← Chapters

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း (၈၆၂-၈၆၄)

Vol. 58 Ch. 862-864

အခန်း (၈၆၂) ယှဉ်ပြိုင်ထိုးသတ်ပွဲ မတိုင်မီ ဘက်ပေါင်းစုံမှ လေပြင်းများတိုက်ခတ်ခြင်း

ပြည်ထောင်စုအတွင်း အများစုသည် အထူးစစ်ဆင်ရေးဌာန၏ တည်ရှိမှုကိုပင် မသိခဲ့ကြပေ။ မည်သို့ဆိုသော် ၎င်းသည် သာမန်လူများ သိထားနိုင်သည့် အဖွဲ့အစည်းမဟုတ်သောကြောင့်ဖြစ်သည်။ ထိုအကြောင်းကို သိထားသူများသည် အလွန် ကွဲပြားသော တုံ့ပြန်မှုမျိုး ပြသနေကြသည်။

"ချူးယွင်ဖန်းက ဒီအာလူးပူပူလို ရာထူးမျိုးကို လက်ခံရဲတယ်လား။ သူကတော့ သေကြောင်းကြံစည်နေတာပဲ"

"ခွန်အားလေးနည်းနည်းရှိနေတာနဲ့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသူလို့ တကယ် ထင်နေတာလားပဲ။ နတ်အဆင့် ကျွမ်းကျင်သူတွေတောင် ဒီလိုပြောဝံ့မှာမဟုတ်ဘူး"

"သူ ဘယ်လောက် ဆိုးဆိုးရွားရွား ဒုက္ခရောက်သွားမယ်ဆိုတာ ကြည့်ချင်သေးတယ်"

"သိပ်မကြာခင်မှာ သူ့ဆရာရဲ့ခြေရာအတိုင်း လိုက်သွားလိမ့်မယ်။ ဟမ်း အထူးစစ်ဆင်ရေးဌာနကို ဦးဆောင်ရတာ လွယ်တယ် ထင်နေတာလား"

ဌာန၏လုပ်ငန်းဆောင်တာများအကြောင်း သိကြသူ အများအပြားသည် ထူးဆန်းဖွယ် နည်းလမ်းဖြင့် တိတ်တဆိတ် ပြောနေကြသည်။ အထူးစစ်ဆင်ရေးဌာနသည် လူအများအပြားအပေါ် စော်ကားရသော ဌာနဖြစ်သည့်အပြင် ရဲနှင့် စစ်တပ်လျှင်ပင် မထိန်းချုပ်နိုင်သူများကို တာဝန်ယူ ထိန်းချုပ်ရမည်ဖြစ်သည်။ အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင်ဖြစ်သူ ကျန်းယွမ်ပင်၏ ပျောက်ဆုံးမှုသည် ဤအကြောင်းအရာနှင့် ပါဝင်ပတ်သက်နေပုံပေါ်သည်။

ချူးယွင်ဖန်းကို ဤရာထူးသို့ မတင်မီတွင် အထူးစစ်ဆင်ရေးဌာနအတွက် ခေါင်းဆောင် အသစ်ရှာဖွေရေးကိစ္စသည် ကြီးမားသောကိစ္စဖြစ်ခဲ့သည်။ သို့သော် အများစုသည် ဤခေါင်းဆောင်ရာထူးက မည့်သည့်အရာများ ပြုလုပ်ရသည်ကို မသိသောကြောင့် ဤသတင်းသည် နှစ်ရက်အကြာတွင် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ပြီးနောက် နောက်ထပ် သတင်းကြီးတစ်ခု ထွက်ပေါ်လာသည်။

တတိယ မိကျောင်းမင်းသားသည် ကျွမ်းကျင်သူများကို ဆက်တိုက်စိန်ခေါ်ပြီးနောက် သူ၏နောက်ထပ်စိန်ခေါ်မှုသည် တန်မိသားစု၏ မိသားစုခေါင်းဆောင်အသစ် တန်စီယုမှလွဲ၍ အခြားလူ မဟုတ်ခဲ့ပေ။ ဤသည်မှာ အံ့ဩဖွယ်ရာ သတင်းတစ်ခုဖြစ်သည်။ တတိယ မိကျောင်းမင်းသား၏ အစွမ်းသတ္တိနှင့်ပတ်သက်၍ ယုံမှားသံသယဖြစ်ရန် မလိုပေ။ သူ၏ယခင် စိန်ခေါ်မှုပုံစံအရ သူ၏ပြိုင်ဘက်များအနက် အမျိုးသမီးများအပါအဝင် သေဆုံးခြင်း မဟုတ်လျှင် ပြင်းထန်စွာဒဏ်ရာရရရှိသွားကြသည်။

တတိယမိကျောင်းမင်းသားသည် ပြည်ထောင်စုရှိ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများစွာကို ဆုံးရှုံးသွားစေရန် ကြံနေသည်ဟူသော စည်သီအိုရီများပင် ရှိနေခဲ့သည်။ ယခုထက် ပိုမို ကောင်းမွန်သော အကြောင်းအရာမျိုး မရှိနိုင်ပေ။ တန်စီယုနှင့် နီးစပ်မှုရှိသော ချူးယွင်ဖန်း ပေါ်ပေါက်လာခြင်း ရှိမရှိကို လူအများက သိချင်နေကြသည်။ တတိယ မိကျောင်းမင်းသားသည် ချူးယွင်ဖန်းကို စိန်ခေါ်ရန်အတွက် ရဲရင့်စွာပြောကြားခဲ့၍ သူ၏ပန်းတိုင်သည် ယခုအခါ မပြောင်းလဲသွားပုံရသည်။

ချူးယွင်ဖန်းသည် တတိယမိကျောင်းမင်းသားက ချူးမိသားစုကို တိုက်ခိုက်နေချိန် မပေါ်ပေါက်လာသောကြောင့် ယခုတစ်ကြိမ်တွင် ပေါ်လာခြင်း ရှိမရှိကို တပ်အပ် မပြောနိုင်ပေ။ နောက်ဆုံးတွင် သူသည် အထူးစစ်ဆင်ရေးဌာနကို စတင်တာဝန်ယူထားခြင်း ဖြစ်သောကြောင့် လုပ်ဆောင်ရန် လုပ်ငန်းတာဝန်များ များပြားနေပေလိမ့်မည်။ ယခုအချိန်တွင် ကျန်းမိသားစု ဘိုးဘေးအိမ်တော်၏ အစည်းအဝေးခန်းမတွင် ကျန်းမိသားစု၏ မိသားစုခေါင်းဆောင်အသစ် ကျန်းဟုန်ယွီသည် အဖွဲ့ကို ဦးဆောင်နေလေသည်။

