အခန်း (၈၉၈-၉၀၀)
Vol. 60 Ch. 898-900
အခန်း (၈၉၈) လျော့တွက်မှု
ဝေ့ဟိုင်၏ ဆိုးရွားဖွယ်သေဆုံးမှုနှင့်အတူ တန်မိသားစု၏ ဝိုင်းရံတိုက်ခိုက်ခံရမှုသည်လည်း နောက်ဆုံးတွင် ပြေလည်သွားခဲ့သည်။ သို့သော် ဤတိုက်ပွဲ၏ အကျိုးသက်ရောက်မှုသည် စတင်ပြသနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ယခင်က နတ်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့ဖူးသော်လည်း ၎င်းတို့အားလုံးသည် တက်သစ်စ ကျွမ်းကျင်သူများဖြစ်ကြ၍ တန်မိသားစုကို ဝိုင်းရံသူများသည် တက်သစ်စ ကျွမ်းကျင်သူများ မဟုတ်ကြပေ။
ထို့အပြင် ၎င်းတို့အားလုံးသည် အလွန် သန်မာအားကောင်းသူများ ဖြစ်ကြသည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်ချင်းစီသည် ယခင်က ချူးယွင်ဖန်း တိုက်ခိုက်ခဲ့ဖူးသူများကို ချေမှုန်းနိုင်သည်အထိ အစွမ်းထက်ကြသည်။ ယခုမူကား သူသည် ၎င်းတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။ ပြီးနောက် ၎င်းတို့နှင့်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲသည် ကြာရှည်သော တိုက်ပွဲမျိုး မဟုတ်ခဲ့ပေ။ ၎င်းတို့အားလုံးသည် ပွဲချင်းပြီး အသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုလူများသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်တိုက်ခိုက်သောအခါ သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ရသည်။
တစ်နှစ်သာ ကြာမြင့်သေးသော်လည်း ဤတစ်နှစ်အတွင်း ချူးယွင်ဖန်း၏ ခွန်အားသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ ခွန်အားအရ ပြိုင်ဘက်ကင်းသူဟု မယူဆနိုင်သော်လည်း အလားအလာအရ ကြောက်မက်ဖွယ်ကောင်းသူတစ်ဦးဖြစ်သည်။ ချူးယွင်ဖန်း မတိုင်မီ နတ်အဆင့်သို့ ဝင်ရောက်ခဲ့သော တန်စီယုသည်ပင် လူအများ၏စိတ်ထဲတွင် ဤမျှမြင့်မားသော ဂုဏ်ရာထူးကို မရရှိခဲ့ပေ။ အဆုံးတွင် အကြောင်းပြချက်သည် ရိုးရှင်းလှသည်။
တန်စီယုသည် ၎င်းတို့၏မျက်လုံးများတွင် ချူးယွင်ဖန်းနှင့် အသက်အရွယ်တူ ပါရမီရှင်တစ်ဦးဖြစ်၍ နတ်အဆင့်သို့ ဝင်ရောက်နေပြီဖြစ်သော်လည်း အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းအရ၊ သူမသည် ချူးယွင်ဖန်းထက် အဆပေါင်းများစွာ အားနည်းနေသည်။ တန်စီယုသည် သူမ၏ အံ့ဩဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပြသကာ တစ္ဆေအဘွားအိုကို ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သော်လည်း သူမသည် တစ္ဆေအဘွားအို၊ ချင်းယန်နှင့် ဝေ့ဟိုင်တို့ကို အလွယ်တကူ သတ်ဖြတ်ခဲ့သော ချူးယွင်ဖန်းမျှ မသန်မာလှပေ။
သူမ၏ လက်ရှိ ကိုယ်ကာယနှင့် ကျင့်ကြံမှု အရှိန်အဟုန်သည် သာမန်စိတ်ကူးထက် ဝေးကွာလွန်းလှကြောင်းကို ၎င်းတို့ မသိခဲ့ကြပေ။ သူမသည် ချူးယွင်ဖန်းမျှ မထက်မြက်သေးသော်လည်း သူမသည် ယခုအခါ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။ ၎င်းတို့၏အမြင်တွင် အခြိမ်းခြောက်နိုင်ဆုံးလူသည် ထုံးစံအတိုင်း ချူးယွင်ဖန်းဖြစ်သည်။ ကြောက်မက်ဖွယ်အကောင်းဆုံးမှာ သူသည် နတ်အဆင့်သို့ မ၀င်ရောက်သေးခြင်းပင်ဖြစ်သည်။ သူ စတင်လှုပ်ရှားသည်နှင့် မည်သူများက သူ့ကို တွန်းလှန်တိုက်ခိုက်နိုင်မည်နည်း။ ဤသည်မှာ မှန်းဆ၍ မရနိုင်သောအရာဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်းသည် ယခင်က ၎င်းတို့သိခဲ့သော အခြားကျွမ်းကျင်သူများနှင့် လုံးလုံးလျားလျား မတူညီပေ။ သူသည် သနားညှာတာမှု သဘောအမြင်မျိုး မရှိသည့်လူမျိုးဟု ထင်မှတ်ရစေသည်။ သူ့ကို တိုက်ခိုက်ခဲ့သူများအနက် တစ်ဦးတစ်ယောက်လျှင်ပင် အသက်ရှင် ကျန်ရစ်ခဲ့ခြင်းမရှိဘဲ ၎င်းတို့အားလုံး အမြစ်ပြတ် သုတ်သင်ခံခဲ့ရခြင်းဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ကြောက်မက်ဖွယ် အကောင်းဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် စည်းကမ်းနှင့် အဆက်အနွယ်များကို ဂရုမစိုက်ပေ။ သူ့ကို ရန်ဘက်ပြုမည်ဆိုပါက သူ၏ရန်သူများသည် မည်သို့ သုတ်သင်ရှင်းလင်းခံရမည်နှင့်ပတ်သက်၍ သေချာ စဉ်းစားရပေလိမ့်မည်။
'ကမ္ဘာပေါ်မှာ တုနှိုင်းမရတဲ့ ကျွမ်းကျင်သူတယောက်ရှိလာတော့မယ်' ဟု အင်အားစုကြီးများ၏ ခေါင်းဆောင်များက တွေးတောနေကြသည်။
