အခန်း (၈၂၃-၈၂၅)
Vol. 55 Ch. 823-825
အခန်း(၈၂၃) မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ဖြတ်ကျော်ခြင်း
တစ်လအကြာတွင် ချူးယွင်ဖန်းသည် မိုးကြိုးကိုယ်ရေးစနစ်ကို ကျင့်ကြံပြီးမြောက်ခဲ့သည့်အပြင် ကျင့်ကြံရေးလမ်းကြောင်းသစ်ကိုပင် ဖွင့်လှစ်ခဲ့သည်။ ကြီးမြတ်သော ဧကရာဇ်တိုက်ပွဲစာအုပ်၌ပင် ဤ ကိုယ်ခန္ဓာကျင့်စဥ်အသစ်နှင့် ပတ်သက်သော မှတ်တမ်းများမရှိပေ။
ချူးယွင်ဖန်းပင်လျှင် ဤအခြေအနေကို မည်သို့ရှင်းပြရမည်ကို မသိပေ။ ဧကရာဇ်ကိုယ်ရေးစနစ်သို့ လျှပ်စီးထိန်းချုပ်နိုင်စွမ်းကို ထည့်သွင်းလိုက်သည်ဟု ဆိုရပေမည်။ နတ်ဘုရားကျင့်စဥ်၏ နည်းလမ်းဖြင့် သူကျင့်ကြံခဲ့သော ကျင့်စဥ်တွင် မိုးကြိုးထိန်းချုပ်နိုင်စွမ်းပါဝင်လာပြီဖြစ်ကာ ၎င်းက သူ၏ ပေါက်ကွဲစွမ်းအားကို ပို၍ ကြောက်မက်ဖွယ်ကောင်းစေသည်။
ထို့အပြင် သိမ်မွေ့သော မိုးကြိုးစီးကြောင်းများသည် သူ့ခန္ဓာကိုယ်အတွင်း၌ အချိန်တိုင်းရှိနေကာ သူ၏ခန္ဓာကိုယ်ကို ပိုမိုနက်ရှိုင်းသော ဦးတည်ရာသို့ ပြောင်းလဲစေရန်အဆင့်မြှင့်တင်ပေးနေသည်။
၎င်းသည် အမည်မသိအခြေအနေတစ်ခုဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် ပိုမိုအားကောင်းသည့် အခြေအနေသို့ ပြောင်းလဲသွားကြောင်း သိနိုင်သည်။
“အချိန်တန်ပြီ”
ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်အတွင်း ဆူပွက်နေသော စွမ်းအင်များကို ခံစားနိုင်သည်။ ၎င်းသည် ယခင်ခွန်အားကို ကျော်လွန်ခဲ့သော ကြောက်မက်ဖွယ် စွမ်းအားတစ်ခုဖြစ်ကာ သူသည် မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်သို့ရောက်ရန် အနည်းငယ်သာလိုတော့သည်။ ၎င်းသည်ကား သာမန် မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်မဟုတ်ဘဲ သူ၏ တိုက်ခိုက်ရေးစွမ်းအားက နတ်အဆင့် ကျွမ်းကျင်သူများသာ ရောက်နိုင်သည့်အဆင့်သို့ တိုးမြင်လာမည်ဖြစ်သည်။
ထိုအချိန်တွင်၊ ချူးယွင်ဖန်း၏ အင်အားသည် အခြေခံမှ ခုန်တက်သွားမည်ဖြစ်သည်။ ယခုပင် ချူးယွင်ဖန်းသည် ယခင်ကထက် အနည်းဆုံး နှစ်ဆထက်မနည်း အားကောင်းနေပြီဖြစ်သည်။ မွေးဖွားခြင်းနယ်မြေ ဆဠမအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူသည် နတ်အဆင့်၏ အတားအဆီးကို ထိနိုင်ခဲ့သည်။ ဧကရာဇ်ကိုယ်ရေးစနစ် နှင့် မိုးကြိုးကိုယ်ခန္ဓာတို့၏ စွမ်းအားသည်အမှန်ပင် အံ့သြဖွယ်ကောင်းသည်။ ရှေးဟောင်းလူသားကာလအဆုံးတွင် အထူးကိုယ်ခန္ဓာဖြင့် မွေးဖွားလာသူများသည် ကျန်လူသားများ၏ အထက်တွင် ရပ်တည်နေသည်။ ဤသည်မှာအဓိကအကြောင်းအရင်းဖြစ်၏။
သူ၏ လက်ရှိအဆင့်တွင် အကယ်၍ ချူးယွင်ဖန်းသည် ကျန်းကျန့်ဝမ်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် ထပ်မံတွေ့ဆုံခဲ့မည်ဆိုလျှင် ထိုလူ၏သွေးနှင့် စွမ်းအင်များကို တစ်ချက်တည်းဖြင့် ကုန်ဆုံးစေ၍ နောက်တစ်ချက်ဖြင့် သတ်ပစ်နိုင်မည်ဖြစ်သည်။
နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အသုံးပြုမည်ဆိုပါက ၎င်းကို ထည့်သွင်းစဉ်းစားရန်ပင် လိုအပ်တော့မည်မဟုတ်ပေ။ ယခု ချူးယွင်ဖန်းကွယ်လွန်သွားပြီဟု ပြင်ပကမ္ဘာက ထင်မြင်လာသည်။ သူသည် သူ၏ စွမ်းအားများ တိုးမြှင့်နေခြင်းဖြစ်ကြောင်း ၎င်းတို့မသိခဲ့ကြပေ။ သူပြန်ပေါ်လာသောအခါ ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည်မှာ သေချာသည်။
"ငါအရင်ဆုံး မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ကို ကျော်ဖြတ်သင့်တယ်"
ချူးယွင်ဖန်းသည် သူအဆင့်တက်ရန် ခြေတစ်လှမ်းမျှသာလိုတော့သည်ဟု ခံစားမိနေပြီဖြစ်သည်။ ထိုသို့သောလှုံ့ဆော်မှုအောက်တွင် နောက်တစ်ဆင့်တက်လှမ်းရန် အတားအဆီး အများအစားရှိမည်မဟုတ်တော့ပေ။ ချူးယွင်ဖန်းက နတ်ဘုရားကျင့်စဥ်ကို ဖြန့်ကျက်လိုက်သောအခါ ခပ်မှိန်မှိန်လျှပ်စီးကြောင်းများ သူ့ခန္ဓာကိုယ်အနှံ့ ပေါ်လာပြန်သည်။ သူ့ကိုကြည့်လျှင် လျှပ်စီးဖြင့် ဖန်တီးထားသော လူသားတစ်ယောက်နှင့်ပင် တူသည်။ သူ၏ စွမ်းအားကို တတ်နိုင်သမျှစုစည်းကာ မှော်ဝင်မုန်းတီးခြင်းသစ်သီးကို စတင်စားသုံးလိုက်သည်။
အသီးကို စားလိုက်သည်နှင့် ချက်ချင်းပင် အသီးက စွမ်းအင်များအဖြစ်ပြောင်းလဲ၍ သူ၏ ခြေလက်နှင့် အရိုးများထဲသို့ စီးဝင်သွားသည်။ ၎င်းသည် ဆဲလ်တိုင်းသို့ ပျံ့နှံ့သွားကာ သူ့ကို တားဆီးထားသည့် အတားအဆီးကို ဖြိုဖျက်ရာ၌ စတင်ကူညီတော့သည်။ ပြင်းထန်သော နာကျင်မှုက သူ့ခန္ဓာကိုယ်၏ နက်ရှိုင်းသော နေရာများမှ စတင်လာသည်။ ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းများက ပို၍ ပို၍ ထူထပ်လာကာ လျှပ်စီးကြောင်းများနှင့်အတူ မိုးခြိမ်းသံများလည်း ပတ်ဝန်းကျင်၌ ပေါ်လာသည်။
မိုးကြိုးတောင်သားရဲ၏အမူအရာက လေးနက်လာသည်။
တစ်ဖက်တွင် တန်စီယုသည် သူမ၏ ကိုယ်လုံးကိုယ်ပေါက် ပြောင်းလဲမှုကို ပြီးမြောက်ခဲ့သည်။ သူမသည် ကောင်းကင်ဝိညဥ်ကိုယ်ခန္ဓာကို ရရှိသွားပြီဖြစ်၍ ယခုအခါတွင် သူ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူမ၏ စိတ်စွမ်းအင်က ယခင်ကထက် ပိုမိုပြင်းထန်လာသည်။
