အခန်း (၈၈၀-၈၈၂)
Vol. 59 Ch. 880-882
အခန်း (၈၈၀) တောင်မြစ်ပန်းချီကားကို အဆင့်မြှင့်တင်ခြင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာတိုက်
"အရင်က ကျန်းမိသားစု ဘိုးဘေးကြီးက သမ္မတရဲ့ ဖြစ်တည်ရှိမှုကို ကြောက်နေသေးလို့ မလှုပ်ရှားခဲ့တာ။ ဒါပေမယ့် အခု သမ္မတက ပျောက်နေတာဆိုတော့ သူ့မှာ စိုးရိမ်စရာမရှိတော့ဘူး" ကျူးပုဖျင်က ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်" ချူးယွင်ဖန်းကပြောလိုက်သည်။
ကျန်းယွမ်ပင်နှင့် ကျန်းမိသားစု ဘိုးဘေးကြီးတို့ကြားတွင် ယခင်တိုက်ပွဲ၌ ကျန်းယွမ်ပင်သည် ကျန်းမိသားစု ဘိုးဘေးကြီးကို မသတ်ဖြတ်ဘဲ ထိန်းချုပ်ထားခဲ့သည်။ သို့သော်လည်း သမ္မတကြီး ပျောက်ကွယ်သွားကြောင်း အတည်ပြုပြီးနောက် ကျန်းမိသားစု ဘိုးဘေးကြီးသည် ကျန်းယွမ်ပင်ကို ချက်ချင်း ဝိုင်းရံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ယခုအချိန်ထိ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင် အမှန်တကယ် သေဆုံးသွားခြင်း ဟုတ်မဟုတ်ကို မသိရသေးပေ။ အထက်ရှိ သမ္မတ၏ ခြိမ်းခြောက်မှုမရှိဘဲ ကျန်းမိသားစု ဘိုးဘေးကြီးသည် ပိုပို၍ မထီမဲ့မြင်ပြုကာ ဥပဒေမဲ့ဖြစ်လာသည်။ ထို့ကြောင့် သူ့ကို ယခင်ကကဲ့သို့ ချုပ်နှောင်ထားရန် မဖြစ်နိုင်ပေ။
"သူ့အခြေအနေအရဆိုရင် ကျန်းမိသားစု ဘိုးဘေးကြီးက အပျက်အစီးတွေကနေ ပြန်လာတဲ့အချိန်ထိ စောင့်နိုင်မှာ မဟုတ်ဘူး။ ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ။ မင်းက ပြည်ထောင်စုအတွက် ကြီးမားတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ပြီးသွားပြီ။ မီးလျှံစစ်သည်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က ကျုပ်တို့ရဲ့ အလိုရှိစာရင်းထဲမှာ ထိပ်ဆုံးက ရာဇ၀တ်ကောင်မျိုးပဲ။ ဒီတော့ ကျုပ်က ပြည်ထောင်စုရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် အခု မင်းကို ပြည်ထောင်စုဘဏ္ဍာတိုက်ထဲ ဝင်ပြီး ရွေးချယ်ခွင့်ပေးမယ်" ကျူးပုဖျင်က ပြောလိုက်သည်။
"ပြည်ထောင်စုဘဏ္ဍာတိုက်လား"
ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပလာသည်။ သူသည် ငယ်စဉ်ကတည်းက ပြည်ထောင်စု၏ ကြီးမားသော ဘဏ္ဍာတိုက်ကြီးအကြောင်း ကြားခဲ့ဖူးသည်။ ဤဘဏ္ဍာတိုက်ကြီးနှင့် ပတ်သက်၍ လူအများကြားတွင် မရေတွက်နိုင်သော ကောလဟာလများ ရှိခဲ့ဖူးသည်။ ရှေးဟောင်းလူသားများကာလ၏ အပျက်အစီးများတွင် မရေတွက်နိုင်သော မှော်ရတနာများ တွေ့ရှိခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့၍ သူတို့ထဲရှိ တစ်ခုချင်းစီသည် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြသည်။
"ဟုတ်တယ်။ အမှန်က သမ္မတရဲ့ခွင့်ပြုချက်နဲ့ပဲ ပြည်ထောင်စုဘဏ္ဍာတိုက်ထဲကို ဝင်လို့ရတာ။ ဒါပေမယ့် အခု သမ္မတကြီး ပျောက်ဆုံးနေတော့ မင်း မြို့တော်ကို သွားမှရမယ်။ လူတစ်ယောက်က မင်းကို အဲ့ဒီ့နေရာဆီ ခေါ်သွားလိမ့်မယ်။ မင်းအတွက် ကျုပ်တို့ အဘိုးကြီးတွေ လုပ်ပေးနိုင်တာ ဒါ အကုန်ပဲ" ကျူးပုဖျင်က ဆိုသည်။
"ဒါက လုံလောက်တာထက် ပိုနေပါပြီ။ ကျေးဇူးတင်ပါတယ် စစ်ဗိုလ်ချုပ်ကျူး" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးယွင်ဖန်း၏ မျက်လုံးများမှ စူးရှသော အလင်းတန်းတစ်ခု တောက်ပလာသည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် အချိန်မရွေး တိုက်ခိုက်နိုင်မည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည်လည်း သေခြင်းတရားကို ငြိမ်ငြိမ်ထိုင်စောင့်နေမည့်လူမျိုး မဟုတ်ပေ။ နှစ်ဦးနှစ်ဖက်စလုံးသည် သေသည်အထိ တိုက်ပွဲဝင်နေကြခြင်းဖြစ်သောကြောင့် သူသည် ကျန်းမိသားစု ဘိုးဘေးကြီးကို ဖယ်ရှားရပေလိမ့်မည်။
ကျူးပုဖျင်နှင့် ဆက်သွယ်မှုပြီးဆုံးသည်နှင့် ချူးယွင်ဖန်းသည် မြို့တော်သို့ တိတ်တဆိတ် ခရီးနှင်ခဲ့သည်။ ထိုအချိန်သည် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်ကို အထူးစစ်ဆင်ရေးဌာန၏ ကွပ်မျက်မှုကြောင့် ပြင်ပကမ္ဘာရှိ အခြေအနေများ ရုတ်ရုတ်သဲသဲဖြစ်နေဆဲဖြစ်သည်။ လူတိုင်း၏အာရုံစိုက်မှုများသည် ထိုဖြစ်ရပ်ဆီ ရောက်နေသောကြောင့် မြို့တော်သို့ ချူးယွင်ဖန်း ရောက်ရှိလာမှုကို မည်သူမျှ သတိမထားမိကြပေ။
