အခန်း (၈၅၃-၈၅၅)
Vol. 57 Ch. 853-855
အခန်း (၈၅၃) နတ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်ခြင်း
ချက်ချင်းဆိုသလိုပင် သွေးများဖုံးလွှမ်းနေသော မိုးကြိုးလှံရှည်သည် ဒုဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်မှ ပေါက်ထွက်သွားသည်။ သွေးများ လွင့်စဉ်သွား၍ သွေးရောင် ပန်းတစ်ပွင့်အဖြစ် ပွင့်လန်းသွားလေသည်။ အရာအားလုံးသည် တခဏလေးအတွင်းမှာပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရှိန်သည် အလွန် မြန်ဆန်လွန်းသောကြောင့် လူအများအပြားက အချိန်မီ မတုံ့ပြန်နိုင်ကြပေ။ ချူးယွင်ဖန်းသည် တယ်လီပို့ပြုလုပ်၍ ဒုဂိုဏ်းခေါင်းဆောင် အရှေ့သို့ ရောက်လာသကဲ့သို့ဖြစ်နေသည်။
“မင်း…” ဒုဂိုဏ်းခေါင်းဆောင်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းသည် သူ၏မျှော်လင့်ချက်များထက် ထပ်မံ ကျော်လွန်သွားပြန်သည်။
ချူးယွင်ဖန်းသည် လှုပ်ရှားနိုင်ခဲ့လျှင်ပင် လေထဲတွင် အရှိန်ပြင်းပြင်း လှုပ်ရှားနိုင်မည် မဟုတ်ဟု သူ ထင်မှတ်ထားခဲ့သည်။ ဤအရာများသည် အဓိပ္ပာယ်မဲ့လွန်းလှသည်။ မွေးဖွားခြင်းနယ်မြေ အဆင့် ကျွမ်းကျင်သူများတွင် ပျံသန်းနိုင်သော စွမ်းရည်မရှိပေ။ ချက်ချင်းဆိုသလိုပင် လေပြင်းများ မိုးခြိမ်းသံနှင့်အတူ တောင်ပံခတ်သံများ သူ၏ အကြားအားရုံသို့ ဝင်ရောက်လာသည်။ သူ၏ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ချူးယွင်ဖန်း၏ နောက်ကျောတွင် မိုးခြိမ်းအတောင်ပံတစ်စုံ ပေါ်ပေါက်လာခြင်းကို မြင်တွေ့လိုက်ရသည်။ ၎င်းအတောင်ပံခတ်သံများအနက် လေပြင်းနှင့် မိုးခြိမ်းသံများ ဖြတ်သန်း တိုက်ခတ်နေကြသည်။
ချူးယွင်ဖန်းတွင် အတောင်ပံများ ရှိနေခဲ့သည်။ ယခုအချိန်အထိ ချူးယွင်ဖန်းသည် မြေပြင်ပေါ်တွင် သူ၏တိုက်ခိုက်မှုများကို မထုံတက်တေး ပြုမူခဲ့သောကြောင့် ချူးယွင်ဖန်းက ထပ်မံ တိုက်ခိုက်ရန် မဖြစ်နိုင်ဟုသာ ဒုဂိုဏ်းခေါင်းဆောင်က တွေးခဲ့မိသည်။ ချူးယွင်ဖန်း၏ အကြီးမားဆုံး အားနည်းချက်သည် မပျံသန်းနိုင်ခြင်းဟု သူ ထင်ထားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်း၏ အင်အားသည် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ ပြင်းထန်နေသော်လည်း ချူးယွင်ဖန်းသည် သေခြင်းတရားမှ မလွတ်မြောက်နိုင်ပေ။
ထို့ကြောင့် သူသည် လုံးလုံးလျားလျား သတိလက်လွတ်ဖြစ်နေခဲ့သည်။ ယခုမူ ချူးယွင်ဖန်းသည် သူ၏ မျက်နှာကို အပြင်းအထန် ရိုက်နှက်ရန်အတွက် အဖြစ်မှန်ကို အသုံးပြုခဲ့သည်။ ချူးယွင်ဖန်းသည် ပျံသန်းနိုင်သော စွမ်းရည်မရှိခြင်းမဟုတ်ဘဲ တစ်ချိန်လုံး သူ၏ ခွန်အားကို ဖုံးကွယ်ကာ တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်မျှော်နေခြင်းဖြစ်သည်။ ယခုမတိုင်မီ ကြိုတင်ပြင်ဆင်မှုများအားလုံးသည် တိုက်ခိုက်မှုအတွက်သာဖြစ်သည်။ သူ၏ တိုက်ပွဲအစီအစဉ် နက်နဲမှုသည် ဒုဂိုဏ်းခေါင်းဆောင်ကို လုံးလုံးလျားလျား အံ့အားသင့်စေခဲ့သည်။
"ချူးယွင်ဖန်းက ပျံနေတယ် ဟ"
"သူတကယ် ပျံနေတာပဲ၊ သူမှာ တောင်ပံတွေပေါက်နေတယ်။ သူ မွန်းစတားအဖြစ် မျိုးရိုးဗီဇပြောင်းသွားတာလား"
"ဒါက မျိုးရိုးဗီဇ ပြောင်းလဲတာ မဟုတ်ဘူး။ သူ့ကိုယ်ပေါ်ရှိ အတောင်ပံတွေကို ကြည့်လိုက်၊ မိုးကြိုး စွမ်းအင်ကြောင့် ဖြစ်လာတာ အသိသာကြီး။ အဲ့ဒါ မိုးကြိုးတောင်ပံတွေ။ မိုးကြိုးက ကမ္ဘာပေါ်မှာ အမြန်ဆုံး ဒြပ်စင်တစ်ခု ဖြစ်နေတော့ သူ့အရှိန်က ဒီအဆင့်အထိ ခုန်တက်သွားတာ အဓိပ္ပာယ်ရှိပါတယ်"
"အဲ့လိုဆိုရင်တောင် မဖြစ်နိုင်ဘူး နော်။ ကျုပ်လည်း မိုးကြိုး သိုင်းပညာမျိုး လေ့ကျင့်နေတာ၊ အဲ့ဒါကြောင့် မိုးကြိုး စွမ်းအားနဲ့ ပစ်ပြီး ဓားသွားကနေ စွမ်းအင်အချို့ကို ထုတ်လွှတ်နိုင်ပေမယ့် အတောင်ပံရလာတော့ မကြားဖူးပါဘူး။ သာမန်သိုင်းပညာနဲ့တော့ မဖြစ်နိုင်ဘူး"
"ရှေးဟောင်း လူသားများကာလရဲ့ အမွေအနှစ် တွေ ရခဲ့လို့များ ဖြစ်နိုင်လား။ ဒါကသာ ကြောက်စရာ အကျိုးသက်ရောက်မှုမျိုး ဖန်တီးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလေ"
လူတိုင်း အလွန် တုန်လှုပ်သွားကြသည်။ နေရာ၌ရှိနေသော ကျွမ်းကျင်သူများသော်လည်းကောင်း အင်တာနက်ပေါ်ရှိ ကျွမ်းကျင်သူများသော်လည်းကောင်း လူတိုင်းက တုန်လှုပ်သွားကြသည်။ ဤအတောင်ပံတစ်စုံသည် ချူးယွင်ဖန်းကို ပျံသန်းခွင့်ပေးနိုင်ရုံမျှ မရိုးရှင်းပေ။ ၎င်းသည် ချူးယွင်ဖန်း၏ တစ်ခုတည်းသော ချို့ယွင်းချက်ကို ဖြည့်တင်းပေးခဲ့သည်။
ယခုအခါ ချူးယွင်ဖန်းသည်လည်း ပျံသန်းနိုင်သောကြောင့် ဒုဂိုဏ်းခေါင်းဆောင်၏ အားသာချက် ပျောက်ကွယ်သွားခဲ့သည်။ သူသည် ယခင်ကကဲ့သို့ ရိုက်နှက်ခြင်းကိုသာ သည်းခံ၍ ပြန်မတိုက်ရန် မဖြစ်နိုင်ပေ။
"အခု စဉ်းစားကြည့်တော့မှ ချူးယွင်ဖန်းက သူ မပျံနိုင်ဘူးလို့ လူတိုင်းကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ဖို့ ပြန်မတိုက်ခိုက်ခဲ့တာကို... ကြောက်စရာကောင်းလိုက်တာ"
"သူက တကယ်လိမ္မာပါးနပ်တာပဲ။ သာမန်လူတစ်ယောက်ဆိုရင် ဒီထိုးချက်နဲ့ သေသွားလောက်ပြီ"
လူအများအပြားက ဒုဂိုဏ်းခေါင်းဆောင်ကို ပြန်ကြည့်ကြသည်။ သူသည် တိုက်ခိုက်မှု တစ်ချက်တည်းနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရသည်။ သူသည် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်၍ သူ၏ခန္ဓာကိုယ်သည် သာမန်လူများထက် အဆပေါင်းများစွာ သန်မာသော်လည်း ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ထင်မှတ်ထားသည့်အတိုင်း သူ၏ရင်ဘတ်တွင် လက်သီးအရွယ်အစားမျှ အပေါက်တစ်ခု ဖြစ်ပေါ်လာကာ သူ့အနောက်ဘက်ရှိ ရှုခင်းများကို မြင်တွေ့နိုင်သည်။ သူသည် လုံးလုံးလျားလျား ဖောက်ထွင်းခံခဲ့ရသည်။
ထို့အပြင် အပေါက်၏တည်နေရာသည် သူ၏နှလုံးသားနှင့် အလွန်နီးကပ်နေသည်။ ဒုဂိုဏ်းခေါင်းဆောင်သည် အရေးကြီးသော အခိုက်အတန့်တွင် တိုက်ခိုက်မှုကို မရှောင်တိမ်းခဲ့လျှင် သူ သေဆုံးသွားပေလိမ့်မည်။ လူတစ်ဦးသည် နှလုံးသား ကွဲကြေသွားပါက၊ ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ဖြစ်သည့် နတ်အဆင့်ကျွမ်းကျင်သူလျှင် သေဆုံးရပေလိမ့်မည်။
နတ်အဆင့် ကျွမ်းကျင်သူများသည် နတ်တန်ခိုးများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့သည် နတ်ဘုရားများ မဟုတ်ကြပေ။ ၎င်းတို့၏ ဘဝအဆင့်များသည် အသွင်ကူးပြောင်းခါစဖြစ်သောကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိပါက အမှန်တကယ် အဆုံးသတ်သွားမည်ဖြစ်သည်။ ၎င်းတို့သည် သေလုနီးပါး ဖြစ်သွားပေလိမ့်မည်။
