အခန်း (၇၈၇-၇၈၉)
Vol. 53 Ch. 787-789
အခန်း (၇၈၇) နောက်ထပ် နျူကလီးယားဗုံး။ ချူးယွင်ဖန်း တကယ်သေသွားပြီလား
ချူးယွင်ဖန်းသည် ယခင်က ကြုံတွေ့ခဲ့ဖူးသော နတ်အဆင့် ကျွမ်းကျင်သူ အနည်းငယ်မှလွဲ၍ မည်သည့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကမှ ဤလူနှင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ဟု ခံစားနေမိသည်။ သူ၏ နည်းပြဆရာ ကျန်းယွမ်းပင်လျှင်ပင် နတ်အဆင့်သို့ မဖြတ်ကျော်မီ ဤသတ္တမမြောက် နတ်ကျွန်အောက် အားနည်းနေပေလိမ့်မည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် ပြည်ထောင်စု၏ ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ သို့တိုင်ပင် သူသည် အခြားလူ၏ အစေခံဖြစ်လိုစိတ်ရှိနေသည့်အပြင် ဂုဏ်ယူနေခဲ့သည်။ သတ္တမြောက် နတ်ကျွန်ပြောသော သူ၏သခင်သည် အသေးအမွှားဖြစ်မည့်ပုံမပေါ်ပေ။
သို့သော် ဤသခင်သည် နတ်အဆင့် ကျွမ်းကျင်သူဖြစ်လျှင်ပင် ချူးယွင်ဖန်းက ကျွန်အဖြစ် လက်အောက်ခံမည်ဟု ထင်မှတ်ခဲ့လျှင် စိတ်ကူးယဉ်ဆန်နေခြင်းသာ ဖြစ်သည်။ သူ၏အနောက်ရှိ တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲတို့လည်း အလွန် သတိကပ်နေကြသည်။ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကိုအသုံးမပြုခဲ့လျှင်ပင် ချူးယွင်ဖန်း၊ တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲတို့နှင့်အတူ ၎င်းတို့၏စုပေါင်းခွန်အားသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို ခြိမ်းခြောက်ရန် လုံလောက်နေသည်။ သို့ရာတွင် ၎င်းအားလုံးက သာမာန်ကျွမ်းကျင်သူ သုံးဦးသာ ဖြစ်နေသကဲ့သို့ သတ္တမမြောက် နတ်ကျွန်က လုံးလုံးလျားလျား ဂရုမစိုက်ခဲ့ပေ။
“ပန်းချီကားကို မသုံးဖို့ ကျုပ် မင်းကို အကြံပေးလိုက်မယ်။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်” သတ္တမမြောက် နတ်ကျွန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ဒါဆို စမ်းကြည့်ကြတာပေါ့" ချူးယွင်ဖန်းက ပြောလိုက်သည်။
သူ၏လက်ထဲရှိ မိုးကြိုးတိုက်ပွဲ လှံရှည်သည် လျှပ်စီးသကဲ့သို့ လင်းလက်လာသည်။ ချူးယွင်ဖန်းသည် မှော်လက်နက်အဆင့်ဖြစ်လုနီးပါး လက်နက်တစ်ခုဖြစ်သော မိုးကြိုးတိုက်ပွဲ လှံရှည်ဖြင့် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရန်ပင် မကြောက်ရွံ့ခဲ့ပေ။ နှစ်ဖက်စလုံးက စစ်ပွဲစတင်တော့မည့်အချိန်တွင် ၎င်းတို့အားလုံးက ကောင်းကင်သို့ ချက်ချင်း မျှော်ကြည့်လိုက်ကြသည်။ ဤလူများသည် ၎င်းတို့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်သည့် အလွန် အန္တရာယ်များသော ခံစားချက်မျိုးကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။
"နျူကလီးယားဗုံး"
ချူးယွင်ဖန်း၏ မျက်နှာအမူအရာ ရုတ်တရက် လေးနက်လာသည်။ ဤခံစားချက်သည် အမှားအယွင်း မရှိနိုင်ပေ။ ကျန်းမိသားစုများက နျူကလီယားဗုံး ပစ်လွှတ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သူ့အဆင့်တွင်ရှိနေသော ကျွမ်းကျင်သူတစ်ဦးအတွက် နျူကလီးယားဗုံးကဲ့သို့ လက်နက်တစ်ခု အသုံးပြုလိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လျင်မြန်စွာ သိရှိနိုင်သည်။ ဤဖြစ်စဉ်ကို သိပ္ပံပညာဖြင့် ရှင်းပြ၍ မရနိုင်ပေ။ ဤသည်မှာ သိုင်းပညာရှင်တစ်ဦး၏ ဆဋ္ဌမအာရုံဖြစ်၍ ၎င်းသည် သဘာဝလွန်စွမ်းအားများနှင့် နီးစပ်သော စွမ်းရည်တစ်ခုဖြစ်သည်။
သိုင်းပညာရှင်အားလုံးသည် အခြားအရာများထက် ပိုမိုတိကျသော ၎င်းတို့၏ ဆဋ္ဌမအာရုံကို ပို၍ယုံကြည်ကြသည်။ ယခုအချိန်၌ ဤဆဋ္ဌမအာရုံသည် မည်သည့်အရာနှင့် မည်သို့ အခြေခံမူများ ကျင့်သုံးထားကြောင်း သိပ္ပံပညာ၏ စွမ်းအားဖြင့်ပင် ရှင်းပြရန် နည်းလမ်းမရှိသေးပေ။ သတ္တမမြောက် နတ်ကျွန်သည်လည်း ၎င်းအဖျက်စွမ်းအင်းကို ခံစားလိုက်ရသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တတ်နိုင်သမျှ အမြန် ပျံသန်သွားလေသည်။
တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲနှင့် တန်စီယုကို တောင်မြစ်ပန်းချီကားထဲသို့ ချက်ချင်း ဆွဲခေါ်သွားလိုက်သည်။ နောက်အခိုက်အတန့်တွင် တောင်ထိပ်တစ်ခုလုံးကို ကြီးမားသော မှိုတိမ်တိုက်ကြီး ပျံ့နှံ့သွားခဲ့သည်။ ၎င်းမှ ထွက်ပေါ်လာသော မီးလျှံလှိုင်းလုံးများသည် အရာအားလုံးကို ဝါးမျိုသွားလေသည်။ ချူးယွင်ဖန်း၏ အမူအရာသည် အလွန် ဆိုးရွားနေသည်။ ပြည်ထောင်စုတွင် နျူကလီးယားဗုံးအသုံးပြုနိုင်သည့် အဖွဲ့အစည်းသည် အနည်းငယ်သာ ရှိကြသည်။ ကျန်မိသားစုအပြင် မည်သူက ချူးယွင်ဖန်းကို တိုက်ခိုက်ကြမည်နည်း။
