← Chapters

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း (၈၈၆-၈၈၈)

Vol. 60 Ch. 886-888

အခန်း (၈၈၆) တခြားလူတွေရဲ့ တားမြစ်နယ်မြေက ကျုပ်ရဲ့ ကျင့်ကြံခြင်းအတွက် အထွတ်အမြတ်ထားရာ နယ်မြေပဲ

နေမင်းပစ်ခတ်သူသည် မရေတွက်နိုင်သော နှစ်များအကြာတွင် ၎င်း၏ကိုယ်ပိုင်အလင်းရောင်ဖြင့် ထပ်မံ ပေါက်ထွက်လာခဲ့သည်။ ၎င်းသည် တစ်ချက်တည်း ပစ်ခတ်ရုံဖြင့် ကမ္ဘာကြီးကိုပင် လှုပ်ခတ်နိုင်သည့် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို အပြင်းအထန် ဒဏ်ရာရရှိစေ၍ သေဆုံးလုနီးပါးအထိဖြစ်သွားစေသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။ ရေနက်ပိုင်း မိကျောင်းများနှင့် ဝေ့မိသားစု ကျွမ်းကျင်သူများပင် ထိတ်လန့်သွားကြသည်။ မှန်သည်၊ ၎င်းတို့အားလုံး ကြောက်ရွံ့စွာ တုန်လှုပ်သွားကြသည်။

မွန်းစတားဂိုဏ်းခေါင်းဆောင်သည် မည်သို့သော ဖြစ်တည်မှုမျိုးဖြစ်သနည်း။ ၎င်းတို့သည် သူ့ကို အမှန်တကယ် တိုက်ခိုက်ဖူးခြင်း မရှိသော်ငြားလည်း ဤစစ်ဆင်ရေးကို တည်ငြိမ်အောင် ပြုလုပ်ပေးမည့် အင်အားစုဖြစ်ကြောင်း လူတိုင်းသိကြသည်။ အခြားလူများက ပူးပေါင်းတိုက်ခိုက်ခဲ့မည်ဆိုလျှင် သူနှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ မွန်းစတားဂိုဏ်းခေါင်းဆောင်၏ စွမ်းအားအရ ပြည်ထောင်စုသမ္မတမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ သူနှင့် ပြိုင်ဘက်မဖြစ်နိုင်ကြောင်း လူအချို့က ခန့်မှန်းထားကြသည်။

ဤသည်မှာ ပြည်ထောင်စုရှိ ကျွမ်းကျင်သူများအတွက်သာ ဖြစ်သော်လည်း ၎င်း၏ ခွန်အားသည် အလွန် သန်မာနေပြီဖြစ်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် မွန်းစတားဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်တစ်ဝက်ကို အငွေ့ပျံသွားစေမည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ အကယ်၍ သူသာ အလျင်အမြန် မရှောင်တိမ်းခဲ့လျှင် အဆုံးသတ်သွားပေလိမ့်မည်။ ၎င်းတို့အားလုံးသည် သွေးပျက်သည်အထိ ကြောက်လန့်နေမိသည်။

မွေးဖွားခြင်းနယ်မြေအဆင့်တွင် ရှိနေသူတစ်ဦးသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မှော်လက်နက်ကို ဘယ်သို့ဘယ်ပုံဖြင့် ပိုင်ဆိုင်လာကာ အသုံးပြုနိုင်ခြင်းဖြစ်သနည်း။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ဤလစ်ဟာမှုကို အခွင့်ကောင်းယူ၍ မိုးကြိုးပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ကျန်ကျွမ်းကျင်သူနှစ်ဦးက နောက်ဆုံးတွင် တုံ့ပြန်လာကြသည်။

"ခုနကမြှားချက်မှာ သူ့ခွန်အားတော်တော်များများကို သုံးလိုက်တာ ဖြစ်ရမယ်။ အဲ့ဒါကြောင့် သူ အခု တန်ပြန်တိုက်ခိုက်လို့မရတော့တာ။ ချီးပဲကွာ၊ သေစမ်း" ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သည်။

တုံ့ပြန်လာသည့်အခိုက်တွင် ချူးယွင်ဖန်းက သူ့ကိုလှည့်စားခဲ့ကြောင်း သူ သိသွားသည်။ ၎င်းတို ့သည် ကနဦး တိုက်ခိုက်မှုကြောင့် အလွန် ထိတ်လန့်နေပြီဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့အားလုံးက ချူးယွင်ဖန်းကို အချိန်မီ တားနိုင်ခဲ့ပေမည်။

ဝေ့မိသားစု ကျွမ်းကျင်သူသည်လည်း ဒေါသကြောင့် မျက်နှာအမူအရာ ဆိုးဝါးလာသည်။ ချူးယွင်ဖန်းသည် ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုကို မပြုလုပ်နိုင်တော့ကြောင်း သူ သဘောပေါက်သွားသည်။ မဟုတ်လျှင် ချူးယွင်ဖန်းက တိုက်ခိုက်မှုအပြီးတွင် ၎င်းတို့ကို တစ်ဦးပြီး တစ်ဦး သတ်ဖြတ်ရန် ရောက်လာပေလိမ့်မည်။

သို့သော် ချူးယွင်ဖန်းသည် ထိုသို့ မပြုလုပ်ခဲ့ပေ။ သူ့ခန္ဓာကိုယ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်နိုင်သောကြောင့်သာ ဒုတိယတိုက်ခိုက်မှုကို မပြုလုပ်ခဲ့ကြောင်း သိသာထင်ရှားသည်။ ယခုအချိန်တွင် ၎င်းတို့သဘောပေါက်သွားသော်ငြားလည်း အလွန် နောက်ကျသွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ အလွန် ပါးနပ်ခဲ့သောကြောင့်ဖြစ်သည်။

"ချီးပဲ၊ ကျုပ်က ဒီကောင်သေသွားတာကို တွေ့ချင်တာ"

ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူသည် မိုးကြိုးမုန်းတိုင်းပင်လယ်ကို စိုက်ကြည့်နေသည်။ မရေတွက်နိုင်သော မိုးကြိုးသွားများသည် ပင်လယ်နက်ထဲရှိ နဂါးများကဲ့သို့ မျက်နှာပြင်အနှံ့ ပျံ့လွင့်နေသည်။