မိုးကြိုးစွမ်းအင်ဖြင့် တိုက်ခိုက်ခဲ့ခြင်းသောကြောင့် ဒဏ်ရာသည် မီးကျွမ်းနေသကဲ့သို့ မည်းနက်နေ၏။ ဒဏ်ရာ၏မျက်နှာပြင်ပေါ်တွင် မိုးကြိုးစွမ်းအင် လင်းလက်နေခြင်းကိုပင် မြင်တွေ့နိုင်သည်။
"ကောင်းပြီ၊ မင်းက လိမ္မာပါးနပ်သားပဲ၊ ကျုပ်က အလျော့ပေးနေတာကို မင်း ကျုပ် မျက်လုံးတွေကို ထိုးဖောက်လိုက်တယ်ပေါ့လေ"
ဒုဂိုဏ်းခေါင်းဆောင်သည် သူ၏ အသက်ဓာတ်များ လျင်မြန်စွာ စီးဆင်းသွားခြင်းကို ခံစားနိုင်သည်။ တခြားလူတစ်ဦးသာဆိုလျှင် ဤဒဏ်ရာကြောင့် သေဆုံးသွားပေလိမ့်မည်။ အမှန်တကယ် သေဆုံးသွားနိုင်သည့် နှလုံးသားကို ထိခိုက်ရာမှ ရှောင်တိမ်းခြင်းသည် အချိန် အနည်းငယ် နှောင့်နှေးခြင်းသာ ဖြစ်သည်။ အချိန်မီ ကုသမှုမခံယူလျှင် ဤသို့ဖြင့် သေဆုံးသွားနိုင်သည်။
ဤတစ်ကြိမ် တောင်ပေါ်မှ ထွက်လာသောအခါ ယခုကဲ့သို့သော ပြဿနာမျိုး ကြုံတွေ့ရမည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် ချူးယွင်ဖန်း၏ထောင်ချောက်ထဲသို့ ကျရောက်လုနီးပါးဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ့ကို ကုသရန် အခွင့်အရေးမပေးကြောင်း သိသာထင်ရှားသည်။ ချူးယွင်ဖန်းသည် သွေးများရွှဲစိုနေသော လှံရှည်ကို ကိုင်ထားခဲ့သည်။
ထိုလှံရှည်သည် သူ၏လက်နက်ဖြစ်သောကြောင့် ၎င်းကို မြင်သောအခါ ကျန်းရွှမ်လေ့၏ မျက်လုံးများနီရဲနေသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေပြီးနောက် မိုးကြိုးလှံရှည်ကို လုယူသွားခဲ့သည်။ ယခုမူ သူသည် မိုးကြိုးလှံရှည်ကို ပြန်မြင်တွေ့နေရသည်။ သို့သော် ထိုအချိန်ကနှင့် နှိုင်းစာလျှင် ချူးယွင်ဖန်းသည် ယခုအခါ ပို၍ အစွမ်းထက်နေသည်။ သူ့လက်ထဲရှိ မိုးကြိုးလှံရှည်၏ စွမ်းအားသည် သာမန်လူများ၏ စိတ်ကူးထက်ပင် သာလွန်နေသည်။
"ချီးပဲ၊ ချူးယွင်ဖန်း သေရမယ်၊ သူ သေကို သေရမယ်"
သူ၏မျက်လုံးများ နီရဲလာသည်။ သူသည် ဤကဲ့သို့သော ထောင်ချောက်မျိုး ချမှတ်ထားသော်လည်း ချူးယွင်ဖန်းက ဤနေရာသို့ ရောက်လာကာ ဤအခြေအနေထိ အတင်းအကြပ်တွန်းပို့ဝံ့မည်ဟု သူ မယုံကြည်နိုင်ပေ။ ဤဖြစ်စဉ်သည် ချူးယွင်ဖန်း၏ လက်ထဲတွင် သေဆုံးလုနီးပါးဖြစ်ခဲ့သော အချိန်ကို အမှတ်ရသွားစေသည်။
တစ်ဖက်တွင် ချူးယွင်ဖန်းသည် ဒုဂိုဏ်းခေါင်းဆောင်ကို တစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့သည့်အတွက် အနည်းငယ် နောင်တရနေမိသည်။ သူ၏ ကနဦးတွက်ချက်မှုများအရ ဒုဂိုဏ်းခေါင်းဆောင်သည် ဤတိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်သင့်ပေ။
"ခင်ဗျားမှာ အရည်အချင်းရှိပါတယ်၊ ဒါပေမယ့် အဲ့လိုဆိုရင်တောင် ဘာမှမထူးဘူး။ ခင်ဗျား သေရမှာပဲ"
ချူးယွင်ဖန်းသည် မိုးကြိုးလှံရှည်ကို ကိုင်ဆောင်၍ ဒုဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်သည်။ အနည်းငယ် နောင်တရမိသော်လည်း ဒုက္ခများသည်ဟု သူ မထင်မိပေ။ မည်သို့ဆိုသော် ၎င်းတို့နှစ်ဦးက ခွန်အား အစစ်အမှန်ဖြင့် ယှဉ်ပြိုင်ရမည်ဆိုလျှင်ပင် ဒုဂိုဏ်းခေါင်းဆောင်သည် သူ၏ပြိုင်ဘက် မဟုတ်နိုင်ပေ။
ကံကောင်းထောက်မစွာဖြင့် ဒုဂိုဏ်းခေါင်းဆောင်သည် မကြာသေးမီကမှ နတ်အဆင့်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ သူသည် တိုက်ခိုက်ရေးစွမ်းအားအရ၊ ချူးယွင်ဖန်း မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ တက်လှမ်းလာသောအချိန်ကနှင့် ညီမျှနေသည်။ သို့သော် ယခုအခါ အရာအားလုံးက ကွဲပြားသွားခဲ့သည်။
“ဒီလိုပြောဖို့က စောလွန်းပါသေးတယ်” ဒုဂိုဏ်းခေါင်းဆောင်က အံကြိတ်၍ ပြောလိုက်သည်။
သူ၏ ရင်ဘတ်တွင် ရှိနေသော သွေးရောင် အပေါက်ကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် အမှန်တကယ် ပျောက်ကင်းသွားခဲ့သည်။ သူသည် ခဏအကြာတွင် သူ၏ပုံမှန်အခြေအနေသို့ ပြန်လည်ကောင်းမွန်လာခဲ့သည်။ အနီးနားရှိ အဝတ်အစားများ စုတ်ပြဲနေသည့်အချက်ကြောင့်သာ မဟုတ်ပါက၊ သူ၏ ပြင်းထန်စွာ ဒဏ်ရာရသွားသော အချက်ကို မည်သူမျှ သတိထားမိမည် မဟုတ်ပေ။
မူလက နက်မှောင်နေသည့် ဒုဂိုဏ်းခေါင်းဆောင်၏ ဆံပင်တစ်ဝက်ကျော်မျှသည် ဖြူဆွတ်သွားကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ ယခုတစ်ကြိမ်တွင် သူ၏ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခြင်းသည် သူ၏အသက်ဓာတ်ကို အများအပြား သုံးစွဲခဲ့ခြင်းကြောင့် နဂိုနုပျိုသော အသွင်အပြင်ထက် များစွာအသက်ကြီးသွားခြင်းဖြစ်သည်။ ပြန်လည်ကုသရန်အတွက် အလွန် ကြီးလေးသော စျေးနှုန်းကို ပေးဆောင်ခဲ့ကြောင်း လူတိုင်း သိကြသည်။
သို့သော် ထိုသို့သော ပြန်လည်ကုသရေး စွမ်းရည်သည် လူများစွာကို အံဩသွားစေသည်။ နတ်အဆင့် ကျွမ်းကျင်သူများသည် ဂေဟဗေဒ ဟန်ချက်ညီမှုကို ဖျက်ဆီးနေကြသည်ဟု လူအများက ခံစားမိသွားသည်။ နတ်အဆင့်ကျွမ်းကျင်သူများကို မည်ကဲ့သို့ ဖယ်ရှားရမည်ကို အဓိက အင်အားစု အများအပြားက လေ့လာနေကြသည်။
၎င်းသည် ပုံမှန်ဖြစ်စဉ်သာဖြစ်သည်။ တဖက်တွင် အင်အားစုများစွာသည် နတ်အဆင့်ကျွမ်းကျင်သူများကို အားကိုးနေရ၍ အခြားတစ်ဖက်တွင် ၎င်းတို့က နတ်အဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်ရန် နည်းလမ်းများ ရှာဖွေနေရသည်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုတပ်မတော်အတွက် အထူးတလည် လိုအပ်နေသည်။ ဤကဲ့သို့သော အဆင့်မျိုးရှိ ကျွမ်းကျင်သူများကို ရင်ဆိုင်ရသောအခါ လူအများအပြားက အိပ်မပျော် စားမဝင် ဖြစ်နေကြသည်။
ယခု ၎င်းတို့သည် ဤအံ့ဖွယ်ကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို မြင်တွေ့လိုက်ရသဖြင့်၊ နတ်အဆင့်ကျွမ်းကျင်သူများ၏ အန္တရာယ်အဆင့်ကို အခြားအဆင့်သို့ မြှင့်တင်လိုက်ကြသည်။ အကယ်၍ နတ်အဆင့်ကျွမ်းကျင်သူ တစ်ဦးသည် ကိုင်တွယ်ရန် အလွန် ခက်ခဲနေပြီဆိုလျှင် ထိုနတ်အဆင့် ကျွမ်းကျင်သူဟောင်းများကို ကိုင်တွယ်ခြင်းက ပို၍ပင် ခက်ခဲပေလိမ့်မည်။
"ကျုပ် မင်းကို အရက်စက်ဆုံးနည်းနဲ့ အတတ်နိုင်ဆုံး သတ်ပစ်မယ်။ သေဆုံးခြင်းကမှ ကောင်းချီးနဲ့ လွတ်မြောက်မှုဖြစ်တယ်ဆိုတာကို မင်း သိစေရမယ်"
ဒုဂိုဏ်းခေါင်းဆောင်သည် အန္တရာယ်ရှိသော အရောင်အဝါမျိုး ထုတ်လွှတ်လိုက်သည်။ သူသည် ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။