မြို့တော်သို့ရောက်ပြီးနောက် တစ်စုံတစ်ယောက်သည် ချူးယွင်ဖန်းကို အစောင့်အကြပ် ထူထပ်စွာ ချမှတ်ထားသော မြို့တော်၏ အလယ်ဗဟိုသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။ ကောလာဟလ သတင်းများအရ ပြည်ထောင်စုဘဏ္ဍာတိုက်သည် မြေပြင်ပေါ်တွင် တည်ဆောက်ထားခြင်းမဟုတ်ဘဲ မြေအောက် ပေသုံးရာကျော်၌ တည်ရှိနေသည်။
ချူးယွင်ဖန်းသည် ဓာတ်လှေကား စီးပြီးနောက် မကြာမီတွင် အောက်ထပ်သို့ ရောက်ရှိသွားရာ၊ သူ၏အရှေ့ရှိ ဧရာမ သတ္တုတံခါးကြီး နှစ်ချပ်သည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် အရပ်ရပ်သို့ ရတနာအလင်းရောင်များ တောက်ပလာ၍ သူ၏မျက်နှာသို့ ရတနာစွမ်းအင်များ ထိမှန်သွားသည်။ ထိုအချိန်တွင် တောင်မြစ်ပန်းချီကားသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပျံထွက်လာ၍ ရတနာတိုက်အတွင်း နှစ်ပေါင်းများစွာကြာ စုစည်းပြည့်နှက်နေသည့် ဤရတနာများမှ ထုတ်လွှတ်လာသော ရတနာအလင်းရောင်များကို မျိုချလိုက်သည်။
အချိန်အတော်ကြာ မချဲ့ထွင်ရသေးသော တောင်မြစ်ပန်းချီကား၏ နေရာလွတ်သည် ရုတ်တရက် ပို၍ကြီးမားလာကြောင်း ချူးယွင်ဖန်း ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ အရှေ့တွင် တောင်တစ်ခု ပေါ်ပေါက်လာသည်။ ဤတောင်သည် အကန့်အသတ်မရှိအောင် ကျယ်ပြောသော်လည်း အများစုသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ တောင်ထွတ်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ပေါ်လွင်နေသည်။ ဤသေးငယ်သောအစိတ်အပိုင်းသည် အလွန် ကြီးကျယ်ခမ်းနားလှရာ လူအများကိုပင် တအံ့တသြဖြင့် ပင့်သက်ရှိက်သွားစေနိုင်သည်။
တောင်ခြေရင်း၌ အမည်မသိ နေရာတစ်ခုမှ မြစ်တစ်စင်း စီးဆင်းနေ၍ အမည်မသိ နေရာ၏ အတိမ်အနက်သို့ တိုက်ရိုက် စီးဆင်းနေသည်။ ချူးယွင်ဖန်းသည် သေးငယ်သော အစိတ်အပိုင်းကိုသာ မြင်နိုင်သည်။ တောင်ကြီးတစ်ခုလုံးသည် သက်ရှိများဖြင့် ပြည့်နှက်နေပုံရ၍ တောင်မြစ်ပန်းချီကားကို ဆေးရောင်စုံများဖြင့် ရေးခြယ်ထားစေသည်။ ချူးယွင်ဖန်းသည် ဤတောင်တန်းနှင့် မြစ်ကြောသည် တောင်မြစ်ပန်းချီကား၏ အဓိက အချက်အချာဖြစ်ကြောင်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှ သိရှိခဲ့ရသည်။
ပန်းချီကားသည် ဆေးဧကရာဇ်နှင့်အတူ အမြဲတစေ ယူဆောင်လာသော မှော်လက်နက်တစ်ခုဖြစ်သည်။ ၎င်း၏အဓိက လုပ်ဆောင်ချက်သည် တိုက်ပွဲအတွက်မဟုတ်ဘဲ ဆေးဖော်စပ်ရန်အတွက် ဖြစ်သည်။ ဤတောင်တန်းသည် အဖိုးတန်သော ဆေးပင်တောင်တန်းဟု ခေါ်ဆို၍ ဆေးဧကရာဇ်၏ ကျော်ကြားစဉ် ခေတ်၌ တောင်ပေါ်တွင် မရေတွက်နိုင်သော အဖိုးတန် ဆေးပင်များစွာကို စိုက်ပျိုးခဲ့သည်။ ၎င်းတို့ အသီးသီးသည် အလွန် အဖိုးတန်၍ ပြင်ပကမ္ဘာတွင် ရှာဖွေရန် ခက်ခဲလှသည်။
တောင်ပေါ်တွင် သူ စိုက်ပျိုးထားသော အဖိုးတန် ဆေးပင်များကို မြောက်မြားစွာသော ဝိညာဉ်စွမ်းအင်များစွာဖြင့် သွန်းလောင်းခဲ့၍ ၎င်းတို့၏ ကြီးထွားနှုန်းသည် ပုံမှန်ထက် ဆယ်ဆကျော် ပိုမို မြန်ဆန်သည်။ ဤသည်မှာ ရှာဖွေရခက်ခဲသော ရတနာတစ်ခုဖြစ်သည်။ သီအိုရီအရ၊ လုံလောက်သော ဝိညာဉ်စွမ်းအင်ကို ထောက်ပံ့ပေးသရွေ့ ၎င်းသည် ဆေးပင်များကို ညတွင်းချင်းပင် ရင့်မှည့်သွားနိုင်သည်။
ထို့အပြင် ဆေးဖက်ဝင်အပင်များစွာသည် မတူညီသော ပတ်ဝန်းကျင်တွင် စိုက်ပျိုးရန်အတွက် များပြားသော လိုအပ်ချက်များစွာ လိုအပ်သည်။ အချို့သည် ရေခဲများ ဆီးနှင်းများ ရှိရာနေရာတွင်သာ ရှင်သန်နိုင်ကြ၍ အချို့သည် အလွန်ပူပြင်းသော မီးတောင်ချော်ရည်များတွင်သာ ပေါက်ဖွားနိုင်ကြသည်။ တခြားသော ခက်ခဲကြမ်းတမ်းသည့် လိုအပ်ချက်များစွာပင် ရှိနေသည်။
သို့သော် ၎င်းတို့သည် အဖိုးတန်သော ဆေးပင်တောင်တန်းတွင် လွတ်လပ်စွာ ရှင်သန်နိုင်သည်။ တောင်တန်းကြီးသည် ဆေးပင်များ ကြီးထွားမှုအတွက် လိုအပ်သော ပတ်ဝန်းကျင် အမျိုးမျိုးသို့ အလိုအလျောက် ပြောင်းလဲသွားပေလိမ့်မည်။ ဤအရာသည် ဆေးပညာရှင်အတွက် နတ်လက်နက်တစ်ခုသာဖြစ်သည်။ လူတစ်ဦးယောက်သည် ဆေးပညာရှင်မဟုတ်လျှင်ပင် ဤစွမ်းရည်မျိုးကို ထုတ်ဖော်ပြသလိုက်သည်နှင့် ကြီးမားသော ရုန်းရင်းဆန်ခတ်ကိစ္စများ ဖြစ်ပွားစေနိုင်သည်။
