အခန်း (၈၈၃-၈၈၅)
Vol. 59 Ch. 883-885
အခန်း (၈၈၃) နတ်အဆင့် ကျွမ်းကျင်သူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း
ဤစကားသံပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် ချူးယွင်ဖန်းအရှေ့တွင် နက်မှောင်သော ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် အရပ်ရှည်၍ မားမတ်သော အမျိုးသားတစ်ဦးဖြစ်၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အရိပ်နှစ်ခုဖြင့် လွှမ်းခြုံထားသည်။ သူ၏ ခန္ဓာကိုယ်သည် အနက်ရောင် နတ်ဆိုး အရောင်အဝါများ ထုတ်လွှတ်နေသည်။
"အရိပ်ဂိုဏ်းခေါင်းဆောင်လား "
ချူးယွင်ဖန်းသည် သူ့အရှေ့ရှိ လူကို ချက်ချင်းမှတ်မိသွားသည်။ သူသည် အထူးစစ်ဆင်ရေးဌာနများကို ထိန်းချုပ်ပြီးနောက် အမျိုးမျိုးသော နတ်အဆင့် ကျွမ်းကျင်သူများကို နက်နဲစွာ နားလည်ထားခြင်းမရှိသော်လည်း ဌာန၏ထောက်လှမ်းရေး ကွန်ရက်ကြောင့် ၎င်းတို့၏အသွင်အပြင်များကို ခွဲခြားရန် လွယ်ကူဆဲဖြစ်သည်။
၎င်းသည် မြို့စွန်နယ်မြေများရှိ နောက်ထပ်ဂိုဏ်းကြီးတစ်ခုဖြစ်သည်။ အရိပ်ဂိုဏ်းသည် မီးလျှံစစ်သည်ဂိုဏ်းကဲ့သို့ပင် မြို့စွန်နယ်မြေများကို လွှမ်းမိုးထား၍ ၎င်းတို့နှစ်သက်သည့်အတိုင်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။ လက်ရှိအာဏာခွဲဝေမှု၌ အကြီးမားဆုံး အင်အားစုသည် ပြည်ထောင်စုဖြစ်၍ ၎င်းနောက်တွင် စွန် ့ပစ်နယ်မြေများရှိ အင်အားစုအမျိုးမျိုးဖြစ်သည်။
မြို့စွန်နယ်မြေများရှိ အဓိကအင်အားစုများကို ကြားနေအင်အားစုင့် အစွန်းရောက် အင်အားစုဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ကြားနေအင်အားစုများသည် နတ်နဂါးဗီလာကဲ့သို့ဖြစ်၍ အစွန်းရောက် အင်အားစုများသည် မီးလျှံစစ်သည်ဂိုဏ်း၊ မွန်းစတားဂိုဏ်း၊ အရိပ်ဂိုဏ်းနှင့် အခြားသော ဦးနှောက်ဆေးသည့် ကိုးကွယ်မှုများ ပါဝင်သည်။ အရိပ်ဂိုဏ်းသည်လည်း ပြည်ထောင်စု၏ အလိုအရှိဆုံး ရာဇ၀တ်ကောင်များထဲမှ တစ်ခုဖြစ်သည်။
"ဟုတ်တယ်၊ ကျုပ်ပဲ" အရိပ်ဂိုဏ်းခေါင်းဆောင်က ချောက်ချားဖွယ် ရယ်မောလိုက်သည်။
"အရိပ်ဂိုဏ်းလား၊ ကြည့်ရတာ ခင်ဗျားတို့တွေ ကတကယ် အသက်မရှင်ချင်တော့ဘူး ထင်တယ်။ ဘာလဲ မီးလျှံစစ်သည်ဂိုဏ်းခေါင်းဆောင်လိုပဲ အဆုံးသတ်ချင်လို့လား" ချူးယွင်ဖန်းသည် ထိုအမျိုးသားကို ကြည့်၍ လှောင်ရယ်လိုက်သည်။
"ခင်ဗျားကများ ကျုပ်ရှေ့မှာ ပေါ်လာရဲရတယ်လို့၊ သေခြင်းတရားက ဘာလဲဆိုတာ မသိသေးတဲ့ပုံပဲ"
အရိပ်ဂိုဏ်း၏ ဂုဏ်သတင်းသည် ကျော်ကြားလှသော်လည်း ချူးယွင်ဖန်းသည် ဤအမျိုးသားကို ဂရုမစိုက်ပေ။ အကောင်းဆုံးရှိမှ ဤအမျိုးသားသည် မီးလျှံစစ်သည်ဂိုဏ်းခေါင်းဆောင်နှင့် အဆင့်တူမျှသာဖြစ်သည်။ ထိုအချိန်တွင် အရိပ်များဖြင့် ရစ်ပတ်နေသော အရိပ်ဂိုဏ်းခေါင်းဆောင်သည် ပြင်းပြသော ဒေါသ အရိပ်အမြွက်များ ထုတ်လွှတ်လိုက်သည်။ ချူးယွင်ဖန်းသည် သူ့အပေါ် လေးစားမှု မရှိခဲ့ပေ။ ချူးယွင်ဖန်းသည် ဂျူနီယာတစ်ဦးမျှသာဖြစ်သော်လည်း မောက်မာလွန်းလှသည်။
"ချူးယွင်ဖန်း ဒီနေ့ မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေလား" ဂိုဏ်းခေါင်းဆောင်က ဆိုးယုတ်စွာ ရယ်မောလိုက်သည်။
"ကျုပ်က မင်းဆရာရဲ့ လက်မောင်းကို ဖြတ်ခဲ့တဲ့လူပဲ။ မင်းက သူ့ထက် ပိုဆိုးတဲ့ အခြေအနေနဲ့ အဆုံးသတ်ရမယ်" ဂိုဏ်းခေါင်းဆောင်က ပြောလိုက်သည်။
ထိုသို့ကြားသောအခါ ချူးယွင်ဖန်း၏ မျက်လုံးများတွင် ဒေါသများဖြင့် လင်းလက်လာသည်။
“ဒီမှာ နောက်ထပ်ဘယ်သူရှိသေးတာလဲ၊ အတူတူထွက်လာပြီး အတူတူ သေကြပေါ့"
ထိုအချိန်တွင် အခြားအလင်းတန်းတစ်ခု ဖြတ်သန်းသွား၍ ချူးယွင်ဖန်းအရှေ့တွင် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။ ကြည့်လိုက်သောအခါ ထိုအမျိုးသားသည် သူ ယခင်က တွေ့ခဲ့ဖူးသည့် သတ္တမမြောက် နတ်ကျွန်ဖြစ်မှန်း သတိထားမိသွားလေသည်။
သတ္တမမြောက်နတ်ကျွန်၏ ခန္ဓာကိုယ်သည် ယခင်ကနှင့်မတူဘဲ နတ်အဆင့် ကျွမ်းကျင်သူများ၏ ထူးခြားသော စွမ်းအင် အတက်အကျများ ထုတ်လွှတ်ပေးနေသည်။ သူသည် နတ်အဆင့်သို့ တက်လှမ်းခဲ့လေသည်။
"ခင်ဗျားတော့ အသက်ရှင်ရတာ ပင်ပန်းနေပုံရတယ်" ချူးယွင်ဖန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ချူးယွင်ဖန်း၊ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ မင်း ကျုပ်သခင်နောက်ကို လိုက်မယ်ဆိုရင် ကျုပ် မင်းအသက်ကို ကယ်ပေးမယ်"
သတ္တမမြောက် နတ်ကျွန်သည် ချူးယွင်ဖန်းကို သိမ်းသွင်းခြင်းနှင့်ပတ်သက်၍ လက်မလျော့သေးပေ။
