများ အတင့်ရဲလို့" ဝေ့ကျီရှုန်းက အလွန် ဒေါသထွက်သွားသည်။ သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်းက နောက်ဆုံးလူကို အာရုံစိုက်နေပြီဖြစ်သည်။
"ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းက တပည့်လား" သူ၏ ကျင့်ကြံနည်းစနစ်နှင့် အရောင်အဝါများက လင်းချန်ဖုန်းနှင့် တူညီသော လမ်းကြောင်းတွင် ရှိနေသောကြောင့် နောက်ဆုံးလူသည် ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကြောင်းကို ချူးယွင်ဖန်းက တစ်ချက်တည်းဖြင့် ပြောနိုင်သည်။
ထို့ကြောင့် ဤလူ မည်သည့်နေရာကလာခဲ့သည်ကို ခန့်မှန်းရန် မခက်ခဲလှပေ။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ တပည့်သည်လည်း တွန့်ဆုတ်မနေပေ။ ချူးယွင်ဖန်းက သူ့ကို စိုက်ကြည့်လာသောအခါ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ အဆုံးထိ ရုတ်တရက် ထောင်မတ်သွားခြင်းကို ခံစားလိုက်ရသည်။ သူ၏ကျင့်ကြံမှု မမြင့်မားချိန်တွင် ကြမ်းကြုတ်သော မွန်းစတားတစ်ကောင်က သူ့ကို စိုက်ကြည့်နေသော ခံစားချက်မျိုးနှင့် ဆင်တူနေသည်။
ဤသည်ကား သူ၏ ဆဋ္ဌမအာရုံဖြစ်သည်။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းမှ တပည့်၏ ဆဋ္ဌမအာရုံသည် သူ့ကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကယ်တင်နိုင်ခဲ့သောကြောင့် ၎င်းအာရုံကို နာခံရန် သူ ဆုံးဖြတ်လိုက်သည်။ သူသည် ချက်ချင်း နောက်လှည့်၍ ဝေ့ကျီရှုန်း၏ ဦးတည်ရာသို့ ထွက်ပြေးလေသည်။
"ဒီအချိန်မှ ထွက်ပြေးချင်နေတာလား။ နောက်ကျသွား"
သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သော ချူးယွင်ဖန်းသည် သူ့ကို လွှတ်ပေးမည် မဟုတ်ပေ။
"အသူရကာယ် အပိုင်း"
ချူးယွင်ဖန်းက အော်ဟစ်ပြီးနောက် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ အသူရကာယ်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာ၊ ဤအသူရကာယ်သည် ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ တပည့်ကို လက်သီးဖြင့် ပစ်လွှဲလိုက်သည်။
"သေစမ်း"
ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ တပည့်က ဆဲရေးတိုင်းထွာလိုက်သည်။ ချူးယွင်ဖန်းသည် သတ်ဖြတ်မှု အကွက်ဖြင့် ရုတ်တရက် တိုက်ခိုက်နေသည်။ သူသည် ဒေါသထွက်၍ တုန်လှုပ်ခြောက်ခြားနေသော်လည်း အလွန် နောက်ကျသွားပြီဖြစ်သည်။ သူသည် ပျံသန်းနေသော ပန်းပွင့် တိုက်ခိုက်မှုကိုသာ ချူးယွင်ဖန်းဆီ ပစ်လွှတ်နိုင်ခဲ့သည်။ ၎င်းသည် ချက်ခြင်းဆိုသလိုပင် ကောင်းကင်ယံတွင် ပြည့်နှက်နေသည့် ပန်းပွင့်များအဖြစ် ကွဲထွက် ပျံသန်းသွား၍ ချူးယွင်ဖန်း၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုကို တားဆီးရန် ကြိုးပမ်းလိုက်သည်။
သို့သော် ဤအယောင်ပြ တိုက်ခိုက်မှု သို့မဟုတ် ဤအုပ်စုဖွဲ့ တိုက်ခိုက်မှုသည် ချူးယွင်ဖန်းအတွက် အဓိပ္ပာယ်မဲ့လှသည်။ ချူးယွင်ဖန်းသည် ဤပန်းပွင် ဓားသွားများကို မကြောက်ရွံ့ပေ။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ဤပန်းပွင့် ဓားသွားများ ကျရောက်လာသောအခါ ၎င်းတို့သည် ဒေါင်းခနဲ့ မြည်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်ခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ ခံစစ်ကို မဖြတ်ကျော်နိုင်ခဲ့ပေ။
"ဘယ်လို ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုးလဲ ဟ"
ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ တပည့်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သည့် ထွားကျိုင်းသော အမျိုးသားလျှင်ပင် သူ၏တိုက်ခိုက်မှုများကို လျစ်လျူမရှုဝံ့ပေ။ သို့သော် ချူးယွင်ဖန်းက ၎င်းတို့ကို လုံးလုံးလျားလျား လျစ်လျူရှုထားခဲ့သည်။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ တပည့်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ချီစွမ်းအင် အတားအဆီးကို မဖြတ်ကျော်နိုင်ပေ။