ဆေးဖက်ဝင်အပင်များသည် ဈေးကြီးလေ ပို၍ ရှားပါးလေဖြစ်သည်။ ယခုအခါ ကြေးစားအဖွဲ့အစည်းများစွာသည် ဆေးဖက်ဝင်ပင်မျိုးစုံကို ရှာဖွေရန် ခွန်းလွန်နယ်မြေ၏ နက်နဲရာအရပ်သို့ သွားလာနေကြသည်။ ၎င်းတို့သည် အန္တရာယ်အမျိုးမျိုးကို ဖြတ်သန်းရသောကြောင့် ၎င်းတို့အတွက် အသေအပျောက်များပြားခြင်း သို့မဟုတ် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းမျိုးပင် ဖြစ်သွားစေနိုင်သည်။
သို့သော် အဖိုးတန်သော ဆေးပင်တောင်တန်းကို ထိန်းချုပ်ထားသည့် ချူးယွင်ဖန်းသည် ကွဲပြားခြားနားသည်။ အစေ့ရှိသရွေ့ ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်သည်။ သူ့တွင် မျိုးစေ့အပင်များရှိနေသရွေ့ အပင်များ၏ ကြီးထွားမှုကို မြှင့်တင်နိုင်မည်ဖြစ်သည်။ တောင်ခြေရှိ မြစ်ရေသည်လည်း ထူးခြားလှသည်။ ဆေးပင်၏ အဆင့်အတန်း မြင့်မားလေ၊ ရေများ ပိုမို လိုအပ်လေဖြစ်သည်။ အမြစ်မဲ့ ရေစင်နှင့် သန့်ရှင်းသော ရေကဲ့သို့ မတူညီသော ရေအမျိုးအစားများရှိနေသောကြောင့် မတူညီသော အာနိသင်များကို ဖြစ်ပေါ်စေသည်။
သို့သော် ဤမြစ်ကို မူလမြစ်ဖျားဟု ခေါ်ကြောင်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှ သူ သိခဲ့ရသည်။ ဆေးဧကရာဇ်သည် အခက်အခဲများစွာကို ဖြတ်သန်းကာ အဆုံးမဲ့ ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး နေရာသို့ ဝင်ရောက်ပြီးနောက် ဤမြစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ပြီးနောက် ၎င်းကို ပန်းချီကားတွင် ပေါင်းစည်းလိုက်သည်။
ဆေးဖော်စပ်မှုအတွက် မည်သို့သော ရေမျိုး လိုအပ်နေပါစေ မူလမြစ်ဖျားထဲရှိ ရေများက ဖြေရှင်းပေးနိုင်သည်။ ထို့အပြင် ၎င်းကို ဆေးဖော်စပ်ခြင်းအတွက်သာမကဘဲ ရေအမျိုးအစား သိုင်းပညာမျိုး ကျင့်ကြံရန်အတွက်လည်း အသုံးပြုနိုင်သည်။ ၎င်းသည် ထက်ဝက်မျှ ကြိုးစားအားထုတ်ရုံဖြင့် ရလဒ်များ ထွက်ပေါ်လာနိုင်သောကြောင့် တိုးတက်မှုသည်လည်း လျင်မြန်မည်ဖြစ်သည်။
တောင်မြစ်ပန်းချီကားရှိ တောင်ဟူသော အသုံးအနှုန်းသည် အဖိုးတန်သော ဆေးပင်တောင်တန်းဖြစ်၍ မြစ်သည် မူလမြစ်ဖျားဖြစ်သည်။ ပန်းချီကား၏ အသွင်အပြင် အစစ်အမှန်သည် နောက်ဆုံးတွင် ပေါ်ပေါက်လာခဲ့သည်။ ချူးယွင်ဖန်း၏ မျက်နှာပေါ်တွင် အလွန် စိတ်လှုပ်ရှားနေသော အမူအရာမျိုး ပေါ်ပေါက်လာသည်။ အဖိုးတန်သော ဆေးပင်တောင်တန်းနှင့် မူလမြစ်ဖျား၏ အစွန်အဖျားမျှကိုသာ ထုတ်ဖော်ပြသခဲ့သော်လည်း ၎င်းတို့၏ အကျိုးသက်ရောက်မှုများသည် စိတ်ကူးမယဉ်နိုင်လောက်အောင် များပြားလှသည်။
ပန်းချီကားထဲရှိ ပြောင်းလဲမှုများသည် မိုးကြိုးတောင်ပံသားရဲကို ထိတ်လန့်သွားစေ၍ ချူးယွင်ဖန်းသည် ၎င်းကို အချိန်အတော်ကြာ နှစ်သိမ့်ပေးပြီးနောက် အဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
စိတ်ကို တည်ငြိမ်အောင် ပြုလုပ်သွားပြီးနောက် ချူးယွင်ဖန်းသည် ပြည်ထောင်စုဘဏ္ဍာတိုက် တစ်ဝိုက်ကို လျှောက်ကြည့်လိုက်သည်။ ၎င်းသည် ကနဦးတွင် ရတနာအလင်းတန်းများ အရောင်အဝါများနှင့် ပြည့်နေသော်လည်း ပန်းချီကားသည် ၎င်းကို လုံးလုံးလျားလျား စုပ်ယူသွားခဲ့သည်။
ယခုအခါ ရတနာတိုက်၏ ပုံစံအစစ်အမှန်ကို ချူးယွင်ဖန်းက နောက်ဆုံးတွင် မြင်နိုင်ခဲ့သည်။
တစ်ချက်ကြည့်လိုက်လျှင် နတ်အဆင့် ကျွမ်းကျင်သူနှင့် ၎င်းထက် မြင့်မားသော ပုဂ္ဂိုလ်များ ပြုလုပ်ထားသည့် ထောင်ပေါင်းများစွာသော မှော်လက်နက်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ကို အတားအဆီးတစ်ခုပြီး တစ်ခုနှင့် ချိပ်ပိတ်ထားကြရာ၊ ဤရတနာများသည် အလွန် ထူးကဲလှကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောပြနိုင်သည်။
အခန်း (၈၈၁) သူငယ်ချင်းဟောင်း
မှော်လက်နက်အများစုသည် ၎င်းတို့၏ ကနဦး ထက်မြက်မှုများ ပျောက်ဆုံးသွားခဲ့သည်။ လက်နက်အဆင့်များ ရှိနေသေးသော်လည်း ၎င်းတို့သည် နတ်မှော်လက်နက်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် နှစ်ရှည်လများ အညှာတာကင်းစွာ တိုက်စားခံရပြီးနောက် ၎င်းတို့၏ မူလစွမ်းအင်များ ပျောက်ဆုံးသွားခဲ့၍ အစိတ်အပိုင်းအချို့သာ ကျန်ရှိတော့သည်။
စွမ်းရည်များ ဆုံးရှုံးသွားသော မှော်လက်နက်များနှင့်ပတ်သက်၍ ၎င်းတို့ကို ဤနေရာမှ ရွှေ့ပြောင်းကာ ပြင်ပသုတေသနဌာနများတွင် လေ့လာလျက်ရှိသည်။ သို့သော်လည်း ၎င်းသည် နိမ့်ကျသော မှော်လက်နက်ဖြစ်လျှင်ပင် ကျန်းရွှမ်လေ့ထံမှ ချူးယွင်ဖန်း ရရှိခဲ့သည့် မိုးကြိုးလှံရှည်ထက် အစွမ်းထက်နေဆဲဖြစ်သည်။ အဆုံးတွင် မိုးကြိုးလှံသည် မှော်လက်နက် အစစ်အမှန် မဟုတ်ဘဲ မှော်တစ်ဝက် လက်နက်တစ်ခုသာဖြစ်သည်။
ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို တစ်ခုပြီးတစ်ခု ဖြတ်သန်း ကြည့်ရှုနေသည်။ ဤနေရာတွင် မှော်လက်နက် အမျိုးမျိုးရှိသည့်အပြင် အမျိုးအစားပေါင်း ဆယ့်ရှစ်မျိုးနှင့် ကွဲပြားခြားနားသော လုပ်ဆောင်ချက်များစွာလည်း ရှိနေသည်။ သူသည် ဆုံးဖြတ်ချက်ချရန် အလျင်မလိုသဖြင့် ရှိနေသောလက်နက်များကို အချိန်အတော်ကြာ စေ့စေ့ကြည့်ရှုနေသည်။ ထိုအချိန် သူ၏အရှေ့ ထောင့်တစ်နေရာတွင် လေးကြိုးမပါရှိသည့် ထူးဆန်းသော လေးတစ်စင်းကို ရုတ်တရက် တွေ့လိုက်ရသည်။
ဤထူးဆန်းသော လေးသည် အလွန်ကြီးမား၍ ခြောက်ပေကျော်ခန့်ရှိနေရာ၊ ၎င်းသည် ချူးယွင်ဖန်းထက်ပင် မြင့်မားလှသည်။ ၎င်းသည် သာမန်လူ အသုံးပြုနိုင်သည့် အရာမျိုး မဟုတ်ပေ။ လေးသည် ကြေးဝါရောင်မျိုးရှိနေ၍ ၎င်းကို သံချေးများဖြင့် ဖုံးလွှမ်းနေသည်။ ရံဖန်ရံခါ ထုတ်လွှတ်နေသည့် ပါးလွှာသော မှော်စွမ်းအင် အတက်အကျကြောင့် မဟုတ်ပါက၊ ၎င်းကို ကြေးခေတ်မှ ရှေးဟောင်းပစ္စည်းတစ်ခုဟုပင် လူအများက ထင်ကြပေလိမ့်မည်။
'ဒီလေးကို ငါ သိတယ်'
သူသည် မှတ်ဉာဏ်များ အစဖော်လိုက်သကဲ့သို့ ဤလေး၏ မူလဇစ်မြစ်ကို ရုတ်တရက် ပြန်သတိရသွားသည်။ ရှေးဟောင်း လူသားများကာလအတွင်း အလွန်အစွမ်းထက်သော လေးမြှားပညာရှင်ဖြစ်သည့် လေးဧကရာဇ်ဟူ၍ ရှိခဲ့ဖူးသည်။ လေးနက်ဧကရာဇ်သည် နေမင်းကိုပင် ကောင်းကင်မှ ပစ်ချနိုင်သည်ဟု ဆိုခဲ့ကြသည်။ သူသည် အလွန် အစွမ်းထက်၍ သူ၏မြှားများထံမှ မည်သူမျှ မလွတ်မြောက်နိုင်ကြပေ။ သူ၏မြှားတစ်စင်းသည် အင်အားကြီး ရန်သူကို မိုင်ထောင်ပေါင်းများစွာသော နေရာမှပင် သတ်ဖြတ်နိုင်သည်။
ဤလေးသည် တာအိုသို့ မရောက်ရှိမီ လေးဧကရာဇ် အသုံးပြုခဲ့ဖူးသည့် လေးဖြစ်သည်။ ၎င်းကို နေမင်းပစ်ခတ်သူဟုခေါ်ကြ၍ မရေတွက်နိုင်သော အင်အားကြီး ရန်သူများကို အနိုင်ယူရာတွင် လေးဧကရာဇ်နှင့်အတူ အဖော်ပြုပေးခဲ့သော လက်နက်ဖြစ်သည်။ ၎င်းသည် အလွန်များပြားသော အင်အားကြီး ရန်သူများကို သတ်ဖြတ်ခဲ့သည်။ လေးဧကရာဇ်သည် တာအိုကို ရရှိပြီးနောက် ပို၍ အစွမ်းထက်သော တာအိုလက်နက်ကို ပြုပြင်ပြီးမှသာ နေမင်းပစ်ခတ်သူကို အစားထိုးခဲ့ခြင်းဖြစ်သည်။ နေမင်းပစ်ခတ်သူကို အစားထိုးခဲ့သော်လည်း ၎င်းကို လေးဧကရာဇ်၏ ဂိုဏ်းတွင် ကိန်းဝပ်ထားခဲ့၍ မျိုးဆက်ပေါင်းများစွာအထိ အမွေဆက်ခံခဲ့သည်။
ချူးယွင်ဖန်းသည် နေမင်းပစ်ခတ်သူကို ဤနေရာတွင် မြင်တွေ့ရန် မမျှော်လင့်ထားပေ။ သူသည် ထိုအကြောင်းအရာများနှင့် ပတ်သက်၍ အများအပြား သိထားရခြင်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကြောင့်ဖြစ်သည်။ ထိုအချိန်က ဆေးဧကရာဇ်သည် ကျယ်ပြန့်သော မိတ်ဆွေအသိုင်းအဝန်းမျိုးရှိခဲ့၍ လေးနက်ဧကရာဇ်အပါအဝင် အခြားသော ဧကရာဇ်များစွာသည် သူ၏မိတ်ဆွေကောင်းများဖြစ်ကြသည်။
သူတို့နှစ်ဦးသည် တာအိုကို မလျှောက်လှမ်းမီ တစ်ဦးနှင့် တစ်ဦး သိကျွမ်းဝင်ခဲ့ကြသောကြောင့် ဆေးဧကရာဇ်သည် နေမင်းပစ်ခတ်သူနှင့် အလွန် ရင်းနှီးနေသည်။ ဤအကြောင်းအရာကြောင့် ချူးယွင်ဖန်းသည် ၎င်းက အတုမဟုတ်ကြောင်း သေချာနေခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် ရှေးဟောင်း လူသားများကာလ၏ ခေတ်အခါနှင့် ကွဲပြားခြားနားသည်။ နေမင်းပစ်ခတ်သူသည် ယခုအခါ အလွန် အားနည်းနေပုံရသည်။ ယခင်ကနှင့် တူညီသော စွမ်းအင်မျိုးကို မပိုင်ဆိုင်တော့ပေ။ အရေးကြီးဆုံး အပိုင်းဖြစ်သည့် လေးကြိုးလျှင်ပင် ပျောက်ဆုံးနေသည်။
သူ၏စိတ်ထဲတွင် ဆေးဧကရာဇ်၏ မရေတွက်နိုင်သော မှတ်ဉာဏ်များ ပြည့်လျှံသွားသောအခါ ချူးယွင်ဖန်းက “ငါ့ရဲ့ သူငယ်ချင်းဟောင်း” ဟု ရေရွတ်မိသွားသည်။ ရုတ်တရက်ဆိုသလိုပင် မရေတွက်နိုင်သော ခံစားချက်များ သူ၏နှလုံးသားထဲသို့ တိုးဝင်လာကြသည်။ အချိန်၏ တိုက်စားမှုများသည် အရာအားလုံးကို သုတ်သင်သွားခဲ့သည်။ ခေတ်တစ်လျှောက် တစ်ခုတည်းသော အခက်အခဲသည် အသက်ရှည်ခြင်းသာဖြစ်သည်။
ချူးယွင်ဖန်းသည် နေမင်းပစ်ခတ်သူကို ရွေးချယ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ၎င်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ် လွှမ်းမိုးမှုကြောင့်သာမကဘဲ နေမင်းပစ်ခတ်သူ၏ လုပ်ဆောင်ချက်များကြောင့်လည်း ဖြစ်သည်။ ယခုအချိန်တွင် နေမင်းပစ်ခတ်သူ၏ စွမ်းအင်ကို မည်သူမျှ မသိကြသောကြောင့် ၎င်းတို့အားလုံးက နေမင်းပစ်ခတ်သူကို သာမန် မှော်လက်နက်တစ်ခုအဖြစ် သဘောထားကာ ပြည်ထောင်စုဘဏ္ဍာတိုက်တွင် ပစ်ထားခြင်းဖြစ်သည်။ ၎င်းကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဂရုမစိုက်ကြပေ။