ကံကောင်းထောက်မစွာဖြင့် သူ့တွင် တောင်မြစ်ပန်းချီကားရှိနေခဲ့သည်။ မဟုတ်ပါက သူသည် ကျန်းမိသားစု၏ လက်ချက်ဖြင့် အကြိမ်ပေါင်းများစွာ သေဆုံးသွားပေလိမ့်မည်။ အဝေးတစ်နေရာမှ မှိုတိမ်တိုက်ကြီးကို စိုက်ကြည့်နေသော ချူးဟောက်ယွဲ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ၏အမူအရာသည် လွန်စွာ ဖြူဖျော့နေသည်။ သူသည် ကျန်းမိသားစု၏ ရဲတင်းမှုကို လျှော့တွက်ခဲ့မိသည်။ ၎င်းတို့သည် ယခင်က နျူကလီယားဗုံးကို တစ်ကြိမ်အသုံးပြုခဲ့ပြီးဖြစ်သောကြောင့် နျူကလီးယားဗုံး ထပ်မံအသုံးပြုရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
"ချီးပဲ ဒီကျန်းမိသားစုတော့"
ချူးဟောက်ယွဲ့က ဒေါသထွက်လွန်းသောကြောင့် ရူးသွပ်လုနီးပါးဖြစ်နေသည်။
"လိုက်ကြစမ်း၊ ဒီလူတွေက တော်တော်လေး သေချင်နေကြတာ။ ဒင်းတို့မိသားစုဆီ ဘယ်တော့မှ ပြန်မသွားနိုင်အောင် လုပ်ကြစမ်း"
အခြားသော ပြည်ထောင်စု၏ လက်ရွေးစင်များသည်လည်း လုံးလုံးလျားလျား အံ့အားသင့်နေကြသည်။ ဤထိပ်တိုက်ရင်ဆိုင်မှုအဆင့်သည် ယခင်က ၎င်းတို့ထိတွေ့ဖူးသော အဆင့်ကို ကျော်လွန်သွားခဲ့သည်။ ဤဖြစ်စဉ်သည် သိုင်းပညာရှင်တို့ကြားက ထိပ်တိုက်တွေ့ဆုံမှုအဆင့်ကို ကျော်လွန်နေခဲ့ရာ၊ ၎င်းသည် မြို့များနှင့် နိုင်ငံများကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားတစ်ခုဖြစ်သည်။
"ဒီတစ်ခါတော့ ချူးယွင်ဖန်း တကယ်သေပြီ"
"ဒီလိုဖြစ်လောက်တယ်။ ဒါက နည်းတဲ့ နျူကလီးယားဗုံးမှ မဟုတ်တာ။ ချီးပဲ၊ ဒီကနေတောင် အပူလှိုင်းကို ခံစားလို့ရတယ်။ အကွာအဝေးသာ နည်းနည်းပိုကျယ်ရင် ကျုပ်တို့လည်း ဒီမှာပဲသေသွားလိမ့်မယ်"
"ကံဆိုးတာက သူဘယ်လောက်ပဲ သန်မာနေပါစေ ကျန်းမိသားစုတစ်ခုလုံးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ကျန်းမိသားစုမှာ ဝှက်ဖဲတွေ အရမ်းများနေတာကို"
တောထူထပ်သော တောအုပ်တစ်ခုတွင် ဝေကျိကျိချန်းသည် အဝေးတွင် မြင့်တက်နေသော မှိုတိမ်တိုက်ကို ခေါင်းမော့ကြည့်နေခဲ့ရာ၊ သူ၏မျက်လုံးများတွင် တုန်လှုပ်ခြောက်ခြားမှုများ ပေါ်ပေါက်လာသည်။ ဤသည်မှာ လောကီလောကတွင် နျူကလီယားဗုံးတစ်လုံး၏ အစွမ်းသတ္တိဖြစ်သလော။ သူသည် ဤကဏ္ဍနှင့်ပတ်သက်သည့် အချက်အလက်များစွာကို ယခင်က ရရှိခဲ့သော်လည်း ၎င်းကို ကိုယ်တိုင်တွေ့မြင်ခြင်းက များစွာ ပို၍ ထိတ်လန့်ဖွယ်ကောင်းနေကြောင်း သိလိုက်ရသည်။
ဤအချိန်မှသာ သူ၏မိသားစုရှိ အကြီးအကဲများက မည်သို့ကြောင့် ပြည်ထောင်စုကို တိုက်ရိုက်သိမ်းယူရန် မရွေးချယ်ခဲ့ကြောင်း သူနားလည်သွားခဲ့သည်။ ပြည်ထောင်စုရှိ သိုင်းပညာကျွမ်းကျင်သူအရေအတွက်သည် နတ်ကုန်းမြေအောက် အဆပေါင်းများစွာ နည်းပါးနေသော်လည်း ပြည်ထောင်စုသည် သိပ္ပံပညာဟုခေါ်သည့် အခြားသော စွမ်းအင်တစ်ခု ပိုင်ဆိုင်ထားသည်။ ဤစွမ်းအင်သည် ကောင်းကင်နှင့် ကမ္ဘာကို ဖျက်ဆီးရန်ပင် လုံလောက်နေသည်။
'အရှင်တွေကလွဲပြီး အခြားဘယ်သူမှ ဒီစွမ်းအင်ကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး။ ငါ နတ်အဆင့်ကို ရောက်မှဖြစ်မယ်။ အဲဒီအဆင့်နဲ့ဆိုရင် နူကလီးယားဗုံးနဲ့ တိုက်ရိုက်မထိမိသရွေ့ ငါသေမှာ မဟုတ်ဘူး။ ဒါ နတ်အဆင့်ရဲ့ စွမ်းအင်အစစ်အမှန်ပဲ' ထိုသို့တွေးမိလိုက်သော ဝေ့ကျီရှုန်းသည် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
ထိုက်တောင်တိုက်ပွဲ၏ ရလဒ်သည် လူတိုင်း၏မျှော်လင့်ချက်များနှင့် လွဲချော်နေသောကြောင့် အင်တာနက်ပေါ်တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။ ဤနှီးနှောဖလှယ်ပွဲ မစတင်မီတွင် ၎င်းသည် ချူးယွင်ဖန်းကို ရည်ရွယ်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဟု အချို့လူများက ခန့်မှန်းထားပြီးဖြစ်သည်။ ဤထောင်ချောက်နှင့် ရင်ဆိုင်ရသော ချူးယွင်ဖန်းသည် နောက်ပြန်မဆုတ်ခဲ့ပေ။
လူတိုင်းက နတ်ကုန်းမြေ၏ ကျွမ်းကျင်သူများထံ ရှုံးနိမ့်သောအခါ ချူးယွင်ဖန်း ပေါ်ပေါက်လာ၍ အခြေအနေကို ပြောင်းပြန်လှန်လိုက်သညါ့အပြင် နတ်ကုန်းမြေ၏ ကျွမ်းကျင်သူများစွာကိုပင် သတ်ပစ်ခဲ့သည်။ ဤအစွမ်းသတ္တိသည် လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။ ကျန်းမိသားစု စီစဉ်ထားသော ထိပ်တန်းကျွမ်းကျင်သူများစွာနှင့် အရံအကြံအစည်များစွာကို ရင်ဆိုင်ရသည့်အခါတွင်ပင် ချူးယွင်ဖန်းက ၎င်းတို့ထဲမှ ထက်ဝက်ကျော်ကို သတ်ဖြတ်ပြီးနောက် ဒဏ်ရာကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
