← Chapters

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂-၈၉၄)

Vol. 60 Ch. 892-894

အခန်း (၈၉၂) အဆိုးဆုံးတွေ ရောက်လာတယ်ဆိုတော့ လာပေါ့၊ အသေအကြေ တိုက်ခိုက်ပစ်မယ်

ချူးယွင်ဖန်းသည် ဤတစ်ကြိမ်တွင် အကျိုးအမြတ်များစွာ ရရှိခဲ့သော်လည်း သူ၏ နည်းပြဆရာ ကျန်းယွမ်ပင်ကို ရှာဖွေသည့် ကနဦးအစီအစဉ်ကို မပြီးမြောက်နိုင်ခဲ့ပေ။ မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပြီးနောက် သူ၏ဆရာသည် ဤနေရာတွင် မရှိနိုင်ကြောင်း သူ သိသွားခဲ့သည်။

မိုးကြိုးမုန်တိုင်းပင်လယ်ရှိ မိုးကြိုးမုန်တိုင်းသည် အလွန် ပြင်းထန်လှ၍ ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့ကဲ့သို့သော မိုးကြိုးသွားနှင့် အံ့ဩဖွယ် ဆက်စပ်မှုရှိသူများသာ ထိုနေရာတွင် ရှင်သန်နိုင်သည်။ ထို့အပြင် ၎င်းတို့လျှင်ပင် ရှင်သန်ရုံသာ စွမ်းဆောင်နိုင်ကြသည်။

ကျန်းယွမ်ပင်သည် ဗီဒီယိုထဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူသည် မိုးကြိုးမုန်တိုင်းပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားခြင်း မဟုတ်လျှင် ကံဆိုးဆုံးအခြေအနေဖြင့် ထိုနေရာတွင် သေဆုံးသွားခြင်းသာ ဖြစ်နိုင်သည်။

မွန်းစတားဂိုဏ်းခေါင်းဆောင်သည် ကြီးမားသော ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ သူသည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့၍ စုဆောင်းထားသော ကျွမ်းကျင်သူများသည်လည်း သေဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းဘက်မှ နောင်တရနေမိသောအချက်သည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို မသတ်နိုင်ခဲ့ခြင်းသာဖြစ်သည်။

မွန်းစတား ဂိုဏ်းခေါင်းဆောင်သည် ပြည်ထောင်စု၏ ရန်သူ အစစ်အမှန်ဖြစ်၍ လူသားမျိုးနွယ် တစ်ခုလုံး၏ မဟာရန်သူတော်ဟုပင် ဆိုနိုင်သည်။ သူ၏ လူသားမျိုးနွယ်အပေါ် သစ္စာဖောက်ခဲ့ခြင်းက မည်သို့သော အကြောင်းပြချက်မျိုးရှိပါစေ သေဆုံးရန် ထိုက်တန်သူဖြစ်သည်။

ထို့အပြင် မွန်းစတားဂိုဏ်းခေါင်းဆောင်သည် တသီးတခြား နေထိုင်သူဖြစ်သောကြောင့် သူ့ကိုခြေရာခံရန် မလွယ်ကူလှပေ။ သို့မဟုတ်ပါက သမ္မတကြီးသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို ယခင်ကတည်းက သတ်ဖြတ်ပြီးပြီဖြစ်သည်။ သူသည် အင်အားကြီးမား၍ သူ၏တည်နေရာသည် လျှို့ဝှက်ဆန်းကြယ်လှသည်။ ဤသည်မှာ နှစ်ပေါင်းများစွာကြာ ပြဿနာရှာပြီးသည့်တိုင် မွန်းစတား ဂိုဏ်းခေါင်းဆောင် မသေဆုံးရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။

ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်နှင့် တွေ့ခဲ့သော်လည်း အောင်အောင်မြင်မြင် မသတ်ဖြတ်နိုင်ခဲ့ပေ။ ဤအခွင့်အရေးကို မည်သည့်အချိန်မျှ ပြန်ရနိုင်မည်ကို သူ မသိပေ။ တစ်ချိန်တည်းမှာပင် တန်မိသားစု၏ဘိုးဘွားအိမ်သည် ရန်သူကြီးများနှင့် ရင်ဆိုင်နေရသည်။ တန်မိသားစုလုံးရှိ ကျွမ်းကျင်သူများ စုရုံးနေကာ ကောင်းကင်ယံရှိ နတ်ဘုရားကဲ့သို့ ကြောက်မက်ဖွယ် ဖြစိတည်မှုများကို မျှော်ကြည့်နေကြသည်။

ကောင်းကင်ယံရှိ ပုံရိပ်သုံးခုသည် တန်မိသားစု ဘိုးဘေးအိမ်တော်ကို ဘက်သုံးဘက်မှ ဝိုင်းရံထားကြသည်။ ထူးဆန်းလှသည်မှာ လူသုံးဦးသာရှိသော်လည်း တန်မိသားစု ဘိုးဘေးအိမ်တော်ကို တင်းတင်းကြပ်ကြပ် ဝိုင်းရံထားကြရာ၊ ရေတစ်စက်ပင် မလွတ်မြောက်နိုင်ပေ။

ဒုံးကျည် အမျိုးမျိုးကို ၎င်းတို့ သုံးဦးထံ ပစ်လွှတ်ခဲ့ကြသော်လည်း အသုံးမဝင်ခဲ့ပေ။ ၎င်းတို့သည် ဒုံးကျည်များကို လေထုထဲ၌ တိုက်ရိုက်ပေါက်ကွဲပစ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမျိုး ပြုလုပ်လိုက်ကြသည်။

ကျည်ဆန်မိုးရွာသွန်းမှု၏ အရှိန်အဟုန်သည် အံ့ဩဖွယ်ကောင်းလှသော်လည်း၊ ဤနတ်အဆင့် ကျွမ်းကျင်သူများ၏ အရှိန်အဟုန်သည် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် သာမန်လူများအမြင်တွင် တယ်လီပို့ ပြုလုပ်ခြင်းထက်ပင် မြန်ဆန်လှရာ၊ မည်သူမျှ ၎င်းတို့နှင့် မယှဉ်နိုင်ခဲ့ပေ။

တန်မိသားစု ကျွမ်းကျင်သူများစွာ၏ မျက်လုံးများသည် ဒေါသ အရိပ်အမြွက်များဖြင့် တဖျပ်ဖျပ် လှုပ်ခတ်လာသည်။ ၎င်းတို့မိသားစုသည် ဤအခြေအနေအထိသည်အထိ မည်သည့်အချိန်က တွန်းအားပေးခြင်း ခံခဲ့ရသနည်း။

ဤနေရာသည် တန်မိသားစု ဘိုးဘွားအိမ်တော်ဖြစ်၍ တန်မိသားစုအတွက် အစောင့်အကြပ် အထူထပ်ဆုံးနေရာလည်းဖြစ်သည်။ ဤနေရာ၌ ဂုဏ်ယူဝံ့ကြွားစွာ ပြုမူဝံ့သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးလျှင်ပင် သေဆုံးရပေလိမ့်မည်။

