← Chapters

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆-၈၂၈)

Vol. 56 Ch. 826-828

အခန်း (၈၂၆) ဘယ်သူက ဘယ်သူ့ကို အထင်သေးနေတယ်ဆိုတာ ပြောဖို့ခက်သား

'အမေဘက်က အဘိုးတဲ့လား' ချူးယွင်ဖန်း ခေတ္တမျှ စဉ်းစားနေမိသည်။

သူသည် သူ၏မှတ်ဉာဏ်များကို ရှာဖွေလိုက်သော်လည်း အမေဘက်က အဘိုး အဖွား မိသားစုနှင့် ပတ်သက်သော တစ်စုံတရာကိုမျှ မမှတ်မိနိုင်ပေ။ မိမိက ၎င်းတို့အကြောင်းမေးမြန်းသည့်အချိန်တိုင်း ဆူပူကြိမ်းမောင်းခံရသည့် တစ်ခုတည်းသောအချက်ကိုသာ သတိရမိသည်။ ဆူပူကြိမ်းမောင်းမှုကို ရှောင်ရှားရန်အတွက် ထိုသို့သောမေးခွန်းများကို ထမ်မံ မမေးမြန်းတော့ပေ။ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း သူ၏မိခင်ဖြစ်သူက ၎င်းအကြောင်းနှင့်ပတ်သက်၍ မပြောချင်သောကြောင့် မေးမြန်းမှုကို ရပ်တန့်ခဲ့သည်။

ထို့ကြောင့် သူ၏ အမေဘက်မှ အဘိုးအဘွားများအကြောင်းနှင့်ပတ်သက်၍ မည်သည်ကိုမျှ မသိဘဲ ကြီးပြင်းလာခဲ့သည်။ သူ၏မိခင်ဖြစ်သူက ထိုအကြောင်းအရာများကို တစ်ခါမျှ မပြောခဲ့ဖူးသော်လည်း ဖြစ်ပျက်ခဲ့သမျှကို အနည်းနှင့်အများ သူ ခန့်မှန်းနိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ငယ်စဉ်ကတည်းက ဖခင်ဘက်မှ ဆွေမျိုးများသာရှိခဲ့၍ မိခင်ဘက်က အဒေါ်တစ်ယောက်ကိုသာ အကြိမ်အနည်းငယ် တွေ့ဖူးခဲ့ရသည်။

သူသည် တုံးအသူမဟုတ်သောကြောင်း အသိစိတ်ဖြင့် ကောက်ချက်ချနိုင်သည်။ သို့သော်လည်း သူသည် ၎င်းကိစ္စများကို စိတ်ထဲ မထားခဲ့ပေ။ သူ၏မိဘများက ထိုအကြောင်းများကို မပြောချင်တာကြောင့် မိခင်ဖြစ်သူ၏ စိတ်မကောင်းဖြစ်မှုကို ရှောင်ကြဉ်ရန် မမေးမြန်းတော့ပေ။

"ဟုတ်တယ်၊ မနက်ဖြန် သားအဘိုးရဲ့ ရှစ်ဆယ်ပြည့်မွေးနေ့လေ။ သားကို ဆက်သွယ်လို့မရတာနဲ့ စောစောက မပြောဖြစ်တာ" ယန်ယာ့ယွင်သည် ချူးယွင်ဖန်းက ရုတ်တရက် ဒေါသထထွက်၍ နှုတ်ဆိတ်နေမည်ကို စိုးရိမ်ဟန်ဖြင့် သူ့ကို စိုက်ကြည့်လျက် ပြောလိုက်သည်။ သို့သော် ချူးယွင်ဖန်းက စိတ်ဆိုးဟန်မရှိသောကြောင့် သူမ အနည်းငယ် စိတ်သက်သာရာရသွားသည်မှာ သိသာထင်ရှားသည်။

ချူးယွင်ဖန်းအတွက်မူ အဘိုးဖြစ်သူ၏မွေးနေ့ကို တက်ရခြင်းက ပြဿနာမဟုတ်လှပေ။ သူသည် စိတ်ဆတ်လွယ်သော ဆယ်ကျော်သက်မဟုတ်တော့သည့်အပြင် ဤကိစ္စသည် သူ၏လူကြီးများနှင့် ပတ်သက်နေသည်မှာ ထင်ရှားသည်။ သူ့အတွက်မူကား မိခင်ဘက်မှ အဘိုးဖြစ်သူ၏ မိသားစုသည် သူစိမ်းများသာဖြစ်၍ ချစ်ခင်ခြင်းမုန်းတီးခြင်းဟူ၍ မရှိခဲ့ပေ။ ချူးချင်ရွှမ်၏ အမူအရာသည် လုံးလုံးလျားလျား အံ့အားသင့်နေပုံမပေါ်သောကြောင့် မွေးနေ့ပွဲနှင့်ပတ်သက်၍ သိထားသည်မှာ ကြာမြင့်နေပုံပေါ်သည်။

"မေမေသာ ဘာမှ မပြောရင် သမီးတို့မှာ မေမေ့ဘက်က အဘိုးရှိတာကို သိမှာတောင် မဟုတ်ဘူး" ချူးချင်ရွှမ်က လျှာထုတ်၍ ပြောလိုက်သည်။

"မေမေ့မှာ တကယ်ကြီး အဖေရှိတယ်ဆိုတာ ကြားလိုက်ရတော့ သမီး တော်တော် အံ့ဩသွားတာ"

ထိုအချိန် ချူးယွင်ဖန်းက သူမ၏ ခေါင်းကို ခေါက်ချ၍ ရယ်မောလျက် ကြိမ်းမောင်းလိုက်သည်။

"အမေ့မှာ အဖေမရှိရင် အမေက ဘယ်ကလာတယ်လို့ ထင်လို့လဲ၊ ကျောက်တုံးပေါ်ကနေ ပေါက်ထွက်လာတယ် ထင်တာလား"

သူမ၏ သားနှင့်သမီးက ငြင်းပယ်သည့် အရိပ်အယောင်များ မပြသသည်ကို မြင်လိုက်ရသဖြင့် ယန်ယာ့ယွင်က သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒါပေမယ့် ကျွန်တော်တို့အဘိုးက ဘယ်လိုလူလဲဆိုတာတော့ ပြောပြရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"သမီး ပြောမယ်၊ သမီး ပြောမယ်" ချူးချင်ရွှမ်သည် သူမ၏လက်ကို အလျင်အမြန် မြှောက်တင်လိုက်ပြီးနောက် အလိုလိုက်ခံရသော ကလေးမလေးတစ်ဦးဟန် ပြုမူလိုက်သည်။ "သမီးတို့အဘိုးက အရာရှိယန်ဖေးယန်"

'ယန်ဖေးယန်တဲ့လား'

ချူးယွင်ဖန်းသည် သူ၏ စာပို့ပုံးကို အမြန်ဖွင့်ကြည့်၍ အချက်အလက်များ ရှာတွေ့လိုက်သည်။ ယန်ဖေးယန်သည် ပြည်ထောင်စု၏ အရာရှိတစ်ဦးဖြစ်သည်။ ပြည်ထောင်စု၏ စစ်ဘက်ရာထူးအရ ပြည်ထောင်စုဥက္ကဋ္ဌဖြစ်ခဲ့သော မဟာအရာရှိမှလွဲ၍ သာမန်စစ်သားများ တက်လှမ်းနိုင်သည့် အမြင့်ဆုံးရာထူးသည် အရာရှိရာထူးသာဖြစ်သည်။ အရာရှိများ၏အောက်တွင် ဗိုလ်ချုပ်များ ရှိကြ၍ ၎င်းအနောက်တွင် ဒုတိယဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူးနှင့် ဗိုလ်မှူးချုပ်များရှိကြသည်။ ဤရာထူးများသည် ပြည်ထောင်စုတပ်မတော်၏ အဆင့်မြင့်ရာထူးများဖြစ်ကြသည်။

ချူးယွင်ဖန်းက ယူဆချက်များကို ချမှတ်ထားသော်လည်း ၎င်းတို့အဘိုးက ဤမျှအင်အားကြီးသော နောက်ခံများရှိနေရန် မမျှော်လင့်ထားပေ။ ပြည်ထောင်စုတပ်မတော်သည် ကြီးမားကျယ်ပြန့်၍ စစ်ဗိုလ်ချုပ်များစွာရှိသော်လည်း တပ်မတော်၏ အထက်တန်းအဆင့်သို့ တက်လှမ်းနိုင်သူ မည်သူမဆိုသည် ပြည်ထောင်စု၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်မှာ သေချာသည်။ ချူးယွင်ဖန်းသည် ဤကိစ္စနှင့်စပ်လျဉ်း၍ သူ၏ကိုယ်ပိုင်ထင်ကြေးများကို အမြန် ပြုလုပ်လိုက်သည်။ ပြီးနောက် သူ မျှော်လင့်ထားသည့်အတိုင်း ယန်ယာ့ယွင်က ဖြည်းညှင်းစွာ ရှင်းပြလာသည်။

ယန်ယာ့ယွင်သည် အချစ်ကို စတင်သင်ယူသည့် အရွယ်ရောက်လာသောအခါ ယန်ဖေးယန်၏ ရန်သူများဆီမှ ပစ်မှတ်ထားခံခဲ့ရသည်။ ထိုမှတစ်ဆင့် ချူးဝမ်ချန်းက သူမကို ကယ်တင်ခဲ့ပြီးနောက် ချစ်ကျွမ်းဝင်ခဲ့ကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ယန်ဖေးယန်က အရာရှိတစ်ဦးမဟုတ်သေးသော်လည်း ဗိုလ်ချုပ်တစ်ဦးဖြစ်နေသည့်အပြင့် အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။

