အခန်း (၈၅၆-၈၅၈)
Vol. 58 Ch. 856-858
အခန်း (၈၅၆) ဘွဲ့နှင်းသဘင်
တန်စီယုသည် တိုက်ပွဲဆယ်ပွဲတွင် ဆယ်ကြိမ်အနိုင်ရရှိခဲ့သည်။ သူမသည် တန်မိသားစုမှ ထင်ရှားကျော်ကြားသော အကြီးအကဲများအားလုံးကို အနိုင်ယူခဲ့ရာ၊ ၎င်းတို့အနက် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူအချို့ပင် ပါဝင်နေသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် သူမနှင့် ပြိုင်ဘက်မဟုတ်ခဲ့ပေ။ သာမန် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သည် လှုပ်ရှားမှုသုံးကြိမ်ဖြင့် ရှုံးနိမ့်ခဲ့၍ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်လျှင်ပင် သူ၏ လှုပ်ရှားမှုကို အကြိမ်နှစ်ဆယ်ထက်ပို၍ ခံနိုင်ရည်မရှိခဲ့ပေ။
မူလက တန်စီယုကို မကျေမနပ်ဖြစ်နေသော တန်မိသားစုတစ်ခုလုံး ပါးစပ်ပိတ်သွားကြသည်။ မူလက ကြားနေလူတစ်စုလျှင်ပင် တန်စီယုဆီသို့ လျင်မြန်စွာ ကိုင်းညွတ်လာကြသည်။ ဤလူအုပ်စုအတွက် မည်သူက မိသားစုခေါင်းဆောင်ဖြစ်သည်က အရေးမကြီးပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့နှင့် သက်ဆိုင်မည် မဟုတ်ပေ။ မိသားစုက ဤသို့မသေချာ မရေရာဖြစ်နေသည့် အခြေအနေမျိုးတွင် သန်မာသည့် ခေါင်းဆောင်တစ်ယောက်ရှိခြင်းက တန်မိသားစုအတွက် အလွန် ကောင်းမွန်သည်။
ထို့အပြင် တန်စီယုသည် သူမ၏ အံ့ဩဖွယ်စွမ်းရည်များကို ပြသခဲ့သည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်တွင်ရှိနေသည့် မည်သူတစ်ဦးတစ်ယောက်ကမျှ သူမ၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သူမသည် အခြားသော ချူးယွင်ဖန်းတစ်ဦး ဖြစ်လာပေလိမ့်မည်။ သို့သော် တန်စီယု တွင် အံ့ဖွယ်ကောင်းကင်ဝိဉာဥ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားကြောင်း မည်သူမျှ မသိကြပေ။ ကြံ့ခိုင်မှုအရကြည့်လျှင် သူမသည် မိုးကြိုးကိုယ်ခန္ဓာအောက် မနိမ့်ကျပေ။ သူမသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့သော်လည်း သူမ၏ ကြီးထွားမှုနှုန်းသည် သာမန် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ထက် အဆများစွာ မြန်ဆန်လှသည်။ သူမ၏ ကျင့်ကြံမှုစွမ်းအင်သည် သာမာန် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ထက် များစွာပို၍ ကြွယ်ဝသည်။
အချိန်အလုံအလောက်ရှိသရွေ့၊ သူမသည် နတ်အဆင့်သို့ သဘာဝအတိုင်း လှမ်းနိုင်မည်ဖြစ်သည်။ သူမအတွက် ရှေ့ဆက်ရမည့်လမ်းကြောင်းသည် ဖောက်ဖျက်၍မရသော ပြဿနာမဟုတ်ပေ။ ချူးယွင်ဖန်း၏ပံ့ပိုးကူညီမှုမရှိလျှင်ပင် တန်စီယု၏အနာဂတ်သည် အကန့်အသတ်မဲ့နေကာ နောက်ပိုင်းတွင် နတ်အဆင့်သို့ ဝင်ရောက်နိုင်မည်ဟု တန်မိသားစုရှိ လူများစွာက မြင်တွေ့နိုင်ကြသည်။
ထိုသို့ဖြစ်လာသောအခါ တန်မိသားစုများသည် ၎င်း၏ဂုဏ်သိက္ခာကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ တန်စီယုသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် မိသားစုအများစု၏ပံ့ပိုးမှုကို ရရှိလာသည့်အပြင် တန်မိသားစု၏ခေါင်းဆောင်ရာထူးကိုလည်း လျင်မြန်စွာ ဆွဲကိုင်နိုင်ခဲ့သည်။ ပြည်ထောင်စုနှင့် ပတ်သက်၍ ချူးယွင်ဖန်းသည် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခြင်း၏ အကျိုးသက်ရောက်မှုသည် အလွန် မြင့်တက်လာ၍ နေရာအနှံ့သို့ ပျံ့နှံ့လာသည်။ သူသည် နတ်အဆင့်ကျွမ်းကျင်သူများ၏ လျှို့ဝှက်ဆန်းကြယ်သော ကန့်လန့်ကာနှင့် ပြိုင်ဘက်ကင်းသော အရောင်အဝါကို ဖယ်ရှားပစ်ခဲ့သည်။ ၎င်းတို့ကို ခြိမ်းခြောက်နိုင်သောအရာသည် နျူကလီယားဗုံးများနှင့် တူညီသောအဆင့်တွင်ရှိနေသည့် ကျွမ်းကျင်သူများသာ မဟုတ်ခဲ့ပေ။
သို့သော် အခြားလူများသည်လည်း အလားတူ အကြံဥာဏ်ဖြင့် နတ်ကျွမ်းကျင်သူကို တိုက်ခိုက်လိုလျှင် နောက်ဆုံးရလဒ်သည် ကျရှုံးခြင်းသာဖြစ်မည်ကို ချူးယွင်ဖန်းသာလျှင် သိနေသည်။ သူ ပြုလုပ်နိုင်သော်လည်း အခြားလူများက ပြုလုပ်နိုင်သည်ဟု မဆိုလိုပေ။ အံ့ဖွယ်အမှုကိစ္စများသည် အပြာရောင်လ တစ်ကြိမ်သာ ဖြစ်ပွားခဲ့၍ ယင်းသာလျှင် အမှန်တကယ် အံ့ဖွယ်တစ်ပါးဖြစ်သည်။ ချူးယွင်ဖန်းအတွက်မူ ဤကိစ္စသည် မပြီးဆုံးသေးပေ။ သူသည် ဤသို့ ထိတ်လန့်ဖွယ်အမှုကိစ္စမျိုးကို ပြုလုပ်ခဲ့သည်အတွက် ဒုက္ခမျိုးစုံကို ရင်ဆိုင်ရပေလိမ့်မည်။
"တကယ်လား။ စီနီယာချူးက ဒီနေ့ ဘွဲ့နှင်းသဘင်ပွဲကို ကိုယ်တိုင် တက်ရောက်မှာတဲ့လား"