သူသည် ကျန်းမိသားစုအတွင်း ကြီးမားသော ရာထူးမျိုးရှိခဲ့သော်လည်း သူသည် အဓိက မိသားစုဝင်တစ်ဦး မဟုတ်သည်မှာ သေချာသည်။ သို့သော်လည်း ကျန်းမိသားစုသည် နှစ်အနည်းငယ်အတွင်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ ယခင် မိသားစုခေါင်းဆောင်၊ အကြီးအကဲများစွာနှင့် ၎င်းတို့မိသားစု၏ အခြားသော မိသားစုဝင်များစွာသည် တစ်ယောက်ပြီး တစ်ယောက် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရသည်။ ထို့ကြောင့် သူသည် မိသားစုခေါင်းဆောင်အသစ်ဖြစ်လာရန် အခွင့်အရေး ရရှိခဲ့သည်။

သို့သော်လည်း သူသည် ရာထူးကို ရယူပြီးနောက် အလွန် စိတ်လှုပ်ရှားခြင်းမရှိပေ။ အတိတ်တွင် ဤရာထူးကိုရရှိခဲ့လျှင် အလွန် ရွှင်မြူးစွာ ခုန်ပေါက်နေမည်ဖြစ်သော်လည်း သူသည် ယခုအချိန်၌ အန္တရာယ်ရှိသော အလုပ်တစ်ခုကို တာဝန်ယူနေသကဲ့သို့ ခံစားနေရသည်။ ယခင်အချိန်ကမူ ဤအစည်းအဝေးခန်းမတွင် ပေါ်လာနိုင်သူများသည် ကျန်းမိသားစု၏ ထိပ်တန်း ကျွမ်းကျင်သူများဖြစ်ကြသည်။ ယခုမူ မွေးဖွားခြင်းနယ်မြေအဋ္ဌမအဆင့် ကျွမ်းကျင်သူများလျှင်ပင် ကျန်းမိသားစု၏ အကြီးအကဲများကောင်စီသို့ ဝင်ရောက်နိုင်ပြီဖြစ်သည်။ ၎င်းတို့သည် အငြိမ်းစားယူခဲ့သော အကြီးအကဲ အများအပြားကိုပင် ပြန်လည်ဖိတ်ကြားခဲ့ကြသည်။

ယခင်အချိန်က ၎င်းတို့၏ရွှေခေတ်နှင့် နှိုင်းယှဉ်ပါက ကျန်းမိသားစု၏ တိုက်ခိုက်မှု ခွန်အားသည် အဆင့်တစ်ခုထက် ပို၍ပင် ကျဆင်းသွားခဲ့သည်။ အကယ်၍ ၎င်းတို့ကို ဆွဲထုတ်လိုက်လျှင် ကျန်းမိသားစုတွင် အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများသာ ကျန်ရစ်နေသည်ဟု လူအများက ထင်မှတ်သွားနိုင်သည်။ ဤအခြေအနေဖြစ်သည်အထိ မပြင်းထန်သော်လည်း ၎င်းတို့သည် ယခင်ကကဲ့သို့ ဟိတ်ဟန်ကြီးသော အမူအရာမျိုး မရှိတော့ပေ။

"တတိယမိကျောင်းမင်းသားဆီကို ပို့လိုက်ပြီလား" ကျန်းဟုန်ယွီက မေးလိုက်သည်။

"ပို့ပြီးသွားပါပြီ။ သူ ပေါ်လာမယ်ဆိုရင်တော့ လွှတ်ပေးလိုက်မယ်။ မဟုတ်ရင် အဲ့ဒီ့ခွေးမ တန်စီယုကို သတ်ပစ်မယ်" ကျန်းမိသားစု အကြီးအကဲတစ်ဦးက ရက်စက်ကြမ်းကြုတ်စွာ ပြုံး၍ ပြောလိုက်သည်။

"ဒါပေမယ့် ချူးယွင်ဖန်းပေါ်လာရင် တတိယမိကျောင်းမင်းသားက သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ ခန့်မှန်းချက်အရ ချူးယွင်ဖန်းရဲ့ အစွမ်းက သာမန် နတ်အဆင့်တွေထက်တောင် ပိုမြင့်တယ်" အခြားသော အကြီးအကဲတစ်ဦးက ပြောလိုက်သည်။

"ဟမ်း၊ အဲဒါက သော့ချက်ပဲ။ တတိယမိကျောင်းမင်းသားက ချူးယွင်ဖန်းကို သတ်နိုင်ရင် ကောင်းပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ချူးယွင်ဖန်းကို အနိုင်မယူနိုင်ဘဲ တတိယမိကျောင်းမင်းသားက အသတ်ခံလိုက်ရမယ်ဆိုရင် ချူးယွင်ဖန်းက သွေးမိကျောင်းတွေကို ရန်ဆွလိုက်သလို ဖြစ်သွားတဲ့အတွက် သေချာပေါက် သူ သေရလိမ့်မယ်" ကျန်းဟုန်ယွီက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

"ဘိုးဘေးကြီး မပြန်ခင် ကျုပ်တို့ဘက်က အလောတကြီး ပြုမူလို့ မသင့်တော်ဘူး၊ ဒါပေမယ့် ကျုပ်တို့တွေ သူ့အပေါ်ကိုလည်း မျှော်လင့်ချက် အပြည့်ထားလို့ မရဘူး။ ချူးယွင်ဖန်းကအင်အားကြီးတော့ရော ဘာဖြစ်လဲ၊ လူတိုင်းကို ရန်လိုက်စနေမှတော့ မသေချင်ရင်တောင် သေရမှာပဲ"

"အထူးစစ်ဆင်ရေးဌာနလား။ သူဘယ်တော့သေမလဲ ကြည့်ချင်သေးတယ်"

တတိယမိကျောင်းမင်းသားသည် တန်မိသားစု၏ မိသားစုခေါင်းဆောင်အသစ်ကို စိန်ခေါ်တော့မည်ဖြစ်သည်။ တန်စီယု၏သတင်းသည် ပြင်းအား ဆယ့်နှစ်ထပ် ငလျင်တစ်ခုကဲ့သို့ ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ကျွမ်းကျင်သူများစွာကို ဆက်တိုက် အနိုင်ယူပြီးနောက် တတိယမိကျောင်းမင်းသား၏ တည်ရှိမှုသည် လူတိုင်း၏အာရုံစူးစိုက်မှုအောက်သို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ထင်ရှားနေသည့် ချူးယွင်ဖန်းသည် ဤတိုက်ပွဲတွင် ပို၍ သတိထားမိဖွယ်ရှိနေသည်။ သူသည် လူတိုင်း၏ အာရုံကို မည်သို့မျှ မဆွဲဆောင်ဘဲနေမည်နည်း။