"ခင်ဗျားက ကျုပ်ကို ကယ်မယ်တဲ့လား" ချူးယွင်ဖန်းသည် သတ္တမမြောက် နတ်ကျွန်ကို ကြည့်လိုက်သည်။
"မင်း သူ့ကို ကာကွယ်ပေးချင်နေတာလား။ ဒီလိုလုပ်လို့ မရဘူး။ ဒီကောင် သေကို သေရမယ်။ ကျုပ်တို့ မျိုးနွယ်ရဲ့ အရည်အချင်းအရှိဆုံး မျိုးဆက်ကို သတ်ပြီးကတည်းက သူ့အသက်နဲ့ သေချာပေါက် ပေးဆပ်ရလိမ့်မယ်"
ဤအခိုက်အတန့်၌ လက်ထဲတွင် သုံးခွလှံရှည် ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက ပင်လယ်မျက်နှာပြင်ကို ဖြတ်သန်းလာသည်။ သူသည် အလွန် ကြောက်မက်ဖွယ် စွမ်းအင်များကို သယ်ဆောင်၍ ပင်လယ်၏ အရှင်ဘုရင်တစ်ပါးကဲ့သို့ ဖြတ်သန်းလာသည်။ သူသည် အရိပ်ဂိုဏ်းခေါင်းဆောင်ထက် အဆင့်တစ်ဆင့် ပိုမြင့်ကာ တတိယမြောက် နတ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။
ဤအမျိုးသားတွင် မိကျောင်းဦးခေါင်းနှင့် လူသားခန္ဓာကိုယ်မျိုးရှိနေသည်။ သူသည် အလွန် ရက်စက်ပုံရ၍ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်၏ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
"မှန်တယ်။ သူဒီနေ့ သေကို သေရမယ်။ မြွေကိုမသတ်ဘူးဆိုရင် ခင်ဗျားကို အန္တရာယ်ဖြစ်လာလိမ့်မယ်။ ဒီသဘောတရားကို ခင်ဗျား နားလည်သင့်တယ်"
နောက်ထပ် အသံတစ်ခုကို ကြားလိုက်ရသည်။ ပုံရိပ်တစ်ခုသည် ကောင်းကင်ယံ၌ အလင်းတန်းတစ်ခုကို စီးနင်းလာ၍ ၎င်းတို့ရှိရာ နေရာသို့ ရောက်ရှိလာသည်။ ထိုလူသည် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် သန်မာသော ရုပ်အသွင်အပြင်ရှိ၍ သူ၏နောက်ကျောတွင် ရတနာဓားတစ်လက်ကို သယ်ဆောင်ထားသည်။ သူ၏ခန္ဓာကိုယ်သည် ဓားအိမ်မှ ထုတ်ယူထားသော ရတနာဓားသွားကဲ့သို့ အလွန်ကြောက်မက်ဖွယ် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူသည် ယခင်က ချူးယွင်ဖန်းကို သတ်ဖြတ်ခဲ့သော ဝေ့မိသားစုရှိ သခင်လေးနှင့် အနည်းငယ်မျှ ဆင်တူလှသည်။
သူသည် နတ်ကုန်းမြေ၏ နံပါတ်တစ် မျိုးနွယ်စုဖြစ်သည့် ဝေမိသားစုစု၏ ထိပ်တန်း ကျွမ်းကျင်သူဖြစ်ကြောင်း သိသာထင်ရှားသည်။ ကျင့်ကြံနည်းအရဆိုလျှင် ဤလူများသည် ရေနက်မိကျောင်းမျိုးနွယ်စုရှိ ကျွမ်းကျင်သူများအောက် အားနည်းသူများ မဟုတ်ကြပေ။ ၎င်းတို့အားလုံးသည် တတိယမြောက် နတ်အဆင့်သို့ ရောက်ရှိနေကြသည်။
“တယ်လည်း ခမ်းနားတဲ့ ခံတပ်ပါလား" ချူးယွင်ဖန်းသည် သူ့ကို ဝန်းရံထားသည့် နတ်အဆင့် ကျွမ်းကျင်သူ လေးဦးကို မြင်သောအခါ လှောင်ရယ်လိုက်သည်။
"ချူးယွင်ဖန်း ဒီနေ့တော့ မင် မလွတ်နိုင်ဘူး"
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ရှေးဟောင်း ဝတ်ရုံရှည်ဝတ်ထားသော အမျိုးသားတစ်ဦးသည် ကောင်းကင်ယံ၌ လက်နှစ်ဖက်ကို နောက်ကျောသို့ ပစ်ထားကာ ရပ်တန့်နေစဉ် ချူးယွင်ဖန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဤနေရာတွင် နတ်အဆင့် ကျွမ်းကျင်သူများစွာရှိသော်လည်း သူ၏ စွမ်းအင်သည် လူတိုင်းကို ဖိနှိပ်ရန် လုံလောက်နေသည်။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာရှိသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ကျွမ်းကျင်သူထက် မနည်းလှပေ။ သို့သော် ၎င်းတို့အားလုံးသည် ဤပုဂ္ဂိုလ်၏ ထက်မြက်မှုနှင့်ယှဉ်လျှင် အားနည်းနေပုံရသည်။
ဤအမျိုးသား၏အမည်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသိများကြ၍ အခြားသူများ၏ ပေါင်းစည်းထားသော ဂုဏ်သတင်းသည် ၎င်းမျှ မကြီးမားလှပေ။ ၎င်းသည် ပြည်ထောင်စု၏ ကမ္ဘာရန်သူကြီးဖြစ်သည့် မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ပြည်ထောင်စုကို ခေါင်းကိုက်စေသည့် မွန်းစတားဂိုဏ်း၏အစစ်အမှန် ထိန်းချုပ်သူဖြစ်သည်။
မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်ထံမှ ထွက်ပေါ်လာသော အရောင်အဝါကို တွေ့လိုက်ရသောအခါ ချူးယွင်ဖန်း၏ စိတ်နှလုံးတုန်လှုပ်သွားသည်။ ဤလူသည် တတိယမြောက် နတ်အဆင့်ကို ကျော်လွန်နေသည်မှာ သေချာသည်။ အထူးစစ်ဆင်ရေးဌာန၏ ထောက်လှမ်းရေးအချက်အလက်များအရ မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်ကို အလွန် အန္တရာယ်များသော ဖြစ်တည်မှုအဖြစ် စာရင်းသွင်းထားသည်။ သူသည် ပြည်ထောင်စု၏ အလိုရှိစာရင်း၌ ပထမနေရာတွင်ရှိနေသည်။