သို့ရာတွင် ရောက်လာသူများသည် နတ်အဆင့်ကျွမ်းကျင်သူများဖြစ်ကြ၍ တစ်ဦးထက်မက ရောက်ရှိလာကြသည်။ နတ်အဆင့်ကျွမ်းကျင်သူ သုံးဦးသည် ၎င်းတို့အတွက် မဖြစ်နိုင်ဆုံးသော ရန်သူမျိုးဖြစ်သည်။ နျူကလီးယားလက်နက်ကို အသုံးမပြုပါက ၎င်းတို့၏ သာမန် လက်နက်များအားလုံးသည် ဤနတ်အဆင့်ကျွမ်းကျင်သူများထံ ခြိမ်းခြောက်မှု တစ်စုံတစ်ရာကို မပြုလုပ်နိုင်ပေ။

တန်မိသားစုတွင် နျူကလီးယားလက်နက် မရှိခြင်းမဟုတ်ဘဲ အသုံးမပြုနိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဘိုးဘေးအိမ်တော်ဖြစ်သည့်အပြင် နျူကလီးယားဗုံးများ၏ တိုက်ခိုက်နှုန်း အကွာအဝေးသည် နီးကပ်လွန်းသောကြောင့် တစ်ဖက်ရန်သူကို ထိခိုက်အောင် ပြုနိုင်မည်မဟုတ်ပေ။

မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များသည် နတ်အဆင့်ကျွမ်းကျင်သူများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ခြင်း သို့မဟုတ် သေဆုံးသည်အထိ ပြုလုပ်နိုင်သော်လည်း ဤသည်မှာ ၎င်းတို့၏ အိမ်ဖြစ်သည်။ အကယ်၍ နျူကလီယားဗုံး ကျရောက်လာလျှင် တန်မိသားစုသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် မရေတွက်နိုင်သော သေဆုံးမှုများကို ခံစားရမည်ဖြစ်ရာ၊ အကျိုးဆက်သည် မှန်းဆ၍ပင် မရနိုင်ပေ။

နောက်ဆုံးအခြေအနေသို့ တွန်းအားပေး မခံရလျှင် နျူကလီးယားလက်နက်ကို အသုံးပြုရန် ရွေးချယ်မည် မဟုတ်ပေ။ ၎င်းတို့သည် ဤလူသုံးဦးကို တိတ်တဆိတ်သာ ကြည့်နေနိုင်သည်။ တစ်ဦးသည် ခါးကုန်းနေသော အဘွားအိုဖြစ်ရာ၊ သူမသည် ပြည်ထောင်စုတွင် တစ္ဆေအဘွားအိုဟု လူသိများကြသည်။ သူမသည် အစောပိုင်းနှစ်များတွင် လူများစွာကို ယင်ကောင်များကဲ့သို့ သတ်ဖြတ်ခဲ့ဖူးသည်။ တစ္ဆေအဘွားအိုက ကျွမ်းကျင်သူပေါင်း မည်မျှကို သတ်ဖြတ်ခဲ့ကြောင်း မည်သူမျှ မသိကြပေ။ သူမ၏ နာမည်ကို ကြားရချိန်တွင် မည်မျှသော ကျွမ်းကျင်သူများက အလွန်အမင်း ကြောက်ရွံ့နေကြသည်ကို ဘယ်သူမျှ မသိနိုင်ပေ။

သူမသည် ကျော်ကြားသော လူထုခေါင်းဆောင်တစ်ဦးလည်းဖြစ်၍ အခကြေးငွေရသရွေ့ ပြည်ထောင်စုသမ္မတကိုပင် တိုက်ခိုက်ဝံ့သူဖြစ်သည်။ သူမသည် ဥပဒေမဲ့တစ်ဦးဟုလည်း ဆိုနိုင်သည်။ ယခုတစ်ကြိမ်တွင် တန်မိသားစု ၏ဘိုးဘေးအိမ်တော် ဝိုင်းရံရန်အတွက် တစ်စုံတစ်ဦးက သူမကို ငှားရမ်းခဲ့သည်။

ကျန်တစ်ဦးသည် ဓားရှည်ကိုင်ထားသည့် ကြွက်သားတောင့်တင်းသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ ထုတ်လွှတ်လိုက်သော ဓားအလင်းရောင်သည် ကောင်းကင်၏ တစ်ဝက်မျှကို ဖုံးလွှမ်းနိုင်၍ ဒုံးကျည်များသည် သူ့ကို လုံးလုံးလျားလျား မခြိမ်းခြောက်နိုင်ခဲ့ပေ။

သူသည် ဓားချက်ကို ပေါ့ပေါ့တန်တန် ခုတ်ထစ်ယုံဖြင့် တန်ဘိုးဘေးကြီး တည်ထားသည့် အတားအဆီးပေါ်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်ပေါက်လာစေသည်။ သူ၏တိုက်ခိုက်မှုများ တိုးမြင့်လာသည်နှင့်အမျှ အတားအဆီးသည်လည်း လှုပ်ခါစပြုလာသည်။ သူသည် နတ်ကုန်းမြေ၏ နံပါတ်တစ် မိသားစုဖြစ်သည့် ဝေ့မိသားစု၏ အကြီးအကဲ ဝေ့ဟိုင်ဖြစ်သည်။ သူ၏ ကျင့်ကြံမှု အဆင့်သည် အလွန်မြင့်မားလှသည်။

တန်မိသားစုဝင်များသည် စိတ်ပျက်အားလျော်မျိုး ခံစားနေရသည်။ နတ်ကုန်းမြေ၏ နံပါတ်တစ်မိသားစုသည် သန်မာလွန်းလှသည်။ ၎င်းတို့၏ အကြီးအကဲ တစ်ဦးလျှင်ပင် နတ်အဆင့်ကျွမ်းကျင်သူ ဖြစ်သည်။ ၎င်းတို့တန်မိသားစုသည် ပြည်ထောင်စု၏ မြင့်မြတ်သော မိသားစုကြီး ရှစ်ခုအနက်မှ တစ်ခုဖြစ်သည့်တိုင် စောင့်ကြပ်ပေးမည့် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးမျှ မရှိခဲ့ပေ။

နောက်ဆုံးတစ်ဦးသည် သွယ်လျသော ရုပ်ရည်အသွင်အပြင်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ကြောက်မက်ဖွယ် အရောင်အဝါမျိုး ထုတ်လွှတ်နေကာ လက်တစ်ဖက်တွင် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ၏ ဓားအလင်းရောင် တစ်ချက်ပြီးတစ်ချက် လွင့်ထွက်လာသည်နှင့် ကမ္ဘာကြီးကိုပင် တုန်လှုပ်သွားစေသည်။

သူသည် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင် ချင်းယန်ဖြစ်သည်။ သူသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားသည့် ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်နှင့် နှိုင်းယှဉ်ပါက ပို၍ သန်မာလှသည်။ တန်မိသားစုတစ်ခုလုံး အလွန် စိတ်မကောင်းဖြစ်နေကြသည်။ ၎င်းတို့သည် ဘိုးဘေးကြီး၏ အကာအကွယ်မရှိလျှင်ပင် ၎င်းတို့လက်ထဲတွင် အဆင့်မြင့်လက်နက်များ ကိုင်ဆောင်ထားတာကြောင့် မည်သူ့ကိုမျှ ကြောက်ရွံ့ရန် လိုအပ်မည် မဟုတ်ကြောင်း တစ်ချိန်က တွေးခဲ့ဖူးသည်။