"တန်စီယုတော့ ဒုက္ခရောက်တော့မယ်။ တတိယမင်းသား မိကျောင်းက သာမန်မဟုတ်ဘူး"

"ကျုပ်တော့ မထင်ဘူး။ တန်စီယုရဲ့ အစွမ်းက တတိယမိကျောင်းမင်းသားလောက် မသန်မာနိုင်ပေမယ့်၊ သူ့ရာထူးကို တည်ငြိမ်အောင် ထိန်းထားဖို့ တိုက်ပွဲဆယ်ကြိမ်ကို အနိုင်ရပြီး တန်မိသားစုရဲ့ ကျွမ်းကျင်သူ တော်တော်များများကို အနိုင်ယူခဲ့တဲ့လူပါ၊ ဘယ်လိုလုပ် မခုခံနိုင်ရမှာလဲ"

"သွားကြည့်ရအောင်။ ဟိုမွန်းစတား ချူးယွင်ဖန်းကလွဲရင် ဒါက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေကြားက အပြင်းထန်ဆုံး တိုက်ပွဲတစ်ခု ဖြစ်နိုင်တယ်"

ဓားသမားတစ်ဦးသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကြည့်ပြီးနောက် တင်ပျဉ်ခွေအနေအထားမှ ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင်လည်း ကြီးမားသော ဒဏ်ရာတစ်ခုရှိနေသည်။

"တတိယမိကျောင်းမင်းသား၊ ငါတို့လူသားတွေထဲမှာ မင်းကို တားနိုင်တဲ့လူ မရှိဘူးလို့ ငါ မယုံဘူး"

သူသည် တတိယမိကျောင်းမင်းသားဆီတွင် ရှုံးနိမ့်ခဲ့သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူသည် လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အခြားသော အဘိုးအိုတစ်ဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော သူ၏ခန္ဓာကိုယ်ဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ သွားနေလေသည်။ အရပ်ရပ်မှ ကျွမ်းကျင်သူများ စတင်စုရုံးလာကာ တန်မိသားစုဆီသို့ ဦးတည်သွားနေကြသည်။ တစ်နည်းအားဖြင့်ပြောရလျှင် ၎င်းသည် အဏ္ဏဝါမျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားက တိုက်ပွဲကို ကိုယ်စားပြုနေသည်။ လူသားမျိုးနွယ်၏ အကြိမ်များစွာ ဆက်တိုက် ရှုံးနိမ့်မှုသည် အမှန်တကယ် ရှက်စဖွယ်ကောင်းလှသည်။

တန်မိသားစု၌၊ အားအနည်းဆုံးသည် မွေးဖွားခြင်းနယ်မြေသတ္တမအဆင့်တွင် ရှိနေသည့် ဘက်ပေါင်းစုံမှ ကျွမ်းကျင်သူများစွာသည် ၎င်းတို့အရှေ့တွင် စုရုံးရောက်ရှိနေခြင်းကို တွေ့ရသဖြင့် လူအများက အံ့အားသင့်နေကြသည်။ နေရာလွတ် သိပ်မကျန်ရစ်သောကြောင့် သာမာန် ကျွမ်းကျင်သူများကို ၀င်ခွင့်မပေးခဲ့ကြပေ။ ဤသို့ဆိုလျှင်ပင် ထိုသတင်းကို ကြားသောအခါ ရာနှင့်ချီသော လူများစွာသည် ပြည်ထောင်စုတစ်ဝှမ်းမှ ရောက်ရှိလာကြသည်။

ရာချီသော မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်နှင့် အထက်ရှိ ကျွမ်းကျင်သူများသည် ဤနေရာတွင် စုရုံးရောက်ရှိနေကြသဖြင့် တန်မိသားစုသည် ၎င်း၏ ခွန်အားနှင့် အခြေခံအုတ်မြစ်ဖြင့်ပင် သတိအပြည့်ဖြင့် လှုပ်ရှားနေရသည်။ ၎င်းတို့၏ မိသားစုခေါင်းဆောင်ကို အားပေးရန်သာမကဘဲ ဤထိပ်တန်း ကျွမ်းကျင်သူများက ပြဿနာရှာကြမည်ကို ကြောက်ရွံ့သောကြောင့် ၎င်းတို့ကို စောင့်ကြည့်ရန် ရာနှင့်ချီသော စက်လက်နက်များကို လေထုထဲသို့ လွှတ်တင်ထားကြသည်။

တန်မိသားစု ဘိုးဘေးအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာရှိ တောင်ထိပ်သည် တိုက်ပွဲကြည့်ရှုရန် လာရောက်ကြသော ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ဤတောင်ကြီးသည် တန်ဘိုးဘေးကြီး တည်ဆောက်ထားသည့် အတားအဆီးတစ်ခုဖြင့် ကာကွယ်ထားသောကြောင့် နှစ်ဖက်စလုံးသည် အပျက်အစီးမဖြစ်စေဘဲ ခွန်အားရှိသမျှ တိုက်ခိုက်နိုင်မည်ဖြစ်သည်။

အခန်း (၈၆၃) တတိယမိကျောင်းမင်းသားကို ထိုးနှက်သော ဓားချက်

ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူများသည် ပြိုင်ပွဲကို ကြည့်ရှုရန်အတွက် နေရာကောင်းများကို သိမ်းပိုက်ထားကြသည်။ ဤတိုက်ပွဲ၏ အလွန် ဆွဲဆောင်မှုရှိနေသော အကြောင်းရင်းသည် တန်စီယု၏ ရာထူးကြောင့်သာမကဘဲ ချူးယွင်ဖန်းသည် တန်စီယုအတွက် ပေါ်ပေါက်လာခြင်း ရှိမရှိဟူသော လျှို့ဝှက်ဆန်းကြယ်မှုကြောင့်လည်း ဖြစ်သည်။

တတိယ မိကျောင်းမင်းသားသည် ချူးမိသားစုကို တိုက်ခိုက်ချိန်တွင် ချူးယွင်ဖန်း မထွက်ပေါ်လာခဲ့ပေ။ လာရောက် တိုက်ခိုက်သူသည် ချူးဟောက်ယွဲ့ဖြစ်၍ သူ၏ အင်အားသည် မလုံလောက်ခဲ့ပေ။ သူသည် လူများစွာ၏အမြင်တွင် တတိယ မိကျောင်းမင်းသားနှင့် ယှဉ်ပြိုင်ရန် မလုံလောက်ပေ။

ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့် တွင်သာရှိနေစဉ် နတ်အဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ရန်အတွက် ကြီးလေးသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်ဟုသော ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။ အံ့ဖွယ်အမှုကိစ္စတစ်ခု ထပ်မံ ဖြစ်ပွားရန် မဖြစ်နိုင်တော့ပေ။ ချူးယွင်ဖန်းသည် လက်ရှိတွင် ဒဏ်ရာများကို ပြန်လည်ကုသနေသည်ဟုပင် အချို့က ပြောနေကြသည်။ ဤမြင်ထင်ချက်သည် အလွန် ရေပန်းစားနေခဲ့သည်။ မည်သို့ဆိုသော် ချူးယွင်ဖန်း၏ ပျောက်ဆုံးမှုကို ရှင်းပြရန်အတွက် အခြား နည်းလမ်းမရှိသောကြောင့်ဖြစ်သည်။

ပြီးနောက် ယနေ့တိုက်ပွဲသည် ချူးယွင်ဖန်း ပေါ်ပေါက်လာမှု ရှိခြင်းမရှိခြင်းက သော့ချက်ဖြစ်ပေလိမ့်မည်။ ခဏအကြာတွင် လှပသော ရုပ်ရည် အသွင်အပြင်ရှိသော ပုံရိပ်တစ်ခုသည် တောင်အောက်ခြေမှ ပျံသန်းလာခဲ့သည်။ သူမသည် ခုန်ချက်တစ်ချက်ဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ရာ၊ သူမအတွက် တောင်ထိပ်သို့ ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ပေ။

သူမသည် အသက်နှစ်ဆယ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ သူမသည် အဖြူရောင် ၀တ်စုံကို ၀တ်ထားကာ ခါးပိုင်းတွင် အဝါရောင်ခါးပတ်ကို ချည်နှောင်ထားသည်။ သူမ၏ အသားအရေသည် နှင်းများကဲ့သို့ ဖြူဖွေးနေ၍ သူမ၏ မျက်နှာသွင်ပြင်သည် သပ်ရပ်လှသည်။ ထို့အပြင် သူမ၏ အလှတရားတွင် သူရဲကောင်းဆန်သော အရိပ်အမြွက်များ ရှိနေသည်။ သူမသည် မိသားစု၏ ခေါင်းဆောင်အသစ်၊ တန်စီယု ဖြစ်သည်။ သာမာန်လူတစ်ဦးသည် သူမ၏အသွင်အပြင်ကြောင့် ဆွဲဆောင်ခံရနိုင်သော်လည်း ကြွရောက်လာသူတိုင်းသည် ထိပ်တန်း ကျွမ်းကျင်သူများဖြစ်သောကြောင့် သူမ အသုံးပြုခဲ့သည့် ရွေ့လျားမှုနည်းပညာကိုသာ ပို၍ စိတ်ဝင်စားနေကြသည်။

"သိပ်ကောင်းတဲ့ ရွေ့လျားမှုနည်းပညာပါလား၊ အံ့ဩစရာပဲ"

"ဒီတန်စီယုက မရိုးရှင်းလောက်ဘူးနော်။ တခြားသူတွေက ပြောနေကြသလိုမျိုး ချူးယွင်ဖန်းကို အားကိုးပြီး မိသားစုခေါင်းဆောင်ဖြစ်လာတာ မဟုတ်လောက်ဘူး"

“အခွင့်အရေးမရှိဘူးလို့ ထင်ရင် ဘယ်ပေါ်လာဝံ့မှာလဲ။ သူ့မှာ အတိုင်းအတာတစ်ခုလောက်အထိ ယုံကြည်မှု မရှိရင် တတိယမိကျောင်းမင်းသားကို လာတိုက်ခိုက်ပါ့မလား"

တန်စီယုသည် ပေါ်လာပြီးနောက် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူမ၏ ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ် လွင့်မျောနေ၍ သူမ၏ အမူအရာသည် ငြိမ်သက်နေသည်။ သူမ၏ အရောင်အဝါသည် ကြည်ရှုနေသူ အများအပြားကိုပင် လွှမ်းမိုးသွားခဲ့သည်။ ထိုအချိန်တွင် သူမ အပေါ် အထင်မြင်သေးသူများပင် ၎င်းတို့၏ အမြင်များကို ချိန်ညှိလာကြသည်။ တန်စီယုသည် ၎င်းတို့စိတ်ကူးထားသကဲ့သို့ ရိုးရှင်းပုံ မပေါ်ပေ။

"ဒီကိုရောက်နေပြီဆိုမှတော့ ဘာလို့ထွက်မလာသေးတာလဲ" တန်စီယုက ရုတ်တရက် အော်ပြောလိုက်ရာ၊ သူမ၏ အသံသည် တောင်တစ်ခုလုံးကို တုန်ခါသွားစေသည်။

အပြာရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် ပုံရိပ်တစ်ခုသည် တောင်ပေါ်တွင် လေပြင်းတိုက်ခတ်မှုသကဲ့သို့ ပေါ်ပေါက်လာသည်။ တန်စီယု၏ အေးဆေးတည်ငြိမ်သော အမူအရာနှင့် မတူညီဘဲ၊ ဤပုံရိပ်သည် စွမ်းအင်ကြီးမားမှုမျိုး ပြသနေသည်။ သူသည် တောင်ခြေရှိ လူများကိုပင် ပြင်းထန်သော ဖိနှိပ်မှုမျိုးကို ပေးစွမ်းနေသည်။

ထိုပုံရိပ်သည် လူအများ၏ အရှေ့တွင် ပေါ်ပေါက်လာရန် အချိန်ခဏသာ ကြာမြင့်ခဲ့သည်။ သူသည် အသက်သုံးဆယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ရှည်လျား၍ ရှုပ်ပွနေသော ဆံပင်များရှိနေကာ အရပ်ခြောက်ပေခွဲကျော်ရှိသညိ့ သန်မာသော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသည်။ သူသည် နက်မှောင်သော သံကြိုးချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထား၍ သူ၏လက်ထဲတွင် သုံးခွလှံရှည်ကို ကိုင်ဆောင်ထားခဲ့ရာ၊ သူသည် တိုက်ပွဲဝင်မည့် ဗိုလ်ချုပ်တစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။ ယနေ့၏ အခြားသော အဓိကဇာတ်ဆောင်ဖြစ်သည့် တတိယ မိကျောင်းမင်းသား ပေါ်ပေါက်လာပြီဖြစ်ကြောင်း လူတိုင်း သိထားကြသည်။

"သူရဲဘောကြောင်တဲ့ ချူးယွင်ဖန်း ပေါ်လာနိုင်မလားဆိုတာ ကျုပ် သိချင်နေတယ်" တတိယမိကျောင်းမင်းသားက လှောင်ပြောလိုက်သည်။