"ရပ်လိုက်"
ဝေ့ကျီရှုန်းသည် အလွန် ဒေါသထွက်စွာဖြင့် ချီတက်လာသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းသဖြင့် ကောင်းကင်ယံရှိ ပန်းပွင့် ဓားသွားများကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဖျက်ဆီးပစ်လိုက်သည်။ သူသည် လက်သီးတစ်ချက်တည်းဖြင့် ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ တပည့်ကို လွင့်ပျံသွားစေခဲ့သည်။ ပြီးနောက် ထိုတပည့်သည် ရင်ညွန့်ရိုးများ ကွဲအက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ သေဆုံးသွားခဲ့သည်။
အကယ်၍ သူ၏ပြိုင်ဘက်ကသာ တခြားတစ်ယောက်ဖြစ်ခဲ့လျှင် သူ ဤမျှ အားနည်းနေမည် မဟုတ်ပေ။ သို့သော် သူသည် ကြောက်စရာအကောင်းဆုံး လက်သီးချက်မျိုး ပိုင်ဆိုင်ထား သည့် ချူးယွင်ဖန်းနှင့် ကြုံတွေ့ခဲ့သည်။ ကနဦးက ထိုကိုယ်ခန္ဓာ ကျင့်ကြံမှု ကျွမ်းကျင်သူလျှင်ပင် ချူးယွင်ဖန်းကိုပင် မတားဆီးနိုင်ခဲ့ပေ။ လက်သီးတစ်ချက်ဖြင့် နောက်တစ်ယောက် ထပ်မံ သေဆုံးသွားခဲ့သည်။ ယခု ချူးယွင်ဖန်းကို ကြည့်နေသော လူများစွာ၏အကြည့်များသည် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ ဤအချိန်တွင် သူ့ကို ဂျူနီယာတစ်ယောက်အဖြစ် မည်သူမျှ မဆက်ဆံရဲကြပေ။
'ဟာသပဲ။ ဒီလောက် သန်မာတဲ့ ဂျူနီယာမျိုးကို မြင်ဖူးလို့'
၎င်းတို့အတွက် အရာရာတိုင်းကို တိုင်းတာခြင်းသည် အသက်အရွယ်က စံနှုန်း မဟုတ်ခဲ့ဘဲ ခွန်အားကသာ အရာရာတိုင်းကို အဆုံးအဖြတ်ပေးနိုင်သည်။ ၎င်းတို့သည် မူလက ချူးယွင်ဖန်းကို အာရုံမစိုက်ထားကြပေ။ သူသည် ငယ်ရွယ်သေးသည်ဟု ဆိုမည့်အစား အသက်အရွယ် ငယ်ရွယ်သေးသောကြောင့် ဤမျှ မသန်မာသေးသူဟု ၎င်းတို့ဘက်မှ ပြောလျှင် ပို၍ သင့်တော်ပေလိမ့်မည်။ ယခုမူ ချူးယွင်ဖန်းသည် သူ့အား လျှော့တွက်ထားသော ၎င်းတို့၏ ကနဦး အသိဉာဏ်ကို လုံးလုံးလျားလျား ချေဖျက်ပစ်လိုက်သည်။
"ကောင်းပြီ ခင်ဗျားတို့နှစ်ယောက်လုံး ဒီနေ့ အတူတူသေရမယ်။ ဘယ်သူမှ ထွက်ပြေးနိုင်မယ် မထင်နဲ့" ဝေ့ကျီရှုန်းသည် အလွန် ဒေါသထွက်နေသည်။ ယနေ့တွင် သူ အလွန် မျက်နှာပျက်ခဲ့ရသောကြောင့် ချူးယွင်ဖန်းကို သတ်ပစ်ချင်နေသည်။
"ချူးယွင်ဖန်း၊ ဒါက ကျုပ်တို့ ပထမဆုံး တွေ့တာဆိုပေမယ့် ခင်ဗျားရဲ့သိမ်နုပ်တဲ့ အသက်ကို နုတ်ယူနိုင်သေးတယ် ကွ"
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက်တွင် ဇိမ်ခံဝတ်စုံမျိုး ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူသည် လက်ထဲတွင် ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထားသဖြင့် ချူးယွင်ဖန်း၏ သူငယ်အိမ်များကို အနည်းငယ် ကျုံ့သွားစေသည်။ ထိုလူငယ် ကိုင်ဆောင်ထားသော ဓားသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျန်းမိသားစု ခြံဝင်းထဲတွင် ချူးယွင်ဖန်း ကျန်ရစ်ခဲ့သော ဓားဖြစ်သည်။
"ကျန်းသန့်၊ ခင်ဗျားက ဘာလို့ အခုမှ ရောက်လာတာလဲ" ဝေ့ကျီရှုန်းက စိတ်မကျေနပ်စွာ ပြောလိုက်သည်။ ကျန်းသန့်သာ စောစောရောက်လာခဲ့လျှင် ချူးယွင်ဖန်းသည် လူသုံးဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့မည် မဟုတ်ပေ။ ဤသည်မှာ ကြီးလေးသော အရှက်ရစရာကိစ္စတစ်ခုဖြစ်သည်။
"တကယ် ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေတာပဲ"
ဤနှီးနှောဖလှယ်ပွဲသည် လူအများ မှန်းဆထားသည့်အတိုင်း အမှန်တကယ်ဖြစ်နေကြောင်း ပြည်ထောင်စုရှိ လူတိုင်းက နားလည်သွားကြသည်။ အနည်းဆုံးလျှင် နှီးနှောဖလှယ်ပွဲ၏ တစ်ဝက်ခန့်က ချူးယွင်ဖန်းကို အဆုံးသတ်ရန်ဖြစ်သည်။ ယခုမူ အစီအစဉ်၏ ပုံစံအမှန် ပေါ်ပေါက်လာပါပြီဖြစ်သည်။ ဤတွေ့ဆုံပွဲသည် ကျန်းမိသားစုနှင့် အမှန်တကယ် ဆက်စပ်နေကြောင်း ချူးယွင်ဖန်းသည်လည်း နားလည်ခဲ့သည်။