ဝေ့ဟိုင်၊ ချင်းယန်နှင့် တစ္ဆေအဘွားအိုကို သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်းသည် သူ၏ နတ်စွမ်းအင်များကို ရုပ်သိမ်းလိုက်သည်။ တန်စီယု၏ ဦးဆောင်မှုအောက်တွင် သူနှင့် ချူးဟောက်ယွဲ့တို့သည် တန်မိသားစုဘိုးဘေးအိမ်တော်ထဲရှိ ဧည့်ခန်းမဆီသို့ ဝင်ရောက်သွားကြသည်။ ထိုအချိန်တွင် တန်မိသားစု၏ စိတ်ဓာတ်အရှိန်အဟုန်သည် မြင့်မားလာခဲ့သည်။ တန်စီယုသည် နတ်အဆင့်သို့ ဝင်ရောက်လာသောအခါ တန်မိသားစုသည် ကာကွယ်စောင့်ကြပ်သူတစ်ဦး တစ်ဖန်ရှိလာပြီဖြစ်သည်။ ၎င်းဖြစ်စဉ်သည် မရေရာသော အခြေအနေတွင်ရှိနေဆဲဖြစ်သော တန်မိသားစုများအတွက် တည်ငြိမ်သော အင်အားတစ်ခုဖြစ်သည်မှာ သေချာသည်။
ထို့အပြင် တန်စီယုသည် အသက်နှစ်ဆယ်ကျော်မျှသာဖြစ်သည့် အလွန် ငယ်ရွယ်သေးသူဖြစ်သည်။ သူမ၏ အနာဂတ်သည် အကန့်အသတ်ရှိမည် မဟုတ်ပေ။ အခြားမိသားစုများ၏ မိသားစုခေါင်းဆောင်များသည် အသက်ကြီးနေပြီဖြစ်သောကြောင့် တန်စီယုနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်မည်နည်း။
အချိန်သည်သာ သာဓကဖြစ်သည်။ ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက် တန်စီယုသည် ကမ္ဘာပေါ်၌ ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။ ချူးမိသားစုမှလွဲ၍ အခြား မြင့်မြတ်သော မိသားစုကြီး ရှစ်ခုရှိ မိသားစုခေါင်းဆောင်များသည် အသက်အရွယ်ကြီးရင့်သူများဖြစ်ကြ၍ ဆယ်စုနှစ်အနည်းငယ်ကြာသည်အထိ ရှင်သန်ရန် မဖြစ်နိုင်ပေ။ တန်မိသားစု၏ အနာဂတ်ဂုဏ်သတင်းကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။ သူမ၏ ခွန်အားသည် သူမ၏ မိသားစုအတွက် အကြီးမားဆုံးသော လက်တွေ့ အကျိုးကျေးဇူးဖြစ်သည်။
"ဂုဏ်ယူပါတယ်။ ခရီးတိုလေးထွက်လိုက်တဲ့ အချိန်အတွင်း ပြည်ထောင်စုမှာ နောက်ထပ် နတ်အဆင့် ကျွမ်းကျင်သူနှစ်ယောက် ထပ်ရထားတာ တကယ့်ကို သတင်းကောင်းပဲ" ချူးယွင်ဖန်းက ပင်မခန်းမဆောင်ရှိ အဓိကထိုင်ခုံတွင် ထိုင်နေစဉ် ပြုံးလျက်ပြောလိုက်သည်။
၎င်းတို့သည် သူ၏ နတ်စွမ်းအင်ဖြည့်တင်းဆေးကို အားကိုးခဲ့ကြသော်လည်း ၎င်းတို့၏ အဆင့်ဖြတ်ကျော်မှုများသည် လှေကို ရေစုန်နှင့် တွန်းတိုက်ခြင်းမျိုးသာဖြစ်သည်။ ချူးဟောက်ယွဲ့၏ ကျင့်ကြံမှုသည် အနည်းငယ် ချို့တဲ့နေ၍ တန်စီယုတွင် အံ့ဖွယ်ကောင်းကင်ဝိညာဉ်ခန္ဓာကိုယ်ရှိနေသည်။ မှန်ကန်စွာ ပြောရမည်ဆိုလျှင် သူမသာ သဘာဝအတိုင်း ကျင့်ကြံခဲ့မည်ဆိုလျှင် ဤအဆင့်ကို နှစ်နှစ်အတွင်း တက်လှမ်းနိုင်မည်ဖြစ်သည်။ ဤသည်မှ ထပ်တူညီသော ထိတ်လန့်ဖွယ်ဖြစ်စဉ်ဖြစ်သည်။
"ဒါတွေအတွက် မင်းကိုပဲ ကျေးဇူးတင်ရမှာ။ မဟုတ်ရင် ငါ့တစ်သက် ဒီအဆင့်ကို ရောက်ဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး" ချူးဟောက်ယွဲ့က ပြုံး၍ ပြောလိုက်သည်။
သူသည် မဟုတ်မမှန်သော စကားများ ပြောနေခြင်းမဟုတ်ပေ။ သူ၏ ပင်ကိုယ်စွမ်းရည်ဖြင့် ထူးခြားသော ကံကြမ္မာနှင့် တွေ့ဆုံခြင်းမရှိဘဲ နတ်အဆင့်သို့ ရောက်ရှိရန် အလွန်ခက်ခဲမည်ကို သူ သိနေသည်။
“အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ပြည်ထောင်စုက ပိုပိုပြီး အားကောင်းလာပြီးအချိန်တိုင်း တိုးတက်ပြောင်းလဲနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပဲလေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်က မွေးဖွားခြင်းနယ်မြေအဆင့်ကို ဝင်ရောက်ဖို့ ကံတရားနဲ့ဆိုင်သလို ဒီဘက်ခေတ်မှာ နတ်အဆင့်ကို ဝင်ရောက်ဖို့ကိစ္စကလည်း အဲ့ဒီ့တုန်းက အခြေအနေတွေနဲ့ သိပ်မကွာခြားပါဘူး"
"အခုဆိုရင် မွေးဖွားခြင်းနယ်မြေအဆင့်ကို နှစ်တိုင်း တက်လှမ်းလာတဲ့ ကျွမ်းကျင်သူတွေမှ အများကြီးပဲ။ ပြည်ထောင်စုရဲ့ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နဲ့ တာအိုလမ်းကြောင်းပြီးမြောက်ဖို့ အချိန်တစ်ခုပဲ လိုတော့တယ်။ အနှေးနဲ့အမြန်ဆိုသလို နတ်အဆင့်တွေ ဖွားမြင်လာပြီး မွေးဖွားခြင်းနယ်မြေအဆင့်လို အရေအတွက်တွေတူလာမှာ" တစ်ဖက်တွင်မူ ချူးယွင်ဖန်းတွင် လုံးလုံးလျားလျား ကွဲပြားသော အတွေးအမြင်မျိုး ရှိနေသည်။
ပြည်ထောင်စု၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အရ နောက်ပိုင်းတွင် နတ်အဆင့်သို့ ရောက်ရှိသူများ ပိုမို များပြားလာမည် ဖြစ်သည်။ ထိုအချိန်သို့ရောက်သောအခါ ယခုအချိန်မျှ ခက်ခဲတော့မာ် မဟုတ်ပေ။
"ဒါနဲ့ မင်းက ဘယ်လို လွတ်လာတာလဲ" ခေတ္တနားပြီးနောက် ချူးဟောက်ယွဲ့က မေးလိုက်သည်။
"ဘယ်လို လွတ်လာတာလဲတဲ့လား" ချူးယွင်ဖန်း၏ နှုတ်ခမ်းများ တွန့်လိမ်ကောက်ကွေးနေသည်။
"ငါ လွတ်လာတာ မဟုတ်ဘူး။ အကုန်လုံးကို သတ်ပြီးမှ ပြန်လာခဲ့တာ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ချူးဟောက်ယွဲ့သည် လုံးလုံးလျားလျား မယုံကြည်နိုင်ဖြစ်နေသည်။