"သူက သူရဲဘောကြောင်တဲ့လူ မဟုတ်ဘူး။ ရှင့်ကို သတ်ချင်ရင် သူ့အတွက် လက်ကို အထက်အောက် လှန်သလိုမျိုး လွယ်ကူနေမှာ"

သူမကို ဒေါသထွက်စေရန် ပြုလုပ်လိုသော တတိယမိကျောင်းမင်းသား၏ ရည်ရွယ်ချက် ထိုးဖောက်မြင်ရောက်နေပုံရသော တန်စီယုသည် အနည်းငယ်မျှ ထိခိုက်ခြင်းမရှိပေ။

"ကျုပ်က ဒီကို တစ်ယောက်တည်း လာတာ။ ခင်ဗျားတို့ လူသားတွေရဲ့ စကားအရ ဒီအစည်းအဝေးကို တစ်ကိုယ်တော် ရောက်လာခဲ့တယ်ပေါ့။ ဒီလို အခြေအနေမျိုးမှာတောင် သူက မပေါ်လာရဲဘူးဆိုတော့ ကျွတ်၊ ကျွတ်။ မင်းက ဘာလို့ အဲဒီငကြောက်အနောက်ကို လိုက်ချင်ရတာလဲ အလှလေး၊ ကျုပ်က သူ့ထက် အဆတစ်ရာ ပိုသာပါတယ်" တတိယ မိကျောင်းမင်းသားက ထူးဆန်းစွာ ရယ်မောလျက် ပြောလိုက်သည်။

တန်စီယုက သူ့ကို တစ်ချက်သာ လှည့်ကြည့်ပြီးနောက် ပြောလိုက်သည်။

"ရှင် ကျွန်မကို တိုက်ခိုက်ဖို့လာတာ မဟုတ်လား။ စကားတွေ များလိုက်တာ"

"ဟိုကောင်က မထွက်လာချင်မှတော့ မထွက်လာမချင်း မင်းကို ရိုက်နှက်ရတာပေါ့"

တတိယ မိကျောင်းမင်းသားသည် ခက်ထန်စွာ ရယ်မောလိုက်သည်။ ကမ္ဘာကြီးသည် သတ်ဖြတ်ချင်စိတ်များဖြင့် ရုတ်တရတ် ပြည့်နှက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော စွမ်းအင်များဖြင့် ဖြာထွက်နေ၍ သူ၏ သွေးများ ပွက်ပွက်ဆူကာ လေထုထဲတွင် ပျံ့နှံ့နေသည်။

ဘုံး

ထိုအခိုက်အတန့်တွင် တတိယ မိကျောင်းမင်းသားသည် သူ၏လက်ထဲရှိ သုံးခွလှံရှည်ကို မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။ တန်စီယုကို အနည်းငယ်မျှ ဂရုမစိုက်သည့်အပြင် ချူးယွင်ဖန်းကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ တတိယမိကျောင်းမင်းသားသည် လှုပ်ရှားပြီးနောက် တန်စီယုထံ ချီတက်လိုက်သည်။

သူသည် အလွန် လျင်မြန်လှသည်။ သူသည် အလွန် အရပ်ရှည်သူဖြစ်သော်လည်း သူ၏အရှိန်အဟုန်သည် အံ့ဩဖွယ်ကောင်းလှသည်။ သူသည် လူတိုင်း၏မျက်စိရှေ့တွင် အလင်း၏အရှိန်ဖြင့် ရွေ့လျားနေ၍ သူ၏ကြီးမားသောလက်သီးကို ကျစ်ကျစ်ဆုပ်ကိုင်၍ လေးလံသော အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ ထိုးနှက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ထဲမှ ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာ၍ လက်သီးကို ခုတ်ပိုင်းလိုက်သည်။

ရွှေနှင့်သံသတ္တုတို့ တိုက်မိသည့်အသံနှင့်အတူ တတိယမိကျောင်းမင်းသား၏ တိုက်ခိုက်မှုကို ဓားအလင်းတန်းက ရပ်တန့်လိုက်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ တတိယမိကျောင်းမင်းသားသည် ရပ်တန့်သွားသောအခါ သူ၏လက်သီးပေါ်တွင် သွေးစွန်းနေသော အမှတ်အသားတစ်ခုကို မြင်တွေ့လိုက်သည်။ တန်စီယု၏ဓားသည် သူ၏လက်သီးကို ဖြတ်တောက်လိုက်သည်။

သွေးများ တစက်စက် ကျဆင်းလာသည်။ ဒဏ်ရာသည် မကြီးမားသော်လည်း လူအများအပြားက ၎င်းတို့၏ အဆုတ်ထဲရှိ လေထုတစ်ခုလုံး အေးခဲသွားခြင်းကို ခံစားလိုက်ရဆဲဖြစ်သည်။ တတိယမိကျောင်းမင်းသားသည် အခြားကျွမ်းကျင်သူများကို လက်ဗလာဖြင့် အနိုင်ယူသွားခြင်းကို ၎င်းတို့ သတိရသွားကြသည်။ တချို့လူများသည် သူ၏အရေပြားကိုပင် မထိုးဖောက်နိုင်သည့်အပြင် တချို့သည် လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားကြသည်။ တန်စီယုသည် ရိုးရှင်းသော ဓားချက်ဖြင့် တတိယ မိကျောင်းမင်းသားကို တားဆီးနိုင်ခဲ့သည်။ ဤအချက်သည် သူမ၏ ထူးကဲသော အရည်အချင်းများကို သက်သေပြလိုက်ခြင်းဖြစ်သည်။

"သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ"

သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးသော်လည်း ဤမျှ အံ့ဩဖွယ်သိုင်းစွမ်းအင်ကို စုဆောင်းနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ လူအများက အံ့ဩနေကြသည်။ သို့သော် ၎င်းတို့ မသိကြသည်မှာ တန်စီယုသည် အံ့ဖွယ်ကောင်းကင်ဝိဉာဥ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထား၍ သူမ၏ သန်မာမှုနှုန်းသည် စိတ်ကူးနိုင်သည်ထက် ကျော်လွန်နိုင်မည်ဖြစ်သည်။ တန်စီယုသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ စတင်ဖြတ်ကျော်ပြီးချိန်ကနှင့် နှိုင်းယှဉ်လျှင် လအနည်းငယ်အတွင်းမှာပင် အလွန် ပြောင်းလဲနေပြီဖြစ်သည်။ သူမသည် ကမ္ဘာပေါ်ရှိ အခြားသောမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများထက် ကျော်လွန်သွားခဲ့သည်။

