← Chapters

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉-၈၃၁)

Vol. 56 Ch. 829-831

အခန်း (၈၂၉) ကြီးမားတဲ့ အတိုင်းအတာနဲ့ နတ်အဆင့်ကို ဝင်ရောက်ရန် မျှော်လင့်နေတာလား။ ချူးယွင်ဖန်း၏ ဝှက်ဖဲ

အလွန်ကြွယ်ဝသော ရှေးဟောင်းလူသားများကာလအတွင်း၌ပင် စကြာဝဋ္ဌာဖြတ်ကူးရသော တိုက်ပွဲမျိုးဆင်နွှဲခြင်းသည် အလွန်ခက်ခဲ၍ ကုန်ကျမှု အလွန်များပြားလှသည်။ ယနေ့ခေတ်တွင် ပြည်ထောင်စု၏ လက်ရှိအာကာသနည်းပညာဖြင့်ပင် ၎င်းတို့အားလုံး ခေါင်းစားနေကြဆဲဖြစ်သည်။ ၎င်းတို့သည် အာကာသလမ်းကြောင်းကို ဖွင့်ရန်မဆိုနှင့် နေရာလွတ်ကိရိယာကိုပင် မဖန်တီးနိုင်ကြပေ။

ပြည်ထောင်စုလျှင်ပင် ကမ္ဘာမြေနှင့် ခွန်းလွန်နယ်မြေအကြားက အာကာသလမ်းကြောင်းကိုသာ ထိန်းသိမ်းထားနိုင်ကြရာ၊ ဤထက်ပို၍ ချဲ့ထွင်ရန် နည်းလမ်း မရှိပေ။ အာကာသနည်းပညာသည် ရှေးခေတ်ကတည်းက ပြဿနာတစ်ခုဖြစ်သည်။ နတ်ကုန်းမြေ၏ အပြုအမူများကို အကဲဖြတ်ခြင်းအရ ချူးယွင်ဖန်းသည် ယခုအချိန်တွင် ကြီးမားသော အတိုင်းအတာဖြင့် လူအများကို ခွန်းလွန်နယ်မြေသို့ မပို့ဆောက်နိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့သော် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများ ပေါ်ပေါက်လာချိန်မှစ၍ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအပြင် နတ်အဆင့်ကျွမ်းကျင်သူများအထိ၊ နတ်ကုန်းမြေသည် ခွန်းလွန်နယ်မြေသို့ များပြားသော အတိုင်းအတာဖြင့် ပြောင်းရွှေ့မည့်နေ့နှင့် မဝေးလှတော့ပေ။

“နတ်ကုန်းမြေက ဂိုဏ်းတချို့လည်း ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ဆိုပြီး ရောက်လာကြတယ်။ ငါတို့မိသားစုရဲ့ ထိပ်တန်းအကြီးအကဲတွေက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားနေကြတယ်” ချူးဟောက်ယွဲ့က ပြောလိုက်သည်။

ယခုအချိန်တွင် ကျန်းမိသားစု၊ တန်မိသားစုနှင့် ပန်းပွင့်လှုပ်ခပ်ခြင်းဂိုဏ်းများကြားက မဟာမိတ်ဖွဲ့မှုသည် အခြားသော အင်အားစုများကို မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် စတင်ရန် စဉ်းစားစေသည်အထိ လှုံ့ဆော်ပေးခဲ့သည်။

"သူတို့ပေးတဲ့ အကျိုးကျေးဇူးတွေက တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ ငါတို့ဆီက မပြည့်စုံတဲ့ အမွေအနှစ်တွေနဲ့ ယှဉ်ရင်၊ နတ်ကုန်းမြေက ပိုင်ဆိုင်ထားတဲ့ အမွေအနှစ်တွေက ပိုပြီး ပြည့်စုံတယ်။ အရင်ကလောက် မခက်ခဲတော့ဘဲ ငါတို့တွေ နတ်အဆင့်ကိုတောင် အဆင့် ဖြတ်ကျော်နိုင်လောက်တယ်။ တကယ့်ကို စွဲမက်စရာကောင်းတဲ့ ကမ်းလှမ်းချက်မျိုးပဲ။ လက်ရှိ မိသားစုထဲမှာ သူတို့နဲ့ ပူးပေါင်းဖို့ သဘောတူနေကြတဲ့ အကြီးအကဲတွေ အများကြီးပဲ” ချူးဟောက်ယွဲ့က ပြောလိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ အထူးသဖြင့် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်၏ အထွတ်အထိပ်တွင်ရှိနေကြသော အကြီးအကဲများအတွက် ဤသွေးဆောင်မှုက မည်မျှ ကြီးမားသည်ကို သူ နားလည်နိုင်သည်။ သာမာန်ကျင့်ကြံမှု လုပ်ငန်းစဉ်အရ ၎င်းတို့၏တစ်သက်တာတွင် ယခုထက်ပို၍ တက်လှမ်းရန် အခွင့်အလမ်း မရှိတော့ပေ။ သို့သော်လည်း နတ်ကုန်းမြေ၏ ဂိုဏ်းများ မိသားစုများနှင့်အတူ ပူးပေါင်းလျှင် ၎င်းတို့အားလုံး ယခုထက် တက်လှမ်းနိုင်မည်ဖြစ်သောကြောင့် ဤသို့သော အခွင့်အရေးမျိုးကို မည်သို့မျှ လက်လွှတ်နိုင်မည်နည်း။

"မဟာမိတ်ဖွဲ့တာက ခေတ်ရေစီးကြောင်းဖြစ်နေမှာတောင် ငါ စိုးရိမ်မိတယ်။ ငါတို့မိသားစုသာ ဒီလှိုင်းထဲကို ဝင်မပါဘူးဆိုရင် ငါတို့ကို ဆက်ပြီး ထောက်ပံ့ဖို့ ခက်ခဲသွားလိမ့်မယ်" ချူးဟောက်ယွဲ့က စိုးရိမ်တကြီး ပြောလိုက်သည်။

"ပင်လယ်ပြင်က သတ္တဝါတွေလည်း မငြိမ်မသက်ဖြစ်နေတော့ ပြည်ထောင်စုလည်း ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်"

သို့သော်လည်း ချူးယွင်ဖန်းက ပြုံးရုံသာ ပြုံး၍ လိုက်သည်။

"ဒါကြောင့်မို့လို့လည်း ဒီလိုပြဿနာဖြစ်တဲ့ အခြေအနေမျိုးမှာ အမျိုးသားတွေက ကျော်ကြားအောင် စွမ်းဆောင်နိုင်တာလေ၊ တခြားသူတွေ ဘာပဲလုပ်လုပ် မင်းက ငါ့ကို အများကြီး ကူညီပေးခဲ့တယ်။ ဒီတော့ နတ်အဆင့်ထိ ဝင်နိုင်အောင် ငါ မင်းကို ကူညီပေးမယ်"

ချူးဟောက်ယွဲ့အတွက် သူ၏အကူအညီများသည် လက်ညိုးတစ်ချောင်း မြှောက်တင်ရသကဲ့သို့ လွယ်ကူသော်လည်း ချူးယွင်ဖန်းအတွက်မူ မိဘများ၏ လုံခြုံရေးက တခြားအရာများထက် ပို၍ အရေးကြီးလှသည်။ ထို့အပြင် ချူးမိသားစုသည် သူ၏ မဏ္ဍိုင်နှင့် အုတ်မြစ်ဖြစ်သည်။ ၎င်းတို့ အားကောင်းလေ၊ အနာဂတ်တွင် သူ့အတွက် အကူအညီ ပိုရလေသာဖြစ်သည်။ ထိုသို့ကြားသောအခါ ချူးဟောက်ယွဲ့၏ စိတ်နှလုံး တုန်လှုပ်သွားသည်။ မိမိ၏ ကျင့်ကြံမှုအဆင့်အထိ ကျင့်ကြံခဲ့သူသည် နတ်အဆင့်သို့ မရောက်ချင်ကြောင်းဆိုလျှင် ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းက မည်ကဲ့သို့ပြုလုပ်ရန် စီစဉ်ထားသည်ကို သူ သိချင်နေမိသည်။

"ငါ့လက်ထဲမှာ ဆေးဖော်မြူလာတစ်ခုရှိတယ်။ နတ်အဆင့် မွန်းစတားတစ်ကောင်ရဲ့ အတွင်းအူနဲ့ အဖိုးတန် ဆေးဖက်ဝင်အပင်တွေနဲ့ဆိုရင် မင်း မှာ အဆင့်ဖြတ်ကျော်နိုင်ဖို့ အခွင့်အလမ်း မြင့်တယ်"

ချူးယွင်ဖန်းသည် သူ၏ဆရာ ကျန်းယွမ်ပင်အတွက် ဖော်စပ်ခဲ့သည့် နတ်စွမ်းအင်ဖြည့်တင်းဆေးကို ရည်ညွှန်းနေခြင်းဖြစ်သည်။ နတ်အဆင့်သို့ ဝင်ရောက်ရာတွင် အရေးကြီးဆုံးအချက်သည် လက်ရှိ ပြည်ထောင်စုတွင် ချို့တဲ့နေသည့် နတ်စွမ်းအင်များကို နှိုးဆွသည့်နည်းလမ်းကို ကျွမ်းကျင်တတ်မြောက်ခြင်းဖြစ်သည်။ ပြည်ထောင်စု၏ နတ်အဆင့်များသည် ပြင်ပလူများကို အတုမယူနိုင်သည့် ကံကောင်းမှုကံကြမ္မာများနှင့် ကြုံတွေ့ခဲ့သောကြောင့် နတ်အဆင့်ကို အမြောက်အမြား မတက်ရောက်နိုင်ကြပေ။

ချူးဟောက်ယွဲ့၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီးနောက် သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသောကြောင့် ထုတ်မေးလိုက်သည်။

"ကျန်းယွမ်ပင်ရဲ့ အဆင့်ဖြတ်ကျော်မှုက မင်းနဲ့ သက်ဆိုင်နေတာလား"