အရိပ်ဂိုဏ်းခေါင်းဆောင်နှင့် မီးလျှံစစ်သည်ဂိုဏ်းခေါင်းဆောင်သည် မွန်းစတားဂိုဏ်းခေါင်းဆောင်၏ အရှေ့တွင် ပါမွှားများသာဖြစ်သည်။ မွန်းစတားဂိုဏ်းခေါင်းဆောင်သည် ပြည်ထောင်စု၏ သမ္မတနှင့် အချေအတင် တိုက်ခိုက်ရန်ပင် သတ္တိရှိသူဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်တွင် ရှိနေသေးသည့် ချူးယွင်ဖန်းကို ဖြေရှင်းရာတွင် ဤသို့သောတပ်ဖွဲ ့ကို အသုံးပြုခြင်းသည် အလွန် ခမ်းနားလွန်းသည်ဟု ဆိုနိုင်သည်။
မွန်းစတားဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်းကို ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များဖြင့် စိုက်ကြည့်နေသည်။ ကျူးပုဖျင်သည် ချူးယွင်ဖန်းကို သမ္မတနှင့် ဆင်တူသည်ဟု ယခင်က ပြောခဲ့ဖူးသကဲ့သို့ ယခုအခါ ဤဂိုဏ်းခေါင်းဆောင်၏အမြင်တွင်လည်း အလားတူဖြစ်သည်။
အတိတ်က သမ္မတလျှင်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ မှတ်တမ်းမျိုး မရှိခဲ့ပေ။ ထိုကဲ့သို့သော လူမျိုးသည် တစ်ဦးရှိခြင်းက လုံလောက်နေပြီဖြစ်ရာ၊ နောက်ထပ် တစ်ယောက်ရှိလာခဲ့လျှင် ပြည်ထောင်စု၏ ဩဇာအာဏာသည် မည်သူမျှမသိနိုင်သော အတိုင်းအတာအထိ ကျယ်ပြန့်လာပေလိမ့်မည်။
ချူးယွင်ဖန်းကို နောက်ထပ် နှစ်အနည်းငယ်မျှ ထပ်မံ ပေးအပ်ခဲ့လျှင် သူ မည်မျှ အင်အားကြီးမားလာမည်ကို စိတ်ကူးရန်ပင် ခက်ခဲပေလိမ့်မည်။ အကောင်းဆုံး ရွေးချယ်မှုသည် သူ့ကို ယခုအချိန်တွင် သတ်ပစ်လိုက်ခြင်းသာဖြစ်သည်။
"ဒီနေ့ ကျုပ် သူ့ကို သတ်မယ်။ သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူး"
မွန်းစတားဂိုဏ်းခေါင်းဆောင်သည် ထိုသို့ ဖြည်းညှင်းစွာ ပြောပြီးနောက် ပင်လယ်ပြင်ပေါ်သို့ ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာသည်။
သတ္တမမြောက် နတ်ကျွန်သည် ချူးယွင်ဖန်းကို ကြည့်၍ ခေါင်းယမ်းကာ ပြောလိုက်သည်။
"နှမြောစရာကောင်းလိုက်တာ။ စောစောကသာ သဘောတူခဲ့မယ်ဆိုရင် ဒီနေ့ဘေးဒုက္ခကို မင်း ရင်ဆိုင်ရမှာမဟုတ်ဘူး။ အဲဒီနေ့တုန်းက မင်းရဲ့ဆရာကလည်း မင်းထက်တောင်မှ ပိုခေါင်းမာသေးတယ်။ သူလည်း သူ့အဆုံးသတ်နဲ့ ထိုက်တန်ပါတယ်"
"ခင်ဗျားကတော့ သေချင်နေပြီပဲ" ချူးယွင်ဖန်းက ကြိမ်းဝါးလိုက်သည်။
သူသည် မည်သည့် သတိပေးချက်မှ မရှိဘဲ လှုပ်ရှားလိုက်သည်။ သူ၏နောက်ကျောရှိ မိုးကြိုးအတောင်ပံများ ရုတ်တရက် လှုပ်ခတ်သွားပြီးနောက် ချူးယွင်ဖန်းသည် ကြီးမားသော ရွှေရောင်ငှက်ကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲကာ သတ္တမမြောက် နတ်ကျွန်ထံသို့ ဦးတည်လိုက်သည်။
ချူးယွင်ဖန်းသည် လူများစွာဖြင့် ဝိုင်းရံခံရချိန်တွင် လွတ်မြောက်ရန် မကြိုးစားဘဲ စတင်တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်မှုအပြည့်နှင့် ပြောနေဆဲဖြစ်သော သတ္တမမြောက် နတ်ကျွန်က မမျှော်လင့်ထားပေ။ သူသည် တိုက်ခိုက်မှုကို ပိတ်ဆို့ရန် အလွန် နောက်ကျနေပြီဖြစ်၍ ချူးယွင်ဖန်း၏ လက်သီးချက်သည် သတ္တမမြောက် နတ်ကျွန်၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။
ဘန်း
သတ္တမမြောက် နတ်ကျွန်သည် ပြင်းထန်သော အင်အားဖြင့် ထိမှန်သွားသဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။ သူသည် အပိုင်းပိုင်း ပြတ်ထွက်၍ ကောင်းကင်မှ ပြုတ်ကျသွားသည်။
အခန်း (၈၈၄) အရိပ်ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်ခြင်း
ချူးယွင်ဖန်းသည် ယခင်က သူ့ကို အလွန်ကြောက်ရွံ့စေခဲ့သော သတ္တမမြောက် နတ်ကျွန်ကို လက်သီးတစ်ချက်ထိုးရုံဖြင့် သတ်ပစ်လိုက်သည်။ ၎င်းတို့ ပထမအကြိမ် တွေ့ဆုံစဉ်ကနှင့် နှိုင်းယှဉ်လျှင် သတ္တမမြောက် နတ်ကျွန်သည် အနည်းဆုံးလျှင် ဆယ်ဆခန့် ပိုမို သန်မာနေသည်။ သတ္တမမြောက် နတ်ကျွန်သည် နတ်အဆင့်သို့ ရောက်ရှိလာခဲ့၍ ယခုအခါ အရာအားလုံး လုံးလုံးလျားလျား ကွဲပြားသွားသည်။
သို့သော် ထိုအချိန်ကနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် အနည်းဆုံးလျှင် ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် အားကောင်းလာခဲ့သည်။ သူ၏တိုးတက်မှုနှုန်းသည် သတ္တမမြောက် နတ်ကျွန်ထက် များစွာမြန်ဆန်လှသည်။ သတ္တမမြောက် နတ်ကျွန်သည် ထိုကဲ့သို့ သေဆုံးရမည်ဟု တစ်ခါမျှ မထင်မှတ်ခဲ့ပေ။ ဤသည်မှာ အလွန်နစ်နာဖွယ်ကောင်းသော သေဆုံးခြင်းဖြစ်သည်။ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ချူးယွင်ဖန်း၏ လက်ထဲတွင် သူ့ကိုယ်ပိုင် စွမ်းအင်များကို အပြည့်အဝ မထုတ်သုံးနိုင်မီ သေဆုံးသွားခဲ့သည်။
"မင်းကတော့ သေချင်နေပြီ"
ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် အခြားသော နတ်အဆင့် ကျွမ်းကျင်သူများကို ထိတ်လန့်သွားစေသည်။ ၎င်းတို့အားလုံးသည် အလွန် ဒေါသထွက်သွားကြသည်။ ၎င်းတို့သည် လိပ်ကို အိုးထဲတွင် ထောင်ဖမ်းနိုင်ပြီဟု ထင်မှတ်ခဲ့ကြသော်လည်း ၎င်းတို့ထဲက တစ်ဦးကို ချူးယွင်ဖန်းက အောင်မြင်စွာ သတ်ဖြတ်နိုင်မည်ဟု မည်သူသိမည်နည်း။
တစ်ဦးနှင့် တစ်ဦး ဆက်စပ်မှုမရှိကြသော်လည်း ဤကဲ့သို့မျက်နှာကို ရိုက်နှက်ခံရခြင်းသည် ၎င်းတို့ကို အလွန် ဒေါသထွက်စေခဲ့သည်။ မွန်းစတားဂိုဏ်းခေါင်းဆောင် အလွန်ဒေါသထွက်စိတ်ဖြင့် မျက်လုံးများ လောင်မြိုက်လာကာ ချူးယွင်ဖန်းကို ထိုနေရာတွင်ပင် သတ်ပစ်ချင်နေသည်။
ချူးယွင်ဖန်းသည် သတ္တမမြောက် နတ်ကျွန်ကို သတ်ဖြတ်မိသွားသည့်အတွက် နှမြောစဖွယ်ကောင်းသည်ဟု ခံစားမိလိုက်သည်။ အကယ်၍ ထိုလူသာ တစ်ယောက်တည်းဖြစ်နေခဲ့လျှင် သတ္တမမြောက် နတ်ကျွန်ကို ဖမ်းဆီး၍ သူ၏ဆရာ ပျောက်ကွယ်သွားသော တိုက်ပွဲအကြောင်း စစ်ဆေးမေးမြန်းနိုင်ပေလိမ့်မည်။
ထိုချုံခိုတိုက်ခိုက်မှု၏ ခေါင်းဆောင်သည် ကျန်းမိသားစု ဘိုးဘေးကြီးဖြစ်ကြောင်းသာ သိထားသည်၊ သို့သော်ကျန်းယွမ်ပင် သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့သော အခြားသူများလည်း ရှိနေသေးသည်။ ဤလူများသည် အချို့သော အသေးစိတ် အချက်အလက်များကို သိကောင်းသိထားနိုင်သည်။ သို့သော် သူ၏ လက်ရှိအခြေအနေသည် သတ္တမမြောက် နတ်ကျွန်ကို ဖမ်းဆီးရန် အခွင့်အရေးမပေးခဲ့ပေ။
ချူးယွင်ဖန်းသည် သူ၏ခြေချောင်းများကို လေပေါ်တွင် ပေါ့ပါးစွာ လှုပ်ရှားလိုက်ပြီးနောက် မိုးကြိုးသွားအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ သတ္တမမြောက် နတ်ကျွန်အပြီးတွင် ဒုတိယမြောက် အားအနည်းဆုံးလူဖြစ်သည့် အရိပ်ဂိုဏ်းခေါင်းဆောင်ထံ ချီတက်လိုက်သည်။ အရိပ်ဂိုဏ်းခေါင်းဆောင်သည် အလွန် ဒေါသထွက်၍ တုန်လှုပ်ခြောက်ခြားသွားသည်။ သူသည် ချူးယွင်ဖန်း၏အစီအစဉ်ကို ချက်ချင်း နားလည်သွားသည်။
"ဒီကောင်တော့ သေကြောင်းကြံစည်နေတာပဲ"
အရိပ်ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်မှ မရေတွက်နိုင်သော အရိပ်များ ရုတ်တရက် ထွက်ပေါ်လာ၍ ကြီးမားသော လက်များအဖြစ်သို့ ပြောင်းလဲကာ ချူးယွင်ဖန်းကို ဖမ်းဆုပ်ထားလိုက်သည်။ ပျံသန်းနေသော ချူးယွင်ဖန်းသည် လက်သီးကို ကျစ်ကျစ်ဆုပ်၍ ထိုးနှက်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တုနှိုင်းမဲ့ ကြီးမားလှသော အသူရကာယ်ကြီး ဖြစ်သွားခဲ့သည်။ ၎င်းသည် အသူရကာယ်အပိုင်းဖြစ်သည်။
ဤလက်သီးချက်သည် အရိပ်လက်များကို ဆုတ်ဖြဲပစ်လိုက်၍ ၎င်းဖြတ်သွားသည့် နေရာတိုင်းရှိ အရိပ်များအားလုံးကို ပြိုကျသွားစေသည်။ သူသည် အရိပ်ဂိုဏ်းခေါင်းဆောင်ကို အလွန် ပြင်းထန်သော အင်အားမျိုးဖြင့် ချီတက်လိုက်သည်။ အောက်ဘက်ရှိ လှိုင်းလုံးကြီး စီးနင်းနေသော ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် လက်ထဲရှိ သုံးခွလှံရှည်ဖြင့် ရုတ်တရက် ချီတက်လာသည်။ ၎င်းသည် အနှိုင်းမဲ့ ကြီးမားသော မိကျောင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားလေသည်။
ဤမိကျောင်းကြီးသည် ပေသုံးရာကျော် ရှည်လျား၍ အရာအားလုံးကို ချေမှုန်းနိုင်သော အင်အားမျိုးရှိသည်။ တစ်ဖက်ရှိ ဝေမိသားစု ကျွမ်းကျင်သူသည်လည်း လှုပ်ရှားလိုက်သည်။ သူသည် ဓားရှည်ကို ဓားအိမ်မှ ဖြုတ်လိုက်သည်နှင့် ဓား၏အရှိန်အဟုန်သည် လေထုထဲတွင် ညင်သာစွာ မြင့်တက်လာသည်။ ၎င်းသည် မရေတွက်နိုင်သော လှိုင်းလုံးများကို ထက်ပိုင်းဖြတ်တောက်ပြီးနောက် ကြောက်မက်ဖွယ် အင်အားအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်းဆီ ခုတ်ထစ်လာသည်။
တတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူ နှစ်ဦး တိုက်ခိုက်သည့် အခိုက်အတန့်သည် ၎င်းတို့၏ ကန့်သတ်ချက်ကို ကျော်လွန်သော တိုက်ခိုက်မှုဖြစ်သည်။ ၎င်းတို့၏ စွမ်းအင်သည် ထုံးစံအတိုင်း အကန့်အသတ်မဲ့လှသည်။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ သွေးနီရောင် အရိုးစုတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၍ ၎င်း၏ ဧရာမ သွေးနီရောင်အရိုးစုလက်နှစ်ဖက်သည် ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှစ်ခုဆီသို့ ပျံသန်းသွားလေသည်။
ဘုံး
ဘုံး
ကြောက်မက်ဖွယ် ရိုက်ခတ်မှုနှစ်ခုအပြီးတွင် သွေးနီရောင် လက်ကြီးနှစ်ဖက်သည် တဖြည်းဖြည်းခြင်း ပြိုကျပျက်စီးသွားသည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားဖြင့် ဖွဲ့စည်းထားသော အရိုးစုလက်များသည် တတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။