၎င်းတို့သည် ပြည်ထောင်စု၏ ထုံးစံအတိုင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသော်လည်း နေမင်းပစ်ခတ်သူကို အသက်သွင်းရာတွင် မအောင်မြင်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်းက မတူညီပေ။ သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များတွင် ဆက်စပ်သိုင်းပညာကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကို နေမင်းပစ်ခတ်ခြင်း သိုင်းပညာဟုခေါ်ဆို၍ ထိုအချိန်က ဆေးဧကရာဇ်ကို လေးဧကရာဇ် သင်ကြားပေးခဲ့သော သိုင်းပညာဖြစ်သည်။ ၎င်းသည် နေမင်းပစ်ခတ်သူ၏ စွမ်းအင်ကို အသက်သွင်းရန် လုံလောက်သည်။
"ကျန်းမိသားစု ဘိုးဘေးကြီး။ ဟား"
ချူးယွင်ဖန်းသည် လှောင်ရယ်ပြီးနောက် လေး ပတ်ပတ်လည်ရှိ အတားအဆီးကို လက်တစ်ဖက်တည်းဖြင့် ချိုးဖျက်လိုက်သည်။ ပြီးနောက် နေမင်းပစ်ခတ်သူကို ဆုပ်ကိုင်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ၎င်းသည် မှော်စွမ်းအင် အတက်အကျ အနည်းငယ်မျှကိုသာ ထုတ်လွှတ်ပြီးနောက် မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ပေ။
ချူးယွင်ဖန်းသည် နေမင်းပစ်ခတ်သူ သိုင်းပညာအရ ၎င်း၏ ချီစွမ်းအင်များကို လေးထဲသို့ သွန်းလောင်းလိုက်သောအခါ လေးသည် ချက်ချင်း တက်ကြွလာ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာခြင်းကို သူ ခံစားလိုက်ရသည်။ ထိုမှသာ နေမင်းပစ်ခတ်သူရှိ ကြီးမားသော အက်ကွဲကြောင်းကြီးကို သူ သတိပြုမိသွားသည်။ ထိုအပေါ်တွင် သွေးများ စွန်းပေနေသည်။ ၎င်းသည် ခြောက်သွေ့နေပြီဖြစ်သော်လည်း သွေးမှ ထွက်ပေါ်လာသော လူ၏ အစွမ်းထက်သော အရောင်အဝါများကို ခံစားနိုင်ဆဲဖြစ်သည်။
ချူးယွင်ဖန်းသည် နေမင်းပစ်ခတ်သူ၏ အခြေအနေကို ခံစားနိုင်သည်။ ၎င်းသည် ကြီးမားသော တိုက်ပွဲအတွင်း ပျက်စီးခဲ့ပုံပေါ်သည်။ သို့သော် လက်ရှိ ချူးယွင်ဖန်းအတွက်ဆိုလျှင် ၎င်းစွမ်းအင်က လုံလောက်နေသည်။ ချူးယွင်ဖန်းသည် နေမင်းပစ်ခတ်သူကို ပန်းချီကားထဲတွင် သိမ်းဆည်းပြီးနောက် နောက်ပြန်လှည့် မကြည့်ဘဲ နေရာမှ ထွက်သွားလေသည်။ ထိုနေရာမှ ချူးယွင်ဖန်း ထွက်သွားပြီးသိပ်မကြာမီတွင် ကျန်းမိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် ကျန်းဟုန်ယွီဆီကို သတင်းတစ်ခု ပေးပို့လာသည်။
"ပျက်စီးနေတဲ့ လေးကိုင်းလား" ကျန်းဟုန်ယွီသည် နေမင်းပစ်ခတ်သူ၏ အခြေအနေကို အကဲဖြတ်လိုက်သည်။ ၎င်းသည် အသက်သွင်း၍ မရနိုင်သည့် လေးကျိုးတစ်စင်းမျှသာဖြစ်သည်။ ထို့ကြောင့် ထုံးစံအတိုင်း စိတ်ပူရန် မလိုအပ်ပေ။
"ထားလိုက် ဂုဏ်မောက်နေပလေ့စေ၊ သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
ခွန်းလွန်မြို့သို့ ချူးယွင်ဖန်း ပြန်ရောက်သောအခါ အင်တာနက်ရှိ လူများသည် ပထမဦးဆုံး တရားစီရင်ခံခဲ့ရသည့် နတ်အဆင့် ကျွမ်းကျင်သူနှင့်ပတ်သက်သော သတင်းတွင် နစ်မြုပ်နေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် မီးလျှံစစ်သည်ဂိုဏ်း၏ ခေါင်းဆောင်ကို မသတ်ဖြတ်ခဲ့ဘဲ ၎င်းကို မသတ်မီ တရားစီရင်မှု ပြုလုပ်ခဲ့သည်။ သူသည် ပြည်ထောင်စုရှိ ဥပဒေများ၏ စွမ်းအင်နှင့်ပတ်သက်၍ သာမန်ပြည်သူလူထုကို ခံစားစေလိုသောကြောင့်ဖြစ်သည်။ နတ်ဘုရားတစ်ပါးဆိုလျှင်ပင် ဖမ်းဆီး၍ တရားစီရင်ခံရပေလိမ့်မည်။
သမ္မတကြီး ပျောက်ဆုံးမှုကြောင့် တဖြည်းဖြည်း ပြန့်ကျဲလာသော ပြည်သူများ၏ စိတ်ဓာတ်များသည် တဖြည်းဖြည်း မြင့်တက်လာကြသည်။ ယခုအချိန်တွင် အင်တာနက်ပေါ်တွင် ဗီဒီယိုတစ်ခု ပျံ့နှံ့လာသည်။ ၎င်းသည် ဗီဒီယိုဝဘ်ဆိုဒ်အားလုံးတွင် ညတွင်းချင်းပင် ပျံ့နှံ့သွားသည်။
ဗီဒီယိုထဲ၌ စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် သမုဒ္ဒရာ မျက်နှာပြင်ပေါ်တွင်ရှိနေ၍ သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသောကြောင့် ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေခဲ့သည်။ သူ၏လက်တစ်ဖက်သည် ကျိုးပဲ့နေ၍ အလွန် ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့သည်။ ကျွမ်းကျင်သူများသည် သူ၏အနောက်သို့ အရှိန်အဟုန်ပြင်းစွာ လိုက်နေစဉ် သူ၏ အလင်းတန်းကဲ့သို့သော အလျင်ဖြင့် ပြေးထွက်နေသည်။