"ဒါက ရှင်တတ်စွမ်းသမျှ အကုန်ပဲဆိုရင် ရှင် သေရလိမ့်မယ်"

တန်စီယု၏ မျက်လုံးများမှတစ်ဆင့် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာသည်။ သူမသည် ဓားဖျားကို လှန်လိုက်သည်နှင့် ဓားအလင်းတန်းတစ်ခု လွင့်ထွက်သွားသည်။ ၎င်းသည် တိမ်များကို လွင့်စင်သွားစေသည့် လေဆင်နှာမောင်းနှင့် ဆင်တူ၍ တစ်ကမ္ဘာလုံး ပြင်းထန်စွာ တုန်လှုပ်စေနိုင်သည်။ ဓားအလင်းရောင်သည် တတိယမိကျောင်းမင်းသားဆီသို့ အံ့ဩဖွယ်စွမ်းအင်ဖြင့် တိုက်ရိုက် လွင့်ပျံသွားသည်။

ထိုဖြစ်စဉ်ကို မြင်သောအခါ လူများစွာ၏ အမူအရာများ ဖြူဖျော့သွားကြသည်။ ၎င်းတို့သာ တတိယမိကျောင်းမင်းသားနေရာတွင် ရှိနေလျှင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

တတိယမိကျောင်းမင်းသား၏ အမူအရာသည်လည်း အနည်းငယ် ဖျော့တော့သွားသည်။ သူသည် ဤနေရာသို့ ထွက်လာကတည်းက ဤသို့သော ပြိုင်ဘက်မျိုး တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ သူ၏ ကြီးမားသော လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ လက်ထဲရှိ သုံးခွလှံရှည်သည် ဓားအလင်းရောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။

ဘုံး

ဘုံး

ဘုံး

၎င်းတို့နှစ်ဖက်ကြားက ရိုက်ခတ်မှုသည် ဗလုံးဗထွေးဖြစ်နေသော မိုးကြိုးသံကဲ့သို့ ထင်မှတ်ရစေသည်။ နှစ်ဖက်စလုံး၏ လှုပ်ရှားမှုများကို လူအများအပြားက မလိုက်နိုင်ကြပေ။ ၎င်းတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်မှ အလင်းရောင်တစ်မျိုး ထုတ်လွှတ်လိုက်ခြင်းကိုသာ ၎င်းတို့အားလုံး မြင်တွေ့လို့က်သည်။ နှစ်ဖက်စလုံး၏ သွေးများနှင့် စွမ်းအင်များ ပွက်ပွက်ဆူလာခဲ့ရာ၊ ၎င်းတို့အနက် မည်သူက ပိုမို သန်မာသည်ကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။

လူအများသည် အလွန် တုန်လှုပ်သွားကြသည်။ တန်စီယုသည် တတိယမိကျောင်းမင်းသား၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အမှန်တကယ် တန်းတူ တိုက်ခိုက်နိုင်ခဲ့သည်။ ဤဖြစ်စဉ်သည် အလွန် သိပ္ပံနည်း မကျလှသည်။ သို့သော် ပို၍ပင် သိပ္ပံနည်းမကျသော အရာသည် အပြင်းအထန် ထိုးနှက်မှုအပြီးတွင် တတိယမိကျောင်းမင်းသားသည် ဦးစွာ လဲကျသွား၍ သွေးများ ဖုံးလွှမ်းနေသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

အခန်း (၈၆၄) ကျုပ် ခင်ဗျားကို လာသတ်တာ

လူတိုင်း၏ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။ တတိယမိကျောင်းမင်းသားသည် လူအများ၏အမြင်တွင် ပေါ်ပေါက်လာချိန်မှစ၍ သူသည် ပြိုင်ဘက်ကင်းမှု၏ သင်္ကေတတစ်ခုဖြစ်ခဲ့သည်။ မျိုးဆက်သစ်လူငယ်များ၏ ထိပ်တန်း ကျွမ်းကျင်သူများ သို့မဟုတ် ကျွမ်းကျင်သူဟောင်းများပင်ဖြစ်စေ မည်သူကမျှ သူနှင့် မယှဉ်နိုင်ခဲ့ပေ။

တန်စီယုသည် သူ့ကို ပထမအကြိမ် ဆုတ်ခွာသွားစေသည်အထိ ပြုလုပ်နိုင်ခဲ့သည်။ တတိယမိကျောင်းမင်းသား၏ ဂုဏ်သတင်းနှင့် နှိုင်းယှဉ်လျှင် တန်စီယု၏ ဂုဏ်သတင်းသည် ကြီးမြတ်ခြင်းမရှိပေ။ သူမသည် တန်မိသားစု၏ မိသားစုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည့် မကြာသေးမီအချိန်ကမှ လူသိများလာခြင်းဖြစ်သည်။

သူမသည် ချူးယွင်ဖန်း၏ကျော်ကြားမှုကို ငှားယူခဲ့ကြောင်း အများအပြားက ဆိုကြ၍ သူမ၏ ခွန်အားသည် အမှန်တကယ် မသန်မာကြောင်း ပြောကြားခဲ့ကြသည်။ သို့သော် ဤတိုက်ပွဲသည် သူမအပေါ် လူတိုင်း၏ အထင်အမြင်များကို လုံးလုံးလျားလျား ပြောင်းလဲသွားစေသည်။ သူမသည် နတ်အဆင့်အောက်ရှိ ကျွမ်းကျင်သူအားလုံးကို သုတ်သင်လိုက်ချိန်တွင် ချူးယွင်ဖန်းပြသခဲ့သော အပြုအမူများနှင့် အလွန် တူညီနေသည်။

"အမှိုက်သရိုက်ပဲ" တန်စီယုက ပေါ့ပါးစွာ ပြောလိုက်သည်။

သွေးများ စိုရွှဲနေသော တတိယမိကျောင်းမင်းသားနှင့် နှိုင်းယှဉ်ပါက သူမတွင် အမာရွတ်တစ်ခုမျှပင် မရှိခဲ့ပေ။ သူမသည် အံ့ဖွယ်ကောင်းကင်ဝိဉာဥ်ခန္ဓာကိုယ် ကို ရရှိခဲ့ပြီးကတည်းက ပို၍ပင် သာလွန်လာသည်ဟု ခံစားမိခဲ့သည်။ ဤရလဒ်သည် သာမန်လူများအတွက် မယုံကြည်နိုင်ဖွယ်ဖြစ်သော်လည်း သူမအတွက် ပုံမှန်ဖြစ်သည်ဟု ခံစားမိစေသည်။