သို့သော် စစ်မှန်သော ထိပ်တန်း ကျွမ်းကျင်သူသည် မည်မျှ မရှိမဖြစ် လိုအပ်ကြောင်း ၎င်းတို့ သဘောပေါက်သွားကြသည်။ အဆင့်မြင့် လက်နက်များ အသုံးပြုရာတွင် ကန့်သတ်ချက်အမျိုးမျိုးရှိနေသော်လည်း နတ်အဆင့်ကျွမ်းကျင်သူများက ကွဲပြားခြားနားသည်။ ၎င်းတို့သည် အင်အားကြီးမားရုံသာမကဘဲ စစ်ပွဲအမျိုးမျိုးတွင်လည်း လိုက်လျောညီထွေ ပြုမူနိုင်သောကြောင့် အစစ်အမှန် ဝှက်ဖဲများဖြစ်ကြသည်။ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး၏ အကျိုးသက်ရောက်မှုသည် ယခုအချိန်တွင် အမှန်တကယ် ထင်ဟပ်နေလေသည်။

"ကျုပ်တို့က ခင်ဗျားတို့အိမ်ကို ဖျက်ဆီးဖို့ ရောက်လာတာ မဟုတ်ဘူး၊ ဒါပေမယ့် တန်စီယုကိုတော့ ကျုပ်တို့လက်ကို အပ်ရမယ်။ သူ သေသွားပြီဆိုတာနဲ့ တန်မိသားစု ကို ကျုပ်တို့လွှတ်ပေးမယ်" ဝေ့ဟိုင်သည် သူ့ဆီ ပျံသန်းလာသော ဒုံးကျည်ဒါဇင်ကျော်ကို ဖျက်ဆီးပြီးနောက် ပြောလိုက်သည်။

"မှန်တယ်။ ကျုပ်တို့တွေ ဒီနေရာကို ရောက်လာတာ တန်စီယုကို သတ်ချင်ရုံပဲ။ တခြားဘယ်သူနဲ့မှ မသက်ဆိုင်ဘူး။ ခင်ဗျားတို့က လူတစ်ယောက်ကြောင့်နဲ့ မိသားစုတစ်ခုလုံး ဖျက်ဆီးခံချင်လို့လား" ချင်းယန်သည်လည်း တန်မိသားစု၏ဆုံးဖြတ်ချက်ကို လှုံ့ဆော်ရန် ကြိုးစားသည်။

"ဟီးဟီး။ လက်နက်မချချင်ရင်လည်း ရပါတယ်၊ ရှင်တို့အကုန်လုံးကို သတ်ပစ်ရတာပေါ့" တစ္ဆေအဘွားအို၏ ရယ်သံသည် ဇီးကွက်တစ်ကောင်ကဲ့သို့ အလွန် စိတ်မသက်မသာဖြစ်စေ၍ ဆံပင်များကိုပင် အဆုံးထိ ထောင်မတ်သွားစေသည်။

"ကျုပ်တို့တွေ သူတို့ပြောတာကို နားထောင်လိုက်လို့ မဖြစ်ဘူး။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ အဆင့်ဖြတ်ကျော်မှုက နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ သူ မကြာခင် နတ်အဆင့်ကို ဖြတ်ကျော်တော့မှာ။ အဲဒီအချိန်ကြရင် ကျုပ်တို့မိသားစုရဲ့ အခြေခံအုတ်မြစ်က ပြန်ပြီး သန်မာလာလိမ့်မယ်။ အခုချိန်မှာ အလျှော့ပေးလို့ မဖြစ်ဘူး"

"ကျွန်မတို့တွေ ကျန်းမိသားစုတွေ အရှေ့မှာ တစ်ကြိမ် ဦးညွှတ်ပြီး ဒူးထောက်ပြီးပြီ၊ ရှင်တို့တွေ ဒီလိုကိစ္စမျိုးကို ထပ်အဖြစ်ခံဖို့ စဉ်းစားနေကြတာလား" တန်မိသားစု၏ လက်ရှိ ပထမအကြီးအကဲ တန်ပိုင်လုက အော်ပြောလိုက်သည်။

"ကျုပ်တို့ရဲ့ခေါင်းဆောင်ကို လွှဲပေးလိုက်မယ်ဆိုရင် သေမင်းတံခါးဝမှာ ရုန်းကန်နေရရင်တောင် ပြည်ထောင်စုမှာ အသက်ရှင်ဖို့ မျက်နှာရှိဦးမယ်လို့ ထင်နေတာလား"

"မှန်တယ်။ ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို တစ်ခါ ဆုံးရှုံးပြီးပြီ၊ ကျုပ်တို့တွေ ထပ်ပြီး မဆုံးရှုံးမခံနိုင်တော့ဘူး"

"သူတို့ကို သေတဲ့အထိ တိုက်ကြရအောင်။ သူတို့မျက်လုံးထဲမှာ ကျုပ်တို့က ပုရွက်ဆိတ်တွေချည်းပဲ၊ နတ်အဆင့်ကျွမ်းကျင်သူသုံးယောက်ကို ကျုပ်တို့ရဲ့အသက်တွေနဲ့ သေတဲ့အထိ ဆွဲချနိုင်ရင် သေရရင်တောင် အရှုံးမရှိပါဘူး"

"အဆုံးစွန် တိုက်ခိုက်ပစ်မယ်၊ အညံ့ခံတာထက် သေသွားတာကမှ ကောင်းသေးတယ်"

အခန်း (၈၉၃) တန်စီယု နတ်အဆင့်သို့ ဝင်ရောက်ခြင်း

တန်မိသားစုသည် နတ်အဆင့်ကျွမ်းကျင်သူသုံးဦး၏ ခြိမ်းခြောက်မှုအောက်တွင် စည်းလုံးခဲ့ကြသည်။ မည်သို့ဆိုသော် ၎င်းတို့သည် ဤကာလတိုအတွင်း ဖိအားများစွာကို ခံစားခဲ့ရသောကြောင့်ဖြစ်သည်။ မြင့်မြတ်သော မိသားစုကြီး ရှစ်ခုထဲရှိ တစ်ခုအနေဖြင့် ၎င်းတို့၏ ဘိုးဘေးကြီးကို သတ်ဖြတ်ကာ ရုပ်သေးအဖြစ် ပြုလုပ်ပြီးနောက် မဟာမိတ်ဖွဲ့ရန်အတွက် ကျန်းမိသားစုက အတင်းအကြပ် စေခိုင်းခဲ့ကြသည်။ ယခုမူ အမည်မသိနေရာမှ ရောက်လာကြသော နတ်အဆင့် ကျွမ်းကျင်သူသုံးဦးသည် ၎င်းတို့ကို ပျော့ပျောင်းသော ပန်းသီးများကဲ့သို့ ဆက်ဆံကာ ၎င်းတို့အိမ်တော်၏ တံခါးကို ဖျက်ဆီးနေကြသည်။