ဤနေရာသည် အဏ္ဏဝါမျိုးနွယ်များအတွက်တော့ သေမင်းတိုင်းပြည်ဖြစ်သောကြောင့် မည်သူမျှ အနားမကပ်ဝံ့ကြပေ။ အဏ္ဏဝါလူမျိုးများသည် ရေဂုဏ်သတ္တိဖြင့် မွေးဖွားလာခဲ့ကြ၍ မိုးကြိုးမုန်တိုင်းပင်လယ်ရှိ လျှပ်စီးစွမ်းအင်သည် ၎င်းတို့အတွက် အလွန် အားကောင်းသည့် ချုပ်နှောင်မှုမျိုးဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်ခြင်းသည် ၎င်းတို့အတွက် သေကြောင်းကြံစည်ခြင်းသာဖြစ်သည်။ မိမိကဲ့သို့ အင်အားကြီးမားသူတစ်ဦးလျှင်ပင် ခြေတစ်လှမ်းမျှ မလှမ်းဝံ့ပေ။

ဝေ့မိသားစု၏ ကျွမ်းကျင်သူသည်လည်း အနားမကပ်ဝံ့ပေ။ ၎င်းတို့သည် အဏ္ဏဝါမျိုးနွယ်စုများ မဟုတ်ကြသော်လည်း ဤကြောက်မက်ဖွယ်ရာ မိုးကြိုးမုန်တိုင်းများ ကျရောက်လာလျှင် ၎င်းတို့အားလုံးကို ဝါးမြို၍ သတ်ဖြတ်ပစ်ရန် လုံလောက်နေသည်ဟု ခံစားရဆဲဖြစ်သည်။ နတ်အဆင့်၏ စွမ်းအင်လျှင်ပင် သဘာဝတရား၏ စွမ်းအင်ကို ရင်ဆိုင်ရန် အားနည်းလွန်းလှသည်။

"ဒီနေရာကို စောင့်ကြပ်ထား။ သူ ထွက်လာရင် ကျုပ်တို့ သူ့ကိုသတ်ပစ်မယ်။ အဲဒီနေရာက မလွတ်မြောက်နိုင်ရင်တော့ အထဲမှာပဲ သေလိုက်ပေါ့" ဝေ့မိသားစု ကျွမ်းကျင်သူသည် မိုးကြိုးမုန်တိုင်းပင်လယ်ဆီသို့ လှမ်းမျှော်ကြည့်နေစဉ် ဆုံးဖြတ်ချက်ချလိုက်သည်။

ချူးယွင်ဖန်းသည် အခြားလမ်းကြောင်းမှ ထွက်ပြေးလွတ်မြောက်သွားမည်ကို သူ မစိုးရိမ်ပေ။ မိုးကြိုးမုန်တိုင်းပင်လယ်သည် အကန့်အသတ်မဲ့သည့်အပြင် အနည်းဆုံးလျှင် ပင်လယ်ပြင်ဧရိယာ၏ စတုရန်းကီလိုမီတာ တစ်သန်းခန့် လွှမ်းခြုံထားသည်။ ချူးယွင်ဖန်းကဲ့သို့ ယုတ်လျော့သော အခြေအနေတွင် ရှိနေသူမဆိုနှင့် မိမိကဲ့သို့ သန်မာသူလျှင် မိုးကြိုးမုန်တိုင်းပင်လယ်ကို ဖြတ်မကူးနိုင်ပေ။

ဤနေရာကို ပိတ်လှောင်ထားနိုင်သရွေ့ ချူးယွင်ဖန်း ထွက်ပြေးနိုင်မည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရာ၌ ခက်ခဲမှုများသည် သူ့၏ စိတ်နှလုံးတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ကျန်ရစ်နေဆဲဖြစ်သည်။ ကျန်းမိသားစု ဘိုးဘေးကြီးနှင့် ဟွမ်မိသားစုတို့သည် ချူးယွင်ဖန်းကို ကြိမ်ဖန်များစွာ ဝန်းရံတိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ကြခြင်းသည် အံ့ဩစရာမဟုတ်ပေ။

ယခုအခါ ချူးယွင်ဖန်းက မည်သို့ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သည်ကို သူ နားလည်သွားခဲ့သည်။ သူသည် ဤနမိတ်ဆိုးကဲ့သို့သော လူကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။ မဟုတ်လျှင် ဝေ့မိသားစုအတွက် ကြီးလေးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ တိုးဝင်သွားသော ချူးယွင်ဖန်းသည် ထိုကျွမ်းကျင်သူနှစ်ဦး မှန်းဆထားသည့်အတိုင်း ဆိုရွားသောအခြေအနေတွင် အမှန်တကယ် ရှိနေခဲ့သည်။

တိုက်ခိုက်မှုအပြီးတွင် သူ၏ ခန္ဓာကိုယ်အနှံ့၌ အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ တတိယမြောက် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုလျှင်ပင် သူ့ကို အက်ကွဲသွားစေနိုင်မည် မဟုတ်ပေ။ ယခုအခါ ချူးယွင်ဖန်းသည် မြှားတစ်စင်းသာ ပစ်ခတ်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

ထိုပစ်ခတ်မှုသည် မည်မျှပြင်းထန်သည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များအားလုံး ကုန်ခမ်းသွားခဲ့သည်။ မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ ဝင်ရောက်ပြီး မကြာမီတွင် သူ့နောက်ကျောရှိ မိုးကြိုးတောင်ပံများသည် သူ့ကို မထိန်းသိမ်းနိုင်တော့ဘဲ လဲကျသွားခဲ့သည်။ အဆုံးတွင် ချူးယွင်ဖန်းက နတ်အဆင့် ကျွမ်းကျင်သူတစ်ဦး မဟုတ်ခဲ့ပေ။ ထိုအဆင့်ရှိ ကျွမ်းကျင်သူများအတွက် ပြင်ပအရာဝတ္ထုများ၏ အကူအညီ မလိုအပ်ဘဲ အလိုအလျောက် ပျံသန်းနိုင်ကြသည်။

'ထင်ထားသလိုပဲ၊ သက်ရောက်မှုက များလွန်းတယ်' ချူးယွင်ဖန်းက တွေးလိုက်သည်။

သူ၏ စွမ်းအင်အဆင့်ဖြင့်ပင် နေမင်းပစ်ခတ်သူကို ပစ်ခတ်ရန် ခက်ခဲလှသည်။ မည်သူမှ အသုံးမပြုဘဲ ပြည်ထောင်စု၏ ရတနာတိုက်တွင် နှစ်ပေါင်းများစွာကြာ ထားရစ်ခဲ့ခြင်းက အံ့ဩစရာ မဟုတ်ပေ။ မိမိအပြင် မည်သူက နေမင်းပစ်ခတ်သူကို အသုံးပြုနိုင်မည်နည်း။ နေမင်းပစ်ခတ်သူတွင် အက်ကွဲကြောင်းများရှိနေ၍ ၎င်းသည် ချူးယွင်ဖန်း အသုံးပြုပြီးနောက် ပိုမိုနက်ရှိုင်းကာ ကွဲအက်လာခဲ့သည်။ နေမင်းပစ်ခတ်သူသည် ယခင်အချိန်က အလွန် ထိခိုက်ပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရသည်။