သို့သော် ဤဘုန်းအသရေအားလုံးသည် လျင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။ ကျန်းမိသားစုသည် ချူးယွင်ဖန်းကို ဖြေရှင်းရန်အတွက် နျူကလီးယားဗုံးကို အသုံးပြုခဲ့ပြန်သည်။ ထိုအတိုင်းအတာရှိ နျူကလီးယားဗုံးအောက်တွင် ချူးယွင်ဖန်း မလွတ်မြောက်နိုင်ကြောင်း လူတိုင်းက သေချာသိနေသည်။ အမှန်တကယ်ပင် ချူးယွင်ဖန်း၏ သဲလွန်စများကို ၎င်းတို့ ရှာမတွေ့ခဲ့ပေ။ နေရာတစ်ဝိုက်ကို အဆက်မပြတ် စောင့်ကြည့်ရန်အတွက် စစ်တပ်ဂြိုလ်တုများကို အသုံးပြုခဲ့သော်လည်း မည်သည့် သဲလွန်စမှ မတွေ့ရှိခဲပေ။
ဤတစ်ကြိမ်တွင် ချူးယွင်ဖန်း မလွတ်မြောက်နိုင်ကြောင်း လူတိုင်းက သေချာသိနေသည်။ တစ်ချိန်က ထိတ်လန့်တုန်လှုပ်စရာကောင်းသော ပြည်ထောင်စုတက္ကသိုလ်၏ အထူးချွန်ဆုံးကျောင်းသား၊ တက္ကသိုလ်၏ သမိုင်းတွင် အထူးချွန်ဆုံး ကျောင်းသားဟု ဆိုနိုင်သူသည် ဤကဲ့သို့သော နည်းပညာလက်နက်များဖြင့် နောက်ဆုံးတွင် ပျက်သုဉ်းသွားခဲ့သည်။ ဤသည်မှာ နည်းပညာ၏အောင်မြင်မှုကို ယုံကြည်သူများအတွက် ပို၍ကောင်းမွန်သော သက်သေဖြစ်သည်။
'ဒီတော့ လူတစ်ယောက်က အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ။ နျူကလီယားဗုံး တစ်လုံးအရှေ့မှာ သေသွားနိုင်တာပဲလေ'
ပြီးနောက် ဤတိုက်ပွဲသည် နှစ်ဦးနှစ်ဖက်စလုံး ကြီးမားသော ဆုံးရှုံးမှုကို ခံစားရသော အခြေအနေတစ်ခုဖြစ်ဟန်ရှိသည်။ ချူးယွင်ဖန်း သေဆုံးသွားသော်လည်း ကျန်းမိသားစုများတွင်လည်း ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ချူးယွင်ဖန်းသည် အဆင့်မြင့် စက်လက်နက်တစ်ရာကျော်၊ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှစ်ဦးနှင့် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူ ဆယ်ဦးကျော်တို့ကို သတ်ဖြတ်ခဲ့သည်။ ကျန်ရစ်သူများသည် အလွန် အမျက်ထွက်နေသော ချူးမိသားစု၏ လိုက်လံသတ်ဖြတ်ခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အဆုံးတွင် ၎င်းတို့အားလုံး လွတ်မြောက်နိုင်မည်ဟု တွေးမိချိန်တွင် အမျက်ထွက်နေသော ချူးမိသားစုသည် ၎င်းတို့၏လက်နက်များကို ဆွဲထုတ်ကာ ကျန်ရှိနေသော ကျန်းမိသားစု ကျွမ်းကျင်သူများကို နျူကလီးယားဗုံးဖြင့် ဖျက်ဆီးပစ်လိုက်သည်။
အခန်း (၇၈၈) သေချင်ယောင်ဆောင်ခြင်းနှင့် ဆေးဖော်စပ်ခြင်း
ဤတိုက်ပွဲ၏ ရလဒ်သည် နှစ်ဦးနှစ်ဖက်စလုံး ကြီးမားသည့် ဆုံးရှုံးမှုများဖြင့် ခံစားခဲ့ရသောကြောင့် မည်သူကမျှ အသာစီးမရယူနိုင်ခဲ့ပေ။ လူအများ၏အမြင်တွင် ဤသည်မှာ ချူးမိသားစုနှင့် ကျန်းမိသားစုတို့ကြား ထိပ်တိုက်ရင်ဆိုင်မှုမျိုးဖြစ်သည်။ ချူးမိသားစုသည် ထူးခြားသော စွမ်းရည်ရှိသည့် ပါရမီရှင် ချူးယွင်ဖန်းကို ဆုံးရှုံးခဲ့ရသည်။ သူသည် အနာဂတ်တွင် နတ်အဆင့်သို့ပင် လှမ်းနိုင်စွမ်းရှိပေလိမ့်မည်။
ဤအချက်သည် ချူးမိသားစုမှ အလွန် သေချာနေသည့် အကြောင်းအရာဖြစ်သည်။ မဟုတ်လျှင် ၎င်းတို့က နျူကလီးယားလက်နက်များကို အသုံးပြုခဲ့မည် မဟုတ်ပေ။ မူလတွင် ချူးမိသားစုက ကျန်းမိသားစုနှင့် ခိုက်ရန်ဖြစ်ပွားရန် အစီအစဉ်မရှိခဲ့သော်လည်း ကျန်းမိသားစုတို့သည် ချူးယွင်ဖန်းကို သတ်ဖြတ်ရန်အတွက် နျူကလီးယားလက်နက်ကို အသုံးပြုပြီးနောက် ချူးမိသားစုဘက်မှ ဟန်ဆောင်မှုအားလုံးကို စွန့်လွှတ်လိုက်ကြသည်။
ယခုတစ်ကြိမ်တွင် အဆင့်မြင့် စက်လက်နက်တစ်ရာကျော်၊ မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်နှင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူနှစ်ဦးတို့ ဆုံးရှုံးခဲ့ရသည့် ကျန်းမိသားစုသည်လည်း လွယ်ကူလှသည် မဟုတ်ပေ။ ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော ကျွမ်းကျင်သူများကို ပေါင်းလိုက်လျှင် ကျန်းမိသားစု၏ ဆုံးရှုံးမှုများသည် စိတ်ကူးမယဉ်နိုင်အောင် များပြားလှသည်။ ချူးယွင်ဖန်းကို သုတ်သင်ရန်အတွက် ဤမျှကြီးမားသော တန်ဖိုးကို ပေးဆပ်ခြင်းက ထိုက်တန်သလောဟု ဆိုလျှင် ပြောရန်ခက်ခဲလှသည်။