၎င်းတို့တန်မိသားစုသည် ဤအခြေအနေသို့ ရောက်ရှိနေသောကြောင့် ၎င်းတို့ကို လျစ်လျူရှု၍ လိုသလို နင်းခြေနိုင်ကြမည်ဟု လူတိုင်းက ထင်မြင်နေကြသည်။ ထိုသို့သော ခံစားချက်မျိုးသည် အမှန်တကယ် စိတ်ပျက်ဖွယ်ရာကောင်းလှသည်။ လွန်ကဲသော အခြေအနေထိ တွန်းအားပေးခံရပြီးနောက် ၎င်းတို့အတွက် အဆိုးရွားဆုံးသော ရလဒ်သည် သေဆုံးရခြင်းဖြစ်သည်ဟု တန်မိသားစုတစ်ခုလုံးက ဆုံးဖြတ်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ နတ်အဆင့် ကျွမ်းကျင်သူသုံးဦးကို ၎င်းတို့နှင့်အတူ သေသည်အထိ ဆွဲခေါ်ခြင်းက ဆုံးရှုံးမှုမဟုတ်ပေ။

"တော်တော်လေး ခေါင်းမာတာပဲ" ဝေ့ဟိုင်၏အမူအရာတွင် ရွံရှာစက်ဆုပ်မှု အရိပ်အမြွက်မျိုး ပြသလာသည်။

"ကျုပ်တို့က ချူးယွင်ဖန်းနဲ့ ပတ်သက်သူတွေကို သတ်ဖို့ပဲ ဒီကိုရောက်လာတာ။ ခင်ဗျားတို့ သူ့အတွက် ကျုပ်တို့ရန်သူ ဖြစ်ချင်လို့လား"

"ဟမ်း၊ ကောင်းပြီလေ။ ဒါဖြင့်ရင် ရှင်တို့တွေက ဘာလို့ ချူးမိသားစုဆီ မသွားကြတာလဲ၊ ကျွန်မတို့မှာ ခုခံပေးမယ့် နတ်အဆင့် ကျွမ်းကျင်သူမရှိလို့ တန်မိသားစုကိုလာပြီး အနိုင်ကျင့်ချင်နေတာ မဟုတ်ကြဘူးလား" တန်ပိုင်လုက ကျယ်လောင်စွာ ပြောလိုင်သည်။

တန်မိသားစုဝင်များ၏ မျက်နှာများတွင် ဒေါသအရိပ်အမြွက်များ ပေါ်ပေါက်လညသည်။ ၎င်းတို့၏ မိသားစုခေါင်းဆောင်သည် ချူးယွင်ဖန်းနှင့် ပတ်သက်နေသော်လည်း သူနှင့် ပိုရင်းနှီးသူများသည် သူ၏မိဘများပင် ဖြစ်သည်။ ချူးယွင်ဖန်း၏မိဘများသည် ချူးမိသားစု ဘိုးဘေးအိမ်တော်တွင်ရှိသော်လည်း ဤနတ်အဆင့် ကျွမ်းကျင်သူများသည် ချူးမိသားစု၏အိမ်တော်သို့ သွားရန်မရွေးချယ်ခဲ့ကြပေ။ ယင်းအစား၊ ၎င်းတို့သည် တန်မိသားစု ၏အိမ်သို့ ဦးစွာ ရောက်လာခဲ့ကြသည်။ ဤသည်မှာ တန်မိသားစုများက အားနည်းကြသည်ဟု ၎င်းတို့ထင်မှတ်ကြသောကြောင့် မဟုတ်လေသလော။

ဤသည်မှာ အမှန်တရားဖြစ်သော်လည်း မည်သို့ပင်တွေးတောပါစေ၊ ၎င်းတို့ကို မကျေမနပ်ဖြစ်စေမိသည်။ ချူးမိသားစုအတွက်မူ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ၎င်းတို့၏ အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ချူးမိသားစုတွင် မူလက အချို့နေရာများတွင်သာ ဩဇာရှိသော မိသားစုခေါင်းဆောင်တစ်ဦးရှိခဲ့သည်။ သို့သော် မည်သူမျှ မမျှော်လင့်ထားသည်မှာ ဂျူနီယာဟုသာ မှတ်ယူနိုင်သည့် ချူးမိသားစု၏ အငယ်တန်းခေါင်းဆောင်သည် လွန်ခဲ့သော ရက်အနည်းငယ်က မိသားစုခေါင်းဆောင်၏ အရှေ့သို့ ခြေတစ်လှမ်းတိုးကာ နတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

ဤသတင်းထွက်လာသောအခါ ပြည်ထောင်စုတစ်ခုလုံး အံ့ဩသွားကြသည်။ ပြည်ထောင်စု၌ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြေအနေများ သိသိသာသာ ပြောင်းလဲလာသည့်အပြင် ကျွမ်းကျင်သူများစွာလည်း ပေါ်ထွက်လာခဲ့သည်။ အထူးသဖြင့် ချူးမိသားစုသည် ဦးစွာပထမ ချူးယွင်ဖန်းကို ရရှိခဲ့၍ ကမ္ဘာကြီးကို တုန်လှုပ်စေသည့် ချူးဟောက်ယွဲ့ ရရှိခဲ့ကြသည်။ ချူးဟောက်ယွဲ့သည် အသက်သုံးဆယ်တွင် နတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

မွန်းစတားတစ်ကောင်ကဲ့သို့သော ချူးယွင်ဖန်း ဖန်တီးထားသော အံ့ဖွယ်ဖြစ်စဉ်များကြောင့်သာ မဟုတ်လျှင် ချူးဟောက်ယွဲ့သည် ပြည်ထောင်စုတွင် မှတ်တမ်းများစွာ ထားရစ်နိုင်ပေလိမ့်မည်။ ယခုအခါ ချူးမိသားစုတွင် ချူးယွင်ဖန်းအပါအဝင် နတ်အဆင့် ကျွမ်းကျင်သူ သုံးဦးရှိနေကြသည်။ ၎င်းတို့သည် ညတွင်းချင်းပင် မြင့်မြတ်သော မိသားစုကြီး ရှစ်ခု၏ ခေါင်းဆောင်ဖြစ်လာခဲ့ကြသည်။ ၎င်းတို့၏ ခွန်အားသည် အခြားမိသားစုများထက် သာလွန်လှသည်။

ချူးမိသားစုသည် လွန်ခဲ့သော ရက်အနည်းငယ်တွင် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များကို ဖိတ်ခေါ်၍ ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲကြီးတစ်ခု ကျင်းပနေခဲ့သည်။ ပြည်ထောင်စုအတွင်းရှိ အင်အားစုအများအပြားသည် နတ်အဆင့်ကျွမ်းကျင်သူအသစ် ချူးဟောက်ယွဲ့ကို ဂါရဝပြုရန်အတွက် ၎င်းတို့၏ကိုယ်စားလှယ်များကို စေလွှတ်နေကြသည်။ လူများစွာသည် ချူးမိသားစုကို မိတ်ဖွဲ့ချင်ကြသည်။ နောက်ဆုံးတွင် ချူးမိသားစု၏ တိုးတက်မှုသည် ရပ်တန့်၍ မရနိုင်သော ဖြစ်စဉ်သာဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ဝေ့ဟိုင်နှင့် အခြားလူနှစ်ဦးသည် ချူးမိသားစုသို့ ပြဿနာရှာရန် မသွားဘဲ တန်မိသားစုဆီသို့ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ အားနည်းသူများကို အနိုင်ကျင့်ချင်သော အပြုအမူဖြစ်သည်မှာ သိသာထင်ရှားသည်။