ချူးဝမ်ချန်းသည် သာမန်မိသားစုမှ ဆင်းသက်လာသူဖြစ်သောကြောင့် ယန်ဖေးယန်သည် ချူးဝမ်ချန်းကို အထင်အမြင်သေးကာ အဆိုပါတောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။ သို့သော်လည်း ယန်ယာ့ယွင်က ဤမျှ ခေါင်းမာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူမသည် ယန်မိသားစုမှ အမှန်တကယ်ထွက်ခွာကာ ချူးဝမ်ချန်းကို လက်ထပ်ခဲ့သောကြောင့် ၎င်းတို့၏ ယခု ဆက်ဆံရေးကဲ့သို့ ဖြစ်လာခဲ့ရသည်။

ဤအကြောင်းအရာက ယန်ဖေးယန်ကို လွန်စွာ ဒေါသထွက်သွားစေသည်။ ထိုအချိန်မှစ၍ ၎င်းတို့အချင်းချင်း မဆက်သွယ်ခဲ့ကြရာ၊ ချူးယွင်ဖန်း ငယ်စဉ်က မကြာခဏတွေ့ဖူးသော အဒေါ်မှလွဲ၍ မိခင်ဘက်မှ မိသားစုကို ၎င်းတို့ တစ်ခါမျှ မတွေ့ဖူးခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်သုံးဆယ်နီးပါး ကုန်လွန်သွားခဲ့ရာ၊ လတ်တလောတွင် အကောင်းဘက်သို့ လှည့်ပြောင်းလာခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က အဖွားဖြစ်သူ အပြင်းဖျားကာ ကွယ်လွန်တော့မည့်အချိန်တွင် ယန်မိသားစုက နောက်ဆုံးတွင် ယန်ယာ့ယွင်ကို အကြောင်းကြားရန် ခွင့်ပြုချက်ရခဲ့၍ သူမ၏မိခင်ကို နောက်ဆုံးအကြိမ်အဖြစ် လာရောက်တွေ့ဆုံရန် တောင်းဆိုခဲ့ကြသည်။

အချိန်အတော်ကြာ စိတ်ထဲစွဲနေသော သမီးဖြစ်သူကိုတွေ့သောအခါ အဘွားအိုသည် အတိတ်မှ ဖြစ်ပျက်ခဲ့သမျှကို ချိုးနှိမ်ရန် ကြိုးစားခဲ့သည်။ ယန်ဖေးယန်သည် မကျန်းမမာဖြစ်နေသော ဇနီးသည်အတွက် နောက်ဆုံးတွင် သမီးဖြစ်သူကို အိမ်ပြန်ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ မိသားစုကို မွေးနေ့ပွဲသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ မှန်းဆထားပြီးသားဖြစ်သောကြောင့် ချူးယွင်ဖန်းက လွန်စွာ တုန်လှုပ်ခြင်းမရှိပေ။ ဤသည်မှာ ဆင်းရဲနွမ်းပါးသော အမျိုးသားတစ်ဦးနှင့် ချမ်းသာသော အမျိုးသမီးငယ်တစ်ဦး၏ နောက်ထပ်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

သို့သော်လည်း ယန်မိသားစု၏ အဆင့်အတန်းအရ ၎င်းတို့သည် မြင့်မြတ်သော မိသားစုကြီးရှစ်ခုထဲမှ မဟုတ်သော်လည်း ဩဇာညောင်းသော မိသားစုတစ်ခုဟုဆိုနိုင်သည်။ ချူးဝမ်ချန်းသည် ယခုအခါ မည်သို့ တုံ့ပြန်ရမည်ကို မသိပေ။ သူ၏ သားဖြစ်သူသည် အတိတ်ကအရာများအကြောင်း ကြားပြီးနောက် သူမျှော်လင့်ထားသည့်အတိုင်း ပြင်းထန်သော ငြင်းဆန်မှုမျိုး မပြသခဲ့ပေ။

"အဖေ တော်တယ်၊ တကယ် အရမ်းတော်တယ်။ ဒါက အရှုံးသမားတစ်ယောက်ရဲ့ တန်ပြန်တိုက်ခိုက်မှုမျိုးလိုပဲ၊ ဆောင်းပါးတစ်ပုဒ်ရေးပြီး အွန်လိုင်းမှာ တင်လို့တောင်ရတယ်"

ချူးယွင်ဖန်းက သူ၏အဖေကို လက်မထောင်ပြကာ ပြောလိုက်သည်။

"ဟုတ်တယ် ဖေဖေ။ တကယ် အံ့ဩစရာကောင်းတယ်။ မေမေက ဒီလောက်အရမ်းလှနေတာတောင် ဖေဖေ့ကို ဘာလို့ ကြွေသွားရတာလဲလို့ သမီး အမြဲ တွေးနေခဲ့တာ အခုမှပဲ နားလည်သွားတော့တယ်"

ချူးချင်ရွှမ်သည်လည်း ဝင်ပြောလိုက်သည်။

ချူးဝမ်ချန်း၏ မျက်နှာအမူအရာ မည်းမှောင်သွားလေသည်။ ချူးဝမ်ချန်းသည် သူ၏ ဤသားသမီးနှစ်ယောက်ကို ငယ်စဉ်အချိန်ကအတိုင်း ဆုံးမဩဝါဒပေးနိုင်လျှင် ကောင်းမည်ဟု တွေးလိုက်မိသည်။

"နှစ်ယောက်လုံး တော်တော့နော် မဟုတ်ရင် ငါ တကယ် စိတ်ဆိုးတော့မှာ"

ချူးဝမ်ချန်းက ဒေါသထွက်သယောင် ဟန်ဆောင်လိုက်သော်လည်း ချူးယွင်ဖန်းနှင့် ချူးချင်ရွှမ်တို့ နှစ်ဦးစလုံးက သူ့ကို မကြောက်ရွံ့ကြဘဲ ရယ်မောလိုက်ကြသည်။ ချူးယွင်ဖန်းက သက်ပြင်းချလိုက်သည်။ သူသည် မိဘများ၏ ဝမ်းနည်းမှုများကို ဖြေလျှော့ပေးချင်ရုံသာဖြစ်သည်။ သူ၏မိဘများနှင့် ထိုမိသားစုတို့က မည်သို့ကြောင့် ပြန်ပြေလည်သွားကြသည်ကို သူ ဂရုမစိုက်ပေ။ သူ၏မိခင်သည် အိမ်နှင့်ဝေးကွာနေခဲ့သည်မှာ နှစ်သုံးဆယ်နီးပါးရှိခဲ့ပြီဖြစ်ေသာ် သူမက ထိုကဲ့သို့ အိမ်ကိုလွမ်းဆွတ်နေသောအခါ သားဖြစ်သူအနေဖြင့် မိမိက မည်သည်ကို ပြောနိုင်မည်နည်း။

ယန်မိသားစုသည် အထက်တန်းလွှာ မိသားစုတစ်ခုဖြစ်သောကြောင့် ၎င်းတို့ချူးမိသားစုကို ယခင်အချိန်က အထင်အမြင်သေးခဲ့ကြသည်။ သို့သော် ယခုအခါ ချူးယွင်ဖန်း ရှိနေသောကြောင့် ချူးမိသားစုသည် အနာဂတ်တွင် ဂုဏ်သိက္ခာရှိ မိသားစုဖြစ်လာမည်ဖြစ်၍ သူသည်လည်း နတ်အဆင့်သို့ အသေအချာ တက်လှမ်းနိုင်မည်ဖြစ်သည်။ ထိုအခါက မည်သူက မည်သူ့ကို အထင်အမြင်သေးမည်နှင့် ပတ်သက်၍ ပြောရခက်ခဲသွားပေလိမ့်မည်။

"ကောင်းပြီ၊ နှစ်ယောက်လုံး ရွှတ်နောက်နောက် လုပ်နေတာ ရပ်လိုက်တော့။ မေမေက တခြားသူကို စိတ်မပူဘူး၊ ဒါပေမယ့် ရွှမ်ရွှမ်၊ သမီး ဒီတစ်ခါ တခြားသူတွေနဲ့ သွားမရှုပ်ရဘူးနော်" ယန်ယာ့ယွင်က သမီးဖြစ်သူကို စိုက်ကြည့်လျက် လေးလေးနက်နက် ပြောလိုက်သည် ။

"မေမေ၊ သမီး အရင်က ပြောတယ်လေ။ သွားရှုပ်တာ သမီး မဟုတ်ဘူး။ ယန်မန်ရှင်းကသာ သမီးနဲ့ တိုက်ခိုက်ချင်တယ်ဆိုလို့ လုပ်လိုက်တာ။ ပြီးတော့ ရှုံးလည်းရှုံးရော သူ့မိဘတွေကို သွားတိုင်တာ။ သမီးက သူ့လိုလူမျိုးကို အမုန်းဆုံးပဲ" ချူးချင်ရွှမ်က သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့၍ ပြောလိုက်သည်။

"သမီးနဲ့သူ့ကြားမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သမီးတို့ကဝမ်းကွဲတွေဖြစ်နေတုန်းပဲ။ သမီးအဘိုးရဲ့မွေးနေ့ကို ဒီလိုမျက်နှာပျက်ရအောင်လုပ်ပြီး ဖျက်ဆီးချင်လို့လား" ယန်ယာ့ယွင်က မကြည်မသာသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

"သမီး သိပါပြီ၊ သူသာ သမီးကို လာပြီး ရန်မစရင် သမီးလည်းသူ့ကို ဘာမှ မလုပ်ပါဘူး" ချူးချင်ရွှမ်က မိခင်ဖြစ်သူ၏ လေးနက်သောအမူအရာကို မြင်သောအခါ ကမန်းကတန်း ထပြောလိုက်သည်။