သူမ၏ သက်တမ်းက ရုတ်တရက် များစွာတိုးမြင့်လာသည့်အလားထင်ရသည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မျက်နှာပြင်အနှံ့ လျှပ်စီးများမျောလွင့်နေသည်ကို မြင်လိုက်ရသောအခါ သူအဆင့်ဖြတ်ကျော်နေခြင်းဖြစ်ကြောင်း သူမသိလိုက်သည်။ သူမ၏ ကိုယ်လုံးကိုယ်ထည်ကို အဆင့်ပြောင်းလဲပြီးသည်နှင့် အကျိုးကျေးဇူးများစွာကို ခံစားရနိုင်ခဲ့သည်။ ထိုကိုယ်ခန္ဓာကို ရရှိပြီးနောက် နတ်အဆင့်သို့ တက်လှမ်းလိုလျှင်ပင် ခက်ခဲမည်မဟုတ်ကြောင်း ချူးယွင်ဖန်းပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
တန်စီယုသည် သူမ၏ ခန္ဓာကိုယ်မှ မရီးဒျန်များ ယခင်ကထက် အဆပေါင်းများစွာ ပို၍ များပြားကာ မာကျောလာသည်ကို ခံစားမိနိုင်သည်။ ထို့အပြင် သူမ၏ ဒန်ထျန်များ၌ သိုလှောင်ထားနိုင်မည့် ချီစွမ်းအင်ပမာဏလည်း ယခင်ကထက် များစွာ တိုးမြင့်လာသည်။ ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်က ဗလာကျင်းနေသည့်အလား ခံစားလိုက်ရသည်။ သူမကျင့်ကြံထားသည့် ချီစွမ်းအင်က တစ်ကိုယ်လုံးကို ဖြည့်စွမ်းမပေးနိုင်ပေ။ ဤသည်ကား အဆင့်ကြီးတစ်ခု ဖြတ်ကျော်ပြီးမှသာ ရနိုင်သည့် ခံစားချက်မျိုးဖြစ်သည်။
ထို့အပြင် သူမ၏ အရည်အချင်းသည်လည်း များစွာတိုးတက်လာသည့်အလား ခံစားခဲ့ရသည်။
သူမသည် ယခင်ကလည်း ကောင်းမွသောအဆင့်၌ ရှိနေသည့်တိုင် ယခု ပို၍ သိသာသော ထင်ရှားမှုကို ခံစားမိနိုင်ပြီဖြစ်သည်။ ကျင့်ကြံရာ၌ သူမနားမလည်နိုင်သော ပြဿနာများစွာရှိသည်။ သို့သော် ယခုအချိန်တွင် အတွေးတစ်ခုတည်းဖြင့် နားလည်နိုင်ပြီဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုတည်းက ပိုမိုကောင်းမွန်လာခြင်းမဟုတ်ဘဲ ဘဝတစ်လျှောက်လုံး အပြောင်းအလဲတစ်ခုဖြစ်တော့မည်ဖြစ်ကြောင်း ထင်ရှားသည်။
တန်စီယုက မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိချိန်တွင် သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များသည် သူမ၏ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
အစပိုင်းတွင် နတ်အဆင့်သို့ ဖြတ်ကျော်ရန် အလွန်ခက်ခဲမည်ဟု သူမ ခံစားခဲ့ရသည်။ ယခုမူ လုံလောက်သော စွမ်းအင်နှင့် အတွေ့အကြုံများကို စုဆောင်းထားသရွေ့ သူမသည် ဤအဆင့်သို့အလိုအလျောက် ဖြတ်ကျော်နိုင်မည်ဟု ခံစားလာရသည်။
ကောင်းကင်ဝိညဥ်ကိုယ်ခန္ဓာတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များ အစုံအလင်ပါရှိကာ ၎င်းတို့ကို အပြည့်အဝ မကျင့်ကြံနိုင်သေးပေ။
ခဏမျှ စောင့်ကြည့်ကာ ချူးယွင်ဖန်းအဆင်ပြေကြောင်း အတည်ပြုပြီးနောက် သူမသည် သီးသန့်လေ့ကျင့်မှုအခြေအနေသို့ တစ်ဖန်ဝင်ရောက်လာခဲ့သည်။ သူမသည် မွေးဖွားခြင်းနယ်မြေနဝမအဆင့်မှ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့်သို့ အလျင်အမြန် တက်လှမ်းလိုခဲ့သည်။ ကောင်းကင်ဝိညဥ်ကိုယ်ခန္ဓာကို ရရှိပြီးနောက် သူမ၏ ကျင့်ကြံရေးအရှိန်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ချူးယွင်ဖန်းသည် ခေတ္တမျှပင် ရပ်နားခြင်းမရှိဘဲ သူ၏ ကျင့်ကြံရေးအရှိန်က တဟုန်ထိုး တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏တိုးတက်မှုနှုန်းက သာမန်လူတစ်ယောက်ထက် ပိုမိုမြန်ဆန်နေပြိဖြစ်ကာ ယခု ပို၍ မြန်နေသည်ဟု ခံစားရသည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
ရုတ်တရက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးများက ရုတ်တရက် ပိုမိုပြင်းထန်လာကာ ကောင်းကင်သို့ ပျံတက်သွားသော လျှပ်စစ်မြွေများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ရှိ ရောင်ဝါသည် အဆင့်သစ်တစ်ခုသို့ တိုးလာသည်။ သူ့မျက်လုံးများ ပွင့်လာပြီးနောက် သူ့ခန္ဓာကိုယ်မှ အရှိန်အဟုန်ကို အထိန်းအကွပ်မဲ့စွာ ထုတ်လွှတ်လိုက်သည်။ သူသည် နောက်ဆုံးတွင် မွေးဖွားခြင်းနယ်မြေသတ္တမအဆင့် အတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့သည်။
သူ့ပတ်ဝန်းကျင်တွင် မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် မိုးကြိုးမုန်တိုင်းသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။
“မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်” ချူးယွင်ဖန်းသည် ဤစကားကို ဖြည်းညှင်းစွာ ပြောလိုက်သည်။
မှော်ဝင်မုန်းတီးခြင်းသစ်သီး၏အကျိုးသက်ရောက်မှုသည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းသည်။ သူသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ တက်လှမ်းခဲ့ရုံသာမက အထွတ်အထိပ်သို့လည်း ရောက်နိုင်ခဲ့သည်။
သူ့လက်ဝါးဖြန့်လိုက်သည်နှင့် မိုးကြိုးလုံးတစ်ခု ထွက်ပေါ်လာသည်။ ဤမိုးကြိုးများသည် သူကျွမ်းကျင်ပိုင်နိုင်ခဲ့သော နတ်စွမ်းအင်မှဖြစ်ရာ ဤမိုးကြိုးများကို အမှီပြု၍ နတ်အဆင့် ကျွမ်းကျင်သူများနှင့် ကြုံရလျှင်ပင် သူ ကြောက်လန့်နေမည်မဟုတ်ပေ။ သာမာန် နတ်အဆင့် ပညာရှင်များသည် သူနှင့် ယှဥ်နိုင်မည်မဟုတ်ပေ။