"ခင်ဗျားက ကျုပ်ကို သတ်ချင်နေတာလား" ချူးယွင်ဖန်းက လှောင်ရယ်ရုံမျှသာ ပြုလုပ်လိုက်သည်။
"ခင်ဗျား လုပ်နိုင်မလား ကြည့်ကြတာပေါ့"
ထိုအချိန်တွင် ဒုဂိုဏ်းခေါင်းဆောင် ပေါက်ကွဲသွားခဲ့သည်။ အကန့်အသတ်မဲ့ ဓားအလင်းရောင်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် သူ၏ဓားကို လျှပ်စီးအလျင်ဖြင့် ချူးယွင်ဖန်းဆီ ခုတ်ထစ်လိုက်သည်။ ဓားအလင်းရောင်သည် အရာအားလုံးကို ခွဲထုတ်လိုက်ပြီးနောက် ကြီးမားသော ပန်းပွင့်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းသည် တခဏအတွင်းမှာပင် အရာအားလုံးကို နစ်မြှုပ်သွားစေသည်။ ၎င်းပန်းသည် ပွင့်လန်းလာ၍ ပြိုင်စံရှားဖြစ်သွားလေသည်။
ဓား၏ လေးလံမှုမှ ပွင့်လန်းလာသည့် ကြောက်မက်ဖွယ် ဓားအလင်းရောင်သည် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။ အဖြူရောင်ပြောင်းနေသော ဒုဂိုဏ်းခေါင်းဆောင်၏ ဆံပင်များသည် ပို၍ပင် ဖြူဆွတ်လာသည်။ ချူးယွင်ဖန်းကို တစ်ချက်တည်း သတ်ပစ်နိုင်မည်ဟုသော ယုံကြည်ချက်ဖြင့် ဤလှုပ်ရှားမှုတွင် သူ၏အသက်ဓာတ်အားလုံးကို ထည့်သွင်းခဲ့သည်။ အဆုံးတွင် သူသည် နတ်အဆင့်ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းသည် မပြောပါ့လောက်သူသာဖြစ်သည်။
"ဒါ ခင်ဗျားရဲ့ အသန်မာဆုံး တိုက်ခိုက်မှုလား| ဒါဆို ခင်ဗျားရဲ့ အသန်မာဆုံး တိုက်ခိုက်မှုကို ကျုပ် ဖျက်ဆီးပစ်မယ်"
ချူးယွင်ဖန်းသည် အော်ဟစ်၍ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်နှင့် ဧရာမ အသူရကာယ်ကြီး ပေါ်လာကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ဘုံး ဘုံး ဘုံး
ဤလက်သီးချက်သည် အနှိုင်းမဲ့ကြီးမားလှသော ပန်းပွင့်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ အရာအားလုံးကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။ ချူးယွင်ဖန်း စေလွှတ်လိုက်သော အသူရကာယ်များသည် ယခင်ကထက် ပိုမိုအားကောင်းနေသည်။ အဆုံးတွင် ချူးယွင်ဖန်းက သူ၏ ခွန်အားကို ချုပ်နှောင်ထားခဲ့ကြောင်း ဒုဂိုဏ်းခေါင်းဆောင်က သိလိုက်ရသည်။ ဤအခိုက်အတန့်တွင် ဒုဂိုဏ်းခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သို့သော်လည်း လက်သီးချက်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီဖြစ်သည်။
ဘန်း
ဒုဂိုဏ်းခေါင်းဆောင်သည် ချက်ချင်းပင် လွင့်ပျံသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏စိတ်ထဲတွင် အတွေးတစ်ခုရှိနေခဲ့ရာ၊ ၎င်းသည် လွတ်မြောက်ရန်သာဖြစ်သည်။ ယခုအချိန် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုသည် ထွက်ပြေးရန်ဖြစ်သည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ ဂုဏ်သိက္ခာကို ကယ်ဆယ်ရန်အတွက် ချူးယွင်ဖန်းကို အနိုင်ယူခြင်းမျိုး သူ မပြုလုပ်နိုင်ပေ။
'သောက်ကျိုးနည်းတဲ့မှပဲ'
သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ဆင့်ခေါ်ပြီးနောက် အဝေးသို့ ထွက်ပြေးလိုက်သည်။ သို့သော် အလွန် နောက်ကျသွားပြီဖြစ်သည်။ ချူးယွင်ဖန်းက ပို၍ မြန်ဆန်နေခဲ့သည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသည် ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးနောက် သွေးနီရောင် အရိုးစုလက်သည် လက်သီးကို ကျစ်ကျစ်ဆုပ်၍ အသူရကာယ်ဖြင့် ထိုးနှက်လိုက်သည်။
"အသူရကာယ်အပိုင်း"
"အသူရကာယ်အပိုင်း"
"အသူရကာယ်အပိုင်း"
ချူးယွင်ဖန်းသည် လက်သီးကို သုံးချက်ဆက်တိုက် အဆက်မပြတ် ထိုးနှက်လိုက်ရာ၊ ဒုဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဒုဂိုဏ်းခေါင်းဆောင်သည် အဆုံးတွင် မခံနိုင်တော့ဘဲ ကောင်းကင်မှ ပြုတ်ကျသွားသည်။ သူ၏ခန္ဓာကိုယ်သည် ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲထွက်ကာ သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အခန်း (၈၅၄) ကြီးစွာသော အုတ်အော်သောင်းတင်းဖြစ်ပွားမှု
ဒုဂိုဏ်းခေါင်းဆောင်သည် ထိုအချိန်တိုလေးအတွင်းတွင် မည်မျှသော ထိခိုက်မိမှုများ ခံစားခဲ့ရသည်ကို မည်သူမျှ အတိအကျ မသိနိုင်ပေ။ သို့သော် သူ၏ခန္ဓာကိုယ်သည် ကွဲအက်သွားတာကြောင့် အလွန် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးကို ခံစားခဲ့ရခြင်းဖြစ်သည်ကို ၎င်းတို့ နားလည်နိုင်ကြသည်။ လူတိုင်းသည် ဤရုတ်တရက် ပြောင်းလဲမှုကို လက်မခံနိုင်သကဲ့သို့ အံ့ဩနေကြသည်။
ယင်းမတိုင်မီက အကောင်းမြင်ဆုံးလူလျှင်ပင် ချူးယွင်ဖန်းက ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ချူးယွင်ဖန်းသည် ဒုဂိုဏ်းခေါင်းဆောင်ကို အနိုင်ယူနိုင်ခဲ့လျှင်ပင်၊ လုံးလုံးလျားလျား စိတ်ကူးယဉ်နိုင်ခြင်းမရှိသည့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသည်။ မည်သို့ဆိုသော် မည်သူတစ်ဦးတစ်ယောက်မှ ထိုသို့လုပ်ဆောင်နိုင်ကြောင်း မကြားဖူးသောကြောင့်ဖြစ်သည်။
ဤဖြစ်စဉ်သည် အလွန်ကြီးမားသော အံ့အားသင့်ဖွယ်ဖြစ်သည်။ ယခုမူ ဤအံ့အားသင့်ဖွယ်သည် ၎င်းတို့အရှေ့၌ ပေါ်လာသောကြောင့် ၎င်းကို မယုံကြည်နိုင်သည့်အပြင် အချိန်အတိုင်းအတာတစ်ခုအထိ မတုံ့ပြန်နိုင်ခဲ့ပေ။ မည်သူမဆို ထိုဖြစ်စဉ်ကို တုံ့ပြန်ရန် အချိန်အတော်အတန်ကြာမြင့်ခဲ့ရသည်။
"ချူးယွင်ဖန်းက နတ်အဆင့်ကျွမ်းကျင်သူကို သတ်လိုက်တယ်"
ဤစာကြောင်းသည် ပျားအုံကို ထိုးလိုက်သကဲ့သို့ လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ အထူးသဖြင့် အင်တာနက်ပေါ်တွင် ပို၍ပင် ဖြစ်ပွားနေသည်။
[သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူက နတ်အဆင့် ကျွမ်းကျင်သူကို အနိုင်ယူခြင်း]
[ လုံးဝ အံ့ဩစရာပဲ။ မွေးဖွားခြင်းနယ်မြေ အဆင့် ကျွမ်းကျင်သူက နတ်အဆင့်ကျွမ်းကျင်သူကို သတ်ခဲ့တယ်]
[နတ်အဆင့်ကျွမ်းကျင်သူများရဲ့ ဒဏ္ဍာရီ ပျက်စီးသွားပြီ]
ထိတ်လန့်ဖွယ်ရာ ပို့စ်မျိုးစုံသည် အင်တာနက်ပေါ်တွင် ပေါ်ပေါက်လာကာ ပြည်ထောင်စုတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ တိုက်ပွဲမပြီးဆုံးမီတွင် အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။
[မဖြစ်နိုင်ဘူး နတ်အဆင့်ကျွမ်းကျင်သူတစ်ယောက်က မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို ဘယ်လိုလုပ်ပြီး ရှုံးရမှာလဲ]
[မဖြစ်နိုင်ဘူး၊ သတင်းအတုဖြစ်ရမယ်]
မယုံကြည်သူအများအပြားလည်း ရှိနေခဲ့သည်။ ဤဖြစ်စဉ်သည် ၎င်းတို့၏ လောကအပေါ် ထားရှိသော အမြင်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။