သို့သော် ချူးယွင်ဖန်းသည် အရိပ်ဂိုဏ်းခေါင်းဆောင် အရှေ့သို့ လျင်မြန်စွာ ရောက်ရှိနေပြီဖြစ်၍ သူသည် ရွှေရောင်ငှက်ကြီးတစ်ကောင်ကဲ့သို့ ထိုလူဆီသို့ ချီတက်လိုက်သည်။
"ဂဠုန်အပိုင်း"
ချူးယွင်ဖန်းက အော်ဟစ်ပြီးနောက် ဧရာမငှက်ကြီးအဖြစ် ပြောင်းလဲကာ အရှေ့သို့ ခုန်အုပ်လိုက်သည်။
အရိပ်ဂိုဏ်းခေါင်းဆောင်သည်လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤအခိုက်အတန့်သည် အဆိုးရွားဆုံးအချိန်ဖြစ်ကြောင်း သူ သိနေသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် နောက်အခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကျော်တော့မည့်ဟန်ဖြင့် သူ၏နှလုံးသားကိုပင် ရင်တုန်လှုပ်သွားစေမည့် အရောင်အဝါမျိုး သယ်ဆောင်လာသည်။
ထိုကြောက်စရာ စွမ်းအင်သည် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။ သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်မျိုးကို မခံစားခဲ့ရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ချူးယွင်ဖန်း၏ မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်သည် သူ့ကို အလွန် ထိတ်လန့်သွားစေသည်။ အရိပ်ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်၍ အရိပ်ထဲသို့ ပေါင်းစည်းသွားသည်။ ဤအရိပ်သည် အနှိုင်းမဲ့ကြီးမားသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဧရာမ ငှက်ကြီးဆီသို့ ခုန်အုပ်သွားသည်။
ဘုံး
ဧရာမ ငှက်ကြီးသည် အနှိုင်းမဲ့ကြီးမားသော အရိပ်ကြီးကို ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။ ပြီးနောက် အရိပ်ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးချက်တစ်ချက် ကျရောက်သွားသည်။
အရိပ်ဂိုဏ်းခေါင်းဆောင်သည် စူးရှစွာ အော်ဟစ်ပြီးနောက် လွင်ပျံသွားခဲ့သည်။ သို့သော် သူသည် သတ္တမမြောက် နတ်ကျွန်ထက် များစွာပိုအစွမ်းထက်သောကြောင့် လုံးလုံးလျားလျား ပျက်သုဉ်းသွားခြင်းမရှိပေ။ သူသည် ချူးယွင်ဖန်းနှင့် ထပ်မံ မတိုက်ခိုက်ဝံ့တော့ဘဲ အနောက်သို့အဆက်မပြတ် ဆုတ်ခွာသွားလေသည်။
ဤအခိုက်အတန့်တွင် မီးလျှံစစ်သည်ဂိုဏ်းခေါင်းဆောင်သည် ချူးယွင်ဖန်း အရှေ့တွင် မည်သို့ကြောင့် အလွန် အားနည်းနေခဲ့သည်ကို သူ နားလည်သွားသည်။ ၎င်းတို့နှစ်ဦး၏ စွမ်းအင်သည် အဆင့်ချင်း မတူညီကြပေ။ ချူးယွင်ဖန်း၏ ပြင်းထန်သော ခွန်အားသည် ၎င်းတို့၏ ခုခံမှုအားလုံးကို ဖြိုခွဲနိုင်ခဲ့သည်။
အရိပ်ဂိုဏ်းခေါင်းဆောင်သည် သွေးတစ်ပွက် အန်ထွက်လာ၍ အနောက်သို့ ထပ်မံ ဆုတ်ခွာနေဆဲဖြစ်သည်။ သူသာ ဤနေရာသို့ တစ်ယောက်တည်း ရောက်လာခဲ့လျှင် ချူးယွင်ဖန်းသည် အနည်းငယ် လှုပ်ရှားရုံဖြင့် သူ့ကို သတ်ဖြတ်နိုင်မည်ဖြစ်ကြောင်း သူ နားလည်သွားသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် ဤမျှ ကြောက်စရာကောင်းသော စွမ်းအင်မျိုးကို မည်သို့ကြောင့် ပိုင်ဆိုင်နိုင်သည်ကို သူ နားမလည်နိုင်ပေ။
ချူးယွင်ဖန်းသည် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို ထုံးစံအတိုင်း လက်လွှတ်ပေးမည် မဟုတ်ပေ။ သူသည် ချက်ချင်းဆိုသလိုပင် အရိပ်ဂိုဏ်းခေါင်းဆောင်ကို နေရာတွင်ပင် ချက်ချင်း ဖယ်ရှားပစ်ချင်နေသကဲ့သို့ ခုန်အုပ်လိုက်သည်။ လက်ဆယ်ချောင်း ဒဏ်ရာရရှိခြင်းထက် လက်တစ်ချောင်းကို ချိုးဖျက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ချူးယွင်ဖန်းသည် ဤသဘောတရားကို မည်သို့မျှ နားမလည်နိုင်မည်နည်း။
"အတင့်ရဲလို့"
ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုသည် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မွန်းစတားဂိုဏ်းခေါင်းဆောင်သည် အလွန် ဒေါသထွက်သွားသည်။ သူသာ ချူးယွင်ဖန်းကို ဆက်လက်၍ သတ်ဖြတ်ခွင့်ပေးလိုက်လျှင် သူ၏ဂုဏ်သိက္ခာများ ဆုံးရှုံးသွားပေလိမ့်မည်။ သူ၏လက်ကြီးသည် ချူးယွင်ဖန်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ ထိုလက်ကြီးသည် ပိုမို ကြီးမားလာ၍ မကြာမီတွင် ပင်လယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် ချူးယွင်ဖန်းကို အထဲတွင် ချုပ်နှောင်ရန် ကြိုးစားနေသော လှောင်အိမ်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။