သူမသည် ဤမျှပင် မပြုလုပ်နိုင်ခဲ့လျှင် ချူးယွင်ဖန်း၏ အကူအညီများကို အလဟသ ဖြစ်သွားစေလိမ့်မည်။ တန်စီယုသည် သူမ၏ ကန့်သတ်ချက်ကို မရောက်ရှိသေးကြောင်း ခံစားမိလိုက်သည်။ သူမသည် ရှေ့သို့ ဆက်လက် တွန်းတိုက်လိုက်သည်နှင့် သူမ၏ နတ်အဆင့် အတားအဆီးကို ဖျတ်ခနဲ ခံစားလိုက်နိုင်သည်။ သူမကို အချိန်အလုံအလောက် ပေးအပ်သရွေ့ အဆင့်ဖြတ်ကျော်နိုင်မည်ဖြစ်၍ ထိုအချိန်တွင် အတားအဆီး ပျောက်ပျက်သွားပေလိမ့်မည်။

သူမ၏ ဖြစ်တည်မှုသည် ချူးယွင်ဖန်း၏ အားနည်းချက်ဖြစ်လာနိုင်ကြောင်း သူမ သိထားသောကြောင့် သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် သူနှင့်အတူ ရင်ဘောင်တန်း၍ ရပ်တည်နိုင်စေရန်အတွက် ကိုယ့်ကိုယ်ကို အကောင်းဆုံး ကြိုးစားရမည်ဖြစ်သည်။

"ကျုပ်တော့ ထင်ယောင်ထင်မှားတွေ မြင်နေတာဖြစ်ရမယ်။ တတိယမိကျောင်းမင်းသားက အရမ်း သန်မာလွန်းလို့ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်မှာရှိတဲ့ ဝါရင့်ကျွမ်းကျင်သူတွေတောင် သူ့ကို မယှဉ်နိုင်ကြဘူးလေ။ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ငါတို့ထက် အများကြီး ပိုသန်မာတယ်။ တန်စီယုမှာ ဘယ်လို ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုး ရှိနေတာလဲ"

"ဒါက ထူးခြားတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမျိုးပဲ ဖြစ်ရမယ်။ မျိုးနွယ်ပေါင်းစုံရဲ့ ပါရမီရှင်တွေနဲ့ ပြိုင်ဆိုင်နိုင်တဲ့ လူသားမျိုးနွယ်တွေရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှု တချို့ကို ရှေးဟောင်းလူသားများကာလရဲ့ စာအုပ်တွေမှာ မှတ်တမ်းတင်ထားကြတယ်"

"တတိယ မိကျောင်းမင်းသားက အားနည်းလိုက်တာ။ အခုအခြေအနေလောက်ဆိုရင် မလိုအပ်တော့ဘူးဆိုတော့ ချူးယွင်ဖန်း ဒီနေ့လည်း လှုပ်ရှားလောက်မယ် မထင်ဘူး"

လူအုပ်ကြီးသည် မယုံကြည်နိုင်ဖွယ်အကောင်းဆုံး အံ့ဖွယ်ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ချူးယွင်ဖန်း၏ နံဘေးတွင်ရှိနေသည့် မထင်ပေါ်လှသော တန်စီယုသည်ပင် အလွန် အံ့ဩဖွယ်ကောင်းနေပါက ချူးယွင်ဖန်းဆိုလျှင် ယခု မည်မျှ သန်မာနေခြင်း ဖြစ်မည်နည်း။

"ချူးယွင်ဖန်းအနားက အမျိုးသမီးကို ဒီလောက် သန်မာမယ်လို့ ကျုပ် မထင်ထားဘူး" တတိယ မိကျောင်းမင်းသားသည် တန်စီယုကို စိုက်ကြည့်လျက် ပြောလိုက်သည်။

"ကျုပ်သာ မပြင်ဆင်ထားဘူးဆိုရင် ကျုပ် ဒီနေ့အသတ်ခံရနိုင်တယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး၊ သူက ထွက်လာဖို့ ငြင်းဆန်နေမှတော့ မင်းကိုအရင်သတ်ပစ်ပြီးမှ သူ့ကိုသွားရှာမယ်"

တတိယ မိကျောင်းမင်းသားက သူ၏အင်္ကျီလက်စထဲရှိ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်တယ်။ ၎င်းသည် မှုံပျပျ ပုံရိပ်တစ်ခု၏ ပန်းချီဖြစ်သည်။ သူသည် ထိုစာရွက်ကို ကြေမွလိုက်သည်နှင့် ၎င်းသည် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် တိုးဝင်လာလေသည်။ တခဏအတွင်းမှာပင် အရပ် အလွန်ရှည်သော တတိယ မိကျောင်းမင်းသားသည် ရုတ်တရက် ပို၍ပင် မြင့်မားလာသည်။ ယခု သူ၏ အရပ်သည် ဆယ်ပေကျော်မျှ မြင့်မားလာ၍ တန်စီယုသည် သူ၏ခါးအထိသာ ရောက်ရှိနိုင်သည်။

ဘုံး

သူသည် ကြောက်မက်ဖွယ် စွမ်းအင်များဖြင့် ဖြာထွက်လာသည်။ ၎င်းသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ နေရာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ဤနေရာရှိ အတားအဆီးသည် ၎င်းစွမ်းအင်ကြောင့် တုန်လှုပ်နေသည်။ ပြင်းထန်သော အင်အားတစ်ခုသည် တောင်ထိပ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။

"ဒီစွမ်းအင်... အဲဒါ နတ်အဆင့် စွမ်းအင်ပဲ"

လူတိုင်းသည် ထိတ်လန့်သွားပြီးနောက် အနောက်သို့ စတင် ဆုတ်ခွာသွားကြသည်။ တတိယ မိကျောင်းမင်းသားတွင် ထိုသို့သော ဝှက်ဖဲမျိုး ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ပေ။ သူသည် ဤနတ်အဆင့် စွမ်းအင်ကို တစ်နေရာရာမှ ငှားယူခဲ့ကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ သို့သော် တတိယ မိကျောင်းမင်းသားက မည်သို့ပြုလုပ်ခဲ့ပါစေ၊ ထိုအဆင့်သို့ တက်လှမ်းခြင်းသည် ထိုအဆင့်သို့ တက်လှမ်းခြင်းသာဖြစ်သည်။ သူသည် ၎င်းတို့အားလုံးက ဆန့်ကျင်တိုက်ခိုက်နိုင်သူ မဟုတ်ပေ။