သတင်းငယ်တစ်ခုသည် ပြည်ထောင်စုတက္ကသိုလ်တစ်ခွင်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ပြည်ထောင်စုတက္ကသိုလ်သည် မြို့တစ်ခုနှင့် ဆင်တူသည်။ ယခင်အချိန်က သတင်းကြီးတစ်ခုဖြစ်ပွားခဲ့လျှင်ပင် လူတိုင်းသိရန် ခက်ခဲပေလိမ့်မည်။ သို့သော် ယခုအခါ ဤသတင်းငယ်လေးသည် လူတိုင်း၏အာရုံစိုက်မှုများကို ဆွဲဆောင်သွားသည်။ ချူးယွင်ဖန်းသည် ယခုအချိန်တွင် မည်ကဲ့သို့ ဩဇာညောင်းနေသူဖြစ်ကြောင်း သိသာထင်ရှားသည်။
ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်အတွက် ၎င်းတို့၏သမိုင်းတွင် အထူးချွန်ဆုံး ကျောင်းသားတစ်ဦးဖြစ်နိုင်ခြေရှိသည်။ သူ၏ လှုပ်ရှားမှုတိုင်းသည် လူတိုင်း၏ အာရုံစိုက်မှုအောက်တွင်ရှိနေသည်။ သူသည် သဘာဝ အထားအသိုကို ဆန့်ကျင်၍ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကို အသုံးပြုကာ နတ်အဆင့် ကျွမ်းကျင်သူကို အနိုင်ယူခဲ့သည့်အပြင် သူသည် ဘွဲ့မရမီက ပြုလုပ်ခဲ့သည်။ ချူးယွင်ဖန်း၏ အနာဂတ်အလားအလာကို မည်သူမျှ စိတ်ကူးမယဉ်ဝံ့ကြပေ။ ဤသတင်းသည် ပြည်ထောင်စု တက္ကသိုလ် ဖိုရမ်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။
[ကောင်းတာပေါ့၊ ကျောင်းကို နောက်နှစ်မှ ဝင်လာတဲ့ ကျုပ်တို့လို ကျောင်းသားတွေဆိုရင် စီနီယာချူးကို တစ်ခါမှ မတွေ့ဖူးကြဘူး]
[ပြည်ထောင်စုရဲ့ နံပါတ်တစ် ပါရမီရှင်။ ကျွတ် ကျွတ်၊ ဒီခေါင်းစဉ်ကို ဘယ်သူမှ အစားမထိုးနိုင်မှာ ကြောက်မိတယ်]
[ဘွဲ့နှင်းသဘင်ခန်းမရဲ့ လက်မှတ်တွေက ရဖို့ ခက်တယ်လို့ ကျုပ် ကြားတယ်။ လက်မှတ်တစ်စောင်ကို ယွမ် ၅၀၀၀၀ ကျော်နဲ့ ရောင်းနိုင်တဲ့အပြင် ဈေးနှုန်းက အခုအချိန်ထိ မြင့်နေတုန်းပဲ]
[မကြုံစဖူး ကိစ္စမျိုးပါလား]
လူအများအပြားသည် ဤသတင်းကိုကြည့်ပြီးနောက် အံ့အားသင့်သွားကြသည်။ ဘွဲ့နှင်းသဘင်ခန်းမကို ကျောင်းသားကျောင်းသူအားလုံးအတွက် ဖွင့်လှစ်ပေးခဲ့သည့်အပြင် ၎င်းနေရာသည်လည်း ကျယ်ဝန်းသောကြောင့် တစ်ချိန်တည်းမှာပင် လူပေါင်း နှစ်သိန်းခန့် ထားရှိနိုင်သည်။ ယခင်အချိန်တွင် ခန်းမထဲရှိ ထိုင်ခုံနေရာများ အပြည့်ဖြစ်နေရန် ရှားပါးသည်။ မည်သို့ဆိုသော် ဌာနအသီးသီးမှ ကျောင်းသားများ၏ ဘွဲ့နှင်းသဘင် အခမ်းအနားများသည် အချိန်အခါအလိုက် ကျင်းပကြသောကြောင့် ဖြစ်သည်။ လူအများအပြားက တစ်ချိန်တည်းလာရောက်ရန် ရှားပါးသည်။
ယခုမူ ချူးယွင်ဖန်း၏ ဖြစ်တည်မှုကြောင့် နေရာရရန်ပင် အမှန်တကယ် ခက်ခဲနေသည်။ ထိုနေ့တွင် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ အချိန်မှန်ရောက်ရှိလာသည်။ သူသည် အလွန် စိတ်လှုပ်ရှားနေသည်။ သူသည် တက္ကသိုလ်ထဲသို့ရောက်ရှိရန် အစွမ်းကုန်ကြိုးစားခဲ့ရ၍ ယခုမူကား ဤနေရာမှ ဘွဲ့ရတော့မည်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထူးချွန်ကျောင်းသားများ၏ ကိုယ်စားလှယ်ဖြစ်သော ချူးယွင်ဖန်းကို ခန်းမအလယ်၌ နေရာချထားရန် စီစဉ်ခဲ့ကြသည်။ သူ ပေါ်ပေါက်လာသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကျောင်းသားအားလုံးသည် ချူးယွင်ဖန်းကို စောင့်နေကြခြင်းဖြစ်သည်။ ချူးယွင်ဖန်းအပြင် မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်၊ ချူးယွင်ထျန်အစရှိသည့် တစ်နှစ်ထဲမှ ထူးချွန်ကျောင်းသားများလည်း ပါ၀င်ခဲ့ကြသည်။
တစ်ဦးနှင့် တစ်ဦး မတွေ့ဆုံရသည်မှာ နှစ်အနည်းငယ်ကြာပြီးဖြစ်သော ဤကျောင်းသားများသည် အလွန် ပြောင်းလဲသွားကြသည်။ ၎င်းတို့တစ်ဦးစီသည် တည်ငြိမ်အေးဆေးသော အသွင်အပြင်မျိုးရှိကြကာ ကျောင်းစတက်သောအချိန်၌ ရှိခဲ့သည့် မရင့်ကျက်မှုများ ဆုံးရှုံးသွားပြီဖြစ်သည်။ ကြံ့ခိုင်မှုအရ၊ ၎င်းတို့သည် အပြင်ဘက်ရှိ အင်အားကြီးပုဂ္ဂိုလ်ကြီးများအောက် မနိမ့်ကျပေ။
နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော သူ၏ဝမ်းကွဲ ချူးယွင်ထျန်လျှင်ပင် ဘွဲ့ရခါနီးတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ သူသည် ယခုအခါ မွေးဖွားခြင်းနယ်မြေ ဒုတိယအဆင့်တွင် ရှိနေသည်။ ချူးယွင်ထျန်၏ အနာဂတ်သည် ချမှတ်ထားပြီးဖြစ်သောကြောင့် သူသည် ချူးမိသားစု၏ အထူးချွန်ဆုံး တပည့်အဖြစ် ပြုစုပျိုးထောင်ခံရမည်မှာ သေချာသည်။ သူသည် အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ အသေအချာ တက်လှမ်းနိုင်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် လူများစွာ၏အမြင်တွင် မျိုးဆက်သစ်လူငယ်များ၏ စံနှုန်းများဖြင့် မတိုင်းတာနိုင်တော့ပေ။ မေ့ဟိုက်ယွင်နှင့် အခြားလူများက ချူးယွင်ဖန်းကို မြင်သောအခါ ၎င်းတို့၏ အမူအရာများ ပြောင်းသွားကြသည်။ ၎င်းတို့သည် သူနှင့် ယှဉ်ပြိုင်ရန် အနည်းငယ်သော ရည်ရွယ်ချက်မျှ မရှိတော့ပေ။ နှစ်ဦး နှစ်ဘက်ကြားက ကွာဟချက်သည် သိပ်မကြီးမားလျှင် သူနှင့် ယှဉ်ပြိုင်ရန် စဉ်းစားနေဦးမည်ဖြစ်သော်လည်း ယခုအချိန်တွင် နှစ်ဦးနှစ်ဖက်ကြားက ခြားနားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ဖြစ်နေသည်။ သူ့ကို စိန်ခေါ်ခြင်းသည် အရှက်ရစေမည်မှာ သေချာသည်။ အားလုံးအတူတကွ ပူးပေါင်းတိုက်ခိုက်လျှင်ပင် ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်တည်းကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း လူတိုင်း သိကြသည်။
သို့သော် ချူးယွင်ဖန်း အံ့အားသင့်သွားသောအချက်သည် ထိုလူများကြားတွင် ပိုင်လင်းအာဆိုသည့် ကလေးမလေးကိုလည်း မြင်တွေ့လိုက်ရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ငယ်ရွယ်၍ အတွေ့အကြုံမရှိသော မိန်းကလေးနှင့် နှိုင်းယှဉ်ပါက ယခုအခါ ပိုင်လင်းအာသည် အသက် ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သည်။ သူမသည် သွယ်လျ၍ ကြော့ရှင်းကာ သူမ၏အသွင်အပြင်နှင့် ခန္ဓာကိုယ်သည်လည်း ပုံပေါ်စပြုနေပြီဖြစ်သည်။
သူနှင့် ပိုင်လင်းအာတို့ကို ဆေးပညာဌာနရှိ ထူးချွန်ကျောင်းသားများ၏ ကိုယ်စားလှယ်များအဖြစ် စီစဉ်ပေးခဲ့ကြသည်။ ပိုင်လင်းအာသည် ချူးယွင်ဖန်းကို ချောင်းကြည့်လိုက်ရာ၊ သူမ၏ မျက်လုံးများတွင် ရှုံးနိမ့်မှုကို ဝန်မခံလို စိတ်များဖြင့် ပြည့်နေသည်။ သူသည် အလွန် သန်မာနေသူဖြစ်သောကြောင့် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သို့သော်လည်း ဆေးပညာအရ သူမဘက်မှ ချူးယွင်ဖန်းကို ရှုံးနိမ့်မည်မဟုတ်ဟု သူမ ယုံကြည်နေသည်။
နှစ်အနည်းငယ်ကြာ စနစ်တကျလေ့လာပြီးနောက် သူမ၏ ဆေးပညာအဆင့်သည် ခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့သည်။ တက္ကသိုလ်မှ နည်းပြဆရာ အများအပြားလျှင်ပင် သူမကို ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။ သူမသည် အကြီးတန်း ဆေးကျွမ်းကျင်သူဖြစ်ရန် အရည်အချင်းရှိသူဖြစ်သည်။ သူမသည် ဆေးကျွမ်းကျင်သူတစ်ဦးဖြစ်လာရန် အချိန်တစ်ခုသာ လိုတော့သည်။
သူမသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မရေတွက်နိုင်သော ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့သော်လည်း ချူးယွင်ဖန်းဆီတွင် ရှုံးနိမ့်ခဲ့ရခြင်းကို သူမ မေ့နိုင်သေးပေ။ ဤသည်မှာ သူမဘဝတွင် ကြုံတွေ့ဖူးသည့် တစ်ခုတည်းသော ရှုံးနိမ့်မှုဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် သူမနှင့် ထပ်မံယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိသည်မှာ သိသာထင်ရှားသည်။ သူသည် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပေါ်လာပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ မည်သို့ဆိုသော် ချူးမိသားစုသည် နတ်စွမ်းအင်ဖြည့်တင်းဆေးအတွက် ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်နေပြီဟု သတင်းပေးပို့လာသောကြောင့် ဖြစ်သည်။
အခန်း(၈၅၇) တံခါးပိတ် ဆေးဖော်စပ်ခြင်း၊ အဆင့်ဖြတ်ကျော်မှု ဖြစ်အံ့ဆဲ
ဘွဲ့နှင်းသဘင်အခမ်းအနားအပြီးတွင် ချူးယွင်ဖန်း၏ တက္ကသိုလ်ဘဝသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ သူသည် ဆက်လက်၍ ပညာသင်ကြားရန် ရည်ရွယ်ချက်မရှိပေ။ ချူးယွင်ဖန်းသည် ယခုအခါ သက်ရှိဆိုင်းဘုတ်ဖြစ်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ပြည်ထောင်စုတက္ကသိုလ်၏ နည်းပြဆရာများက သူ့ကို ကျောင်းဆက်တက်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ သူသာ နှစ်အနည်းငယ်ကြာ ဆက်လက်သင်ယူပါက ပြည်ထောင်စုတက္ကသိုလ်သည် အကျိုးကျေးဇူးများစွာ မုချရရှိပေလိမ့်မည်။
ချူးယွင်ဖန်းသည် နာမည်စာရင်းထည့်သွင်းရခြင်းကို စိတ်မပူသော်လည်း ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိသေးပေ။ သူသည် ကိုင်တွယ် ဖြေရှင်းရမည့်အရာများစွာ ရှိနေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ချူးမိသားစု ဘိုးဘေးအိမ်တော်သို့ ပြန်ရောက်လာသောအခါ ချူးဟောက်ယွဲ့က သွေးများဖုံးလွှမ်းနေခြင်းကို တွေ့လိုက်ရသည်။ သူသည် ခက်ခဲသောတိုက်ပွဲကို ဖြတ်သန်းခဲ့ရကာ ဆေးကုသမှုခံယူပြီးနောက် ဤနေရာသို့ အလျင်အမြန် ပြန်ရောက်လာခြင်းဖြစ်ပုံပေါ်သည်။