ချူးယွင်ဖန်းသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို မသတ်နိုင်ခဲ့သည့်အတွက် နှမြောစဖွယ်ကောင်းသည်ဟု ခံစားမိလိုက်သည်။ သူသည် အစပိုင်းတွင် ကျန်းမိသားစု ဘိုးဘေးကြီးကို ဤလေးဖြင့် ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ခဲ့သော်လည်း ယခုအခါ မွန်းစတားဂိုဏ်းခေါင်းဆောင်ဖြစ်နေမည်ဟု မည်သူသိခဲ့မည်နည်း။

သို့သော် မွန်းစတားဂိုဏ်းခေါင်းဆောင်သည် ကျန်းမိသားစု ဘိုးဘေးကြီးထက်ပင် ပို၍ သေဆုံးသင့်သူဖြစ်သည်။ သူ၏အကြီးမားဆုံးနောင်တသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို ဤတိုက်ပွဲတွင် မသတ်ဖြတ်နိုင်ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ပင်လယ်ထဲသို့ ရောက်သောအခါ သူ၏ စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရရှိနေပြီဖြစ်သည်။ ထိုကြောင့်သာ ချူးယွင်ဖန်းကို ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မျောလွင့်စေနိုင်ခြင်းဖြစ်သည်။

သူသည် ရုတ်တရက်ဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ်ရာ အဖြစ်အပျက်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။ မိုးကြိုးသွားများဖြင့် နှစ်ပေါင်းများစွာကြာ ပစ်ခတ်ခံရပြီးနောက် မိုးကြိုးမုန်တိုင်းပင်လယ်ရှိ ပင်လယ်ရေသည် မိုးကြိုးပစ်ခတ်ခြင်း၏ ရလဒ်ကြောင့် လျှပ်စီးအရည်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

ကြောက်မက်ဖွယ် လျှပ်စစ်စီးကြောင်းများ သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဖြတ်သန်းစီးဆင်းလာသောအခါ ချက်ချင်းပင် မီးကျွမ်းသွားသကဲ့သို့ မည်းနက်သွားခဲ့သည်။ ချူးယွင်ဖန်းလျှင်ပင် အလွန် အံ့အားသင့်သွားသည်။ သူသည် မိုးကြိုးကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် မိုးကြိုးဂုဏ်သတ္တိဖြင့် ပင်ကို ဆက်စပ်မှုရှိခဲ့သည်။ သို့လျှင်ပင် ဤအတိုင်းအတာအထိ ဒဏ်ရာရှိခဲ့ဆဲဖြစ်သည်။ မိုးကြိုးမုန်တိုင်းပင်လယ်သည် အဏ္ဏဝါမျိုးနွယ်စုများအတွက် တားမြစ်နယ်မြေဖြစ်နေရခြင်းက အံ့ဩဖွယ်ရာ မဟုတ်ပေ။ ဤနေရာသို့ ဝင်ရောက်လာခဲ့လျှင် တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားမည်မှာ သေချာသည်။

ထိုအချိန်တွင် မရေတွက်နိုင်သော လျှပ်စီးကြောင်းများသည် အမြင်အာရုံများရှိနေသကဲ့သို့ ချူးယွင်ဖန်းထံ ပစ်ခတ်လာကြသည်။ မိုးကြိုးသွားများ၏ အရှိန်အဟုန်သည် အလွန်မြန်ဆန်လှသည်။ ၎င်းတို့အားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျရောက်လာကြရာ၊ ချူးယွင်ဖန်းကို ရှောင်တိမ်းရန်ပင် အခွင့်အရေးမပေးခဲ့ပေ။

လျှပ်စီးများ ပျောက်ကွယ်သွားသောအခါ အလယ်ဗဟိုတွင်ရှိနေသော ချူးယွင်ဖန်းသည် သန့်စင်ခြင်းခံခဲ့ရပုံပေါ်သည်။ ခန္ဒာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများအားလုံး ပျောက်ကင်းသွားကာ သူ၏ခန္ဓာကိုယ်သည်လည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဤနေရာသည် အခြားသူများအတွက် တားမြစ်နယ်မြေဖြစ်သော်လည်း ဤနေရာသည် ချူးယွင်ဖန်းအတွက် ကျင့်ကြံခြင်း အထွတ်အမြတ်နယ်မြေဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် လျှပ်စီးကြောင်း၏ အစိတ်အပိုင်းများစွာကို စုပ်ယူ၍ ၎င်းကို သူ၏ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

အခန်း (၈၈၇) အဆင့် သုံးဆင့်ဆက်တိုက် မြင့်တက်ကာ မွေးဖွားခြင်းနယ်မြေအထွတ်အထိပ်သို့ ရောက်ရှိသွားခြင်း

"ဟားဟားဟား၊ သိပ်ကောင်းတာပဲ"

ချူးယွင်ဖန်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ဝေ့မိသားစုနှင့် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု၏ ကျွမ်းကျင်သူများသည် သေဆံုးသွားပြီဟု ထင်မှတ်ပေလိမ့်မည်။ ဤနေရာတွင် မသေဆုံးလျှင် အပြင်သို့ ထွက်လာ၍ သေဆုံးရန်အတွက် ၎င်းတို့နှစ်ဦးက စောင့်ဆိုင်းနေကြသည်ဟုပင် ချူးယွင်ဖန်းက မှန်းဆမိနေသည်။ ဤနေရာသည် ချူးယွင်ဖန်း၏ အထွတ်အမြတ်ထားရာ ကျင့်ကြံရေးကုန်းမြေ ဖြစ်လိမ့်မည်ဟု မည်သည့်အချိန်ကမှ ၎င်းတို့ မထင်မှတ်ကြပေ။

မိုးကြိုးကိုယ်ခန္ဓာနှင့် ပေါင်းစပ်ပြီးနောက် ယခုအခါ ချူးယွင်ဖန်း၏ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်သည် မိုးကြိုးနှင့်ပတ်သက်၍ ခိုင်ခံ့သော ရင်းနှီးမှုတစ်ခု ရရှိနေသည်။ အမှန်တကယ်ပင်၊ ထိုရင်းနှီးမှုတွင် ကန့်သတ်ချက်များရှိနေသည်။ ချူးယွင်ဖန်းသည် လျှပ်စီးကြောင်း၏ စွမ်းအင်ကို သူ၏ လက်ရှိ ခွန်အားဖြင့် အပြည့်အဝ မစုပ်ယူနိုင်ပေ။ ကနဦးတွင် ၎င်းကို ထိရုံသာ ထိလိုက်သော်လည်း သူ၏ခြေထောက်များ မီးကျွမ်းသကဲ့သို့ မည်းနက်သွား၍ ထိုနေရာရှိ သူ၏ဆဲလ်များသည်လည်း ချက်ချင်းပင် ဓာတ်လိုက်သွားခဲ့သည်။

