← Chapters

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈) အထူးစစ်ဆင်ရေးဌာနရဲ့ ဂုဏ်သတင်းကို တဖြည်းဖြည်း ကျဆင်းအောင် လုပ်နေတာလား

ဟော့ရို့နန်သည် ချူးယွင်ဖန်းကို စူးစမ်းသည့်အမူအရာဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် ငယ်ရွယ်သူဖြစ်သော်လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း လျှို့ဝှက်ထားခြင်းမရှိသည့်အတွက် သူမသည်လည်း သူနှင့်ပတ်သက်၍ ရှာဖွေခဲ့ဖူးသည်။ သူ အနိုင်ယူခဲ့သူများသည် ခိုင်မာသော နောက်ခံအသိုင်းအဝိုင်းဖြင့် ဆင်းသက်လာသူများဖြစ်သည်။

သူသည် ကျန်းမိသားစု၏ ပြင်ပချဲ့ထွင်မှုကို ခံစစ်အဖြစ်သို့ အလွယ်တကူ ပြောင်းလဲနိုင်ခဲ့ကြောင်း မည်သူမဆို ပြောနိုင်သည်။ နောက်ဆုံးတွင် ကျန်းမိသားစုသည် နေရာတိုင်းသို့ ချဲ့ထွင်ရန်အတွက် လုံလောက်သည့် လုပ်သားအင်အား မရှိတော့ပေ။ ထိပ်တန်း ကျွမ်းကျင်သူများမရှိပါက ကျားပါးစပ်မှ အစာကို လုယူရန် မဖြစ်နိုင်ပေ။

ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ မျိုးဆက်သစ်နှင့် ၎င်းတို့၏ အခြေခံအုတ်မြစ်နှစ်ခုလုံးကို ဖျက်ဆီးခဲ့သည်။ ယခုအခါ ၎င်းတို့ကို ထောက်ပံ့ရန်အတွက် ယခင်မျိုးဆက်ဟောင်း၏ ကျွမ်းကျင်သူကို ဖိတ်ခေါ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ကျန်းမိသားစုတွင် အသက်အရွယ်ကြီးရင့်သူများ၊ အားနည်းသူများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများသာ ကျန်ရစ်တော့သည်ဟု လူအများအပြားက ပြောနေကြသည်။

ဤအရာအားလုံး၏ အကြောင်းရင်းသည် ၎င်းတို့၏ ဌာနခေါင်းဆောင်အသစ်ကြောင့် ဖြစ်သည်မှာ သိသာထင်ရှားသည်။ သို့သော် ချူးယွင်ဖန်း၏ အကြည့်သည် ဟော့ရို့နန်၏ သိချင်စိတ်များကို အမြန်ထိန်းချုပ်စေခဲ့သည်။

"အချက်အလက်တွေကို ဖတ်ကြည့်ပြီးပြီ။ အခု အရေးကြီးဆုံးက ဌာနရဲ့ အင်အားကို တိုးချဲ့ဖို့ပဲ" ဟု ချူးယွင်ဖန်းသည် သူ၏ အတွေးများကို စီစစ်ပြီးနောက် ပြောကြားလိုက်သည်။

သူသည် ချူးမိသားစုထက်စာလျှင် ဤဌာနကို ပို၍ အာရုံစိုက်နေသည်။ ချူးမိသားစုသည် သူ၏ ကျောထောက်နောက်ခံတစ်ခုဖြစ်သော်လည်း ချူးမိသားစုသည် ကိုယ်ပိုင်စနစ်တစ်ခု ဖြစ်သောကြောင့် တိုက်ရိုက် မျိုးဆက်မဖြစ်လာနိုင်ပေ။ ချူးမိသားစု၏ ဘိုးဘေးဟူသော အဓိကအချက်အချာမျိုးသာ ဖြစ်လာနိုင်သည်။ သို့သော် ဌာနသည် အသစ်စက်စက် နေရာတစ်ခုဖြစ်သောကြောင့် ကွဲပြားခြားနားသည်။ ဤသည်မှာ ချူးယွင်ဖန်းအတွက် လိုအပ်သမျှ ရေးဆွဲနိုင်သည့် စက္ကူဖြူတစ်ရွက်ဖြစ်သည်။

"ခေါင်းဆောင်ကျန်း ပျောက်ဆုံးသွားတဲ့ တိုက်ပွဲမှာ ဌာနထဲက မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့် ကျွမ်းကျင်သူ တော်တော်များများ ဆုံးရှုံးသွားတယ်။ ဆိုးရွားတဲ့ အမှုအခင်းတွေကလည်း ခဏခဏဖြစ်နေတော့ ကျွန်မတို့ဆီမှာ လူအင်အား နည်းနေပြီ။ လူတချို ့ကို ခဏလောက်ငှားသုံးချင်လား ခေါင်းဆောင်"

ဟော့ရို့နန်သည် အလုပ်စနစ်အတွင်းသို့ အလျင်အမြန် ပြန်ရောက်သွားလေသည်။

"မလိုပါဘူး။ စစ်တပ်ရဲ့ပုံစံက ကျုပ်တို့နဲ့ မတူဘူး။ ဝန်ထမ်းအင်အားကို ချေးထားရင်တောင် သူတို့နဲ့ လိုက်လျောညီထွေဖြစ်မှာ မဟုတ်ဘူး။ ကျုပ်တို့ ဌာနထဲကလူတွေကို ရာထူးတိုးတာ ပိုကောင်းတယ်"

ချူးယွင်ဖန်းသည် စစ်တပ်ထံမှ စစ်သားများကို ချေးငှားမည့် စိတ်ကူးကို ချက်ချင်း ပယ်ချလိုက်သည်။

"ခေါင်းဆောင် ရာထူးတိုးဖို့က လွယ်တယ်ဆိုပေမယ့် လူတစ်ယောက်ရဲ့ ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ မလွယ်ပါဘူး" ဟော့ရို့နန်က ပြောလိုက်သည်။

"ကျုပ်မှာ အကြံတစ်ခုရှိတယ်။ ပြီးရင် ခင်ဗျားကို ဆေးဖက်ဝင်အပင်စာရင်းတွေကို ပို့ပေးလိုက်မယ်။ အဲဒါတွေကို စုစည်းပေးပါဦး။ ကျုပ်တို့တွေ မြန်မြန်မတိုးတက်နိုင်မှတော့ တိုးတက်ဖို့အတွက် ဆေးတွေကိုပဲ အားကိုးကြတာပေါ့" ချူးယွင်ဖန်းက ဆိုသည်။