"နိုင်သွားပြီ၊ သူ နိုင်သွားပြီ"
ချူးမိသားစု ဘိုးဘေးအိမ်တော်တွင်ရှိနေသည့် စံအိမ်တစ်ခုတွင် ချူးဝမ်ချန်းနှင့် ယန်ယာ့ယွင် တို့သည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်၍ ငိုရှိုက်နေကြသည်။ ချူးယွင်ဖန်းသည် နတ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်မည်အကြောင်းနှင့် ပတ်သက်၍ ၎င်းတို့ကို မပြောခဲ့ပေ။ ချူးချင်ရွှမ်သည် အိမ်သို့ ရုတ်တရတ် ပြန်လာကာ ထိုအကြောင်းကို ပြောပြခဲ့ခြင်းဖြစ်သည်။
နတ်အဆင့် ကျွမ်းကျင်သူများသည် အလွန်ကြသည့်အတွက်၊ ၎င်းတို့၏ခွန်အားသည် လူတိုင်း၏စိတ်တွင် အမြစ်တွယ်နေခဲ့သည်။
မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးက အောင်မြင်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားပေ။ ဤသို့ဆိုလျှင်ပင် ချူးယွင်ဖန်းက ၎င်းကို ပြုလုပ်ခဲ့သည်။ ကနဦးတွင် ချူးဝမ်ချန်းနှင့် ယန်ယာ့ယွင်တို့က အလွန် စိုးရိမ်နေခဲ့သည်။ ယခုမူ ၎င်းတို့၏စိုးရိမ်မှုအားလုံးသည် ဂုဏ်ယူမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းသည် ၎င်းတို့၏ သားဖြစ်သည်။
***
သုန်ဟွာမြို့ရှိ ရှန်ဟေးဆေးကုမ္ပဏီတွင် လုချင်းရွှမ်အပါအဝင် ကုမ္ပဏီ၏ အထက်ပိုင်း စီမံခန့်ခွဲရေးမှူးများအားလုံးသည် ဤတိုက်ပွဲကြီးကို အင်တာနက်ပေါ်မှ ကြည့်ရှုနေကြသည်။ ၎င်းတို့သည် ကုမ္ပဏီကို တာဝန်ယူထားသော်လည်း ကုမ္ပဏီ၏ အဓိကအချက်အချာသည် ချူးယွင်ဖန်းမှလွဲ၍ တခြားလူမဟုတ်မှန်း လူတိုင်းသိကြသည်။ ရှန်ဟေးဆေးကုမ္ပဏီသည် သူအနိုင်ရပြီးသည်နှင့် အင်အားကြီးမားလာရန် အချိန်တစ်ခုသာ ကြာမြင့်ပေလိမ့်မည်။ ပြည်ထောင်စုအတွင်းရှိ မရေတွက်နိုင်သော လူများသည် ၎င်းတို့အား ငွေပေးအပ်ရန် အလျင်စလို လုပ်ဆောင်ကြမည်ဖြစ်၍ မရေတွက်နိုင်သော ဘဏ်များက ၎င်းတို့ကို ချေးငွေများ ပေးအပ်ရန် အော်ဟစ်ငိုကြွေးနေကြပေလိမ့်မည်။ မရေတွက်နိုင်သော အရည်အချင်းရှိသူများသည်လည်း ၎င်းတို့၏ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုတစ်ဝှမ်းမှ အများအပြား လာရောက်ကြမည်ဖြစ်သည်။
သို့သော်လည်း မအောင်မြင်ခဲ့လျှင် နောက်ဆက်တွဲဆိုးကျိုးများကို တွေးကြည့်၍ပင် မရနိုင်ပေ။ လုချင်းရွှမ်းအပါအဝင် ဤနေရာတွင်ရှိနေသညိ့ လူတိုင်းသည် ချောက်ထဲသို့ ပစ်ချခံရပေလိမ့်မည်။ သာယာဝပြော၍ တိုးတက်နေသော ရှန်ဟေးဆေးကုမ္ပဏီသည် တစ်ကျိုက်တည်းဖြင့် ဝါးမျိုခံရပေလိမ့်မည်။ ကနဦးတွင် ၎င်းတို့က အနည်းငယ် ဝေဖန်ရှုံ့ချနေကြသည်။ ချူးယွင်ဖန်းသည် မည်သို့ကြောင့် ဤမျှ မဆင်မခြင် ပြုမူရခြင်းဖြစ်သနည်း။ နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးသည် အနိုင်ယူရန် အလွန် လွယ်ကူခြင်း ဖြစ်လေသလော။
နတ်အဆင့်ကျွမ်းကျင်သူများကို ဝန်းရံ၍ ချေမှုန်းခြင်းက အလွန် လွယ်ကူနေလျှင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးက နတ်အဆင့် ကျွမ်းကျင်သူကို စိန်ခေါ်ခြင်းမဆိုနှင့် ပြည်ထောင်စုသည် ယခုအချိန်တွင် ခေါင်းကိုက်နေရန် မလိုတော့ပေ။ ဤသည်မှာ သေကြောင်းကြံစည်ခြင်းမျိုးသာဖြစ်သည်။ ချူးယွင်ဖန်း၏ အရည်အချင်းသည် မည်မျှပင် အံ့ဩဖွယ်ကောင်းပါစေ၊ နတ်အဆင့်မဖြစ်မီ ထိုသို့ပြုမူခြင်းက သေခြင်းတရားကို ဆွဲဆောင်နေခြင်းဖြစ်သည်။
ယခုမတိုင်မီအထိ ချူးယွင်ဖန်းက ပြုလုပ်နိုင်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။ ၎င်းတို့သည် နောက်ဆုံး စီရင်ချက်ကို စောင့်ဆိုင်းနေသကဲ့သို့သာ ရလဒ်များကို စောင့်မျှော်နေရသည်။ ၎င်းတို့ကိုယ်တိုင်ပင် မယုံကြည်နိုင်သော အံ့ဖွယ်ဖြစ်စဉ်မျိုးနှင့် ကြုံတွေ့ရမည်ဟု မည်သူသိသနည်း။
"ဟားဟား၊ ငါတို့နိုင်ပြီ။ ငါတို့နိုင်ပြီ"
အထက်တန်း စီမံခန့်ခွဲရေမှူး တစ်ဦးက မနေနိုင် မထိုင်နိုင်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ ၎င်းတို့သည် အမှန်တကယ် အနိုင်ရရှိခဲ့သည်။ ချူးယွင်ဖန်းသည် အမှန်တကယ် အနိုင်ယူခဲ့သည်။ သူသည် နတ်အဆင့်သို့ အမှန်တကယ် ဝင်ရောက်ခြင်းသော်လည်းကောင်း မဝင်ရောက်ခြင်းသော်လည်းကောင်း နတ်အဆင့်ကျွမ်းကျင်သူကိုပင် သတ်ဖြတ်နိုင်သည့် စွမ်းအင်မျိုးရှိနေခြင်းကို ယုံမှားသံသယဖြစ်ရန် မလိုပေ။
ချူးယွင်ဖန်းနှင့် နတ်အဆင့် ကျွမ်းကျင်သူကြားတွင် ခြားနားမှု မရှိပေ။ ရှန်ဟေးဆေးကုမ္ပဏီသည် ယခုအခါ နတ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် ကျွမ်းကျင်သူတစ်ဦး၏ ပံ့ပိုးကူညီမှုကို ရရှိထားကြသည်။ ၎င်းတို့၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုသည် အကန့်အသတ်မဲ့နေပြီဖြစ်သည်။ ၎င်းတို့သည် နောက်ပိုင်းတွင် ပြည်ထောင်စု၏ ဧရာမ အင်အားစုဖြစ်လာမည်ဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စုရှိ ကော်ပိုရေးရှင်းများ၏ လက်ရှိအထက်ပိုင်း ကော်ပိုရေးရှင်းများကဲ့သို့ အားကောင်း၍ အံ့ဩဖွယ်ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်လာမည်ဖြစ်သည်။
အခြေအနေသည် တခဏအတွင်း ပြောင်းပြန်ဖြစ်သွားခဲ့သည်။ လုချင်းရွှမ်သည် ဦးစွာ သက်ပြင်းချနိုင်ခဲ့သူဖြစ်သည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များဝဲနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးနှစ်ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ငယ်ရွယ်၍ အတွေ့အကြုံမရှိသော လူငယ်လေးတစ်ဦးအဖြစ်မှ နာမည်တစ်လုံးဖြင့် ပြည်ထောင်စုကို တုန်လှုပ်စေသည့် ကျွမ်းကျင်သူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ ချူးယွင်ဖန်း၏ အောင်ပွဲကြောင့် ၎င်းတို့အားလုံး အန္တရာယ်ကပ်ဘေးကို ရင်ဆိုင်ရန် မလိုအပ်ပေ။
"အခု ကျွန်မတို့ နိုင်သွားပြီဆိုတော့၊ အားလုံးက ကျွန်မတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်မကို ဘဏ်ဥက္ကဋ္ဌတွေနဲ့ ဆက်သွယ်ပြီး ချေးငွေအကြောင်း ကူညီဆွေးနွေးပေးပါဦး။ ကျွန်မတို့ကုမ္ပဏီကို တစ်နှစ်အတွင်း ဆယ်ဆ ချဲ့ထွင်စေချင်တယ်" လုချင်းရွှမ်က ပြောလိုက်သည်။
မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူတစ်ဦးသည် ထိုကဲ့သို့သော ကုမ္ပဏီမျိုးကို မပံ့ပိုးနိုင်သော်လည်း နတ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ကျွမ်းကျင်သူတစ်ဦးက ပြုလုပ်နိုင်သည်။
***
"ဟားဟားဟား၊ ကောင်းကင်ဘုံက ကျုပ်တို့မိသားစုအပေါ် ကောင်းချီးတွေ သွန်းလောင်းနေတာပဲ"