သူသည် ထိုအကြောင်းအရာကို ဤနည်းလမ်းဖြင့် တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ကျန်းယွမ်ပင်သည် နောက်ထပ်ကံကောင်းမှုတစ်ခုနှင့် ဆုံတွေ့ခဲ့ခြင်းဟုသာ သူ ထင်မှတ်ထားခဲ့သည်။ သူသည် အားကျမိခဲ့သော်လည်း ထိုအကြောင်းအရာကို များစွာ မတွေးတောခဲ့ပေ။ ဤသည်မှာ ချူးယွင်ဖန်းနှင့် သက်ဆိုင်နေမည်ဟု မည်သူက ထင်မှတ်မည်နည်း။

"ဟုတ်တယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

သူသည် ယခင်အချိန်ကဆိုလျှင် အကျယ်တဝင့် ပြောဝံ့မည်မဟုတ်ပေ။ ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များသည် မှန်းဆ၍ပင် မရနိုင်သောအရာဖြစ်သည်။ သို့သော် သူ၏လက်ရှိအင်အားအရ သူ၏အပြုအမူများကို ထိန်းချုပ်ထားရန် မလိုပေ။ ဤသည်မှာ ဆေးလုံးဖော်မြူလာတစ်ခုသာဖြစ်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ပြည်ထောင်စုသာ ပြီးပြည့်စုံသော အမွေအနှစ်များ ရယူနိုင်ခဲ့ပါက နတ်အဆင့်စွမ်းအင်ကို မည်သို့ ပိုင်ဆိုင်ရမည်နှင့် ပတ်သက်၍ ပြီးပြည့်စုံသော ကျင့်ကြံမှုစနစ်နှင့် မှတ်တမ်းအပြည့်အစုံ ရရှိမည်ဖြစ်သည်။ ဖြစ်နိုင်ခြေ မမြင့်မားသော်လည်း ယခုကဲ့သို့ အရှေ့သို့ လျှောက်မည့်လမ်းစဉ်သည် လုံးလုံးလျားလျား ပြတ်တောက်လုနီးပါး ဖြစ်နေမည် မဟုတ်ပေ။

ချူးယွင်ဖန်း၏ စိတ်ထဲတွင် ဤအရာကို ပြီးမြောက်အောင်မြင်နိုင်ရန် နည်းလမ်းများစွာရှိနေခဲ့ရာ၊ ဆေးပညာကို အသုံးပြုခြင်းက ၎င်းတို့ထဲမှ တစ်ခုသာဖြစ်သည်။ သူသည် လူသားများကို ၎င်းတို့၏ခွန်အားများ အဆင့်ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်သည်။ လက်ရှိ လူသားမျိုးနွယ်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ မည်မျှရှိသနည်း။ ၎င်းတို့အနက် ဆယ်ပုံတစ်ပုံကသာ နတ်အဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် လူသားမျိုးနွယ်က မည်မျှ အင်အားကြီးမားသွားနိုင်မည်နည်း။

သို့သော် သူသည် ထိုအချိန်က နတ်စွမ်းအင်ဖြည့်တင်းဆေးရှိကြောင်းကို မကြေညာရန် ရွေးချယ်ခဲ့သည့်အတိုင်း လောလောဆယ်အချိန်တွင် ထိုသို့ပြုလုပ်မည် မဟုတ်ပေ။ ကိုယ့်ကိုယ်ကို ကာကွယ်ရန် လုံလောက်သော စွမ်းအင်မျိုးရှိသည့် အချိန်မှသာ ဤကိစ္စကို ကြေငြာရန် စဉ်းစားထားသည်။ သူသည် ပြည်ထောင်စုအတွက် သူ၏ အကျိုးစီးပွားအားလုံးကို စတေးသည်အထိ မမြင့်မြတ်လှပေ။ ချူးယွင်ဖန်းသည် မည်သည့်အန္တရာယ်မျှ မကြုံနိုင်သည့်အချိန်တွင် လူသားတို့၏ သိုင်းပညာတာအိုတွင် ကြီးမားသော ခုန်ပျံကျော်လွှားမှုမျိုးဖြင့် မြှင့်တင်ပေးရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ယခုအချိန်သည် စောလွန်းနေသေးသည့်အပြင် ၎င်းကို ဝှက်ဖဲတစ်ခုအဖြစ် လုပ်ဆောင်နိုင်မည်ဟု သူ ခံစားမိနေသောကြောင့်ဖြစ်သည်။ သူ၏ ကနဦး ထိတ်လန့်မှုအပြီးတွင် ချူးဟောက်ယွဲ့က လျင်မြန်စွာ ငြိမ်သက်သွားသည်။ သူသည် မတ်တတ်ထရပ်ပြီးနောက် အရှေ့အနောက် ခေါက်ထုတ်ခေါက်ပြန် လျှောက်နေလေသည်။ ချူးယွင်ဖန်း ပြောခဲ့သောစကားများကို သူ စဉ်းစားနေခြင်းဖြစ်သည်။ ဆေးဖော်မြူလာတစ်ခုသည် လူတို့ကို နတ်အဆင့်သို့ ဝင်ရောက်စေနိုင်သည်။ ယခင်ကသာဆိုလျှင် ထိုကိစ္စကို သူ ယုံကြည်မည် မဟုတ်ပေ။

ထိုသို့သော ဆေးဖော်မြူလာမျိုးရှိခြင်းကို မယုံကြည်ခြင်း မဟုတ်ပေ။ မည်သို့ဆိုသော် ရှေးဟောင်းစာအုပ်များထဲတွင် သူ ဖတ်ခဲ့ဖူးသည်။ ချူးယွင်ဖန်းသည် ဤသို့အရာမျိုးရှိနေခြင်းကိုသာ မယုံကြည်ခြင်းဖြစ်သည်။ သို့သော်လည်း ကျန်းယွမ်ပင်၏ ဥပမာအပြီးတွင် ကမ္ဘာပေါ်၌ တိုက်ဆိုင်မှုများစွာမရှိကြောင်း သူယုံကြည်ခဲ့သည်။ နက္ခတ်ဂိုဏ်းလျှင်ပင် နတ်အဆင့် မွန်းစတား၏ အတွင်းအူကို ထုတ်ပေးနိုင်ပါက ချူးမိသားစုက မည်သို့မျှ မထုတ်ပေးနိုင်မည်နည်း။

နတ်အဆင့်၏ အတွင်းအူသည် အလွန်အဖိုးတန်ကြောင်း လူများစွာ သိထားကြသော်လည်း အများအပြားက ၎င်းကို အသုံးမချနိုင်ပေ။ ပြည်ထောင်စု၏ ဆေးပညာလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှုသည် ရှာဖွေရေးအဆင့်တွင်သာ ရှိသေးသည်။ ဆေးဘုရင်လျှင်ပင် ရှေးဟောင်းစာအုပ်များကို နေရာတိုင်းတွင် ရှာဖွေ၍ နတ်အဆင့် မွန်းစတားတစ်ကောင်၏ အတွင်းအူကို မည်သို့ အသုံးပြုရမည်ကို သုတေသနပြုနေဆဲဖြစ်သည်။

ချူးယွင်ဖန်းက ဆေးဖော်မြူလာကို လွှဲပြောင်းပေးရန် မည်သူက ပြုလုပ်မည်ကို ချူးဟောက်ယွဲ့လျှင်ပင် မစဉ်းစားနိုင်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် ချူးယွင်ဖန်းကို ရန်သူအဖြစ် ပြောင်းလဲခြင်းမျိုးသာ ဖြစ်သည်။ ချူးယွင်ဖန်း၏ လက်ရှိအင်အားအရ ဘိုးဘေးကြီး ကိုယ်တိုင် မလှုပ်ရှားလျှင် မည်သူက သူ့ကို နှိမ်နင်းနိုင်မည်နည်း။ ဖော်မြူလာတွင် ပါဝင်သော ပစ္စည်းများသည် အဖိုးမဖြတ်နိုင်သော်လည်း နတ်အဆင့်ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်လျှင် ဝေးကွာနေသေးသည်။

ချူးဟောက်ယွဲ့က ဆုံးဖြတ်ချက်ကို အလျင်အမြန် ချလိုက်သည်။ ၎င်းသည် စမ်းသပ်ကြည့်ရ ကျိုးနပ်ပေမည်ဖြစ်သော်လည်း ချူးဟောက်ယွဲ့က မေးမြန်းလိုက်ဆဲဖြစ်သည်။

“ပါဝင်ပစ္စည်းစာရင်းပေးရင် ငါတို့တွေ အားလုံးကို ပြင်ဆင်နိုင်မှာပါ။ ဒါပေမယ့် အဲဒါကို မင်း ဘယ်လောက်ယုံကြည်မှုရှိလဲ”

"တစ်ရာ ရာနှုန်းပြည့်" ချူးယွင်ဖန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ကျန်းယွမ်ပင်ကို ဤဆေးဖော်စပ်ရန် ကူညီပေးစဉ်က သူ့တွင် လုံးလုံးလျားလျား ယုံကြည်မှု မရှိခဲ့ပေ။ ယခုမူကား ချူးယွင်ဖန်းသည် ၎င်းကိုပြုလုပ်ရန် အကြွင်းမဲ့ ယုံကြည်မှုရှိနေကြောင်း အာမခံရဲသည်။

"ကောင်းပြီ၊ လုပ်ကြတာပေါ့။ ဒါသာ အောင်မြင်ရင် ချူးမိသားစုက မင်းကို အပြည့်အဝပံ့ပိုးပေးမယ်ဆိုတာ ငါ အာမခံရဲတယ်"

ချူးယွင်ဖန်း၏ အနာဂတ်သည် တောက်ပနေသည့်အပြင် ၎င်းသည် ချူးမိသားစုက ကန့်သတ်နိုင်မည့်အရာမဟုတ်ကြောင်း သူ မြင်နိုင်သောကြောင့် ထိုသို့ အာမခံရဲခြင်းဖြစ်သည်။ ချူးမိသားစုသည် ချူးယွင်ဖန်း၏ ကျောထောက်နောက်ခံသာဖြစ်၍ ချူးယွင်ဖန်း မြင့်တက်လာသောအခါ ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်ပါက ဤဆေးပြားဖော်မြူလာသည် အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်နေပြီ မဟုတ်သလော။