"အားလုံးက ရှင်းနေတာပဲ မဟုတ်လား၊ ကျုပ်ဘက်က နတ်ကုန်းမြေရဲ့ တပည့်တွေကို သတ်စေချင်နေတာ၊ ဒါမှ ကျုပ်နဲ့ နတ်ကုန်းမြေကြားက ရန်ငြိုးတွေ ပိုနက်ရှိုင်းလာမှာ။ သူက နတ်ကုန်းမြေကို အသုံးပြုပြီး ကျုပ်ကို ဖြေရှင်းချင်နေတာပဲ" ချူးယွင်ဖန်းက အပြုံးဖြင့် ပြောလိုက်သည်။
ချူးယွင်ဖန်းက သူ၏အကြံအစည်များကို ထိုးဖောက်မြင်သွားကြောင်း သိလိုက်ရသောအခါ ကျန်းသန့်၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
"ချီးပဲ၊ အကြံပက်စက်တဲ့ ကောင်"
ပြည်ထောင်စုမှ လူအများအပြားသည်လည်း ကျန်းသန့်ကို ကွဲပြားသော အမူအရာများဖြင့် ကြည့်လာကြသည်။ ကျန်းသန့်က အမှန်တကယ် ယုတ်ညံ့လွန်းမည်ဟု ၎င်းတို့ မထင်မှတ်ခဲ့ကြပေ။ ဝေ့ကျီရှုန်း၏ မျက်လုံးများတွင် သံသယအရိပ်အယောင်များ ရှိနေသော်လည်း ဖွင့်ဟ မပြောခဲ့ပေ။
“ကျုပ်တို့ကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်ဖို့ မကြိုးစားနဲ့၊ ဒီနေ့တော့ ခင်ဗျားကို ကျုပ် လုံးဝ လွှတ်မပေးနိုင်ဘူး" ဝေ့ကျီရှုန်းက ထိုသို့သာ ပြောလိုက်သည်။
အခန်း (၇၇၆) ကျန်းမိသားစု၏ ရက်စက်သော နည်းလမ်းများ
ဝေ့ကျီရှုန်းတွင် သံသယစိတ်များ ရှိနေလျှင်ပင် ဤအချိန်တွင် ကျန်းသန့်နှင့် အငြင်းမပွားမည်မှာ သိသာထင်ရှားသည်။ သူသည် အရှေ့သို့ ခြေတစ်လှမ်းခြင်း လျှောက်လှမ်းခဲ့ရာ၊ မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူ တစ်ဦး အနေဖြင့် သူ၏စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ကောင်းကင်သို့ ပျံတက်သွားသော ကြောက်မက်ဖွယ်ရာ ခွန်အားများသည် လူတိုင်း၏ တည်ငြိမ်သော အမူအရာများကို ဖမ်းစားပစ်လိုက်သည်။
"ဝေ့ကျီရှုန်း၊ ကျုပ် ခင်ဗျားကို ပြောပြီးပြီပဲ။ ဒီနေ့ ခင်ဗျားရဲ့ အကြံအစည်တွေကို အောင်မြင်ခွင့် မပြုနိုင်ဘူး" ချူးဟောက်ယွဲ့က အရှေ့တစ်လှမ်းတိုးလာ၍ ဝေ့ကျီရှုန်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ချူးဟောက်ယွဲ့၏ အမူအရာသည် အလွန်လေးနက်နေသည်။ ယခင်က ကျန်းမိသားစုနှင့် ကြီးကျယ်သော တိုက်ပွဲ၌ မိမိတွင် ခွန်အားရှိခဲ့သော်လည်း မပါဝင်နိုင်ခဲ့ပေ။ သူ့ဘက်မှ ကူညီချင်ခဲ့သော်လည်း အခြေအနေများကို ပြောင်းလဲရန် နည်းလမ်းမရှိခဲ့ပေ။ သို့သော် ယခုမူကား ကွဲပြားခြားနားနေပြီဖြစ်သည်။ ယခု သူသည် အရေးအကြီးဆုံး အဆင့်တွင် ပါဝင်နိုင်စွမ်းရှိနေသည်။
ချူးယွင်ဖန်း၏ စွမ်းဆောင်မှုသည် အလွန်ထူးချွန်လှ၍ ချူးမိသားစုအတွင်း ချူးဟောက်ယွဲ့၏ အနေအထားကိုပင် ခြိမ်းခြောက်နိုင်စွမ်း မြင့်မားနေသော်လည်း ချူးဟောက်ယွဲ့က ဤကဏ္ဍကို ဂရုမစိုက်ပေ။ လူတိုင်းက နည်းလမ်းမျိုးစုံကို အသုံးပြု၍ မျိုးနွယ်ခေါင်းဆောင်ရာထူးကို တက်လှမ်းရန် ကြိုးစားကြမည် မဟုတ်ပေ။ ချူးဟောက်ယွဲ့၏ ဖခင်သည် မျိုးနွယ်စုခေါင်းဆောင်ဖြစ်သောကြောင့် မျိုးနွယ်စုခေါင်းဆောင်ရာထူးက ဂုဏ်သိက္ခာရှိရုံသာမကဘဲ တာဝန်တစ်ခုလည်းဖြစ်ကြောင်း သူ သိထားသည်။
...
"ချူးဟောက်ယွဲ့၊ ခင်ဗျား ဒီနေ့ကိစ္စမှာ ဝင်စွက်ဖက်ဖို့ မစဉ်းစားနဲ့၊ ခင်ဗျားက ချူးမိသားစုက ဖြစ်နေတာနဲ့ ကျုပ် ခင်ဗျားကို မသတ်ဘူး မထင်လိုက်နဲ့" ဝေ့ကျီရှုန်းက အလွန် ဒေါသထွက်နေသည်။
"ဒါဆိုရင်လည်း လာစမ်းပါ" ချူးဟောက်ယွဲ့က လုံးလုံးလျားလျား လက်မလျှော့ဘဲ အေးစက်စွာ ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး အစ်ကိုဝေ့ ကျုပ်အတွက် ချူးဟောက်ယွဲ့ကိုသာ အချိန်ဆွဲပေးထား၊ ကျုပ် ချူးယွင်ဖန်းကို သတ်လိုက်မယ်" ကျန်းသန့်က ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
လူတိုင်း၏မျက်လုံးများက သူ့ထံ ရောက်ရှိလာသောအခါတွင် ကျန်းသန့်က ကျယ်လောင်စွာ ပြောလိုက်သည်။
"မြန်မြန် လုပ်လိုက်တော့"