သို့သော်လည်း အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ မြင့်မြတ်သော မိသားစုနှစ်စုသည် နူကလီးယားဗုံးများကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှုအဆင့်ကို တွေးကြည့်၍ပင် သိနိုင်သည်။ မြင့်မြတ်သော မိသားစုနှစ်စုသည် လက်နက်များဆွဲထုတ်ကာ နျူကလီးယား စစ်ပွဲများ စတင်တော့မည့်ပုံပေါ်သည်။ ၎င်းတို့ မိသားစုနှစ်စုစလုံးသည် ပြည်ထောင်စုအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သူများကြသည်။ ၎င်းတို့သည် ကြီးမားသော အင်အားစုတွေ ပါဝင်နေသောကြောင့် ပြည်ထောင်စုဘက်မှ အချိန်အတိုင်းအတာ တစ်ခုအထိ နှုတ်ဆိတ်နေခဲ့သည်။
အခြားသော အင်အားစုများက အခြေအနေကို ပြေလည်အောင် ဆောင်ရွက်ရန်အတွက် သံတမန်များ စေလွှတ်လာကြသည်။ ဤအင်အားစုနှစ်စုကို ကြီးမားသော ဆုံးရှုံးမှုမျိုးနှင့် ကြုံတွေ့ကြရန် မျှော်လင့်နေသော်လည်း နျူကလီးယားစစ်ပွဲကိုမူ ၎င်းတို့ မလိုလားကြပေ။ ထိုသို့ဖြစ်ခဲ့လျှင် ပြည်ထောင်စုသည် ထာဝရဆိုးကျိုး ချောက်နက်ထဲသို့ ဆွဲငင်ခံရဖွယ်ရှိသည်။ အထူးသဖြင့် ယခုအချိန် ပြည်ထောင်စုတွင် ပြည်တွင်းပြည်ပ ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ သမ္မတ၏ တည်နေရာကို မသိရသေးသည့်အပြင် မွန်းစတားများနှင့် နတ်ကုန်းမြေတို့၏ ခြိမ်းခြောက်မှုများလည်း ရှိနေသည်။ ပြည်ထောင်စုသည် အင်အားစုနှစ်ခုကြားက နျူကလီးယားစစ်ပွဲကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဤအခိုက်အတန့်၌ တောင်မြစ်ပန်းချီကားထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေသော ချူးယွင်ဖန်းနှင့် တန်စီယုတို့သည် အပြင်သို့ ထွက်ခွာရန် ရည်ရွယ်ချက်မရှိပေ။ ဤသည်မှာ ကျန်းမိသားစုတို့၏ လုပ်ရပ်ဖြစ်သည်ကို သူ အလွယ်တကူ ခန့်မှန်းနိုင်သည်။ ယခုအချိန် ထွက်ခွာသွားပါက၊ ကျန်းမိသားစု၏ ရက်စက်ကြမ်းကြုတ်မှုအရ ၎င်းတို့အားလုံးက နောက်ထပ်နျူကလီးယားဗုံးများ ပစ်လွှတ်၍ အစွမ်းကုန် သတ်ဖြတ်ကြမည်ကို သူ စိုးရိမ်နေမိသည်။
နောက်ဆုံးတွင် ၎င်းတို့က ချူးမိသားစုနှင့် ရန်ငြိုးရှိနေပြီဖြစ်သောကြောင့် မည်သည့်အရာကမျှ အရေးမကြီးတော့ပေ။ နျူကလီယားဗုံးဖြင့် မပစ်ခတ်မီ ဟန့်တားခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သော်လည်း ပစ်လွှတ်ပြီးသည်နှင့် လက်နက်များ ဖြစ်သွားပေလိမ့်မည်။ တစ်ခါ အသုံးပြုပြီးလျှင် ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် ပြဿနာကို ဖြေရှင်း၍ မပြီးမချင်း အသုံးပြုလာမည်ဖြစ်သည်။
ချူးယွင်ဖန်းက တန်ပြန်အစီအမံများကို စဉ်းစားနေစဉ်တွင် တန်စီယု ပြန်လည်ကုသနေခဲ့သည်။ ချူးယွင်ဖန်းသည် ကြံ့ခိုင်မှုပိုင်းတွင် အလွန် အားနည်းနေသေးသည်။ သူ၏ အတွေးများကိုသာ အပြင်လူများက သိသွားခဲ့လျှင် ၎င်းတို့အားလုံး မယုံကြည်နိုင်ဖြစ်သွားကြမည်မှာ သေချာသည်။ ချူးယွင်ဖန်းသည် သူ၏ ခွန်အားဖြင့် သာမန် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့် ကျွမ်းကျင်သူကို အလွယ်တကူ အနိုင်ယူနိုင်သောကြောင့် မည်သို့ပင်ဆိုစေကာမူ ၎င်းကို အားနည်းသည်ဟု မယူဆနိုင်ပ။
သို့သော် သူရင်ဆိုင်ရမည့် ပြိုင်ဘက်များသည် ကြီးမားလှသော ကျန်းမိသားစုသော်လည်းကောင်း ရုတ်တရက် ထွက်ပေါ်လာသော သတ္တမမြောက် နတ်ကျွန်သော်လည်းကောင်း ၎င်းတို့အားလုံးက ယခုအချိန်တွင် သူ၏ ပြိုင်ဘက်များ မဟုတ်ကြပေ။ ဤကမ္ဘာကြီးတွင် မြောက်မြားလှသော ကျွမ်းကျင်သူများ ရှိနေကြသည်။ ချူးယွင်ဖန်းသည် သူ၏ စာပို့ပုံးမှတစ်ဆင့် အင်တာနက်တွင် ကောလာဟလမျိုးစုံနှင့် ကောက်ချက်မှုများ ပျံ့နှံ့နေခြင်းကို တွေ့လိုက်ရသည်။ သို့သော် ချူးယွင်ဖန်း သေဆုံးသွားပြီဟုသောအချက်ကို အားလုံးက သဘောတူနေကြပုံပေါ်သည်။ ထိုအဆင့်ရှိသော နူကလီးယားဗုံးများ၏ လွှမ်းမိုးမှုအောက်တွင် နတ်အဆင့် ကျွမ်းကျင်သူ မဟုတ်ပါက လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ဤအရာများကို ဖတ်ကြည့်နေသော ချူးယွင်ဖန်းက အနည်းငယ် သိချင်လာမိသည်။ သတ္တမမြောက် နတ်ကျွန် လွတ်မြောက်သွားခြင်း ရှိမရှိကို သူ မသိသော်လည်း ထိုအမျိုးသား အသက်ရှင်နေသည်မှာ သေချာသည်။ ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားသို့ ဝင်သွားသည့်အချိန်တွင် မှော်ကိရိယာတစ်ခု၏ စွမ်းအင် အတက်အကျမျိုး ခံစားလိုက်ရသည်။ ထိုလူသည် ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် မှော်ကိရိယာ အသုံးပြုခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုလူသည် နျူကလီးယားဗုံနှင့် တိုက်ရိုက်မထိတွေ့ခဲ့ပါက အသက်ရှင်ရန် အခွင့်အလမ်း အလွန် များပြားနေသည်။
