အခန်း (၇၇၈-၇၈၀)
Vol. 52 Ch. 778-780
အခန်း (၇၇၈) မိုးကြိုးတောင်ပံသားရဲရဲ့ အစွမ်းဖြင့် ချူးယွင်ဖန်းလွတ်မြောက်သွားခြင်း
ကနဦးတွင် ကျန်းမိသားစုမှ ကျွမ်းကျင်သူများသည် ဖွဲ့စည်းပုံဆရာများကို ကာကွယ်ရန်အတွက် အပြင်ဘက်တွင် အကာအကွယ်များ ချမှတ်ထားကြသည်။ မည်သို့ဆိုသော် ဤဖွဲ့စည်းပုံများမှု၏ သော့ချက်သည် အတွင်းဘက်တွင်ရှိသော ချူးယွင်ဖန်းမဟုတ်ဘဲ အပြင်ဘက်တွင်ရှိနေသည့် ဖွဲ့စည်းပုံဆရာများဖြစ်သောကြောင့် ဖြစ်သည်။ ဖွဲ့စည်းပုံဆရာများ အဆင်ပြေနေသရွေ့ ချူးယွင်ဖန်း၏ ခွန်အားသည် ၎င်းတို့ထက် မကျော်လွန်ပါက ဖွဲ့စည်းပုံထဲမှ ဖောက်ထွက်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။
၎င်းတို့သည် မူလအစီအစဉ်အရ ချူးယွင်ဖန်းကို အချိန်အတန်ကြာ ထောင်ချောက်ဆင်ရန်သာ ထိုအတားအဆီးကို အသုံးပြုခဲ့သည်။ ပြီးနောက် သူ့ကို ဗုံးကြဲတိုက်ခိုက်ရန်အတွက် လက်နက်ကြီးမျိုးစုံကို အသုံးပြုမည့် အဆင့်မြင့် စက်လက်နက်များ ရှိနေမည်ဖြစ်သည်။ ၎င်းကို ပြုလုပ်ရန် မိနစ်ပိုင်းသာ ကြာမြင့်ပေလိမ့်မည်။ သို့သော်လည်း မူလက ပြီးပြည့်စုံသော အစီအစဉ်သည် ကျန်းသန့်၏ တခဏတာ အားရကျေနပ်မှုကြောင့် ရုတ်တရက် ချို့ယွင်းသွားခဲ့သည်။
ချူးယွင်ဖန်းက ကျန်းသန့်ကို နှောင့်နှေးအောင် ပြုလုပ်ခဲ့သောကြောင့် ဖွဲ့စည်းပုံထဲတွင် ကျန်ရစ်ခဲ့ရသည်။ ဤအချက်ကြောင့် အဆင့်မြင့် စက်လက်နက်များက မဆင်မခြင် မပြုမူရဲကြပေ။ ယင်းဖြင့် ချူးယွင်ဖန်းက အခြေအနေကို အခွင့်ကောင်းယူ၍ သူ စီစဉ်ထားခဲ့သော ဝှက်ဖဲ အစစ်အမှန်ကို နောက်ဆုံးတွင် ထုတ်ဖော်လာခဲ့သည်။
"အဲဒါ ဘာလဲ"
လူများစွာသည် ဧရိယာတစ်လျှောက် ဖြတ်သွားသော အပြာရောင်မိုးကြိုးသွားနှင့် ပတ်သက်၍ ပဟေဠိဖြစ်နေကြသည်။ ဖွဲ့စည်းပုံဆရာများ ကိုယ့်ကိုယ်ကို ကာကွယ်ရန် အသုံးပြုသော အတားအဆီးသည် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ မြန်မြန်ဆန်ဆန် ချိုးဖျက်နိုင်သည့် အရာမဟုတ်ပေ။ သို့သော်လည်း ၎င်းသည် ဤအပြာရောင်မိုးကြိုးသွား၏ ပျံ့နှံ့မှုဖြင့် ချက်ချင်း ကွဲအက်သွားခဲ့သည်။ ကွဲအက်နေသော ဖွဲ့စည်းပုံအတွင်းရှိ ဖွဲ့စည်းပုံဆရာများသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်သာရှိနေ၍ နည်းပညာတွင် အထူးပြုသူများဖြစ်ကြသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် ကွဲကွာသွားသည်။
ဖွဲ့စည်းပုံသည် လှုပ်ရှားစပြုလာသည်။ ဖွဲ့စည်းပုံသည် ဖွဲ့စည်းပုံဆရာတစ်ဦး လျော့နည်းရုံဖြင့် ချက်ချင်း ပြိုလဲမည် မဟုတ်သော်လည်း တုန်ခါစပြုလာသည်။ တိုက်ခိုက်မှု အောင်မြင်ပြီးနောက် အပြာရောင်မိုးကြိုးသွားက မရပ်တန့်ဘဲ နောက်ထပ် ဖွဲ့စည်းပုံဆရာကို ချက်ချင်းပင် ခုန်အုပ်လိုက်သည်။ ဤသို့ အချိန်တိုအတွင်းမှာပင် ဤအပြာရောင်ပုံရိပ်၏ လက်ထဲတွင် ဖွဲ့စည်းပုံဆရာ ငါးဦး သေဆုံးသွားခဲ့သည်။
"အဲဒါကို တားကြ"
ယခုအချိန်တွင် ကျန်းမိသားစု ကျွမ်းကျင်သူများက မည်မျှပင် နှေးကွေးနေပါစေ၊ ၎င်းတို့ တုံ့ပြန်လာပြီဖြစ်သည်။ ဤသည်မှာ ချူးယွင်ဖန်း၏ အရန်အစီအစဉ်ဖြစ်သည်မှာ သိသာထင်ရှားသည်။
ဘုံး ဘုံး ဘုံး
ရင်ပြင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ကောင်းကင်တွင် ရှိနေသော စက်လက်နက်များ စတင် လှုပ်ရှားလာ၍ အပြာရောင်ပုံရိပ်ပေါ်သို့ သေးငယ်သော ဒုံးကျည်အချို့ဖြင့် ပစ်ခတ်လိုက်ကြသည်။ သို့သော် ဤပုံရိပ်သည် ၎င်းတို့ထင်ထားသည်ထက် မြန်ဆန်နေ၍ ၎င်းတို့ကို ရှောင်တိမ်းနိုင်ခဲ့သည်။
ပြည်ထောင်စုမှ ကျွမ်းကျင်သူ လူငယ်များသည် လျင်မြန်စွာ ဆုတ်ခွာလိုက်ကြသည်။ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှုပ်ခတ်မှုသည် ၎င်းတို့ကို ပြင်းထန်စွာ တုန်လှုပ်စေသည်။ အကယ်၍ ၎င်းတို့၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင် ထိုအရာများကို ကြောက်လန့်နေမည် မဟုတ်သော်လည်း လက်ရှိမူ ၎င်းတို့က ဒဏ်ရရှိထားသော အခြေအနေတွင် ရှိနေကြသောကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအင်သည်လည်း အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။
"ချီးပဲ၊ သွားသေလိုက်"