မွေးဖွားခြင်းနယ်မြေအဆင့်၌ရှိသော မည်သူလာလာ သေရပေလိမ့်မည်။
ဤအခိုက်အတန့်တွင် မွေးဖွားခြင်းနယ်မြေအဆင့်၏ကျွမ်းကျင်သူနှင့် နတ်အဆင့်ကျွမ်းကျင်သူအကြား ခြားနားချက်ကို သူတကယ်နားလည်သွားခဲ့သည်။
"အပြင်ထွက်ဖို့အချိန်တန်ပြီ။"
ချူးယွင်ဖန်းက ထိုအချိန်ကိုကြည့်လိုက်သောအခါ သုံးလကျော်သွားပြိဖြစ်သည်။ သူအဆင့်တက်နိုင်ရန် အချိန်များစွာကြာခဲ့သည်။ သို့သော် နတ်အဆင့်ကို ဖြတ်ကျော်နိုင်ရန် အခြားသူများ သုံးစွဲရသည့်အချိန်နှင့် နှိုင်းယှဉ်ပါက ဖော်ပြရန်ပင် မထိုက်တန်ပေ။
ဥပမာအားဖြင့် သူ၏နည်းပြဆရာ ကျန်းယွမ်ပင်သည် တစ်နှစ်ခွဲကြာ ပျောက်ကွယ်သွားခဲ့သည်။
ချူးယွင်ဖန်းက တန်စီယုကို စိုက်ကြည့်နေသည်။ ပုလဲရောင်အလင်းတန်းက သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့နှံ့သွားကာ သူမ၏စွမ်းအားသည်လည်း ပို၍ပင် ဖြူစင်၍ ပြီးပြည့်စုံလာသည်။ သူမသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာလိုတော့သည်ဖြစ်ကာ
မိုးကြိုးတောင်ပံသားရဲသည်လည်း မွေးဖွားခြင်းနယ်မြေအဆင့်၏အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ သာမန်မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်ကျွမ်းကျင်သူများက ဤမိုးကြိုးတောင်ပံသားရဲနှင့် ယှဥ်နိုင်မည်မဟုတ်ပေ။
ဤသည်မှာ ချူးယွင်ဖန်း၏ အကြွင်းမဲ့ယုံကြည်မှုကို ပေးနိုင်သော စွမ်းအားတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲမှထွက်လာခဲ့ရာ သူသည် ကျွန်းတည်ရှိရာ အဆုံးမရှိပင်လယ်ပြင်တွင် ယခုတိုင် တည်ရှိနေသေးသည်။ ယခုမူ ကျွန်းသည် ပျောက်ကွယ်သွားကာ မုန်တိုင်းလှိုင်းလုံးများကို အဘက်ဘက်၌ မြင်နေရသည်။
ထို့နောက် မိုးကြိုးများထွက်ပေါ်လာကာ သူ့ကျောဘက်၌ အတောင်ပံသဖွယ်ဖြစ်လာပြီးနောက် ကမ်းဘက်သို့ ပျံသန်းသွားခဲ့သည်။ ၎င်းသည် မိုးကြိုးသစ်သီးကို သူရရှိသော နတ်စွမ်းရည်များထဲမှ တစ်ခုလည်းဖြစ်သည်။ မူလက မွေးဖွားခြင်းနယ်မြေအဆင့်ကျင့်ကြံသူများသည် ပျံသန်းနိုင်စွမ်းမရှိကြပေ။ ယခု သူ့တွင် ဤမိုးခြိမ်းအတောင်ပံတစ်စုံရှိသဖြင့် ပျံသန်းနိုင်စွမ်းရှိနေပြီဖြစ်သည်။
ချူးယွင်ဖန်းက အတောင်များကို ခတ်လိုက်ရာ မိုးခြိမ်းသံက တဟုန်ထိုးတက်လာသည်။ သူ့တစ်ကိုယ်လုံး ချက်ချင်း မီတာတစ်ရာ အမြင့်သို့ ခုန်တက်လာကာ မကြာမီ၌ပင် ချူးယွင်ဖန်းသည် ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်။
တစ်နာရီအကြာတွင် ချူးယွင်ဖန်းသည် ခွန်းလွန်နယ်မြေ၏ ကမ်းရိုးတန်းကို မြင်နိုင်နေပြီဖြစ်သည်။ သူ နောက်ဆုံးအကြိမ် ကျွန်းမှ ထွက်ခဲ့စဥ်က တစ်ရက်တာကြာခဲ့သည်။ ယခုမူက တစ်နာရီအတွင်း ပင်လယ်ကို ဖြတ်၍ ပျံသန်းလာနိုင်ပြီဖြစ်သဖြင့် သူ့အမြန်နှုန်း မည်မျှတိုးတက်လာသည်ကို တွေးကြည့်ရန် လွယ်ကူသည်။
'ဒီမိုးကြိုးတောင်ပံတွေက ငါ့ချီစွမ်းအင်ကို အမြန်စားသုံးနေတာပဲ”
ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များ လုံးလုံးလျားလျား ကုန်ဆုံးသွားကြောင်း ခံစားသိရှိခဲ့ကာ ၎င်းသည် သာမန်လူများထက် အဆများစွာ ပိုမိုများပြားသည့် သူ၏ဧကရာဇ်ကိုယ်ခန္ဓာ၏ စစ်မှန်သောစွမ်းအင်ဖြစ်သည်။ သာမန်လူတစ်ယောက်ဆိုလျှင် စစ်မှန်သောစွမ်းအင်များ ကုန်သွားလျှင် အချိန်မကြာခင်၌ လဲကျသွားမည်ဖြစ်သည်။
နတ်အဆင့်ရှိ ပညာရှင်များသည် ပျံသန်းနိုင်သည်။ သူ့တွင် သင့်လျော်သော နည်းလမ်းမရှိပါက နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားများရှိနေလျှင်ပင် ၎င်းတို့၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ကမ်းသို့ရောက်ပြီးနောက် ချူးယွင်ဖန်းသည် အာရုံစူးစိုက်မှုမခံရစေရန် သူ့မိုးကြိုးအတောင်ပံများကို ဖယ်ထုတ်လိုက်သည်။ နာရီအနည်းငယ်ကြာပြီးနောက် ချူးယွင်ဖန်းသည် မြို့တစ်မြို့သို့ရောက်ရှိလာသည်။ ထို့နောက် လေယာဉ်လက်မှတ်ဝယ်ကာ ချူးမိသားစုအိမ်ရာသို့ ပြန်ရန် စီစဥ်ခဲ့သည်။
သူ၏မိဘများသည် လက်ရှိတွင် ချူးမိသားစုဘိုးဘေးအိမ်ရာ၌ နေထိုင်ကြကာ တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်မရှိသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ချူးယွင်ဖန်းက သူတို့အတွက် စိတ်ပူသည်။
လွန်းပျံယာဉ်ပေါ်တက်ပြီးနောက် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူ၏ စနစ်ကို စစ်ဆေးရန် အချိန်ရခဲ့သည်။ လုချင်းရွှမ်၏အဆက်မပြတ်မက်ဆေ့ချ်များအပြင် ဂေါင်ဟုန်ချီသည်လည်း အကြိမ်ကြိမ် မက်ဆေ့ချ်ပို့ခဲ့သည်။ ချူးယွင်ဖန်းကွယ်လွန်သွားသည်ကို သူ မယုံသောကြောင့် အမြန်ထရန် တိုက်တွန်းရန် ခဏခဏ မက်ဆေ့ချ်ပို့ခဲ့သည်။
ထို့အပြင် လုချင်းရွှမ်ထံမှ သူအသက်ရှင်နေသေးကြောင်း သူ့မိဘများကလည်း သတင်းရရှိခဲ့သော်လည်း ၎င်းတို့က ချူးယွင်ဖန်းကို ခြေရာခံနိုင်မည်စိုးသောကြောင့် စာတစ်စောင်သာ ပို့ခဲ့ကြသည်။ ၎င်းတို့က အများအစားမပြောသော်လည်း စာလုံးတစ်လုံးစီတိုင်းမှ စိုးရိမ်မှုကို သူမြင်နေရသည်။