ချူးယွင်ဖန်းသည် ပြင်းထန်သော တွန်းအားတစ်ခုဖြင့် မိမိကို ထိန်းချုပ်နေမှန်း ခံစားမိသော်လည်း မတွန့်ဆုတ်ဘဲ အရှေ့သို့ ဆက်လက် ချီတက်လိုက်သည်။ သူ၏အမြန်နှုန်းသည် ဂဠုန်အပိုင်းကို အသုံးပြုပြီးနောက် မိုးကြိုးတောင်ပံများ၏အကူအညီဖြင့် အံ့ဩစရာအဆင့်သို့ တိုးမြင့်လာသည်။
ဘုံး
ချူးယွင်ဖန်း၏ လက်သီးချက်သည် ဆုတ်ခွာသွားသော အရိပ်ဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ အရိပ်ဂိုဏ်းခေါင်းဆောင် ပြုလုပ်ထားသော ခုခံမှုများအားလုံးသည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ ချက်ချင်း ပြိုကွဲသွားသည်။ ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်အားလုံးကို ဤလက်သီးချက်ထဲသို့ သွန်းလောင်း၍ မိုးကြိုးစွမ်းအင်နှင့်အတူ ထိုးနှက်လိုက်သည်။ ပြီးနောက် ထိုလက်သီးချက်သည် အရိပ်ဂိုဏ်းခေါင်းဆောင်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။
ဘန်း
အရိပ်ဂိုဏ်းခေါင်းဆောင်သည် သူ့ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ထွက်သွားသဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။ သတ္တမမြောက် နတ်ကျွန်နှင့် နှိုင်းယှဥ်လျှင် သူသည် ၎င်းထက် အနည်းငယ်မျှသာ ပိုမို ကြာမြင့်ခဲ့သည်။ ယနေ့တိုက်ပွဲတွင် မွန်းစတားဂိုဏ်းခေါင်းဆောင်ကြောင့်သာ မဟုတ်ပါက ချူးယွင်ဖန်းသည် မည်သည်ကိုမျှ ကြောက်ရွံ့နေမည်မဟုတ်ပေ။
ဘုံး
ချူးယွင်ဖန်းပေါ်သို့ ကြီးမားသော လက်ဖဝါးကြီး ကျရောက်လာသည်။ ထိုအခါ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားဖြင့် ဖန်တီးထားသော ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ သွေးနီရောင်အရိုးစုသည် ချက်ချင်း ကွဲအက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ဤအရေးကြီးသော အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဧရာမလက်ကြီးနှင့် ဝေးကွာရာသို့ ပျံသန်းသွားသည်။
အခန်း (၈၈၅) နေမင်းပစ်ခတ်သူကို ပစ်လွှတ်ခြင်း
ဘုံး
လက်ကြီးသည် ပင်လယ်ရေပြင်သို့ ရုတ်တရက် ဖိချလိုက်ရာ၊ ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်သွားစေတော့သည်။
"မင်းက ကျုပ်ရှေ့မှာ လူသတ်ပစ်ဖို့ သတ္တိရှိတယ်ပေါ့လေ၊ မင်း လွတ်မြောက်နိုင်မယ် တကယ် ထင်နေတာလား"
ချူးယွင်ဖန်းကို တစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့သည့်အတွက် မွန်းစတားဂိုဏ်းခေါင်းဆောင်၏ မျက်နှာအမူအရာ အကျဉ်းတန်သွားသည်။ ချူးယွင်ဖန်းသည် လူနှစ်ဦးကို ဆက်တိုက်သတ်ဖြတ်ခဲ့သည့်အပြင် သူ၏တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့သည်။ ဤသည်မှာ အရှက်ရဖွယ် ဖြစ်စဉ်တစ်ခုသာဖြစ်သည်။
"ကျုပ်က ကျန်းမိသားစု ဘိုးဘေးကြီး ပေါ်လာမယ်လို့ ထင်နေတာ။ ခင်ဗျား ဖြစ်နေဖို့ မမျှော်လင့်ထားဘူး။ ဒါပေမယ့် အရေးမကြီးပါဘူးလေ။ ခင်ဗျားကို သတ်ရတာက ကျန်းမိသားစု ဘိုးဘေးကြီးကို သတ်ရတာထက် ပိုပြီးတော့ အဓိပ္ပါယ်ရှိပါတယ်" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။ သူသည် သေခြင်းတရားမှ လွတ်မြောက်သွားသည်ဟု မခံစားမိပေ။ သူ၏ နောက်ကျောပေါ်ရှိ မိုးကြိုးတောင်ပံများ အဆက်မပြတ် လွင့်ခတ်လာ၍ လေပြင်းနှင့် မိုးကြိုးများကို သယ်ဆောင်လာစေသည်။
"မင်းကလား၊ မင်း ကောင်းကင်ဘုံကို အံတုချင်နေတာပဲ" မွန်းစတားဂိုဏ်းခေါင်းဆောင်က လှောင်ပြောင် ရယ်မောလိုက်သည်။ သူ၏ အပြုံးများ ပိုပို၍ အေးစက်လာခဲ့ရာ၊ သူသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား စိတ်နှလုံးသွင်းခြင်း မရှိပေ။
"မှန်တယ်။ ချူးယွင်ဖန်း၊ မင်း ဒီနေ့ မလွတ်မြောက်နိုင်တော့ဘူး"
ထိုအချိန်တွင် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူများနှင့် ဝေ့မိသားစု ကျွမ်းကျင်သူတို့သည် ချူးယွင်ဖန်းကို ဘယ်သို့ ညာသို့ ဝိုင်းရံလိုက်ကြသည်။ ၎င်းတို့၏ မျက်နှာ အမူအရာများသည်လည်း ဆိုးရွားနေသည်။ ချူးယွင်ဖန်းသည် ဝိုင်းရံထားသည့် ကျွမ်းကျင်သူ ငါးဦးအနက် နှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။ ဤဖြစ်စဉ်သည် အရှက်တကွဲအကျိုးနည်း ဖြစ်ရခြင်းသာဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအခိုက်အတန့်တွင် သူ့ထက်ပို၍ မြင့်မားသော ကြေးဝါရောင် လေးတစ်စင်းကို ထုတ်ယူလိုက်သည်။