ဟော့ရို့နန်သည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူမ စုဆောင်းထားသော အချက်အလက်များအရ ချူးယွင်ဖန်းသည် အစွမ်းထက်သော ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း သူမ သိထားသည်။ သို့သော် ဌာနတွင် ကျွမ်းကျင်သူများစွာရှိနေ၍ ၎င်းတို့အတွက် ဆေးလုံးများစွာ လိုအပ်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းဆေးလုံးများကို ကိုယ်တိုင်ပြုလုပ်ရန် စိတ်ကူးထားခြင်း ရှိမရှိနှင့် ပတ်သက်၍ ဟော့ရို့နန်က သိချင်နေမိသည်။

"ဆေးတွေ အတူဖော်စပ်ဖို့ ဌာနက ဆေးပညာရှင်တွေကို စုစည်းလိုတာလား၊ ခေါင်းဆောင်ချူး" ဟော့ရို့နန်က ပြောလိုက်သည်။

"ဟုတ်ပါတယ်" ချူးယွင်ဖန်းသည် ဟော့ရို့နန်ကို ကြည့်၍ ပြောလိုက်သည်။

"ကျုပ်က အကုန်လုံးကို တာဝန်ယူလိမ့်မယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်"

ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ၏အရည်အချင်းဖြင့် အရာအားလုံးကို တာဝန်ယူခြင်းက ပြဿနာမဟုတ်သော် အဓိကပြဿနာကား ချူးယွင်ဖန်းသည် သာမန်ဆေးပညာရှင်တစ်ဦး မဟုတ်ပေ။ သူသည် ဆေးလုံးများကို တီထွင်နိုင်သော်လည်း သူ့တွင် အချိန်အမြားအပြားမရှိပေ။ သူ၏ ခွန်အားများ ပိုမိုတိုးတက်လာ၍ နတ်အဆင့်သို့ ရောက်လာသည်နှင့် ဆေးလုံးအမြောက်အမြားကို ထုတ်လုပ်နိုင်ပေလိမ့်မည်။

ထိုအချိန်တွင် ဌာန၏ ဆေးပညာရှင်များသည် ထူးခြားသော ဆေးမီးတောက်ကို လျင်မြန်စွာ ထွန်းညှိ၍ အရည်အသွေးနိမ့် ဆေးလုံးများကို ဖော်စပ်ပေးနိုင်မည်ဖြစ်သည်။ သို့သော် သူသည် ယခုအချိန်တွင် ကျင့်ကြံမှုကို ရပ်တန့်ထားကာ ဆေးဖော်စပ်မှုကို အာရုံစိုက်ထားရမည့်အချိန် မဟုတ်ပေ။

"မွေးဖွားခြင်းနယ်မြေဆေးအတွက် တိုးမြှင့်ထားတဲ့ ဖော်မြူလာအသစ်ကို ပေးမယ်။ အဲဒါက မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတွေကို လက်ရှိအဆင့်ကနေ ဖြတ်ကျော်ပြီး ဒီထက် ပိုတိုးတက်အောင် ကူညီပေးနိုင်တယ်။ ဒါပေမယ့် ဒါအတွက် အကောင်းဆုံး ဆေးဖက်ဝင်အပင်တွေ လိုအပ်တဲ့အပြင် အလောတကြီး ဖော်စပ်လို့ မရဘူး။ ဒါကြောင့် ဌာနထဲက မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူတွေကိုပဲ ဦးစားပေးထောက်ပံ့ပေးပြီး ကျုပ်တို့ရဲ့ အဆင့်မြင့် အင်အားစုတွေကို အရင်ဆုံး ဖြည့်တင်းရမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

မွေးဖွားခြင်းနယ်မြေအဆင့်ဆေးလုံးများ၏ လက်ရှိထိရောက်မှုသည် အလွန် အံ့ဩဖွယ်ကောင်းသော်လည်း ချူးယွင်ဖန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မလုံလောက်သေးပေ။ သူ ထောက်ပံ့နိုင်သော မွေးဖွားခြင်းနယ်မြေဆေးလုံးများသည် အကောင်းဆုံးဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ခိုင်မာသော ငွေကြေးပံ့ပိုးမှုများ လိုအပ်နေသောကြောင့် ၎င်းသည် သာမန်တပ်ဖွဲ့များ တတ်နိုင်သောအရာ မဟုတ်ပေ။ ပြီးနောက် အထူးစစ်ဆင်ရေးဌာနသည် သာမန်အင်အားစုများ မဟုတ်သည်မှာ သိသာထင်ရှားသည်။

"ဒီလိုဆေးမျိုး ရှိတယ်လား" ဟော့ရို့နန်၏ မျက်လုံးများ တောက်ပလာသည်။

"ဒီလိုဆိုရင် ဆေးဖက်ဝင်အပင်တွေ ဝယ်ယူဖို့ ကျွန်မတို့ ဌာနမှာရှိတဲ့ အရင်းအမြစ်တွေ အကုန်လုံးကို အသုံးပြုနိုင်တယ်။ အချိန်တိုအတွင်း ကျွန်မတို့ဆီက အင်အားစုတွေ အများကြီးသန်မာလာလောက်တယ်"

ချူးယွင်ဖန်းက ခေါင်းယမ်းလိုက်သည်။

"ဌာနက ငွေကြေးလိုအပ်တာ ဒီတစ်ခုတည်းအတွက် မဟုတ်ဘူး။ လောလောဆယ် အဲဒါတွေကို ကျုပ်တို့ အလုံးအရင်းနဲ့ မထုတ်နိုင်ဘူး။ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစုတွေကို အရင်ဆုံး ဖြည့်တင်းကြရမယ်"

“အလယ်အလတ်နဲ့ အနိမ့်ဆုံး တိုက်ခိုက်ရေးတပ်တွေအတွက်တော့ အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့် စက်လက်နက်တွေကို တပ်မတော်ကနေ ငှားလို့ရတယ်။ လောလောဆယ်တော့ ပြဿနာမရှိလောက်ဘူး"

"အဆင့်ပေါင်းစုံက ကျွမ်းကျင်သူတွေကို ဖြည့်စွက်ဖို့အပြင်၊ ဒီစာရင်းထဲက မိသားစုတွေ၊ ဂိုဏ်းခွဲတွေနဲ့ အင်အားစုတွေက ခေါင်းဆောင်တွေကို ချိန်းဆိုမှုလုပ်ပေးဖို့ ကျုပ်ကို ကူညီပေးပါ"

ချူးယွင်ဖန်း အရှေ့ရှိ ပရိုဂျက်တာတွင် သူ ပြောခဲ့သော နာမည်စာရင်းများကို ပြသလာသည်။

"ကျုပ် ဒါတွေကို ကြည့်ပြီးပြီ။ ဟိုတလောက ဖြစ်ပျက်နေတဲ့ ကိစ္စတွေက ဒီလူတွေနဲ့ ပတ်သက်မှုတွေ ရှိနေတယ်။ ထူးဆန်းတဲ့ မှုခင်းတော်တော်များများက ဒီအင်အားစုတွေနဲ့ တိုက်ရိုက် မဟုတ်ရင် သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဆက်စပ်နေတယ်"