"ကောင်းပြီ၊ ပြင်ဆင်ပြီးတာနဲ့ လွန်းပျံယာဉ်ပေါ်တက်ကြရအောင်" ချူးဝမ်ချန်းက ပြောလိုက်သည်။

"အင်း သွားရအောင်။" ယန်ယာ့ယွင်က ခေါင်းညိတ်လိုက်သည်။

အခန်း (၈၂၇) ချူးဟောက်ယွဲ့၏ ထိတ်လန့်မှု

"အဖေနဲ့ အမေတို့ အရင်သွားနှင့်ကြပါ။ ကျွန်တော် လူငယ်ခေါင်းဆောင်ချူးကို အရင်သွားတွေ့လိုက်ဦးမယ်" ချူးယွင်ဖန်းက ခေတ္တ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဟုတ်တယ် သား သွားတွေ့သင့်တယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း အဖေတို့ လူငယ်ခေါင်းဆောင်ချူးဆီက အကူအညီတွေ အများကြီးရခဲ့တာ။ သွားတွေ့ရင် ကျေးဇူးတင်တဲ့အကြောင်း တစ်ခါတည်းပြောလာလိုက်။ သားအဘိုးရဲ့ မွေးနေ့ပွဲက မနက်ဖြန်မှဆိုတော့ မနက်ဖြန်မှ လိုက်လာလို့ရတယ်" ချူးဝမ်ချန်းက ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။

ချူးယွင်ဖန်းက ပြုံးလိုက်သည်။ သူက ချူးဟောက်ယွဲ့၏ အပြုအမူများနှင့်ပတ်သက်၍ ကျေးဇူးတင်မိသည်။ ကျန်းမိသားစုများနှင့် အဆိုးဆုံးအခြေအနေသို့ မရောက်ရှိသွားအောင် တားဆီးထားသူသည် ချူးဟောက်ယွဲ့ဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူ မည်သို့ကြောင့် ထိုသို့ပြုလုပ်ခဲ့သည်ကို နားလည်နိုင်သည်။ ချူးမိသားစုသည် လူပေါင်းများစွာရှိနေသော မိသားစုကြီးဖြစ်၍ ၎င်းတို့အနက် ချူးမိသားစုကို မှီခိုအားထားနေသူများ ပါဝင်ကြသည်။ မိသားစုအတွင်း အနည်းဆုံးလျှင် လူပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့ရာ၊ ယင်းသည် မိသားစုဂိုဏ်းခွဲများကို ထည့်တွက်ထားခြင်းမရှိပေ။ ၎င်းတို့ကို ထည့်သွင်းရေတွက်ခဲ့လျှင် အဆများစွာ တိုးမြင့်လာမည်မှာ သေချာသည်။

ချူးယွင်ဖန်းသည် မည်မျှပင် ထူးချွန်သူဖြစ်ပါစေ သူသည် တစ်ဦးတစ်ယောက်တည်းသာဖြစ်သည်။ ချူးမိသားစုသည် လှုပ်ရှားမှုတစ်ခုပြုလုပ်ရန် ဆုံးဖြတ်ခြင်းမပြုမီ အားသာချက်များနှင့် အားနည်းချက်များကို ထုံးစံအတိုင်း ချိန်ဆရမည်ဖြစ်သည်။ သာမန်မိသားစုခွဲတစ်ခုကြောင့် ကျန်းမိသားစုကဲ့သို့ ကြီးမားသောအင်အားစုကြီးဖြင့် ထိပ်တိုက်ရင်ဆိုင်ရပါက ချူးမိသားစု တွင် အရင်းအမြစ်ဆယ်ဆရှိလျှင်ပင် လုံလောက်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် သူ၏အရည်အချင်းနှင့် ကိုက်ညီသော အံ့သြဖွယ်အစွမ်းသတ္တိကို ပြသသည့်အချိန်မှသာ ချူးမိသားစုက စတင်၍ အလေးအနက် ထားလာကြခြင်းဖြစ်သည်။ ထိုအချိန်က ၎င်းတို့သည် ကျန်းမိသားစုကို တိုက်ခိုက်ရန်အတွက် နျူကလီယားဗုံးများ အသုံးပြုရန်ပင် မတွန့်ဆုတ်ခဲ့ပေ။ ချူးမိသားစုတွင် သူ၏အဆင့်အတန်းသည် ယခင်ကနှင့် လုံးလုံးလျားလျား မတူညီတော့ပေ။ သို့သော်လည်း ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်း အားနည်းနေသေးသည့် အချိန်ကတည်းက သူ့တန်ဖိုးထားကြောင်း ပြသခဲ့ပြီးဖြစ်သည်။ ချူးဟောက်ယွဲ့သည် သူ့အတွက် အကြိမ်များစွာ ရပ်တည်ခဲ့၍ ချူးယွင်ဖန်းကို ၎င်းတို့ပြုလုပ်ခဲ့သော လုပ်ရပ်အတွက် လက်တုံ့ပြန်သည့်အနေဖြင့် ကျန်းမိသားစုကို နျူကလီးယားလက်နက်ဖြင့် ချေမှုန်းပစ်ရန် အမိန့်ပေးခဲ့သူလည်းဖြစ်သည်။

ချူးယွင်ဖန်းသည် ချူးဟောက်ယွဲ့ထံမှ အကူအညီများ အကြိမ်များစွာ ရရှိခဲ့ရာ၊ သူ၏ အားနည်းနေသောချိန်တွင် ချူးဟောက်ယွဲ့၏ အကူအညီများက အလွန်အရေးပါခဲ့သည်။ ချူးယွင်ဖန်းဘက်မှ ၎င်းကို ဖော်ထုတ်မပြသခဲ့သော်လည်း မေ့လျော့သွားပြီဟု မဆိုလိုပေ။ ချူးဟောက်ယွဲ့သည် သူ၏မိဘများကို အကြိမ်ကြိမ် ကာကွယ်ခဲ့သောကြောင့် သူ့ကို စိုးရိမ်ပူပန်ခြင်းမှ ကင်းဝေးစေခဲ့သည်။ ဤအရာတစ်ခုတည်းဖြင့်ပင် ချူးယွင်ဖန်းက အလွန်ကျေးဇူးတင်နေမိသည်။

ချူးဟောက်ယွဲ့၏အကူအညီသည် ချူးချင်ရွှမ်ကို ကျော်ကြားသောဆရာတစ်ဦး ရှာဖွေရာတွင် အဓိကကျခဲ့သည်။ ချူးဟောက်ယွဲ့သည် မိမိကို သိမ်းသွင်းချင်သောကြောင့်ဖြစ်ပါစေ၊ ၎င်းတို့နှစ်ယောက်စလုံးက ချူးမိသားစုထဲက ဖြစ်သောကြောင့်ဖြစ်ပါစေ၊ ဤကျေးဇူးတရားက အစစ်အမှန်သာဖြစ်သည်။ ချူးယွင်ဖန်းသည် ဤကျေးဇူးများအားလုံးကို ပြန်ပေးဆပ်ရမည်ဖြစ်သည်။

ယန်ယာ့ယွင်သည်လည်း သားဖြစ်သူနှင့် သဘောတူသောကြောင့် ဝင်ပြောလိုက်သည်။

“သွားရမယ့်လမ်းကို သား သိလား”

"အဘိုးက ပြည်ထောင်စုရဲ့ အရာရှိတယောက်လေ၊ သူဘယ်မှာနေတယ်ဆိုတာ သိဖို့က မခက်ပါဘူး" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။

ဗဟိုအရာရှိအရေအတွက်သည် များပြားသည်ဟုဆိုနိုင်သော်လည်း အမှန်တကယ် မများပြားလှပေ။ အကယ်၍ ချူးယွင်ဖန်းသာ လိုအပ်လျှင် ၎င်း၏တည်နေရာကို အလွယ်တကူ ရှာတွေ့နိုင်မည်ဖြစ်သည်။

"ကောင်းပြီ၊ အဖေတို့ အရင်သွားနှင့်မယ်။ အဖေနဲ့ အမေ ကိုယ်စား လူငယ်ခေါင်းဆောင်ချူးကို ကျေးဇူးတင်ပြီးရင် မနက်ဖြန် လိုက်လာခဲ့" ချူးဝမ်ချန်းက ဆိုသည်။

မကြာမီမှာပင် ချူးယွင်ဖန်းက အိမ်တွင် ကျန်ရစ်ခဲ့စဉ် ချူးဝမ်ချန်း၊ ယန်ယာ့ယွင်နဲ့ ချူးချင်ရွှမ်တို့က လွန်းပျံယာဉ်စီးရန် ထွက်သွားကြလေသည်။ ချူးဟောက်ယွဲ့သည် မကြာမီတွင် သတင်းရကာ အပြေးအလွှား ရောက်လာမည်ကို သူ သိနေသည်။ ဗီလာသို့ စတင် ခြေချချိန်တွင် ဤနေရာကို အချိန်တိုင်း စောင့်ကြပ်နေသည့် ကျွမ်းကျင်သူ ဆယ်ဦးထက်မနည်း ရှိနေ၍ စောင့်ကြပ်နေကြောင်းကို ချူးယွင်ဖန်း သတိပြုမိပြီးသားဖြစ်သည်။