အတားအဆီးအတွင်းရှိ ကျန်းမိသားစုကျွမ်းကျင်သူများသည် နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ပေ။ အကယ်၍ အပြာရောင်ပုံရိပ်သာ အခြားသော ဖွဲ့စည်းပုံဆရာများကို သတ်ဖြတ်လိုက်လျှင် ဖွဲ့စည်းမှုတစ်ခုလုံး ပြိုလဲသွားမည်ဖြစ်သည်။ ပြီးနောက် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့သော အစီအစဥ်အားလုံး ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားပေလိမ့်မည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင်ရှိနေသော လူလတ်ပိုင်းအရွယ် ကျွမ်းကျင်သူတစ်ဦးသည် အပြာရောင်ပုံရိပ်ဆီသို့ ချက်ချင်း ခုန်အုပ်လိုက်သည်။
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သနည်း။ ၎င်း၏ တိုက်ခိုက်မှုသည် ရင်ပြင်၏ တစ်ဝက်နီးပါးခန့်ကို ဖုံးအုပ်သွားခဲ့သည်။ လေးလံသော တူကြီးနှင့် ဆင်တူသော လက်သီးချက်သည် သာမန်မျက်စိနှင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လေထုကို ပြိုကျသွားစေသည်။ အပြာရောင်ပုံရိပ်က ထွက်ပြေးနိုင်မည် မဟုတ်ဟု လူတိုင်းက ထင်နေကြချိန်တွင် ပြင်းထန်သော လေထုအတွင်းမှ အပြာရောင်လက်သည်းကြီး ရုတ်တရတ် ထွက်ပေါ်လာ၍ ရောက်လာသော လက်သီးကို ဆုပ်ကိုင်လိုက်ကြောင်း မြင်တွေ့လိုက်ရသည်။
ဘန်း
လက်သီးနှင့် လက်သည်းတို့ တိုက်မိသွားချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဝေဟင်အလယ်တွင် ဒုံးကျည်နှစ်စင်း အပြန်အလှန် တိုက်မိသွားသကဲ့သို့ ကောင်းကင်သို့ ဒီရေရိုင်းများ လျှံတက်လာစေသည်။ မရေတွက်နိုင်သော သဲများနှင့် ကျောက်တုံးများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုအပြာရောင်ပုံရိပ်သည် နောက်ဆုံးတွင် ခေတ္တ ရပ်တန့်သွားသည်။ ဤအချိန်မှသာ ၎င်းပုံရိပ်က မည်သည့်အရာဖြစ်သည်ကို လူတိုင်းက မြင်တွေ့လိုက်ရသည်။
၎င်းသည် အပြာရောင်မိုးကြိုးသွားများ ထုတ်လွှတ်နိုင်သည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်နေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အပြာရောင် အမွေးအမျှင်များဖြင့် ဖုံးအုပ်ထား၍ ၎င်း၏အနောက်ဘက်တွင် ထိုးဖောက်မြင်နိုင်သော အတောင်ပံနှစ်ခုရှိနေသည်။ ဤသတ္တဝါသည် အနည်းဆုံးလျှင် ဆယ်ပေခန့်မြင့်မား၍ လူတစ်ဦးထက် နှစ်ဆပို၍ မြင့်မားနေသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ထူထဲသော အရိုးလက်သည်းများဖြင့် ဖုံးအုပ်ထားသည်။
"အဲ့ဒါဘာလဲ၊ မိုးကြိုးတောင်ပံသားရဲ မဟုတ်လား"
အဆုံးတွင် တစ်စုံတစ်ယောက်က ဤအပြာရောင်ပုံရိပ်ကို သတိထားမိလိုက်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတောင်ပံသားရဲ တစ်ကောင်ဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲသည် လူတိုင်း သိထားကြသည့် မွန်းစတားများအနက် ထိပ်တန်းအဆင့် သတ္တဝါမျိုးဖြစ်သည်။ ၎င်းသည် ဝါယောနှင့် မိုးကြိုး အရည်အသွေးတို့ဖြင့် မွေးဖွားလာကာ မွန်းစတားများစွာတို့တွင် တန်ခိုးကြီးသော ဘုရင်တစ်ပါးလည်း ဖြစ်သည်။ ထို့အပြင် ဤသားရဲသည် နတ်အဆင့်သို့ တက်လှမ်းနိုင်သည့် မွန်းစတားမျိုးဖြစ်သည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာအနက် လူသားများသည် နတ်အဆင့်သို့ တက်လှမ်းနိုင်သော မိုးကြိုးတောင်ပံသားရဲတစ်ကောင်ကို ရှာဖွေတွေ့ရှိ၍ ၎င်းသည် အင်အားကြီးမားကာ လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါများရှိနေကြောင်းကိုလည်း ရှာဖွေ့ရှိခဲ့သည်။ ချူးယွင်ဖန်း၏ ဝှက်ဖဲသည် ဤကြမ်းကြုတ်သော သားရဲဖြစ်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ကြထားပေ။
ဤသားရဲ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ယုံမှားသံသယဖြစ်ရန် မလိုပေ။ ဤကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် ၎င်းက အားနည်းချက် မရှိခဲ့ပေ။ ဤမိုးကြိုးတောင်ပံသားရဲသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း ၎င်း၏ကြံ့ခိုင်သော ကိုယ်ထည်၊ ဝါယောနှင့် မိုးကြိုး စွမ်းအင်းတို့ဖြင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကို တိုက်ထုတ်နိုင်ခဲ့သည်။