ချူးယွင်ဖန်းသည် သူ့အရှေ့ရှိ virtual ပရိုဂျက်တာကို ကြည့်လိုက်သည်။ ဤအချက်အလက်များ မဖတ်မိခဲ့လျှင် ပြည်ထောင်စုအတွင်း အရာအားလုံး ငြိမ်းချမ်းနေသည်ဟု သူ ထင်မှတ်မိမှာ သေချာသည်။ သို့သော်လည်း အထက်လူကြီးများသာ ကြည့်နိုင်သည့် အချက်အလက်များကို ဖတ်ရှုပြီးနောက်တွင် သမ္မတ ပျောက်ဆုံးမှု၏ သက်ရောက်မှုသည် ၎င်းတို့ မျှော်မှန်းထားသည်ထက် ပို၍ပင် အရေးပါနေကြောင်း သူ သဘောပေါက်သွားသည်။ ထို့အပြင် ၎င်းသည် နေရာအနှံ့သို့ ပျံ့နှံ့နေဆဲဖြစ်သည်။

"သူတို့တွေက ခေါင်းဆောင်ကို မကြိုဆိုကြမှာကို စိုးရိမ်မိပါတယ်" ဟော့ရို့နန်က ပြောလိုက်သည်။

"ဒါဆို ကျုပ် သူတို့ကို မကြိုဆိုမချင်း ထိုးကြိတ်ပေးလိုက်မယ်။ ကျုပ်က ကျုပ်ဆရာနဲ့ မတူဘူး။ ကျုပ် လိုချင်တာကို မပေးဘူးဆိုရင် ကျုပ်အစွမ်းအစ ဘယ်လောက်ထက်တယ်ဆိုတာ သူတို့ သိစေရမယ်" ချူးယွင်ဖန်းက ဆိုသည်။

"ဒါ့အပြင် ဘယ်သူက ကျုပ်တို့ကို ဖော်ရွေပြီ ဘယ်သူက မဖော်ရွေလဲဆိုတာ ကြည့်ရမယ်။ ဘယ်သူက ရန်သူ ဘယ်သူက မိတ်ဆွေဆိုတာ ရှာရမယ်၊ ဒါက ကျုပ်တို့အတွက် ဦးစားပေးကိစ္စပဲ" ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။

အသစ်ခန့်အပ်ထားလိုက်သော အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင် ချူးယွင်ဖန်းသည် မိသားစုအသီးသီးရှိ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုသည်ဟူသော သတင်းများ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ရှက်စဖွယ်ကောင်းသော အချက်သည် မည်သူတစ်ဦးတစ်ယောက်ကမှ လူကိုယ်တိုင်လာရောက်ကြခြင်း မရှိကြပေ။ အများစုသည် အကြီးအကဲတစ်ဦးကို စေလွှတ်ခဲ့၍ အချို့က တပည့်များကိုပင် စေလွှတ်ခဲ့ကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို အလေးအနက် မထားခဲ့ကြပေ။

"ချူးယွင်ဖန်းလား၊ သူက ဘယ်သူလဲ။ ပြည်ထောင်စုရဲ့ သမ္မတနဲ့ တွေ့ဆုံဖို့ သဘောတူထားရင်တောင် ကျုပ်တို့က တန်းတူညီတူ ဆက်ဆံခံရမယ့် အဆင့်တန်းမျိုးပဲ။ ကျုပ်တို့အားလုံးကို သူနဲ့တွေ့ဖို့ပြောရအောင် သူက ဘာကောင်မို့လို့လဲ" ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။

"ခင်ဗျား ပြောတာ မှန်တယ်။ သမ္မတက ကျုပ်တို့ကို တွေ့ချင်ရင်တောင်မှ ကျုပ်တို့က သီးသန့်တွေ့ဆုံပိုင်ခွင့်ရှိတဲ့ လူတွေ။ ကျုပ်တို့အကုန်လုံးကို သူ့ဆီ လာတွေ့ဖို့ပြောရအောင် သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ" အခြားဂိုဏ်းခေါင်းဆောင်က စကားပြောသည်။

"အထူးစစ်ဆင်ရေးဌာနရဲ့ ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက် ဒါက ချူးယွင်ဖန်းဘက်က ပထမဆုံး လုပ်ချင်တဲ့ ဟာလား။ ဌာနရဲ့ ဂုဏ်သတင်းကို ရေမြောင်းထဲ သွန်ချဖို့ ရည်ရွယ်နေတာလား"

ချူးယွင်ဖန်းက မည်သို့တုံ့ပြန်မည်ကို လူတိုင်းက စောင့်မျှော်နေကြသည်။

အခန်း (၈၆၉) ပြင်ပကမ္ဘာမှသံသယများ၊ အထူးလေ့ကျင့်ရေး

မိသားစုခေါင်းဆောင်များနှင့် ဂိုဏ်းခေါင်းဆောင်များသည် အထူးစစ်ဆင်ရေးဌာနမှူးဖြစ်သည့် ချူးယွင်ဖန်း၏ ပထမဆုံးအမိန့်ကို ပယ်ချလိုက်သည်။ ဤသည်မှာ ရာထူးကို တာဝန်ယူခါစ ဖြစ်သော ချူးယွင်ဖန်းအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်မှာ သေချာသည်။

ဤသို့ ပြောင်ပြောင်တင်းတင်း လျစ်လျူရှုမှုဖြင့် ရင်ဆိုင်နေရသော ချူးယွင်ဖန်းသည် မသိကျေးကျွန်ပြု၍ လှောင်ရယ်လိုက်သည်။

"ပြီးပြည့်စုံပြီ၊ လုံးဝ ပြီးပြည့်စုံသွားပြီ"

မိသားစုကြီးများနှင့် ဂိုဏ်းခွဲများ၏ လျစ်လျူရှုမှုသည် အထူးစစ်ဆင်ရေးဌာနကို ဒေါသထွက်စေခဲ့သည်။ ၎င်းတို့သည် စတင်တည်ထောင်ချိန်မှစ၍ အထူးမှုခင်းများကို ကိုင်တွယ်ဖြေရှင်းခဲ့ကြ၍ ၎င်းတို့အားလုံး ရင်ဆိုင်ရမည့်လူများသည် အဆိုပါဂိုဏ်းများနှင့် မိသားစုကြီးရှိ လူများဖြစ်ကြသည်။ သာမာန်ရဲများသည် ဤအမှုများကို မကိုင်တွယ်နိုင်ကြ၍ စစ်တပ်ကို ထိုမှုခင်းများအတွက် ထုတ်သုံးခြင်းက အလဟသဖြစ်သွားပေလိမ့်မည်။ ဤအချိန်သည် အထူးစစ်ဆင်ရေးဌာနအတွက် ၎င်းတို့၏ စွမ်းရည်များကို ပြသရမည့်အချိန်ဖြစ်သည်။