သူ့နှလုံးသားက နာကျင်လွန်းလှသဖြင့် မျက်ရည်များ စိုရွှဲလာသည်။
ဒီကမ္ဘာမှာ ဘယ်အချိန်ဖြစ်ဖြစ် မင်းအဖေနဲ့အမေက မင်းကို မစွန့်ပစ်ဘူး။
‘ကျွန်တော် အိမ်ပြန်လာပြီ အမေတို့’
အခန်း(၈၂၄) ခေတ်သစ်တစ်ခု ရောက်ရှိလာမှု
လွန်းပျံယာဉ်ထဲတွင် ချူးယွင်ဖန်းသည် သူ့မိသားစုကို တောင့်တနေလျက် စနစ်မှတစ်ဆင့် သတင်းများကို ကြည့်နေသည်။ သူ သုံးလအကြာပျောက်ကွယ်သွားခြင်းက ပြည်ထောင်စု၌ အဓိက ဖြစ်ရပ်များစွာ ဖြစ်ပွားရန် လုံလောက်သော အချိန်ဖြစ်သည်။
လွန်ခဲ့သော သုံးလခန့်က သူဖန်တီးခဲ့သည့်အခြေအနေများကို မေ့ပျောက်သွားစေရန် လုံလောက်သော အချိန်ပမာဏဖြစ်သည်။ အင်တာနက်၌ပင် မည်သူမျှ မည်သည့်စကားမျှ မပြောကြတော့ပေ။ လက်ရှိ အပြောအများဆုံးအကြောင်းအရာမှာ နတ်ကုန်းမြေအကြောင်းဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က လျှို့ဝှက်သော အခြေအနေနှင့် မတူဘဲ ကျယ်ပြောလှသော နယ်မြေဒေသကြီး၏ ဂိုဏ်းဂဏများ ကမ္ဘာသို့ ဝင်ရောက်လာသည့် သတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။
အထူးသဖြင့် ယခုအခါ သမ္မတ၏ တည်နေရာကို မသိရသေးသောကြောင့် အင်တာနက်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ သူ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ မည်သူမျှ မသိပေ။ ပြည်ထောင်စုအစိုးရသည် မကြုံစဖူး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ နတ်ကုန်းမြေမှလူများ ၎င်းတို့၏နယ်မြေသို့ ရောက်ရှိလာခြင်းသည် ပြည်ထောင်စုအတွက် ကောင်းသည် ဆိုးသည်ကို မည်သူမျှ မသိကြပေ။
သို့သော် မကြာမီတွင် ချူးယွင်ဖန်းသည် အဖြစ်အပျက်တစ်ခုလုံး၏နောက်ကွယ်တွင် လက်တစ်ဖက်ရှိ၍ ယင်းကိစ္စကို ပိုမိုဆိုးရွားစေရန် အဆက်မပြတ်တွန်းအားပေးနေပုံရသည်ဟု တွေးလိုက်မိသည်။
ရှေးဟောင်းလူသားကာလ ဖျက်ဆီးခံရသောအခါ နတ်ကုန်းမြေ၌ ပုန်းအောင်းနေထိုင်နိုင်ခဲ့၍ ယခုအချိန်ထိ ရှင်သန်နေခြင်းဖြစ်နိုင်ကြောင်း အင်တာနက်ပေါ်ရှိ လူများစွာက မှန်းဆခဲ့ကြသည်။ ပြည်ထောင်စုရှိ သိုင်းပညာတာအိုဖွံ့ဖြိုးတိုးတက်မှုသည် ရှေးဟောင်းလူသားကာလ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခြင်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယခုအခါ နတ်ကုန်းမြေ၏ အဓိကဂိုဏ်းခွဲများ ပါ၀င်လာသောကြောင့် ပြည်ထောင်စု၏ သိုင်းပညာတာအို၏ တိုးတက်မှုကို မြန်ဆန်စေမည်မှာ သေချာသည်။ ပြည်ထောင်စု၏ သိုင်းပညာတာအိုက နိုင်ငံတော်တစ်ခုလုံးကို မုချအကျိုးရှိစေမည့် ဖောက်ခွဲရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအသစ်တွင် ဦးဆောင်ဦးရွက်ပြုမည်ဟု ပညာရှင်အများအပြားကပင် ထောက်ခံခဲ့ကြသည်။
အင်တာနက်သည် နှစ်ပိုင်းကွဲသွားသည်။ တစ်ဖက်က နတ်ကုန်းမြေ၏ ဂိုဏ်းခွဲများကို လက်ခံချင်သော်လည်း တစ်ဖက်က ၎င်းတို့ကို ငြင်းပယ်လိုသည်။ ယင်းသည် ပြည်ထောင်စုအတွင်း အကျော်ကြားဆုံး အကြောင်းအရာ ဖြစ်လာခဲ့သည်။
ချူးယွင်ဖန်းသည် ဘက်ပေါင်းစုံမှ ငြင်းခုံမှုများကို ကြည့်ကာ ရယ်မောလိုက်သည်။ ပြည်ထောင်စု၏ သိုင်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ခံအားပေးသော ကျွမ်းကျင်သူများသည် နုံအလွန်းသည်။ နတ်ကုန်းမြေ၏ အဓိကဂိုဏ်းခွဲများ အင်အားနည်းပါက ပြည်ထောင်စုက အလိုအလျောက်ပင် ၎င်းတို့ကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။ နတ်ကုန်းမြေ၌ပါရှိသော သိုင်းပညာတာအိုကို စုပ်ယူပြီးလျှင် ပြည်ထောင်စုသည် အလိုအလျောက်ပင် ပို၍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ယခုမူ ချူးယွင်ဖန်းသည် နတ်ကုန်းမြေ၏ အစွမ်းသတ္တိကို သိလိုက်သည်။ စွမ်းဆောင်ရည်မြင့်မားမှုအရ ၎င်းတို့သည် ပြည်ထောင်စုထက် များစွာသာလွန်သည်။ အကယ်၍ အင်အားအလုံအလောက်မရှိသော အခြေအနေများတွင် နတ်ကုန်းမြေသားများက ပြည်ထောင်စုနှင့် မိတ်ဆက်ခဲ့မည်ဆိုလျှင် ဝံပုလွေကို အိမ်ထဲသို့ ခေါ်သွင်းခြင်းပင်မဟုတ်သလော။ ယခုလည်း အင်တာနက်ပေါ်တွင် ကြော်ငြာနေကြသော ကျွမ်းကျင်သူများသည် ပြည်ထောင်စု၏ ခွန်အားက နတ်ကုန်းမြေနှင့် ယှဉ်နိုင်မည်မဟုတ်ဟူသောအချက်ကို လစ်လျူရှုခဲ့ကြသည်။
ချူးယွင်ဖန်းပင်လျှင် ဤနောက်ကွယ်တွင် မည်သူမျှမမရှိဟု ယုံမည်မဟုတ်ပေ။
‘နတ်ကုန်းမြေနှင့် ပူးပေါင်းဖို့ လူတစ်ယောက်ယောက် မစောင့်နိုင်တော့ဘူးထင်တယ်’ ချူးယွင်ဖန်းက စိတ်ထဲမှ တွေးလိုက်သည်။
သူဖတ်ရသော အချက်အလက်များအရ နတ်ကုန်းမြေသည် ပြည်ထောင်စုအတွင်း၌ ရှိသော အဓိကအင်အားစုများအားလုံးနှင့် ဆက်စပ်နေသည်ကို သူသိသည်။ နတ်ကုန်းမြေကြောင့် အာဏာရခဲ့သော အင်အားစုများစွာပင်ရှိနေသည်ဖြစ်ရာ ၎င်းတို့ကို နတ်ကုန်းမြေ၏ ဂိုဏ်းများက လျှို့ဝှက်ထောက်ခံခဲ့ကြသည်။ သို့သော် မသိသေးသော အကြောင်းအရင်းကြောင့် နတ်ကုန်းမြေသည် ဤကမ္ဘာကြီးထဲသို့ တစ်ခါမျှ မဝင်ရောက်ခဲ့ပေ။