ဤအခိုက်အတန့်တွင် ပုံရိပ်အချို့ ပျံထွက်လာ၍ ရင်ပြင်ပေါ်သို့ ဆင်းသက်လာသည်။ ၎င်းတို့တစ်ဦးချင်းစီသည် မတူညီသောထောင့်တွင် ချိတ်ပိတ်ထားသော စာလိပ်တစ်လိပ်စီကို ဖွင့်ချလိုက်ကြရာ ဧရာမ ရွှေရောင် ဖွဲ့စည်းပုံတစ်ခု ဖြစ်ပေါ်လာလေသည်။ ဤဖွဲ့စည်းပုံအတွင်း၌ ချူးယွင်ဖန်းကို ထောင်ချောက်ဆင်ရန် ရည်ရွယ်ချက်ဖြင့် နောက်ထပ် အတားအဆီးတစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာသည်။
“နတ်ဆိုး နှိမ်နင်းခြင်း ဖွဲ့စည်းပုံ" တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တခြားလူများသည်လည်း လျင်မြန်စွာ တုံ့ပြန်လာသည်။ ဤဖွဲ့စည်းပုံမှ ဖြာထွက်နေသည့် ကြီးမြတ်သော သမာဓိ အာရုံကို ၎င်းတို့ ခံစားနိုင်ကြသည်။ ဤသည်မှာ နတ်ဆိုး နှိမ်နင်းခြင်း ဖွဲ့စည်းပုံတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် ဤသို့သော ဖွဲ့စည်းပုံများက မရှားပါးလှပေ။ ငွေကြေး ကြွယ်ဝသော မိသားစုကြီးများတွင် တစ်နေ့လျှင် နှစ်ဆယ့်လေးနာရီ အလုပ်လုပ်သည့် ဤဖွဲ့စည်းပုံမျိုး ရှိကြပေလိမ့်မည်။ ၎င်းတို့သည် တစ်ခုခု ခိုးဝင်လာမည်ကို ကြောက်ရွံ့ကြသောကြောင့်ဖြစ်သည်။
သူခိုးတစ်ဦးက ရက်ပေါင်းတစ်ထောင်ကြာလျှင်ပင် သူခိုးဖြစ်နေမည်ဆိုသော်လည်း သူခိုးကို ရက်ပေါင်းတစ်ထောင်ခန့် ကင်းစောင့်ရန် အကြောင်းမရှိဟူသော ဆိုရိုးစကားမျိုးရှိနေသည်။ ကျန်းသန့်သည် နတ်ဆိုး နှိမ်နင်းခြင်း ဖွဲ့စည်းပုံကို ဤနေရာတွင် အသက်သွင်းလိုက်သည်။ ၎င်းသည် ပုံသေဖွဲ့စည်းပုံများနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ဤစွမ်းအင်သည် လူတစ်ဦးတစ်ယောက်အတွက် အလွန် တုန်လှုပ်ဖွယ်ကောင်းနေသည်။
လူအများက ယင်းကို တွေးတောပြီးသည်နှင့် ၎င်းတို့၏ ပထမဆုံး အတွေးကား ဤဖွဲ့စည်းပုံကို မကောင်းမှု နှိမ်နင်းရန်အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ချူးယွင်ဖန်း ပြသခဲ့သော သိုင်းပညာမျိုးစုံသည် မှန်ကန်သောလမ်းစဉ်၏ သိုင်းပညာဖြစ်၍ ၎င်းတို့က နတ်ဆိုး သိုင်းပညာများ မဟုတ်ကြပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အဘယ်ကြောင့် နတ်ဆိုး နှိမ်နင်းရန် ကြိုးစားနေကြခြင်း ဖြစ်သနည်း။
"သူတို့က နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ပစ်မှတ်ထားနေတာ"
ဉာဏ်လျင်သော လူများက ဤအချက်ကို နားလည်သွားကြသည်။ ချူးယွင်ဖန်းနှင့်ပတ်သက်သော အချက်အလက်အချို့ကို ၎င်းတို့ သိခဲ့ဖူး၍ သူ့တွင် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားရှိနေခြင်းက လျှို့ဝှက်ချက် မဟုတ်ပေ။ ဤနတ်ဆိုး နှိမ်နင်းခြင်း ဖွဲ့စည်းပုံသည် ချူးယွင်ဖန်း၏ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို ပစ်မှတ်ထားနေခြင်းဖြစ်သည်မှာ သိသာသည်။
ချူးယွင်ဖန်းသည် ပန်းချီကားကို အကြိမ်ပေါင်းများစွာ ခုခံရန်အသုံးပြုခဲ့ကြောင်း လူများစွာက မှတ်မိသွားကြသည်။ ပန်းချီကားမပါလျှင် ချူးယွင်ဖန်း၏ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်ခြင်း သို့မဟုတ် ပိုဆိုးရွားစွာ ပြုလုပ်လိုက်နှင့် ထူးမခြားနားပေ။ ကြီးမြတ်သော သမာဓိစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့် ချူးယွင်ဖန်းက ၎င်းကို ခံစားသိရှိလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားဝိညာဉ်က အနည်းငယ် တုန်ယင်နေသည်။
"ချူးယွင်ဖန်း၊ ခင်ဗျား သေဖို့သာ ပြင်ထား" ကျန်းသန့်က ရယ်မောပြီးနောက် အတားအဆီး မပိတ်မီတွင် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"ခင်ဗျားက အခုမှ ထွက်သွားချင်လို့လား။ ကျုပ်နဲ့ပဲ ဒီမှာနေခဲ့ပါလား"
ချူးယွင်ဖန်းသည် လက်တစ်ဖက်ကို ရုတ်တရက် ဆန့်ထုတ်၍ ကျန်းသန့်ကို လှမ်းဆွဲလိုက်သည်။
"သေစမ်း"
ကျန်းသန့်က အခြေအနေ မဟန်ကြောင်း သတိထားမိသွားသည်။ သူသည် ကွင်းပြင်တွင် ရှိနေခဲ့သောကြောင့် ဤအစီအစဥ်တွင် အကြီးမားဆုံး ဟာကွက်တစ်ခုဖြစ်သွားခဲ့သည်။ ချူးယွင်ဖန်း၏ လက်မှ လွတ်မြောက်ခဲ့သော်လည်း ဖွဲ့စည်းပုံထဲမှ လွတ်မြောက်ရန် အခွင့်အရေးလည်း ဆုံးရှုံးသွားခဲ့သည်။
"ချီးပဲ၊ အား..."