အခွင့်အာဏာများကို သမ္မတ ကိုင်ဆွဲထားချိန်တွင် အထူးစစ်ဆင်ရေးဌာနသည် ပြင်းထန်သော ဂုဏ်သတင်းရှိခဲ့၍ မရေတွက်နိုင်သော အင်အားစုများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသည့် မည်မျှသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် ၎င်းတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်ကို မည်သူမျှ မသိနိုင်ကြပေ။ ယခုဆိုလျှင် အသေးစား၊ အလတ်စားဂိုဏ်းများနှင့် မိသားစုများကပင် ၎င်းတို့ကို မထီမဲ့မြင် ပြုမူလာကြပေသည်။

ချူးယွင်ဖန်းက မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။ သူသည် ဒေါသထွက်နေလျှင်ပင် မည်သို့မျှ မပြုလုပ်နိုင်ပေ။ ကျန်းယွမ်ပင် ပျောက်ဆုံးသွားပြီးနောက် အထူးစစ်ဆင်ရေးဌာန၏ ဆုံးရှုံးမှုသည် အလွန် ကြီးမားခဲ့သည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့် ကျွမ်းကျင်သူများနှင့် ၎င်းတို့အထက်ရှိ ဒါဇင်နှင့်ချီသော ကျွမ်းကျင်သူများကို တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့ရသည်။

ယင်းဖြစ်စဉ်သည် အထူးစစ်ဆင်ရေးဌာန၏ အဆင့်မြင့် တပ်ဖွဲ့ဝင်များ၏ လူအင်အား ထက်ဝက်ကျော်ကို ဆုံးရှုံးခဲ့ရသည်။ ထိုသို့သော ထိပ်တန်း ကျွမ်းကျင်သူများ ဆုံးရှုံးရခြင်းသည် အချိန်တိုအတွင်း ပြန်လည်တည်ဆောက်နိုင်သည့် အရာမဟုတ်ပေ။ အင်အားစုအားလုံးကို ဖိနှိပ်ရန် လူအင်အား မလုံလောက်သောကြောင့် ဤဂိုဏ်းများနှင့် မိသားစုများသည် အထူးစစ်ဆင်ရေးဌာနကို လေးစားမှုမရှိကြပေ။

အချိန်ကြာလာသည်နှင့်အမျှ အထူးစစ်ဆင်ရေးဌာန၏ တိတ်ဆိတ်မှုသည် ပြင်ပကမ္ဘာရှိ လူများကို မှန်းဆမှုများ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့၏ ယခင်က တိုက်ပွဲများနှင့်ပတ်သက်၍ လူအများအပြားက သိထားကြသော်လည်း အထူးစစ်ဆင်ရေးဌာနသည် ဤမျှ ထိလွယ်ရှလွယ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ၎င်းတို့သည် အသေးစား၊ အလတ်စားအင်အားစုများကိုပင် မထိန်းချုပ်နိုင်ကြပေ။ အထူးသဖြင့် ဌာနအတွင်းရှိ လူတိုင်းက စတင် ထိတ်လန့်လာကြသည်။

ဤနေ့တွင် ချူးယွင်ဖန်း၏အမိန့်သည် အထူးစစ်ဆင်ရေးဌာနတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ သူသည် တာဝန်ထမ်းဆောင်နေခြင်း မရှိသော မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်နှင့် ၎င်းအထက်ရှိ ကျွမ်းကျင်သူများကို စုရုံးရန် အမိန့်ပေးခဲ့သည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်သူ သုံးထောင်ကျော်သည် ခန်းမကြီးတစ်ခုထဲတွင် စုဝေးခဲ့ကြရာ၊ အထဲ၌ အနည်းငယ် ဆူညံနေလေသည်။ ခေါင်းဆောင်အသစ်က ၎င်းတို့အားလုံးကို မည်သို့ကြောင့် ရုတ်တရက် ဆင့်ခေါ်ခဲ့သည်ကို မည်သူမျှ မသိကြပေ။

"အခုတလော ကျုပ် တကယ် မခံမရပ်နိုင်ဖြစ်မိတယ်။ ကျုပ်တို့ ဌာနက ခြေထောက်ပျော့နဲ့ ပုစွန်တစ်ကောင်ဖြစ်သွားတယ်ဆိုတဲ့ ကောလဟာလမျိုးတွေ အပြင်မှာ ပျံ့နေတယ်"

"မှန်တယ်။ ကျုပ်တို့တွေ ဘယ်တုန်းကများ ဒီလို အားနည်းခဲ့ဖူးလို့လဲ"

"ကျုပ်တို့ လူတိုင်းကို မဖြေရှင်းနိုင်ရင်တောင် တချို့လူတွေကိုတော့ နည်းနည်းလောက် ရွေးပြီး ဖြေရှင်းသင့်တယ်။ ဒင်းတို့ကများ ကျုပ်တို့ကို မထီမဲ့မြင်လုပ်ရဲရတယ်လို့၊ အသက်ရှင်ရတာ ငြီးငွေ့လာလို့ပဲ ဖြစ်ရမယ်"

“ခေါင်ဆောင်အသစ်က သူ့မျက်နှာကို ထွက်ပြကာမှ ပါးရိုက်ခံလိုက်ရတယ်”

လူအများအပြား တီးတိုး ဆွေးနွေးနေကြသည်။ ၎င်းတို့၏ ခေါင်းဆောင်အသစ်ကို အမှန်တကယ် ဘဝင်မကျကြပေ။ ချူးယွင်ဖန်း၏ ဂုဏ်သတင်းသည် လူသိများသော်လည်း သူသည် ဤရာထူးအတွက် အကျိုးပြုမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သူသည် သူ၏ ခွန်အားကို ၎င်းတို့ထံ တစ်ခါမျှ မပြသခဲ့ပေ။ ထိုအချိန်တွင် လူနှစ်ဦး ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။ အနောက်မှ လိုက်ပါလာသူသည် ၎င်းတို့နှင့် အလွန် ရင်းနှီးနေသော လက်ထောက်ခေါင်းဆောင် ဟော့ရို့နန်ဖြစ်သည်။ သူမ၏ အရှေ့တွင် လျှောက်လှမ်းဝံ့သူသည် အသစ်ခန့်အပ်ထားသော ခေါင်းဆောင်ချူးယွင်ဖန်းဖြစ်သည်မှာ သေချာသည်။

ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ ချူးယွင်ဖန်းကို မြင်လိုက်ရသောအခါ လူတိုင်း အလွန် အံ့ဩသွားကြသည်။ သူသည် အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးကြောင်း ၎င်းတို့သိထားသော်လည်း ချူးယွင်ဖန်းကို လူကိုယ်တိုင် မြင်လိုက်ရသောအခါ တုန်လှုပ်မိသွားဆဲဖြစ်သည်။ ၎င်းတို့ အရှေ့ရှိ လူငယ်လေးသည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော်လည်း နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။ သူသည် ၎င်းတို့ဌာန၏ အသစ်ဝင်လာသော ဝန်ထမ်းဆိုလျှင်ပင် အလုပ်သင်အဆင့်ကို အောင်မြင်ရုံသာ ရှိသေး၍ အချိန်ပြည့်ဝန်ထမ်း မဖြစ်နိုင်သေးပေ။

ချူးယွင်ဖန်းသည် အရှေ့ဘက်ရှိ စင်မြင့်ဆီသို့ လျှောက်သွားကာ သူ့အရှေ့ရှိ လူထောင်ပေါင်းများစွာကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့သည် ဌာနတစ်ခုလုံး၏ လက်ရွေးစင်များဖြစ်ကြသည်။ ၎င်းတို့အနက် ရာနှင့်ချီသော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ ပါဝင်ကြသည်။ ခွန်အားအရဆိုလျှင် ၎င်းတို့သည် ကျန်းမိသားစုနှင့် ချူးမိသားစုအောက် မနိမ့်ကျနိုင်ပေ။ ၎င်းတို့သည် သန်မာသော ခေါင်းဆောင်တစ်ဦးသာ လိုအပ်နေသည်။

"ခင်ဗျားတို့ထဲက တစ်ချို့က ကျုပ် ဘယ်သူလဲဆိုတာ သိနိုင်ပေမယ့် မသိသေးတဲ့ လူတွေလည်း ပိုတောင်ရှိနိုင်သေးတယ်။ ကျုပ်နာမည်က ချူးယွင်ဖန်း။ အခုလောလောဆယ်မှာ ကျုပ်အကြောင်း ကောလဟာလတွေ အများကြီးရှိနေတယ်၊ တချို့ကလည်း မှန်သလို တချို့က မမှန်ကြဘူး။ နောက်ကျ အချိန်ရရင် ဖြည်းဖြည်းချင်း စဉ်းစားကြပေါ့" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။

"ဒါပေမယ့် အခုအချိန်မှာတော့ အထူးစစ်ဆင်ရေးဌာနက အရမ်း အားနည်းလွန်းလို့ အသေးစား၊ အလတ်စားဂိုဏ်းနဲ့ မိသားစုတွေကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုတဲ့ ကောလဟာလတွေရှိနေတယ်" ချူးယွင်ဖန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုသို့ကြားသောအခါ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် လတ်တလောတွင် ဤကိစ္စကြောင့် မထီမဲ့မြင်ပြုသော အကြည့်များစွာကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် ၎င်းတို့အားလုံးက အတော်လေး ကျင့်သားရနေကြသည်။

"လူတိုင်းက ကျုပ်ဘက်က တစ်ခုခုပြောလာမှာကို စောင့်နေကြတယ်။ ကျုပ် ဘာလို့ ဘာမှမပြောတာလဲ ခင်ဗျားတို့ သိလား။ ဘာလို့လည်းဆိုတော့ အသုံးမဝင်ဘူးဆိုတာကို ကျုပ် သိနေလို့ပဲ။ သူတို့က ကျုပ်ကို လေးစားမှုမပြချင်ဘူး မဟုတ်လား။ လေးစားမှု မပြမချင်း ထိုးကြိတ်ပစ်မယ်။ သူတို့တွေ ပုန်ကန်ချင်ကြတယ် မဟုတ်လား။ ဒါဆိုရင် သူတို့ကို နာခံတဲ့အထိ ထိုးကြိတ်ပစ်မယ်"

"ကျုပ်တို့ဌာနက PR ဌာနမဟုတ်ဘူး၊ ဥပဒေလိုက်နာရေးဌာနပဲ။ အဲ့လိုကိစ္စတွေအတွက် ကျုပ်တို့ တာဝန်ယူစရာ မလိုဘူး"

ချူးယွင်ဖန်းသည် မတ်တပ်ရပ်နေစဉ် လက်နှစ်ဖက်ကို သူ၏နောက်ကျောတွင် ပစ်ထား၍ ဆက်ပြောလိုက်သည်။

"ဟိုတလောက ဆိုးရွားတဲ့ ဖြစ်ရပ်တွေ ခဏခဏ ဖြစ်ပွားနေကြတယ်။ ဒါက ကျုပ်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဥပဒေလိုက်နာရေးဌာနအနေနဲ့ ဒီကိစ္စကို ကျုပ်တို့ဘက်က သည်းခံနေလို့ မရဘူး"

"ဘယ်ဂိုဏ်းခွဲတွေနဲ့ ဘယ်မိသားစုတွေက နမူနာဖြစ်သွားမလဲဆိုတာကို လူတော်တော်များများက ခန့်မှန်းနေကြတယ်ဆိုတာ ကျုပ် သိတယ်၊ ဒါပေမယ့် ကျုပ် အခုပြောချင်တာက ကျုပ်ဘက်က အဲ့လိုလုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ကျုပ်က သူတို့အားလုံးကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းပစ်မှာ"

ချူးယွင်ဖန်း၏ စကားသည် လူအများကို ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ၎င်းတို့အားလုံးသည် ၎င်းတို့၏ခေါင်းဆောင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ သူသည် ထိုလူများကို ဖမ်းချုပ်၍ တရားစီရင်ရန် ကြံရွယ်ထားခဲ့သည်။ ၎င်းတို့အားလုံး၏ လူပေါင်းအရေအတွက်ကို သူ မသိထားခြင်း ဖြစ်လေသလော။ အထူးစစ်ဆင်ရေးဌာနသည် အလွန် သန်မာသော်လည်း အင်အားစုအားလုံးကို အနိုင်ယူရန် မလုံလောက်ပေ။ အစိုးရလျှင်ပင် ထိုအကြောင်းအရာကို အောင်မြင်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် အထူးစစ်ဆင်ရေးဌာန၏ အင်အားစုများစွာ ဆုံးရှုံးခဲ့ရသော အခြေအနေတွင် ၎င်းတို့၏ ထိပ်တန်းတပ်ဖွဲ့များစွာသည် ကြီးမားသော ထိုးနှက်မှုမျိုးကို ခံစားနေရသည်။