ယခင်က နတ်ကုန်းမြေ၏ လုပ်ရပ်ကို သုံးသပ်ကြည့်လျှင် ပြည်ထောင်စုနှင့် နာခံမှုရှိစွာ ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်ပေ။ ပြည်ထောင်စုကို လွှမ်းမိုးရန် ကြံစည်ကြခြင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ချူးယွင်ဖန်းက သမ္မတပျောက်ဆုံးမှု နှင့် သူ၏ ဆရာပျောက်ဆုံးမှုတို့သည် နတ်ကုန်းမြေ၏ ဝင်ရောက်စွက်ဖက်မှုကြောင့်ပင်ဖြစ်နိုင်သည်ဟု သံသယဝင်မိသည်။
မဟုတ်လျှင် ကျန်းမိသားစု၏ ကြီးမြတ်သော ဘိုးဘေးများက သူ့ကို ကိုင်တွယ်ရန် နတ်အဆင့် ကျွမ်းကျင်သူအမြောက်အမြားကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
ရုတ်တရက် သူ့စနစ်၌ မက်ဆေ့ချ်များကို စစ်ဆေးနေစဉ်တွင် အခြားသော အကြောင်းအရာတစ်ခု အင်တာနက်ပေါ်တွင် ရေပန်းစားလာခဲ့သည်။
ကျန်းမိသားစု နှင့် တန်မိသားစုတို့သည် ထပ်မံ၍ မဟာမိတ်စာချုပ်ချုပ်ဆိုတော့မည်ဆိုသောအကြောင်းပင်ဖြစ်ရာ ခဏာတမျှ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ တန်မိသားစု၏ ဘိုးဘေးက ကျန်းမိသားစု၏ ဘိုးဘေးဆီအဖမ်းခံရကာ သက်ရှိရုပ်သေးအဖြစ် သန့်စင်ခြင်းခံရ၍ လျှို့ဝှက်ထားရန် အမိန့်ပေးထားခဲ့သော်လည်း လူများစွာက ယင်းကို သိခဲ့ကြရကာ လျှို့ဝှက်မထားနိုင်ခဲ့ပေ။ လူအားလုံးနီးပါးက ယင်းအကြောင်း သိကြသည်။ ကျန်းမိသားစုနှင့် တန်မိသားစုတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးရန် မဖြစ်နိုင်ကြောင်းကို လူတိုင်းက သိကြကာ အခြေခံအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ ဟန်ဆောင်မှုများအားလုံးကို ဖယ်ရှားမည်ဟုပင် လူတိုင်းက ထင်ခဲ့ကြသည်။
တန်မိသားစုတွင် နတ်အဆင့် ဘိုးဘေးများမရှိသော်လည်း ၎င်းတို့၏ ဝှက်ဖဲအဖြစ် နျူကလီးယာာဗုံးများ အပါအဝင် အဆင့်မြင့်နည်းပညာသုံးလက်နက်များစွာကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ ကျန်းမိသားစုကပင် တန်မိသားစုကို အသာစီးမရနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နှစ်ဘက်စလုံးသည် နယ်ပယ်အသီးသီးတွင် အဆက်မပြတ် တိုက်ပွဲဝင်နေကြသည်။
နှစ်ဖက်စလုံးက ရန်သူများအဖြစ် ဆက်လက်တည်ရှိနေမည်ဟု လူတိုင်းက ထင်နေကြသောအခါတွင် နှစ်ဘက်စလုံး ပြေလည်သွားကာ နောက်တစ်ကြိမ် လက်တွဲလုပ်ဆောင်တော့မည်ဖြစ်သည်။
မကြာခင်၌ နောက်ထပ်သတင်းတစ်ခု ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင် တန်မိသားစုနှင့် ကျန်းမိသားစုတို့က မဟာမိတ်ဖွဲ့သည့် တစ်ခုတည်းသောအဖွဲ့များမဟုတ်ပေ။ မဟာမိတ်အဖွဲ့တွင် နတ်ကုန်းမြေမှ အလွန်ကြီးမားသောဂိုဏ်းတစ်ခုဖြစ်သည့် ပန်းပွင့်လန်းခြင်းဂိုဏ်းပါပါဝင်သည်။
ဤအရာများသည် အင်တာနက်တစ်ခုလုံးကို ပေါက်ကွဲစေသော ဗုံးတစ်လုံးနှင့်တူသည်။
ဤသည်မှာ နတ်ကုန်းမြေနှင့် ပြည်ထောင်စုတို့ ပူးပေါင်းသည့် ပထမဆုံးအကြောင်းအရာဖြစ်သဖြင့် အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
ထိုအချိန်တွင် နတ်ကုန်းမြေ၏ ပန်းပွင့်လန်းခြင်းဂိုဏ်းနှင့်ပတ်သက်သော သတင်းမျိုးစုံက အင်တာနက်တစ်ခွင်သို့ ပျံ့နှံ့လာခဲ့သည်။ နတ်ကုန်းမြေ၌ ထိပ်တန်းအနည်းစုထဲမှ တစ်ခုဖြစ်သည့် အင်အားကြီးမားသော အဖွဲ့ဟုပြောကြကာ ဂိုဏ်းတွင် နတ်အဆင့် ကျွမ်းကျင်သူများ ရှိရုံသာမက ၎င်း၏ စွမ်းအားက အလွန်ကြီးမားလှသောကြောင့် သိုင်းပညာကျွမ်းကျင်မှုအရ ၎င်းတို့သည် တန်မိသားစုနှင့် ကျန်းမိသားစုထက် များစွာသာလွန်သည်။
ပန်းပွင့်လန်းခြင်းဂိုဏ်းရှိ သိုင်းပညာရှင် အရေအတွက်ဖြင့် ကျန်းမိသားစုနှင့် တန်မိသားစုတို့ အင်အားအပြင် ဤမဟာမိတ်အဖွဲ့သည် မတည်ထောင်ခင်ကတည်းကပင် ပြည်ထောင်စုကို ထိတ်လန့်စေခဲ့သည်။
လက်ရှိတွင် ပြည်ထောင်စုအစိုးရမှလွဲ၍ မည်သည့်အင်အားစုကမှ ဤမဟာမိတ်အဖွဲ့ကို မယှဥ်နိုင်ပေ။
မည်သူက ဦးဆောင်နေစေကာမူ ဤမဟာမိတ်အဖွဲ့ထူထောင်မှုက ခေတ်သစ်တစ်ခုရောက်လာတော့မည်ဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။
ပြည်ထောင်စုနှင့် နတ်ကုန်းမြေရှိ ဂိုဏ်းပေါင်းစု့အကြား ဆက်ဆံရေးကလည်း ပို၍ နီးကပ်လာမည်ဖြစ်သည်။ အင်တာနက်ပေါ်ရှိလူတိုင်းသည် အထူးသဖြင့် အချင်းချင်း ခေါင်းထောင်နေသော တန်မိသားစုနှင့် ကျန်းမိသားစုတို့၏ သတင်းကြောင့် အံသြသွားကြသည်။ ဘ
ကျန်းမိသားစုကို ပြင်းပြင်းထန်ထန်မုန်းတီးနေသော တန်မိသားစုက ၎င်းတို့၏ သဘောထားကို ပြောင်းလဲလိုက်သည့်အတွက် ပိုမို အံ့သြလာကြခြင်းဖြစ်ကာ ချူးယွင်ဖန်းပင်လျှင် ထို့နည်းတူဖြစ်ခဲ့ရသည်။
ဤမဟာမိတ်အဖွဲ့၏ စွမ်းအားကို ပြည်ထောင်စုအစိုးရမှလွဲ၍ မည်သူမျှ ယှဥ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်
အင်အားစုကြီးများက ငြိမ်မနေလောက်ကြောင်းတွေးကြည့်မိသည်။ ၎င်းတို့က ကြားနေလိုလျှင်ပင် နတ်ကုန်းမြေရှိ အခြားဂိုဏ်းခွဲများနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဖြစ်ကာ သို့မှသာ လာမည့်မဟာမိတ်ခေတ်၌ အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရမည်မဟုတ်ပေ။
ခေတ်အသစ်တစ်ခုက ၎င်းတို့ဆီသို့ ရောက်လာတော့မည်ဖြစ်သည်။
အခန်း(၈၂၅) မိသားစုအတွင်း ပြောင်းလဲမှုများ