"ချူးယွင်ဖန်း၊ မင်းမှာ လှည့်ကွက်တွေ ကုန်သွားပြီလား။ လေးကြိုးတောင်မပါတဲ့ လေးကိုသုံးဖို့ စိတ်ကူးနေတာပေါ့။ မင်းက တကယ် သေကြောင်းကြံစည်နေတာပဲ" ဝေ့မိသားစုကျွမ်းကျင်သူသည် မြင်းပေါ်မှ ပစ်ချခံရတော့မည့် ချူးယွင်ဖန်း၏ အခြေအနေကို မြင်နေရသည့်ဟန်ဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"မွန်းစတားဂိုဏ်းနဲ့ ပတ်သက်တာနဲ့ ပြည်ထောင်စုရဲ့ကမ္ဘာရန်သူဖြစ်သွားမယ်ဆိုတာကို ဝေ့မိသားစုက နားမလည်ကြဘူးပဲ။ မင်းတို့တွေ ပြည်ထောင်စုရဲ့ ရန်သူဖြစ်လာဖို့အတွက် အသင့်ပြင်ထားသင့်တယ်" ချူးယွင်ဖန်းသည် ဝေ့မိသားစု ကျွမ်းကျင်သူကို လှောင်ရယ်လိုက်သည်။
“ဒီနေ့ မင်း ဒီနေရာမှာ သေသွားသရွေ့ ဘယ်သူမှ သိမှာမဟုတ်ဘူး” ဝေ့မိသားစု ကျွမ်းကျင်သူက သရော်၍ ပြောလိုက်သည်။
ဝေ့မိသားစုသည် နတ်ကုန်းမြေမှ ဆင်းသက်လာကြ၍ ပြည်ထောင်စုရှိ နိုင်ငံသားများနှင့် ကွဲပြားခြားနားသည်။ ၎င်းတို့သည် မွန်းစတားဂိုဏ်းကို နက်ရှိုင်းစွာ မုန်းတီးခြင်း မရှိသောကြောင့် ပြည်ထောင်စု၏ ထူးခြားသော အကျပ်အတည်းကိုပင် မခံစားမိကြပေ။ ပြည်ထောင်စုသည် အပျက်အစီးများအပေါ်တွင် ပြန်လည်တည်ဆောက်ထားခဲ့သည်။ ပြည်ထောင်စုသည် မရေတွက်နိုင်သော နတ်ဆိုးများကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ၎င်းတို့၏ နယ်မြေများကို တစ်စတစ်စ ရရှိလာခြင်းဖြစ်သည်။ ပြည်ထောင်စု၏ လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်စုတို့ကြားတွင် နက်နဲသော သွေးကျွေးများ ရှိနေသည်ဟု ဆိုနိုင်သည်။
ထို့အတွက်ကြောင့် ၎င်းတို့သည် ကမ္ဘာကို အုပ်စိုးရန်အတွက် နတ်ဆိုးများကို လှုံ့ဆော်ပေးနေသည့် မွန်းစတားဂိုဏ်းကို အလွန် မုန်းတီးနေခြင်းဖြစ်သည်။ ပြည်ထောင်စုရှိ မွန်းစတားဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ဝံ့သော မည်သူတစ်ဦးတစ်ယောက်မဆို မရေတွက်နိုင်သော လူများစွာ၏ ကန့်ကွက်ခြင်းကို မလွဲမသွေ ခံရမည်ဖြစ်သည်။
အချို့လူများသည် မွန်းစတားဂိုဏ်းနှင့် တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း မွန်းစတားဂိုဏ်းနှင့် ပွင့်လင်းမြင်သာစွာ အဆက်အသွယ် မပြုဝံ့ကြပေ။ မြင့်မြတ်သော မိသားစုကြီး ရှစ်ခုလျှင်ပင် မွန်းစတားဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ပြီးနောက် ရရှိလာမည့် အကျိုးဆက်ကို ခံနိုင်ရည်မရှိကြပေ။ တစ်ယောက်ယောက်က ငြင်းဆန်၍ မရနိုင်သော အထောက်အထားမျိုး ကိုင်ဆောင်ထားလျှင် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။ ၎င်းတို့တွင် နတ်အဆင့် ကျွမ်းကျင်သူရှိလျှင်ပင် အင်အားစုသည် နေ့ချင်းညချင်း ပြိုလဲသွားပေလိမ့်မည်။
သို့ရာတွင် နတ်ကုန်းမြေရှိ လူသားများက လုံးလုံးလျားလျား ကွဲပြားသည်။ ၎င်းတို့နှင့် နတ်ဆိုးများကြားတွင် ကြီးမားသော မုန်းတီးမှုမျိုးမရှိခဲ့သဖြင့် မွန်းစတားဂိုဏ်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို လူသိရှင်ကြား မရှိသရွေ့ ငြင်းပယ်ခြင်း မရှိကြပေ။ ၎င်းတို့တွင် လုံးလုံးလျားလျား ခြားနားသော တွေးခေါ်ပုံများ ရှိနေသည်။ ချူးယွင်ဖန်း သေဆုံးသွားသရွေ့တော့ ဤအကြောင်းအရာကို မည်သူမှ မသိနိုင်ကြပေ။
"ဟား" ချူးယွင်ဖန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ လက်ချောင်းများဖြင့် လေထုထဲတွင် ဆုပ်ကိုင်လိုက်ရာ၊ မီးတောက်များဖြင့် ဖွဲ့စည်းထားသော လေးညှိကြိုးသည် ရှည်လျားသော လေး၏ အစွန်းနှစ်ဖက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ နေမင်းပစ်ခတ်သူသည် မရေတွက်နိုင်သော ချီစွမ်းအင်များ စိမ့်ဝင်လာသည်နှင့် အလင်းတန်းတစ်ခု စတင် ထုတ်လွှတ်လာ၍ ၎င်းထံမှ ပြင်းထန်သော စွမ်းအင်အတက်အကျများကို ထွက်ပေါ်နေသည်။
"ဘာလဲဟ" မွန်းစတားဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ လက်ထဲရှိ လေးသည် သူ့ကို အနည်းငယ် ထိတ်လန့်စေသည့် အရောင်အဝါမျိုး ထုတ်လွှတ်နေသည်။
မွန်းစတားဂိုဏ်းခေါင်းဆောင်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ချူးယွင်ဖန်းကို ဆက်လက် လှုပ်ရှားခွင့် မပြုနိုင်တော့ပေ။ ချူးယွင်ဖန်းက မည်သို့သော ဝှက်ဖဲမျိုး အသုံးပြုနေသည်ကို သူ မသိသော်လည်း ၎င်းထံမှ အန္တရာယ်ဖြစ်မှုကို ခံစားရနိုင်သည်။
"သွားသေလိုက်"
မွန်းစတားဂိုဏ်းခေါင်းဆောင်က အေးစက်စွာ ကြိမ်းဝါးလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားခဲ့သည်။ ကြီးမားသော မှော်စွမ်းအင် လှိုင်းလုံးကြီးများ ဆူပွက် ဟိန်းဟောက်လာကာ ဧရာမ မွန်းစတားကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ၎င်းသည် အလွန်ကြီးမားသော မွန်းစတားတစ်ကောင်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် အကြေးခွံအလွှာတစ်ခုဖြင့် ဖုံးအုပ်ထား၍ ကမ္ဘာတစ်ခုလုံးကိုပင် ဖြိုလှဲနိုင်ပုံရသည်။