ကျန်းသန့်သည် မိမိဘက်မှ အခြေအနေကို မှားယွင်း တွက်ချက်မိကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ ချူးယွင်ဖန်း ထွက်ပေါ်လာချိန်မှစ၍ ဤကိစ္စများက သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း သူ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ရင်ပြင်အတွင်း၌ ပုံရိပ်ပေါင်း တစ်ဒါဇင်ကျော်ခန့် ပေါ်ပေါက်လာသည်။ ဤပုံရိပ်များအားလုံးသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်၏အထက်တွင်ရှိနေ၍ ၎င်းတို့အနက်မှ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှစ်ဦးပင် ရှိနေသည်။
ချူးယွင်ဖန်းသည် ယခင်က ကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သော်လည်း ကျန်းမိသားစု၏ အမွေအနှစ်သည် အံ့အားသင့်ဖွယ်ဖြစ်သောကြောင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်များ ရှိနေသေးသည်။ ထို့အပြင် အထွတ်အထိပ်သို့ မရောက်သေးသော မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူများစွာလည်း ရှိနေဆဲဖြစ်သည်။
၎င်းတို့သည် ချူးယွင်ဖန်း၏ ထွက်ပြေးမှုကို တားဆီးရန်အတွက် ပိုကြီးမားသော ဝန်းရံမှုကို ထိန်းသိမ်းနေသကဲ့သို့ ပလာဇာတစ်ခုလုံး ပြန့်ကျဲနေခဲ့ကြသည်။ အကွာအဝေးတွင် ရာကျော်သော အဆင့်မြင့် စက်လက်နက်များ ပျံသန်းနေသည်။ ၎င်းတို့သည် ပြင်းထန်သော စက်လက်နက်များဖြစ်ကြောင်း လူတိုင်းက ရှင်းရှင်းလင်းလင်း သိမြင်နိုင်၍ ၎င်းတို့အားလုံးတွင် လေးလံသော လက်နက်ကြီးများဖြင့် တပ်ဆင်ထားသည်။ ၎င်းတို့က ရင်ပြင်ကို ပြည့်လျှမ်းလာ၍ လေထုထဲတွင် ရပ်တန့်သွားကြသည်။
ပြည်ထောင်စုရှိ လူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချွေးများ တစိမ့်စိမ့် ထွက်လာလေသည်။ ကျန်းမိသားစုသည် ချူးယွင်ဖန်းကို အမှန်တကယ် ဤမျှ မုန်းတီးနေသောကြောင့် ထိုကဲ့သို့ တပ်ဖွဲ့မျိုးကို ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
ဤသို့သော ဝိုင်းရံမှု တိုက်ပွဲမျိုးအတွက် ၎င်းက ပုံမှန်သာဖြစ်သည်။ ချူးယွင်ဖန်းကသာ ကျန်းသန့်ကို စိတ်ပျက်သားစွာ မတားဆီးခဲ့လျှင် ထိုလူများက ကျန်းသန့်၏ လုံခြုံရေးကို စိုးရိမ်ရန် မလိုအပ်သောကြောင့် ဖွဲ့စည်းပုံအတွင်းရှိ ရင်ပြင်တစ်ခုလုံးသည် စက်လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရပြီဖြစ်သည်။ ထိုအဆင့်မြင့် စက်လက်နက်များ သယ်ဆောင်လာသော သတ္တုလုံးများတွင် သေးငယ်သော နျူကလီယားဗုံးများ ပါ၀င်နေသည်ဟုပင် လူအများက ထင်ကြေးပေးနေကြသည်။
ကျန်းသန့်၏ ရက်စက်ကြမ်းကြုတ်မှုသည် လူအုပ်ကြီးကို ထိတ်လန့်သွားစေသည်။ သူ၏ ထွက်ပြေးမှုကို မတားဆီးနိုင်ခဲ့လျှင် ကျန်းသန့်က အမှန်တကယ် အောင်မြင်သွားနိုင်သည်။ ထို့ကြောင့် ၎င်းတို့အားလုံးက ပို၍ပင် စိတ်မကျေမနပ်ဖြစ်လာကြသည်၊ မည်သို့ဆိုသော် ဤကဲ့သို့သော တိုက်ပွဲမျိုး စတင်ခဲ့လျှင် ၎င်းတို့သည်လည်း ထိခိုက်သွားနိုင်သောကြောင့် ဖြစ်သည်။
ဤအတောအတွင်း ဖွဲ့စည်းပုံ၏ ဗဟိုနေရာတွင်ရှိသော ချူးယွင်ဖန်းသည် ကျန်းသန့်၏ အစီအစဉ်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ သို့သော်လည်း သူက မအံ့သြခဲ့ပေ။ သူသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို ဝှက်ဖဲအဖြစ် အသုံးပြုခဲ့ကြောင့် များမကြာမီတွင် အခြားလူများ၏ ပစ်မှတ်ထားမှုကို ခံရပေလိမ့်မည်။ အဆုံးတွင် ပြင်ပအရာဝတ္ထုများသည် ပြင်ပအရာဝတ္ထုများသာဖြစ်၍ မိမိက သန်မာလာမှသာလျှင် အမှန်တကယ် ပြိုင်ဘက်ကင်းမည်ဖြစ်သည်။ သို့သော်လည်း ပြင်ပလူများက အလွန်အန္တရာယ်များသည်ဟု မြင်နေသည့်အခြေအနေကို သူ ဂရုမစိုက်ပေ။ အဆုံးအခြေအနေသို့ ရောက်ရှိခဲ့လျှင် တောင်မြစ်ပန်းချီကားထဲတွင် ပုန်းအောင်လိုက်မည်ဖြစ်သည်။
'ဝှက်ဖဲနဲ့ ပတ်သက်ရင် ဘယ်သူကရော ဝှက်ဖဲတစ်ခုထက်ပိုပြီး မရှိကြလို့လဲ'
ကျန်းသန့်၏ မျက်နှာအမူအရာ အကျဉ်းတန်သွားကြောင်းတွေ့လိုက်ရသဖြင့် ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"အခု ဒီမှာ ဘယ်သူမှ မရှိတော့ဘူး။ ခင်ဗျားပဲ ကျုပ်ကို သတ်ချင်တယ်လို့ ပြောတာ မဟုတ်ဘူးလား၊ လာစမ်းကြည့်ပါဦး"