မွေးရာပါ စွမ်းအင်ရှိသော သားရဲများ၏ အစွမ်းသတ္တိကို ဤနေရာတွင် မြင်တွေ့နိုင်ပေလိမ့်မည်။ လူအများအပြားက တုန်လှုပ်သွားကြသည်။ ဤသတ္တဝါမျိုးကို ယခင်က မည်သူတစ်ဦးယောက်ကမျှ မထိန်းချုပ်နိုင်ခဲ့ဖူးပေ။ ချူးယွင်ဖန်းက မည်ကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သနည်း။ ဤဖြစ်စဉ်သည် မယုံကြည်နိုင်ဖွယ် ကောင်းလှသည်။ ကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည်လည်း အလားတူ အံ့အားသင့်သွားသည်။ သတ္တဝါသာ် မိုးကြိုးတောင်ပံသားရဲတစ်ကောင်ဖြစ်နေမည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။
"ဘာပဲဖြစ်ဖြစ် ခင်ဗျား သေရမှာပဲ"
သူသည် ခဏမျှပင် အံ့အားသင့်သွား၍ မိုးကြိုးတောင်ပံသားရဲကို သိပ်ဂရုမစိုက်ခဲ့ပေ။
'ကျန်းမိသားစုမှာ ဒီလောက် အင်အားများနေတာ မိုးကြိုးတောင်ပံသားရဲ တစ်ကောင်မကလို့ နောက်ထပ် လေးငါးကောင် ရောက်လာရင်တောင် ဘာဖြစ်မှာမို့လို့လဲ'
မိုးကြိုးတောင်ပံသားရဲက ဟိန်းဟောက်လိုက်သည်နှင့် ကြောက်မက်ဖွယ် လေပြင်းများ တိုက်ခတ်သွားသည်။ ၎င်းသည် ဧရာမ ဓားသွားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားကာ အခြားသော ဖွဲ့စည်းပုံဆရာများကို ပြင်းထန်စွာ ခုတ်ထစ်လိုက်လေသည်။ ၎င်းသည် မွေးရာပါ သဘာဝလွန်စွမ်းရည်နှင့် အထူးစွမ်းရည်မဟုတ်တော့ဘဲ ၎င်း၏ တိုက်ခိုက်ရေးတွင် သိုင်းပညာမူများ ထည့်သွင်းထားခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲထံ နတ်ဘုရားကျင့်စဉ်ကို သင်ကြားပေးပြီးနောက် ၎င်း၏ အခြေခံစွမ်းအင်များ ပြောင်းလဲသွားခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအခါ သာမန် မိုးကြိုးတောင်ပံသားရဲများထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေလေသည်။ ဖွဲ့စည်းပုံဆရာသည် ၎င်း၏ စွမ်းအင်ကို မရှောင်တိမ်းနိုင်ခဲ့ပေ။ သူသာ ရှောင်တိမ်းလိုက်လျှင် ဖွဲ့စည်းပုံတစ်ခုလုံး ပြိုကျလဲသွားပေလိမ့်မည်။
ဘန်း
ဖွဲ့စည်းပုံဆရာ၏ ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အတားအဆီးသည် အပိုင်းပိုင်း ကွဲအက်သွား၍ သူ၏ ခန္ဓာကိုယ်သည်လည်း လေထု ဓားသွားဖြင့် နှစ်ပိုင်း ပိုင်းခံလိုက်ရသည်။
"သေစမ်း"
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူသည် အလွန် ဒေါသထွက်သွားသည်။ကျန်းမိသားစု၏ အကြံအစည်သည် ဤမိုးကြိုးတောင်ပံသားရဲကြောင့် ပျက်စီးသွားခဲ့သည်။ သူသည် မိုးကြိုးတောင်ပံသားရဲနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် အဆုံးမဲ့သော နတ်ဆိုး အရောင်အဝါတစ်ခု ထွက်ပေါ်လာ၍ ထိုက်တောင်၏ တစ်ဝက်နီးပါးခန့်ကို လွှမ်းခြုံထားလိုက်သည်။ လူတိုင်း၏မျက်စိရှေ့တွင် အနှိုင်းမဲ့ကြီးမားသော အရိုးစုကြီးတစ်ခု ပေါ်ပေါက်လာခဲ့ရာ၊ ဤလောကသို့ နတ်ဆိုးတစ်ကောင် ဆင်းသက်လာသကဲ့သို့ပင် ထင်မှတ်ရလေသည်။
အခန်း (၇၇၉) တစ်ချက်တည်း ထိုးသတ်ခံရခြင်း
နတ်ဆိုး အရောင်အဝါများ ချက်ခြင်း ထွက်ပေါ်လာသည်။ လူအုပ်ကြီးက အဝေးတစ်နေရာတွင် ရပ်နေသော်လည်း ရွံရှာ၍ မသက်မသာဖြစ်သော ခံစားချက်များ ခံစားနေရဆဲဖြစ်သည်။ ဤသည်မှာ နတ်ဆိုးရတနာများ ပိုင်ဆိုင်ထားသည့် ထူးခြားသော အရောင်အဝါဖြစ်သည်။ ၎င်းနှင့် ပတ်သက်သော ဗီဒီယိုများကို မြင်တွေ့ဖူးသောကြောင့် ချူးယွင်ဖန်းတွင် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား ရှိနေသည်ကို လူအများစု သိထားကြသည်။
သို့သော် ပန်းချီကား၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းသတ္တိတို့ကို ၎င်းတို့ကိုယ်တိုင် တစ်ခါမျှ မကြုံခဲ့ဖူးပေ။ ဤအခိုက်တွင် ချူးယွင်ဖန်း၏ နတ်ဆိုးရတနာကို ကျန်းမိသားစုတို့က မည်သို့ကြောင့် ကန့်သတ်ရန် ဤမျှ ကြိုးစားနေကြသည်ကို နောက်ဆုံးတွင် နားလည်လာကြသည်။ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို ဆင့်ခေါ်ပြီးနောက် ချူးယွင်ဖန်း ပြုလုပ်နိုင်သော ကြောက်မက်ဖွယ် သြဇာအာဏာနှင့် အရောင်အဝါကို နေရာတွင်မရှိသူများက မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပေ။