'လွန်လွန်းအားကြီးတယ်'

"ချူးယွင်ဖန်း ပြန်လာရင် ရှင်တို့ကို လာသတ်မှာကို မကြောက်ကြဘူးလား" တန်ပိုင်လုက ကြိမ်းဝါးလိုက်သည်။

"ဟား။ ချူးယွင်ဖန်းက ပြန်မလာနိုင်တော့ဘူး။ သူသေသွားပြီ" ဝေ့ဟိုင်က အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

"သူ့အလောင်းက အေးစက်နေတာတောင် တော်တော်ကြာလောက်ပြီ"

ယနေ့ တန်မိသားစုသို့ ၎င်းတို့လာဝံ့သော အပြုအမူသည် တိုက်ဆိုင်မှုမဟုတ်ကြောင်း တန်ပိုင်လုက ချက်ချင်း သဘောပေါက်သွားသည်။ ဤသည်မှာ ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်၍ ချူးယွင်ဖန်းကို တိုက်ရိုက် ရည်ရွယ်ခြင်းဖြစ်နိုင်သည်။ တိုက်ခိုက်ခံသူသည် ၎င်းတို့မိသားစုသာမဟုတ်ဘဲ ချူးယွင်ဖန်းသည်လည်း ယခုအချိန်တွင် ဝိုင်းရံ၍ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်။

နတ်အဆင့်ကျွမ်းကျင်သူများစွာက ချူးယွင်ဖန်းကို ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်ဟု တန်ပိုင်လု တွေးတောမိကာ အနည်းငယ် တုန်လှုပ်သွားလေသည်။ နတ်အဆင့်ကျွမ်းကျင်သူသည် သူမ ရင်ဆိုင် မတိုက်ခိုက်နိုင်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် သူမကို လက်တစ်ချောင်းတည်းဖြင့်ပင် သတ်ဖြတ်နိုင်ကြသည်။ လူများစွာကို စော်ကားပြီးနောက် ချူးယွင်ဖန်းက မည်သို့ ရှင်သန်နိုင်မည်ကို သူမဘက်မှ စိတ်ကူးမယဉ်နိုင်ပေ။

ချူးယွင်ဖန်း သေဆုံးပြီးသည်နှင့် သူမတို့ မိသားစု၏ အခြေအနေသည် ပို၍ ဆိုးရွားလာမည်မှာ သေချာသည်။ ချူးယွင်ဖန်းသည် လူပေါင်းမည်မျှကို စော်ကားခဲ့ခြင်းဖြစ်သနည်း။ ၎င်းတို့သည် မျက်စိဖြင့် မမြင်ခဲ့ရလျှင်ပင် ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ကြားသိဖူးကြသည်။

မီးလျှံစစ်သည်ဂိုဏ်းခေါင်းဆောင်သည် တရားစီရင်မှုအပြီးတွင် ကွပ်မျက်ခံခဲ့ရသည်။ ဤသည်မှာ ကမ္ဘာပေါ်ရှိ နတ်အဆင့်ကျွမ်းကျင်သူအများစုကို စော်ကားရာရောက်စေသည်။ ဤအပြုအမူသည် ၎င်းတို့ကို ကြီးကျယ်ခမ်းနားသော ယဇ်ပလ္လင်ပေါ်မှ ဆွဲချခဲ့ခြင်းနှင့် ဆင်တူသည်။

ချူးယွင်ဖန်းအပေါ်သို့ မည်မျှသော လူပေါင်းများစွာ မကောင်းကြံစည်နေကြသည်ကို ရေတွက်ရန် မဖြစ်နိုင်ပေ။ ဤလူများအားလုံးက သူ့ကို ဖြေရှင်းချင်ပြီဆိုပါက ချူးယွင်ဖန်းတွင် ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိလျှင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ချူးမိသားစုသည် အင်အားကြီးမားသောကြောင့် လဲကျရန်မဖြစ်နိုင်သော်လည်း တန်မိသားစု များသည် အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း တန်ပိုင်လုတွင် ထိုကိစ္စများကို စဉ်းစားရန် အချိန်များစွာ မရှိပေ။ သူမသည် တန်စီယုကို သူမ၏ အသက်ဖြင့်သာ ကာကွယ်ထားနိုင်သည်။ တန်စီယုသည် သီးသန့်ကျင့်ကြံနေ၍ သူမသာ နတ်အဆင့်သို့ ဖြတ်ကျော်သွားသည်နှင့် တန်မိသားစုတွင် အားကိုးရမည့် မဏ္ဍိုင်တစ်ခုရှိလာမည်ဖြစ်ရာ၊ ဤအကျပ်အတည်းကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။

ထိုသို့တွေးမိသောအခါ တန်ပိုင်လုက ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။

“နည်းဗျူဟာမြောက် နျူကလီးယားဗုံး သုံးပြီး၊ ဒင်းတို့ကို ပြန်ဆုတ်ခွာအောင် လုပ်ကြ"

နည်းဗျူဟာမြောက် နျူကလီးယား ဒုံးကျည်များ ဆက်တိုက် ပစ်လွှတ်လိုက်သည်နှင့် တုန်လှုပ်ချောက်ချားဖွယ် လေလှိုင်းများကို ဖြစ်ပေါ်လာစေသဖြင့် ကောင်းကင်တစ်ခုလုံး ရုတ်ချည်း ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ နည်းဗျူဟာမြောက် နျူကလီးယားဒုံးကျည်များ၏ အကွာအဝေးသည် အလွန်ကျယ်ပြန့်ခြင်းမရှိသော်လည်း ၎င်းသည် သာမန် နျူကလီးယားဗုံးများကိုသာ ဆိုခြင်းဖြစ်သည်။

ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှုပ်ခတ်မှုသည် တန်မိသားစု၏ ခံစစ်အတားအဆီးကို ပြင်းထန်စွာ တုန်ခါသွားစေ၍ ကောင်းကင်ကြီးပြိုကျ၍ မြေကြီးများ အက်ကွဲနေသကဲ့သို့ ထင်မှတ်ရစေသည်။ ဤနည်းဗျူဟာမြောက် နျူကလီးယားဒုံးကျည် လှိုင်းလုံးများသည် နတ်အဆင့် ကျွမ်းကျင်သူ သုံးဦးကို ပေထောင်နှင့်ချီ၍ ဆုတ်ခွာသွားစေခဲ့သည်။