အခြားသော အင်အားစုများက ချူးမိသားစု ၏ ဘိုးဘေးအိမ်အတွင်းသို့ ဖောက်ဝင်ရန်မဖြစ်နိုင်သောကြောင့် အဆိုပါ ကျွမ်းကျင်သူများသည် သူ၏မိဘများကို ကာကွယ်ရန်အတွက် ချူးမိသားစုမှ စီစဉ်ပေးထားသည့် လူများဖြစ်ရပေလိမ့်မည်။ ဤလူများသည် မမြင်နိုင်အောင် ပုန်းအောင်းနေထိုင်နေကြသော်လည်း ၎င်းတို့သည် ချူးယွင်ဖန်းအတွက် အလွန် ကြီးမားသော မီးလုံးများကဲ့သို့ဖြစ်နေသောကြောင့် သူဆီမှ ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။

ယခုအခါ ချူးယွင်ဖန်း ပြန်ရောက်လာပြီဖြစ်သောကြောင့် သူ၏မိဘများကို အကာအကွယ်ပေးနေသော ထိုလူများက ချူးဟောက်ယွဲ့ကို အမြန်ဆုံး သတင်းပို့ကြမည်မှာ သေချာသည်။ ချူးဟောက်ယွဲ့သည် သတင်းရရှိပြီးသည်နှင့် မကြာမီ ရောက်လာပေလိမ့်မည်။ အမှန်တကယ်ပင်၊ သူသည် အချိန်အတော်ကြာ စောင့်ဆိုင်းစရာမလိုအပ်ဘဲ ဗီလာအပြင်ဘက်မှာ ပုံရိပ်တစ်ခုပေါ်ပေါက်လာခဲ့ရာ၊ ၎င်းသည် ချူးဟောက်ယွဲ့မှလွဲ၍ အခြားလူမဟုတ်ပေ။ ချူးဟောက်ယွဲ့သည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီဖြစ်သော်လည်း ချူးယွင်ဖန်းကို မြင်သောအခါ အလွန် ဝမ်းသာအားရဖြစ်နေသေးပုံပေါ်သည်။

ယခုအခါ ယခင်ကနှင့် မတူညီပေ။ ထိုအချိန်က ချူးယွင်ဖန်းသည် သူ၏စိတ်ထဲတွင် အလားအလာရှိသော လူငယ်တစ်ဦးမျှသာဖြစ်သည်။ ယခုမူကား ချူးယွင်ဖန်းသည် မိမိနှင့် တူညီသော အဆင့်တွင်ရှိနေပြီဟု ဆိုနိုင်သည်။ ဤသည်မှာ အယူအဆ ပြောင်းလဲသွားခြင်း မဟုတ်ပေ။ ချူးဟောက်ယွဲ့သည် ငယ်ရွယ်သော မျိုးဆက်မှဖြစ်သော်လည်း ခွန်အားအရ မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။ ဤအချက်သည် သူ့ကို ပြည်ထောင်စု၏ အထွတ်အထိပ်စာရင်းတွင် ရပ်တည်စေနိုင်သည်။

ချူးမိသားစု၏ ခွန်အားအပြင် ချူးဟောက်ယွဲ့၏ ပင်ကိုယ်စွမ်းရည်နှင့် အထောက်အထားများဖြင့်ဆိုလျှင် သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ မဝင်ရောက်မီ အချိန်အတိုင်းအတာ တစ်ခုသာလိုအပ်သည်။ သူသည် နတ်အဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းရှိသူဟု ဆိုနိုင်သည်။ ချူးမိသားစုတွင် မည်သူမျှ သူ့ကို ဂျူနီယာတစ်ဦးအဖြစ် မဆက်ဆံရဲကြပေ။ လက်ရှိအချိန်တွင်မူ မိသားစုထဲတွင် သူ့ကို အနိုင်ယူနိုင်သူသည် အလွန်နည်းပါးနေသည်။ သူသည် နှစ်အနည်းငယ်အတွင်းတွင် မဟာဘိုးဘေးကြီးမှလွဲ၍ ချူးမိသားစုတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်လာရန် အခွင့်အလမ်းများ ရှိနေသူဖြစ်သည်။

ထို့ကြောင့် ချူးဟောက်ယွဲ့သည် လူအများကို ညင်ညင်သာသာ ပြတ်ပြတ်သားသား ဆက်ဆံခဲ့သော်လည်း အလွန် ဂုဏ်ယူသူတစ်ဦးဖြစ်သည်။ ယခင်က သူသည် ချူးယွင်ဖန်းကို ဆွေမျိုးပေါက်ဖော်ဖြစ်သောကြောင့်သာ အကူအညီပေးခဲ့၍ ယခုမူ ချူးယွင်ဖန်း ပြန်ရောက်လာပြီဖြစ်သောကြောင့် သူ၏ စွမ်းပကားသည် အသိအမှတ်ပြုရန် လုံလောက်နေပြီဖြစ်သည်။ ယခုမျိုးဆက်အတွင်း ချူးဟောက်ယွဲ့ အသိအမှတ်ပြုသူ အနည်းငယ်သာရှိ၍ ၎င်းအနက် ချူးယွင်ဖန်းသည်လည်း ပါဝင်နေသည်။ ထို့ကြောင့် ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို မြင်သောအခါ အလွန်ဝမ်းသာသွားလေသည်။

"ငါ့ကောင် မင်း မသေဘူးပေါ့" ချူးဟောက်ယွဲ့က ပြုံး၍ ပြောလိုက်သည်။

"မင်း ငါ့ကို မဆက်သွယ်တာ ကြာလှနေပြီ။ မင်းကိုတော့ သင်ခန်းစာတစ်ခုပေးမှပဲ"

"ကျန်းမိသားစုတွေက ငါ ပြန်ရောက်လာတဲ့အကြောင်း သတင်းရသွားမှာ ဆိုးလို့ပါ။ ပြီးတော့ ငါလည်း သီးသန့်ကျင့်ကြံဖို့ အချိန်လိုတယ်လေ" ချူးယွင်ဖန်းက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"ဒါဆို မင်းက အခု သီးသန့်ကျင့်ကြံတာကနေ ထွက်လာတာလား" ချူးဟောက်ယွဲ့က ချူးယွင်ဖန်းကို မေးလိုက်သည်။

"ဟုတ်တယ်၊ ကျန်းမိသားစုတွေက ငါ့ကို ပြဿနာရှာဖို့ လူတွေ လွှတ်တာနဲ့ ရောက်လာတဲ့လူတိုင်းကို သတ်ပစ်ရတာပေါ့" ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ အဆက်မပြတ် လိုက်စားမှုကို တွေးတောလျက် ရယ်မောလိုက်သည်။

ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်နေသည်။ ချူးယွင်ဖန်း၏ စကားများသည် ပေါ့ဆစွာ ပြောခဲ့ခြင်းမဟုတ်ပေ။ ကျန်းမိသားစုတွင် ကျွမ်းကျင်သူများစွာရှိနေသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့အမြောက်အမြားကို သတ်ခဲ့၍ သူသည်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ သို့သော် ကျန်းမိသားစုတွင် ကျွမ်းကျင်သူ မကျန်ရစ်တော့ဘူးဟု တစ်စုံတစ်ယောက်က ထင်ပါက၊ ၎င်းတို့အားလုံး ကြီးမားသော အမှားအယွင်းတစ်ခုကို ကျူးလွန်မိသွားပေလိမ့်မည်။

မြင့်မြတ်သော မိသားစုကြီးရှစ်စုထဲမှ တစ်ခုအနေဖြင့် ကျန်းမိသားစု၏အခြေခံအုတ်မြစ်သည် ဤမျှသာ ကန့်သတ်ထားမည် မဟုတ်ကြောင်း သူသိထားသည်။ ထို့အပြင် ယနေ့ကမ္ဘာကြီးတွင် သိပ္ပံပညာနှင့် သိုင်းပညာသည် တန်းတူညီမျှ အရေးပါလှသည်။ ကျင့်ကြံမှုစွမ်းအားသည် အရေးပါသော်လည်း နည်းပညာမြင့်လက်နက်များ၏ အစွမ်းသတ္တိကို လျှော့တွက်၍ မရပေ။ ချူးယွင်ဖန်း သတ်ဖြတ်ခဲ့သော မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများကို အစားထိုးရန်အတွက် မဖြစ်နိုင်သော်လည်း ကျန်းမိသားစုအတွက် မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်မြင့်စက်လက်နက်ပေါင်း ရာပေါင်းများစွာကို တည်ဆောက်ရန် မခက်ခဲပေ။ ချူးမိသားစုလျှင်ပင် ပြုလုပ်နိုင်လျှင် မြင့်မြတ်သော မိသားစုရှစ်စု၏ အခြေခံအုတ်မြစ်သည် ဤအဆင့်မျှသာ မဟုတ်နိုင်ပေ။

"ကြည့်ရတာ မင်းတော့ ကြီးကြီးမားမား တိုးတက်လာပုံပဲ" ချူးဟောက်ယွဲ့က ပြောလိုက်သည်။

“ဟုတ်တယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

ချူးယွင်ဖန်းက စကားပြောနေစဉ် အငွေ့အသက်များကို ထုတ်လွှတ်လိုက်ရာ သူ၏ဘေးတွင် ရပ်နေသော ချူးဟောက်ယွဲ့သည် တောင်တန်းကဲ့သို့ ဖိအားတစ်ခု သူ့ဆီ ရောက်လာခြင်းကို ခံစားလိုက်ရသည်။ သူသည် ချူးယွင်ဖန်းကို ငုံ့ကြည့်လိုက်ရာ၊ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် မြစ်ကြီးတစ်စင်းကဲ့သို့ သူ့အပေါ်ကို လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် အသက်ရှူကျပ်လုနီးပါးဖြစ်သွားလေသည်။ ထပ်မံ ကြည့်ရှုမိလျှင် သူ၏အရောင်အဝါများ ပြိုပျက်သွားမည်ဟန်ရှိသည်။

ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို ထပ်မံမကြည့်ဝံ့ဘဲ သူ့အကြည့်များကို အမြန်ပြန်ရုတ်လိုက်သည်။ ချူးယွင်ဖန်းသည်လည်း ထိုအချိန်တွင် သူ၏ အရောင်အဝါများကို ဆုတ်ခွာလိုက်သည်။ ချူးဟောက်ယွဲ့၏ မျက်နှာသည် ဖုံးကွယ်၍မရတော့သည်အထိ အလွန် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် မည်သူ့ကို မစူးစမ်းနိုင်ခဲ့ခြင်းဖြစ်သနည်း။ မိမိက တစ်ချက်တည်း ကြည့်ရှုလိုက်ရုံဖြင့် ချူးယွင်ဖန်းသည် မိမိ၏ အရောင်အဝါကို ဖိနှိပ်လိုက်ကြောင်း ခံစားသိရှိနိုင်သည်။ ဤသည်မှာ မည်မျှ အံ့ဩဖွယ်ကောင်းသော ကျင့်ကြံမှုမျိုးဖြစ်သနည်း။

"ဂုဏ်ယူပါတယ်။ ကျင့်ကြံမှုအဆင့် တိုးတက်မှုအတွက် ဂုဏ်ယူပါတယ် လူငယ်ခေါင်းဆောင်" ချူးယွင်ဖန်းက ချူးဟောက်ယွဲ့ကို ခပ်ဖျော့ဖျော့ ပြုံး၍ ကြည့်လိုက်သည်။

ချူးဟောက်ယွဲ့၏ ပျာယာခတ်နေသော အမူအရာမှတစ်ဆင့် ချူးဟောက်ယွဲ့သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ချူးယွင်ဖန်း ပြောနိုင်သည်။ ချူးဟောက်ယွဲ့သည် ကျွန်းပေါ်ရှိ ဆေးဖက်ဝင်ဥယျာဉ်မှ အကျိုးအမြတ်အများအပြား ရရှိခဲ့သည်မှာ သိသာထင်ရှားသည်။ အမှန်တကယ်ပင်၊ ကျွန်းမှ အကျိုးအမြတ်ရရှိခဲ့သူဟုသည် မိမိတစ်ဦးသာဖြစ်သည်ဟု ချူးယွင်ဖန်းက မထင်ခဲ့ပေ။ မိမိတစ်ဦးတစ်ယောက်တည်းက အကျိုးအမြတ်များအားလုံးကို မသိမ်းယူနိုင်ပေ။

ချူးဟောက်ယွဲ့သည် ချူးမိသားစု၏ခွန်အားဖြင့်ဆိုလျှင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိမီ အချိန်တစ်ခုသာ လိုအပ်သည်။ ကျွန်းကို သွားရောက်ခြင်းက ဤဖြစ်စဉ်ကို အရှိန်မြှင့်တင်နိုင်သည့်အပြင် လူအများအတွက် အခွင့်အလမ်းများ ရရှိနိုင်ပေသည်။ ချူးဟောက်ယွဲ့၏ မျက်နှာတွင် အံ့ဩမှုနှင့် ခါးသီးမှု အပြုံးများ ရောနှောနေသည်။

ချူးဟောက်ယွဲ့သည် ကနဦးတွင် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေမိသည်။ သူသည် ပြီးခဲ့သည့်လက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ၊ ဤသည်မှာ ထူးခြားသော အနိုင်ယူမှုတစ်ခုသာဖြစ်သည်။ ချူးမိသားစု သည် ၎င်းဖြစ်စဉ်အတွက် ကိန်းကြီးခန်းကြီး အပြုအမူများ မလုပ်ဆောင်ခဲ့သော်ငြားလည်း အထက်တန်းလွှာမိသားစုများကြားတွင် ကြီးမားသော ရုန်းရင်းဆန်ခတ်ကိစ္စများ ဖြစ်သွားစေခဲ့သည်။

ထိုအချိန်တွင် ချူးဟောက်ယွဲ့သည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်သွားရုံသာမကဘဲ သူ၏ ခွန်အားသည်လည်း မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ခွန်အားသည် ချူးမိသားစုအတွင်းရှိ ထိပ်တန်းဆယ်ဦးတွင် အဆင့်သတ်မှတ်ခံရနိုင်မည်ဖြစ်သည်။ သူ၏အသက်အရွယ်အရ အနာဂတ်တွင် မိသားစု၏ နံပါတ်တစ်နေရာကို ရည်မှန်းခြင်းက လက်တွေ့ကျသော ဖြစ်စဉ်သာဖြစ်သည်။

ချူးဟောက်ယွဲ့က မည်သို့မျှ ဂုဏ်မယူဘဲနေနိုင်မည်မည်။ သို့သော် ချူးယွင်ဖန်း၏ တိုးတက်မှုကို မြင်သောအခါ သူသည် ကြီးမားသော ထိုးနှက်ချက်မျိုး ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် သူ၏ အရောင်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်သောအခါ ချူးဟောက်ယွဲ့သည် ၎င်းကိုစူးစမ်းရန်ပင် မပြုလုပ်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။ ကိုယ်ပိုင်မျိုးဆက်၏ နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သော သူ၏ ဖခင် ချူးယန်နှင့် ရင်ဆိုင်ရချိန်၌ပင် ချူးဟောက်ယွဲ့သည် ဤကဲ့သို့ မခံစားခဲ့ဖူးပေ။

ထိုခံစားချက်သည် သူ၏ဘိုးဘေးကြီးနှင့် ရင်ဆိုင်ရချိန်နှင့်ပင် ဆင်တူလုနီးပါးဖြစ်သည်။ ဘိုးဘေးကြီးသည် တစ်နှစ်ပတ်လုံး သီးသန့်ကျင့်ကြံမှုဝင်ရာမှ ရှားရှားပါးပါး ထွက်လာခဲ့သော်လည်း ဘိုးဘေးကြီးကို တွေ့ဆုံချိန်တွင် သူ၏အရောင်အဝါသည် ကြီးမားကျယ်ပြန့်သော ပင်လယ်ကြီးကဲ့သို့ အကန့်အသတ်မရှိစွာ မြင့်မားလှသည်။ သို့သော် ချူးယွင်ဖန်းသည် အနည်းငယ် ကွဲပြားနေသည်။ သူ၏ အရောင်အဝါသည် မွန်းတည့်နေ၏ တောက်လောင်နေသော နေရောင်ကဲ့သို့ပင် ပို၍ ပြင်းထန်လွန်းသည်။ လူအများက သူ့ကို တိုက်ရိုက်ကြည့်ရှုရန် ခဲယဉ်းလှသည်။ သို့သော်လည်း ခံစားချက်များက တူညီလှသည်။ ချူးဟောက်ယွဲ့က မည်သို့မျှ မထိတ်လန့်ဘဲ နေနိုင်မည်နည်။

"မင်းရဲ့ ကျင့်ကြံမှုအဆင့်... မင်း နတ်အဆင့်ကို ရောက်နေပြီလား" ချူးဟောက်ယွဲ့ မယုံကြည်နိုင်စွာ မေးလိုက်သည်။

ဤသည်မှာ လုံးလုံးလျားလျား မဖြစ်နိုင်သော အရာဖြစ်သည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သောလအနည်းငယ်က သူနှင့်တွေ့ဆုံချိန်က အလွန် သန်မာသော်လည်း မွေးဖွားခြင်းနယ်မြေ နဝမအဆင့်ကိုပင် မရောက်ရှိသေးပေ။ ယခုမူ ချူးယွင်ဖန်းသည် လအနည်းငယ်အတွင်းမှာပင် နတ်အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်လေသလော။

'ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'

ဤသည်မှာ ဒုံးပျံစီးနင်းရုံသာမကဘဲ အလင်း၏အရှိန်ဖြင့် သွားနေသော အာကာသယာဉ်ပေါ်တွင် စီးနင်းခြင်းကဲ့သို့ ဖြစ်နေသည်။

“မဟုတ်ပါဘူး၊ နတ်အဆင့်ကိုတော့ မရောက်သေးပါဘူး”

ချူးယွင်ဖန်းက ခေါင်းခါပြပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ဒါပေမယ့် အဲဒီအဆင့်မှာ ရှိတဲ့လူတွေကိုတော့ ခုခံနိုင်မယ်ထင်တယ်"

ချူးဟောက်ယွဲ့သည် ထိုစကားကို ကြားသောအခါ သူ၏အဆုတ်ထဲရှိ လေထုများ အေးခဲသွားသည်။ ချူးယွင်ဖန်းသည် ဤကိစ္စနှင့် ပတ်သက်၍ လိမ်ညာလိမ့်မည်ဟု သူ မထင်ပေ။ ထို့အပြင် ကနဦး ထုတ်လွှတ်လိုက်သည့် ကြီးကျယ်ခမ်းနားသော အရောင်အဝါသည် အတုအယောင် မဖြစ်နိုင်ပေ။