ချူးယွင်ဖန်း၏ ပံ့ပိုးကူညီမှုကို ရရှိထားသရွေ့ ချူးမိသားစုသည် အနာဂတ်တွင် နတ်အဆင့်သို့ ဖြတ်ကျော်ရန် တည်မြဲသော နည်းလမ်းတစ်ခုရှိမည်ဖြစ်သည်။ ၎င်းတို့တွင် နတ်အဆင့်ကျွမ်းကျင်သူများစွာရှိမည်ဖြစ်၍ ပြည်ထောင်စုအတွင်း နံပါတ်တစ်မိသားစုဖြစ်လာရန် ခက်ခဲမည်မဟုတ်တော့ပေ။ ချူးဟောက်ယွဲ့သည် မည်သူမျှ တားဆီးနိုင်မည် မဟုတ်သော ၎င်းတို့ချူးမိသားစု၏ ထွန်းကားလာမှုကို မှန်းဆနိုင်သည်။

"ငါလည်း ချူးမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ ဒီတော့ ငါလည်း မိသားစုအတွက် အကောင်းဆုံး ဖြစ်စေဖို့ မျှော်လင့်တာပေါ့" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

အနာဂတ်တွင် အခြေအနေများ ဖရိုဖရဲဖြစ်လာသောအခါ ချူးမိသားစုက ပို၍သန်မာလာလေလေ သူ့အတွက် ပို၍ အကျိုးရှိလေဖြစ်သည်။

"ကောင်းပြီ၊ ငါဒီကိစ္စကို ဘိုးဘေးနဲ့ ချက်ချင်းဆွေးနွေးလိုက်မယ်။ အပြင်ကနေ ဝယ်တာပဲဖြစ်ဖြစ် နတ်အဆင့် မွန်းစတားကိုသတ်ဖို့ အဆုံးမရှိ နတ်ဆိုးတောင်ကို ခြေရာခံတာပဲဖြစ်ဖြစ် ငါ မင်းကို နတ်အဆင့်မွန်းစတားရဲ့ အတွင်းအူကို သေချာပေါက် ရှာပေးမယ်" ချူးဟောက်ယွဲ့က အံကြိတ်၍ ပြောလိုက်သည်။

သူ၏အမူအရာသည် အနည်းငယ် ကြောက်ရွံ့ဖွယ်ကောင်းသော်လည်း ၎င်းသည် စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်သည်။ နတ်အဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းကို တွေးတောမိသောအခါ သူ စိတ်လှုပ်ရှားနေမိသည်။ သူသည် ပြည်ထောင်စုအတွင်း စစ်မှန်သည့် အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခု ဖြစ်လာမည်ဖြစ်ရာ၊ သူနှင့်အတူ ပခုံးချင်းယှဉ်၍ ရပ်တည်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ချူးမိသားစု၏ ခွန်အားနှင့် အမွေအနှစ်များသည် အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။ အကယ်၍ မိမိတွင်သာ နတ်အဆင့် မွန်းစတား၏ အတွင်းအူ ရှိနေသောကြောင့် မဟုတ်ပါက ကျန်းယွမ်ပင်သည် နတ်အဆင့်သို့ ဝင်ရောက်ရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ချူးမိသားစုသည် ကွဲပြားခြားနားသည်။ ဤအခွင့်အရေးသည် ၎င်းတို့နှင့် မသက်ဆိုင်လျှင်ပင် ၎င်းတို့၏ အင်အားကြီးသော ခွန်အားကိုအသုံးပြု၍ တိုက်ခိုက်ကြပေလိမ့်မည်။

"ငါ ပါဝင်ပစ္စည်းတွေကို နောက်မှ စာရင်းပြုစုလိုက်မယ်၊ တစ်ယောက်ယောက်ကို ပြင်ဆင်ခိုင်းလိုက်" ချူးမိသားစု၏ ခွန်အားဖြင့်ဆိုလျှင် ဤကိစ္စကို ချူးယွင်ဖန်းဘက်မှ စိတ်ပူနေရန် မလိုအပ်ပေ။

"ကျေးဇူးပဲ ချူးယွင်ဖန်း"

ချူးဟောက်ယွဲ့သည် အသိစိတ်ပြန်ဝင်လာပြီးနောက် ချူးယွင်ဖန်းကို လေးနက်စွာ ဦးညွှတ်လိုက်သည်။ ဤသည်မှာ ချူးယွင်ဖန်းကို အသိအမှတ်ပြုရုံသာမကဘဲ ယခင်က ချူးယွင်ဖန်းကို ထောက်ခံခဲ့ခြင်းက မမှားယွင်းကြောင်း သက်သေပြနေသည်။ သို့သော် ချူးယွင်ဖန်း၏ ကံကြမ္မာ ကြုံကြိုက်မှုသည် ချူးမိသားစုကို နတ်အဆင့်ကျွမ်းကျင်သူတစ်ဦး မွေးထုတ်ပေးရန် ကူညီပေးနိုင်သည်အထိ ကြီးကျယ်မည်ဟု သူ မထင်ထားခဲ့ပေ။

"ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ဒါက ငါတို့အားလုံးအတွက် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ပဲ" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။

"ငါ့မိဘတွေကို အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့တဲ့ မင်းကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေက သူတို့ကို သတ်ပစ်မှာ သေချာတယ်"

"နှစ်ဦးနှစ်ဖက် အကျိုးအမြတ်၊ ငါ ဒီစကားလုံးကို ကြိုက်တယ်ကွာ၊ ဟားဟားဟား" ချူးဟောက်ယွဲ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ချူးဟောက်ယွဲ့သည် ထိုနေရာတွင် အချိန်ကြာကြာ မနေခဲ့ပေ။ သူသည် ချူးယွင်ဖန်းကို စိတ်လှုပ်ရှားစွာ အမြန်နှုတ်ဆက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ ယခုမူ ချူးဟောက်ယွဲ့၏ စိတ်ထဲတွင် တစ်ခုတည်းသော အရာသည် နတ်အဆင့်သို့ တက်လှမ်းရန်သာ ဖြစ်သည်။ ချူးဟောက်ယွဲ့၏ နောက်ကျောကို ကြည့်နေသော ချူးယွင်ဖန်းက ပြုံးလိုက်သည်။

ချူးမိသားစုသည် ချူးယွင်ဖန်း၏စွမ်းရည်ကို လိုအပ်သည့်အပြင် မိမိသည်လည်း ချူးမိသားစု၏ ခိုင်မာသော ရန်ပုံငွေနှင့် အရင်းအမြစ်များကို လိုအပ်နေသည်။ သူသည် နတ်အဆင့်သို့ ဝင်ချင်ရုံသာမကဘဲ သူ့မိသားစုကိုလည်း ထိုအဆင့်သို့ ရောက်ရှိစေချင်သည်။ အနာဂတ်တွင် သူ့မိသားစု၏ ကျင့်ကြံမှုအားလုံးအတွက် အရင်းအမြစ်များစွာ လိုအပ်မည်ဖြစ်သည်။ ချူးမိသားစု၏ အကူအညီဖြင့်ဆိုလျှင် အရာအားလုံး ပိုမို လွယ်ကူသွားပေလိမ့်မည်။

အခန်း (၈၃၀) မင်းကို ပေါ့လျော့တဲ့ ပြစ်ဒဏ်ပေးပြီး သင်ခန်းစာတစ်ခု ပေးလိုက်မယ်

ချူးဟောက်ယွဲ့ ထွက်သွားပြီးနောက် ချူးယွင်ဖန်းသည် တောင်မြစ်ပန်ချီကားထဲသို့ ချက်ချင်းဝင်ကာ ချူးဟောက်ယွဲ့ ထုတ်ဖော်ခဲ့သည့် အချက်အလက်ကို တန်စီယုထံ ပြောပြလိုက်သည်။

"သေစမ်း"

တန်စီယု၏ မျက်ခုံးမွှေးများ အလွန် မြင့်တက်လာ၍ သူမ၏ လှပသော မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ သူမသည် မိသားစုနှင့် အထူးတလည် နက်ရှိုင်းသော ဆက်ဆံရေးမျိုး မရှိခဲ့သော်လည်း ၎င်းတို့သည် မိသားစုတစ်ခုဖြစ်နေဆဲဖြစ်သည်။ ယခုအခါတွင် အပြင်လူအချို့က တန်မိသားစုများ၏ အသက်နှင့် ခြယ်လှယ်နေသောကြောင့် သူမ၏ နှလုံးသားထဲတွင် သတ်ဖြတ်ချက်စိတ်များ ပေါ်ပေါက်လာသည်။

"ကိုယ်ကတော့ ဒါက ကောင်းတဲ့ကိစ္စလို့ထင်တယ်။ အဲဒီအမျိုးသမီးက ပိုပြီးယုတ်ညံ့လေ မင်းမိသားစုကို မင်းဘက်က ချုပ်ကိုင်ဖို့ ပိုပြီး လွယ်လေလေပဲ။ ဒါပေမယ့် အခုအရေးကြီးဆုံးအရာက သူမကို ဆန့်ကျင်နေတဲ့ တန်မိသားစုရဲ့ ထိပ်တန်း အကြီးအကဲတွေကို ရှာဖွေဖို့ပဲ။ ချူးမိသားစုတွေတောင် သူတို့ကို ရှာမတွေ့ကြသေးဘူး"

သို့သော်လည်း ထိုကိစ္စက ပြဿနာတစ်ခုဟု သူ မထင်ခဲ့ပေ။ အကယ်၍ ချူးမိသားစုသာ တန်မိသားစုနှင့်ပတ်သက်သော အရာအားလုံးကို ရှာဖွေနိုင်ခဲ့ပါက၊ ၎င်းတို့၏ အဆုံးသတ်သို့ ရောက်လုနီးပါးဖြစ်နေပြီဟု ဆိုလိုခြင်းဖြစ်သည်။