"ကျုပ်တို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် မဖြစ်နိုင်ဘူးလို့ ခင်ဗျားတို့ ခံစားရမှာ သေချာတယ်။ အဲဒါက ခင်ဗျားတို့အားလုံးကို ဒီမှာစုစည်းခိုင်းလိုက်တဲ့ အကြောင်းရင်းပဲ။ နောက်သုံးလအတွင်း ခင်ဗျားတို့အားလုံးကို အထူးလေ့ကျင့်မှုမျိုးနဲ့ ကျုပ် လေ့ကျင့်ပေးမယ်။ ဒီသုံးလမှာ ခင်ဗျားတို့ရဲ့ခွန်အားတွေကို ပိုပြီး တိုးတက်စေချင်တယ်" ချူးယွင်ဖန်းက အမူမထားဘဲ ကြွေးကြော်လိုက်သည်။ နောက်ဆုံးတွင် သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

ဤသည်မှာ သူ၏ ရည်ရွယ်ချက် အစစ်အမှန်ဖြစ်သည်။ သူသည် ထိုလူများကို ခွန်အား မြှင့်တင်ပေးရန် ဤအချိန်ကို အသုံးပြုချင်ခဲ့သည်။ မှုခင်းအများစုသည် ၎င်းတို့အဖွဲ့များ ကိုယ်တိုင်ဦးဆောင်ရန် လိုအပ်နေသည်။ အကယ်၍ ၎င်းတို့အားလုံးက လုံလုံလောက်လောက် မသန်မာပါက၊ အထူးစစ်ဆင်ရေးဌာန၏ ဟန့်တားမှု အင်အားနှင့် တရားဥပဒေစိုးမိုးမှု စွမ်းရည်သည် လုံလောက်မည် မဟုတ်ပေ။ ရုတ်တရက်ဆိုသလိုပင် လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ချူးယွင်ဖန်းသည် အထူးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ၎င်းတို့အားလုံးကို စုစည်းလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။

အခန်း (၈၇၀) သုံးလအတွင်း ခွန်အားများ အလွန် တိုးမြင့်လာခြင်း

သုံးလတာကာလအတွင်း အထူးစစ်ဆင်ရေးဌာနသည် မည်သို့သော အမိန့်စာအသစ်မျှ မထုတ်ပြန်ခဲ့ပေ။ မူလက မှုခင်းတချို့ကိုပင် ဆိုင်းငံ့ထားခဲ့ရာ၊ မည်သို့ဆိုသော် ချူးယွင်ဖန်းသည် အဆိုပါမှုခင်းများ၏ တာဝန်ခံသူများကို ခွန်းလွန်မြို့၏ အခြေစိုက်စခန်းသို့ ဆင့်ခေါ်ခဲ့သောကြောင့် ဖြစ်သည်။

အထူးစစ်ဆင်ရေးဌာနသည် ပြိုလဲလုနီးပါးဖြစ်နေသည်ဟူသော သတင်းများ ပြင်ပကမ္ဘာတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ထိုသို့သော ရန်စမှုများကို အထူးတပ်ဖွဲ့များက တုံ့ပြန်ခြင်း မရှိခဲ့ပေ။ ယင်းဖြစ်စဉ်ကြောင့် အထူးစစ်ဆင်ရေးဌာန၏ စွမ်းအင်များ အမှန်တကယ် ကျဆင်းသွားခြင်း ရှိမရှိကို လူအများက သိချင်လာကြသည်။

အထူးစစ်ဆင်ရေးဌာနသည် ဤအတိုင်းအတာအထိ တိုက်ခိုက်ရေးစွမ်းအင်များ အားနည်းနေသလောဟု အစိုးရအတွင်းရှိ ပုဂ္ဂိုလ်ကြီးများပင် မေးမြန်းလာကြ၍ လိုအပ်ပါက၊ ကျွမ်းကျင်သူအချို့ကို ချေးငှားနိုင်ကြောင်း ပြောကြားလာသည်။ ဤသည်မှာ ၎င်းတို့၏ ခွန်အား အစစ်အမှန်သော်လည်းကောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်များသော်လည်းကောင်း၊ ဤဖြစ်စဉ်သည် လက်ရှိ အထူးစစ်ဆင်ရေးဌာနအတွက် ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်သည်မှာ သေချာသည်။

အထူးစစ်ဆင်ရေးဌာနသည် သီတင်းသုံးလပတ်လုံး တိတ်ဆိတ်နေခဲ့သည်။ ပြည်ထောင်စုကဲ့သို့ ကြီးမားသော နေရာတစ်ခုတွင်ပင် ၎င်းတို့နှင့်ပတ်သက်သော ရေပန်းစားမှုများ အနှယ်ထိုင်သွားပြီဟု ဆိုနိုင်သည်။ ချူးယွင်ဖန်း ယခင်က ထုတ်ပြန်ခဲ့သော အမိန့်ကို လူအများအပြားက မေ့လျော့သွားကြသည်။ ချူးယွင်ဖန်းသည် အခြေအနေများကို စမ်းသပ်နေသည်ဟုသာ အများစုက ထင်မှတ်နေကြသည်။ အမှန်တကယ်တွင်၊ အထူးစစ်ဆင်ရေးဌာနသည် ဤမျှ များပြားသော ဂိုဏ်းများနှင့် မိသားစုများကို တစ်ချိန်တည်းတွင် မစော်ကားဝံ့ပေ။

စာရင်းဇယားများအရ ချူးယွင်ဖန်း ဆင့်ခေါ်ခဲ့သည့်အင်အားစုများတွင် ရာကျော်မျှသော အသေးစားနှင့် အလတ်စား အင်အားစုများရှိနေ၍ ၎င်းတို့အနက် အင်အားကြီး အင်အားစုများ ဒါဇင်ကျော်မျှ ရှိနေသည်။ ထို့အပြင် ဤအင်အားစုအများအပြားသည် ကြီးမြတ်သော မိသားစုကြီး ရှစ်ခုနှင့် အခြားသော အင်အားကြီး ဂိုဏ်းများ၏ ပံ့ပိုးမှုပင်ရှိနေသည်။ ဤသို့သော ဆက်ဆံရေးမျိုးသည် ရှုပ်ထွေးလှသည်။ ထို့ကြောင့် အထူးစစ်ဆင်ရေးဌာန၏ အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူနေသော အခြေအနေသည် ပုံမှန်သာဖြစ်သည့်အပြင် ၎င်းနှင့်ပတ်သက်၍ မှားယွင်းမှု မရှိပေ။