ဤသည်မှာ ပြည်ထောင်စုက အမြဲတစေ ရှောင်ရှားလိုသော အခြေနေတစ်ရပ်ဖြစ်ကြောင်း သံသယရှိစရာပင်မလိုပေ။ ကြီးမြတ်သောမျိုးနွယ်စုများက အင်အားကောင်းလွန်းသော ပြည်ထောင်စုအတွက် ကောင်းသောကိစ္စမဟုတ်ပေ။ ဤအရာက ၎င်းတို့၏ အချုပ်အခြာအာဏာကို လျော့နည်းသွားစေမည်မှာသိသာလှသည်။
"မုန်တိုင်းတိုက်တော့မယ်"
ချူးယွင်ဖန်းသည် ပြည်ထောင်စုက ပိုပို၍ ဖရိုဖရဲဖြစ်နေသည်ဟု ခံစားမိသည်။ သို့သော် ယခင်ကနှင့် မတူပေ။ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပြီဖြစ်ရာ ကမ္ဘာကြီး မည်မျှပင် ဖရိုဖရဲဖြစ်နေစေကာမူ သူက ကြံ့ကြံ့ခံနိုင်မည်ဟု သူယုံကြည်သည်။ မကြာမီ၌ပင် ကျန်းမိသားစုက နောက်ထပ်ကြေညာချက်တစ်ခု ထုတ်လိုက်သည်။ တစ်လအတွင်း မျိုးနွယ်စုကြီးသုံးခုက မဟာမိတ်အခမ်းအနားတစ်ခုကျင်းပမည်ဖြစ်ကာ လူတိုင်းကို ဤသမိုင်းဝင်အခိုက်အတန့်တွင် လာရောက်သက်သေခံရန် စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားထားသည်။
"တစ်လအတွင်းဟုတ်လား”
သတင်းဖတ်နေစဉ် ချူးယွင်ဖန်း၏ မျက်လုံးများတွင် မှိန်ဖျော့သော မသေချာမရေရာမှုများ ပေါ်လာသည်။
မည်သို့ပင်ဖြစ်စေကာမူ သူ မဟာမိတ်ဖွဲ့ရန် ခွင့်ပြုမည်မဟုတ်ပေ။ အကယ်၍ သူသာ ၎င်းကို ဖျက်ဆီးလိုပါက မဟာမိတ်အခမ်းအနားက အကောင်းဆုံးအချိန်ပင်ဖြစ်သည်။
ချက်ချင်းပင် ပန်းပွင့်လန်းခြင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်က မဟာမိတ်အခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ဤဒုဂိုဏ်းချုပ်သည် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်ဖြစ်၏။
ချက်ချင်းပင် အင်တာနက်တစ်ခုလုံး ဗလောင်ဆူသွားသည်။ ပန်းပွင့်လန်းခြင်းဂိုဏ်း၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိကြောင့် လူအများ အံ့အားသင့်ခဲ့ကြသည်။ ဒုဂိုဏ်းချုပ်သည်ပင် နတ်အဆင့် ကျွမ်းကျင်သူဖြစ်ရာ ၎င်းတို့၏ ခွန်အားက အမှန်ပင် အံ့သြဖွယ်ကောင်းလှသည်။ ၎င်းတို့သည် ပြည်ထောင်စု၏ လက်ရှိ အာဏာရမျိုးနွယ်စုများထက် ပို၍ ရက်စက်ကြမ်းတမ်းသည်။
အကယ်၍ လူသားများ လက်ထဲတွင် နျူကလီးယားဗုံးများ၊ စစ်သင်္ဘောများနှင့် အခြားသော အစုလိုက်အပြုံလိုက် ဖျက်ဆီးရေးလက်နက်များ ရှိနေခြင်းအတွက်ကြောင့်သာ မဟုတ်ပါက နတ်ကုန်းမြေနှင့် ပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းရန် နည်းလမ်းရှိမည်မဟုတ်ပေ။ သိမ်းပိုက်ခံရသည့် အခြေအနေနှင့်ပင် ရင်ဆိုင်ရနိုင်သည်။
ကျန်းမိသားစုကြောင့် ဤ မဟာမိတ် အခမ်းအနားသည် အင်တာနက် တွင် ရုတ်ရုတ်သဲသဲ ဖြစ် လာခဲ့သည်။ မဟာမိတ်ခေတ်သစ်ရောက်လာတော့မည်ဖြစ်၍ အခမ်းအနားကို လာရောက်ကြည့်ရှုချင်သူ အများအပြားရှိခဲ့သည်။ နောက်ဆုံးတွင် နတ်အဆင့် ကျွမ်းကျင်သူများကို သာမန်လူအများက မြင်ဖူးချင်ကြ၏။
‘ပန်းပွင့်လန်းခြင်း ဒုဂိုဏ်းချုပ်က အဲ့မှာ တကယ်ရှိနေမှာလား’
လွန်းပျံယာဉ် ဆင်းသက်ပြီးနောက် ချူးယွင်ဖန်း၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။ နတ်ကုန်းမြေသည် ခွန်းလွန်နယ်မြေကို ကြီးမားသောအတိုင်းအတာဖြင့် ဝင်ထွက်သွားလာနိုင်ခြင်းဖြစ်နိုင်ကြောင်း သူတွေးမိသည်။ ယခုလည်း နတ်အဆင့် ကျွမ်းကျင်သူကိုယ်တိုင်ထွက်လာခြင်းဖြစ်ရာ မကြာမီ၌ နတ်ကုန်းမြေတစ်ခုလုံး ဆင်းသက်လာနိုင်သည်။
ချူးယွင်ဖန်း ချူးမိသားစု ဘိုးဘွားအိမ်သို့ရောက်ရှိပြီးနောက် လုချင်းရွှမ်ပေးထားသည့်လိပ်စာမှတဆင့် ထိုနေရာတွင်နေထိုင်နေသော သူ့မိဘများကို အလွယ်တကူရှာဖွေတွေ့ရှိခဲ့သည်။ ချူးမိသားစု၏ ဘိုးဘွားအိမ်သည် မြို့တွင်းရှိမြို့တစ်မြို့ကဲ့သို့ ကျယ်ပြောလှသည်။ အစောင့်အကြပ် ထူထပ်စွာရှိသဖြင့် သာမန်လူများက ၎င်းကို ခွင့်ပြုချက်မရှိဘဲ မချဉ်းကပ်နိုင်ပေ။
သို့သော် ဤသည်မှာ လက်ရှိ ချူးယွင်ဖန်းအတွက် ပြဿနာမဟုတ်ပေ။
"ဘုရားရေ ကျေးဇူးပါ သားအဆင်ပြေနေလို့ "
ချူးမိသားစုမှ ချူးယွင်ဖန်း၏မိဘများအတွက် စီစဉ်ပေးသော အိမ်ကြီးတွင် ချူးဝမ်ချန်နှင့် ယန်ယာ့ယွင်တို့သည် ၎င်းတို့၏သားကို တွေ့ရသဖြင့် ကြည်နူးစွာ အံ့သြသွားကြသည်။ ချူးယွင်ဖန်းမသေကြောင်း လုချင်းရွှမ်ထံမှ ကြားသိထားပြီးဖြစ်သော်လည်း၊ သူ့အကြောင်း သတင်းမကြားခဲ့ရပေ။ မိဘများအနေဖြင့် ၎င်းတို့ မည်ကဲ့သို့ မစိုးရိမ်ဘဲ နေနိုင်ကြလိမ့်မည်နည်း။
ယခု နောက်ဆုံးတွင် ချူးယွင်ဖန်းပြန်ရောက်လာသည်ကို မြင်လိုက်ရသည်နှင့် သူတို့ သက်ပြင်းချနိုင်ခဲ့သည်။
ယန်ယာ့ယွင်သည် ပျော်ရွှင်မှုမျက်ရည်များကို အဆက်မပြတ်သုတ်လျက်ရှိသည်။
ထို့နောက် ချူးယွင်ဖန်း၏ နားရွက်ကို လိုက်သည်။
"မင်းကြိုက်တဲ့နေရာလျှောက်သွားနေပြီးတော့ ငါနဲ့ မင်းအဖေကို နေ့တိုင်း စိတ်ပူအောင်လုပ်ခဲ့တာ" ယန်ယာ့ယွင်ဒေါသတကြီး မျက်ခုံးပင့်လိုက်သည်။
"မေမေ ဒီအကြောင်း အေးအေးဆေးဆေး ပြောကြရအောင်" ချူးယွင်ဖန်းက အလျင်အမြန်သက်ညှာပေးရန် တောင်းဆိုလိုက်သည်။