ချူးယွင်ဖန်းကို တွေ့လိုက်ရသောအခါ ချူးဟောက်ယွဲ့က ရယ်ပြုံး၍ ပြောလိုက်သည်။
"နည်းနည်းတော့ ရှက်စရာကောင်းတယ်။ ငါ့ ပုံစံအတွက် စိတ်မရှိနဲ့ကွာ။ ဒီစစ်ဆင်ရေးကို လုပ်နေတာ တော်တော်ကြာပြီ။ ငါတို့တွေ နတ်အဆင့် မွန်းစတားတစ်ကောင်ကို ဝိုင်းပြီး သတ်ပစ်လိုက်တာ။ အဲ့သားရဲကို ငါတို့ ကြည့်နေတာကြာပြီ၊ သူ တလောကမှ အဆင့်ဖြတ်ကျော်ထားတာ။ မဟုတ်ရင် ငါတို့တွေ ဒီလိုမျိုး အခွင့်အရေးမျိုး ရလာမှာ မဟုတ်ဘူး"
ချူးယွင်ဖန်းက ချူးဟောက်ယွဲ့ကို ကြည့်လိုက်သည်။ ဤလူသည် ချူးမိသားစု၏ အငယ်တန်းခေါင်းဆောင်ဖြစ်၍ အနာဂတ် မျိုးဆက်၏ ခေါင်းဆောင်ဖြစ်သည်။ ပုံမှန်အခြေအနေအရ၊ သူသည် လုံးလုံးလျားလျား ဘေးကင်းသောနေရာတွင်သာ ရှိနေမည်ဖြစ်သည်။ သို့သော် ယခုအခါ သူသည် ဒဏ်ရာအပြင်းအထန်ရရှိနေကြောင်း သိသာထင်ရှားသည်။ တိုက်ပွဲသည် မည်မျှ အန္တရာယ်များခဲ့သည်ကို တွေးကြည့်နိုင်သည့်အပြင် ကျွမ်းကျင်သူများစွာလည်း ဆုံးရှုံးသွားဖွယ်ရှိသည်။
သို့သော် ချူးမိသားစု၏ နတ်အဆင့် မွန်းစတားတစ်ကောင်ကို သတ်နိုင်ခဲ့ခြင်းကိုကြည့်ခြင်းအားဖြင့် ၎င်းတို့တွင် ခိုင်မာသော အခြေခံအုတ်မြစ်ရှိနေကြောင်း ပြသနေသည်။ မြင့်မြတ်သော မိသားစုကြီးရှစ်ခုအနက်မှ မိသားစုတစ်ခုကို အထင်သေးရန် မသင့်ပေ၊ နတ်အဆင့် မွန်းစတားတစ်ကောင်ကို ခြိမ်းခြောက်နိုင်သည့်စွမ်းအင်သည် ဟာသမဟုတ်ပေ။
"ငါတို့က မင်းလို စွမ်းအင်မျိုး မပိုင်တော့ တခြားနည်းလမ်းတွေကို သုံးရတာပေါ့။ မင်းကိုပြီးရင် နတ်အဆင့် မွန်းစတားရဲ့အတွင်းအူကို ပို့ပေးလိုက်မယ်၊ ကျန်တာ မင်းကို အကုန်အပ်လိုက်ပြီ"ချူးဟောက်ယွဲ့က ပြုံး၍ ပြောလိုက်သည်။
"မင်းတို့တွေ နမော်နမဲ့နိုင်လွန်းတယ်။ ဘိုးဘေးကြီး ပြန်လာတာကို အရင်စောင့်သင့်တာ။ သူ့အစွမ်းနဲ့ဆို ဒီနတ်အဆင့် မွန်းစတားကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာ။ အဲ့လိုဆိုက ပိုလွယ်တာပေါ့" ချူးယွင်ဖန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဘိုးဘေးကြီးက အာကာသအပြင်ဘက်က ရတနာတွေအတွက် တိုက်ပွဲဝင်နေတော့ လောလောဆယ် ပြန်လာဦးမှာ မဟုတ်ဘူး။ ငါတို့ ဆက်မစောင့်နိုင်တော့ဘူး။ အဲ့ဒါအပြင် အရာရာတိုင်းမှာ ဘိုးဘေးကြီးကိုပဲ လိုက်အပူကပ်နေရင် ငါတို့က ဘာအသုံးဝင်တော့မှာလဲ။ သိပ်မအံ့ဩပါနဲ့။ ငါတို့လို မိသားစုကြီးတွေအတွက် ဒါက ပုံမှန်ပဲ။ ငါတို့မှာ ဒီလောက်မှ သတ္တိမရှိရင် ငါတို့ကိုယ်ပိုင်အမြစ်ကို ဘယ်လိုလုပ် မြဲမြဲထိန်းထားနိုင်မှာလဲ" ချူးဟောက်ယွဲ့က ပြောလိုက်သည်။
"ကဲ၊ ဒါဆိုရင် ကျန်တာကို မင်းလက်ထဲမှာ အပ်ခဲ့ပြီ ချူးယွင်ဖန်း"
"ကောင်းပြီ၊ မင်းကို နတ်အဆင့် ရောက်အောင် ငါအစွမ်းကုန် ကူညီပေးမယ်"
ချူးယွင်ဖန်းသည် ခေတ္တ စဉ်းစားနေမိသည်။ သူ ကြီးပြင်းလာသော ပတ်ဝန်းကျင်သည် အလွန် ကွာခြားသောကြောင့် ချူးဟောက်ယွဲ့၏ တွေးခေါ်ပုံနှင့် မတူညီပေ။ သို့သော် ဤတန်ဖိုးကို သူ့ဘက်မှ အလောတကြီး ငြင်းဆိုမည်မဟုတ်ပေ။ ချူးဟောက်ယွဲ့ ပြုံးပြပြီးနောက် ကုသမှုခံယူရန် ထွက်ခွာသွားခဲ့သည်။ သူသည် သူ၏ နောက်ထပ် အဆင့်ဖြတ်ကျော်မှုကို အကောင်းဆုံးအခြေအနေဖြင့် ကြိုဆိုချင်နေသည်။
သူသည် မိသားစုအာဏာအရ မကြာမီတွင် ချူးယွင်ဖန်း ဖော်စပ်ခဲ့သော နတ်စွမ်းအင်ဖြည့်တင်းဆေးကို လက်ခံရရှိတော့မည်ဖြစ်သည်။ အမှန်တကယ်ပင်၊ သူ၏မိသားစု အဆင့်အတန်းနှင့် ခွန်အားများက ဤအံ့ဖွယ်ဖြစ်စဉ်ကို လက်ခံရရှိစေသည့် အရာများထဲက အချို့ဖြစ်သည်။ အရေးကြီးဆုံးအချက်သည် အကူအညီများအတွက် ပြန်လည်ပေးအပ်ရန်ဖြစ်ကြောင်း ချူးယွင်ဖန်းက ရှင်းလင်းစွာ ပြောကြားခဲ့သည်။
၎င်းသည် ချူးမိသားစု၏ အခြားအဆင့်မြင့်အရာရှိများကို ဆွံ့အစေခဲ့သည်။ နောက်ဆုံးတွင် သူသာလျှင် ချူးယွင်ဖန်းကို အကြိမ်ပေါင်းများစွာ ကူညီထောက်ပံ့၍ သူ၏မိသားစုကို ကာကွယ်ပေးရန် မည်သည့်အချိန်ကမျှ မတုံ့ဆိုင်းခဲ့သူဖြစ်သည်။ ယခုအချိန်သည် ဆုလာဘ်များကို ရိတ်သိမ်းရမည့် အချိန်ဖြစ်သည်။
မကြာမီတွင် နတ်အဆင့် မွန်းစတား၏ အတွင်းအူကို ချူးယွင်ဖန်းထံ ပေးပို့ခဲ့ကြသည်။ လက်သီးအရွယ်အစားရှိသော အူတိုင်သည် သိပ်ကြီးမားပုံမပေါ်သော်လည်း ကြောက်မက်ဖွယ် စွမ်းအင်ပမာဏမျိုး ပါရှိနေသည်။ ၎င်း၏အရည်အသွေးသည် ယခင်အချိန်က နက္ခတ်ဂိုဏ်းမှ ချူးယွင်ဖန်းရရှိခဲ့သော အူတိုင်နှင့် တန်းတူဖြစ်နေသည်။
ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံမှုသို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့သည်။ နောက်ဆုံးအကြိမ်နှင့် နှိုင်းယှဉ်ပါက ဆေးလုံးပြုလုပ်သည့် လုပ်ငန်းစဉ်သည် ယခုတစ်ကြိမ်တွင် ပိုမိုအဆင်ပြေချောမွေ့နေမည်မှာ သေချာသည်။ ချူးမိသားစုသည် သူ့ထံသို့ ပစ္စည်းမျိုးစုံကို တဖွဲဖွဲ ထောက်ပံ့ပေးနေကြသည်။ ချူးမိသားစု၏ ကြွယ်ဝမှုသည် ကျန်းယွမ်ပင်ထက် များစွာ ကြီးမားလှသည်။ သူ၏ဆရာသည် စည်းစိမ်ဥစ္စာများစွာကို စုဆောင်းထားသော်လည်း ချူးမိသားစုနှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ပေ။
ချူးယွင်ဖန်း၏ နေအိမ်သို့ ပါဝင်ပစ္စည်းများနှင့် ပစ္စည်းမျိုးစုံကို နေ့စဉ် ပေးပို့နေကြောင်း မြင်တွေ့ရချိန်တွင် အခြားသော မိသားစုဝင်များက အနည်းငယ် စိုးရိမ်စပြုလာသော်လည်း မည်သူမျှ သူ့ကို မနှောင့်ယှက်ဝံ့ကြပေ။ ချူးယွင်ဖန်းသည် နတ်စွမ်းအင်ဖြည့်တင်းဆေးကို ဖော်စပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများအပြင် မွေးဖွားခြင်းနယ်မြေအဆင့်များ အသုံးပြုသည့် ဆေးလုံး အများအပြားကိုလည်း တောင်းဆိုခဲ့သည်။ သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ဤဆေးလုံးများထဲမှ တစ်ခုခုကို သောက်သုံးပါက၊ ၎င်းတို့၏ ကျင့်ကြံမှုများ အလွန် တိုးတက်လာမည်ဖြစ်၍ ၎င်းကို ချေဖျက်ရန် အချိန်ကြာကြာ လိုအပ်မည်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်း၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့် သူသည် ဆေးဖက်ဝင်ဆေးလုံးများကို သမုဒ္ဒရာကဲ့သို့ စုပ်ယူနိုင်ခဲ့သည်။ သူသည် ဤဆေးလုံးများကို သောက်သုံးပြီးနောက် တစ်နေ့တစ်ဝက်အတွင်း လုံးလုံးလျားလျား ချေဖျက်နိုင်ခဲ့သည်။ သူ၏ လက်ရှိ တိုက်ခိုက်ရေး အစွမ်းသည် နတ်ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သော်လည်း သူသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာ ရှိနေသေးသည်။ သူ သောက်သုံးရန် လိုအပ်သော ဆေးများသည် မွေးဖွားခြင်းနယ်မြေအဆင့် ဆေးဖက်ဝင်ဆေးများသာဖြစ်သည်။
ချူးယွင်ဖန်းသည် ဤဆေးများကို မဖော်စပ်နိုင်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ ထိုသို့ပြုလုပ်ရန် အချိန်မရှိပေ။ တစ်ချိန်တည်းမှာပင် ဤမွေးဖွားခြင်းနယ်မြေအဆင့် ဆေးလုံးများကို သူ သောက်သုံးခဲ့သော အရှိန်ကြောင့် ချူးမိသားစုကို ဆွံ့အစေခဲ့သည်။ ချူးယွင်ဖန်း၏ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် ဘေးထွက်ဆိုးကျိုးမရှိဘဲ လိုအပ်သလို စုပ်ယူနိုင်သောကြောင့် မည်သည့် ဆေးဖက်ဝင်ဆေးကိုမျှ မငြင်းဆန်ခဲ့ပေ။ နေ့စဉ်နှင့်အမျှ သောက်သုံးသော ပမာဏသည် ဒေါ်လာ တစ်ဘီလီယံကျော် ကုန်ကျစေခဲ့သည်။ သူသည် ကျင့်ကြံနေခြင်းမဟုတ်ဘဲ ငွေအမြောက်အမြားကို ဖြုန်းတီးနေခြင်းဖြစ်သည်။
လောကတွင် မည်သူက ငွေကြေးများကို ဤမျှမြန်မြန် မျိုချနိုင်မည်နည်း။ ချူးမိသားစုကဲ့သို့ ဧရာမ အင်အားစုကြီးလျှင်ပင် ဤရွှေစားသုံးသော သားရဲနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၏ မျက်ခွံများ အလွန် လှုပ်ယမ်းနေမိသည်။ ယင်းအတိုင်းသာ ဆက်သွားမည်ဆိုပါက တစ်နှစ်အတွင်း ချူးယွင်ဖန်း သုံးစွဲရန် လိုအပ်သော ဆေးလုံး အရေအတွက်သည် မိသားစု၏ ငွေကြေးစီးဆင်းမှုအတွက် ပြဿနာဖြစ်လာနိုင်သည်။
သို့သော် ဤအရေးကြီးသော အချိန်ကာလတွင် ၎င်းတို့သည် ချူးယွင်ဖန်း၏ဆန္ဒကို မလွန်ဆန်ဝံ့ကြပေ။ ချူးယွင်ဖန်းသည် ယခုအခါ ချူးမိသားစု၏ သက်ရှိဆိုင်းဘုတ်တစ်ခုဖြစ်သည်။ ချူးယွင်ဖန်းက သန်မာလေ၊ ချူးမိသားစုအတွက် အကျိုးကျေးဇူးများပြားလေဖြစ်သည်။ ယခုအချိန်တွင် ချူးယွင်ဖန်းအတွက် အလိုအပ်ဆုံးအရာသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒျန်များကို ဖွင့်လှစ်ကာ မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့ ဖြတ်ကျော်ရန်အတွက် ကြီးမားသော ဝိညာဉ်စွမ်းအင်ပမာဏ ရရှိရန်ဖြစ်သည်။
ဤသို့ဆိုလျှင် သူ့၏ကြံ့ခိုင်မှုများ ပိုမို အားကောင်းလာမည်ဖြစ်သည်။ ရန်ပုံငွေသုံးစွဲမှုသည် များပြားသော်လည်း သူ့အတွက် အရေးကြီးဆုံး အရာသည် ထိုငွေကို ခွန်အားအဖြစ်သို့ ပြောင်းလဲရန်ဖြစ်သည်။ ဤဆေးလုံးများသည် သာမန်လူတစ်ဦးကို ပေါက်ကွဲထွက်သွားစေနိုင်သော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို နေ့ရောညပါ စားသုံးပြီးနောက် သူ၏ခွန်အားအဖြစ်သို့ တွန်းပို့ခဲ့သည်။ ထို့အပြင် သူ့ဘေးနားရှိ ဆေးမီးဖိုကို မကြာခဏ စစ်ဆေးရန်သာ ဖြစ်သည်။
ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များဖြင့် မည်သည့်ပြဿနာကိုမျှ မကြောက်ရွံ့ခဲ့ပေ။ အရာအားလုံးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
ဆေးလုံးများကို တစ်လမျှ သောက်သုံးပြီးနောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ကြောက်မက်ဖွယ် ဆေးစွမ်းအင်အမျိုးမျိုးဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းဆေးစွမ်းအင်များ ဆူပွက်လာသောအခါ နတ်ဘုရားကျင့်စဉ်ကို စတင်ဖြန့်ကျက်၍ ဆေးဘက်ဆိုင်ရာ စွမ်းအင်များကို စုစည်းလိုက်ရာ၊ ၎င်းတို့သည် အစွမ်းထက် စွမ်းအင်များအဖြစ်သို့ ပြောင်းလဲကာာ မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့ ဖြတ်ကျော်သွားလေသည်။
"အခု လုံလုံလောက်လောက် စုဆောင်းပြီးပြီ၊ မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်ကို ဖြတ်ကျော်ဖို့ အချိန်ရောက်ပြီ" ချူးယွင်ဖန်းက ရုတ်တရက် မျက်လုံးဖွင့်၍ ပြောလိုက်သည်။
အခန်း (၈၅၈) မွေးဖွားခြင်းနယ်မြေအဋ္ဌမအဆင့်ကို ကျော်ဖြတ်ခြင်း
ချူးယွင်ဖန်းသည် အဆင့်ဖြတ်ကျော်နိုင်ရန်အတွက် တစ်လလုံး စားစရာများဖြင့် ဖြည့်သွင်းကာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော မွေးဖွားခြင်းနယ်မြေအဆင့် ဆေးလုံးများကို စားသောက်နေခဲ့သည်။ အမှန်တကယ်ပင် သူ၏ခွန်အားနှင့် ဖြည်းညှင်းစွာ အဆင့်ဖြတ်ကျော်နိုင်သော်လည်း အချိန်များစွာကြာမြင့်ပေလိမ့်မည်။ ယခုအချိန်တွင် သူအလိုအပ်ဆုံးအရာသည် အချိန်သာဖြစ်သည်။ သူသည် ကျန်းမိသားစု၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်ကို ဖျက်ဆီးခဲ့သောကြောင့် ကျန်းမိသားစု ဘိုးဘေးကြီး ပြန်လာသောအခါ သူ၏ အကြီးကျယ်ဆုံး ရန်ငြိုးကို ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုမတိုင်မီ ကိုယ့်ကိုယ်ကို ကြံ့ခိုင်အောင် ပြုလုပ်ရမည်ဖြစ်သည်။ ချူးမိသားစု ဘိုးဘေးကြီးသည် ကျန်းမိသားစု ဘိုးဘေးကြီးကို နှောင့်နှေးအောင်ပြုလုပ်ပေးမည်ဟု အာကာသအပြင်ဘက်မှ စကားအမှာ ပေးပို့ခဲ့သော်လည်း ချူးယွင်ဖန်းသည် အခြားသူများအပေါ် မျှော်လင့်ချက်ထားရမည့်သူ မဟုတ်ပေ။ ထို့အပြင် သူ့ကို စောင့်ကြည့်နေသည့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်းသည်လည်း ရှိနေသေးသည်။ ထို့ကြောင့် သူ့တွင် အချိန်အများအပြား မကျန်ရစ်တော့ပေ။
နတ်ဘုရားကျင့်စဉ်၏ ထိန်းချုပ်မှုအောက်တွင် အစွမ်းထက်သော ဆေးဖက်ဝင် အစွမ်းသတ္တိများသည် စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ အသက်မသွင်းရသေးသည့် သူ၏ မရီးဒျန်တစ်လျှောက် အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့် မတိုင်ခင်က ယခင်အဆင့်များအားလုံးသည် ကိုယ်ခန္ဓာကို ကျင့်ကြံခြင်းဟုဆိုလျှင် မွေးဖွားခြင်းနယ်မြေအဆင့်သည် မရီးဒျန်ကို ကျင့်ကြံခြင်းဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်၏ သေးငယ်သော လည်ပတ်မှုကိုသာ ဖန်တီးပြုလုပ်နိုင်သည်။
သို့သော် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် မရီးဒျန်များကို ပိုမို ဖွင့်လှစ်ပေးရမည်ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး တံတားကို ဖွင့်လှစ်ပြီးနောက် သဘာဝတရားနှင့် ပဲ့တင်ထပ်နိုင်ကာ ကြီးမားသော မွေးဖွားခြင်းနယ်မြေ၏ စွမ်းအင်လည်ပတ်မှုကို ဖန်တီးပုံဖော်နိုင်မည်ဖြစ်သည်။ ထိုအခါ ခြေလက်လှုပ်ရှားမှုတိုင်းတွင် ကြီးမားသော စွမ်းအားများ ပါ၀င်နိုင်မည်ဖြစ်သည်။
မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် မရီးဒျန် များများဖွင့်လှစ်လေ၊ ချေးငှားနိုင်သည့် စွမ်းအင်များ ပိုမို အားကောင်းလေဖြစ်သည်။ ယခုမူ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ မရီးဒျန် အများစုသည် ဖွင့်လှစ်သွားပြီဖြစ်သောကြောင့် ကျန်ရှိနေသော မရီးဒျန်များသည်လည်း အလွန် အားကောင်းနေသည်။ မည်သို့ဆိုသော် ဧကရာဇ်ကိုယ်ခန္ဓာကို ကျင့်ကြံရာတွင် သူ၏ မရီးဒျန်ကိုလည်း တစ်ချိန်တည်းမှာပင် သန်မာအောင် ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။
ယင်းကြောင့်သာ မဟုတ်ပါက၊ ဤပြင်းထန်သော စွမ်းအင်ကို ထုတ်လွှတ်ချိန်တွင် သူ၏ မရီးဒျန်များက ကြီးမားသော ဖိအားကို ခံနိုင်ရည်မရှိဘဲ ပေါက်ထွက်သွားပေလိမ့်မည်။ ဤသည်မှာ သူ၏ မရီးဒျန်ကို ဖွင့်သောအခါ ချူးယွင်ဖန်း ရင်ဆိုင်ရမည့် ပြဿနာဖြစ်သည်။ ယခုအခါ နောက်ဆုံးတွင် ပြီးဆုံးသွားပြီဖြစ်သည်။