ဤသည်မှာ ချူးယွင်ဖန်းက နတ်အဆင့်သို့ တက်လှမ်းခြင်းထက်ပင် ပို၍ ထိတ်လန့်ဖွယ်ကောင်းနေသည်။ ချူးယွင်ဖန်းသည် ထိုအဆင့်သို့ တက်လှမ်းရန်အတွက် ထူးကဲသော အမွေအနှစ်တစ်မျိုးကို ရရှိခဲ့ကာ ၎င်း၏အကူအညီကို အသုံးပြု၍ အလွန်ကြီးမားသော ကျင့်ကြံမှုအဆင့်ကို ကျော်ဖြတ်နိုင်ခြင်းဖြစ်ပေလိမ့်မည်။ သူသည် ထိုအဆင့်သို့ မတက်လှမ်းနိုင်သေးသော်လည်း ထိုအဆင့်ရှိပုဂ္ဂိုလ်များကို ရင်ဆိုင်နိုင်ပြီဖြစ်သည်။ ဤအချက်သည် ချူးဟောက်ယွဲ့၏ ကမ္ဘာကြီးအပေါ် ထားရှိသည့် အမြင်များကို ပြောင်းလဲသွားစေသည်။

အခန်း (၈၂၈) ကျုပ် လက်မခံတော့ မဟာမိတ်အဖွဲ့လည်း မဖွဲ့နိုင်ဘူး

ချူးဟောက်ယွဲ့ ငယ်စဉ်ကတည်းက ရရှိခဲ့သော ပညာရေးအရ နတ်အဆင့်ပုဂ္ဂိုလ်သည် တုနှိုင်းမမီသူဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုအဆင့်အောက်ရှိ မည်သူမဆိုသည် ပုရွက်ဆိတ်တစ်ကောင်မျှဖြစ်၍ ၎င်းတို့နှစ်ခုကြားရှိ ကွာဟချက်ကို ယုတ္တိဗေဒဖြင့် တွက်ချက်၍မရနိုင်ပေ။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက ဝိုင်းရံထားလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ နတ်အဆင့်ထံမှ တစ်ချက်ရိုက်နှက်မှုသည် ၎င်းတို့အုပ်စုတစ်ခုလုံးကို သတ်ပစ်မည်ဖြစ်သည်။

အရေအတွက် ပြောင်းလဲမှုသည် အရည်အသွေးပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပြောင်းလဲခြင်းဆီသို့ ဦးတည်နေပြီဖြစ်သည်။ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်မှာ နတ်အဆင့်သို့ ဝင်ရောက်ခြင်းသည် ဘဝအဆင့်သို့ ခုန်တက်သွားခြင်းနှင့် ညီမျှပေသည်။ ၎င်းသည် ကိုယ်ခန္ဓာ ကျင့်ကြံသောအဆင့်တွင် ရှိနေဆဲဖြစ်သော မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် အရာ မဟုတ်ပေ။ ရှေးခေတ်မှစ၍ ယခုတိုင်အောင် မွေးဖွားခြင်းနယ်မြေအဆင့်ဖြင့် နတ်အဆင့်ကျွမ်းကျင်သူကို ရင်ဆိုင်နိုင်သူဟူ၍ မကြားဖူးသေးပေ။ ၎င်းသည် အမှန်တကယ် မဖြစ်နိုင်သောအရာဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် သူလုပ်နိုင်သည်ဟု ဆိုသောအခါ ချူးဟောက်ယွဲ့က မည်သို့မျှ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။ ကနဦး သူခံစားခဲ့ရသော အရောင်အဝါသည် အတုအယောင် မဖြစ်နိုင်ပေ။ ထို့ကြောင့် ချူးဟောက်ယွဲ့ အံ့အားသင့်သွားခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ရိုကျိုးသူဖြစ်သည်ကို သူမသိခဲ့ပေ။ မှန်ကန်စွာပြောရမည်ဆိုလျှင် နတ်အဆင့်သို့ ရောက်ရှိနေသော သာမန် ကျွမ်းကျင်သူများလျှင်ပင် သူ့ကို နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။

"တကယ် မထင်မှတ်စရာပဲ" ချူးဟောက်ယွဲ့သည် ထိတ်လန့်တုန်လှုပ်မှုမှ ပြန်လည်သက်သာလာသကဲ့သို့ အော်ဟစ်ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ချူးမိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း သူ ချက်ချင်း သတိပြုမိလိုက်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် ၎င်းတို့မိသားစု ခွန်အား၏ စံနမူနာဖြစ်သည်။ ပြည်ထောင်စုအစိုးရမှလွဲလျှင် မည်သို့သော အဓိကတပ်ဖွဲ့တွင် နတ်အဆင့် ကျွမ်းကျင်သူနှစ်ဦးရှိသနည်း။ ဆိုလိုသည်မှာ ယခုအချိန် ချူးမိသားစုသည် အခြားသော အင်အားစုကြီးများအားလုံးထက် သာလွန်နေပြီဖြစ်သည်။ ဤသည်မှာ ၎င်းတို့မိသားစုတစ်ခုလုံးက မမောနိုင်မပန်းနိုင်ဖြင့် လိုက်လံရှာဖွေနေသော အရာဖြစ်သည်။ ထိုသို့သော နေ့မျိုးသည် ဤမျှ မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု ချူးဟောက်ယွဲ့ မမျှော်လင့်ထားပေ။

"တကယ်တော့ ဘာမှမဟုတ်ပါဘူး" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အနာဂတ်မှာ ကျွန်တော် နတ်အဆင့်ကို တကယ်ရောက်တဲ့အခါ ထကြွသောင်းကျန်းနေတဲ့ နတ်ဆိုးတွေအားလုံးကို သုတ်သင်နိုင်မှာ"

"ဟုတ်တယ်၊ ဟုတ်တယ်" ချူးဟောက်ယွဲ့က လျင်မြန်စွာ ခေါင်းညိတ်၍ သဘောတူကြောင်း ပြောလိုက်သည်။

လက်ရှိ ချူးယွင်ဖန်းသည် အလွန် ကြောက်စရာကောင်းနေပြီဖြစ်ရာ၊ အကယ်၍ သူသာ နတ်အဆင့်သို့ တက်လှမ်းခွင့်ရခဲ့မည်ဆိုလျှင် သူ မည်မျှအစွမ်းထက်မည်ကိုပင် ချူးဟောက်ယွဲ့က တွေးတောဝံ့မည် မဟုတ်ပေ။

"ဒီသတင်းကောင်းကို ဘိုးဘေးတွေကို ငါ ချက်ချင်း ပြောပြရမယ်" ချူးဟောက်ယွဲ့က ပြောလိုက်သည်။

"အလျင်စလို မလိုပါဘူး။ ငါ စောင့်ရတာကို စိတ်ထဲမထားပါဘူး" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

“ဒီစကားသာ အခု ပျံ့သွားရင် ကျန်းမိသားစုတွေရဲ့ အစောင့်အကြပ်တွေ ပိုပြီး တိုးလာလိမ့်မယ်၊ ငါ ထပ်ပြီး လှုပ်ရှားချင်ရင် နည်းနည်း ပြဿနာဖြစ်သွားလိမ့်မယ်"

"ကျန်းမိသားစုတွေက ငါ့ကို ခဏခဏ လိုက်ဒုက္ခပေးခဲ့တာဆိုတော့ ဒီစာရင်းကို ဖြေရှင်းဖို့ အချိန်တန်ပြီ။ သူတို့တွေ့က တန်မိသားစု၊ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားနေတာ မဟုတ်လား၊ ဒါဆို ငါကလည်း သူတို့ကို လက်ဆောင်ကြီးတစ်ခု ပေးရမှာပေါ့" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။

"သီးသန့်ကျင့်ကြံနေတဲ့ မင်းတောင် အင်အားစုသုံးခုရဲ့ မဟာမိတ်အကြောင်း သိနေတာပဲ။ ဒီကိစ္စက ရပ်တန့်လို့မရတဲ့ ကိစ္စတစ်ခု ဖြစ်လာပုံရတယ်" ချူးဟောက်ယွဲ့က သက်ပြင်းချလိုက်သည်။

"ငါ မင်းဆီကနေ ဖုံးမထားတော့ပါဘူး။ ဒီကိစ္စက ငါတို့မိသားစုထဲမှာ အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာ။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းနဲ့ပတ်သက်ပြီး... သူတို့ရဲ့ ဒုတိယဂိုဏ်းခေါင်းဆောင်က နတ်အဆင့်ဆိုတဲ့အချက်နဲ့တင် သူတို့တွေ ဘယ်လောက် အင်အားကြီးတယ်ဆိုတာ ငါတို့ သိနိုင်တယ်။ တန်မိသားစုမှာ တိုက်ခိုက်နိုင်တဲ့ နတ်အဆင့်ကျွမ်းကျင်သူ မရှိပေမယ့်၊ သူတို့ရဲ့ အခြေခံအုတ်မြစ်က တော်တော်လေး ခိုင်မာသေးတော့ သူတို့လက်ထဲမှာရှိတဲ့ ခွန်အားက ငါတို့ မိသားစုနဲ့ အတူတူလောက်ပဲ"

"ဒီမဟာမိတ်ဖွဲ့မှုက ငါတို့အားလုံးအတွက် ကြီးမားတဲ့ အချက်ပေးမှုတစ်ခုလိုပဲ။ ဒါပေမယ့် အခုဆိုရင်တော့ အားလုံးအဆင်ပြေသင့်ပါပြီ။ မင်းမှာ နတ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအင်ရှိနေပြီဆိုတော့ ဒါက ငါတို့မိသားစုအတွက် နောက်ထပ် ဝှက်ဖဲတစ်ခုဖြစ်လာနိုင်တယ်"