ထိုလူသည် ပြင်းထန်သော မိုးကြိုးမုန်တိုင်းထဲသို့ ဝင်တိုးရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
ဗီဒီယိုသည် အလွန် တိုတောင်း၍ ဆယ်စက္ကန့်ခန့်သာ ကြာမြင့်လှသော်လည်း အင်တာနက်ပေါ်တွင် ချက်ချင်း ကျော်ကြားသွားသည်။ မီးလျှံစစ်သည်ဂိုဏ်းရှိ ခေါင်းဆောင်၏ ကွပ်မျက်မှုသတင်းကိုပင် အစားထိုးသွား၍ လူတိုင်း၏ အာရုံစူးစိုက်မှုကို ဖမ်းစားသွားသည်။
မည်သို့ဆိုသော် ဤလူသည် ပင်လယ်ပြင်ပေါ်တွင် အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းနေသောကြောင့်ဖြစ်သည်။ ဤသည်မှာ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်ဟူသော နိမိတ်ဖြစ်၍ ထိုအဆင့်ရှိ ပုဂ္ဂိုလ်များသည် သက်ရှိနတ်ဘုရားကဲ့သို့ အဆင့်အတန်းများရှိကြသည်။
သာမာန်လူများက ဤပုဂ္ဂိုလ်များကို ကြည့်သောအခါ မြင့်မြတ်၍ တန်ခိုးကြီးသော နတ်ဘုရားများကို မျှော်ကြည့်နေပုံပေါ်သည်။ ဤမျှ ဆိုးရွားဖွယ်အခြေအနေဖြင့် အခြားလူများ၏ လိုက်လံဖမ်းဆီးမှုကို ခံရကာ သေဆုံးလုနီးပါးဖြစ်နေခြင်းကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
"ဒီလူကို ကျုပ် အရင်က တွေ့ဖူးတယ်ထင်တယ်၊ သူက နတ်အဆင့်ကိုရောက်ပြီး ပျောက်သွားတဲ့ ကျန်းယွမ်ပင်ပဲ"
"မင်းပြောတာ မှန်တယ်။ အဲ့ဒါ သူပဲ"
များမကြာမီတွင် လိုက်လံဖမ်းဆီးခံရသူသည် အမှန်တကယ် ကျန်းယွမ်ပင်ဖြစ်ကြောင်း ပြည်ထောင်စုတက္ကသိုလ်ရှိ နည်းပြဆရာတစ်ဦးက သက်သေထွက်ဆိုခဲ့သည်။
အခန်း (၈၈၂) ဝန်းရံ သတ်ဖြတ်မှုတဲ့လား။ ဘယ်သူက ဘယ်သူ့ကို သတ်မယ်ဆိုတာ မသေချာသေးပါဘူး
လိုက်လံသတ်ဖြတ်ခံရသည် ကျွမ်းကျင်သူသည် မကြာမီအချိန်က ပျောက်ကွယ်သွားခဲ့သော ကျန်းယွမ်ပင်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။ ကျန်းယွမ်ပင် အနောက်သို့ လိုက်နေသူသည် လူတစ်စုကို စုစည်း၍ ကျန်းယွမ်ပင်အား ဝိုင်းရံသတ်ဖြတ်ရန် ဦးဆောင်ခဲ့သည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်နေသည့် ကျန်းမိသားစု ဘိုးဘေးကြီး ဖြစ်နိုင်ခြေရှိသည်။
ကျန်းယွမ်ပင်သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း သူ၏အလောင်းကို မည်သူမျှ ရှာမတွေ့ခဲ့သည့်အတွက် သေဆုံးသွားပြီဟု မည်သူမျှ တပ်အပ် မပြောရဲကြပေ။ သို့သော် ဤဗီဒီယိုသည် ပြဿနာအချို့ကို ရှင်းလင်းလိုက်ပုံရသည်၊ မည်သို့ဆိုသော် ပင်လယ်ပြင်တွင် ဖုံးလွှမ်းနေသော အရာများသည် အဆုံးမဲ့ မိုးကြိုးများဖြစ်ကြောင်း တစ်စုံတစ်ဦးက မကြာမီတွင် သိရှိသွားကြသည်။ ၎င်းသည် အဆုံးမဲ့ ပင်လယ်၏ ကျော်ကြားသော ဒေသဖြစ်သည့် မိုးကြိုးမုန်တိုင်းပင်လယ်ဖြစ်သည်။
ဤဒေသ၏ မျက်နှာပြင်ပေါ်တွင် တစ်နှစ်ပတ်လုံး မရေတွက်နိုင်သော မိုးကြိုးများ လင်းလက်နေသည်။ ဤနေရာ၌ ပြင်းထန်သော သံလိုက်စက်ကွင်းတစ်ခုရှိသောကြောင့် နတ်အဆင့် ကျွမ်းကျင်သူများလျှင်ပင် ၎င်းနေရာသို့ မဝင်ခဲ့ကြပေ။ ဝင်ရောက်လာသော ကျွမ်းကျင်သူသည် အားကောင်းသန်မာလေ ၎င်းတို့ရင်ဆိုင်ရမည့် မိုးကြိုးသွားများက ပို၍ ကြောက်မက်ဖွယ်ကောင်းလေဖြစ်သည်။
တစ်ချိန်က ထိုနေရာသို့ ဝင်ရောက်ခဲ့သော နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး ရှိခဲ့ဖူးသည်။ သူသည် အချိန်အတော်ကြာမှ ဆိုးရွားဖွယ်အခြေအနေဖြင့် လွတ်မြောက်နိုင်ခဲ့ရသည်။ ထိုကျွမ်းကျင်သူသည် ထိုနေရာတွင် သေဆုံးလုနီးပါးဖြစ်သည်အထိ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ထိုအချိန်မှစ၍ မိုးကြိုးမုန်တိုင်းပင်လယ်ကို မည်သူမျှ မချဉ်းကပ်ရဲကြပေ။
ကျန်းယွမ်ပင်ကဲ့သို့ အပြင်းအထန် ဒဏ်ရာရနေသူမဆိုနှင့် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးလျှင်ပင် ဝင်ရောက်ပြီးနောက် ဘေးကင်းစွာ မထွက်ခွာနိုင်ပေ။ သေခြင်းတရားသည်သာ တစ်ခုတည်းသောရလဒ်ဖြစ်သည်။
ဗီဒီယိုကို လွှင့်တင်လိုက်သည်နှင့် ချက်ချင်း ရုန်းရင်းဆန်ခတ်ဖြစ်သွားကြရာ၊ အထူးသဖြင့် ပြည်ထောင်စုအတွင်း၌ ပို၍ပင် ယောက်ယက်ခတ်နေသည်။ နတ်အဆင့် ကျွမ်းကျင်သူများသည် ထိပ်တန်း ကျွမ်းကျင်သူများဖြစ်ကြသည်မှာ သေချာသည်။ ၎င်းတို့ အသီးသီးသည် နျူကလီးယားလက်နက်နှင့် ဆင်တူကြ၍ တစ်ဦးသေဆုံးခြင်းသည် ကြီးစွာသော ဆုံးရှုံးမှုဖြစ်သည်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရ လက်အောက်ရှိ ထိပ်တန်းကျွမ်းကျင်သူများအတွက် အထူးတလည် မှန်ကန်လှသည်။