ချူးယွင်ဖန်းက ပန်းချီကား အသုံးပြုသော မြင်ကွင်းကို ချူးဟောက်ယွဲ့ဘက်မှ ဒုတိယအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း လွန်စွာ တုန်လှုပ်နေဆဲဖြစ်သည်။ သို့ရာတွင် ပန်းချီကားကို နောက်ဆုံးအကြိမ် ဆင့်ခေါ်သည့်အချိန်နှင့် နှိုင်းယှဉ်လျှင် ၎င်း၏စွမ်းရည်က အလွန် အားနည်းနေကြောင်း ရှင်းလင်းစွာ ခံစားရနိုင်သည်။ ပန်းချီကား၏ စွမ်းအင်သည် ၎င်းပိုင်ရှင်၏ခွန်အားနှင့် များစွာသက်ဆိုင်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းက သူ၏ ခွန်အားကို တစ်ဟုန်ထိုး တိုးတက်စေသည့် Celestial Demonic Disintegration Pill ကို သောက်သုံးခဲ့သည်။ ထိုမှသာလျှင် သူ့လမ်းကြောင်းတွင် ရှိနေသောအရာအားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဝေ့ကျီရှုန်း၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်သွားစေသည်။ သူသည် ပြည်ထောင်စု၏ ပါရမီရှင် ချူးယွင်ဖန်းကို ယင်းမတိုင်မီက အလေးအနက်ထားခဲ့သည်။ ကျန်းသန့်အတွက် ချူးယွင်ဖန်းကို လုပ်ကြံသတ်ဖြတ်သည် ဤတွေ့ဆုံပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်၏ တစ်ဝက်မျှဖြစ်သော်လည်း ဝေ့ကျီရှုန်းအတွက်မူ သူ့စွမ်းအားကို ၁၀၀% ထူထောင်ရန်ဖြစ်သည်။ ချူးယွင်ဖန်းကို သတ်ပစ်ခြင်းလျှင်ပင် သူ၏ ဂုဏ်သတင်းကို တည်ဆောက်ရန်သာ ဖြစ်သည်။ သို့သော် သူသည် မည်မျှ မှားယွင်းနေကြောင်း ယခုအချိန်မှသာ သဘောပေါက်သွားသည်။ ချူးယွင်ဖန်း ပိုင်ဆိုင်သော ခွန်အားသည် သူထင်ထားသည်ထက် များစွာ ပို၍ ပြင်းထန်နေသည့်အပြင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဒါက ဘယ်လို ရတနာမျိုးလဲ၊ ကျုပ် အဲ့ဒါကို ပိုင်ဆိုင်မှဖြစ်မယ်"
ဝေ့ကျီရှုန်း၏ မျက်လုံးများတွင် လောဘဇောများ ပေါ်ပေါက်လာသည်။ ၎င်းသည် နတ်ဆိုးရတနာတစ်ခုဖြစ်သော်လည်း ထိုအချက်က သူ့အတွက် အရေးမကြီးပေ။ ဤရတနာကို သူရနိုင်လျှင် နတ်အဆင့်ကျွမ်းကျင်သူမှလွဲလျှင် မည်သူကိုမျှ ကြောက်ရွံ့ရန်မလိုအပ်တော့ပေ။ နတ်ဆိုး အရောင်အဝါသည် ပြင်းထန်သော လေထုကို လှုံ့ဆော်ပေးစေ၍ သဲများနှင့် ကျောက်တုံးများ ပျံသန်းလာသောကြောင့် လူတိုင်း၏အမြင်အာရုံကို ဖုံးလွှမ်းသွားစေသည်။ နောက်စက္ကန့်တွင် အပြာရောင် ပုံရိပ်က တန်စီယုဆီ ပျံသန်းသွား၍ သူမကို ၎င်း၏နောက်ကျောပေါ်တွင် သယ်ဆောင်ကာ တောင်ပေါ်မှ အမြန်ပြေးဆင်းသွားလေသည်။
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေသော မိုးကြိုးတောင်ပံသားရဲသည် တန်စီယုကို တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင် တန်စီယုသည် ဒဏ်ရာ အပြင်းအထန် ရရှိနေသောကြောင့် ချူးယွင်ဖန်းက ထပ်မံ၍ သူမကို မတော်တဆ ထိခိုက်ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်နေမိသည်။
"ဒီသားရဲကို တားကြ" မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူက ဒေါသကို မထိန်းချုပ်နိုင်ဘဲ ဟိန်းဟောက်လိုက်သည်။
စက်လက်နက်များသည် ၎င်းတို့၏ ဒုံးကျည်များကို တစ်ခုပြီးတစ်ခု ပစ်ခတ်ကာ တန်စီယု၏ ဦးတည်ရာကို ပေါက်ခွဲနေကြသည်။ ၎င်းတို့သည် ကျန်းသန့်ကို ထိခိုက်မည် စိုးရိမ်သောကြောင့် စောစောက မလှုပ်ရှားနိုင်ခဲ့ကြပေ။ ၎င်းတို့အားလုက လှုပ်ရှားရန် မဝံ့ရဲဖြစ်နေကြသည်။ ယခုမူကား နောက်ဆုံးတွင် သူတို့၏ ဒေါသကို ထုတ်လွှတ်လိုက်ကြသည်။ ဒုံးကျည် အမျိုးအစားများစွာသည် ဥက္ကာပျံများကဲ့သို့ ရွာသွန်းနေကြသည်။
ပြီးနောက် အလွန် ကြီးမားသော လက်ကြီးတစ်ခုသည် ကောင်းကင်ယံ၏ လေထုအတွင်းမှ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းသည် အရိုးစုလက်တစ်ခုဖြစ်၍ ဒုံးကျည်များဆီသို့ ဖမ်းဆုပ်လိုက်သည်။ ဒုံးကျည်များသည် တန်စီယုကို ထိခိုက်အောင် မပြုလုပ်နိုင်မီတွင် ဧရာမ လက်ကြီးဖြင့် ဖမ်းဆုပ်ခံရကာ ဝေဟင်၌ ပေါက်ကွဲသွားခဲ့သည်။ ကြောက်မက်ဖွယ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဒုံးကျည်များအားလုံး ပေါက်ကွဲပြီးနောက် နောက်ဆက်တွဲ ငလျင်ဒက်သည် အရာအားလုံးကို ဖုံးလွှမ်းသွားလေသည်။
အဝေးတွင်ရပ်နေသော လူများတို့၏ မျက်နှာပေါ်တွင် အလွန် လေးနက်သော အမူအရာများ ရှိနေသည်။ ၎င်းတို့အားလုံးသည်လည်း တောင်ပေါ်ကို ဆင်းချင်နေကြသည်။ အမျိုးကောင်းသားများသည် အန္တရာယ်ရှိသော တံတိုင်းအောက်တွင် ရပ်မနေသင့်ပေ။ ဤတိုက်ပွဲသည် ၎င်းတို့ကို ပြင်းထန်သော ခြိမ်းခြောက်မှုများ ခံစားရစေသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ဤစစ်တပ်သာ ဟန်ဆောင်မှုအားလုံး ဖယ်ရှားလိုက်ပါက ၎င်းတို့အားလုံးကို ချေမှုန်းပစ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း ဤဒုံးကျည်များအားလုံး ဝေဟင်၌ ပေါက်ကွဲပြီး မကြာမီတွင် မိုးကြိုးတောင်ပံသားရဲက တန်စီယုကို တောင်ပေါ်မှ အောင်မြင်စွာ သယ်ဆောင်သွားခဲ့သည်။ ၎င်းသားရဲသည် မြန်ဆန်လွန်းလှရာ၊ အပြာရောင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ဖြစ်နေသည်။ ၎င်း၏ ရွေ့လျားမှုများကို အဆင့်မြင့်ဆုံး ရေဒါများလျှင်ပင် လိုက်မှီရန် ခက်ခဲပေလိမ့်မည်။