ချူးဟောက်ယွဲ့သည် ထိုသို့ပြောပြီးနောက် ပြုံးမိသွားသည်။ သူသည် ထိုအချိန်အတွင်း နေ့တိုင်း စိတ်ပူနေခဲ့သည်။ သို့သော်လည်း ယခုအခါ စိတ်ပြေလက်ပျောက်နေနိုင်ပြီဖြစ်သည်။ ချူးမိသားစုသည် ချူးယွင်ဖန်းနှင့်ဆိုလျှင် အခြားသော အင်အားစုများနှင့် မဟာမိတ်ဖွဲ့ခြင်းမရှိလျှင်ပင် ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေမည်ဖြစ်သည်။ နတ်အဆင့်တစ်ဦးတည်းရှိခြင်းနှင့် နှစ်ဦးရှိခြင်းတို့သည် လုံးလုံးလျားလျား ကွဲပြားသော သဘောတရားများဖြစ်သည်။ ၎င်းတို့၏ ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားချက်ကဲ့သို့ပင်ဖြစ်နေသည်။

"စကားမစပ်၊ တန်မိသားစုက ဒီမဟာမိတ်ကို ဘာလို့ သဘောတူဖို့ ဆုံးဖြတ်ခဲ့တာလဲဆိုတာ သိလား။ သူတို့က ဘာလို့ ကျန်းမိသားစုနဲ့ ရုတ်တရက် ပေါင်းစည်းမိသွားပြန်တာလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။

"ဒီကိစ္စရဲ့အသေးစိတ်အချက်အလက်တွေက မိသားစုတိုင်းကို ပြန့်နှံ့နေပြီ။ အဲ့ဒီ့ကျန်းမိသားစုရဲ့ အမျိုးသမီးက တော်တယ်လို့ဆိုရမယ်၊ သူက တန်မိသားစုရဲ့ ဇက်ကြိုးကို အမြန်မြန် ဆန်ဆန် ထိန်းထားနိုင်လိုက်တာလေ။ ပထမက သူရဲ့ ခွန်အားချည်းသက်သက်ဆို ဘာမှမပြောပါ့လောက်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်လက ငါတို့ရရှိထားတဲ့ အချက်အလက်တွေအရ သူ့ကို ဆန့်ကျင်တဲ့ တန်မိသားစုရဲ့ ထိပ်တန်းအကြီးအကဲအားလုံးကို သူ့မွေးနေ့ပွဲဆိုပြီး လူစုခိုင်းတယ်၊ အဲဒီနောက် အကုန်လုံးကို ဖမ်းပြီး တန်မိသားစုထဲက သူ့ကို ဆန့်ကျင်တဲ့လူမှန်သမျှကို ရှင်းပစ်လိုက်တယ်ဆိုပဲ။ တော်တော်လေး ရက်စက်ချက်ပဲ"

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သူက တန်မိသားစုရဲ့ မူလမိသားစုဝင်မှ မဟုတ်တာ၊ သူက သန်မာတော့ရော ဘာဖြစ်တာမို့လို့လဲ" ချူးယွင်ဖန်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

တန်စီယု၏မိထွေးသည် တခြားမိသားစုမှ ဆင်းသက်လာသည့် အမျိုးသမီးခေါင်းဆောင်မျှသာဖြစ်သည်။ သူမက မည်မျှ သန်မာနေပါစေ သူမကို ဆန့်ကျင်သော အင်အားစုအားလုံးကို မည်သို့မျှ တစ်ဟုန်ထိုး ဖမ်းဆီးထားနိုင်ခြင်းဖြစ်သနည်း။

"ကျန်းမိသားစုတွေ ပါဝင်ပတ်သက်နေတာဖြစ်နိုင်မလား" ချူးယွင်ဖန်းက ရုတ်တရက် သဘောပေါက်သွားသည်။

"မှန်တယ်။ အကုန်လုံးက တိတ်ဆိတ်နေပေမယ့် တန်မိသားစုထဲက ငါတို့သူလျှိုတွေ သတင်းပို့တဲ့ အချက်အလက်တွေအရ ကျန်းမိသားစုတွေ ပါဝင်ပတ်သက်နေပုံရတယ်။ အဲဒီညမှာ ကျွမ်းကျင်သူတွေ ရုတ်တရက်ပေါ်လာပြီး သူတို့အများစုက ကျန်းမိသားစုထဲကပဲ။ ဘယ်ကလဲဆိုတာ ဇာစ်မြစ်မသိနိုင်တဲ့ လူတစ်ချို့လည်း ရှိတယ်။ သူတို့ဘယ်ကလာလဲဆိုတာကို ငါတို့ မသိခဲ့ပေမယ့် အခုတော့ လိုက်ရှာစရာမလိုတော့ဘူး။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းက ကျွမ်းကျင်သူတွေပဲဖြစ်ရမယ်" ချူးဟောက်ယွဲ့က ပြောလိုက်သည်။

"ပုံမှန်ဆိုရင်၊ တန်မိသားစုရဲ့ အထက်တန်း အကြီးအကဲတွေ ပိုင်ဆိုင်ထားတဲ့ ခွန်အားနဲ့ဆိုရင် သူတို့ကို လွယ်လွယ်လေး ဖမ်းမိနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးပါလာပြီး သူတို့အားလုံးကို နှိမ်နင်းနိုင်ခဲ့တာ"

"အဲ့ဒါ ကျန်းမိသားစုရဲ့ ဘိုးဘေးလား" ချူးယွင်ဖန်းက မေးလိုက်သည်။

"သူ မဟုတ်ဘူး။" ချူးဟောက်ယွဲ့က ခေါင်းခါလိုက်သည်။

"အဲဒီတုန်းက သူ့နောက်ကြောင်းကို ငါတို့ မသိပေမယ့် အခုတော့ သိလိုက်ရပြီ။ သူက ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းရဲ့ ဒုတိယဂိုဏ်းခေါင်းဆောင်ပဲ။ သူတို့ အင်အားစု သုံးခုလုံး အချိန်အတော်ကြာ လက်တွဲပြီးမှ တိုက်ခိုက်မှုကို စတင်ခဲ့တာ ဖြစ်လောက်တယ်။ သူတို့တွေအားလုံး သေချာ ပြင်ဆင်ထားတာ ဖြစ်လောက်တယ်။ မြင့်မြတ်တဲ့ မိသားစုကြီး ရှစ်ခုထဲက တစ်ခုဖြစ်တဲ့ တန်မိသားစုက လွယ်လွယ်လေး ခြယ်လှယ်ခံလိုက်ရတယ်လို့"

ချူးယွင်ဖန်းက ဆွံ့အနေမိသည်။ ဤသည်မှာ ထိပ်တန်းအဆင့် ကျွမ်းကျင်သူမရှိရခြင်း၏ အားနည်းချက်ဖြစ်သည်။ နူကလီးယားဗုံး၏ စွမ်းအားသည် နတ်အဆင့်ကျွမ်းကျင်သူထက် အားမနည်းသော်လည်း နျူကလီးယားဗုံးကို ပေါ့ပေါ့ဆဆ အသုံးပြု၍ မရသည့်အပြင် ၎င်းသည် ရန်သူများဖြစ်စေ မိတ်ဆွေဖြစ်စေ လူတိုင်းကို အန္တရာယ်ဖြစ်သွားစေနိုင်သည်။ သို့သော် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးအတွက်မူ ၎င်းက ခြားနားသော ကိစ္စတစ်ခုဖြစ်သည်။ ခံတပ်ကို ထိန်းသိမ်းရန် နတ်အဆင့်ကျွမ်းကျင်သူမရှိလျှင် ၎င်းတို့ကို အလွယ်တကူ အခွင့်ကောင်းယူသွားနိုင်သည်။ တန်မိသားစုဘိုးဘေးသာ ထိုနေရာတွင်ရှိလျှင် ၎င်းမိသားစုကို ဤမျှလွယ်လွယ်ကူကူ ဖမ်းမိသွားမည် မဟုတ်ပေ။

"ဒါပေမယ့် ဒီထိပ်တန်းအကြီးအကဲတွေကို တစ်ခါတည်း ဖမ်းမိသွားလို့ဆိုရင်တောင် တန်မိသားစုထဲက တခြားလူတွေက မခုခံကြဘူးလား" ချူးယွင်ဖန်းက မေးလိုက်သည်။

"တန်မိသားစုရဲ့ အင်အားကြီးကျွမ်းကျင်သူတွေကို ဖမ်းပြီးပြီဆိုတော့ တခြား ကျန်တဲ့သူတွေကို စိုးရိမ်စရာမရှိတော့ဘူးလေ။ ခုခံရဲတဲ့လူတွေက ညတွင်းချင်း အသတ်ခံလိုက်ရတော့ ကျန်တဲ့သူတွေက မကျေနပ်ရင်တောင် ခုခံဖို့ မဝံ့ရဲကြဘူး" ချူးဟောက်ယွဲ့က ပြောလိုက်သည်။

"အဲ့ဒါပြင် အဲ့ဒီ့အကြီးအကဲတွေကို မသတ်ပစ်ဘဲ ငါတို့တောင်ရှာလို့မရတဲ့ လျှို့ဝှက်နေရာတစ်ခုမှာ ချုပ်နှောင်ထားတာ။ ဒီလူတွေ ဘေးကင်းမှုကို ထည့်တွက်ပြီး သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေတောင် အလောတကြီး မလှုပ်ရှားရဲကြဘူး။ အဲ့ဒီ့တော့ ဟိုအမျိုးသမီးက တန်မိသားစုကို ချုပ်ကိုင်နိုင်တာ မဆန်းပါဘူး"