'လူတိုင်းက ငါသေပြီလို့ ထင်နေတော့လည်း ကောင်းတာပေါ့။ လောလောဆယ်တော့ ငါ့ ခွန်အားတက်လာဖို့ အစွမ်းကုန်ကြိုးစားလို့ရပြီ၊ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်လာပေးမှာကို စိတ်ပူစရာ မလိုတော့ဘူး' ချူးယွင်ဖန်းက တွေးလိုက်မိသည်။
ပြင်ပကမ္ဘာက မိမိကို သေဆုံးသွားပြီဟု ထင်နေကြသည်။ တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ကောင်းမွန်သော အရာဖြစ်သည်။ ကျန်းမိသားစုများက မိမိကို ပြဿနာလာရှာမည်ကို စိတ်ပူနေစရာ မလိုတော့ပေ။
"ဆေးဖက်ဝင်အပင်တွေ ရှာဖို့အတွက် ကိုယ် အပြင်ခဏထွက်ဦးမယ်။ မူလစွမ်းအင်ပြည့်ဝဆေးကိုသောက်ပြီးတာနဲ့ ကိုယ်တို့ခွန်အားတွေ နောက်တစ်ဆင့်မြင့်တက်လာမှာ" ချူးယွင်ဖန်းကပြောလိုက်သည်။
သူသည် ၎င်းကို ကနဦးတွင် အတည်ပြုပြီးသားဖြစ်သည်။ ချူးယွင်ဖန်းသည် အစောပိုင်းကတည်းက လုချင်းရွှမ်ကို ဆေးဖက်ဝင်အပင်များ စုဆောင်းခိုင်းခဲ့ပြီးပြီဖြစ်သောကြောင့် ယခုအချိန်တွင် ၎င်းတို့အားလုံးနီးပါးကို သူမ စုဆောင်းထားသင့်နေပြီဖြစ်သည်။ လုချင်းရွှမ်သည် ချူးယွင်ဖန်း၏ခေါ်ဆိုမှုကို လက်ခံရရှိသောအခါ အလွန် အံ့အားသင့်၍ ပျော်ရွှင်နေခဲ့သည်။ ချူးယွင်ဖန်း သေဆုံးသွားပြီဟု တစ်ကမ္ဘာလုံးက ပြောနေကြသည့်အပြင် ကျန်းမိသားစုသည်လည်း ချူးယွင်ဖန်း သေဆုံးသည့်သတင်းကို တစ်ဖန် အတည်ပြုခဲ့ကြသည်။
ယခင်အချိန်တွင် အမှားကြီးတစ်ခုရှိခဲ့သော်လည်း ထိုအချိန်က ကွဲပြားလှသည်။ ချူးယွင်ဖန်း အမှန်တကယ် သေဆုံးသွားပြီဟု လူတိုင်းက ယူဆနေကြသည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ သေဆုံးခြင်း အရောင်အဝါသည် အလွန်ထူထပ်နေခဲ့ရာ၊ နတ်ဘုရားလျှင်ပင် ကယ်တင်နိုင်မည့်ပုံမပေါ်ပေ။ သို့သော်လည်း သူ၏ သေဆုံးမှုကို မည်သူမျှ အမှန်တကယ် မမြင်တွေ့ခဲ့ပေ။
သို့ဖြစ်ပါ၍ တစ်ကြိမ်တွင် ၎င်းသတင်းကို အတည်ပြုခဲ့ကြသည်။ ထိုဒေသတွင် သက်ရှိသတ္တဝါများ ရှိမနေကြောင်း ဂြိုလ်တုကပင် အတည်ပြုခဲ့သည်။ ဤနျူကလီးယားတိုက်ခိုက်မှုကို မည်သူမျှ ရှောင်မပြေးနိုင်ခဲ့ပေ။ ချူးယွင်ဖန်း အမှန်တကယ် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်။ လုချင်းရွှမ်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ဘက်ပေါင်းစုံမှ ဖိအားများက ကြီးမားလွန်းသဖြင့် သူမ သည်းမခံနိုင်ဖြစ်နေသည်။
သို့သော်လည်း လုချင်းရွှမ်က အရှုံးပေးခါနီးတွင် ချူးယွင်ဖန်းက သူမကို ရုတ်တရက် ဆက်သွယ်လာသည်။ ရှန်ဟဲဆေးပညာကုမ္ပဏီမှ တည်ဆောက်ထားသော လျှို့ဝှက်စခန်းသို့ ရောက်လာသောအခါ နောက်ဆုံးတွင် ချူးယွင်ဖန်း၏မျက်နှာကို မြင်လိုက်ရသည်။ ရုတ်တရက်မှလွဲ၍ ချူးယွင်ဖန်းက ဤလျှို့ဝှက်အခြေစိုက်စခန်းတွင် အမြင့်ဆုံး အာဏာရှိသူဖြစ်သည်။
"ဘာလို့လဲ၊ ငါ့ကိုကြည့်ရတာ ထူးဆန်းနေလို့လား" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
"ငါသာ နင့်အနောက်မှာ အရိပ် မတွေ့ရင် နင့်ကို သရဲတစ္ဆေလို့တောင် ထင်မိမှာ" လုချင်းရွှမ်က ဝမ်းသာအားရ ပြောလိုက်သည်။
လုချင်းရွှမ်သည် ချူးယွင်ဖန်း အသက်ရှင်နေသေးကြောင်းကို နောက်ဆုံးတွင် လက်ခံလိုက်သည်။ သူမ၏ နှလုံးသားသည်လည်း သက်တောင့်သက်သာရှိနေသည်။ ချူးယွင်ဖန်းသည် မကြာခဏ အဝေးရောက်နေသော်လည်း သူသည် ကုမ္ပဏီ၏အဓိက အချက်အချာဖြစ်သည်။
"နင် အခု စိတ်အေးအေးနေလို့ ရပါပြီ။ ငါ တောင်းထားတဲ့ ဆေးဖက်ဝင်အပင်တွေရော ပြင်ပြီးပြီလား" ချူးယွင်ဖန်းက မေးလိုက်သည်။
"အင်း၊ ငါ အကုန် ပြင်ပြီးပြီ" လုချင်းရွှမ်က ပြန်ဖြေလိုက်သည်။
ချူးယွင်ဖန်း ပြန်လာပြီးနောက် ကုမ္ပဏီ၏ရန်ပုံငွေများကို အဆက်မပြတ် စုဆောင်းနေသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမြတ်ငွေ၏ ထက်ဝက်ကျော်ကို ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံရန် အသုံးပြုသွားမည်ဖြစ်သည်။
"နင် မသေသေးတာကို ဘာလို့ ပုန်းနေတာလဲ" လုချင်းရွှမ်က အနည်းငယ် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ငါ့ကို သတ်ချင်တဲ့သူတွေ အရမ်းများနေလို့လေ။ ငါ့မှာ အချိန်မရှိတော့ဘူး။ ငါပြန်လာရင် သူတို့တွေ အကုန်လုံးကို သတ်ပစ်ပြီး ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်မယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဒါဆို နင့် မိဘတွေကရော" လုချင်းရွှမ်က မေးလိုက်သည်။