"မွန်းစတားဂိုဏ်းခေါင်းဆောင်တောင် မင်းကို တိုက်ခိုက်ဖို့ သွားခဲ့တာလို့ ငါ ကြားထားတာ"
ဤသည်မှာ ချူးယွင်ဖန်း ပြန်လာရန် မဖြစ်နိုင်ကြောင်း ချူးဟောက်ယွဲ့ဘက်မှ ထင်မှတ်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ အကယ်၍ သူသာ အခြားသူများနှင့် ယှဉ်ပြိုင်မည်ဆိုပါက ချူးယွင်ဖန်းတွင် အနိုင်ရရှိရန် အခွင့်အလမ်း အနည်းငယ်ရှိဦးမည်ဖြစ်သည်။ သို့သော် မွန်းစတားဂိုဏ်းခေါင်းဆောင်နှင့် ရင်ဆိုင်ရာလျှင် ချူးယွင်ဖန်းတွင် အနိုင်ရရန် အခွင့်အလမ်းမရှိနိုင်ပေ။
အစပိုင်းတွင် ချူးဟောက်ယွဲ့၏နားလည်နိုင်စွမ်းသည် အပေါ်ယံ၌သာရှိခဲ့သည်။ သူသည် နတ်အဆင့်သို့ မ၀င်ရောက်မီတွင် အရာများစွာ၌ အသိပညာ နည်းပါးခဲ့သည်။ သို့သော် ဤနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူ၏ယခင်က အတွေးအမြင်များ မည်မျှ ပေါ့တန်လှသည်ကို သူ နားလည်သွားခဲ့သည်။
နတ်အဆင့်တွင်လည်း သန်မာသူများ အားနည်းသူများဟူ၍ ရှိကြကာ ၎င်းတို့၏ ကွာခြားချက်သည် အလွန်ကြီးမားလှသည်။ ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံရသည့် သမ္မတအပြင် မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်သည်လည်း ကမ္ဘာပေါ်တွင် အသန်မာဆုံး ကျွမ်းကျင်သူများထဲမှ တစ်ဦးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုထားကြသည်။
မွန်းစတားဂိုဏ်းခေါင်းဆောင်သည် စတုတ္ထမြောက် နတ်အဆင့်သို့ ကာလအတန်ကြာ ဝင်ရောက်လာခဲ့၍ ကမ္ဘာတစ်ဝှမ်းတွင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာ ရှိနေသေးသည့် ချူးယွင်ဖန်းမဆိုနှင့် သူနှင့် အဆင့်တူသော ကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ခဲ့လျှင် သူ၏ပြိုင်ဘက်သည် သေဆုံးရနိုင်ခြေရှိသည်။
နတ်အဆင့် လက်ရွေးစင်များသည် သတ်ဖြတ်ရန် ခက်ခဲသော်လည်း လုံးလုံးလျားလျား မဖြစ်နိုင်ခြင်း မဟုတ်ပေ။ အထူးသဖြင့် ချူးယွင်ဖန်းသည် ၎င်းကို သူ့လက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဖော်ပြခဲ့သည်။ လူတစ်ဦး၏ ခွန်အားသည် အဆင့်တစ်ခုသို့ ရောက်ရှိသည်နှင့် နတ်အဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်ရန် မခက်ခဲလှပေ။
"နှမြောစရာပဲ။ ငါက ကျန်းမိသားစု ဘိုးဘေးကြီးကို မျှားခေါ်ချင်တာ၊ ဒါပေမယ့် သူ့အစား မွန်းစတားဂိုဏ်းခေါင်းဆောင်က ရောက်လာတယ်" ချူးယွင်ဖန်း၏ အသံတွင် နောင်တ အရိပ်အမြွက်များ ပြသနေသည်။
"ပိုဆိုးတာက ငါ သူ့ကို မဖမ်းချုပ်နိုင်ဘဲ ဒဏ်ရာရအောင်ပဲ လုပ်နိုင်ခဲ့တယ်။ ဒီလို အခွင့်အရေးကောင်းမျိုး ထပ်ရဖို့ဆိုတာ လွယ်တော့မှာ မဟုတ်ဘူး"
ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို ဆွံ့အစွာ စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းသည် ဂိုဏ်းခေါင်းဆောင်ကို အမည်မသိ သေးငယ်သော ဇာတ်ကောင်တစ်ကောင်ကဲ့သို့ ပေါ့ပေါ့တန်တန် ဆက်ဆံနေခဲ့သည်။ သို့သော် ဂိုဏ်းခေါင်းဆောင်က မည်သို့သောလူမျိုးဖြစ်သည်ကို လူတိုင်း သိကြသည်။ ဤသည်မှာ ပေါ့ပေါ့တန်တန် ဆက်ဆံရမည် အသေးအဖွဲ့ကိစ္စမျိုး မဟုတ်ပေ။
"မင်း တကယ်ပဲ မွန်းစတားဂိုဏ်းရဲ့ခေါင်းဆောင်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင်လုပ်ခဲ့တာလား။ ဒီသတင်း ပေါက်ကြားသွားတာနဲ့ ကသောင်းကနင်းတွေ ဖြစ်ကုန်မှာ သေချာတယ်"
အခန်း (၈၉၉) ထွက်လာတဲ့လူတိုင်းကို သတ်ပစ်မယ်
"သူ့ကို မသတ်နိုင်ခဲ့တာ တကယ် နှမြောစရာပဲ" ချူးယွင်ဖန်းက အမူမထားဘဲ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် အေးဆေးတည်ငြိမ်စွာ ပြုမူနေသော်လည်း ချူးဟောက်ယွဲ့က ထိုသို့ မပြုမူနိုင်ပေ။ မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်သည် မည်သို့သော ဖြစ်တည်မှုမျိုးဖြစ်သည်ကို သူကောင်းမွန်စွာ နားလည်ထားသည်။ ဂိုဏ်းခေါင်းဆောင်ကို ချူးယွင်ဖန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသည်အထိ တိုက်ခိုက်ခဲ့သည်ဟူသော သတင်းမျိုးထွက်လာသည်နှင့် ပြည်ထောင်စုတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပေလိမ့်မည်။
တိုက်ပွဲသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ချူးဟောက်ယွဲ့ မသိသော်လည်း ဂိုဏ်းခေါင်းဆောင်သည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စိတ်ကူး၍ပင် သိနိုင်သည်။ အကြောင်းပြချက်သည် ရိုးရှင်းလွန်းလှသည်။ ဂိုဏ်းခေါင်းဆောင်တွင် ခွန်အား လုံလုံလောက်လောက် ရှိခဲ့လျှင် ချူးယွင်ဖန်းကို လွှတ်ပေးလိုက်မည် မဟုတ်ပေ။ ယခုအခါ ချူးယွင်ဖန်းသည် ဤနေရာတွင် ရှိနေပြီဖြစ်သောကြောင့် အရာအားလုံးကို ပြောရန်ပင် မလိုအပ်တော့ပေ။