ထိုနေ့တွင် ခွန်းလွန်မြို့အစွန်းတွင် အထူးစစ်ဆင်ရေးဌာန၏ လေ့ကျင့်ရေးစခန်းများ တံခါးများဖွင့်လာကြသည်။ သုံးလကြာ ပိတ်လှောင်ခံထားရသော အထူးတပ်ဖွဲ့၏ အလယ်အလတ်တန်းနှင့် အထက်တန်းအရာရှိ သုံးထောင်ကျော်ကို နောက်ဆုံးတွင် ပြန်လွှတ်ပေးခဲ့သည်။ ၎င်းတို့သည် နံရံအနီးတွင် ရပ်နေသော ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သည့် သီတင်းသုံးလလုံး ၎င်းတို့ကို မည်သို့ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို တွေးမိသောအခါ ၎င်းတို့အားလုံး တုန်ယင္နေမိသည်။

ချူးယွင်ဖန်းသည် ဤသုံးလတွင် ၎င်းတို့အားလုံးကို အထူးလေ့ကျင့်မှုမျိုး ပေးအပ်ခဲ့သည်။ ဤထောင်ပေါင်းများစွာသော ကျွမ်းကျင်သူများရှိသည့်အနက်၊ ၎င်းတို့အတွင်းရှိ အားအနည်းဆုံးသည် မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်တွင် ရှိနေသည်။ မွေးဖွားခြင်းနယ်မြေသတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့် ကျွမ်းကျင်သူများကို တွေ့ရခြင်းက အဆန်းမဟုတ်ပေ။ လူများစွာကို တစ်ပြိုင်နက်တည်းတွင် လေ့ကျင့်ပေးခြင်းသည် သာမန်လူတစ်ဦး လုပ်ဆောင်နိုင်သည့် အရာမဟုတ်သော်လည်း ချူးယွင်ဖန်းသည် အမှန်တကယ် လုပ်ဆောင်ခဲ့သည်။

၎င်းတို့အားလုံးကို ပြင်းထန်သော လေ့ကျင့်မှု အမျိုးမျိုးနှင့် နည်းပညာဖြင့် တီထွင်ထားသည့် နောက်ဆုံးပေါ် လေ့ကျင့်ရေးကိရိယာများ ပေးအပ်ခဲ့သည်။ နေ့စဉ်နေ့တိုင်း မျက်လုံးဖွင့်ပြီးသည်နှင့် ၎င်းတို့၏ အထူးလေ့ကျင့်မှုများကို စတင်ခဲ့ရသည်။ ၎င်းတို့၏ စွမ်းအင်များ အားလုံးကို ညှစ်ထုတ်ပြီးမှသာ လွတ်မြောက်နိုင်ပေလိမ့်မည်။ သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်ပေ၊ ထိုလေ့ကျင့်မှုများအပြီးတွင် တရားထိုင်ခြင်းနှင့် နောက်ထပ် လေ့ကျင့်မှုများကို ဆက်လက် ပြုလုပ်ခဲ့ရသည်။

ချူးယွင်ဖန်းသည် ဤလူများကို ပုံသဏ္ဌာန်တစ်ခုသို့ ရောက်ရှိသည်အထိ အတင်းအကြပ် ထုဆစ်နေစဉ် ဌာနတစ်ခုလုံး၏ အခွင့်အာဏာကို စုစည်းကာ ဌာနရှိ ဆေးပညာရှင်များကို အဆင့်မြင့်ဆေးလုံးများ ဖော်စပ်စေပြီးနောက် ၎င်းတို့အားလုံး သောက်သုံးနိုင်ရန် ဖြည့်စွက်ပေးခဲ့သည်။ ခြောက်ခန်းသည်အထိ ညှစ်ထုတ်ပြီးသောအခါ ၎င်းတို့၏ စွမ်းအင်ကုန်ဆုံးမှုများကို ဖြည့်တင်းရန်နှင့် ခွန်အားတိုးစေရန် ဆေးမျိုးစုံကို အသုံးပြုခဲ့သည်။

ဤအရာများသည် အထူးစစ်ဆင်ရေးဌာန၏ မူလ အခြေအနေများဖြစ်သောကြောင့် အထူးတလည် မဟုတ်လှပေ။ ၎င်းအတွက် အရင်းအမြစ်များနှင့် ငွေကြေးများစွာကို သုံးစွဲခဲ့သော်လည်း ဤအရာများသည် အထူးစစ်ဆင်ရေးဌာနအတွင်း၌ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို အမှန်တကယ် ထိတ်လန့်စေသောအရာသည် ၎င်းတို့တစ်ဦးချင်းစီ၏ လေ့ကျင့်ရေးနည်းလမ်း သို့မဟုတ် ၎င်းတို့၏ သိုင်းပညာများရှိ ပြဿနာများကို ချူးယွင်ဖန်းက ထောက်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ ကျင့်ကြံမှုများ တိုးတက်လာစေရန် မည်သို့ပြုလုပ်ရမည်ဟူသော မေးခွန်းများစွာရှိခဲ့သော်လည်း ၎င်းတို့အတွက် အဖြေမရရှိခဲ့ပေ။ သို့သော် ချူးယွင်ဖန်းသည် သူကိုယ်တိုင် ဤသိုင်းပညာများကို အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားသကဲ့သို့ စကားလုံး အနည်းငယ်ဖြင့် ၎င်းတို့၏ ပြဿနာများကို ထောက်ပြနိုင်ခဲ့သည်။ ဆရာသည် လမ်းပြသော်လည်း ကျင့်ကြံခြင်းသည် လူတစ်ဦးချင်းအပေါ်တွင် မူတည်သည်ဟူသော ဆိုရိုးစကားရှိခဲ့သော်လည်း ဤစကားစုသည် ချူးယွင်ဖန်းအပေါ် မသက်ရောက်နိုင်ပုံပေါ်သည်။

ချူးယွင်ဖန်းသည် ၎င်းတို့၏ ကျင့်ကြံမှုရှိ ပြဿနာအားလုံးနှင့် ၎င်းတို့ကိုယ်တိုင် တစ်ခါမျှ မတွေးခဲ့ဖူးသည့် သိုဝှက်နေသော အန္တရာယ်များကိုပင် ညွှန်ပြနိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ စကားများကို နားထောင်ခြင်းသည် စာအုပ်များကို ဆယ်နှစ်မျှ ဖတ်ရှုခြင်းထက် ပိုမို အကျိုးသက်ရောက်သည်ဟု ခံစားခဲ့ရသည်။ အထူးသဖြင့် ချူးယွင်ဖန်း၏ မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်၏ အဓိကအချက်အချာ အနှစ်ချုပ်များသည် ၎င်းတို့အတွက် ရတနာတစ်ခုလိုပင် ဖြစ်နေသည်။