"အခုအချိန်မှာ ငါ လူရှေ့ထွက်လာဖို့ အဆင်မပြေဘူး။ နောက်ရက်တွေအတွင်း သူတို့ကို ရှာပြီး စိတ်မပူဖို့ ပြောပေးပါဦး" ချူးယွင်ဖန်းက သက်ပြင်းချလိုက်သည်။ သူ၏မိသားစုကို စိတ်ပူအောင်လုပ်မိသောကြောင့် သားသမီးတာဝန် မကျေပွန်မိကြောင်း ခံစားနေရသည်။
သို့သော် ယခုအခါတွင် ကြီးမားသော ရန်သူများက သူ့အရှေ့တွင် ရှိနေသောကြောင့် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ လုချင်းရွှမ်ကို ညွှန်ကြားချက် အနည်းငယ်ဖြင့် ထားခဲ့ပြီးနောက် ချူးယွင်ဖန်းက လျှို့ဝှက်စခန်းမှ တစ်ဖန် ပျောက်ကွယ်သွားခဲ့သည်။ ပြင်ပကမ္ဘာတွင် ထိုက်တောင်တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက် ကြီးထွားလာခဲ့သည်။ အထူးသဖြင့် ထိုက်တောင်တိုက်ပွဲအပြီးတွင် ကျန်းမိသားစုနှင့် ချူးမိသားစုတို့က ရန်သူများ ဖြစ်လာကြလေသည်။ ၎င်းတို့သည် မရေတွက်နိုင်သော လူများစွာ၏ ဆွေးနွေးမှုများနှင့် အာရုံစိုက်မှုများ ဖြစ်လာကြသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲတွင် ဆေးလုံးများ စတင် ဖော်စပ်နေသည်။
အခန်း (၇၈၉) မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်သို့ တက်လှမ်းခြင်း၊ တိုက်ပွဲတွင် စွမ်းရည် မြင့်တက်လာခြင်း
ဆေးဖက်ဝင်အပင်မျိုးစုံသည် တောင်မြစ်ပန်းချီကားတွင် တောင်ကြီးတစ်ခုကဲ့သို့ မြင့်မားစွာ စုပုံနေသည်။ ၎င်းတို့သည် မူလစွမ်းအင်ပြည့်ဝဆေးကိုပြုလုပ်ရန်အတွက် လုချင်းရွှမ်စုဆောင်းခဲ့သော ဆေးဖက်ဝင်အပင်များဖြစ်သည်။ လုချင်းရွှမ်သည် ချူးယွင်ဖန်း၏ ဆေးဖော်စပ်မှု ကျရှုံးမည်ကို စိုးရိမ်နေသောကြောင့် ၎င်းဆေးအမြောက်အမြားကို ပြင်ဆင်ခဲ့သည်။ ဤသည်မှာ သာမန် ဆေးပညာရှင်၏ အခြေအနေအပေါ် မူတည်၍ အကဲဖြတ်ထားခြင်းဖြစ်သည်။ သာမာန်ဆေးပညာရှင်တစ်ဦးသည် ဆေး ဖော်စပ်ရာတွင် ကျရှုံးနိုင်ခြေ အလွန် မြင့်မားသည်။
ဤဆေးဖက်ဝင်ပစ္စည်းများသည် ကုမ္ပဏီ၏ ငွေသား စီးဆင်းမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိနေသည်။ သို့သော် ၎င်းတို့သည် ချူးယွင်ဖန်းအတွက် အတော်အသင့်မျှသာဖြစ်သည်။ မူလစွမ်းအင်ပြည့်ဝဆေးကို ကိုယ်တိုင် သောက်သုံးနိုင်ခြင်းမှလွဲ၍ တန်စီယုနှင့် မိုးကြိုးတောင်ပံသားရဲတို့သည်လည်း ကျင့်ကြံမှုများ တိုးတက်စေရန်အတွက် ဆေးတစ်လုံးစီ သောက်သုံးနိုင်မည်ဖြစ်သည်။
ထိုအချိန်သို့ရောက်သောအခါ ၎င်းတို့သုံးဦးသည် ၎င်းတို့၏ ကျင့်ကြံမှုများတွင် ကြီးမားသော တိုးတက်မှုများ ရရှိလာမည်ဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းရည်သည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်၍ တန်စီယုသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ ဝင်ရောက်နေကာ မိုးကြိုးတောင်ပံသားရဲသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနေခဲ့သည်။
ထိုသို့သော ပေါင်းစပ်မှုသည် အလွန်အစွမ်းထက်သည်ဟု ယူဆနိုင်သည်။ မူလစွမ်းအင်ပြည့်ဝဆေးကို အဆင့်မြင့် ဆေးလုံးဟု ယူဆနိုင်သော်လည်း လက်ရှိ ချူးယွင်ဖန်းအတွက်မူ အသေးအမွှား အရာမျိုးသာဖြစ်သည်။ ဆေးပညာရှင်၏ ကျင့်ကြံမှုနှင့် ပတ်သက်၍ လိုအပ်ချက် အလွန်မြင့်မားလှသည်။ ၎င်းတို့၏ ကျင့်ကြံမှုများ မြင့်မားလေ၊ ဆေးပညာရှင်က ပို၍ အင်အားကြီးမားလေ ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စု၏ နံပါတ်တစ် ဆေးပညာရှင်၊ ဆေးဘုရင်သည် အခြားသော ဆေးပညာရှင်အားလုံးကို ကျော်လွန်နိုင်ခဲ့သည်။ သူ၏ ဆေးပညာသည် အခြားလူများထက် မြင့်မားသောကြောင့် ဖြစ်နိုင်လေသလော။
အရေးအကြီးဆုံးအချက်မှာ သူသည် နတ်အဆင့်သို့ တက်လှမ်းခဲ့သည့် တစ်ဦးတည်းသော ဆေးပညာရှင်ဖြစ်၍ ကမ္ဘာပေါ်တွင် နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သည်။ ပြင်ပကမ္ဘာသည် နောက်သုံးရက်ကျော်အတွင်း ဇောက်ထိုးမိုးမျှော်ဖြစ်နေသည်။ သို့သော် ချူးယွင်ဖန်းသည် သူ၏ဆေးများကို ဆက်လက် ဖော်စပ်နေခဲ့သည်။ ချူးယွင်ဖန်းသည် အစပိုင်းတွင် သူ၏ ဆေးဖော်စပ်မှု မမှားယွင်းသွားစေရန်အတွက် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အားကိုးခဲ့သည်။ သို့သော် သူသည် သူ၏ကိုယ်ပိုင် ခံစားချက်ကို အားကိုးခြင်းဖြင့် တဖြည်းဖြည်း ဖန်တီးနိုင်ခဲ့သည်။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် မှတ်ဉာဏ်ဖြစ်ရုံမျှမကဘဲ ချူးယွင်ဖန်း၏ ဆေးပညာကို ခုန်ပျံကျော်လွှား၍ တိုးတက်လာစေရန် ကူညီပေးသည့် အာဟာရဓာတ်များလည်းဖြစ်သည်။ သုံးရက်အကြာတွင် ချူးယွင်ဖန်းက မူလစွမ်းအင်ပြည့်ဝဆေး သုံးခုကို ဖော်စပ်ပြီးမြောက်ခဲ့သည်။ ဆေးပြားများ ဖော်စပ်ပြီးသည့်နေ့တွင် တောင်မြစ်ပန်းချီကားတစ်ခုလုံးသည် ဆေးဖက်ဝင် အမွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။