သို့သော် ချူးဟောက်ယွဲ့သည် ဂိုဏ်းခေါင်းဆောင်ကို အမှန်တကယ် ဒဏ်ရာပြင်းထန်စွာရရှိရန်အတွက် ချူးယွင်ဖန်းက မည်သည်ကို အားကိုးခဲ့သည်ကို သိချင်လာမိသည်။
ချူးယွင်ဖန်း၏ စွမ်းပကားသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော်လည်း မွန်းစတားဂိုဏ်း၏ ခေါင်းဆောင်နှင့် မနှိုင်းယှဉ်နိုင်ပေ။ မည်သို့ဆိုသော် ချူးယွင်ဖန်းသည် ထိုမျဉ်းကြောင်းကို မဖြတ်ကျော်ရသေးပေ။
"ကျန်းမိသားစု ဘိုးဘေးကြီးက ဒီမှာ မရှိဘူး၊ ဒါပေမယ့် သူတို့ အာကာသ အပြင်ဘက်က အပျက်အစီးတွေကို တိုက်ခိုက်တဲ့ တိုက်ပွဲ ပြီးသွားပြီဆိုတာတော့ ငါ သိတယ်။ ကျန်းမိသားစုမှာရှိတဲ့ ငါတို့ရဲ့ သူလျှိုတွေဆီ ရရှိသော အချက်တွေအရ ကျန်းမိသားစု ဘိုးဘေးကြီးက အခု ပေါ်မလာသေးဘူး။ သူ အစီအစဉ် တစ်ခုခုကို ကြံစည်ဖို့ လုပ်နေတာလို့တော့ ထင်တာပဲ" ချူးဟောက်ယွဲ့က ပြောလိုက်သည်။
"ဟုတ်တယ်။ အဲ့ဒါ ဖြစ်နိုင်တယ်။ ကျန်းမိသားစု ဘိုးဘွားကြီးက အငြိုးအတေးကြီးတဲ့လူမျိုး။ ရှင် ပြန်လာတာကို မသိရင် ဘာမှမဖြစ်ဘူးဆိုပေမယ့် အခု သူ သိသွားပြီဆိုတော့ ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး" တန်စီယုက ပြောလာသည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် ရန်အငြိုးအတေးကြီးသူမှန်း သူ သိထားသည်။ သူ၏ဆရာ ကျန်းယွမ်ပင်သည် ယခင်က သူ့ကို စော်ကားခဲ့ဖူးသည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် သမ္မတကြီး ပျောက်ဆုံးသွားကြောင်း အတည်ပြုပြီးနောက် သူ၏ဆရာကို သတ်ဖြတ်ရန်အတွက် လူတစ်စုကို ချက်ချင်း စေလွှတ်ခဲ့သည်။ ကျန်းမိသားစုသည် ချူးယွင်ဖန်း၏လက်တွင် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရသောကြောင့် ကျန်းမိသားစု ဘိုးဘေးကြီးသည် ဤကိစ္စများကို ငြိမ်ခံနေမည်မဟုတ်ပေ။
"သူ အမှောင်ထဲမှာပဲ ပုန်းနေရင် ပြဿနာက ကြီးသွားလိမ့်မယ်။ ဒီမြေခွေးအိုကြီးကို ငါတို့ မျှားခေါ်ရမယ်" ချူးယွင်ဖန်းက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
ကျန်းမိသားစု ဘိုးဘေးကြီးသည် ချူးယွင်ဖန်းအတွက် ဂိုဏ်းခေါင်းဆောင်ထက်ပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ကျန်းမိသားစု ဘိုးဘေးကြီးသည် အောက်တန်းကျသော လုပ်ရပ်များကို ပြုလုပ်လေ့ရှိသောကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ရမည်ဖြစ်သည်။
"ဒါပေမယ့် မင်း သတိတော့ထားရမယ်။ ကျန်းမိသားစု ဘိုးဘေးကြီးက အပျက်အစီးတွေမှာ ကံကြမ္မာကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောနေကြတယ်။ အခု ကျင့်ကြံဖို့အတွက် ပုန်းအောင်းနေတာ ဖြစ်ဖို့များတယ်။ စတုတ္ထမြောက် နတ်အဆင့်ကို အရင်ဖြတ်ကျော်ဖို့ စီစဉ်နေမှာကို ငါ စိုးရိမ်မိတယ်။ အဲဒီအချိန်ကြရင် သူ့ကို ထိန်းချုပ်ဖို့ အရမ်းခက်သွားလိမ့်မယ်" ချူးဟောက်ယွဲ့က စိုးရိမ်စွာ ပြောလိုက်သည်။
ပြည်ထောင်စုအတွင်း နတ်အဆင့် ကျွမ်းကျင်သူများအတွက် စတုတ္ထမြောက်အဆင့်သည် သာမန်နှင့် ထိပ်တန်း နတ်အဆင့်ကျွမ်းကျင်သူများကြားရှိ ကွာဟချက်ကို ပိုင်းခြားပေးသည့် မျဉ်းကြောင်းတစ်ခုဖြစ်သည်။
"ကျန်းမိသားစု ဘိုးဘေးကြီးကလွဲရင် မင်းကိုမကျေနပ်တဲ့ တခြားသူတွေ အများကြီးရှိနေမှာကို ငါ စိုးရိမ်တယ်" ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို ခါးသီးသော အပြုံးဖြင့် ကြည့်လိုက်သည်။
ချူးယွင်ဖန်း၏ ယခင်လုပ်ဆောင်မှုများသည် နတ်အဆင့် ကျွမ်းကျင်သူအားလုံးကို စော်ကားရာရောက်ခဲ့သည်။
"လူတချို့က ထိပ်ဆုံးကို ရောက်လာတာ ကြာပြီဆိုတော့ လူ့ကျင့်ဝတ်တွေကိုလည်း မေ့သွားကြပြီ" ချူးယွင်ဖန်းက စိတ်ထဲမထားဘဲ ပြောလိုက်သည်။
"သူတို့အားလုံး ငါ့ကို မကျေနပ်မှတော့ ငါကလည်း သူတို့ကို အခွင့်အရေးပေးရတာပေါ့။ အချိန်တန်ရင် ဘယ်သူ ထွက်လာမလဲဆိုတာ ကြည့်ရတာပေါ့။ ထွက်လာတဲ့လူ ဘယ်သူပဲဖြစ်ဖြစ် ချေမှုန်းပစ်မယ်" ချူးယွင်ဖန်း၏ မျက်လုံးများ စူးရှစွာ တောက်ပလာသည်။
ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ သူ၏ ဤဝမ်းကွဲသည် ကောလဟာလများထဲကအတိုင်း အလွန်ကြမ်းတမ်းလွန်းလှသည်။ ချူးယွင်ဖန်းသည် အခြားသော နတ်အဆင့်အများစု၏ သံသယများနှင့် ရန်လိုမုန်းတီးမှုများနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့၏ ပံ့ပိုးကူညီမှုနှင့် နားလည်မှုကို လဲလှယ်ရန်အတွက် ခေါင်းငုံ့ထားရန် ရည်ရွယ်ချက်မရှိပေ။ ၎င်းအစား ပေါ်ထွက်လာသူတိုင်းကို ဖျက်ဆီးပစ်ပေလိမ့်မည်။
ဤနည်းလမ်းကို ရိုးရှင်း၍ အရိုင်းဆန်သည်ဟု ခေါ်ဆိုနိုင်သော်လည်း တွေးကြည့်မိသောအခါ အကြောင်းတစ်ခုခုကြောင့် သူ၏ သွေးများ အနည်းငယ် ဆူပွက်လာမိသည်။ အမျိုးသားတစ်ဦးသည် ဤသို့ ပြုမူနေထိုင်သင့်သည်။ မာကျောလွန်းလျှင် အလွယ်တကူ ကွဲကြေသွားမည်ဖြစ်သော်လည်း လူတစ်ဦးတစ်ယောက်သည် အတိုင်းအတာတစ်ခုအထိ မာကျောနိုင်ခဲ့ပါက ရန်လိုမှုများကို လျစ်လျူရှုထားနိုင်ပေလိမ့်မည်။
"ဒီမြေခွေးအိုကြီးက မထွက်လာချင်မှတော့ ငါတို့က သူ့ကို ဆွဲထုတ်ရတာပေါ့" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ဘာလုပ်ဖို့ စီစဉ်ထားလဲ" တန်စီယုသည် ချူးယွင်ဖန်းက မည်သို့ တွေးတောနေသည်ကို မှန်းဆထားပုံရကာ သူမ၏ လှပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"အချိန်နည်းနည်းကြာရင် ကိုယ် နတ်အဆင့်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်" ချူးယွင်ဖန်းက ပြောလိုက်သည်။
ချူးဟောက်ယွဲ့သည် ထိုစကားကို ကြားသောအခါ စူးရှစွာ ပင့်သက်ရှိုက်လိုက်သည်။ ချူးယွင်ဖန်း၏ အတွေးများကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ချူးယွင်ဖန်း အပေါ်ထားရှိသော ထိုလူများ၏ အကြောက်တရားကို အခြေခံခြင်းအရ၊ သူသည် နတ်အဆင့်သို့ မဝင်ရောက်မီပင် အလွန်အစွမ်းထက်၍ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲနေမည်ဆိုလျှင် နတ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် မည်မျှ သန်မာလာနိုင်မည်နည်း။ ဤသည်မှာ မှန်းဆ၍ မရနိုင်သော အကြောင်းအရာဖြစ်သည်။ အများအပြားသည် ထိုသို့သော အတွေးမျိုး တွေးတောနေကြသည်။ လူအများအပြားသည် ဤကြောက်ရွံ့မှုကြောင့် လှုပ်ရှားလာဖွယ်ရှိသည်။
ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ ချူးယွင်ဖန်းက မည်သို့ တွေးတောနေသည်ကို သူ မသိပေ။ လူအများစုသည် အဆင့်ဖြတ်ကျော်မှု သေချာစေရန်အတွက် ၎င်းတို့၏ အဆင့်ဖြတ်ကျော်မှုများအကြောင်း တခြားလူများကို အသိပေးမည် မဟုတ်ပေ။ အထူးသဖြင့် ဤသို့ အရေးကြီးသည့် ကိစ္စမျိုး အတတ်နိုင်ဆုံး လျှို့ဝှက်ထားလေ့ရှိသည်။
ချူးဟောက်ယွဲ့သည် ၎င်းကို ကိုယ်တွေ့ ကြုံဖူးသူဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်မှ နတ်အဆင့်အထိ ဖြတ်ကျော်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို သဘာဝကျကျ နားလည်ထားသည်။ အမှားအယွင်းတစ်ခုသည် ၎င်းတို့၏ ယခင်ကြိုးစားမှုအားလုံးကို အလဟသဖြစ်သွားစေနိုင်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ချူးယွင်ဖန်းသည် ၎င်းကို လျှို့ဝှက်မထားသည့်အပြင် အမှောင်ထဲတွင် ပုန်းနေသောလူများကို တစ်ပြိုင်တည်း ထွက်လာစေရန်အတွက် သတင်းများကို ဖြန့်ချင်နေခဲ့သည်။ ချူးယွင်ဖန်းသည် ကိုယ့်ကိုယ်ကို ငါးစာအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ ချူးဟောက်ယွဲ့သည် သူ၏ စိတ်အခြေအနေဖြင့်ပင် ပင့်သက်ရှိုက်မိသွားသည်။ ချူးယွင်ဖန်း၏ တွေးခေါ်မှုများသည် အမှန်တကယ် အံ့အားသင့်ဖွယ်ဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။
“ပြည်ထောင်စုက လက်ရှိမှာ ပြည်တွင်းပြည်ပပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ ငါ့မှာ ဒီလူတွေကို တစ်ယောက်ပြီးတစ်ယောက် ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိဘူး၊ အကောင်းဆုံးနည်းလမ်းက သူတို့ဘာသာသူတို့ ထွက်လာဖို့ပဲ"
ဤအကြောင်းအရာသည် သူဘက်မှ သေသေချာချာ စဉ်းစားခဲ့သော အရာဖြစ်သည်။ သူ၏ အဆင့်ဖြတ်ကျော်မှုသည် ပြည်ထောင်စုအတွင်းနှင့် အပြင်ဘက်ရှိ ဆိုးရွားသော အကျိတ်အားလုံးကို တစ်ပြိုင်နက်တည်း ဖယ်ရှားရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
"ကျန်းမိသားစု ဘိုးဘေးကြီး မပေါ်ဘူးဆိုရင်ရော ကျွန်မတို့ ဘာလုပ်ကြမလဲ" တန်စီယုက မေးလိုက်သည်။
ချူးယွင်ဖန်းက ခေတ္တရပ်တန့်ပြီးနောက် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ကိုယ် နတ်အဆင့်ကို ရောက်တဲ့အခါ ကျန်းမိသားစု ဘိုးဘေးကြီးက သေချာပေါက် သေရမှာ။ သူ စတုတ္ထမြောက်အဆင့်ကို ဖြတ်သွားရင်တောင် သေရမှာပဲ။ ဒါက အချိန်အတိုင်းအတာတစ်ခုပဲလိုတာ"