"ဒီကိစ္စကို ကျွန်မ စုံစမ်းလိုက်မယ်။ မိသားစုထဲမှာ ပြင်ပလူတွေ ရှာဖွေရခက်တဲ့ အရာတွေရှိတယ်၊ ဒါပေမယ့် ကျွန်မမှာ အဆက်အသွယ်တချို့ရှိတယ်။ ကျွန်မ ယုံကြည်လို့ရမဲ့ လူတချို့ကို သိတယ်" တန်စီယုက ပြောလိုက်သည်။

"ကောင်းပြီ၊ ဒါပေမယ့် သတိတော့ထားရမယ်။ မင်း ရှာနိုင်ရင်ကောင်းမယ်ဆိုပေမယ့် မရှာနိုင်ရင်လည်း ထားလိုက်ပါ။ အဲဒီအမျိုးသမီး သေပြီးသွားရင် လုပ်ချင်တာလုပ်လို့ရတယ်" ချူးယွင်ဖန်းက ပြောသည်။

တန်စီယုက ချိုသာစွာ ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့။ ကျွန်မရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် နတ်အဆင့်ကျွမ်းကျင်သူ မဟုတ်သရွေ့ ဘယ်သူမှ ကျွန်မကို မတားနိုင်ဘူး။ သာမာန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေတောင်မှ ကျွန်မကို မယှဉ်နိုင်တာမို့လို့ စိတ်ပူစရာမရှိပါဘူး"

"မင်းပြောတာလည်း ဟုတ်တာပဲ" ချူးယွင်ဖန်းက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။ တန်စီယုဘက်မှ တိတ်တဆိတ် လှုပ်ရှားသရွေ့ ပြဿနာကြီးကြီးမားမား မဖြစ်သင့်ကြောင်း သူသည်လည်း သဘောတူလိုက်သည်။

"ဒါဆိုရင် ဒီမဟာမိတ်ကို မဖျက်ဆီးခင် တစ်လလောက်စောင့်ရလိမ့်မယ်။ ကျန်းမိသားစုမှာ ကြီးမားတဲ့ အစီအစဉ်တစ်ခုရှိနေပေမယ့် ကိုယ်တို့ သူတို့ကို အောင်မြင်ခွင့်မပြုနိုင်ဘူး။" ချူးယွင်ဖန်း၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ခွန်းလွန်နယ်မြေ၊ ရုံအန်းမြို့ဆင်ခြေဖုံးရှိ လပြည့်တောင်တွင်။

ဤနေရာသည် ယနေ့တွင် အလွန် အသက်ဝင်လှုပ်ရှားနေသည်။ ပြည်ထောင်စု၏ ဩဇာကြီးမားသော ပုဂ္ဂိုလ်များက လူကိုယ်တိုင်လာရောက်ခြင်းသော်လည်းကောင်း ၎င်းတို့၏ ကိုယ်စားလှယ်များကို ဤနေရာသို့ စေလွှတ်ခြင်းသော်လည်းကောင်း ပြုလုပ်ခဲ့ကြသည်။ အကြောင်းအရင်းမှာ ယနေ့သည် ပြည်ထောင်စု၏ အရာရှိ ယန်ဖေးယန်၏ မွေးနေ့ပွဲဖြစ်သောကြောင့် ဖြစ်သည်။ ယန်ဖေးယန်သည် အကျော်ကြားဆုံး စစ်အရာရှိ မဟုတ်ဘဲ အမြဲတမ်း တိတ်တဆိတ်နေထိုင်တတ်သော်လည်း သူသည် ပြည်ထောင်စုတပ်မတော်တွင် ထိပ်တန်းအကြီးအကဲများအနက် တစ်ဦးဖြစ်သည်။ သူ၏မွေးနေ့သည် လူအများအပြား၏ အာရုံစိုက်မှုကို ခံရဆဲဖြစ်သည်။

လပြည့်တောင်တန်းကို အလွန် ပြည့်စုံစွာ အလှဆင်ထားကြသောကြောင့် မွေးနေ့ပွဲ၏ အငွေ့အသက်ကို နေရာတိုင်းတွင် ခံစားသိရှိနိုင်သည်။ တစ်ချိန်တည်းမှာပင် မာရှယ်လောကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ နောက်ဆုံးတွင် အရာရှိ ယန်ဖေးယန်ကို ထည့်သွင်း မရေတွက်လျှင်ပင် ပြည်ထောင်စုတစ်ဝှမ်းရှိ အခြားသော အင်အားကြီး ပုဂ္ဂိုလ်များစွာ ရောက်ရှိနေခဲ့သည်။ လုံခြုံရေး ပြဿနာတစ်ခုခု ဖြစ်ပွားခဲ့လျှင် ချက်ချင်းပင် သတင်း၏ အရှေ့မျက်နှာဖုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။

ယနေ့တွင် ပေါ့ပါးစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက လပြည့်တောင်၏ တောင်ခြေရင်းသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ သူသည် ခမ်းနားထည်ဝါသော ၀တ်စုံများ ၀တ်ဆင်ထားသော အခြားလူများနှင့် နှိုင်းယှဉ်ပါက ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်ထားသောကြောင့် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။ ထိုလူငယ်သည် စာလုံးများပါဝင်နေသော အနက်ရောင် တီရှပ်တစ်ထည်၊ အရောင်ပျက်ပြယ်နေသော ဂျင်းဘောင်းဘီတစ်ထည်နှင့် အဖြူရောင် ကင်းဗတ်ဖိနပ်တစ်ရံတို့ကို ၀တ်ဆင်ထားကာ ဦးထုပ်တစ်လုံးကို ဆောင်းထားသောကြောင့် သာမန်မြို့နေ လူငယ်တစ်ဦးကဲ့သို့ဖြစ်နေသည်။ ထို့ကြောင့်သာလျှင် ခမ်းနားထည်ဝါသော ဝတ်စုံများက သာမန်ဖြစ်နေသော ဤနေရာတွင် ထိုလူငယ်က ပေါ်လွင်နေခြင်းဖြစ်သည်။

ယခုအချိန်တွင် အဝင်အထွက် ပြုလုပ်နေသူများသည် စစ်ယူနီဖောင်းဝတ်ထားသော စစ်သားများ မဟုတ်လျှင် ဇိမ်ခံဝတ်စုံများ ဝတ်ဆင်ထားသည့် ချမ်းသာသော အထက်တန်းလွှာများ ဖြစ်ကြသည်။ ထိုလူငယ်ကဲ့သို့သော လူများသည် တခြားများနှင့် ကွဲပြားနေသည်။ ဤလူငယ်သည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။ သို့သော် သူသည် လူအုပ်ကြီး၏အကြည့်များကို လျစ်လျူရှုကာ တောင်ခြေရှိ စစ်ဆေးရေးဂိတ်ဆီသို့ တည့်တည့် လျှောက်သွားခဲ့သည်။ တာဝန်ကျနေသော စစ်သားများက သူ့ကို ချက်ချင်း တားဆီးလိုက်ကြသည်။

"ကျေးဇူးပြုပြီး ဖိတ်စာနဲ့ အထောက်အထားကို ဖော်ပြပေးပါ"

ချူးယွင်ဖန်းသည် အနီရောင်တောက်ပ၍ ရွှေတံဆိပ်ရိုက်နှိပ်ထားသော ဖိတ်စာကတ်ကို ထုတ်ယူလိုက်သည်။ ယနေ့ခေတ်တွင် ဖိတ်စာစာရွက်ကို အသုံးပြုသူ အများအပြားမရှိလှပေ။ ယေဘူယျအားဖြင့် အမွေအနှစ်နှင့် အမွေဆက်ခံသူတချို့သာ ထိုသို့ လုပ်ဆောင်နိုင်ကြသည်။ စစ်သားက ဖိတ်ကြားချက်ကို စစ်ဆေး၍ အမှားအယွင်း မရှိကြောင်း အတည်ပြုပြီးနောက် မေးမြန်းလိုက်သည်။

"ခင်ဗျားက ဘယ်သူပါလဲ၊ ကိုယ်တိုင် စာရင်းသွင်းဖို့ လိုအပ်ပါတယ်”

"ကျုပ်က ချူးယွင်ဖန်း၊ အရာရှိ ယန်ဖေးယန်ရဲ့မြေး"

ချူးယွင်ဖန်းက သူ၏ အထောက်အထားကို အမှန်အတိုင်း အစီရင်ခံပြီးသောအခါ စစ်သားများ၏ သူ့အပေါ် သဘောထားများ ပြောင်းလဲသွားကြသည်။ မြေးတစ်ဦးသည် ပြင်ပလူမဟုတ်ဘဲ တိုက်ရိုက်ဆွေမျိုးသာဖြစ်သည်။

"ခဏနေဦး။ အရာရှိယန်မှာ မြေးရှိတယ်ဆိုတာ ကျုပ် တစ်ခါမှ မကြားဖူးဘူး။" စစ်သားများက ချူးယွင်ဖန်းကို ဖြတ်သန်းခွင့်ပေးရန် ပြင်ဆင်နေကြချိန် စစ်ဆေးမှုကို စောင့်ကြည့်နေကြသော လူတစ်စုက ရုတ်တရက် စကားပြောလာသည်။

၎င်းတို့သည် အသက်နှစ်ဆယ်ကျော်ခန့် လူငယ် အမျိုးသား အမျိုးသမီးအုပ်စုဖြစ်သည်။ ဤလူများအားလုံးသည် ဇိမ်ခံ၀တ်စုံများ ၀တ်ဆင်ထားကြသောကြောင့် ထူးကဲသော ဇစ်မြစ်နှင့် အဆင့်အတန်းမြင့်မားသော မိသားစုများမှ ဆင်းသက်လာကြောင်း သိသာထင်ရှားသည်။ ချူးယွင်ဖန်း၏ ၀တ်စားဆင်ယင်မှုနှင့် နှိုင်းယှဉ်ပါက နှစ်ဦးနှစ်ဖက်သည် တူညီသော အဆင့်တွင် ရှိမနေကြပေ။ ၎င်းတို့ထဲမှ လူတစ်ဦးက အရှေ့သို့ လှမ်းလာ၍ ချူးယွင်ဖန်းကို လက်ညိုးထိုးလိုက်သည်။