၎င်းတို့သခင်လေး၏ အသက်ကို လိုလားနေသေးသရွေ့ ကျန်းသန့််က ဤနေရာတွင်ရှိနေလျှင် ထိုအဆင့်မြင့် စက်လက်နက်များ ရုတ်တရက် ပစ်ခတ်လာမည်ကို ချူးယွင်ဖန်းက စိတ်ပူနေစရာ မလိုပေ။
"ချူးယွင်ဖန်း၊ သိပ်ပြီး မာန်တက်မနေနဲ့။ ကျန်းမိသားရဲ့ ခွန်အားအရှေ့မှာ ခင်ဗျားက ဘာကောင်မို့လို့လဲ"
ကျန်းသန့်က ဤသို့ အသံကျယ်ကျယ် ပြောလိုက်သော်လည်း သူ အမှန်တကယ် ကြိုးစားနေခြင်းမှာ အချိန်ဆွဲ၍ ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာခြင်းဖြစ်သည်။ မမျှော်လင့်ထားသည်မှာ ချူးယွင်ဖန်းက သူ့ကို အခွင့်အရေး မပေးခဲ့ပေ။ ချူးယွင်ဖန်းသည် ရုတ်တရက်ဆိုသလိုပင် ကျန်းသန့်ဆီသို့ ချီတက်လိုက်သည်။
အခန်း (၇၇၇) ချူးယွင်ဖန်း၏နောက်ဆုံး ဝှက်ဖဲကို ထုတ်ဖော်လိုက်ပြီ
ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်း ကျန်းသန့်အရှေ့တွင် ပေါ်ပေါက်လာသည်။ ကျန်းသန့်၏မျက်နှာအမူအရာ ထိတ်လန့်တုန်လှုပ်သွား၍ ချက်ချင်းပင် ဖြူဖျော့လာကာ သူ့လက်ထဲက ကျူးချွဲ့ကို လှုပ်ရှားလိုက်ရာ၊ ချူးယွင်ဖန်း၏ ဦးခေါင်းဆီသို့ ခေါင်းဖြတ် ဓားသွားကဲ့သို့ ခုတ်ထစ်လိုက်လေသည်။ ဓားသွားတွင် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု တွယ်ကပ်၍ လေထုကို ဖြတ်သန်းကာ ဓားအလင်းများ လွင့်ထွက်သွားသည်။
၎င်းသည် သူ့ကိုယ်ပိုင်လက်နက် မဟုတ်သော်လည်း ကျန်းသန့် အလျင်စလို အသုံးပြုခဲ့သော ကျူးချွဲ့၏စွမ်းအင်သည် အမှန်တကယ် အံ့ဩဖွယ်ကောင်းခဲ့ရာ၊ ၎င်းသည် တခဏသာ ကြာမြင့်ခဲ့သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချူးယွင်ဖန်းသည် ကျူးချွဲ့ကို ဖမ်းဆုပ်လိုက်သည်။ ပေါက်ကွဲထွက်ခါနီး ဓားအလင်းရောင်သည် ကျယ်ပြန့်သော လက်ကြီးဖြင့် အပြင်းအထန် ဖိနှိမ်ခံခဲ့ရ၍ ချူးယွင်ဖန်းက လုံးလုံးလျားလျား ထိခိုက်ခြင်း မရှိခဲ့ပေ။
"ချူးယွင်ဖန်း၊ ငါ့ကို လျှော့မတွက်စမ်းပါနဲ့" ကျန်းသန့်က အော်ဟစ်လိုက်သည်။
...
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ မန္တန်များစွာ ထွက်ပေါ်လာသည်။ ဤမန္တန်များသည် အပေါ်သို့ ပျံတက်လာ၍ လေထုထဲတွင် စတင် လောင်ကျွမ်းနေသည်။ လောင်ကျွမ်းနေသော မန္တန်များသည် လေထဲတွင် ရပ်တန့်နေသော ကြောက်မက်ဖွယ် ဓားအလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"အဲဒါတွေက သိုလှောင်မှုမန္တန်တွေ။ ကျုပ် အရင်က မြင်ဖူးတယ်၊ ဒါပေမယ့် အဲ့ဒါတွေက အရမ်းရှားတယ်။ မန္တန်ရဲ့ အရည်အသွေးအရ သိုင်းပညာ လှုပ်ရှားမှု အမျိုးမျိုးကိုတောင် သိမ်းထားလို့ရပြီး လိုအပ်တာနဲ့ ဆင့်ခေါ်လို့ရတယ်။ မန္တန်တွေရဲ့ အမြင့်ဆုံးအခြေအနေမှာ စွမ်းအားမြင့်တဲ့သူတွေရဲ့ တိုက်ခိုက်မှုတွေကိုလည်း သိမ်းထားနိုင်တယ်။ ဒါဆိုရင်တော့ ကြည့်ရတာ ကျန်းမိသားစုက မန္တန် အမွေဆက်ခံမှု ရဗိနေတယ်ဆိုတာ ဟုတ်နေပုံပဲ"
"ကြောက်စရာ လှုပ်ရှားမှုပါလား။ ဒါက သူအတွက် တိုက်ခိုက်မှုပေါင်း တစ်ရာကျော်ကို ချက်ချင်း ပြုလုပ်နိုင်တာနဲ့ အတူတူပဲ"
"ဒီကျန်းသန့်ရဲ့ ဝှက်ဖဲပေါ့လေ။ ကျုပ်သာဆိုရင် သတိမထားရင် သူ့လက်ထဲမှာ သေချာပေါက် သေသွားလိမ့်မယ်"
ဓားအလင်းရောင်ပေါင်း တစ်ရာကျော်သည် ဓားမိုးများ လွှမ်းခြုံနေသကဲ့သို့ ကောင်းကင်တွင် ပြည့်နှက်နေသည်။ ၎င်းသည် ပုံမှန်အချိန် ဓားဖြင့် ခုတ်ထစ်ရာတွင် ဖြစ်ပေါ်လာသော ဓားအလင်းရောင်များနှင့် ကွဲပြားခြားနားသည်။ ထိုဓားအလင်းရောင်များသည် ကောင်းကင်ကို လွှမ်းခြုံသွားသောကြောင့် ၎င်းတို့၏ စွမ်းအင်များလည်း ပြန့်ကျဲနေသည်။
သို့သော် ဤဓားအလင်းတန်းတစ်ခုစီသည် ကျန်းသန့်၏ခွန်အားများကို အပြည့်အ၀ အသုံးပြုခြင်း၏ ရလဒ်ဖြစ်သည်။ ဤရာနှင့်ချီသော ဓားအလင်းရောင်များသည် ကျန်းသန့် လှုပ်ရှားမှုတစ်ရာကျော်ကို တစ်ပြိုင်တည်း ပြုလုပ်လိုက်ခြင်းနှင့် ညီမျှနေသည်။ ၎င်းကမည်မျှ အစွမ်းထက်မည်ကို တွေးကြည့်၍ပင် သိနိုင်သည်။
"ဒါပဲလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်တွင် အသူရကာယ်တစ်ပါး၏ ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။
"အသူရကာယ်အပိုင်း" ချူးယွင်ဖန်းက ဟိန်းဟောက်၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
တခဏအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ ဤလက်သီးသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွား၍ ရာချီသော ဓားအလင်းရောင်များကို ရိုက်ချိုးပစ်လိုက်သည်။
ဘုံး ဘုံး ဘုံး
ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာ၍ ပြင်းထန်သော နက္ခတ် ချီများကို ဆက်တိုက် ထကြွစေကာ ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ်သွားစေသည်။ ၎င်းတို့ခြေဖဝါးအောက်တွင် ရှိနေသော ရင်ပြင်ပေါ်ရှိ ကျောက်ပြားများ အက်ကွဲသွားလေသည်။ ၎င်းတို့သည် အထူးပြုလုပ်ထားသော ကျောက်ပြားများဖြစ်သော်လည်း ဤလူနှစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။ ရင်ပြင်သည် ဘိုးဘွားအိမ်တော်များတွင် အသုံးပြုသော အထူးသတ္တုစပ်များဖြင့် ပြုလုပ်ထားခြင်း မဟုတ်ခဲ့ပေ။ တခဏချင်းမှာပင် သဲများနဲ့ ကျောက်တုံးများက နေရာအနှံ့ ပျံ့နှံ့သွားလေသည်။
"ဘယ်သူအနိုင်ရသွားတာလဲ"
ဤအတွေးသည် လူတိုင်း၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ ဤအခိုက်အတန့်တွင် အနှိုင်းမဲ့ ကြီးမားသော လက်သီးတစ်ချက်သည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာ၍ ကျန်းသန့်၏ ဦးတည်ရာဆီသို့ ပြင်းထန်စွာ ပျံသန်းသွားလေသည်။ ကျန်းသန့်သည် သူ၏လက်များဖြင့် ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်တစ်ခုကို ဖန်တီးလိုက်သည်။ လက်သီးဖြင့် ထိုးနှက်ခံရပြီးနောက် အနောက်သို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။ သူ၏ခြေထောက်များက မြေပြင်ပေါ်တွင် နက်နဲသော အမှတ်အသားနှစ်ခု ကျန်ရစ်ခဲ့ရာ၊ ၎င်းတို့က အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
'သူက ဘယ်လောက်တောင် သန်မာနေတာလဲ' ကျန်းသန့်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ချူးယွင်ဖန်းသည် ကိုယ်ခန္ဓာကျင့်ကြံမှုတွင် ထူးချွန်သော အောင်မြင်မှုများ ရရှိခဲ့သည်။ ဤသို့မှမဟုတ်လျှင် ဤသို့သော တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ကျန်းသန့်သည် ချူးယွင်ဖန်းကို မည်သည့်အချိန်ကမှ မထီမဲ့မြင်ပြုခဲ့ပေ။ သူသည် ကနဦးတွင် မထွက်လာခဲ့သော်လည်း ထိုတိုက်ပွဲများကို မြင်တွေ့ပြီးနောက် ချူးယွင်ဖန်းက အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိထားသည်။ သို့သော်လည်း နံဘေးမှ စောင့်ကြည့်နေခြင်းက ကဏ္ဍတစ်ခုဖြစ်၍ ယခုအချိန်မှသာ ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာ ကျင့်ကြံမှုက မည်မျှ အစွမ်းထက်သည်ကို အမှန်တကယ် နားလည်သွားခဲ့သည်။
'ငါ့လက်တွေ ကျိုးတော့မှာပဲ' ကျန်းသန့်က တွေးလိုက်သည်။
သူ၏လက်များသည် နှစ်ပိုင်း ကျိုးပဲ့လုနီးပါး ခံစားနေရသည်။ သူသည်လည်း ချူးယွင်ဖန်း၏ လက်ရှိအင်အားကို တိုင်းတာနေသည်။ မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ တက်လှမ်းပြီးသော ကျွမ်းကျင်သူမဟုတ်ပါက ချူးယွင်ဖန်းကို မည်သူမျှ မနှိမ်နှင်းနိုင်ကြမည်ကို စိုးရိမ်နေမိသည်။ မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော ကျန်းသန့်သည် ချူးယွင်ဖန်းကို နှိမ်နှင်းနိုင်မည် မဟုတ်ပေ။
“နောက်တစ်ကြိမ်"
ချူးယွင်ဖန်းက အော်ဟစ်၍ နောက်ထပ် လက်သီးတစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။
"ကျန်းမိသားစုရဲ့ သခင်လေးဆိုတော့ရော ဘာဖြစ်လဲ။ နောက်တစ်ယောက်ကို ထပ်သတ်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ"
ချူးယွင်ဖန်း၏ အရောင်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွား၍ သူ၏လမ်းတွင် ရပ်နေသော အရာအားလုံးကို သတ်ဖြတ်နေခဲ့သည်။
“အတားအဆီးကို ဖွင့်လိုက်။ ကျုပ်တို့ အထဲဝင်မယ်"