ဤသည်မှာ မိုးကြိုးကိုယ်ခန္ဓာ ရရှိပြီးနောက် မိုးကြိုးနှင့်ပတ်သက်၍ ခိုင်ခံ့သော ရင်းနှီးမှုရရှိပြီးသော အခြေအနေဖြစ်သည်။ အခြားလူများသာဆိုလျှင် ဓာတ်လိုက်မှုကြောင့် သေဆုံးသွားပေလိမ့်မည်။ ကောင်းကင်မှ လျှပ်စီးကြောင်းများစွာ မနားတမ်း ကျရောက်လာသောကြောင့် ချူးယွင်ဖန်း ၎င်းတို့အနက် နစ်မြှုပ်သွားခဲ့သည်။ ကြီးမားသော မိုးကြိုးစွမ်းအင်များ သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသော်လည်း ၎င်းတို့ကို ရှောင်ရန်ပင် မကြိုးစားခဲ့ပေ။ ယင်းအစား၊ သူ၏ မိုးကြိုးအတောင်ပံများဖြင့် လေထုထဲတွင် ပျံသန်းလိုက်၏။

သူသည် လေထုထဲတွင် တရားထိုင်နေစဉ် သူ၏ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို လှည်ပတ်၍ မိုးကြိုးများကို အရူးအမူး စုပ်ယူလိုက်သည်။ ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲအကြောင်းကိုလည်း မေ့လျော့မထားဘဲ အပြင်ဘက်သို့ လွှတ်ပေးလိုက်သည်။

အပြင်ထွက်လာသည့် မိုးကြိုးတောင်ပံသားရဲသည် လျှပ်စီးကြောင်းအနည်းငယ်ဖြင့် ထိမှန်လာသောကြောင့် ခေတ္တအံ့ဩသွားသည်။ သို့သော် ၎င်းသည် စိတ်အာရုံကို လျင်မြန်စွာ စုစည်းလိုက်သည်။ သတ္တဝါသည် လေနှင့် လျှပ်စီးစွမ်းအင် နှစ်မျိုးစလုံးရှိသောကြောင့် ရေပြင်ထဲရှိ ငါးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသော မိုးကြိုးစွမ်းအင်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။

ခဏအကြာတွင် မိုးကြိုးမုန်တိုင်းပင်လယ်၏ နက်နဲရာသို့ ပျော်ရွှင်စွာ ပျံသန်းသွားကာ မိုးကြိုးများဖြင့် တိုက်ခိုက်လာစေရန် မိုးကြိုးသွားများကို ဆွဲဆောင်သည်။ ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲကို အာရုံမစိုက်ထားပေ။ ပို၍မှန်ကန်စွာ ပြောရလျှင် သူ့တွင် အာရုံစိုက်ရန် အချိန်မရှိပေ။ သူသည် စွမ်းအင်များကို စုပ်ယူနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ၎င်းစွမ်းအင်များက အလွန် များပြားနေသည်။ ၎င်းစွမ်းအင်များသည် လေထုထဲတွင် လွင့်မျောနေ၍ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။ ၎င်းစွမ်းအင်များ စုစည်းလိုက်သောအခါ မိုးကြိုးသွားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် ဟင်းလင်းပြင်တွင် ထိုင်နေစဉ် မရေတွက်နိုင်သော မိုးကြိုးသွားများက သူ့ထံ ပျံ့လွင့်လာခဲ့သည်။ ချူးယွင်ဖန်းသည် အာရုံစိုက်နေရသည်။ အကယ်၍ မိုးကြိုးသွားများကို မစုပ်ယူ၍ စွမ်းအင်အဖြစ်သို့ မပြောင်းလဲပါက၊ ၎င်းတို့သည် သူ၏ခန္ဓာကိုယ်ကို အလွန် ကြီးလေးစွာ ပျက်စီးသွားပေလိမ့်မည်။ အဆုံးမဲ့စွမ်းအင်များ တဖြည်းဖြည်း ဆူပွက်လာ၍ ၎င်းတို့အားလုံးကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားခဲ့သည်။

ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၍ ယခုအခါ ဤစွမ်းအား၏အကူအညီဖြင့် နဝမအဆင့်သို့ ဖြတ်ကျော်သွားလေတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးများသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့သည်။ သူ၏ဆဲလ်များအားလုံးသည် စွမ်းအင်များဖြင့် သန့်စင်ခံလိုက်ရသောကြောင့် သူ့ကို ပိုမို တက်ကြွ၍ သန်မာလာစေသည်။

သူသည် အချိန်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် အတားအဆီးကိုဖြတ်ကျော်၍ မွေးဖွားခြင်းနယ်မြေ နဝမအဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်တစ်မျိုး ဆူပွက်လာ၍ သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များ လောင်ကျွမ်းသွားလေသည်။ ကောင်းကင်ယံသို့ ပြင်းထန်သော စွမ်းအားတစ်ခုကို ပစ်လွှတ်လိုက်လေသည်နှင့် သူ့ပတ်ဝန်းကျင်တွင် ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်သွားလေရာ၊ ချူးယွင်ဖန်းသည် ထိုမုန်တိုင်း၏ ဗဟိုချက်ဖြစ်သည်။

ချူးယွင်ဖန်းသည် အဆင့်ဖြတ်ကျော်ပြီးနောက် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ဤနေရာရှိ မိုးကြိုးသွားများသည် အဆုံးမဲ့လှသောကြောင့် နောက်တစ်ဆင့်ကို မတက်လှမ်းနိုင်ခဲ့လျှင် နှမြောစဖွယ်ကောင်းပေလိမ့်မည်။ ချူးယွင်ဖန်းသည် အလင်းစွမ်းအင်များကို ဆက်လက် စုပ်ယူလာသောအခါ ပိုပို အားကောင်း၍ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။

သူသည် မကြာမီတွင် သူ၏ ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့၍ အချိန်အတိုင်းအတာတစ်ခုတွင် မွေးဖွားခြင်းနယ်မြေ နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ မိုးကြိုးမုန်တိုင်ပင်လယ်၌ ကျင့်ကြံခဲ့သည့် သုံးရက်မြောက်နေ့ဖြစ်သည်။