" ခင်ဗျားက ဘယ်သူလဲ" ချူးယွင်ဖန်းသည် လူငယ်ကို စိုက်ကြည့်ကာ လှောင်ရယ်လိုက်သည်။

"မင်း မျက်စိကန်းနေတာလား။ ဒါက ဒုတိယဗိုလ်ချုပ်ကြီးဝမ် မိသားစုက ဒုတိယသခင်လေးပဲ။ ဒုတိယဗိုလ်ချုပ်ကြီးဝမ်နဲ့ အရာရှိယန်ရဲ့ မိသားစုက အရမ်းရင်းနှီးကြတာ မင်းက အရာရှိယန်ရဲ့မြေးလို့ ပြောပေမယ့် အစ်ကိုယွမ်က မင်းကို တစ်ခါမှမတွေ့ဖူးတာ မဖြစ်နိုင်ဘူး"

အခြားလူငယ်တစ်ဦးက အရှေ့ထွက်လာပြီးနောက် မျက်လုံးများတွင် သာလွန်သော အမူအရာမျိုးဖြင့် ချူးယွင်ဖန်းကို ပြောလိုက်သည်။ ဤလူအုပ်စုသည် သိုင်းပညာမိသားစုများရှိ သားသမီးများဖြစ်၍ ၎င်းတို့မိသားစုရှိ အကြီးအကဲများသည် အဆင့်မြင့်မားသော အရာရှိများဖြစ်ကြသည်။ စစ်တပ်အသိုင်းအဝန်းရှိ ချမ်းသာ၍ ဩဇာကြီးမားသော မျိုးဆက်များသည် တူညီသော အသိုင်းအဝိုင်းရှိ အခြားလူများနှင့်သာ ပိုမို ထိတွေ့ဆက်ဆံလေ့ရှိသည်။

"ဟုတ်တယ်။ ငါ အရာရှိယန်ရဲ့အိမ်ကို ခဏခဏရောက်ဖူးတော့ သူ့ရဲ့ သားမြေးတွေအကုန်လုံးကို သိတယ်။ အရင်က ငါ မင်းကို တစ်ခါမှ မတွေ့ဖူးပါဘူး" ဝမ်ယွမ်က ပေါ်လွင်စွာ ပြောလိုက်သည်။

ဝမ်ယွမ်၏ စကားကို ကြားသောအခါ ချူးယွင်ဖန်းကို မူလက လွှတ်ပေးရန် စီစဉ်နေသော စစ်သားများက ချက်ချင်းပင် နိုးကြားလာကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ စုစည်းကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေခြင်းကိုပင် ချူးယွင်ဖန်းက ခံစားလိုက်နိုင်သည်။ စစ်အရာရှိများ၏ အစောင့်အကြပ်များအဖြစ် ခန့်အပ်ခံရသူများသည် တပ်မတော်၏ လက်ရွေးစင်များ ဖြစ်ကြသည်မှာ သေချာသည်။

"ဆရာ၊ အခု ဝင်ခွင့်မပြုနိုင်တော့မှာ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ အထက်က အရာရှိတွေနဲ့ ဆရာ့ရဲ့အထောက်အထားကို စစ်ဆေးဖို့ လိုအပ်နေလို့ပါ" ကပ္ပတိန်က ပြောလိုက်သည်။

"သွားစစ်ဆေးလိုက်။ ခင်ဗျားတို့ ကြိုက်သလို အကုန်စစ်ဆေးလို့ရတယ်" ချူးယွင်ဖန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။ စစ်မိသားစု၏ မျိုးဆက်များအတွက်မူ ချူးယွင်ဖန်းက ၎င်းတို့ကို လှည့်ကြည့်ရန်ပင် စိတ်မ၀င်စားပေ။

"ဘာကို စစ်ဆေးဖို့ လိုလို့လဲ၊ ငါက မှားနေတယ်လို့ထင်တာလား။ ငါ သူ့ကို အရင်က မတွေ့ဖူးဘူးဆိုတော့ ပြဿနာတစ်ခုရှိနေလို့ပေါ့။ ဒီခွေးလိုကောင်က ဘယ်ကနေ ဖိတ်စာရလာမှန်းတောင် မသိဘူး၊ သူ့ကို ချက်ချင်းဖမ်းဆီးပြီး ဘယ်သူ လွှတ်လိုက်တာလဲဆိုတာ သိအောင်ဖော်ထုတ်ကြ" ဝမ်ယွမ်က ချူးယွင်ဖန်းကို ထောက်ပြ၍ ကြိမ်းဝါးလိုက်သည်။

ချူးယွင်ဖန်းသည် သူ့ကို လျစ်လျူရှုနေသော အမူအရာသည် ဝမ်ယွမ်၏ဒေါသကို ချက်ချင်းလောင်ကျွမ်းစေသည်။ သူသည် ဤဩဇာကြီးမားသော အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်၍ သူ့ဖခင်၏ ရာထူးသည် ၎င်းတို့၏မိဘများကြားတွင် အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် မည်သည့်အချိန်က ဤသို့ လျစ်လျူရှုခံခဲ့ရသနည်း။

ချူးယွင်ဖန်း၏ မျက်ခုံးများ အနည်းငယ် တွန့်တက်သွားပြီးနောက် သူသည် နောက်ဆုံးတွင် ဒေါသထွက်သွားလေသည်။ သူသည် မူလက ဤလူငယ်များ၏ အဆင့်သို့ မနှိမ့်ချချင်ခဲ့ပေ။ သူနှင့် အသက်တူ အရွယ်တူများဖြစ်ကြသော်လည်း သူတွေ့ဖူးသမျှလူများသည် ပြည်ထောင်စု၏ အရေးပါသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ချမ်းသာ၍ အာဏာရှိသော မိသားစုများ၏ ကလေးများကို မည်သို့ကြောင့် အာရုံစိုက်နေရမည်နည်း။ သို့သော် ဤလူ၏ အလွန်အမင်း ဟိတ်ဟန်ကြီးသော အပြုအမူသည် သူ့ကို နောက်ဆုံးတွင် ဒေါသထွက်သွားစေသည်။

"ဝမ်ယွမ် ဟုတ်လား။ 'ဒုက္ခက ပါးစပ်ကနေ လာတယ်' ဆိုတဲ့ စကားကို ခင်ဗျား မသိဘူးလား။ ခင်ဗျားရဲ့ မသိနားမလည်မှုကို ကျုပ် ခွင့်လွှတ်ပေးမယ်။ အခု ကျုပ်ကို ဒူးထောက်ပြီး တောင်းပန်လိုက်။ မဟုတ်ရင် ခင်ဗျားအဖေတောင် ခင်ဗျားကို ကာကွယ်နိုင်မှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ဝမ်ယွမ်ကို လှောင်ရယ်လျက် ပြောလိုက်သည်။

"မင်းက တော်တော် သတ္တိရှိနေတာပဲ" ချူးယွင်ဖန်း၏ စကားများသည် ဝမ်ယွမ်ကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။

"ဒင်းကို အခုချက်ချင်း ဖမ်းလိုက်စမ်း" ဝမ်ယွမ်က ချူးယွင်ဖန်းကို ညွှန်ပြလျက် အော်ဟစ်လိုက်သည်။

စစ်သားများသည် ချူးယွင်ဖန်းကို ကြည့်ပြီးနောက် ဝမ်ယွမ်ကို ကြည့်လိုက်ကြသည်၊ သို့သော်လည်း မည်သူမျှ မလှုပ်ရှားကြပေ။ ၎င်းတို့သည် စစ်သားများဖြစ်သော်လည်း မတုံးအကြပေ။ အထက်အရာရှိများထံ သူ့အမည်ကို အတည်ပြုမည်ကို မကြောက်ရွံ့သော ချူးယွင်ဖန်း၏ သဘောထားကို ၎င်းတို့ မြင်တွေ့နိုင်သည်။ ချူးယွင်ဖန်းသည် ပြင်ဆင်လာသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်၍ အယောင်ဆောင်ဖြစ်နိုင်ခြေ အလွန် နည်းပါးလှသည်။ ၎င်းတို့က သူ့ကို ဆန့်ကျင်ကြလျှင် ဒုက္ခရောက်သွားပေလိမ့်မည်။

"ဒူးထောက်စမ်း" ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။

ဝမ်ယွမ်၏ မူလက ဒေါသအမူအရာသည် တုန်လှုပ်ချောက်ချားခြင်းအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ သူ၏ခြေထောက်များ အားလျော့သွားကာ ချူးယွင်ဖန်းအရှေ့တွင် ရုတ်တရက် ဒူးထောက်ကျသွားသည်။ သူသည် မတ်တပ်ထရပ်ရန် ရုန်းကန်ခဲ့သော်လည်း ပခုံးပေါ်တွင် တောင်ကြီးတစ်ခု တင်ထားသကဲ့သို့ မတ်တပ်မရပ်နိုင်ကြောင်း တွေ့လိုက်ရသည်။

"ခင်ဗျားအဖေက သားသမီးကို ဘယ်လိုဆုံးမရမယ်မှန်း မသိတဲ့အတွက် ကျုပ် ဆုံးမပေးမယ်။ ဒီနေ့ ခင်ဗျား ပြစ်ဒဏ်အသေးစားနဲ့ သတိကြီးကြီး ပေးတဲ့အနေနဲ့ ဒီနေရာမှာ တစ်နာရီ ဒူးထောက်ရမယ်။ ခင်ဗျား အဖေက ပြဿနာရှာချင်တယ်ဆိုရင် လာခိုင်းလိုက်။ ဒုတိယဗိုလ်ချုပ်တစ်ယောက်က ဒီမှာ ပြဿနာရှာနိုင်မယ်လို့ ကျုပ် မယုံဘူး" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။ သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် ဒုတိယဗိုလ်ချုပ်တစ်ဦးက သူ၏မျက်လုံးထဲတွင် မပြောပါ့လောက်သူသာဖြစ်သည်။