ဤအခိုက်အတန့်တွင် ဝင်ပေါက်ကို ပိတ်ဆို့နေသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှစ်ဦးက မထိန်းချုပ်ထားနိုင်တော့ပေ။ ဤသို့သာဆက်သွားနေလျှင် ကနဦးက ထွားကျိုင်းသော အမျိုးသားကို သတ်ဖြတ်သကဲ့သို့ ချူးယွင်ဖန်းက ကျန်းသန့်ကို အသေ ရိုက်သတ်သွားပေလိမ့်မည်။ ကျန်းမိသားစုသည် သခင်လေးတစ်ဦးကို ဆုံးရှုံးခဲ့ပြီဖြစ်၍ ချူးယွင်ဖန်း၏ လက်ချက်ဖြင့် နောက်ထပ် သခင်လေးတစ်ဦးကို ထပ်မံဆုံးရှုံးရန် ဖြစ်နိုင်ခြေရှိလေသလော။
ယခုအချိန်တွင် ချူးယွင်ဖန်းက အခွင့်အရေးယူ၍ ထွက်ပြေးသွားနိုင်ခြင်းကို ၎င်းတို့ ဂရုမစိုက်နိုင်တော့ပေ။ ၎င်းတို့၏အရေအတွက်က ဤမျှများပြားနေချိန်တွင် မည်သို့သော အခြေအနေမျိုးကို ကြောက်ရွံ့ရန် လိုအပ်ကြသနည်း။ နတ်ဆိုးနှိမ်နင်းခြင်း ဖွဲ့စည်းမှု ဆက်လက်အသက်ဝင်နေသရွေ့ ၎င်းတို့တွင် ချူးယွင်ဖန်းကို သတ်ဖြတ်ရန် လူအလုံအလောက်ရှိနေသည်။ အသုံးပြုရန် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားမရှိသော ချူးယွင်ဖန်းသည် သန်မာသော်သော်လည်း အထူးတလည် ခြိမ်းခြောက်မှုမျိုး မဟုတ်ခဲ့ပေ။
ထိုစက်လက်နက်များကမူ ယခုအချိန်တွင် အားကိုးရန် မရနိုင်ပေ။ ၎င်းတို့သည် ထိုလက်နက်များအတွက် ပြင်းထန်သော ခဲယမ်းများကို ယူဆောင်လာသောကြောင့် ယခု လှုပ်ရှားရန် မဖြစ်နိုင်ပေ။ ၎င်းလက်နက်များကို အသုံးပြုလိုက်သည်နှင့် ရင်ပြင်တစ်ခုလုံး ပေါက်ကွဲသွားပေလိမ့်မည်။ အတားအဆီးတွင် နေရာလွတ်တစ်ခု ပွင့်လာပြီးနောက် ကျန်းမိသားစု၏ ကျွမ်းကျင်သူများ စုပြုံ၍ ဝင်ရောက်လာကြသည်။ ထိုအချိန်တွင် ကျန်းသန့်၏ ခန္ဓာကိုယ်ပေါ်သို့ ချူးယွင်ဖန်း၏ ဒုတိယလက်သီးချက် ကျရောက်လာသည်။
ကျန်းသန့်သည် လက်ရှိတွင် အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေသည်။ ချူးယွင်ဖန်း၏ လက်သီးဖြင့် ထိုးနှက်ခံရပြီးနောက် ယခုတစ်ကြိမ်တွင် သူ၏လက်များ ကျိုးကြေသွားရုံသာမကဘဲ သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံးသည်လည်း ကွဲအက်သွားလေသည်။ သူသည် ဒုံးကျည်တစ်ခုဖြင့် ထိမှန်သွားသကဲ့သို့ ခံစားနေရသည်။
သူ၏လက်ထဲရှိ ကျူးချွဲ့သည် အရှေ့သိူ့ လွင့်ပျံသွားသည်။ သို့သော်လည်း ကျူးချွဲ့ လေထဲသို့ ပျံသန်းသွားသောအခါ စွမ်းအင်ဖြင့် ပြုလုပ်ထားသည့် လက်ကြီးတစ်ခု ပေါ်လာ၍ ၎င်းကို ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ဓားသည် ချူးယွင်ဖန်း၏လက်ထဲသို့ ရောက်ရှိသွားသည်။ အကျွမ်းတဝင်ရှိသော လက်နက်သည် ချူးယွင်ဖန်း၏လက်သို့ တစ်ဖန်ပြန်ရောက်လာသည်။ ချူးယွင်ဖန်းက ချက်ခြင်းပင် လှုပ်ရှားလိုက်ရာ၊ ဆယ်ပေရှည်သော ဓားအလင်းရောင်တစ်ခုသည် ကျန်းသန့်ဆီသို့ ပြုတ်ကျသွားသည်။
ဘန်း
အရေးကြီးသော အခိုက်အတန့်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှစ်ဦး အပြေးအလွှားရောက်ရှိလာ၍ ဤကြောက်မက်ဖွယ် ဓားအလင်းရောင်ကို တားဆီးရန် လက်ဖြင့် ဝှေ့ယမ်းလိုက်ကြသည်။ ကျွမ်းကျင်သူ နှစ်ယောက်က သက်ပြင်းတစ်ချက်ချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးက ကျန်းသန့်ကို ကာကွယ်ရပေလိမ့်မည်။ အခြားသော သခင်လေးတစ်ဦး ထပ်မံ သေဆုံးသွားပါက ကျန်မိသားစုတစ်ခုလုံး ရယ်စရာဖြစ်ရပေလိမ့်မည်။
"အခုပဲ"
သို့သော် ၎င်းတို့အားလုံး မပျော်ရွှင်နိုင်မီတွင် ချူးယွင်ဖန်း၏ ကျယ်လောင်သော အော်သံကို ကြားလိုက်ရသည်။ ထိုမှတစ်ဆင့် မွန်းစတားများ၏ ဟောက်သံများက ကောင်းကင်ယံကို လှုပ်ခါစေ၍ ရင်ပြင်တစ်ခုလုံးကို လေပြင်းများ တိုက်ခတ်သွားစေသည်။ လွင့်ပျံနေသော သဲများနှင့် ကျောက်တုံးများကြားတွင် မည်သူမျှ မသိလိုက်ခင်မှာပင် ရင်ပြင်ပေါ်၌ ပုံရိပ်တစ်ခု ပေါ်လာသည်။ ဤပုံရိပ်သည် အနည်းဆုံးလျှင် ဆယ်ပေမြင့်၍ လူနှစ်ဦးခန့် မြင့်မားလှသည်။
ကြီးကျယ်ခမ်းနားသော ဤပုံရိပ် ပေါ်ပေါက်လာသည့်အခိုက်တွင် လူအုပ်ကြီးထံမှ အာမေဋိတ်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်ရသေးမီတွင် အပြာရောင် လျှပ်စီးကြောင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် ဖွဲ့စည်းပုံဆရာများထံသို့ ချီတက်လိုက်လေသည်။