မိုးကြိုးစွမ်းအင်သော်လည်း လေ စွမ်းအင်သော်လည်းကောင်း အရှိန်အဟုန်နှင့် ပတ်သက်နေသည်။ ယခုအခါ ၎င်းတို့နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်သောကြောင့် မိုးကြိုးတောင်ပံသားရဲ၏ အရှိန်အဟုန်သည် မည်မျှ အံ့အားသင့်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ထိုက်တောင်သည် မတ်စောက်လှသော်လည်း မိုးကြိုးတောင်ပံသားရဲက လေထုကို နင်းခြေ၍ ချောက်ကမ်းပါးမှ ခုန်ချလုနီးပါးလှုပ်ရှားကာ လေလှိုင်းများကို စီးနင်းလျက် အဝေးသို့ ပြေးထွက်သွားသည်။
တန်စီယု အန္တရာယ်မှ လွတ်မြောက်သွားကြောင်း မြင်လိုက်ရသောအခါ သူ၏ပခုံးပေါ်မှ ကြီးလေးသော ဝန်ထုပ်ဝန်ပိုးတစ်ခု ယုတ်လျော့သွားခြင်းကို ချူးယွင်ဖန်းက ခံစားလိုက်ရသည်။ ယခုအခါ သူမအတွက် စိတ်ပူစရာမလိုဘဲ အစွမ်းကုန် လှုပ်ရှားမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။ ယခုအချိန်တွင် ကျန်းသန့်ကို ပြန်လည် ကုသရန် ခေါ်ဆောင်သွားသော ကျန်းမိသားစုကျွမ်းကျင်သူ အနည်းငယ်မှလွဲလျှင် အခြားလူများက ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။
"နောက်ဆုံးတော့ လှုပ်ရှားလို့ရပြီပေါ့။ ခင်ဗျား အကြာကြီး စောင့်လိုက်ရမှာပဲ"
ချူးယွင်ဖန်း၏ မျက်နှာအမူအရာ ပို၍အေးစက်လာကာ သူ၏မျက်လုံးများ ငြိမ်သက်နေလေ၏။ သူ၏ တိုက်ခိုက်ချင်စိတ်များ မြင့်မားလာသော်လည်း သူ၏ စိတ်နှလုံးသည် ရေကြည်များကဲ့သို့ ထူးထူးခြားခြား ကြည်လင်ပြတ်သားနေသည်။ ချူးယွင်ဖန်း၏ခန္ဓာကိုယ်ရှိ နတ်ဘုရားဝိညာဉ်သည် ကြည်လင်သော ရေစီးကြောင်းများကို ထုတ်လွှတ်၍ သူ၏စိတ်ကို ကျူးကျော်ရန် ကြိုးစားနေသော နတ်ဆိုးစွမ်းအင်များကို ဖယ်ရှားရှင်းလင်းပေးနေသည်။
နတ်ဆိုးစွမ်းအင်များကို အဆက်မပြတ် ဖယ်ထုတ်ပေးနေသော နတ်ဘုရားဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ချူးယွင်ဖန်းက အချိန်တိုအတွင်း ရူးသွပ်သွားနိုင်သည်။ သူ၏စိတ်ဆန္ဒ မည်မျှ ပြင်းထန်နေပါစေ ၎င်းဖြစ်စဉ်ကို ကျော်လွှားနိုက်မည် မဟုတ်ပေ။ ဤသို့သော စိတ်ယိုယွင်းမှုမျိုးကို အချိန်တိုင်း ကာကွယ်ရန် မဖြစ်နိုင်ပေ။
“တိုက်ကြ” မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှစ်ဦးအနက် တစ်ဦးဖြစ်သော အဘိုးအိုက အော်ဟစ်လိုက်သည်။
ချူးယွင်ဖန်းဆီသို့ မရေတွက်နိုင်သော ဒုံးကျည်များ ပျံသန်းသွားကြသည်။ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ချူးယွင်ဖန်းတွင် ထူးခြားသော ခုခံနိုင်စွမ်းရှိလျှင်ပင် သေသည်အထိ အပစ်ခတ်ခံရပေလိမ့်မည်။ အတားအဆီး၏ အကာအကွယ်မပါဘဲ ကျန်းမိသားစု ကျွမ်းကျင်သူများက နျူဗုံးများကို အသုံးမပြုဝံ့ကြပေ။ သို့သော်လည်း အခြားလက်နက်များကို အသုံးပြုနေသောကြောင့် ၎င်းတို့က အားနည်းသည့် လက္ခဏာများ မပြခဲ့ပေ။ ရင်ပြင်တစ်ခုလုံးသည် ဒုံးကျည်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
"ချီးပဲ"
လူအုပ်ကြီးသည် ဝေးလံသော တောင်ထိပ်ဆီသို့ အသဲအသန် အပြေးနှင်နေကြသည်။ တောင်ထိပ်တစ်ခုလုံးသည် ဤကြောက်မက်ဖွယ် ဒုံးကျည်များဖြင့် လွင့်စင်သွားတော့မည်ဖြစ်သည်။ တောင်ထိပ်တစ်ခုလုံး ပြိုကျ ပျက်စီးသွားလေသည်။ နေရာတိုင်းတွင် ပျံ့နှံ့နေသော အခိုးအငွေ့များနှင့် မြေဆီလွှာများသည် ကောင်းကင်နှင့် နေမင်းကိုပင် လွှမ်းခြုံသွားသောကြောင့် မည်သည့်အရာကိုမျှ မမြင်နိုင်တော့ပေ။
ထိုအချိန်တွင် အဆုံးမရှိသော မီးခိုးငွေ့နှင့် ဖုန်မှုန့်အတွင်းမှ အနီရောင် ပုံရိပ်တစ်ခု ခုန်ထွက်လာ၍ ၎င်းသည် ဒုံးကျည်တစ်ခုကဲ့သို့ လေထုထဲသို့ ထိုးဖောက်သွားခဲ့သည်။ ထိုပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲသို့ ချီတက်သွားကာ စက်လက်နက်များဆီသို့ ရောက်ရှိလာသည်။
"ဖြန့်ကြ။ သူ ဆင်းတာကို စောင့်နေကြ" စက်လက်နက်ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။