'တကယ့်ဟာသပဲ၊ ငါက အဲ့ဒီ့အဆင့်လောက်ကို ကျော်လွန်နေပြီမို့လို့ ဗိုလ်ချုပ်ကိုတောင် ဂရုမစိုက်'

ယခုအခါ သူနှင့် နှိုင်းယှဉ်နိုင်သူသည် ပြည်ထောင်စုတွင် လူအနည်းငယ်သာရှိသည်။ ကနဦးတွင် ပြဿနာရှာရန် ကြိုးစားနေကြသော အုပ်စုက အံ့ဩသွားကြသည်။ ၎င်းတို့က မည်မျှ မိုက်မဲနေပါစေ ချူးယွင်ဖန်းသည် သာမန်လူမဟုတ်ကြောင်း ယခု မြင်တွေ့နိုင်ပြီဖြစ်သည်။ ၎င်းတို့သည် ဩဇာကြီးမားသော မိသားစုများမှ ဆင်းသက်လာကြသော်လည်း ၎င်းတို့၏ မိသားစုများသည် စည်းကမ်းထိန်းသိမ်းမှုကို မလျှော့ပေါ့ခဲ့ကြသောကြောင့် ကျင့်ကြံမှုပိုင်းအရ ၎င်းတို့၏ အသက်တူအရွယ်တူများကြားတွင် သာလွန်သူများဟု ယူဆနိုင်သည်။ ဝမ်ယွမ်၏ ကျင့်ကြံမှုသည် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် လာမည့်နှစ်အနည်းငယ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ခွင့်ရှိပေလိမ့်မည်။

ယခုမူ အော်ဟစ်လိုက်ရုံဖြင့် ချူးယွင်ဖန်းက ဝမ်ယွမ်ကို ခုခံနိုင်စွမ်းမရှိဘဲ ဒူးထောက်သွားစေခဲ့သည်။ ၎င်းတို့သည် မောက်မာသော်လည်း တုံးအ၍ မျက်စိကန်းသူများ မဟုတ်ကြသောကြောင့် ပျားအုံကို ကန်မိသွားကြောင်း နားလည်သွားကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့နှင့် အသက်အရွယ်တူသော်လည်း ပို၍ အစွမ်းထက်လွန်နေသည်။ သူသည် အရာရှိယန်၏မြေးမဟုတ်သည့်တိုင် ထူးခြားသော နောက်ခံအသိုင်းအဝိုင်းမျိုး ရှိသူဖြစ်ပေလိမ့်မည်။

၎င်းတို့သည် လူမှား၍ နှောင့်ယှက်မိသွားသည်မှာ သေချာသည်။ ဝမ်ယွမ်သည် မူလက ဒေါသထွက်နေသော်လည်း ချူးယွင်ဖန်း၏ စကားကိုကြားပြီးနောက် သူ့အပေါ် ရေအေးတစ်ပုံး လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် လူမှား၍ ရန်ဆွမိကြောင်း သိသွားလေသည်။ ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် စစ်အရာရှိတစ်ဦးသည် တောင်ပေါ်မှ ပျံဆင်းလာ၍ နေရာသို့ ရောက်ရှိလာသည်။

"လက်ထောက်လီ" ထိုအရာရှိကို တွေ့သောအခါ ဝမ်ယွမ်က ချက်ချင်း အော်ခေါ်လိုက်သည်။။

လူလတ်ပိုင်းအရာရှိက ဝမ်ယွမ်၏ ဒူးထောက်နေသော အပြုအမူကို မြင်သောအခါ အံ့အားသင့်သွားသည်။ အကြောင်းအရာများက မည်သို့ကြောင့် ထိုအခြေအနေ ဖြစ်လာသည်ကို သူ မသိပေ။ ခဏအကြာတွင် တာဝန်ကျစစ်သားက သူ့ဆီ သတင်းပို့လာသည်။ ပြီးနောက် လူတိုင်း၏ အံ့အားသင့်မှုအရ လူလတ်ပိုင်းအရာရှိက ချူးယွင်ဖန်းထံ ဦးစွာဦးညွှတ်၍ ပြောလိုက်သည်။

“သခင်ကြီး၊ သခင်မကြီးနဲ့ သခင်မလေးတို့ မနေ့တည်းက ရောက်နေကြပြီး သခင်လေး တစ်ယောက်ပဲ ကျန်တော့တာပါ”

လူတိုင်းက အလွန် အံ့ဩသွားကြသည်။ ချူးယွင်ဖန်းသည် ယန်ဖေးယန်၏မြေးတစ်ဦး အမှန်တကယ်ဖြစ်သည်ကို ၎င်းတို့က မည်သို့မျှ နားမလည်ဘဲ နေကြမည်နည်း။

အခန်း (၈၃၁) လက်တစ်ချောင်းတည်းဖြင့် လက်တစ်ဖက်ကို ဖျက်ဆီးခြင်း

ချူးယွင်ဖန်းသည် ဤအရာရှိက သူ့မိသားစုအကြောင်းပြောနေကြောင်း သိနေသည့်အတွက် ရိုးရိုးရှင်းရှင်း ခေါင်းညိတ်ပြလိုက်သည်။

"အန်ကယ်လီ၊ ကျွန်တော့်ကို ကယ်ပါဦး" ဝမ်ယွမ်က အော်ပြောလိုက်သည်။

လက်ထောက်လီက ဝမ်ယွမ်ကို လှည့်ကြည့်လိုက်သည်။ အခြားသူများ မပြောနိုင်သော်လည်း ဤနေရာ၌ တပ်စွဲထားသော ထိပ်တန်းစစ်သားများသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင် ရှိနေသောကြောင့် သာမာန်လူများနှင့် နှိုင်းယှဥ်ကြည့်လျှင်ပင် အမှန်တကယ် လက်ရွေးစင်များဖြစ်သည်။ လူတိုင်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေသောကြောင့် ဝမ်ယွမ်ကို မတ်တပ်မရပ်နိုင်ရန် မြေပြင်ပေါ်သို့ တင်းတင်းကြပ်ကြပ် ဖိထားသည့် အင်အားမျိုးရှိနေခြင်းကို မည်သူမျှ မမြင်နိုင်ကြပေ။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလျှင်ပင် ထိုသို့ပြုလုပ်နိုင်မည် မဟုတ်ပေ။ မည်သို့ဆိုသော် လူတစ်ဦး၏ စွမ်းအင်သည် ခန္ဓာကိုယ်မှ ထွက်သွားသည်နှင့် ၎င်းကို တစ်ဖန် ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပေ။ အစွမ်းထက်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလျှင်ပင် ထိုသို့ပြုလုပ်နိုင်မည် မဟုတ်ပေ။ လက်ထောက်လီသည် သူ၏လက်ရှိ ကျင့်ကြံမှုဖြင့် ဝမ်ယွမ်၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်ကို မြင်နိုင်သော်လည်း ဝမ်ယွမ်ကို လွတ်မြောက်အောင် မပြုလုပ်နိုင်ပေ။

ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်ကို ထုတ်လွှတ်လိုက်လျှင် လျင်လျင်မြန်မြန် ပျောက်ကွယ်သွားပေလိမ့်မည်။ သူသည် ဝမ်ယွမ်ကို ဒူးထောက်သည်အထိ အလွယ်တကူ ပြုလုပ်နိုင်ခဲ့သည်။ ဤနည်းပညာသည် အမှန်တကယ် အံ့ဩဖွယ်ကောင်းလှသည်။ ဝမ်ယွမ်သည် ချူးယွင်ဖန်းကို တစ်ဖန်ပြန်ကြည့်လိုက်သောအခါ သူ၏အကြည့်များ လုံးလုံးလျားလျား ခြားနားသွားသည်။ မျက်နှာကို တစ်ခါမျှ မပြသဖူးသော ဤသခင်လေးသည် ဝမ်ယွမ် စိတ်ကူးထားသလောက် ရိုးရှင်းပုံမပေါ်ပေ။

သူသည် အရာရှိယန်၏မိသားစုအကြောင်း အနည်းနှင့်အများ သိထားသည်။ အထူးသဖြင့် အရာရှိယန်၏ အကြီးဆုံးသမီးဖြစ်သူသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ပြန်ရောက်လာသောအခါ မျက်နှာကို မပြသဖူးသော တစ်ဦးတည်းသောသူသည် ဤသခင်လေးသာဖြစ်သည်။ သခင်မလေး ချူးချင်ရွှမ်သည် အလွန် အံ့မခန်းဖြစ်ဖွယ်ကောင်းနေပြီဟု သူ ထင်ထားခဲ့သည်။ သူမသည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် ဝင်ရောက်နိုင်စွမ်းရှိသူဟုပင် ထင်ကြေးပေးနေကြသည်။ ဤသည်မှာ မည်သို့သော ဖြစ်တည်မှုမျိုးဖြစ်သနည်း။ နှစ်စဉ် မရေတွက်နိုင်သော ကျောင်းသားများထဲတွင် ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် တစ်ဦးသာရှိသည်။

သူမသည် နောင်တွင် မတော်တဆမှုများမရှိသရွေ့ ပြည်ထောင်စုအတွင်း ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်မှာ သေချာသည်။ မိသားစုငယ်လေးမှ မိန်းမပျိုတစ်ဦးက ဤထူးချွန်နေခြင်းသည် အံ့ဩဖွယ်ကောင်းနေပြီဖြစ်သော်လည်း ဤသခင်လေးက ပို၍ အံ့ဩဖွယ်ကောင်းနေမည်ဟု မည်သူသိမည်နည်း။ ဝမ်ယွမ် သိထားရသမျှ ဤသခင်ငယ်လေးသည် အသက်နှစ်ဆယ်ကျော်မျှသာရှိသေးသည်။ ဤလှုပ်ရှားမှုအရ သူသည် စီနီယာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤသည်မှာ ထိုသခင်မလေးထက်ပင် ပို၍ အံ့ဩဖွယ်ကောင်းနေသည်။ သခင်မလေးနှင့် သခင်လေး၏ စွမ်းဆောင်မှုဖြင့်ပင် အကြီးဆုံးသမီး၏ မိသားစုကို မထီမဲ့မြင်ပြုမူရဲကြမည် မဟုတ်ပေ။