[မိုးကြိုးပင်လယ်ထဲ ဝင်သွားတာနဲ့ လွတ်လမ်းမရှိဘူး။ အဏ္ဏဝါမျိုးနွယ်က ကျွမ်းကျင်သူတွေတောင် အဲ့ဒီ့ကို မဝင်ရဲကြဘူး။ အထဲကို ဝင်သွားပြီဆိုတော့ သူ သေချာပေါက် သေသွားလောက်တယ်]
အင်တာနက်ပေါ်တွင် အဏ္ဏဝါမျိုးနွယ်များက ကျန်းယွမ်ပင်ကို ချက်ချင်း စတင်လှောင်ပြောင်လာကြသည်။
[ဟုတ်တယ်ကွ။ သူ သေမှာ သေချာတယ်။ ကြောက်လန့်တကြားနဲ့ ပေါက်ကရလမ်းကို ရွေးချယ်ခဲ့တာကို။ ဝင်သွားတာနဲ့ အသက်ရှင်လျက် ထွက်လာနိုင်မှာ မဟုတ်ဘူး]
[သူက သူ့အရည်အချင်းကို လွန်လွန်ကဲကဲ တွက်ဆနေတာကို၊ သေကြောင်းကြံစည်နေတာပဲ]
အဏ္ဏဝါမျိုးနွယ်၏ သရော်လှောင်ပြောင်မှုကို ရင်ဆိုင်ရသောအခါ အင်တာနက်ပေါ်ရှိ လူအများအပြားသည် မခံမရပ်နိုင်ဖြစ်နေသော်လည်း ဆွံ့အနေကြသည်။
[အဲ့ဒီ့ကျန်းယွမ်ပင်က အထူးစစ်ဆင်ရေးဌာနကို တာဝန်ယူကတည်းက မဆင်မခြင် ပြုမူနေခဲ့တာ ချူးယွင်ဖန်းလည်း သူနဲ့အတူတူပဲ။ တကယ်တော့ ချူးယွင်ဖန်းက ကျန်းယွမ်ပင်ထက်တောင် ပိုပြီး ရဲတင်းသေးတယ်။ အနှေးနဲ့အမြန် သူလည်း သူ့ဆရာရဲ့ခြေရာအတိုင်း လိုက်သွားလိမ့်မယ်]
အလိုအလျောက်ဆိုသလိုပင် အင်တာနက်ပေါ်၌ ဤကိစ္စရပ်၏ မျှားဦးသည် ချူးယွင်ဖန်းဆီသို့ ညွှန်ပြလာသည်။ ကျန်းယွမ်ပင်သည် ချူးယွင်ဖန်း၏ စံနမူနာဖြစ်သည်ဟု ချူးယွင်ဖန်းနှင့် အဆင်မပြေသူ အများအပြားက ဆိုကြသည်။ သူသည် အလောတကြီး ပြုမူဝံ့လျှင် အနှေးနှင့်အမြန် သေဆုံးရပေလိမ့်မည်။
၎င်းတို့အားလုံးသည် မီးလျှံစစ်သည်ဂိုဏ်းရှိ ဂိုဏ်းခေါင်းဆောင်ကို စီရင်ချက်ချကာ သေဒဏ်ပေးခဲ့သည့် ချူးယွင်ဖန်း၏ ဆုံးဖြတ်ချက်ကို လက်ညိုးထိုးပြနေခြင်းဖြစ်သည်။
"မင်းက ကိုယ့်အတွက် ဘာက ကောင်းသလဲ ဆိုးသလဲတောင် မသိဘူး"
ချူးယွင်ဖန်းသည် အင်တာနက်ပေါ်ရှိ မှတ်ချက်များစွာကို ဖတ်ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်သည် နောက်ကွယ်တွင် မီးထဲသို့ လောင်စာထည့်နေမှန်း မြင်တွေ့နိုင်၍ ၎င်းတို့၏ ပစ်မှတ်သည် မိမိဖြစ်သည်။ ချူးယွင်ဖန်းသည် ကနဦးတွင် နောက်ထပ် အဆင့်ဖြတ်ကျော်မှုတစ်ခု ပြုလုပ်ရန် သီးသန့်ကျင့်ကြံခြင်းသို့ ဝင်ချင်ခဲ့သော်လည်း ယခုအခါ သူ့တွင် အချိန်မရှိတော့ပုံပေါ်သည်။
သူ့ဆရာ၏ တည်နေရာကို ယခင်က မသိခဲ့ရသော်လည်း ယခုအခါ သူ မည်သည့်နေရာသို့ ရောက်နေသည်ကို သိလိုက်ရပြီဖြစ်သောကြောင့် ကျန်းယွမ်ပင်ကို မကူညီဘဲ ကြည့်မနေနိုင်ပေ။ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင် သေသည်ဖြစ်စေ၊ အသက်ရှင်သည်ဖြစ်စေ သေချာ ဆုံးဖြတ်ရပေလိမ့်မည်။
"ခေါင်းဆောင်ချူး၊ အခြေအနေက နည်းနည်း ထူးဆန်းတယ်လို့ ကျွန်မ ထင်တယ်။ သူတို့က ခေါင်းဆောင်ကို ပစ်မှတ်ထားနေပုံရတယ်။ ဒီကိစ္စက အရမ်းအန္တရာယ်များမှာကို ကျွန်မ စိုးရိမ်မိတယ်" ဟော့ရို့နန်သည် ချူးယွင်ဖန်းဆီသို့ သတင်းပို့လိုက်သည်။
"သူတို့က ကျုပ်ကို အခုချိန်မှာ ပစ်မှတ်ထားနေတာ မဟုတ်လား၊ ပစ်မှတ်မထားရင်မှ ပိုပြီး ထူးဆန်းနေမှာ" ချူးယွင်ဖန်းသည် လှောင်ရယ်၍ ပြောလိုက်သည်။
“သူတို့က ကျုပ်ကို တွန်းအားပေးဖို့ ကြိုးစားနေကြတာ၊ ဒါပေမယ့် သူတို့တွေ ကျုပ်ကို အနိုင်ယူနိုင်တယ်လို့ထင်ရင် မှားသွားလိမ့်မယ်"
ဟော့ရို့နန်လျှင်ပင် နားလည်နိုင်ခဲ့လျှင် မိမိက မည်သို့မျှ နားမလည်မည်နည်း။ အစကတည်းက တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သိသာထင်ရှားသည်။ သို့သော် ချူးယွင်ဖန်းသည် မကြောက်ရွံ့ပေ။ သူ့ဆီသို့ မည်သည့်နတ်ဆိုးများ မွန်းစတားများ ရောက်လာပါစေ၊ သူသည် ၎င်းတို့အားလုံးကို လှိုင်းတစ်ခုတည်းဖြင့် ရှင်းပစ်နိုင်သည်။
ချူးယွင်ဖန်းသည် ဟော့ရို့နန်ကို တာဝန်များ ပေးအပ်ပြီးနောက် ချက်ချင်း ထွက်ခွာသွားခဲ့သည်။ အထူးစစ်ဆင်ရေးဌာန၏ ခေါင်းဆောင်ဖြစ်သော ချူးယွင်ဖန်းသည် ထုံးစံအတိုင်း ကိုယ်ပိုင် ဂျက်လေယာဉ်တစ်စီးရှိနေသည်။ ဌာနသည် ချူးယွင်ဖန်း အသုံးပြုရန်အတွက် တိုက်လေယာဉ်တစ်စင်းကို စီစဉ်ပေးခဲ့သည်။