လူတစ်ဦးသည် နတ်အဆင့် မဟုတ်ပါက ပျံသန်းရန် မဖြစ်နိုင်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများလျှင်ပင် လေထဲတွင် အချိန်တိုအတွင်းသာ ပျံသန်းနိုင်သည်။ ချူးယွင်ဖန်းသည် ထိုအနီရောင်အလင်းတန်းဖြစ်သည်။ ဤအခိုက်အတန့်တွင် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားမှ ဖွဲ့စည်းထားသော ဧရာမ အရိုးစုသည် သွေးနီရောင်အရိုးစုဝတ်ရုံအဖြစ်သို့ ကျုံ့သွားခဲ့သည်။
သို့သော် ချူးယွင်ဖန်းက ဆင်းသက်ခါနီးတွင် ရုတ်တရက် မြေပြင်ကို ခြေထောက်ဖြင့် စောင့်နင်း၍ ဟန်ချက်ညီအောင် ပြုလုပ်လိုက်သည်။ ပြီးနောက် သူသည် ဦးတည်ချက်ပြောင်း၍ စက်လက်နက် ခေါင်းဆောင်ဆီ ချီတက်လိုက်သည်။ ချူးယွင်ဖန်း၏လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ စက်လက်နက် ခေါင်းဆောင်သည် တုံ့ပြန်ရန် အချိန်ပင် မရှိလိုက်ပေ။ ၎င်းသည် မိုးကြိုးတိုက်ပွဲ လှံရှည်ဖြစ်သည်။ မရေတွက်နိုင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ မိုးကြိုးတိုက်ပွဲ လှံရှည်သည် စက်လက်နက် ခေါင်းဆောင်ကို တို့ဟူးအပိုင်းအစကဲ့သို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားခဲ့ရာ၊ သူသည် ချက်ချင်း သေဆုံးသွားလေသည်။
အခန်း (၇၈၀) ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်ပွဲ
ရာကျော်သော စက်လက်နက်များ၏ ကပ္ပတိန်သည် မိုးကြိုးတိုက်ပွဲ လှံရှည်ဖြင့် ထိုးသတ်ခံခဲ့ရသောကြောင့် အခြားသော စက်လက်နက်များ အထိတ်တလန့် ဖြစ်စပြုလာသည်။ သို့သော်လည်း ၎င်းတို့သည် ကျန်းမိသားစု၏ ထိပ်တန်းလက်ရွေးစင်များဖြစ်ကြသည်။ အဆင့်မြင့် စက်လက်နက်တိုင်းကို တည်ဆောက်ရန် ငွေကြေးအမြောက်အမြား ကုန်ကျထားသည်။ အကယ်၍ ၎င်းတို့သာ ထိပ်တန်း လက်ရွေးစင်များ မဟုတ်ကြလျှင် ၎င်းတို့က ထိုကဲ့သို့သော အဆင့်မြင့် စက်လက်နက်၏ ယာဉ်မှုအဖြစ် ရွေးချယ်ခံရမည် မဟုတ်ပေ။
ကျည်ဆန်မိုးများ ချူးယွင်ဖန်းဆီသို့ ဆက်တိုက် ရွာသွန်းလာသည်။ ချူးယွင်ဖန်းသည် နောက်တခဏတွင် ကောင်းကင်သို့ ပျံသန်း၍ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ခြေထောက်ကို စောင့်နင်း၍ သွေးနီရဲရောင် စွမ်းအင်များ ထုတ်လွှတ်လိုက်ရာ၊ သူသည် လေထုထဲတွင် လွတ်လပ်စွာ လျှောက်လှမ်းနိုင်သကဲ့သို့ပင် ထင်မှတ်ရသည်။
သူ ပြန်ပေါ်လာသောအခါတွင် အခြားစက်လက်နက်တစ်ခု၏ အနောက်တွင် ပေါ်ပေါက်လာ၍ မိုးကြိုးတိုက်ပွဲ လှံရှည်သည် စက်လက်နက်ကို ထိုးဖောက်လိုက်သည်။ ချူးယွင်ဖန်းသည် စက်လက်နက်များ၏ အနောက်တွင် တစ်ကြိမ်ပြီး တစ်ကြိမ် ပေါ်လာခဲ့သည်။ အဆင့်မြင့် စက်လက်နက်သည် သူ ပေါ်ပေါက်လာတိုင်း ဖောက်ထွင်းခံရခြင်းမဟုတ်လျှင် ထက်ပိုင်း ပြတ်တောက်သွားခဲ့ရသည်။
ကျန်းမိသားစု၏ ကျွမ်းကျင်သူများသည် မျက်လုံးများ ပြူးကျယ်စွာဖြင့် မြေပြင်ပေါ်မှ မော့ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ မိုးကြိုးတိုက်ပွဲ လှံရှည်ကို အသုံးပြုနေခြင်းဖြစ်သည်။ ဤလက်နက်ကို ကျန်းမိသားစုအတွင်းတွင်ပင် လူသိများလှသည်။ ၎င်းသည် ၎င်းတို့၏ ကရူးဆိုက်စစ်ပွဲများတွင် မျိုးဆက်ပေါင်းများစွာသော ကျန်းမိသားစုခေါင်းဆောင်နှင့်အတူ ရှိနေခဲ့သော လက်နက်ဖြစ်သည်။
...
၎င်းလက်နက်သည် ကျန်းမိသားစုခေါင်းဆောင်၏ အဆင့်အတန်း သင်္ကေတတစ်ခု ဖြစ်လာသည်ဟုလည်း ဆိုနိုင်သည်။ သို့သော် ယခုမူကား ချူးယွင်ဖန်း၏လက်ထဲသို့ ကျရောက်နေသောကြောင့် ၎င်းတို့အတွက် အရှက်ရဖွယ် ကိစ္စဖြစ်စေခဲ့လေသည်။ ထို့အပြင် ချူးယွင်ဖန်းသည် ၎င်းတို့နှင့် ရင်ဆိုင်ရာတွင် မိုးကြိုးတိုက်ပွဲ လှံရှည်ကို အသုံးပြုနေသည်။ ဤအဆင့်မြင့် စက်လက်နက်များ အားလုံးကို နောက်ဆုံးပေါ် နည်းပညာမြင့် သတ္တုစပ်များဖြင့် ပြုလုပ်ထားသောကြောင့် တူညီသော အဆင့်တွင်ရှိနေသော မွန်းစတားများနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းတို့၏ ခံစစ်များ ပျက်စီးမည်ကို မစိုးရိမ်ရပေ။
သို့သော်လည်း မိုးကြိုးတိုက်ပွဲ လှံရှင်နှင့် ရင်ဆိုင်ရာတွင် ၎င်းတို့၏ အင်အားက မလုံလောက်ခဲ့ပေ။ ဤသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ လှံကို အသက်သွင်းလိုက်သည်နှင့် ၎င်းသည် စက်လက်နက် တစ်ခုပြီးတစ်ခုကို ဖောက်ထွင်းသွားနိုင်သည်။ ဤစက်လက်နက်များတွင် ဒုံးကျည်အမျိုးမျိုးနှင့် ပြည့်နှက်နေ၍ နျူကလီးယားဗုံးများပင် ပြည့်နှက်နိုင်ခြေရှိသည်။ သို့သော်လည်း အနီးကပ်တိုက်ပွဲတွင် ချူးယွင်ဖန်းသည် ၎င်းတို့အပေါ် အပြည့်အဝ အသာစီးရခဲ့သည်။