မွန်းစတားဂိုဏ်းခေါင်းဆောင်က လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်နှင့် မွန်းစတားကြီးသည် ချူးယွင်ဖန်းဆီ ခုန်ဆင်းသွားခဲ့သည်။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကို ဖြတ်ကျော်၍ ချူးယွင်ဖန်းဆီ တိုးဝင်လာလေသည်။ တစ်ချိန်တည်းမှာပင်၊ ချူးယွင်ဖန်းသည် မီးများတောက်လောင်နေသော လေးကြိုးကို အဆုံးထိ ဆွဲလိုက်ပြီဖြစ်သည်။
မရေတွက်နိုင်သော အလင်းရောင်များသည် မီးတောက်များအဖြစ်သို့ ပြောင်းလဲကာ လေးထဲသို့ စိမ့်ဝင်လာသည်။ စုစည်းမှုမှ ဖြစ်ပေါ်လာသောအရာသည် မြှားရှည်တစ်စင်း မဟုတ်ဘဲ ခြေသုံးချောင်းရှိ ရွှေရောင် ကျီးတစ်ကောင်ဖြစ်သည်။ ၎င်းရွှေကျီးသည် ကမ္ဘာတစ်ခုလုံးကို အလင်းရောင်ဖြင့် ထွန်းညှိနေသကဲ့သို့ ကြီးမားသော အလင်းရောင်ဖြင့် ပေါက်ကွဲထွက်လာသည်။
"မွန်းစတားဂိုဏ်းခေါင်းဆောင် သေပေတော့"
ချူးယွင်ဖန်းသည် လေးကြိုးကို လွှတ်လိုက်သည်နှင့် ရွှေကျီးက ကျယ်လောင်စွာ အော်ဟစ်၍ သူ၏အတောင်ပံများကို ဖြန့်ကြက်ကာ ပျံသန်းသွားလေသည်။ ရွှေကျီးသည် အတောင်ပံများခတ်ကာ ကောင်းကင်မြင့်ဆီသို့ ပျံတက်သွားသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းသည် မီးပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတွင်ပါရှိသော ကြောက်မက်ဖွယ် စွမ်းအင်သည် အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။ ၎င်းသည် သူ့ဆီ ချီတက်လာသော မွန်းစတားကြီးကို ထိုးဖောက်ဝင်ရောက်၍ တခဏချင်းမှာပင် ဗလာနတ္ထိဖြစ်သည်အထိ လောင်မြိုက်ပစ်လိုက်သည်။ ပြီးနောက် ၎င်းသည် ပို၍အံ့ဩဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် မွန်းစတားဂိုဏ်းခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။
"သေစမ်း"
ကနဦးတွင် မိမိကို မည်သည့်အရာက အလွန် ထိတ်လန့်စေသည်ကို မွန်းစတားဂိုဏ်းခေါင်းဆောင်က နားလည်သွားခဲ့သည်။ ၎င်းသည်လခြေသုံးချောင်းရှိသော ရွှေကျီးကန်း၏ အသွင်အပြင်ဖြစ်သည်။
"အဲဒါက ဘာလဲဟ"
မွန်းစတားဂိုဏ်းခေါင်းဆောင်မှာ မယုံကြည်နိုင်ဖြစ်နေသည်။ သူ၏ ကျင့်ကြံမှုအရ ကမ္ဘာပေါ်ရှိ ထိပ်တန်းပုဂ္ဂိုလ်များအနက် တစ်ဦးဟုဆိုနိုင်သော်လည်း သူ၏တည်ရှိမှုကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည့် မှော်လက်နက်မျိုး ရှိနေခဲ့သည်။ သူ့ကို အမှန်တကယ် ထိတ်လန့်စေသည့်အရာသည် ချူးယွင်ဖန်း မဟုတ်ဘဲ ကြေးဝါရောင် လေးတစ်စင်းဖြစ်နေကြောင်း သူ ခံစားနိုင်သည်။ ဂိုဏ်းခေါင်းဆောင်သည် သူ၏အရှေ့တွင် အတားအဆီးတစ်ခုကို ဖွဲ့စည်းလိုက်သော်လည်း ရွှေကျီးသည် ၎င်းကို ချက်ချင်း ဖြတ်ကျော်သွားခဲ့သည်။
ဘုံး
ရွှေကျီးသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ထံ အရှိန်ပြင်းပြင်း ဝင်တိုက်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်ခန့် ကွဲအက်သွားခြင်း သို့မဟုတ် သူ၏ခန္ဓာကိုယ်တစ်ဝက်မျှ အငွေ့ပျံသွားသည်ဟုပင် ဆိုနိုင်သည်။
“အား..”
မွန်းစတားဂိုဏ်းခေါင်းဆောင်က ထပ်ခါတလဲလဲ အော်ဟစ်နေသည်။ ထိုထိုးနှက်ချက်သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သူသာ နောက်ဆုံးစက္ကန့်တွင် မရှောင်တိမ်းခဲ့လျှင် သူ၏ခန္ဓာကိုယ်တစ်ဝက်ခန့် အငွေ့ပျံသွားရုံသာမကဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပင် ပျက်သုဉ်းသွားနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များသည် ၎င်းဖြတ်သွားရာ လမ်းကြောင်းရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။
မွန်းစတားဂိုဏ်းခေါင်းဆောင်က ချူးယွင်ဖန်း ကို မုန်းတီးစွာ စိုက်ကြည့်နေသော်လည်း ဤနေရာတွင် ဆက်မနေရဲတော့ပေ။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားလေသည်။ သူသည် ထိုအခိုက်အတန့်တွင် သေလုမြောပါးဖြစ်နေသောကြောင့် ဆက်မနေရဲတော့ပေ။ သူသည် ရေနက်ပိုင်း မိကျောင်းများနှင့် ဝေ့မိသားစုများ ကျွမ်းကျင်သူတို့ကို မယုံကြည်ပေ။ ကျန်ကျွမ်းကျင်သူ နှစ်ဦးက လုံးလုံးလျားလျား ထိတ်လန့် တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းသည် နေမင်းပစ်ခတ်သူကို သိမ်းဆည်းပြီးနောက် လျှပ်စီး ကွင်းပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။