"သူ့ဘက်က စည်းမစောင့်ဘဲ ငါ့ဆရာကို တိုက်ခိုက်တာဆိုတော့ ငါ့ဘက်က စည်းမစောင့်ရင်လည်း အပြစ်လာတင်လို့ မရဘူးလေ"
"ငါတို့တွေ ဒါကို သေချာစဉ်းစားသင့်တယ်။ ဒီကိစ္စက အန္တရာယ်များလွန်းတယ်။ အချိန်ရောက်လာတဲ့အခါ နတ်အဆင့် ကျွမ်းကျင်သူက တစ်ယောက် နှစ်ယောက်ထက်မက ရှိနေနိုင်တယ်။ အခြေအနေက အရမ်းအန္တရာယ်များသွားလိမ့်မယ်" ချူးဟောက်ယွဲ့က ပြောလာသည်။
"ငါ စိတ်ကို ပြင်ဆင်ပြီးပြီ၊ သူတို့ အခွင့်အရေး ရမှာ မဟုတ်ဘူး" ချူးယွင်ဖန်းက ခေါင်းယမ်းလိုက်သည်။
"ကောင်းပြီ၊ ငါ မင်းကို ကူညီမယ်။ ငါ ဂိုဏ်းခေါင်းဆောင်ကို အကြောင်းကြားပြီး သူ့ကို ကိုယ်တိုင် လှုပ်ရှားခိုင်းလိုက်မယ်။ ဒီလိုဆိုရင် အခွင့်အလမ်း ပိုများလာမယ်။ တန်မိသားစု ခေါင်းဆောင် တန်စီယုနဲ့ မင်းရဲ့ မိုးကြိုးတောင်ပံသားရဲနဲ့ဆိုရင် မင်းဘက်မှာ နတ်အဆင့် ကျွမ်းကျင်သူ လူလေးယောက်ရှိလိမ့်မယ်။ ဒီလိုဆိုရင် မင်းဘက်က အောင်မြင်ဖို့ အခွင့်အရေး ပိုများလာမယ်" ချူးဟောက်ယွဲ့က ပြောလေ၏။
ချူးယွင်ဖန်းသည် စိတ်ထဲတွင် ထိရှသွားသည်။ ချူးဟောက်ယွဲ့သည် အလွန်အန္တရာယ်များကြောင်း သိသော်လည်း ချူးယွင်ဖန်းကို မဆိုင်းမတွ ကူညီနေဆဲဖြစ်သည်။ ဤသည်မှာ အမှန်ပင် ထိန်းသိမ်းထားသင့်သော သူငယ်ချင်းဆက်ဆံရေးဖြစ်သည်။
"စိတ်မပူပါနဲ့၊ ငါတို့ မလှုပ်ရှားခင် ငါ့ဘက်က အပြည့်အဝ ပြင်ဆင်ထားလိုက်မယ်။ ဒီတိုက်ပွဲကို ငါတို့ မတိုက်ရင်လည်း မတိုက်ဘူး တိုက်ရင်လည်း သေချာပေါက် အောင်နိုင်ရမယ်" ချူးယွင်ဖန်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
အခန်း (၉၀၀) ပြည်ထောင်စု တစ်ခုလုံး တုန်လှုပ်သွားခြင်း၊ ပုန်ကန်သူများစာရင်း
ချူးယွင်ဖန်းနှင့် အခြားနှစ်ဦးတို့က ၎င်းတို့၏ အစီအစဉ်ကို ဆွေးနွေးနေကြစဉ် ချူးယွင်ဖန်းပြန်လာမှုကြောင့် ပြည်ထောင်စုတစ်ခုလုံး ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ မကြာမီတွင် ချူးယွင်ဖန်းကို ဟန့်တား၍ သတ်ဖြတ်ရန်အတွက် မွန်းစတားဂိုဏ်းခေါင်းဆောင်သည် နတ်အဆင့် ကျွမ်းကျင်သူအချို့ကို ကိုယ်တိုင်ဦးဆောင်သွားခဲ့သည်ဟူသော သတင်းသည် ပျံ့နှံ့သွားခဲ့သည်။ ချူးယွင်ဖန်း မည်သို့ လွတ်မြောက်လာခဲ့သည်ကို လူတိုင်းက သိချင်နေကြသည်။
သို့သော် မကြာမီတွင် ၎င်းတို့အားလုံး မှားယွင်းနေကြောင်း သိလိုက်ရသည်။ ချူးယွင်ဖန်းသည် လွတ်မြောက်ခဲ့ခြင်း မဟုတ်ပေ။ သူသည် မွန်းစတားဂိုဏ်းခေါင်းဆောင်ကို ပြင်းထန်စွာ ဒဏ်ရာရစေ၍ ထွက်ပြေးသွားသည်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် အခြားသော နတ်အဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်ပြီးနောက် တုံ့ဆိုင်းမနေဘဲ ထွက်ခွာသွားခဲ့သည်။
ဤသတင်း ပြန့်နှံ့သွားချိန်တွင် မည်သူမျှ မယုံကြည်ခဲ့ပေ။ အတိအကျဆိုရသော် မည်သူမျှ မယုံကြည်ချင်ကြပေ။ နောက်ဆုံးတွင် မွန်းစတားဂိုဏ်းခေါင်းဆောင်နှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်း၏ အင်အားသည် များစွာ ဝေးကွာလွန်းလှသည်။ သို့သော်လည်း ဤမျှကြီးမားသော တိုက်ပွဲတွင် သဲလွန်စများ မကျန်ရစ်ရန် မဖြစ်နိုင်သောကြောင့် လူအများက အခြေအနေကို အမြန်ကောက်ချက်ချလိုက်သည်။ ဂြိုလ်တုမှ မတော်တဆ ဖမ်းမိခဲ့သော ပုံရိပ်အချို့အပြင် ပျံ့နှံ့နေသော သီအိုရီများကို အတည်ပြုပြီးနောက် လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
"မွန်းစတားဂိုဏ်းခေါင်းဆောင်က တကယ် ဒဏ်ရာအပြင်းအထန် ရသွားတာလား။ ချူးယွင်ဖန်း သူ့ကို မသတ်နိုင်ခဲ့တာ နှမြောစရာပဲ"
"ဟုတ်တယ်၊ မွန်းစတားဂိုဏ်းခေါင်းဆောင်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူမျိုး။ သူလွတ်သွားတာ တကယ် နှမြောစရာပဲ"
"ပြည်ထောင်စုမှာ နောက်ထပ် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ရှိလာတော့မှာလား"
လူအများစုသည် ချူးယွင်ဖန်း၏ မွန်းစတားဂိုဏ်းခေါင်းဆောင်အပေါ် အပြင်းအထန် ထိုးနှက်မှုအပြင် ဂိုဏ်းခေါင်းဆောင်က နောက်ထပ် ပြဿနာများ မရှာရန်အတွက် ခဏတာ တားဆီးနိုင်ခြင်းနှင့်ပတ်သက်၍ အင်တာနက်ပေါ်တွင် အားပေးနေကြသည်။ သို့သော်လည်း ပြည်ထောင်စု၏ အဓိက အင်အားစုများ၏ အထက်ပိုင်း ရာထူးများအတွက် ချူးယွင်ဖန်း၏ သန်မာလာမှုသည် သတင်းကောင်း မဟုတ်ပေ။
"သေစမ်း၊ သေစမ်း။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာလာရလဲ"
ကျန်းမိသားစု ဘိုးဘေးအိမ်တော်တွင် ကျန်းမိသားစုခေါင်းဆောင် ကျန်းဟုန်ယွီသည် အံများကို ကြိတ်ကာ အော်ဟစ်နေသည်။ သူသည် အလွန် ဒေါသထွက်နေပုံရသည်။