"ငါ မင်းကို မကယ်နိုင်ဘူး။ သခင်လေးက မင်းကို ဒူးထောက်စေချင်နေမှတော့ ဒူးထောက်လိုက်ပေါ့" လက်ထောက်လီက ဆိုသည်။

မည်သည့်အရာက အရေးကြီးသည်ကို လက်ထောက်လီ သိနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို အထင်သေးရန်မသင့်သော်လည်း အရာရှိတစ်ဦးနှင့် နှိုင်းယှဉ်လျှင် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက မပြောပါ့လောက်ပေ။ ဝမ်ယွမ်သည် လုံးလုံးလျားလျား အံ့ဩသွားသည်။ လက်ထောက်လီက သူ့ကို ကယ်တင်လိမ့်မည်ဟု သူမျှော်လင့်နေခဲ့သည်။ အဆုံးတွင် သူသည် လက်ထောက်လီနှင့် ဆက်ဆံရေးကောင်းမွန်သူဟု ထင်မှတ်ထားခဲ့သည်။ သို့သော် လက်ထောက်လီက သူ၏အော်ဟစ်အကူအညီတောင်းမှုကို လျစ်လျူရှုလိမ့်မည်ဟု မည်သူ သိမည်နည်း။

"ကျေးဇူးပြုပြီး ဒီဘက်ကို လိုက်ခဲ့ပါ သခင်လေး” လက်ထောက်လီက ပြောသည်။

“လမ်းပြပေး” ချူးယွင်ဖန်းက ခေါင်းညိတ်ပြပြီးနောက် အစောင့်လီနှင့်အတူ ထွက်ခွာသွားလေသည်။

"သူက တကယ် အရာရှိယန်ရဲ့မြေးပဲ။ ဒါပေမယ့် ငါတို့တွေ သူ့ကိုဘာလို့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးရတာလဲ"

"ဟုတ်ပါ့ အရာရှိယန်မှာ ဒီလိုမြေးတစ်ယောက်ရှိတယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး"

"ဒီအခြေအနေက မဟုတ်သေးဘူးနော်။ အစ်ကို ယွမ်ကို တကယ်ပဲ ဒီမှာ နေ့တစ်ဝက်လောက် ဒူးထောက်ခိုင်းတော့မှာလား"

ဝမ်ယွမ်က ဒေါသတကြီး အော်ဟစ်နေသော်လည်း သူ မည်သည်မျှ ပြုလုပ်ရန် မတတ်နိုင်ခဲ့ပေ။ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ ထူးဆန်းသော အကြည့်များကို မြင်သောအခါ သူ့နှလုံးသားက ဒေါသဖြင့် ပေါက်ကွဲထွက်လုနီးပါး ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် တပ်ကြပ်လီနောက်လိုက်၍ တောင်ပေါ်သို့ လိုက်ပါသွားသည်။ တောင်တက်လမ်းပေါ်တွင် လူများစွာရှိနေကြသည်၊ သို့သော် တပ်ကြပ်လီသည် ချူးယွင်ဖန်းကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးနေကြောင့် တွေ့လိုက်ရသောအခါ ၎င်းတို့က စူးစမ်းလိုစိတ်ဖြင့် ကြည့်လာကြသည်။ လက်ထောက်လီ၏ တရားဝင်ရာထူးသည် မမြင့်မားသော်လည်း အရာရှိယန်၏လက်ထောက်ဖြစ်၍ အရာရှိယန်က သူ့အပေါ် ယုံကြည်အားထားမှုရှိကြောင်း လူတိုင်းသိကြသည်။ သူသည် နောင်တွင် စစ်ဗိုလ်ချုပ်ကြီးဖြစ်လာမည်မှာ သေချာသည်။

"အရမ်းတော်ပါတယ် သခင်လေး" လက်ထောက်လီက ချူးယွင်ဖန်းကို အကြောင်းပြချက်မရှိဘဲ ချီးကျူးလိုက်သည်။

သို့သော် သူ၏ ယခင် အပြုအမူကြောင့် ဖြစ်သည်ကို ချူးယွင်ဖန်းက သိနေသည်။

"ကျုပ်က ကြီးလေးတဲ့ သတိပေးချက်အနေနဲ့ သူ့ကို သေးငယ်တဲ့ ပြစ်ဒဏ်တစ်ခုပေးလိုက်တာပါ" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

လက်ထောက်လီ၏ လမ်းညွှန်မှုအောက်တွင် ချူးယွင်ဖန်းသည် တောင်ထိပ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ တောင်ထိပ်တစ်ခုလုံးကို ခေတ်မီနည်းပညာများဖြင့် ပြုလုပ်ထားသောကြောင့် ကျယ်ပြောလှသော မြေပြန့်လွင်ပြင်တစ်ခုဖြစ်နေသည်။ လှပ၍ ခမ်းနားထည်ဝါသော အဆောက်အအုံ အမျိုးမျိုးတို့ကို မြေပြင်တွင် အတန်းလိုက် တည်ဆောက်၍ ထွင်းထု ခြယ်သထားသည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်လေ့ရှိသော ခြံဝင်းသည် လူသွားလူလာများဖြင့် စည်ကားနေ၍ အလွန် သက်ဝင်လှုပ်ရှားနေသည်။

လက်ထောက်လီသည် ချူးယွင်ဖန်းကို ဧည့်ခံခန်းမသို့ ခေါ်ဆောင်သွားပြီးနောက် ချူးယွင်ဖန်းရောက်ရှိလာသည့်အကြောင်း အရာရှိယန်အား အကြောင်းကြားရန် ထွက်ခွာသွားသည်။ ဧည့်ခန်းမတွင် ဘူဖေးပုံစံ အစားအသောက်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ သွားလာလှုပ်ရှားနေသော လူများသည် ဆယ်ကျော်သက်အရွယ်များသာဖြစ်သည်။ အမျိုးသားများ အမျိုးသမီးများရှိနေကြ၍ ၎င်းတို့အားလုံး၏ အပြုအမူများအရ ဂုဏ်သိက္ခာရှိသည့် ထူးခြားသော နောက်ခံအသိုင်းအဝိုင်းများ ရှိပုံရသည်။

ချူးယွင်ဖန်းသည် ထောင့်စွန်းရှိ ဆိုဖာပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်။ ငယ်ရွယ်နုပျိုသော မျက်နှာများကို ကြည့်လိုက်သောအခါ ရုတ်တရက် အသက်ကြီးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့သည် သက်တူရွယ်တူများ ဖြစ်ကြသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ချူးယွင်ဖန်း တွေ့ကြုံခဲ့ရသည့်အရာသည် ၎င်းတို့၏ဘဝတစ်လျှောက်လုံး တွေ့ကြုံရမည့်အရာများထက် ပို၍ များပြားနေပေလိမ့်မည်။ အတွေ့အကြုံများစွာ ကြုံတွေ့ရပြီးနောက် သူ၏သက်တူရွယ်တူများနှင့် အလှမ်းဝေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

နှစ်အနည်းငယ်အတွင်း သူဖြတ်သန်းခဲ့ရသည့် ဗရုတ်သုတ်ခဆန်သော ကျင့်ကြံမှုနှင့် တိုက်ပွဲများကြောင့် အနားယူရန်ပင် အချိန်မရှိခဲ့ပေ။ ဤလူငယ်များကြားတွင် ထူးထူးခြားခြား ဆွဲဆောင်မှုရှိသူ လူတစ်ဦးရှိနေသည်။ သူမ သည် အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်၍ သူမ၏ အသားအရေသည် နှင်းများကဲ့သို့ ဖြူဖွေးသည့်အပြင် သပ်ရပ်လှပသော မျက်နှာသွင်ပြင်ဖြင့် အရပ်ရှည်ကာ ကောက်ကွေးသော ခန္ဓာကိုယ်မျိုးရှိနေသည်။

သူမသည် ဤချမ်းသာ၍ ဩဇာအာဏာကြီးမားသော လူငယ်များအနက် ကြက်အုပ်ထဲရှိ ကြိုးကြာတစ်ကောင်ကဲ့သို့ ထင်မှတ်ရစေသည်။ သူမ၏ ဖြစ်တည်မှုသည် ယောက်ျားအားလုံးနီးပါး၏ အာရုံကို ဆွဲဆောင်စေခဲ့သည်။ အမျိုးသမီးသည် ရုတ်တရက်ဆိုသလိုပင် လူတိုင်းကို ထားခဲ့လိုက်ပြီးနောက် သူမ၏ အာရုံစိုက်မှုကို ရယူရန်ကြိုးစားနေကြသော လူများကို ငြီးငွေ့လာသကဲ့သို့ ချူးယွင်ဖန်းဆီကို တည့်တည့် လျှောက်လှမ်းလာသည်။

သူမ၏ သွယ်လျသော ခြေတံများဖြင့် ချူးယွင်ဖန်း၏နံဘေးသို့ လျှောက်လှမ်းလာပြီးနောက် မေးမြန်းလိုက်သည်။

"ဒီမှာ ထိုင်လို့ရမလား"

သူမ နီးကပ်လာသောအခါ ချူးယွင်ဖန်း၏နှာခေါင်းဖျားသို့ သင်းပျံ့သော မွှေးရနံ့တစ်ခု ပျံ့လွင့်လာသည်။

"ထိုင်ပေါ့" ချူးယွင်ဖန်းက ပခုံးတွန့်ပြလိုက်သည်။

အမျိုးသမီးသည် ဟန်မဆောင်ဘဲ ချူးယွင်ဖန်း နံဘေးရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ ထိုအချိန်တွင် ဟိတ်ဟန်ကြီးသော လူငယ်တစ်ဦးကို ဝန်းရံထားသော လူငယ်တစ်စု လျှောက်လှမ်းလာသည်။