ချူးယွင်ဖန်းသည် ကြီးမားသော ဆေးဘက်ဆိုင်ရာ စွမ်းအင်များ၏ ပံ့ပိုးမှုအောက်တွင် ယခုအခါ ဂရုတစိုက် ဖွင့်ရန်လိုအပ်သည့် မရီးဒျန်များကို အတင်းအကျပ် ဖွင့်ထုတ်လိုက်သည်။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်နှင့် မိုးကြိုးကိုယ်ခန္ဓာနှစ်မျိုးလုံးကို ကျင့်ကြံခဲ့သည့် ချူးယွင်ဖန်းသာလျှင် ဤညှဉ်းဆဲမှုကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။ ဤသို့ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်တစ်ခုတစ်လုံးသည် ချွေးစေးများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။ သူ ခံစားခဲ့ရသော ဖိအားနှင့် နာကျင်မှုကို မည်သူမဆို တွေးကြည့်၍ပင် သိနိုင်သည်။
သို့သော် ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့ ဖြတ်ကျော်ရမည်ကို သိနေသောကြောင့် အရှုံးမပေးခဲ့ပေ။ မအောင်မြင်ခဲ့ပါက သူ၏ ယခင်ကြိုးစားမှုများအားလုံး အချည်းနှီးဖြစ်သွားပေလိမ့်မည်။ ချူးယွင်ဖန်းသည် သူ၏ မရီးဒျန်ကို တစ်ခုပြီးတစ်ခု ဖွင့်လှစ်ပြီးနောက် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်၏ မူလအစိုင်အခဲ အတားအဆီးများ အက်ကွဲလာကာ ပြိုကျလုနီးပါးဖြစ်နေလေသည်။
ချူးယွင်ဖန်းသည် အလျင်မလိုသောကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လွန်ခဲ့သည့်လက သူသောက်ခဲ့သည့် ဆေးများ၏ ထိရောက်မှုသည် အံ့ဩဖွယ်ကောင်းသောကြောင့် အဆင့်ဆင့် လုပ်ဆောင်ခဲ့သော်လည်း လုပ်ငန်းစဉ်၏ ထိရောက်မှုသည် အံ့မခန်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ဆေးဖော်စပ်မှုလုပ်ငန်းစဉ်တွင် ပြဿနာမရှိစေရန်အတွက် ဆေးမီးဖိုကို စောင့်ကြည့်နေဆဲဖြစ်သည်။ တခြားသော ဆေးဆရာများဆိုလျှင် ချူးယွင်ဖန်းမျှ ရဲရင့်ဝံ့မည် မဟုတ်ပေ။
တစ်နေ့ပြီးတစ်နေ့ အချိန်များ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် သုံးရက်ကြာမြင့်ပြီးနောက် ချူးယွင်ဖန်းက သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပိတ်ဆို့နေသော ဆေးစွမ်းများ ချက်ချင်းဆိုသလို ထွက်ပေါ်လာ၍ ရေလွှမ်းမိုးမှု တစ်ခုကဲ့သို့ ပျံ့နှံ့သွားသည်။ ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူ၏နောက်ဆုံး မရီးဒျန်ကို ဖွင့်လှစ်ကာ မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ကြံ့ခိုင်မှုသည် အခြေခံ တိုးတက်မှုမျိုး ရှိနေသည်။
ယခင်နှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်း၏ စွမ်းအင်သည် အနည်းဆုံးလျှင် အဆများစွာ တိုးမြင့်လာ၍ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအင် တိုးတက်မှုကို သက်သေပြရန် မလိုအပ်ပေ။ အကယ်၍ သူသာ ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်နှင့် ထပ်မံ တိုက်ခိုက်ခဲ့ရပါက၊ ထိုလူသည် ထိုမျှကြာကြာ ခံနိုင်ရည်ရှိမည် မဟုတ်သည့်အပြင် လက်သီးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်ဖြစ်သည်။
သူ၏တိုက်ခိုက်ရေးစွမ်းအင် တိုးတက်လာမှုသည် သိသာထင်ရှားသည်။ ဧကရာဇ်ခန္ဓာကိုယ် နည်းစနစ်သည် အလွန် အစွမ်းထက်လှသည်။ ချူးယွင်ဖန်းသည် သူ၏ နတ်ဘုရားကျင့်စဉ်ကို လည်ပတ်နေစဉ် ကျန်ရှိနေသော ဆေးစွမ်းအင်များကို စုပ်ယူ၍ သူ၏ခြေလက်များနှင့် အရိုးများဆီသို့ ဖြန့်ကျက်လိုက်သည်။ သူသည် ဤကြီးမားသော ဆေးဖက်ဝင်စွမ်းအင်များ၏ အကူအညီဖြင့် ဖြစ်နိုင်သမျှ တိုတောင်းသော အချိန်အတွင်း သူ၏ သစ်လွင်သော ကျင့်ကြံမှုအဆင့်ကို ခိုင်မြဲအောင် ပြုလုပ်နိုင်ခဲ့သည်။
ယခုအခါ မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်၏ အတားအဆီးသည် ပျောက်ကွယ်သွားပြီဖြစ်ရာ၊ ဤခံစားချက်သည် ချူးယွင်ဖန်းကို အနည်းငယ်မျှ မိန်းမောလုနီးပါး ဖြစ်သွားစေသည်။
'တောင်တန်းတွေမှာ ကျင့်ကြံမှု သံသရာမရှိဘူးလို့ ပြောတာ မဆန်းတော့ပါဘူး။ ကျင့်ကြံမှုက ရရှိလာတဲ့ ပျော်ရွှင်မှုက ကမ္ဘာပေါ်ရှိ ပျော်ရွှင်မှုအားလုံးထက် သာလွန်တာပဲ' ချူးယွင်ဖန်းက တွေးနေခဲ့သည်။ သူသည် ကျင့်ကြံခြင်း၏ ပျော်ရွှင်မှုကို အနည်းငယ် စွဲလမ်းနေသေးသည်။ ကျင့်ကြံခြင်းသည် ငြီးငွေ့ဖွယ်ကောင်းသော်လည်း ကျင့်ကြံခြင်း၏ တိုးတက်မှုကို မိမိကဲ့သို့ ခံစားသိရှိနိုင်လျှင် ထုံထိုင်းငြီးငွေ့မှုသည် နှိုင်းယှဉ်၍မရသော ပျော်ရွှင်မှုမျိုး ဖြစ်သွားနိုင်သည်။