"ခေါင်းမာလိုက်တာ။ အကုန်လုံးကို သတ်ပစ်လိုက်" ဝေ့ဟိုင်က အော်ဟစ်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီး၏ မရေတွက်နိုင်သော ဝိညာဉ်စွမ်းအင်များသည် တစ်စုံတစ်ခုက ၎င်းတို့ကို လမ်းညွှန်နေဟန်ဖြင့် တန်မိသားစု ဘိုးဘေးအိမ်တော်၏ နက်နဲရာ နေရာသို့ အပြင်းအထန် ဦးတည်သွားနေကြ၍ တုန်လှုပ်ချောက်ချားဖွယ် ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် ပြောင်းလဲကာ ၎င်းတို့အပေါ်တွင် အကာအကွယ်တစ်ခု ဖြစ်ပေါ်သွားလေသည်။

“ဒါက…” တန်ပိုင်လုသည် ထူးဆန်းသည့်ဖြစ်စဉ်ကို သတိပြုမိလိုက်သည်။ တန်စီယုသည် နတ်အဆင့်သို့ ရောက်သွားပြီဖြစ်ကြောင်း သူမ ချက်ချင်း သိရှိလိုက်သည်။ သူမ၏ မျက်နှာပြင်တွင် ချက်ချင်းပင် စိတ်လှုပ်ရှားဖွယ် အမူအရာမျိုး ပေါ်ပေါက်လာသည်။

ထိုမှတစ်ဆင့် ချက်ချင်းဆိုသလိုပင် ထောင်ပေါင်းများစွာသော အလင်းတန်းများ ဖြာထွက်လာ၍ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် တန်မိသားစု ဘိုးဘေးအိမ်တော်၏ အထက်တွင် ပျံဝဲနေလေသည်။ ဤသည်မှာ တန်စီယုမှလွဲ၍ အခြားလူ မဟုတ်ပေ။ သူမသည် နတ်ဘုရားတစ်ပါးကဲ့သို့ အလင်းရောင်ဖျော့ဖျော့များ ထုတ်လွှတ်နေသည်။

သို့သော် အပြင်ဘက်တွင် နတ်အဆင့် ကျွမ်းကျင်သူ သုံးဦးရှိနေကြောင်း သူမ သိထားသောကြောင့် အပြင်ဘက်သို့ အလျင်စလို ထွက်မသွားခဲ့ပေ။ ၎င်းတို့အားလုံးသည် သူ့ထက် သန်မာသူများဖြစ်ကြသည်။

သို့သော် ပြိုကျလုနီးဖြစ်နေသော တန်မိသားစု၏ ခံစစ်အတားအဆီးသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ချက်ချင်းပင် ပြန်လည်အားကောင်းလာသည်။ ယခုအခါ ၎င်းတို့၏ ခံစစ်ကို စောင့်ကြပ်မည့် နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးရှိနေသောကြောင့် အရာအားလုံးက လုံးလုံးလျားလျား ကွဲပြားသွားခဲ့သည်။

“နတ်အဆင့်ကို တကယ် ရောက်သွားတာ ယုံတောင် မယုံနိုင်ဘူး” ဝေ့ဟိုင်က လေးနက်သောအမူအရာဖြင့် ပြောလာသည်။

"ဒါပေမယ့်လည်း သေရမှာပဲ။ သူ တစ်ယောက်တည်း ဘယ်လောက်ကြာကြာ ခုခံနိုင်မှာလဲ" ချင်းယန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဟုတ်တယ်၊ သူ ဒီနေ့သေရတော့မှာ" လှပသော တန်စီယုကို ကြည့်နေစဉ် တစ္ဆေအဘွားအို၏ မျက်လုံးများသည် ပြင်းထန်သော မနာလိုမှုများ မုန်းတီးမှုများဖြင့် လင်းလက်လာသည်။

အခန်း (၈၉၄) ချူးယွင်ဖန်းပေါ်လာ၍ တစ္ဆေအဘွားအို သေဆုံးခြင်း

ကျွမ်းကျင်သူသုံးဦးသည် တန်စီယုကို ဝိုင်းရံထားကြသည်။ ၎င်းတို့သည် ယနေ့တွင် သူမကို လွတ်မြောက်ခွင့်မပေးဘဲ သတ်ပစ်ရမည်ဖြစ်သည်။

“ရှင်တို့တွေ အောင်မြင်မှာ မဟုတ်ဘူး" တန်စီယုသည် သူမ အရှေ့ရှိကျွမ်းကျင်သူ သုံးဦးကို အေးစက်စွာ ကြည့်လိုက်သည်။

သူမသည် ကျင့်ကြံမှုအဆင့်နှင့် အပြည့်အဝ လိုက်လျောညီထွေ မဖြစ်သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာ၍ စွမ်းအင်ကိုလည်း ပိုမိုထိန်းချုပ်နိုင်ပေလိမ့်မည်။

"တန်စီယု၊ မင်း ဒီနေ့ သေရမှာ။ ငါတို့တွေ သူ့ကို သင်ခန်းစာမပေးဘူးဆိုရင် သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်မယ်လို့ လူတိုင်းက ထင်သွားလိမ့်မယ်" တစ္ဆေအဘွားအိုက ရက်စက်စွာ ရယ်မောလိုက်သည်။

သူမသည် ချူးယွင်ဖန်း၏ မီးလျှံစစ်သည်ဂိုဏ်းခေါင်းဆောင်ကို တရားစီရင်ခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ ပြောနေခြင်းဖြစ်သည်။ ဤအကြောင်းအရာ၏ အကျိုးသက်ရောက်မှုသည် ပျံ့နှံ့နေဆဲဖြစ်သောကြောင့် နတ်အဆင့်ကျွမ်းကျင်သူများ၏ တန်ပြန်တိုက်ခိုက်မှုများသည် အစပျိုးရုံသာဖြစ်သည်။ ချူးယွင်ဖန်း၏ လုပ်ရပ်သည် အထက်တန်းလွှာ လူတန်းစားများ၏ ထက်ဝက်နီးပါးခန့်ကို ထိခိုက်စေခဲ့သည်။ ဤအရာကို နတ်အဆင့်ကျွမ်းကျင်သူတိုင်းက စက်ဆုပ်ခြင်းမရှိကြသော်လည်း ၎င်းတို့အနက် ထက်ဝက်ကျော်မျှသည် သူ၏လုပ်ရပ်ကို သဘောမတူကြပေ။

ထို့ကြောင့် ၎င်းတို့၏ထင်မြင်ယူဆချက်အရ နောင်လာနောက်သားများကို သတိပေးရန်အတွက် ချူးယွင်ဖန်းကို သုတ်သင်ပစ်ရပေလိမ့်မည်။

ချူးယွင်ဖန်းနှင့် ပတ်သက်၍ ပြောလာသောအခါ တန်စီယု၏ မျက်လုံးများ ရုတ်တရက် ခက်ထန်လာသည်။ သူမသည် တစ်စုံတစ်ခုကို လျင်မြန်စွာ တွေးမိသွားသောကြောင့် မေးမြန်းလိုက်သည်။

"သူ မိုးကြိုးမုန်တိုင်းပင်လယ်ကို သွားတာက ရှင်တို့ကြောင့်လား"