သူ၏ဒေါသသည် ကြောက်ရွံ့မှု အရိပ်အမြွက်များဖြင့် ရောထွေးနေသည်။ ချူးယွင်ဖန်း၏ ရုတ်တရတ် တိုးတက်မှုသည် သူ့ကို အလွန် ထိတ်လန့်သွားစေသည်။ ချူးယွင်ဖန်းသည် အချိန်တိုအတွင်း ဤမျှ အစွမ်းထက်လာမည်ဟု မည်သူမျှ မသိခဲ့ကြပေ။
"ဘိုးဘေးကြီးရဲ့ အဆင့်ဖြတ်ကျော်မှုပြီးတာနဲ့ မင်း သေရလိမ့်မယ်" ကျန်းဟုန်ယွီ၏ မျက်လုံးများသည် ဝံပုလွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ တောက်ပလာသည်။
ရုတ်တရက် သူ၏ စာပို့ပုံး အော်မြည်လာ၍ စာတိုတစ်စောင်ကို လက်ခံရရှိခဲ့သည်။ စာကို ဖတ်ပြီးနောက် သူ၏မျက်နှာတွင် အံ့အားသင့်နေသည့် အရိပ်အမြွက်များ ပေါ်ပေါက်လာသည်။
"ဟာဟားဟား။ ချူးယွင်ဖန်း၊ မင်းကတော့ သေလူပဲ"
ကျန်းဟုန်ယွီသည် သူ၏ စာပို့ပုံးရှိ စာကိုဖတ်လိုက်သည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် အဆင့်ဖြတ်ကျော်မှုများ ပြုလုပ်ရန်အတွက် နေရာတစ်ခု ရှာဖွေနေခဲ့သည်။ ချူးယွင်ဖန်း၏လက်ရှိ ကျင့်ကြံမှုအရ၊ သူသည် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်နေခြင်းဖြစ်နိုင်သည်။ သူသာ ထပ်မံ၍ အဆင့်ဖြတ်ကျော်လိုချင်လျှင် နောက်ထပ် အဆင့်သည် နတ်အဆင့်ဖြစ်ကြောင်း သိသာထင်ရှားသည်။
နတ်အဆင့်သို့ ဖြတ်ကျော်ခြင်းသည် လူတစ်ယောက်အတွက် အန္တရာယ်အရှိဆုံးအချိန်များထဲမှ တစ်ခုဖြစ်သည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် ပေါက်ကွဲ၍ သေဆုံးသွားနိုင်သည်။ မည်သို့ဆိုသော် ၎င်းသည် ရုပ်ခန္ဓာ၏ ကျင့်ကြံမှုနှင့် ကွဲပြားသောကြောင့်ဖြစ်သည်။ နတ်အဆင့်များ၏ ကျင့်ကြံမှုသည် ဦးနှောက်တွင် ဖြစ်တည်ကြသည်။ ၎င်းသည် လူတစ်ဦး၏ကိုယ်ခန္ဓာရှိ အလားအလာအားလုံးကို လှုံ့ဆော်ရန်အတွက် ကြမ်းတမ်းသော စိတ်စွမ်းအင်ကို အသုံးပြု၍ နတ်စွမ်းအင်များ ထုတ်လုပ်ခြင်းဖြစ်သည်။
သတိမထားခဲ့လျှင် သေဆုံးသွားမည်မှာ သေချာသည်။ ကျန်းဟုန်ယွီသည် ချူးယွင်ဖန်း၏ အဆင့်ကျော်မှုကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်၍ ယခုအခါ အချိန်ကျရောက်လာပြီဖြစ်သည်။
"ချူးယွင်ဖန်း၊ မင်းကို ခြေရာတစ်စမှ မကျန်အောင် ငါ သေချာပေါက် သတ်ပြမယ်" ကျန်းဟုန်ယွီက အေးစက်စွာ ပြောလိုက်သည်။
ပြည်ထောင်စုသည် ချူးယွင်ဖန်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသတင်းကို ဆွေးနွေးနေဆဲဖြစ်သော်လည်း ချူးယွင်ဖန်းသည် အဆင့်ဖြတ်ကျော်ရန် အခွင့်အရေးကို ရှာဖွေကာ နတ်အဆင့်ကို တက်လှမ်းရန် ကြိုးစားနေပြီဖြစ်ကြောင်း ပြည်ထောင်စု၏အဆင့်မြင့် အရာရှိများက သတင်း စတင်ဖြန့်ချီလာကြသည်။ ဤအချက်အလက်သည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သော်လည်း နောက်ဆုံးတွင် လူအချို့က ၎င်းကို ရယူနိုင်ဆဲဖြစ်သည်။ ချူးယွင်ဖန်းကို မနှစ်သက်သူများအတွက်မူ ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာ ရရှိနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။
ကနဦးတွင် ချူးယွင်ဖန်းကို ဆန့်ကျင်သည့် ကောလာဟလများ ပျောက်ကွယ်သွားခဲ့သည်။ လူတိုင်းသည် ညတွင်းချင်းပင် သူ့ကို ဆန့်ကျင်ချင်သည့် စိတ်ကူးများကို လွှတ်ချလိုက်သကဲ့သို့ဖြစ်နေသည်။ သို့သော် သူ့ကို အမှန်တကယ် နားလည်သူများသည် အတိုက်အခံများ ပျောက်ကွယ်မသွားဘဲ ပုန်းအောင်းနေခြင်းဖြစ်ကြောင်း သိထားကြသည်။
၎င်းတို့သည် ချူးယွင်ဖန်းကို ပြင်းထန်စွာ တိုက်ခိုက်နိုင်ရန်အတွက် အဆင့်ဖြတ်ကျော်သည့်နေ့ကို စောင့်ဆိုင်းကာ ပုန်းအောင်းနေသည့် အဆိပ်ပြင်း မြွေများနှင့် ဆင်တူသည်။ ချူးယွင်ဖန်း၏ အဆင့်ဖြတ်ကျော်မှု သတင်းကို အထူးစစ်ဆင်ရေးဌာန၊ ချူးမိသားစုနှင့် တန်မိသားစုတို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံအင်အားစုများသည် လျှို့ဝှက်သတင်းအချက်အလက်များ ရရှိခဲ့သည်ဟု ထင်မှတ်နေကြသော်လည်း ဤအရာအားလုံးသည် ချူးယွင်ဖန်း၏ အစီအစဉ်များဖြစ်ကြောင်း ၎င်းတို့ မသိခဲ့ကြပေ။
ကောလဟာလမျိုးစုံ ပြန့်နှံ့လာသောအခါ မုန်တိုင်း၏ အရှေ့ဆုံးသို့ တွန်းပို့ခံရသော ချူးယွင်ဖန်းသည် တိတ်တဆိတ် ပြုမူနေထိုင်ရန် ရည်ရွယ်ချက်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ယခင်က သူ့ကိုသတ်ဖြတ်ရန် ကြိုးစားခဲ့သူများ၏ စာရင်းကို ကြေညာရန် အထူးစစ်ဆင်ရေးဌာနကို အသုံးပြုခဲ့သည်။ ဤစာရင်းတွင် အရိပ်ဂိုဏ်းခေါင်းဆောင်၊ သတ္တမမြောက် နတ်ကျွန်၊ ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စု ကျွမ်းကျင်သူ၊ နတ်ကုန်းမြေမှ ဝေ့မိသားစုကျွမ်းကျင်သူနှင့် မွန်းစတားဂိုဏ်းခေါင်းဆောင်တို့ ပါဝင်သည်။