ငယ်စဥ်က ယန်ယာ့ယွင်သည် သူ့ကို အကြိမ်ပေါင်းများစွာ ဤကဲ့သို့ ဆူပူကြိမ်းမောင်းခဲ့ကာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ယန်ယာ့ယွင်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ချူးယွင်ဖန်း၏ အပြုအမူကို မကျေနပ်ကြောင်း ထင်ရှားသည်။ နှစ်နှစ်ကြာအောင် ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ပြန်ပေါ်လာပြီးမကြာမီ၌ ပြန်ပျောက်သွားနိုင်သည်။
သူသေသွားပြီဟူသော သတင်းများအဆက်မပြတ်ထွက်ပေါ်နေသည့်တိုင်း စကားတစ်ခွန်းမျှ ပြောလာခြင်းမရှိခဲ့ပေ။ ဤနှစ်နှစ်တာကာလအတွင်း သူမ၏ နှလုံးသားသည် ကောင်းကင်မှ ငရဲသို့ သွားနေရသည့်အလား ခံစားချက်များ ရိုလာကိုစတာစီးခဲ့ရသည်။ ယန်ယာ့ယွင်သည် ဒေါသစိတ်ကြောင့် အတိတ်က သူမသုံးလေ့ရှိသော ဆူပူသည့်နည်းကို သုံးခဲ့ခြင်းပင်ဖြစ်သည်။
"မင်းပြန်လာတာ ကောင်းတယ်" ချူးဝမ်ချန်က ခေါင်းညိတ်လိုက်သည်။ သူလည်း စိတ်လှုပ်ရှားနေကြောင်း ထင်ရှားလှသည်။ သို့သော် ဖခင်တစ်ယောက်အနေဖြင့် ခံစားချက်ကို ပွင့်ပွင့်လင်းလင်း မဖော်ပြခဲ့ပေ။
ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူ့အမေကို လက်လွှတ်ပေးရန် စည်းရုံးပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒီတစ်ခါ ဘယ်ရောက်နေတာလဲ" ယန်ယာ့ယွင်က ချူးယွင်ဖန်းကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။ "ဘာလို့ ငါတို့ မင်းကို မဆက်သွယ်နိုင်ရတာလဲ"
"ကျွန်တော်သိပ်မကြာခင်က သီးသန့်ကျင့်ကြံခဲ့တာ” ချူးယွင်ဖန်းက အလျင်အမြန်ပြောသည်။
“နောင်ကျ ဘာဖြစ်ဖြစ် မင်း ငါတို့ကို ပြောပြဖို့ မမေ့နဲ့” ချူးဝမ်ချန်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။ ဖခင်တစ်ယောက်အနေဖြင့် ချူးယွင်ဖန်းအတွက် သူလုပ်ပေးနိုင်သောအရာ အလွန်နည်းပါးလှသည်။ ချူးဝမ်ချန်ကမိမိသည် ရီးဒျန်သန့်စင်ခြင်းအဆင့်တွင်သာရှိနေကြောင်းကိုသိကာ ပြင်းထန်သောရန်သူ၏ရှေ့၌ပင် သူ့သားကို မကူညီနိုင်ခဲ့ပေ။
သူနှင့် သူ့ဇနီးလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကောင်းမွန်စွာ အသက်ရှင်နေရန်ဖြစ်သည်။
ထို့ကြောင့် ချူးမိသားစု၏ ဘိုးဘေးအိမ်ရာသို့ အတင်းအကြပ်ပြောင်းခိုင်းခဲ့သော်လည်း မကျေမနပ်မဖြစ်ခဲ့ပေ။ ချူးယွင်ဖန်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် သူ့မိသားစုကို ကောင်းကောင်းနေနိုင်စေရန် အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ် အစွမ်းကုန်ကြိုးစားခဲ့သည်။
"ဟုတ် ကျွန်တော် ပြောမယ်" ချူးယွင်ဖန်းက ပြောသည်။
"ဟုတ်သားပဲ ရွှမ်ရွှမ် ဘယ်မှာလဲ ကျောင်းတက်နေပြီလား"
"သြော် ညီမလေးကို ဂရုစိုက်သေးတယ်ပေါ့။ သူက အထက်တန်း တတိယနှစ် ရောက်နေပြီ။ အခုအချိန် အများစု ကျောင်းမတက်သေးဘူး။ နည်းပြဆရာနဲ့ လေ့ကျင့်နေတယ်" ယန်ယာ့ယွင်က ပြောသည်။
ထို့နောက် ချူးယွင်ဖန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် ချူးချင်ရွှမ်၏နာတာရှည်ဖျားနာမှုကို သက်သာပျောက်ကင်းသွားပြီးနောက် သူမ၏စွမ်းရည်များ လုံးလုံးလျားလျားပေါက်ဖွားလာခဲ့ကြောင်း ၎င်း၏မိဘများထံမှ သိရှိခဲ့ရသည်။ သူမ ကျင့်ကြံချိန်သည် အခြားသူများထက် များစွာနောက်ကျနေသော်လည်း ချူးဘိုးဘေးအိမ်ရာသို့မပြောင်းမီကတည်းကပင် သူမသည် တည်ငြိမ်သမုဒ္ဒရာ အမှတ် ၁ အထက်တန်းကျောင်း၌ ထိပ်တန်းကျောင်းသူဖြစ်နေခဲ့ပြီဖြစ်သည်။
သူမသည် သုန်ဟွာမြို့အားလုံးတွင် ထိပ်တန်းကျောင်းသူဖြစ်လာခဲ့သည်။ ထိုသို့သော ပါရမီရှင်သည် တက္ကသိုလ်အသီးသီး၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။ တက္ကသိုလ်အသီးသီးမှ ထင်ရှားကျော်ကြားသော နည်းပြဆရာအများအပြားသည် သူမကို ၎င်းတို့၏တပည့်ဖြစ်စေလိုသောကြောင့် ပစားပေးခဲ့ကြသည်။ ချူးချင်ရွှမ်၏ အရည်အချင်းသည် အံ့ဩစရာကောင်းလှကာ သူမတွင် ရင်သပ်ရှုမောဖွယ်အစ်ကိုတစ်ဦးလည်း ရှိနေသောကြောင့် သူမ၏ အနာဂတ်က အကန့်အသတ်မဲ့သည်မှာထင်ရှားလှသည်။
ချူးဝမ်ရွှမ်နှင့် ယန်ယာ့ယွင်တို့က ချူးဟောက်ယွဲ့ကို အကူအညီတောင်းကာ အမျိုးသမီး နည်းပြဆရာကို ရွေးချယ်ခဲ့ကြသည်။ ဤနည်းပြသည် ပြည်ထောင်စုတက္ကသိုလ်တွင် လူသိများသော နည်းပြဆရာတစ်ဦးဖြစ်ကာ ကျောင်းသားများစွာကို သင်ကြားပေးခဲ့သည်။
ထိုဆရာသည် မွေးဖွားခြင်းနယ်မြေအဆင့်အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ကာ ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းနည်းပြများထဲမှ တစ်ဦးဖြစ်သည်။ ချူးချင်ရွှမ်ကို ကမ်းလှမ်းသော နည်းပြများအနက် သူမသည် အရည်အချင်းအရှိဆုံးဖြစ်သည်။ ထို့ကြောင့် ချူးဝမ်ချန်နှင့် ယန်ယာ့ယွင်တို့က သဘောတူခဲ့ကြသည်။ ယခု ချူးချင်ရွှမ်သည် ထိုနည်းပြနှင့် လေ့ကျင့်ခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ်သည်။
ဤသည်က သာမန် အထက်တန်းကျောင်းသူ အဆင့်ထက် ကျော်လွန်နေပြီဖြစ်၍ လာမည့်ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ချူးချင်ရွှမ်သည် ကမ္ဘာကို အံ့အားသင့်စေကာ ပြည်ထောင်စုတက္ကသိုလ်သို့ ထိပ်တန်းကျောင်းသားအဖြစ် ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းရသည်။