သူသည် သုံးရက်အတွင်း မွေးဖွားခြင်းနယ်မြေ အဋ္ဌမအဆင့်၏ အထွတ်အထိပ်မှ မွေးဖွားခြင်းနယ်မြေ နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏တိုးတက်မှု အရှိန်အဟုန်သည် အံ့ဩဖွယ်ကောင်းလွန်းလှသည်။ သို့သော် သူ့ပတ်ဝန်းကျင်ရှိ မိုးကြိုးသွားများတွင် အားနည်းသွားသည့် အရိပ်အယောင်မျိုး မတွေ့ရပေ။ ၎င်းတို့သည် သူ့ကို အဆုံးမဲ့စွာ ဝိုင်းရံနေဆဲဖြစ်သည်။

ချူးယွင်ဖန်းသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဘဲ ဤအချိန်ကို အခွင့်ကောင်းယူ၍ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် ကြိုးစားလိုက်သည်။ ဤအခြေအနေသည် သာမန်လူများအတွက် တံခါးပေါက်တစ်ခုဖြစ်သည်။ သာမန်လူများ၏ ရုပ်ခန္ဓာများသည် သာမန်ဖြစ်သောကြောင့် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ဖြတ်ကျော်ရန် ခန္ဓာကိုယ်အတွင်းရှိ အလားအလာအားလုံးကို ထုတ်လွှတ်သည့် အဆင့်ကို ဖြတ်သန်းရမည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ သူ၏ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်နှင့် မိုးကြိုးကိုယ်ခန္ဓာနှစ်ခုလုံးသည် ထူးခြားသောကြောင့် ထိုအဆင့်မျိုးကို ဖြတ်သန်းရန် မလိုအပ်ဘဲ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ဖြတ်ကျော်နိုင်သည်။

ချူးယွင်ဖန်းသည် ယခုအချိန်တွင် ထိုအတားအဆီးကို လုံးလုံးလျားလျား ဖြတ်ကျော်ချင်နေပြီဖြစ်သည်။ ကနဦးတွင် အထူးစစ်ဆင်ရေးဌာနများ၏ အရင်းအမြစ်များနှင့်ပင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံးလျှင် တစ်နှစ် အချိန်ယူရမည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့သော် ယခုအခါ ထိုမျှကြာမြင့်တော့မည် မဟုတ်ပေ။

သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်စက်ဝိုင်းများ ဆူပွက်လာ၍ ဆဲလ်တိုင်းကို လှုံ့ဆော်ပေးစေခဲ့ကာ ၎င်းတို့၏ ကြီးထွားမှုနှုန်းများကို မြှင့်တင်ပေးလိုက်သည်။ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သည် အမှန်တကယ် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိခဲ့သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသာလျှင် နတ်အဆင့်သို့ ဖြတ်ကျော်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။

ခန္ဓာကိုယ်သည် နတ်အဆင့်များ၏ အခြေခံအုတ်မြစ်ဖြစ်၍ နတ်အဆင့် စွမ်းရည်ကို အသုံးပြုရန်အတွက် အခြေခံအုတ်မြစ်အဖြစ် သန်မာသောကိုယ်ခန္ဓာမျိုး လိုအပ်နေသည်။ လူတစ်ဦး၏ ကာယအသိဉာဏ်သည် နတ်အဆင့်သို့ မရောက်ရှိမီ ရုပ်ခန္ဓာမှတစ်ဆင့်သာ သက်ရောက်နိုင်သည်။ ခန္ဓာကိုယ် အားကောင်းသန်မာလေ၊ စိတ်ကြည်လင်လေဖြစ်၍ လူ၏စိတ်ဆန္ဒသည်လည်း ကြံ့ခိုင်လာမည်ဖြစ်သည်။

လူတစ်ဦးသည် လုံလုံလောက်လောက် အားကောင်းလာသောအခါ နတ်အဆင့်ကို ရရှိကြပေလိမ့်မည်။ ထိုအချိန်သို့ ရောက်သောအခါ စိတ်ဆန္ဒသည် ရုပ်ခန္ဓာကို ကြားခံအဖြစ် မလိုအပ်ဘဲ ကာယအသိဉာဏ်ကို တိုက်ရိုက် သက်ရောက်နိုင်သည်။ သို့သော် ထိုအချိန်တွင် ရုပ်ခန္ဓာသည် အရေးမကြီးခြင်းမဟုတ်ဘဲ ပို၍ပင် အရေးကြီးလာသည်။ ခိုင်ခံ့သော ကိုယ်ခန္ဓာသာလျှင် နတ်အဆင့် စွမ်းရည်များကို တိုက်ရိုက်အသုံးပြုရန် လူတစ်ဦး၏ဆန္ဒကို ပံ့ပိုးပေးနိုင်လိမ့်မည်။ ထို့ကြောင့် ဤအဆင့်သည် အလွန် အရေးကြီးလှသည်။

အချိန်အတော်ကြာပြီးနောက် ချူးယွင်ဖန်း၏ မရီးဒျန်တိုင်းနှင့် ဆဲလ်တိုင်းသည် နောက်ဆုံးတွင် စွမ်းအင်များဖြင့် သန့်စင်ခံရကာ အာဟာရဖြစ်လာသဖြင့် သူ့ကို ပို၍ သန်မာလာစေသည်။ ချူးယွင်ဖန်းသည် သူ၏ကန့်သတ်ချက်ထက် ကျော်လွန်၍ ခြေတစ်လှမ်း လှမ်းလိုက်သကဲ့သို့ ခံစားနေရသည်။ သူသည် တံခါးတစ်ချပ်၏ အရှေ့သို့ လျှောက်လှမ်းလာသည့်နှယ်၊ လက်သီးချက်တစ်ချက်ဖြင့် နတ်ဘုရားများကို မြင်နိုင်စွမ်း ရှိပေလိမ့်မည်။ ထိုမှတစ်ဆင့် နတ်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

"မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်၊ နောက်ဆုံးတော့ ငါ ဒီအဆင့်ကို ရောက်လာပြီ"

ချူးယွင်ဖန်းသည် အချိန်ကို စစ်ဆေးလိုက်သည်။ မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ သူ ဝင်ရောက်လာခဲ့သည်မှာ တစ်ပတ်ပြည့်ခဲ့ပြီဖြစ်သည်။ ယခုအပတ်တွင် သူ၏ကျင့်ကြံမှုသည် မူလက တစ်နှစ်ကြာမြင့်မည်ဟု ခန့်မှန်းထားသည့်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားရန် မမျှော်လင့်ထားပေ။ သူ့ခန္ဓာကိုယ်အတွင်းရှိ အလွန်အစွမ်းထက်သော စွမ်းအင်များ ဆူပွက်လာပြီးနောက် ဟင်းလင်းပြင်များကို ဖြတ်ကျော်ကာ နတ်ဘုရားများနှင့် တွေ့ဆုံနိုင်မည်ဟုပင် ခံစားနေရသည်။