"ဒါက ဘာအနံ့လဲ" သူမ၏ဒဏ်ရာများကို ပြန်လည်ကုသနေသော တန်စီယုသည် မူလစွမ်းအင်ပြည့်ဝဆေးs ၏ အမွှေးရနံ့ဖြင့် ဆွဲဆောင်ခံခဲ့ရသောအခါ သူမ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
မိုးကြိုးတောင်ပံသားရဲသည် ဖော်လံဖားသော အကြည့်ဖြင့် ချူးယွင်ဖန်း၏ အရှေ့တွင် လှဲလျောင်းနေပြီဖြစ်သည်။ သို့သော်လည်း ၎င်း၏ မျက်လုံးများက ချူးယွင်ဖန်း၏လက်ထဲရှိ ဆေးလုံးများကို စိုက်ကြည့်နေသည်။ ၎င်း၏ ပင်ကိုယ် အသိဉာဏ်သည် အလွန် ထက်မြက်လှသည်။ ၎င်းတို့ကို မျိုချနိုင်လျှင် ၎င်း၏ ကျင့်ကြံမှုများ ပိုမို တိုးတက်လာမည်ဖြစ်သည်။
"အစားပုတ်ကောင်။ စိတ်ပူမနေနဲ့၊ မင်းအတွက်လည်း တစ်ခု ပါတယ်" ချူးယွင်ဖန်းက မိုးကြိုးတောင်ပံသားရဲ၏ ခေါင်းကို ပုတ်၍ ရွှတ်နောက်နောက် ကြိမ်းမောင်းလိုက်သည်။
ပြီးနောက် မိုးကြိုးတောင်ပံသားရဲ၏ ထူထဲသောလျှာသည် ဆေးလုံးတစ်လုံးကို ဆွဲယူလိုက်ပြီးနှင့် ချူးယွင်ဖန်းနှင့် တန်စီယုတို့က ကျန်ဆေးနှစ်လုံးကို ခွဲယူလိုက်ကြသည်။ ၎င်းတို့ နှစ်ဦးစလုံးသည် အချိန်မဟုတ်မှန်း သိနေသောကြောင့် မည်သည့်စကားမျှ မပြောကြပေ။ ချူးယွင်ဖန်းသည် တင်ပျဉ်ခွေထိုင်ကာ မူလစွမ်းအင်ပြည့်ဝဆေးကို မျိုချလိုက်သည်။ ဆေးလုံးသည် ပါးစပ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် အရည်ပျော်သွားကာ ပါးစပ်ထဲတွင် ဆေးမွှေးရနံ့များသာ ကျန်ရစ်တော့သည်။ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသော မူလစွမ်းအင်ပြည့်ဝဆေးသည် ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
၎င်းစွမ်းအင် အများစုသည် သူ၏ခြေလက်များနှင့် အရိုးများထဲသို့ ဝင်ရောက်သွား၍ သူ၏ခန္ဓာကိုယ်များက စုပ်ယူသွားကြသည်။ သူ၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေ၍ ပိုမိုနက်ရှိုင်းသော အသွင်ကူးပြောင်းမှုအဆင့်သို့ ပြောင်းလဲနေသည်။ သူသည် တစ်နေ့တွင် အရိုးအဆင့်ကို ဝင်နိုင်မည်ဖြစ်သည်။ သို့မှသာ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် စစ်မှန်သော အောင်မြင်မှုများကို ရရှိလာမည်ဖြစ်သည်။ လက်ရှိ တွေ့အကြုံ မရင့်ကျက်သေးသော ချူးယွင်ဖန်းသည် ပို၍ပင် သန်မာလာပေလိမ့်မည်။
ကျန်စွမ်းအင်အားလုံးကို သူ၏ မရီးဒျန်ထဲသို့ လောင်းချ၍ အရှိန်အဟုန်တစ်ခုအဖြစ် ပြောင်းလဲကာ မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်ဆီသို့ ချီတက်လိုက်သည်။ အကယ်၍ ချူးယွင်ဖန်းသာ မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက၊ သူ၏ တိုက်ပွဲစွမ်းရည်သည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်ကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားကျင့်စဉ်သည် အသက်ဝင်လာကာ မြင့်မားသော အဆင့်သို့ ဖြတ်ကျော်ရန် လမ်းပေါ်သို့ ဦးတည်နေလေသည်။ သူ၏ အဆင့်ဖြတ်ကျော်မှုအတွင်း အချိန်သည် တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားခဲ့သည်။ ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးလကြာမြင့်သွားခဲ့သည်။ ချူးယွင်ဖန်းသည် သုံးလလုံးလုံး တောင်မြစ်ပန်းချီကားထဲတွင် နေထိုင်ခဲ့၍ အပြင်သို့ မထွက်ခဲ့ပေ။ သူသည် မူလစွမ်းအင်ပြည့်ဝဆေး၏ ဆေးဖက်ဝင် အာနိသင်များကို စဉ်ဆက်မပြတ် စုပ်ယူခဲ့၍ အဆုံးတွင် အရေးကြီးသည့်အချိန်သို့ ရောက်ရှိခဲ့သည်။
နတ်ဘုရား ကျင့်စဉ်၏ ထိန်းချုပ်မှုအောက်တွင် သူ၏ ကျင့်ကြံမှု စွမ်းအင်များ ရုတ်တရက် ဆူပွက်လာ၍ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ချီတက်ခဲ့သော မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်ဆီသို့ ဦးတည်နေခဲ့သည်။ ချူးယွင်ဖန်း၏ ထပ်ခါတလဲလဲ တိုက်ခိုက်မှုများနှင့် ထိုးဖောက်မှုများအပြီးတွင် ဤအတားအဆီးသည် အက်ကြောင်းများ ပြည့်နှက်ကာ ပြိုကျလုနီးပါးဖြစ်နေလေသည်။ ထပ်ခါတလဲလဲ ထိုးနှက်တိုက်ခိုက်မှုများအပြီးတွင် သူသည် အဆုံးတွင် ဤအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အချိန်အတော်အတန်မျှ ကြာမြင့်ပြီးနောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အလင်းရောင် ဖျော့ဖျော့များ ထုတ်လွှတ်လာ၍ သူ၏ခေါင်းထိပ်မှ အဖြူရောင်မီးခိုးငွေ့များ ထွက်လာလေသည်။ ဤသည်မှာ သူ၏ ကျင့်ကြံမှုများ အထွတ်အထိပ်သို့ ရောက်ရှိသွားသည့် လက္ခဏာသာဖြစ်သည်။