မည်သို့ဆိုသော် ၎င်းတို့သည် အနီးကပ် တိုက်ခိုက်ရေး ကိရိယာများ အများအပြား မယူဆောင်ခဲ့သောကြောင့် ဖြစ်သည်။ ပြည့်နှက်နေသော အလေးချိန်အောက်တွင် ၎င်းတို့၏ တုံ့ပြန်မှုနှုန်းသည်လည်း အလွန် နှေးကွေးနေသည်။ ၎င်းတို့၏ မူလအစီအစဉ်အရ ဖွဲ့စည်းပုံ အတားအဆီးရှိနေသရွေ့ ချူးယွင်ဖန်းကို သတ်ဖြတ်ရန် ဒုံးကျည်အမျိုးမျိုးနှင့် နျူကလီးယားလက်နက်များစွာကိုပင် လွှတ်တင်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ ရုတ်တရက် အခြေအနေသည် ၎င်းတို့၏ အစီအစဉ်အနက် တစ်စိတ်တစ်ဒေသ မဟုတ်ကြောင်း သိသာထင်ရှားသည်။ စက်လက်နက် နှစ်ဆယ်ကျော်ခန့်သည် အချိန်တိုအတွင်း ဖျက်ဆီးခံခဲ့ရသည်။ ချူးယွင်ဖန်း၏ သတ်ဖြတ်မှုစွမ်းရည်သည် အလွန် အံ့ဩဖွယ်ဖြစ်နေ၍ မည်သူမျှ သူ၏ သတ်ဖြတ်မှုကို မတားဆီးနိုင်ခဲ့ပေ။
သူသည် အနည်းငယ်မျှ မဆိုင်းမတွဘဲ ၎င်းတို့ ထိုးချက် တစ်ချက်တည်းဖြင့် သုတ်သင်ခဲ့သည်။ အခြားသော တောင်ထိပ်များရှိ ကောင်းကင်ယံတွင် ဖြစ်ပွားနေသည့် အံ့ဩဖွယ်ရာ တိုက်ပွဲကို လူအုပ်ကြီးက အောက်ခြေမှ စောင့်ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို ဆင့်ခေါ်မှုဖြင့် လူ့လောကရှိ နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူသည်။
"ကျန်းမိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ အစီအစဥ်က ဟာသမဟုတ်ဘူးဆိုတာကို ကျုပ် အခုတော့ နားလည်သွားပြီ။ ချူးယွင်ဖန်းက တကယ် ကြောက်စရာပဲ"
"ကံကောင်းချင်တော့ ကျုပ်က ချူးယွင်ဖန်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ မဟုတ်ရင် ကိုယ့်အသက်ကို စတေးရမှာတောင် စိုးရိမ်မိတယ်"
"ဒီသတ်ဖြတ်နှုန်းက မြက်ပင်တွေ ခုတ်လှဲနေသလိုပဲ။ ချူးယွင်ဖန်းက လူတွေကို ပေါင်းပင်တွေ ဖယ်ထုတ်သလိုမျိုး သတ်နေတာပဲ"
"ဒါပေမယ့် တိုက်ပွဲရဲ့ ရလဒ်က မသေချာသေးဘူး။ သူ့ခွန်အားတွေကို အကုန်သုံးပြီး နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားလို နတ်ဆိုးရတနာကို အသက်သွင်းတာက သူ့ခန္ဓာကိုယ်ကို ဖိအားတွေ ဖြစ်စေလောက်တယ်။ မထိန်းချုပ်နိုင်ရင် သူ သေသွားလိမ့်မယ်"
အမြင်စူးရှသော လူတချို့က ပြဿနာကို သတိပြုမိလိုက်သည်။ ချူးယွင်ဖန်းသည် သူ၏ စွမ်းအားကို မည်မျှပင် ထုတ်လွှတ်နေပါစေ၊ သူ၏ကိုယ်ပိုင် ခွန်အားကို အားမကိုးခဲ့ပေ။ သူ၏ ကိုယ်ပိုင်အင်အားကို အားမကိုးသရွေ့ တိုက်ခိုက်မှုကို ဆက်လက် မပြုလုပ်နိုင်မည့် အလားအလာရှိနေသည်။
"ချူးယွင်ဖန်းက ကျန်းမိသားစုရဲ့ မဟာ အစီအစဥ်ကို ဘယ်လိုလုပ် ကြာကြာ တောင့်ခံနိုင်မှာလဲ။ သူသာ မလုပ်နိုင်ရင် ဒီနေရာက ဒီနေ့ သူ့သင်္ချိုင်းဖြစ်လာမှာ"
အဝေးတစ်နေရာတွင် ချူးဟောက်ယွဲ့သည် စာပို့ပုံးကိုဖွင့်၍ အမိန့်ပေးလိုက်သည်။
"ကမ္ဘာပေါ်မှာရှိတဲ့ ချူးမိသားစုရဲ့ အသန်မာဆုံး အင်အားတွေကို စုစည်းပြီး ထိုက်တောင်ကို အမြန်ဆုံးလာခဲ့ကြ။ ငါတို့ မြန်မြန်လုပ်ရမယ်"
အမိန့်ပေးပြီးနောက် ချူးဟောက်ယွဲ့သည် ကောင်းကင်ယံတွင် ပျံသန်းနေသော ချူးယွင်ဖန်းကို စိုးရိမ်ပူပန်မှုများဖြင့် ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် အလွန် အံ့ဩဖွယ်ကောင်းနေသော်လည်း အဖြစ်မှန်အရ အတွင်းတွင် ပုန်းအောင်းနေသော အန္တရာယ်တစ်ခုရှိနေသည်။ သူသည် ဤအခြေအနေတွင် ပြိုင်ဘက်ကင်းနေသော်လည်း ဤအခြေအနေကို သူဘက်မှ မည်မျှကြာကြာ ထိန်းထားနိုင်မည်နည်း။
ချူးမိသားစုရှိ အပြင်းထန်ဆုံး တပ်ဖွဲ့ကို စုစည်း၍ ချူးယွင်ဖန်းကို ထောက်ပံ့ရန်အတွက် ချူးဟောက်ယွဲ့က အမိန့်ပေးထားပြီဖြစ်သည်။ သူသည် ကျန်းမိသားစုများနှင့် အငြင်းပွားရမည်ဆိုလျှင်ပင် ချူးယွင်ဖန်းကို ကာကွယ်ရမည်ဖြစ်ပါသည်။ သူသည် အံ့အားသင့်ဖွယ် မှန်းဆချက်တစ်ခုကို ပြုလုပ်ခဲ့သည်။ အခြေအနေကို ကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်းသည် ဒဏ္ဍာရီလာ နတ်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရှိနေသူ ဖြစ်သည်။