"ဟားဟား၊ ဟာသပဲ။ ခွန်အားက အသုံးမဝင်ဘူးလို့ ယုံကြည်သူတွေ အများအပြားရှိနေပြီး သူတို့မှာ အဆင့်မြင့်ဆုံး နည်းပညာလက်နက်တွေရှိသရွေ့ ထိုက်တောင်လို တည်မြဲနိုင်မယ်လို့ ထင်နေကြတာ။ ခွန်အားက အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ဆိုတာ သူတို့မသိကြဘူး။ နည်းပညာလက်နက်တွေက ဘယ်လောက်အဆင့်မြင့်နေပါစေ လက်တွေ ့ဆိုတာ တခြားလူရဲ့ ထိန်းချုပ်မှုကို လိုအပ်နေသေးတယ်။ လူတွေကို ဖမ်းဆီပြီး ပိတ်လှောင်ထားလိုက်တဲ့အခါ နည်းပညာမြင့်လက်နက်တွေ အသုံးမဝင်တဲ့ အရာဖြစ်လာကြမှာ" ချူးဟောက်ယွဲ့က ရယ်မောလိုက်သည်။

"မဟာမိတ်ဖွဲ့ပြီးပြီဆိုတော့ သူတို့ကို ဘာလက်ဆောင်ကြီးကြီး ပေးဖို့ စဉ်းစားထားလဲ" ချူးဟောက်ယွဲ့က ချူးယွင်ဖန်းကိုကြည့်လျက် မေးသည်။

"မဟာမိတ် ပြိုလဲသွားမှာ" ချူးယွင်ဖန်းက ပြောလိုက်သည်။

"မင်းက ဘယ်လိုသိတာလဲ" ချူးဟောက်ယွဲ့က အံ့ဩစွာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါ ခွင့်ပြုမှာ မဟုတ်လို့လေ။ အဲဒီမိန်းမ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ တန်မိသားစုတစ်ခုလုံးက ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းက ဒုခေါင်းဆောင်ရဲ့ ဟန့်တားမှုကြောင့်သာ သူ့ကို ကြောက်နေကြတာ။ ဒါကြောင့် သူတို့တွေ မလှုပ်ရှားရဲတာ။ တန်မိသားစုတစ်ခုလုံးက အခု နာကြည်းမှု မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေမှာ။ အဲ့ဒီမိန်းမနဲ့ ဒီဒုတိယဂိုဏ်းခေါင်းဆောင် သေသွားတာနဲ့ ဒီသောက်ကျိုးနည်း မဟာမိတ်လည်း ပြိုပျက်သွားလိမ့်မယ်”

ချူးဟောက်ယွဲ့၏ အဆုတ်အတွင်းရှိ လေထုတစ်ခုလုံး အေးခဲသွားသည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းက မည်သို့သော အရာမျိုးကို ပြုလုပ်ရန် စီစဉ်နေသည်ကို သူ နားလည်သွားသည်။ ချူးယွင်ဖန်းသည် အခြားသူများကို ညှဉ်းဆဲလှည့်စားရန် မကြံစည်ဘဲ ဖြစ်စဉ်၏ ပင်မအချက်ကို တည့်တည့်တိုးဝင်ရန် စီစဉ်နေခဲ့သည်။ တန်မိသားစု၏ လက်ရှိအမျိုးသမီးခေါင်းဆောင်ကို သတ်ဖြတ်လိုက်လျှင် တန်မိသားစုက ဤမဟာမိတ်၏ ဆန့်ကျင်သောဘက်တွင် ရပ်တည်ပေလိမ့်မည်။ ပြီးနောက် ဒုတိယဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်လိုက်လျှင် ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်း၏ စွမ်းအင်သည်လည်း ချက်ခြင်းပြိုပျက်သွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် ကျန်းမိသားစုများက မည်သို့ပြုလုပ်နိုင်မည်နည်း။ မဟာမိတ်ဖွဲ့စည်းမှု ပြိုကွဲသွားမည်မှာ သေချာသည်။ ချူးဟောက်ယွဲ့သည် မိမိ၏အတွေးများက ချူးယွင်ဖန်းနှင့် လုံးလုံးလျားလျား မတူညီကြောင်း သတိထားမိသွားသည်။ သူသည် ငယ်စဉ်ကတည်းက မိသားစု၏ ရှု့ထောင့်မှ အရာအားလုံးကို ကြည့်ရှုရန် သင်ကြားပေးခံခဲ့ရသည့်အပြင် သူလိုချင်သောအရာကို အောင်မြင်နိုင်ရန် အတားအဆီးများစွာ ရှိနေတတ်သည်။ သူသည် အကြောင်းအရာတစ်ခု၏ အလယ်ဗဟိုသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းနေသော ချူးယွင်ဖန်းနှင့် မတူညီပေ။

"မင်းရဲ့ ဒီအကြံအစည်က နမော်နမဲ့နိုင်လွန်းတယ်။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းက သာမန်ဂိုဏ်းတစ်ခု မဟုတ်ဘူး။ သူတို့က အရမ်း အင်အားကြီးကြတယ်။ သိုင်းပညာကျွမ်းကျင်သူတွေအနေနဲ့ဆိုရင် သူတို့က ငါတို့မိသားစုထက်တောင် မြင့်သေးတယ်" ချူးဟောက်ယွဲ့က အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။

"ဒါပေမယ့် သူတို့က ခွန်းလွန်နယ်မြေကို တစ်ခါတည်း မဝင်နိုင်ကြဘူးလေ မဟုတ်ဘူးလား" ချူးယွင်ဖန်းက ပြုံး၍ ပြောသည်။

"အဲ့ဒါကိုလည်း မင်းသိနေတာလား" ချူးဟောက်ယွဲ့က အံ့အားသင့်စွာ ပြောလိုက်သည်။

ဤသည်မှာ ၎င်းတို့ကဲ့သို့ အလွန် ကြီးမားသော ထောက်လှမ်းရေးကွန်ရက်မျိုးရှိသည့် မိသားစုကြီးတစ်ခုသာ ရရှိနိုင်သည့် အချက်အလက်မျိုးဖြစ်သည်။

"ဒါက ခန့်မှန်းရလွယ်ပါတယ်။ နတ်ကုန်းမြေရဲ့ အင်အားပြသမှုကနေ အကဲဖြတ်လိုက်ရင် သူတို့အားလုံးက တစ်ပြိုင်နက်တည်း ထွက်လာပြီး ငါတို့နဲ့ မဟာမိတ်ဖွဲ့နိုင်ရင် စစ်တပ်တွေနဲ့လည်း ထွက်လာနေတာ ဖြစ်နိုင်တယ်လေ" ချူးယွင်ဖန်းက ပြောလိုက်သည်။

"နျူကလီးယားလက်နက်တွေက ကြောက်စရာကောင်းပေမယ့် အဲ့ဒါတွေကို သိပ်အလွန်အကျွံ အားမကိုးနဲ့။ နတ်ကုန်းမြေမှာသာ ကျွမ်းကျင်သူတွေ အများအပြားရှိနေရင် နျူကလီးယား အခြေစိုက်စခန်းတွေကို ချုံခိုတိုက်ခိုက်ပြီး အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်"

ချူးဟောက်ယွဲ့က ထိုအချက်ကို တွေးတောမိသွားသောအခါ သူ၏ကျောပြင်တွင် အေးစက်သော ချွေးစေးများ ရုတ်တရက် စီးကျလာခြင်းကို ခံစားလိုက်ရသည်။ ပြည်ထောင်စုသည် ထိုမျှသော နတ်အဆင့်ကျွမ်းကျင်သူ အများအပြားကို မစုစည်းနိုင်သောကြောင့် ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခင်က မည်သူမျှ မတွေးမိခဲ့ပေ။ သို့ရာတွင် နတ်ကုန်းမြေသည် ထိုကဲ့သို့သော ခွန်အားမျိုးရှိနေနိုင်ပေလိမ့်မည်။

ထို့အပြင် နျူကလီးယားလက်နက်များသည် ဤအဆင့်တွင်ရှိနေသော ကျွမ်းကျင်သူများကို ဟန့်တားနိုင်သော်လည်း ၎င်းတို့ကို သတ်ဖြတ်ရန် အလွန်ခက်ခဲနေသေးသည်။ ၎င်းတို့၏ ဆဋ္ဌမအာရုံသည် သန်မာလွန်းသောကြောင့် ချိန်ရွယ်ခြင်းက လွယ်ကူမည်မဟုတ်ပေ။ ၎င်းတို့ကိုသတ်ဖြတ်ရန် အကောင်းဆုံး နည်းလမ်းသည် တူညီသောအဆင့်တွင်ရှိနေသည့် ကျွမ်းကျင်သူတစ်ဦးရှိနေရန်သာဖြစ်သည်။

"နတ်ကုန်းမြေက ခွန်းလွန်နယ်မြေထဲမှာတော့ သေချာပေါက် မဟုတ်လောက်ဘူး။ ဒါပေမယ့် တခြား ကမ္ဘာတစ်ခုဖြစ်နိုင်တယ်။ တခြားလမ်းကြောင်းတွေနဲ့ ချိတ်ဆက်နိုင်ရင်တောင် အာကာသလမ်းကြောင်းကို တည်ငြိမ်အောင်လုပ်ဖို့ ခဲယဉ်းနေဦးမှာ။ ငါတို့ ပြည်ထောင်စုရဲ့ လက်ရှိနည်းပညာအင်အားနဲ့ဆိုရင်တောင် အောင်မြင်ဖို့ ခက်ခဲလောက်တယ်။ နတ်ကုန်းမြေဘက်က နည်းနည်းချင်းစီပဲ သွားလာလို့ရလိမ့်မယ်။ ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းတစ်ခုလုံးက လာမယ်ဆိုရင်တော့ ငါ နည်းနည်း ကြောက်နေနိုင်တယ်ဆိုပေမယ့် ဒုတိယဂိုဏ်းခေါင်းဆောင်ပဲဆိုရင်တော့ ငါ သူ့ကို သတ်နိုင်ပါသေးတယ်" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

All Chapters