ချူးယွင်ဖန်းအံ့အားသင့်သွားသည်။ သူ့ညီမသည် တစ်နေ့တွင် ထိုသို့သောအဆင့်သို့ ရောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယခု သူမသည် ယခင်ကထက်ပင် ပို၍ ထက်မြက်လာခဲ့သည်။
နည်းပြ၏အမည်မှာ ရှန်လင်းကျူဖြစ်သည်။
ချူးယွင်ဖန်းက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဤနာမည်ကို သူ အမှန်ပင် ကြားခဲ့ဖူးကြောင်း သတိရသွားသည်။ ရှန်လင်းကျူသည် နည်းပြဆရာများအားလုံးတွင် အကောင်းဆုံးတစ်ဦးဖြစ်သည်။ ကျွမ်းကျင်သူအမြောက်အမြားရှိသော ပြည်ထောင်စုတက္ကသိုလ်၌ပင်လျှင် မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူအများအပြားမရှိပေ။
ဤပညာရှင်အားလုံးသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ထိုသို့သော နည်းပြဆရာဖြင့် သူ့ညီမ၏ အနာဂတ်အတွက် ပူပန်နေရန် မလိုပေ။
သို့သော်၎င်းတို့ သုံးယောက် စကားစမြည်ပြောနေကြစဉ်တွင် အရှိန်ပြင်းသော ခြေသံများ ထွက်ပေါ်လာသည်။
"အကိုကြီး"
ချူးယွင်ဖန်းကို သူမမြင်သောအခါ ချူးချင်ရွှမ်၏မျက်လုံးများ ချက်ချင်းတောက်ပလာပြီးနောက် ပျော်ရွှင်စွာပြေးလာသည်။ သို့သော် ချူးယွင်ဖန်းရှေ့သို့ သူမရောက်လာသောအခါတွင် သူမသည် ရုတ်တရက် ကြိုးကြာတစ်ကောင်အဖြစ်ပြောင်းလဲသွားသည့်အလား သူ့ကို လက်သီးတစ်ချက်ထိုးလိုက်သည်။
လက်သီးဆုပ်သည် ကျယ်လောင်သောအသံနှင့် ပေါက်ကွဲ၍ လေထုကို ဖြိုခွင်းလိုက်သည်။
ချူးယွင်ဖန်းက ယင်းကို တားရန် လက်တစ်ဖက်ကို ညင်သာစွာမြှော်ကလိုက်သည်။ ၎င်းသည် ရေကြိုးကြာရှင်သန်ခြင်းလက်သီးဟု ခေါ်သော လက်သီးနည်းစနစ်တစ်ခုဖြစ်ကြောင်း သူချက်ချင်းသတိပြုမိသည်။ ဤနည်းပညာသည် ကြိုးကြာ၏ ပုံသဏ္ဍာန်ကို ခံယူကာ အပြည့်အဝလေ့ကျင့်ပါက အလွန်စွမ်းအားကြီးသော အဆင့်ထိရောက်နို်င်သည်။
တစ်ချိန်တည်း၌ပင် ချူးချင်ရွှမ်သည် ချူးယွင်ဖန်းကိုမုန်တိုင်းကဲ့သို့ နောက်ထပ် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ တစ်ဖက်တွင် ချူးယွင်ဖန်းက မလှုပ်မယှက်ဘဲ ရပ်နေလိုက်သည်။ သူသည် ချူးချင်ရွှမ်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို အလွယ်တကူ တားဆီးကာ သူ့လက်ကို မြှောက်ထားလိုက်သည်။
အနည်းငယ် ထိုးနှက်ပြီးနောက် ချူးချင်ရွှမ်ရပ်တန့်သွားသည်။ ထို့နောက် သူမက နှုတ်ခမ်းစူကာပြောလိုက်သည်။
" ဘယ်လောက်တောင် ပျင်းစရာကောင်းလဲ။ ငါ နင့်ကို မနိုင်သေးဘူး ကိုကို”
"နင်က ငါ့ကို ထိုးချင်တာလား" ချူးယွင်ဖန်းက ရယ်လိုက်မိသည်။
"နင့်အလယ်အလတ်အစွမ်းအဆလောက်နဲ့ အများကြီးလိုသေးတယ်”
"ဒါက အလယ်အလတ်သိုင်းပညာမဟုတ်ဘူး။ ငါ့ရဲ့ လက်ရှိ လေ့ကျင့်မှုတွေနဲ့ဆို ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်အများဆုံးရနိုင်ခြေမြင့်တယ်လို့ နည်းပြရှန်က ပြောထားတယ်” ချူးချင်ရွှမ်က ပြန်ပြောသည်။
"အမှန်ပဲ" ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။
ချူးချင်ရွှမ်၏ ဒီရေနှင့်တူသော တိုက်ခိုက်မှုများကို အလွယ်တကူ တားဆီးနိုင်ခဲ့သော်လည်း သူမ၏ ကျင့်ကြံမှုသည် အနည်းဆုံး မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူပြောပြနိုင်သည်။ ချူးချင်ရွှမ်၏တိုးတက်မှုအရှိန်ဖြင့် ကောလိပ်ဝင်ခွင့်စတင်လျှင် သတ္တမအဆင့်သို့ ရောက်ရန် မဖြစ်နိုင်ခြင်းမျိုး မဖြစ်နိုင်ပေ။
ယင်းသည် ထိုစဥ်က ၎င်းတို့ ကျောင်းသားအမှတ်စဥ်ထက်ပင် ပို၍ အံ့ဖွယ်ကောင်းလိမ့်မည်။ သို့သော်လည်း မျိုးဆက်တိုင်းနှင့် ပြည်ထောင်စုအားကောင်းလာခြင်းသည် သာမန်အခြေအနေတစ်ခုသာဖြစ်သည်။ နှစ်အနည်းငယ်အတွင်း၌ပင် သိသာထင်ရှားသော ကွာဟချက်များရှိလာသည်။
"ဒါပေမယ့် အရမ်းကြီး စိတ်ကြီးမဝင်နေနဲ့ဦး နင်တစ်ယောက်တည်း ပိုပြီး အားကောင်းလာတာမဟုတ်ဘူး။ စစ်မှန်တဲ့ပါရမီရှင် တော်တော်များများက မိသားစုကြီးတွေမှာ မွေးဖွားလာပြီး အချိန်တိုင်း တိုးတက်နေတာ။ နင်စိတ်ကြီးဝင်လွန်းရင် ရှုံးသွားနိုင်တယ်”
“အဲ့တုန်းက ငါ အမှတ်အများဆုံးကျောင်းသားမဖြစ်ခဲ့ဘူး။ ဒီနောင်တအတွက် ငါနင့်ကို အားကိုးရတော့မှာပဲ။ နောက်မှ နံပါတ်ပေးမယ်။ သူ့နာမည်က လုချင်းရွှမ်ပါ။ အဲ့တာကို မှတ်ထား။ အနာဂတ်မှာ ပိုက်ဆံ၊ ဆေးဖက်ဝင်အပင်တွေ ဒါမှမဟုတ် လေ့ကျင့်ဖို့တစ်ခုခုလိုရင် သူ့ကို ဖုန်းဆက်ပြီး ပြင်ဆင်ပေးဖို့ အကူအညီတောင်းလို့ရတယ်”
"ငါသိပါတယ်။ ဒါပေမယ့် အမှတ်အများဆုံးဖြစ်တာက ဘာမှတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုကို နင်တို့ အပတ်စဥ်တုန်းက အမှတ်အများဆုံးလူက နင့်ထက် အများကြီးဆိုးတယ်လေ” ချူးချင်ရွှမ်က နှုတ်ခမ်းစူလိုက်သည်။
"ကောင်းပြီ ကောင်းပြီ ဒီကိစ္စ နောက်မှ ဆွေးနွေးလို့ရတယ်။ ယွင်ဖန်း မင်း အခုပြန်လာပြီ၊ ဒါကြောင့် မင်းအဘိုးရဲ့ ရှစ်ဆယ်ပြည့်မွေးနေ့ကို ဂုဏ်ပြုဖို့ ငါတို့နဲ့အတူ လိုက်လာသင့်တယ်။ ကိုင်း ဒါ မင်းအမေဘက်က အဖိုးအကြောင်းပြောတာနော်” ချူးဝမ်ချန်ကပြောသည်။