"ယွီယန်၊ ဘာလို့ ဒီရောက်နေတာလဲ၊ ပင်ပန်းလို့ အနားယူချင်လို့လား" လူငယ်၏ မျက်နှာတွင် ခံ့ညား၍ တောက်ပသော အပြုံးတစ်ခု ပေါ်လွင်စေသည်။

အမျိုးသားတစ်ဦးဖြစ်သော ချူးယွင်ဖန်းလျှင်ပင် ဤအပြုံးသည် အမှန်တကယ် ချောမောလှသည်ဟု ဝန်ခံရပေလိမ့်မည်။ သို့သော် ဤအပြုံးသည် စိတ်ရင်းဖြင့်မဟုတ်ဘဲ စံနှုန်းတစ်ခုသာ ဖြစ်ပုံပေါ်သည်။ ထိုအချက်ကို လူအများအပြားက မမြင်တွေ့နိုင်ကြပေ။

"လီရွှမ်ပင်၊ ကျွန်မ သွားမယ့်နေရာကို ရှင့်ကို သတင်းပို့စရာ မလိုပါဘူး" ယွီယန်အမည်ရှိသော အမျိုးသမီးက လူငယ်ကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ မင်း ကိုယ့်ကို သတင်းပို့စရာ မလိုပါဘူး"

လူငယ်၏ အပြုံးများ ခေတ္တအေးခဲသွားသော်လည်း နောက်ပိုင်းတွင် ပို၍ပင် တောက်ပစွာ ပွင့်လန်းလာသည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်သည်။ သူသည် ရှင်းလင်းစွာ ပြသပြီးသားဟု ထင်မှတ်နေသော်လည်း ချူးယွင်ဖန်းက မမြင်ချင်ယောင်ဆောင်၍ လျစ်လျူရှုထားမည်ဟု မည်သူသိမည်နည်း။ ချူးယွင်ဖန်း၏ထိုင်ခုံသာလျှင် ယွီယန်၏ နံဘေးတွင်ရှိနေ၍ ကျန်ရှိသော ထိုင်ခုံများက သူနှင့် အနည်းငယ် ဝေးကွာနေသည်။

"ညီအစ်ကို၊ ကျုပ်ကို မျက်နှာသာပေးပြီး ခင်ဗျား ထိုင်ခုံပေးလိုက်ပါ" လူငယ်၏ မျက်နှာသည် စကားပြောနေစဉ် ဒေါသဖြင့် တောက်လောင်လာသည်။

"ခင်ဗျားက ဘယ်သူလဲ" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။

ယွီယန်သည် သူ့ကို ဒိုင်းတစ်ခုအနေဖြင့် အသုံးပြုခဲ့ကြောင်း သူနောက်ဆုံးတွင် နားလည်သွားသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် ထိုလူငယ်ကို မနှစ်သက်ပေ။ သူ၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခုရှိနေသော်လည်း မောက်မာသော လေသံသည် ချူးယွင်ဖန်းကို အလွန် မပျော်မရွှင်ဖြစ်စေသည်။

"ကျုပ်အဘိုးက အရာရှိလီခုန်းရုံ" လီရွှမ်ပင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

လူငယ်သည် ဂုဏ်ယူပိုင်ခွင့်ရှိသောကြောင့် သူ၏ အမူအရာတွင် ဂုဏ်ယူမှု အနည်းငယ်ရှိနေသည်။ ၎င်းတို့အားလုံးသည် အရာရှိ ယန်ဖေးယန်၏ မွေးနေ့ပွဲကို တက်ရောက်ရန်အတွက် ဤနေရာသို့ ရောက်လာကြခြင်းဖြစ်သည်ကို သိထားသင့်၍ သူ့အဘိုး၏ အဆင့်အတန်းသည် အရာရှိ ယန်ဖေးယန်နှင့် တန်းတူဖြစ်နေသည်။ သူသည် ဤဩဇာရှိသော လူငယ်များ၏ ခေါင်းဆောင်ဖြစ်သည်။ ဝမ်ယွမ်လျှင်ပင် သူနှင့် နှိုင်းယှဉ်ရန် မထိုက်တန်ပေ။

"ဒါဆို ခင်ဗျားအဘိုးက အရာရှိပေါ့" ချူးယွင်ဖန်းသည် လီရွှမ်ပင်ကို လှည့်ကြည့်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ထွက်သွားစမ်းပါ"

လီရွှမ်ပင်၏ အပြုံးများ သူ၏မျက်နှာထက်တွင် အေးခဲသွားပြီးနောက် လုံးလုံးလျားလျား အံ့အားသင့်သွားသည်။ စာကြောင်း၏ပထမပိုင်းကို ကြားသောအခါ ချူးယွင်ဖန်းသည် သူ မည်မျှအင်အားကြီးကြောင်းကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပြီဟု ထင်မှတ်ခဲ့သည်။ ချူးယွင်ဖန်း၏ နောက်ထပ်စကားများက သူ့ကို ထွက်သွားရန် နှင်ထုတ်ခြင်း ဖြစ်မည်ဟု မည်သူ သိမည်နည်း။ သူ၏မျက်လုံးများတွင် စူးရှသော အလင်းရောင်များ ပေါ်ပေါက်လာသည်။ ချူးယွင်ဖန်းသည် လူမသိသူမသိသော နေရာမှ တောသားတစ်ဦး ဖြစ်မည်ဟု သူ ထင်နေမိသည်။ သူ၏အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်းသည် သာမန်ပြည်သူတစ်ဦးဖြစ်ပုံရသည်။

"ဟားဟား၊ ခင်ဗျားက ကျုပ်ကို ရိုင်းစိုင်းရဲတယ်လား" လီရွှမ်ပင်က လှောင်ရယ်ကာ ပြောလိုက်သည်။ ယွီယန်အရှေ့တွင် ပြသလေ့ရှိသော သူ၏နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပြီးနောက် ပြင်းထန်သော အမူအရာမျိုး ထွက်ပေါ်လာသည်။ ယွီယန်၏ ငြင်းပယ်မှုမှ ခံစားရသော ဒေါသများသည် ယနေ့အခါ ပေါက်ကွဲထွက်လာသည်။

"ခင်ဗျားက ဘယ်လောက်ထိုက်တန်လဲဆိုတာ ကြည့်ရသေးတာပေါ့"

လီရွှမ်ပင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ၊ သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ ထွက်ပေါ်လာသည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။အရာရှိ၏ ဤမြေးဖြစ်သူသည် တပ်မတော်ထဲသို့ မဝင်ဖူးသော်လည်း တပ်မတော်၏ လျှို့ဝှက်သိုင်းပညာများကို သင်ယူခဲ့သည်။ ရဲရင့်သော စစ်သားတစ်ဦးကဲ့သို့သော သူ၏ စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ဤအခြေအနေသည် ဧည့်ခန်းမရှိအတွင်းရှိ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားစေသည်။

"လီရွှမ်ပင်က တကယ် အဆင့်ဖြတ်ကျော်သွားပြီပဲ။ မွေးဖွားခြင်းနယ်မြေကိုတောင် ရောက်နေပြီ"

"အဲဒီလူငယ်က ကံဆိုးတာပဲ။ လီရွှမ်ပင်ကိုမှ စော်ကားရတယ်လို့ တန်သလားအခုတော့"

"ကျွတ်၊ ကျွတ်၊ ခင်ဗျားက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ" လေးလံသည့် အမြောက်တစ်ခုနှင့် ဆင်တူသော လီရွှမ်းပင်၏ လက်သီးချက်သည် ချူးယွင်ဖန်း၏ ဦးခေါင်းဆီ ရောက်ရှိသွားသည်။

"ဟား" ချူးယွင်ဖန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။

သူသည် လက်ညှိုးဖြင့် တောက်လိုက်သည်နှင့် လီရွှမ်ပင်က ချက်ချင်း ဆိုးရွားစွာ အော်ဟစ်လိုက်သည်။ ဝှေ့ယမ်းနေသော သူ၏လက်သီးသည် ရုတ်တရက် တွဲလျားကျသွားကာ အနောက်သို့ ဆုတ်ခွာလာခဲ့ရသည်။ လီရွှမ်ပင်၏ မျက်နှာအမူအရာ ဖြူဖျော့သွား၍ ချွေးများဖြင့် စိုရွှဲလာကာ သူ၏မျက်လုံးများတွင် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ဤလက်သီးချက်၏ ခွန်အားကို လုံးလုံးလျားလျား မထိန်းချုပ်ခဲ့ပေ၊ သို့သော်လည်း ချူးယွင်ဖန်း၏ လက်ချောင်းတစ်ချောင်းသည် သူ၏လက်တစ်ဖက်လုံးကို ကျိုးပဲ့သွားစေသည်။ ချူးယွင်ဖန်းသည် သူ၏လက်ကိုပင် မထိခဲ့ပေ။

"အရာရှိယန်က မွေးနေ့ပွဲ ကျင်းပနေလို့ ပြစ်ဒဏ်အနေနဲ့ ခင်ဗျားရဲ့လက်မောင်းတစ်ချောင်းကိုပဲ ချိုးလိုက်မယ်။ နောက်တစ်ခါ သေကြောင်းလာကြံရင် ကျုပ်ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

လီရွှမ်ပင်သည် ချူးယွင်ဖန်းကို မချဉ်းကပ်ဝံ့ဘဲ နောက်ဆုတ်သွားခဲ့သည်။ ချူးယွင်ဖန်းကို ပြန်ကြည့်လိုက်သော သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ လီရွှမ်ပင် အဝေးသို့ ဆုတ်ခွာသွားသောအခါ ချူးယွင်ဖန်းက ယွီယန်ဘက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။

"ကဲ၊ ခင်ဗျား ကျုပ်ကို အကျိုးအကြောင်း ရှင်းပြပေးနိုင်မလား"

All Chapters