တစ်စုံတစ်ယောက်သည် ရွှေရောင်လမ်းတစ်ခုကို ခင်းကျင်းထားသကဲ့သို့ ဖြစ်နေရာ၊ ၎င်းတို့သည် ထိုလမ်းကြောင်းကို လျှောက်လှမ်းနေသမျှ ကာလပတ်လုံး ၎င်းတို့၏အနာဂတ်များ အကန့်အသတ်မဲ့သွားပေလိမ့်မည်။ ဤခံစားချက်သည် လူတိုင်းကို ရူးသွပ်သွားသကဲ့သို့ ခံစားရစေသည်။

ဤသည်မှာ မရီးဒျန်သန့်စင်ခြင်းအဆင့် အရာရှိများအတွက် အထူးမှန်ကန်လှသည်။ ၎င်းတို့ကို မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်နိုင်ရန် ချူးယွင်ဖန်း ပေးအပ်ထားသည့် နည်းလမ်းသည် လူတိုင်း အသုံးပြုနိုင်သော ဗားရှင်းတစ်ခုဖြစ်သည်။

အများစုသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင်သာ ပိတ်မိနေတတ်ကြသည်။ ထိုဖြစ်စဉ်သည် အကြောင်းပြချက်မရှိခြင်း မဟုတ်ပေ။ လူတစ်ဦးသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ အကြိမ်များစွာ ဖြတ်ကျော်ရန်အတွက် ၎င်းတို့၏ကိုယ်ပိုင်ကံကြမ္မာကို အားကိုးခဲ့ရသည်။

ချူးယွင်ဖန်းသည် ကံတရားနှင့် အရည်အချင်းများကို အားကိုးရသော ဤအခြေအနေမျိုးကို ၎င်းတို့က ချမှတ်ထားသော နည်းလမ်းများကို လိုက်နာသရွေ့ သဘာဝအတိုင်း ဖြတ်ကျော်နိုင်သည့် လမ်းကြောင်းအဖြစ် ပြောင်းလဲပေးခဲ့သည်။ သုံးလအတွင်းမှာပင် ရာနှင့်ချီသော မရီးဒျန်သန့်စင်ခြင်း နဝမအဆင့် ကျွမ်းကျင်သူများသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ ချူးယွင်ဖန်း၏ စကားများသည် အမှန်တရား ဖြစ်လာခဲ့သည်။

၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အစတွင်ရှိသော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိနေဆဲဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ ရာနှင့်ချီ တိုးမြင့်လာခြင်းသည် ဌာန၏ အင်အားကို များစွာ တိုးမြင့်စေခဲ့သည်။ ဤအဖွဲ့အပြင် အခြားသော မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများသည်လည်း များစွာ တိုးတက်လာခဲ့သည်။ ၎င်းတို့အနက် အားအနည်းဆုံးသည် မရီးဒျန်သန့်စင်ခြင်း နဝမအဆင့်နှင့် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခဲ့ကြသည်။

၎င်းတို့အားလုံး၏ ခွန်အားများ တိုးမြင့်လာခြင်းသည် အနည်းငယ်မျှသာ မဟုတ်ဘဲ ထိုမွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများ၏ တိုးတက်မှု အရှိန်အဟုန်သည်လည်း နှေးကွေးခြင်း မဟုတ်ပေ။ အားအနည်းဆုံးလူများသည် အဆင့်တစ်ခုမျှ တိုးမြင့်လာ၍ အရည်အချင်းရှိသူများသည် နှစ်ဆင့်မျှ ပိုမို တိုးမြင့်လာကြသည်။

ပြီးခဲ့သည့် သုံးလအတွင်း အထက်ပိုင်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ အရေအတွက်သည် ခုနစ်ဆယ်ကျော်မျှ တိုးပွားလာခဲ့သည်။ ၎င်းတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေပဉ္စမအဆင့် သို့မဟုတ် ဆဌမအဆင့်တွင် အလွန်ကြာမြင့်စွာ ပိတ်မိနေကြ၍ လုံလောက်သော ခွန်အားများကို စုဆောင်းထားသည့် ကျွမ်းကျင်သူများဖြစ်ကြသည်။ ယခုအခါ ၎င်းတို့သည် ချူးယွင်ဖန်း၏ ပြင်းထန်သောလေ့ကျင့်မှုအောက်တွင် ပွင့်ထွက်သည်အထိ တွန်းအားပေးခံခဲ့ရသည်။

ဌာနအတွင်း တစ်ဦးတည်းသော မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူသည် လက်ထောက်အကြီးအကဲ ဟော့ရို့နန်ဖြစ်သည်။ သို့သော် လွန်ခဲ့သော သုံးလတွင် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်တွင်ရှိခဲ့သည့် နောက်ထပ် လူလေးဦးသည် သူမနှင့် တန်းတူဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို ထူးခြားသော နည်းလမ်းဖြင့် ပြုမူဆက်ဆံကာ ၎င်းတို့၏ အစွမ်းအစကို အပြည့်အ၀ ထုတ်လွှတ်ပေးခဲ့သောကြောင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်စေခဲ့သည်။ သူသည် ဟော့ရို့နန်၏ လုပ်ငန်းတာဝန်ကို ခွဲဝေပေးရန်အတွက် ဤလူများကို လက်ထောက်ခေါင်းဆောင် ရာထူးသို့ တိုးမြှင့်လိုက်သည်။

ဤသုံးလအပြီးတွင် အထူးစစ်ဆင်ရေးဌာန၏ အလယ်တန်းနှင့် အထက်တန်းအဆင့်အဖွဲ့ဝင်များ၏ စွမ်းအင်များသည် အနည်းဆုံးလျှင် ငါးဆယ်ရာခိုင်နှုန်းမျှ တိုးတက်လာခဲ့သည်။ ယခင်က ဆုံးရှုံးသွားသော တက်ကြွမှုများသည် အသက်တစ်ရှိုက်စွာအတွင်း ပြန်လည် ဖြည့်တင်းသွားခဲ့သည်။ ၎င်းတို့သည် အစပိုင်းတွင် ချူးယွင်ဖန်းနှင့် ပတ်သက်၍ သံသယမျိုးစုံရှိခဲ့သော်လည်း ယခုချိန်တွင် ၎င်းတို့တွင် ထိုသံသယများ မရှိတော့ပေ။ ၎င်းတို့သည် ချူးယွင်ဖန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ လေးစားနေကြသည်။ အကယ်၍ သူသာ နတ်ဘုရားတစ်ပါးမဟုတ်လျှင် မည်သူက ချူးယွင်ဖန်းကဲ့သို့ အလုံးစုံသော ဉာဏ်ပညာနှင့် ပြည့်စုံကာ အရာရာကို စွမ်းဆောင်နိုင်မည်နည်း။

All Chapters