ချူးမိသားစု ဘိုးဘေးအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာတွင် ချူးမိသားစု၏ ထိပ်တန်းအရာရှိများအားလုံးက နောက်ဆုံးရလဒ်ကို စောင့်မျှော်ရန် စုရုံးနေကြသည်။ အင်တာနက်ပေါ်ရှိ သာမန်လူများနှင့် နှိုင်းယှဉ်ပါက၊ တိုက်ပွဲကို ၎င်းတို့ မိသားစု၏ စစ်ဘက်ဆိုင်ရာ ဂြိုလ်တုများမှတစ်ဆင့် ကြည့်ရှုနိုင်သောကြောင့် ပိုမို မြင်တွေ့နိုင်ကြသည်။ ချူးယွင်ဖန်းသည် နတ်အဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလုံးကို ၎င်းတို့ မြင်တွေ့ခဲ့ရသည်။
ချူးဟောက်ယွဲ့က ရူးသွပ်စွာ ရယ်မောနေသည်။ ကနဦးတွင် ချူးယွင်ဖန်းက ပြုလုပ်နိုင်မည်ဟု သူ မထင်မှတ်ထားပေ။ ချူးယွင်ဖန်းသည် နတ်ကျွမ်းကျင်သူ၏လက်ချက်မှ လွတ်မြောက်နိုင်ခဲ့လျှင်ပင် ကမ္ဘာကြီးကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ကို အမှန်တကယ် သတ်ပစ်လိမ့်မည်ဟု မည်သူသိမည်နည်း။
၎င်းသည် ချူးမိသားစုတွင် အခြားသော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးရှိနေခြင်းနှင့် ညီမျှနေသည်။ ယင်းသည် ပြည်ထောင်စုအတွင်း ရှုပ်ထွေးသော အခြေအနေတွင် ကာကွယ်ရေး အလွှာတစ်ခု ထပ်မံ ပေါင်းထည့်လိုက်ခြင်းနှင့် ညီမျှသည်။
"ကျုပ်တို့ အင်အားအားလုံးကို စုစည်းထား။ ကျန်းမိသားစုများကို လက်တုံ့ပြန်ခွင့် ပြုလို့မဖြစ်ဘူး" မိသားစုခေါင်းဆောင် ချူးယန်က ဟိန်းဟောင်လိုက်သည်။
ယခုတစ်ကြိမ်တွင် မိသားစုအတွင်းရှိ မည်သူမျှ မကန့်ကွက်ကြပေ။ ချူးယွင်ဖန်း ပြသခဲ့သော တိုက်ပွဲစွမ်းရည်ကို အကဲဖြတ်ကြည့်ခြင်းဖြင့် အနာဂတ်တွင် သူ မည်သည့်အဆင့်အထိ ရောက်ရှိနိုင်မည်ကို စိတ်ကူးရန် ခက်ခဲလှသည်။ ဤအရာသည် ဘိုးဘေးကြီးကို ဆက်ခံသူရှိခြင်းသကဲ့သို့ မရိုးရှင်းပေ။ သူသည် ၎င်းထက်ပင် ပို၍ အင်အားကြီးမားနိုင်သည်။
ထို့အပြင် ချူးမိသားစုသည် ပြည်ထောင်စုအတွင်းရှိ အဓိကအင်အားစုများအနက် မျိုးဆက်သစ် အမွေဆက်ခံသူများကို နတ်အဆင့်သို့ ပြုစုပျိုးထောင်ပေးခဲ့သည့် ပထမဆုံးသော အင်အားစုဖြစ်သည်။ ၎င်းဖြစ်စဉ်သည် တခြားမိသားစုများထက် သာလွန်ကောင်းမွန်သွားစေသည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် မည်မျှ အင်အားကြီးမားသည်ကို ယုံမှားသံသယဖြစ်ရန် မလိုအပ်ပေ။ ၎င်းကို လူတိုင်းက နားလည်ကြသည်။ ချူးမိသားစုသည် ဤပွဲတွင် အပြည့်အဝအားသာချက်ရှိနေ၍ အနာဂတ်တွင် နံပါတ်တစ်မိသားစုဖြစ်လာနိုင်သည်။
"ဟောက်ယွဲ့၊ ချူးယွင်ဖန်းက ငါတို့ကို ဆေးဖော်စပ်ရာမှာ ကူညီပေးမှာနဲ့ ပတ်သက်ပြီး၊ သူနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အစွမ်းကုန်လုပ်ဆောင်ဖို့ အမိန့်ပေးလိုက်။ တာဝန်အားလုံးမှာ သူ့ကို ဦးစားပေးပြီး လုပ်ကြမယ်။ အောင်မြင်ရင်၊ ငါတို့ မိသားစုက နောက်ထပ် နတ်ကျွမ်းကျင်သူတစ်ယောက် မွေးထုတ်နိုင်မှာဆိုတော့ အခြေအနေက ခိုင်မာသွားပြီ။ ကျန်းမိသားစုတွေက ငါတို့ကို ထိနိုင်မှာ မဟုတ်တော့ဘူး" ချူးယန်က ပြောလိုက်သည်။
"နားလည်ပါပြီ" ချူးဟောက်ယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် သူ့ကို နတ်အဆင့်သို့ ဝင်ရောက်ရန် ကူညီပေးမည်ဟူသော ယခင်က ချူးယွင်ဖန်း ပြောခဲ့သော စကားကို ချူးဟောက်ယွဲ့က သတိရသွားသည်။ ချူးယွင်ဖန်း၏ လက်ရှိအခြေအနေအရ မုသားပြောရန် လုံးလုံးလျားလျား မဖြစ်နိုင်ပေ။ ယခုမူ ချူးဟောက်ယွဲ့သည် ထိုအဆင့်သို့ ဝင်ရောက်ရန် အခွင့်အရေးရှိနေပြီဖြစ်သောကြောင့် မည်သို့မျှ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
***
"သူ တကယ် အနိုင်ရသွားပြီပဲ”
တစ်ချိန်တည်းမှာပင် တန်မိသားစု၏ လျှို့ဝှက် အခြေစိုက်စခန်းတွင် တန်ပိုင်လုအပါအဝင် တန်မိသားစု၏ အဆင့်မြင့် အရာရှိအများအပြားသည် ဤမြင်ကွင်းကို ကြည့်ရှုနေကြသည်။ ချူးယွင်ဖန်းသည် အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု ၎င်းတို့အားလုံး မယုံကြည်နိုင်ဖြစ်နေသည်။ သူသည် နတ်အဆင့် ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသရုံသာမကဘဲ ထိုနတ်အဆင့် ကျွမ်းကျင်သူကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။
တူညီသောအဆင့်ရှိ ကျွမ်းကျင်သူများကြားက တိုက်ပွဲတစ်ခုတွင် သတ်ဖြတ်ခြင်းမှာ အနိုင်ယူခြင်းထက် ဆယ်ဆမျှ ပိုမိုခက်ခဲကြောင်း ၎င်းတို့ ကောင်းစွာသိကြသည်။ တစ်နည်းဆိုရသော် ၎င်းတို့သည် ချူးယွင်ဖန်း၏ ခွန်အားကို လျှော့တွက်ခဲ့ကြသည်။
"သူ တကယ် လုပ်နိုင်ခဲ့တာ၊ မယုံနိုင်စရာပဲ" တန်မိသားစု၏ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ ထိုအချိန်တွင် ၎င်းတို့အားလုံး တုန်လှုပ်သွားကြသည်။
ထိုအချိန်တွင် တန်ပိုင်လုက ရုတ်တရက် ပြောလိုက်သည်။
"မိသားစုခေါင်းဆောင်ဟောင်းက သူ့ရဲ့ သစ္စာမဲ့ဇနီးကြောင့် အိပ်ယာထဲလဲနေပြီး ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး။ မြွေဆိုတာ ဦးခေါင်းမပါဘဲ မပြေးနိုင်တဲ့အပြင် တိုင်းပြည်တစ်ခုက ဘုရင်မရှိဘဲ တစ်နေ့ ဆက်မသွားနိုင်ဘူးဆိုတဲ့ စကားပုံတွေအတိုင်း၊ ကျွန်မတို့မှာ ခေါင်းဆောင်မရှိတော့ အသစ်ရွေးချယ်ရမယ့် အချိန်ရောက်ပြီ"
တန်ပိုင်လု၏ စကားလုံးများသည် အထက်လူကြီးများကို အံ့အားသင့်သွားစေသည်။ တန်ပိုင်လုက မည်သို့ကြောင့် ရုတ်တရက် ဤသို့ ပြောလာရသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မူလမိသားစုခေါင်းဆောင် တန်ထျန်လော်၏ အခြေအနေကို ပထမဆုံး အတည်ပြုသင့်သည် မဟုတ်လေသလော။ သူမသည် မျိုးဆက်သစ်ခေါင်းဆောင်တစ်ဦးကို တွန်းအားပေးရန်အတွက် မည်သို့ကြောင့် စိတ်အားထက်သန်နေရသနည်း။ မည်သို့ပင်ဆိုစေကာမူ ဤဖြစ်စဉ်သည် မသင့်တော်ပေ။ ၎င်းသည် လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသကဲ့သို့ လောကနည်းလမ်းနှင့်လည်း မကိုက်ညီပေ။
ပြီးနောက် တန်ပိုင်လုက ဆက်ပြောလိုက်သည်။
“ ‘အရည်အချင်းရှိတဲ့လူကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့မိသားစုဝင်တွေကို မရှောင်သင့်ဘူး’ ဆိုတဲ့ ဆိုရိုးရှိတဲ့အတိုင်း တန်စီယုက ကျွန်မ သင်ကြားဖူးသမျှထဲမှာ အထူးချွန်ဆုံး တပည့်တစ်ဦးပဲ။ သူမက အသက် ၂၀ ပဲ ရှိသေးပေမယ့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ။ ဒီလို ခွန်အားက လူအများကို သိမ်းသွင်းဖို့ လုံလောက်တယ်။ အဆင့်အတန်းနဲ့ ပြောရရင်လည်း သူမက မိသားစုခေါင်းဆောင်ဟောင်းရဲ့ သမီးဆိုတော့ အသင့်တော်ဆုံးပဲပေါ့။ တန်စီယုကို ဒီရာထူး ခန့်အပ်ဖို့ ကျွန်မ ခွင့်ပန်ပါတယ်၊ ဘယ်သူ ကန့်ကွက်ချင်သလဲ"