သူ၏ဝိညာဉ်ရေးဆန္ဒကို သူ၏ရုပ်ခန္ဓာဖြင့် ပံ့ပိုးထားသောကြောင့် သူ၏ရုပ်ခန္ဓာ ပိုမိုအားကောင်းလေ၊ သူ၏နတ်အဆင့်သည်လည်း ပို၍အားကောင်းလာပေလိမ့်မည်။ ချူးယွင်ဖန်းသည် နတ်အဆင့်သို့ ဖြတ်ကျော်သွားပါက မည်မျှ ထိတ်လန့်ဖွယ်ကောင်းလာမည်ကို တွေးပင် မတွေးဝံ့ပေ။ ဤအရာအားလုံးသည် မဝေးလှတော့ပေ။

အခန်း (၈၈၈) မိုးကြိုးတောင်ပံသားရဲသည် နတ်အဆင့်သို့ ရောက်ရှိလာ၍ တန်ပြန်တိုက်ခိုက်မှုကို စတင်ခြင်း

ချူးယွင်ဖန်းက များများစုဆောင်းလေ၊ နောက်ဆုံး အဆင့်ဖြတ်ကျော်မှုသည် ပိုမို ကြောက်မက်ဖွယ်လေ ဖြစ်သွားပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်သည် ယခင်ကထက် အဆများစွာ ပိုမို သန်မာလာသည်ဟု ချူးယွင်ဖန်း ခံစားနိုင်သည်။ နတ်အဆင့်သို့ ဖြတ်ကျော်ပြီးသည်နှင့် စတုတ္ထမြောက် နတ်အဆင့် ကျွမ်းကျင်သူများကို သုတ်သင်နိုင်မည်ဖြစ်သည်။ မိုးကြိုးမုန်တိုင်းပင်လယ်ရှိ မိုးကြိုးစွမ်းအင်သည် ပေါများလွန်းလှ၍ ၎င်းသည် သူ၏ ကျင့်ကြံမှုအတွက် အထွတ်အမြတ်ထားရာ နယ်မြေနှင့် ဆင်တူသည်။

ကံမကောင်းလှသည်မှာ ဤနေရာရှိ မိုးကြိုးစွမ်းအင်များကို သူနှင့်အတူ ယူမသွားနိုင်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်းသည် ပင်လယ်ထဲရှိ အဆုံးမဲ့သော လျှပ်စီးကြောင်း အရည်များကို မြင်လိုက်သောအခါ သူ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ သူသည် မိုးကြိုးစွမ်းအင်များကို မယူနိုင်သော်လည်း လျှပ်စီးကြောင်း အရည်များကို သူနှင့်အတူ ယူဆောင်သွားနိုင်သည်။ သူသည် လျှပ်စီးကြောင်းထဲရှိ စွမ်းအင်ကို သူ့လက်ရှိခွန်အားဖြင့် စုပ်ယူရန် အလွန် ခက်ခဲနေသော်လည်း အနာဂတ်တွင် မစုပ်ယူဘူးဟု မဆိုလိုပေ။

သာမာန်လူတစ်ဦးသည် ဤအရည်များကို ၎င်းတို့နှင့်အတူ ယူဆောင်ရန် မဖြစ်နိုင်ပေ။ အဆန်းပြားဆုံးသော ခေတ်မီကားများလျှင်ပင် ပြုလုပ်နိုင်မည် မဟုတ်ဘဲ ချက်ခြင်း ပျက်စီးသွားပေလိမ့်မည်။ သို့သော် တောင်မြစ်ပန်းချီကားကို ပိုင်ဆိုင်ထားသော ချူးယွင်ဖန်းက ကွဲပြားခြားနားသည်။ ချူးယွင်ဖန်းသည် အောက်သို့ဆင်းသက်လာ၍ ပန်းချီကားကို ဖွင့်လိုက်သည်နှင့် လျှပ်စီးကြောင်းအရည် အမြောက်အမြားကို နေရာလွတ်က ဝါးမျိုသွားခဲ့သည်။

ကနဦးတွင် နေရာလွတ်ထဲ၌ တောင်တန်းနှင့် မြစ်ဖျားမှတစ်ပါး မည်သည့်အရာမျှ မရှိသည့်အပြင် မှောင်မိုက်၍ ဖုန်များဖြင့် ထူထပ်နေခဲ့သည်။ ယခုအခါတွင် ဧရာမရေကူးကန်ကြီးနှင့် နှိုင်းယှဉ်နိုင်သည့် လျှပ်စီးအရည်အိုင်ကြီးတစ်ခု ရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်း၏ လက်ရှိ ပန်းချီကားကို ကျွမ်းကျင်တတ်မြောက်မှုဖြင့် ဤမျှသာ လုပ်ဆောင်နိုင်ခဲ့သည်။ သူသည် နောက်ဆုံးတွင် ဆေးဧကရာဇ်မဟုတ်သောကြောင့် သူ့တွင် ပန်းချီကားကို ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် ထိတ်လန့်ဖွယ် စွမ်းရည်မျိုး မရှိပေ။

သို့သော် ဤလျှပ်စီးအရည်ပမာဏသည် သူ၏ကျင့်ကြံမှုအတွက် လုံလောက်နေသည်။ သူသည် မိုးကြိုးမုန်တိုင်းပင်လယ်သို့ အချိန်အတော်အတန်ကြာသည်အထိ လာရောက်ရန် မလိုအပ်ပေ။ ဤအခိုက်အတန့်တွင် တိရစ္ဆာန်တစ်ကောင်၏ မြည်ဟည်းအသံကို ရုတ်တရက် ကြားလိုက်ရသည်။ ချူးယွင်ဖန်းသည် ထိုမှတစ်ဆင့် ဝိညာဉ်စွမ်းအင် ဖိအားလှိုင်းများ ထွက်ပေါ်လာခြင်းကို ခံစားလိုက်ရသည်။ မိုးကြိုးမုန်တိုင်းပင်လယ်ထက်ရှိ ကောင်းကင်ယံတွင် တိမ်တိုက်ကြီးတစ်ခု ပေါ်ပေါက်လာ၍ တိမ်တိုက်အတွင်းမှ ကြီးမားသော မိုးကြိုးစွမ်းအင်များ ထွက်ပေါ်လာသည်။ ၎င်းသည် ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းရန် ခြိမ်းခြောက်နေသည် အဖုံးအကာကြီးတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။