ချူးမိသားစုသည် အခြားသော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို မွေးထုတ်ပေးနိုင်မည်ဆိုပါက ၎င်းတို့သည် ထိုက်တောင်ကဲ့သို့ အမှန်တကယ် မြဲမြံလာမည်ဖြစ်သည်။ ချူးယွင်ဖန်း၏အသက်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သူ၏သြဇာလွှမ်းမိုးမှုသည် လာမည့်နှစ်ပေါင်း ၂၀၀ ကျော်တွင် ကုန်ဆုံးသွားမည့်ပုံမပေါ်ပေ။
ချူးမိသားစု၏ အနာဂတ်ခေါင်းဆောင်ဖြစ်သော ချူးဟောက်ယွဲ့သည် မိသားစု၏အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ သာမန်လူတစ်ဦး သေဆုံးသွားမည်ဆိုပါက လက်ခံနိုင်ခြေရှိသည်။ သို့သော်လည်း ချူးယွင်ဖန်းကမူ အသက်ရှင်ရပေလိမ့်မည်။ ယခုမူကား ချူးယွင်ဖန်းက မည်မျှ ကြာကြာ တောင့်ခံနိုင်မည်ဟူသော အချက်ကသာ တစ်ခုတည်းသော ပြဿနာဖြစ်သည်။
ချူးယွင်ဖန်း၏ ပုံရိပ်သည် လေထုထဲတွင် အဆက်မပြတ် လှုပ်ရှားနေသည်။ သူသည် တစ်ချက် လှုပ်ရှားလိုက်တိုင်း စက်လက်နက်တစ်ခုကို ဖြုတ်ချပစ်လိုက်သည်။ သူ၏စွမ်းဆောင်ရည်သည် အလွန် အံ့မခန်းဖြစ်လှသည်။ သို့သော် သူသည်လည်း ပြဿနာကို စတင် နားလည်လာသည်။ တောင်မြစ်ပန်းချီကားထဲတွင် သိမ်းဆည်းထားသည့် ဝိညာဉ်ကျောက်တုံးများဖြင့် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို ထိန်းသိမ်းထား၍ အဆိုပါ ဝိညာဉ်ကျောက်များသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က ရှန်ဟဲဆေးပညာကုမ္ပဏီမှ ရရှိလာသော ဝင်ငွေများအားလုံးကို ကိုယ်စားပြုသည်။
မိုးကြိုးတိုက်ပွဲ လှံရှည်ကို အသက်သွင်းရာတွင်လည်း ချီစွမ်းအင်အများအပြား လိုအပ်နေသည်။ မြေပြင်ပေါ် ပြုတ်ကျမသွားဘဲ လေထုအလယ်တွင် သူ၏ဟန်ချက်ကို ထိန်းထားရန်အတွက် ချူးယွင်ဖန်းသည် ချီစွမ်းအင်အများအပြားကို အချိန်တိုင်း အသုံးပြုနေရသည်။ ဤတိုက်ခိုက်မှုများအပြီးတွင် သူ၏ချီစွမ်းအင်များ လျင်မြန်စွာ လျော့ကျလာသည်။
သာမန်လူတစ်ဦးဆိုလျှင် တိုက်ပွဲတစ်ဝက်ခန့် မပြီးခင်မှာပင် ၎င်းတို့၏ ချီစွမ်းအင်များကို အသုံးပြုပြီးသား ဖြစ်သွားပေလိမ့်မည်။ မွေးဖွားခြင်းနယ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ချီစွမ်းအင်လျှင်ပင် ကောင်းကင်ယံ၌ ရှိနေစဉ် ဆက်တိုက် မဖြည့်ဆည်းနိုင်ပေ။ ၎င်းသည် ပျံသန်းနိုင်သော မွန်းစတားများနှင့် နတ်အဆင့် ကျွမ်းကျင်သူများ၏ နယ်ပယ်ဖြစ်သည်။
ရှေ့ခြေလှမ်းတိုင်းတွင် ချီစွမ်းအင် အနည်းငယ်ထက်မနည်း လိုအပ်နေသည်။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ အကယ်၍ သူသာ အဆိုပါ စက်လက်နက်များကို မဖျက်ဆီးခဲ့လျှင် တာဝေးပစ် စနိုက်ပါသမား၏ ပစ်ခတ်မှုကို သူ စိုးရိမ်နေရမည်။ သူသာ နျူကလီယားဗုံးဖြင့် ပစ်ခံရပါက မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်သည်။ တောင်မြစ်ပန်းချီကားထဲတွင် ပုန်းအောင်းရခြင်းသည် သူ၏နောက်ဆုံး အားကိုးရသာဖြစ်သည်။
"ဒါကို မြန်မြန်အဆုံးသတ်ရအောင်" ချူးယွင်ဖန်းသည် ဆုံးဖြတ်ချက် ချပြီးသားဖြစ်သည်။
ထိုအချိန်တွင် မြေပြင်မှ ခြေထောက်ဖြင့် စောင့်နင်းသံများ ကြားလိုက်ရသည်။ ကျန်းမိသားစု၏ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်ရှင်များသည် ကြာကြာ မစောင့်နိုင်တော့ပေ။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေ၏ အထွတ်အထိပ်နှင့် နီးစပ်သော ကျွမ်းကျင်သူများဖြစ်ကြသောကြောင့် ယခင်က ချူးယွင်ဖန်းအောက် မပျော့ညံ့ကြပေ။ သန်မာသော ကျွမ်းကျင်သူအချို့သည် လေထဲသို့ ခုန်တက်၍ ခဏရပ်ပြီးနောက် ချူးယွင်ဖန်းကို ဝိုင်းရံတိုက်ခိုက်ကြလေသည်။
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချူးယွင်ဖန်း အရှေ့သို့ ဦးစွာ ရောက်ရှိလာသူဖြစ်သည်။ ကောင်းကင်ယံရှိ လေပြင်းများသည် သူ၏အဝတ်အစားများကို တိုက်ခတ်နေသောကြောင့် လှုပ်ခတ်သွားစေသည်။
"သွားသေလိုက်"
မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အော်ဟစ်၍ ချူးယွင်ဖန်းကို ချီတက်လိုက်သည်။ သူ၏ လက်သီးချက်ကို လွှတ်ထုတ်လိုက်ချိတွင် ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး ပြိုကျသွားခဲ့သည်။ ချူးယွင်ဖန်းသည်လည်း လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဘုံး
လက်သီးနှစ်ခုသည် ဝေဟင်အလယ်၌ ဒုံးကျည်နှစ်စင်းကဲ့သို့ တိုက်မိသွားခဲ့သည်။