နာရီအနည်းငယ်အကြာတွင် ချူးယွင်ဖန်းသည် အဆုံးမဲ့ ပင်လယ်၏ နက်ရှိုင်းသော အရပ်သို့ ဝင်ရောက်သွားခဲ့သည်။ အနည်းဆုံးလျှင် အကွာအဝေးတွင် မိုင်တစ်သန်းခန့် လွှမ်းခြုံထားသည့် အဆုံးမဲ့ပင်လယ်သည် သူ၏အရှေ့တွင် ပေါ်ပေါက်လာသည်။ အဝေးကလျှင်ပင် ရင်ဘတ်ပေါ် အကန့်အသတ်မဲ့ ဖိအားကို ခံစားနိုင်နေပြီဖြစ်သည်။ ချူးယွင်ဖန်းတွင်ရှိနေသည့် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသည် အနည်းငယ်မျှ မသက်မသာ ခံစားလာရသည်။
ပန်းချီကားသည် မရေတွက်နိုင်သောလူများ၏ နာကြည်းမှုနှင့် သွေးအနှစ်သာရများကို စုပ်ယူထားသည့် နတ်ဆိုးရတနာတစ်ခုဖြစ်သောကြောင့် ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးများသည် ဤနတ်ဆိုးရတနာမျိုးအတွက် အကောင်းမွန်ဆုံး ချုပ်တည်းမှုဖြစ်သည်။
နတ်ဆိုးရတနာကဲ့သို့ ပန်းချီကားမျိုးသာ ဤနေရာတွင် သန့်စင်မှု ခံယူလိုက်ပါက၊ မရေတွက်နိုင်သော မိုးကြိုးများကို ချက်ချင်းပင် ဆွဲဆောင်နိုင်မည့်အပြင် မိုးကြိုးများဖြင့် ပစ်ချခံရကာ မကြာမီတွင် ဗလာနတ္ထိအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူများသည် သေခြင်းတရားကို ရှာဖွေလိုခြင်းကြောင့်မဟုတ်လျှင် ထိုနေရာသို့ မည်သည့်အခါမှ ချဉ်းကပ်ဝံ့မည် မဟုတ်ပေ။
ချူးယွင်ဖန်းသည် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို တောင်မြစ်ပန်းချီကားသို့ ထည့်သွင်းရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိပေ။ ၎င်းကို ထိန်းသိမ်းထားပြီးနောက် မှော်လက်နက်၏ အလိုအလျောက် မသက်မသာဖြစ်မှုများ ရပ်တန့်သွားခဲ့သည်။
ချူးယွင်ဖန်းသည် ရုတ်တရက်ဆိုသလိုပင် လွန်ကဲသော အန္တရာယ်မျိုးကို ခံစားလိုက်ရသည်။ အေးစက်သော ခံစားမှုတစ်ခုသည် သူ၏ခြေဖျားမှ ဦးခေါင်းထိပ်အထိ မြင့်တက်သွားသောကြောင့် သူ့ကို ချက်ချင်းပင် သတိအနေအထားသို့ ရောက်ရှိသွားစေသည်။ အလွန်အန္တရာယ်ကြီးသော ခံစားချက်သည် သူ့ကို ချက်ချင်းပင် သတိကပ်သွားစေသည်။ ဤကဲ့သို့ အဖြစ်မျိုးကို သူ နောက်ဆုံးကြုံတွေ့ရခြင်းသည် နျူကလီးယား တိုက်ခိုက်မှုဖြစ်သည်။
တစ်စုံတစ်ဦးသည် သူ၏ ဂျက်လေယာဉ်ကို တိုက်ခိုက်ရန် နျူကလီးယားဗုံးကို အသုံးပြုခဲ့သည်။ ချူးယွင်ဖန်း၏ ဦးရေပြားများ ချက်ချင်းပင် ထုံကျဉ်သွားလေသည်။ အဏုမြူဗုံးနှင့် ထိပ်တိုက်တွေ့လျှင် နတ်အဆင့် ကျွမ်းကျင်သူလျှင်ပင် သေဆုံးရပေလိမ့်မည်။ လူတစ်ဦး၏ ခန္ဓာကိုယ်သည် မည်မျှ သန်မာနေပါစေ၊ အသုံးမဝင်ပေ။
သူသည် တောင်မြစ်ပန်းချီကားထဲသို့ ချက်ချင်း ခုန်ဝင်လိုက်သည်။ သူ တောင်မြစ်ပန်းချီကားထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း အရာအားလုံးကို ဝါးမျိုသွားနိုင်သည့် ကြောက်မက်ဖွယ် မီးတောက်များကြောင့် လေယာဉ်တစ်ခုလုံး အရည်ပျော်သွားလေသည်။
ကြီးမားသော မှိုတိမ်တိုက်ကြီးသည် ပင်လယ်ပြင်မှ တဖြည်းဖြည်း မြင့်တက်လာ၍ ပင်လယ်ရေ အများအပြား ချက်ချင်း အငွေ့ပျံသွားကာ ကြီးမားသော ရေလှိုဏ်ဂူကြီး ဖြစ်ပေါ်သွားစေသည်။ ၎င်းအနက် မရေတွက်နိုင်သော မွန်းစတားများလည်း လုံးလုံးလျားလျား အငွေ့ပျံသွားခဲ့သည်။
ပင်လယ်ပြင်အထက်တွင် ဧရာမ နေမင်းကြီး ထွက်လာသကဲ့သို့ ဖြစ်နေသည်။ ချက်ချင်းဆိုသလိုပင် အရာအားလုံး ပျက်သုဉ်းသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် များပြားသော ပင်လယ်ရေများ တဖြည်းဖြည်း ပြန်လည်စီးဆင်းလာကာ ထိုတွင်းကြီးကို ဖြည့်သွားလေသည်။ နျူကလီယားဗုံးများသည် ကောင်းကင်ယံသို့ ဆက်တိုက် ပျံ့လွင့်သွားကာ အရာအားလုံးနီးပါး ပျက်စီးသွားခဲ့သည်။
ဤသည်မှာ ယခုခေတ် လူသားများ ပိုင်ဆိုင်ထားသော ဝှက်ဖဲလက်နက်ဖြစ်သည်။ ခဏအကြာတွင် ကောင်းကင်ယံ၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ဤသည်မှာ သူ၏ မိုးကြိုးတောင်ပံများကို အဆက်မပြတ် လှုပ်ခတ်နေသည့် ချူးယွင်ဖန်းမှလွဲ၍ အခြားလူ မဟုတ်ပေ။
''နောက်ထပ် နျူကလီးယားဗုံး တိုက်ခိုက်မှု။ တချို့လူတွေက ဘယ်အချိန် လက်လျော့မယ်ဆိုတာကို တကယ် မသိကြပုံပဲ' ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု၍ လှောင်ရယ်လိုက်သည်။
"ထွက်မလာသေးဘူးလား" ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ထင်ထားတဲ့အတိုင်း နျူကလီးယားဗုံးက မင်းကို မသတ်နိုင်ပါလား။ ကြားဖူးထားတယ်ဆိုပေမယ့် ကြားတာထက် လူကိုယ်တိုင်မြင်တာက ပိုပြီး အံ့ဩစရာကောင်းနေပါလား"
ပင်လယ်ပြင်တစ်လျှောက်တွင် ဇီးကွက်ကဲ့သို့ ရယ်မောသံများ မြည်ဟည်းလာခဲ့သည်။