'ဒီခံစားချက်... ဒါမှားစရာအကြောင်းမရှိဘူး။ ဟိုငတုံး နတ်အဆင့်ကို ဖြတ်ကျော်သွားတာပဲ' ချူးယွင်ဖန်း ချက်ချင်း စဉ်းစားမိသွားသည်။ ဤရုတ်တရက် ခံစားချက်သည် မိုးကြိုးတောင်ပံသားရဲ နတ်အဆင့်သို့ ဖြတ်ကျော်သွားခြင်း ဖြစ်သည်။ ဤသည်မှာ နတ်အဆင့်သို့ ဖြတ်ကျော်သွားခြင်းမှ ဖြစ်ပေါ်လာသည့် ဖြစ်စဉ်ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုအဆင့်သို့ ဖြတ်ကျော်သွားသည်နှင့် ကောင်းကင်နှင့် မြေကြီးက ၎င်းကို ခံစားသိရှိသွားကာ ဖြစ်စဉ်တစ်ခု ပေါ်ထွက်လာမည်ဖြစ်သည်။ ဤနိမိတ်သည် နတ်အဆင့်၏ ဇာတိဖြစ်စဉ်ဖြစ်သည်။

ဤသည်မှာ ကောင်းကင်နှင့်မြေကြီး၏ အသိအမှတ်ပြုခြင်းမျိုးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် နတ်အဆင့်သို့ ဖြတ်ကျော်ခြင်းသည် နတ်တစ်ပါးဖြစ်လာခြင်း၏ ပထမခြေလှမ်းဖြစ်၍ သေခြင်းတရားကို ကျော်လွန်ခြင်း၏ အစဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်သည် မည်မျှပင် အစွမ်းထက်စေကာမူ၊ သေမျိုးခန္ဓာကိုယ်ဖြစ်နေဆဲဖြစ်၍ လူနေမှုအဆင့်အတန်း ပြောင်းလဲခြင်းမရှိပေ။ သို့သော် နတ်အဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်တည်း ဘဝအဆင့်အတန်းတွင် ခုန်ပျံကျော်လွှား၍ တိုးတက်သွားပေလိမ့်မည်။ ၎င်းသည် လုံးလုံးလျားလျား ခြားနားသော နယ်နိမိတ်တစ်ခုဖြစ်သည်။

ထူးဆန်းသော ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် အကာအကွယ်သည် ခဏအကြာတွင် ပျောက်ကွယ်သွားကာ ချူးယွင်ဖန်းဆီသို့ လျှပ်စီးကြောင်းတစ်ခု ရောက်ရှိလာသည်။ ၎င်းသည် သူ၏အရှေ့ ပေသုံးဆယ်ခန့်တွင် ရပ်တန့်သွားသည်။ သူသည် ဤအခိုက်အတန့်တွင် ပြတ်ပြတ်သားသား မြင်တွေ့လိုက်ရသည်။ ဤသည်မှာ အမှန်တကယ် မိုးကြိုးတောင်ပံသားရဲဖြစ်သည်။ ၎င်းသည် အသွင်ကူးပြောင်းမှုကို ပြီးမြောက်နိုင်ခဲ့ပြီဖြစ်သည်။

ဤမျိုးနွယ်စု၏ မျိုးဆက်များသည် နတ်အဆင့်သို့ ဖြတ်ကျော်နိုင်သည့် စွမ်းရည်မျိုးရှိကြသည်။ ၎င်းသည် ယခုအခါ အဆင့်ဖြတ်နိုင်ခဲ့လေသည်။ ကနဦးတွင် မိုးကြိုးတောင်ပံသားရဲသာ သဘာဝအတိုင်း ကြီးထွားလာမည်ဆိုပါက ဤအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းရာနှင့်ချီ၍ အချိန်ယူရမည်ဖြစ်သော်လည်း ယခုအခါ ချူးယွင်ဖန်း အနောက်သို့ လိုက်လာခဲ့ရာမှ ကံကြမ္မာများစွာကို ကြုံတွေ့ခဲ့ရသည်။ ၎င်းသည် နှစ်အနည်းငယ်အတွင်း ကြီးထွားဆဲအဆင့်မှ နတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

အဆင့်မဖြတ်ကျော်ခင် အချိန်ကနှင့် နှိုင်းယှဉ်လျှင် အများအပြား ကွာခြားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ ၎င်း၏ခန္ဓာကိုယ်သည် ပို၍သေးငယ်သွားကာ ခြောက်ပေခွဲခန့် ရှည်လျားလျက်ရှိသည်။ သို့သော် သားရဲ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်သည် ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။

ယခုအချိန် ဤနေရာတွင် ရပ်တန့်နေသော်လည်း မွန်းစတားများအနက် ဘုရင်တစ်ပါး၏ ဩဇာအာဏာမျိုးရှိနေသည်။ ၎င်း၏မျက်လုံးများသည် ယခင်ကထက်ပင် အေးစက်လာကာ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အရိုးချပ်ဝတ်တန်ဆာသည်လည်း လျှပ်စီးအလင်းတန်းများ ထုတ်လွှတ်နေသည်။ ၎င်း၏နောက်ကျောရှိ အတောင်များသည်လည်း အရွယ်အစား နှစ်ဆမျှ ကြီးထွားလာခဲ့သည်။ မိုးကြိုးတောင်ပံသားရဲများသည် အဆင့်မဖြတ်ကျော်မီကထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်လာကြောင်း ချူးယွင်ဖန်း သိနေသည်။

လေနှင့် လျှပ်စီး စွမ်းရည်ကို ကျွမ်းကျင်တတ်မြောက်သော မိုးကြိုးတောင်ပံသားရဲသည် အသံအတားအဆီးကိုပင် အလွယ်တကူ ဖြတ်ကျော်နိုင်သည်။ လူသားများ စာရင်းပြုခဲ့သည့် မွန်းစတားမှတ်တမ်းတွင် နတ်အဆင့်သို့ရောက်ရှိခဲ့သော မိုးကြိုးတောင်ပံသားရဲများသည် ၎င်းတို့၏ လေနှင့် လျှပ်စီးစွမ်းအင်အပြင် ခန့်မှန်းရခက်သော အမြန်နှုန်းတို့ကြောင့် ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံး သတ္တဝါများအနက် ထိပ်ဆုံးဆယ်စာရင်းတွင် ပါဝင်ခဲ့ကြသည်။ မိုးကြိုးတောင်ပံသားရဲသည် ချူးယွင်ဖန်းထံသို့ ရောက်ရှိလာကာ သူ၏ ရင်ဘတ်ကို ၎င်းဦးခေါင်းဖြင့် ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။ ၎င်းသည် အလွန် ပျော်ရွှင်နေခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။

"ဟားဟားဟား၊ သိပ်ကောင်းတယ်" ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲကို ကြည့်၍ ပြုံးလိုက်သည်။