"ဒီလိုစာရွက်မျိုးကို ကျုပ် အရင်က မြင်ဖူးတယ်။ အဲဒါက လျှို့ဝှက်နည်းပညာတစ်ခုပဲ။ ရှေးဟောင်း လူသားများကာလရဲ့ အဓိက အင်အားကြီးပုဂ္ဂိုလ်တွေက သူတို့ရဲ့ ဝိညာဉ်ရေးစွမ်းအင်တွေကို ဒီလို ပန်းချီတွေထဲမှာ ရေးဆွဲကြတာ။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ တစ်ယောက်ယောက်က ဒီထဲကစွမ်းအင်တွေကို အသုံးပြုနိုင်လိမ့်မယ်"

"ဒီစွမ်းအင်တွေက ကောင်းလိုက်တာ" တတိယမိကျောင်းမင်းသားက လှောင်ရယ်လိုက်သည်။

၎င်းသည် သူ၏ကိုယ်ပိုင်မဟုတ်ဘဲ ယာယီ ငှားယူထားသည့် စွမ်းအင်တစ်ခုသာဖြစ်သော်လည်း ၎င်းသည် သူ့အတွက် ခြားနားမှု မရှိလှပေ။ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင် အရှိန်အဟုန်များသည် ကမ္ဘာကြီးကို ဖျက်ဆီးလိုသော ဆန္ဒများပင် ဖြစ်ပေါ်စေသည်။

"အချိန် သိပ်မကျန်တော့ဘူး။ ဒီသတ်ဖြတ်မှုကို မင်းနဲ့ အရင် စလိုက်ရအောင်" တတိယမိကျောင်းမင်းသားသည် တန်စီယုကို အေးစက်စွာ စိုက်ကြည့်နေလျက် ပြောလိုက်သည်။

သူ၏လက်ကြီးသည် ဟင်းလင်းပြင်ထဲသို့ ရောက်သွားသည်နှင့် မိကျောင်း လက်သည်းကြီးများ အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ ပြီးနောက် တန်စီယုထံ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော မိကျောင်း လက်သည်းကြီးသည် တန်စီယုကို အလှမ်းမီလုနီးပါး ဖြစ်သွားလေသည်။

ထိုအချိန်တွင် တန်စီယုသည် သူမ၏ဓားကို ဝှေ့ယမ်းကာ ဧရာမ မိကျောင်း လက်သည်းကြီးဆီသို့ သုတ်သင်ပစ်လိုက်သည်။ ၎င်းသည် ချက်ချင်း ကွဲထွက်သွားသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နတ်အဆင့်အကြားက ကွာဟချက်သည် အလွန် ကြီးမားသည်။ တန်စီယုသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ပေတစ်ရာအကွာသို့ ချက်ချင်း ဆုတ်ခွာခြင်းဖြင့် ကြောက်မက်ဖွယ် ဖမ်းဆုပ်မှုကို ရှောင်တိမ်းလိုက်သည်။ ၎င်းတို့နှစ်ဖက်စလုံးက တူညီသောအဆင့်တွင် ရှိနေကြခြင်း မဟုတ်ပေ။

"ဟားဟား၊ ထွက်ပြေးနိုင်မယ် ထင်နေတာလား" တတိယမိကျောင်းမင်းသားက အော်ဟစ်လိုက်သည်။

သံမျှော်စင်နှင့် ဆင်တူသော သူ၏ခန္ဓာကိုယ်သည် တဖန် ရွေ့လျားလိုက်ပြန်သည်။ သူသည် ခဏလေးအတွင်းမှာပင် တန်စီယု အရှေ့သို့ ပေါ်ပေါက်လာသည်။ တတိယမိကျောင်းမင်းသားသည် အလွန် မြန်ဆန်လွန်းသောကြောင့် တန်စီယုတွင် တုံ့ပြန်ချိန်ပင် မရှိလိုက်ဘဲ သူ၏လက်သည်းဖြင့် သုတ်သင်ခံလိုက်ရသည်။ တန်စီယုသည် သွေးများ အန်ထွက်ပြီးနောက် လေးလံသော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမ၏အရိုးများစွာ ကွဲကြေသွားကြောင်း သူမ ခံစားနိုင်သည်။ ဤသည်မှာ ပေါ့ပါးသော ဝှေ့ယမ်းမှုမျှသာဖြစ်သည်။ အကယ်၍ သူမကိုသာ ထိပ်တိုက်ထိတွေ့ခဲ့ပါက နောက်ဆက်တွဲ ဆိုးကျိုးများကို စိတ်ကူးယဉ်နိုင်မည် မဟုတ်ပေ။ နှစ်ဖက်ကြားမှ ကွာခြားချက်သည် အလွန် ကြီးမားလှသည်။

"သေပေတော့"

တတိယမိကျောင်းမင်းသား၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ မိကျောင်းလက်သည်းကြီးသည် လေထုထဲတွင် နောက်တစ်ကြိမ် ပေါ်ပေါက်လာကာ တန်စီယုကို ဖမ်းဆုပ်လိုက်သည်။ သူမသည် တောင်နံရံဆီသို့ တွန်းပို့ခံရသောကြောင့် ပြေးစရာနေရာ မရှိခဲ့ပေ။ တန်စီယု သေဆုံးတော့မည်ဟု လူတိုင်းက တွေးနေချိန်တွင် လေဖိအားနည်းရပ်ဝန်းမှ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လျှပ်စီးလှံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ပြီးနောက် လျှပ်စီးလှံသည် ဧရာမမိကျောင်း လက်သည်းကို မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်ရာ၊ ၎င်းသည် ဖြည်းညှင်းစွာ ကွဲကြေသွားခဲ့သည်။ မြေပြင်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လူတိုင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ချိန်တွင် ချူးယွင်ဖန်း ရောက်ရှိလာခြင်းကို တွေ့လိုက်ရသည်။ သူ၏နောက်ကျောရှိ လျှပ်စီးအတောင်ပံတစ်စုံသည် တဖျပ်ဖျပ် လှုပ်ခတ်နေကာ လေပြင်းနှင့် မိုးကြိုးသံများကို ကြားရနိုင်သည်။ သူသည် နတ်ဘုရားတစ်ပါးနှင့် ဆင်တူ၏။

"နောက်ဆုံးတော့ ပေါ်လာပြီပေါ့လေ။ သူရဲဘောကြောင်တဲ့ကောင်အဖြစ် ဆက်နေမယ်လို့ ကျုပ်က ထင်ခဲ့တာ" တတိယမိကျောင်းမင်းသားက ချူးယွင်ဖန်းကို တစ်ချက်တည်း ကြည့်ရုံဖြင့် မှတ်မိသွားပြီးနောက် ပြုံးရယ်၍ ပြောလိုက်သည်။

"ကျုပ်က ခင်ဗျားကိုသတ်ဖို့ ရောက်လာတာ" ချူးယွင်ဖန်းက အမူမထားဘဲ ပြောလိုက်သည်။

All Chapters