လူတိုင်းက ခေတ္တ အံ့ဩသွားပြီးနောက် တန်ပိုင်လု၏ အတွေးကို ချက်ချင်း နားလည်လိုက်ကြသည်။ ၎င်းတို့ထဲရှိ လူအများအပြားသည် မူလက ဤရာထူးအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ချက်ရှိခဲ့ကြသည်။ ခွန်အားနှင့် ပတ်သက်၍ ၎င်းတို့အနက် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပင် ရှိနေသောကြောင့် အားမနည်းကြပေ။
တန်စီယုသည် ဤကဏ္ဍတွင် အားသာချက်မရှိသည့်အပြင် အတွေ့အကြုံလည်း မရှိပေ။ ပြီးနောက် မိသားစုခေါင်းဆောင်ဟောင်း၏ သမီးဖြစ်သည်ဟူသော အဓိပ္ပာယ်မဲ့သော စကားများသည် မည်သည်ကို ဆိုလိုခြင်းဖြစ်သနည်း။ ဇနီးအငယ်အနှောင်းမှ မွေးဖွားလာသော သမီးသည် မည်သို့မျှ ခိုင်လုံသောအကြောင်းပြချက် ဖြစ်နိုင်မည်နည်း။
အကြောင်းရင်း အစစ်အမှန်သည် တစ်ခုတည်းသာရှိကြောင်း လူတိုင်း သိထားကြ၍ ၎င်းသည် တန်စီယု၏ နောက်ကွယ်တွင် ရပ်နေသော ချူးယွင်ဖန်းဖြစ်သည်။ သူ၏ ကျင့်ကြံမှု အဆင့်အတန်းသည် မည်သို့ပင်ဖြစ်စေကာမူ၊ ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်သည် နတ်အဆင့် ကျွမ်းကျင်သူများထက် မနိမ့်ကျခြင်းက အဓိကအချက်သာဖြစ်သည်။
တန်မိသားစုများသည် ၎င်းတို့ကို ကျောထောက်နောက်ခံပြုရန်အတွက် ထိုကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူမျိုး မရှိခဲ့ပေ။ မဟုတ်လျှင် ၎င်းတို့သည် ကျန်းမိသားစုများ၏ ဤမျှ အနိုင်ကျင့်မှုကို ခံခဲ့ရမည်မဟုတ်ပေ။ တန်မိသားစု ဘိုးဘေးကြီးသာ ဤနေရာတွင် ရှိနေခဲ့ပါက ၎င်းတို့သည် ဤကဲ့သို့ အဆုံးသတ်ရမည် မဟုတ်ပေ။
"ကျုပ် သဘောတူတယ်"
"ကျုပ် သဘောတူတယ်"
"ကျုပ်လည်း သဘောတူတယ်"
အခန်း (၈၅၅) တန်မိသားစု၏ ခေါင်းဆောင်အဖြစ် မြှောက်တင်ခံရသော တန်စီယု
ချူးယွင်ဖန်းသည် ဒုဂိုဏ်းခေါင်းဆောင်ကို သတ်လိုက်သည့်အခိုက်တွင် ပြည်ထောင်စုအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ပြည်ထောင်စု၏ အထက်အရာရှိများသာမကဘဲ ပြည်ထောင်စု၏ သာမန်ပြည်သူများကပင် ဤတိုက်ပွဲကို အပြည့်အဝ အာရုံစိုက်ခဲ့ကြသည်။ ၎င်းတို့သည် တိုက်ရိုက် ထုတ်လွှင့်မှုကြောင့် အဖြစ်အပျက်များကို ပထမအခိုက်တွင် မြင်တွေ့ခဲ့ရသည်။ ဤကိစ္စ၏ အကျိုးသက်ရောက်မှုသည် နျူကလီးယားဗုံး ပေါက်ကွဲသွားသည့် အဆင့်မျိုးနှင့် ဆင်တူသည်။
သတင်းသည် လုံးလုံးလျားလျား ပျံ့နှံ့သွားခဲ့သည်။ ယနေ့မှစ၍ ပြည်ထောင်စု၏ အခြေအနေသည် ချူးယွင်ဖန်း ဖြစ်တည်မှုကြောင့် ပြောင်းလဲလာမည်ကို လူတိုင်း နားလည်ခဲ့ကြသည်။
မည်ကဲ့သို့သော နတ်အဆင့်ကျွမ်းကျင်သူမျိုးဖြစ်ပါစေ၊ ပြည်ထောင်စုတွင် နေထိုင်ခြင်းသော်လည်းကောင်း၊ နိုင်ငံရပ်ခြားတွင် ဂိုဏ်းတစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခု တည်ထောင်ခြင်းသော်လည်းကောင်း၊ ပြည်ထောင်စု၏ အင်အားကြီးပုဂ္ဂိုလ် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူများနှင့်မတူပေ၊ မွေးဖွားခြင်းနယ်မြေ အဆင့်ကျွမ်းကျင်သူများသည် သာမန်လက်နက်များသာဖြစ်လျှင် နတ်အဆင့် ကျွမ်းကျင်သူများသည် နျူကလီးယားလက်နက်များနှင့် ညီမျှသည်။
"သွားကြရအောင်"
ထိုအချိန်တွင် ကျန်းရွှမ်လေ့သည် အခြားသော ကျန်းမိသားစု ကျွမ်းကျင်သူများကို အလျင်စလို ခေါ်ဆောင်ကာ အရူးအမူး ထွက်ပြေးလေသည်။ ကျန်းမိသားစု ကျွမ်းကျင်သူများသည် အိပ်မက်မှ နိုးထလာပုံရသည်။ ဒုဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းကို သတ်ဖြတ်နိုင်မည်ဟု ၎င်းတို့ ထင်ခဲ့ကြသောကြောင့် လုံးလုံးလျားလျား ပြင်ဆင်မှုမရှိခဲ့ကြပေ။
ချူးယွင်ဖန်းသည် ဒုဂိုဏ်းခေါင်းဆောင်ကို အလျင်အမြန် သတ်ပစ်လိမ့်မည်ဟု မည်သူက ထင်မှတ်မိနည်း။ ထိုဖြစ်စဉ်သည် ၎င်းတို့ကို အငိုက်မိသွားစေသောကြောင့် ယခုအခါ ထွက်ပြေးရန် အတွေးမျိုးသာ ကျန်ရစ်စေခဲ့သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေး စွမ်းအင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သာမာန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများမဆိုနှင့် နတ်အဆင့် ကျွမ်းကျင်သူများလျှင်ပင် သူနှင့် မယှဉ်ပြိုင်နိုင်ပေ။
"တစ်နေရာရာကို သွားမလို့လား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ကျန်းမိသားစုများသည် သူကို အကြိမ်ကြိမ် ဖြေရှင်းချင်ခဲ့သည့်အပြင် မရေတွက်နိုင်သော လူသတ်ထောင်ချောက်များကိုပင် ဖန်တီးခဲ့ကြသည်။ ယခု နောက်ဆုံးတွင် အခြေအနေများ ပြောင်းပြန်ဖြစ်သွားလေသည်။ သူသည် ဟင်းလင်းပြင်ကို သူ၏ ဧရာမ လက်ကြီးဖြင့် ဆုပ်ကိုင်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော အနှစ်သာရများ ချက်ချင်း ဆူပွက်လာကာ အဆုံးမဲ့သော မိုးကြိုးစွမ်းအင်အဖြစ်သို့ပြောင်းလဲသွားလေသည်။
သူ၏လက်ထဲက စွမ်းအင်များသည် မိုးကြိုးသွားအဖြစ်သို့ ပြောင်းလဲသွားသည်။ မိုးကြိုးသွားသည် အဆုံးမရှိသော လေပြင်းနှင့် မိုကြိုးစွမ်းအင်များကို သယ်ဆောင်လာသည်။ ၎င်းစွမ်းအင် ပျံ့နှံ့သွားပြီးနောက် ကျန်းရွှမ်လေ့ဆီသို့ ဦးတည်သွားလေသည်။
ကျန်းရွှမ်လေ့သည် ထွက်ပြေးရန်အချိန်ပင် မရလိုက်ဘဲ မိုးကြိုးသွားဖြင့် ထိမှန်သွားခဲ့သည်။ သို့သော် သူသည် ဒုဂိုဏ်းခေါင်းဆောင်၏ ခွန်အားမရှိသောကြောင့် ၎င်းပစ်ချက်သည် အပေါက်ကြီးတစ်ခုအဖြစ် မကျန်ရစ်ခဲ့ပေ။ သူ၏ခန္ဓာကိုယ် တစ်ဝက်ကျော်မျှသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်သွားကာ သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားလေ၏။
ချူးယွင်ဖန်းသည် လျှပ်စီးကြောင်းစွမ်းအင်ကို ဆက်တိုက် ဖမ်းဆုပ်ကာ မိုးကြိုးများအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။ သူသည် ၎င်းတို့ကို ဆက်တိုက် ပစ်လွှတ်လိုက်ရာ၊ ၎င်းတို့သည် မိုးများကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ ကျန်းမိသားစု ကျွမ်းကျင်သူများဆီသို့ ဦးတည်သွားလေသည်။ ခဏလေးအတွင်းမှာပင် ကျန်းမိသားစုရဲ့ ကျွမ်းကျင်သူများအားလုံး သေဆုံးသွားခဲ့သည်။
"ချူးယွင်ဖန်း၊ မင်းက မကောင်းဆိုးဝါးပဲ။ မင်း ကျုပ်တို့ရဲ့ ဒုဂိုဏ်းခေါင်းဆောင်ကို သတ်ရဲတယ်။ မင်းက သေလူပဲ။ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး" ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ အကြီးအကဲတစ်ဦးသည် ချူးယွင်ဖန်းကို လက်ညှိုးထိုးလျက် ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