ဘုံး
ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် နောက်ဆုံးတွင် အတားအဆီးကို ကျော်ဖြတ်၍ မွေးဖွားခြင်းနယ်မြေ ဆဋ္ဌမအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။
"နောက်ဆုံးတော့ ဆဋ္ဌမအဆင့်ကို ရောက်သွားပြီ"
ယမျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ သူ၏စွမ်းအင်သည် လွန်ခဲ့သည့်သုံးလနှင့် နှိုင်းယှဉ်လျှင် တစ်ဟုန်ထိုး တိုးမြင့်လာကြောင်း ခံစားလိုက်ရသည်။ သာမာန် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူများက ယခုအခါ သူနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ လွန်ခဲ့သည့်သုံးလတွင် သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ဝေ့ကျီရှုန်းကို တွေ့ဆုံခဲ့မည်ဆိုပါက၊ ၎င်းကို မြေပြင်ပေါ်သို့ အလဲထိုးနိုင်ရန် ချူးဟောက်ယွဲ့၏အကူအညီကိုပင် လိုအပ်မည် မဟုတ်ပေ။
ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရည၊ မိုးကြိုးတောင်ပံသားရဲနှင့် တန်စီယုတို့က မူလစွမ်းအင်ပြည့်ဝဆေး၏ ဆေးအာနိသင်များကို ချေဖျက်နေဆဲဖြစ်၍ နှိုးထရန် အလားအလာမရှိသေးကြောင်း မြင်တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် မျက်လုံးများ ဆက်မှိတ်၍ အဆင့်ဖြတ်ကျော်ခဲ့သော ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ ယခုအချိန်သည် ၎င်းကို ခိုင်ခံ့အောင်ပြုလုပ်ရမည့် အကောင်းဆုံးအချိန်ဖြစ်သည်။
ချူးယွင်ဖန်းသည် နောက်သုံးရက်အကြာတွင် သူ၏ အတွေးအမြင် အာရုံရရှိသော အခြေအနေမှ နိုးထလာသည်။ ချူးယွင်ဖန်းသည် သူ၏ စာပို့ပုံးကို ကြည့်လိုက်ရာ၊ အင်တာနက်ရှိ မိမိနှင့် ပတ်သက်သည် အမျိုးမျိုးသော ဆွေးနွေးမှုများ ရပ်တန့်သွားကြောင့် သိလိုက်ရသည်။ နောက်ဆုံးတွင် သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် သမ္မတကဲ့သို့သော ပုဂ္ဂိုလ်မျိုး မဟုတ်သောကြောင့် သူ့ကို သုံးလမျှ ဆွေးနွေးပြီးနောက် လူအများက ဆက်လက်၍ စိတ်ဓာတ်တက်ကြွရန် မဖြစ်နိုင်ပေ။
ဤသုံးလအတွင်း ကျန်းမိသားစုနှင့် ချူးမိသားစုတို့ကြား ရန်ငြိုးများ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ နှစ်ဖက်စလုံးသည် ကြီးမားသော ဆုံးရှုံးမှုမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားနေရသည်။ အထူးသဖြင့် လာမည့်နှစ်ရာစုအထိ ၎င်းတို့၏ ကျောထောက်နောက်ခံဖြစ်လာနိုင်သည့် ဖြစ်တည်မှု ပျောက်ဆုံးသွားသည့် ချူးမိသားစုများက ပို၍ပင် နစ်နာသည်ဟု ခံစားနေရသည်။
ပြီးနောက် ကျန်းမိသားစု၏ ဆုံးရှုံးမှုများက ၎င်းတို့၏မျက်စိရှေ့တွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းကို ဝန်းရံ ချေမှုန်းရန်အတွက် ၎င်းတို့ ကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုများသည် ကျန်းမိသားစုကဲ့သို့သော အမျိုးအနွယ်အတွက်ပင် အနည်းငယ် များပြားလွန်းလှသည်။ ဆုံးရှုံးသွားသော စက်လက်နက်များကို ပြန်လည် ဖြည့်သွင်းရန် မခက်ခဲသော်လည်း ၎င်းတို့ ဆုံးရှုံးခဲ့ရသော သိုင်းပညာ ကျွမ်းကျင်သူများကို ပြန်လည်ဖြည့်တင်းရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်သည်။မိသားစုနှစ်စုကြားက ပဋိပက္ခများ ပြင်းထန်လာကြသည်။ ပြည်ထောင်စုက ၎င်းတို့ကို နှိမ်နှင်းခြင်း မပြုလုပ်ဘဲ အင်အားစု အများအပြားက အခြေအနေကို မဖျန်ဖြေပေးလျှင် ၎င်းတို့မိသားစုနှစ်စု စစ်ပွဲစတင်နေပြီဖြစ်သည်။ ဤသို့ဆိုလျှင်ပင် နယ်ပယ်အသီးသီးရှိ နှစ်ဘက်ကြားက ထိပ်တိုက်ရင်ဆိုင်မှုများ မည်သည့်အချိန်မှ ရပ်တန့်မသွားခဲ့ပေ။
သုံးလကြာ ပျံ့နှံ့ပြီးနောက် ချူးယွင်ဖန်း၏ သတင်းသည် တဖြည်းဖြည်း ငြိမ်သက်သွားကာ မိသားစုနှစ်ခု၏ တိတ်တဆိတ် တိုက်ခိုက်မှုများသာ ကျန်ရစ်ခဲ့သည်။ အင်တာနက်ပေါ်၌ လောလောဆယ် အကျော်ကြားဆုံးအကြောင်းအရာသည် ကြီးမားသော ရှေးဟောင်း လူသားများကာလ၏ တည်နေရာတစ်ခုကို အဆုံးမဲ့ ပင်လယ်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။