တပ်ဖွဲ့သည် ပြင်းထန်လွန်းလှရာ၊ အင်တာနက်တစ်ခုလုံးကို ဆူပွက်သွားစေသည်။ ချူးယွင်ဖန်းသည် ထိုသို့သော တပ်ဖွဲ့မျိုး၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူများစွာက အံ့အားသင့်နေကြသည်။ သို့သော် ချူးယွင်ဖန်းသည် တစ္ဆေအဘွားအို၊ ဝေ့ဟိုင်နှင့် ချင်းယန်တို့ကို သတ်ပစ်ခဲ့သည့်အကြောင်း တွေးကြည့်သောအခါ ၎င်းတို့တွင် သံသယများ ကင်းရှင်းသွားကြသည်။
ပြီးနောက် ချူးယွင်ဖန်းသည် ပြည်ထောင်စု၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့် ယခင် အထူးစစ်ဆင်ရေးဌာနခေါင်းဆောင် ကျန်းယွမ်ပင်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ၎င်းတို့အားလုံးကို ပုန်ကန်သော အင်အားစုများအဖြစ် စာရင်းသွင်းခဲ့သည်။ သတ္တမမြောက် နတ်ကျွန်၏ နောက်ခံသမိုင်းကြောင်းကို အမည်မသိသည့်အပြင် သူ မည်သည်နေရာမှ ရောက်လာသည်ကို မည်သူမျှ မသိကြပေ။ ယခုအခါ သူ သေဆုံးသွားပြီဖြစ်သောကြောင့် သူ့ကို ခြေရာခံရန် နည်လမ်းမရှိတော့ပေ။
မွန်းစတားဂိုဏ်းသည် ပြည်ထောင်စု၏ မဟာရန်သူကြီးဖြစ်၍ ရေနက်ပိုင်း မိကျောင်းများသည် အဆုံးမဲ့ ပင်လယ်ထဲတွင် ရှိနေသောကြောင့် ၎င်းတို့နှင့် ပတ်သက်၍ ပြောရန် မလိုပေ။ ပြည်ထောင်စု၏ တပ်ဖွဲ့များသည် ပင်လယ်ထဲသို့ နက်နဲစွာ မသွားနိုင်သဖြင့် ရေနက်ပိုင်း မိကျောင်းများကို မထိခိုက်နိုင်ကြပေ။ တစ်ချိန်တည်းမှာပင် ထိုစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ရေနက်ပိုင်း မိကျောင်းကျွမ်းကျင်သူ အများအပြားသည် ချူးယွင်ဖန်းက ၎င်းတို့၏ ကျွမ်းကျင်သူကို သတ်ဝံ့ခြင်းနှင့် ပတ်သက်၍ ကြွေးကြော်နေကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို အနှေးနှင့်အမြန် ပေးဆပ်ခိုင်းမည်ဟု ဆိုလာကြသည်။
အထူးသဖြင့် လူများစွာသည် ရေနက်ပိုင်း မိကျောင်းမျိုးနွယ်စုကို ယခင်ကတည်းက မကျေမနပ် ဖြစ်နေကြသောကြောင့် ဤဖြစ်စဉ်သည် အင်တာနက်ပေါ်တွင် ပြင်းထန်သော ပဋိပက္ခများစွာ ဖြစ်စေခဲ့သည်။ လူသားများသည် ၎င်းတို့ဘက်မှ ပြင်းပြင်းထန်ထန် သတ်ဖြတ်ခံရပြီးနောက် တစ်ဖက်ကို ပြန်လည်တိုက်ခိုက်ရန် ခွင့်မပြုခြင်း ဖြစ်နေလေသလော။
စာရင်းထဲတွင် ဩဇာအာဏာအရှိဆုံးသည် နတ်ကုန်းမြေ၏ ဝေ့မိသားစုနှင့် အရိပ်ဂိုဏ်းတို့ဖြစ်ကြသည်။ အရိပ်ဂိုဏ်းသည် နတ်အဆင့် ဂိုဏ်းခေါင်းဆောင်မရှိဘဲ မြို့စွန်နယ်မြေများအတွင်း အလွန်ကြီးမားသော အင်အားစုအဖြစ်မှ သာမန်အင်အားစုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချူးယွင်ဖန်းသည် အမည်စာရင်းကို ထုတ်ပြန်ကြေညာပြီးသည်နှင့် အရိပ်ဂိုဏ်းကို ချေမှုန်းရန်အတွက် အထူးစစ်ဆင်ရေးဌာနများက တပ်ကြီးတစ်ခုကို ဦးဆောင်သွားခဲ့သည်။ အရိပ်ဂိုဏ်းသည် နတ်အဆင့်မရှိဘဲ အားနည်းနေသောကြောင့် လျင်မြန်စွာ နှိမ်နင်းခံခဲ့ရသည်။ တပ်မတော်သည် မြို့စွန်နယ်မြေတွင် နှစ်ပေါင်းများစွာ ပြဿနာရှာနေခဲ့သော ဤလူရမ်းကားများကို ရင်ဆိုင်ရာတွင် အထက်မှ အမိန့်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။
၎င်းတို့သည် တစ်ဉီးကိုပင် အသက်ရှင်ချန်ရစ်ခြင်းမရှိဘဲ အရိပ်ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ချေမှုန်းခဲ့သည်။ ထိုအချိန်တွင် ဥပဒေမဲ့၍ ရက်စက်ကြမ်းကြုတ်ကာ မြို့စွန်နယ်မြေတွင် နှစ်တစ်ရာကျော် တည်ထောင်ခဲ့သည့် ဂိုဏ်းကြီးတစ်ခု ပြိုလဲသွားခဲ့သည်။
အထူးသဖြင့် ဆင်ခြေဖုံးရပ်ကွက်များရှိ ဥပဒေမဲ့ တပည့်လက်သားများစွာသည် အလွန်တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းသည် ရာထူးသို့ တက်လှမ်းပြီး တစ်နှစ်မပြည့်မီတွင် ဂိုဏ်းကြီးနှစ်ခုကို ဖျက်ဆီးပစ်ခဲ့ရာ၊ ဤဥပဒေမဲ့ တပည့်များကို သတ်ဖြတ်ခြင်းသည် ကြက်များ ခွေးများကို သတ်ဖြတ်နေသကဲ့သို့ ဖြစ်နေသည်။ သူသည် လုံးလုံးလျားလျား တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ဆီ ပြေးဝင်လာသူတိုင်းကို သတ်ဖြတ်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်းသည် မြို့စွန်နယ်မြေ၌ အင်အားစုအသီးသီးရှိ အထက်ပိုင်း အရာရှိများ အကြောက်ရဆုံးသော ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။ အရိပ်ဂိုဏ်းအပြင် ဝေ့မိသားစုသည်လည်း ကြီးကြီးမားမား ထိခိုက်သွားခဲ့သည်။