ချူးယွင်ဖန်းသည် ၎င်းတို့၏ ဒုဂိုဏ်းခေါင်းဆောင်ကို အမှန်တကယ် သတ်ဖြတ်ရန် သတိရှိကြောင်း ယခုမှသာ ၎င်းတို့ သိသွားကြသည်။ နတ်အဆင့်ကျွမ်းကျင်သူများသည် နတ်ကုန်းပြည်၌ပင် တန်ခိုးကြီး ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ၎င်းတို့အနက်မှ တစ်ဦးသေဆုံးခြင်းသည် အကြီးအကျယ် ရုတ်ရုတ်သဲသဲ ဖြစ်စဉ်များ ဖြစ်သွားစေလိမ့်မည်။ ယခုမူကား ၎င်းတို့၏ ဒုဂိုဏ်းခေါင်းဆောင်သည် မကြာသေးမီကမှ မြှောက်တင်ထားသော်လည်း သူ၏တာဝန်ကို မပြီးမြောက်မီ သေဆုံးသွားခဲ့သည်။
"ခင်ဗျားက စကားတော်တော်များတာပဲ"
ချူးယွင်ဖန်းသည် နောက်ထပ် မိုးကြိုးသွားတစ်ခုကို တိုက်ရိုက် ဆွဲယူကာ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ အကြီးအကဲကို တစ်ချက်တည်း ထိုးသတ်လိုက်သည်။
ချူးယွင်ဖန်းသည် စကားပြောနေစဉ် သူ၏ မျက်လုံးများမှ အေးစက်သော အလင်းရောင်များ လင်းလက်လာသည်။
"ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းကပဲ သတ်ခွင့်ရှိတာလား၊ အခြားလူတွေက ခင်ဗျားတို့ ဂိုဏ်းသားတွေကို သတ်လို့မရဘူးလား။ တော်တော်လည်း ကြီးကျယ်တဲ့ စည်းကမ်းပါလား"
"ခင်ဗျားတို့ဂိုဏ်းက လက်စားချေချင်ရင် လာခိုင်းလိုက်၊ ကျုပ် စောင့်နေမယ်"
ဒုဂိုဏ်းခေါင်းဆောင်ကို သတ်လိုက်ချိန်တွင် သူနှင့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းကြားက အငြိုးအတေးများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သူ သိပြီးသားဖြစ်သည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ဆုံးရှုံးခြင်းသည် ၎င်းတို့နှင့် တစ်သက်လုံး ရန်သူဖြစ်စေရန် လုံလောက်နေသည်။ ထိုသို့ဖြစ်သောကြောင့် သူ၏ အပြုအမူများကို ထိန်းချုပ်ထားရန် မလိုအပ်ပေ။ သူ၏ ခွန်အားများ တိုးလာနေသရွေ့၊ ပန်းပွင်လှုပ်ခတ်ခြင်းဂိုဏ်းမှ ကျွမ်းကျင်သူများ အလျင်အမြန် ရောက်လာလျှင်ပင် မည်သည်ကို ကြောက်ရွံ့ရန် လိုအပ်သနည်း။
ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် အရောင်အဝါကြောင့် လူတိုင်းက ကြောက်ရွံ့နေကြသည်။ အခြားလူများက ဤသို့ပြောပိုင်ခွင့်မရှိသော်လည်း ချူးယွင်ဖန်းသည် နတ်အဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ခဲ့သူဖြစ်သောကြောင့် သူ့တွင် ပြောပိုင်ခွင့်ရှိသည်။ ယခု ချူးယွင်ဖန်းသည် သူပိုင်ဆိုင်သော အရှိန်အဟုန်၏ အထွတ်အထိပ်တွင် ရှိနေသောကြောင့် သူ့ကို မည်သူမျှ နှိုးဆွရန် သတ္တိမရှိကြပေ။
ချူးယွင်ဖန်းက ဒုဂိုဏ်းခေါင်းဆောင်ကို သတ်လိုက်သည်ဟူသော သတင်းသည် ပြည်ထောင်စုတစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထိုဖြစ်စဉ်မှ ဖြစ်ပေါ်လာသော တုန်လှုပ်ချောက်ချားမှုသည် အစသာရှိသေးသည်။ ထုတ်ပြောရန် မလိုအပ်ဘဲ ချူးယွင်ဖန်းဘက်မှ ပါ၀င်သူများအားလုံးက အောင်ပွဲခံနေကြ၍ သူ့ကို ဆန့်ကျင်သူများသည် ထိုတောက်ပသော အနာဂတ်ရှိသည့် ကျွမ်းကျင်သူမျိုးကို ဆက်လက်၍ စော်ကားသင့်သလောဟု စဉ်းစားနေကြသည်။
ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည်။ “အကယ်၍” ဟူသော စကားမျိုးဖြစ်နေသောကြောင့် နတ်အဆင့်ကို မဝင်ရောက်ခဲ့လျှင်ပင် လက်ရှိ သူပိုင်ဆိုင်သော ခွန်အားကို အခြေခံ၍ ကမ္ဘာပေါ်တွင် ထိန်းမနိုင်သိမ်းမရ ပြုမူရန် လုံလောက်နေသည်။ တစ်နည်းအားဖြင့်ဆိုရသော် ချူးယွင်ဖန်းသည် ထိုအဆင့်သို့ ရောက်ရှိနိုင်ခြင်း မရောက်ရှိနိုင်ခြင်းက အရေးမကြီးပေ။
ချူးယွင်ဖန်းသည် နတ်အဆင့်သို့ အမှန်တကယ် မ၀င်ရောက်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက၊ အဖွဲ့အစည်းအားလုံး၏ ထိပ်တန်းကျွမ်းကျင်သူများနှင့် ကိုယ်စားလှယ်များသည် ချူးယွင်ဖန်းကို ဂါရဝပြုရန် လာရောက်ကြမည်ဖြစ်သည်။ ဤသည်မှာ အခြေခံကျင့်ဝတ်ဖြစ်၍ ပြည်ထောင်စုအတွင်းရှိ အင်အားစုများအားလုံးကြားက ဓလေ့ထုံးတမ်းတစ်ခုလည်းဖြစ်သည်။ ချူးယွင်ဖန်း အရှေ့တွင် ဤအရာအားလုံးက အရေးမပါသကဲ့သို့ဖြစ်နေသည်။ သူသည် ငယ်ရွယ်သော်လည်း အလွန် သန်မာသူဖြစ်သည်။
လူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြသော်လည်း ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း သို့မဟုတ် ပြန်လာတော့မည့် ကျန်းမိသားစု ဘိုးဘေးကြီးဖြစ်ပါစေ ချူးယွင်ဖန်းကို အလွယ်တကူ လွှတ်ထားမည်မဟုတ်ကြောင်း ထိုသို့သော အခြေအနေမျိုးတွင် အကြံပြုသူအချို့လည်းရှိနေသည်။
ဤအင်အားစုကြီးနှစ်ခုကို တစ်ပြိုင်နက်တည်း စော်ကားခဲ့ပြီးနောက် ချူးယွင်ဖန်း၏ အနာဂတ်သည် မှုန်ဝါးနေသည်။
နောက်ဆုံးတွင် သူ၏တိုက်ခိုက်ရေး စွမ်းရည်သည် ယခုအဆင့်သို့ ဖြတ်ကျော်ခဲ့သော်လည်း ၎င်းတို့အဆင့်အတွင်း၌ ခွန်အားကွာခြားမှုများ ရှိနေဆဲဖြစ်သည်။ ဝါရင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကျန်းမိသားစု ဘိုးဘေးကြီးနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် ၎င်းတို့နှင့် အလွန် ဝေးကွာနေသေးသည်။ သို့သော် ချူးယွင်ဖန်းကို မေးခွန်းထုတ်ရဲသူများလျှင်ပင် လူတိုင်း ရေးသားခဲ့သော မှတ်ချက်များကြောင့် တိမ်မြုပ်သွားခဲ့သည်။ လူတိုင်းသည် ပြည်ထောင်စုတွင် အခြားသော ကျွမ်းကျင်သူတစ်ဦးရှိလာသည့် ဝမ်းမြောက်မှုထဲတွင် နှစ်မြှုပ်နေသောကြောင့် ယင်းကို မည်သူမျှ ဂရုမစိုက်ကြပေ။
ချူးယွင်ဖန်းသည် သာမာန်လူများနှင့် ဝေးကွာသူဖြစ်သော်လည်း ပြည်ထောင်စုသည် ယခင်ကကဲ့သို့ ကြီးစိုးမှုမရှိတော့ကြောင်း လူတိုင်း သိကြသည်။ ၎င်းသည် မကျော်လွှားနိုင်လုနီးပါးဖြစ်နေပြီဟုပင် ဆိုနိုင်သည်။ လက်ရှိ ပြည်ထောင်စုသည် အကျပ်အတည်းများနှင့် ပြည့်နှက်နေသေးသည်။ မြို့တော်တစ်ခုစီ၏ တည်ထောင်မှုသည် မရေတွက်နိုင်သော ဘိုးဘေးများ၏ သွေးများ ချွေးများဖြင့် အဖော်ပြုခဲ့ကြသည်။ ဤလူများသည် ပြည်ထောင်စု၏ နယ်မြေကို ချဲ့ထွင်ရန်အတွက် ၎င်းတို့၏အသွေး အသားများကို အသုံးပြုခဲ့ကြသည်။
လူသားများ၏ ခွန်အားသည် အင်အားကြီးမားသည်ဟု မဆိုနိုင်ဘဲ အားနည်းသည့် အခြေအနေတွင် ရှိနေသည်ဟုပင် ဆိုနိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် လူသားမျိုးနွယ်၏ စွမ်းအင်သည် ကျွမ်းကျင်သူ တိုးပွားလာတိုင်း တိုးမြင့်လာမည်ဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။ အထူးသဖြင့် ချူးယွင်ဖန်းပြသခဲ့သော ခွန်အားကြောင့် သူ၏အနာဂတ်သည် အကန့်အသတ်ရှိမည် မဟုတ်ပေ။ ဤသည်မှာ ပြည်ထောင်စုအတွက် အလားအလာကောင်းသော အနာဂတ်တစ်ခုဖြစ်သည်။
လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးနေကြစဉ် နောက်တစ်နေ့၌ ကျန်းမိသားစု၊ ပန်းပွင်လှုပ်ခတ်ခြင်းဂုဏ်းနှင့် ကျန်းစီယင်း၏ ခေါင်းဆောင်မှုအောက်တွင် ချုပ်ဆိုထားသော စာချုပ်များအားလုံးက အကျုံးမဝင်ကြောင်း တန်မိသားစုမှ လူသိရှင်ကြား ကြေညာခဲ့သည်။ ထို့အပြင် တန်မိသားစုများသည် ယခုအခါ ခေါင်းဆောင်မရှိသောကြောင့် မိသားစုခေါင်းဆောင်ဟောင်း တန်စီယု၏သမီးဖြစ်သူကို မိသားစုခေါင်းဆောင်သစ်အဖြစ် မြှောက်တင်ခဲ့ကြသည်။
ဤသတင်းသည် ပြည်ထောင်စု၏ အထက်အရာရှိများကြားတွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်ထောင်စု၏ အာဏာအစစ်အမှန်ကို ကိုင်ဆောင်သူများသည် အလယ်အလတ်မျိုးဆက်များ၏ ကျွမ်းကျင်သူများဖြစ်နေဆဲဖြစ်၍ ယခုအချိန်တွင် မျိုးဆက်သစ်လူငယ်များက ငုံ့လျှိုးနေရသည်။ ၎င်းတို့မိသားစုအနက် ရာထူးကြီးပုဂ္ဂိုလ်များ ဖြစ်လာနိုင်ခြင်းက ၎င်းတို့အတွက် အလွန်အထင်ကြီးစရာ ဖြစ်နေပြီဖြစ်သည်။
လူများစွာ၏ ထင်မြင်ယူဆချက်အရ လူတစ်ဦးသည် မိသားစုခေါင်းဆောင်ကဲ့သို့ ကြီးမြတ်သောပုဂ္ဂိုလ်မျိုးဖြစ်လာရန် အနည်းဆုံးလျှင် အနှစ်နှစ်ဆယ်မှ သုံးဆယ်အထိ အချိန်ယူရပေလိမ့်မည်။ မျိုးဆက်သစ် ကျွမ်းကျင်သူများသည် ကျွမ်းကျင်သူ အဟောင်းများကို ဖြည်းဖြည်းချင်း အစားထိုးရမည်ဖြစ်သည်။ ဥပမာအားဖြင့် ချူးဟောက်ယွဲ့၏ စွမ်းအင်သည် သူ၏ဖခင်အောက် အားမနည်းသော်လည်း မျိုးဆက်သစ် လူငယ်ခေါင်းဆောင်ဟုသာ သတ်မှတ်နိုင်သည်။ သူသည် ချူးယန်၏ရာထူးကို ယခုအချိန် သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် တန်စီယုက တန်မိသားစု၏ခေါင်းဆောင်ဖြစ်လာခြင်းသည် ပတ်ဝန်းကျင်အသစ်ကို ဖွင့်ဆိုခဲ့ခြင်းဟု ဆိုလိုနိုင်သည်။ တန်စီယုသည် မည်သူဖြစ်သည်ကို လူအများအပြားက မသိကြသောကြောင့် သူမအပေါ် လက်ခံယုံကြည်ခြင်း မရှိခဲ့ကြပေ။ အထူးသဖြင့် တန်မိသားစုမှ လူများစွာသည် ရည်မှန်းချက်ကြီးကြသောကြောင့် ဤဖရိုဖရဲအချိန်အခါတွင် မိသားစုခေါင်းဆောင် ဖြစ်ချင်နေကြသည်။ ယခုဆိုလျှင် တန်စီယုသည် ၎င်းတို့လိုချင်သော ရာထူးကို အမှန်တကယ် လုယူသွားခဲ့သည်။
ဤသည်မှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဟာသတစ်ခုဖြစ်သည်။ တန်ထျန်လော်၏ သမီးဟု ခေါ်ဆိုခြင်းက ပို၍ပင် ရယ်စဖွယ်ကောင်းနေသည်။ ဤသို့ဖြစ်လျှင် သူ့တွင် သားသမီးအမြောက်အမြားရှိနေသော တန်ထျန်လော်သည် အခြားလူကို မည်သို့ကြောင့် မရွေးချယ်ခဲ့သနည်း။ သို့သော် ၎င်းတို့သည် ချူးယွင်ဖန်းကို ဖော်လံဖားပြုရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် တန်မိသားစုက ထိုသို့ပြုလုပ်ခဲ့ကြောင်း လူတိုင်းက လျင်မြန်စွာ နားလည်ခဲ့ကြသည်။
ချူးယွင်ဖန်းသည် လူမသိ သူမသိနေရာမှ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်၍ သူ၏ကိုယ်ပိုင် အင်အားကို မတည်ဆောက်နိုင်သေးသည်မှာ သိသာထင်ရှားသည်။ ချူးမိသားစုသည် သူ၏အဓိက မိသားစုဖြစ်သော်လည်း ချူးမိသားစုနှင့် ချူးယွင်ဖန်း၏ဆက်ဆံရေးသည် လုံးလုံးလျားလျား နီးကပ်မှုမရှိသောကြောင့် ယခုအချိန်တွင် သူ့ကို သိမ်းသွင်းရန် ဖြစ်နိုင်သေးသည်။
ထို့အပြင် တန်စီယုနှင့် ချူးယွင်ဖန်းတို့၏ ဆက်ဆံရေးသည် လူသိများလှသည်။ တန်စီယုအတွက် ကျန်းမိသားစုအပေါ် ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် ထိုအချိန်က ပြည်ထောင်စုကို ထိတ်လန့်စေခဲ့၍ ထိုအဖြစ်အပျက်သည် ၎င်းတို့၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။ ယခုမူ တန်စီယုကို မိသားစုခေါင်းဆောင် ရာထူးသို့ တွန်းပို့လိုက်သောအခါ ချူးယွင်ဖန်း၏ အရှိန်အဟုန်ကို လိုက်ပါစီးနင်းချင်နေသည်မှာ သိသာထင်ရှားသည်။
ချူးယွင်ဖန်းသည်လည်း ဤဖြစ်စဉ်ကို အလွန် ထောက်ခံနေသည်မှာ သေချာသည်။ တန်စီယုသည် တန်မိသားစု၏ ခေါင်းဆောင်ဖြစ်လာသောအခါ ချူးယွင်ဖန်းသည် ဝမ်းမြောက်ကြောင်း ကြေငြာချက်တစ်ခုကို အလျင်အမြန်ပေးပို့ခဲ့ကာ ဒုက္ခပေးရန် အသင့်ဖြစ်နေသော တန်မိသားစု၏ အတွင်းနှင့် အပြင်ရှိ လူများစွာကို သတိပေးခဲ့သည်။ ၎င်းတို့သာ တန်စီယုကို ပြဿနာရှာခဲ့လျှင် သူ့ဘက်မှ အရေးယူရန် စဉ်းစားရပေလိမ့်မည်။
ဤကြေငြာချက်သည် လှုပ်ရှားရန် အဆင်သင့်ဖြစ်နေသော ရည်မှန်းချက်ကြီးသူများကို လျင်မြန်စွာ ထိတ်လန့်သွားစေသည်။ နတ်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့သော ကျွမ်းကျင်သူတစ်ဦး၏ စကားကို မည်သူမျှ လျစ်လျူရှုရဲခြင်းမရှိပေ။ သို့သော်လည်း ကောလဟာလမျိုးစုံသည် တန်မြို့တစ်ခွင်တွင် ပျံ့နှံ့လာသည်။ တန်စီယုသည် သူမ၏ကိုယ်ပိုင်စွမ်းရည်ကြောင့် မဟုတ်ဘဲ ချူးယွင်ဖန်း၏ ပံ့ပိုးကူညီမှုကြောင့်သာ ခေါင်းဆောင်ဖြစ်လာခြင်းဟု အဆိုစကားများရှိနေသည်။
ချူးယွင်ဖန်းသည် နောက်ကွယ်တွင် အမှန်တကယ် စီမံအုပ်ချုပ်သူဖြစ်၍ တန်စီယုသည် ရုပ်သေးရုပ်သာဖြစ်ကြောင်း ကောလာဟလများပင် ရှိနေခဲ့သည်။ ယင်းမတိုင်မီက တန်မိသားစုကို ကျန်းမိသားစုက ထိန်းချုပ်ထားခဲ့၍ ယခုအခါ ၎င်းတို့ကို ချူးမိသားစုက ထိန်းချုပ်နေသည်။ ဤကောလဟာလများသည် တန်မိသားစုများကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။
တန်စီယုသည် ဤကောလဟာလများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် သူမ၏ ခွန်အားကို သံသယဝင်သူတိုင်းက လာရောက်စိန်ခေါ်နိုင်သည်ဟု ပြောခဲ့သည်။ သူမဘက်မှ ရှုံးနိမ့်ခဲ့ပါက ရာထူးမှ နုတ်ထွက်ကာ ရာထူးကို စွန့်လွှတ်သွားမည်ဟု ဆိုခဲ့သည်။ သို့သော် လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့် အရာတစ်ခု ဖြစ်သွားခဲ့လေသည်။ တန်စီယုသည် တိုက်ပွဲဆယ်ကြိမ်တွင် ကျွမ်းကျင်သူ ဆယ်ဦးကို အနိုင်ယူခဲ့သည်အပြင် ၎င်းတို့အားလုံးသည် တန်မိသားစုအတွင်းရှိ ထိပ်တန်း ကျွမ်းကျင်သူများဖြစ်ကြသည်။
အားအနည်းဆုံးလူသည် မွေးဖွားခြင်းနယ်မြေ နဝမအဆင့် ကျွမ်းကျင်သူဖြစ်၍ ၎င်းတို့အနက်မှ အများစုသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သို့သော် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ သူမနှင့် ပြိုင်ဘက်မဟုတ်ခဲ့ဘဲ ၎င်းတို့အားလုံး ရှုံးနိမ့်သွားခဲ့သည်။ ထိုမှသာ အဓိပ္ပါယ်မဲ့ ကောလာဟလများ ပျောက်ကွယ်သွားတော့သည်။