ချူးယွင်ဖန်းက မတ်တပ်ထရပ်လိုက်ရာ၊ သူ၏ခန္ဓာကိုယ်မှ ကွဲအက်သံများစွာ ဆက်တိုက် ထွက်ပေါ်လာသည်။ သူသည် သုံးရက်သုံးညမျှ မလှုပ်မယှက်ဘဲ ထိုင်နေခဲ့သောကြောင့်ဖြစ်သည်။ ဤအဆင့် ဖြတ်ကျော်မှုအပြီးတွင် နတ်စွမ်းအင်ဖြည့်တင်းဆေးသည်လည်း ပြီးမြောက်တော့မည်ဖြစ်သည်။
'အချိန်နည်းနည်းပဲ ကျန်တော့တာမို့လို့ အံ့ဖွယ် လက်သီးရှစ်ချက်ကို လေ့ကျင့်ရမယ်' ချူးယွင်ဖန်းက ခေတ္တတွေးတောပြီးနောက် ဆုံးဖြတ်လိုက်သည်။ သူသည် အံ့ဖွယ် လက်သီးရှစ်ချက်၏ အပိုင်းတစ်ပိုင်းကိုသာ ကျင့်ကြံနိုင်ခဲ့သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် အံ့ဖွယ် လက်သီးရှစ်ချက်ကို မတူညီသော နည်းစနစ် ရှစ်ခုဖြင့် ဖွဲ့စည်းထားခဲ့သည်။
ယခင်က သူ၏ ကျင့်ကြံမှုအဆင့်သည် မတူညီသည့် နည်းစနစ် နှစ်မျိုးကို တစ်ချိန်တည်းမှာပင် ကျင့်ကြံနိုင်လောက်အောင် မမြင့်မားခဲ့ပေ။ ယခုအခါ သူ၏ ကျင့်ကြံမှုအဆင့်သည် ယခင်ကထက် များစွာ အားကောင်းလာသဖြင့် ဆက်လက် ကျင့်ကြံနိုင်မည်ဖြစ်သည်။ သူသည် အံ့ဖွယ်လက်သီးရှစ်ချက်၏ ဂဠုန်အပိုင်းကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ ဂဠုန်သည် ရှေးဒဏ္ဍာရီများတွင် ဗုဒ္ဓ၏ အုပ်ထိန်းသူ ရှစ်ဦးအနက်မှ တစ်ပါးဖြစ်သည်။ ပို၍ ရင်းနှီးသော နည်းလမ်းဖြင့် ဖော်ပြရမည်ဆိုလျှင် ၎င်းသည် ရွှေရောင်ငှက်တစ်မျိုးသာဖြစ်သည်။
ဤရွှေရောင်ငှက်က နဂါးများကို စားသောက်လေ့ရှိသည်။ နဂါးများသည် ကမ္ဘာပေါ်တွင် ထိပ်တန်းသတ္တဝါများဖြစ်ကြသည်ကို လူတိုင်း သိကြသည်။ ၎င်းတို့၏ဘဝအဆင့်အတန်းသည် အလွန် မြင့်မားကြသည်။ သို့သော် ဤရွှေရောင်ငှက်သည် နဂါးများကို အစားအစာအဖြစ် စားသုံးကြသောကြောင့် ၎င်းတို့က မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်၍ပင် သိနိုင်သည်။
ဂဠုန်မီးလျှံဖြစ်သည့် အလွန် အစွမ်းထက်သော မီးတောက်မျိုးကို ထုတ်လွှတ်နိုင်သည့်အပြင် ရွှေရောင်ငှက်၏ အံ့သြဖွယ်အကောင်းဆုံး အရာသည် ၎င်း၏ အရှိန်အဟုန်ဖြစ်သည်။ ဂဠုန်အပိုင်းကို အသုံးပြုခြင်းသည် လူတစ်ဦး၏အမြန်နှုန်းကို အလွန်အမင်း တိုးမြှင့်နိုင်သည်။ ချူးယွင်ဖန်း၏ ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်းသိုင်းပညာနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ အရှိန်အဟုန်သည် အံ့ဩဖွယ် အတိုင်းအတာအထိ တိုးမြင့်လာမည်ဖြစ်သည်။ ထိုအချိန်သို့ရောက်သောအခါ သူသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို သွားရောက်နိုင်ပေလိမ့်မည်။
ချူးယွင်ဖန်းသည် မျက်လုံးများကို မှိတ်လိုက်သည်နှင့် အင်အားကြီး ဧကရာဇ်တိုက်ပွဲစာအုပ်မှ ဂဠုန်အပိုင်း ကျင့်ကြံမှုနည်းပညာသည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူ၏စိတ်ထဲတွင် မရေတွက်နိုင်သော စာလုံးများ ပေါ်ပေါက်လာ၍ တခဏချင်းမှာပင် ကြီးမားသော ရွှေရောင်ငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ အော်ဟစ်သံတစ်ခုနှင့်ပင် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။ ဤလျှို့ဝှက်နည်းလမ်းကို မြင်ယောင်ကြည့်လိုက်ရုံဖြင့် သဘာဝ၏ လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကောင်းကင်တွင် ပျံသန်းနိုင်ကာ မြေကြီးမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အနှိုင်းမဲ့ကြီးမားသော ရွှေရောင်ငှက်တစ်ကောင် ပေါ်ပေါက်လာသည်။ ၎င်းသည် ယခင်က အသူရကာယ်ထက် အနည်းငယ်မျှ နိမ့်ကျခြင်း မရှိဘဲ အဝေးမှကြည့်လျှင်ပင် အလွန် ကြမ်းတမ်းပုံပေါ်သည်။ မရေတွက်နိုင်သော ကျင့်ကြံရေး အချက်အလက်များကို ချူးယွင်ဖန်း၏ စိတ်ထဲသို့ ပို့ဆောင်လိုက်သည်။
ချူးယွင်ဖန်းသည် လက်သီးတစ်ချက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ ဤလက်သီးချက်သည် အသူရကာယ် အပိုင်းနှင့် မတူညီပေ။ သူ၏လက်သီးမှ အနီရောင် မီးတောက်တစ်ခု ထွက်လာပြီးနောက် အခန်းတွင်းရှိ အပူချိန်သည် ချက်ချင်း မြင့်တက်သွားသည်။ ချူးယွင်ဖန်းသည် ဤလက်သီးချက်ကို ထိုးနှက်လိုက်သည့်အခိုက်အတန့်တွင် အိမ်အပြင်ဘက်ရှိ ချူးမိသားစု ကျွမ်းကျင်သူများသည် ၎င်းတို့၏မျက်စိရှေ့သို့ အနှိုင်းမဲ့ ကြီးမားသော သားရဲငှက်ကြီးတစ်ကောင် ထွက်ပေါ်လာကာ ကမ္ဘာကြီးကို ဝါးမျိုတော့မည့်ဟု ချက်ချင်း ခံစားလိုက်ရသည်။ ထိုမီးတောက်သည် တစ်ကမ္ဘာလုံးကို လောင်ကျွမ်းစေသည်အထိ ပြင်းထန်လှသည်။