"မဆိုးဘူးပဲ၊ မင်းက အဲ့လောက်မတုံးဘူးပေါ့" တစ္ဆေအဘွားအိုက ထူးဆန်းစွာ ရယ်မော၍ ပြောလိုက်သည်။

"မြန်မြန်လုပ်ကြရအောင်။ မဟုတ်ရင် စစ်တပ်တွေရောက်လာရင် ဒီနေ့ရဲ့ အစီအစဉ်တွေ ပျက်စီးသွားလိမ့်မယ်" ဟု ပန်းပွင့်လှုပ်ခတ်ခြင်းဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်က ပြောလာသည်။

တန်မိသားစုများသည် ပြည်ထောင်စု၏ မြင့်မြတ်သော မိသားစုရှစ်စုအနက်မှ တစ်ခုအနေဖြင့် ပြည်ထောင်စုတပ်မတော်နှင့် အဆက်အသွယ်များစွာ ရှိကြသည်။ ထို့အပြင် တန်မိသားစု ၏ဘိုးဘေးအိမ်တော်သည် တန်မြို့တော်တွင်ရှိနေသောကြောင့် မြို့တစ်မြို့လုံး တိုက်ပွဲကြောင့် ကမောက်ကမ ဖြစ်နေကြသည်။

တပ်မတော်၏ အထက်ပိုင်းရှိ ပုဂ္ဂိုလ်များက စစ်တပ်၏ အရှိန်အဟုန်ကို နှောင့်နှေးနေခြင်းကြောင့်သာမဟုတ်လျှင် စစ်လေယာဉ်နှင့် အမြောက်လက်နက် အမျိုးအစားအားလုံးသည် ဤသုံးဦးပေါ် ပစ်ခတ်ပြီးနေပြီဖြစ်သည်။ သို့သော် ၎င်းတို့တွင် အချိန်အနည်းငယ်သာ ကျန်ရစ်တော့သည်။ နယ်မြေခံတပ်သာ တုံ့ပြန်လာခဲ့လျှင် ၎င်းတို့အားလုံး နောက်ဆက်တွဲကိစ္စတွင် ရောပါသွားပေလိမ့်မည်။

"မဆိုးပါဘူး" ဝေ့ဟိုင်က ခေါင်းညိတ်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် တန်စီယုသည် မျက်လုံးအရောင်များ စူးရှတောက်ပလာ၍ ရုတ်တရတ် လှုပ်ရှားလာသည်။ သူမသည် သူမ၏လက်များကို ကောင်းကင်ဆီသို့ မြှောက်တင်လိုက်သောအခါ လူတိုင်းက တန်မိသားစု ဘိုးဘေးအိမ်တော်ရှိ မြေပြင်တစ်ခုလုံး တစ်ဟုန်ထိုး တုန်ခါလာကြောင်း ခံစားလိုက်ရသည်။ ထိုအခါ မရေတွက်နိုင်သော ဝိညာဉ်စွမ်းအင်များသည် မြေပြင်မှ စိမ့်ထွက်လာခဲ့သည်။ ဤသည်မှာ တန်ဘိုးဘွားအိမ်အောက်ရှိ ရှေးပဝေသဏီက ပြုလုပ်ထားသော မြေပြင်အမှတ်အသား လမ်းကြောင်းဖြစ်သည်။

ကနဦးတွင် တန်စီယု၏ ကျင့်ကြံမှုဖြင့် မြေပြင်အမှတ်အသား လမ်းကြောင်း၏ စွမ်းအင်ကို လှုံ့ဆော်ရန် မလုံလောက်ခဲ့ပေ။ သို့သော်လည်း တန်မိသားစု ဘိုးဘေးကြီးသည် တန်မိသားစု ဘိုးဘေးအိမ်တော်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့၍ အမျိုးမျိုးသော ဖွဲ့စည်းပုံများကို အသုံးပြုကာ မြေပြင်အမှတ်အသား လမ်းကြောင်းမှ စွမ်းအင်အမြောက်အမြားကို လျှို့ဝှက်စွာ စုဆောင်းသောကြောင့် တန်စီယုက ၎င်းကို အသက်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

မြေပြင်အမှတ်အသား လမ်းကြောင်း၏ စွမ်းအင်ကို အသက်သွင်းလိုက်သောအခါ ၎င်းသည် ဟင်းလင်းပြင်ထဲတွင် ရှည်လျားသော နဂါးပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤနဂါးသည် ကောင်းကင်ဆီသို့ ကျယ်လောင်စွာ ဟိန်းဟောက်ပြီးနောက် တစ္ဆေအဘွားအိုဆီ ချီတက်လိုက်သည်။

အတားအဆီးဖြင့် အကာအကွယ်ယူထားသော တန်စီယုသည် သူမအား ရုတ်တရက် တိုက်ခိုက်လာမည်ဟု တစ္ဆေအဘွားအိုက မမျှော်လင့်ထားပေ။ နတ်အဆင့် ကျွမ်းကျင်သူ သုံးဦးတို့သည် သတိအနေအထားတွင် ရှိမနေကြပေ။ ထို့အပြင် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဤနဂါး၏အရှိန်နှုန်းသည် မထင်မှတ်နိုင်လောက်အောင် မြန်ဆန်လှသည်။

ဘန်း

တစ္ဆေအဘွားအိုသည် ခေါင်းကို ထိမှန်သွား၍ သူမ၏ ခန္ဓာကိုယ် တစ်ဝက်ရှိ သွေးများ စီးကျလာသည်။ သူမသည် ပေါက်ကွဲထွက်လုနီးပါးဖြစ်သွားခဲ့သည့်အပြင် အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။

"နိမ့်ကျတဲ့ဟာမ၊ နင်က ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့" တစ္ဆေအဘွားအိုက ထပ်ခါထပ်ခါ ဟစ်အော်လိုက်သည်။

သူမသည် ဝါရင့် နတ်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း တန်စီယုကဲ့သို့သော အသစ်စက်စက် နတ်အဆင့်ကျွမ်းကျင်သူကြောင့် ဒဏ်ရာရသွားခဲ့သည်။ ဤသည်မှာ ကြီးလေးသော သိက္ခာကျဆင်းမှုဖြစ်သည်။ တစ်ဖက်တွင် တန်စီယုသည် ဒူးထောက်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ တိုက်ခိုက်မှုသည် သူမ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်အားလုံး ကုန်ဆုံးသွားခဲ့သည်။

သူမ၏ခန္ဓာကိုယ်ရှိ မွေးဖွားခြင်းနယ်မြေအဆင့် ချီစွမ်းအင်များသည် နတ်အဆင့်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခြင်း မရှိသေးပေ။ တိုက်ခိုက်မှု တစ်ခုပြုလုပ်ရုံဖြင့် သူမ၏ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်များ ကုန်ဆုံးသွားကာ ကောင်းကင်ရှိ သူမ၏ရပ်တည်ချက်ကိုပင် ထိန်းသိမ်းရန် ရုန်းကန်နေရသည်။