ဤနေရာသို့ ဝင်ရောက်ပြီးနောက် သူနှင့် မိုးကြိုးတောင်ပံသားရဲတို့ နှစ်ဦးစလုံးသည် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ကြ၍ ဤနေရာသည် မိုးကြိုးတောင်ပံ သားရဲအတွက် လေ့ကျင့်ရေးကွင်းလည်း ဖြစ်လာခဲ့သည်။ ဤနေရာ၌ လေ့ကျင့်ခြင်းသည် အထွတ်အမြတ် နယ်မြေကဲ့သို့ဖြစ်ကာ ၎င်းတို့၏တိုးတက်မှုသည်လည်း နတ်ဘုရားတမျှ ဆန်လွန်းလှသည်။ ချူးယွင်ဖန်းသည် ကနဦးတွင် မိုးကြိုးတောင်ပံသားရဲအတွက် နတ်အဆင့်ဖြည့်တင်းဆေး ဖန်တီးရန် စီစဉ်ခဲ့သည်။ သို့သော် ယခုအခါ မိုးကြိုးတောင်ပံသားရဲက ၎င်း၏အစွမ်းအစဖြင့် အဆင့်ဖြတ်ကျော်သွားခဲ့သည်။

ဤဖြစ်စဉ်သည် ချူးယွင်ဖန်းကို သက်သာစေခဲ့သည်။ မိုးကြိုးတောင်ပံသားရဲသည် နတ်အဆင့်ကို ဖြတ်ကျော်ပြီးနောက် အလွန် အစွမ်းထက်လာခဲ့သည်။ ယခင်ကကဲ့သို့ ချူးယွင်ဖန်းအောက် အားမနည်းတော့ဘဲ နတ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်သည့် ပန်းပွင့်လှုပ်ခတ်ခြင်း၏ ဒုခေါင်းဆောင်လျှင်ပင် မိုးကြိုးတောင်ပံသားရဲ၏ တိုက်ခိုက်မှုကို ကြာကြာခုခံနိုင်မည် မဟုတ်ပေ။ ယခုအခါ ချူးယွင်ဖန်းအတွက် အခြားသော အကူအညီကောင်းတစ်ခုရှိလာခြင်းက အကောင်းဆုံးအချက်ဖြစ်သည်။

"ကောင်းပြီ၊ ငါတို့ ဒီကထွက်ရမယ့် အချိန်ရောက်ပြီ။ ဟမ်း"

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ အကယ်၍ ထိုနှစ်ဦးသာ ဤနေရာတွင် ဆက်ရှိနေသေးလျှင် မည်သူက မည်သူ့ကို သတ်ဖြတ်လိမ့်မည်နှင့်ပတ်သက်၍ ၎င်းတို့ကို မြင်ခွင့်ပေးလိုက်မည်ဖြစ်သည်။ ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့သည် အတောင်ပံများဖြန့်ကာ မိုးကြိုးမုန်တိုင်းပင်လယ်ပြင်မှ လျင်မြန်စွာ ပျံသန်းသွားကြလေသည်။ ၎င်းတို့သည် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ အလွန်နက်ရှိုင်းစွာ ရောက်ရှိနေခြင်း မဟုတ်သောကြောင့် ခဏအကြာတွင် အပြင်သို့ ထွက်ခွာနိုင်ခဲ့သည်။

အပြင်သို့ ထွက်လာပြီးနောက် ပင်လယ်သည် မတူညီသော ကမ္ဘာနှစ်ခုဖြစ်နေကြောင်း ချူးယွင်ဖန်း နားလည်သွားခဲ့သည်။ မိုးကြိုးမုန်တိုင်းပင်လယ်ရှိ မိုးကြိုးစွမ်းအင်သည် စည်းမျဉ်းတစ်ခုခုဖြင့် ချည်နှောင်ခံထားရသဖြင့် အပြင်ဘက်သို့ စွမ်းအင်များ စီးဆင်းသွားခြင်းမရှိဘဲ ပြင်ပကမ္ဘာကို ထိခိုက်မှုမဖြစ်စေရန် တားဆီးခံထားရသည်။

မိုးကြိုးမုန်တိုင်းပင်လယ်မှ ထွက်သွားပြီးနောက် အဆုံးမဲ့သော ဟင်းလင်းပြင်နှင့် ထပ်တူကျနေသည့် အပြာရောင်ကောင်းကင်ကြီးနှင့် ပင်လယ်ပြာကြီးတစ်ခုရှိနေသည်။ ချူးယွင်ဖန်းသည် လှည့်ပတ်ကြည့်ရှုပြီးနောက် မည်သူ့ကိုမျှ မတွေ့ခဲ့ပေ။ ထိုနှစ်ဦးသည် မိမိကို သေဆုံးပြီအထင်ဖြင့် ထွက်သွားကြပုံပေါ်သည်။

"ဒင်းတို့ ကံကောင်းသွားတာပဲ"

ချူးယွင်ဖန်းက အနည်းငယ် နောင်တရနေစဉ် ပင်လယ်အောက်ခြေမှ လှိုင်းလုံးကြီးများ အရှိန်ပြင်းထန်စွာ တိုက်ခတ်လာကာ လေထုထဲတွင် ရှိနေသည့် ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲဆီသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် အရာအားလုံးကို တခဏချင်း ဝါးမြိုသွားခဲ့သည်။

"ဟမ်း"

ချူးယွင်ဖန်းသည် ၎င်းတိုက်ခိုက်မှုကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ သူ၏ခြေထောက်ကို ဆောင့်နင်းလိုက်သည်နှင့် လေထုတစ်ခုလုံး တုန်ခါသွားခဲ့သည်။ မရေတွက်နိုင်သော လေထုအလွှာများ တစ်ခုပြီးတစ်ခု ပြိုကျလာကာ ထို ပြိုကျမှု၏ သက်ရောက်မှုအောက်တွင် ကနဦး ဧရာမ လှိုင်းလုံးကြီးများ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။

"မသွားသေးဘူးပေါ့လေ၊ ဒါဆိုရင်လည်း ထွက်လာခဲ့တော့" ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

“ကြိုးစားတာ အရာရောက်သားပဲ။ မင်း လွယ်လွယ်နဲ့ သေမှာမဟုတ်ဘူးဆိုတာ ကျုပ် သိနေတယ်။ အခု မင်းကို ကောင်းကင်ဘုံကို ပို့ပေးမယ်” ခက်ထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ပုံရိပ်တစ်ခုသည် ပင်လယ်အောက်ခြေရှိ လှိုင်းတံပိုးများကို ခွဲထုတ်၍ ထွက်လာခဲ့သည်။ ထိုပုံရိပ်သည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူမှလွဲ၍ အခြားလူ မဟုတ်ပေ။

All Chapters