တန်စီယု၏ လှပသော မျက်နှာသည် အနည်းငယ် ဖျော့တော့လာသည်။ တစ္ဆေအဘွားအိုကို တစ်ချက်တည်းဖြင့် မသတ်ဖြတ်နိုင်သည့်အတွက် နှမြောစဖွယ်ကောင်းသည်ဟု သူမ ခံစားနေမိသည်။ ယခုအခါ သူမ ကျရှုံးခဲ့ကြောင်း သိရှိသွားခဲ့သည်၊ ထိုသုံးဦးစလုံး အလွန်သတိထားနေကြမည်ဖြစ်သောကြောင့် သူမတွင် ထိုကဲ့သို့သော အခွင့်အရေးမျိုး ထပ်မံရရှိရန် မဖြစ်နိုင်တော့ပေ။ သို့သော် သူမ နောင်တမရပေ။ ဤတိုက်ခိုက်မှုကြောင့်သာမဟုတ်ပါက၊ သူသည် နတ်အဆင့်ကျွမ်းကျင်သူသုံးဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

"ဒီနေ့ နင်ကို ဘယ်သူမှ မကယ်နိုင်ဘူး၊ နင် သေကို သေရမယ်" တစ္ဆေအဘွားအို ဟိန်ဒဟောက်ပြီးသည်နှင့် ကြောက်မက်ဖွယ် အငွေ့အသက်များသည် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

၎င်းသည် တန်စီယု၏ ခွန်အားထက် အဆပေါင်းများစွာ ပြင်းထန်သည့်အပြင် ဒုတိယမြောက် နတ်အဆင့်သို့ ဝင်ရောက်နေသော စွမ်းအင်များဖြစ်သည်။

"ဟုတ်လား"

ထိုအချိန်တွင် အလွန် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုမှတစ်ဆင့် ကောင်းကင်ပေါ်၌ လျှပ်စီးကြောင်းတစ်ခုကို စီးနင်းနေသော လူတစ်ဦး ထွက်ပေါ်လာခဲ့သည်။ ဤလူ၏ အရှိန်အဟုန်သည် အလွန် ပြင်းထန်လှသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ္ဆေအဘွားအို၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

တစ္ဆေအဘွားအိုသည် နာကျင်မှုကို သည်းခံ၍ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည်မှာ မိုးကြိုးတောင်ပံသားရဲ၏ နောက်ကျောတွင် ထိုင်နေသည့် ၀တ်ရုံတိုလေးဝတ်ထားသော လူငယ်တစ်ဦးဖြစ်သည်။ သူမ၏ အမြင်အာရုံသို့ ဝင်ရောက်လာသောအရာသည် ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းတစ်စုံဖြစ်သည်။

"ချူးယွင်ဖန်း"

သူမသည် အံ့ဩစွာ အော်ဟစ်လိုက်သည်။ ရောက်ရှိလာသူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားမဟုတ်ကြောင်း သူမ သတိထားမိလိုက်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်း ရုတ်တရက် ပေါက်ကွဲသွားရာ၊ သူ့အောက်ရှိ မိုးကြိုးတောင်ပံ သားရဲသည် တစ္ဆေအဘွားအိုဆီသို့ ရုတ်တရက် ခြေစုံတင်၍ ပြေးလေ၏။

တစ္ဆေအဘွားအိုသည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကျယ်လောင်သော အော်သံနှင့်အတူ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် ငွေ့များဖြင့် ဖုံးလွှမ်းခဲ့ရာ၊ ကြောက်မက်ဖွယ် အန္တရာယ်ရှိသော သရဲတစ္ဆေအသွင်အပြင်သို့ ပြောင်းလဲသွားခဲ့သည်။ ဤကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေသည် ချူးယွင်ဖန်းဆီသို့ ရုတ်တရက် ပျံသန်းသွားခဲ့သည်။

ချူးယွင်ဖန်းသည် ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ပေ။ မိုးကြိုးတောင်ပံသားရဲကို ခွလျက် သူ၏လက်များ ဖြန့်ထုတ်လိုက်သောအခါ မရေတွက်နိုင်သော စွမ်းအင်များ သူ၏လက်ချောင်းများမှ ထွက်ပေါ်လာခဲ့သည်။ ထိုသရဲတစ္ဆေပုံရိပ်သည် နေရာတွင်ပင် ပြင်းထန်သော ဆုတ်ဖြဲမှုဖြင့် ကွဲပျက်သွားခဲ့သည်။ ဆိုးရွားသော အော်ဟစ်သံများနောက်တွင် အဆုံးမဲ့ မိုးကြိုးသွားများသည် အခြေအနေကို အခွင့်ကောင်းယူ၍ ပစ်ချလိုက်လေသည်။

တစ္ဆေသရဲပုံရိပ်သည် ချက်ချင်းပင် ဗလာနတ္ထိအဖြစ်သို့ ပျက်စီးသွားခဲ့သည်။ သရဲတစ္ဆေပုံရိပ်သည် မည်မျှပင် ရက်စက်ကြမ်းကြုတ်ပါစေ ချူးယွင်ဖန်း၏ အလွန် ပြင်းထန်သော မိုးကြိုးသွားကို ရင်ဆိုင်ရသောအခါ လုံးလုံးလျားလျား အသုံးမဝင်ဘဲ တခဏချင်းပင် ရှုံးနိမ့်သွားလေ၏။

"မဖြစ်နိုင်ဘူး" တစ္ဆေအဘွားအိုက ဟိန်းဟောက်လိုက်သည်။

ထိုတစ္ဆေသည် သူမ၏ဇာတိဝိညာဉ်နှင့် ရောယှက်ခဲ့ပြီးဖြစ်သည်။ ထိုတစ္ဆေကို အာဟာရဖြစ်ရန်အတွက် သူမ၏ ဇာတိဝိညာဉ်ကို အသုံးပြုခြင်းသည် မိစ္ဆာနတ်အဆင့် စွမ်းရည်မျိုးဖြစ်သည်။ ၎င်းသည် တစ္ဆေ၏ စွမ်းအင်ကို လျင်မြန်စွာ တိုးမြှင့်ခြင်းမှတစ်ပါး၊ သူမကို တစ္ဆေနှင့် ပေါင်းစည်းနိုင်စေခဲ့သည်။

တိုက်ခိုက်မှုသည် သူမကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သောကြောင့် ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ တန်စီယု၏ လျှပ်တစ်ပြက် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လျှင် ယခုအခါ ယခင်ကထက်ပို၍ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ တစ္ဆေအဘွားအိုသည် ချက်ခြင်း ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း သူမ၏ အလျင်သည် ချူးယွင်ဖန်းကို မကျော်လွန်နိုင်ခဲ့ပေ။

ဘုံး

ချူးယွင်ဖန်းက သူ၏လက်ငါးချောင်းကို ကျစ်ကျစ်ဆုပ်၍ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုအခါ ပြင်းထန်သော အင်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၍ တစ္ဆေအဘွားအို၏ နောက်ကျောကို အပြင်းအထန် ထိမှန်သွားလေသည်။ ပြင်းထန်စွာ ဒဏ်ရာရရှိနေခဲ့သော သူမ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားကာ သွေးမိုးအဖြစ် ပြောင်းလဲပြီးနောက် တစ္ဆေအဘွားအို သေဆုံးသွားလေ၏။

All Chapters